Quantcast
Channel: ချစ်ကြည်အေး
Viewing all 382 articles
Browse latest View live

အသည်းကွဲနှစ်ကူး - မှ၂၀၁၃ သို့၂၀၁၄

$
0
0


၃၁ရက်နေ့ ဒီဇင်ဘာညမှာ ကျွန်မက တောင်ကြီး-ရန်ကုန်ကားပေါ်မှာပါ။

ညနေဘက် တောင်ကြီးကနေ အေးသာယာကိုဆင်းတော့ ကားဂိတ်ကစီစဉ်ပေးတဲ့ကားလေးနဲ့ ဟိုတယ်ကို လာကြိုပါတယ်။ အဲဒီကတည်းက ကားလေးနဲ့လည်းဖြစ်ပြန်၊ တောင်အဆင်းအတက်ကွေ့တွေကလည်း များပြန်တာမို့ ကားပေါ်မှာ မူးလာသမျှ ကားပေါ်ကဆင်းတာနဲ့ ကျွန်မ အန်ပါတော့တယ်။ လူလည်း နူံးခွေလို့ပေါ့။

ညနေ ၆နာရီ ကားကြီးစထွက်ကတည်းက မျက်စေ့စုံမှိတ်ပြီး မှေးလိုက်လာတဲ့ကျွန်မဟာ ၈နာရီထိုးခါနီး အောင်ပန်းရောက်တော့ အညောင်းအညာပြေ အောက်ခဏဆင်းပါတယ်။ အေးလွန်းတာမို့ လူက လမ်းလျှောက်ရင် တခုန်ခုန်နဲ့ လျှောက်ရတာပါ။ ဒါတောင် အအေးအတိုင်းအဆက ၁၂လောက်ရှိတာ။ ကားက နာရီဝက်အချိန်ပေးပြီး အဲဒီအချိန်မှာ ကားတံခါးကို ပိတ်ထားတာမို့ ကားပေါ်လည်း ပြန်တက်မရမယ့်အတူတူ အပေါ့အပါးသွားပြီး စားသောက်ဆိုင်မှာပဲ နွားနို့ပူပူတစ်ခွက်မှာသောက်ပြီး အပူကူးနေခဲ့ရတယ်။

အဲဒီမှာ ကားပေါ်ပါလာတဲ့ နိုင်ငံခြားသူအမျိုးသမီးကြီးတစ်ဦးနဲ့ ဈေးဆိုင်က ကောင်မလေးတွေ စကားအချီအချပြောနေကြတာ တွေ့လိုက်ရပါတယ်။ ကြည့်ရတာ သူတို့ချင်း စကားပေါက်ပုံမရပါဘူး။ ဒါနဲ့ပဲ လူမှုဝန်ထမ်းရွှေတံဆိပ်ရ (သူ့မိန်းမက ပေးထားတဲ့ဆုပါ) ကျွန်မအိမ်ကလူကြီးက ကူညီပါရစေဆိုပြီး သူတို့နား ရောက်သွားတော့မှ "အမျိုးသမီးကြီး လိုချင်တာက တစ်ခါသုံးခွက်တွေ၊ ဒီမှာ ရနိုင်မလား"လို့ ဈေးဆိုင်ကကောင်မလေးတွေကို ပြောပြပေးရပါတယ်။ ကံကောင်းစွာပဲ အမျိုးသမီးကြီးလိုချင်တဲ့ ခွက်တွေရသွားခဲ့ပါတယ်။ ဘာလုပ်ဖို့လဲဆိုတော့ကာ သူမမှာ ဝိုင်ပုလင်းတွေ ပါလာကြောင်း၊ ည၁၂ထိုးတဲ့အခါ ကားပေါ်မှာ နူးရီးယားဆင်နွှဲဖို့ ဖြစ်ကြောင်း၊ ကားပေါ်ကလူတွေကို ဝိုင်တစ်ခွက်စီလိုက်တိုက်ပြီး တို့စ်လုပ်မယ့်အကြောင်းတွေ ပြောပြပါတယ်။ ဒါနဲ့ပဲ သဒ္ဒါပေါက်သွားတဲ့ အိမ်က ရွှေတံဆိပ်ရ ပုပ်ဂိုကြီးက ခွက်ဘိုးတွေ သူပဲ ရှင်းပေးခဲ့တဲ့အကြောင်း ကျွန်မကို ပြုံးပြုံးကြီး ပြောပြပါတယ်။ ကျွန်မကလည်း အလိုက်သင့်ပဲ  ကောင်းတာပေါ့ နှစ်သစ်ညမှာ ခုလို ကားပေါ်ဆင်နွှဲတာမျိုးတစ်ခါမှ မကြုံဖူးကြောင်း၊ အမျိုးသမီးကြီးလို နိုင်ငံခြားသူတစ်ယောက် ဒီကားပေါ်ပါလာတာ သိပ်ကောင်းတဲ့အကြောင်း ပြုံးပြုံးကြီး ပြန်ပြောခဲ့လိုက်ပါတယ်။

နာရီဝက်ပြည့်လို့ ကားပေါ်ပြန်တက်ကြပြီး ဆက်လက်မှေးလိုက်လာရင်း မမျှော်လင့်ဘဲ ရုတ်တရက် ကျွန်မ ချက်စ်ပိန်းရပါတော့တယ်။ အသက်မရှူနိုင်အောင် မောလာပြီး မျက်ရည်တွေ အလိုလိုကျလာတာကြောင့် လူက လူမမာလိုဖြစ်သွားရာက ချက်ချင်းပဲမလှုပ်နိုင်လောက်အောင် ဒေါင်းသွားပါတော့တယ်။ ဒါနဲ့ပဲ နှာသီးဝကလေကို ရှူမှတ်ရင်း သက်သာသလိုလေး နေသာအောင်နေရင်း လိုက်ခဲ့ရပါတယ်။

အဲဒီခဏမှာ နိုင်ငံခြားသူအမျိုးသမီးကြီးက ကျွန်မတို့ရှိရာ ကားရှေ့ပိုင်းနားကို လာပြီး ဝန်ထမ်းအမျိုးသမီးလေးကို ကားခေါင်းပိုင်းမှာပြနေတဲ့ ဒစ်ဂျစ်တယ်နာရီကို လက်ညှိုးထိုးပြပါတယ်။ နာရီက ၁၀မိနစ်နောက်ကျနေတာမို့ အချိန်ပြန်ညှိပေးစေလိုကြောင်း၊ ၁၂နာရီမှာ နူးရီးယားလုပ်မှာမို့ ဒီနာရီက အချိန်ကိုကြည့်ပြီး ကောင့်ဒေါင်းလုပ်ချင်တာမို့ ပြင်ပေးစေလိုကြောင်း ပြောပါတယ်။ ဒါပေမဲ့ ဘာကြောင့်လည်း မသိ၊ နာရီက အချိန်ညှိမရတာနဲ့ အမျိုးသမီးကြီး လက်လျှော့ပြီး သူ့နေရာသူ သွားပြန်ထိုင်နေပါတော့တယ်။ ကျွန်မလည်း မျက်စေ့တွေကို ပြန်မှိတ်ပြီး ငြိမ်ငြိမ်လေး လိုက်ပါလာ ခဲ့တော့တယ်။ ညကားပေါ်မှာ မအိပ်တတ်၊ အိပ်လို့မပျော်နိုင်တဲ့ ကျွန်မအတွက် ကားစီးရတာ အချိန်ကြာလွန်း၊ ပင်ပမ်းလွန်းရပါတယ်။ ကျန်းမာရေးမကောင်းတာမို့ ပိုလို့ဆိုးတော့တယ်။

ဒီလိုနဲ့ ကျွန်မလက်ကနာရီက  ၁၂နာရီထိုးဖို့ ၄မိနစ်သာလိုပါတော့တယ်။ ကားပေါ်မှာပါလာသမျှလူတွေ တက်ညီလက်ညီ အိပ်မောကျနေချိန်လည်း ဖြစ်တယ်။ ကျွန်မကတော့ ချက်စ်ပိန်းကြောင့် အသက်တောင် ခက်ခက်ခဲခဲရှိုက်ပြီး ရှူနေရတာမို့ လေသံတောင်မထွက်နိုင်တဲ့အချိန်မှာ တခေါခေါ တရှူးရှူးအိပ်မောကျနေသူတွေကို အိပ်နိုင်ကြလေခြင်းလို့သာ မုဒိတာပွားရပါတော့တယ်။

ကျွန်မလက်က နာရီလေးက မီးစုန်းအရောင်နဲ့ ကျွန်မ မြင်လိုက်ရပါတယ်။ ည၁၂နာရီထိုးပါပြီ။ အဲဒီမှာ ကားနောက်ဘက်ဆီက Happy New Year ဆိုတဲ့ အသံ တိုးတိုးညှင်းညှင်းလေး ကြားလိုက်ရပါတော့တယ်။ တကယ်ပဲ သူမအသံ တစ်သံထဲရယ်။ ကျွန်မကပဲ စိတ်ပျော့လို့ ထင်ပါရဲ့။ အဲဒီအသံနဲ့အတူ ကျွန်မစိတ်နှလုံးတွေ ကွဲကြေသွားသလို ခံစားလိုက်ရတယ်။  Happy New Year လို့ သူမနဲ့အတူ စိတ်ထဲကနေ ကျွန်မ ရေရွတ်လိုက်မိတယ်။  နိုင်ငံခြားသူအမျိုးသမီးကြီး ကြားနိုင်လိမ့်မယ် မဟုတ်ဘူး နော်။ 

သူမအသံက တကယ့်ကို စိတ်လိုအားရ တိုးတိုးသဲ့သဲ့ကလေးရယ်။ နှစ်သစ်ကူးဆင်နွဲဖို့၊ ကားပေါ်ကလူတွေကို ဝိုင်တစ်ခွက်စီ လိုက်တိုက်ရင်း တို့စ်လုပ်ဖို့ သူမစိတ်ကူးတွေ၊ မျှော်လင့်ချက်တွေ….ကြိုတင်ပျော်ရွှင်ကြံစည်နေမှုတွေနဲ့ သူမ ဘယ်လောက်များ စိတ်ဓါတ်ကျသွားမလဲ။ တကယ်တမ်း အဲဒီအချိန်မှာ ကားပေါ်ကလူတွေက အိပ်မောကျနေကြပြီဖြစ်လို့ သူမစိတ်ထဲ လူတွေ နိုးများသွားမလားဆိုတဲ့ အားနာစိတ်၊ ဒီလိုနှစ်သစ်တနှစ်ကို လက်ခံ ကြိုဆိုနေရမယ့်အချိန်မှာမှ အိပ်နေကြရသလားဆိုတဲ့ အားမလိုအားမရစိတ်၊ နှစ်သစ်တနှစ်ကူးတာကို တစ်ကားထဲစီး တစ်ခရီးထဲသွား လူမျိုးခြားတွေနဲ့အတူ ကြုံတောင့်ကြုံခဲ ပျော်ရွှင်ဆင်နွဲချင်တဲ့စိတ်တွေနဲ့…. သူမဘယ်လောက်များ ခံစားလိုက်ရလေမလဲ…..။ နင့်ကနဲ နေမှာပဲ နော်။ ကျွန်မ စိတ်မကောင်းလိုက်တာ။

ခေါင်း မထူနိုင်တဲ့ကျွန်မဟာ ကားနောက်ပိုင်းဆီက သူမရှိရာကို စိတ်တွေနဲ့သွားပြီး သူမကို လက်ဆွဲနှုတ်ဆက်လို့၊ ထွေးပွေ့လို့၊ ဟက်ပီးနူးရီးယားလို့ အော်ရင်း သူမဝိုင်ခွက်နှုတ်ခမ်းနဲ့ တိုက်ရင်း သူမဆီက အပျော်တွေ ကူးလူးလို့……။  သူမ သိနိုင်မယ် မဟုတ်ဘူးနော်….။

တကယ်တော့ လူတွေဟာ တန်ဘိုးထားတတ်ပုံချင်း မတူတဲ့အခါ၊ တစ်ယောက်စိတ်၊  တစ်ယောက်ဆန္ဒကို တစ်ယောက်က မသိတဲ့အခါ....။ တစ်ယောက်နဲ့တစ်ယောက် နှလုံးသားချင်း ချိတ်ဆက်ဖို့ရာ ဘယ်လိုမှ မဖြစ်နိုင်ကြဘူး မဟုတ်လား။

ဘာပဲဖြစ်ဖြစ် ကျွန်မ သူမနဲ့အတူ ရှိနေပေးခဲ့တယ်။ အဲဒီတုန်းက သူမနဲ့အတူ ကျွန်မ၊ ကျွန်မနဲ့အတူ သူမ…..။ 

သူမစိတ်နှလုံးတွေ နာကျင်ခဲ့ရ၊ သူမ တန်ဘိုးထားမျှော်လင့်ခဲ့တဲ့ နှစ်အကူးမှာ အလိုဆန္ဒတွေမပြည့်ခဲ့ရတဲ့အတွက် သူမကို နားလည်စာနာပေးရင်း ကျွန်မစိတ်နှလုံးတွေ သူမနဲ့အတူ နာကျင်ခဲ့ရတာ။ ဒါတွေကို သူမ သိဖို့ မလိုအပ်ပါဘူးလေ…။

သူမလက်ထဲက ဝိုင်ခွက်တွေ ဘယ်လိုများနေမှာပါလိမ့်….


အချိန်ဖတ်စက်များ

$
0
0
နာရီတွေကို ဘယ်အချိန်ကတည်းက စွဲလန်းခဲ့မိမှန်း ကျွန်မ သေချာမမှတ်မိပါ။ သို့သော် ကျွန်မ သတိထားမိချိန်တွင် ကျွန်မ၌ နာရီရောဂါက ရင့်နေခဲ့ပြီဖြစ်သည်။

ကျွန်မမှတ်မိသော ပထမဦးဆုံးနာရီကလေးသည် ကျွန်မအသက် ဆယ့်ကိုးနှစ်မှာ ဖေဖေပေး ခဲ့သောနာရီကလေးဖြစ်ပါသည်။  ထိုနာရီကလေးသည် စီကိုတံဆိပ်နာရီကလေးဖြစ်ပြီး ဒိုင်ခွက်အဝိုင်း ကလေးမှာ အတွင်းပိုင်းက ငွေရောင်နှင့် အပြင်အနားမှာ ရွှေရောင်အရစ်ကလေးနောက်တစ်ဝိုင်း ဝိုင်းထားသော နာရီကလေး ဖြစ်ပါသည်။ မိန်းမပတ်နာရီ အဝိုင်းပုံ အလတ်စားအရွယ်ကလေးဖြစ်ပြီး ကျွန်မကို ပတ်ပေးချိန်တွင် အဖေက ကျွန်မပါးကို မွှေးပြီးမှ သမီးကြီးအတွက်၊ ရိုရိုသေသေ ပတ်နော်ဟု ပြောပြီး ပေးခဲ့တာဖြစ်လေသည်။

မှတ်မှတ်ရရ ထိုစဉ်က ကျွန်မမှာ ကျောင်းသားအရေးများတွင် ပါဝင်လျှက်ရှိကာ အမေက စိတ်ပူ၍ အိမ်မှာမအိပ်ရဘဲ (ထိုစဉ်က ကျောင်းသားတွေကို သက်ဆိုင်ရာမှ ညဘက်ညဘက်တွေ အိမ်မှာ လာလာခေါ်တတ်သော အချိန်ဖြစ်သည်) တစ်ခြားရပ်ကွက်ရှိ အဒေါ်တွေအိမ်မှာ သွားရောက်နေထိုင် ရစဉ်ဖြစ်ပါသည်။ အဖေ နိုင်ငံရပ်ခြားအလုပ်လုပ်ရာမှ ပြန်ရောက်ရောက်ချင်း ကျွန်မကို အိမ်မှာ မတွေ့၍ မေးရာ အဒေါ်တွေအိမ်မှာ သွားအိပ်တယ်ဆိုသောကြောင့် အခေါ်ခိုင်းရာက ကျွန်မအိမ်ပြန်ရောက်လာရသော ပထမဆုံးနေ့ပင်။ ထိုနေ့မှစ၍ အဖေက ကျွန်မကို အိမ်မှာပင် အိပ်စေပါသည်။ အဖေ့မေတ္တာကြောင့်ပဲလား မသိ၊ ကျွန်မ ဘေးရန်ကင်းခဲ့ပါသည်။

ပြန်ဆက်ပါမည်။ ထိုစဉ်က အဖေပေးသောနာရီကလေးကို ကျွန်မ အလွန်နှစ်သက်မိပါသည်။ အိမ်ပြားပြားကလေးက ဝတ်လိုက်သည်နှင့် လက်မှာ ကပ်ချပ်နေကာ၊ သားရေလက်ပတ်ကြိုး အညိုကလေးနှင့်။ သို့သော် ထိုနာရီကလေး ဘာကြောင့် ပျက်သွားရသည်ကို ကျွန်မ မမှတ်မိတော့ပါ။ အကြောင်းမှာ ကျွန်မသည် မည်မျှနှစ်ခြိုက်သည်ဖြစ်စေ ဘယ်အရာကိုမှ တခုတ်တရမရှိဘဲ ခဏသာ စွဲလန်းတတ်သောကြောင့်၊ တစ်လုံးပျောက်ပျက်သွားရင် နောက်အသစ်တစ်လုံး ရတာပေါ့ဟု သဘောထားတတ်သောကြောင့်ပင်။

ထိုနာရီကလေးနောက်မှာ ကျွန်မ ပတ်ဖြစ်သောနာရီက အယ်လ်ဘာအမျိုးအစား ဒိုင်ခွက်ငွေရောင် ကလေးနှင့် အိမ်အဝိုင်းကလေးဖြစ်ပါသည်။ ထိုနာရီကလေးကိုလည်း ဘာရယ်မဟုတ် မရှိသုံးအနေနှင့် ပတ်ဖြစ်ကာ ပျက်ပြန်တော့ အလွယ်တကူ နောက်တစ်လုံး ဝယ်ပတ်ဖြစ်ပြန်ပါသည်။

သေချာသည်မှာ ထိုစဉ်က ဝင်ငွေ မရှိသေးချိန်မို့ နာရီကို တစ်လုံးပျက်မှ တစ်လုံးဝယ်ပတ်သည်သာ။ 
 
ကျွန်မကိုယ်ပိုင်ဝင်ငွေနှင့် ကျွန်မစိတ်ကြိုက်နာရီများကို ဝယ်ပတ်နိုင်ချိန်တွင် အမျိုးအစားတစ်မျိုးတည်းသော နာရီများကို အရောင်စုံအောင် ဝယ်စုလျှက် တမက်တမော ပတ်ဖြစ်ပါသည်။ ကျွန်မကြိုက်သော နာရီအမျိုးအစားမှာ G-Shock နှင့် Baby G ဖြစ်သည်။ နာရီအိမ် အကြီးကြီးတွေ ကျွန်မလက်ကလေးပေါ် တင်ပတ်ရသောအရသာကို ကျွန်မ စွဲလန်းပါသည်။ ထို့အပြင် G-Shock နှင့် Baby G သည် နာရီဒီဇိုင်းဆန်း၊ အရောင်ဆန်းဆန်းတို့နှင့်ဖြစ်ရာ ကျွန်မမှာ တစ်ခြား ဘယ်တံဆိပ်ကိုမှ ပြောင်းမပတ်နိုင်ဘဲ G-Shock နှင့် Baby Gကိုသာ တစွဲတလန်းဝယ်ဖြစ်ခဲ့ သည်။ မော်ဒယ်အသစ်ပေါ်တိုင်းလည်း သွားရောက်ကြည့်ရှုကာ ကြိုက်လျှင် ဝယ်လိုက်သည်သာ။ သို့သော် နာရီတစ်လုံးတွင် ကျွန်မ အလေးထား ကြည့်ရှုမိသည်က စက်အမျိုးအစား၊ ဘယ်နိုင်ငံထုတ် ဆိုတာမျိုးမဟုတ်ဘဲ ပုံစံ၊ အရောင်နှင့် စတိုင်လ်သာ ဖြစ်လေသည်။

မှတ်မှတ်ရရ ရည်းစားတစ်ယောက်နှင့် ပြတ်ပြီးသော ကျွန်မမွေးနေ့မှာဖြစ်သည်။ ထိုရည်းစားက ကျွန်မဆီ အီးမေးလ်တစ်စောင်လှမ်းရေးပါသည်။ ဓါတ်ပုံနှင့်တွဲပို့လိုက်သော စာဖြစ်ပြီး ပုံမှာ ဘေဘီဂျီနာရီ လိမ္မော်ရောင်ကလေးဖြစ်သည်။ သူ့စာအရဆိုလျှင် ထိုနာရီကို ကျွန်မမွေးနေ့အတွက် လက်ဆောင်အဖြစ် ရည်ရွယ်ဝယ်ယူခဲ့သည်ဟု ရေးထား၏။ ယခု ပေးတော့မည်မဟုတ်ဟု အဓိပ္ပါယ်ရလေသည်။ နာရီကလေးမှာ ကျွန်မကြိုက်သော အမျိုးအစား၊ ပုံစံ၊ အရောင်အသွေးဖြစ်ရာ ကျွန်မရင်ထဲ နင့်ကနဲ ခံစားသွားရသည်ကို ဝန်ခံရပေမည်။ သို့သော် ပြီးပြတ်ခဲ့သည်များ၌ ငြိတွယ်ခြင်း အလျဉ်းမရှိသောကျွန်မက သြော်….ယောကျာ်း ယောကျာ်းဟု မည်တမ်းလျှက် ပြုံးမိရုံသာ။

ပထမဦးဆုံး ဝယ်ဖြစ်ခဲ့သော ဘေဘီဂျီနာရီလေးသည် အနက်ရောင် အိမ်အဝိုင်းကလေးဖြစ်သည်။ ဒိုင်ခွက်မှာ အချိန်နာရီပြသည်က ခပ်သေးသေး၊ ခွေးကလေးတစ်ကောင် အရိုးနှင့်ဆော့ကစားနေ သည့်ပုံနှင့် ဒေါ်လ်ဖင်ငါးကလေး ဆော့ကစားမြူးတူးနေသည့်ပုံတို့ တစ်လှည့်စီပေါ်လာတတ်သော နာရီကလေးဖြစ်လေသည်။ အဲသည့်ပုံတွေကို ဖျောက်ထားပြီး အချိန်နာရီပြတံကိုသာ ရွေးချယ်၍လည်း ရပါသည်။ သို့သော် ကျွန်မက အရုပ်ကလေးတွေကိုသာ တဖျတ်ဖျတ်ပေါ်စေလျှက် အချိန်နာရီကို ခပ်သေးသေးသာ ပေါ်လွင်စေမြဲဖြစ်၏။

ကျွန်မမှာ ထိုအနက်ရောင်ကလေး၊ ပြီးတော့ အဖြူ၊ ပြီးတော့ အစိမ်းနုနု (သူကတော့ ဒိုင်ခွက်လေးထောင့်ကလေး)၊ သစ်သားရောင်၊ ခရမ်းရောင်၊ နောက်ထပ် အနက်နှင့် ရွှေရောင်ရော ထားသောနာရီကလေး စသည်ဖြင့် ဝယ်ဖြစ်ခဲ့ပါသည်။ နာရီများဝယ်ရခြင်း အကြောင်းမှာ မော်ဒယ်ဒီဇိုင်း အသစ်ထွက်လို့ဆိုသည်ထက် မွေးနေ့မို့၊ ဘောနပ်စ်ရလို့၊ လစာတိုးလို့ စသည်တို့က ပိုများပါသည်။ ထိုဝယ်ယူပြီးသောနာရီများကို နှစ်သက်စွာပတ်ဖြစ်လျှက် အဝတ်အစားနှင့်လိုက်ဖက်အောင် ရွေးချယ် ဝတ်ဆင်တိုင်း ကျွန်မ စိတ်ကျေနပ်ရသည်။

ထိုသို့ နာရီများကို တစွဲတလန်းပတ်နေမိရာမှ နာရီပတ်ဖို့မေ့ကာ အလုပ်ကို အပြေးသွားရ သည့်နေ့တို့ကြုံလာရသော် နာရီမပါသော လက်ဗလာကို ကြည့်ကာ တစ်စုံတစ်ရာ၏ချည်နှောင်မှုအား တုန့်ကနဲ တမ်းတမိလေ၏။ ထိုအခါများစွာတို့တွင် လက်ကိုင်ဖုန်းမှ၊ ကွန်ပြူတာမှ အချိန်ကိုသာ ကြည့်ရှုနေတတ်ခဲ့ရသည်။ သက်မဲ့ပစ္စည်းကလေးတစ်ခု၊ ကိုယ်ပေါ်မှာ ထိတွေ့နေကျပစ္စည်းကလေးတစ်ခု၏ ချည်နှောင်မှုကပင် လူကို တင်းကြပ်နှောင်တွယ်စေသည်ပဲ။

နာရီများကြောင့် ကျွန်မစိတ် ကသိကအောင့်ဖြစ်စေသော အချိန်လည်း ရှိခဲ့ဖူးသည်။ ကျွန်မမှာရှိသော ထိုနာရီများ တစ်လုံးနှင့်တစ်လုံး အချိန်မတူသည်ကို တွေ့ရသောအခါ နာရီများအပေါ် ယုံကြည်မှု၊ စွဲလမ်းမှုတို့ လျော့နည်းသလိုလိုပင်ဖြစ်လာခဲ့သည်။  ထိုနာရီဟု ခေါ်တွင်သော အချိန်ဖတ်စက်ကလေးများက ပြသောအချိန်ဆိုတာ တကယ်ရော မှန်ပါရဲ့လားဟု သံသယဝင်မိသည်။
 
ဟိုးအရင် သည်လို စက်နာရီတွေ၊ သံပတ်နာရီတွေ မပေါ်ခင်က နေနာရီ၊ ရေနာရီ၊ သဲနာရီတွေ သုံးခဲ့ကြသည်။ သူတို့ကရော အချိန်ဆိုတာကို မှန်မှန်ကန်ကန် ဖော်ပြခဲ့နိုင်ကြပါသလား။ ကျွန်မ သိချင်မိသည်။

တစ်နာရီမှာ မိနစ် ၆၀၊ တစ်မိနစ်မှာ စက္ကန့် ၆၀ဆိုတာကရော ဘယ်လောက်များ မှန်နိုင်မှာတဲ့လဲ။ တစ်နာရီမှာ မိနစ် ၁၀၀၊ တစ်မိနစ်မှာ စက္ကန့်၁၀၀လို့ သတ်မှတ်ပြီး စက္ကန့်ကြိမ်နှုန်းကို ခုထက်မြန်လိုက်ရင်ရော မရနိုင်ဘူးလား။ တစ်ချို့ကလည်း လူတွေရဲ့ ပျမ်းမျှနှလုံးခုန်နှုန်းဟာ ၁မိနစ်ကို အကြိမ် ၆၀ခန့်ဖြစ်သည့်အတွက် ၁မိနစ်မှာ စက္ကန့် ၆၀သတ်မှတ်သည်ဟု ဆိုကြပြန်သည်။

တစ်နှစ်ပတ်လုံးတွင် အီကွေတာအပေါ်သို့ နေကျရောက်သော အချိန် ၂ချိန်ရှိသည်၊ (ခန့်မှန်းခြေ) မတ်လ ၂၀နဲ့ စက်တင်ဘာ ၂၂ ဝန်းကျင်ရက်များမှာ ဖြစ်လေသည်။ အဲသည်လိုရက်တွေမှာ နေ့နဲ့ညဟာ အချိန်အလျား ညီသွားတတ်သည်။ ထိုရက်များကို equinox days ဟု ခေါ်ရာ ဂရိလူမျိုး နက္ခတ်တာရာပညာရှင် Hipparchusက ထိုအပေါ်မှာ အခြေခံ၍ နာရီများကို နေ့နှင့်ည ၁၂နာရီစီထားရန် အကြံပြုခဲ့ရာမှ စသည်ဟု ဖတ်ဖူးသည်။

သို့သော် ဘာကြောင့် နေ့နဲ့ညမှာ ၁၂နာရီစီရှိရမည်ဟုသတ်မှတ်ပြီး တစ်နာရီမှာ ၆၀မိနစ်၊ ၁မိနစ်မှာ ၆၀စက္ကန့် ဘာကြောင့်ထားရသည်ဆိုတာကိုတော့ မသေချာပြန်ပေ။  ၆၀သည် ၁၀၊ ၁၂၊ ၁၅၊ ၂၀၊ ၃၀ တို့နဲ့ စားလျင် အကြွင်းမဲ့ပြတ်သော အငယ်ဆုံးနံပါတ်ဖြစ်သောကြောင့်ဟု ဆိုသည်။

ယခုပတ်နေကြသောစက်နာရီတွေကို  ၁၄ရာစုနှစ်လောက်မှာမှ ဥရောပမှာ စတင်တီထွင်သုံး စွဲခဲ့ကြတာ ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကျွန်မသည် နာရီပတ်သူတစ်ဦးသာ ဖြစ်လျှက် အချိန်အပေါ် မှီခိုသူတစ်ဦးတော့ဖြင့် မဟုတ်ပြန်။ ကျွန်မတစ်ဦးတည်းအတွက်ဆိုလျှင် ကျွန်မစိတ်၊ ကျွန်မခန္ဓာအပေါ်တွင်သာ တည်မှီနေထိုင်ပါသည်။ ထမင်းချိန်၊ အိပ်ချိန် စသည်တို့ကို အချိန်နှင့် သတ်မှတ်ထားခြင်းကို ကျွန်မ မုန်းတီးမိရာ ကျွန်မအတွက်တော့  ဆာမှ စားမည်၊ အိပ်ချင်မှ အိပ်မည်။ လုပ်ချင်မှ လုပ်မည်ပင်။ အလွန်ခေါင်းမာ ပေတေသောသူဟု ဆိုနိုင်ပါသည်။

သို့သော် အများနှင့်အတူ လုပ်ကိုင်ဆောင်ရွက်ရသည့်အခါများစွာတို့၌ သူသူကိုယ်ကိုယ် သတ်မှတ် ထားသော၊ ထိုအချိန်ပြစက်ကလေးများက ပြဆိုသောအချိန်နာရီကို ကျွန်မ ကြိုးစားပမ်းစား လိုက်နာသူဖြစ် ရပြန်ပါ၏။

တကယ်တမ်းကျတော့ ကျွန်မသည် နာရီများကိုသာ နှစ်သက်တတ်သူဖြစ်လျှက် အချိန်ဆိုသည်ကို ယုံကြည်တတ်သူ မဟုတ်။ အချိန်အစုအဝေးကို ကာလဟု ခေါ်ဆိုကြရာ နာရီလက်တံများကို ရှေ့လှည့် နောက်လှည့်ရုံမျှနှင့် ထိုကာလတို့ကို ပြောင်းလဲနိုင်မည်မဟုတ်ပေ။ ကျွန်မသည် အားလုံးနှင့် တစ်ချိန်တစ်သားတည်းသာ ရှိနေရမည်ပင်။ 

အချိန်များနှင့် ပြဌာန်းသော လူ့ဘဝတစ်ခု ကျွန်မ ရရှိခဲ့ပြီ။ နောက်ပြန်လှည့် မရနိုင်သလို ရှေ့သို့ ကျော်ဖြတ် တက်ချင်လည်း မရနိုင်။ အများသတ်မှတ်ထားသော အချိန်ဆိုသည်နှင့် နေသားတကျဖြစ်အောင် ကျွန်မ ကြိုးစားရပါဦးမည်။

အချိန်တွေကိုပြသော၊ လူတို့တီထွင်ပြုလုပ်ထားသော စက်နာရီတွေဟာ မှန်ကန်ပါရဲ့လား။

ကျွန်မ၏ သံသယကို ကျေနပ်လောက်အောင် ချေဖျက်မပေးနိုင်သော်လည်း အချိန်များပြသော နာရီကလေးများအပေါ် ကျွန်မ နှစ်သက်ဆဲပေ။ 


မှန်ရာကို သစ္စာဆိုပါမည်….

$
0
0


ဂျီတော့ခ်လည်း မသုံးဖြစ်တာ ကြာလှပါပြီ။ မေးလ်ဝင်စစ်တာလောက်ရှိတော့တာပါ။ အရင်က အင်ဗိုက်ဇေးဘယ်လ်နဲ့ နေတတ်တာများပေမဲ့ ခု ဂူးဂယ်ဆိုင်ကယ်လ်ဆိုလား ဘာလား အဲဒါကြီး ဆိုင်းအင်ထားလို့ လူတွေမမြင်အောင် နေလို့မရဘူးဆိုပဲ။ ဆိုင်းအောက်လုပ်ကြည့်သေးတယ်။ ဒါပေမဲ့ ကျွန်မက အဲသလိုနေရာတွေမှာ အင်မတန်ညံ့တော့ကာ ဆိုင်းအောက်လုပ်လို့ ဘာမှ မဖြစ်ဘူး၊  အရင်အတိုင်းပဲ မြင်နေရတုန်းပဲလို့ ပြောတော့ ကျွန်မလည်း ဘာမှ ဆက်မလုပ်တတ်တော့ဘူး။ ဒါနဲ့ ဒီအတိုင်းပဲ ထားလိုက်တယ်။ တစ်နေ့ကတော့ လူတစ်ယောက် လာနှုတ်ဆက်တယ်။

 “ဟိုင်း ဆရာမ” တဲ့...။

ဘယ့်နှယ် ဟိုင်းစရာလား  ဒီအသက်နဲ့ ဒီအရွယ်ကိုလေ....။

“ဟုတ်ကဲ့ ပြောပါရှင့်”ဆိုတော့ “အစ်မက စာရေးဆရာမလား” တဲ့….

ဘုရားရေ ခက်တာပဲ။

“ဟုတ်ဘူးရှင့် ကျွန်မက စာရေးသူပါ”

သည်လိုပဲ ပြောရတာပလေ….

“ဟုတ်တယ်ရှင့် ကျွန်မက စာရေးဆရာမလေ၊ ဆရာ့ဆရာမပေါ့ အဟင်းဟင်းဟင်း” လို့ ပြောလိုက်လို့ကတော့ ၉၆ပါးရောဂါနဲ့မသေဘဲ အမြင်ကတ်ပုဒ်မနဲ့ ဘိုက်ဓါးထိုးခံ သေရမဲ့သဘောမှာ ရှိတယ်။

နောက်တော့ သူက အင်မတန်ကြီးမားလေးလံတော်မူထသော မေးခွန်းကြီးတစ်ခုကို ကျွန်မဇက်ပိုးပေါ် ဓါးတင်လို့ မေးတော်မူတယ်။

“အစ်မ ဘယ်လိုရည်ရွယ်ချက်နဲ့ စာရေးပါသလဲ၊ အစ်မရေးတဲ့စာတွေက ဖတ်သူတွေအတွက် အကျိုးတစ်စုံတစ်ရာဖြစ်စေမဲ့စာတွေ ရေးပါသလား” တဲ့

ဘုရား  ဘုရား ခုမှ ခက်တာပဲ

ကျွန်မလည်း ဖြေရခက်တာနဲ့ လူစုံတုန်းလေး အားလုံးသိရအောင် သစ္စာအဓိဌာန် အချက်ကြီး (၄)ချက်နဲ့  ဘလော့ဂ်ပိုစ့်လေးတင်ရင်း ပြန်ဖြေလိုက်ပါတယ်။ မှန်သားကြကုန်….။

(၁)
ကျွန်မသည် ငါ၏ကလောင်အစွမ်းဖြင့် နိုင်ငံတော်နှင့် လူမျိုးအပေါ် ကျေးဇူးပြုပါမည်ဟု သစ္စာမဆိုဖူးချေ။ (နောင်လည်း ဆိုလိမ့်မည် မဟုတ်)

(၂)
ကျွန်မသည် ငါ၏ကလောင်တစ်လက်ဖြင့် မြန်မာစာပေလောကကြီးအား မြှင့်တင်အံ့ဟု တစ်ခါမှ ပြက်လုံးမထုတ်ဖူးချေ။  (နောင်လည်း ထုတ်လိမ့်မည် မဟုတ်)

(၃)
ကျွန်မသည် ငါ၏ကလောင်သွားဖြင့် မြန်မာစာပေလောကကြီး ဖိန့်ဖိန့်တုန်သွားအံ့ဟုလည်း တစ်ခါမျှ မကြွေးကြော် (နောင်လည်း ကြွေးလိမ့် ကြော်လိမ့်မည် မဟုတ်)

(၄)
ကျွန်မသည် ငါ၏ကလောင်အစွမ်းဖြင့် အများသူငါ မြန်မာပြည်သူပြည်သားအပေါင်းတို့အား နားကလော်၊ မျက်စေ့ဖွင့်ပေးမှ တော်ပေအံ့ဟုလည်း တစ်ခါမျှ မြွက်တော်မမူ (နောင်လည်း မြွက်လိမ့်မည် မဟုတ်)

ဆိုရလျှင် ဒါဖြင့် ဘဇာကြောင့် စာတွေရေးနေရပါသနည်းဟု မေးချင်ကြပေလိမ့်မည်။ ဖြေရှင်းပြောပြ ခွင့်ပေးကြပါကုန်။

ကျွန်မသည် လူတွေထဲက လူတစ်ယောက်ပီပီ နေ့စဉ်နေထိုင်သွားလာစားသောက်ရာမှ တွေ့သမျှ 
မြင်သမျှသော ပတ်ဝန်းကျင်၌ ဝင်စားပါသည်။ (အာရုံ ဝင်စားသည်ဟု မှတ်ပါလေ)

ထိုအခါ နှလုံးသားရှိသူပီပီ မိမိနှလုံးအိမ်သို့လာရောက်ရိုက်ခတ်လာသမျှတို့အား မသိစိတ်နှင့်ရော သိစိတ်နှင့်ပါ သိုမှီးသိမ်းဆည်းထားမိလေသည်။ ထိုသို့ သိမ်းဆည်းထားသည်များ လွန်စွာ များပြားလာလတ်သော် ကွန်ပြူတာကိုဖွင့်၊ ကီးဘုတ်ကိုကိုင်ဆွဲ၍ ဖွင့်အန်ထုတ်သည်ရှိရာ ဤသည်ကို စာရေးခြင်းအမှုပြုသည်ဟု ဆိုကြပေအံ့။

အကိုးအကားနှင့် ထပ်၍ရှင်းပါမည်။ 

တောင်မြို့ဆရာတော်ကြီး ဟောဖူးသည်။ လူတွေဟာ နူနာရောဂါသည်တွေဖြစ်သတဲ့။ 

အဲသည်နူနာတွေက အချိန်တန်တော့ ယားလာလိုက်၊ ရုပ်ရှင်လေးကြည့်ပြီး အယားဖြေလိုက်….

အဲသည်နူနာတွေက နောက်တစ်ခါ ယားလာပြန်တော့ အယ်လ်ဗီအိတ်ဒေါ်လာ၂ထောင်လေး ပြေးဝယ်ပြီး အယားဖြေလိုက်…..

အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့ကာ ရှော့ပင်းလေးထွက်လိုက်၊ ကားကလေး ဝယ်စီးလိုက်၊ အောလ်စတားလေး ဝယ်ဝတ်လိုက်…….၊ စီးဖုလေး စားလိုက်…..၊  ဘာဘီလေး ကျူးလိုက်….

အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့……
အဲသည်နူနာတွေက အကြိမ်ကြိမ်ယားလာပြန်တော့……

အင်း….သည်လိုနဲ့ပဲ တဏှာက ကြိုးဆွဲတဲ့နောက် တကောက်ကောက်လိုက်ရင်း မဆုံးနိုင်အောင် အယားဖြေကြရသတဲ့။

ဒီလိုပဲ…..ကျွန်မလည်း…..
ပတ်ဝန်းကျင်က မြင်သမျှ ကြားသမျှ ခံစားရသမျှ မတော်မတဲ့တွေရော တော်တော်တဲ့တဲ့တွေပါ ရင်ထဲ သိမ်းဆည်းထားရာက များလာလို့ လည်ပင်းဝရောက်လာတဲ့အခါ အန်ထုတ်ချလိုက်၊ စာတွေဖြစ်သွားလိုက်၊  ရင်ဖွင့်ချလိုက် စာတွေဖြစ်သွားလိုက်နဲ့….။  သည်လိုပဲ တော်ရာမှာ လူမြင်နတ်ကြား အယားဖြေနေရတာ။

ပထမဦးဆုံး ၂၀၀၉ခုနှစ်မှာ ဘလော့ဂ်လေးစဖွင့်ပြီး စာတွေရေး အယားဖြေခဲ့ရာက ခုတော့ စာအုပ်လေးတစ်အုပ် (ဝတ္ထုတိုပေါင်းချုပ်ကလေးပါ) ထုတ်ပြီး အယားဖြေရတဲ့အထိ နူနာရောဂါက သည်းလာခဲ့ရပြီ။ ဒီနူနာရောဂါ ရှိနေသမျှတော့ ရှေ့ဆက်လို့ ယားသမျှကိုလည်း သည်လိုပဲ ကုတ်ရ ဖဲ့ရဦးတော့မှာပဲ။

ကိုင်း  ဘာမေးချင်ကြသေးသတုန်း….

မွေးနေ့ရှင်ကို ကြင်နာပါ

$
0
0
သူ့မွေးနေ့မတိုင်ခင် နှစ်ရက်လောက်မှာ သူနဲ့ တွေ့တော့ သူက ကျွန်မလက်ကိုထိကိုင်လိုက်တဲ့အခါ သူ့လက်တွေ ပူနွေးနေတဲ့အတွေ့ကို ခံစားလိုက်ရတယ်။ သူကလည်း ပြောတယ်။ သူ နေမကောင်းဘူး တဲ့။ ဒါနဲ့ ဂရုစိုက်ဦး၊ မွေးနေ့လည်း နီးလာပြီ။ နင့်အတွက် မွေးနေ့ပိုစ့်လေးတစ်ပုဒ် ငါ ရေးပေးမယ်လို့ ပြောလိုက်ခဲ့တာ။

တကယ်တမ်း ၁၀ရက်နေ့ည ရောက်လာတဲ့အထိ ဘာရေးရမယ် ကျွန်မ စဉ်းစားမရသေးဘူး။ မရေးတော့ပါဘူးလေ၊ နင်ပဲ ရေးလိုက်တော့လို့ သူ့ကို မက်ဆေ့ခ်ျပို့ပြောလိုက်တော့ သူက သူ နေသိပ်မကောင်းသေးလို့ ရေးနိုင်မယ် မထင်ဘူးဆိုပြီး ဒီလိုမက်ဆေ့ခ်ျလေး ပြန်ပို့တယ်ရှင့် :)

ဒါနဲ့ပဲ ကျွန်မလည်း  သူ့မွေးနေ့အတွက် တစ်ခုခုလေး ရေးဦးမှပါလို့ ကိုယ့်ကိုယ်ကို ပြောရင်း ဘာရေးရင် ကောင်းမလဲ စဉ်းစားရတော့တယ်။ စာကလည်း ဘာမှရေးချင်စိတ်မရှိ။ ကဗျာစပ်ချင်စိတ်လည်း ကုန်နေ ဆိုတော့ကာ...။ နောက်ဆုံး ဒီလိုလေးပဲ စဉ်းစားမိရာက....:)

 
အဲသည်လို ကိုယ်ထိလက်ရောက် မွေးနေ့လက်ဆောင် (သူနှစ်သက်တဲ့) အယ်လ်ဗီအိတ် မပေးနိုင်ချိန်...

