Quantcast
Channel: ချစ်ကြည်အေး
Viewing all 379 articles
Browse latest View live

မေမေ့မိုးကောင်းကင်ထက်က အဝါရောင်တိမ်တိုက်ဟာ သားကလေးပါ

$
0
0


သားရေ….
သားကလေးဟာ မေမေ့ရဲ့  ကြယ်ကလေးတစ်စင်းပါ
မေမေ့မိုးကောင်းကင်မှာ မေမေ့လက်နဲ့ ခြယ်မှုန်း  အတောက်ပဆုံးပေါ့

သားကလေးရေ
သားဟာ မေမေ့မိုးကောင်းကင်က သက်တန်ကလေးတစ်စင်းပေါ့
အရောင်အသွေးစုံလင်လှပ မေမေခဏခဏ မော့ကြည့်ခဲ့ရတဲ့ သားကလေး….
မေမေ့ဝမ်းကြာတိုက်ဟာ သားဆိုတဲ့ မျိုးစေ့ကလေး စိုက်ပျိုးရှင်သန်ခဲ့ရာ
မေမေ့အကြင်နာ မေမေ့ဂရုတစိုက်တွေဟာ သားကြယ်ကလေးအတွက် မြေသြဇာ
မေမေ့ဝမ်းကြာတိုက်မှာ ကိုးလတိုင်တိုင်  အေးအတူ ပူအမျှ
သံယောစဉ်ကြိုးကလေးကတစ်ဆင့် မေမေတို့ တစ်သားတည်းရှိခဲ့ကြတာ
မေမေသောက်တတ်တဲ့ စီးကရက်  မေမေသိပ်ကြိုက်တဲ့ ကော်ဖီတစ်ခွက်
သားကလေးအတွက် ဖြတ်ပစ်ခဲ့တယ်

မေမေ့မိုးကောင်းကင်က အဝါရောင်တိမ်တိုက်ဟာ သားကလေးပါ
မေမေ့မျက်ဝန်းတွေကို မော့ကြည့်ရင်း ကမ်းပေးလာတဲ့ သားလက်ဖဝါးနုနုတွေထဲ
မေမေ့အားမာန်တွေ သီးပွင့်စုံခဲ့ရတာရယ်
ပျော်ရွှင်ရင်ခုန်စွာ ရေတွက်ခဲ့ရတဲ့ သားကလေးရဲ့ သွားငုတ်တုတ်လေးတွေ
ပိုးစားခံရတဲ့ သွားမည်းမည်းကလေးတွေကအစ မေမေ သိမ်းထားခဲ့ပေါ့

သားရယ်
သားကလေးဟာ ကြယ်ကလေးတစ်ပွင့်လို ဖျတ်ကနဲ ကြွေသွားတဲ့အခါ
သက်တန်ကလေးတစ်စင်းလို ခဏတာ လင်းချင်းခဲ့ပြီး လွင့်ကနဲ ပျောက်သွားတဲ့အခါ
အဝါရောင်တိမ်တိုက်ကလေးလို ဗြုန်းကနဲ အုံ့ရွာသွန်းချလိုက်တဲ့အခါ
မေမေ့မိုးကောင်းကင်ဟာ သားနဲ့အတူ လဲပြိုကျခဲ့ရ….

မစောလွန်းဘူးလား သားရယ်…
ပန်းပွင့်ကလေးတွေလို သားနှုတ်က တီတီတာတာ သီကုံးပြောတတ်စ စကားပွင့်ကလေးတွေ
မေမေ တစ်ပွင့်စီ ကောက်ယူနေတုန်း….
သားကလေးရဲ့ မျက်ဝန်းထဲက ဘာသာစကားတွေ မေမေ သင်ယူနေတုန်း
သားကလေးရဲ့ အကြည်အမွေ့တွေ မေမေ့နှလုံးသားနဲ့ ဖတ်ရှု့နေတုန်းပါကွယ်
အိပ်ပျော်နေသလိုပါလား သားကလေးရယ်…
မေမေ့နှလုံးအိမ်ထဲမှာ သားကလေးဟာ ထာဝရ ရှင်သန်…
မိတ္ထီလာကန်တော်အောက်က ဖားကောက်ခဲ့ပါ မျက်လုံးရယ်ကြောင်တောင်တောင်နဲ့ ဖားကောင်ကသေး
အို အို အေး အေး မေမေ တေးဆိုချော့သိပ်ချင်သေးရဲ့

ပြန်လာခဲ့ပါ သားကလေးရယ်
မေမေ့အိပ်မက်မှာ သားကလေးဟာ ချည်ခင်ထွေးကလေးတစ်စ မေမေ့ကို လှမ်းပေးနေခဲ့
ချည်လုံးကလေး အဆုံးမှာ သားလက်ကလေး မေမေ လှမ်းယူမိသေးတယ်…မမီမကမ်းပေါ့
ပြန်လာခဲ့ပါ သားကလေးရယ်…
မေမေ့ရင်မှာ မေမေ့ဝမ်းထဲမှာ တစ်နေရာစာ….
သားကလေးအတွက်လေ…
မေမေတို့ တစ်ကနေ ပြန်စကြရအောင်….
မေမေ့တိမ်တိုက်ကလေး မေမေ့သက်တန်ကလေး မေမေ့ကြယ်စင်ကလေးရယ်…
သားကလေးဟာ မေမေ့ရဲ့ ကမ္ဘာ...
သားကလေးဟာ မေမေ့ရဲ့ အတုမရှိ စကြာဝဠာ...
သား က လေး.... 
သား က လေး  ဟာ.... 
မေမေ့အရာရာ....




 *မိတ်ဆွေတစ်ယောက်ရဲ့ ရင်ဘတ်ထဲကို အငှားခံစားပြီး မမီမကမ်းရေးဖွဲ့ပါတယ်ရှင်....

ချစ်သူ့မြို့ကလေးနှင့်အဝေးက သူမ

$
0
0


(၁)
မနက်မိုးလင်းလျှင် ကျေးငှက်သံကလေးများနှင့် တီတာချိုလွင်သော၊  သစ်ပင်ပန်းပင်များနှင့် စိမ်းစိုသော အိမ်ခေါင်မိုးအုပ်ကြွပ်နီနီကလေးများရှိသော၊ မနက်ခင်းများမှာ တွေ့ဆုံကြတိုင်း သိသည်ဖြစ်စေ မသိဘဲဖြစ်စေ “မင်္ဂလာနံနက်ခင်းပါ” ဟု နှုတ်ဆက်တတ်သည့် လူယဉ်ကျေးများရှိသော၊ အုတ်နီရောင် မီးရထားဘူတာကလေးများရှိသော မြို့ကလေးတစ်မြို့၌ ချစ်သူ နေထိုင်ပါသည်။

ချစ်သူ့အိမ်ကလေးမှာ ခြံဝန်းကျယ်ကလေးတစ်ခုထဲ (တကယ်တော့ ခြံခတ်ထားခြင်းမဟုတ်ဘဲ ပုဏ္ဏရိတ်လို အရွက်စိမ်းစိမ်းပင်ကလေးများ ခပ်ကျဲကျဲ စီတန်းစိုက်ပျိုးထားခြင်းသာ)တွင် ရှိပါသည်။  ခြံဝန်းကျယ်ထဲက အိမ်သေးသေးကလေးထဲမှာ ဧည့်ခန်း၊ စာကြည့်ခန်းနှင့်တွဲရက် ရေချိုးခန်းပါအိပ်ခန်းတစ်ခန်းနှင့် မီးဖိုချောင်တို့ပါဝင်လျှက် သူ့အချိန်အတော်များများကို စာကြည့်ခန်းထဲတွင်သာ ကုန်လွန်စေမည်ဖြစ်ကြောင်း သူမ သေချာလှသည်။

အိပ်ခန်းတစ်ခန်းထဲကိုသာ အပြာမှိုင်းမှိုင်းသုတ်၍ ကျန်တစ်အိမ်လုံးကို အဖြူရောင်ဆေးသုတ်ထားသော ချစ်သူ့အိမ်သည် လွန်စွာလင်းချင်းရှင်းသန့်လျှက်ရှိသည်။ အသန့်အပြန့်ကြိုက်သော ချစ်သူသည် စားသောက်ပြီးသောအခါ ကြွေပန်းကန်ပြားများကို ရေဆေးပြီးတိုင်း ပြောင်လက်အောင်သုတ်ကာ မီးဖိုချောင်ဘီရိုထဲ စီရီပြန်ထည့်ထားလိမ့်မည်ကို သူမ သိသည်။ ထို ကြွေပန်းကန်စုံများကို သူမကိုယ်တိုင် လိုက်လံရွေးချယ်ဝယ်ယူပေးထားခဲ့သည်ဆိုတာကိုတော့ ချစ်သူ မေ့ချင် မေ့ထားနိုင်သည်။ ကိစ္စ မရှိပါ။ ချစ်သူ၏ မသိကျိုးကျွန်မှုတွေထဲ သူမ နေတတ်နေပြီ ဖြစ်သည်။

ချစ်သူသည် မနက်အိပ်ရာက နိုးလျှင်နိုးချင်း ချက်ချင်းမထသေးဘဲ နှိုးစက်မြည်သံကိုစောင့်ကာ နားစွင့်လျှက် ခဏမှေးနေလိမ့်မည်။ နှိုးစက်မြည်လာမှ နှိုးစက်နာရီကိုပိတ်၍ စောင်ကို ကိုယ်မှခွာလျှက် အိမ်ရှိပြတင်းပေါက်အကုန် လိုက်လံဖွင့်လိမ့်မည်။ မျက်နှာမသစ် သွားမတိုက်သေးဘဲ ကော်ဖီတစ်ခွက် ဖျော်သောက်ချင် သောက်မည်။ ဒတ်ခ်ျဖြစ် Macconaကော်ဖီတံဆိပ်ဖြစ်မည်ကို သူမ သေချာသည်။ ထို့နောက်ခြံရှေ့စည်းရိုးနားသို့သွားကာ လမ်းမပေါ် ကဲကြည့်ချင် ကြည့်နေလိမ့်မည်။ အိမ်ထဲပြန်မဝင်ခင်မှာ သစ်သားတိုင်ကလေးတွင် ချိတ်ထားသော စာတိုက်ပုံးကလေးထံ မျက်လုံးတစ်ချက်ဝေ့ကြည့်ကာ ဖွင့်ရကောင်းနိုး တွေဝေနေဟန်ရှိလိမ့်မည်။ သို့သော် မဖွင့်တာလည်း မဟုတ်ပါ။ 

စာတိုက်ပုံးကလေးထဲမှ နေ့စဉ်ထုတ် သတင်းစာ၊ လစဉ် အခွန်အခပေးဆောင်ရန် ဘီလ်များ၊ ရေဘိုး မီတာခ ပေးဆောင်ရန် ရှိသည်များ၊ အိမ် မြေ ငှားရောင်းဝယ် ကြော်ငြာများနှင့် အခြားသော အရေးမပါလှသည့် စာရွက်များ တစ်ထပ်ကြီးကို တစ်ခုချင်း မမြင်ဖူးသလိုကြည့်ကာ နောက်ဆုံးတော့ သူလိုချင်သည်များကိုသာ ရွေးထုတ်မည်။ ဘာမှ မကျန်တော့သော စာတိုက်ပုံးကလေးထဲသို့ တစ်စုံတစ်ခုများ ကျန်ရှိနေဦးမလားဆိုသည့်စိတ်နှင့် (မျက်ခုံးအတွန့်ချိုးကာ) လက်တစ်ခုလုံးထိုးသွင်းလျှက် စမ်းနေလိမ့်ဦးမည်။

ပြီးမှ အိမ်ထဲပြန်ဝင်လာကာ စာကြည့်ခန်းထဲတန်းဝင်လျှက် မနေ့က ဖတ်လက်စစာအုပ်ကို ဆက်လက်ဖတ်နေမည်။  (၁၀)မျက်နှာခန့်ဖတ်ပြီးလျှင် နေ့စဉ်ထုတ်သတင်းစာကို လှန်လှောနေကျအတိုင်း ထုံးစံမပျက် ကျော်ဖတ်လိမ့်မည်။

ဗိုက်ဆာလာလျှင် မီးဖိုချောင်ဝင်ကာ အသားတစ်မျိုး သို့မဟုတ် ဝက်အူချောင်းနှင့် ရေခဲသေတ္တာထဲရှိသမျှ အသီးအရွက်တို့ကို ခရုဆီနှင့် တောင့်တောင့်ကလေး ခပ်စိမ်းစိမ်းကြော်၊ ကော်ရည်ဖြန်းကာ ထမင်းပူပူပေါ်ပုံလျှက် ထမင်းပေါင်းစားလိမ့်မည်။ လိမ္မော်ရည်တစ်ခွက်နှင့် သူ့နေ့လည်စာကို အဆုံးသတ်ကာ စာကြည့်ခန်းထဲပြန်ဝင်၍ ကွန်ပြူတာဖွင့်ကာ စာ စတင်ရေးသားမည် ဖြစ်သည်။ သူမအကြောင်း တစ်စွန်းတစ်စမျှ မပါရလေအောင် ရေးသားထားသောချစ်သူ့စာများကို သူမကတော့ နားလည်စာနာစွာ စောင့်ဖတ်နေဆဲပင်ဖြစ်သည်။

နှစ်နာရီခန့်စာရေးပြီးလျှင် ခါးဆန့်ခြေဆန့်ကာ အိမ်နှင့် မဝေးလှသော၊ နီးလည်း မနီးလှသော အုတ်နီရောင် ဘူတာရုံကလေးသို့ လမ်းလျှောက်သွားချင် သွားမည်။ အပြန်မှာ အိမ်ထဲမဝင်ခင် စာတိုက်ပုံးကလေးထဲသို့ နောက်တစ်ကြိမ် လက်နှိုက်ကြည့်ချင် ကြည့်ဦးမည်။ စာပို့သမား တစ်နေ့ နှစ်ကြိမ်လာနေကျမို့ ချစ်သူသည်လည်း စာကို တစ်နေ့နှစ်ကြိမ် မျှော်နေကျဖြစ်လေသည်။ မည်သည့်ပို့သူထံမှ စာကို မျှော်လင့်သည်ကိုမူ ချစ်သူသာလျှင် သိနိုင်ပေမည်။ သူမဆီကစာ ဖြစ်ချင်ဖြစ်နေမှာဟု အနည်းငယ် မျှော်လင့်မိသည်ကိုတော့ အမှတ်မရှိသူပီသစွာ သူမ ဝန်ခံရဦးမည်။

ညနေခင်းများတွင်တော့ ချစ်သူသည် မာယိုးနစ်နှင့် အသီးအရွက်အသုတ်တစ်ခွက် သို့မဟုတ် ပဲကြာဇံနှင့် ပုဇွန်စိမ်းသုတ်ဖြစ်စေ၊ အီတလီခေါက်ဆွဲဖြစ်စေ စားလိမ့်မည်။ နေအေး၍ အမှောင်ရောက်သော် ခြံဝင်းထဲက ကုလားထိုင်ကလေးပေါ်တွင်ထိုင်ကာ အေးအေးလူလူ ကြယ် ကြည့်ချင်ကြည့်နေပေလိမ့်မည်။ ကြယ်ကလေးများနှင့်တူသည်ဟု ချစ်သူပြောဖူးသော သူမမျက်ဝန်းလက်လက်ကလေးများကို ချစ်သူ သတိမှ ရပါလေစ။ မရတော့ရော ဘာဖြစ်သေးလဲ၊ အို သူမ  ချစ်သူဆီက ဘာကိုမှ မျှော်လင့်မနေချင်တော့တာပါ။ သူမ နာကျင်စွာ တွေးမိပြန်သည်။

ချစ်သူ့တစ်နေ့တာသည် သူမ မျှော်မှန်းထားသလို ရိုးစင်းလှသည်။ ထိုရိုးစင်းမှုကို မက်မောစွာ၊ တမ်းတနှစ်လိုစွာ စောင့်ကြည့်နိုင်ဖို့ သူမ နှစ်နှင့်ချီ၍ အားထုတ်ခဲ့ရကြောင်းကိုမူ ချစ်သူ ဘယ်တော့မှ သိလိမ့်မည် မဟုတ်ပေ။

(၂)

ဆရာမကြီးသည် ကိုယ်လုံးကိုယ်ထည် ခပ်ပါးပါး၊ မျက်လုံးစူးတောက်တောက်၊ နှာတံမဆိုစလောက် ရှည်ကာ ဦးခေါင်းထိပ်မှာ ကွမ်းသီးလုံးခန့် ဆံပင်ထုံးကလေး ရှိသည်။ အဖြူနှင့် ယောဂီရောင်ကိုသာ ဝတ်ဆင်လျှက် ရာသက်ပန် ရှစ်ပါးသီလယူထားသော အမျိုးသမီးကြီးဖြစ်ပါသည်။

“မင်း ဘယ်လောက်သေချာလို့လဲ”

“ရှင် ဟုတ်  ကျွန်မ သေချာပါတယ်။ ကျွန်မ စိတ်ခိုင်ပါတယ်”

“မင်းချစ်သူက မင်းကိုပဲ သတိရ တမ်းတနေမယ်။ မင်းကိုပဲ သစ္စာရှိရှိချစ်နေလိမ့်မယ်လို့ မင်း ယုံသလား”

ဟင့်အင်း၊  သူမ မဖြေနိုင်၊ မဖြေရဲခဲ့ပါ။ သူမကိုယ်တိုင်လည်း မသေချာ။ သူမကတော့ ချစ်သူ ကျောခိုင်းသွားသောနေ့မှစ၍ သည်နေ့ထိ ဘယ်လိုမှ မေ့မရခဲ့နိုင်တာပင်။ သေလုမျောပါး ဝေဒနာနှင့် စိတ်ရော ရုပ်ပါ ကျဆင်းထိခိုက်ခဲ့ရပါလေသည်။ လူမှုရေး စီးပွားရေးမဆိုထားနှင့် မိမိကျန်းမာရေးကိုပင် မစောင့်ရှောက်နိုင်သော မိန်းမတစ်ယောက်ဖြစ်သည်အထိ သူမ ပျော့ညံ့ရှုံးနိမ့်ခဲ့ပါသည်။

ဆရာမကြီး၏မျက်ဝန်းအပြုံးကို သူမ ရင်မဆိုင်ရဲပါ။ မင်းချစ်သူက မင်းကို ဘယ်လောက်ထိ သစ္စာရှိရှိနေနိုင်မှာလဲဆိုတာထက် ယောကျာ်းတွေအကြောင်း မင်း ဘယ်လောက် သိလို့လဲ၊ မင်းကိုယ်မင်း စိတ်မာပါတယ်လို့ ဘယ်လောက်စိတ်ချလက်ချရှိနေလို့လဲဆိုသည့်မေးခွန်းများပါ ပါဝင်ပေါင်းစပ်နေသော ထိုမျက်ဝန်းမှ အမေးများအောက်တွင် သူမ သေးငယ်စွာ တည်ရှိနေခဲ့ရသည်။

တစ်ခြားသင်တန်းသားများ၏ အကြောင်းပြချက်နှင့် တက်တက်စင်ကွာခြားသော “အဝေးက ကျွန်မချစ်သူကို စိတ်မျက်လုံးနဲ့ လှမ်းကြည့်ချင်လို့ပါ ဆရာမကြီး”ဆိုသော သူမစကားအဆုံးမှာ ဆရာမကြီးက သည်လို တုန့်ပြန်ခဲ့တာ ဖြစ်လေသည်။ သူမကတော့ ဆရာမကြီး သူမကို ရယ်မောကာ လှောင်လိုက်စေချင်လှတာ။ သို့သော် ပို၍ဆိုးဝါးသော မျက်ဝန်းနှင့်ပြုံးသည့်ဒဏ်ကို သူမ ခံရခက်စွာ ခေါင်းငုံ့နေခဲ့ပါသည်။

သင်တန်း၏ပထမလတွင် သူမ လူးလိမ့်နေအောင် ခံခဲ့ရသည်။ ပထမတစ်ပတ် မေတ္တာပွားရစဉ် သုံးရက်လုံးလုံး စိတ်မလွင့်ရမည့်အစား သုံးမိနစ်မျှပင် မတည်သော သူမစိတ်တို့ကြောင့် သင်တန်းသားများ နောက်တစ်ဆင့်တက်သွားသော်လည်း သူမတစ်ယောက်သာ နောက်ကျကျန်ရစ် ခဲ့ရသည်။

ထိုတစ်ဆင့်မှလွန်၍ ဗုဒ္ဓနုဿတိ သုံးရက်ပွားများစဉ်တွင်မူ သူမစိတ်တို့ အနည်းငယ် တည်ငြိမ်လာခဲ့ပြီ။ ထို့နောက် ဝင်လေ-ထွက်လေ-တစ်၊ ဝင်လေ-ထွက်လေ-နှစ်မှ စတင်ရေတွက်ကာ ဝင်လေ-ထွက်လေ-ရှစ်အထိရောက်လျှင် တာလီတစ်ခုချိုးပြီး တာလီပေါင်း ၅၀၀ရအောင် မှတ်ရတော့သည်။ ထိုအခေါက်ရေကြားမှာ စိတ်ကလေးတစ်ချက် လွတ်ထွက်သွားလျှင် အစမှ ပြန်စ၍ ရေတွက်ကာ တာလီ ၅၀၀ ပြည့်သည်ထိ ပြန်မှတ်ရလေသည်။ မလွယ်ပါ။ သူမအတွက် လုံးလုံးမလွယ်သော်လည်း သူမ ကြိုးစားခဲ့ပါသည်။  နောက်ဆုံးတွင် တစ်နေ့လျှင် တာလီနှစ်ထောင်ရသည်အထိ တိုးမှတ်သွားရကာ နှာသီးဖျားထိပ်မှ ကြည်လင်တောက်ပသော အရာင်အလင်းတန်းများ တွေ့ရသော် သူမ ပျော်ရွှင်စိတ်တို့ ထိန်းမရနိုင်ခဲ့။

(၆)လမျှကြာသော် ဆရာမကြီးက သူမတို့အားလုံးကို အခန်းနံရံကို ဖောက်ထွင်းကြည့်စေခဲ့လေသည်။ အံ့သြစရာကောင်းစွာပင် တစ်ဘက်ခန်းမှလူများကို ပကတိမျက်စေ့နှင့် ရှင်းလင်းစွာ မြင်နေရ သည်။ နောက်တစ်ဆင့်မှာ သူမတို့လုံးဝမသိသော သူစိမ်းတစ်ယောက်၏အိမ်ရှိ ဘုရားခန်းသို့ စိတ်အလင်းတန်းကို စေလွှတ်ကာ သွားရောက် ကြည့်ရှူ့ရခြင်းပင်။ ဆရာမကြီးက တစ်ယောက်ချင်းစီ၏ မှတ်မိခဲ့သမျှ ဘုရားစင်၏အနေအထားကို မေးမြန်းရာ သင်တန်းသားအားလုံးမှ တစ်သံတည်း တူညီစွာပြောနိုင်ကြသည်မှာ လွန်စွာ အံ့ဖွယ်။ သူမ မျက်ရည်များ ဝဲလာသည်အထိ အံ့သြဝမ်းသာရသည်။ သို့သော် သူမ သွားကြည့်ချင်လွန်းလှသော ချစ်သူ့အိမ်ကိုဖြင့် သူမ မကြည့်ရသေးပါ။ သင်တန်းပြီး၍ သူမအိမ်သို့ ပြန်ရောက်မှသာ ကြည့်ရှူ့ရမည်ဟု ဆရာမကြီးက ဆိုထားသောကြောင့် ဖြစ်ပါသည်။

ပထမဦးဆုံး ချစ်သူ့အိမ်ကလေးဆီ သူမစိတ်စွမ်းအားအလင်းကို ပို့လွှတ်ကြည့်ရှု့စဉ် သူမ ဘယ်လိုမှ စိတ်တည်၍ မရဘဲ ဝေဝေဝါးဝါးသာ မြင်ရလေ၏။ နောက်တစ်ကြိမ် စိတ်တို့ကို စုစည်းတည်ငြိမ်စေကာ စေအလွှတ်တွင်မူ သူမ ကောင်းစွာမြင်ခဲ့ရပြီ။ အသိစိတ်တို့ ပြန်လည်သိမ်းယူကာ ချစ်သူ့အိမ်ကလေးမှ ပြန်လည်ရောက်ရှိစဉ် သူမတစ်ကိုယ်လုံး ခုတင်ပေါ်ပုံကနဲ လဲကျကာ အားအင်မဲ့ ငိုကျွေးနေခဲ့မိလေသည်။

လွမ်းလိုက်တာ ချစ်သူရယ်…၊ လွမ်းလိုက်တာ….

သည်လိုနှင့် သူမနှင့်ချစ်သူ့အိမ်ကလေးတို့ ကျွမ်းဝင်လာကာ ချစ်သူ့တစ်နေ့တာကို သူမနှလုံးသားနှင့် ကျက်မှတ်ပြီး ဖြစ်လေသည်။

(၃)

သူမစိတ်အလင်းတန်းတို့သည် စာဖတ်ခန်းထဲတွင် စာဖတ်နေသော ချစ်သူနောက်ကျောတွင်တည်ကာ ငြိမ်ဝပ်လျှက် မိမိအသက်ရှူသံမျှပင် ပြန်မကြားနိုင်အောင် တိတ်ဆိတ်စွာ။

ထိုသက်ငြိမ်ကလေးထဲမှာ သူမမျောနေခိုက် အသံတစ်သံ ပီပီသသကြားလိုက်ရသည်။ ထိုအသံနောက်မှာ စိတ်မျက်ဝန်းတွေထဲ ရုတ်တရက်ပေါ်လာတာက တံခါးဝမှာ ကနွဲ့ကလျရပ်နေသော၊ ချစ်သူ၏ မိန်းကလေးသူငယ်ချင်းဟုယူဆရသော မိန်းမတစ်ယောက်ဖြစ်လေသည်။ ဆံနွယ်ခွေလေးများကို အုန်းခွံရောင်ဆိုးထားသော ထိုမိန်းမသည် ချစ်သူ၏လက်ရှိမိန်းကလေး ဖြစ်ကောင်းဖြစ်မည်။ ထိုမိန်းမက လက်ကိုင်အိတ်ထဲမှ တံခါးသော့ကိုထုတ်ကာ ချစ်သူ့အိမ်ထဲသို့ ပိုင်စိုးပိုင်နင်း ဖွင့်ဝင်လေသည်။ ထို့နောက် ချစ်သူရှိသော စာကြည့်ခန်းထဲ တန်းကနဲဝင်သွားကာ စာဖတ်နေသောချစ်သူကို နောက်ကျောမှ သိုင်းဖက်လိုက်လေသည်။

ချစ်သူက နောက်ပြန်မော့ကြည့်ကာ အပေါ်စီးမှ ငုံ့မိုးလာသော ထိုမိန်းမ၏မျက်နှာကို လက်နှင့်သိုင်းနှိမ့်ချကာ နှုတ်ခမ်းချင်းနမ်းအရှိုက်မှာ…..

သူမ တစ်ကိုယ်လုံး တောင့်ကနဲ အသက်ရှူရပ်မတတ် မောပန်းလာကာ သေဆုံးသွားပြီလားပင် ထင်မှတ်ပြီး မျက်ဝန်းများကို ဖျတ်ကနဲ ဖွင့်ကြည့်လိုက်မိလေတော့သည်။   ရှိုက်ကြီးတငင် ကုတင်ပေါ်မျက်နှာအပ် ငိုကြွးခိုက် ဆရာမကြီး၏ မျက်ဝန်းအပြုံးနှင့် နှုတ်ခမ်းထောင့်ကွေးတို့ကို မြင်ယောင်ကာ သူမ ရူးသွပ်စွာပင် ဆိုမိတော့သည်။ "ဟင့်အင်း ကျွန်မ မခံစားနိုင်ဘူး၊ ဆရာမကြီးရယ် ကျွန်မ ဆက်မကြည့်ပါရစေနဲ့တော့၊ ဆက်မကြည့်ပါရစေနဲ့တော့"  မျက်စေ့နှင့်တပ်အပ်ဆိုသည့်အဖြစ်၌ သူမကိုယ်တိုင် ငရဲတွင်းတစ်ခုထဲ ကျရောက်ခဲ့သလို အသေအကြေ ကျရှုံးခဲ့ပါသည်။ သူမ ဘယ်လိုမှ နောက်တစ်ကြိမ် မရဲတော့ပါ။

သူမ၏ ချစ်သူ မောင်….

သူမမှာ ချစ်သူအတွက် သည်နေ့ထိ သစ္စာမပျက်ရှိခဲ့ပါသည်။ ချစ်သူသည်လည်း သူမလိုပဲရှိမှာဟု သူမ ယုံကြည်မိုက်မဲခဲ့ပါသည်။ သူမ နားမလည်နိုင်သေးပါ။ သူမနှင့်ချစ်သူသည် ချစ်တယ်ဆိုသော စကားလေးတစ်လုံး မလိုအပ်ပါဘဲ မျက်ဝန်းများနှင့်နားလည်ကာ အမုန်းဟူသော စကားလုံးတစ်လုံးမျှ မပါပါဘဲနှင့် အေးချမ်းစွာ တစ်လမ်းစီလျှောက်ခဲ့ကြခြင်းသာ။ ထိုအတွက် ရင်မှာကိုယ်စီ အချစ်တို့ မြဲခိုင်သင့်သည်ဟု သူမ ရိုးစင်းစွာပင် တွေးသည်။

အနေဝေးခဲ့ကြလို့လား….
ချစ်သူအတွက် အနီးအပါးမှာ မိန်းမတစ်ယောက် မရှိမဖြစ် လိုအပ်သည်လား….
သွေးသားဆန္ဓ္ဒ္ဒ္ဒ၏ တောင်းဆိုမှုကြောင့်လား….
ယောကျာ်းတစ်ယောက်၏ ဖြစ်တည်မှုကြောင့်လား….
ထိုအရာများအားလုံး ချစ်သူ လိုအပ်နေသောကြောင့်လား…. 