 
 သူ စွဲမြဲသုံးလေ့ရှိတဲ့ အီစီမီယာကေးရေမွှေးလည်း မပေးနိုင်ပြန်.....


နိုင်းတီနိုင်းရိုစ့်လည်း သူ့ဆီ အရောက်မပို့နိုင်ပေမဲ့......။

သူနဲ့ကျွန်မဟာ ဟိုး ငယ်စဉ်ကတည်းက ခုထိ အူမချေးခါး အကုန်အစင်သိ ပေါင်းခဲ့ကြတဲ့ ငယ်ပေါင်းတွေဖြစ်တဲ့အပြင် ခုလို စာလေးဘာလေးရေးဖြစ်လာကြတဲ့အခါ ပိုလို့ ရင်ချင်းနီးစပ်လာကြတယ်။

ဒီအသက် ဒီအရွယ်တွေရဲ့ ဖြစ်နေကျ ကျန်းမာရေးတောင်တောင်အီအီတွေ ဖြစ်လာတဲ့အခါတိုင်း တစ်ယောက်နဲ့တစ်ယောက် ဖေးမအားပေးလို့ သူက တောင်ဝှေးဆို ကိုယ်က ဘိုးသူတော်ဖြစ်၊ သူက ဘိုးသူတော်ဆို ကိုယ်က တောင်ဝှေးဖြစ်နဲ့ ဒီလိုပဲ နေလာလိုက်ကြတာ...။

ခု သူ့မွေးနေ့မှာ ဒီပိုစ့်လေး ရေးနိုင်အောင် ထူထောင်နိုင်တဲ့ ကျွန်မကျန်းမာရေး ကိုလည်း ကျေးဇူးတင်ရသေးတယ်။ သူ့အတွက်လည်း မြန်မြန်ပြန်လည်နေကောင်းပါစေ လို့ ဆုတောင်းပေးရင်း ဒီပိုစ့်လေးဟာ သူ့အတွက် အမှတ်တရ မွေးနေ့ဆုတောင်းပိုစ့်လေးအဖြစ် သူ နှစ်သက်နိုင်ပါစေလို့....မျှော်လင့်ရတာပါပဲ။

ပျော်ရွှင်ဖွယ်ရာ မွေးနေ့ရက်မြတ်လေးပါ သူငယ်ချင်း "သက်ဝေ"
ယနေ့မှစ၍ ချစ်ခင်သူများနဲ့အတူ သက်ဆုံးတိုင် ကျန်းမာပျော်ရွှင် လိုရာဆန္ဒပြည့်ဝပါစေလို့.....

ချစ်တဲ့

ချစ်

စာကြွင်း - မွေးနေ့တူ ညီမလေးတစ်ယောက်ဖြစ်တဲ့ Vista Aung ဗစ်စကိုလည်း ဒီပိုစ့်နဲ့ တူတူပဲ ဆုတောင်းပေးလိုက်ပါတယ်  နော်....(တူးအင်ဝမ်းမွေးနေ့ပိုစ့်လို့သာ မှတ်ပေရော့)

:)

ဆွေရယ်မျိုးရယ် အိမ်ရယ်ယာရယ်

$
0
0


မြို့ကလေးထဲ ကားဝင်လာတော့ မနက်လင်းအားကြီး လေးနာရီခွဲခန့်သာ ရှိသေးသည်။

ညကားမို့ ကားပေါ်မှာမအိပ်တတ်သော ကျွန်မက တစ်ညလုံး လမ်းဘေးဝဲယာမှ မှောင်နှင့်မည်းမည်းများကို မျက်လုံးအကြောင်သားကြည့်ကာ ငုတ်တုတ်လိုက်ခဲ့ရသည်။ တကယ်ကို အိပ်ချင်လှပါပြီ၊ လူက လုံးလုံးမျှ ဇက်မခိုင်တော့ချိန်၊ ခဏကလေးမှေးကနဲ မှေးမိချိန်ကျကာမှ ရောက်ပြီဆင်းကြရအောင်ဟု ဆိုတော့ ခေါင်းပေါ်ရှိစင်ကလေးမှ အထုတ်များကို ကမူးရှူးထိုးဆွဲချကာ နှစ်ယောက်သား ကားပေါ်မှ ကသောကမျော ဆင်းခဲ့လိုက်ရလေသည်။ 

ကျွန်မတို့စီးလာသောကားက “နေပြည်တော်-တောင်ညိုလမ်းမှ မောင်းသည်မို့ လမ်းကြော တိုကာ စောရောက်တာဖြစ်မယ်”ဟု သူငယ်ချင်းက ပြောသည်။ ကားအောက်ရောက်မှ ပါလာသော အထုတ်များ စေ့မစေ့ စစ်ကြည့်ကြရင်း သူငယ်ချင်းက သူ့အိမ်သားများကို ဖုန်းဆက်ပြီး လာမကြိုနဲ့တော့ဟုဆိုကာ ကားဂိတ်မှ ဆိုင်ကယ်ကယ်ရီနှင့်ပင် ကျွန်မတို့နှစ်ယောက် သွားခဲ့ကြ၏။

ဆိုင်ကယ်နောက်မှာ တင်ပလွှဲထိုင်လိုက်ရင်း လက်မှလည်း အထုတ်တစ်ထုတ် ကိုင်လျှက်၊ စလွယ်သိုင်းထားသော ပိုက်ဆံအိတ်တစ်လုံးအပြင် လည်ပင်းမှာ ချိတ်ထားသောကင်မရာနှင့်မို့ လူက ပြုတ်ကျကျန်ခဲ့ချင်စရာ။ ဆိုင်ကယ်နောက်မှ စတီးတန်းကလေးကို သတိနှင့်မြဲမြဲကိုင်ရင်း မျက်နှာကို ခပ်ကြမ်းကြမ်းတိုးဝှေ့လာသော နံနက်ခင်းလေအေးအေးရှရှများကြောင့် အိပ်ချင်စိတ်တို့ ဖျတ်ကနဲ လွင့်သွားသလိုပါပေ။

“အစ်မက နယ်ခံမဟုတ်ဘူး ထင်တယ်”

“အင်း အစ်မက ရန်ကုန်သူ”

“အော် ဒါ ပထမဆုံးအကြိမ် ရောက်ဖူးတာလား”

“ဟုတ်တယ်”

“ဒါက မြို့ထဲလေ အစ်မ၊ အစ်မတို့သွားမယ့်နေရာနဲ့ သိပ်မဝေးပါဘူး”

“ဟုတ်လား”

“ခုချိန်က နေလို့ကောင်းတယ်။ မိုးလည်းကုန်စ၊ သိပ်လည်း မပူသေးဘူး၊ ရာသီဥတုကလည်း ခြောက်ခြောက်သွေ့သွေ့နဲ့ လည်လို့ကောင်းတယ်။ အစ်မလာတာ အချိန်ကောင်းပဲ”

“ဟုတ်”

ဆိုင်ကယ်မောင်းသောကောင်ကလေး ပြောသမျှ အလိုက်တသင့်နားထောင်ရင်း မျက်နှာမူရာဘက်ကို ငေး ရင်း လိုက်ပါလာခဲ့ရသည်။ မနက်ခင်းကမူ ကောင်းစွာ မလင်းချင်းချင်လှသေးပေ။

“ဒီမြို့မှာ အင်တာနက် ရလား”

“ဟုတ်ကဲ့ ရပါတယ် အစ်မ”

ကောင်ကလေးပြောသမျှကိုသာ အလိုက်သင့် ဖြေ၊ ပြော၊ နားထောင်နေရာက ပထမဦးဆုံးသော ကျွန်မမေးခွန်းမှာ စိတ်တိုတတ်သောဒေသခံအတွက်ဆိုလျှင် ရိုက်ချင်စရာကောင်းလှလေသည်။ ဒါ တောင်တွင်းကြီးမြို့ပေပဲ။ တောမှ မဟုတ်တာ၊ အင်တာနက်သုံးလို့ ရမှာပေါ့၊ ကျွန်မအမေးကို ကျွန်မဖာသာ ပြန်လည်အားနာသွားမိရကာ တိတ်ဆိတ်စွာပင် လိုက်ခဲ့တော့သည်။

သူငယ်ချင်းအိမ်ရောက်တော့ ငါးနာရီသာသာ။  သူငယ်ချင်းက ကြိုတင်မှာကြားထားတာမို့ အိပ်စရာက အဆင်သင့်။ သည်မှာတော့ သူတို့က မွေ့ရာနှင့် မအိပ်ကြချေ။  ရန်ကုန်သူကျွန်မအတွက် သင်ဖြူးဖျာပေါ်မှာ ဂွမ်းစောင်ကလေး ခင်း၊ အဲသည်အပေါ်ကမှ အညာစောင်လေး နှစ်ထပ်လောက် ထပ်ခင်းကာ အိပ်စေသည်။ သို့သော် ဘယ်လှည့်ညာလှည့်လိုက်တိုင်း ကြမ်းနှင့်အရိုးတွေ ထိနေသလို ခံစားရသည်မို့ သက်တောင့်သက်သာ မရှိချင်ဘဲ ကိုယ်လက်တွေ နာလာရသည်။ သို့တိုင်အောင် တစ်ညလုံးကားပေါ်ငုတ်တုတ်စီးလာရသူမို့ အိပ်ချင်လွန်းကာ ခဏနေတော့ မှေးကနဲ အိပ်ပျော်သွားလေသည်။

မနက်ရှစ်နာရီလောက်မှာ သူငယ်ချင်းက “နိုးသေးဘူးလားဟေ့”ဆိုမှ ကျွန်မမျက်လုံးများကို အတင်းဖွင့်ယူရသည်။ ခဏတော့ မှေးကနဲ အိပ်ပျော်သွားခဲ့သည်ပဲ။ “လာ အောက်ဆင်းခဲ့ မနက်စာ စားရအောင်”ဆိုသည်နှင့် အိပ်ချင်သေးသော်လည်း လူးလဲထကာ အောက်ထပ်ဆင်းခဲ့ရတော့၏။ သူငယ်ချင်းကတော့ ညကားပေါ်မှာလည်း အိပ်ပျော်ခဲ့သူမို့ လန်းဆန်းလျှက်ရှိသည်။ ကျွန်မမှာသာ…မျက်လုံးများကျိန်းစပ်ဆဲ။

အောက်ထပ်ရောက်မှပဲ အိမ်ကလေးကို သေချာကြည့်မိရသည်။ တကယ်တော့ အိမ်ကလေး မဟုတ်၊ အိမ်ကြီးသာ ဖြစ်လေသည်။ အိမ်တိုင်တွေက ကျွန်းလား၊ ပျဉ်းကတိုးလား ကျွန်မသေချာမသိသော (အရင်က ရှေးဘုန်းကြီးကျောင်းတွေမှာသာ ကျွန်မတွေ့ဖူးခဲ့သော) တိုင်လုံးကြီးတွေနှင့်၊ အခန်းရယ်လို့ ဖွဲ့စည်းမထားဘဲ ခုတင်တွေချင်းပူးကပ်ကာ ခြင်ထောင်ကြိုးတန်းများနွယ်ဆက်ကာ အိပ်ကြခြင်းဖြစ် သည်။ ခြင်ထောင်များထဲမှ တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လို့၊ အိပ်မပျော်မချင်း စကားလှမ်းပြောကြလို့ရသော အနေအထားဖြစ်သည်။ အခန်းဆိုလို့ အပေါ်ထပ်မှာ ကျွန်မတို့အိပ်သောနေရာလေးဘေးမှာ ကန့်ထားသော အခန်းလေးတစ်ခန်းသာ ရှိသည်။ ထိုအခန်းကတော့ အဝတ်အစားလဲစရာ၊ အလှပြင် သနပ်ခါးလူးစရာ အမျိုးသမီးအခန်းဖြစ်သည်။  သည်တစ်ခန်းကလွဲလို့ ကျန်သည်က ဟင်းလင်းပွင့်များသာ ဖြစ်လေသည်။

မိသားစု၏ နွေးထွေးမှု၊ အဆီးအတားမရှိ တစ်စုတစ်စည်းထဲဖြစ်တည်မှုတို့နှင့် တစ်ထပ်ထဲကျသော၊ မရှိအတူ ရှိအတူဆိုတာနှင့်ညွှန်းဖွဲ့နိုင်သော အိမ်ဆိုသည့် အဓိပ္ပါယ်ကို အပြည့်အဝဖော်ပြနေသော အိမ်ပါပေ။ ရေနံချေးများ ဝနေကာ အိမ်ဝိုင်းကြီးထဲမှာ တစ်အိမ်ထဲမဟုတ်ဘဲ တစ်ခြားအိမ်ကလေးများ ကိုပါ တွေ့ရ၍ ကျွန်မက မေးမိပါသည်။

“ဟဲ့ နင်တို့ခြံဝိုင်းထဲမှာ အိမ်ကလေးတွေက လေး-ငါးလုံးတောင် ရှိတယ်နော်”

“အေးလေ အမျိုးတွေ စုနေကြတာလေ၊ အမေ့အမျိုးတွေ၊ အဖေ့အမျိုးတွေရောပေါ့”

“ဒီခြံဝိုင်းကြီးကို အစကတည်းက တစ်ဝိုင်းလုံးချည်း ဝယ်ထားတာမဟုတ်ဘူး။ အကွက်လေးတွေ ရိုက်ရိုက်ပြီး ပိုင်းရောင်းတာကို ဝယ်ထားတာ။ အဲဒါကို အမျိုးတွေ အနီးအနားမှာ အတူနေကြရအောင် တစ်ပိုင်းစီ တစ်ကွက်စီ ဝယ်ဝယ်ထားကြတာလေ”

“ဟယ် ကောင်းလိုက်တာ နော်။ နင်တို့အမျိုးတွေ တည့်ကြသလား၊ အဲလို အတူနေကြတော့”

“ဒီလိုပဲပေါ့ဟယ်၊ ဖြစ်ကာမှ ဖြစ်ရောပေါ့။ အနားမှာ မရှိအတူ ရှိအတူနေကြတာပဲပေါ့။ ငါ့အမေပဲ ပေးကမ်းနေရတာ များတယ်ပေါ့ဟာ”

တစ်ဧကနီးပါးကျယ်သော ခြံဝန်းကျယ်ကြီးကိုကြည့်ကာ ကျွန်မမှာ သဘောကျမဆုံး။ ရေချိုးတော့ လည်း ရေဘုံဘိုင်ခေါင်းကိုဖွင့်ကာ ခွက်နှင့်တဘွမ်းဘွမ်းခပ်ချိုးရသည့် အမိုးသာပါရှိသော လေး ဘက်လေးတန်အပွင့်အောက်က အုတ်ကန်အကြီးကြီးမှာ ဖြစ်သည်။ ရေချိုးပြီး လန်းလန်းဆန်းဆန်းဖြစ်မှ ပဲ ခြံကြီးထဲ သေချာလှည့်ပတ်ကြည့်ရသည်။

ခြံကြီးထဲမှာ မန်ကျည်း၊ ထနောင်းလို အပင်ကြီးတွေကပဲ မနည်းမနော။ သင်္ဘောပင်တွေလည်း တွေ့မိသည်။ ထိုနေ့က နေ့လည်စာစားကြတော့ ဟင်းတွေမှ အများကြီး၊ သင်္ဘောဖူးသုပ် ဟင်းတစ်ခွက်လည်းပါသည်။ ကျွန်မ တစ်ခါမှ မစားဖူးပါ။ သင်္ဘောအဖိုပင်က အသီးမသီးဘဲ ဖူးသည့်အဖူးကို ရေနွေးနှင့်ဖျော၍ ကြက်သွန်နီဆီချက်ကလေးထည့်၊ နှမ်းထည့်ကာ သုတ်ထားတာဟု ဆိုလေသည်။ မွှေးမွှေးစိမ့်စိမ့် ကလေးနှင့် စားကောင်းလှသည်။ နောက်ဟင်းတစ်ခွက်မှာ ချဉ်ပေါင်ကြော်ဖြစ်သည်။ ကျွန်မတို့ ရန်ကုန်ချဉ်ပေါင်ကြော်လို မဟုတ်ဘဲ ချဉ်ပေါင်လက်ကြားကို ငါးပိလေးထည့်ကာသာ သိပ်မကြေစေဘဲ အရွက်မပျက်ကြော်ထားခြင်းပင်။ ချဉ်ခါးခါးကလေး။ ရန်ကုန်က စားသောက်ဆိုင်တွေမှာသာ ဆိုင်တင်ရောင်းရင်တော့ ကန်စွန်းပလိန်းလို ချဉ်ပေါင်ပလိန်းဟု များ ခေါ်မည်လား မသိ။

ဘာကိုမှ ဟန်မဆောင်တတ်သောကျွန်မက စားရာတွင်လည်း မရှက်တတ်ဘဲ အားပါးတရစားတော့ သူတို့ သဘောကျကြသည်။ ကျွန်မပန်းကန်ထဲ ထမင်းတွေ ဟင်းတွေ ထပ်ထပ်ဖြည့်ပေးနေတာမို့ တော်ပြီ တကယ်ဝပါပြီဟု ပြောယူရတော့သည် အထိ။ သည်ကြားထဲ ခြင်ကိုက်မှာစိုးလို့ဟုဆိုကာ သူငယ်ချင်း အစ်မဖြစ်သူက ဘေးမှ တစ်ချိန်လုံး ယပ်ခတ်ပေးနေတာမို့ အလွန်ပင်အားနာစရာ။ 
ထမင်းစားအပြီး နေ့လည်ခင်းမှာ တောင်တွင်းကြီးမြို့ထဲ သွားသင့်သည့်နေရာများသို့ လိုက်ပို့ကြရာ ကျွန်မရောက်ဖူးချင်လွန်းသော ဗိဿနိုးမြို့ဟောင်းအပြင် ကျောက်ကွင်းအရေးတော်ပုံ ဆရာတော် သျှင်ဥက္ကဌကျောင်းသို့လည်း အရောက်ပို့ပေးလေသည်။ ကျွန်မမှာ မရည်ရွယ်ဘဲရောက်လာရသည်မို့ သဘောကျလိုက်သည့်ဖြစ်ခြင်း။ ပါလာသောကင်မရာကို လက်ကမချနိုင်ဘဲ အားမရနိုင်အောင် တစ်ပုံပြီးတစ်ပုံ တဖျတ်ဖျတ်ရိုက်နေခဲ့မိတော့သည်။ 

ညနေစောင်း၍ အိမ်သို့ပြန်ရောက်သော် အိမ်မှာ ဆွေမျိုးအတော်စုံနေပြီကို တွေ့ရသည်။ စကားတွေ တစ်ယောက်တစ်ပေါက် အော်ဟစ်ပြောဆိုကြနှင့် ပျော်စရာကြီးပင်။ သူတို့ပြောသမျှမှာ စိုက်ထားပျိုးထားသော စပါးအကြောင်း၊ ပြောင်းနှမ်းများအကြောင်းဖြစ်သည်။ အချိန်အခါမဟုတ်ဘဲ ရွာသောမိုးကြောင့် နှမ်းခါရတာ ဒုက္ခများပုံ၊ ချွေပြီးသားနှမ်းများ မိုးလွတ်ရာ ပြောင်းရွှေ့ရပုံ၊ ပဲဆီနှမ်းဆီများ ဈေးတက်ပုံတို့ ဖြစ်လေ၏။

ကျွန်မ မသိသောအကြောင်းအရာများမို့ ဝင်မပြောသာဘဲ ဘေးမှနားထောင်သူအဖြစ်နှင့် ရှိစဉ် သူငယ်ချင်းမက လက်ကုတ်ကာ တစ်ညစာ အဝတ်အစားနှင့် မနက်ဖြန် သူတို့အလှူမှာ ဝတ်မည့်အဝတ်အစားများယူပြီး အထုတ်ပြင်ရန် ပြောခြင်းပေ။ မနက်ဖြန်ဆိုလျှင် သူတို့အိမ်မှာ အလှူမို့ တစ်ညလုံးချက်ကြပြုတ်ကြနှင့် ဆွေမျိုးစုံခိုက် စကားတွေအော်ကြပြောကြမှာမို့ ကျွန်မ အိပ်မရမှာစိုးသောကြောင့်ပင်တည်း။ ကျွန်မမှာ ကိုယ့်အကြောင်းကိုယ်သာ သိသူမို့ မငြင်းနိုင်ဘဲ အထုတ်ပြင်ကာ သူငယ်ချင်းခေါ်ရာလိုက်ရလေ၏။ ကျွန်မတို့ သွားအိပ်ရမည့်အိမ်မှာ သူတို့အမျိုးအိမ် နောက်တစ်အိမ်ဖြစ်ပြီး သူတို့အိမ်မှ ဆယ်မိနစ်ခန့်လမ်းလျှောက်သွား ရုံနှင့် ရောက်လေသည်။

@@@@@@@@@@@@@@@

သူငယ်ချင်းအိမ်ဝိုင်းကို အလွန်ကျယ်လှပြီထင်သော ကျွန်မသည် ယခု သူတို့အမျိုးအိမ်တွေ့မှ ပိုအံ့သြရသည်။ သုံးဧကကျော်ကျော်ကျယ်ဝန်းသော ခြံဝိုင်းကြီးထဲတွင် တိုက်အိမ်ကလေးတွေက အရှေ့ဘက်၊ အနောက်ဘက်၊ တောင် မြောက်ဘက်တွေမှာ ခပ်ခြားခြား ခပ်ကျဲကျဲ ဆောက်လုပ်ဝန်းရံလို့၊ ပျဉ်ထောင်နှစ်ထပ်အိမ်ကြီး နှစ်လုံးလည်းပါသေးသည်။ အားလုံးမှာ ဆွေနီးမျိုးစပ်တွေပင်။

သူတို့က ပဲကြော်လုပ်ငန်းလုပ်ကိုင်တာမို့ ပဲကြီးရေစိမ်ပုံ၊ အခွံချွတ်ပုံ၊ ကြော်လှော်ပုံများကို ကျွန်မအား ခြံကြီးထဲပတ်ကာ လိုက်ပြလေသည်။ အခွံချွတ်တာတောင်မှ စက်ဖျစ် လက်ဖျစ်ခွဲထားသေး။ ကျွမ်းကျင်ရာလိမ်မာမို့ ဖြစ်မည်။ ရေစိမ်ထားသော ပဲကြီးစေ့များကို စားပွဲစောင်းပေါ်တင်ပြီး ဖျတ် ဖျတ်နှင့် လက်မကလေးနှင့် ဖိကာဖျစ်ကာ အခွံချွတ်သွားသည်မှာ ကြည့်လို့ပင်ကောင်းသေးတော့။

သူငယ်ချင်းက ကျွန်မလက်ကိုဆွဲကာ အမျိုးများကို တစ်အိမ်ပြီးတစ်အိမ် လိုက်လံနှုတ်ဆက်လေသည်။

ကျွန်မ မနေနိုင်တော့ဘဲ ခပ်တိုးတိုး ဖွင့်မေးမိပြန်သည်မှာ ဒီလိုအမျိုးတွေ နီးနီးနားနားစုနေကြတာ တည့်ကြသလား ဟူသော မေးခွန်းပင်ဖြစ်လေသည်။ သူမက ရယ်ကာမောကာနှင့်ပင် ဒီလိုပဲ တည့်လိုက်၊ မတည့်လိုက်ပေါ့ဟာဟု ဆိုသည်။

“အရင်က ပေ၃၀ကွက်လေးတွေ ပေ၆၀ကွက်လေးတွေ နီးစပ်ရာ စုစုပြီး တစ်ကွက်ချင်းဝယ်ထားကြတာ။ အဲ့တုန်းကမှ တစ်ကွက်ကို လေး-ငါး-ဆယ်သိန်းတောင်မရှိဘူး။ ခုတော့ နင် မှန်းကြည့်စမ်း ဘယ်လောက်မှတ်နေပြီလဲ” ဟု မေးလေသည်။

“သိန်းထောင်ချီနေမှာပေါ့” ဟူသော ကျွန်မအဖြေကို သူမက ခေါင်းငြိမ့်ရင်း “သိန်းလေးထောင်ကျော် တန်နေပြီ”ဟုဆိုသည်။

“ဒီလိုပဲ အနီးအနားမှာ အတူနေချင်ကြတာ၊ အသက်ကြီးလာတဲ့အခါ ဒီဆွေ ဒီမျိုးတွေပဲ တိုးတိုးဖော်၊ နေထိုင်မကောင်း မကျန်းမာတဲ့အခါ ဒီဆွေဒီမျိုးတွေပဲ အားကိုးရတာလေ။ အမျိုးဆိုတာကတော့ ကောင်းကောင်း မကောင်းကောင်း အချိန်တန်တော့လည်း သွေးစည်းကြတာပါပဲ”

သူမပြောသည်များကို ခေါင်းညိတ်နားထောင်ရင်း ကျွန်မစိတ်ထဲ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရမလိုလို။

“ဟင့်အင်း မနေချင်ဘူးနော် ကိုကို၊ ချို့ဆွေမျိုးတွေနဲ့ရော၊ ကိုကို့ဘက်ကဆွေမျိုးတွေနဲ့ရော။ စိတ်ရှုပ်တယ်၊ နားငြီးတယ်။ ချိုက အေးအေးဆေးဆေးပဲနေချင်တာ။ ဆွေမျိုးတွေနဲ့ ဝေးလေကောင်းလေ၊ နီးတကျက်ကျက် ဝေးတစ်သက်သက်ဆိုတာလိုပေါ့၊ ကိုကို သိတယ်နော်။ ဒါပဲ”

ကျွန်မခင်ပွန်းအား ကျွန်မပြောခဲ့ဖူးသော စကားများပါပေ။ ခုမှ စိတ်ထဲ ကျောမလုံသလို ခံစားရကာ ရှက်လာသလိုလို ဘာလိုလို။  ရန်ကုန်မှာ ပြန်အခြေချကာ အမေတို့နဲ့ နီးနီးနားနားမှာ အိမ်လေး တစ်လုံးလောက်တော့ ရှာကြည့်မှဟု ကြိတ်တွေးရသည်။ ရေကိုသား၍ အကြားမထင်လို့ ဆိုကြသည်၊  သွေးက ရေထက် ပိုပျစ်သည်ဟုလည်း ကြားဖူးသားပေ။ ဟုတ်များ နေသလား။

ကျွန်မကပဲ ဆွေမျိုးတွေအပေါ် နားမလည်သူ၊ သစ္စာဖောက်သူ၊ အပြစ်ရှိနေသူပမာ ခံစားလာရကာ ကျွန်မကိုယ်ကျွန်မ ဘယ်လိုမှ သဘောမကျနိုင်တော့၊ ရှက်လိုက်တာ။  သူမကတော့ နယ်သူနယ်သားပီပီ ဒီမြို့အပေါ် သံယောဇဉ်ကြီးသလို မိသားစုအားလုံး ဆွေမျိုးများအားလုံးအပေါ်လည်း သံယောဇဉ်ကြီးလှသည်။ အို သူတို့အမျိုးတွေက ကောင်းကြလို့ နေမှာပေါ့။ နေပါဦး ကျွန်မကရော ကျွန်မဆွေမျိုးတွေအပေါ် ကောင်းဖူးလို့လား။ တတ်နိုင်သမျှတော့ ကောင်းခဲ့ဖူးသည် ထင်တာပါပဲ။ ကျွန်မဆွေမျိုးတွေကရော ကျွန်မအပေါ် ကောင်းကြလို့လား။ ဘယ်တုန်းကများ…ကောင်းဖူးလို့လဲ၊  ဘာများ လုပ်ပေးခဲ့ဖူးလို့လဲ၊ ကျွန်မစိတ်ထဲ မှတ်မှတ်ထင်ထင် ရှိမနေပါ။

“ဒီလိုပါပဲဟာ သူတို့ ကောင်းကောင်းဆိုးဆိုး ငါ့အမေက အကြီးဆိုတော့ အစ်မကြီး အမိအရာဆိုတာလို သူ့မောင်နှမတွေကို စောင့်ရှောက်ထားတဲ့ သဘောပေါ့”

ဘုရားရေ၊ သူမက ကျွန်မအတွေးတွေကို သိများနေသလား။ ကျွန်မလည်း အမိနေရာမှာ ရှိရမည်ဖြစ်သော အစ်မအကြီးဆုံး မဟုတ်လား။

“တခါတလေတော့ ငါလည်း ငါ့ဦးလေးတွေ အဒေါ်တွေကို စိတ်ထဲ ငြိုငြင်မိတာပေါ့။ ငါ့အမေ အိုပဲနေပြီ သူတို့က ခုထိ လာလက်ဖြန့်တုန်းဆိုပြီးတော့လေ၊ နောက်တော့လည်း ဘဝမှာ လက်ဖမိုးနဲ့ ပေးနိုင်တဲ့သူဖြစ်ရတာဟာ လက်ဖဝါးဖြန့်ပြီးတောင်းတဲ့သူဖြစ်ရတာထက် ပိုကောင်းတယ်လို့ လက်ခံမိတော့ လက်ရှိကို ကျေနပ်တတ်သွားတာပါပဲဟာ”

အင်း ဟုတ်တာပေါ့၊ ကျွန်မ သူ့ကို စိတ်ထဲမှ ထောက်ခံမိသည်။ အမေ့ဆီ ခဏခဏ မုန့်ဘိုးလာလာတောင်းသော အမေ့မောင် ကျွန်မဦးလေး အငယ်ကောင်လူပျိုကြီးကို ကျွန်မ စိတ်ချဉ်ပေါက်ကာ ရန်လုပ်ဖူးသည်။ အမေစိတ်ဆိုးကာရိုက်သောကြောင့် ကျွန်မ ခြေသလုံးမှ အရှိုးများကို အဖွားက ဆနွင်းသိပ်ပေးခဲ့ရသည်ပဲ။ ခုတော့ ကျွန်မကိုယ်တိုင် လူကြီးဖြစ်ပြီ၊ အစ်မအကြီးမို့ အမိနေရာ ရောက်နေလေပြီ။ အမေ၏ မောင်ငယ်ကို စောင့်ရှောက်ချင်သော အစ်မကြီး၏မေတ္တာကို ကျွန်မ နားလည်သင့်သလောက် နားလည်ခဲ့ရပြီ ဖြစ်သည်။

သို့သော် ကျွန်မမှာ ငယ်စဉ်ကတည်းက ဖာသိဖာသာနေတတ်သူမို့ထင့်၊ မိသားစုမောင်နှမများ၊ အမေအဖေဘက်က ဆွေမျိုးအရင်းများနှင့် သိပ်မရင်းဘဲ တစ်ကိုယ်ကောင်းဆန်ချင်သူ ဟု ပြောလျှင် ပြော၍ရမည်ပေ။  ဘုရား ဘုရား။ ကျွန်မသေလျှင်တောင် ကျွန်မအသုဘမှာ လိုက်ပို့ မည့်ဆွေမျိုး ရှိပါ့မလားဟု တွေးမိတော့ မျက်နှာတွေ ဖြန်းကနဲ ပူလာရလေတော့သည်။

အို နေပေါ့၊ သေတဲ့သူက သေပြီပဲ။ မပို့လည်း နေကြပေါ့။ ခေါင်းမာသော အခံစိတ်ကို မပြင်ချင်သေးသော ကျွန်မစိတ်က အထွန့်တက်မိပြန်သည်။ ဟင့်အင်း၊ အဲဒီမိန်းမသေတုန်းက လိုက်ပို့မဲ့ဆွေမျိုးတောင် မရှိဘူး၊ ကျီးနဲ့ဖုတ်ဖုတ်ပဲ၊ ရပ်ကွက်ကောင်းလို့သာပေါ့ဟုများ တင်းဆိုခံရမည်လား။ ကျွန်မ ဘုရားသာ တ မိပြန်လေသည်။

@@@@@@@@@@@@@@@

“ကိုရေ ချိုတို့ အမေတို့အိမ်နားမှာ အိမ်လေးရှာကြရအောင်ကွာ နော်၊ အမေက ပြောတယ်။ တစ်ခြံကျော်က သူတို့မြေကွက်ကလေး ဖဲ့ရောင်းချင်လို့ တဲ့။ ပေ ၂၀ ပေ ၆၀လေးတဲ့ မဆိုးဘူး ပြောတယ်။ ဈေးလည်း မဆိုးဘူး သိန်း ၁၂၀၀ တဲ့”

“မျိုးတို့ကလေ သူတို့နယ်မှာ ခြံဝိုင်းကြီးတွေမှ အကျယ်ကြီးနဲ့ နေတာရယ်၊ ပြီးတော့ ဆွေမျိုးတွေ ဟိုဘက်ဒီဘက်အကုန်လုံး စုစုဝေးဝေးနဲ့ နေကြတာ၊ ပျော်စရာကြီးပဲ။ ချိုတို့လည်း တစ်နေ့ မြန်မာပြည်ပြန်လို့ အသက်လေးဘာလေးရလာတဲ့အခါ  ဆွေမျိုးတွေနဲ့ အဲသလို သိုက်သိုက် ဝန်းဝန်းလေး နေကြရင် ကောင်းမလားလို့”

စင်ကာပူပြန်ရောက်တော့  ခင်ပွန်းသည်ကို ခရီးရောက်မဆိုက် ပြောမိသည်။

“ဘာ ချိုရယ်၊ သိန်း ၁၂၀၀ကို ဈေးမဆိုးဘူး၊ ပြီးတော့ ပေ ၂၀ ပေ ၆၀ ဟုတ်လား”

“အင်းလေ”

“ဘယ်မှာတုန်း ငွေက၊ မင်းပြောတဲ့ သိန်း ၁၂၀၀က”

“ကိုနဲ့ချို စုထားတာလေးတွေ ထုတ်လိုက်ရင်ရော”

ကို့လည်ပင်းကို သိုင်းဖက်ရင်း ကို့မျက်နှာကို တည့်တည့်ကြည့်ကာ ပြောလိုက်သည်။

“အေး အဲဒါတွေ အားလုံးထုတ်လိုက်ရင်တောင် စင်ကာပူဒေါ်လာ တစ်သိန်းဆို မြန်မာငွေ သိန်း ၇၀၀ ကျော် ရှိတာ။ ကျန်တာလေးတွေနည်းနည်းပါးပါး ဟိုစု ဒီစုလုပ်ရင်တောင် သိန်းတစ်ထောင်စွန်းစွန်းရှိတာ”

“အင်း ဟုတ်တာပဲနော်”

“ပြီးတော့ အိမ်ချည်းပဲ မဟုတ်သေးဘူး၊ ကိုတို့ ရင်းနှီးဖို့ အလုပ်လုပ်ဖို့ ငွေရင်းလိုသေးတယ်၊ မှန်းသလိုဖြစ်မလာရင် ငွေမလည်သေးတဲ့ ပထမနှစ်တွေမှာ တောင့်ခံနိုင်ဖို့ ထိုင်စားဖို့ လိုသေးတယ်”

အင်း ကိုပြောတော့လည်း ဟုတ်တာပဲ။

“အားမငယ်ပါနဲ့ကွာ၊ ခု ကို သတင်းတွေဖတ်နေတာ၊ တန်ဖိုးနည်းအိမ်ရာတဲ့၊ သိန်း သုံး-လေးရာနဲ့ တိုက်ခန်းတစ်ခန်းဝယ်နိုင်မယ်တဲ့”

“ဟင် တိုက်ခန်း...တန်ဘိုးနည်းအိမ်ရာ…။  နေချင်ပါဘူး အဲ့မှာ”

“အံမာ ဒေါ်ရွှေချို နေချင်ပါဘူး မလုပ်နဲ့။ ဒီလိုပဲ ခဏနေပြီး ကျန်တာနဲ့ သိန်းတစ်ရာတန်လောက် ကားလေးတစ်စီးဝယ်၊ ကျန်တာကို အရင်းအနှီးလုပ်၊ တဖြည်းဖြည်းငွေပွားလာတော့မှ မင်းနေချင်တဲ့ တန်ဘိုးကြီး အိမ်ရာမျိုးကို ဝယ်ပြီး ပြောင်း ဟုတ်ပြီလား”

ကို့မျက်နှာက ပြုံးစစနဲ့မို့ ချိုလည်း စိတ်မတိုအား။ ဟိုအရင်က ကျွန်မတို့ ဝယ်ထားသော ရန်ကုန်က အိမ်နှင့်မြေကွက်ကို ဟိုတုန်းကဈေးနဲ့ ပြန်ရောင်းခဲ့ရတာ မှတ်မိသည်။ အဲသည်တုန်းကတော့ စင်ကာပူမှာ အိမ်ငှားဘဝနဲ့ မနေချင်တော့တာမို့ အိမ်အပိုင်ဝယ်ပြီး ငွေလက်ငင်းပေးချေရသော ပမာဏပြည့်အောင် ပိုင်ဆိုင်သမျှလေးတွေ ရောင်းလိုက်ရတာဖြစ်သည်။ ထိုစဉ်က တန်ဘိုးစုစုပေါင်းမှာ ကျပ်သိန်း၅၀၀ ကျော်သာ တန်ကြေးရှိခဲ့ကာ ၂၀၀၈ခုနှစ်ဝန်းကျင်ဟု  မှတ်မိနေသည်။ ခုတော့ ထိုအိမ်နှင့်မြေတန်ဘိုးက သိန်း သုံး-လေးထောင်ကျော်တန်နေပြီဟုသိရတော့  ရင်ထုမနာဖြစ် လိုက်ရသေးသည်။

စင်ကာပူကအိမ် ပြန်ရောင်းရင်လည်း ဒေါ်လာ နှစ်သိန်းလောက်တော့ မြတ်မှာပါဟု စိတ်ကိုဖော့တွေး မိသည်။ သို့သော် ဒေါ်လာ နှစ်သိန်းသည်ပင် မြန်မာငွေ ကျပ်သိန်းထောင့်ငါးရာမျှသာ။ ကျွန်မတို့ ရောင်းလိုက်ရ တာတွေက ခုဆို နှစ်ဆမက တန်နေပြီး ပြန်ရမည့်ငွေက ကျွန်မလိုချင် နေချင်သော အနေအထားနှင့် မမီမကမ်းဖြစ်လို့နေသေးသည်။ 

ဘာကြောင့်များ သည်လောက်တောင် အိမ်ဈေး မြေဈေးတွေ ထိုးတက်သွားတာပါလိမ့်။ ငါးနှစ်-ခြောက်နှစ် အတွင်းမှာကိုပဲ ဈေးတွေက အဆမတန်။ တစ်နေ့ထက် တစ်နေ့ အတက်ချည်းသာ နေသည်။ ကျွန်မတို့လို နိုင်ငံရပ်ခြားမှာ ဆယ်နှစ်ကျော်အလုပ်လုပ်ကိုင် စုဆောင်းပြီး ပြည်တော်ပြန် မည့် နိုင်ငံခြားပြန်တွေတောင် မြို့တွင်းမှာ မဝယ်နိုင်၊  မြေကွက်ကျယ်ကျယ်မှာ အိမ်ကလေးတစ်လုံးနှင့်နေဖို့ရာ မတတ်နိုင်။ သာမန် လက်လုပ်လက်စားတွေ၊ အလယ်အလတ်တန်းစားတွေ၊ အိမ်ပိုင် မရှိသေးသူတွေ၊ ဘဝနှစ်ခုကို အတူတကွ အိမ်ရာထူထောင်တော့မည့် ချစ်သူတွေ။ ဘယ်လိုများ အိမ်တစ်လုံး ပိုင်ဆိုင်နိုင်မှာပါလိမ့်။ တွေးကြည့်မိတာနှင့်ပင် စိတ်မော၍လာသည်။

“ဘာမှ မပူနဲ့ မိန်းမ၊ ကို အခု ထီတိုက်လိုက်ဦးမယ်”

ပြောပြောဆိုဆို တီဗီကိုဖွင့်ကာ တယ်လီတက်ခ်နှင့် ထီတိုက်ဖို့ ပြင်နေသော ကို့ကို  မျက်စောင်း လှမ်းချိတ်လိုက်မိသည်။ မပေါက်နိုင်တဲ့ စင်ကာပူထီကိုများ သူမို့ စိတ်ရှည်လက်ရှည် အပတ်တိုင်း ထိုးနိုင် တိုက်နိုင် လွန်းသည်။

“ဟာ တိုက်တယ်ဟေ့။ နေ့စွဲ  နေ့စွဲ ထီလက်မှတ်ပေါ်က နေ့စွဲ ဟားဟား”

ပြောလည်း ပြော၊ ရယ်လည်း ရယ်ကာ ထီလက်မှတ်ကို လုံးချေလိုက်ပြီး အနားရှိ အမှိုက်ထုတ်ထဲ လှမ်းထည့်လိုက်သော ကို့ကိုကြည့်ရင်း ပြုံးမိရသည်။ ကိုကတော့ ရယ်နိုင် နောက်နိုင်နေသေးသည်။ 

ကျွန်မမှာသာ….။  
ခြံကျယ်ကြီးတစ်ခြံထဲ ပြတင်းပေါက်များများပါသော  အိမ်ကလေးပိစိဆောက်ကာ အိမ်ရှေ့မြေ ကျယ်ကျယ်မှာ စိုက်ထားသည့် ပန်းခင်းများအကြား၊ လိပ်ပြာရောင်စုံကလေးများ အကြား ပြုံးပျော်ပြေးလွှားနေသည့် ကျွန်မကို အဖန်ဖန်အလဲလဲ မြင်မက်နေကျ အိပ်မက်ဟောင်းကြီးထဲတွင် သည်ညလည်းပဲ မြင်မက်ရလိမ့်ဦးမည်ပင်။



ကိုယ်ချင်းစာနာတတ်ကြပါစေ

$
0
0
ကျွန်မတို့ဗုဒ္ဓဘာသာဝင်များဟာ ကမောက်ကမလုပ်တဲ့နေရာမှာ အတော်လေး ထူးချွန်ပါတယ်။ ပြောတော့ ဘုရားကိုးကွယ်လိုက်တာ သူတို့အပြင်မရှိဘူး။ လုပ်တော့သာ တလွဲ။

ဆောင်းတွင်းကြီး ချမ်းချမ်းစီးစီးမနက်မှာ ကိုယ်တိုင်ကတော့ အနွေးထည်ကြီး ဝတ်လို့၊ မာဖလာကြီး ပတ်လို့၊ ဂြိုလ်ပြေနံပြေ အေးရာအေးကြောင်းဖြစ်ပါစေတော့ဆိုပြီး ဂြိုလ်တိုင်တွေမှာရှိတဲ့ ဘုရားဆင်းတုတော်တွေ ကို ခေါင်းပေါ်ကနေ ရေတွေ တစ်ခွက်ပြီး တစ်ခွက်လောင်းချလို့။ ရေသပ္ပါယ်သတဲ့။ လုပ်ပုံကလေ…။ ငါတော့ဖြင့် နွေးနွေးထွေးထွေးနေမယ်၊ ဘုရားတော့ အအေးပတ်ချင်ပတ်ပါစေ ဆိုတာမျိုး….။

ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တွေ သိသင့်တာက မြတ်စွာဘုရားကို သက်တော်ထင်ရှားမြတ်စွာဘုရားလို့ စိတ်ထဲက မှတ်ယူပူဇော်ရမယ်ဆိုတဲ့ အချက်ပါ။ တစ်ခုမေးချင်တယ်။ ကျွန်မတို့ ရှိခိုးနေကြတာဟာ မြတ်စွာဘုရားရုပ်တုကြီးသက်သက်ကိုပဲ ရှိခိုးနေကြတာလား။ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေကို စိတ်ညွှတ်လို့ တကယ့်သက်တော်ထင်ရှားမြတ်ဘုရားရယ်လို့ စိတ်မှာမှတ်ပြီး ပူဇော်ကန်တော့နေကြတာလား။ ကွယ်လွန်သွားခဲ့ပြီးသော မိဘများဓါတ်ပုံကို ကျွန်မတို့ ရှိခိုးကြသလိုပါပဲ။ ဓါတ်ပုံမှန်ဘောင်ကြီးကို ရှိခိုးနေတာ မဟုတ်ဘဲ မိဘတွေရဲ့ကျေးဇူးကို ရည်မှတ်လို့ သက်ရှိထင်ရှားမိဘများသဖွယ် စိတ်က ရည်မှန်းပြီး ရှိခိုးကြတယ် မဟုတ်လားရှင့်။ အဲသလိုပါပဲ။

နောက်တစ်ခုက သစ်သီးဆွမ်းကပ်တဲ့အခါမှာပါ။ သစ်သီးတွေကို မခွဲမစိပ်ဘဲ အလုံးလိုက် မကပ်သင့်ပါဘူး။ သစ်သီးဆွမ်းကပ်လှူခြင်းဆိုတဲ့ ကုသိုလ်တော့ ဖြစ်ပါတယ်။ ဒါပေမဲ့ အဂါရဝလည်းဖြစ်ပါတယ်။ စဉ်းစားကြည့်လေ ကိုယ့်မိဘတွေကိုရော သစ်သီးတစ်လုံး လက်ထဲထည့်ပေးပြီး ရော့ စား ရယ်လို့ ကျွေးခဲ့ဖူးသလား။ သေချာ အခွံနွှာ ခွဲစိပ်၊ ပြီးမှ ပန်းကန်ထဲထည့်၊ ခရင်းလေးဘာလေး တပ်ပြီး ရိုရိုသေသေကျွေးခဲ့ကြတာ မဟုတ်လား။

အဲဒါနဲ့ပတ်သက်လို့ တစ်ခါက ကျွန်မအိမ်မှာ နေသွားတဲ့ သမီးတစ်ယောက်အကြောင်းပြောဦးမယ်။ သူကလေးက ဘုရားကို ပက်ပ်စီ ကပ်ပါတယ်။ ဖန်ခွက်ထဲကို ရေခဲထည့် ပက်ပ်စီထည့်ပြီးတဲ့အခါ ဖန်ခွက်မှာ ပိုက်ကလေးတစ်ချောင်း တပ်လိုက်ပါတယ်။ သူသောက်တဲ့အခါဆိုလည်း ပိုက်ကလေးနဲ့ သောက်တတ်တာ ကိုးရှင့်။ ကျွန်မဖြင့် သူလုပ်ပုံကိုကြည့်ရင်း သဘောတွေ ကျမိတယ်။ အဲဒါ ကျွန်မပြောချင်တဲ့ ကိုယ်ချင်းစာတရားပါပဲ။

နောက်တစ်ခုကတော့ ဘုရားကို သစ်သီးဆွမ်းတော်ကပ်တဲ့အခါ စိမ်းပေ့ဆိုတာတွေ ရွေးကပ်လေ့ရှိကြ တာပါပဲ။ ငှက်ပျောသီးတစ်ဖီးကပ်တယ်ဆိုပါတော့။ သီးမွှေးအစိမ်းတစ်ဖီးကို မြတ်စွာဘုရားရှေ့သွားပြီး တပည့်တော် သစ်သီးဆွမ်းကပ်ပါတယ်ဘုရား ဘာညာပေါ့၊ ဆုတွေဘာတွေ တရှည်တလျားတောင်းလို့။ နောက် ငှက်ပျောသီးမှည့်တော့မှ အသာလေးစွန့်ပြီး စားမယ်။ 

ဘာနဲ့တူသလဲဆိုတော့ကာ မြတ်စွာဘုရား ဒီငှက်ပျောသီးကိုတော့ ဘုရားရှေ့ ခဏလောက်အုပ်ထားပါရစေ၊ မှည့်တော့မှ တပည့်တော် စွန့်စားပါ့မယ်ဘုရားဆိုတာနဲ့ သွားတူမနေဘူးလား၊ လုပ်ပုံက  အဲသလို။

သောက်တော်ရေ ကပ်တဲ့အခါမှာလည်း ဒီလိုပါပဲ။ ရေကို ခွက်နဲ့အပြည့်အလျှံကပ်တာမျိုးကို ရှောင်ရပါမယ်။ ကျွန်မတို့ ရေသောက်ချင်တဲ့အခါ ရေခွက်ထဲမှာ ရေအပြည့်ထည့်ထားရင် လက်လှမ်းလိုက်တာနဲ့ ရေတွေ ဖိတ်စင်ကျတတ်ရဲ့ မဟုတ်လား။ အဲသလိုပါပဲ မြတ်စွာဘုရားကို ရေတော်ကပ်တဲ့အခါမှာ ရေကို ဖန်ခွက်နှုတ်ခမ်းမရောက်ခင် လက်တစ်လုံးအလိုလောက် မှန်းထည့်ပြီး ကပ်ရပါမယ်။

ဆွမ်းတော်ကပ်တာကိုတော့ ပြောရရင် အတတ်နိုင်ဆုံး သက်ရှိထင်ရှားဘုရားကို အိမ်ပင့်ဆွမ်းကပ် သလို ဖြစ်အောင် ကပ်နိုင်ရင် အကောင်းဆုံးပါပဲ။ ဆွမ်းထမင်းဖြူပေါ် ထန်းလျက်ခဲလေး၊ ပေါက်ပေါက် ဆုပ်လေးဖြူးကပ်တာက ကုသိုလ်တော့ရပါရဲ့။ ဒါပေမဲ့ ကိုယ်တိုင်တောင်မှ နေ့တိုင်း ကြက်ဥပြုတ်နဲ့ချည်း စားနိုင်ကြလို့လား။ ကျွန်မကြားဖူးတာ တစ်ခုရှိတယ်။ မြို့တစ်မြို့မှာ အမျိုးသမီးကြီးတစ်ယောက်ဟာ ဘုရားဆွမ်းကပ်တဲ့အခါ ထမင်းဝိုင်းပြင်ပြီး ပန်းကန်ခွက်ယောက်တွေကအစ လူတစ်ယောက် စားသလိုပြင်ဆင်ပြီး ကပ်လေ့ရှိသတဲ့။ လက်ဆေးရေတို့ လက်သုတ်ပုဝါတို့ကအစ သေချာပြင်ဆင်ပြီး ကပ်တာ။ အားလုံးပြင်ဆင်ပြီးလို့ ဘုရားကို ပင့်ပြီး ဆွမ်းကပ်တဲ့အခါ ဘေးကနေ ယပ်လေးခပ်ပေးလို့ တဲ့ရှင်။  ကျွန်မဖြင့် ကြားရတာနဲ့တင် ကြက်သီးထလောက်အောင် ပီတိဖြစ်မိပါရဲ့။

ကျွန်မ နားလည်ပါတယ်။ ကျွန်မတို့တွေအားလုံး စားဝတ်နေအတွက် ရုန်းကန်ရှာဖွေနေကြရတာမို့ အဲဒီလို သေချာပြင်ဆင်ပြီး ဆွမ်းကပ်ချင်မှ ကပ်နိုင်မှာပါ။ ဒါပေမဲ့ အလုပ်ပိတ်ရက်တွေမှာ တခါလောက် အဲဒီလို ကပ်ကြည့်စေချင်ပါတယ်။ သီလရှင်လူထွက်ပြီးကာစ အလုပ်မဝင်သေးခင်အချိန်တွေမှာ ကျွန်မ အဲသလို ဆွမ်းကပ်ဖူးပါတယ်။  ရလာတဲ့ ပီတိက ဘာနဲ့မှ မတူပါဘူး။ ကြက်သီးတဖြန်းဖြန်းထအောင်ကို ခံစားရတာပါ။

အမွှေးတိုင်ပူဇော်သူများလည်း အတူတူပါပဲ။ ဖြစ်နိုင်ရင် အမွှေးရနံ့လေးရရုံလောက် ပူဇော်တာပဲ ကောင်းပါ တယ်။ ဘုရားချောင်းဆိုးရင်ကြပ်ဖြစ်လောက်အောင်တော့ မကောင်းပေဘူးပေါ့။

အချုပ်ပြောရရင် မြတ်စွာဘုရားကို သက်တော်ထင်ရှားဘုရားလို့ စိတ်ဝယ်မှတ်ပြီး ဘာလှူလှူ ဘာကပ်ကပ် ကိုယ်နဲ့ ကိုယ်ချင်းစာပြီး တွေးဆပူဇော်နိုင်ကြဖို့ပါပဲ။ ကိုယ်ချင်းစာတရားဆိုတာက လူလူချင်းဖြစ်စေ၊ သတ္တဝါတွေအပေါ်မှာ ဖြစ်စေ၊ သစ်ပင်ပန်းမာန်တွေအပေါ်မှာပဲ ဖြစ်စေ ထားနိုင်အောင်၊ ထားတတ်အောင် ကြိုးစားတာ အကောင်းဆုံးပါပဲ။ ဒီလိုပြုမူကျင့်ကြံနိုင်ဖို့ အလေ့အကျင့်လေးလုပ်ပေးကြည့်ပါ။ ကိုယ်တိုင် စိတ်နှလုံးနုညံ့သူ ဖြစ်လာပါလိမ့်မယ်။

မြင်နေတွေ့နေရတာတွေက အချိုးမကျလွန်းလို့ ပြောမိပါတယ်။ စေတနာအလျှောက် ကပ်လှူတာဖြစ်ပေမဲ့ တကယ်ရသင့်တဲ့ တင်းပြည့်ကျပ်ပြည့်ကုသိုလ်လေးရစေချင်လို့ပါ။ တစ်ကျပ်တန်လက်မှတ်ဝယ်ထားပြီးမှ ငါးမူးခရီးလောက်အရောက်မှာ လမ်းဆင်းလျှောက်ရမှာမျိုးကဖြင့် မတန်ဘူး မဟုတ်လားရှင်။

ကိုင်း တရားပွဲလည်း ပြီးပြီ။ အိမ်ပြန်ကြပါစို့။ သာဓု  သာဓု  သာဓု…..:)


မှတ်ချက်။   ။ စာထဲမှတစ်ချို့ကို ဆရာတော်ဥူးဥက္ကဌ (မြစိမ်းတောင်တောရ) ၏ ဟောတရားများ နာယူခဲ့စဉ်က မှတ်သားခဲ့သည်များကို ပြန်လည်ဝေမျှခြင်းပါ။



ထွေရာလေးပါး-၇

$
0
0
ထွေရာ-၁)  လှေနံနှစ်ဘက်နင်းခြင်း

အဲဒီစကားလုံးဟာ လူတိုင်းကြားဖူးနေကျဖြစ်မယ်လို့ ကျွန်မ ထင်ပါတယ်။ ကြားမိတိုင်းလည်း လှေ နံနှစ်ဘက်နင်းတယ်ဆိုတာ နှစ်ဘက်ခွရပ်တည်နေသူ၊ မပြတ်သားသူ၊ ဆုံးဖြတ်ချက်မရဲသူဆိုပြီး ဗီလိန်အဖြစ် ဆိုးတဲ့ဘက်ကနေ ပုံဖော်တတ်ကြတာများတယ်။ တကယ်ဆို သူ့မူရင်းအဓိပ္ပါယ်က မျှခြေရှာသူ၊ ရပ်တည်ဖို့ ကြိုးစားသူ၊ နှစ်ဘက်မျှတွေးတတ်သူလို့ နောက်တစ်နည်း အနက်ဖွင့် ရမှာပါ။ မြစ်ကူးချောင်းဖျားနဲ့ ရင်းနှီးသူများဆို ကျွန်မပြောချင်တာကို ကောင်းကောင်းကြီးမြင်သာပါလိမ့် မယ်။ လှေပေါ် တက်တဲ့အခါ လှေနံတစ်ဘက်ထဲ နင်းလို့မှ မဖြစ်တာဘဲကိုး၊ ဘေးဘယ်ညာ လှေဝမ်း ဘိုက်နှစ်ဘက်ကို ခြေထောက်ကားရားခွပြီး ကန်ထားရတယ်။ ဒါမှ မလူးဘဲ လှေငြိမ်နိုင်ပေမယ်။

ဒီတော့ အနက်က နှစ်ခုကွဲထွက်သွားတယ်။ လူမှုဆက်ဆံရေးတွေမှာ နှစ်ဦးနှစ်ဘက်အပေါ်၊ အခြေအနေအရပ်ရပ်အပေါ် မျှမျှတတနားလည်ပေးနိုင်တဲ့သူ၊ ရည်းစားနှစ်ယောက်အပေါ် မျှမျှတတ ချစ်နိုင်သူ (တစ်ယောက်ကို သုံးဆယ်သား အချိုချကျွေးရင် နောက်တစ်ယောက်ကိုလည်း သုံးဆယ်သား အချိုချကျွေးတတ်သူများကို ဆိုလိုပါတယ်) ဒီလိုဖြစ်သွားတယ်။

ဆိုတော့ကာ လှေနံနှစ်ဘက်နင်းတာ ကောင်းသလား ဆိုးသလားမေးလာရင် အခြေအနေပေါ်မူတည်ပြီး ကြည့်ဆုံးဖြတ်လို့သာ ပြောရတော့မှာပါပဲ။

ထွေရာ-၂) ပီလေးလုံးနဲ့ အက်ဖ်လေးလုံး

အပေါင်းအသင်း သိပ်မင်တာပဲ၊ အစားထက်တောင် မက်သေးတယ်လို့ တစ်ချို့လူတွေကို ပြောတတ်ကြ တယ်။  အင်္ဂလိပ်စကားလုံး နှစ်ခု ရှိပါတယ်။ ပီလေးလုံးနဲ့ အက်ဖ်လေးလုံးပါ။

ပီလေးလုံးက Productivity, Pay, Performance နဲ့ Profit ဖြစ်ပြီး အက်ဖ်လေးလုံးကတော့ Families, Friends,  Festivals နဲ့ Fun တို့ပဲ ဖြစ်ပါတယ်။ ပီလေးလုံးက မြန်မာလို ထုတ်လုပ်နိုင်စွမ်း၊ လစာ၊ အလုပ် လုပ်ရည်ကိုင်ရည်နဲ့ အမြတ်အစွန်း၊ အက်ဖ်လေးလုံးကတော့ မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ ပွဲလမ်းသဘင်နဲ့ အပျော်အပါးတို့ပါပဲ။

ဒါကို သူ့ကိုယ်သူ ကိုရင်တာလို့ ရေးတတ်ပြောတတ်တဲ့ ဆရာကိုတာက “ပီလေးလုံးကို လူတွေ ကြည့်ကြမြဲဖြစ်သော်လည်း အက်ဖ်လေးလုံးဟာဖြင့် ပိုပြီး လူနှင့် မတူဘူးလား”လို့ ဆိုထားပါတယ်။ ဟုတ်တယ်၊ ကျွန်မလည်း အက်ဖ်လေးလုံးကမှ လူသားပိုဆန်တယ်လို့ လက်ခံမိပါတယ်။

“လူတွေဟာ တိုးတက်ကြီးပွားလွန်းချင်စိတ်တွေကြောင့် ပီလေးလုံးနောက် အလိုက်လွန်ပြီး အက်ဖ်လေးလုံးအတွက် အချိန်ပေးဖို့ မေ့ထားတတ်ကြတယ်။ ဒါမှ မဟုတ် အက်ဖ်လေးလုံးအတွက် ခပ်ပေါ့ပေါ့ပဲ တွေးတတ်ကြတယ်။ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေ မရှိဘူး၊ မကြည့်ဘူး၊ အလုပ်မှ အလုပ်၊ အလုပ်ကိုပဲ ကြည့်ရမယ်ဆိုပြီး ပြင်းပြင်းထန်ထန်ပြောဆိုသူများကို ကျွန်တော့်အနေနှင့်တော့ မိတ်ဆွေ မလုပ်လိုပါ” လို့ ဆရာကိုတာက ပြောပါတယ်။ 

ကျွန်မကတော့ ပီလေးလုံးနဲ့ အက်ဖ်လေးလုံးအကြား မျှမျှတတလေးဖြစ်ဖို့သာ လိုလားသူပါ။ အထက်က ကျွန်မပြောခဲ့တဲ့ဥပမာနဲ့ပြောရရင် လှေနံနှစ်ဘက်နင်းလိုသူကြီးကျွန်မသာဖြစ်တယ်လို့ ပြောရပေမပေါ့ရှင်။

စကားမစပ် ကျွန်မ ဆရာကိုတာကို သိပ်ချစ်တာပဲ၊ အပြင်မှာတော့ မသိပါဘူး၊ ပုံတွေထဲမှာတော့ ဆရာဟာ ပြုံးပြုံးကြီးပါ၊ သူ့ကို ပါဂျဲရိုး (ဟိုးအရင်ခေတ်ကတည်းကစီးတဲ့ ပါဂျဲရိုး) စီးတဲ့ စာရေးဆရာလို့ တချို့က ငေါ့သော်လည်းပဲ သူကတော့ သူ့ပုံစံအတိုင်း ပြုံးပြုံးကြီးသာ တုန့်ပြန်ပါတယ်။

ထွေရာ-၃) အချစ်ဆိုတာ

မရိုးနိုင်တဲ့အကြောင်းအရာတစ်ခုဟာ အချစ်ပဲပေါ့။ 

လူတွေဟာ အချစ်ကို သန်ရာသန်ရာဖွင့်ဆိုတတ်ကြပြန်တယ်။ အချစ်ဆိုတာ ပေးဆပ်ခြင်းတဲ့၊ အချစ်ဆိုတာ ရယူလိုခြင်းတဲ့၊ အချစ်ဆိုတာ သူသာပျော်မယ်ဆို ကိုယ်လည်းပဲ ပျော်နေနိုင်တဲ့အရာတဲ့ (ဒါကိုတော့ ကျွန်မက တယ်သဘောမတွေ့လှဘူး)။ဟင့်အင်း၊ ကျွန်မအမြင်မတော့ ဒါဟာ အချစ် မဟုတ်တော့ဘူး၊ မေတ္တာဖြစ်သွားပြီ။ အချစ်ထက်ပိုလွန်သောလို့သာ သတ်မှတ်လိုက်ချင်တယ်။

စာရေးဆရာဆိုတဲ့သူတွေ၊ ကဗျာဆရာဆိုတဲ့သူတွေ အဆိုးဆုံးပေါ့။ အချစ်ဆိုတာကို ကလောင်လေးတစ်လက်နဲ့ သွက်သွက်လက်လက်ကြီး ရေးပြောဖွင့်ဆိုတတ်ကြတာ သူတို့ပဲပေါ့။ ဒါကလည်း ကျွန်မပြောခဲ့သလို တစ်ဦးတစ်ယောက်ချင်းစီနဲ့သာ ဆိုင်ပါတယ်။ အပေးမှာ ယုံကြည်သူက အချစ်အတွက် ဘာမဆို ပုံပေးချင်သူ ဖြစ်နေဦးမှာပဲ၊ သူ့အတွက်တော့ အချစ်ဆိုသည်မှာ ပေးဆပ်ခြင်းပေ တကားလို့ ယုံကြည်နေဦးမှာ ဖြစ်သလို၊ အယူအပေါ်မှာ အားသန်သူကလည်း အချစ်ဆိုတာ ရယူ ပိုင်ဆိုင်ခြင်းဖြစ်တော့သကိုးလို့ ပြောနေဦးမှာ၊ အချစ်အတွက် စစ်ပဲဖြစ်ရဖြစ်ရလို့  လက်သီးလက်မောင်း တန်းချင်တန်းနေဦးမှာ။

ချက်ကော့ဗ်ကို ဘဝဆိုတာ ဘာပါလိမ့်လို့မေးတဲ့အခါ သူက "မုန်လာဥဆိုတာ ဘာလဲလို့ မေးသလိုဖြစ် မနေဘူးလားဗျာ၊  မုန်လာဥဟာ မုန်လာဥပဲပေါ့ဗျ"လို့ ပြန်ဖြေသတဲ့။ 

ဒီတော့ အချစ်ဆိုတာ ဘာလဲလို့ ကျွန်မကို မေးလာရင် အချစ်ဆိုတာ အချစ်ပဲပေါ့ လို့သာ ပြန်ဖြေလိုက်ပါ့မယ်။ ထားလိုက်ပါ၊ ရှင်တို့ အချစ်ကို တံဆိပ်ကပ်ဖို့ လုပ်နေတာတွေ ရပ်တန်းကသာ ရပ်ကြစမ်းပါလို့ ထပ်ပြောလိုက်ဦးမယ်။

ထွေရာ-၄) ဘာမှ ဟုတ်ခြင်း၊ မဟုတ်ခြင်း

"လူတွေဟာ တချို့အခြေအနေတွေမှာ ငါဟာ ဘာမျှမဟုတ်ဘူးပေါ့ဗျာ၊ သို့သော် ငါဟာ ဘာမျှမဟုတ်တာဟာ မကောင်းဘူး၊ ငါဟာ တစ်စုံတစ်ရာဖြစ်ရင် ကောင်းမယ်"လို့  ဆရာကိုတာက သူ့စာအုပ်ထဲမှာ ရေးဖူးပါတယ်။

ကျွန်မတို့လည်း တွေ့နေမြင်နေတတ်ကြပါတယ်။ ဘယ်လောက်ကြီးပဲ ကိုယ်ဟာ သာမန်ပါ လို့ ပြောနေသူတွေပဲ ဖြစ်ပါစေဦး၊ အနည်းဆုံးတော့ ကိုယ်ဟာ သာမန်မျှ မဟုတ်၊ တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာမျိုး သက်သေပြတတ်ချင်နေသေးတာပါပဲ။ အဲဒီအတွက် ကြိတ်ပြီး ချိုသွေးနေတတ်ကြတာပါပဲ။ အချိန်စောင့်နေသူများလို့ ပြောရင် ရနိုင်မှာပါ။ (အချိန်ကို အိပ်ပြီးစောင့်နေသူများတော့ ဒီအထဲ မပါဘူးပေါ့ရှင်၊ ချုံထဲကနေ ချိုသွေးသပ တမြမြများကိုသာ ဆိုလိုတာပါ)

ဒီမှာ ကျွန်မ သတိရမိတာလေးတစ်ခု ပြောချင်သေးတယ်။ ခုနက အပေါ်မှာ ရေးခဲ့သလို လူဟာ ကိုယ့်ကိုယ်ကို ဘာမျှမဟုတ်လို့ နှိမ့်ချနေရင်းကပဲ တစ်စုံတစ်ယောက်ဖြစ်လိုစိတ်ဟာ သူ့အတွင်းစိတ်မှာ ခိုနေတတ်ပါတယ်။ 

အစိုးရအထက်တန်းကျောင်းတွေမှာ အဖြူအစိမ်းဝတ်စုံဝတ်ကြရတယ်။ အဲဒီမှာ တန်းတူရည်တူ အရောင်အသွေးတူဝတ်ဆင်မှုဟာ တစ်စိတ်တစ်ဝမ်းထဲ ဖြစ်စေလိုမှုအတွက် တန်းညှိလိုက်တာပဲ မဟုတ်လား။ ဆင်းရဲချမ်းသာမှုတွေကိုပါ တစ်ခါထဲ ညီညွတ်စေလိုက်ခြင်းပဲပေါ့။ အဲဒီအဖြူအစိမ်းကိုမှ သရီးရိုင်ဖယ်၊ ရှန်မွိုင်း၊ ဖဲသားပိုးသား ဒီလိုကောင်းအောင် ဝတ်ဆင်ခြင်းမျိုးဟာ သူများထက်သာလိုစိတ်၊ တစ်စုံတစ်ယောက်ဖြစ်လိုစိတ်ရဲ့ အခြေခံပါပဲ။ 

ကျွန်မ ယုံကြည်တာနောက်တစ်ခု ရှိပါသေးတယ်။ အဲဒါက လူတွေဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ရင်သာ တန်းတူရည်တူ ခံစားခွင့်၊ လုပ်ပိုင်ခွင့်၊ ပြောရေးဆိုခွင့်တွေ ရှိရမယ်။ လူတိုင်းလူတိုင်း သာတူညီမျှအကျိုးခံစားခွင့် ရှိရမယ်ဆိုတာကိုတော့ ကျွန်မ လုံးဝလက်မခံနိုင်ပါဘူး။ လူတိုင်းလူတိုင်း သာတူညီမျှအကျိုးခံစားခွင့်ရှိရမယ်ဆိုရင်တော့ ဒါဟာ လူပျင်းတွေအတွက် သိပ်ကောင်းတဲ့ခံစားခွင့်ဖြစ် သွားပြီ။ 

န ဘိက္ခဝေ ဟိနေန
အဂ္ဂဿ ပတိ ဟောတိ

အဂ္ဂေန စ ခေါ ဘိက္ခဝေ
အဂ္ဂဿ ပတ္တိ ဟောတိ။

"ရဟန်းတို့ အညံ့စားလုံ့လဝီရိယဖြင့် အမြတ်စားအထွတ်အထိပ်သို့ ရောက်ရိုးထုံးစံ မရှိချေ။
ရဟန်းတို့ အမြတ်စားလုံ့လဝီရိယဖြင့်သာ အမြတ်စားအထွတ်အထိပ်သို့ ရောက်ရိုးထုံးစံရှိချေသည်"လို့ ကျွန်မတို့ မြတ်စွာဘုရားရှင်က ဆုံးမဟောပြောတော်မူခဲ့ပါတယ်။

အကျိုးခံစားခွင့်ဆိုတာ မိမိကိုယ်တိုင်ရဲ့ ကြိုးစားအားထုတ်မှုအပေါ်မှာသာ တည်သင့်တဲ့အရာပါ။ ဒီတော့ အဲဒီအားစိုက်ထုတ်မှုအပေါ်မူတည်ပြီး အကျိုးခံစားခွင့် အနည်းအများကွဲသွားမယ်၊ ဘာမျှမဟုတ်သူနဲ့ တစ်စုံတစ်ယောက်နဲ့ ကွာခြားသွားမယ်။  ဒါဟာ သဘာဝကျကျ ဖြစ်သင့်တဲ့ကိစ္စပါပဲ။

အထက်ကစကားကို ပြန်ကောက်မယ်ဆိုရင် တစ်စုံတစ်ယောက်ဖြစ်ချင်စိတ်ရှိသူဟာ တစ်စုံတစ်ယောက် တူတူတန်တန်ဖြစ်ဖို့ အားစိုက်ထုတ်လိုသူဖြစ်ရပါမယ်။ သာမန်တွေလို အိပ်အိပ်စားစား ပုံမှန်နေနေရင်တော့ ဘာမျှမဟုတ်တဲ့သာမန်သာ ဖြစ်ပါလိမ့်မယ်ဆိုတာပါပဲ။ 


** မြတ်စွာဘုရားဆုံးမတော်မူခဲ့တဲ့ ပါဠိအပိုဒ်ကလေး ဖြည့်စွက်ပေးသော  ကိုဇက်အား ကျေးဇူးတင်ပါ သည်ရှင့်  :)



ကျွန်မ၏ နှလုံးသားများအကြောင်း

$
0
0


ပန်းချီဆွဲခြင်းဟာ ကျွန်မရဲ့ ဝါသနာတွေထဲကတစ်ခုပါ။တခြားဝါသနာများနည်းတူ ရံဖန်ရံခါမှာ ပြုလုပ်လေ့ ရှိပါတယ်။ ကျွန်မဝါသနာတွေကလည်း အများသား။ စာရေးစာဖတ်အပြင် ဓါတ်ပုံရိုက်၊ ဂစ်တာတီး၊ သီချင်းဆို၊ ပန်းချီဆွဲတာတွေ ဆိုပါတော့။ 

ပန်းချီတွေကို ဘယ်အချိန်မှာဆွဲလေ့ရှိသလဲ သတိထားကြည့်လိုက်တဲ့အခါ.....၊ ကျွန်မစိတ်တွေ တိမ်လို လွင့်ပျံလို့ တစ်စစီဖြစ်နေချိန်မျိုးမှာ  ပန်းချီဆွဲခြင်းနဲ့ စိတ်တွေကို ကျောက်ချလေ့ရှိတယ်လို့ သိလိုက်ရပါတယ်။ ဆွဲနေတဲ့တစ်ချိန်လုံးလည်း စိတ်က ကားထဲမှာ၊ အရောင်တွေထဲမှာ နစ်ကျွံလို့၊ ကားလေးတစ်ကားဆွဲပြီးလို့ စိတ်တိုင်းကျတဲ့အခါတိုင်းမှာလည်း ရလာတဲ့ခံစားချက်က ဘာနဲ့မှ မတူပါဘူး။

ကျွန်မဆွဲဖြစ်တဲ့ပုံတွေဟာ အင်တာနက်ကနေ ဒီမိုလေးတွေကြည့်ရင်း လိုက်ဆွဲထားတာဖြစ်သလို ပုံတစ်ချို့ကတော့ ကျွန်မစိတ်ကူးနဲ့ ဆွဲဖြစ်တာပါ။ တစ်ချို့ကိုတော့ ဓါတ်ပုံကနေ ပန်းချီအဖြစ် ကူးရေးထားတာဖြစ်ပါတယ်။ 

ဝါသနာအရဆွဲထားတဲ့ ကျွန်မပန်းချီလေးတွေ တချို့ကို ဘလော့ဂ်စာမျက်နှာပေါ်ကနေ မျှဝေလိုက်ပါတယ်။ ကျွန်မ ဘယ်လိုပုံတွေ ဆွဲဖြစ်သလဲ၊  ကြည့်ကြရအောင် နော်....။

ဒေစီအစိမ်းရောင်လေးပါ။ ဒီပုံလေးကို  ArtRage ဆိုတဲ့ Drawing application နဲ့ ကွန်ပြူတာထဲမှာ မောက်စ်ကိုသုံးပြီးဆွဲဖြစ်ခဲ့တာပါ။ မှတ်မှတ်ရရ သားတွန်လို့ ကျွန်မခေါ်တဲ့ သားငယ်ခရေတွန်အတွက် ဆွဲပေးဖြစ်ခဲ့တဲ့ပုံပါ။


ဒီပုံလေးကိုတော့ အိုင်ဖုန်းထဲမှာ ဆွဲခဲ့တာဖြစ်ပြီး "သတို့သမီး"လို့ အမည်ပေးထားပါတယ်။ ကျွန်မရေးခဲ့တဲ့ ကဗျာတစ်ပုဒ်အတွက် သရုပ်ဖော်ပုံအဖြစ် ဆွဲဖြစ်ခဲ့တာပါ။


ဒီပုံလေးကိုတော့ "အတူတကွ"လို့ အမည်ပေးထားပါတယ်။ အိုင်ဖုန်းထဲမှာ ရေးခြစ်ထားတာ ဖြစ်ပါတယ်။


"Clinching emptiness-ဗလာသို့ ဆုတ်ကိုင်ခြင်း"လို့ အမည်ပေးထားတဲ့ ဒီကားလေးရဲ့အရွယ်အစားက 
၇ x ၁၁ လက်မပါ။ Water colour on paper ဖြစ်ပြီး ဒီကားလေးက ဘလော့ဂ်ဂါ ညီမငယ်မြတ်ပန်းနွယ် အတွက် အမှတ်တရ ပေးထားပြီးဖြစ်ပါတယ်  :)


"သစ်တောညနေ"လို့ နာမည်ပေးထားတဲ့ ဒီကားက ၁၅ x ၁၁ လက်မပါ။ ညနေဆိုတဲ့အတိုင်း အရောင်တွေကို မှုန်မှုန်မှိုင်းမှိုင်းတွေနဲ့ ရေးဖြစ်ပါတယ်။ ကျွန်မစိတ်တွေလည်းပဲ လေးလံမှုန်မှိုင်းနေခဲ့ချိန် ထင်ပါရဲ့။ Water colour on paper ပါ။


ဒီကားလေးကို "မာနမဲ့သော"လို့ နာမည်ပေးလိုက်ချင်ပါတယ်။ အဆင်းအရောင်လှသလောက် ရနံ့မဲ့ရှာတဲ့ ဒီပန်းကလေးရဲ့ ပင်ကိုယ်အမည်ကတော့ ခေါင်ရမ်းပန်းပေါ့ရှင်။ အင်တာနက်ထဲက ဒီမိုကတစ်ဆင့် လိုက်ဆွဲခဲ့တဲ့ကားပါ။ ကျွန်မ စိတ်တော်တော်လေး ရှည်ရှည်ထားပြီး ဆွဲခဲ့ရတဲ့ ပန်းကလေး လည်း ဖြစ်ပါတယ်။ အရွယ်အစားက ၁၁ x ၇.၅ လက်မ ရှိပါတယ်။ Water colour on paper ပါပဲ။


ကျွန်မတို့ မြန်မာတွေ အမြတ်တနိုးထားတဲ့ နေရာလေးတစ်ခုပါ။ "ချစ်သော ပုဂံ"လို့ အမည်ပေးထားပါ တယ်။ ၁၁ x  ၉ လက်မ၊ Water colour on Paper ဖြစ်ပါတယ်။ ဒီပုံလေးကိုတော့ ပုဂံရဲ့ အရုဏ်ကို ရိုက်ဖြစ်ခဲ့တဲ့ ကျွန်မရဲ့ ဓါတ်ပုံတစ်ပုံကနေ ကူးယူရေးဆွဲထားခြင်း ဖြစ်ပါတယ်။



ကိုယ်ဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာ ကိုယ့်နှလုံးသားတွေပါပဲလို့ဆိုကြရင် ခု ကျွန်မက မိတ်တွေရှေ့မှာ ကျွန်မရဲ့နှလုံးသားတွေကို အစီအရီချပြလိုက်ခြင်းပဲပေါ့.....။  နောင်လည်း ပုံတွေဆွဲဖြစ်လို့ စိတ်ထဲ သဘောကျမိတဲ့အခါ ခုလိုပဲ ဘလော့ဂ်ပေါ် တင်လိုက်ပါဦးမယ်။ 

အားလုံးပဲ အရောင်တွေနဲ့ နှစ်ခြိုက်စွာ ချစ်ကျွမ်းဝင်နိုင်ကြပါစေရှင်....:)




ကျွန်မရဲ့လမ်း ဘဝရဲ့လမ်းများ

$
0
0
ကလေးငယ်ငယ် လမ်းလျှောက်တတ်ကာစအရွယ် ယိုင်ထိုးယိုင်ထိုးကတည်းက လမ်းတွေ စမ်းလျှောက် ခဲ့တယ်။ အဖေအမေတွေက ရပ်နိုင်ပေ့ ရပ်နိုင်ပေ့လို့ အားပေးရင်း လဲသွားမှာစိုးစိတ်နဲ့ ဘေးကနေ ထိန်းကျောင်းရင်းပေါ့။ ကျွန်မက ငယ်ငယ်ကလေးထဲက လမ်းလျှောက်မြန်တယ်လို့ အမေက ပြောတယ်။ လမ်းလျှောက်တာမဟုတ်ဘဲ အပြေးတပိုင်း ဆတ်တောက်ဆတ်တောက်လျှောက်တာ တဲ့လေ။ ဘေးက ကြည့်နေသူတွေမှာ လဲတော့မလား  လဲတော့မလားနဲ့ ရင်တထိတ်ထိတ်ကြည့်နေကြရသတဲ့။ လှေကား အဆင်းအတက်မှာတောင် ကျွန်မက ပြေးဆင်း ပြေးတက်လေ့ရှိပါသတဲ့။

အဲသလို အမြဲ ပြေးပြေးလွှားလွှားလျှောက်ရာက မတော်တဆလဲကျတဲ့အခါတွေမှာ ကျွန်မက မငိုဘူးဆိုဘဲ။ လူးလဲထပြီး ဘေးဘီကြည့်၊ ပြန်လျှောက်တတ်တယ်တဲ့လေ။ မပြေတဲ့တချို့လမ်းတွေမှာ အဖေက ချီမယ် ဆိုလည်း ကျွန်မက အဖေ့လက်ပေါ်က လျှောဆင်းချလို့ ကိုယ့်ဘာသာ လမ်းပေါ်ခြေချလျှောက် ချင်သူ ဖြစ်တယ်။ ကျွန်မလက်ကိုဆွဲထားတဲ့ အဖေ့ရဲ့လက်ထဲကနေ မကြာခဏ ရုန်းထွက်ပြီး လျှောက် တတ်သူလည်း ဖြစ်သတဲ့။ အဖေက အဲ့ဒီတုန်းကတည်းက ကြိုပြောခဲ့တယ်။ ကျွန်မဟာ ခေါင်းမာမယ်၊ တဇွတ်ထိုးဆန်မယ်၊ ဆုံးဖြတ်ချက်အချ မြန်မယ်၊ ကိုယ်ဖြစ် ကိုယ်ခံစိတ်ရှိမယ်တဲ့လေ။

ကလေးတုန်းကတော့ ကျွန်မလျှောက်ခဲ့တဲ့လမ်းတွေဟာ အိမ်တွင်းကြမ်းပြင်နဲ့ အိမ်ပေါ်ထပ် တက်တဲ့ လှေကားလောက်ပဲရှိခဲ့ရာက မူကြိုတက်ရတဲ့အရွယ်ရောက်တော့ ကျောင်းဝင်းထဲ၊ စာသင်ခန်းထဲ အပြင် သူငယ်ချင်းတွေနဲ့ ပြေးလွှားကစားရတဲ့ ကျောင်းဝင်းထဲက ကစားကွင်းထဲတွေအထိ ကျွန်မ ဒေါင်းဒေါင်းပြေးလျှောက်ခဲ့ပြန်တယ်။ ဒီလိုပဲ လဲရင် ပြန်ထ၊ ပြန်လျှောက်နဲ့ပေါ့။ ခြေလှမ်းတွေ မခိုင်မာသေးပေမဲ့ လဲအကျတွေဟာ ညင်သာနေခဲ့တယ်။ ဘေးကင်းတဲ့ အလဲအထတွေသာ ဖြစ်ခဲ့တယ်။

တဖြည်းဖြည်း ကျွန်မခြေလှမ်းတွေ ခိုင်လို့ အတန်းကျောင်းတက်ရတဲ့အခါ ကိုယ့်ခြေလှမ်းတွေကို ကိုယ် ယုံကြည်မှုရှိလာတယ်။ လဲမကျတော့ဘူးလို့ယုံကြည်တဲ့ ခြေလှမ်းတွေနဲ့ ရဲရဲဝံ့ဝံ့လှမ်းလို့…။ ကျွန်မခြေလှမ်းတွေကတော့ ခပ်မြန်မြန်လျှောက်တတ်နေဆဲပဲ။ လမ်းတွေဟာလည်း ကျောင်းနဲ့ အိမ်၊ အိမ်နဲ့ကျောင်း ရေတွက်လို့ရတဲ့ အလွတ်ရနေတဲ့ လမ်းမတွေပါပဲ။ လဲကျလည်း အန္တရာယ်မများလှတဲ့ လမ်းတွေမှာ ခြေချော်ကျခဲ့ရင်တောင် အကျညင်သာခဲ့တာပေါ့။  အလွယ်တကူ မေ့ပျောက်လွယ်ခဲ့တာပေါ့။

အရွယ်လေးရလာတဲ့အခါ ကျွန်မရဲ့လမ်းတွေဟာ အရင်ကလောက် မရိုးတော့ဘူး။ အကွေ့အကောက်တွေ များလာတယ်။ အနိမ့်အမြင့် အတက်အဆင်းတွေ များလာတယ်။ ရှေ့မှာ ဘယ်လိုလမ်းမျိုးရှိမယ်ဆိုတာ ခန့်မှန်းရခက်လာတယ်။ လမ်းခွဲတွေ  လမ်းသွယ်တွေ ရှုပ်ထွေးလာတယ်။ ခပ်ပြေပြေလမ်းတွေ၊ ခပ်စောက်စောက်လမ်းတွေ….လမ်းလိမ်လမ်းကောက်တွေနဲ့ ကျွန်မဟာ အတော်လေး အထာမကျဖြစ်လို့။ 

ကျွန်မက ခပ်ရိုးရိုးအတွေးနဲ့၊ ခပ်ရိုးရိုးခြေလှမ်းနဲ့….။  လမ်းတွေက လိမ်ကောက်ပုံနဲ့…..ဘယ်လိုမှ သဟဇာတ မဖြစ်လိုက်ပုံ။ ဒီလမ်းက ထွက်လို့မှ ဒီခရီး မရောက်၊ ဒီလမ်း မပေါက်တဲ့အခါတွေ လည်းရှိရဲ့။ ရှေ့မှာတော့ ခပ်ပြေပြေလို့ မြင်နေပါရက်နဲ့ ဗြုန်းကနဲ ခပ်စောက်စောက် အနိမ့်အဆင်းတွေ၊ လမ်းရိုးကြီးလို့ ထင်လိုက်ပါရက်နဲ့ လျှောက်မိတော့မှ ခပ်မတ်မတ်လမ်းတွေ ဘွားကနဲအတွေ့မှာ ကျွန်မ ခြေကုန်လက်ပမ်း ကျခဲ့ရပြန်တယ်။  တင်ကြိုမမြင်နိုင်တဲ့ လမ်းအလျှောတွေမှာ ဟန်ချက်ပျက်တဲ့အခါ ကျွန်မကိုယ်တိုင် ထူထဖို့ အားပြန်ယူရတဲ့အခါတွေလည်း ရှိခဲ့ပါရဲ့။ အနာတရတွေဟာ ထင်သလောက် မသိမ်မွေ့တော့ဘူး။ ခက်ရှလာပြီ။ ဘယ်လိုမှ ပြန်လှည့်လို့မရတဲ့ လမ်းမှားတွေ လျှောက်မိတဲ့အခါ မှားမှန်းသိသိနဲ့ ဆက်လျှောက်နေရတဲ့ တစ်လမ်းသွားတွေပေါ်မှာ ဘဝက ဒဏ်ရာတွေ နက်လာခဲ့ပြီ။