ဘာဆိုဘာမှ ရေရေရာရာ သူမ မသိပါ။ ပျော့ခွေနေသောသူမကိုယ်ကို ကုတင်ပေါ်မှလျှောချဆင်းကာ ဘီရိုအောက်ဆုံးထပ်ရှိ သေတ္တာလေးကို သူမ ဆွဲဖွင့်လိုက်သည်။ ကတ္တီပါအိတ်ကလေးကို ဖွင့်လိုက်တော့ အထပ်လိုက် ထွက်ကျလာသည်က ချစ်သူနှင့်ခွဲရချိန်မှ သည်နေ့ထိ နေ့စွဲရေးထိုး၍ထားသော၊ ချစ်သူ့အိမ်ကလေးသို့ လိပ်မူထားသော သူမလက်ရေးနှင့် ရေးစာများသာ….။ ထိုစာများကို တစ်နေ့နေ့မှာ ချစ်သူနှင့်ပြန်တွေ့က ချစ်သူကို ပေးဖတ်ရန် သူမ ရည်ရွယ်ခဲ့သည်ပင်။ မလိုအပ်တော့ပါ။ ခုတော့ တကယ်ကို မလိုအပ်တော့ပြီပဲ။

ကတ်ကြေးတစ်ချောင်းနှင့် စိတ်လိုလက်ရ ကိုက်ဖြတ်ထားသောစာများကို အိတ်တစ်လုံးထဲစုထည့်ကာ အမှိုက်ပုံးထဲပစ်ချစဉ် အိမ်ရှေ့ရှိ စာတိုက်ပုံးကလေးထဲ တစ်စုံတစ်ရာ ရှာဖွေနေဟန် ချစ်သူ့မျက်နှာကို ပြန်လည်မြင်ယောင်ကာ သူမ ချုံးပွဲချငိုမိပြန်သည်။ ရင်ကွဲပက်လက်များ အလဲအကွဲများကို စုစည်းကောက်သိမ်းကာ သူမစိတ်နှင့်ခန္ဓာကို  ပြန်လည်၍ မတ်မတ်ရပ်ရဦး မည်။ မြင်အပ် မမြင်အပ်ဆိုသောအရာများထဲမှာ သူမစိတ်နှလုံးအစုံက ဘယ်လောက် ခံယူနိုင်မှာလဲ ဆိုသည့် ဆရာမကြီးစကားက ရင်ထဲမှာ စူးတစ်ချောင်းလို နာကျင်လှစွာ...။   နောက်ဆုံးတော့ ချစ်သူ့အပေါ်ထားရှိဆဲ နှောင်တွယ်တမ်းတ သူမစိတ်တွေကို လွှတ်ချပစ်ခဲ့တော့သည်။

ထိုနေ့မှစ၍ ချစ်သူ့အိမ်ကလေးဆီ  ဘယ်တော့မှ ထပ်မသွားတော့ရန် သူမ ဆုံးဖြတ်ချက်ချခဲ့လေသည်။


မောင့်အချစ်ဆိုတာ ကျွန်မ ဘယ်တော့မှ နားမလည်နိုင်မဲ့ ဘာသာဗေဒ

$
0
0


ကျွန်မဆံနွယ်များ လွင့်မျောလှုပ်ခတ်သည်ထိ ဟူးဟူးရားရားလွင့်မျောတိုက်ခတ်နေသော လေ၊ ဟိုသည်ဘက်ကမ်းသို့ လွန်းထိုးနေသော လှေ သဗ္ဗာန်များစွာ၊ စင်ရော်ငှက်ကလေးများ၊  ပြီးတော့ ရေထဲကိုထိုးထွက်နေသော အုတ်လျှောက်လမ်းကလေးရှိသော ကုတို့ဆိပ်လေးတစ်ခု။ ထိုနေရာကလေးကို ကျွန်မ လွမ်းပါသည်။ ထိုနေရာကလေးမှာ မောင်နှင့်ကျွန်မ အတူထိုင်ခဲ့ကြဖူးသည်။ မောင်က ကျွန်မကိုယ်လုံးကလေးကို သူ့ခန္ဓာကိုယ်ကြီးတစ်ခုလုံးနှင့် မညှာမတာပစ်မီကာ သူ့အိမ်နှင့် (သူ့မေမေနှင့်) ဖုန်းပြော၍နေခဲ့သည်။ မောင် သူ့မေမေကိုပြောနေတာက အလုပ်တွေကြားမှ ခဏထွက်ပြေးကာ ဆိပ်ကမ်းမှာ သူတစ်ယောက်တည်း စိတ်ပြေလက်ပျောက်ထိုင်နေသည်၊ အိမ်အပြန် နည်းနည်းနောက်ကျမည် တဲ့။ ထိုအခါ မောင်မီထားသောကြောင့် လေးလံကာ ညောင်းနေသည့်တိုင် ကျွန်မမှာ လေသံကလေးမျှ မဟရဲတော့ပါ။ မောင့်အနားမှာ မိန်းကလေးတစ်ယောက်ရှိနေကြောင်း တစ်ဘက်မှ မောင့်မေမေကြားသွားမှာ စိုးပါသည်။

ဖုန်းပြောပြီးတော့ မောင်က မချိုမချဉ်မျက်နှာပေးနှင့် ကျွန်မကိုယ်ကို တွန်းထိုးကာ ပျော်လားဟု မေးတော့ ကျွန်မက ချက်ချင်းပြန်မဖြေဘဲ “မောင့်ကိုယ်ကြီး ကြည့်ကိုမီထားလိုက်တာ နည်းနည်းလောက်တော့ လျှော့ပါဦး”ဆိုတော့မှ သတိဝင်လာပုံနှင့် သူ့ကိုယ်ကို မတ်မတ်ပြင်ထိုင်ခဲ့၏။ မောင်ဟာ လူလည်ကလေးပါ။ “ကြည့်အနားမှာနေရတာ ပျော်လိုက်တာကွာ”ဟု ဘယ်တော့မှ ဝန်မခံ၊ ကျွန်မကိုသာ သူ့အနားနေရတာ ပျော်လားဟု မေးတတ်သူ။

“ကျွန်တော့်ကို သတိရနေလားဟင်”

“ဟင့်အင်း မရပါဘူး”

“အဲဒါဆိုလည်း ပြန်ကြစို့၊ ကျွန်တော်က ကြည် သတိရနေမယ်ထင်လို့ လာတွေ့တာ”

တကယ်ဆို “ကြည့်ကို ကျွန်တော် သတိရလိုက်တာ”လို့ မပြောသင့်ဘူးလား၊ မောင်မသိနိုင်စွာ တိတ်တဆိတ်မျှော်လင့်မိသည်တို့၌ ကျွန်မ ဝမ်းနည်းစွာ အရှက်ရခဲ့တာ အခါခါ။

“ပြန်သေးပါဘူး၊ မောင်ပဲ အိမ်အပြန်နောက်ကျမယ်ဆို အမေ့ကိုပြောနေတာ ကြားသားပဲ၊ ပြန်ချင်ဘူး မောင်နဲ့အတူ ဒီမှာ ထိုင်ချင်သေးတယ်”

“ကြည့်စမ်း နားထောင်နေတယ်ပေါ့လေ”

“နားမထောင်လည်း ကြားနေရတာပဲဟာ”

မောင်က ကျွန်မနှာခေါင်းထိပ်ကို ဆွဲညှစ်ရင်း သူများအမေကိုများ အမေတဲ့ဟု ညစ်ကျယ်ကျယ် ဆိုခဲ့သေးသည်။ အိမ်အပြန်နောက်ကျမယ်ပြောခဲ့ပြီးသည့်တိုင် ထိုညက မောင် အိမ်ပြန်စောပါသည်။ မောင့်တူမလေးတွေက အပြင်မှာ ညစာသွားစားဖို့ မောင့်ကို စောင့်နေကြ သည်၊ စောစောပြန်လာခဲ့ဟု ဖုန်းဆက်လာသောကြောင့် ထိုညနေက မောင်နှင့်ကျွန်မ ညစာအတူသွားစားကြမည့် အစီအစဉ်ကိုဖျက်ကာ မောင် အိမ်ပြန်သွားခဲ့ရတာ ကျွန်မ မှတ်မိပါသည်။ ကျွန်မစိတ်က မောင့်ကို ငြင်းလိုက်စေချင်ခဲ့သည်၊ မောင့်တူမလေးတွေနှင့် နောက်တစ်ရက်ရက်မှာ ထပ်စီစဉ်လို့ ရနိုင်သည်လေ။ သို့သော် ကျွန်မ နှုတ်ဆိတ်နေခဲ့ပါသည်။ မောင်ကြိုက်သလို လုပ်ပါစေလေ၊ ကျွန်မကသာ မောင့်အနားမှာ နေရချိန်တွေကို တခုတ်တရရှိနေခဲ့ပေမဲ့ မောင်ကတော့ မောင့် အလုပ်၊  မောင့်မိသားစုတွေကသာ မောင့်အတွက် ရှေ့တန်းတင်စရာ။ မောင်နှင့်ပတ်သက်လျှင် ကျွန်မက ဦးစားပေးနေရာမှာ ဘယ်တော့မှမရှိခဲ့တာ အဲသည်တုန်းကတည်းက သိခဲ့ဖို့ကောင်းသည်။ သို့သော် ခွဲကြခါနီးတိုင်း ဆံနွယ်စတွေနှင့်ကျွန်မနဖူးကို ရောနှောကာ ဖိကပ်နမ်းမွှေးတတ်သော မောင့်နှုတ်ခမ်းက အနမ်းတစ်ရှိုက်နှင့်ပဲ အရာရာကို ကျွန်မ နှစ်သိမ့်လိုက်နိုင်ခဲ့ပါသည်။

@@@@@@@@@

တကယ်တော့ မောင့်ဘဝထဲကို ခေါ်ယူသိမ်းရစ်ရန် မောင်ကိုယ်တိုင် လိုလိုလားလားလက်တွန့်ခဲ့ရသူဟာ ကျွန်မပါ မောင်…. 

သတိရလိုက်တာ မောင်ရယ်လို့ ကျွန်မနှုတ်ဖျားက ဆွေးမြေ့ရေရွတ်နေချိန်မှာ မောင်က တီဗီရှေ့မှာ ဘောလုံးပွဲတစ်ပွဲကို စိတ်ပါလက်ပါ ကြည့်ရှူ့နေချိန် ဖြစ်နိုင်ကောင်းသည်။ ဒါမှမဟုတ် ရေမိုးချိုးသန့်စင်ပြီး အိမ်နေစွပ်ကျယ်ချိုင်းပြတ်ကလေး ဝတ်လို့ မောင်နှစ်သက်ရာ ဆောင်းပါးတစ်ပုဒ်ပုဒ် အေးအေးလူလူဖတ်နေချိန်လည်း ဖြစ်မည်။ ဒါမှမဟုတ် မောင် သိပ်ကြိုက်တဲ့ ဆီချက်တစ်ပွဲကို ကလေးတစ်ယောက်လို အားပါးတရထိုင်စားနေချိန်လည်း ဖြစ်နိုင်ပါသည်။ မောင်နဲ့ကျွန်မအကြား အချစ်တွေက ညီမျှခြင်းချဖို့ မဆိုထားနဲ့၊ ဘေးချင်းယှဉ်ချလို့မှ မမျှခဲ့တာပါ။

“ကြည် နင့်မောင်က သိပ်တင်စီးတာပဲ၊ နင်ကချည်း ဖုန်းဆက်ဆက်နေရတာ၊ သူ စဆက်တယ်ကို မရှိဘူး”

“မမနီရယ်  သူက အလုပ်တွေများတာကိုး”

“နင်ကရော အားနေလို့လား ကြည် ဟင်”                                                       

ကျွန်မ မဖြေတတ်၊ မဖြေနိုင်တော့ပါ။ အစ်မကြီးတစ်ယောက်လိုလည်း ဖြစ်၊ လုပ်ဖော်ကိုင်ဘက် လည်းဖြစ်သော မမနီကို မချိတရိလေးသာပြုံးပြမိသည်။ မမနီက ကျွန်မကို ချစ်ခင်သူပီပီ ကျွန်မဘက်မှ နာလေ၏။ မမနီ သိသည်၊ မမနီတစ်ယောက်ထဲ မဟုတ်ပါ၊ ကျွန်မတို့ တစ်ရုံးလုံးလည်း သိကြပါသည်။ ကျွန်မ မောင့်ကို ဘယ်လောက်ချစ်သည်ဆိုတာ။ ခဏနေရင် ကျွန်မ မောင့်ဆီ ဖုန်းဆက်ကာ မောင့်ကို အိပ်ရာမှ နှိုးရဦးမည်။

“မောင် နိုးပြီလား၊  ညက အိပ်ပျော်ရဲ့လား ဟင်”

“အင်း ထတော့နော်၊ ကြည် အလုပ် လုပ်လိုက်ဦးမယ်၊ နေ့လည် ထမင်းစားချိန်တစ်ခေါက် ပြန်ဆက်မယ် နော် မောင၊် မနက်စာ စားဦးနော်၊  ဂရုစိုက် ဒါပဲနော်”

မောင့်အသံကြားရစဉ် ကြည်နူးစိတ်နှင့်မွေ့လျှက် တစ်ဘက်စားပွဲမှ မမနီမျက်စောင်းကိုမူ မတွေ့ဟန်ဆောင်ရသည်။ မောင်က ကျွန်မ ဖုန်းဆက်နှိုးမှ အိပ်ရာကထချင်သည်ဆိုတာမို့ပါ၊ ပြီးတော့ မောင်က ကလေးလိုပင်၊ နိုးနေပါလျှက်နှင့် ကျွန်မဆီက ဖုန်းသံမကြားမချင်း အိပ်ရာထဲက မထလိုသူဖြစ်လေတော့ ကျွန်မမှာ မနက်တိုင်း မောင့်ဆီ ဖုန်းမဆက်ဘဲမနေနိုင်။ မောင်နှင့် မနက်ခင်းဖုန်းပြောပြီးမှ တစ်နေ့တာအတွက် ကျွန်မ လုပ်စရာရှိတာတွေ ဆက်လုပ်ဖို့ ခွန်အားပြည့်သွားသည် ထင်မိ၏။ မောင်လည်း ထိုနည်းတူဖြစ်မည်။ မောင်က ကိုယ်ပိုင်အလုပ်မို့ အလုပ်စချိန်နောက်ကျကာ ပြန်ချိန်လည်းနောက်ကျတတ်မြဲမို့ ရုံးအဆင်းညနေတွေမှာ မောင်နှင့်တွေ့ကြဖို့ ချိန်းတိုင်း အမြဲစောင့်ရတတ်သူက ကျွန်မရယ်သာ။ မောင်က လာတော့လည်း နောက်ကျ၊ ညစာအတူ စားကြပြီးတာနှင့်လည်း အိမ်ပြန်ချင်သူ၊ ထိုအခါ မောင်နှင့်တွေ့ရဖို့ စောင့်ချိန်ကြာလျှက် တွေ့ကြ ရပြန်တော့လည်း ခဏကလေးမို့ မချင့်မရဲဖြစ်ကျန်ခဲ့ရသူမှာ ကျွန်မပဲ ဖြစ်လေသည်။

“ကြည် နင်ဟာလေ ဝဋ် အတော်ကြီးတဲ့သူပဲ၊ နေမြဲမောင်ဆိုတဲ့ကောင် ကိုတော့လေ အေးအေး သက်သာနေတတ်လွန်းလို့ နေမြဲမောင်ကနေ သက်သာမောင်လို့တောင် ငါက နာမည်ပြောင်း ကင်ပွန်းတပ်လိုက်ချင်သေးတယ် သိလား”

မမနီအပြောမှာ ကျွန်မ မရယ်ဘဲ မနေနိုင်။ သူမို့ ပြောပဲ ပြောတတ်သည်။ မောင့်ကိုသာ ပြန်ပြောပြရင် ဒီအပျိုကြီး ယောကျာ်းမရသေးလို့ ဒီလိုပြောတာဟု ဆိုဦးမည်ပင်။

@@@@@@@@@

မောင် အလုပ်ကိစ္စနှင့် နယ်ကပြန်ရောက်ပြီးပြီးချင်း ဗိုလ်ချုပ်ဈေးမှာတွေ့ကြဖို့ ချိန်းဆိုတော့ မောင်အဲသည်လို စတင်မချိန်းဆိုတတ်တာမို့ ကျွန်မမှာ တအံ့တသြ။ မောင်က ဂါဝန်အရှည်လေးတစ်ထည် ဝယ်ပေးကာ “နောက် ၂လလောက်ကျရင် ကျွန်တော့်မိတ်ဆွေ မင်္ဂလာဆောင်ရှိတယ်၊ အဲဒီပွဲမှာ ဝတ်ခဲ့ဖို့”ဟု ခပ်ပြတ်ပြတ်ပင် အရေးဆိုသလို ပြောလေသည်။

“ဟင် ကြည် လိုက်ရမှာလားဟင်၊ မောင်နဲ့အတူ ကြည်လိုက်ရမှာပေါ့ ဟုတ်လား”

“ဘာလဲ ပျော်သွားလား”

ကြည့် မောင်လုပ်ပြန်ပြီ၊ “ဒါပေါ့ ကြည့်ကို ကျွန်တော်နဲ့အတူ လိုက်စေချင်လို့ပေါ့” လို့ ပြောလိုက်ဖို့ ကောင်းသည်ပဲ။ ကျွန်မ ရှက်ရွံ့စွာ၊ သို့သော် ပျော်ရွှင်စိတ်ကို မဖုံးဖိနိုင်စွာ ဂါဝန်လေးကိုကြည့်မိတော့ ဆိုက်ဒ်က စမောဖြစ်နေတာမို့ မောင် အဝယ်မှားပြီထင်ကာ မီဒီယမ်နှင့်ပြန် လဲပေးဖို့ ဆိုမိသည်။

“ကျွန်တော် သိပါတယ်၊ စမောဆိုက်ဒ် တမင်ရွေးဝယ်တာ၊ ၂လလိုသေးတာပဲ၊ ဒီအင်္ကျီနဲ့ တော်အောင် ဝိတ်လေးနည်းနည်းချလိုက်”

“ဟင် ဒီအင်္ကျီလေးနဲ့တော်အောင် လုပ်ရမယ် ကြည်က”

မောင်က ခေါင်းညိတ်ပြလေသည်။ မောင်ရယ် ကျွန်မမှာတော့ မောင့်ကို အရှိအတိုင်းချစ်ခဲ့ရသူပါ။ ကျွန်မရင်ထဲ လှိုက်တက်လာကာ ဝမ်းနည်းသလိုလိုကြီးဖြစ်ရာက မျက်ရည်ဝဲလာတော့ မောင်က ကျွန်မလက်ဖဝါးကိုတင်းတင်းဆုတ်ကိုင်ကာ မီးပွိုင့်တစ်ဘက်ကို ခပ်မြန်မြန်ပဲ ဖြတ်ကူးတာမို့ ငိုချင်နေရာက ငိုဖို့ကိုပင် သတိမရနိုင်တော့ဘဲ မောင့်ခြေလှမ်းတွေနောက် အမီလိုက်ရပြန်သည်။

“ရော့ ဒီမှာ သင်တန်းကြေးပေးပြီးသား ဗောက်ချာ၊ တစ်ပတ်ကို ၂ရက်တက်ရမယ်။ မှန်မှန်သာ တက်၊ ကြည် သေချာပေါက် ဝိတ်ကျလာမှာ၊ အစားအသောက်လည်း ဂရုစိုက်၊ အဆီတွေ လျှော့စား၊ အဲဒီ့ပွဲကျရင် ကျွန်တော့်မိတ်ဆွေတွေ၊ ငယ်သူငယ်ချင်းတွေ အများကြီးနဲ့ တွေ့ရမှာ၊ ကြည့်ကို ပိုလှနေစေချင်လို့”

မောင့်လက်ထဲက Gymအတွက် သင်တန်းကြေးပြေစာကို ကြည့်လိုက်မိရင်း မောင့်အပြောမှာ ကြည် ညွတ်နူးရပါသည်။  သည်လိုတော့လည်း မောင်က ကြည့်ကို သူ့အပေါင်းအသင်းတွေအလယ်မှာ ပွဲထုတ်ချင်စိတ်ရှိသားပဲဟု ဝမ်းသာရသည်။ အင်း ဟု ကျွန်မခေါင်းအညိတ်မှာ မောင်က ကျွန်မခေါင်းကို သူ့လက်ဖဝါးထဲထည့်ကာ ဆံနွယ်များကို မွှေးကြူလိုက်တာမို့ အခါများစွာကလိုပင် နေမြဲမောင် ဆိုသော မောင့်ထံမှာ ကျွန်မနှလုံးသားတို့ အရည်ပျော်ကျရပြန်သည်။

သေချာပါသည်။ မောင်ဟာ ကျွန်မကို ကြေညက်နေအောင် ဖတ်နိုင်စွမ်းသူဖြစ်လျှက် ကျွန်မအတွက်တော့ မောင်ဟာ ဟိုးအဝေးကြီးက မှုန်ပျပျမြင်နေရသော၊ အေးစက်ညို့မှိုင်းသော၊ ကျွန်မကို အပေါ်စီးကနေ မိုးကြည့်နေသော မာရေကျောရေတောင်စဉ်တန်းကြီးတစ်ခုသာ ဖြစ်လေသည်။

@@@@@@@@@

ကျွန်မ gym တက်နေတာ မောင့်ကြောင့်ဟု မမနီကို မပြောရဲပါ။ “ကြည် ပိုလှချင်လို့ပေါ့ မမနီရယ်”ဟု ပြောတော့ မမနီက တအံ့တသြ၊ မျက်နှာမှာ မိတ်ကပ်ဝေးလို့ နှုတ်ခမ်းနီပင် ဘယ်တုန်းကမှ မဆိုးဖူးသူမို့ ကျွန်မ အလှအပ မကြိုက်တာ မမနီအပါအဝင် တစ်ရုံးလုံးအသိပေ။ ခုတော့ တစ်ပတ်မှာနှစ်ရက် ရုံးပြီးတာနှင့် gymကို တန်းပြေးရသည်မှာ အချိန်ပိုပင် မဆင်းနိုင်။ အိမ်ရောက်သည်နှင့် မောင်ဝယ်ပေးထားသော ဂါဝန်လေးကို ဝတ်ကြည့်ရတာ ကလည်း နေ့စဉ်လိုလိုပါ။ နှစ်လကျော်လာတော့ ဂါဝန်ကလေးက ကျွန်မကိုယ်နှင့် ကွက်တိတိုင်းချုပ်သလို ချပ်ရပ်လှပနေတာမို့ ပျော်လိုက်သည်မှာ မျက်နှာပေါ်က အပြုံးတို့ပင် ရပ်မရချင်။

မောင် တွေ့မှပဲ အံ့သြပါစေတော့ဟု ပိုင်းဖြတ်ကာ ခုရက်ပိုင်းအတွင်းမှာ မောင်နှင့် မတွေ့ဖြစ်အောင် တမင် နေနေမိသည်။

“ကြည် ငါတို့ ဗိုလ်ချုပ်ဈေးသွားမလို့၊ နေ့လည်စာ နင် ဘာမှာဦးမလဲ”

“မမှာတော့ပါဘူး မမနီရယ်၊ အိမ်ကနေ အသီးအရွက်ဆဲလတ်လုပ်လာတယ်၊ အဲဒါလေးပဲ စားလိုက်ပါတော့မယ်။ အုန်းနို့ကျောက်ကျောလေးတော့ သောက်ချင်သား၊ အဲဒါလေးတော့ ဝယ်ခဲ့ပါ မမနီရယ် နော်၊ အချိုလေး မစားရတာ ကြာပါပေါ့”

ကျွန်မတို့ရုံးက ဗိုလ်ချုပ်ဈေးနှင့်နီးတာမို့ လခထုတ်ပြီးစ တစ်ရက်နှစ်ရက်လောက်ဆို ရုံးသူတွေ နေ့လည်စာ စားကြ၊ ဈေးပတ်လေ့ရှိကြသည်မှာ ထုံးစံတစ်ခုလို ဖြစ်နေလေသည်။

“ကိုယ့်ဝဋ်နဲ့ ကိုယ်ပဲပေါ့ ကြည်ရာ၊ နင်က လှချင်လို့ အစားရှောင်နေတာကိုး ဟင်း၊ ခုတစ်လောမှ ဘာဖြစ်နေတယ်ကို မသိဘူး”

မမနီက ရုံးမှ ညီမလေးတစ်အုပ်နှင့် နေ့လည်စာစားရန် အောက်ထပ်ကို မဆင်းခင်မှာ ကြည့်ကို ခပ်ရွတ်ရွတ်ပြောသွားခြင်းရယ်ပါ။ ကြည့်မှာ ပုခုံးလေး တွန့်၍သာ ပြုံးကျန်ရစ်ရသည်။

ကြည်တစ်ယောက်ထဲ အလုပ်ထဲနစ်နေခိုက် ဗြုန်းဆို ရုံးမှန်တံခါးကိုဖွင့်ပြီး ဝင်လာသံက ကြမ်းလှတာ မို့ မော့ကြည့်မိတော့ မမနီ…။

“ဟယ် မမနီ မြန်လှချည်လား။ ဈေးပတ်ဦးမှာဆို”

“ကြည် ဘာမှ ပြောမနေနဲ့၊ လာ ငါနဲ့ ခဏလိုက်ခဲ့။ အောက်ထပ်မှာ တက်ကစီ စောင့်နေတယ်”

ကျွန်မ ဘာမှ မမေးလိုက်နိုင်ခင် မမနီလက်ဆွဲခေါ်ရာ ဝရုန်းသုန်းကား လိုက်ပါသွားခဲ့ရတော့သည်။ တက်ကစီပေါ်ရောက်တော့လည်း မမနီက ဘာမှ မပြော၊ မျက်နှာကြီးတင်းကာသာ နေတာမို့ ကျွန်မလည်း တိတ်တိတ်သာ လိုက်ခဲ့မိရသည်။

“ဟိုမှာ တွေ့လား ကြည်၊ နင့်ရဲ့ နေမြဲမောင်”

“ဟင်”

မောင် ခုတစ်လော မအားဘူး ဆို၊ မောင် အလုပ်တွေ များနေလို့ ဆို၊ နိုင်ငံခြားက မောင့်အစ်မ ရောက်နေသေးတာ ဆို၊ ကျွန်မက မောင် ဘာပြောပြော မောင့်အပေါ် ယုံကြည်ခဲ့မိသူ။ အေးတိအေးစက်နိုင်လှသော၊ အကျောကြီးလှသော မောင့်အချစ်ကို ဒါသည်ပင် မောင် ချစ်တတ်သလို ချစ်ရှာတာပဲဟု နားလည်ပေးနိုင်ခဲ့သူ။

ခုတော့ မောင်က….

ကျွန်မ နားလည်ပါပြီ။ မောင် ကျွန်မအပေါ် နိုင်စားအေးစက်နေခြင်းသည် အခြား တစ်ဘက်မှာ မောင့်အချစ်တို့ ပူနွေးလှုပ်ရှားစွာ ပုံအပ်ထားခြင်းကြောင့်သာ ဖြစ်လိမ့်မည်။ ဝမ်းနည်းစိတ်နှင့် မမနီကိုဖက်ကာ ငိုမိသည်။ မမနီကတော့ စိတ်ဆိုးကာ ပြစ်တင်စကားတွေသာ မောင့်အပေါ် ဆိုလေသည်။

“ကြည် နင့်လောက် အတဲ့ မိန်းမ မရှိဘူး။ နင်ဟာလေ နေမြဲမောင် ပြောသမျှ ယုံ၊ နေမြဲမောင် ခိုင်းသမျှ အကုန်လုပ်၊ တကယ်ပဲ ငါ စိတ်တိုတယ် သိလား နင့်အစား၊ ဖြတ်ပစ်လိုက်စမ်း ပါဟာ… ယောကျာ်းမရှားပါဘူး”

“မမနီရယ် ကြည် သိပါတယ်။ ယောကျာ်းမရှားပါဘူး၊ ဒါပေမဲ့ ကြည်ချစ်တာ မောင့်ကို။ ကြည် မောင်နဲ့မှ မဝေးနိုင်တာ” ကျွန်မ စိတ်ထဲက ပြောနေသည်ကို မမနီများသိရင် ကျွန်မကို ဘယ်လိုဆူဦးမည်လဲ မသိပါ။ ကျွန်မ ငိုမိသည်။ မမနီပုခုံးပေါ်မှာ ကလေးတစ်ယောက်လို ရှိုက်ကာ ရှိုက်ကာ ငိုမိပါသည်။

@@@@@@@@@

မောင် ငြင်းပါစေ ဆုတောင်းနေမိလျှက် ဟုတ်တယ်ဟု မောင် ဝန်ခံလိုက်သောအခါ ကျွန်မနှလုံးသား တို့ ဗြုန်းကနဲ ကျကွဲကြေမွလေတော့သည်။ နိုင်ငံခြားကပြန်လာသောမောင့်အစ်မနှင့်အတူ လိုက်ပါ လာသော မောင့်ငယ်ချစ်၊ မောင့်အိမ်ထောင်ဘက်အဖြစ်  မောင်တို့ တစ်အိမ်သားလုံး သဘောကျသော မောင့်ဇနီးလောင်းဟု ဆိုသည်။ နောက်လမှာတက်ရမည့် မောင့်မိတ်ဆွေမင်္ဂလာပွဲမှာ သူမနှင့်အတူ တက်ရောက်ရမည်ဟု မောင့်မေမေက တစ်ချက်လွှတ်အမိန့်ချမှတ်သည် တဲ့။

မောင်ဝယ်ပေးထားသော ဂါဝန်ကလေး….။ ပင်ပန်းကြီးစွာ အစာအိမ်နာပြန်ထသည်အထိ အစားငတ်ခံကာ ချခဲ့ရသော၊ တစ်နေကုန် ရုံးအလုပ်ပြီးလို့မှ မနားနိုင်ဘဲ gymသွားကာ ကစားခဲ့ရသော ကျွန်မ၊  ခုတော့ ကျွန်မကိုယ်လုံးနှင့် ကွက်တိကျစွာ လှနေသော ဂါဝန်ကလေး။ ကျွန်မ ဘယ်နေရာမှာ သွားဝတ်ရတော့မလဲ မောင်ဟု ကျွန်မ မမေးရဲ၊ မောင့်ကို ကျွန်မ စိတ်မညစ်စေချင်ပါ။မောင်က မလိုက်ခဲ့နဲ့ဆိုပါက ကျွန်မ နာကျင်ကြေကွဲစွာ နှုတ်ဆိတ်နေခဲ့ရုံသာ

ထိုနေ့က အိမ်အပြန်မှာ ဂါဝန်ကလေးကိုဝတ်ကြည့်လျှက် မှန်ထဲမှာ ကျွန်မ ပြုံးကြည့်လိုက်မိသေးသည်။ ပြီးတော့ လူးလိမ့်နေအောင် ငိုခဲ့ရပါသည်။ ထိုဂါဝန်ကလေးဝတ်လျှက်နှင့် ကျွန်မအိပ်ခဲ့ပါသည်။ ဖူးယောင်ကာ မို့အစ်နေသောမျက်လုံးများနှင့် အုံခဲနေသောခေါင်းကြောင့် နောက်တစ်နေ့ ကျွန်မ ရုံးမှခွင့်ယူကာ အိမ်မှာပင် ခွေနေလိုက်ရပါသည်။ နေမကောင်းလို့ဟု အကြောင်းပြသော်လည်း မမနီက ရိပ်မိစွာပင် အချစ်ဖျား၊ စိတ်ထောင်းကိုယ်ကြေဖျားဟု ဆိုသည်။ “ဟင့်အင်း မမနီရယ် ကြည် အသည်းကွဲတာပါကွယ်၊ မမနီ မသိပါဘူး” ကျွန်မ တိုးတိတ်စွာ ဖြောင့်ချက်ပေးနေမိသည်။

မောင်နှင့်တွေ့ခဲ့ရတာ ထိုနေ့က နောက်ဆုံးဖြစ်လိမ့်မည်ကို ကျွန်မ မရိပ်မိခဲ့။ ထပ်တွေ့ကြရလိမ့်ဦးမည်ဟု ကျွန်မစိတ်က ထင်သည်။ မောင် ဆက်သွယ်လာလိမ့်ဦးမည်။ တစ်ခုခုတော့ ဖြေရှင်းလိမ့်မည်။ ကျွန်မအပေါ် ချစ်လျှက်နှင့် အိမ်က သဘောတူသူကို လက်ခံရတော့မည်၊ စသည်ဖြင့် မောင် ပြောလာလိမ့်မည်ဟု ကျွန်မ မျှော်လင့်ခဲ့မိပါသည်။ သို့သော် ကျွန်မဟာ အလွန်စိတ်ကူးယဉ်သူ မိန်းမတစ်ယောက်ဖြစ်မှန်း နောက်ကျမှ သိခဲ့ရသည်။ တကယ်တမ်းကျတော့ မောင့်ဘက်က ဘာတစ်ခုမှ ဖြေရှင်းချက် ပေးမလာခဲ့ပါ။

သွယ်လဲ့ကြည်ဟု နာမည်တပ်ထားသော ဖိတ်စာကလေး ကျွန်မစားပွဲပေါ်ရောက်လာသောနေ့က စာရွက်ဖြူတစ်ရွက်ပေါ်မှာ ချွန်မြနေသော ကွန်ပါချွန်နှင့် အပေါက်ချင်းထပ်အောင် အံတင်းတင်းကြိတ် ထိုးဆွဖောက်ထွင်းနေခဲ့မိသူ ကျွန်မရယ်၊ အဲသည် ထုတ်ချင်းပေါက်များစွာနှင့် စာရွက်ဖြူလွကလေးဟာ ကျွန်မနှလုံးသားနှင့် ထပ်တူပါသည် မောင်….။ 

မောင်နည်းနည်းကလေးမှပင် မတွေးမိဘူးလား မောင်ရယ်။ မောင့်ကို အိပ်ရာကမှ ဖုန်းဆက်မနှိုးရလျှင် တစ်နေ့တာအလုပ်တို့ မဖြောင့်စင်းနိုင်သော မိန်းမဟာ ရှေ့ဆက်ဘယ်တော့မှ မရနိုင်တော့မဲ အခွင့်တစ်ခုအတွက် တစ်သက်တာလုံး ဘယ်လောက် ခံစားနာကျင်နေရမယ်ဆိုတာ….။ 

သည်လိုနှင့် ကျွန်မတို့ ရိုးရိုးကလေးပင် ဝေးသွားခဲ့ကြလေသည်။

@@@@@@@@@

ရေထဲကိုထိုးထွက်နေသော အုတ်လျှောက်လမ်းကလေးရှိသော ကုတို့ဆိပ်လေးတစ်ခု။ ထိုနေရာကလေးကို ကျွန်မ လွမ်းပါသည်။ ထိုနေရာကလေးမှာ မောင်နှင့်ကျွန်မ အတူထိုင်ခဲ့ကြဖူးသည်။ မောင့်ကို လွမ်းတိုင်း ထိုနေရာကလေးမှာ ကျွန်မတစ်ယောက်ထဲ ဂစ်တာသွားတီး၍နေတတ်သည်။

သည်နေ့လည်း အခါများစွာကလိုပင် ကျွန်မတစ်ယောက်ထဲ ဂစ်တာတီးနေခဲ့ပါသည်။

“ဒီအချိန်ကိုရောက်ရင် တို့နှစ်ယောက်အမြဲ တွေ့နေကျ၊ ဒီနေရာလေးမှာ တို့နှစ်ယောက် လမ်းလျှောက်နေကျ အရာရာတိုင်းဟာ မင်းအကြောင်းနဲ့ နွယ်ဆက်လာ”

သီချင်းဆက်မဆိုနိုင်လောက်အောင် ရင်ထဲဆို့နင့်လာပြီး ဂစ်တာတီးသောလက်များကသာ ဆက်လက်တီးခတ်နေကာ နှုတ်ဆွံ့လျှက် မျက်ရည်များ ကျလာတော့သည်။ မရတော့ပါ။ ဂစ်တာလေးကို ရင်ဘတ်ထဲသွင်း ပွေ့ပိုက်ကာ မောင့်ကိုလွမ်းစိတ်နှင့် ကျွန်မ ငိုရှိုက်လိုက်မိတော့သည်။ မောင်က ကျွန်မဂစ်တာတီးတာ နားထောင်နေကျ။ မောင်နဲ့ ကျွန်မ တစ်လှည့်စီ ဂစ်တာတီးနေကျ။ ခု ကျွန်မအနားမှာ ဂစ်တာလေးကလွဲလို့ ဘယ်သူမှ ရှိမနေပါ။

“သမီးလေး xx ရေစပ်နား မသွားနဲ့နော်၊ ခဏလေး မေမေ့ကို စောင့်ဦး”

ဘုရားရေ…။ ကလေးမကလေးနာမည်က xxတဲ့လား။ ကျွန်မ အံ့သြစိတ်နှင့် မျက်ရည်ကြားမှ ငေးရီစွာ နောက်လှည့်ကြည့်လိုက်မိတော့ တောက်တောက်ပြေးလမ်းလျှောက်နိုင်သော၊ ၃နှစ်အရွယ်လောက်ရှိသော သမီးငယ်လေး။ သူ့အနောက်မှ အမေဖြစ်သူက မပြေးရုံတစ်မယ်လိုက်လာနေလျှက်၊ သူတို့နှစ်ယောက်အနောက်မှာ ကားသော့ကို လက်ထဲ မြှောက်ကစား လျှက်ရှိသော အမျိုးသားတစ်ဦး….ဘဝနှင့်ရင်း၍ကျွမ်းဝင်လွန်းခဲ့ဖူးသော မျက်နှာတစ်ခု...။

မောင်က ကျွန်မကိုမြင်တော့ မျက်နှာတစ်ချက်ပျက်သွားကာ သူ့ဇနီးသည် သမီးငယ်ကိုခေါ်လိုက်သော နာမည်အတွက် လူမိသွားသလို ရှက်ရွံ့ဟန်နှင့် ကျွန်မကို ငေးကနဲကြည့်နေရာက ဘာမှမဖြစ်သလို သားအမိနှစ်ယောက်နောက်မှ ဆက်လျှောက်သွားလေသည်။

မောင်…..
မောင့်သမီးကလေးကို ဘာလို့ ဒီနာမည်ပေးထားသလဲ။ ထိုနာမည်ကလေးသည် မောင်နှင့် ကျွန်မနှစ်ယောက်သာ သိသော၊ မောင်နှင့်ကျွန်မ နှစ်ယောက်ပေါင်းမှ တစ်ခုတည်းသာရှိသော နာမည်ကလေးဖြစ်ကာ မောင်က ကျွန်မကို ချစ်မက်မြတ်နိုးစိတ်နှင့်၊  ကျွန်မက မောင့်ကို ချစ်မက်မြတ်နိုးစိတ်နှင့် နှစ်ဦးသဘောတူ မှည့်ခေါ်ခဲ့ဖူးသော၊ စာလုံးကလေး နှစ်လုံးတည်းသာပါသော ချစ်စဖွယ်နာမည်ဆန်းကလေးတစ်ခုသာ ဖြစ်ပါသည်။

မောင်…ရယ်…..

မောင် ကျွန်မကို တိတ်တိတ်ကလေးများ လွမ်းတနေသလား ဟင်။ မောင် ဘယ်တော့မှ ဖြေလိမ့်မည်မဟုတ်သော မေးခွန်းမှန်း ကျွန်မ သိပါသည်။ နာကျင်မှုများနှင့်အတူ ရင်ထဲသေချာလွန်းလှသည်။ သည်နေ့မှ ပို၍သေချာသွားရပါသည်။

မောင့်အချစ်ဆိုတာကို ကျွန်မ ဘယ်တော့မှ၊ ဘယ်သောအခါမှ နားလည်နိုင်လိမ့်မည် မဟုတ်ပါ။

ပင်လယ်နှင့် ကျွန်မ

$
0
0

၁)

“မမြနဒီ ခင်ဗျား ကိုမောင်မောင်စိုးကို သိသလား”

“ဟုတ်ကဲ့ သိပါတယ်။ သူက… စိုးက ကျွန်မချစ်သူပါ”

“ဟုတ်ပြီ။ ဒါဆို ခု သူ ဆုံးသွားတာကိုရော ခင်ဗျား သိတယ်ပေါ့။ သူမရှိတော့ဘူးဆိုတာ ခင်ဗျားစိတ်က လက်ခံတယ်ပေါ့ နော်”

“ဟုတ်ကဲ့ ကျွန်မ သိပါတယ်။ လက်လည်း လက်ခံပါတယ်”

“ဒါဆို ခင်ဗျားတို့ ဘာဖြစ်ခဲ့တယ်ဆိုတာကိုရော မှတ်မိရဲ့လား၊ ကျွန်တော့်ကို နည်းနည်းလောက် ပြန်ပြောပြလို့ ရနိုင်မလား”

မေးနေကျ ဖြေနေကျမေးခွန်းများ ဖြစ်သော်လည်း မိန်းကလေးက အနည်းငယ်တွေဝေသွားကာ ခပ်လှမ်းလှမ်းမြေပြင်ကို အသိမဲ့လှမ်းကြည့်နေလေသည်။  သို့သော် သူမမျက်လုံးများထဲ ဘာကိုမှ တွေ့မည့်ပုံမပေါ်ပါ။

သူမမျက်နှာတစ်ခုလုံး မှုန်ကျသွားကာ နှုတ်ခမ်းများစေ့ပိတ်လျှက် အံကိုတင်းတင်းကြိတ်ထားပုံ နားထင်ကြောကြီးများ တင်းနေသည်ကို တွေ့ရသည်။ သူ မှားများ သွားပြီလား။ သူ့မေးခွန်းက သူမကို သိပ်များနှိပ်စက်ရာ ကျသွားပြီလား သူ တွေးနေစဉ်မှာပင် တုန်ခိုက်တိုးရှသော သူမအသံက ဖြည်းညှင်းစွာ ထွက်ပေါ်လာလေသည်။

“ကျွန်မတို့ ထွက်ပြေးကြတာပါ။ စိုးက ဆိုင်ကယ်မောင်းတယ်။ အဲ့ဒီနေ့က ကားတွေလည်း လမ်းပေါ်မှာ အများကြီးပဲ”

“အင်း ဟုတ်ပြီ။ ခင်ဗျားတို့က ဘာလို့ ထွက်ပြေးရတာလဲ”

“စိုးက ကျွန်မနဲ့ မခွဲနိုင်လို့။ ကျွန်မမိဘတွေက စိုးနဲ့ သဘောမတူလို့”

“သြော်  ဒါနဲ့ ကိုမောင်မောင်စိုးကို ခင်ဗျားမိဘတွေက ဘာလို့ သဘောမကျတာတဲ့လဲ”

“စိုးက ဆိုးတယ်။ ဘွဲ့လည်း မရဘူး။ ပြီးတော့ ဆေးလည်း စွဲနေတယ်”

ဆေးလည်း စွဲနေတယ်ဆိုသော အဆုံးမှာ သူမအသံက အဖျားလှုပ်ခတ် သွားသလိုလိုပင်။

“ဒါပေမဲ့ ကျွန်မက စိုးကို ချစ်တယ်”

“ကိုမောင်မောင်စိုး ဆေးစွဲနေတာ ခင်ဗျား သိရက်နဲ့၊  သူ ဆေးဖြတ်ဖို့ ခင်ဗျား တိုက်တွန်းခဲ့ဖူးသလား”

“ဟုတ်ကဲ့ တိုက်တွန်းခဲ့ဖူးတာပေါ့။ သူ ဆေးစွဲနေတယ်ဆိုတာ သိလိုက်ချိန်မှာ ကျွန်မက သူ့ကို ချစ်နေပြီ”

ပထမဆုံးအကြိမ် သူ သူမမျက်နှာကို သေချာကြည့်မိသည်။ သူမမျက်နှာ ကလေးက ကြေကွဲနွမ်းနယ် ရိပ်ကလေး သန်းနေလျှက်ကပင် သူမချစ်သော စိုးကို ချစ်ကြောင်းပြောနေရတာကိုပဲ ခံစားမက်မော စိတ်ကလေးရှိနေသလို ထင်ရ၏။

ပြောပြီး ရှက်သွားဟန်နှင့် ခေါင်းလေးငုံ့ချလိုက်ကာ နောက်တစ်ခွန်းဆက်ပြောဖို့ အားယူနေဟန်ပါပေ။

“စိုးက ဖြတ်မရဘူး တဲ့။ ဒါနဲ့ ကျွန်မက စိုးကို ရွဲ့ပြီး သူသောက်တဲ့ ဆေးတွေ လိုက်သောက်တယ်”

“ဒီတော့”

“ဒီတော့ ကျွန်မပါ ဆေးစွဲသွားတယ်”

“ဘာဆေးတွေများလဲဗျ ပြောပြပါဦး”

သူက သိလျှက်နှင့် တမင် မသိဟန်ဆောင်မေးလိုက်ခြင်းရယ်ပါ။ တကယ်က သူမကေစ့်ကို သူ စတင်ကိုင်တွယ် ကတည်းက သူမနှင့်ပတ်သက်သမျှ ကုန်စင်အောင် ဖတ်ထားခဲ့ပြီးဖြစ်ပါသည်။  သူမက သူမ သောက်ခဲ့ဖူးသော ဆေးပြားများကို နာမည်နှင့်တကွ မှတ်မိနေကာ ဘယ်ဆေးသောက်လျှင် ဘယ်လိုခံစားရကြောင်း၊ ခေါင်းတဆတ်ဆတ်ငြိမ့်တုန်နေချင်ကြောင်း၊ ဘယ်ဆေးကတော့ဖြင့် ခုန်ပေါက်နေချင်ကြောင်း၊ ဘယ်ဆေးကတော့ဖြင့် အိပ်ချည်းပဲ နေချင်ကြောင်း စသည်ဖြင့် ဆေးတန်ခိုးနှင့် ဈေးနှုန်းများကိုပါ သေချာစေ့ငှစွာ မှတ်မိပြောပြနေလေသည်။  

သူကပြုံးလျှက်နှင့် မေးခွန်းတစ်ခု ဆက်မေးသည်။

“ခုရော မမြနဒီ  ခင်ဗျား အဲဒီဆေးတွေ သောက်ချင်သေးလား”

“ဆေးရုံမှာတုန်းကတော့ ဆရာမတွေက အချိန်တန်ရင် ကျွန်မကို ဆေးရိုးလို အတံလေးတစ်ခု ငုံခိုင်းထားတာပဲ။ အဲဒါလေး ကိုက်ထားရင် ဆေးသောက်ချင်စိတ်ပျောက်နေတယ်။ ပြီးတော့ တစ်ခြားဆေးတွေလည်း တိုက်တယ်၊ ကျွန်မ ကျန်းမာအောင် တဲ့။ ခုတော့ မသောက်ချင်တော့ဘူး။ ဒါပေမဲ့ တခါတလေ အားလုံးကို မေ့နေချင်တဲ့အခါ ကျွန်မ ပြန်သောက်ချင်စိတ် ပေါက်ပေါက်လာတယ်။ ကျွန်မက ဖြစ်ပြီးခဲ့သမျှအားလုံးကို သတိမရချင်ဘူး။ မေ့ထားလိုက်ချင်တာ”    

သူမက စကားများများပြောပြီး မောသွားဟန်နှင့် ခဏနားခိုက် သူမမျက်နှာကို သူ အကဲခတ်ကြည့်နေလိုက်သည်။

ဆေးရုံက ဆင်းသွားကာစထက်တော့ အနည်းငယ် ပြည့်လာသယောင်ထင်ရသော်လည်း အမျိုးသမီး၏ မျက်နှာကျက ပါးလျသွယ်ကျမြဲပင်။ အသားအရည်တို့သည်လည်း သွေးရောင်ပြန်လည် သန်းလာသလိုနှင့် ဖြူဖျော့ရိပ်ထင်ဆဲ။ ခုဆို (၆) လပြည့်တော့မည်။ သည်အမျိုးသမီး ဆေးတွေရော ပုံမှန်သောက်ရဲ့လား သူ သိချင်လာသည်။

“မမြနဒီ ခင်ဗျား ဆေးတွေရော ပုံမှန်သောက်ဖြစ်ရဲ့လား”

လိမ်ညာလိုက်လိုဟန်စွက်သော်လည်း လူမိနေပြီဖြစ်သည်ကိုသိသော မျက်ဝန်းများနှင့် သူမက ခပ်လွန့်လွန့်လေး ပြုံးလိုက်ပြီး သူ့နောက်ကျောကိုကျော်ကာ ဆေးရုံထဲကို ကဲကြည့်လျှက် ဖြေလေသည်။        

“ဟင့်အင်း ကျွန်မ မှန်မှန်မသောက်ဘူး။ တစ်ချို့ဆေးတွေ လွှင့်ပစ်လိုက်တယ် ဟိဟိ၊ ဆရာမတွေကို ပြန်မပြောနဲ့နော်”

သူမက ကလေးဆိုးတစ်ယောက်လို ညစ်ကျယ်ကျယ်နှင့် ဟိကနဲပင် အသံထွက်ရယ်မောလိုက်လေတော့ သူ စိတ်ဓါတ် အကြီးအကျယ်ကျသွားရသည်။   

“ဟာ ဒီလိုတော့ ဘယ်ဖြစ်မလဲဗျာ၊  ခင်ဗျား နေမြန်မြန်ကောင်းလာမှ အလုပ်လေး ဘာလေး ဝင်၊ အပြင်လောကက လူတွေနဲ့ ပတ်ဝန်းကျင်မှာ ခါတိုင်းလို ပုံမှန်လည်ပတ်သွားလာ၊ ဒါမှ ကျွန်တော်လည်း စိတ်ချမ်းသာနိုင်မယ်လေ၊ ခင်ဗျားက ကျွန်တော့်လူနာ မဟုတ်လား။ ခင်ဗျားနေကောင်းလာဖို့ ပုံမှန်ပြန်ဖြစ်လာဖို့ ကျွန်တော့်မှာ တာဝန်ရှိနေတယ်လေ။ ခင်ဗျားအိမ်သားတွေကရော ခင်ဗျားကို ပုံမှန် ဆေးမတိုက်ကြဘူးလား”

သူ့အမေးအဆုံးမှာ သူမမျက်ဝန်းထဲမျက်ရည်ကြည်များ စိမ့်အိုင်စိုစွတ်လာရာ သူပင် ထိတ်ထိတ်ပျာပျာ ပူပန်သွားရသည်။ သေချာပါသည်။  သူမစိတ်တွေ ပုံမှန် မဖြစ်နိုင်သေးပါ။ ပြီးခဲ့တဲ့လက လမ်းကြုံခိုက် သူမအိမ်ဘက်ရောက်၍ အခြေအနေဝင်ကြည့်စဉ် သူမက ပန်းကန်တွေကို နံရံနှင့်ပေါက်ခွဲကာ ဒေါသတကြီးဖြစ်နေချိန်ဖြစ်သည်။ ကျန်အိမ်သားများကို ကြိမ်းမောင်းကာ နင်တို့ ငါ့ကို အစ်မကြီးတစ်ယောက်လို နည်းနည်းကလေးမှ အရိုအသေမရှိကြဘူးပေါ့ ဟုတ်လားဟု ပြောနေသံကို သူ နားနှင့်ဆတ်ဆတ်ကြားခဲ့ရသေးသည်ပဲ။     

ချစ်သူနောက်လိုက်ပြေးရာမှ ချစ်သူလည်းသေ၊ ကိုယ်တိုင်လည်း ဆေးများစွဲသောက်ထားသော ဒဏ်၊ မျက်စေ့ရှေ့မှာပင် ချစ်သူ ပိုးစိုးပက်စက် သေဆုံးသွားသည်ကို မြင်လိုက်ရသော အပူနှင့် ပုံမှန်စိတ်အခြေအနေမှာမရှိသော သူမကို သူမအောက် အငယ်များက အရိုအသေတန်ကြမည်မှာ လွန်စွာ သဘာဝကျပါသည်။ 

“ကျွန်မ အိမ်မှာ မနေချင်ဘူး”

မျက်ရည်များစီးကျကာ ပြောလာတော့ သူ့ရှေ့က တစ်ရှူးဘူးထဲက တစ်ရှူးတစ်ရွက်ထုတ်ကာ သူမကို ကမ်းပေးမိသည်။ သူမက လှမ်းယူကာ မျက်ရည်များကို ပွတ်သုတ်ရင်းက ရုတ်တရက် ပြုံးရယ်လာလေ၏။ 

“မှတ်မိလား၊ ကျွန်မ ပန်းကန်တွေ ပေါက်ခွဲပစ်နေတဲ့နေ့ကလေ၊  ကိုဧရာမိုးမြင့် ကျွန်မကို ဘိုးလင်းပစ်ဖို့ ခေါ်သွားခဲ့တာလေ။  ကျွန်မ ပျော်တယ် သိလား။ ကျွန်မတို့ အခု သွားကြရအောင်လား”

သူမ ထိုနေ့အား ပြန်လည်မှတ်မိသွားတာကို သူကြေနပ်ပါသည်။ သို့သော် ခု သူ့မှာ အချိန်မရှိပါ။ ဖြူနှင့် သူ ဒီညနေ ညစာစားဖို့ ချိန်းထားသည်လေ။

“ခင်ဗျား ပျော်တယ်ဆိုလို့ ကျွန်တော် ဝမ်းသာပါတယ်။ ဒါပေမဲ့ ကျွန်တော်က ဒီနေ့ မအားသေးဘူး။ နောက်တစ်ရက်ရက်ကျ မမြနဒီသွားချင်တဲ့နေရာကို လိုက်ပို့ပေးမယ် ဟုတ်ပြီလား”

“ဟုတ်”

သူမက ကတိရ၍ ကြေနပ်သွားသော ကလေးတစ်ယောက်လို ခေါင်းတညိတ်ညိတ် ရွှင်မြူးလျှက် ပါးစပ်ကလည်း တတွတ်တွတ် ဆက်ပြောနေသေးသည်။

“မုန်းတယ်  နင်တို့ကို မုန်းတယ်။  ဘိုးလင်းပစ်တဲ့ ၆ကေဂျီ ဘောလုံးနဲ့ နင်တို့မျက်နှာကို ကြေမွသွားအောင်ကို ဆော်ရဦးမယ်။ အဟင်းဟင်း ခဏလေးပဲ စောင့်”

သူမစကားအကြားမှာ သူ မနေနိုင်တော့ဘဲ ကလေးတစ်ယောက်လို ရန်လိုနေသူ သူမမျက်နှာကိုကြည့်ရင်း သူမနှင့်အတူ ရယ်မောမိတော့သည်။

သြော်….မမြနဒီရယ်…..

၂)

“နှင်း လာလေ၊ ဒီမှာ ကိုယ်က ဒီဘက်မှာ”

နှင်းက ခုမှ fitting room ထဲက ထွက်လာကာ လည်ပင်းလေးဘယ်ညာဆန့်လျှက် ကျွန်တော့်အား ရှာနေသည်ကို တွေ့ရ၍ လှမ်းပြောလိုက်ခြင်းပင်။

“ဘယ်လိုလဲ နှင်း အဆင်ပြေရဲ့လား”

“အင်း ၃ထည်ဝတ်ကြည့်တာ ဒီ ၁ထည်ပဲ အဆင်ပြေတယ် ကိုရာ၊  လာ ပိုက်ဆံသွားရှင်းကြရအောင်”

 “ဒီတစ်ထည်ပဲ ယူမှာနော် အစ်မ”

“ဟုတ်တယ် ညီမလေး”

“ဟုတ်ကဲ့ ၆သောင်းခွဲကျပါတယ် မမ”

ကောင်တာမှာ ပိုက်ဆံရှင်းတော့မှ  ငွေကိုင်အမျိုးသမီးလေးဟာ မြနဒီဖြစ်နေသည်။ မြနဒီက သူ့ကို ပြုံးပြတော့ နှင်းက သူတို့နှစ်ယောက်ကို ကြည့်နေတာမို့ သူကပင် စတင်မိတ်ဆက်ပေးလိုက် ရလေသည်။

“အော်…မမြနဒီ ဒါက ဒေါက်တာနှင်းဝေဝေတဲ့၊ အေးချမ်းသာ ပရိုက်ဗိတ်ဆေးရုံမှာ လုပ်နေတယ်။ နှင်း သူက မမြနဒီတဲ့ ကိုယ့်ပေးရှင့်ထဲက တစ်ယောက်ပေါ့ကွာ”

ကိုယ့်ပေးရှင့်ထဲက တစ်ယောက်….. ကိုယ့်ပေးရှင့်ထဲက တစ်ယောက်…..

သူမ စိတ်ထဲကနေ လိုက်ရေရွတ်မိတော့ သူမစိတ်နှလုံးတို့ ဆတ်ကနဲ နာကျင်သွားရသည်။ ပေးရှင့် ပေးရှင့်တဲ့လား ကိုဧရာမိုးမြင့်ရယ်…။ နှင်းဆိုသော အမျိုးသမီးက သူမတစ်ကိုယ်လုံးကို ထက်အောက်သိမ်းကျုံးကြည့်လိုက်တော့ သူမကိုယ်ကလေး ကျုံ့ဝင်သိမ်ငယ် သွားသည်ပင် ထင်မိသည်။

ငွေချေပြီးလို့ သူတို့ ထွက်သွားချိန် ငွေရှင်းကောင်တာမှာ တစ်ယောက်တည်းကျန်တော့မှ သူမမျက်ရည်တွေ ပါးပြင်ပေါ် ပေါက်ကနဲစီးကျလာကာ တသိမ့်သိမ့်ငိုရှိုက်လိုက်မိတော့သည်။ သူမဘဝမှာ ခုထိ သူမ တစ်ယောက်ထဲပါပဲလေ။ သူ… သူကတော့ ပင်လယ်ကတော့ သိနိုင်မယ် မထင်ဘူး။ ဟုတ်တယ်နော်၊ ရှင် ဘယ်လိုမှ မသိနိုင်ပါဘူး ပင်လယ်ရယ်…. အတွေးနှင့် လူတစ်ကိုယ်လုံး နုံးခွေကျကာ သူမ ဘယ်လိုမှ ရပ်တည်မရနိုင်တော့။ သို့သော် သူမနှင့် ဂျူတီချိန်းမည့် ကေသီလာတဲ့အထိတော့ သူမ တောင့်ခံထားရဦးမည်ပင်။

၃) 

လမင်းတစ်စင်းရဲ့ ညှို့ငင်ဆွဲအားကြောင့် အရိုင်းဆန်လှိုင်းထခဲ့ရတဲ့ ရှင့်ရင်ခွင်အတွက် အနီးအပါးက ပန်းပွင့်ကလေးတွေ ခရုခွံငယ်ကလေးတွေ အုန်းလက်ကြွေကလေးတွေ သောင်ပြင်စပ်က သဲမွမွကလေးတွေကို အညှိုးတကြီး တိုက်စား ရိုက်ခတ်နေတာတော့ ရှင်.....မတရားဘူး ပင်လယ်….