ငယ်ငယ်ကလို ကျွန်မဘေးမှာ အဖေရှိမနေတော့ဘူး။ လဲတော့မလား  လဲတော့မလားလို့ စိုးစိတ်တွေနဲ့ ဖေးမပေးမယ့်လက်တွေ မရှိကြတော့ဘူး။ လဲကျလို့မှ ဝိုင်းဝန်းထူမ မပေးတတ်ကြတော့တဲ့ အခါတွေထဲ ကိုယ်တိုင်ထူမတ်ရတဲ့အကြိမ်ကြိမ်တွေအတွက် အားအင်တွေမဲ့လို့။ ရောထိုင်နေလို့လည်း မပြီးတော့တဲ့ ခြေချော်လက်ချော်မှုတွေမှာ ကိုယ်တိုင်သာ အားကိုးရာ မဟုတ်လား။ ဒီလမ်းဒီခရီး မနီးလည်းဘဲ ကိုယ်တိုင်ရွေးချယ်လျှောက်ခဲ့တဲ့လမ်းတွေအတွက် ဘယ်သူမပြု မိမိမှုပါပဲ။ လမ်းတွေရှိနေသရွေ့ ခြေလှမ်းတွေ သယ်နိုင်နေသေးသရွေ့ ဆက်လျှောက်နေရဦးမှာ။

ဆုံးဖြတ်ချက်မြန်တဲ့ကျွန်မဟာ ကိုယ်တိုင်ရွေးချယ်လိုက်တဲ့ လမ်းမှားတစ်ခုအတွက် နောင်တဆိုတာထက် လမ်းမှန်ပေါ် ဘယ်လိုပြန်တက်ရမယ်ဆိုတာသာ ကျွန်မအတွက် ကူကယ်ရာ။ လျှောက်ချင်ခဲ့တဲ့ လမ်း၊ ရောက်ချင်ခဲ့တဲ့ခရီးတွေအတွက် အတ်ာကြာကြာ ယုံယုံကြည်ကြည်လျှောက်ခဲ့ပြီးမှ လမ်းမှားမှန်းသိလို့ ဂငယ်ကွေ့ တစ်ချက်တည်းအကွေ့မှာ ထိခိုက်မိတဲ့အခါတွေအတွက် ကျွန်မ ရင်နာတတ်ခဲ့ရပြီ။ လျှောက်လာခဲ့ရတဲ့ အချိန်တွေ၊ ရင်းနှီးခဲ့ရမှုတွေ၊ လမ်းကလေးအပေါ် ခြေချ ခဲ့ဖူးတဲ့ ခြေရာတွေအတွက်။ ရောက်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေအပြိုအလဲမှာ အစကနေ ပြန်စ ရတော့မယ်ဆိုတဲ့အသိအတွက်။ ဘေးတဘက်တချက်ဝဲယာ လမ်းမှန်လို့ထင်ရတဲ့လမ်းပေါ်က လူတွေရဲ့ အကြည့်တွေ၊ အဲဒီအကြည့်တွေထဲမှာ အထင်အမြင်သေးမှုတွေ၊ သရော်မော်ကားအပြုံးတွေ၊ ရှေ့တင်မှာပဲ စိုက်ချလိုက်မယ့် ဓါးချက်တွေ၊ စကားတင်းဆို လှောင်ပြောင်ရယ်သံတွေ....။ နင့်ကနဲ စူးနေအောင် ခံခဲ့ရတဲ့ ထိုးစိုက်မှုတွေနဲ့ ဘဝဟာ မွမွကြေလို့။

တခါတလေတော့လည်း မလျှောက်ဖြစ်ခဲ့ရင်ကောင်းမှာလို့ တွေးဖြစ်စေခဲ့တဲ့ လမ်းတွေအပေါ် မှတ်မှတ်ထင်ထင်နင်းလျှောက်ခဲ့မှုအတွက် ကျွန်မ ဝမ်းနည်းထိခိုက်ရပြန်တယ်။ ပြန်လှည့်ကြည့်လိုက်တိုင်း ထိထိခိုက်ခိုက်ခံစားရတဲ့ လမ်းတွေပေါ့။ ဟုတ်တယ်၊ တချို့လမ်းတွေဟာ ရပ်ကြည့်နေဖို့ပဲ၊ ခပ်လှမ်းလှမ်းကနေ လက်ပိုက် ရပ်ကြည့်နေဖို့ပဲ၊ လျှောက်လှမ်းဖို့ မရည်ရွယ်သင့်ဘူး။ လမ်းအဆုံးမှာ လွင့်ဝေးနေတဲ့ မတ်စောက်နေတဲ့ ကမ်းပါးတစ်ခုသာ ကြိုနေမယ့် လမ်းမျိုးပေါ့။ အနာတရတွေ သိပ်များမယ့် လမ်းမျိုးပေါ့။ ဒဏ်ရာနက်နက်တွေအတွက် လွယ်လွယ်ကူကူ မေ့ပျောက်နိုင်တော့မှာ မဟုတ်တဲ့ လမ်းမျိုးတွေပေါ့။

ကျွန်မတို့ လမ်းတွေလျှောက်တိုင်း လျှောက်တိုင်းမှာ လမ်းအဆုံးကိုရောက်ဖို့ ရည်ရွယ်တာလား၊ လမ်းအဆုံးမှာ တခုခုရှိနေမယ်လို့ သိနေကြလို့လား။  ဒါမှမဟုတ် လမ်းအဆုံးရောက်ပြီးတိုင်း ရွာတွေ့မယ်လို့ မျှော်လင့်ချက်ထားတတ်ကြလို့လား။ ဘာကြောင့် ဘယ်လိုရည်ရွယ်ချက်နဲ့ ကျွန်မတို့ လမ်းတွေကို လျှောက်ခဲ့ကြသလဲ။ ခရီးရောက်ဖို့သက်သက်မျှသာပဲလား၊ ဂုဏ်သိက္ခာတွေ၊ အောင်မြင်မှုတွေ အတွက်လည်း ပါမှာပေါ့။  ခက်ခဲတဲ့လမ်းတွေအပေါ် ဖြတ်ကျော်နင်းလျှောက်ပြီးတိုင်း ရလာတဲ့ စိတ်ကျေနပ်မှုတွေလည်းပါမှာပါပဲ။ လမ်းအဆုံးမှာ ဂုဏ်သိက္ခာတွေ မာနတွေ အောင်မြင်မှုတွေကို အရောင်လက်လက်ထအောင် တင်ပေးလိုက်တတ်တဲ့လမ်းတွေရှိသလို၊ ဂုဏ်သိက္ခာတွေ မာနတွေ အောင်မြင်မှုတွေ ကိုယ်ကျင့်တရားတွေကို စတေးလိုက်ရတဲ့ လမ်းတွေလည်း ရှိပါရဲ့။

လမ်းတွေကို ခြေဖဝါးအပြားလိုက်ချလို့ နင်းလျှောက်သူတွေ ရှိမယ်။ ငွေကြေးနဲ့ နင်းလျှောက်ကျော်ဖြတ် သူတွေ ရှိမယ်။ ဦးနှောက်ကို သုံးပြီး လျှောက်သူတွေ ရှိမယ်။ နှလုံးသားကို ခင်းပြီး လျှောက်သူတွေလည်း ရှိကောင်းရှိမယ်။ ဘယ်လိုပဲ ဖြစ်ပါစေ၊ ရိုးသားစွာလျှောက်လှမ်းတတ်ဖို့တော့ လိုအပ်လိမ့်မယ်။ မှန်ရင်လည်း ရိုးရိုးသားသား၊ မှားရင်လည်း ရိုးရိုးသားသားဖြစ်ဖို့ပေါ့....။

ကျွန်မ မှတ်မိနေပါသေးတယ်။  အဖေ ကျွန်မကို ကြိုတင်ဟောချက်ထုတ်ခဲ့တာတွေ။

ခေါင်းမာမယ်တဲ့…၊  ဟုတ်တယ်။ ကျွန်မက ကိုယ်မှန်တယ်လို့ ဆုံးဖြတ်တဲ့လမ်းအတွက် ခြေလှမ်းတွေကို အဲဒီလမ်းပေါ် ချကို ချလိုက်ရမှ။  တဇွတ်ထိုးဆန်မယ်တဲ့….၊ ဟုတ်တယ်။ ကျွန်မက ကိုယ်လျှောက်ချင်တဲ့ လမ်းအတွက် ဘယ်သူတားတား ဇွတ်ရှေ့ဆက်တိုးတတ်တယ်။ ဆုံးဖြတ်ချက်အချ မြန်မယ်တဲ့၊ ဟုတ်တယ်။ လောကပရိယာယ်မကြွယ်ဝတဲ့ ကျွန်မဟာ အရာရာကို အတည့်ပဲ မြင်တတ်တယ်။ လမ်းတွေ့တာနဲ့ လုပ်မယ်၊ လျှောက်မယ်လို့ လမ်းအဆုံးကို မမျှော်ဘဲ အလျင်စလို ဆုံးဖြတ်ချက် ချတတ်တယ်။ ကျွန်မက စိတ်ခံစားမှုကို ရှေ့တန်းတင်လွန်းသူလေ။ ကိုယ်ဖြစ် ကိုယ်ခံစိတ်ရှိမယ်၊ ဒါလည်းပဲ မှန်တယ်။ လမ်းမှားဖြစ်စေ လမ်းမှန်ဖြစ်စေ ကိုယ်လုပ်ခဲ့တဲ့ အရာရာတိုင်းအတွက် ကိုယ့်မှာသာ တာဝန်ရှိတယ်လို့ ယူဆပြီး ရဲရဲရင်ဆိုင်ပစ်တတ်တယ်။

ကျွန်မအပေါ် အဖေကြိုတင်ပြောခဲ့တာတွေအားလုံး မှန်ခဲ့တယ်။ တစ်ခုပဲ…။ ဟိုအရင်ငယ်စဉ်ကလို လဲကျတဲ့အခါ လူးလဲထူထရင်း ဆက်လျှောက်တတ်တာတော့ မှန်ပါရဲ့။ ဘယ်လောက်နာနာ ငါ့သမီးက မငိုတတ်ဘူးဆိုတာကတော့ လွဲခဲ့ပြီ။ လဲကျမှုတွေအတွက် ပြန်လည်ထူမတ်ရင်း သိပ်နာကျင်လွန်းတဲ့ အခါတွေမှာ အသံမဲ့ညည်းတွားတတ်ပြီ၊ ကျွန်မ မျက်ရည်ကျတတ်ပြီလို့ ကျွန်မ အဖေ့ကို ပြောပြချင်လိုက် တာ။

ချိုချက်မကင်းနိုင်တဲ့ နွားသိုးတစ်ကောင်မဟုတ်လေတော့ ထိရှရာတွေအတွက် ကြံဖန် ဂုဏ် မယူနိုင်တော့ဘူး။ ကျွန်မ နာကျင်တတ်ခဲ့ပြီ။ အမှားဟာ ဂုဏ်ယူစရာမှ မဟုတ်တာဘဲလေ။ ဒါပေမဲ့ အမှန်ကို ညွှန်ဖို့ လမ်းပြမြေပုံတစ်ချပ်လို့ ကျွန်မ နားလည်တယ်။

ကျွန်မအတွက်တော့ လမ်းတွေဟာ လျှို့ဝှက်လွန်းတယ်၊ နက်နဲလွန်းတယ်၊ မာယာများလွန်းတယ်။ အတွန်းအတိုက်တွေ ပေါများတယ်။ အဆင်းဘီးတပ်တဲ့လမ်းတွေလို လျှောကနဲ အောက်ရောက်သွားနိုင်တဲ့ လမ်းတွေလည်း ရှိတယ်။ အမြင့်ရောက်ဖို့ ကွေ့ကာပတ်ကာ တက်ရတဲ့လမ်းတွေ ရှိတယ်။ တချက်ချော်တာနဲ့ လွင့်ကနဲ ကျသွားမယ့် လမ်းတွေ။ လမ်းတွေမှာ မျက်လုံးတွေ ရှိတယ်။ နားတွေ ရှိတယ်။ အမြင်အကြားနဲ့ လမ်းတွေ…၊ အထူအပါး ခြားနားတဲ့လမ်းတွေ….။ မချစ်သော်လည်းအောင့်ကာ မသေမချင်း ရှေ့ဆက်လျှောက်လှမ်းရတော့မယ့်လမ်းတွေ…။

ဘဝဟာ တိုတိုလေးပါ။ လမ်းတွေကတော့ ရှည်လျားလွန်းလှတယ်။ မဆုံးနိုင်တဲ့ လမ်းတွေပေါ့။

မဆုံးနိုင်တဲ့လမ်းတွေအပေါ် ကျွန်မတို့ လျှောက်မြဲ ဆက်လျှောက်နေကြရဦးမှာပဲ။ လမ်းသွယ်တွေ လမ်းခွဲတွေရောက်တဲ့အခါတိုင်း ဘယ်လမ်းလိုက်မလဲ ရွေးရတာကိုက လူ့ဘဝရဲ့ အားစမ်းမှုတစ်ခုပေပဲလား။ လမ်းမှန်တစ်ခုလျှောက်မိလို့ အဆုံးရောက်တိုင်း စိုက်ထူခဲ့တဲ့အလံတွေ ရှိကောင်းရှိမှာဖြစ်သလို၊ လမ်းမှားတစ်ခုပေါ်လျှောက်လို့ လမ်းဆုံးတိုင်တဲ့အခါတိုင်း ကိုယ့်ကျရှုံးမှုကို ကိုယ်တိုင်ဝန်ခံတတ်ဖို့လည်း လိုသေးတာ။ အမှားကို ရွှေချပြီး ဘောင်သွင်းထားနိုင်ရင်တော့ တစ်နေ့ လမ်းမှန်ရောက်တဲ့အခါ ပြုံးပြုံးကြီး အရသာခံ ပြန်ကြည့်နိုင်မှာပဲပေါ့။

လာစမ်းပါစေလေ….။  ဟိုးရှေ့က လမ်းတွေ၊  လမ်းသွယ်တွေ၊ လမ်းပြိုင်တွေ၊ လမ်းခွဲတွေ….။ ဒဏ်ရာတွေဘယ်လောက် နက်နက် ပေးဦးမလဲ…..။ ပြီးခဲ့တဲ့လမ်းတွေနဲ့ မတူတဲ့ အသစ်အသစ်သော မာယာတွေကို ရင်ဆိုင်ဖို့ ခွန်အားအသစ်တွေ တဖန် မွေးမြူရင်းပေါ့….။ 

ကျွန်မတို့အားလုံး လမ်းတွေ ဆက်လျှောက်နေကြရဦးမှာပါလေ....


မပြယ်သောချစ်ခြင်း မယွင်းသောသစ္စာ

$
0
0
“ဟဲ့ ပြေအေး ရပ်စမ်း အခု၊ နင် ဒါ ဘာလုပ်တာလဲ ဘာလုပ်တာလဲဟင်”

“မမ  မမရယ် ကျွန်တော် သေပါရစေတော့၊ ကျွန်တော် ဒီဘဝကြီးထဲမှာ မနေပါရစေနဲ့တော့ မမရယ်။ အီးဟီး ဟီး ကျွန်တော် သေချင်တယ် သေချင်တယ်။ ကျွန်တော် သေပါရစေ မမရယ်”

သူ့ခေါင်းကို ထုရိုက်ရင်း ငိုပြောပြောနေသော မောင်လေးပြေအေးကို မေဦး မကြည့်ရက်ပါ။ မောင်လေးဟာ အစွဲအလမ်း ကြီးလွန်းလှသည်။ ကြာခဲ့ပြီ၊ တကယ်ဆို သုံးနှစ်ကြီးများတောင် ကြာခဲ့ပြီပဲလေ။

“ပြေအေး မောင်လေး  မောင်လေးရယ်”

မမဦးက ကျွန်တော့်ကိုဖက်ရင်း သူပါ ရောငိုလေသည်။ ပြီးတော့ ဆုပ်ကိုင်ထားသော အိပ်ဆေးပြားများကို ကျွန်တော့် လက်ထဲကနေဖြည်ပြီး တစ်လုံးချင်းယူသည်။

“ငါ့မောင်လေးရယ် နင့်မလည်း ဒုက္ခပဲ။ ငါ နားလည်ပါတယ်။ နင် ခုထိ ယမုံ့ကို မမေ့နိုင်သေးဘူးဆိုတာ၊ ဒါပေမဲ့ သူကြင်မှ ကိုယ်ကြင်ပေါ့ မောင်လေးရယ်၊  ကိုယ်က ယောကျာ်းလေးပဲဟာ အနေသာကြီး။ သူတောင် နေနိုင်သေးတာ”

“ဒါပေမဲ့ မမရယ် ကျွန်တော်က ယမုံ့ကို ချစ်တယ်၊  သူ ရက်စက်ပေမဲ့ ကျွန်တော် မစိမ်းကားနိုင်ဘူး၊ သူ ထားပစ်ခဲ့ပေမဲ့ ကျွန်တော် မနေခဲ့နိုင်ဘူး မမရဲ့”

“မနေခဲ့နိုင်လည်း နင်လိုက်သွားလို့မှ မရတာဘဲ ပြေအေးရယ်။ ငါ သိပါတယ်ဟဲ့၊ နင် ယမုံ့ကို ဘယ်လောက်ချစ်တယ် ဆိုတာ၊ ဒါပေမဲ့ သားလေးမုံပြေထက် ရှိသေးတယ်လေ။ နင်လည်း သိသားနဲ့ ငါကတော့ ငါ့တူလေးကို မိတဆိုးလေးကနေ မိဘမဲ့မဖြစ်စေချင်ဘူး ပြေအေးရယ်။  နင် စဉ်းစားပါ။ နင့်သားလေးမျက်နှာကို ကြည့်စမ်းပါဟယ်”

“ကြီးကြီးမေဦးရေ သားသားပြန်လာပြီ”

“ဟော သားသားပြန်လာပြီ၊ ပြေအေး နင့်မျက်ရည်တွေ သုတ်စမ်း၊ ကလေးမမြင်စေနဲ့ ကြားလား”

ကျွန်တော့်ကိုပြောရင်း ကျောင်းကားပေါ်ကဆင်းလာသည့် သားသားကို ဆရာမလက်ထဲကနေခေါ်ဖို့ အိမ်ဝဆီကို မမဦး အပြေးလေး ထွက်သွားလေသည်။

သားသားတောင် လေးနှစ်ပြည့်တော့မှာပဲ။ ဘာလိုလိုနဲ့ မုံ သူတို့သားအဖကိုထားခဲ့တာ သုံးနှစ်တောင် ပြည့်တော့မည်။ သုံးနှစ်ရှိတော့မယ် မုံရေ၊ ကိုယ်နဲ့ သားလေးကို မုံ ထားပစ်ခဲ့ရက်တာ သုံးနှစ်ပြည့်တော့မယ်။ ကိုယ် တစ်နေ့မှ မေ့မရဘူးဆိုတာ မုံသိစေချင်တယ်။ မုံ သိစေချင်ပါရဲ့ မုံရယ်…..။ ခပ်ဆွေးဆွေးအတွေးကြောင့် သုတ်နေသည့်ကြားမှပင် မျက်ရည်များက ကျွန်တော့်ပါးပြင်ပေါ် ပေါက်ကနဲကျလာပြန်လေသည်။

@@@@@@@@@@@@@@@

“ကိုရေ မုံ သွားပြီးအားပေးမှ ဖြစ်တော့မယ်။ ကောင်းကောင်းတစ်ယောက်ထဲ သနားပါတယ်။ ရန်ကုန်မြို့မှာ ဆွေမျိုးရယ် အသိအကျွမ်းရယ်လို့လည်း သိပ်မရှိတော့ ခမျာအားငယ်ရှာမှာပဲ။ ပြီးတော့ ဆရာမကြီးမဆုံးခင် ဆေးရုံမှာ မုံ့ကိုတွေ့တော့ သေချာမှာသွားတာ။ မုံရယ် ဆရာမတို့မရှိရင် သမီးမောင်လေးကို စောင့်ရှောက်လိုက်ပါနော် တဲ့”

“အေးလေ သနားပါတယ်ကွာ၊ ကောင်လေး ဖြစ်မှဖြစ်ရလေ။ သူက ဒီနှစ် ဆယ်တန်းဖြေရမှာ မဟုတ်လား”

“ဟုတ်တယ် ကို၊ ကောင်လေးကြည့်ရတာ မျက်လုံးလေးတွေက ကြောင်စီစီလေးလိုပဲ၊ သနားပါတယ်။ စာမေးပွဲကလည်း နီးနေပြီ။ အောင်ပါ့မလားတောင် မသိဘူး”

အင်း ကောင်လေး သနားပါတယ်။ မုံတို့ကျောင်းက ဆရာမကြီးရဲ့ သားလေး။ အဖေရော အမေပါ ကားအက်ဆီးဒင့်မှာ ဆုံးသွားကြတယ်ဆိုတဲ့အဖြစ်ဟာ အတော်လေး ကြေကွဲစရာ။ ဆယ်ကျော်သက်ကလေးတစ်ယောက်ရဲ့ရင်ထဲ ဘယ်လိုများ ခံစားနိုင်ပါ့မလဲလေ။ ကောင်းကင်ကြီးပြိုကျသလို နေလိမ့်မည်။ ထိုနေ့ကတွေ့ခဲ့ရသော ကောင်ကလေးမျက်နှာကြောင်စီစီကို သားသမီးချင်းစာနာစိတ်နှင့် ပြေးမြင်သည်။  တွေးကြည့်ရုံနှင့်ပင် ကျွန်တော့်ရင်ထဲ မကောင်းလှ။

“ကိုရေ သိလား၊ မုံတို့ထင်တဲ့အတိုင်းပဲ ကောင်လေးက ရှော့ခ်ရသွားတာ။ ဆရာဝန်ကြီးက ဒီနှစ် စာမေးပွဲ ဝင်မဖြေစေချင်ဘူး တဲ့၊ ကောင်လေးအတွက် လိုအပ်တဲ့ စိတ်ကုထုံးတွေပေးပြီး ကျန်းမာအောင် အရင်ပြန်လုပ်ရမယ် တဲ့”

အိမ်ပြန်ရောက်ရောက်ချင်း စိတ်မကောင်းစွာ မျက်နှာကလေးညှိုးကာ ပြောလာသောမုံ့ကို ဘယ်လိုနှစ်သိမ့်ရမည်ပင် မသိ တတ်တော့ပေ။

“အေးပေါ့ကွာ၊ ကိုယ်တို့လည်း သားသမီးမှ မရှိတာပဲ၊ တတ်နိုင်သလောက်တော့ စောင့်ရှောက်ကြတာပေါ့ကွာ”

“ကိုရေ မုံလေ ကောင်လေးကျန်းမာလာတဲ့အခါ အိမ်မှာခေါ်ပြီး စာပြပေးချင်တယ် သိလား”

“အင်း ကောင်းသားပဲ မုံရ”

ကျောင်းဆရာမပီပီ ကလေးတစ်ယောက်မမြင်လိုက်နှင့်၊ မြင်သည်နှင့် စာသင်ပေးချင်စိတ်ရှိသောမုံ့ကို ကျွန်တော် မြတ်နိုးသည်။

သို့သော် သိုက်ဆရာ လှေပေါ်ခေါ်တင်လာသည့်အဖြစ်မျိုးထက် ဆိုးဝါးသည့်အဖြစ်သို့ ရောက်တော့မည်ကို ကျွန်တော်ရော မုံပါ မသိခဲ့ကြ။ ကံကြမ္မာကိုပဲ ယိုးရတော့မည်လား၊ သနားတတ်သော၊ ယိမ်းယိုင်လွယ်သော မုံ့ကိုပဲ အပြစ် ဖွဲ့ရမည်လား၊ နီးစပ်ရာနွယ် တစ်မျှင်ကိုဖမ်းဆုပ်သူ ကူကယ်ရာမဲ့ကောင်လေးကိုပဲ လက်ညှိုးထိုးရမည်လား ကျွန်တော် မသိတော့ပေ။ သေချာသည်မှာ ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့ခြင်းပင်။

@@@@@@@@@@@@@@@

အခြေအနေကို ရိပ်မိသော ကျွန်တော်က ကလေးယူကြဖို့ မုံ့ကို တစ်ဘက်လှည့်နှင့် ချော့ရတော့သည်။ မုံကမူ ခေါင်းမာဆဲပေ။ ပင်ကိုယ်က ကျန်းမာရေးမကောင်းဘဲ နှလုံးအားနည်းသောမုံက ကျန်းမာရေးအကြောင်းပြကာ ကလေးမယူလိုဟု ငြင်းဆန်ဆဲ။ သို့သော် နောက်ဆုံးတော့ သားဖွားမီးယပ်ဆရာဝန်ကြီးထံပြသကာ ကလေးရဖို့ ကြိုးစားရန် မုံ လိုက်လျောခဲ့လေသည်။

ကလေးရလျှင်ဖြင့် သံယောဇဉ်ကြိုးတို့ခိုင်မြဲကာ မုံ ပြောင်းလဲသွားလိမ့်မည်ဟူသော ကျွန်တော့်အထင်သည် တက်တက် စင်အောင်လွဲမှားကြောင်း သားသားအခါလည်အရောက်မှာ သိခဲ့ရတော့၏။

သနားချစ်တဲ့လား၊ ခုမှ တကယ်ချစ်တဲ့သူကို တွေ့တာတဲ့လား၊ မုံ ကောင်ကလေးနဲ့ မခွဲနိုင်တော့ဘူး တဲ့လား…..

မုံ့နှုတ်ထွက်စကားများသည် ကျွန်တော့်နေ့ရက်များကို အရှင်လတ်လတ် သေစေခဲ့သည်။ မုံ တောင်းဆိုသော ကွာရှင်းခွင့် ဆိုသည်ကို ကျွန်တော် လုံးဝမပေးနိုင်။ သည်မှာပင် အခါလည်သားကလေးနှင့် ကျွန်တော့်ကိုထားရစ်ကာ မုံ အိမ်ပေါ်မှ ဆင်းသွားလေသည်။

“ဒီမှာ ကို အတူနေကြပြီး စိတ်ချင်းမနီးစပ်မှတော့ ဘာလုပ်တော့မှာလဲ၊ မုံ့ကို လွတ်လပ်ခွင့်ပေးပါ။ ယောကျာ်းတစ်ယောက်ရဲ့ရင်ခွင်ထဲကနေ နောက်တစ်ယောက်ကို တမ်းတနေရတဲ့အဖြစ်မျိုးမှာ မုံ မနေချင်တော့ဘူး။ မုံ မပျော်ဘူး။  မုံ့မှာ အပြစ်ရှိပါတယ်။ မုံ ဝန်ခံပါတယ်၊ ကိုကြိုက်တဲ့ အပြစ်သာပေးပါ။ မုံ ကျေကျေနပ်နပ် ခံယူပါ့မယ်”

နည်းနည်းကလေးမှ ခေါင်းမငုံ့ဘဲ ခပ်တင်းတင်းဆိုနေတဲ့ မုံ့မျက်နှာ။ မုံ့စကားတွေ…..။ 

ကျွန်တော့်ညာလက် လေထဲမြောက်တက်သွားသည်အထိ စိတ်တို့ ထောင်းကနဲဖြစ်သွားသေးသည်။  မျက်စေ့စုံမှိတ်ကာ ပါးကို ကျွန်တော့်ရှေ့ထိုးပေးလိုက်သော မုံ့မျက်နှာကိုမြင်မှ ကျွန်တော့်လက်တွေ လေထဲမှာတင် ရပ်တန့်သွားရသည်။

သနားလိုက်တာ မုံကလေးရယ်….၊  မိုက်လိုက်တဲ့ မုံ၊ ရက်စက်တဲ့ မုံ၊ ကိုယ် မရိုက်ရက်ပါဘူးလေ….

လက်ကိုပြန်ချကာ မျက်စေ့စုံမှိတ်ထားသော မုံ့မျက်နှာကလေးကို ကြည့်နေမိဆဲ။ ဝဲဘက်ရင်ဘတ်တစ်ခုလုံး အောင့်တက်လာကာ လှိုက်ကနဲဝမ်းနည်းစိတ်နှင့် မုံ့ကို ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်ထားလိုက်မိသည်။ ခွဲမသွားပါနဲ့၊ ကိုယ့်ကို မထားခဲ့ပါနဲ့ မုံရယ်။ မုံက မရုန်းပါ၊ ကျွန်တော့်ရင်ခွင်ထဲမှာ ငြိမ်သက်လို့နေသည်။ နောက်ဆုံးအကြိမ် အခွင့်အရေးပေးခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။

“မုံ  မုံရယ်  ကို့ကို ထားမသွားပါနဲ့၊ ကိုနဲ့သားလေးကို ခွဲမသွားပါနဲ့ နော် မုံ။ မုံမရှိရင် ကို မနေနိုင်လို့ပါ မုံရယ်။ နော် ကိုလေ မုံ့ကို သိပ်ချစ်တယ်။ ခွဲမသွားပါနဲ့နော် မုံ”

ယောကျာ်းတစ်ယောက်၏ အနှိမ့်ချနိုင်ဆုံးအထိ ကျွန်တော် နှိမ့်ချပေးခဲ့ပါသည်။ မုံက ကျွန်တော့်စကားအကြားမှာ သတိဝင်လာပုံနှင့် ကျွန်တော့်ရင်ခွင်ထဲမှ သာသာရုန်းထွက်သည်။ အိပ်ပျော်နေသော သားလေးကို နမ်းသည်။ ပြီးမှအခန်းထဲသို့ ဝင်သွားပြီး ထုတ်ပိုးထားသောသေတ္တာကိုဆွဲကာ အိမ်ပေါ်မှ ဆင်းသွားတော့သည်။

မုံမရှိတော့မှ အိပ်ပျော်နေသော သားလေးကိုဖက်ကာ ကျွန်တော် ငိုမိသည်။ အမိမဲ့သားလေးရေ ဖေဖေလေ သားလေးကို ရေနည်းငါးတော့ အဖြစ်မခံနိုင်ဘူး။ ဖေဖေ နှစ်ယောက်စာ ချစ်ပါ့မယ် ငါ့သားရယ်။ သားမေမေ နေရာမှာရော ဖေဖေ့အတွက်ပါ ဖေဖေပုံချစ်ပါ့မယ်နော် သားလေး။  ဘာမှနားလည်ဦးမည်မဟုတ်သော တစ်နှစ်သားကလေးကို တိုင်တည်ပြောဆိုရင်း အရူးတစ်ယောက်လို ငိုကြွေးနေမိသည်။

သားကလေးပါးကို အထပ်ထပ်အခါအခါနမ်းမိတော့ သူ့ပါးပေါ်မှ မျက်ရည်တို့ ကူးလူးစိုစွတ်ကာ သားက လန့်ပြီး ငိုကြွေးပါတော့သည်။ သားလည်း ငို၊ ကျွန်တော်လည်း ငို…..။ မျက်ရည်များကုန်သလောက်ရှိသော် မာနနှင့်အရှက်တို့ ခေါင်းထောင်ထလာသည်။ နေပါစေလေ၊ ပြန်မလာပါနဲ့တော့၊ ပြန်မလာပါနဲ့တော့ မုံရယ်။ တစ်နေ့တော့ ရှိဦးမှာပါ။ တစ်နေ့နေ့ပေါ့….။ တစ်နေ့မှာ…ကို့မေတ္တာတွေကို မုံနားလည်လာတဲ့ တစ်နေ့မှာပေါ့…..။

@@@@@@@@@@@@@@@

မုံ့မိဘများဘက်မှ အမွေပြတ်ကြော်ငြာကိုဖတ်ရတော့ မုံ့အတွက် ကျွန်တော် စိတ်မကောင်းပြန်။ အမိုက်မလေး မုံ ဘယ်လိုများ နေရှာမှာပါလိမ့်တွေးရင်း သံယောဇဉ်လက်ကျန်တို့ဖြင့် ရင်သည် လူးလွန့်၏။ မုံကတော့ ခပ်တည်တည်ပင်၊ မိဘများပိုင်ဆိုင်၍ သူ့နာမည်နှင့်ထားသောတိုက်ခန်းမှာ အခန့်သားတက်နေကာ ဆင်းမပေးဟု ကြားရသည်။ သည်တိုက်ခန်းက မိဘများဆုံးပါးမှသာ မုံဆက်ခံရရှိမည့်တိုက်ခန်းပေ။ သို့သော် အမွေဖြတ်ပြီးသည့်တိုင် မုံက ဆင်းမပေးသလို မုံ့မိဘများကလည်း သားသမီးမို့ အတင်းနှင်မချရက်သည်ပင်။

မုံမရှိမှ သားတစ်ယောက်အပေါ် မိခင်၏ဝန်တာ မည်မျှကြီးမားသည်ကို သိလာရသည်။ ညညဆို သားက မနိုးဘဲ တစ်ချိုးတည်းအိပ်သော်လည်း နို့တစ်ကြိမ်ဖျော်တိုက်ရသေးသည်၊ သေးများစိုနေသလား ထထကြည့်ကာ သေးစိုအဝတ်တို့ကို လဲပေးရသည်။ သားကို ကျွေးလေ့ရှိသည့် ဆန်မှုန့် နို့မှုန့်များ တံဆိပ်လွဲသည်နှင့် သားက ဝမ်းသွားတတ်လေသည်။ နို့ဘူး ရေခွက်နှင့် ထမင်းပန်းကန် စသည်များကို ပေါင်းပြီးမှ သုံးရသည်။ ကြာတော့ အလုပ်တစ်ဘက်နှင့် တစ်ယောက်ထဲ မနိုင်တော့ပေ။ 

မမမေဦးကို ကလေးထိန်းပေးဖို့ရန်ခေါ်တော့ မမက အိုးပစ်အိမ်ပစ်ကာ သူ့ထံ လာနေပေးရှာပါသည်။ စနေ-တနင်္ဂနွေလိုနေ့များမှသာ အိမ်ကိုပြန်ချင်ပြန်ကာ ကျန်ရက်များတွင် တစ်ပတ်မှာ သုံး-လေးရက်ခန့် သူ့တူကလေးကို လာကြည့်ပေး၊ ချက်ပြုတ်လျှော်ဖွတ်ပေး၊ အိမ်ရှင်းပေးနှင့် မမခမျာ “သည်တာဝန်တွေ မလိုချင်လို့ ငါ အပျိုကြီး လုပ်နေတာဟေ့၊ ခု နင်တို့သားအဖနှိပ်စက်လို့ ငါ့မှာ လုပ်နေရပြီဟဲ့”ဟု သူ့တူကလေးကို ချော့ကာမြှူကာနှင့် ကျွန်တော်ကြားအောင် တမင်ပြောတတ်လေသည်။

မုံ့သတင်းများကိုတော့ ကြားနေရပါသည်။ မိုးမမြင်လေမမြင် ပျော်နေသည့် မုံ၊ အိမ်ထောင်ဆိုသည့်….၊ မိသားစုဆိုသည့်အနှောင်အဖွဲ့မှ ကိုယ်လွတ်ရုန်းကာ အချစ်သစ်နောက် ကောက်ကောက်ပါသွားသည့် မုံ….။ မုံ တကယ်ပဲ ရက်စက်ပါသည်။

မုံသည် သစ္စာတရားဆိုသည်ကို တကယ့်အချစ်စစ်ဟု သူယူဆသည့် ခဏတာယိမ်းယိုင်မှုနှင့် လဲလှယ်ရဲသူ၊ မိုက်မဲရဲခဲ့လေသူတည်း။

@@@@@@@@@@@@@@@

မုံသည် သားရဲများနောက်ကလိုက်နေသမျှ ရှေ့သို့သာ စွတ်တိုးကာ ပြေးလွှားနေရသည်။ ရှေ့မှာကလည်း မှောင်နဲ့မည်းမည်းမို့ လွတ်မည်ထင်ရာသာ မှန်းပြေးပေတော့။ သစ်ပင်တစ်ပင်….ရှေ့မှာ တွေ့ပြီ။ ဝမ်းသာအားရ အပင်ပေါ်တက်ပြေးပြန်တော့ ပင်စည်ပတ်လည်တွင် ချွန်မြသောဆူးတို့ဖြင့် ဝန်းရံသည်မို့ မုံ့အသားတို့ပေါက်ပြဲကာ သွေးစိမ်းတို့ စို့လေသည်။ တစ်ဖန် ရှေ့သို့သာ သွေးရူးသွေးတန်းပြေးပြန်သော် ပွက်ပွက်ဆူနေသည့် ရွှံ့နွံအိုင်ထဲ ပြုတ်ကျကာ မုံ့တစ်ကိုယ်လုံးမှ အရေပြားတို့ အလွှားလိုက်ကွာကျကာ အားကနဲလန့်အော်မိတော့သည်။

ဘုရား၊  ဘုရား…မုံ ကြောက်လန့်ကာ ဘုရားတမိသည်။ သည်လိုအိပ်မက်မျိုးတွေ မုံ မကြာခဏမက်သည်။ မုံ့တစ်ကိုယ်လုံးမှာ
ချွေးများဖြင့်စိုနစ်လျှက်ရှိသည်။ ငရဲကျတယ်ဆိုတာ ဒါမျိုးများလား မသိ။  ကုတင်ခေါင်းရင်းမှ မီးသီးဝါဖန့်ဖန့်ကိုဖွင့်ကာ အိပ်ရာဘေးရှိရေချိုင့်ထဲမှ ရေတစ်ဖန်ခွက်ငှဲ့ကာ သောက်သည်။ စိတ်တို့ တည်ငြိမ်စေရန် ပုတီးတစ်လုံးချင်းချ၍ အရဟံဂုဏ်တော်ပွားသည်။

မုံ ကို့အိမ်ပေါ်မှ ဆင်းခဲ့တာ နှနှစ်ကျော်ခဲ့ပြီ။ သားကလေး နေကောင်းရဲ့လား၊ အမေဆိုတာကိုရော သားက မှတ်မိပါဦးမလား၊ ကိုရော အဆင်ပြေရဲ့လား…မုံ တွေဝေ တွေးတောတတ်ပြီ။ မုံ့စိတ်တို့သည် အရဟံဂုဏ်တော်နှင့် ကိုတို့သားအဖကြား ပြေးလွှားလျှက်ရှိသည်။

မနက်လင်းသော် မုံ့မျက်ဝန်းတို့မှာ ခွက်ဝင်လုနီးနီး၊ မုံ့မျက်နှာမှာ နဂိုကမှ ရှည်သွယ်ကာ ခုတော့ ပါးလျချောင်ကျလို့ နေခဲ့ပြီ။ ကောင်ကလေးသည် သက်တူရွယ်တူကောင်မလေးတစ်ယောက်နှင့် တွေ့ဆုံလက်တွဲကာ “အချစ်စစ်ဆိုတာ ဒါပဲ၊ မမယမုံကို ကျွန်တော် သံယောဇဉ်တော့ ရှိပါတယ်”ဟု မုံ့ကို ပြောသွားထားရစ်ခဲ့ပြီ။ ဝဋ်ဆိုသည်မှာ နောက်တစ်ဘဝပင် မစောင့်…။ မုံသည် သစ္စာဆူး စူးခဲ့လေပြီ။

@@@@@@@@@@@@@@@

စိတ်ညစ်ညစ်နှင့် မုံ ပျော်သလိုနေပစ်လိုက်သည်။ ညဆိုလျှင် တစ်ညလုံး ကလပ်တွေ လျှောက်သွားသည်။ မနက်မိုးလင်းလုမှ အိမ်ပြန်လာသည်။ ညအမှောင်မှာ မုံ မအိပ်ရဲ။ မုံ အိပ်မက်ဆိုးညတွေမှ ထွက်ပြေးချင်သည်လေ။ မနက်ဆို တမနက်လုံး အိပ်စက်နေကာ ထမင်းစားရကောင်းမှန်းလည်း မသိတော့၊ ဆာလောင်မှုတို့လည်း ပျောက်ပြီ။ ညနေဆိုလျှင်တော့ မုံ အိပ်ရာမှ နိုးထကာ တရုတ်တန်းဈေးသွားသည်။ တွေ့သမျှ စားသည်။ မူးအောင် သောက်သည်။

အချစ်ဆိုသည်ကို မုံ ကြောက်သည်။ သူ့အနားကပ်လာသော ယောကျာ်းကြီးငယ်တို့နှင့် ခဏတာ ပျော်ရုံသာ တွဲသည်။ ယောကျာ်းများထံမှ ချစ်တယ် မုံဟု ဆိုလာလျှင် သူတို့မျက်နှာကို တည့်တည့်ကြည့်ကာ ဟားတိုက်ရယ်မောမြဲ၊ ပါးစပ်မှာတေ့ထားသော စီးကရက်ကို လက်ကြားပြောင်းညှပ်လိုက်ပြီး မီးခိုးငွေ့များကို သူတို့မျက်နှာပေါ် မှုတ်ထုတ်လိုက်တတ်မြဲပေ။ တကယ်တော့ မုံက လူညာတွေဟုဆိုကာ သူတို့ပါးပြင်ကို ဖြန်းကနဲနေအောင် ရိုက်လိုက်ချင်တာသာဖြစ်သည်။ ကောင်ကလေးပေးခဲ့သော နာကျင်မှုအတွက်၊ မုံ့ဘဝ ခုလို ဇောက်ထိုး ဖြစ်ခဲ့ရတဲ့အတွက်ပေါ့။ အို….မဟုတ်သေးပါဘူး၊ မုံကိုက ချစ်ခဲ့မိသည်ပဲ မဟုတ်လားဟု တွေးမိပြန်တော့ ရှိန်းကနဲနေအောင် အရှက်တို့ သွေး၌လှည့်ပတ်ပြန်လေသည်။

သည်ညတော့ မုံသည် ဘယ်နှစ်ခွက်မှန်းမသိသော အရက်တို့ကို သောက်သည်။ ထပ်ကာထပ်ကာဖြည့်၍ပေးသော ဝိုင်အနီတို့ကို ကျိုက်ကနဲ မော့ချသည်။ အရက်၊ ဝိုင်နှင့်ဘီယာ သုံးပင်လိမ်သော် မုံသည် လူမှန်းမသိတတ်တော့။ ကလပ်ထဲမှ ထွက်လာ၍ လမ်းမပေါ်ရောက်လျှင် လမ်းတို့သည် ခွက်ဝင်သွားလိုက် မောက်တက်လာလိုက်နှင့် လူးဖယ်လျှက်ရှိသည် ထင်၏။ မုံ့ခြေလှမ်းတို့ကို လမ်းအခွက်အမောက်အတိုင်း ဖိနင်းလိုက်၊ ဖွနင်းလိုက်နှင့် မုံသည် ယိုင်ထိုးလျှက်ရှိလေသည်။ စိတ်ကောင်းရှိသော ကားမောင်းသူ လူကောင်းကလေးတစ်ယောက်ကြောင့်သာ မုံ အိမ်သို့ တန်းတန်းမတ်မတ် ပြန်ရောက်သည်။

မုံ့ရှေ့မှာ ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်လျှက်ရှိပြီ။ မတ်တတ်ပင်ကောင်းစွာ မရပ်နိုင်တော့။ ပူလွန်းလှ၍ ကိုယ်ပေါ်ရှိ အဝတ်အစားများကို ဆွဲချွတ်ကာ ကုတင်ပေါ် သည်အတိုင်းပစ်ပုံလိုက်ရင်း အိမ်သာထဲဝင်၊ အပေါ့သွားဖို့ ပြင်လေသည်။ ပြီးသော် မုံသည် ကိုယ်ကိုမနိုင်ဘဲ အိမ်သာအိုးအနီးတွင် ပုံရက်သားလဲလေ၏။ ရင်တစ်ခုလုံး ပြည့်တက်လာကာ နားထဲမှ လေများထွက်ပြီး ဝေါ့ကနဲထိုးအန်တော့သည်။ အန်ပါများသော် မုံသည် အိမ်သာအိုးထဲ ခေါင်းစိုက်ကာ လက်နှစ်ဘက်ဖြင့် အိမ်သာအိုးကို ဖက်လျှက်သားရှိလေသည်။ အူတွေ အသည်းတွေ ပြတ်ထွက်တော့မလား ထင်ရအောင် အန်သည်။ လေတွေချည်းကျန်တော့သည်အထိ အန်ပစ်သည်။ ဘာမှ မကျန်တော့၊ ဗိုက်ထဲမှာ ဘာမှ မကျန်တော့သည်အထိ အန်ပြီးသော် လေးဘက်ထောက်သွားကာ ကုတင်ဆီ တရွေ့ရွေ့ ရွှေ့သည်။ ခုတင်ဘေးမှ ဖုန်းကို ကောက်ယူကာ နံပါတ်တစ်ခုကို ကြိုးစားလှည့်သည်။ တစ်ဘက်မှ ဘာဖြေသံမှ မကြားရသေးခင်မှာပင် မုံ့လက်မှ ဖုန်းသည် ဒေါက်ကနဲ ပြုတ်ကျတော့သည်။ 

ခုမှပင် မုံ့ဘဝသည် မှောင်အတိနှင့် ပြီးတော့၏။  မုံ ဘာဆို ဘာမှ မသိတော့….