သူမရင်ထဲမှာ နာကျင်ရေရွတ်နေမိသည်။ သူမနှင့် သူ့အခြေအနေက လူနာနှင့် စိတ်ကုထုံးပေးသူ အဆင့်မှာတင် မဟုတ်တော့။ ချစ်သူတွေလို့လည်း ပြောလို့မရ။ ပုံမှန် တစ်ပတ်တစ်ခါ စကားပြောကုထုံးနှင့် ကုသပေးနေရာက ခုတော့ သူမတို့ စကားတွေ နေ့စဉ်ပြောနေဖြစ်ကြသည်။ 

တကယ်တော့ သူမ ကျန်းမာရေးအခြေအနေက ပုံမှန်ဖြစ်လာခဲ့ပါပြီ။ ပြောင်းလဲသွားသည်မှာ သူမနှလုံးသား။ အဲသည် သူမနှလုံးသားတွေကဖြင့် စိုးအပြင် နောက်ထပ်အချစ်သစ်မွေးဖွား ခဲ့ရပြီပဲ….။ ပင်လယ်ကြောင့်….ရှင့်ကြောင့်ပေါ့ ကိုမိုးမြင့်….၊ ကိုဧရာမိုးမြင့်ကို သူမက ပင်လယ်ဟု ချစ်စနိုးနာမည်ဝှက် ပေးထားခဲ့သည်ကို သူ မသိပါ။ တိုးတိတ်ရှက်ရွံ့စွာ တစ်ယောက်တည်း ပြောရင်းက သူ့မျက်နှာကို ဘေးတိုက်ကြည့်လိုက်မိတော့ သူက ပြန်လှည့်အကြည့်နှင့် မျက်ဝန်းချင်းအဆုံ၌ သူမရင်တို့ လှုပ်ကနဲ ခတ်သည်။

“မြ ကျွန်တော်နဲ့ အပြင်သွားလာနေရတာ ပျော်လားဗျ”

“ဟုတ်”

“ကျန်းမာရေးအခြေအနေရော ကောင်းတယ် ဟုတ်”

“ဟုတ်”

“ဒါနဲ့ ဒီနေ့ ဘာကားကြည့်ချင်လဲ”

“ဟုတ်”

“အာ နောက်ပြီကွာ  အတည် ပြော”

“အင်း ပြောမယ်၊ ကိုမိုးမြင့်ရွေးပေး”

“လုပ်ပြီ၊ အိုကေလေ ဒါဆို ခု ရုံတင်နေတဲ့ ကာတွန်းကား ကြည့်မလား၊ ရယ်ရတယ်လို့ ပြောတာပဲ”

“အင်း ကြည့်မယ်လေ”

သူနှင့်အတူ ရုပ်ရှင်ကြည့်ရင်း ချစ်စရာကာတွန်းလေးတွေထဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရယ်မောမိခဲ့ကြသည်။ သူက သူမလက်ဖဝါးကို သူ့လက်ထဲထည့်ကာ ဆုတ်ကိုင်လို့ထားခဲ့သည်။ သည်အထဲ ရုပ်ရှင်ပြနေဆဲမှာ မီးက ၂ခါတိတိ ပျက်သွားသေးတော့ သူမတို့နှစ်ယောက် အရယ်တွေက မဆုံးနိုင်ကြတော့။ ရုပ်ရှင်ပြီးတော့ သူက သူမကို ရှမ်းခေါက်ဆွဲကြိုက်လားဟု မေးကာ ကိုးသုံးလုံးမှာ ရှမ်းခေါက်ဆွဲ လိုက်ကျွေးခဲ့ပါသေးသည်။

အိမ်ပြန်ရောက်တော့ မိုးချုပ်နေပြီ။ အမေနှင့် မောင်နှမအငယ်တွေက သူမမျက်နှာကို အကဲခတ်ကြလျှက် ဘာမှတော့ မပြော။ အမေကတော့ စားပြီးပြီလား တစ်ချက်သာ မေးဖော်ရသည်။ သူမကတော့ သူမအခန်းထဲ တန်းဝင်လာကာ အဝတ်အစားပင် မလဲနိုင်သေးဘဲ ကုတင်ပေါ် ပက်လက်လှန်၊ ရင်ဘတ်ပေါ် လက်တင်ကာ ခုန်လှုပ်နေသေးဆဲ ရင်ကို အနိုင်နိုင်ထိန်းနေရသည်။ သူ ကိုမိုးမြင့်….၊ ကျွန်မချစ်တဲ့ ပင်လယ်ပေါ့….။ သူ ဒီနေ့ည ကျွန်မပါးကလေးတစ်ဘက်ကို ဖွဖွနမ်းရှိုက်ခဲ့သည်။ 

“ကျွန်တော် မြကို ချစ်တယ်”ဟု မပြောခဲ့သလို “မြ ကျွန်တော့်ကို ချစ်လားဟင်” ဟုလည်း မမေးခဲ့ပါ။ လိုရော လိုအပ်သလား၊ သူမတို့နှစ်ယောက်ကြားမှာ စကားလုံးတွေ မလိုအပ်ဟု သူမက ရိုးရိုးလေးပင် ယုံကြည်ပါသည်။ သူမ ဘာကိုမှ ဆက်မစဉ်းစားနိုင်ဘဲ ပင်လယ်၏ အတွေ့၌ ဆက်လက် စီးမျောနေမိတော့သည်။ သာယာစွာ....။

သို့သော် ခဏကလေးမှ ခဏကလေးရယ်။ သူမ အသိစိတ်တို့ လက်ရှိပြန်ရောက်ချိန်မှာ သူမပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျနေပြီ ဖြစ်လေသည်။ သူမ သိပါသည်။ ကိုမိုးမြင့်၌ တူတူတန်တန် အချစ်များရှိနေသည်။ မိန်းကလေးများနှစ်သက်သဘောကျတတ်သော ရုပ်ရည်၊ ချိုသာသော အပြုံးနှင့် စွေးရီသော အကြည့်တို့ကြောင့် ချစ်သူလည်း များလှသည်။ သို့သော် သူ ချစ်သည်က တစ်ယောက်တည်းပေ။ အကြောင်းကြောင်းကြောင့် သူနှင့် လမ်းခွဲလိုက်ရသော သူ့အချစ်ဦးမိန်းကလေး….။

ခါတရံ တစ်ချို့နေရာလေးများရောက်လျှင် ကိုမိုးမြင့်မျက်ဝန်းအကြည့်တွေက ဆွေးရိပ်သမ်း သွားတတ်သည်လေ။ သွားနေကျ နေရာလေးတွေ…ဆုံနေကျနေရာလေးတွေ….စားနေကျ အစားအသောက်လေးတွေ စသည်ဖြင့် ရေရွတ်ကာ တစ်စုံတစ်ယောက်ကို တမ်းတသယောင် သူ့မျက်ဝန်းများက ပြောကြသည်။ ထိုအချိန်မျိုးမှာ သူမက ကိုမိုးမြင့်ဘေးမှာ မျက်နှာငယ်လေးနှင့် ကြောင်အအရှိနေရသည်။ အားပေးလိုက်ရမှာလား၊  စိတ်ကောက်ပစ်လိုက် ရမှာလား၊  သူမ ဘာလုပ်ရမည်မသိနိုင်ဘဲ ဝမ်းနည်းစိတ်တို့ ဆို့နင့်လာလျှက် ငိုယိုပေါက်ကွဲပစ်လိုက်ဖို့လည်းပဲ သူမ မရဲပါ။  သူမက ဘာမို့လို့လဲ….။ ကိုမိုးမြင့် လက်ရှိမိန်းကလေးလို့ ပြောရအောင်ပင် မဖြစ်နိုင်သော အခြေအနေနှင့် သူမက ကိုယ့်နေရာ ကိုယ်သိရမည်ပဲလေ။ မည်သို့ပင်ဖြေတွေးပါစေ၊ သူမစိတ်ထဲကတော့ ပန်းကန်စုံတွေ တစ်ချပ်ပြီး တစ်ချပ် နံရံထဲ ပစ်ပေါက်ခွဲနေခဲ့မိသော အချိန်များပေ။

သူ့အချစ်ဦးမိန်းကလေးကို ချစ်မက်စွဲလမ်းနေစိတ်နှင့် လက်ရှိမှာ တစ်ခြားမိန်းကလေးများအပေါ် တကယ်မချစ်ဘဲ အပျော်တွဲနေတာမျိုးကတော့ သူ နည်းနည်းကလေးမှ မလုပ်သင့်ပါ။ သို့သော် သူ….ပင်လယ်က စိတ်ထင်သလို ထင်တိုင်းစီးဆင်းလျှက် ပျော်သလို နေနေပုံရလေသည်။ သူ့အနီးအပါးက မိန်းကလေးတွေကို ချစ်သလိုလို မချစ်သလိုလိုနှင့် သူကဖြင့် ဘာမှ မခံစားရဘဲ မိန်းကလေးတွေမှာသာ ရင်ကွဲပက်လက်တွေ ဖြစ်ကျန်ခဲ့ရသည်ကတော့ ဆိုးလွန်းလှသည်ပဲ။

သူမကရော….။ သူမကတော့ ချစ်ရတဲ့ပင်လယ်အနီးမှာ နေခွင့်ရသလောက် အတူနေခွင့်ကိုပင် ရူးသွပ်စွာဆုတ်ကိုင်ထားမိရင်း လာမည့်နေ့များစွာကို အသေခံစောင့်ရမည်ပဲ။

တစ်နေ့နေ့ပေါ့။  တစ်နေ့နေ့မှာပေါ့ ပင်လယ်ရယ် ရှင် ကျွန်မကို ထားခဲ့ပါ။  ရှင့်လမ်းကြောင်းအတိုင်း ဆက်လက် စီးဆင်းပါ။ ကျွန်မ မတ်မတ်ရပ် ကျန်ခဲ့မှာပါ။ ကျွန်မ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားမှာပါ။ ဒါပေမဲ့ ပင်လယ်ရယ်၊ ရင်တစ်ခုလုံးရင်နှီးပြီးချစ်ရတဲ့သူနဲ့ ခွဲခွာဖို့ဆိုတာ ဘယ်လောက်ပဲပြင်ဆင်ထား ပြင်ဆင်ထား၊ ဘယ်တော့မှ အဆင်သင့် ဖြစ်နိုင်မယ် မဟုတ်တာဘဲလေ….။

နှိပ်စက်လွန်းသောအတွေးများထဲ မျက်ရည်များသာ သူမ ပါးပြင်ပေါ် တစ်ပေါက်ပေါက် ကျလာနေခဲ့သည်။ သူမညာဘက်ပါးအပ်ရာ ခေါင်းအုံးလေးတစ်ခြမ်းလည်း စိုရွှဲလို့ နေခဲ့ပြီ။ မိုးလည်း လင်းလုပြီ။ သူမ မှေးကနဲ တစ်ချက် အိပ်ပျော်သွားစဉ် အိပ်မက်ထဲမှာ သူမချစ်သောပင်လယ်က သူမထံ အရှိန်အဟုန်နှင့် စီးဆင်းလို့ လာနေခဲ့သည်။ သူမ မရှောင်မိဘဲ တွေရပ်နေစဉ်မှာပင် ပင်လယ်က သူမအား ဖြတ်သန်းစီးဆင်းလို့ သူမနှင့် ဟိုးအဝေးကြီးကို ခရီးဆက်လို့ သွားခဲ့ပြီ….။

၎)

သူမလက်ထဲက ကြွေရောင်လွလွဖိတ်စာလေးကို လက်နှင့်ထိတို့ကြည့်မိနေရင်းက သူ့အတွက်၊ သူမချစ်သော ပင်လယ်အတွက် သူမ ပျော်အောင် ကြိုးစားနေခဲ့ပါသည်။ ခမ်းမထဲမှာ တစ်ချိန်လုံး တောင့်တောင့်ကလေး အသက်မဲ့ ထိုင်နေစဉ်ကပင် သူမ သေချာခဲ့ရသည်။ သူမဘဝမှာ နောက်ထပ်အချစ်ဆိုတာ ဘယ်လိုမှ မရှိနိုင်တော့။ သူမအချစ်တို့ ပင်လယ်နှင့်အတူ စီးဆင်းလို့ သွားခဲ့ပြီ။


ပင်လယ်ရယ်….။  ကျွန်မ ပြောပါရစေ။ ပင်လယ်နဲ့ မြစ်နဒီဟာ တကယ်တော့ တစ်သားတည်းရယ်။  ကျွန်မတို့ မဝေးကြပါဘူး၊ မဝေးကြပါဘူးလေ၊ 


သူမရဲ့လက်တွေ ရှင့်ခန္ဓာပေါ် ထိတွေ့တဲ့အခါ အဲဒါ ကျွန်မအတွေ့တွေလို့သာ မှတ်ပါ။


သူမရဲ့အနမ်းတွေ ရှင့်ပါးပေါ် ဖွဖွမွှေးကြူတဲ့အခါ အဲဒါ ကျွန်မအနမ်းတွေလို့သာ မှတ်ပါ။


သူမရဲ့ လက်ဖဝါးကလေးတွေ ရှင့်ဆံနွယ်လေးတွေထဲ ထိုးသွင်းကစားနေတဲ့အခါ အဲဒါ ကျွန်မလက်ဖဝါးတွေလို့သာ မှတ်ပါ။


ရှင်နှစ်သက်စွာ စားတတ်တဲ့ ဟင်းလျာတွေ သူမပြင်ဆင်ချက်ပြုတ်ပေးနေချိန်မှာ အဲဒါ ကျွန်မလက်ရာလို့သာ မှတ်ပါ။


အရာရာပါ ပင်လယ်၊ အဲဒီအတွက် ကျွန်မ ကြေနပ်မိမှာပါ။ ကျွန်မ ရှင့်အနားမှာ တစ်ချိန်လုံး ရှိနေမယ်ဆိုတာ ယုံကြည်ပေးပါ။


သူမအတွေးတွေကို ဖာသာသဘောကျစွာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်ရင်း နောက်ဆုံးကျန်နေတဲ့ ပန်းကန်တစ်ချပ်ကို နံရံဆီ အားယူကာ ပစ်ပေါက်ခွဲချလိုက်လေတော့သည်။


                                                                                                                           



ချစ်ခြင်း၏ အစွန်းတရား

$
0
0
 (၁)
“ဒီမှာ ကျွန်မကို တခြားမေးခွန်းတွေ မေးပါ။ ကျွန်မအိမ်ထောင်ဘက်ဟောင်းအကြောင်း၊ ကျွန်မ တစ်နေ့ ထမင်းဘယ်နှစ်နပ်စားကြောင်းတွေထက် ကျွန်မဂီတ၊ ကျွန်မအနုပညာကို ကျွန်မပရိသတ်တွေက ပိုသိချင်ကြမှာပါ”

ဟာ….ဘယ်လိုမိန်းမပါလိမ့်လို့ ကျွန်တော့်စိတ်ထဲ တင်းသွားမိတယ်။ ကျွန်တော်အချိန်ပိုင်းလုပ်နေတဲ့ဖူးနုသစ်မဂ္ဂဇင်းမှာ “အနုပညာရှင်များနှင့် စကားစမြည်”ဆိုတဲ့ ကဏ္ဍအတွက် အင်တာဗျူးရပေါင်း များလှပြီ။ ဒီလိုမိန်းမမျိုး တစ်ခါမှ မတွေ့ဖူးပါဘူး။ မျက်နှာထားကလည်း မာတယ်မဆိုသာပေမဲ့ အရယ်အပြုံးမရှိတဲ့ မိန်းမ။ အေးလေ ဒီမိန်းမ ရှိုးပွဲတွေ ဆိုနေတာတော့ သူ တွေ့မြင်နေမိပါရဲ့။ အေးစက်စက်မျက်နှာပေးကိုက သူမရဲ့ စတိုင်၊ သူမရဲ့အမှတ်အသား။

ဖြူစင်ဝင်းစက်နေတဲ့ အသားအရည်မှာ ထင်းနေတဲ့ မျက်နက်ဝန်းတွေနဲ့ ထူထူပြည့်ပြည့်နှုတ်ခမ်းတွေ၊ ဘဲဥပုံမျက်နှာကျနဲ့ နှာတံစင်းစင်းလေး။ ရှိုးပွဲတွေမှာ တွေ့ရသလို မိတ်ကပ်မပါပေမဲ့ သူမမျက်နှာက ဆွဲဆောင်မှုရှိနေတယ်။ သူမဆံပင် ကောက်ကောက်ပွပွ အရှည်ကြီးကို ငယ်ထိပ်ပေါ်မှာ ဆံထုံးအဝိုင်းကြီး တင်ပြီး ထုံးထားသေးတယ်။ တီရှပ်အဖြူလက်ပြတ်ကို ဂျင်းန်နက်ပြာနဲ့ တွဲဝတ်ထားတာမို့ ကျော့ရှင်းနေတဲ့ ကိုယ်နေဟန်ကို ကျွန်တော် ငေးကနဲ ဖြစ်သွားတုန်း သူမစကားသံကြောင့် အသံဖမ်းစက်ကို သူမရှေ့နား ချက်ချင်းပဲ ကပ်ပေးလိုက်မိတယ်။

“ကျွန်မ ခုလုပ်နေတဲ့ အခွေသစ်မှာ ရော့ခ်တွေချည်းပဲ ၁၀ပုဒ် ထည့်ထားတယ်။ ပန့်ခ်ရော့ခ်အမျိုးအစား ၂ပုဒ်၊ စလိုးရော့ခ် ၂ပုဒ်ပါတယ်။ ကိုယ်ပိုင်သံစဉ် ၄ပုဒ်၊ ကျန်တာတွေက ကော်ပီတွေ။ ဒီနှစ်ကုန် မတိုင်ခင် ပရီစနစ်နဲ့ ဖြန့်မယ်။ ရှင် ဘာသိချင်သေးလဲ”

“ခင်ဗျားက ဂစ်တာလည်း တီးတယ်နော်။ တစ်ချို့ပွဲတွေမှာ ကိုယ်တိုင်ဆိုတီးတာ တွေ့ရတယ်။ အဲဒါလေး နည်းနည်း ပြောပြပါလား။ ဘယ်လိုပုံစံမျိုးကို တီးခတ်ရတာ နှစ်သက်ပါသလဲ”

“ကျွန်မက finger tapping ပုံစံမျိုး၊ ဘေ့စ်ကြိုးကို slap လုပ်ပြီး တီးခတ်ရတဲ့ပုံစံမျိုးတွေ သဘောကျတယ်။ ပလပ်ကင်ကျတော့လည်း သူ့ မူရင်းဖရိန်ကတော့ ရှိတယ်။ ဒါပေမဲ့ ကျွန်မက ရှိနေတဲ့ ဘေ့စစ်ထဲက ဖောက်ထွက်ပြီး တီးရတာကို ကြိုက်တယ်။ ရှင် သတိထားမိမှာပါ။ ကျွန်မ သီချင်းတွေမှာ မြူးဇစ်နဲ့ ပတ်သက်တဲ့ arrangement တွေကို တစ်ပွဲနဲ့ တစ်ပွဲ မတူအောင် ပြန်ပြင်ပြီး တီးလေ့ ဆိုလေ့ရှိတယ်”

“ဟုတ်ကဲ့ သတိထားမိပါတယ် ခင်ဗျ”

“နောက်ဆုံးမေးချင်တာက ခင်ဗျား ဂီတနဲ့ ပြည်သူကို အကျိုးပြုဖို့ ရည်ရွယ်ပါသလားဆိုတာလေး”

“အဲဒီမေးခွန်းက အတော်လေး ကြီးကျယ်တယ်။ ကျွန်မက သိပ်ကြီးကြီးကျယ်ကျယ်တွေ ပြောမနေချင်ဘူး။ သိကြတဲ့အတိုင်းပဲ ဂီတဆိုတာ ဖျော်ဖြေရေးလုပ်ငန်းပဲ။ လူတွေရဲ့စိတ်ကို နူးညံ့စေတဲ့အခါရှိမယ်။ တက်ကြွလန်းဆန်းစေတဲ့အခါ ရှိမယ်။ မျက်ရည်ကျစေတာမျိုးလည်း ရှိမယ်။ အဲ့ဒီခံစားချက်တွေထဲက တစ်ခုမဟုတ် တစ်ခုရသွားပြီး သူတို့တွေအတွက် နောက်ထပ် ခြေလှမ်းအသစ်အသစ်တွေ ဖြစ်ပေါ်စေမယ်၊ လှမ်းဖို့ အင်အားတွေ ရစေမယ်ဆိုရင် ကျွန်မတို့ ဖန်တီးရကျိုး နပ်ပါပြီ။  ပြောရရင်တော့ရှင် အနုပညာရှင်တွေဆိုတာ မဆိုရ မနေနိုင်၊  မတီးရ မနေနိုင်လို့ ဆိုနေတီးနေကြတာက များပါတယ်။ ကျွန်မလည်း ဒီလိုပါပဲ။ အဲ့ဒီအတွက် ထူးပြီး ဘယ်လိုအကျိုးပြုလိုက်မယ်ဆိုတဲ့ စိတ်မျိုးနဲ့တော့ အလုပ်မလုပ်ဘူး။ ကျွန်မ လုပ်ချင်လို့ကို လုပ်တယ်။ စေတနာတော့ ပါတယ်။ ကောင်းစေချင်တယ် ဒါပဲ”

“ဟုတ်ကဲ့ ခုလိုအချိန်ပေးဖြေကြားပေးတာ ကျေးဇူးတင်ပါတယ် မကျော်နှင်းဆီ”

“မလိုပါဘူးရှင်။ ရှင့်အလုပ် ရှင်လုပ်တာပဲ။ ကျွန်မလည်း ကျွန်မအလုပ် ကျွန်မလုပ်တာပဲလေ။ ငြိမ်းခင် ဒီအစ်ကို ပြန်တော့မယ်။ အိမ်ရှေ့နားထိလိုက်သွားပေးလိုက်”

သူမက အိမ်အကူကောင်မလေးကို တစ်လက်စထဲ လှမ်းပြောလိုက်တာမို့ ရေတစ်ခွက်လောက် တောင်းသောက်လိုက်ချင်တဲ့ စိတ်တောင် ပျောက်သွားခဲ့ရတယ်။ အတော် ဂွကျတဲ့ မိန်းမ။ ဆက်ဆံရေးဆိုးလိုက်တာလို့လည်း စိတ်ထဲက ဆက်တွေးလိုက်သေးတယ်။

ကျွန်တော် ဘယ်လိုလုပ် ထင်ထားပါ့မလဲ။  အင်မတန်နူးညံ့တဲ့ ချစ်ခြင်းတရားကို  အဲဒီလို ကျွတ်ဆတ်ဆတ်မာကျောကျောမိန်းမနဲ့ကျွန်တော် အတူတကွ ဆုတ်ကိုင်မိခဲ့ကြမယ် ဆိုတာ…..။

(၂)

“ကို ဖြူ့ကိုကြည့်ပါဦး ကိုရဲ့”

တစ်ဘက်ကို လှည့်အိပ်နေတဲ့ ကို့နောက်ကျောကို သိုင်းဖက်လိုက်ရင်း ကို့ညာလက်မောင်းကို ဖြူ့နှုတ်ခမ်းနဲ့ ကပ်လို့ ဖွဖွလေး ထိလိုက်မိတယ်။ ပြီးရင် အိပ်ယာပေါ် ဒူးလေးထောက်ရပ်လိုက်ရင်း ကိုလှည့်အကြည့်မှာ ဖြူ့ကိုယ်ပေါ်က ညဝတ်အင်္ကျီအသစ်လေးကို မြင်စေမယ်လို့ ဖြူက တွေးထားတာ။ တကယ်တော့ ကိုက လှည့်မလာခဲ့ဘူး။ ဖြူ့လက်တွေကို အသာဖယ်ရင်း ခေါင်းအုံးအောက်ကို လက်ထည့်လို့ ဆက်အိပ်နေတော့တယ်။

“ကို….ခဏလေး ကြည့်ပါဦး ဆိုလို့”

ဖြူ့အသံက လိုအပ်တာထက် ချိုအီနေမှာ ဖြူသိပေမဲ့ မရှက်နိုင်တော့။ ခုတစ်လော ကို အပြင်မှာပဲ အချိန်ကုန်နေတတ်တာ၊  သားတို့ကိုလည်း ခဏတစ်ဖြုတ်ပဲ အချိန်ပေးကာ တစ်ယောက်ထဲ စာကြည့်ခန်းထဲမှာ၊ ကွန်ပြူတာရှေ့မှာ အချိန်ကုန်နေတတ်တော့တာ။ ဖြူ့အပေါ်လည်း အရင်ကလို မနွေးထွေးတော့။ ဖြူ ဘာမှားသလဲ….။  ဖြူ သားတို့အပေါ် တာဝန်ကျေသလို ကို့အပေါ်လည်း ကို လိုသမျှ ဖြည့်ဆည်းပေးနေတာပဲ မဟုတ်လား။

ဖြူ သိပါတယ်။ နင့်နင့်နဲနဲနာကျင်ရလောက်အောင် အဖြေက ဖြူ့ရင်ထဲကို စူးတစ်ချောင်းလို နစ်ဝင်နေခဲ့ပြီးသား။ ကိုဟာ ဖြူ့အပေါ် အေးစက်သမျှ တစ်ခြားတစ်ဖက်မှာ နွေးထွေးခဲ့ပြီပဲလေ။
ဖြူ သိတယ်။ တိတိကျကျကို သိခဲ့ပါတယ်။ တစ်နေ့က ဖြူ ကျော်နှင်းဆီနဲ့ သွားတွေ့ခဲ့သေးတာ။

“မဖြစ်နိုင်ဘူး မဖြူဝင့်သွယ်၊ မောင့်ကိုသာ ပြောပါ၊ မောင့်ပါးစပ်က ကျွန်တော် ကျော်နှင်းဆီကို မုန်းတယ်လို့ ပြောတဲ့တစ်နေ့ ကျော် မောင့်ကို ကျောခိုင်းလိုက်ပါ့မယ်”

ကျော်နှင်းဆီဟာ မိန်းမချင်း နည်းနည်းကလေးမှ ကိုယ်ချင်းမစာတတ်တဲ့ မိန်းမ၊ ဖြူ့မာနတွေ ချပြီး တောင်းပန်ခဲ့တာတောင်။  အဲ့ဒီနေ့ကတော့ ဖြူ့ကမ္ဘာတစ်ခုလုံး ပြိုလဲခဲ့ရတဲ့ နေ့ပေါ့ ကိုရယ်။

“မင်း နားမလည်ဘူး ဖြူ။  ယောကျာ်းတစ်ယောက်ထက် မင်းအလုပ်တာဝန်တွေကို ပိုပြီး ဦးစားပေးနေတဲ့ မိန်းမ၊ ရာထူးတက်ဖို့လောက်ပဲ စိတ်ထဲ ရှိနေတဲ့ မိန်းမ၊ ပင်ပမ်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ယောကျာ်းကို ကျောခိုင်းအိပ်သွားတတ်တဲ့ မိန်းမ၊  အိမ်ပြန်အလာ အေးစက်နေတဲ့ ထမင်းဝိုင်းကို တစ်ယောက်ထဲ စားရတဲ့ ခံစားချက်။ မင်းမေ့နေတဲ့ နွေးထွေးမှုမျိုးကို ကျော့်ဆီက ငါ အပြည့်အဝရတယ် သိလား ဖြူ”

ကို့စကားကို ကြားယောင်မိတိုင်း မြားချွန်အစင်းစင်း ရင်ဝလာစိုက်သလို စူးကနဲ၊ နင့်ကနဲ။ ဖြူ ဘာဆက်လုပ်ရတော့မှာလဲ ကိုရယ်။  ကို နိုးသွားမှာ စိုးစိတ်နဲ့ ဖြူ အသံတိတ် ငိုကြွေးနေမိတယ်။

ကို….ဖြူနဲ့ သားလေးနှစ်ယောက်ဟာ ကို့ကမ္ဘာဆို…..။ ဖြူဟာ မာနကြီးလွန်းသူလေးမို့ ဖြူ့အချစ်ကို ပိုင်ဆိုင်ခွင့်ရတာ ကို ကံကောင်းလှချည်ရဲ့ ဆို….။ ခုတော့ ဖြူ့အနားမှာ နေရတာ အဓိပ္ပါယ်မရှိတော့ဘူး တဲ့လား။ ငါ့ခန္ဓာကိုယ်ကိုသာ မင်းရမယ်၊ ငါ့စိတ်တွေက ကျော့်ဆီမှာ တဲ့လား ကိုရယ်။  ဖြူ ဘယ်လို နှလုံးသားမျိုးနဲ့ ကြားနာလက်ခံရမှာလဲ ကို….။ အချစ်ဆိုတာ ဒီလိုပဲလား….။ ဒီလိုပဲလား ကိုရယ်….။ အချိန်အရွေ့မှာ လိုက်ပါ စီးမျောလို့ လက်သာရာ ရွေ့လျားသွားတတ်တာ ကိုတို့ ယောကျာ်းတွေ အချစ်တဲ့လား။ ဖြူ့ဘဝ ပျက်ပါပြီ၊ ဖြူ့ဘဝ ပျက်ပါပြီ ကိုရယ်…..။

ကိုဟာ တကယ်ပဲ ကျော်နှင်းဆီရဲ့ အချစ်မှာ  ပျော်ဝင်ယုံကြည်နေပြီလားကွယ်။ ဖြူက ကို့အတွက် သားကလေးတွေ မွေးထားပေးတယ်လေ ကိုရဲ့။ သားကလေးတွေကို ကိုသိပ်ချစ်တာပဲဆို။ သားကလေးတွေ မျက်နှာတော့ ပြန်ကြည့်သင့်ပါတယ် ကိုရယ်။ ကို့ဖုန်းစကရင်မှာ သားတို့ပုံလေးတွေ့လို့ ဖြူ ပျော်သွားခဲ့သေးတာ။ မိသားစုပုံ ဖြူနဲ့ ကို့ပုံရော ပြောင်းပါလားဟင်လို့ ဖြူ မပြောရဲခဲ့ဘူး ကို။ ဖြူ့ကို ပြန်ကြည့်လိုက်မဲ့ ကို့မျက်ဝန်းတွေများ စိမ်းပြတ်နေမလား၊ ဖြူ တကယ် မခံစားနိုင်လို့ပါ။

ဖြူ ဘာဆက်လုပ်ရမလဲ။  ဖြူ တကယ်ပဲ ရူးပါပြီ ကိုရယ်။ သားကလေးတွေရယ် ဖြူရယ် ကိုရယ် မိသားစုဘဝလေးတစ်ခု စိတ်ချလက်ချ ပိုင်ဆိုင်ပြီဆိုတဲ့ အသိတစ်ခု၊  ကိုက ဖြူ့ကို သိပ်ချစ်တာဆိုတဲ့ စိတ်ချလက်ချရှိမှုရယ်ဟာ ယောကျာ်းတစ်ယောက်ကို တစ်သက်လုံးစာ ချည်နှောင်မထားနိုင်ဘူးတဲ့လား။

ဖြူ နောက်ကျမှ သိလေခြင်းကွယ်…..။

(၃)

“ပြန်တော့မှာလား၊  ခဏလေး နေပါဦးလား မောင်ရယ်”

“မောင်နေချင်တာပေါ့ ကျော်ရယ်။ ဒီနေ့က သားလေးမွေးနေ့မို့ မိသားစုတွေ ညစာထွက်စားကြမှာမို့ မောင် အိမ်စောစောပြန်ရမယ် ကျော်”

သားလေးမွေးနေ့၊  မိသားစုတွေ….။ အိမ်စောစောပြန်ရမယ်….