@@@@@@@@@@@@@@@

ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည် မသိ။ မုံ နိုးလာတော့ ခါတိုင်းထက် လန်းဆန်းလျှက်ရှိသည်။ ရုတ်တရက် ထမည်ပြင်သော် စူးကနဲအသိကြောင့် တိတ်နှင့်ဆွဲကပ်ကာဖိထားသော လက်ဖမိုးမှ အပ်ကို မြင်သည်။ အပ်သည် မုံ့လက်ဖမိုးအကြောထဲထိုးစိုက်လျှက် ထိုမှတစ်ဆင့် ဆေးရည်အကြည်များ မုံ့ကိုယ်ထဲ စီးဝင်နေသည်။ ဒါကြောင့် မုံ အားရှိတာနေမည်။ နေပါဦး၊ မုံ ဒီကို ဘယ်လိုရောက်လာတာပါလိမ့်။ သိပြီ။ မုံ တအားမူးနေတဲ့ညက… တစ်စုံတစ်ယောက်ဆီ ဖုန်းလှည့်မိခဲ့တာ မှတ်မိသည်။ ကို….။ 

 မုံ သေလောက်အောင် မူးခဲ့ အန်ခဲ့တာ သတိရသည်။ မုံမျက်ဝန်းတို့ကို ပြန်လည် မှိတ်ထားလိုက်သည်။ မျက်ရည်များ….။ မငိုပါဘဲ မုံ့ပါးပြင်ပေါ်မှာ မျက်ရည်များ တပေါက်ပေါက်ကျလို့နေသည်။ မုံဟာ ဘာကြောင့်များ တခါတည်း သေမသွားတာပါလိမ့်။ သေသွားရင် ကောင်းမှာ၊ အမိုက်ဇာတ်သိမ်းမှာဟု မုံတွေးသည်။ ခုတော့ မုံ ရှင်လျှက်နှင့် ဝဋ်ခံရပေဦးမည်။

ထိုခဏမှာပင် မုံ့ပါးပေါ်မှ မျက်ရည်များကို လက်ကိုင်ပုဝါနှင့် တို့သုတ်ပေးနေသလို ခံစားလိုက်ရသည်။ မျက်နှာပေါ်မှ နုညံ့သောအတွေ့ကြောင့် မျက်လုံးများကို အားယူကာ ဖွင့်ကြည့်လိုက်မိသည်။ ဝိုးတဝါး  ပုံရိပ်တစ်ခု။ မျက်ဝန်း၏ဆုံချက်က ချက်ချင်းတော့ မပြတ်သားသေး။

ရင်းနှီးလွန်းခဲ့သော မျက်ဝန်းတစ်စုံ၊ ကြင်နာတတ်သောမျက်ဝန်းများနှင့် ကို……။ မုံ့ဘေးမှာထိုင်ကာ မုံ့လက်ကလေးကို ဖွဖွကိုင်ထားလျှက်ရှိနေသည်။ မုံသည် တစ်ခုခုပြောချင်လွန်းကာ ဘာစကားမျှ နှုတ်က ထွက်ကျမလာ။ ကိုက မုံ့နှုတ်ခမ်းပေါ်ကို သူ့လက်ညှိုးကလေးနှင့်တေ့ကာ ဘာမှမပြောနဲ့ဦး၊ နေသာသလို နေဦးဟု ဆိုသည်။ မုံ ခေါင်းညိတ်ပြလိုက်မိသည် ထင်၏။ နောက်တော့ မုံ ဘာမှ မသိတော့ပြန်။ ပြန်လည်၍ အိပ်မောကျသွားကာ ထိုညက အိပ်မက်ဆိုးတို့ မုံ့ထံ ရောက်မလာခဲ့ပေ။

@@@@@@@@@@@@@@@

မုံ ဆေးရုံမှဆင်းလာပြီးစမှာ ကိုက မုံ့ထံ တစ်ခေါက်နှစ်ခေါက်မျှ လာကြည့်သေးသည်။ မုံ နေကောင်းပြီ၊ ပုံမှန်နေထိုင်စားသောက်နိုင်ပြီဟု စိတ်ချလက်ချရှိသော် နောက်ထပ် ပေါ်မလာတော့။ တစ်ခုခုဆို ဖုန်းဆက်လိုက်နော်ဟု မှာကာ နောက်လှည့်မကြည့်စတမ်း ထွက်သွားလေ၏။

မုံသည် တစ်ယောက်ထဲနေ့ရက်များကို ဖြတ်သန်းရပြန်သည်။ သို့သော် အရင်လို မမိုက်တော့။ နေချင်သလို မနေတော့၊ စာသင်နှစ်အသစ်အတွက် ပြဌာန်းစာအုပ်များကို လေ့လာကာ စာသင်ရန် ပြန်လည်ပြင်ဆင်သည်။ ကျောင်းဆရာမလေးဘဝကို မုံ လွမ်းသည်။ ကျောင်းကြီးနှင့် စာသင်ဖော်စာသင်ဖက်များ၊ တပည့်များသည် မုံ့ကို အရင်ကလို ကြိုဆိုမည်လား၊ အရင်ကလို လှိုက်လှဲနွေးထွေးစွာ လက်ခံနိုင်ပါတော့မည်လား၊ မုံ တွေးရင်း ဝမ်းနည်းရသည်။ လက်မခံနိုင်လည်း ရှိစေတော့၊ မုံက မိုက်ခဲ့သည်ပဲ။

မနေ့ကတော့ ကို့အစ်မကြီး မမမေဦးထံမှ ဖုန်းလာသည်။ သားက ဒီနေ့ ကျောင်းအပ်ရတော့မည်ဟု ဆိုသည်။ သူငယ်တန်း စတက်ရတော့မည့် သားကလေးကို မုံ တွေ့ချင်လှသည်။ တစ်ခြားကလေးငယ်တွေ မိစုံဘစုံနှင့် ကျောင်းအပ်ချိန်မှာ သားကလေးများ မျက်နှာငယ်နေမလား….။ မုံ ငိုချင်လာသည်။ စိတ်ကိုတင်းကာ ရေချိုး အဝတ်အစားလဲသည်။ သားတက်ရမည့် ကျောင်းကို မုံ သွားရမည်။

လူတွေ၏ အကြည့်မြားစူးတို့ မုံ့ကိုယ်မှာ ဝင်ရောက် ဆူးစိုက်ပါစေတော့၊ မုံ ရင်ဆိုင်ရဲရမည်ပေ။

@@@@@@@@@@@@@@@

မုံ့ကိုတွေ့တော့ ကို့မျက်နှာက ဝင်းပလို့သွားသည်။ “မေမေလာပြီ”ဟု ဆိုကာ သားလက်ကလေးတစ်ဘက်ကို မုံ့လက်ထဲ ထည့်သည်။  သားက ရုတ်တရက်မို့ ကြောင်နေကာ နောက်မှ မေမေဟု ခေါ်လေသည်။

“မုံ့ကို သားက သိပါတယ်။ မေမေက ဟိုးအဝေးကြီးကို ခဏသွားနေတာ သားရဲ့လို့ ကိုက ပြောပြထားတယ်လေ”

မုံသည် ငိုမိတော့မလိုမျက်နှာနှင့် အားတင်းပြုံးပြလိုက်ကာ ကျေးဇူးတင်ပါတယ်ကိုရယ်လို့ အသံတုန်တုန်နှင့် ပြောလိုက်မိသည်။ ကျောင်းအပ်ဖို့ လျှောက်လွှာဖြည့်ကြတော့ မိခင်အမည်ဆိုသောနေရာမှာ ဒေါ်ကျော့ယမုံ ဟု ဖြည့်ရင်း မုံဟာ သားမေမေနေရာမှာ ထိုက်တန်ပါသေးရဲ့လားဟု နင့်ကနဲခံစားရပြန်သည်။ ကို့မျက်နှာကတော့ ပြုံးချိုရွှင်လို့။ မုံ့မှာသာ…အပြစ်တို့နှင့် ထိုက်တန်စွာ ရဲရဲမပျော်ဝံ့။

ကျောင်းအပ်အပြီးမှာ သားသားတို့အတန်းပိုင်က ဒီနေ့တော့ ကလေးတွေကို ပြန်ခေါ်သွားလို့ရတယ်ဆိုသည်နှင့် သားသားကို အိမ်ပြန်ခေါ်ခဲ့ဖို့ ကိုက ဆုံးဖြတ်သည်။ ကလေးကို သူ့မေမေနှင့်အတူ နေပါစေဦးဟု ကိုက ဆိုသည်။

အိမ်ရောက်တော့ မမဦးချက်ထားသော နေ့လည်စာကို မိသားစုသုံးယောက် အတူစားကြသည်။ ကိုက မုံ့ပန်းကန်ထဲ ဟင်းတွေ ထည့်ပေးရင်း မုံ အရမ်းပိန်နေတယ်၊ များများစားဟု ဆိုသည်။ ခဏနေတော့ မုံနှင့်ကို့ကို နှစ်ယောက်ထဲ ထားခဲ့ကာ သားကို မမဦးပဲ ထမင်းခွံ့လိုက်မယ်ဆိုကာ ထမင်းဝိုင်းမှ ခေါ်သွားလေသည်။ ထိုအခါမှ ကိုက မုံ့မျက်နှာကို သေချာကြည့်သည်။ မုံသည်လည်း ကို့မျက်နှာကို သေချာပြန်ကြည့်မိသည်။

“မုံ သိပ်ပိန်တာပဲ”

“ကိုရောပဲ ပိန်တယ်၊ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေးတွေလည်း သေချာ မရိတ်မသင်နဲ့၊ ကြည့်လို့လည်း မကောင်းဘူး”

“ဟောဗျာ ဒါတောင် ဒီနေ့ သားသားကျောင်းအပ်မှာမို့လို့  ကို သပ်သပ်ရပ်ရပ်ဖြစ်နေတာ။ မိန်းမပစ်သွားကတည်းက 
ကိုယ့်ကိုယ်ကို ဖြစ်သလို ပစ်ချထားတာ၊ အဲဒါ မုံ မသိဘူးလား”

“ကို မုံလေ  ကို့ကို ကန်တော့ပါရစေ”

မုံသည် ခုံပေါ်ထိုင်နေရာမှ ကြမ်းပြင်ပေါ် ကြုံ့ကြုံ့လေးထိုင်ချကာ ကို့ခြေဖဝါးကို နဖူးနှင့်ထိအပ်လျှက် ကန်တော့လေသည်။

“ဟာ မုံ  ထ ထပါကွာ၊ ကို ခွင့်လွှတ်ပါတယ်၊ ဟာ မငိုပါနဲ့ မငိုပါနဲ့တော့ မုံရယ်”

ပြောရင်းက ကြာငုံဖူးလို ယှက်ထားသော မုံ့လက်ကလေးနှစ်ဘက်ကို ဆွဲယူကာ ထူထစေသည်။

“ဟင့်အင်း ငိုပါရစေ မုံ ငိုပါရစေ ကိုရယ်”

ပြောပြီး မုံက ကလေးတစ်ယောက်လို ဝမ်းပန်းတနည်း ဟီးကနဲ ငိုချလေတော့သည်။

“ကိုပြောမယ် မုံ၊  လူဆိုတာ မှားတတ်တာပဲ။ မုံက ပင်ကိုယ်စိတ်ကိုက တဇွတ်ထိုးလုပ်တတ်တာ၊ အဲဒါတွေကိုလျှော့ ဟုတ်ပြီလား။ လုပ်ပြီးမှ မှားမှားမှန်မှန် ခံလိုက်မယ်ဆိုတာထက် မလုပ်ခင်က သေချာစဉ်းစား၊ နောက်ကပါလာမယ့် အကျိုးဆက်တွေကိုပါ ထည့်စဉ်းစား၊ ပြီးမှ လုပ်သင့် မလုပ်သင့် ဆုံးဖြတ်၊ နားလည်လား၊ မုံဟာ မငယ်တော့ဘူး။ စိတ်ကို အလိုမလိုက်နဲ့၊ စိတ်မိုက်စိတ်ရိုင်းကို ချွန်းအုပ်၍ ကောင်းမွန်စွာ ထိန်းကျောင်းနိုင်မှ ပြည့်စုံတဲ့ကိုယ်ကျင့်တရားကို ရမယ်တဲ့ ကိုယ် ဖတ်ဖူးတယ်။ ကျောင်းဆရာမကြီး တစ်ယောက် ဖြစ်နေပြီ။  တပည့်တွေကို ပဲ့ပြင်တည့်မတ်ပေးရမဲ့အစား မုံကိုယ်တိုင်က မိုက်နေတော့ ကလေးတွေကို ဘယ်လို ဆုံးမမလဲဟင်”

တကယ်ဆို မုံက လွန်ခဲ့တဲ့ လေးနှစ်ခန့်ကလို မုံ့ပါးကို မရိုက်ရုံတမယ်ရွယ်ခဲ့တာမျိုး မဟုတ်ဘဲ နာကျင်သွားအောင် ရိုက်လိုက်စေချင်တာ။ ဒါပေမယ့် ကိုက လက်ဝါးလေးနှင့်တောင် မရွယ်ပေ။ ဆူးတစ်ချောင်းသည် ခပ်ကြီးကြီး ခပ်မာမာမြင်သာပါက နှုတ်ရထွင်ရလွယ်ကူလျှက် ပါးပါးမျှင်မျှင် မမြင်သာသော် ထွင်ရခက်လှမည်ပေ။ ကိုသည် အလုံးစုံသောခွင့်လွှတ်ခြင်းဖြင့် မုံ့နှလုံးသား၌ ဆူးခပ်မျှင်မျှင်တစ်ချောင်းကို မမြင်သာအောင် ထုတ်ချင်းခတ် ပေးလိုက်လေပြီ။ မုံ့ဘဝတစ်ခုလုံး နှလုံးသားတို့ မျက်ရှနေအောင် တမြေ့မြေ့ခံစားလောင်ကျွမ်းရတော့မည်ဟု မုံ သိနေသည်။

“ကဲ စားပြီးရင် ပြန်တော့နော်၊ မုံ့အိမ်အထိ ကို လိုက်ပို့မယ်”

“ဟင်  မုံက ပြန်ရမှာလား”

“အေးပေါ့ ဘာလဲ မုံက မပြန်ချင်ဘူးလား”

“အင်းလေ ကိုသိလား၊ တိုက်ခန်းသော့ကို ဖေဖေတို့ဆီ ဒီမနက်ပဲ မုံ ပြန်အပ်လိုက်ပြီ”

“ဟာ…တကယ်လား၊  တကယ်လား မုံ၊ ကိုတို့ မိသားစုလေး တူတူပြန်နေရတော့မယ်ပေါ့၊ ဟား ပျော်လိုက်တာ မုံရာ၊ မုံ သိလား ကိုလေ မုံ့ကို သိပ်ချစ်တယ်၊  ခုထိလည်း တစ်စက်ကလေးမှ မလျော့ဘူး။ အရင်ကလိုပဲ အရင်ကအတိုင်းပဲ သိလား မုံ”

“ကျေးဇူးတင်ပါတယ် ကိုရယ်၊ မုံ့အပေါ် မေတ္တာမပျက်တာ၊ ချစ်နေတုန်းပဲဆိုတာသိရလို့ မုံ ဝမ်းသာတယ်။ မုံ လိမ်မာပါတော့မယ် ကိုရယ်၊ မုံလေ ဘယ်တော့မှ မမိုက်တော့ဘူး နော် ကို” နှုတ်က ဖွင့်ဆိုရန် မုံ မရဲပါ။ စိတ်ထဲမှသာ တိုင်တည်ပြီး ကို့ကို ကတိတွေ ပေးနေမိသည်။

“ဖေဖေ သားကို ထမင်းခွံပါ။ ကြီးကြီးမေခွံ့တာ သားမစားချင်ဘူး၊ ဖေဖေပဲခွံ့”

“အာ….သားကလည်းကွာ…”

မုံ့မျက်နှာနားကနေ ခွာလိုက်ရင်း သားသားကို ပြောလိုက်တဲ့ ကို့အီလည်လည်စကားသံကြောင့် မုံ ရယ်မိတော့သည်။ ကိုကလည်း မချိုမချဉ်မျက်နှာနှင့် မုံနှင့်အတူရောယောင်ရယ်သည်။

“ကိုတို့ မိသားစုလေး ဒီလိုပဲ အမြဲပျော်ပျော်နေသွားကြမယ် နော် မုံ”

“ဟုတ် ကို….”

နွမ်းနယ်ပါးလျသော်လည်း ကြည်လင်သော မုံ့မျက်နှာလေးကိုကြည့်ကာ ကျွန်တော်နှစ်လိုအားရစွာ ပြုံးမိပြန်သည်။

“ကျွန်တော်နားလည်ပါတယ် အစ်ကို၊ စိတ်ချပါ”ဟု ခေါင်းလေးငုံ့ကာ ကတိပေးခဲ့သော၊ အမှားတစ်ခုအတွက် ခွင့်လွှတ်ပေးပါရန် ဝန်ချတောင်းပန်ခဲ့သော ကောင်ကလေးမျက်နှာကို ပြန်လည်မြင်ယောင်ရင်း “ကျေးဇူးပါ ညီ”ဟု စိတ်ထဲမှ ဆိုမိသည်။

ကောင်ကလေးနှင့်ကျွန်တော့်အကြား အမျိုးသားချင်းရှိအပ်သော နားလည်မှု၊ ညှိနှိုင်းမှု၊ အပေးအယူ ဒါတွေကို မုံ သိစရာမလို။

ကျွန်တော် မုံ့ကို ဘယ်တော့မှလည်း ပြောပြဖြစ်လိမ့်မည် မဟုတ်ပေ။
 

ပြောပြန်ရင်လည်း…..

$
0
0
တစ်နေ့က ကိစ္စလေးတစ်ခုရှိလို့ အပြင်သွားတော့  စူပါမားကတ်သုံး လက်တွန်းလှည်းသုံးခုကို အထက်အောက်ဖြစ်သလို ဆင့်ပြီး လမ်းဘေးပစ်ထားတာ တွေ့လိုက်ရတယ်။ 


လမ်းထောင့်မှာမို့ ကားအရှိန်လျော့တုန်းလေး ဖုန်းနဲ့ အလျှင်အမြန်လှမ်းရိုက်လိုက်တယ်။ ဒီလိုမြင်ကွင်းမျိုး တွေ့တွေ့နေတာ ကြာပါပြီ။ တခါတလေ ကျွန်မတို့နေတဲ့ တိုက်အောက်မှာ လက်တွန်းလှည်းတွေကို ကြွက်မြီးတန်းသလို အတန်းလိုက်ကြီး တွေ့ရတတ်သေးတယ်။

လူတွေ အတော်စည်းကမ်းမဲ့လာပါလားလို့ တွေးမိတယ်။  ဒါကြောင့် တချို့ စူပါမားကတ်တွေက စက်လှေကားအဆင်းမှာ စတီးတိုင်တွေ ထောင်လို့ လက်တွန်းလှည်းတစ်ခုစာ ဝင်လို့မရအောင် ဘလောက်လုပ်ထားတတ်ကြတာ။ 

တစ်ခါထပ်ပြီးတွေ့ခဲ့ရတာက အိမ်တစ်အိမ်ရှေ့မှာပါ။  အိမ်တံခါးဘေးနားမှာ ပြတင်းပေါင်နဲ့ လက်တွန်းလှည်းကို တွဲပြီး သော့တောင်ခတ်ထားလိုက်သေးတဲ့ ပိုင်နိုင်မှုကို တွေ့ရတော့ ကျွန်မ အတော်လေး စိတ်လေသွားမိတယ်။ 

 
စင်ကာပူက ပြီးခဲ့တဲ့ ဆယ့်လေးငါးနှစ်လောက်တုန်းကနဲ့စာရင် နိုင်ငံခြားသားအလုပ်သမားတွေ များပြား လာလိုက်တာ။ ကော်လာဖြူ ကော်လာပြာတွေ ကျောင်းလာတက်ကြသူတွေ ရင်းနှီးမြှုတ်နှံဖို့လာကြသူတွေ အစုံပါပဲ။ များသောအားဖြင့် အာရှသားတွေ ပိုများတယ်။ ဒီတော့ စင်ကာပူခမျာ မတစ်ထောင်သား အုပ်ထိန်းနေရတဲ့ ဖခင်ပီတာကြီးနဲ့ တူတူလာတယ်။

ခုလို စည်းကမ်းမဲ့တာမျိုး အရင်က သိပ်မတွေ့ရဘူး။ ပြောရရင် သူတို့နိုင်ငံသားတွေက ဥပဒေနဲ့ စည်းကမ်းနဲ့ ကိုင်တွယ်ထားတဲ့ ဘောင်ထဲမှာ နေနေကျဖြစ်နေပြီ ဆိုရမယ်။ စည်းကမ်းရှိတယ်ဆိုတာထက် တင်းကြပ်ထားတဲ့ ဥပဒေနဲ့ အရေးယူမှုတွေကို ကြောက်တတ်ကြတယ်ဆိုရင် ပိုမှန်လိမ့်မယ်။

ခုလို စည်းမဲ့ကမ်းမဲ့တွေဟာ တစ်နေ့ထက်တစ်နေ့ တိုးတိုးပြီး ဝင်ရောက်လာနေ တဲ့ နိုင်ငံခြားသားတွေကြောင့်များလားလို့ တွေးလိုက်မိတော့ ကျွန်မ ကြားဖူးခဲ့တာလေးတစ်ခုကို ဖျတ်ကနဲ သတိရသွားတယ်။ (ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလို ဟာသတစ်ခုပါ၊ တကယ့်အဖြစ်အပျက်တော့ မဟုတ်ဘူး ထင်ပါရဲ့)

တစ်ခါက ခွင့်နဲ့အလုပ်က ပြည်တော်ပြန်လာတဲ့ မြန်မာနိုင်ငံသားတစ်ယောက်နောက်ကို အလုပ်ရှင် ဂျပန်လူမျိုးကြီးက အလည်လိုက်ပါလာသတဲ့။ တစ်နေ့တော့ ဟိုဟိုဒီဒီသွားနေရင်း လမ်းဘေးမှာ ရှူရှူပန်းနေတဲ့ ကိုရွှေမြန်မာများကိုတွေ့တော့ ဂျပန်ကြီးက နှာခေါင်းရှုံ့ပြီး ကဲ့ရဲ့ပြစ်တင်စကားဆိုပါရော။ ကိုမြန်မာမှာ ပြန်မပြောသာပေမဲ့ စိတ်ထဲကတော့ တယ်မကျေနပ်ချင်ဘူးပေါ့။ ဒါလေးများ တို့တွေက စာမဖွဲ့သေးဘူးလို့ တွေးမိမှာပေါ့လေ။ ဒီလိုနဲ့ စိတ်ထဲ ခပ်တင်းတင်းလေး တေးမှတ်ထားလိုက်တယ်။

ခွင့်ရက်စေ့လို့ ဂျပန်ပြန်သွားကြရတဲ့အခါ တစ်နေ့မှာ သတင်းစာထဲ ထူးဆန်းတဲ့ သတင်းတစ်ခုပါလာသတဲ့။ လမ်းဘေးရှူရှူးပန်းတဲ့လူတစ်ယောက်ကို ရဲစခန်းက ဖမ်းမိထားတယ်ဆိုတဲ့ သတင်းပါ။ အဲဒီမှာ ကိုရွှေမြန်မာက ပြုံးပြုံးကြီးကြည့်ပြီး တွေ့ပြီလား မင်းတို့ ဂျပန်မှာလည်း ဒီလို လမ်းဘေးရှူရှူပန်းတဲ့ကောင်တွေရှိသကွလို့ ဆိုသတဲ့။ ဒါနဲ့ ဂျပန်ကြီးက အဲဒီရဲစခန်းဟာ တို့အလုပ်နားတင်ကွ၊ လာ သွားကြည့်ကြရအောင်ဆိုပြီး သွားကြည့်ကြတဲ့အခါ အဲဒီရှူရှူးပန်းတဲ့သူဟာ ကိုရွှေမြန်မာတစ်ယောက်ဖြစ်လို့နေပါသတဲ့။

အဲဒီဟာသအဆုံးမှာ ကျွန်မ မရယ်နိုင် မပြုံးနိုင်ဖြစ်ခဲ့ရဖူးတယ်။

နိုင်ငံခြားသားတွေ၊ အထူးသဖြင့် အာရှသားတွေ များများလာနေတဲ့ စင်ကာပူမှာ ခုလို စည်းမဲ့ကမ်းမဲ့တွေ တွေ့ရတိုင်း တွေ့ရတိုင်း အဲဒီစည်းမဲ့ကမ်းမဲ့မှုတွေဟာ ကျွန်မတို့ မြန်မာတွေကြောင့် မဖြစ်ပါစေနဲ့လို့သာ..... 

                                                                                                     

သူ့တရား....

$
0
0
စာရေးဆရာဆိုသည့်လူတန်းစားများကို စာရေးဆရာဟု မည်သို့မည်ပုံ သတ်မှတ်ခေါ်တွင်သည်လဲ ကျွန်မ မသိပါ။ ကျွန်မ ဘလော့ဂ်မှာ စာစရေးစဉ်က ဘယ်သူဘာပြောပြော ကိုယ့်ကိုယ်ကို ဘလော့ဂ်ဂါဟု ခပ်တည်တည် သတ်မှတ်ကာ ရေးပါသည်။ ထိုမှ လက်စမ်းသည့်အနေနှင့်ရော အားစမ်းသည့်အနေနှင့်ပါ စာမူလေးများ ဟိုဟိုဒီဒီပို့ကြည့်ရာ ပုံနှိပ်ဖော်ပြခံစာမူလေးများရှိလာပါသည်။ ထိုစာမူကလေးများ များလာ၍ ဝတ္ထုတိုစာအုပ်လေးတစ်အုပ် စုစုစည်းစည်းထုတ်ပြီးချိန်တွင်မူ စာရေးဆရာ၊  ဆရာမဟူသော ဝေါဟာရနှင့် ကျွန်မ မဖြစ်မနေကျွမ်းဝင်လာရပေတော့၏။ ဘလော့ဂ်လောကတွင် စာရေးသူများတစ်ယောက်နှင့် တစ်ယောက် နာမည်အဖျားစွတ်ကာ ခင်မင်သမှုနှင့်ခေါ်တွင်သကဲ့သို့ ပုံနှိပ်လောကတွင်လည်း စာရေးသူများ တစ်ဦးနှင့်တစ်ဦး ဆရာ ဆရာမဟု လေးစားသမှုနှင့်ခေါ်ဆိုကြသည်ကို သိလာရသည်။

ကောင်းလှပါ၏။  အစ၌မူ ကျွန်မကို ဆရာမဟု ခေါ်လိုက်တိုင်း တွန့်ကနဲ တွန့်ကနဲဖြစ်သွားတတ်သော် လည်း ယခုတော့ အတော်လေးနားယဉ်စပြုလာပြီ ဆိုရမည်ပေ။  ကျွန်မအနေဖြင့် စာရေးဆရာကို ထိုကဲ့သို့ ဆရာ ဆရာမတပ်ခေါ်သူများ၏ အသံကိုပါ ခွဲခြမ်းခံစားတတ်စပြုပြီဟုလည်း ဆိုနိုင်ပါသည်။ သူတို့၏အသံသည် ပကတိ အဖြူအရှင်းဖြစ်၏။

ကျွန်မအိမ်ကလူကြီးကို ကိုပန်းသီးဟု သိကြ ခေါ်တွင်ကြပါသည်။ ထိုကိုပန်းသီး၏ ဆရာမခေါ်တွင်သံကား အရောင်စွက်နေ၏။  အကဲပါနေ၏။ (ဝါ) ငေါ့တော့တော့ဖြစ်နေ၏ဟုပင် ဆိုရချိမ့်မည်။

ကျွန်မဘာကြောင့် အသို့ဆိုရသနည်း။ ဆက်ဖတ်ပါ။ ကြိုးစားရှင်းလင်းပါအံ့။

ခုတစ်လော   ကိုပန်းသီးနှင့်ကျွန်မ ညနေညနေဆို လမ်းကလေးဘာလေးထွက်လျှောက်ဖြစ်ကြပါသည်။ ကျန်းမာရေးအတွက်ဟုပင် ဆိုပါစို့။ တကယ်တမ်းတော့ ကွန်ပြူတာကြီးပျောက်သွားမှာ စိုးစိတ်နှင့် တစ်နေကုန် ကွန်ပြူတာထဲ ခေါင်းဝင်တော့မတတ်ထိုင်နေသောကျွန်မအား အညောင်းမိမှာ စိုးသောကြောင့်ဟု သူက ရိုးသားစွာပင် သရော်ကမော်ဝန်ခံပါသည်။

တစ်နေ့ လျှောက်လာကြရင်း လမ်းပေါ်မှာ ကန့်လန့်ဖြတ်သစ်ကိုင်းတစ်ခုကိုတွေ့သော် ကျွန်မက ခွကျော်ပြီး သူက အသေအချာကုန်းကောက်ကာ လူသွားလမ်းနှင့်လွတ်ရာသို့ သွားရောက်ချထားလေ သည်။ နောက်တစ်နေ့ ထိုကဲ့သို့ပင် လမ်းလျှောက်ကြစဉ် လမ်းပေါ်တွင် တစ်တောင်ခန့်ရှည်လျားသော သံချောင်းတစ်ချောင်းတွေ့ရပြန်ရာ သူက အမှိုက်ပုံးနားရောက်သည်ထိ လက်ကကိုင်လာခဲ့လေသည်။ အမှိုက်ပုံးတွေ့သောအခါ ပုံးထဲလည်းမထည့်ဘဲ ပုံးဘေးနားကပ်လျှက် လှဲချထားကာ အသုံးတည့်တဲ့သူတွေ့ရင် ယူပါစေဟု ထားခဲ့လေသည်။ သည်လူကြီး အဲသည်လိုစိတ်လေးကတော့ ချစ်ခင်ဖွယ်ရာ။

ကျွန်မသည် ဆားငံစေ့လို ဆီးသီးလိုမျိုး စားပြီးလျင် အထဲကအစေ့ကို အိမ်ပြတင်းပေါက် အကွက်ကလေးတွေထဲ ဝင်အောင် ပစ်ပစ်ထည့်တတ်သည်။ ထိုလက်ရည်သည် တစ်ယောက်ထဲ စမ်းလျှင် အတည့်၊ ကိုပန်းသီးရှေ့ရောက်သော်မှ ပြတင်းဘောင်ထိကာ အိမ်ထဲသို့ ထောက်ကနဲ ပြန်ကျတတ်လေ၏။ ထိုအခါ သူက မျက်လုံးပြူးကြီးများ ပဏာမပို့လွှတ်ကာ နောက်ဆက်တွဲ တစ်ခွန်းတည်းသော စကားကို ဆိုလေသည်။

စာရေးဆရာမ လုပ်နေပြီးတော့ ဟူ၍ ဖြစ်ပါသည်။

ဘယ့်ကလောက်များ အငေါ်တူးသည့် စကားပါလဲ။ စာရေးဆရာမဟူသော သူ့အခေါ်တွင် ငေါ့တော့တော့ အသံက အော်တိုမက်တစ်ကပ်ပါသည်။ လုပ်နေပြီးတော့ဟူသော စကားတွင် အပြစ်တင်သံ တင်းပြည့်ကျပ်ပြည့်ပါဝင်သည်။ မခက်ပါလား….။  အဲသလို စည်းကမ်းမရှိ မလုပ်နဲ့လေဟု ရိုးရိုးတန်းတန်းများ ပြောလိုက်ပါတော့လား၊ အပြစ်တင်ပါတော့လားဟုသာ တမ်းတမိသည်။ ခုတော့….။

တခါတလေ ကျွန်မသောက်လေ့ရှိသော သံဗူးဖျော်ရည်များကုန်၍ သံဗူးခွံကို အမှိုက်ပုံးထဲ စံနစ်တကျ စွန့်ပစ်မည် ကြံသော် သူက လက်မခံ။ 

"ဒီမှာ ကြွပ်ကြွပ်အိတ် တွေ့လား၊ အဲဒီအထဲမှာ စုထည့်ထား၊ ကိုယ် ရုံးသွားရင် ယူသွားမယ်။ ရုံးက အဖွားက သံဗူးခွံတွေ စုတာ။ ရီဆိုင်ကယ်သမားတွေကို ပြန်ရောင်းတာ တဲ့။ ကုသိုလ်ရပါတယ်ကွာ"

သံဗူးခွံလေးတွေများလာတိုင်း ချပ်နေအောင်ပြားလိုက်ကာ ထိုအပြားကလေးများကို အိတ်တစ်လုံးထဲ ထည့်၍ သူ့ရုံးသို့ ယူသွားတတ်ပါသည်။ စိတ်လက်ရှည်သူပေ။ ကျွန်မက သူ့လို စိတ်မရှည်။ လစ်ရင်လစ်သလို လွှင့်ပစ်လိုက်တတ်ပါသည်။

နောက်တစ်ခုက ကတ်ထူစက္ကူတွေ ဖြစ်သည်။ ရန်ကုန်ကလာသော ရွှေပုဇွန်ကိတ်မုန့်ထုတ်ပိုးသည့် စက္ကူဘူးမျိုး၊ အထူအရွယ်မျိုးဖြစ်၏။  ကျွန်မက ကတ်ထူဘူးများကို အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သော်လည်း သူက မကြိုက်ပြန်။

"ဒီမှာလေ ဒီအိတ်ထဲမှာ စုထည့်ထားမှပေါ့။ ဒီလို ကတ်ထူတွေက ရီဆိုင်ကယ်လုပ်လို့ရတယ်။ ရီဆိုင်ကယ်လုပ်ရန်ဆိုတဲ့အထဲကို ပစ်ရမှာ။ ကြားလား အဲ့မှာ ထည့်ထား"

သူက အဲသည်လို စည်းကမ်းတိကျသူ၊ ကျွန်မက လစ်ရင်လစ်သလို စည်းကမ်းဖောက်သူ။

"မှတ်ထား၊ ဒါတွေက တစ်ဦးချင်းတစ်ယောက်ချင်းက စမှရမှာ။ အဲဒီကနေ တစ်အိမ်ထောင်၊ အဲဒီကနေ တစ်ရပ်ကွက်၊ အဲဒီကနေမှ တစ်မြို့နယ်…။ ဒီလိုပဲ သွားရမှာ။ ကိုယ်တို့လို သာမန်လူမပြောနဲ့ စာရေးနေတဲ့သူတွေဆိုတာ  ဒီလိုအသိမျိုး ပိုလို့တောင်ရှိသင့်တယ်"

"ဟမ် စာရေးဆရာဆိုတာလည်း လူတွေထဲက လူတွေပဲလေ၊ အကိုးကွယ် အဆည်းကပ်ခံရလောက်အောင်၊ အတုခိုးရလောက်အောင် ကောင်းသူတွေလို့ ဘယ်သူက ပြောသတုန်း"

ကျွန်မစိတ်ထဲက တိတ်တိတ်လေး စောဒကတက်မိခြင်းဖြစ်ကာ သူ့ရှေ့မှာ လေသံပင် မဟရဲသော စကားဖြစ်ပါသည်။ သူက အဲသည်လို စာအုပ်ကြီးသမားဖြစ်သည်။ ကျွန်မက လောကမှာ စည်းတွေဘောင်တွေထဲနေရတာ မကြိုက်သူ၊ အခွင့်ရရင် ရသလောက် ဖောက်ဖျက် ပုန်ကန်ချင်သူသာ ဖြစ်လေသည်။

ထိုနှစ်ယောက် အတူရှိချိန်၊ သူ လစ်သည်အထင်နှင့် ကျွန်မ စည်းကမ်းမဲ့တာ မိသွားချိန်...။ ထိုအခါတိုင်းမှာ  တစ်ခွန်းထဲသောစကားကို သူကမပျက်မကွက်ပြောပြန်ပါသည်။

စာရေးဆရာမ လုပ်နေပြီးတော့ဟူ၍ ဖြစ်ပါ၏။


တရွေ့ရွေ့သွားနေသော…

$
0
0

တစ်ညနေမှာ သူက မီးခိုးရောင်ဘောင်းဘီတစ်ထည်ကို ကျွန်မဆီ လှမ်းပေးလေ၏။ ထိုဘောင်းဘီနှင့်အတူ မီးခိုးရင့်ရောင်ကြယ်သီးတစ်လုံးလည်းပါသည်။ ပြုတ်နေသောကြယ်သီးကို ပြန်တပ်ပေးဖို့ရန်ပင်။ ဟုတ်သားပဲ၊ သူ ကျွန်မကိုပြောပြောနေတာ အတော်ကြာပြီပဲလေ။ 

သူ့လက်ထဲမှလှမ်းယူကာ အပ်နှင့်အပ်ချည်လုံးရောင်စုံလေးများ ထည့်ထားသောဘူးကလေးကို အံဆွဲထဲမှထုတ်ပြီး ကြယ်သီးတပ်ပေးဖို့ ပြင်ရတော့သည်။ တစ်ထပ်ထဲမကျသော်လည်း အရောင်ချင်းခပ်ဆင်ဆင် မီးခိုးရောင်အပ်ချည်လုံးကလေးကို ရွေးထုတ်ပြီး နဖားကျယ်မည်ထင်ရသော ခပ်တုတ်တုတ် အပ်တစ်ချောင်းကိုပါ အပ်ဘူးအဝိုင်းလေးထဲမှ လှည့်ထုတ်ယူလိုက်လေသည်။

လင်ရယ်မယားရယ်ဆိုပေမဲ့ အနည်းငယ် အားနာစရာ။ သူ ပြောပြောနေပြီး ကျွန်မကလည်း တပ်ပေးတာပေါ့ဟု ပြောနေသည်မှာ လနှင့်ချီခဲ့ပြီ။ ကျွန်မ ဘာတွေများ မအားမလပ်ဖြစ်နေပါလိမ့်တွေးမိတော့ ပိုလို့ပင်ရှက်ဖွယ်။ တစ်နေ့တစ်နေ့ ဘာအလုပ်မှ မယ်မယ်ရရ မရှိပါဘဲ၊ စာရေးသလိုလို၊ စာတွေပဲ ဖတ်နေသလိုလို၊ ပန်းချီတွေပဲ ဆွဲနေသလိုလို၊ ဓါတ်ပုံအောက်ဒိုးပဲ ထွက်ရိုက်နေသလိုလို အမည်တပ်မရသော ကျွန်မ၏လိုလိုများကြားမှာ နေ့စဉ်အချိန်တွေကို ဖြုန်းတီးပစ်နေတာ စိတ်ကုန်ဖွယ်ကြာမြင့်လှပြီ။ စိတ်ကျေနပ်မှုအတွက်၊ ဝါသနာအရ စသည်ဖြင့် အကြောင်းပြချက်များစွာက ကျွန်မဆီမှာ အသင့်ရှိလေသည်။ သည်ကြားထဲ ဖေ့စ်ဘုတ်ပေါ်မှာကုန်လွန်သော အချိန်များက တစ်နေ့တာရဲ့ထက်ဝက်ခန့်ကို သိမ်းယူထားသေးသည်။

မကျန်းမာဘဲ အိပ်ရာထဲလဲနေတာနဲ့စာလျှင် ခုလို ကိုယ်လုပ်ချင်ရာလုပ်ကာ နေပျော်သောကျွန်မကို သူကလည်း အပြစ်တစ်စုံတစ်ရာ မဆိုခဲ့ပါ။ သို့သော်….သည်အခွင့်အရေးကို ကြာရှည်မယူသင့်ဟု ခံစားမိသောအခါ နေရထိုင်ရခက်သလို ဖြစ်လာမိသည်။ ခေတ်က ဟိုအရင်ကလို မဟုတ်၊ လင်ရောမယားပါ ဝင်ငွေရသည့်အလုပ်တစ်ခုစီ ရှိပါမှ တော်ရုံကျသည်မဟုတ်လား။