မောင့်စကားလုံးတွေက ကျွန်မကို အထပ်ထပ်ရစ်ပတ်လို့ အသက်ရှူမဝတော့သူက ကျွန်မရယ်ပါ မောင်။

“ကျော် မင်း ဒီဆရာဝန်ကြီးနဲ့ ထပ်ပြပြီးလို့မှ ကလေးမရနိုင်တော့ဘူးဆိုရင်တော့ ကိုကို့ကို ကွာရှင်းပေးပါ။ ကျော်သိတဲ့အတိုင်း မေမေက မြေးသိပ်လိုချင်တယ်။ ကိုကိုတို့မှ ကလေးမရရင် မျိုးဆက်က ပြတ်ပြီ။ ကျော် ကြိုးစားပါကွာ နော်”

ကျော့်ခင်ပွန်းဟောင်း ကိုကိုပြောခဲ့တဲ့စကားတွေ။ ကျော့်တစ်သက် ဘယ်တော့မှ မမေ့တော့မဲ့ စကားတွေ။ မိန်းမတစ်ယောက်ရဲ့ ဘဝမှာ မိန်းမဖြစ်ခွင့် အပြည့်အဝမရတဲ့ ဆုံးရှုံးမှုလောက် ဘယ်ဟာကများ ပိုနာကျင်စေဦးမှာလဲကွယ်။ ကျော်ဟာ အဖြစ်မရှိတဲ့ မိန်းမ၊ ကိုကို့အတွက် သားသမီး မွေးမပေးနိုင်တဲ့ မိန်းမ တဲ့။ နာကျင်လိုက်တာ….။

မျက်ရည်တွေ အစိုစိုအလူးလူးနဲ့ ကျော်ဟာ ကိုကို့ရင်ခွင်ကို ကျောခိုင်းပြီး ဒဏ်ရာတွေကို ဝါသနာနဲ့အစားထိုးလို့ ဂီတထဲ နှစ်မြှုတ်ထားခဲ့လိုက်တော့တယ်။ 

ဘယ်သူမေးမေး ကျော့်ဘဝ၊ ကျော့်အကြောင်း၊ ကျော့်ရဲ့ အိမ်ထောင်ရေးကျရှုံးမှုတွေကို ကျော် မဖြေတတ်၊ မဖြေချင်ခဲ့တော့တာ၊ ကျော် လူတွေကို ပြုံးမပြတတ်တော့တာ ကျော် မာနကြီးလို့ မဟုတ်၊  ရင်နာရလွန်းလို့ပါလေ။
မောင်ကရော…..

မောင်ကရော ဟင်….။  သားသမီးရယ်လို့ မပေးနိုင်တော့မယ့် ကျွန်မအဖြစ်ကို သိရင် မောင် ကျွန်မကို ကျောခိုင်းဦးမှာလား ဟင်  မောင်။ ပျက်ယွင်းနေတဲ့ မျက်နှာကို အတတ်နိုင်ဆုံး ထိန်းရင်း မောင့်ပါးကို တစ်ချက်မွှေးလို့ အိမ်တံခါးဝထိ မောင့်ကို လိုက်ပို့ပေးမိတယ်။ မောင်က ကျွန်မပါးကို ဖျစ်ညှစ်ရင်း နှုတ်ဆက်ထွက်ခွာတာ။ မောင့်ကျောပြင်ကို မမြင်ရတော့မှ ကျွန်မရင်အပူတွေကို သွန်ချလိုက်မိတော့တယ်။

 ပါးပေါ်က မျက်ရည်ပူတွေ….။  မောင် မသိနိုင်ပါဘူး။  ကျွန်မရင်ထဲက ပူပြင်းလောင်မြိုက်မှုတွေ…..။

မနက်လင်းတဲ့အခါ မောင့်ပါးကို သူမအနမ်းနွေးနွေးတွေနဲ့ နှိုးခွင့်၊ ရေချိုးပြီးကာစ စိုနေတဲ့ မောင့်ဆံနွယ်တွေကို ခြောက်သွေ့စေနိုင်ခွင့်၊ မောင်ဝတ်ဆင်ဖို့ အဝတ်တွေကို အသင့်ထုတ်ပေးထားခွင့်၊  မောင့်အတွက်မနက်စာကို ပြင်ဆင်ပေးခွင့်.။ သူမလက်နဲ့ ထိစပ်သမျှ မောင့်အတွက်သာဖြစ်စေတဲ့ အခွင့်။ ကျွန်မစိတ်တွေ မောင့်အပေါ်တည်လာတိုင်း သူမကိုယ်ကို ဝင်စားလို့ မောင့်ကို ထိတွေ့ကြည့်နေမိတာ။ သူမဆီက အဲဒီအခွင့်တွေကို ကျွန်မ လုယူပိုင်ဆိုင်နေမိတာ။ အဲဒီအခိုက်အတန့်မှာ မောင်နဲ့ကျွန်မအကြား သူမက ကြားခံတစ်ခုမျှ။ အဲသလို ဖန်တီးကြေနပ်ယူနေရတဲ့ ကျွန်မအဖြစ်....။ မောင် မသိနိုင်ပါဘူးလေ

အကြိမ်ကြိမ်ပါ မောင်၊  မောင့်မိသားစုကို မြင်မိတိုင်း မောင့်အနားက ထွက်ခွာဖို့ ကျွန်မ အတွေးတွေဟာ လူကို ရူးစေမတတ်ပါပဲ။ ဘုရားရှိခိုးတဲ့အခါ ငါးပါးသီလကို ရွတ်ဆိုတိုင်း တစ်ပါးသောသီလကို ဆိုဖို့ နှုတ်ရွံ့နေခဲ့မိတာရယ်။ ဒါပေမဲ့ မောင့်အနားက ပြေးထွက်ဖို့ ခြေလှမ်းတွေကို အကြိမ်ကြိမ် နောက်ပြန်ဆုတ်မိရင်း ကျွန်မ သွေးကြောင်နေခဲ့မိတာ....။ ဟင့်အင်း ကျွန်မ မောင်နဲ့မှ ဝေးမနေနိုင်တာဘဲကွယ်။

ကျွန်မက နိုင်ငံသိအနုပညာရှင်။ အောင်မြင်ကျော်ကြားနေတဲ့ အမျိုးသမီးအဆိုရှင်။ ဘဝမှာ လိုတရ ပြီးပြည့်စုံသူလို့ အများအမြင်လှသူ။

အဲဒီလိုမိန်းမက....အဲ့ဒီလိုမိန်းမကလေ...။ အောင်မြင်တဲ့ မိသားစုရယ်လို့ မဖန်တီးနိုင်ခဲ့တဲ့အပြင် သူတစ်ပါးမိသားစုထဲကို တတိယလူအဖြစ် ဝင်ရောက်ဖို့၊ သူမလက်ထဲက မောင့်ကို လုယူဖို့၊ သားတွေလက်ထဲက သားတို့ဖေဖေကို ဆွဲထုတ်ပစ်ဖို့ ကြိုးစားနေတဲ့မိန်းမ ဖြစ်နေသေးသတဲ့။ ဘယ်လောက်များ ဆိုးဝါးလိုက်ပါလိမ့်ကွယ်။
အိပ်ယာဘေးက ဂစ်တာကို ဆွဲယူလို့ သီချင်းတစ်ပုဒ်ကို ခပ်ကြမ်းကြမ်းတီးခတ်လိုက်မိတယ်။

   ရိုစီ မင်းကို ယူဆောင်လာသူ လောကထဲ နာမည်လွယ်လွယ် ပျံ့နှံ့နေ  မင်းရဲ့ဆူးကို ဂန္ထဝင်ဆန်ဆန်ဖွဲ့သူတွေ နားမျက်စေ့တွေ ကန်းသွားပြီပဲ

အသုံးမကျတဲ့ နှင်းဆီ…..

(၄)
“ကိုဇင်မင်းထွဋ် ခင်ဗျား တင်ဒါလျှောက်လွှာမှာ ပရိုပိုဇယ်ဖြည့်ထားတာတွေ မှားနေတယ်”

“ဗျာ ဟုတ်ကဲ့ ကျွန်တော် ပြန်ကြည့်လိုက်ပါ့မယ်”

“ဂရုစိုက်ပါဗျာ၊ ပရောဂျက်တစ်ခုကို သန်းချီပြီး လုပ်ရတာမို့ အမှားအယွင်းမရှိစေချင်ဘူး”

“ဟုတ်ကဲ့ ကျွန်တော် မနက်ဖြန် ရုံးရောက်တာနဲ့ ချက်ချင်း ပြင်လိုက်ပါ့မယ်။ တင်ဒါပိတ်ရက်က လိုပါသေးတယ်နော်”

“မီတော့ မီပါသေးတယ်။ ဒါပေမဲ့ လာမယ့်အစည်းအဝေးမှာ တင်ပြရဦးမှာမို့ ဖြစ်နိုင်ရင် မနက်ဖြန်တော့ ပြီးစေချင်တယ်”

“ဟုတ်ကဲ့ မနက်ဖြန်တော့ ပြီးပါတယ်။ ခုက ကျွန်တော် သားတွေကို ကစားကွင်းပို့ပေးရမှာ မို့ပါ”

စိတ်တွေ ထွေပြားနေတာမို့ ခုတစ်လော အလုပ်ထဲမလည်း အမှားမှားအယွင်းယွင်း။ ညာလိုက်ရပေမဲ့ လိပ်ပြာမလုံချင်။ တကယ်တော့ ကျော့်ကို ရွှေတိဂုံဘုရားလိုက်ပို့ဖို့ ချိန်းထားတာမို့ပါ။ ပစ္စည်းတွေ ကောက်သိမ်း၊ ကွန်ပြူတာ ပိတ်ပြီး အမြန်ထွက်လာတာတောင် ကားပေါ်ရောက်တော့ ညနေ ၆နာရီခွဲတော့မယ်။ ကျော်တော့ စောင့်နေတော့မှာပဲ။

ဘုရားရင်ပြင်တော်ပေါ်ရောက်တော့ ထင်တဲ့အတိုင်း ကျော်က ရောက်နှင့်နေပြီ။ ရင်ဖုံးအနက်လက်ပြတ်လေးကို ချည်ချိတ်အနက်ပေါ်မှာ အဖြူဆင်လေးနှင့်တွဲဝတ်ကာ ကျော်က ရိုးရှင်းလှပလို့။ ဘုရားပန်းနှစ်စည်းကို ကျော်က သူ့လက်ထဲ ထည့်ပေးတာမို့ အလိုက်သင့်ယူလိုက်ရင်း ဘုရားကို လက်ယာရစ် ပတ်ပြီး ပူဇော်ကြရအောင်နော်ဆိုတဲ့ ကျော့်ကို ခေါင်းညိတ်ပြလိုက်တယ်။

အရင်ဆုံး ကျော့်မွေးနံထောင့် တင်္နလာမှာ ကန်တော့ကြတယ်။ ကျွန်တော့်လက်ထဲက ဘုရားပန်းတစ်စည်းကို ကျော့်အတွက် ပန်းအိုးမှာ သွားထိုးပေးလိုက်ပြီး ဝယ်လာတဲ့ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းညှိကြတယ်။ ပြီးမှ ကျွန်တော့်မွေးနံ အင်္ဂါထောင့်မှာ ဘုရားရှိခိုးကြတယ်။ ကျော်က ကင်မရာအသေးလေးနဲ့ ကျွန်တော့်ပုံတွေ သုံး-လေးပုံ ရိုက်ပေးသေးတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်တို့နောက်နားဆီက အသံတစ်သံ ကြားလိုက်ရတာ။

"ဖွားဖွား ဖေဖေကြီး အရက်မသောက်ပါစေနဲ့ဘုရားလို့ ဆုတောင်းလို့ ရလား ဟင်"

ကြားလိုက်ရတာ ရင်ထဲ နင့်ကနဲ။ ကျွန်တော်နဲ့ ကျော် နှစ်ယောက်သား အကြည့်ချင်းဆုံပြီး အသံလာရာကို ပြိုင်တူ လှည့်ကြည့်လိုက်မိကြတယ်။ မြေးအဖွားနှစ်ယောက်၊  မြေးကလေးက ဆယ်နှစ်လောက် ရှိမယ်ထင်ရတဲ့ ကောင်ကလေး၊ ပါးမှာ သနပ်ခါးပါးကွက်ထူကြီး လူးလို့။ အဖွားကြီးကတော့ အသက် ခုနှစ်ဆယ်လောက် ရှိမယ် ထင်ရတယ်။

"ရတာပေါ့ မြေးရယ်။ ဆုတောင်းနော်"

"သားလေ ဖေဖေကြီး အရက်သောက်ရင် သိပ်မုန်းတာပဲ။ အရက်မသောက်တဲ့ ဖေဖေလိုချင်တယ်"

"ငါ့မြေးရယ် ကိုယ့်အဖေကို ဒီလိုမပြောရဘူး။ အရက်သောက်တတ်ပေမဲ့ သားဖေဖေက မဆိုးပါဘူးသားရဲ့။ သားတို့ကို ချစ်တယ်။ သားမေမေကိုလည်း ချစ်တယ် မဟုတ်လား။ အဖေဆိုတဲ့ အရိပ်အောက်မှာ နေရတာကိုက ငါ့မြေး ကုသိုလ်ကောင်းနေပြီ။ အဖေမရှိတဲ့ ကလေးတွေဆို ဘယ်လောက် မျက်နှာငယ်ရတယ် မှတ်လဲ ဟင်။ အိမ်ပြန်ရောက်ရင် ဖေဖေ့ကို ရှိခိုးပြီးမှ အိပ်နော်"

ပြောရင်းက အဝေးရောက်သွားတဲ့ မြေးအဖွားနှစ်ယောက်ကို ကြည့်ရင်း ကျော့်မျက်နှာကို ကြည့်လိုက်တော့ မျက်လုံးတွေ နီရဲစိုစွတ်နေတာကို တွေ့ရတယ်။ ခံစားလိုက်ရတာ ရင်ထဲတစ်မျိုးကြီး။  ကျော်လည်း ကျွန်တော့်လိုပဲ စိတ်ထိခိုက်ရှာတယ် ထင်ပါရဲ့။ အပြန်လမ်းမှာ ကျွန်တော်ရော ကျော်ပါ မျက်နှာမကောင်းကြဘူး။  

အဖေဆိုတာ သားသမီးတွေအတွက် အရိပ်အာဝါသတဲ့….။ ကျွန်တော် မသိလို့မှ မဟုတ်ဘဲလေ….။

(၅)
မောင်….
အဖေဆိုတာ သားသမီးတွေအတွက် အရိပ်အာဝါသတဲ့….။ ကျွန်မ မသိလို့မှ မဟုတ်ဘဲမောင်ရယ်….။ 

ကျွန်မ ဘာဆက်လုပ်ရမလဲ ဟင်။  ခု လက်ရှိမှာ မိသားစုဘဝကို မဖန်တီးနိုင်တဲ့ ကျွန်မကလေ….။ တစ်ပါးသူမိသားစုကို ပြိုကွဲစေဖို့ ကြံနေသတဲ့။ အို….ကျွန်မ ဆက်မတွေးရဲတော့ဘူး မောင်။ သံသရာကို ကျွန်မ ကြောက်တယ်။ ဝဋ်မှာအမြဲတဲ့ မောင်ရဲ့။

ကွန်ပြူတာကို ဖွင့်လို့ မောင့်ဆီကို စာတစ်စောင် ရေးဖို့ ဆုံးဖြတ်လိုက်တယ်။ မောင် နားလည် လက်ခံနိုင်မယ်ထင်ပါရဲ့။ ကျွန်မမှာ ရှေ့ဆက်ဖို့ သတ္တိတွေ၊ အင်အားတွေ မရှိတော့ဘူး မောင်ရယ်။ ကျွန်မနဲ့ မောင့်အကြားက ချစ်လက်စတွေကို ပြတ်စဲကြပါစို့ရဲ့ မောင်ရာ။

စကတည်းက မောင်နဲ့ ကျွန်မဟာ အပြစ်သင့်တဲ့ချစ်ခြင်းတွေနဲ့ အစွန်းနှစ်ဘက်ကို ညှိယူချစ်ခဲ့ကြရတာ။ မောင်က မိသားစု ဘဝတစ်ခု၊ ကျွန်မက တစ်ကိုယ်ထဲ ဘဝတစ်ခု။ တစ်ဘက်စွန်းဆီက ဘဝနှစ်ခုကို မရှောင်နိုင်၊ မရုန်းနိုင်တဲ့ ချစ်ခြင်းတွေက ညှို့ယူချည်နှောင်လို့ တွဲထားလိုက်တော့တာ။ 
ဟုတ်တယ် မောင်။ ကျွန်မတို့ရဲ့ ချစ်ခြင်းအစွန်းတရားတွေပေါင်းစည်းမှုဟာ မောင့်အပေါ် ထားတဲ့ ကျွန်မရဲ့ချစ်ခြင်း၊ ကျွန်မအပေါ်ရှိတဲ့ မောင့်ရဲ့ ချစ်ခြင်း အဲဒီနှစ်စရဲ့ ဝေးကွာမှုကို နီးနီးကလေး တွဲသီချုပ်စပ်ပေးခဲ့တာ။

အဲဒီနှောင်ထုံးကို ကျွန်မကပဲ စပြီး ဖြည်ချလိုက်ပါရစေတော့ မောင်….။

မောင့်ရဲ့ စစ်မှန်သော ကျော်နှင်းဆီလို့ လက်မှတ်ထိုးအပြီးမှာတော့ send ဆိုတဲ့ နေရာကလေးကို မျက်စေ့စုံမှိတ်လို့ ကလစ်လိုက်မိတော့တယ်။ 

မောင် သိလားဟင်၊ တကယ်တော့ မောင်နဲ့ ဝေးကြဖို့ဆိုတာ ကျွန်မအတွက်တော့ သေမိန့်ပါပဲ။ အဲဒီသေမိန့်ကို ကိုယ်တိုင်စီရင်ချက်ချသူအဖြစ် ကလစ်လေးတစ်ချက်မှာ ကျွန်မနှလုံးသားတွေ ဘယ်လောက်တောင် ဆတ်ဆတ်ခါသွားခဲ့ရတယ်ဆိုတာ.....။

မောင်…သိပါစေ….။
အစွန်းနှစ်ဘက်က ချစ်ခြင်းတွေ နှောင်ထုံးဖြည်ချအပြီးမှာ မောင့်အပေါ် ချစ်ခဲ့ဖူးတဲ့အချစ်တွေရဲ့ ပူလောင်မှုအစား အေးမြမှုတွေနဲ့ အစားထိုးဖို့ ကျွန်မ ကြိုးစားရတော့မှာပါ။ အဲဒါကတော့ မေတ္တာပဲမောင်။ ချစ်ခြင်းနဲ့မေတ္တာဟာလည်း တကယ်တော့ အပူနဲ့အအေး အစွန်းနှစ်ဘက်ပဲ မဟုတ်လား။ မလွယ်ပေမဲ့ ကျွန်မ ကြိုးစားပါ့မယ်။

 မောင် အစစအရာရာ အဆင်ပြေပါစေ၊ ကျွန်မနဲ့ ဝေးရာ တစ်ဘက်စွန်းမှာ မောင့်မိသားစုနဲ့အတူ မောင် စိတ်ရောကိုယ်ပါ ချမ်းသာပါစေရယ်လို့….



ဒေါက်ဖိနပ်စီးခြင်း အနုပညာ (သို့) အမြင့်၌ တည်အောင်နေခြင်း

$
0
0


အမျိုးသမီးအတော်များများ ဒေါက်ဖိနပ်စီးဖူးကြပါလိမ့်မည်။ ဒေါက်မြင့်ဖိနပ်မကြိုက်၍ ဖိနပ်အပါးစီးသူများမှ လွဲပြီး ကျန်အမျိုးသမီးများအားလုံးပင် တစ်လက်မ၊  နှစ်လက်မမှသည် ခြောက်လက်မခန့်ထိမြင့်သော ဒေါက်မြင့်ဖိနပ်များကို စီးဖူးကြလိမ့်မည်။ သာမန်အမျိုးသမီးများအတွက်မူ တစ်လက်မမှ လေးလက်မမြင့်သော ဒေါက်မြင့်ဖိနပ်များကို အစီးများကာ မော်ဒယ်များ၊ အလှမယ်များ၊ စင်ပေါ်တက် လူလုံးထွက်အလှပြသည့်အလုပ်ကို လုပ်ကြရသော အမျိုးသမီးများမှာမူ လေးလက်မနှင့်အထက် ငါးလက်မ၊ ခြောက်လက်မစသည့် မြင့်လွန်းသောဒေါက်ဖိနပ်များကို ဟန်ချက်ညီညီစီးကျင့်ရှိအောင် ကျင့်လျှက် မဖြစ်မနေစီးကြရသည်သာ။ ဒေါက်မြင့်ဖိနပ်မှ ပေးသော အနာတရများကိုလည်း မခုံမင်သည့်တိုင် ရွေးချယ်စရာမရှိသည့်အလျှောက် အနာခံကာ စီးကြရမြဲပင်ဖြစ်သည်။

ထိုအခါ ဒေါက်မြင့်ဖိနပ်များနှင့် ပတ်သက်သည့် အမျိုးသမီးတို့၏ ခံယူစိတ်ထားများမှာ စိတ်ဝင်စားဖွယ်ရာဖြစ်လာတော့သည်။ အသက်မွေးဝမ်းကြောင်းအတွက် မဖြစ်မနေစီးရသော အမျိုးသမီးများမှ လွဲ၍ ကျန်အမျိုးသမီးများကို လက်လှမ်းမီသလောက် ကျွန်မ မေးမြန်းကြည့်မိပါသည်။

“ဒေါက်မြင့်ဖိနပ်စီးရမှ လူက ပိုပြီး ကိုယ်နေဟန်ကျော့ရှင်းသလို ခံစားရတယ်”

“ဒေါက်မြင့်ဖိနပ်စီးမှ လမ်းလျှောက်ရတာ ကြွကြွရွရွလေးရှိတယ်လို့ ခံစားရတယ်။ ဖိနပ်အပါးစီးရင် လူက နောက်ပြန်လန်ကျတော့မလိုလို ခြေလှမ်းတွေက နောက်ပြန်ဆွဲနေသလိုမျိုး”

“ဒေါက်မြင့်ဖိနပ်စီးမှ ရင်လေးချီ၊ တင်လေးစွင့်ပြီး လမ်းလျှောက်ရတာ ယုံကြည်မှု ပိုရစေတယ်။ ကိုယ့်ကိုယ်ကိုလည်း ပိုလှတယ်လို့ ခံစားမိစေတယ်”

“အရပ်ပုသူမို့ ဒေါက်မြင့်ဖိနပ်စီးမှပဲ ကိုယ်လုံးလေးက သွယ်လျသွားသလိုလိုမို့ အမြဲစီးလေ့ရှိတယ်”

“အရပ်မြင့်ပေမဲ့ ဒေါက်မြင့်ဖိနပ်စီးလိုက်မှ တစ်ခြားသူတွေထက် ခေါင်းတစ်လုံး ပိုမြင့်သွားသလိုခံစားရတယ်။ လူတွေကို အပေါ်စီးက မြင်ရတာ သဘောကျတယ်”

အမျိုးသမီးများမှာ သည်လို သဘောထားအမျိုးမျိုးနှင့် ဒေါက်မြင့်ဖိနပ်များကို တစွဲတလမ်းစီးလေ့ရှိကြသည်။

အချစ်နှင့် ဒေါက်မြင့်ဖိနပ်

ဒေါက်မြင့်ဖိနပ်များစီးခြင်းကြောင့် ဟန်ချက်လွဲ၍ ခြေချော်လဲလျှင်တောင် ခြေထောက်နာတုန်းခဏ မစီးနိုင်ခင်သာ ပစ်ထားလိုက်မည်၊ ခြေနာပျောက်ပါက ပြန်လည် စီးမြဲစီးကြမည်။ ကျွန်မသည် ဒေါက်မြင့်ဖိနပ်ကြောင့် ခြေဆစ်လွဲ၍ အနာကြီးနာကာ လမ်းမလျှောက်နိုင်ဖြစ်ခဲ့ဖူးသော်လည်း ခြေနာပျောက်သည်နှင့် စိတ်မနာနိုင်ဘဲ ဒေါက်မြင့်ဖိနပ်လေးကို တယုတယပြန်လည်စီးမိသည်သာ။ ဤသည်မှာ တစ်ကြိမ်တစ်ခါမျှလည်း မကပါပေ။

သည်တော့ကျွန်မအတွက် ဒေါက်မြင့်ဖိနပ်သည် ချစ်ရလွန်းသူနှင့် တူလှသည်။ ပမာနှိုင်းပြရလျှင် ချစ်သူက မည်မျှပင် စိတ်နာအောင် ဆိုးလွန်းသည်ဖြစ်စေ၊  စိတ်နာစဉ်ခဏသာ မုန်းသလိုလိုဖြစ်မိသော်လည်း စိတ်ပြေသည်နှင့် အချစ်တို့ ခေါင်းထောင်ထကာ ချစ်သူအပေါ် အရင်လို ချစ်မြဲတည်း။

လက်တွေ့ဘဝနှင့် ဒေါက်မြင့်ဖိနပ်

လက်တွေ့ဘဝ၌ အောင်မြင်နေသူများအား ဒေါက်မြင့်ဖိနပ်ကို ပိုင်နိုင်ကျွမ်းကျင်စွာ စီးနင်းကာ အများသူထက် ခေါင်းတစ်လုံးအမြင့်ရောက်နေသူများနှင့် တူသည်ဟု ဆိုချင်ပါသေးသည်။
ဒေါက်မြင့်ဖိနပ်များတွင် ဒေါက်ချိုးထားပုံများကို သေချာလေ့လာကြည့်လျင် မြင့်ရင်ပြီးရောဟူ၍ အမြင့်ချိုးထားခြင်း မဟုတ်ဘဲ ဒေါက်ပုံသဏ္ဍာန်အနေအထားများ တစ်ရံနှင့် တစ်ရံ ကွဲပြားနေကြသည်ကို တွေ့ရမည်။ တစ်ချို့မှာ ပန်စယ်လ်ဟီးလ်ဟု ခေါ်သော ခဲတံချွန်ပုံ အမြင့်ဖြစ်သည်။ စီးရခက်သည်။ ခြေထောက်ကို ဖနောင့်ပေါ်တွင် အားမထည့်ဘဲ ခြေဖမိုးပေါ်အားပြုစီးရသော အမျိုးအစားမို့ (ခြေဖျားထောက်ထားရသလို) စီးရတာ ပင်ပမ်းသော ဒေါက်မျိုးဖြစ်သည်။ သို့သော် အမြင်လှသည်။ ဆွဲဆောင်မှုရှိသည်၊ ချွန်မြသော ဒေါက်ကလေးပေါ်တွင် တစ်ကိုယ်လုံး၏ ဟန်ချက်ကို တည်ကာ လှလှပပကလေး စီးရသော ပွဲတက်အမျိုးအစား ဖိနပ်မျိုးဖြစ်သည်။ စွန့်စားလိုသော ဘဝဖြတ်သန်းမှုပိုင်ရှင်များနှင့် တူသည်။ Do or Die သေသေရှင်ရှင် စွန့်လုပ်ရသော အနေအထားရှိသည်ဆိုကာမူ ရှင်လျှင် ရွှေထီးဆိုသလိုပါပေ။

နောက်တစ်မျိုးမှာ ပလက်ဖောင်းဟီးလ်ဟု ခေါ်သော ခုံအထူစား ဒေါက်ပုံစံအတုံးလိုက်ကြီး ဖြစ်သည်။ လဲကျခဲသည်။ ပို၍ မြဲမြံသည်။ ခြေဖမိုးထက် ခြေဖနောင့်ပေါ်အားပြုကာ စိတ်ချလက်ချစီးနိုင်သော ဖိနပ်မျိုး။ ထိုအမျိုးအစားမှာ စွန့်စားရခြင်းနည်း၍ အမြတ်ပြန်အရလည်း နည်းသော၊ ဖြည်းဖြည်းသာသာ အေးအေးချမ်းချမ်းနှင့် ပုံမှန်လည်ပတ်မှုကိုသာ လိုလားသော၊  စိမ်ခေါ်မှုကို မလိုလားသော ဘဝပိုင်ရှင်များနှင့် တူလေသည်။

ဒေါက်မြင့်ဖိနပ်နှင့် လက်တွေ့ဘဝထဲက အနိမ့်အမြင့်ရွေးချယ်မှု

ဒေါက်အနိမ့်အမြင့်ပေါ် မူတည်၍ တစ်ပါးသူများအား အပေါ်မှ စီးမိုးမြင်ရမည့် မြင်ကွင်းချင်းလည်း ကွာခြားပေမည်။
သေချာသည်ကတော့ မြင့်မြင့်စီးလျှင် လူပင်ပမ်းပြီး နိမ့်နိမ့်စီးလျှင် လူသက်သာမည်။ ပို၍မြင့်မြင့်စီးနိုင်လေ၊  ခေါင်းတစ်လုံးစာမက ပို၍အပေါ်စီးမှ မြင်နိုင်လေ။ လက်တွေ့ဘဝတွင်လည်း ထို့အတူပင် စိမ်ခေါ်မှု၊ စိတ်ဖိအား၊ စွန့်စားမှု များများလက်ခံယူနိုင်လေလေ အမြင့်သို့ရောက်ရန် သူတစ်ပါးထက် အခွင့်အလန်းပိုလေလေ၊ ပို၍နာကျင်လေလေ ဖြစ်မည်။  

ဒေါက်မြင့်ဖိနပ်နှင့် တစ်နေ့လုံး သွားလာလှုပ်ရှားခဲ့သမျှ အိမ်ပြန်ရောက်မှ တောင့်တင်းနာကျင်နေသော ခြေသလုံး ကြွက်သားကို ရေနွေးစိမ်၍ နှိပ်နယ်ခြင်း၊ အနှိပ်ဆီတစ်မျိုးမျိုးလူးပြီး နှိပ်နယ်ပေးခြင်း စသည်များ ပြုလုပ်ပေးကာ ခြေထောက် အညောင်းအညာ ပြေစေရသည်။ သို့မှသာ  နောက်တစ်နေ့မှာ နောက်ထပ်တစ်ကြိမ် စီးရန် အဆင်သင့်ဖြစ်နေမည်။ 

လက်တွေ့ဘဝတွင်လည်း ထို့အတူပေ၊ အမြင့်မှာနေလို၍ သူတစ်ကာထက် မြင့်မြင့်မြင်နိုင်ပြီဆိုလျှင် ထိုအမြင့်တွင် မြဲရန် အားထုတ်မှု လိုပေသေးသည်။ သည်တစ်ကြိမ်အောင်မြင်ပြီးသော်လည်း ရပ်တန့်မနေဘဲ နောက်တစ်ကြိမ်အောင်မြင်မှုအတွက် အားဖြည့်ရမည်။ မိမိလုပ်ဆောင်မှုအပေါ် ပြန်လည်ကြည့်မြင်သုံးသပ်မှုများ အမြဲတစေရှိနေရန်လိုအပ်ပြီး ပိုမို တိုးတက်အောင်မြင်ရေးအတွက် အခါမလပ် ကြံဆနေရမည်သာ။

မိမိကိုယ်တိုင်ရွေးချယ်ဖြတ်သန်းမည့် ဘဝပုံစံအတိုင်း ရွေးချယ်စီးနင်းသည့် ဒေါက်အနိမ့်အမြင့်ကွဲပြားသွားကာ ရရှိလာမည့် နေရာအနိမ့်အမြင့်၊ မြင်တွေ့ခံစားရရမည့် မြင်ကွင်း စသည်များ ခြားနားမည်ပေ။ မတော်တဆ ခြေချော်လက်ချော် လဲခဲ့သည်ရှိသော် ထိုင်မှိုင်မနေဘဲ နောက်တစ်ကြိမ် ပြန်လည်ထူမတ်ရန် နည်းလမ်းရှာ အားမွေးရမည်။

ဘဝဖြတ်သန်းမှုတစ်ခုရလာခိုက် လူများ၏နေထိုင်မှုဘဝပုံစံသည် ဒေါက်ဖိနပ်စီးသူများနှင့်တူလှကာ ဒေါက်နိမ့်နိမ့်စီး၍ သက်သက်သာသာ အေးဆေးနေလိုသည်ဖြစ်စေ၊ ဒေါက်မြင့်မြင့်စီး၍ အများထက် ခေါင်းတစ်လုံး သာလွန်ချင်သည် ဖြစ်စေ အားထုတ်မှု အနည်းနှင့်အများတော့ လိုအပ်သည်ပင်။ 



ပြည့်စုံခြင်း မပြည့်စုံခြင်း

$
0
0
"ဒီတစ်နှစ်ရော ကျပြန်ပြီလား၊  တော်ပြီ နင့်ကို ဒီနှစ်တော့ စာသင်ဝိုင်းက ထုတ်တော့မယ်"

"အမေ့သမီးက အလှအပပဲ မက်နေတာကိုး အမေရဲ့၊ ထုတ်ပစ်လိုက် အမေ။ သူ့အတွက်ကုန်မဲ့ပိုက်ဆံ သားကို ဂစ်တာ ဝယ်ပေး နော် အမေ"

"အောင်မာ ကိုကိုနော်၊  နင့်လိုရည်းစားတွေ ပွနေတယ်များ မှတ်လား၊ ညီမလေးက ကိုယ့်ဖာသာကိုယ် လှချင်တာသက်သက်ပဲ"

"တော်ကြစမ်း နင်တို့ နှစ်ကောင်လုံး၊ ခဏနေ နင်တို့အဖေလာမှ နင်တို့အဖေနဲ့ တိုင်မယ်။ နင်တို့က အဖေပဲ အသက်ရှိတယ် ထင်ကြတာ"

"ဟမ် အမေကလည်း...."