သူက မနက်စာကို ရုံးမှာပဲစားလေ့ရှိသူမို့ ကျွန်မအနေနှင့် အိပ်ရာမှထကာ အထူးတလည်ပြင်ဆင်ပေးနေစရာ မလိုအပ်။ နေ့လည်စာ ညစာဆိုသည်များကလည်း သူ အလုပ်မှအပြန် ဝယ်လာတတ်သည်ကသာ များပါသည်။ ပင်ပန်းပါတယ်ကွာ၊ နှစ်ယောက်စာထဲမို့ ချက်တာထက် ဝယ်စားတာက ပိုအဆင်ပြေတယ်ဟု သူ ပြောတတ်သောစကားက ကျွန်မအတွက် မျက်ဖြူဆိုက်သောလူနာနှင့် မခြားပေ။ ကျွန်မအကြိုက်သာ ဖြစ်လို့နေပြန်သည်။

တခါကတော့ စနေတစ်နေ့မှာ ကျွန်မ စိတ်ပါလက်ပါ ဟင်းချက်ခဲ့ပါသည်။ ကံကောင်းချင်တော့ ထိုနေ့မှာပင် တိုက်တိုက်ဆိုင်ဆိုင် ယောက္ခမအမေဆီမှ ဖုန်းလာကာ သူတို့သားအမိချင်းစကားပြောကြတော့ အမေ့သမီးက ဟင်းတွေချက်နေတယ်ဟုဆိုကာ ကျွန်မချက်နေသောဟင်းများကို စီရီရွတ်ပြလေသည်။ ကျွန်မမှာတော့ မျက်နှာပူကာ ရှက်ချင်ချင်။ သူ့အပြောအရတော့ ကျွန်မဟင်းချက်ဖြစ်သောရက်များမှာ ဟေလီကြယ်တံခွန်ကို မြေကမ္ဘာမှ လူတွေ မြင်ခွင့်ရသလိုတူသည် ဟူ၏။  သို့သော် သူ့အမေကိုတော့ သူက ကျွန်မအပေါ် အမွှန်းတင်စကားများသာ ပြောခဲ့သေးသည်ပင်။ မလုံမလဲဆိုသောခံစားချက်နှင့်ကျွန်မက ဒီနေ့ကစပြီး သူ့ကို ဟင်းလေးဘာလေး သေချာပြန်ချက်ကျွေးဦးမှပါဟု ထိုစဉ်ခဏမှာ ဆုံးဖြတ်လိုက်ပါသေးသည်။ သို့သော်….ကျွန်မ၏ နိစ္စဓူဝများကား အရင်အတိုင်းရှိမြဲ။  ဟိုလိုလိုဒီလိုလိုများနှင့် အချိန်ကုန်မြဲ။ ပြုတ်နေသောကြယ်သီးလေးတစ်လုံးကို ပြန်လည် တပ်ပေးလိုက်ဖို့ရာလည်း မေ့လျော့မြဲပေ။

သူက သိပ်အားနာတတ်သူဖြစ်သည်။ ကုန်ကုန်ပြောရလျှင် Fair Price-NTUC မှာ ဈေးဝယ်ပြီးလျှင် ထိုတံဆိပ်ပါသော ကြွပ်ကြွပ်အိတ်များကိုင်ကာ နောက်စူပါမားကက်တစ်ခုဖြစ်သည့် Giant ထဲသို့ဝင်၍ ဈေးဝယ်ရန်ကိုပင် အားနာစရာကြီးဟု တွေးတတ်သူ။  ဈေးတွင် မျက်နှာချင်းဆိုင် ပန်းဆိုင်နှစ်ဆိုင်ရှိရာ သူ ဝယ်နေကျပန်းဆိုင်က ပန်း မလတ်သောကြောင့် နောက်တစ်ဆိုင်ပြောင်းဝယ်ရန်ကိုပင် အားနာတွန့်ဆုတ်တတ်သူတည်း။

ကျွန်မကတော့ အားမနာတတ်ပါ။ ပိုက်ဆံပေးဝယ်တာပဲ ကိုယ်ကြိုက်မှ ကိုယ်ဝယ်ပေါ့၊ ဘယ်ဆိုင်နဲ့မှ စာချုပ်ထားတာ မဟုတ်ဟု ခပ်တင်းတင်းတွေးသည်။ ဒါကြောင့်ပဲ ထင်သည်၊ ကျွန်မမိတ်ဆွေများသည် ကျွန်မနှင့်ပတ်သက်၍ သူနှင့်ခင်မင်ပြီးပါက ကျွန်မထက် သူ့အပေါ် ပိုချစ်ခင်သွားကြလေ့ရှိပါသည်။ အပေါ်ယံကြည့်လျှင် အပေါင်းအသင်းမင်သူဟု ထင်ရသော်လည်း တကယ်တမ်းကျတော့ ကျွန်မက ကျွန်မကိုယ်ကျွန်မသာ ပိုချစ်တတ်သူ၊ ခင်တွယ်တတ်သူဖြစ်ကြောင်း သူနှင့်ယှဉ်မှ ပို၍ပို၍သိလာရသည်။

သူက ဘယ်သူ့အတွက်မဆို အများအပူ သူ့အပူလုပ်လေ့ရှိပြီး ကျွန်မကတော့ ကိုယ့်ကိစ္စတောင် ကိုယ် မဆောင်ရွက်နိုင်၊ မဆောင်ရွက်အား၊ မဆောင်ရွက်လိုသူပေ။ အချိန်တန်လျှင် အားလုံး နေသားတကျဖြစ်သွားမည်၊ တချို့ကိစ္စများကား တကူးတကန့်အားထုတ်နေစရာမလိုဟု ကျွန်မက သွေးအေးစွာ တွေးတတ်နေတတ်သူလည်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖာသိဖာသာနေတတ်သူပါပေ။

“ကိုရေ အပ်က နဖားတပ်မရဘူး၊ ကူစမ်းပါဦး”

ငယ်ငယ်က အမေတို့ အဖွားတို့က အပ်ပေါက်ထိုးမရလို့ လာစမ်းပါဦးဟဲ့ ထိုးပေးစမ်းပါဦးဟဲ့ဆိုလျှင် ရယ်ဟဟ သရော်တော်တော် နောက်ချင်စချင်သောကျွန်မသည် ခုဖြင့် မရယ်နိုင်လေပြီ။ အပ်ပေါက်ထဲ အပ်ချည်စကလေး ဝင်သွားရန် မည်မျှခက်ခဲကြောင်း ကျွန်မ သိပြီ။ သို့သော် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည်က ပို၍သက်သာသည် မဟုတ်လား။

“ဟဟဟား ကိုရေ ကျွန်မတော့ အိုပြီထင်ပါရဲ့၊ အပ်ပေါက်လေးထိုးဖို့ကို အရပ်ကူပါ လူဝိုင်းပါလုပ်နေရပြီ”

ကိုကပါ ကျွန်မနှင့်အတူ လိုက်လံရယ်မောပေးကာ ကျွန်မလက်ထဲမှ အပ်နှင့်အပ်ချည်ကို လွှဲပြောင်းယူသည်။ အပ်ချည်ကို အပ်ပေါက်ထဲဝင်အောင် ကိုက ကြိုးစားတပ်ရှာပါသည်။ ကို့မျက်မှန်လေး ဟိုစာအုပ်ပေါ်မှာဟုဆိုကာ သူ့မျက်မှန်ကို အယူခိုင်းသည်။  မျက်မှန်အကူနှင့် မျက်စေ့လေးလုံးစာဖြစ်သွားသော်လည်း အပ်ချည်မှာ အပ်နဖားပေါက်ထဲ လျှောကနဲဝင်မသွားသေးပေ။

“ဟ ကိုလည်း မျက်စေ့အတော်မွဲတာပဲကွ၊ နေပါဦး ဘာလို့မရရမှာလဲ”

သို့သော် မရပါ။  မရသေးပါ။  ကျွန်မတို့နှစ်ယောက်အတွက် မိုးပေါ်က အပ်တစ်ချောင်းနှင့် မြေပြင်က အပ်တစ်ချောင်းထိဖို့ ခက်သည့်နည်းတူ အပ်နဖားပေါက်ထဲ အပ်ချည်ဝင်ဖို့ရန် အလွန်ခက်လှချည့်။ ခဏနေတော့ လက်လျှော့လိုက်ဟန်နှင့် အပ်နှင့်အပ်ချည်ကို သူ့လက်မှချကာ အတန်ငယ်အေးလုလု ရေနွေးခွက်ဆီ လက်လှမ်းသည်။ အကွက်ဝင်သွားသော ကျွန်မက သူ့ကို စမိပါသည်။

“ဘယ်လိုလဲ ကို၊ လက်လျှော့ပြီလား။ ကိုက မောင်သီဟ မဟုတ်တော့ဘူးနော်၊ ဦးသီဟဖြစ်သွားပြီ။ အဲဒါ လက်ခံလိုက်”

“သိပ်လက်ခံတာပေါ့ မိန်းမရာ၊ ကိုတို့ ဒီနိုင်ငံရောက်ကာစက သုံး-လေးနှစ်နေ၊ အလုပ်လုပ်ပြီး စုမိဆောင်းမိရင် ပြန်မယ်။ အရွယ်ကောင်းတုန်းလေး ကိုယ့်မြေကိုယ်ပြန် အခြေချ၊ အလုပ်လေးဘာလေးပြန်စမယ် စိတ်ကူးခဲ့တာ။ ခုတော့ ရထားပေါ်တက်ရင် နေရာတောင် ဖယ်အပေးခံနေရတဲ့ စီနီယာစီတီဇင်ဖြစ်နေပြီ ဟားဟားဟား”

ကိုက သူ့စကားသူ သဘောကျကာ တဟားဟားရယ်သည်။ ကျွန်မရော ဘာထူးလို့လဲ။ အိုပြီပဲလေ။ မှန်ထဲကြည့်လိုက်ရင် မျက်ဝန်းလေးတွေ အရောင်မှိန်နေတာ၊ ဆံဖြူလေးတွေ ထိုးထိုးထောင်ထောင် တွေ့စပြုနေရတာ၊ နေထိုင် မကောင်းများဖြစ်ပြီဆို တော်ရုံနှင့် အားပြန်မပြည့်နိုင်တော့တာတွေ သတိမပြုမိဘဲ မနေနိုင်လောက်အောင်ကို သတိထားမိခဲ့ရပြီ။

ကို့မျက်နှာကိုကြည့်လိုက်တော့ ကိုက ကျွန်မထက်ပို၍ အရေးအကြောင်းများ ထင်ရှားနေခဲ့ပြီ။ တခါက ကို့ကို နေပူထဲထွက်သည့်အခါလိမ်းဖို့ နေကာကရင်မ်-sun block နှင့် ည မအိပ်ခင်လိမ်းဖို့ ညကရင်မ်-night cream ဝယ်ပေးဖြစ်ပါသည်။ တစ်ခါနှစ်ခါသာ ကျွန်မစိတ်ကျေနပ်အောင်လူးပြပြီး နောက် မလူးတော့ပါပေ။

“စေးကပ်ကပ်နဲ့  ကိုယ် မနေတတ်ပါဘူး။ နေပါစေတော့ကွာ သူ့အတိုင်းပဲထားလိုက်ပါ။ ဇရာဆိုတာ အချိန်တန်ရင် လူတွေကို အိုမင်းစေတာ သဘာဝပဲ။ ကရင်မ်တွေလူးပြီး ဇရာကိုဆန့်ကျင်ဖို့ရာ ကိုယ်တော့ ဇရာကို အားနာပါတယ်၊ သူ့အလုပ် သူလုပ်ပါလေ့စေ”

ကြည့် အားနာစရာရှားပါးလို့ ဇရာကိုတောင် အားနာသည်တဲ့။ ကျွန်မ ဘာများပြန်ပြောနိုင်ပါမည်လဲ။ ဒီလိုလူကြီး အိုတာတောင် နည်းသေးသည်ဟု ပစ်ထားလိုက်တော့၏။

ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်းမှာ ဆက်ဖတ်နိုင်ပါတယ်ရှင်  :) 


     

ဒဏ်ရာ...

$
0
0










တယုတယ လျှာနဲ့လျက်နေဖို့အထိ
မိုက်မဲဆွံ့အ တသသ မမွေးမြူလို....။

နာကျင်မှုတွေက ကိုယ် စိတ် နှလုံးသုံးပါးမှာ
တာဝန်ကျေကျေ  ထုတ်ချင်းပေါက်ခဲ့ပြီးမှ...
သတိရသည်ဖြစ်စေ၊  သတိမရသည်ဖြစ်စေ
တိုက်ဆိုင်သည်ဖြစ်စေ၊  မတိုက်ဆိုင်သည်ဖြစ်စေ
လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ....

သေရာပါတော့မယ့် စိတ်အနာ
ခန္ဓာတည်သရွေ့ အတွင်းလှိုက်လောင်မြိုက်နေတော့မယ့် စိတ်အနာ
အနက်ဆုံးမှာ ထင်တိုင်းမျက်ရှနေဦးမယ့် စိတ်အနာ...

"ဒဏ်ရာ"ဟု တွင်စေ....။


ကြမ္မာအရိပ်

$
0
0

(က)

“အို ဒီဆရာဝန်ကိုမှ ပင့်ခဲ့ရသလား၊ ခက်တာပဲ”

စိမ်းသည် မျက်စေ့ပိတ်မှေးနေရင်းက အခန်းထဲသို့ဝင်လာသော ခြေသံများကြောင့် မြင်ရသည်ဆိုရုံလေး မျက်လွှာကိုပင့်ကြည့်ရာ ဆရာဝန်မျက်နှာကို မြင်လိုက်သော် စိတ်ပျက်လက်ပျက်ဖြစ်သွားရလေသည်။ ဆရာဝန်၏ ဟောတရားများကို နာရပေဦးမည်။ ဒီဆရာဝန်ဟာ ဘာကြောင့်များ ဆေးကုစားနေသည် မသိ။ လူနာကို ဆေးပေးဆေးထိုးကုဖို့ထက် တရားဟောကုဖို့၊ ဘုရားကုကုဖို့ကိုသာ စိတ်သန်လေသလား မဆိုနိုင်ပေ။ သူ့ဆေးခန်းသို့လာသော လူနာမှာ သိပ်မများလှ။ သို့သော် ဆယ်ယောက်မျှပင် မပြည့်သောလူနာကို ဆေးခန်းချိန်လေးနာရီလောက်ကြာအောင်၊ တစ်ညနေလုံးကုန်အောင် ဆွဲကုတတ်သောဆရာဝန်ဖြစ်သည်။ ကိုယ့်အလှည့်ကျဖို့ ရှေ့ကလူနာနှင့် ဆရာဝန် လေကြောပြတ်အောင် စောင့်ရတာကိုက စိတ်မရှည်ချင်စရာ။ 

တစ်ချို့သောလူနာများကတော့ အထူးကုဆရာဝန်ကြီးတွေဆေးခန်းမှာ သုံးမိနစ်တစ်ယောက်နှုန်း ကြည့်ပြီး ဆေးပေးငွေချေတာမျိုးထက် လူနာမျက်နှာကို တစိမ့်စိမ့်ကြည့်ကာ စိတ်အင်အားပေးတတ်သော၊ လူနာ၏လူနေမှုဘဝထဲထိဝင်ကာ ရင်းနှီးနွေးထွေးမှုပေးနိုင်သော ထိုဆရာဝန်မျိုးကိုမှ သဘောကျသည် ဆိုကြသေး၏။ လူအမျိုးမျိုး စိတ်အထွေထွေပေ။

စိမ်းကတော့ မကြိုက်ပါ။ ဆရာဝန်ဟာ ဆေးကုတန်တာ ကုဖို့ပဲဖြစ်သည်။ လူနာများ၏ နေ့စဉ်ဘဝထဲထိ ထိုးထွင်းဝင်ကာ ရောဂါကို အဖြေရှာတတ်တာမျိုးဟာ တဆိတ်လွန်လွန်းသည်ဟု စိမ်းက ထင်သည်။

“ဘာဖြစ်တာလဲ မစိမ်းစိမ်း”

“မူးနေတာဆရာ၊  ခေါင်းထဲမှာ အုံနေပြီး ခေါင်းထူလို့ကို မရဘူး။ အိမ်မှာရှိတဲ့ ဒစ်ဂျစ်တယ် သွေးပေါင်ချိန်စက်နဲ့လည်း တိုင်းကြည့်ပြီးပြီ။ သွေးပေါင်က ပုံမှန်ပဲ။ ဘာဖြစ်မှန်း မသိပါဘူးဆရာ”

“မစိမ်းစိမ်း အဲသလို ခေါင်းမထူနိုင်အောင် မူးမူးနေတာမျိုး အဖြစ်များတယ်နော်၊ ခဏလေး  ကျွန်တော်ပြန်ချိန်ကြည့်ပေးပါ့မယ်”

ဆရာဝန်သည် စိမ်း၏အနွေးထည်လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်ကာ သွေးပေါင်ချိန်ဖို့ပြင်လေ သည်။ သွေးချိန်နေရင်းက နောက်လက်တစ်ဘက်ဖြင့် စိမ်းညာဘက်လက်ကောက်ဝတ်ကို ဖိကိုင်ကာ သွေးစမ်းလျှက်ရှိသည်။

“အင်း သွေးက ၁၁၀ ၉၀ အောက်သွေးတော့ နည်းနည်းများနေတယ်။ ကျွန်တော် ဆေးပေးခဲ့ပါ့မယ်။ ဆေးထိုးဖို့ မလိုဘူး။ ကောင်းသွားမှာပါ”

တော်ပါသေးရဲ့။ ဆရာဝန်က သည်တစ်ခါတော့ သူမစိတ်ကို ဖတ်မိပုံရလေသည်။ ဘာဘာညာညာ စကားမရှည်။ ဆေးပေး၊ ဆေးသေတ္တာပိတ်ပြီး ပြန်ရန်ပြင်သည်။

“နေဦးဗျ၊ မစိမ်းစိမ်းက အရင်ကလိုပဲ ဈေးထဲ ငါးရောင်းနေတုန်းလား”

လာပြီ၊ စိတ်ဒုံးဒုံးချလို့မှ မပြီးသေး။ သည်ဆရာဝန်ဟာ ရိုးရာကို အပျက်မခံတဲ့ဆရာဝန်ပေပဲ။

“ဟုတ်ကဲ့ တစ်ခြားဘာမှလည်း မလုပ်တတ်တော့ အမေတွေလက်ထက်က ငါးရောင်းတဲ့အလုပ်ပဲ ဆက်လုပ်နေရတာပေါ့ ဆရာရယ်”

ဆရာဝန်သည် တိုစိစိမုတ်ဆိတ်မွှေးကို ဘယ်လက်ဖြင့် သပ်လျှက် မျက်ဝန်းများမှေးစင်းကာ စဉ်းစားနေဟန်ရှိသည်။ သူ၏ ရှပ်လက်ရှည်ပြာဖျော့ဖျော့မှာ အရောင်လွင့်တော့မတတ်ဖြစ်ကာ ဂျာကင်မှ ညှင်းသိုးသိုးအနံ့၊ မိုးစိုထားပြီး၍ နေရောင်ကောင်းကောင်းမရသောအနံ့မျိုး ထွက်လျှက်ရှိလေသည်။

ပြောရင်ကောင်းမလား စဉ်းစားဟန်ကို လုပ်နေကျအတိုင်းလုပ်ပြီး နောက်ဆုံးတော့ ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ ပြောချလိုက်သည်ကလည်း သူ့ထုံးစံပင်။

“ကျွန်တော် ပြောမယ်နော်။  လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကံ ကံ၏အကျိုးပေးတွေက မတူကြဘူးပေါ့ဗျာ။ မစိမ်းစိမ်းတို့အမေလက်ထက်က ငါးရောင်းခဲ့မယ်။ မစိမ်းစိမ်းတို့အမေဟာ ကျန်းမာရေး ကောင်းချင်လည်း ကောင်းခဲ့မယ်။ ခု မစိမ်းစိမ်းအလှည့်ကျမှ ကျန်းမာရေးက ကောင်းချင်မှ ကောင်းတော့မယ်။ မစိမ်းစိမ်းနဲ့ မစိမ်းစိမ်းအမေဟာ ကံ ကံ၏အကျိုးပေးပုံခြင်းလည်း တူချင်မှ တူနိုင်မယ်။ ဒီလိုလေဗျာ။ ငါးတွေ၊ အဲ ပြောရရင် ချိန်ခွင်ထဲ ထည့်တဲ့အခါ ရှင်နေသေးလို့ ဖျတ်ဖျတ်လူးနေတဲ့ငါးတွေကို ခင်ဗျားဘာလုပ်သလဲဗျ ဟင်၊ နောက်ပြီး အရှင်ကြီးတွေမို့လို့ မကိုင်ရဲလို့ တစ်ခါတည်းခုတ်ပေးလိုက်ပါဆိုတဲ့ ဈေးဝယ်တွေအတွက်ရော ခင်ဗျား ဘယ်လိုလုပ်ပေးရသလဲ”

“ချိန်ခွင်ထဲရောက်မှ ဖျတ်ဖျတ်လူးနေတဲ့ငါးဆိုရင်တော့ ငါးခေါင်းကို ဒုံးကနဲ ထုလိုက်ရတာပဲ ဆရာရယ်။ အဲလိုပဲ အရှင်ကြီးမို့ မကိုင်ရဲလို့ ခုတ်ခိုင်းတဲ့သူတွေအတွက်လည်း ကိုယ်ကပဲ ငါးကို ထုသတ်ပြီး ခုတ်ထစ်ပေးလိုက်ရတာပေါ့”

“အင်း ခေါင်းကို ထုသတ်တာနော်”

“ဟုတ်တယ်ဆရာ၊ ဘာဖြစ်လို့လဲ ဟင်”

“မစိမ်းစိမ်း  ခင်ဗျားခေါင်းတွေ ချာချာလည်နေအောင် မူးနေတုန်းလား”

“မူးနေတုန်းပေါ့ဆရာရဲ့ ဘာဖြစ်လို့လဲ ဟင်”

“အင်း ဖြစ်နိုင်ရင် မစိမ်းစိမ်းအနေနဲ့ တစ်ခြားအသက်မွေးဝမ်းကြောင်း ပြောင်းလုပ်စေချင်တယ်ဗျာ။ ဥပမာ ဟင်းရွက်ကန်စွန်းရောင်းတာမျိုး။  အဝတ်အထည်ရောင်းတာမျိုး။  ကျွန်တော်ပေးတဲ့ ဆေးတွေပြတ်အောင် သောက်ကြည့်ပြီးမှ မသက်သာရင် နောက်တစ်မျိုးစဉ်းစားကြ တာပေါ့ဗျာ။ ဟုတ်ပြီလား၊  ပျောက်တာကတော့ ပျောက်သွားမှာပါ။  ကဲ ကျွန်တော့်ကို ခွင့်ပြုပါဦး”

“ဟုတ်ကဲ့ဆရာ”

စိမ်း မပြောဘူးလား။ သည်ဆရာဝန်ဟာ အဲသလိုလေကြောရှည်တဲ့အပြင် သူများ အသက်မွေးဝမ်းကြောင်းထဲ ချဉ်းနင်းကာ ဝင်ရောက်စွက်ဖက်တတ်သေးသည်။ သူ့လိုမျိုး ပြောကြကြေးဆို စိမ်းတို့လို ငါးရောင်းတဲ့သူတွေဖြင့် ခေါင်းကိုက်ရောဂါနဲ့ပဲ သေကြရတော့မလိုလို။ စိမ်းသည် ဘေးမှာရပ်နေသော ယောကျာ်းဖြစ်သူကိုသာ မျက်စောင်းထိုးကြည့်လျှက် ပင့်စရာဆရာဝန်ရှားသလား ဟူသောအကြည့်ဖြင့် တစ်မုန်းကြီးကြည့်လိုက်မိလေသည်။

(ခ)

ဆရာဝန်သည် လူနာ၏ ညာဘက်နံရိုးအောက်သို့ ခပ်ဆဆစမ်းလျှက်ရှိသည်။ လူနာ၏အသည်းက ပုံမှန်ထက်ကြီးချင်သည်ဟု သူက ထင်၍ ဓါတ်မှန်ရိုက်ခိုင်းရာ ဖလင်ထွက်လာတော့ သူယူဆထားသည့်အတိုင်းပင် အသည်းက ဒုက္ခပေးနေခြင်းဖြစ်လေသည်။ လူနာက စီပိုးလည်း ရှိနေသည်။ အသည်းက ခြောက်ချင်ချင်ဖြစ်နေပြီ။ ကင်ဆာအဆင့်သို့ရောက်နေပြီလားတောင် မဆိုနိုင်။

လိုအပ်သည့်နောက်တစ်ဆင့်အနေနှင့် သွေးစစ်ပြီး AFP အဖြေရှာကြည့်ရန်ဖြစ်သည်။
လူနာမှာ အရက်လည်း မသောက်၊ ဆေးလိပ်လည်း မသောက်သူဖြစ်နေသည်။ သို့တိုင်အောင် ဘာကြောင့် အသည်းခြောက်ရသည်ကို သူ အံ့သြရသည်။ ဖြစ်နိုင်ချေနည်းလွန်းလှသည်ပေ။ နောက်ဆုံးတော့ ထုံးစံအတိုင်း လူနာနှင့်ပတ်သက်သော အလုပ်အကိုင် စိတ်ဖိစီးမှုအနေအထား လူမှုပတ်ဝန်းကျင်တို့နှင့် ဆက်စပ်စဉ်းစားဖို့ရန်သာ။

အရက်ချက်စက်ရုံ…

ဆရာဝန်၏ မျက်ခုံးနှစ်ဘက်လုံး ပင့်တက်သွားမတတ်ဖြစ်သွားရတော့သည်။ ဘုရားရေ….ဘယ်လိုမှ မထင်မှတ်ထားသော ကိစ္စ။  လူနာမှာ အောင်မြင်သော အရက်ချက်စက်ရုံ တည်ထောင်ထားသူ ဖြစ်သည်ဆို၏။ ဒါ တော်ရုံတိုက်ဆိုင်မှု မဖြစ်နိုင်တော့။

ဆရာဝန်သည် ကံ ကံ၏အကျိုးပေးတို့ ဘဝကူးပင်မစောင့်ပုံကို အံ့သြဘနန်းဖြစ်လျှက်ရှိသည်။ ထုံးစံအတိုင်း တစ်ခြားစီးပွားရေး ပြောင်းလုပ်ရန် သူ့အကြံဉာဏ်ကိုတော့ သာသာလေးပြောပြခဲ့ပါသေးသည်။ လူနာ၏ ဇနီးသည်ကမူ မာမာတင်းတင်းပင် ငြင်းသည်။ ဒါဟာ ဖြစ်ချင်လို့သာ ဖြစ်တဲ့ရောဂါပဲ၊ သူ့ယောကျာ်းရောဂါပျောက်ဖို့ ဘယ်လောက်ကုန်ကုန် ကုမည်၊ စီးပွားပြုတ်ချင် ပြုတ်ပါစေဟု ဆိုလေသည်။  သူနားလည်ပါသည်။  အောင်မြင်နေသော စီးပွားရေးတစ်ခုကို ဘယ်သူကမှ ပြောင်းချင်မည် မဟုတ်ပေ။  

သို့သော် ဆရာဝန်သည် သူသင်ကြားတတ်မြောက်ထားသော ဆေးပညာအပြင် မမြင်နိုင်သော ကံ ကံ၏အကျိုးပေးများ၊ အကြောင်းနှင့်အကျိုးဆက်စပ်နေပုံများ၊ သတ္တလောကနှင့် ပရလောက၏ ဆက်နွယ်နေမှုများ စသည်တို့ကို  မျက်ကွယ်မပြုလိုသူသာတည်း။

(ဂ)

စိမ်းသည် သူငယ်ချင်းဆွေ တံတောင်ဆစ်နှင့်တို့ကာ ပြရာဆီသို့ မျက်လုံးလေးအသာစောင်းကာ ကြည့်လိုက်မိသည်။   

အို အဲဒါ ဟိုဆရာဝန်ကြီးကတော်ပဲ။ သူမက ဆရာဝန်ကြီးနှင့် အသက်ကွာပုံရသည်။ သိမ်မွေ့နုညံ့သော၊ ကံ ကံ၏အကျိုးပေးကို ယုံကြည်သော၊ အကြောင်းအကျိုးဆက်နွယ်မှုကို လက်ခံသော၊ လူနာကို စကားများများပြောကုတတ်သောထိုဆရာဝန်ကြီးမှာ သည်လိုမိန်းမငယ်ငယ်ချောချောလေး ရထားတာ ဘယ်လိုမှ ဆက်စပ်တွေး၍မရနိုင်။ ထို့ထက်ပိုသည်က ဆရာဝန်ကြီးကတော်သည် ပျံလန်နေအောင်ဝတ်စားထားကာ အင်္ကျံလည်ဟိုက်မှာ ဖွေးနေသောရင်ညွန့်ကလေးပင် မြင်နေရလေ သည်။ ဆွေးညို့နေသော နှုတ်ခမ်းပါးပါးကလေးကို ပုံဖော်ကာ ရဲရဲညိုသော နှုတ်ခမ်းဆိုးဆေးကို ဆိုးထားသည်။ သို့သော် သူမမျက်လုံးများမှာမူ နုညံ့ရိုးသားပုံပေါ်သည်။ အားပါးတရရယ်လိုက်လျှင် ကလေးငယ် တစ်ယောက်လို မျက်ဝန်းများမှေးစင်းကာ ချိုရီသည်။

“ရပါတယ်ရှင့်၊ အိမ်ကိုလာခဲ့ပါဦးလေ။ ဦးဘုန်းမြတ်က ဆန်းဒေးတွေဆို အိမ်မှာ ရှိတတ်ပါတယ်။ သူက အဲ့တစ်ရက်ပဲ နားရတာလေ”

“ဟုတ်ကဲ့ခင်ဗျာ။ ဆရာ့ကို ပြောလိုက်ပါ ကျွန်တော် လာခဲ့ပါဦးမယ်။ ကျွန်တော် အရင်ကလို ငှက်တွေ ထောင်မဖမ်းတော့ဘူးဗျ။  ဆရာပြောသလို အလုပ်ပြောင်းပြီးမှ ကျွန်တော့်ကျန်းမာရေး ပိုကောင်းလာတယ်၊ ဆရာ အရင်ကပေးထားတဲ့ဆေးတွေ သောက်စရာတောင် မလိုတော့ဘူးဆိုတာလည်း ပြောပြလိုက်ပါဗျာ”

“ဟုတ်လား ကောင်းတာပေါ့ရှင်၊ ဦးဘုန်းမြတ်သိရင်တော့ ဝမ်းသာမှာပဲ။ သူက လူတွေကို စင်ကြယ်တဲ့ အသက်မွေးဝမ်းကြောင်းနဲ့ ထမင်းစားစေချင်တာရှင့်။ စိတ်ချ ပြောပြလိုက်ပါ့မယ်”

“ဟုတ်ကဲ့ ကျွန်တော် ဆရာနဲ့ လာတွေ့ပြီး ကန်တော့ချင်လို့ပါ။ ခွင့်ပြုပါဦးနော် သွားပါဦးမယ်ခင်ဗျ”

“ဟုတ်ကဲ့ရှင့် ဟုတ်ကဲ့”

စိမ်းတို့မှာ နီးလွန်းသောကြောင့် နားမစွင့်သော်လည်းကြားနေရလေသည်။ ဟိုလူထွက်သွားပြီးလျှင် ဆရာဝန်ကတော်လေးသည် ဆွေ့အထည်ဆိုင်ထဲကို တန်းတန်းမတ်မတ်ကြီး ဝင်လာ၍ အထည်သုံးလေးစ ဖြတ်ခိုင်းကာ ဈေးပင်မဆစ်ဘဲ ဝယ်ယူသွားလေ၏။  ယောကျာ်းရှပ်လက်ရှည် မီးခိုးရောင်တစ်ထည်လည်း ဝယ်သွားသေးသည်။  ဒါကတော့ ဦးဘုန်းမြတ်ဟု သူမခေါ်သော ယောကျာ်းဖြစ်သူဆရာဝန်ကြီးအတွက် ဖြစ်ရမည်။

ဆရာဝန်ကတော်လေးသည် သေချာအနီးကပ်ကြည့်မှပင် ပိုမိုငယ်နုကာ ချောမောလှပသည်။ သူမဝတ်ထားသော အဝတ်အစားများ၏ လျှပ်ပေါ်လော်လီမှုသည် ရိုးရှင်းဖြောင့်စင်းသော သူမမျက်နှာနုနုအောက်မှာ ဖုံးလွှမ်းသွားသည် ထင်ရ၏။ တစ်ဖန် သူမသည် ဖော်ချင်ပြချင်၍ဝတ်ခြင်း မဟုတ်တန်ရာ၊ သည်လိုပုံစံလေးဝတ်မှလှသည်ဟု ရိုးရိုးလေးပင်တွေးကာ ဝတ်ဆင်ခြင်းသာဖြစ်နိုင်သည်။ ပြောရလျှင် သူမပုံစံလေးသည် ဖော်၍ ဝတ်စားထားသည်ဆိုစေကာမူ လိင်ဆွဲဆောင်မှုရှိမနေဘဲ ကြည့်လိုက်တိုင်းချစ်စဖွယ်ဟု မြင်အောင် ကုသိုလ်ထူးသူပေတည်း။

သို့သော် သူမကလေးပြောသွားသောစကားကို ကောက်ရလျှင် စိမ်းတို့ကပဲ မစင်ကြယ်သော အသက်မွေးဝမ်းကြောင်းနှင့် ထမင်းစားနေသူတွေလား၊ ဒါတော့ လွန်သည်ဟု စိမ်း ထင်သည်။ ဆွေကလည်း သူ့ယောကျာ်းထောင်ထားသော အရက်ချက်စက်ရုံအောင်မြင်နေသည်ကို ဆရာဝန်ကြီးက တစ်ခြားလုပ်ငန်းပြောင်းလုပ်စေချင်သည်ဟု စိမ်းကို ပြောလာသည်။ စိမ်းတို့နှစ်ယောက်မှာ လေသံတူ ခံစားချက်တူကာ ဆရာဝန်ကတော်လေးကို မြင်မြင်ချင်းချစ်ကြသလောက် ဆရာဝန်ကြီးအပေါ် သိစိတ်နှင့်ပင် ချဉ်တင်တင်ဖြစ်မိကြတော့သည်။

သို့သော် ဟိုလူပြောသွားသောစကားအရ သူ အလုပ်သစ်ပြောင်းပြီးမှ ကျန်းမာရေးကောင်းလာတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား၊ ကာယကံရှင်ကိုယ်တိုင်ပြောသွားသည်ကို နားနှင့်ဆတ်ဆတ်ကြားလိုက်ရတာမို့ မယုံနိုင်စရာလည်း မရှိ။ တိုင်ဆိုင်မှုရော ဖြစ်နိုင်သည်ပဲလေ။ မည်သို့ဆိုစေ လူသည် သေတာတောင် ကံကုန်သက်စေ့မှသာ သေချင်ကြသည့်အမျိုးဖြစ်ရာ စိမ်းသည်လည်း ပယောဂတစ်ခုခုကြောင့်တော့ဖြင့် မသေလို။ ကျန်းမာစွာနေလို၍ သက်တမ်းစေ့မှသာ သေလိုသည်ပေ။

သို့တိုင်အောင် ဆရာဝန်ပြောသလို တစ်ခြားအလုပ်ပြောင်းလုပ်ရန်မှာ ပြောသလောက်မလွယ်ကူလှ။ ခုလည်း စိမ်း နေကောင်းနေတာမှ ခေါင်းကလေးတစ်ချက်တောင် ရိုးတိုးရိပ်တိတ် မမူးတော့ပြန်။ မမြင်နိုင်သော လွန်လေပြီးသည့်ဘဝဘဝများစွာမှ ပြုလုပ်ခဲ့ဖူးသောကံဆိုသည်ကိုတော့ စိမ်း မသိပါ။ သည်ဘဝမှာတော့ စိမ်းသည် ငါးများကို သေစေလိုစိတ်နှင့် သတ်သည်မဟုတ်။ မိမိပြုသောအမှု မိမိထံပြန်လာမည်ဆိုသည်ကို မယုံကြည်၍တော့ဖြင့် မဟုတ်ပါ။ စိမ်း ကျိန်ဝံ့ပါသည်။

(ဃ)

အချိန်စက်ဝန်းတို့ တစ်ပတ်လည်ပတ်ခဲ့ပြီ။ 

ဆွေနှင့်သူမ၏ယောကျာ်းသည် အထည်ဆိုင်တစ်ဘက်၊ တိုးပွားလာသော အရက်ချက်စက်ရုံလုပ်ငန်းက တစ်ဘက်နှင့် ရှိဆဲ။ စိမ်း ကြားရသောသတင်းမှာ ဆွေ့အမျိုးသားရောဂါသည် အသည်းကင်ဆာ အဆင့် လေးသို့ရောက်နေကာ စင်ကာပူသို့ သွားရောက်ကုသရန် ပြည်တွင်းရှိနိုင်ငံရပ်ခြားဆေးဝါးကုသရေး ဝန်ဆောင်မှုအဖွဲ့တစ်ဖွဲ့နှင့် မေးမြန်းတိုင်ပင်လျှက်ရှိသည်ဟု ဆို၏။

အဆင့်လေးဆိုသောကင်ဆာကို တာမင်နယ်စတိတ်ခ်ျဟု ခေါ်ကြပြီး မျှော်လင့်ချက်ကင်းမဲ့သော အနေအထားမျိုးမှာရှိသည်ဟု ဆွေပြောလာသောအခါ မျက်ရည်လွယ်သောစိမ်းမှာ ဆွေနှင့်အတူ မျက်ရည်ကျရပြန်သည်။

မည်သို့မျှမတတ်နိုင်သော အခြေအနေမျိုးမှာ ခလုတ်ထိမှ အမိတတတ်သော လူတို့ထုံးစံအတိုင်း ဆွေသည်လည်းကောင်း ဆွေ့အမျိုးသားသည်လည်းကောင်း အရက်ချက်စက်ရုံကို မန်နေဂျာနှင့်သာ လွှဲထားကာ ကံဆက်ရန်အတွက် ငါးလွှတ်ခြင်း ညောင်ထောက်ခြင်း တံတားထိုးခြင်း စသောအမှုများကို ကြားဖူးနားဝနှင့်ဖြစ်စေ၊ အကြံဉာဏ်ပေးကြသူများကြောင့်ဖြစ်စေ ပြုလုပ်လျှက်ရှိ ကြလေ၏။

စိမ်းမှာမူ ခေါင်းမထူနိုင်အောင် အုံခဲလိုက်၊ ဆေးကုလိုက်၊ ဈေးထွက်လိုက်နှင့် သူမ၏ နိစ္စဓူဝကို ဖြတ်ကျော်မြဲပေ။

(င)

မနက်လင်းအားကြီး ဆိုင်သွားဖို့ အိမ်ကအထွက်၊ လမ်းထိပ်မှာ လူအုပ်ကြီး ဝိုင်းအုံနေတာတွေ့တော့ မိန်းမပီပီ လူအုပ်ထဲ တိုးဝှေ့ကြည့်မိပါသည်။ နောက်ကျောမှာ ဓါးတန်းလန်းနှင့် သွေးအိုင်ထဲ မှောက်ရက်ကြီးလဲနေသော လူတစ်ယောက်…။

ဘုရားရေ…

မှောက်ရက်ကြီးဖြစ်သော်လည်း စိမ်း ကောင်းကောင်းမှတ်မိသည်။ သူ ဝတ်နေကျ အပြာရောင်ဖျော့ဖျော့ ရှပ်လက်ရှည်မဟုတ်သော်လည်း စိမ်း ကောင်းကောင်းကြီး မှတ်မိနေပါသည်။ လူမှားပြီး ဓါးထိုးခံရတာတဲ့ ပြောနေကြသံ ကြားရသည်။  ဘုရားရေ… စိမ်း နောက်တစ်ကြိမ် ဘုရားတမိပြန်သည်။ လောကကြီး ဘာတွေများ ဖြစ်ကုန်ပါလိမ့်။ သူဟာ လူကောင်း တစ်ယောက်ပါ၊ လောကကြီးကို လှစေချင်သူ။ လူတွေကို စင်ကြယ်သော အသက်မွေးဝမ်းကြောင်းနှင့်သာ ရှင်သန်စေလိုသူ၊ လူတွေ၏အသက်ကို ကယ်တင် ကုသပေးနေသူ….။  ဖြစ်ရလေ…..။ သူဝတ်ထားသော မီးခိုးရောင်ရှပ်လက်ရှည်မှာ သွေးနီနီတို့ဖြင့် စွေးထင်လျှက်ရှိပြီ။ ထိုမီးခိုးရောင်ရှပ်လက်ရှည်ကိုလည်း စိမ်းကောင်းကောင်းကြီး မှတ်မိပါသည်။ ဈေးပင်မဆစ်ဘဲ ဝယ်ယူသွားခဲ့သော ရှပ်လက်ရှည်။

တရားခံ ဘယ်သူများပါလိမ့်၊  ဘယ်လိုလူမျိုးကများ ရက်ရက်စက်စက် သတ်ရက်တာပါလိမ့်။ ဘာကြောင့်များ အပြစ်မဲ့သူကိုမှ ရက်ရက်စက်စက် သတ်ခဲ့ရပါသလဲ။  အမျိုးမျိုးပြောနေကြသံ ကြားရသည်။ ငွေပေးသတ်ခိုင်းတာတဲ့၊ လူမှားပြီး ဓါးနဲ့ထိုးတာတဲ့။ စိမ်းအတွက်မူ သူ အမြဲတစေဝတ်နေကျ ရှပ်အပြာဖျော့ဖျော့နှင့်ဆိုလျှင် လူမှားနိုင်စရာမရှိဟု ထင်မိသည်။ ထိုအခိုက် နှုတ်ခမ်းပါးပါး နီညို့ညို့ကလေးကို ဖျတ်ကနဲမြင်သည်။ ဘုရားရေ....။ စိမ်းသည် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် ဘုရားတမိပြန်လေသည်။

ဆရာဝန်သည် စင်ကြယ်သော အသက်မွေးဝမ်းကြောင်းနှင့်သာ သူ့တစ်သက်နေထိုင်သွားသည်ကို သံသယ မရှိလို။  သို့သော်….စိမ်း ဉာဏ်မမီပါ။ စိမ်းသည် မမြင်နိုင်သော လောကကြီးနှင့် လောကကြီးထဲကလူတွေကို ကြောက်ရွံ့တုန်လှုပ်လျှက်ရှိသည်။ ကံကြမ္မာသည် လူကောင်းလူဆိုး ခွဲခြားမမြင်နိုင်တော့အောင် ရက်စက်လွန်းနေပြီလား။

ထိုအခိုက်အတန့်စိမ်းကိုယ်ထဲမှာ သွေးတို့တဒိတ်ဒိတ်လည်ပတ်တိုးဝှေ့ကာခေါင်းတစ်ခုလုံး နာကျင်အုံခဲလာပြီး မတ်မတ်ပင် ကောင်းစွာမရပ်နိုင်တော့ပေ။


Special Thanks : 
ဒီဝတ္ထုတိုလေးအတွက် သရုပ်ဖော်ပန်းချီလေးကို မေတ္တာဖြင့်ရေးဆွဲပေးသော စာရေးသူ ညီမ မြတ်ပန်းနွယ်အား ကျေးဇူးတင်ရှိပါကြောင်း ဒီနေရာလေးမှာ ရေးထိုးထားပါရစေ။

ORLOG - Fate or Personal Destiny



မောင့်စံပါယ်

$
0
0

















မောင် မွှေးကြူမှ လန်းစွင့်...
ကျွန်မက စံပါယ်တစ်ပွင့်ပါ
မောင့်ရင်ခွင်မှာ တင့်တယ်ခဲ့ဖူးတာပေါ့

သိလား  မောင်…
ကျွန်မက လူယောင်ဖန်ဆင်းထားတဲ့  စံပါယ်တစ်ပွင့်
ရနံ့လည်းသင်း  အဆင်းလည်းဖြူ
တူတူတန်တန် ပန်းအရာမသွင်းချင်လည်း နေ
မောင့်နှုတ်ဖျားက စံပါယ်လို့ အမည်မတပ်ချင်လည်း ရှိစေ

ညလေပြည်တွေကို အခွင့်ကောင်းယူပြီး
မောင့်ဆီ မွှေးပျံ့ခဲ့ပါတယ်….


Photo credit - သက်ဝေ 

အကြောက်တရားများ

$
0
0
ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရား ( Known fear)နဲ့ ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား ( Unknown fear)မှာ ဘယ်အရာက သင့်ကိုပိုပြီး ကြောက်လန့်စေပါသလဲ....တဲ့။  ညီမလေးနှင်း-နှင်းနဲ့မာယာက တက်ဂ်ပိုစ့်ခေါင်းစဉ်လေးပေးပြီး ကျွန်မတို့ဘလော့ဂ်ဂါတွေကို အိမ်စာပေးလာ ပါတယ်။ 

ငယ်ငယ်တုန်းကတော့ သရဲတစ္ဆေဆိုတာတွေကို ကိုယ်တိုင်မကြုံဖူးပါဘဲ လူပြောသူပြော နဲ့တင် ကြောက်နေဖူးခဲ့ပါတယ်။ အသုဘအိမ်တွေဆို ရှေ့က ဖြတ်တောင်မလျှောက် ရဲအောင်လည်း ကြောက်နေခဲ့ဖူးပါတယ်။ ခုတော့ဖြင့် ဘာကိုကြောက်လို့ကြောက်ရမှန်းကို မသိနိုင်တော့အောင်ပါပဲ။ သစ်ပင်ကောက်တာကိုသာ မြင်ရတယ်။ လူကောက်တာ မမြင်ရဘူးတဲ့၊ ဆိုတော့ လူကောက်ဆိုသူတွေကိုပဲ ကြောက်ရမှာလား။ ခက်တာက လူကောက်ဆိုတာ ချိုမပါဘူးလေ။

ထားပါတော့၊ ယေဘူယျပြောရရင် ကြောက်စရာတွေက အများသားကလား။  

ခုလို အကြောက်တရားအကြောင်းစာရေးဖို့ဖြစ်လာမှပဲ ကျွန်မလည်း အကြောက်တရား ဆိုတာကို သေသေချာချာ ရေရေလည်လည် စဉ်းစားမိပါတော့တယ်။ အကြောက်တရားတောင်မှ ကြိုတင်သိမြင်နိုင်တာနဲ့ ကြိုတင်မသိနိုင်တာရယ်လို့ ခွဲခြား နှိုင်းယှဉ်ရဦးမှာ၊ ကဲ ကျွန်မ နားလည်မိသလောက် ကြိုးစားပြောကြည့်ပါ့မယ်။

ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားနဲ့ ကြိုတင်မမြင်နိုင်တဲ့အကြောက်တရားနှစ်ခုမှာ ဘယ်အရာက ပိုကြောက်စရာကောင်းတယ်လို့ မနှိုင်းယှဉ်ခင် အကြောက်တရားဆိုတာကို ဘုံထုတ်ပြီး သူ့ရဲ့အဓိပ္ပါယ်ကို အရင်ဆုံးဖွင့်ကြည့်မိပါတယ်။ ဘာသာရေးရှူ့ထောင့်ကကြည့်မယ်ဆိုရင် ဟီရိသြတပ္ပဆိုပြီး အရှက်တရားနဲ့ အကြောက်တရားကို ပူးတွဲပြောဆိုလေ့ရှိကြတယ်။ သူတို့နှစ်ခုက အပြန်အလှန်အားဖြင့်လည်း ဒွန်တွဲနေကြတာကိုး။ အဲဒီအထဲကမှ အကြောက်တရားအကြောင်းကို ခွဲထုတ်ပြီး ကျွန်မ နားလည်မိသလောက် ပြောပါ့မယ်။ 

နားလည်ထားတဲ့အကြောက်တရား နှစ်မျိုးရှိပါတယ်။ အဲဒါကဟုတ်တာမှန်တာကို မလုပ်ဖြစ်မှာ ကြောက်ရခြင်းနဲ့မဟုတ်တာ၊မမှန်တာကိုလုပ်ရမှာ ကြောက်ခြင်းတို့ပါပဲ။ ဒီနေရာမှာ လုပ်တာလို့သုံးနှုန်းလိုက်ပေမယ့် တကယ်တမ်းက ကံသုံးပါးစလုံးနဲ့ ပြုမူပြောဆို ကြံစည်ခြင်းကို ဆိုလိုပါတယ်။ 


(၁) ကြိုတင်သိမြင်နိုင်တဲ့ အကြောက်တရား

(က)  ကျွန်မအတွက် ကြိုတင်သိမြင်နိုင်တဲ့အကြောက်တရားက ဟုတ်တာမှန်တာကိုသိရက်နဲ့ မလုပ်ဖြစ်မှာ ကြောက်တာပါပဲ။ ဆိုကြပါစို့၊ ကျွန်မတို့ပတ်ဝန်းကျင်မှာ နေ့စဉ်နဲ့အမျှ အကြောင်းခြင်းရာတွေ မပြတ်မလပ်ဖြစ်ပေါ်နေကြတယ်။ တစ်ချို့ကိစ္စတွေမှာ ကိုယ်တိုင်က ဒါဟာ အမှန်တရားဆိုတာကို ခိုင်ခိုင်မာမာသိနေတယ်၊ မြင်နေတယ်၊ ဒါပေမယ့် အကြောင်းကြောင်းကြောင့် လစ်လျူရှု့ပစ်လိုက် တတ်ကြတယ်။  အမှန်တရားကို မျက်ကွယ်ပြုလိုက်တတ်ကြတယ်။  အဲဒီလို ကိုယ် မှန်တယ်ဟုတ်တယ် ထင်တာကို ရဲရဲဝံ့ဝံ့မပြောလိုက်နိုင်မှာ၊ မလုပ်လိုက်နိုင်မှာကိုကျွန်မ ကြောက်ပါတယ်။ အတိအကျပြောရရင် အမှန်တရားအပေါ် သစ္စာဖောက်ရမှာ ကျွန်မ ကြောက်ပါတယ်။

(တစ်ချို့ကတော့ မှန်တိုင်းလည်း မကောင်းဘူးလို့ ဆိုတတ်ကြတယ်။ တကယ်က မှန်တယ်ဆိုမှတော့ ကောင်းပြီပေါ့နော်။ လူတွေ ယေဘူယျသတ်မှတ်ထားချက်အရ မှားတာကမှ မကောင်းဘူးဆိုတယ်မို့လား)

(ခ)  ကြိုတင်မြင်နိုင်တဲ့ အကြောက်တရားနောက်တစ်ခုကတော့ အထက်မှာ ကျွန်မပြောခဲ့သလို မဟုတ်တာ၊ မမှန်တာလုပ်မိမှာကို ကြောက်တာပါ။ အမှားကိုအမှားမှန်း ခြေခြေမြစ်မြစ် သိသိကြီးနဲ့ လုပ်မိမှာ ကျွန်မ ကြောက်ပါတယ်။ မှားတယ်ဆိုတာကို သိတယ်ဆိုမှတော့ မလုပ်နဲ့ပေါ့လို့ ပြောစရာပါ။ ဒါပေမယ့်လည်း အဲသလိုအချိန်တွေမှာ စိတ်ဇောတစ်ခုခုရဲ့တွန်းအားကြောင့် အမှားမှန်းသိသိနဲ့ တဇွတ်ထိုး လုပ်နေမိတတ်ကြပါတယ်။ လူဆိုတာ အမှားနဲ့မကင်းကြသူများမို့ မှားနေပြီဆိုတာကို သိရင် အမှန်ကိုပြင်ဖို့ ကြိုးစားသင့်ပါတယ်။ ဒီနေရာမှာ နောက်ထပ်အကြောက်တရားတစ်ခု ဝင်လာပြန်ပါတယ်။ အမှန်ကို မပြင်ချင်၊ မပြင်ရဲမှာ တွန့်ဆုတ်ကြောက်ရွံ့နေတတ်တဲ့စိတ်ပါပဲ။ ဒီတော့ ဒီနေရာမှာ ကျွန်မအတွက် အကြောက်တရားက အမှားမှန်း ကြိုတင်သိနေတဲ့ကိစ္စကို ကံသုံးပါးနဲ့လုပ်မိပြီးတဲ့နောက် အမှန်ရောက်အောင် မပြင်နိုင်မှာကို ကြောက်ပါတယ်။ 

(၂) ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရား

ကျွန်မအတွက် ကြိုတင်မမြင်နိုင်တဲ့အကြောက်တရားကတော့ သေခြင်းတရားပါ။ လူ့ဘဝကြီးမှာ နေလာရပြီး နောက်ဆုံးအချိန်ကို ဘယ်လိုအဆုံးသတ်မယ်ဆိုတာ ဘယ်သူမှ ကြိုတင်သိမြင်နိုင်တဲ့ ကိစ္စမဟုတ်လို့ပါပဲ။ တကယ်တော့ သေရမှာကိုကြောက်တာ မဟုတ်ဘဲ သေခါနီးနောက်ဆုံးထွက်သက်မှာ တရားလက်လွတ်၊ အမှတ်မဲ့ သေဆုံးသွားမှာကို ကျွန်မ အင်မတန်ကြောက်ပါတယ်။ 

ဒီတော့ ကျွန်မ အနက်ဖွင့်ထားတဲ့ အကြောက်တရားနှစ်ခုမှာ နံပါတ် (၂)ဖြစ်တဲ့ ကြိုတင်မမြင်နိုင်တဲ့ အကြောက်တရားကို ပိုပြီး ကြောက်မိပါတယ်။ ဒီတစ်ဘဝမှာ ထောက်ရာတည်ရာသာ မရခဲ့ရင် သံသရာမှာ ကျင်လည်နေရဦးမယ့်အဖြစ်မို့ အမှတ်မဲ့သေဆုံးလို့ လားရာမကောင်းမှာကို ကျန်တဲ့အရာအားလုံးထက် ကျွန်မ ပိုပြီး ကြောက်မိပါတယ်။

ညီမလေးနှင်းရေ….အဆင်ပြေမယ်လို့ မျှော်လင့်မိပါရဲ့နော်။




အချစ်သည် ခါးသက်တတ်သောသဘောရှိ၏

$
0
0
(အစ)

သမီးရဲ့ခပ်စွေစွေအကြည့်ကိုလျစ်လျူရှု့ရင်း လုပ်စရာရှိတာကို ဆက်လုပ်နေလိုက်တယ်။ ပြင်ဆင်နေတာ ပြီးမှ မပြီးသေးတာပဲ။ shitလို့ သူမနှုတ်ဖျားက လွှတ်ကနဲထွက်သွားတော့ သမီးက ဆတ်ကနဲ လှမ်းကြည့်တယ်။ သမီးအကြည့်ထဲမှာ စိတ်လေလိုက်တာဆိုတဲ့ ဖွင့်ဆိုချက်က ကိုးလောက်ရှိတယ်။ ဒီမျက်တောင်တုဟာလေ ဒီနေ့မှ ဘယ်လိုတပ်ရခက်ခဲတယ် မသိဘူး။ မျက်လုံးထောင့်စွန်းနားမှာ ကွာချင်ချင်ဖြစ်နေတာကို ပြန်တပ်ဖို့ ဆတ်ကနဲ ဆွဲခွာလိုက်တယ်။ နှာရိုးလေး ပိုပေါ် လာအောင် နှာရိုး တဖက်တချက်ကို ပါးနီလေးရိပ်ရိပ်တင်လိုက်သေးတယ်။ မျက်တောင်တုခပ်ပါးပါးကြောင့် မျက်ဝန်းအိမ်တွေဟာ ရှိရင်းစွဲထက် ပိုကျယ်လာသယောင်။ နှုတ်ခမ်းနီကိုတော့ ခပ်ရဲရဲမဆိုးဘဲ ပန်းဖျော့လေးပဲဆိုးပြီး အပြီးသတ်လိုက် တယ်။ မောင်က နှုတ်ခမ်းအနီရဲရဲဆိုးတာ မကြိုက်ဘူး၊  “မောင့်နှုတ်ခမ်းမှာ မ နှုတ်ခမ်းနီတွေ ပေကုန်မှ ခက်မယ်” တဲ့။ ကြည့် ဆိုးတဲ့ မောင်….။ သူမမျက်နှာမှာ ရှက်ပြုံးတစ်ချက် ဖျတ်ကနဲပြေးတယ်။

မောင်….။  သူမအတွေးထဲ မောင်လို့ တစ်ချက်လေး တ လိုက်ရုံနဲ့တင် အံ့သြချင်စရာကောင်းလောက် အောင် သူမသွေးတွေ ပူနွေးသွားတယ်။ သမီးသိရင်တော့ မျက်နှာကို ရှုံ့မဲ့လို့ ပုခုံးကို ဟန်ပါပါ တွန့်ပြလေဦးမယ်။ “ဘာလဲ ဒုတိယအရွယ်၏ တတိယဝေဒနာလား ဟာဟ”လို့ လှောင်ရယ်နေဦးတော့မှာ။ သူမရည်းစားဦးအကြောင်း၊ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ သူမခင်ပွန်း သမီးအဖေအကြောင်း၊ ခု မောင့်အကြောင်း ဒါတွေအားလုံး သမီးကို ပွင့်ပွင့်လင်းလင်းပြောပြထားခဲ့တော့ သမီးက သူမရဲ့မောင့်ကို တတိယဝေဒနာလို့ ခေါင်းစဉ်တပ်ထားလေတယ်။

မောင်ဟာ ကြင်နာတတ်သူတစ်ယောက်၊ အဲဒါ သူမ သေချာတယ်။ သူမလက်ကလေးကို ဆွဲပွေ့ယူငင်လိုက်တာက အစ၊ သူမပါးကလေးကို ဖွဖွမွှေးမြလိုက်တာအဆုံး မောင်ဟာ တကယ့်ကို ကြင်ကြင်နာနာ။ မောင့်လက်ထဲမှာ သူမဟာ နေထိပန်းကလေးတစ်ပွင့်လို အမြဲတမ်းပျော့ခွေနွမ်းလျမြဲ။ အားအင်တွေကုန်ခမ်းသွားမြဲ။ မသိတော့ပါဘူး၊ ဘာကြောင့်ဆိုတာ။ မောင့်ကိုတွေ့ရင်ပဲ သူမရင်တွေ ဗြောင်းဆန်ကုန်တော့တာ။ ဦးနှောက်နဲ့နှလုံးသားတို့ အဆက်အသွယ်တွေ ပြတ်တောက် ကုန်တော့တာ။ အဆင်အခြင်တွေ ကင်းမဲ့လို့…၊ မောင့်အကြင်နာမှာ ဇက်ကုန်လွှတ် မျော လွင့်နေတတ်ခဲ့တာ။

ပြောကြပါတော့လေ။  ဒီအသက်ဒီအရွယ်ကျမှ အချစ်ဆီကို ကမ်းကုန်စီးဆင်းနေတာဟာ ရှက်စရာလို့၊ နေစမ်းပါဦး၊ ဆန့်ကျင်ဘက်လိင်အပေါ် မိန်းမတစ်ယောက်ရဲ့ အချစ်က ရယ်ပွဲဖွဲ့ချင်စဖွယ်လား။ တင်းဆိုဖွဲ့ချင်စရာများ ကောင်းလွန်းနေသလား။  အချစ်ဆိုတာ အသက်နဲ့ အရွယ်နဲ့ ဆိုင်တဲ့အရာလား၊ နှစ်ယောက်အတူ ဘဝတစ်ခုတည်ဆောက်ဖို့ ဖြစ်နိုင်ချေရှိမှု မရှိမှုနဲ့ရော သက်ဆိုင်သလား။ အတူတူ ဘဝတစ်ခု မတည်ဆောက်နိုင်ဘဲနဲ့ရော သူမတို့နှစ်ယောက် မချစ်ကြရတော့ဘူးလား။ သူမကရော မောင်နဲ့အတူ ဘဝတစ်ခုတည်ဆောက်ရဲလို့လား။ သူမအသက်အရွယ်လေးဆယ်ကျော်ဟာ မောင်နဲ့သူမကြားက ခပ်ထူထူစည်းတစ်ခုတဲ့လား။ မတွေးချင်…။

လူတွေရဲ့ သူများအပေါ် ပြောစရာ ပါးစပ်၊ ထိုးစရာ လက်ညှိုးတွေ အားလပ်လွန်းနေတာဟာ ပြဿနာ။ 

သူမအနေနဲ့တော့ နည်းနည်းလေးမှ ဂရုစိုက်မနေချင်။ ဘဝတိုတိုမှာ၊  လူပေါင်းများစွာထဲမှာ၊ ခုလိုအချိန်မှာမှ မောင်နဲ့ဆုံဆည်းခွင့်ပေးတဲ့ ကံကြမ္မာကိုသာ သူမက ကျေးဇူးတင်နေခဲ့တာ။ သူ့အလိုလိုဖြစ်တည်လာတဲ့ အချစ်ဆိုတာကို လူတွေရဲ့ပါးစပ်တွေ မျက်လုံးတွေကြောင့် သက်သက်နဲ့ မြေမြှုတ်ကျောခိုင်းပစ်လိုက်ဖို့ သူမက သတ္တိမကြောင်ချင်ဘူး။ အင်း ဒါကို သူမက သတ္တိလို့ပဲ သုံးနှုန်းလိုက်ချင်တယ်။ သူမဂုဏ်သိက္ခာ၊ သူမမာန၊ သူမရပ်တည်မှု၊ သူမအရှက် ဒါတွေအားလုံး၊  ဒါတွေအားလုံးနဲ့ မောင့်အပေါ်ချစ်မိတဲ့အချစ်ကို လဲလှယ်ပစ်ရဲတဲ့ သတ္တိ။ လူတွေရဲ့ ဖြစ်နိုင်ဖွယ်ရာသော ပြောဆိုပြစ်တင်မှုတွေ၊ နောက်ကျောက ဓါးချက်တွေနဲ့ လဲလှယ်ပစ်ရဲတဲ့ သတ္တိ။  တကယ်တော့ အဝေးကြီးရယ်။ သူမရဲ့အရာရာကို လွှတ်ချခဲ့ပြီးမှ မောင့်အနားရောက်ဖို့ အဝေးကြီးကနေ လာရသူမို့ မောင့်အပေါ်ချစ်မိတဲ့အချစ်ကို သူမကိုယ်တိုင် တန်ဘိုးထားတယ်။

ဘယ်သူတွေ ဘာပြောကြစေ၊ အရာအားလုံးနဲ့ဆန့်ကျင်လို့ ပုံနှစ်ပြီး ချစ်ဖူးချင်တယ်။ သူမဘဝမှာ ဆန့်ကျင်ဘက်ယောကျာ်းတစ်ယောက်အပေါ် တစ်ခါမှ မချစ်ဖူးတဲ့အချစ်မျိုးနဲ့ ပျော်ဝင်ပတ်သက် ကြည့်ချင်လှတယ်။ မောင်နဲ့အတူ အချစ်ဆိုတာကို တစ်သားတည်း တစ်သွေးတည်း အတူတကွ ဆုတ်ကိုင်လို့သာ ထားချင်တော့တယ်။ သူမ ရူးနေတာလို့ ပြောကြပါစေတော့။

လူနှစ်ယောက်လက်ထပ်ကြတိုင်း လိင်ကိစ္စသာယာချင်လို့ပဲလို့ တညီတညွတ်ထဲ အပေါ်ယံကောက်ချက် ချတတ်ကြတာ ဘာကြောင့်ပါလိမ့်။ သူမ နားမလည်နိုင်ဘူး။ အနောက်နိုင်ငံတွေမှာ အသက်တွေကြီးမှ တွေ့ဆုံချစ်မက်လို့ လက်ထပ်ဖြစ်ကြတဲ့စုံတွဲတွေ အများကြီးရယ်။ အဲဒီအတွက် ဘယ်သူကမှလည်း ကဲ့ရဲ့ပြစ်တင်မှု မပြုကြဘူး။ ကာယကံရှင်နှစ်ယောက်အတွက် အမီသဟဲအဖြစ် ပေါင်းဖော်မှုအပေါ် ဝမ်းမြောက်ဝမ်းသာတောင်ရှိကြသေးတယ်။

လူနှစ်ယောက်ဟာ တစ်ယောက်အတွက် နောက်တစ်ယောက်က အနားမှာရှိနေသင့်တယ်၊ ရှိနေဖို့လိုအပ်တယ် ယူဆလို့ အတူနေကြတာ ဘာဖြစ်သလဲ။ အသက်အရွယ်ကြီးရင့်လာတဲ့လူတွေအဖို့ ပိုလို့တောင်လိုအပ်သေးတာ။ အားပေးဖော် ဖေးမဖက်၊ ဆေးပေးမီးယူဆိုတာတွေဟာ ဒီလိုအချိန် ဒီလိုအသက်အရွယ်မှာ ပိုပြီးတော့တောင် လိုအပ်သေးတာမဟုတ်လား။ တစ်ပင်လဲလို့ တစ်ပင်ထူတာဆိုတဲ့ ရှေးရိုးစကားကြီးကို ဆွဲမထည့်လိုပေမယ့် ဒီနေရာမှာ ဖြစ်ချင်းဖြစ်ရင် အချစ်ကြောင့်သာဖြစ်ရမှာလို့ သူမက ဆင်ခြေတက်ခွင့်ရချင်သေးတယ်။

သူမရည်းစားဦးအပေါ် စိတ်အလှုပ်အရှားတစ်ခုနဲ့ ဆယ်ကျော်သက်အရွယ်မှာ ချစ်ခဲ့တာ၊ သမီးလိမ္မာနာမည်ခံချင်ခဲ့လို့ မဟုတ်ပေမယ့် ငြင်းဆန်ချင်စရာလည်းမရှိတဲ့ မိဘတွေရဲ့အစီအမံနဲ့ သမီးတို့အဖေကို အိမ်ထောင်ပြုခဲ့တာ၊ ဒါတွေဟာ အချစ်မဟုတ်ခဲ့ဘူးလားလို့ မေးချင်စရာပါပဲ။ အဲ့ဒီအတွက် သူမမှာ တိကျတဲ့အဖြေ ရှိမနေဘူး။ သေချာတာက ခုချိန်မှာ သူမ မောင့်ကို သေမလိုချစ်တယ်။ ဆယ်ကျော်သက်တစ်ယောက်လို ခုန်ခုန်လှုပ်လှုပ် ရှူးရှူးရှားရှားအချစ်မျိုး မဟုတ်ပေမယ့် မောင်နဲ့ပါတ်သက်တိုင်း နွေးလာတဲ့ သူမသွေးတွေ၊ ဘယ်ဘက်ရင်ဘတ်အထက်က လှုပ်ကနဲ လူးလွန့်သွားတာတွေနဲ့တင် သူမ ကျေနပ်တယ်။ ဒါ အချစ်ပဲ…။

သမီးတို့အဖေဆုံးပြီးကတည်းက သားအမိဆိုတာထက် သူငယ်ချင်းပေါင်း ပေါင်းကြသူတွေမို့ သူမနဲ့သမီးကြား ဆက်ဆံရေးက သိပ်ကိုလွတ်လပ်ပွင့်လင်းတယ်။ ဘာမဆို တိုင်တိုင်ပင်ပင်ရှိကြတယ်။ အလှအပရေးရာကအစ ချစ်မှုရေးရာအဆုံးပေါ့။ သမီးက ရည်မှန်းချက်ကြီးတယ်။ စည်းစံနစ်ကြီးတယ်။ အနေအထိုင်အေးဆေးသိမ်မွေ့တယ်။ ဉာဏ်ရည်ထက်မြက်တယ်။ ဒါတွေဟာ အဖေ့ဆီက ရခဲ့တာ။ ရုပ်ရည်ကအစ အဖေတူသမီး။

“သမီးက အမေ့အလှကို မမီပါဘူးကွာ”လို့ လူတွေပြောကြတိုင်း မဲ့ပြုံးလေးနဲ့ တုန့်ပြန်တတ်တဲ့ သမီးမျက်နှာကို သူမက ငေးကြည့်ရယ်မောလိုက်မြဲ။ “သမီးက အဖေနဲ့တူလို့ အမေ့လောက်မလှတာပေါ့၊ သမီးက အဖေ့သွေးအပြည့်ပါတာကိုး”လို့ အိမ်ပြန်ရောက်တိုင်း မခံချင်စိတ်နဲ့ပြောတတ်မြဲ။ အဖေနဲ့တူလို့ တဲ့။ အဖေ့သွေးအပြည့် တဲ့။ သမီး ဘာကိုဆိုလိုချင်တယ်ဆိုတာကို သိသူမို့ သူမက ခပ်ဟဟရယ်ပစ်လိုက်တာ ချည်းပဲ။ တစ်ယောက်ထဲကို သေသည်အထိ စွဲစွဲမြဲမြဲချစ်ပြသွားခဲ့တဲ့ သမီးဖေဖေ….။ သူမလည်း အဲသလို ချစ်တတ်ချင်သားပဲ။

“မပြီးသေးဘူးလား မေမေ”ဆိုတဲ့ သမီးအသံကြားမှ သူမအတွေးတွေ ပြတ်တောက်သွားတော့တယ်။

“အေး ပြီးပါပြီသမီးရယ်၊ မေမေ နောက်ငါးမိနစ်လောက်ဆို ပြီးပါပြီ။ သမီးဆာရင် ဟင်းတွေနွှေးစားနော်၊ မေမေ ဟင်းတွေချက်ထားခဲ့တယ်။ ထမင်းလည်းရှိတယ် အိုကေ”

“ဟုတ် မေမေ”

အခန်းတံခါးကို စေ့ပိတ်လိုက်ရင်း ရင်လျားထားတဲ့ သဘက်ကို ကိုယ်ပေါ်က ခွာလိုက်တယ်။ ကိုယ်လုံးပေါ်မှန်ထက်မှာ ဖျတ်ကနဲအရိပ်ထင်လာတဲ့ သူမကိုယ်သူမ ငေးကနဲကြည့်မိရင်း သဘက်ကို ရှက်ရှက်နဲ့ ပြန်ဆွဲခြုံလိုက်မိသေးတယ်။ နောက်မှ မရဲတရဲနဲ့ သူမကိုယ်လုံးကို သေချာကြည့်မိတယ်။ သူမအသားအရည်….၊ သူမပေါင်တံတွေ…..၊ သူမရင်သားတွေ အလှပျက်နေပြီလား၊ ပျော့တွဲနေပြီလား…။ ပြီးတော့ သူမလက်မောင်းနှစ်ဘက်၊ သူမလည်တိုင်က တွန့်စပြုနေတဲ့ အရည်တွေ။ သူမဟာ မောင့်အတွက် သိပ်များ အိုမင်းရင့်ရော်နေပြီလား။ သူမထက် ဆယ့်ခြောက်နှစ်တိတိငယ်တဲ့မောင့် မျက်နှာလေးကို မြင်ယောင်ရင်း ဝမ်းနည်းသလိုလို။ “ကိုယ်က မောင့်အတွက် သိပ်ကြီးရင့်နေပါပြီ။ မောင်ရယ် ကိုယ်တို့ မချစ်ကြပါစို့နဲ့တော့” တွေးရင်းက သူမစိတ်တွေလေးလံလို့နေတော့တယ်။ တကယ်တော့ အဲဒီလိုအတွေးနဲ့တင် သူမ သေလောက်တာ သူမအသိဆုံး။ မောင်နဲ့မဝေးနိုင်တာလည်း သူမကိုယ်သူမ အသိဆုံးရယ်။

မှန်ထဲက မိန်းမကို သူမ အားတင်းပြုံးပြလိုက်တယ်။ သူမ လှနေသေးတာပဲ။ လေးဆယ်ကျော်အရွယ်ရဲ့ ရင့်ကျက်မှုအလှ၊ ကျက်သရေ၊ စီးပွားတစ်ခုကိုဦးဆောင်ဦးရွက်ပြုနိုင်မှု ဒါတွေကလည်း ဆွဲဆောင်မှုတစ်ခုပဲ မဟုတ်ဘူးလား။ come on, don’t loose heart ok ! သူမကိုယ် သူမ အားပေးလိုက်တယ်။

ကော့ဆက်ဝတ်ဦးမှပါ။ ဘီရိုအောက်ဆုံးထပ်က ကော့ဆက်ကို ဝတ်ပြီးတဲ့အခါ သူမကိုယ်သူမ ယုံကြည်မှုပြည့်သွားသလိုလို။ ကော့ဆက်ကြောင့် ခါးကလေးသိမ်သွားသလို တင်ကလေးကို ပင့်ထားသလိုမို့  နေ့လည်ကတည်းက ရွေးချယ်ထားတဲ့ ကိုယ်လုံးနဲ့အတိ ဂါဝန်အဖြူအရှည်ကလေးကို သူမခေါင်းပေါ်ကနေ စွတ်ချလိုက်တဲ့အခါ ပြီးပြည့်စုံတဲ့အလှတရားတစ်ခုကို သူမခံစားလိုက်ရတယ်။
မှန်ထဲကို နောက်တစ်ကြိမ်ထပ်ကြည့်မိပြန်တယ်။ ဂါဝန်အရှည်အဖြူရောင်နဲ့ မိန်းမဟာ ထင်သလောက်လည်း မဆိုးသေးပါဘူးလေ။ မအိုမင်းသေးဘဲ ကြည့်ကောင်းနေဆဲ။ လှပဆွဲဆောင်မှုရှိနေဆဲ။

အသက်ရှူတော့ နည်းနည်းကြပ်သလိုပဲ၊ ကော့ဆက်ကြောင့်ထင်ပါရဲ့။ “ပုလင်းကိုင် ဇက်၊ မိန်းမဖက် ခါး”တဲ့။ မောင် ပြောဖူးတယ်။ မောင် သူမခါးကို ဖက်လိုက်တဲ့အခါ မောင့်လက်တွေက သူမဝတ်ထားတဲ့ ကော့ဆက်ကိုများ ထိသိခံစားသွားလေမလား။ ဒါဆိုရင်တော့ ရှက်စရာသိပ်ကောင်းမှာပဲ။ သူမက ဘယ်တုန်းကမှ မောင့်အပေါ် အပေါ်ယံအလှတွေနဲ့ မသိမ်းသွင်းခဲ့ဖူးဘူး။ ဟန်ဆောင်အလှအပတွေ မပြခဲ့ဖူးဘူး။ ပကတိသူမကိုသာ မောင့်ကို သိစေခဲ့တာ။ ဘာမှမလူးခြယ်ထားတဲ့ သူမမျက်နှာကို အရှိအတိုင်း မောင့်ကို သိစေ၊ လက်ခံစေခဲ့တာလေ။ ဘာမှ တန်ဆာမဆင်ထားတဲ့ သူမစိတ်ရင်းကိုပါ အတွင်းအပြင် အရှိအတိုင်းသိစေခဲ့တာ။

ကိုယ်ပေါ်က ကော့ဆက်ကို ချွတ်ခဲ့လိုက်တော့မှပဲ အသက်ရှူချောင်သွားသလို သူမ ခံစားရတယ်။ နာရီသံကြားတယ်။ သူမတော့ နောက်ကျတော့မှာပဲလို့ တွေးမိရင်း အဝတ်အစားလဲခြင်းကို အပြီးသတ်လိုက်တယ်။ မောင်က နောက်ကျတာ မကြိုက်ဘူးလေ။

“မိုးမချုပ်နဲ့နော် မေမေ”ဆိုတဲ့ သမီးကို “အင်းပါ သမီးရယ်၊ မေမေ သိပ်မိုး မချုပ်ပါဘူး။ မေမေ့ကို စောင့်တော့မနေနဲ့နော် ကြားလားသမီး၊ အိပ်ချင် အိပ်နှင့် ဟုတ်ပြီလား” လို့ ပြန်ပြောရင်း ကားထဲ ခပ်မြန်မြန်ဝင်လို့ မောင်းထွက်ခဲ့တော့တယ်။

သူမ နောက်ကျရင် မောင် စိတ်ကောက်တော့မှာ….

(အလယ်)

ဆိုင်ထဲရောက်လို့ စားပွဲဝိုင်းတွေဆီ မျက်စေ့ဝေ့အကြည့်မှာ စိတ်လက်အေးသွား ရတယ်။ မောင် ရောက်မနေသေးဘူးဘဲ။ မောင်နဲ့ထိုင်နေကျ ထောင့်ခပ်ကျကျစားပွဲမှာပဲ ရွေးထိုင်လိုက်တယ်။ အအေးတစ်ခွက် အရင်မှာသောက်ရင်း မောင့်ကိုစောင့်တယ်။ စားပွဲတိုင်းပေါ်မှာ အဖြူရောင်ဖဲကြိုးလေးနဲ့ လှလှပပစည်းနှောင်ထားတဲ့ နှင်းဆီအနီရဲရဲတစ်ပွင့်ရယ်၊ အသည်းပုံချောကလက်ဘူးကလေး တစ်ဘူးစီရယ်၊ ဝိုင်အနီတစ်ပုလင်းစီရယ် ရှိကြတယ်။

အရံညစာကတော့ အားလုံးအတွက်အတူတူပေမယ့် အဓိကညစာကိုတော့ သူတို့ပေးတဲ့ မီနူးထဲက ရွေးချယ်မှာယူရမှာမို့ မောင်ရောက်မှပဲ အတူမှာတော့မယ်။ ချစ်သူများနေ့အတွက် အထူးညစာမို့ ကြိုတင်ပြီး မှာယူထားရတဲ့ ညစာ…၊ မောင်နဲ့အတူ ပထမဦးဆုံး အတူတူရှိနေကြရမယ့် ချစ်သူများနေ့ညစာမို့ သူမရင်အခုန်အလှုပ်က ဘောင်ဘင်ခတ်မျှ အရိုင်းဆန်လွန်းလှတယ်။

ဘေးစားပွဲက ခပ်ငယ်ငယ်စုံတွဲကတော့ ကယုကယင်နဲ့ ချိုအီနေလိုက်ကြတာ။ သူမ ပြုံးလိုက်မိတယ်။ ငယ်ရွယ်သူတွေကိုး။ ချာတိတ်ကလေးက သူ့ကောင်မလေးကို ချော့ကလက်ခွံ့ကျွေးလိုက်၊ ကောင်မလေးက ချာတိတ်ကလေးကို သူ့ပန်းကန်ထဲက အီတလီခေါက်ဆွဲတွေ ခက်ရင်းနဲ့လိတ်ယူရင်း ပြန်ခွံ့ကျွေးလိုက်နဲ့။ တခါတခါ ကောင်မလေးဆီက ခိုးခိုးခစ်ခစ်ရယ်သံလေးတွေ ကြားရတတ်သေးတယ်။

ခဏနေတော့ ဒီဂျေဆီမှာ အချစ်သီချင်းညိမ့်ညိမ့်လေးတွေ တောင်းဆိုနေသံကို ကြားလိုက်ရတယ်။ ဘယ်သူက ဘယ်သူ့အတွက်ဆိုတာတွေကိုလည်း ဒီဂျေက ကြော်ငြာပေးနေတာမို့ သူတို့ တစ်ယောက်နဲ့တစ်ယောက် ချစ်စနိုးခေါ်ဝေါ်ကြတဲ့ နာမည်ထူးထူးဆန်းဆန်းချစ်စရာလေးတွေကို ကြားတော့ သူမ ပြုံးမိရသေးရဲ့။ တစ်ယောက်ကများ သူ့ကောင်မလေးကို ခေါ်ပုံက ချစ်ပုတုလေးတဲ့။ ကြည့်လိုက်တော့ ကောင်မလေးက တကယ်ကို ပုပုသေးသေးလေး။ ချစ်စရာ….လူငယ်ကလေးတွေရဲ့ တက်ကြွလတ်ဆတ်တဲ့ အချစ်…။ ဟင်း….သူမအချစ်ကရော မောင့်အတွက် လတ်ဆတ်နိုင် ပါဦးမလား နော်။

သူမရောက်နေတာ တစ်နာရီနီးပါးရှိခဲ့ပြီ။ မောင့်ဆီက နောက်ကျမယ့်အကြောင်း ဖုန်းလေးတောင်မှ မဆက်။ သူမ ဆိုင်ကဝိုင်ဖိုင်နဲ့ချိတ်လိုက်ပြီး မောင့်ဆီကို ဗိုင်ဗာမက်ဆေ့ခ်ျပို့လိုက်တယ်။ 

Where r u mg?