"ဟဲ့ အိမ်ရှေ့မှာ လူသံကြားတယ် သွားကြည့်စမ်း"

"အမေ အမေခေါ်ထားတာဆို၊  မီးပူတိုက်ဖို့ တဲ့"

"အော် အေး  အေး၊  ဟုတ်သားပဲ...။  လာ  လာ ညီမ။ ခဏလေး နားပါဦး၊ ရေလေးဘာလေး သောက်၊  ပြီးမှ မီးပူတိုက်တာပေါ့"

"ရတယ် အစ်မ၊ မနားတော့ပါဘူး။ တိုက်စရာရှိတာတွေသာ ပေးပါ၊ ကျွန်မ အိမ်အစောပြန်ချင်လို့"

"ဟုတ်လား အေး အေး၊ ဒါဆိုလည်း တိုက်လေ"

@@@@@@@@@@

"ဘယ်လောက်ပေးရမလဲ ညီမ"

"အစ်မပဲ ကြည့်ပေးပါ အစ်မရယ်"

"ရော့ ဒါဆိုလည်း နှစ်ထောင်ယူလိုက် နော်၊ နည်းသလား၊ တိုက်ရတဲ့ အဝတ်တွေနဲ့စာရင် အစ်မပေးတာ နည်းများနေသလား"

"ရပါတယ် အစ်မ၊ မနည်းပါဘူး။ ကျွန်မယောကျာ်း တစ်နေ့လုံး ဆိုက်ကားနင်းတာ အုံနာခ တစ်ထောင်ပေးပြီးရင် ကိုယ့်အတွက် နှစ်ထောင်လောက် ကျန်တာ။ ကျွန်မက ခု နေ့ဝက်တောင်မရှိသေးဘူး၊ မီးပူတိုက်ခ နှစ်ထောင်ရတာလေ အစ်မရဲ့"

"ဟင်  လောက်သလား၊  ညီမယောကျာ်းရတဲ့ ပိုက်ဆံနဲ့ ညီမရတဲ့ပိုက်ဆံပေါင်းရင်တောင် တစ်နေ့လေးထောင်ပဲ ရှိတဲ့ဟာ...."

"ဘယ်လောက်ပါ့မလဲ အစ်မရယ်။  ဒါတောင် ယောကျာ်းက ကျွန်မကို လုပ်စေချင်တာ မဟုတ်ဘူး။ ကျွန်မမှ မလုပ်ရင်လည်း ကျွန်မကလေးတွေ ငတ်ရုံရှိတာအစ်မရယ်။ ဒီတော့ ဒီလိုပဲ ကျဘမ်းအလုပ်လေးတွေ သူများအိမ်တွေမှာ လုပ်ရတော့တာပေါ့။  ပေါင်နှံချေးငှားသင့်ရင်လည်း ချေးငှားရတာပေါ့"

"ထမင်းစားသွားပါလား ညီမ"

"ဟင့်အင်း မစားတော့ပါဘူး အစ်မရယ်"


"ကဲပါ ဒါဆိုလည်း ညီမကလေးတွေစားဖို့ ယူသွား"

"ယူမသွားတော့ဘူး အစ်မ။  ကျွန်မသမီးလေး ဆယ်တန်းကို ဂုဏ်ထူး လေးဘာသာနဲ့ အောင်တယ် အစ်မရဲ့၊  အဲဒါ သူ့အဖေက စောစောပြန်လာခဲ့ဖို့ မှာတယ်။ အပြန်ကို ခေါက်ဆွဲကြော်ဝယ်ခဲ့မယ်တဲ့၊ မိသားစု ထမင်းလက်စုံ စားကြရအောင်လို့လေ။ ပြန်တော့မယ် နော် အစ်မ၊ ကျေးဇူးတင်ပါတယ်။ နောက်လည်း အဝတ်လျှော်စရာ၊  မီးပူတိုက်စရာ ရှိရင် ခေါ်နော် အစ်မ"




ရင်၌ပွင့်လန်း၍ သွေးဖြင့်ရေးခြယ်သော

$
0
0


(၁)
သမီးထွေး….။ သမီးကို မေမေစတွေ့ခဲ့တာ ပအို့ဝ်ရွာလေးတစ်ရွာမှာ။ သမီးဖေဖေနေမကောင်းလို့ အိမ်တစ်အိမ်မှာ ဆေးဝါးကုသရင်း ခရီးတစ်ထောက်နားရာက အိမ်ရှင်ပအို့ဝ်အမျိုးသမီးရဲ့ သမီးထွေးလေးအဖြစ် သမီးကို စတွေ့ခဲ့ရတာ။ တွေ့တွေ့ချင်းမှာပဲ သမီးက လက်ကလေးနှစ်ဘက်ဆန့်တန်းလို့ မေမေ့ဆီ ပြေးလာမယ့် ဟန် ပြင်နေခဲ့ တာ။ မေမေချီတော့လည်း အလွယ်တကူ လိုက်ပါလာတာ။ ရှေးရေစက်ထင်ပါရဲ့၊ ပါးဖောင်းဖောင်းလေးနှစ်ဘက်က ပန်းသီးလေးလို ရဲရဲနီနေတဲ့သမီးကို မေမေ မြင်မြင်ချင်းချစ်သွားခဲ့တယ်။ မြေပေါ်မှာ လူးနေအောင် ဆော့ထားတဲ့ သမီးတစ်ကိုယ်လုံးကတော့ ပေကျံလို့။ ဖုန်မှုန့်တွေနဲ့ အလူးလူးရယ်။

သမီးတို့အိမ်မှာ မေမေတို့ သုံးရက်တိတိကြာခဲ့တယ်။ ဖေဖေနေကောင်းလို့ ပြန်ကြဖို့ပြင်တော့ မေမေက ရုတ်တရက် သမီးထွေးကို မခွဲနိုင်သလိုလို ဖြစ်ပါရော။ နွမ်းပါးတဲ့ သမီးမိဘတွေကလည်း ခေါ်သာသွားတဲ့လေ။ အသေအချာ စကားပြောဆိုပြီးကြတော့ သမီးကိုမွေးစားဖို့ သမီးမိဘတွေက သဘောတူခဲ့ပါတယ်။ မေမေတို့က သမီးကို ကျောင်းထားပေးမယ်၊ မေမေတို့နဲ့တန်းတူ စားသောက်နေထိုင်ရမယ်။ သမီးမိဘတွေက သမီးကို ပညာတတ်ကြီး ဖြစ်စေချင်တာတစ်ခုပဲ နားလည်တဲ့ ရိုးသားလွန်းသူတွေ။ ရွာရဲ့အကြီးအကဲရှေ့မှာပဲ ပြောဆိုပြီး သမီးကို မွေးစားခဲ့ကြတာ။ သူတို့က စာချုပ်တွေ ဘာတွေလည်း နားမလည်ကြဘူး။ မလိုပါဘူး၊ ပါးစပ်ကတိတစ်လုံးပဲ လိုတာပါ၊ သမီးထွေးကို ပညာတတ်အောင်သာ သင်ပေးပါတဲ့လေ။ ဘယ်လောက် ရိုးစင်းလိုက်ကြသလဲ။

မေမေတို့မိသားစုမှာ သမီးအတွက် ကစားဖော် ကိုကိုရယ် မမရယ် နှစ်ယောက် ရှိသေးတယ် သမီးရဲ့။ သမီးကို မြင်ရင် သူတို့ ချစ်ကြမှာပါ။ ခုဆို မေမေတို့ မိသားစုဝင်အားလုံး ငါးယောက် ဖြစ်သွားခဲ့ပြီပေါ့ သမီးထွေးရယ်။ ရယ်စရာကောင်းတာက ဖေဖေအညာသား၊ မေမေအညာသူကမွေးတာမို့ မေမေတို့မိသားစုဝင်အားလုံးက အသားခပ်ညိုညိုတွေ၊ သမီးထွေးကတော့ တောင်ပေါ်သူမို့ ဖွေးဥနေတဲ့ အသားအရည်နဲ့မို့ ကျီးမည်းတွေကြားက ဗျိုင်းဖြူကလေးလို အသွေးအရောင်ကွဲနေခဲ့တာ။ ဒါပေမဲ့ မေမေတို့ဟာ မိသားစုဝင်တွေ ဖြစ်သွားခဲ့ကြတယ်နော် သမီးထွေး။ ဘ၀အဆက်ဆက် သံသရာအလီလီက ဆုတောင်းကြောင့်သာ ဒီဘ၀မှာ မိသားစုဝင်အနေနဲ့ ပြန်တွေ့ကြရတာလို့ မေမေကတော့ ယုံတယ်။

(၂)

သမီးထွေးကို ကျောင်းစအပ်တော့ နာမည်ပေးဖို့ လိုလာတယ်။ ဒါနဲ့ သမီးကို ထွေးထွေးဆိုတဲ့နာမည်ရင်းနောက်မှာ အငယ်ဆုံးမို့ ငယ်တစ်လုံးထပ်ဖြည့်ပြီး ထွေးထွေးငယ်လို့ နာမည်ပေးခဲ့ကြတာ။ သမီးအသက် ဆယ့်နှစ်နှစ်ရောက်လို့ နားလည်သိတတ် လာတဲ့အခါ သမီးက တောင်းဆိုမှုတစ်ခု လုပ်ခဲ့တယ်။ 

“မေမေ မမရော၊ ကိုကိုရော နာမည်တွေနောက်မှာ ဖေဖေ့နာမည်ပါတယ်၊ ထွေးငယ်နာမည်ကျတော့ ဖေဖေ့နာမည် မပါဘူးနော်” တဲ့။ သမီးကြီးနာမည် သန္တာမျိုးမြတ်၊ သားကြီးနာမည် ရဲသွေးမျိုးမြတ်လို့ မေမေတို့က ပေးထားခဲ့တာကိုး။  ဒါနဲ့ပဲ သမီးထွေးနာမည်ကို သမီးကြေနပ်အောင် ထွေးထွေးမျိုးမြတ်လို့ သတင်းစာကနေ နာမည်ပြောင်း ထည့်ပေးခဲ့ရတာ။  ကြည့်စမ်း သမီးဟာ အဲဒီအရွယ်လေးကတည်းက မေမေတို့ဘယ်လိုမှ ထင်မထားတဲ့အကွက်ကို ကြည့်မြင်ခံစားတတ်ခဲ့တာ။ သမီးကိုကိုနဲ့မမက အဲဒါ “မေမေ့ပအို့ဝ်မက သမီးရင်းသားရင်းတွေနဲ့ ခြေရာချင်းတိုင်းတာမေမေ”လို့ မလိုတမာ ခနဲ့သေး ရဲ့။ မေမေကတော့ ခုလိုနာမည်ကလေး အသေးအဖွဲကအစ ခံစားတတ်တဲ့၊ မေမေတို့နဲ့ တသွေးတည်းတသားတည်းဖြစ်ချင်တဲ့ သမီးထွေးခံစားချက်ကလေးကို သဘောကျမဆုံးဖြစ်ခဲ့ရတယ် သမီးထွေးရေ။ 

သမီးထွေးက မေမေတို့ သူ့ကိုမွေးစားထားတယ်ဆိုတာကို သိတယ်။ သိဆို မေမေတို့ကလည်း ပွင့်ပွင့်လင်းလင်း ပြောပြထားခဲ့တယ်။ သမီးရင်းနဲ့မခြားထားတာမို့ မေမေတို့မေတ္တာကို သမီးနားလည်မယ်လို့လည်း ယုံကြည်တာ လည်း ပါတာပေါ့လေ။ သမီးမိဘရင်းတွေကလည်း ရန်ကုန်ကို နှနှစ် တစ်ခါလောက် ဆင်းလာတတ်ခဲ့ကြပြီး လာတိုင်းလည်း သမီးနဲ့ ပေးတွေ့လေ့ရှိပါတယ်။ သမီးအဖေရင်းက “ပြန်လိုက်မလား” ဆိုတာကိုတောင် “လိုက်ပါဘူး မေမေတို့နဲ့ပဲ နေမယ်” ဆိုခဲ့တာ။ သမီးအဖေက တမင်နောက်ပြောတာမှန်း သိသိကြီးနဲ့ သမီးက ခါးသည်းငြင်းဆန်ခဲ့သလေ။ အ၀တ်အစား နွမ်းနွမ်းဖတ်ဖတ်လေးတွေနဲ့ သမီးရဲ့မွေးချင်းမောင်နှမရင်း ပေပေတူးတူးလေးတွေကိုကြည့်ပြီး သမီးက နှာခေါင်းရှုံ့ပြ၊ သူဝတ်ထားတဲ့ဂါဝန်လှလှလေးကို ဂါဝန်အနားစကနေကိုင် မ ပြီး ကိုယ်လေးကိုပတ်ချာလှည့်ပြလို့ မဆုံးနိုင်တော့တာမို့ မေမေတို့မှာ သဘောကျရသေးတယ်။ အဲဒီကတည်းက မေမေတို့ ရိပ်စားမိပါရဲ့၊ သမီးထွေးဟာ ဘဝမြင့်မြင့်မားမားမှာ အထက်တန်းကျကျနေလိုသူ သမီးကလေးဆိုတာ….။­­­­­­­

(၃)

သမီးထွေးဟာ ဆယ့်သုံးနှစ်သမီးမှာ မေမေ့ကို ကူလုပ်ပေးတတ်လာတယ်။ သမီးကိုကိုနဲ့ မမတို့ရဲ့အလုပ်တွေ လည်း နိုင်သလောက် ကူလုပ်ပေးလေ့ရှိတယ်။ သမီးက မနက်စောစော ငါးနာရီဆို ဘယ်သူမှမနှိုးရဘဲ နိုးနေပြီ။ မနက်မနက် ကိုကို ကျောင်းမသွားခင် ကိုကို့ဖိနပ်ကို ပြောင်နေအောင် တိုက်ပေးထားတတ်တယ်။ မမဝတ်မဲ့ အဝတ်အစားတွေကို ဘီရိုထဲက ထုတ်လို့ ပြန့်နေအောင် မီးပူတိုက်ပြီး ချိတ်ကလေးနဲ့ ရွရွလေး ချိတ်ထားပေးတတ်တယ်။ မမအလှပြင်ပြီဆို ဘေးနားကနေ မမလိုတာတွေ လုပ်ပေးရင်း မမမျက်နှာကလေးကို တငေးငေးပေါ့။

ဒီကြားထဲကမှ သမီးမမက သမီးထွေးကို “ဟဲ့ အထွေး ငါ့ ဖိုင်တစ်ခု ကုတင်ပေါ်မှာ ကျန်ခဲ့လို့ သွားယူပေးစမ်း၊ ငါ ဒီမှာ ဖိနပ်ဝတ်ပြီးသားဖြစ်နေလို့” အဲသလို ခပ်ငေါက်ငေါက် ခိုင်းတတ်သေးတာ။ သမီးကိုကိုရော ဘာထူးလို့လဲ၊ “မိထွေး ရေတစ်ခွက်လောက် ပေးစမ်း၊ ရေခဲနည်းနည်းထည့်ခဲ့ ကြားလား မြန်မြန်လုပ်” လို့ ခိုင်းတတ်တယ်။ မေမေက သမီးကြီးနဲ့ သားကို သမီးထွေးဟာ အိမ်အကူ မဟုတ်တဲ့အကြောင်း၊ သမီးတို့ သားတို့ရဲ့ ညီမငယ်လေး ဖြစ်တဲ့အကြောင်းနဲ့ တော်ရုံကိစ္စတွေ ကိုယ့်ဖာသာကိုယ် လုပ်ကြဖို့အကြောင်းတွေ တိုးတိုးတိတ်တိတ် ပြောပြရတယ်။

အားလုံးခိုင်းတာလုပ်ပြီးမှ သမီးက သူ ကျောင်းသွားဖို့ လုပ်တယ်။ သမီးထွေးကျောင်းကားက ရှစ်နာရီခွဲမှ လာတာမို့ မေမေ့ကို ငရုတ်သီးထောင်းပေးခဲ့တယ်။ ဖေဖေအလုပ်သွားရင် ဝတ်ဖို့အတွက် အဝတ်အစားနဲ့ခြေအိတ်တစ်စုံ ထုတ်ထားပေးခဲ့သေးတယ်။
ကျောင်းအားရက်တွေဆိုရင်တော့ မေမေ့ကို မီးဖိုထဲမှာ ကူလုပ်ပေးတော့တာပဲ။ ထမင်းချက်၊ ငရုတ်သီးထောင်းအပြင် ကြက်သား၊ ငါး ကြော်တတ်နေပြီ။ တစ်ခြားဟင်းအစပ်အဟပ်တွေကိုတော့ မေမေက သင်ပေးနေရတုန်းပဲ။ ချက်ပြုတ်ပြီးလို့ မီးဖိုချောင်ရှင်းလင်းတဲ့အလုပ်လည်း သမီးထွေးပဲ လုပ်တယ်။ မေမေ့ကိုတော့ နားနေပါ မေမေရယ် တဲ့။ အိမ်ကို ရှင်းလိုက်လင်းလိုက်တာလည်း မြန်မှ မြန်၊ ဖျတ် ဖျတ်နဲ့ လုပ်သွားလိုက်တာ။ မေမေကလေ ဈေးကပြန်လာလို့ သမီးထွေး ဆီးကြိုတိုက်လေ့ရှိတဲ့ ရေအေးအေးလေးတစ်ခွက်ကိုမှ မသောက်ရရင် အမောပြေတယ်ကို မထင်မိတော့တဲ့အထိ သမီးထွေးအပေါ် သံယောဇဉ်တွေ တိုး တိုးလာခဲ့တော့တာ။

သမီးကိုကိုနဲ့ မမကတော့ သူတို့အခန်းထဲကကို မထွက်ပါဘူး။ မေမေတို့က အခန်းတိုင်းမှာ ရေချိုးခန်းရှိတဲ့အပြင် တီဗီ၊ အောက်စက်ပါ တပ်ထားပေးတာမို့ သူတို့အခန်းထဲမှာတင် သူတို့တစ်ကမ္ဘာဖြစ်နေတော့တာ။ ကိစ္စရှိမှ၊ ဧည့်သည်လာမှ၊ ထမင်းလက်ဆုံစားကြတော့မှပဲ သူတို့အခန်းထဲက မဖြစ်မနေထွက်လာကြတော့တယ်။ ဧည့်သည်လာတိုင်းလည်း “ဒါ သမီးအထွေးကလေးပေါ့ သိပ်လိမ္မာတာ၊ အမေအားအကိုးရဆုံး”လို့ မိတ်ဆက်ပေးတဲ့အခါ သမီးထွေးကိုကိုနဲ့ မမက နှာခေါင်းရှုံ့ ပုခုံးတွန့်လုပ်ပြတတ်လေရဲ့။ မေမေကတော့ ပြောမြဲပဲ၊ ဒါမှလည်း သမီးကိုကိုနဲ့ မမ သိတတ်နားလည်တတ်မယ်။ အိမ်ကို လုပ်ကူတတ်လာမယ်လို့ မေမေက ထင်တယ်လေ။ ဒီလိုနဲ့ပဲ သမီးထွေးဟာ သားသမီးအားလုံးထဲမှာ မေမေ့အတွက် အမောပြေစေခဲ့တဲ့သမီးလေး ဖြစ်လာခဲ့တယ်။  မေမေ့အနီးဆုံးလူ၊ မေမေ့လက်ရုံးဖြစ်လာခဲ့တယ်။

သမီးထွေး အပျိုပေါက်ကလေးဖြစ်အလာမှာတော့ သိသိသာသာ အလှသွေးကြွယ်လာခဲ့တယ်။ ပင်ကိုယ်ဖြူသူမို့ အနေအစားကောင်းကောင်းနဲ့ အဆင်အပြင်ကောင်းကောင်းပါ ပိုးလိုက်တဲ့အခါ သမီးထွေးဟာ ဖြူနုလှပသူကလေး၊ ဝင်းဝင်းစက်စက်ရှု့မငြီးသူကလေး ဖြစ်လာတော့တယ်။ ပိုးပန်းသူတွေလည်း ရှိလာပြီရယ်လို့ မေမေ့ကို လာပြောရင်း ရယ်မောနေတတ်တယ်။ ဖေဖေကတော့ သမီးထွေးကို တစ်ချက်ငဲ့ကြည့်ရင်း ဘာမှမပြောဘဲ တွေတွေငေးငေးသာ ရှိနေတတ်တယ်။ 

သမီးကိုကိုနဲ့ မမတို့နှစ်ယောက်လည်း အရင်ကလို သမီးထွေးအပေါ် အနိုင်ကျင့်ခိုင်းတာတွေ သိပ်မရှိတော့ဘူး။ အထူးသဖြင့် ကိုကိုကဆို ခပ်ရှောင်ရှောင်နေတာ သိသာလာတယ်။ သမီးထွေးက လူကောင်ထွားတာမို့ အသက်ကွာပေမဲ့ အလုံးအထည်တူတွေလိုဖြစ်လာတယ်။  မောင်နှမအရင်းတွေ မဟုတ်မှန်းလည်းသိထားတော့ အတူ ငယ်ရာက ကြီးလာတာပေမဲ့ အတွင်းစိတ်ထဲ စိမ်းနေသေးတာပဲလို့ မေမေသိနေတယ်။ 

တစ်နေ့မှာ အဲဒီအနေစိမ်းမှုဟာ မေမေတို့ မိသားစုဘဝထဲက သမီးထွေးကို ခွဲထွက်စေမယ်လို့ မေမေဘယ်လိုမှ ထင်မထား ခဲ့တာ….။ သမီးထွေးရယ်….။

(၄)

သမီးထွေးဆုံးဖြတ်လိုက်မှုအပေါ် ရုတ်တရက်မို့ မေမေ ရင်ကွဲမတတ်ဖြစ်ခဲ့ရတယ်။ သမီးထွေးကတော့ အထုပ်အပိုးပြင်ပြီး သိမ်းဆည်းပြီးဖြစ်နေခဲ့ပြီ။ နှုတ်ခမ်းတွေကို တင်းတင်းစေ့လို့ ခဏနေ လာခေါ်တော့မယ့် သူ့အဖေ အရင်းနောက် ပြန်လိုက် ဖို့ ပြင်နေရဲ့။

“သမီးထွေးရယ်၊  မေမေနဲ့ ခွဲနိုင်လို့လား ဟင်”

ဝိုင်းစက်နေတဲ့မျက်လုံးကြည်ကြည်ကြီးတွေကို ဝင့်လို့ ကျွန်မကို တစ်ချက်ကြည့်ပြီး သူ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေတော့တယ်။

“သမီးပင်ပမ်းတော့မှာပေါ့ သမီးထွေးရယ်၊ အနေအထိုင် အစားအသောက် ငါ့သမီးနေတတ်ပါတော့မလားကွယ်”

သမီးထွေးက မေမေ့ကို မော့ကြည့်ရင်း “သမီးရရာအလုပ်လေးတစ်ခု ဝင်လုပ်ရမှာပေါ့၊ ခု သမီးဖေဖေက ကျန်းမာရေး သိပ်ကောင်းတာ မဟုတ်ဘူး၊ မမတို့ကလည်း သူ့အိမ်ထောင်နဲ့သူမို့ ဖေဖေ့ကို ဂရုမစိုက်နိုင်ဘူး မေမေရဲ့” တဲ့လေ။

“အေးပေါ့လေ၊ ဟိုက အဖေရင်းကိုး၊ အချိန်တန်တော့လည်း သွေးက စကားပြောတာနေမှာပေါ့” တဲ့ ဖေဖေက တစ်ခွန်းဝင်ပြောတော့ သမီးထွေးက စူးကနဲ ဖေဖေ့မျက်နှာကို တစ်ချက်စိုက်ကြည့်တယ်။ ဖေဖေက မျက်နှာလွှဲသွားတဲ့အခါ သမီးထွေးက ပြုံးတယ်။ တစ်မျိုးပဲ၊  အဲ့ဒီအပြုံးမျိုးကို မေမေ မကြိုက်ပါဘူး။ 

သမီးထွေးက ဖေဖေ့ကို ပခုံးကြောတွေ ဇက်ကြောတွေ ဆွဲပေး၊ နှိပ်ပေးလေ့ရှိတယ်။ သမီးထွေးလက်က လက်ပေါက်တာမို့ မေမေ့ကိုရော မမကိုပါ နှိပ်ပေးတတ်သေးတယ်။ သမီးဖေဖေက လုံးကြီးပေါက်လှ မွေးစားသမီး ဝင်းဝင်းစက်စက်ကလေးနဲ့ ပတ်ဝန်းကျင်အမြင် မသင့်တော်မှာစိုးလို့ဆိုပြီး သမီးထွေးနဲ့ ခပ်ခွာခွာနေလာတဲ့အခါမှာတော့ အကင်းပါးတဲ့ သမီးထွေးက ဝမ်းနည်းရှာတယ် ထင်ရဲ့။ သူကိုယ်တိုင်က အဖေကို ရှောင်ဖယ်ဖယ်လုပ်လာတတ်တော့တာ။

“ကိုကို အထွေး နှိပ်ပေးရမလား”လို့ သမီးထွေးက မေးတဲ့အခါ ကိုကိုက “မနှိပ်ချင်ပါဘူး၊ အသားနာတယ်”လို့ ရှောင်နေ တတ်တယ်။ အဲဒီလို ဖေဖေကရော ကိုကိုကပါ ခပ်ခွာခွာလုပ်လာတဲ့အပေါ် သမီးထွေးက ဝမ်းနည်းရှာတယ်။ နောက်တော့လည်း မသင့်တော်လို့ဆိုတာ သမီးထွေးကိုယ်တိုင် ချင့်ချိန်တတ်ခဲ့ပြီ ထင်ပါရဲ့။

ဘာပဲဖြစ်ဖြစ်ပါလေ၊ သမီးထွေးဟာ အသိအလိမ္မာပိုတဲ့အပြင် မေမေ့ကို အလိုက်တသိ ကူညီလုပ်ကိုင်ပေးတတ်တာမို့ အတူနေခဲ့စဉ်မှာ သားသမီးရင်းတွေဖြစ်တဲ့ ကိုကိုနဲ့မမနည်းတူ ချစ်သံယောဇဉ်ရှိရ၊ မေမေ့အတွက် သားသမီးရင်းတွေ ထက်တောင် အားလည်းကိုးခဲ့ရတာပါ။

မေမေ့စိတ်ထဲတော့ ပညာစုံကာမှ၊ လောက်လောက်လားလား အားထားစရာအရွယ်ရောက်လာကာမှ သမီးထွေးကို ပြန်လိုချင်တဲ့ သမီးထွေးမိဘရင်းတွေအပေါ် ငြိုငြင်စိတ်ဝင်မိသလို သားသမီးရင်းနဲ့ တန်းတူချစ်ပြခဲ့တာတောင် မေမေတို့ကိုထားသွားရက်တဲ့ သမီးထွေးအပေါ်လည်း စိတ်နာမိသလိုလို။ နောက်ဆုံးတော့ ဖေဖေပြောသလို သွေးက စကားပြောတာပါပဲကွာဆိုတာကိုသာ မျက်စေ့စုံမှိတ် နားဝင်ရတော့တယ်။
 
ဘာကြောင့်ရယ်လို့ သေချာမသိပေမဲ့ သူ့ကိုချစ်တဲ့မေမေနဲ့အတူ မိသားစုကိုပါခွဲလို့ မိဘရင်းတွေဆီ သမီးထွေး ပြန်လိုက်သွားခဲ့တာ သုံးနှစ်နီးပါးရှိခဲ့ပါပြီကော။ တခါတလေမှာတော့ အိပ်မက်တွေထဲ သားအမိတွေ ခါတိုင်းလို အတူတူချက်ကြပြုတ်ကြ၊ စားသောက်ကြတယ်လို့ မေမေမြင်မက်နေမိပါရဲ့ သမီးရယ်။

(၅)

“သမီးထွေး”

လုံးဝမျှော်လင့်မထားတာမို့ သမီးထွေးက မျက်လုံးဝိုင်းကြီးတွေနဲ့ တွေတွေလေးကြည့်ရှာတယ်။ ပြီးမှ မေမေ့ကို လက်ဆွဲပြီး အိမ်ကလေးထဲကို ခေါ်တယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်လောက်က မေမေ့ဆီ လက်ကလေးကမ်းပေးရင်း ပြေးဝင်လာတဲ့ သမီးထွေးပုံရိပ်ကလေးကို မေမေမျက်စေ့ထဲ မြင်ယောင်နေမိတယ်။

ခုတော့ အကွာကြီး ကွာခြားခဲ့ပြီ။ မေမေက လက်ကမ်းပေးလို့ သမီးထွေးက ပြေးဝင်လာတဲ့ အခြေအနေမျိုး။

သမီးထွေးကို မေမေ အိပ်မက် မက်တယ်။ သမီးထွေးက လှလို့ ပလို့။ အိပ်မက်ထဲ လှလှပပမြင်မက်ရင် အပြင်မှာ နေထိုင်မကောင်းဖြစ်တတ်တယ်လို့ မေမေက ယုံကြည်လို့ အဲ့ဒီနေ့က မနက်အိပ်ရာနိုးကတည်းက သမီးထွေးမျက်နှာကို အာရုံမှာ ဖော်ရင်း မေတ္တာပို့ပေးနေမိတာ…

တိုက်တိုက်ဆိုင်ဆိုင်ပဲ ဖေဖေ့အလုပ်က သမီးထွေးတို့ တောင်ပေါ်ဘက်ကို ခရီးထွက်ဖို့ဖြစ်လာတဲ့အခါ မေမေပါ လိုက်ပါရစေလို့ ခွင့်တောင်းရင်း ဖေဖေနဲ့အတူလိုက်ဖြစ်ခဲ့တယ်။

“ဖေဖေရော”

“သမီးဖေဖေက မေမေ့ကို သမီးဆီဝင်ပို့ခဲ့ပြီး သူ့အလုပ်ကိစ္စဆက်သွားပြီ။ ညနေလာဝင်ခေါ်တော့ သမီးတွေ့ပါလိမ့်မယ်”

ပါးကလေးတွေချောင်လို့ သွယ်သွယ်ကလေးဖြစ်နေတဲ့ သမီးထွေးကိုကြည့်ရင်း မေမေစိတ်မကောင်းဖြစ်မိတယ်။ ဝတ်ထားတာလေးကလည်း ဖြူဖွေးသန့်စင်နေအောင် လျှော်ဖွတ်ထားပေမဲ့ အနွမ်းကလေးမှန်း သိသာလှတယ်။ သမီးထွေး ဘာတွေနဲ့များ စားနေရှာပါလိမ့်။ စိတ်မကောင်းဖြစ်လိုက်ရတာ သမီးထွေးရယ်။ 

သမီးထွေးကတော့ မေမေ့မျက်လုံးအကြည့်ထဲက ဂရုဏာတွေကို မမြင်မသိဟန်ဆောင်ရင်း လက်ရှိမှာ နေပျော်ပုံ ကြိုးစားပြရှာပါရဲ့။ ဘယ်လိုပဲ သမီးကြိုးစား ကြိုးစား၊ ကလေးခြောက်ယောက်နဲ့ တောင်ယာစိုက်စားတဲ့ မိဘနဲ့ ရွာမူလတန်းကျောင်းလေးမှာ ဆရာမဝင်လုပ်နေတဲ့ သမီးထွေးကလေးရဲ့ ရှာစာဖွေစာဟာ ဝမ်းဝတယ်ဆိုရင်တောင် ဘယ်လိုများ ခါးလှနိုင်ပါ့မလဲလေ။

“သမီးထွေး မေမေတို့နဲ့ ပြန်လိုက်ခဲ့ပါ့လား ဟင်၊ ဖေဖေ့အလုပ်မှာပဲ ဝင်လုပ်လေ၊ ဒီမှာ ရတာထက် သမီးလစာ ဆယ်ဆမက ရမှာ။ သမီးမိသားစုကိုလည်း ပိုထောက်ပံ့နိုင်တာပေါ့ သမီးရယ်။ ဟင် ပြန်လိုက်မလား သမီးထွေး”

သမီးထွေးက ခေါင်းကို သာသာခါရမ်းပြတယ်။ ပြန်မလိုက်ချင်ဘူးပေါ့ နော် သမီးထွေး….။ သမီးထွေးအပေါ် ချစ်တဲ့စိတ်၊ လက်ပေါ်မှာတင် လူလားမြောက်ခဲ့ရတဲ့ သံယောဇဉ်တွေဟာ မေမေ့ကို ဒီလောက်နဲ့ လက်မလျှော့စေဘူး သမီး။

“ပြန်စဉ်းစားပါဦး သမီးရယ်၊  သမီးဘဝတက်လမ်း ရှိသေးတယ်လေ၊ နောက်ပြီး သမီး မောင်လေး၊ ညီမလေးတွေ ကျောင်းခေါ်ထားချင်ရင်လည်း မေမေတို့ စီစဉ်ပေးမှာပေါ့ နော် သမီး”

“ဟင့်အင်း သမီး ဆုံးဖြတ်ပြီးပြီ၊ မေမေတို့နဲ့ ဘယ်တော့မှ အတူပြန်မနေဘူး”

ရက်စက်လိုက်တာ၊  သမီးထွေးရဲ့ ပြတ်ပြတ်သားသား ငြင်းဆန်မှုမှာ မေမေနှလုံးကွဲမတတ်ခံစားရတဲ့အပြင် သမီးထွေး ဘာကြောင့် ခုလောက် ခါးခါးသည်းသည်း ငြင်းရတာပါလိမ့်ဆိုတဲ့ အတွေးဟာ မေမေ့ကို နားမလည်နိုင်မှုတွေနဲ့ စကားတင်းတင်း ဆိုမိစေတယ်။

“အေးပေါ့လေ သမီးထွေးရယ်၊ မေမေတို့က သမီးနဲ့ သွေးသားရင်းမှ မဟုတ်တာဘဲ နော်၊ မေမေ့ရင်က မွေးတဲ့ မေမေ့သွေး အရင်းမှ မဟုတ်တော့ သမီးက မေမေချစ်သလို၊ မေမေသံယောဇဉ်ရှိသလို ဘယ်သံယောဇဉ်ရှိပါ့မလဲ၊  ဟုတ်လား သမီး၊ ဟင် ဟုတ်သလား”

မေမေ့စကားတွေက သမီးထွေးရင်ကို တည့်တည့်ဝင်တိုက်မိတယ် ထင်ပါရဲ့၊ ပြောရင်းက မေမေ မျက်ရည် အကျမှာ မေမေ့မျက်နှာတည့်တည့်ကို သမီးထွေးမျက်ဝန်းအကြည့်တွေ ခပ်ရဲရဲ ပြန်ကြည့်ရင်း နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လို့ သမီးနှုတ်က စကားလုံးတွေ ကြွေကျလာခဲ့တယ်။

“မေမေတို့နဲ့ အတူနေကတည်းက မေမေ့အပေါ်၊ ဖေဖေ့အပေါ်၊ ကိုကိုနဲ့ မမအပေါ် မိသားစုဝင်တွေလို့ သမီးစိတ်ထဲ အရင်းအတိုင်း ခံစားချစ်ခင်ခဲ့ရတာ။ အားကိုတကြီး ချစ်ခဲ့ရတာပါ မေမေရယ်”

“ဒါနဲ့များ သမီးရယ်”

“အင်း၊ မေမေနားထောင်ပါဦးလေ၊ သမီး ပြောပြပါ့မယ်”

“မေမေကတော့ ဖေဖေပြောခဲ့တာတွေကို သိချင်မှ သိမယ်။ သမီးကို ကိုကိုနဲ့ ရင်းရင်းနှီးနှီး မနေဖို့၊ ကိုကို့ကို တစ်နေ့မှာ မြနဲ့ရွှေကွပ်သလို အဆင့်အတန်းတူနဲ့ရည်ရွယ်တာမို့ မဖြစ်သင့်တာတွေ မဖြစ်စေချင်တဲ့အကြောင်း၊ ကိုယ့်ဘဝ ကိုယ့်အခြေအနေကို မမေ့ဖို့အကြောင်းတွေ ပြောခဲ့တယ်”

 “ဖေဖေပြောသလိုပဲ သမီးနေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဖေဖေ့မျက်လုံးအကြည့်တွေက သမီးအပေါ် စောင့်ကြည့်နေသလို ခံစားလာရတယ်။ သမီးက ဒီမိသားစုနဲ့ သွေးသားရင်းဖြစ်ဖို့၊ ဒီမိသားစု ပိုင်ဆိုင်သမျှ အမွေစား အမွေခံ ခွဲဝေပိုင်ဆိုင်ချင်လို့ အဲသလို အမြင်မျိုးနဲ့ သမီးအပေါ် အကြည့်တွေလွဲလာခဲ့ပြီလို့ သမီး သိခဲ့ပါတယ်”

ဘုရား ဘုရား၊ သမီးဖေဖေ တကယ်ပဲ ပြောရက်ခဲ့သလား၊ တကယ်ပဲ အဲသလို ပြုမူခဲ့ သလား။ ဖြူစင်ရိုးအလွန်းတဲ့ သမီးထွေးကလေး အဲဒီအချိန်က ဘယ်လိုများ ခံစားခဲ့ရပါ့မလဲလို့ မေမေ့ရင်ထဲ နင့်ကနဲ။ သမီးထွေး တိတ်တိတ်ကလေးများ ငိုနေခဲ့ရရှာမလား….။

“သမီး နေရတာ မပျော်တော့ဘူး မေမေ၊ မေမေသိပါတယ်။ သမီးက မေမေတို့မိသားစုနဲ့ ပတ်သက်ပိုင်ဆိုင်ခွင့်ဆိုလို့ သမီးနာမည်နောက်မှာ ဖေဖေ့နာမည်လေး ထည့်ခွင့်ရတာကိုပဲ မက်မောခဲ့တာ၊ ကြည်နူးခဲ့တာပါ မေမေရာ။ မေမေ သက်သာပါစေတော့ရယ်လို့ အိမ်အလုပ်တွေ ကူပေး၊ ကိုကိုနဲ့ မမအလုပ်တွေ၊ ဖေဖေ့အလုပ်တွေ ကူလုပ်ခွင့်ရနေတာကိုပဲ သမီးက ကြေနပ်နေခဲ့တာ”

“နောက်ပိုင်းမှာ သမီးကို ဖေဖေရော ကိုကိုပါ ရှောင်လာတယ်၊ သမီးက ကူလုပ်ပေးချင်ပေမဲ့ အမြင်တစ်မျိုးနဲ့ ကြည့်လာတတ်တော့ သမီးနေရတာ ခက်လာတယ်။ သမီး ခဏခဏ တိတ်တိတ်လေး ငိုရတယ်။ မေမေ မသိအောင်၊ မေမေသိရင် စိတ်မကောင်းဖြစ်မှာလည်း စိုးတယ်။ သမီးအတွက် ခက်ခဲလှတယ်မေမေ ရယ်။ မေမေတို့အိမ်မှာ နေရစားရတာ အကောင်းစားတွေချည်းပေမဲ့ သမီးလေ အမေ့တောင်ပေါ်အိမ်က ထမင်းကြမ်းနဲ့ ငါးပိဖုတ် စားရင်း နေချင်လည်း နေရပါစေတော့ရယ်လို့ တွေးမိလာခဲ့တယ်။ ဘဝမှာ စိတ်ချမ်းသာပျော်ရွှင်မှုထက် ဘယ်အရာကမှ အရေးမကြီးဘူးမဟုတ်လား မေမေ”

“အရင်းအချာမဟုတ်ပေမဲ့ မိသားစုဆိုတဲ့ သံယောဇဉ်အနှောင်အဖွဲ့ထဲမှာ နေပျော်ချင်တာတောင် တစ်ဘက်က သိသိသာသာဖြတ်တောက်လာတဲ့အခါ သမီးဘက်က ဘယ်လောက်ပဲဆက်ဆက်၊ အကောင်းအတိုင်း ပြန်မရနိုင်တော့ဘူး မဟုတ်လားမေမေရယ်။ မေမေ့ကို သမီး လွမ်းပါတယ်။ ခဏခဏ သတိရမိတယ်။ မေမေသိလား၊ မေမေ့ ပါတိတ်ထဘီအဟောင်းလေးတစ်ထည် သမီး ခွင့်မတောင်းဘဲ ယူလာခဲ့မိတယ်။ မေမေ့ကို လွမ်းတဲ့အခါတိုင်း သမီး ထုတ်ထုတ်ကြည့်မိတာ”

“မတောင်းဘဲနဲ့ယူလာခဲ့မိတဲ့ အဲဒီထမီလေးအစား သမီးအုံးအိပ်နေကျ ခေါင်းအုံးကလေး မေမေ့ကို အစားပြန်ပေး လိုက်ပါရစေ၊ အဲဒီခေါင်းအုံးကလေးမှာလေ သမီးမျက်ရည်တွေရှိတယ် သိလားမေမေ၊ မေမေ့ကို သတိရတိုင်း အဲဒီခေါင်းအုံးကလေးပေါ် သမီးမျက်ရည်ကျခဲ့ရတာ၊ မေမေယူသွားပါ နော်”

သမီး….၊ သမီးထွေးရယ်….။  မေမေ ဆက်နားထောင်နိုင်စွမ်း မရှိတော့ဘူး သမီးရယ်၊ တော်ပါတော့ တော်ပါတော့နော်၊ မေမေ အခြေအနေအားလုံးကို နားလည်ပါပြီကွယ်။ ဒါတွေကို တစ်အိမ်ထဲအတူနေပြီး မေမေဘာ့ကြောင့် မရိပ်မိရတာပါလိမ့်။ မေမေ့ကိုယ်ကိုသာ အပြစ်တင်နေမိတော့တယ်။ ဆယ်နှစ်ကျော်ကျော် အတူနေခဲ့တဲ့ သမီးထွေးအပေါ် ဖေဖေ ဘာကြောင့်များ ရက်စက်နိုင်ခဲ့ပါလိမ့်။ ကိုယ့်ရဲ့ သားသမီးအရွယ် သမီးငယ်တစ်ယောက်အပေါ် သွေးသားရင်းမဟုတ်ဘူးဆိုတဲ့ အသိရယ်၊ ပိုင်ဆိုင်မှုပစ္စည်းတွေများ ခွဲဝေပေးရနိုးဆိုတဲ့ စိုးစိတ်ရယ်ကြောင့်များ ဖေဖေ စိတ်ရိုင်းတွေ ဝင်ခဲ့လေသလား...

မေမေ့လက်က လက်စွပ်ကို ချွတ်ပြီး သမီးထွေးလက်ကလေးထဲ ဝတ်ပေးမိတော့ သမီးက မရဲတရဲ ငြင်းဆန်ရှာတယ်။ 

“ဒါ မေမေတို့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းဝတ်ခဲ့တဲ့လက်စွပ်ပဲ သမီး၊ မမအိမ်ထောင်ကျတဲ့အခါ မေမေ လက်ဖွဲ့ဖို့ပေါ့။ ဒါပေမဲ့ သမီးထွေးကို မေမေ ဝတ်စေချင်လို့”

“ဟင့်အင်း သမီး မယူချင်ဘူး။ မယူပါရစေနဲ့ မေမေ၊ ကိုကိုနဲ့ ဖေဖေ့အမုန်းတွေ၊ အထင်လွဲမှုတွေနဲ့တင် လုံလောက်ပါပြီ။ မမအမုန်းတွေကို သမီး ထပ်မယူပါရစေနဲ့တော့၊ ဒါ သမီးရင်းဖြစ်တဲ့ မမရဲ့ရပိုင်ခွင့်ပါ။ ဒီလက်စွပ်ကို မမကိုသာ လက်ဖွဲ့လိုက် ပါ။ မေမေ ထမင်းစားလိုက်ပါဦးလေ၊ မနေ့က တောဝက်သား ရှားရှားပါးပါးရလာတာမို့ မေမေကံကောင်း တယ်။ မေမေကြိုက်တဲ့ ရှောက်ရွက်နုနုကလေးတွေ တို့စားရအောင် သမီး ခြံထဲသွားခူးလိုက်ဦးမယ်”

ပြောရင်းက သမီးထွေး အိမ်ပေါ်က ဆင်းသွားတယ်။ မေမေ သိတယ်။ အိမ်လှေကားပေါ်က အဆင်းမှာ သမီးထွေး လက်ကလေးတဖက် ဝင့်လို့ မျက်နှာကိုတို့သုတ်လိုက်ဟန်…. 

သမီးထွေး ငိုနေသလား ဟင်….။ မငိုပါနဲ့ မငိုပါနဲ့တော့ သမီးရယ်။ သမီးကို ဖေဖေ့ကိုယ်စား မေမေကပဲ တောင်းပန်ပါရစေ။ 

သမီးဟာ မေမေ့ရင်မှာ မပွင့်လန်း၊ မေမေ့သွေးနဲ့ မရေးခြယ်ခဲ့ပေမဲ့ မေမေ့နှလုံးသားထဲမှာ အမြဲပွင့်လန်းနေတော့မယ့် ပန်းကလေးတစ်ပွင့်၊ မေမေ့နှလုံးသားမြေဆီလွှာပေါ်မှာ အမြဲရှင်သန်နေတော့မယ့် မနွမ်းပန်းလေးတစ်ပွင့်ပါ သမီးရယ်....




ဖြစ်ကြောင်းကုန်စင်မှာ….

$
0
0
“လာ လာ တက်ထား အစ်မကြီး တိုးထား၊ အထဲထိ ဝင်ထား၊ ခဏလေး ခဏစောင့်မယ် ဆရာရေ၊ ဟိုးမှာ ပြေးလာနေတယ်”

“မင်းလမ်း လမ်းဆုံ မြလမ်း ရွှေဂုံတိုင် ဗဟန်းသုံးလမ်း ယောက်လမ်း ဘူတာကြီး ဆူးလေ လိုက်မလား၊ ဆူးလေ ဆူးလေ ဆယ့်နှစ်လုံးတန်းဆင်းမှာ ပြင်ထားမယ်”

ကားက ရုံးချိန်မို့ ဘတ်စ်ကားတစ်စီးဆိုတာထက် ငါးသေတ္တာတစ်ဘူးလို….။

“အစ်မ ပေး ခြင်းတောင်း၊ ကျွန်တော်ကိုင်ထားပေးရမလား”
ထိုင်နေသော လူငယ်အမေးကို ရပ်နေသော အမျိုးသမီးက ခေါင်းခါပြသည်။

“ရှင် ဘယ်လိုဖြစ်နေတာလဲ၊ ဟိုဘက်နည်းနည်းတိုးပါဦးတော့လား၊ ဒီမှာ လူက ရှင့်ရင်ခွင်ထဲ ရောက်တော့ မယ်၊ ကတည်းမှ…”
အမျိုးသားက ဘုကြည့်ကြည့်ရင်း ကိုယ်လုံးကို ဂဏန်းရွှေ့လေး ရွှေ့ပေးလိုက်သည်။ သို့သော် ယခင်အတိုင်း၊ ရွေ့ကား မရွေ့။

ရှေ့မှာ အဘိုး၊ အဘွား၊ လူလတ်ပိုင်းတစ်ယောက်နှင့် ကလေးနှစ်ယောက် အပြေးလာနေကြတာမို့ ယာဉ်မောင်းကို ရပ်ခိုင်းရင်း အဘိုးကြီးနှင့် အဘွားကြီးကို လက်မောင်းမှ ဆွဲတင်၊ ခါးမှလည်း တွန်းတင်ပေးလိုက်ရသည်။

“ရော့ သုံးယောက်အတွက် သုံးရာယူထား”
“အစ်ကိုရာ ကလေးနှစ်ယောက်က တစ်ယောက်စာတော့ ပေးပါဗျာ”

အဘိုးကြီး၊ အဘွားကြီး၊ လူလတ်ပိုင်းနှင့် ၅နှစ်အရွယ် ကလေးတစ်ယောက်၊ ၁၂နှစ်အရွယ်ကလေးတစ်ယောက်မို့ ကျွန်တော်က ၄ယောက်စာ တောင်းလိုက်သည်။

“ဟာဗျာ ခင်ဗျားဟာက တစ်ခြားလူတွေဆို မတောင်းဘူး၊ ခင်ဗျားကျမှ ကလေးတွေအတွက် တောင်းစရာလားဗျာ”

“အစ်ကိုလေးရာ ကလေးက နှစ်ယောက်လေဗျာ၊ တစ်ယောက်စာတော့ ပေးမှပေါ့”

“မပေးဘူးကွာ၊ ရော့ သုံးယောက်စာ နှစ်ရာပြန်အမ်း၊ ယူချင်ယူ၊  မယူချင်နေ”

“ကလေးနှစ်ယောက်အတွက် ကျွန်တော်က တစ်ယောက်စာပဲ တောင်းတာပါဗျ၊ တစ်ယောက်စာတော့ ပေးပါ၊ ရွှေဂုံတိုင် ဗဟန်းသုံးလမ်း ယောက်လမ်း ဘူတာကြီး ဆူးလေ လိုက်မလား၊ ဆူးလေ ဆူးလေ လာထားနော် ခဏလေး ဆရာရေ နောက်က တက်နေတုန်း”

“မပေးဘူးကွာ၊ မင်းတော့လား ခဏနေဦး၊ ငါ ဗဟန်းဆင်းမှ သိမယ်”

“ဟဲ့ တော်ကြပါတော့ဟယ်၊ ငွေလေးတစ်ရာနဲ့ ဖြစ်နေလိုက်ကြတာ၊ ကဲ ကဲ အဲဒီကလေးတစ်ယောက်စာ အတွက် ငွေတစ်ရာ ငါ့ဆီကသာ ယူလိုက်ပါ။  ရော့ ငါ့အတွက်တစ်ရာနဲ့ ပေါင်းပြီး နှစ်ရာ ယူလိုက်၊ ရှေ့မှတ်တိုင်ကျ  ငါဆင်းမှာ”

“မလိုပါဘူးဗျာ၊ ခင်ဗျား ပေးစရာ”

မိန်းမကြီးက ထိုလူကို မျက်စောင်းလှမ်းထိုးသည်။ မိန်းမကြီးလက်ထဲက နှစ်ရာတန်ကို ပြုံးပြီးယူလိုက်ရင်း ကလေးနှစ်ယောက်အဖေကို လှမ်းကြည့်တော့ ထိုသူက ရန်လိုဟန်ရှိနေသေးသည်။ မတတ်နိုင်၊ ကျွန်တော် သူ့ကို မကြည့်မိအောင် နေလိုက်ရသည်။ ကြာရင် ဆွဲထိုးမိတော့မည်။ ပြီးရင် စပါယ်ယာအဆိုးပဲ ဖြစ်ဦးမည်။ လူတွေက သည်လိုပါပဲ။ စပါယ်ယာက သဘောကောင်းတော့လည်း ခရီးသည်တွေက ဆိုးချင်သည်။ မိန်းမ မီးပူမတိုက်အား၍ တိုက်မပေးလိုက်သော ယူနီဖောင်းရှပ်လက်တိုအပြာကို လက်ဖြင့်ဆွဲဆန့်ရင်း ကားနောက်ပေါက်ကတက်သော ခရီးသည်များထံ ကားခတောင်းရန် ပြင်လိုက်သည်။

“ဟေ့လူ ခင်ဗျား မေ့ချင်ယောင်ဆောင်နေသလား၊ ကျုပ် ငါးရာတန် ပေးလိုက်တာ။ နှစ်ရာပြန်အမ်းဦး”

ကလေးအဖေက ပိုက်ဆံမရှိလို့ မဟုတ်၊ ငါးရာတန်တောင် ပေးထားသေးတာ၊ ကလေးနှစ်ယောက်စာသာ မပေးချင်လို့ ကပ်သပ်နေခြင်း ဖြစ်လေသည်။ ကျွန်တော် ဘာမှ ပြန်ပြောမနေတော့။ ခုနက မိန်းမကြီးပေး သွားသော လက်ထဲက နှစ်ရာတန်တစ်ရွက်ကို အမ်းပေးလိုက်သည်။ 

“ခင်ဗျားဗျာ အတော်မိုက်ရိုင်းပါလား၊ ခင်ဗျားနှစ်ရာတန်ကိုလည်းကြည့်ဦး၊ ဒီလောက် ထက်ခြမ်းကြီးပြဲနေတာကို တိတ်နဲ့ ကပ်ထားတာ၊ ပြန်လဲပေးဗျာ”

ဟာ….၊  ဒီလူ အတော်လွန်ပါလား၊ ပေးတဲ့သူတွေကလည်း ဒီငွေတွေပဲ ပေး၊ သုံးတဲ့သူတွေကလည်း ဒီငွေတွေပဲ သုံး၊ ဒီငွေတွေပဲ လည်ပတ်နေရတဲ့ဟာ၊ ကျွန်တော် တော်တော်လေး စိတ်ပျက် လက်ပျက်ဖြစ်သွားရသည်။ မတတ်နိုင်ပြန်ပါ။ ကျွန်တော့်လက်ထဲက အသစ်ဆုံးဖြစ်မည်ထင်ရသော တစ်ရာတန် ၂ရွက်ကမ်းပေးလိုက်သည်။ 

မျက်စေ့ထဲမတော့ နှစ်ရာတန်အပြဲကြီးကို စေတနာဗလပွနှင့် ပေးသွားသော စေတနာရှင်မိန်းမကြီးကိုသာ
 ပြေးမြင်မိတော့သည်။

အေးလေ ဒီငွေတွေပဲ သုံးနေရတာကို.... 