မက်ဆေ့ခ်ျက sent ဆိုတဲ့နေရာမှာရပ်နေပြီး delivered ဖြစ်မသွားဘူး။ ခက်တော့တာပဲ ဒါဆို မောင်ဖတ်မိမှာ မဟုတ်ဘူးပေါ့။ မောင် အလုပ်များ များနေလို့လား။ မောင်က သူ အလုပ်များနေတုန်း ဖုန်းဆက်တာမကြိုက်ပေမယ့် ခုက အတော်နောက်ကျနေတာမို့ မဖြစ်မနေဖုန်းဆက်ရတော့မှာ။ ဖုန်းက အတန်ကြာအောင် ခေါ်နေပေမယ့်လည်း တစ်ဘက်က ဖုန်းမဖြေ။ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာနဲ့ပဲ တိုးနေတာမို့ သူမ စိတ်ပျက်သွားရတယ်။ မောင့်ဆီ သုံးကြိမ်မြောက်ဖုန်းအခေါ်မှာတော့ စက်ပိတ်ထားပါတယ်ရှင်ဆိုတဲ့အဖြေကြောင့် သူမစိတ်ထဲ ထင့်ကနဲ။

သူမသောက်နေတဲ့ အအေးလည်း ကုန်ပြီ။ ဗိုက်လည်းဆာလှပြီ။ မောင်မလာသေးဘူးဆိုတဲ့အသိက ဗိုက်ဆာလိုက်တာဆိုတာကို မေ့လျော့စေပြန်တယ်။ သူမအာရုံတွေက မောင်ဘာများဖြစ်နေပါလိမ့်ဆိုတဲ့ အထဲမှာ စုံးစုံးနစ်လို့။ အဲကွန်းခန်းထဲမှာ သူမတစ်ကိုယ်လုံး ချွေးတွေစို့လာသလိုလို။

တစ်ချို့စုံတွဲလေးတွေက ပန်းစည်းလေးတွေကိုင်လို့ ပြန်ကုန်ကြပြီ။ တစ်ချို့လည်း ဒီဂျေဖွင့်ပေးထားတဲ့ သီချင်းညိမ့်ညိမ့်လေးတွေနဲ့ သူတို့စားပွဲဘေးနားတင်ရပ်ပြီး တွဲကလို့နေကြတယ်။ သူတို့ကို ကြည့်ရတာ ကြည်နူးလိုက်တာဆိုတာထက် ခုနေခါမှာ သူမကို ရင်မောစေခဲ့ပြီ။ မောင် ဘယ်မှာများပါလိမ့်။

စားပွဲထိုးလေးတစ်ယောက်က အဓိကညစာမှာတော့မလား လာမေးတော့ သူမ ခေါင်းခါပြလိုက်မိတယ်။ ခဏလေး စောင့်ပါရစေဦးနော်၊ မောင် လာနေတာ ဖြစ်မှာပါ။ ကားလမ်းတွေများ ပိတ်နေသလား။ အို…တခုခုဆို မောင် ဖုန်းဆက်ရမှာပေါ့။ ခု စက်ပိတ်ထားတယ်တဲ့လေ။ မတွေးဝံ့ မတွေးသာ မောင်များ တစ်ခုခု ဖြစ်နေလား၊ မောင့်ဖုန်းများ ကားကြိတ်ခံရသလား။ မောင် ဘေးမှကင်းရဲ့လား။ ဘုရား ဘုရား အဲ့ဒီအတွေးနဲ့တင် သူမစိတ်တွေ ဆောက်တည်ရာမရနိုင်တော့။ မောင် ဘာမှမဖြစ်ပါစေနဲ့။ မောင် ဘေးကင်းပါစေ။ မောင် ဘယ်မှာများပါလိမ့်၊  ဘယ်မှာများပါလိမ့်ကွယ်။

ခုမှပဲ သူမဝတ်လာတဲ့ဂါဝန်က စည်းကြပ်နေသလိုလို၊ တစ်ကိုယ်လုံး တုပ်နှောင်ခံထားရသလို အသက်ရှူမဝနိုင်တော့။ တော်သေးတယ်၊ ကော့ဆက်ဝတ်မလာဖြစ်ခဲ့တာ။ ဝတ်သာဝတ်လာခဲ့ရင် ခုနေ သူမ အသက်ရှူကြပ်ပြီး မူးမေ့လဲကျသွားလောက်တယ်။ ဆာလွန်းရင် ဖြစ်နေကျအတိုင်း သူမလက်တွေ တုန်ယင်လာပြီ။ ခဏလေး…ပလိစ်၊ စားပွဲထိုးလေးတစ်ယောက်ကို လှမ်းခေါ်လိုက်တယ်။ နောက်ထပ် အအေးတစ်ခွက်ပေးပါဦး။ သူမရင်တွေ ပူလှပြီ။ မောင်ရေ  မောင် ဘယ်မှာလဲဟင်။

သူမ ထိုင်နေခဲ့တာ နှစ်နာရီနီးပါးရှိပြီ။ တစ်ကိုယ်လုံး တောင့်တင်းလို့။ ဘေးဘီဝဲယာက စုံတွဲတွေကို ကြည့်မိတိုင်း သူမရင်ညွန့်ထဲ အောင့်တက်လာတာမို့ မကြည့်မိအောင်ထိန်းရင်း မျက်လုံးတွေက စားပွဲရှေ့တည့်တည့်ကိုသာ စိုက်ချကြည့်နေမိတော့တာ။ ငိုချင်လာသလိုပဲ။ သူမမျက်လုံးတွေ ဝေဝါး လာနေပြီ။ စားပွဲပေါ်က ပန်းစည်းကလေးရယ်၊ ချောကလက်ဘူးရယ်၊ ဝိုင်ပုလင်းရယ်ကို ဖြတ်ရိုက် ချပစ်လိုက်ချင်စိတ်တွေနဲ့ သူမစိတ်တွေ သူပုန်ထနေပြီ။ မောင်ရေ  မြန်မြန် လာပါတော့။ သူမ အရူးတစ်ယောက်လို စိတ်ထဲက အော်ပြောနေမိတော့တာ။ သူမဂါဝန်ကလည်း ခုမှပဲ တစ်ကိုယ်လုံးကို ဖျစ်ညှစ်ထားသလို စည်းနှောင်ကြပ်ပိတ်နေတော့တယ်။ သူမ တကယ်ပဲ ထွက်ပေါက် မရှိတော့သလို။ မောင့်ကို စောင့်ရင်း ဒီဆိုင်မှာပဲ မိုးလင်းရတော့မှာလား။ သူမ ငိုချလိုက်မိတော့မယ်…။ သူမမျက်ရည်တွေ ဝဲနေတာကို ခေါင်းမော့ရင်း မျက်တောင်တွေ ပုတ်ခတ်လိုက်ပြန်တယ်။
မောင်ရေ၊  မောင် ဘယ်မှာလဲကွယ်။

“ဒီကအစ်မက မခက်မြဝေလားခင်ဗျာ”
“ဟုတ်ပါတယ်ရှင့်”
“အစ်မအတွက် စာတစ်စောင်ပေးခိုင်းလိုက်လို့ပါ”

ပြောပြောဆိုဆို ကျောခိုင်းထွက်သွားတဲ့ သူငယ်လေးရဲ့နောက်ကျောကို ငေးရင်း ကြက်သေသေနေမိတယ်။ နောက်မှ လက်ထဲကစာကို ဖတ်လိုက်ဖို့ သတိရတယ်။

မောင့်ဆီက စာ….။  သူမ ဘယ်လိုမှ ထင်မှတ်မထားခဲ့တဲ့ မောင့်ရဲ့စာ။

ဖတ်နေရင်းမှာ သူမမျက်ဝန်းတွေ သူမနှုတ်ခမ်းတွေ တဖျတ်ဖျတ်ခုန်လှုပ်လာတယ်။ မောင့်စာပေါ်ကို သူမမျက်ရည်တွေ တစ်ပေါက်ချင်း တစ်ပေါက်ချင်းကျတယ်။ စာကိုင်ထားတဲ့ သူမလက်တွေ တုန်ယင်လို့၊ မရတော့ဘူး၊ သူမ ဘယ်လိုမှ ထိန်းမရတော့ဘူး။ စာရွက်ပေါ်ကို မျက်နှာအပ်လို့ ရှိုက်ကြီးတငင် ငိုမိတော့တယ်။ အသံတိတ်ငိုကြွေးနေတဲ့ သူမပုခုံးတွေက တဆတ်ဆတ်တုန်ခါလို့။

တစ်နေ့မှာ ထားခဲ့မယ်ဆိုတာသိလျက်နဲ့ ချစ်ခဲ့ရသူပါ မောင်။ ဒီနေ့ဖြစ်မယ်လို့ ဘယ်တုန်းကမှ တွေးမထား ခဲ့တာရယ်။ သူမဘက်က လိုလားစွာပေးခဲ့ရတာတွေက တကယ့်နှလုံးသားနဲ့ တကယ့် အစစ်တွေ။ မောင့်အနားရောက်အောင် ဖြတ်သန်းလာခဲ့ရတဲ့ခရီးမှာ သူမလွှတ်ချခဲ့ရတဲ့ တန်ဘိုးတွေကဖြင့် များလှချည့် မောင်ရယ်။ မကြာခင်နှစ်တွေမှာ သွေးဆုံးကောင်းဆုံးနိုင်တဲ့ မိန်းမအရွယ်ကို သူ့ထက်အများကြီးငယ်ရွယ်တဲ့ ကောင်ကလေးတစ်ယောက်က တကယ့်အချစ်စစ်နဲ့ ချစ်နိုင်လိမ့်မယ်လို့ သူမ ဘာကြောင့်များ ယုံကြည်မိခဲ့ပါလိမ့်ကွယ်။ ဒါဟာ ရူးသွပ်မှုတစ်ခုမျှသာပဲ။

မောင့်မျက်လုံးတွေ၊ မောင့်စကားတွေ….ပြန်မြင်လိုက်မိတိုင်း၊ ပြန်ကြားယောင်မိတိုင်း သူမခေါင်းမာစွာ ငြင်းဆန်မိပြန်တယ်။ မောင် သူမကို တကယ်ချစ်ခဲ့တာ။  မောင် သူမအပေါ် တကယ်ကို နွေးထွေးကြင်နာခဲ့တာ။ သေလိုက်စမ်းပါ။ သူမဟာ တကယ့်ကို အရူးပဲ။ ဆိတ်သားရေကို မလုံမလဲခြုံရင်း သူမစိတ်ကို သူမ ညာမိပြန်တယ်။ ဟင့်အင်း…မောင်ဟာ  သူမကို…။ သွားစမ်းပါ…။ ဟုတ်တယ် အရူးလုပ်ခဲ့တာ။ သူမ နာကျင်စွာ ငိုမိပြန်တယ်။

စားပွဲထိုးလေးကိုခေါ်ပြီး အီတလီခေါက်ဆွဲတစ်ပွဲ မှာတယ်။ မောင့်အတွက်ကတော့ ဝက်နံရိုးကင်ပဲ မှာလိုက်တယ်။ နှစ်ယောက်စာအပြည့်မှာပြီးပြီ နော်။ စားပွဲထိုးလေးက အူကြောင်ကြောင်မျက်နှာပေးလေးနဲ့။ အအေးကိုလည်း မောင်သောက်နေကျ သစ်သီးဖျော်ရည်လက်ဖျော်ပဲ ပေးနော်လို့ မှာလိုက်သေးတာ။ ရေခဲလျှော့ပေး။

မှာထားတာတွေ ရောက်လာတော့ ခေါက်ဆွဲကို ခက်ရင်းနဲ့ထိုးလိတ်လို့ သူမပါးစပ်နားထိ သွင်းမလို့လုပ်တုန်း ဖျတ်ကနဲ….။  မောင် ခွံ့ကျွေးခဲ့ဖူးတယ်နော်။ မောင့်ပါးစပ်က ဟားလို့ လိုက်ဆိုရင်း သူမကို ကလေးတစ်ယောက်လို ခွံ့ခဲ့ဖူးတာလေ။ သူမ တစ်ကိုယ်လုံး အပိုင်းပိုင်းအစစ၊ တစ်စစီကြေသွားတယ်။ ဘယ်လိုမှ ပြန်လည် ကောက်ယူစုစည်းလို့ မရနိုင်တော့ဘူး။ သူမပါးစပ်ထဲ ခေါက်ဆွဲဖတ်တွေကို အသိမဲ့ဝါးနေရင်းက မျက်ရည်တွေစိမ့်ကနဲကျလာပြန်တယ်။ ဆို့နင့်နေတဲ့ရင်ကြောင့် ဘယ်လိုမှဆက်မစားနိုင်အောင် တင်းခံနေတယ်။ ပိရိပါပေရဲ့၊ ကျွမ်းကျင်လိမ္မာ လှပါပေရဲ့။ ချစ်ခဲ့ကြတဲ့တစ်လျှောက်လုံး သူမ ဘယ်လိုမှမထင်ရက်နိုင်အောင် ကြင်နာခဲ့ပါပေရဲ့။ သွားပြီ။ သူမဘဝမှာ အနက်ဆုံးဒဏ်ရာတွေ အချစ်တစ်ခုနဲ့ရင်းပြီး သူမ ရလိုက်ပြီပဲ။

သူမမျက်လုံးက မျက်တောင်တုတွေကို ဆွဲဖြုတ်ပစ်လိုက်တယ်။ မျက်ရည်တွေကို တစ်ရှူးစနဲ့ တို့သုတ်လိုက်တော့ လိုင်နာအမည်းရောင်တွေ စွန်းထင်းလို့။ သူမ ဘာလုပ်နေသေးတာလဲ။ ခုချိန်မှာ တခြားမိန်းမတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ရှိကောင်းရှိနေနိုင်မယ့် ယောကျာ်းတစ်ယောက်အတွက် သူမ ရူးသွပ်နေဖို့ တန်သလား။ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းတို့သုတ်ပြီး သူမ ပြုံးလိုက်မိတယ်။ 

တစ်နေ့….
သူမ သိနေခဲ့တဲ့တစ်နေ့ ရောက်လာပြီပဲလေ။ ဘာအတွက်များ ဝမ်းနည်းနေဦးမှာလဲ။ အစောဆုံး လမ်းခွဲခြင်းဟာ သူမအတွက် အတိမ်ဆုံးဒဏ်ချက်ကို ဖြစ်စေတာပဲ မဟုတ်လား။ ကြာလေလေ သူမဘက်က မရုန်းနိုင်၊ မဖြတ်နိုင်တဲ့အချစ်တွေနဲ့ ဒီထက်ပိုရူးရတော့မှာ။ ဘာကြောင့်ပါလိမ့်၊ ဘာကြောင့်များ ဒီထက်ပိုပြီး သူမ ခံသာမယ့်စကားတွေနဲ့ မထားရစ်ခဲ့ရတာလဲ။ ချစ်ပြီးမှ အထားခံခဲ့ရတယ်ဆိုတာထက် မချစ်ဘဲအညာခံရတာဆိုတဲ့အဖြစ်ဟာ ခါးသည်းလွန်းလှပါရဲ့။

သူမဂါဝန်အောက်အနားကို ဆွဲအချမှာ ရုတ်တရက် စားပွဲပေါ်က ဝိုင်ပုလင်းဟာ လိမ့်ကနဲ။ ကြမ်းပြင်ပေါ် ခွမ်းကနဲကျကွဲသံနဲ့အတူ သူမဂါဝန်အောက်နားစကို ဝိုင်အနီတွေ စွန်းထင်းစေကုန်တော့တယ်။ စားပွဲထိုးကလေးတွေရောက်လာပြီး ပုလင်းကွဲစတွေကို သိမ်းဆည်း၊ သူမကိုလည်း ထိခိုက်သွားမိသေးလား မေးကြတယ်။ သူမ ခေါင်းခါပြလိုက်တယ်။ စားပွဲပေါ်က ပန်းစည်းနဲ့ ချောကလက်ဘူးကို သူမလက်က အလိုလိုလှမ်းမိရက်သား၊ ပြီးမှ ဆိုင်ထောင့်က အမှိုက်ပုံးထဲ ပစ်ထည့်လိုက်တော့တယ်။ သူမမျက်ရည်တွေ တစ်ပေါက်ပြီး တစ်ပေါက်….။ ပါးပေါ်လိမ့်ဆင်းကျလာပေမယ့် သူမ အရေးတယူ သုတ်မနေတော့ဘူး။

ဆိုင်ထဲကနေ လှမ်းထွက်လာတဲ့အခါ သူမ သိနေတယ်။ အားလုံးရဲ့သနားဂရုဏာမျက်ဝန်းတွေ သူမ ကျောပြင်မှာ ထိုးစိုက်ကွဲရှလို့။ သူမကတော့ ကမ္ဘာမြေကြီးရဲ့ အောက်ဆုံးအလွှာမှာ နိမ့်ကျပြားကပ်လို့။

(အဆုံး)

အိမ်ထဲဝင်လာတဲ့ သူမကို သမီးက မေမေပြန်လာတာ စောလှချည်လားဆိုတဲ့အကြည့်နဲ့ နံရံကနာရီကို တစ်လှည့်၊ သူမမျက်နှာကို တစ်လှည့်ကြည့်နေတယ်။ မျက်ရည်တွေနဲ့ အငိုမျက်နှာကို သမီးသိသွားမှာ စိုးတာကြောင့် ခေါင်းငုံ့လျက်နဲ့ပဲ ဂွတ်နိုက်သမီးလို့ နှုတ်ဆက်ရင်း အိပ်ခန်းထဲ ခပ်သွက်သွက်အဝင်မှာ သမီးရဲ့ ခပ်ဆွံ့ဆွံ့နှုတ်ဆက်သံကို သူမ ကြားဖြစ်အောင် ကြားလိုက်သေးတယ်။ “ဟက်ပီးဗယ်လင်တိုင်းနော် မေမေ” တဲ့။ “ဟက်ပီးဗယ်လင်တိုင်း ဟန်နီ”လို့ သူမ ပြန်မပြောဖြစ်ခဲ့ဘူး။

အခန်းထဲရောက်တော့ ခုတင်ပေါ်ပစ်လှဲရင်း လူးလိမ့်ငိုမိပြန်တယ်။ အားရအောင်ငိုပြီးမှ ဂါဝန်အဖြူကို လဲလိုက်တယ်။ ဂါဝန်အဖြူအောက်ခြေနားမှာ ဝိုင်အနီတွေ စွန်းထင်းလို့။ ဟင့်အင်း အဲဒါ ဝိုင်အနီတွေမှ မဟုတ်တာပဲ။ သူမနှလုံးသွေးတွေ….။ သူမ သွေးပျက်မတတ် ငိုကြွေးခဲ့ရာက စိမ့်ကျလာတဲ့ နှလုံးသွေးတွေ။

သွားစမ်းပါ။ တန်လို့လား….။ သူမစိတ်တွေ နာကျင်မှုနဲ့ကြမ်းတမ်းလာပြန်တယ်။ မောင်နဲ့ပတ်သက်သမျှတွေ ဖုန်းထဲမှာ…။  မောင့်ပုံတွေ….မောင့်ဆီက မက်ဆေ့ခ်ျတွေ။ တစ်ခုချင်း တစ်ခုချင်း ဖျက်ချပစ်။ တန်ဘိုးထား သိမ်းဆည်းဖို့ မလိုအပ်တော့။ သူမလက်က Deleteလို့ တစ်ချက်နှိပ်လိုက်တိုင်း စူးကနဲအောင့်အောင့်လာတဲ့ ရင်ဟာ သေမတတ်နာကျင်နှိပ်စက်လွန်းလှရဲ့။

အဲဒီညဟာ သူမတစ်သက်တာမှာ အရှည်ဆုံးည၊ အမှောင်ဆုံးည၊ နာကျင်ရဆုံးည၊ သူမရင်တစ်ခုလုံး ကွဲအက်ခဲ့ရတဲ့ည ဖြစ်ခဲ့တယ်။ အချစ်နဲ့ပတ်သက်တဲ့သင်ခန်းစာကို သူမ ဘဝပျက်မတတ်ရင်းပြီး သင်ယူခဲ့ရဖူးပြီ။ သူမသင်ယူခဲ့ရတဲ့ သင်ခန်းစာက လှည့်စားတတ်တဲ့အချစ်မျိုးဟာ ဘဝတစ်ခုလုံးပုံနှစ်ချစ်ဖို့၊ တန်ဘိုးကြီးကြီးထားဖို့  မတန်မရာ…။

သိပ်နက်ခဲ့တဲ့ဒဏ်ရာအတွက် အချိန်တွေ အကြာကြီး သူမ ယူခဲ့ရတယ်။ အချစ်နဲ့ပတ်သက်လာတဲ့အခါ ကြီးငယ်မရွေး ချစ်ရင်ချစ်သလောက် ချစ်မိသူသာခံစားရတယ်ဆိုတာကို သူမကိုယ်တွေ့မို့ ယုံခဲ့ရပြီ။ သူမဘဝဟာ တကယ့်ကို ကဗြောင်းကဗြန်ဆန်ခဲ့တာ။ အလူးလူးအလိမ့်လိမ့်တွေကြားက ပြန်ပြန်အားယူ ထူထခဲ့ရတဲ့ နေ့တွေညတွေပေါ့….။ ရှင်ရက်နဲ့ကျခဲ့ရတဲ့ ငရဲတွေဆိုပါတော့လေ။

(နိဂုံး)

သူမဆိုင်ထဲကို ဝင်လာတော့ မျက်နှာအဟောင်းစားပွဲထိုးကောင်လေးတစ်ချို့ကို တွေ့တယ်။ မင်္ဂလာပါလို့ သူမ နှုတ်ဆက်လိုက်တယ်။ သူတို့ကတော့ သူမကို မှတ်မိချင်မှ မှတ်မိမယ်။

စားပွဲလေးတွေပေါ်မှာ မနှစ်ကလိုပဲ ဖဲကြိုးအဖြူနဲ့ လှလှပပစည်းထားတဲ့ နှင်းဆီအနီရဲရဲတစ်ပွင့်၊ အသည်းပုံချောကလက်ဘူးတစ်ဘူးနဲ့ ဝိုင်အနီ တစ်ပုလင်း။ မနှစ်ကလိုပဲ ဂါဝန်အဖြူရောင်အရှည်ကို သူမ ဝတ်ဆင်ထားတယ်။ မနှစ်ကလိုပဲ ထောင့်ခပ်ကျကျစားပွဲမှာ ထိုင်တယ်။ မနှစ်ကလိုပဲ မပြောင်းလဲတဲ့ မီနူးအတိုင်း သူမ မှာယူလိုက်တယ်။ နှစ်ယောက်စာ….။

ဒီနေ့ သူမတစ်ယောက်ထဲ ချစ်သူများနေ့ကို ဆင်နွှဲမှာ။ ဟင့်အင်း မဟုတ်သေးပါဘူး။ သူမဆင်နွှဲမယ့် အထိမ်းအမှတ်က တစ်နှစ်ပြည့်ညစာ။ 

ဟုတ်တယ်၊ အတိအကျပြောရရင် သူမဘဝထဲက မောင်သေဆုံးသွားခဲ့တဲ့ နှစ်ပတ်လည်ညစာပေါ့….။



ဆူးတစ်ချောင်းနှင့် နှစ်လိုစွာပွေ့ဖက်ခြင်း

$
0
0













မြတ်နိုးတွယ်တာသမျှ  အားကိုးမှီတွယ်မိသူပါ
သူ့ဆူးတွေနဲ့  ထိထိရှရှ ရှိန်းမြမိန်းမူး
သူ့ဆူးတွေရဲ့ အနစ်အစူးမှာ
ကိုယ်ဟာ….
ကိုယ့်ဆူးတွေကို အမေ့မေ့အလျော့လျော့
ဘယ်တော့မှ  သတိရဖို့ သတိမရခဲ့….။

သူ့ဆူးတွေဟာ ကိုယ့်ရဲ့ဖြစ်တည်ပျက်
သူ့ဆူးတွေဟာ ကိုယ့်ရဲ့မျက်သွယ် 
သူ့ဆူးတွေဟာ ကိုယ့်ရဲ့နယ်နမိတ်စည်း   
သူ့ဆူးတွေဟာ ကိုယ့်ရဲ့ နိစ္စဓူဝFM 
သူ့ဆူးတွေဟာ ကိုယ့်ရဲ့သက်လုံ
သူ့ဆူးတွေဟာ ကိုယ့်ရဲ့အခေါင်အဖျား
သူ့ဆူးတွေဟာ ကိုယ့်ရဲ့တရားရေအေး
သူ့ဆူးတွေဟာ ကိုယ့်ရဲ့ပရိဒေဝ
သူ့ဆူးတွေဟာ ကိုယ့်ရဲ့အရောင်အသွေး
သူ့ဆူးတွေဟာ ကိုယ့်ရဲ့ကိုယ်ကျင့်သိက္ခာ
သူ့ဆူးတွေဟာ ကိုယ့်ရဲ့တစ်ထောင့်တစ်ည
သူ့ဆူးတွေဟာ ကိုယ့်ရဲ့အမြင်အကြား
သူ့ဆူးတွေဟာ ကိုယ့်ရဲ့ အမှောင်အမိုက်
သူ့ဆူးတွေဟာ ကိုယ့်ရဲ့အရှိုက်အငင်
တစ်ယောက်ပင်စည်မှာ တစ်ယောက်က မှီနွဲ့ရင်း
တစ်ယောက်ရနံ့ကို တစ်ယောက်က မွှေးမြရင်း
တစ်ယောက်အခက်အလက်ကို တစ်ယောက်က တွယ်ဖက်ရင်း
တစ်ယောက်အကိုင်းဖျားမှာ တစ်ယောက်က ခိုနားရင်း
တစ်ယောက်ဆူးမှာ တစ်ယောက်က စူးရှရင်း…..

အလျားလိုက်လှဲချလိုက်တဲ့အခါ   သူ့ဆူးတွေပေါ်မှာ ကိုယ့်ခန္ဓာ
ပတ္တာချိတ်ဆုတ်ကိုင်ထားကြတဲ့ ကိုယ်တို့နှစ်ယောက်လက်ဖဝါးထဲ 
သွေးစွန်းနေ့စွဲတွေက ချင်းချင်းနီမြ 
လှ ပ လို့…..။



Photo credit - Lusoe Lay  




Journey Forty-Five

$
0
0


စကားဦး

ဒီနေ့က ကျွန်မရဲ့ မွေးနေ့နှစ်ပတ်လည်မို့ အမှတ်တရပိုစ့်လေး ရေးဦးမှလို့ စိတ်ထဲတွေးမိတယ်။ 

ကျွန်မချစ်တဲ့ ဟိုမရောက်ဒီမရောက်စာလေးတွေ၊ ကဗျာလေးတွေ၊ ပန်းချီကားလေးတွေ၊ ဓါတ်ပုံလေးတွေ...အဲဒါတွေထဲက ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားတော့ အကုန်လုပ်ချင်တာပဲ။ ဒါနဲ့ စာလေးနည်းနည်း၊ ကဗျာလေးနည်းနည်း၊ ပန်းချီလေးနည်းနည်းနဲ့ ဓါတ်ပုံလေးနည်းနည်း အကုန်လုပ်ချလိုက်တာပေါ့ကွာလို့ တွေးတယ်။ ဒါတောင် သီချင်းဆို၊ ဂစ်တာတီးတာ မပါသေးဘူး။ အဲဒါကတာ့ ထားလိုက်ပါတော့လေ။ ဘလော့ဂ်ဖတ်ပရိသတ်ကို အဲ့လောက်ထိတော့ မနှိပ်စက်သင့်ဘူး မဟုတ်လား  :)

ဒီပို့စ်မှာ ၁) စာ ၂) ဓါတ်ပုံ  ၃) ပန်းချီနဲ့ ၄) ကဗျာ ပါပါတယ်။
ဖတ်ရတာ များသွားရင်တော့ အားနာပါရဲ့။ အမှတ်တရမို့ လုပ်ချင်တာ အကုန်လုပ်တာလို့သာ သဘောထား ဖတ်ပေးကြပါ  ;)

၁) စီကေအေမှ စီကေအေသို့ ပေးစာ

ချစ်သောစီကေအေ

ကျန်းမာပါစ၊ ခေတ္တလူ့ပြည်မှာ နေရတာ အဆင်ပြေချောမွေ့ပါစ။

ဆိုရေးရှိက ဆိုအပ်လှဆိုတာလို ဒီနေ့ စီကေအေရဲ့ မွေးနေ့နှစ်ပတ်လည်မှာ စီကေအေကို ပြောချင်ဆိုချင်တာလေးတွေ ပြောရဦးမယ်။ ဒီလိုလေ….လူတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းကို အနှစ်ခြောက်ဆယ်လို့ ထားလိုက်၊  ခုဆိုရင် ရှင်ဟာ လေးပုံသုံးပုံကြီးများတောင် ခရီးပေါက်ခဲ့ပြီ။ ဘယ်ကိုနှင်နေတဲ့ခရီးလည်းဆိုတော့ သေခြင်းတရားဆီကိုပေါ့။ လူတစ်ယောက်ရဲ့ ဘဝအလျားဟာ မွေးဖွားခြင်းနဲ့ သေဆုံးခြင်းရဲ့အကြားက အချိန်တွေပဲ မဟုတ်လား။ ဒီတော့ မွေးဖွားခဲ့ပြီးမှတော့ သေခြင်းတရားဆီကိုသာ ဦးတည်လျှောက်လှမ်းနေကြရုံ…..။

ခု ရှင် ခရီးပေါက်ပြီလား။ အတော်မှ မောပါရဲ့လား…..

ခရီးသွားတွေဟာ အဲဒီအလျားလေးတစ်ခုအတွင်းမှာ မှတ်တိုင်လေးတစ်ခု လောက်လောက်လားလား စိုက်ထူခဲ့ကြဖို့ ကြိုးစားကြတယ်။  ရှင်တို့ကျွန်မတို့ ခရီးသွားတဲ့အခါ တွေ့ဖူးကြသလို  မောင်ဘယ်သူ မဘယ်ဝါတွေကဖြင့် ဒီနေရာကို ဘယ်နေ့ဘယ်ရက်ဘယ်အချိန်က ရောက်ခဲ့သည်ဆိုတဲ့ နံရံစာမျိုးနေမှာပေါ့။ အဲ့ဒီထက်ပိုမို လေးနက်ကောင်း လေးနက်လိမ့်မယ်။ သူသူငါငါ အပြိုင်အဆိုင် ကဗ္ဗည်းထိုးခဲ့ချင်ကြတယ်။ လူတွေရဲ့ စိတ်မှာ၊ လူတွေရဲ့ ပါးစပ်ဖျားမှာ၊ လူတွေရေးတဲ့ သမိုင်းထဲမှာ….။

လျှောက်ခဲ့ပြီးတဲ့ အလျားတစ်ခုကို ရောက်တဲ့နေရာကနေ ပြန်လှည့်ကြည့်ဖြစ်တဲ့အခါ ကွဲပြားတဲ့ဖြတ်သန်းမှုတွေကို ရှင် တွေ့ရမယ်။ ခရီးသွားနေကြတဲ့သူတွေချင်းအတူတူမှာ တစ်ချို့က အေးအေးလူလူ သက်တောင့်သက်သာ၊ တစ်ချို့လည်း ခက်ခက်ခဲခဲ ပင်ပမ်းဆင်းရဲ၊ တစ်ချို့ကျပြန်တော့ ရှေ့ရောက်ချင်လွန်းလို့ အပြေးတစ်ပိုင်း၊ တစ်ချို့ကျပြန်တော့ ရှေ့လူတွေကို တွန်းထိုးနင်းတက်…..။

ရှင်ရော ဘယ်လို ဖြတ်သန်းခဲ့သလဲ၊  အဲသလိုလူတွေနဲ့တွေ့ရတိုင်း ဘေးကပ်ပေးမိရဲ့လား။  သွားကြပါစေ၊ ကျော်ဖြတ်တက်သွားကြပါစေ၊  ခရီးပေါက်ကြပါစေဆိုတဲ့ စိတ်နဲ့လေ….ဒီလိုဆိုရင်ဖြင့် ရှင်က ကျွန်မလည်း အလျားတစ်ခုအတွင်းမှာ ထိပ်ကို မြန်မြန်ရောက်ချင်တာပေါ့၊ အားလုံးထက် ရှေ့ကိုရောက်ချင်တာပေါ့လို့ ပြန်ပြောချင်စရာ…။

ဒီမှာ…ဘာကိုမဆို ရှင် တတ်နိုင်သလောက် ကြိုးစားကြည့်၊ ကြိုးစားမှုနဲ့တန်တာကို ရှင် ပြန်ရမှာပဲ။  ရောင့်ရဲတတ်ဖို့ပဲ လိုတယ်။ ဘုရားဟောတရားထဲမှာပါတဲ့ ရောင့်ရဲအောင်နေတတ်ဖို့ ဆိုတာဟာ လိုက်နာကျင့်သုံးတတ်ရင် တကယ်ကို အေးချမ်းတာ။ ဒီနေရာမှာ ရှင် သိထားဖို့က ရောင့်ရဲမှုဆိုတာ ပျင်းရိမှုမဟုတ်ဘူး။ တတ်နိုင်တဲ့ အားထုတ်မှု လုံ့လ ဝိရီယတော့ ရှိပါစေ၊ ရလာမယ့် ရလာဒ်အပေါ်မှာ လက်ခံနေပျော်ခြင်းကိုသာ ဆိုလိုပါတယ်။ အဲဒီလိုဆိုတော့ ဘာလာလာ ကြုံလာရသမျှ အေးချမ်းသွားတယ်။ အရာရာဟာ ကိုယ်ပြုသမျှတွေရဲ့အကျိုးဆက်တွေပဲလေ….အဲဒါကို ရှင် လက်ခံလား။

ဘယ်သူမဆို စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံချင်ကြတယ်။ ကိုယ်၏ချမ်းသာခြင်းကတော့ သိပ်ကို ရှင်းပါတယ်။ ရုပ်ဝတ္ထုတွေနဲ့ ဖြည့်ဆည်းပေးလို့ ရတယ်။ တရားသဖြင့်ဖြစ်စေ၊ မတရားသဖြင့်ဖြစ်စေ ရယူလို့ ဖြစ်တယ်။ လိပ်ပြာလုံတာ မလုံတာက နောက်တစ်ပိုင်း။

စိတ်၏ချမ်းသာခြင်းကတော့ အဲဒီလောက်လွယ်မယ် မထင်ဘူး။ ရှင့်အတွက်မှ မဟုတ်ဘူး။ အားလုံးအတွက် စိတ်၏ချမ်းသာခြင်းက ခက်တယ်။ အရာရာပြည့်စုံတိုင်းလည်း စိတ်ထားတတ်ပါမှ။

မီးခဲပူတယ်ဆိုတာ လူတိုင်းအသိပဲ။ ပူမှန်းသိတဲ့နောက် ဘယ်သူက ကိုင်ထားချင်မလဲ။ လွှတ်ချထားခဲ့လိုက်ရမှာပဲ မဟုတ်လား။ မြင်သာတဲ့အပူတွေကို လွှတ်ချထားခဲ့လိုက်ဖို့ လွယ်ကူသလောက် မမြင်ရတဲ့ စိတ်အပူတွေကိုကျတော့ သိုမှီးထားတတ်ကြတယ်။ ရှာဖွေပူလောင်တတ်ကြပြန်တယ်။
ကဲ မခက်ဘူးလား။ ဒီတော့ ရှင် စိတ်အပူတွေ လောင်နေခဲ့ရင် လွှတ်ချထားခဲ့လိုက်ဖို့ ကြိုးစားပါ။ စိတ်ကို စိတ်ဖြင့်သာ စင်ကြယ်စေရာ၏ဆိုတာလို စိတ်အလုပ်ကို လုပ်ပါ။ ထွက်လေဝင်လေကလေးကို ကြည့်နေ မှတ်နေရတာ ဘယ်လောက်စိတ်ချမ်းသာစရာလဲဆိုတာ လုပ်ကြည့်မှ ရှင် သိမယ်။ 

လူ့ဘဝရဲ့တန်ဘိုး၊ လူဖြစ်ရတဲ့ တန်ဘိုးကို မွေးသေကြားက အလျားအရှည်နဲ့တိုင်းတာ မဟုတ်ဘူး။ စိတ်ချမ်းသာအောင်နေတတ်ပြီး ချမ်းချမ်းသာသာသေတတ်မှ လူဖြစ်ရကျိုးနပ်တာ။ ဒီတော့ အနေတတ် အသေတတ်အောင် ရှင် ကြိုးစားဖို့ပဲ။ ပတ်ဝန်းကျင်အတွက်ဆိုတာကို ခဏလေး ထားလိုက်။ ကိုယ်တိုင် အတွင်းအပြင် အေးချမ်းအောင်အရင်ကြိုးစားပါဦးလို့ပဲ ရှင့်ရဲ့ မွေးနေ့နှစ်ပတ်လည်မှာ အမှတ်တရစကား ပြောခဲ့ချင်တယ်။

ကဲ ဒီလောက်ဆို ရှင် နားညည်းရောပေါ့။ တော်ပြီနော် နောက်နှစ်တွေလည်း လာကြည့်ပါဦးမယ်။ သေဆုံးခြင်းဆီ ခရီးရောက်မသွားသေးဘူးဆိုရင်ပေါ့လေ။ ရှင့်ရဲ့ စိတ်ကျမ်းမာရေးအခြေအနေ ဘယ်လောက်တိုးတက်နေပြီလဲ၊ ဘဝကြီးထဲမှာ ဘယ်လောက်အနေတတ်နေပြီလဲ ဆိုတာကိုပေါ့။ လာကြည့်ပါဦးမယ်။

သြော် မေ့လို့၊ ပြောစရာတစ်ခုကျန်သေးတယ်။ တကယ်တော့ လူ့ဘဝဆိုတာ ၃၁ဘုံရဲ့ ထရန်စစ်တစ်ခုပဲ။ လမ်းသုံးသွယ်ရှိတယ်။ အစုန်လမ်း၊ အဆန်လမ်းနဲ့ နိဗ္ဗာန်လမ်းတဲ့…။

အစုန်လမ်းဆိုတာက ၃၁ဘုံမှာ ပျော်ပျော်ကြီး စုန်ဆင်းကျင်လည်နေရဦးမယ့်လမ်း၊ အဆန်လမ်းဆိုတာက သံသရာဝဲသြဂထဲက ဆန်တက်လို့ အထက်ဘုံတွေမှာ ကျင်လည်ကျက်စားရမယ့်လမ်း၊ နိဗ္ဗာန်လမ်းဆိုတာကတော့ မြတ်သောမဂ္ဂကျင့်စဉ်နဲ့ကျင့်ကြံအားထုတ်ပါမှ ရောက်နိုင်မယ့်လမ်း (ဝါ) သံသရာထွက်လမ်း။ 

ဆိုတော့ကာ….ရှင် ဘယ်လမ်းလိုက်ချင်သလဲ….
နောက်တစ်ခါတွေ့တော့ ဆက်ပြောကြတာပေါ့ နော်

ရှင့်မွေးနေ့နှစ်ပတ်လည်မှာ ကျန်းမာပျော်ရွှင်ပါစေ၊ လွန်ခဲ့တဲ့ လေးဆယ့်ငါးနှစ်က ဝမ်းနာမွေးခဲ့ရတဲ့ ရှင့်အမေရဲ့ မွေးကျေးဇူး၊ လူလားမြောက်အောင် ကျွေးခဲ့တဲ့ ရှင့်အဖေရဲ့ ကျွေးကျေးဇူးတွေကို သတိရဆင်ခြင်နိုင်ပါစေ၊ ရှင့်အနီးအပါးက ပါရမီဖြည့်ဘက်နဲ့အတူ သံသရာက လွတ်ရာလွတ်ကြောင်းတရားများ ပွားများအားထုတ်နိုင်ပါစေလို့ ဆုတောင်းပေးခဲ့တယ်။


ရှင့်ရဲ့သစ္စာရှိသော....

စီကေအေ 
၂၅-၀၃-၂၀၁၄


၂)  ဓါတ်ပုံကိုတော့ "Around my house"လို့ ခေါင်းစဉ်ပေးထားပါတယ်။ 

(က) ကျွန်မလက်ကျရာ ခြယ်မှုန်းပေးကြတဲ့ ကျွန်မဘဝထဲမှာ မရှိမဖြစ်အရာလေးတွေ....


(ခ) ကျွန်မနေတဲ့တိုက်ခန်းကျဉ်းလေးရဲ့ တစ်ထောင့်မှာ စာရေးခုံလေးနဲ့ ပန်းချီပစ္စည်းလေးတွေအကုန် ကြပ်ညပ်နေအောင် ဒီလိုပဲ ထားလိုက်ရတာပဲ....


(ဂ) သူတို့သာမပါရင် အိမ်ထဲကို ဝင်ခွင့်မရှိ....:)


(ဃ) ဘဝမှာ ဒီလိုဆက်နွယ်နေမှဖြစ်မယ့် ဆက်သွယ်နေရမှုတွေ......


ကျွန်မနဲ့အတူ အိမ်ထဲတခွင်လိုက်ကြည့်ရသလိုပေါ့နော်။ ပုံလေးတွေကို နှစ်သက်ကြမယ်လို့ ထင်ပါတယ် :)


၃) စီကေအေပေါ့ထရိတ်.....

၇.၅" x ၁၁" w/c on paperပါ။ ကျွန်မနဲ့ တူရဲ့လား  :)




၎) နောက်ဆုံး ကျွန်မချစ်တဲ့ ကဗျာလေးတစ်ပုဒ်နဲ့ သိမ်းချင်ပါတယ်။

Journey Forty-Five 



ကျွန်မခြေထောက်အောက်ကမြေကြီးက ကျွန်မကိုထမ်းပိုးထားချိန်
ကျွန်မကျောပေါ်မှာ လေးဆယ့်ငါးနှစ်စာ ဝန်ထုတ်ဝန်ပိုးအပြည့်နဲ့
နေ့ရက်နာရီရာသီတွေက ကျွန်မအလိုမတူဘဲ ဇရာဆိုတာကြီးကိုပါ ကျွန်မကျောပေါ် ထပ်ဆောင်း
သိမ်မွေ့သလောက်မြန်ဆန်လွန်းလို့ ကျွန်မဖြင့် သတိကလေးမှ မကပ်လိုက်နိုင်
ဘဝကြီးမှာ လူလုပ်စားလာတာ လေးဆယ့်ငါး  အမေ့ဗိုက်ထဲမှာ ကိုးလသား
ပေါင်းလိုက်တော့ လေးဆယ့်ငါးနှစ်ကိုးလ
ဘဝဟာ….
ပဏာမဧည့်ခံတီးလုံးက ရုံထဲဝင်ချင်အောင် ချိုသာလှပသလောက်
နောက်ပိုင်းဇာတ်ထုပ်ကျမှ ပုဏ္ဏားက ကျောပုတ်ရင်ထုသလိုမျိုး
သေချာတာက ဘဝဟာ…
တစ်နွေလုံးပျောက်ခဲ့တဲ့ မှိုပွင့်ကလေးတွေ မိုးဦးကျမှ
ဟိုတစ်ပွင့် ဒီတစ်ပွင့် ပေါ်လာကြသလို ပေါ်လာတာမဟုတ်ဘူးကွဲ့
ဘဝဟာ မောဟတွေနဲ့အမြဲစိမ်းစို ခဲအုပ်ပျိုလွင်နေတဲ့ သစ်တစ်ပင်
ဘဝဟာ မနက်ဖြန်တွေ့ကြစို့ အချစ်ရယ်တွေ စတေးတပ်စ်တင်တတ်တဲ့ မျက်နှာစာအုပ်
ဘဝဟာ လွမ်းတယ်ကွယ်တွေ ဒင်းကြမ်းပြည့်မျောလွင့်နေတဲ့ ကောင်းကင်
ဘဝဟာ………….
ဘဝဟာ…………..
ဘဝဟာ…………….
ရှင်တို့အားလုံး “ဘဝဟာ” နဲ့ အစချီတဲ့ ဝါကျတွေ ဖွဲ့ကြည့်ကြပါ
အဲဒါဟာ စိတ်ဝင်စားစရာ သိပ်ကောင်းတာပဲ
ဘဝဟာ စာသားနှစ်ကြောင်းလောက်နဲ့ အပြန်ပြန်အလှန်လှန်ဖွဲ့စပ်ထားတဲ့ သီချင်းတစ်ပုဒ်
ရင်ကွဲပက်လက်တွေ ဒူးနဲ့မျက်ရည်တွေပဲ အထပ်ထပ်ပြန်ကျော့လို့
ရှင်တို့ ကျွန်မတို့အားလုံး ဒါကိုပဲ နားထောင်ပြီးရင်း နားထောင်နေရတယ်
မောပါ့….
ကျွန်မမာတိကာကို ဖတ်ကြည့်ရုံလောက်နဲ့ ကောက်ချက်ချမယ့်အစား
ကျွန်မစာမျက်နှာတွေကို လက်ရှိအထိ ဖတ်ကြည့်ကြပါလား
(ပျင်းစရာကောင်းရင် ကျော်ဖတ်ပေါ့)                                         
ဘုရားသခင် ကောင်းချီးပေးချင်စရာတွေ ရှိသလို
ဒုက္ခသည်တွေအချင်းချင်း လက်ညှိုးထိုးချင်စရာတွေကလည်း ဝက်ဝက်ကွဲပြည့်နှက်လို့
ဒီလိုပါပဲလေ  ဘဝက….
ချိန်းကျကျနေတဲ့ဘီးလို ခရီးမတွင်မှုတွေနဲ့ ရှေ့မရောက် နောက်မဆုတ်သာ
ရိုးသားပွင့်လင်းမှုကို ကြွားဝါတတ်လွန်းလို့ ငါ့မှာ "လူအ"တံဆိပ်အကပ်ခံရ
အသက်ရှူလိုက်တိုင်း တစ်ကိုယ်စာထမ်းပိုးထားရတဲ့ မြေကြီးကို အားနာ
အလွဲကြီးအလွဲလေးတွေနဲ့ လူပီသနေတဲ့ကိုယ့်ကိုယ်ကို ကျေနပ်အားရ
ကျွန်မက ဘဝမဟုတ်ပေမယ့် ဘဝထဲကကျွန်မကတော့ ကျွန်မအစစ်ပါ
မှန်ထဲကပုံရိပ်ယောင်ဟာ ကျွန်မမဟုတ်ပေမယ့် ကျွန်မနဲ့ ဆက်စပ်နေသလိုပေါ့
ကျွန်မနဲ့ ဘဝဟာ အဲသလိုဆက်စပ်တယ်
ဘယ်လိုလဲ….
ဒါတွေအားလုံးကို ကျေလည်ရင် ကျွန်မတို့ ခရီးအတူသွားလို့ ရပြီ….





ကျွန်မနဲ့အတူ ဒီခရီးကို လျှောက်ပေးခဲ့ကြသူများအားလုံးကို ချစ်ခင်စွာ ကျေးဇူးတင်ရပါတယ်  :)
အားလုံးပဲ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ....
Viewing all 382 articles
Browse latest View live