မိန်းမကြီးအလွန် မဟုတ်။ ကျွန်တော်လည်း မလွန်၊ ထိုလူလည်း နည်းနည်းတော့ လွန်သည်ဆိုပေမဲ့ လွန်တော့ မလွန်…..။


ကျေးဇူးရှင်

$
0
0

အနီငယ်ငယ်က အိမ်တစ်အိမ်မှာ အိမ်ထောင်ဦးစီးသေလို့များ ကျန်ရစ်သူမိန်းမက ‘ကျေးဇူးရှင်ကြီးရဲ့ ကျုပ်ကိုတစ်ယောက်ထဲ ထားခဲ့ပြီလားတော့်’ဆိုပြီး ရင်ဘတ်စည်တီးငိုရင် သိပ်အံ့သြမိတာပဲ။ ‘ကျေးဇူးရှင်ကြီး’ဆိုတာကစလို့ ‘တစ်ယောက်ထဲ ထားခဲ့ပြီလားတော့်’ဆိုတာအထိ အံ့ကိုသြတော့တာ။  ဘယ့်နှယ် တစ်ယောက်ထဲထားခဲ့ရမှာတုန်း၊ ကလေးတွေ တစ်ပြုံကြီးမွေးပြီး ထားခဲ့တဲ့ဟာ။ အနီတို့အမေဆို အဖေကြီးကို ဒူးမတုတ်ရုံတစ်မယ် ခစားပျပ်ဝပ်ပြီး ရိုကျိုးပြုစုခဲ့ရတာ။ အိမ်အလုပ်တွေလည်း ကျုံးလုပ်ရသေး၊ အဖေကြီးနဲ့မွေးထားတဲ့ အနီတို့မောင်နှမ ခြောက်ယောက်ကိုလည်း ချေးကလူသေးကလူ လူမွှေး လူတောင်ပြောင်အောင် ပျိုးထောင်ပေးရသေးတဲ့ဟာ။ ဒါတောင် ယောကျာ်းတွေဟာ သေသွားတဲ့အခါ ကျေးဇူးရှင်ဖြစ် ရသေးသတဲ့။

အဖေကြီးကဖြင့် အလုပ်ကပြန်လာတာနဲ့ ပက်လက်ကုလားထိုင်ပေါ်က မဆင်းတော့တာ အိပ်ယာဝင်တဲ့အထိပဲ။ မနက်ဆိုလည်း မိုးမလင်းသေးဘူး၊ အမေက မီးဖိုထဲရောက်ပြီ။ ညတုန်းက “အစ်ကို မနက်ကျ ဘာစားချင်လဲ” မေးထားတဲ့အတိုင်း အဖေကြီးနှုတ်ကထွက်ကျရာ စားစရာတစ်ခုခုကို ပြင်ဆင်နေရပြီ။ ထမင်းဆီဆမ်းကို ကြက်ဥပြုတ် ကလေး၊ မြေပဲလှော် ကလေးနဲ့ ဖြစ်ရင်ဖြစ်၊ ပဲကတ္တီပါနဲ့ကြက်သွန်နီပါးပါးလှီးပြီး သုတ်ထားတာလေးနဲ့ ထမင်းကြမ်းခဲ ကလေးကို ရေနွေးကြမ်းနဲ့ ပဲဖြစ်ဖြစ်ပေါ့ စီစဉ်နေရပြီ။ ပြီးရင် အဖေကြီးက အလုပ်သွား၊ အနီတို့ မောင်နှမလေးယောက်က ကျောင်းသွား၊ အနီ့အောက်က မောင်အငယ်ကောင်နှစ်ကောင်က အဲဒီတုန်းက ကျောင်း မနေရသေးဘူးလေ။

အနီတို့မောင်နှမတွေ လော်ပို့ကဒ်လာလို့ အတန်းထဲမှာ အဆင့်က ဟိုးအောက်ဆုံးကဆိုရင် အဖေကြီးက အမေ့ကို ဆူသေးတာ။ ကလေးတွေကို စာမသင်ပေးရကောင်းလားဆိုပြီးတော့။ အဆိုးဆုံးကတော့ အနီပေါ့။ အတန်းထဲမှာ လူလေးဆယ်ရှိရင် အနီက အဆင့်သုံးဆယ့်ခြောက်လောက်က မတက်ဘူး။ အနီကမှ မှတ်ဉာဏ်မကောင်းတာ။ စာတစ်ပုဒ်ကို အကြာကြီးကျက်ရတယ်၊ ပြီးပြန်တော့လည်း ခဏလေးနဲ့ မေ့ရော။ အနီ စဉ်းစားကြည့်တယ်။ စာတစ်ပုဒ်ကို ခဏလေးနဲ့ရပြီး အကြာကြီးနေမှမေ့သွားရင် ကောင်းမယ်၊ အဲသလို အနီ့မှတ်ဉာဏ်က ပြောင်းပြန်ကောင်းသွားလည်း အဟုတ်သားလို့လေ။

ဘယ်လိုပဲ အနီက စာတတ်ချင်တတ်ချင်၊ ရှစ်တန်းလည်းရောက်ရော အနီ့ကျောင်းပညာရေးက ဂိတ်ဆုံးသွားရော။ အနီက ကျောင်းနေချင်သေးတာပါ၊ စာမကျက်ချင်ပေမဲ့ ကျောင်းမှာဆော့ရတာကို အနီက ပျော်တာ။ ဒါပေမဲ့ အနီက စာမေးပွဲတဖုန်းဖုန်းကျနေတော့ အမေက ဆက်မထားနိုင်တော့ဘူး၊ အငယ်နှစ်ကောင်က ငါးတန်းနဲ့ သုံးတန်းမှာ ရောက်နေကြပြီ။ နောက်တစ်ခု အနီရှက်တာက အတန်းထဲမှာ ခုနှစ်တန်းအောင်လို့ ရှစ်တန်းတက်လာတဲ့ အတန်းသားအသစ်တွေက အနီ့ပုခုံးလောက်ရှိတာ။ ဒီနှစ် အနီ အပျိုဖြစ်ပြီလို့လည်း အမေက ပြောတယ်။ ဒီတော့ အနီက ရှက်တာပေါ့။ 

အဖေကြီးရဲ့အမေ၊ အနီတို့ဖွားဖွားကြီးက အနီတို့အိမ်ရှေ့မှာ ကုန်ခြောက်ဆိုင်လေး တည်ပေးတယ်။ အဲဒါနဲ့ ရှစ်တန်းနဲ့လည်း ကျောင်းကထွက်ရော အနီ အလုပ်ပါရလေရော။ အနီတို့ဆိုင်မှာ ကြက်သွန်အဖြူ၊ အနီ၊ ငရုတ်သီးအနီအခြောက်တောင့် အပု အရှည်၊ အာလူး၊ ငါးမုန့်ကြော်၊ ဇီးပေါင်းထုတ်လေးတွေအပြင် တစ်ခြားတို့လို့တန်းလန်း ချိတ်ထားတာလေးတွေလည်း ရောင်းသေးတယ်။ 

လေးထောင့်ဖန်ပုလင်းကြီးတွေထဲမှာတော့ ထန်းလျက်တို့၊ ပဲလှော်တို့၊ ကြက်ဥမြေပဲတို့ပေါ့။ ကြက်ဥမြေပဲဆိုလို့ တစ်ခါက အနီတို့ဆိုင်ကို ဈေးဝယ်သူတစ်ယောက်က “ကောင်မလေး နေပြည်တော်ကျောက်ခဲ ရှိလား”တဲ့။ “အနီတို့ ကျောက်ခဲမရောင်းဘူး ဦးလေး၊ စားစရာတွေပဲရောင်းတာ” ဆိုတော့ “နေပြည်တော်ကျောက်ခဲက စားစရာမဟုတ်လို့ နင့်ဘကြီးလား” တဲ့။ ဒါနဲ့ နောက်မှ ဖန်ပုလင်းထဲက ကြက်ဥမြေပဲကို လက်ညှိုးထိုးပြပြီး “ဒီမှာ ဒါ ပြောတာဟ” တဲ့။ အနီ့မှာ ရယ်လိုက်ရတာ။ ကြက်ဥမြေပဲကိုများ နေပြည်တော်ကျောက်ခဲတဲ့၊  အံ့သြပါ့။

@@@@@@@@@@@@@@@

အနီ ဆိုင်မှာထိုင်ရောင်းတိုင်း ပိုက်ဆံမှားအမ်းတာ၊ ပိုက်ဆံအတွက်မှားတာတွေကြောင့် အမေဆူခံ ခဏခဏထိတယ်။ အနီ မပျော်ပါဘူး။ ရောင်းဈေးတွေကိုလည်း ပလတ်စတစ်အထုတ်တွေဆိုရင် အထုတ်ပေါ်ကပ်ထားတာမို့ မမေ့ပေမဲ့ အာလူးတို့ ငရုတ်သီး၊ ကြက်သွန်တို့လို ချိန်ရောင်းရတာတွေကျ တစ်ဆယ်သားဘယ်လောက်ဆိုတာ ဈေးနှုန်းမေ့မေ့သွားတယ်။ အနီကိုက ကံမွဲ ဉာဏ်နည်းလွန်းတာပါ။

ခုတစ်လောတော့ အနီပျော်နေမိပြန်တယ်။ အနီတို့ဆိုင်နဲ့ကပ်လျှက် လမ်းထောင့်ကအိမ်မှာ လက်ဘက်ရည်ဆိုင်အသစ်ဖွင့်တာမို့ အနီပျော်နေတာ။ အဲဒီဆိုင်ကဖွင့်သမျှ သီချင်းတွေ အနီ့ပါးစပ်ထဲ အကုန်ရောက်တာပဲ။ ဆိုင်ပိုင်ရှင်က အဲ့ဒီအိမ်ကိုဝယ်လိုက်တဲ့ တရုတ်ကြီး။ ဦးကျင်ဟုတ်၊ မြန်မာနာမည်ရှိသေးတယ် ဦးသော်ကတဲ့။ သူက လက်ဘက်ရည်ဆိုင် ဖွင့်လိုက်တာ။ ဦးသော်ကက တစ်နေ့ “ဟဲ့အနီ ညည်းတို့ဆိုင်လူပါးရင် ငါ့ လာကူမလား” တဲ့။ ဒါနဲ့ အနီလည်း ဝမ်းသာအားရနဲ့ ကူလုပ်ပေးမယ် ပြောလိုက်တယ်။ အံမယ် ဦးသော်ကက အနီ့ကို တစ်နေ့ နှစ်ထောင်ပေးတယ်။ အလုပ်က စားပွဲထိုးရုံပဲ။ မှာသမျှလေးတွေ စားပွဲပေါ်ချပေးရုံပဲဆိုတော့ အနီ လုပ်တတ်တာပေါ့။ အနီတို့ကုန်စုံဆိုင်ရှေ့မှာ ဝယ်သူလာတာတွေ့ရင် အနီက ဆိုင်ဘက်လည်း ပြေးရောင်းလိုက်တာပဲ။ ဆိုင်အလုပ်လည်း မပျက်ဘူး၊ တစ်နေ့ နှစ်ထောင်လည်းရတယ်ဆိုတော့ အမေ အနီ့ကို ဘာမှ မပြောသာဘူးပေါ့။

ရယ်ရသေးတယ်။ အနီ ဦးသော်ကတို့ဆိုင်မှာ စလုပ်ကာစကပေါ့။ ဆိုင်မှာလာစားတဲ့သူ ပေါက်စီမှာတော့ အနီက ပေါက်စီနှစ်လုံးပါတဲ့ တစ်ပွဲချပေးလိုက်တယ်။ သူက ပေါက်စီကို တစ်ဖဲ့ ဖဲ့ရင်းကနေ “ငရုတ်ဆီရှိလား”တဲ့ မေးတော့ အနီက “မရှိဘူး”ပေါ့။ မရှိလို့ မရှိဘူးပြောတာကို သူက မကျေမနပ်နဲ့ “ဦးသော်က ခင်ဗျားတို့ဆိုင်က ပေါက်စီရောင်းပြီး ငရုတ်ဆီလည်း မရှိပါလား ဘယ်လိုလဲဗျ”တဲ့။ ဦးသော်ကက “ရှိပါတယ်ဗျ ရော့ ဒီမှာ”ဆိုလို့ အနီက ကြည့်လိုက်တော့ ဦးသော်ကမျက်လုံးအကြည့်နဲ့ အနီ အကြည့်ချင်းသွားဆုံတယ်။ ဒါနဲ့ အနီက “ဟင် အဲဒါက ချီလီဆော့ကြီးပဲဟာ” ဆိုတော့ ဦးသော်ကက အနီ့ခေါင်းကို ဒေါက်ကနဲခေါက်ပြီး အော်ရယ်ပါလေရော။ အရူးမ တဲ့။ အနီလည်း နာပေမဲ့ ရောယောင်ပြီးရယ်လိုက်ရသေးတယ်။ အနီပြောတာ မဟုတ်လို့လား…နော်။

နောက်တစ်နှစ်လောက်မှာ အနီတို့ဆိုင်က ဟုတ်တိပတ်တိမှမရောင်းရတော့ ပိတ်လိုက်ရ၊ အဖေကြီးကလည်း သိပ်မကျန်းမာ၊ မောင်လေးအငယ်ကောင်တွေကလည်း ကျောင်းတန်းလန်းနဲ့မို့ အနီတို့ အတော်လေးကြပ်သွားတယ်။ ဦးသော်က တတ်နိုင်သလောက် ဝိုင်းဝန်းစောင့်ရှောက်ပေလို့သာ။ 

အဲဒီမှာတင် ဦးသော်ကနဲ့အနီ ညားဖို့ဖြစ်လာတာ။ အဖေကြီးက ချောင်းဆိုးသွေးပါရောဂါနဲ့ ဆုံးမသွားခင် “စိတ်ချသွားမယ်ဗျာ ဦးသော်က၊ ခင်ဗျား တတ်နိုင်သလောက် စောင့်ရှောက်လိုက်ပါ” ဆိုတာနဲ့။ 

ရပ်ကွက်ထဲကလူတွေဆိုတာကလည်း ကြည့်နေကြတာ။ ဦးသော်ကတော့ အဖေကြီးသေရင် အမေ့ကိုယူမှာပဲလို့ အစကတည်းက သူတို့ ထင်မထားပါဘူးတဲ့လေ။ သိပ်မှန်တာပဲ။ အနီလည်း ရှိစုမဲ့စုအထုတ်လေးဆွဲပြီး ဦးသော်ကတို့ အိမ်ပေါ်ပြောင်းတက်တယ်။ အဲ  အဲ့ဒီမှာ အနီကြားဖူးခဲ့တဲ့စကားတစ်ခွန်း ပြန်ကြားရတော့တာပဲ။ အမေက ဦးသော်ကကို “ကျေးဇူးကြီးလှပါတယ် ဦးသော်ကရယ်” တဲ့။ အနီ့ကိုလည်း “ဦးသော်ကက ညည်းကျေးဇူးရှင်နော် အနီ၊ ညည်း မယားဝတ္တရားကျေပါစေ” တဲ့။ အနီကတော့ ခေါင်းသာညိတ်လိုက်ရတယ်။ ကျေးဇူးရှင်ဆိုတဲ့စကားကြီးအပေါ် ဘဝင်မကျသလို အမြင်လည်း မရှင်းဘူး။

ဦးသော်က သားတွေ သမီးတွေကလည်း အိမ်ထောင်ခွဲတွေမို့ သူတို့အဖေ တစ်ပင်လဲလို့ တစ်ပင်ထူတာကို ဘာမှ ဝင်မပြောကြပါဘူး။ ဦးသော်ကသမီး အငယ်မကသာ သူနဲ့ရွယ်တူလောက်ရှိတဲ့ အနီ့ကို မိန်းမအဖြစ်ယူရပါ့မလားလို့ ဦးသော်ကကိုစိတ်ကောက်ပြီး အနီတို့ ဘုန်းကြီးဆွမ်းကပ်တော့ မျက်နှာတောင် လာမပြဘူးလေ။

အနီက ဆိုင်စားပွဲထိုးကနေ ချက်ချင်း ဆိုင်ကြီးရှင်မ၊ အိမ့်ကြီးရှင်မ ဖြစ်သွားတော့တယ်။ အနီ ပျော်တယ်။ ဦးသော်ကက အနီ့ကို အလိုလိုက်တယ်။ ဟင်းဆိုလည်း နေ့တိုင်းဟင်းကောင်းတွေချည်း စားရတာပဲ။ အနီနဲ့ဆို ဦးသော်ကတို့ ပြုံးနေလိုက်တာ များ ရွှေသွားကြီးနှစ်ချောင်း တဝင်းဝင်းနဲ့ရယ်။

@@@@@@@@@@@@@@@

တစ်ခါတစ်လေ အမေ ငွေလိုလို့ အိမ်လာချေးတဲ့အခိုက်နဲ့ ဦးသော်က သားကြီး သမီးကြီးတွေ အိမ်ရောက်လာတဲ့ အချိန်နဲ့တိုးရင်များ အနီတို့သားအမိကို မျက်စောင်းချီလို့ မဆုံးနိုင်တော့ဘူး။ အနီတို့ကပဲ ငွေမက်လို့ သူတို့အဖေကို အပိုင်ချည်လိုက်သလိုလို။ အနီ့မှာဖြင့် သူတို့အဖေ အသက်ကြီးကြီးကို ကျေးဇူးရှင်အတော်ခံပြီး ယူလိုက်ရတာကိုများ။ 

သူတို့ကရော ဘာထူးသေးလို့လဲ။ သူတို့အိမ်ပြန်ရင် စားစရာသောက်စရာ ဆိုင်ကမုန့်တွေကအစ သယ်သွားလိုက်ကြတာ။ ပြီးတော့ အကြီးမဆိုလည်း အနီတို့မင်္ဂလာဆွမ်းကျွေးလာတုန်းက ဘာမှပါမလာလို့ဆိုပြီး ဦးသော်ကအရင်မိန်းမ ပစ္စည်းတွေထဲက ပတ္တမြားတစ်ဆင်စာ ထုတ်ဆင်လိုက်တာ ပွဲလည်းပြီးရော ရူးချင်ယောင်ဆောင်ပြီး ပြန်ပေးမသွားဘူးလေ။ အနီလည်း ဘာမှပြော မနေတော့ပါဘူး၊ သူ့အမေပစ္စည်း မဟုတ်လား။ လိုချင်လည်း ယူပါစေပေါ့။ 

လူတွေဟာ ခက်ကို ခက်တယ်။ အနီကဖြင့် ဘာမှ မမက်ပါဘူး။ ကောင်းကောင်းနေ  ကောင်းကောင်းစားရတဲ့အပြင် နေ့တိုင်း အမေ့အိမ်ကို ဆီပြန်ဟင်းတစ်ခွက်ရောက်နေနိုင်တာကိုပဲ ကြေနပ်လှပြီ။ မိုးတွင်းရောက်ပြီဆို အနီတို့အိမ်မှာတုန်းက အိမ်လုံးပြည့် ပုံးတွေ ခွက်တွေနဲ့ ရေခံထားရတယ်။ ခေါင် ပြန်မမိုးနိုင်တာမို့ မိုးမလုံတော့ အနီတို့မောင်နှမတွေ မိုးလုံရာထောင့်မှာ ကုပ်ကုပ်လေးတွေ စုထိုင်နေခဲ့ကြရတာ။ သိပ်ဒုက္ခရောက်တာပဲ။ ဦးသော်ကအိမ်မှာကျတော့ သွပ်မိုးပေါ် မိုးကျသံလေးတစ်ဗြောင်းဗြောင်းနဲ့ အနီ့မှာ ဇိမ်ကျပြီး ကွေးလို့ကောင်းမှ ကောင်း။ အနီ့အတွက် အဝတ်အစားဆိုလည်း ဦးသော်ကပဲ ကြုံရင် ကြုံသလို ဝယ်ဝယ်လာတတ်တယ်။ အနီကြည့်ချင်တဲ့ ဗီဒီယိုကားတွေဆိုလည်း ဦးသော်ကပဲ ညတိုင်း ငှားလာပေးတာ။ ဒီလောက်နဲ့ပဲ အနီ ပျော်လှပါပြီလေ။

@@@@@@@@@@@@@@@

ဦးသော်ကဟာ အင်မတန် ကျန်းမာရေးကောင်းတဲ့သူ။ ကိုယ်ပူ ခေါင်းကိုက်တောင် ဖြစ်ခဲလှတာ။ ဒီနေ့မနက်အစောကြီး ငါ့ရင်ဘတ်အောင့်တယ် အောင့်တယ် ဆေးရုံသွားချင်တယ်ဆိုတာနဲ့ ဆေးရုံပို့ဖို့ပြင်တုန်း အသက်တောင် ရှူမရတော့ဘူး ဖြစ်လာရော။ ဒါနဲ့ အိမ်နားက ဆရာဝန်ပဲ စောစောစီးစီး အိမ်တံခါးသွားခေါက်ပြီး ပင့်ခဲ့ရတော့တယ်။ ဆရာဝန်အိမ်ရောက်တော့ ဦးသော်က အသက်မရှူတော့ဘူး။ လိုအပ်တာတွေ စမ်းသပ်ကြည့်ပြီး ဆရာဝန်က ခေါင်းခါပြတယ်။ မရတော့ဘူးဗျာ တဲ့။ ဒါနဲ့ အနီလည်း ဦးသော်ကဆွေမျိုးတွေဆီ လှမ်းအကြောင်းကြားရတယ်။ အမေကတော့ ငိုနေပြီ။ အနီလည်း ဝမ်းနည်းလွန်းလို့ မျက်ရည်ကျမိပေမဲ့ အဖြစ်အပျက်တွေက မြန်လွန်းတော့ အခြေအနေကို ဘယ်လိုမှ လက်ခံလို့ မရသလိုဖြစ်နေတယ်။

ကြွေးရှင်တွေကလည်း ဦးသော်ကသေမှပဲ လာလိုက်ကြတာဆိုတာ။ ရင်ထဲကအပူတွေကို ဦးသော်ကက တစ်ယောက်ထဲ ကြိတ်ခံသွားခဲ့တာ တဲ့။ အနီ့ကိုလည်း မပြောဘူး။ ပြောပြလည်း အနီက ဘာလုပ်တတ်မှာမို့လဲနော်။ အိမ်ကြီးက ပေါင်ထားတာမို့ အတိုးရော အရင်းပါ မဆပ်နိုင်ရင် ဆင်းပေးရမတဲ့။ ဦးသော်က လောင်းကစားလုပ်တယ်ဆိုတာ အနီသိပေမဲ့ ပိုင်သမျှပစ္စည်းတွေ ချေး ငှား ပေါင်ထားရလောက်အောင် အရှုံးကြီး ရှုံးနေလိမ့်မယ်လို့ အနီ ဘယ်သိပါ့မလဲ။ ခုတော့ ဦးသော်ကပိုင်အိမ်ကြီးပေါ်က လက်ချည်းပဲ ဆင်းရမဲ့အဖြစ်။ အို  ဘာပဲဖြစ်ဖြစ် အနီက ဝမ်းမနည်းပါဘူး။ အရင်ကလည်း အနီ ဒီလိုပဲ နေလာတာပဲဟာ။ အမေ့အိမ်ပေါ် ပြန်တက်ရုံပေါ့။

@@@@@@@@@@@@@@@

အမေကတော့ ဝမ်းနည်းတာအပြင် ကြေကွဲနေသလားပဲ။ ငါ့သမီးလေး ငယ်ငယ်ရွယ်ရွယ် မုဆိုးမဖြစ်ရရှာတယ် တဲ့၊ ပြောမဆုံးဘူး။ ဦးသော်ကအကြွေးတွေ ထိုးဆပ်လိုက်ရတာမို့ အိမ်ပေါ်ကနေ လက်မဲ့ဆင်းရတဲ့အဖြစ်က အမေ့အတွက် ပိုဝမ်းနည်းစရာများ ကောင်းနေမလား နော်၊ အနီ တွေးကြည့်တာပါ။ 

အသုဘကားတွေလာတော့ ရပ်ကွက်ထဲကလူတွေ အသီးသီး ကားပေါ်တက်ကြ၊ ယပ်တောင် ဝေတဲ့သူက ဝေ၊ တရားစာအုပ်လေးတွေ၊ ရေဘူးတွေ ဝေတဲ့သူက ဝေနဲ့ လှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်။ အနီနဲ့အမေလည်း ဦးသော်ကသားကြီးမောင်းမဲ့ကားပေါ် ပါသွားတယ်။ 

ကားလည်းစထွက်ရော ဦးသော်က သမီးတွေ၊ ဆွေမျိုးတွေမှာ ငိုလိုက်ကြတာ။ အမေက အနီ့ကို တံတောင်နဲ့ တွက်တယ်။ မျက်နှာအမူအယာနဲ့လည်း ပြတယ်။ “အနီ ညည်းလည်းငိုလေ”ဆိုတဲ့ သဘော။ အမေကတော့ “ကျေးဇူးရှင်ကြီးရဲ့ ကျွန်မ သမီးလေးကို တစ်ယောက်ထဲ ထားသွားပြီလား” တဲ့ ပြောပြောငိုငိုရယ်။ လာပြန်ပြီ ဒီကျေးဇူးရှင်….။ အမေ့နှယ်  ခက်ပါ့။ အနီတို့ အမေတို့ပိုင်တဲ့ အိမ်ကိုတောင် အိမ်တိုင်ချွတ်ပြီး ဦးသော်ကအကြွေးဆပ်မပေးလိုက်ရတာ ကံကောင်းလို့။

အနီလည်း မုသွင်းတာပဲ။ မျက်တောင်တွေကိုမခတ်ဘဲ လေထဲမှာ တန်းလန်းထား၊ မျက်လုံးတွေ စပ်လာရင်များ ငိုလို့ ရမလားပေါ့နော်။ မျက်ရည်ကလည်း ညှစ်ထုတ်မှ ထွက်မလိုပဲ ခက်လိုက်တာ။ တအီးအီးငိုနေတဲ့သူတွေကိုကြည့်ပြီး အနီက ရယ်ချင်နေတာ။ ခက်တာပဲ။

ကားက တစ်နေရာအရောက်မှာ ဆောင့်ကနဲရပ်သွားတော့ အနီ့လက်က ယောင်ရမ်းပြီး ရင်ဘတ်ဖိမိလိုက်တာ။ အဲဒီတော့မှ ဘော်လီအင်္ကျီ အတွင်းဘက်မှာ ချိတ်ကလေးနဲ့တွဲချိတ်ထားတဲ့ လက်ကိုင်ပုဝါအထုတ်ကလေးကို စမ်းမိရက်သားဖြစ်သွားတယ်။ သေချာအောင် လက်ကလေးနဲ့ အသာလေးဖိကိုင်ကြည့်လိုက်သေးတယ်။ ရှိသေးတယ်၊ လက်ကိုင်ပုဝါအထဲမှာ ဂွမ်းကလေးနဲ့ ထုတ်ထားတာ၊ ရှိနေတုန်းပဲ သေချာတယ်။ 

အနီကံကောင်းတာက ဦးသော်ကပါးစပ်ဟာ ခပ်ဟဟလေးဖြစ်နေပေမဲ့ သူ့ပါးစပ်ထဲ ရွှေသွားနှစ်ချောင်း မရှိတော့ဘဲ ဟောင်းလောင်းပေါက်ကြီးဖြစ်နေတာကို ဘယ်သူကမှ သတိထားမိဟန် မတူတာ။ အနီ ခပ်တွေတွေဖြစ်နေတုန်း အမေ့တံတောင်ဆစ်က အနီ့နံကြားထဲ နောက်တစ်ခေါက်အတွက်မှာ အနီလည်း ပါးစပ်ကထွက်မိထွက်ရာ ပြောငိုမိတော့တယ်။

“အီးဟီး  ကျေးဇူးရှင်ကြီးရဲ့ အနီ့ကို တစ်ယောက်ထဲ ထားသွားပြီလား ဟီး…”

မျက်ရည်တွေညှစ်ထုတ်ရင်းက အနီ့စိတ်ထဲ တွေးနေမိသေးတယ်။ ဦးသော်ကအိမ်ကြီးပေါ်ကနေ အနီ လက်မဲ့ဆင်းလာတာ မဟုတ်ဘူးဆိုတာ အပြန်ကျမှ အမေ့ကိုပြောပြရဦးမယ်လို့…..။



New Style-စတိုင်သစ် မဂ္ဂဇင်း - အောက်တိုဘာလ-၂၀၁၃



အဝတ်လှမ်းခြင်းဋီကာ VS ကိုယ်ချင်းစာတရား

$
0
0

ဒီနေ့ ကျွန်မ အိပ်ရာကစောစောနိုးတာနဲ့ အိမ်ကလူ စက်ထဲထည့်လျှော်သွားတဲ့ အဝတ်တွေကို ထုတ်လှမ်းဖို့ ပြင်တယ် (နောက်ကျမှနိုးလည်း ကျွန်မပဲ လှမ်းပါတယ်)။ ထုံးစံအတိုင်းပေါ့၊  နောက်ဖေး မီးဖိုချောင်ဘေးနဲ့ တစ်ဘက်မျက်နှာချင်းဆိုင်မှာရှိတဲ့ ရေချိုးခန်းနဲ့ကို ဝါးလုံးတန်းထိုးပြီး လှမ်းရတာပါ။ လှမ်းနေတုန်းရှိသေး အပေါ်က ရေတစက်စက်ကျနေတာကို သတိထားလိုက်မိတယ်။ လုပ်ပြီ….။  အဲဒီအပေါ်က အဲလိုပဲ။ 

အတိအကျပြောရရင် ကျွန်မတို့အပေါ်ထပ်ရဲ့ နောက်အပေါ်က အထပ်ကပါ။ ဒါ တစ်ကြိမ်ထဲလည်း မဟုတ်တော့ဘူး။ ဟိုအရင်ခါတွေတုန်းကလည်း သူတို့အိမ်တံခါးခေါက်ပြီး သွားပြောပြီးပြီ။ သူတို့က ပြည်ကြီးတရုတ်တွေ ထင်ပါရဲ့(အဲလိုဆိုတော့ ကျွန်မကို ဒစ်-ခရီ-မီ-နိတ်လုပ်တယ် မြင်ကြဦးမယ်)။ စလုံးတရုတ်တွေက သူတို့လူနေမှုစနစ်နဲ့ သူတို့ အံဝင်ပြီးသား။  ဘာ မလုပ်ရဘူး၊ ဘာ လုပ်လို့ရတယ် နောကျေပြီးသား။ ကိုရွှေပြည်ကြီးတရုတ်တွေသာ ငါ့မြေ ငါ့ပြည် ငါ့အဖေဆိုပြီး ကိုယ်ပိုင်မြေပေါပေါကွင်းပြင်ကျယ်ကြီးထဲ အဝတ်အခြောက်လှမ်းတယ် မှတ်တတ်ကြတာကလား။ 

တခါတုန်းကများ အဝတ်တောင်မဟုတ်ဘူး။ ကြမ်းတိုက်တံ (Mop) ကို ရေစက်လက်နဲ့ ထုတ်လှမ်းထားတာ။ အဲဒီကနေ ကျွန်မတို့ အဝတ်တွေပေါ်ကျတဲ့ ရေစက်တွေက ဘာအရောင်ဖြစ်မယ် စဉ်းစားသာ ကြည့်ကြပါတော့ (အဖြူပေါ်မှာများဆို မီးခိုးရောင်အပွင့်ကလေးတွေ ရိုက်ပြီးသား)။  ဒါနဲ့ မဖြစ်ချေဘူးဆိုပြီး အိမ်ကလူကြီးကို လူမိုက်ငှားရတယ်။ အိမ်ကလူကြီးကလည်း "ကြင်နာသူအတွက်ဆို မိုးကောင်းကင် ဒူးနဲ့တိုက်မယ်"သီချင်းလေးညည်းရင်း သူတို့ရှိရာ (၆) ထပ်အခန်းကို ချီတက်သွားပါရော။  ဟိုကျတော့ အဘိုးကြီးက နိုး-အင်းဂလရှ်၊ နိုး-ဘားမီးစ်ဆိုတာနဲ့ ခြေဟန်လက်ဟန်နဲ့ အင်တာနေရှင်နယ်လန်းဂွေ့ခ်ျ သုံးပြီး ပြောခဲ့ရသတဲ့။ အဲ့တစ်ခေါက် အဆင်ပြေသွားတယ်။ 

မှတ်သားသွားလောက်ပါပြီလေလို့ ထင်တာ။  နောက်ထပ်အကြိမ်တွေမှာလည်း အဲသလိုပဲ ထုတ်လှမ်းထားပြန်တယ်။ ငါ့နှယ်နော် ဒီလူတွေနဲ့ ခက်ပြီလို့ တွေးမိရတယ်။ အိမ်ကလူများ အပြောအဆို လိုလေသလား၊ အဘိုးကြီးနဲ့ ဘယ်လိုများ နားလည်မှုတွေ လွဲလာခဲ့တယ် မသိ။

နောက်ဆုံးတော့ ခဏခဏ အပေါ်ထပ်တက်တက်ပြီး ပြောရတာ မောလာတဲ့အခါ ကိုယ့်ဖာသာပဲ ရှောင်ကွန်နရီ လုပ်တတ်လာတော့တယ်။ ရေစက်က ဒီဘက်ကကျရင် ကိုယ့်ဝါးလုံးတန်းလေးကို ဟိုဘက်နည်းနည်းရွှေ့လှမ်း၊  ရေစက်က ဟိုဘက်ကကျရင် ကိုယ့်ဝါးလုံးတန်းလေးကို ဒီဘက်နည်းနည်းရွှေ့လှမ်းပေါ့၊ အဲသလိုကလေး ရှောင်လှမ်းပြီး ယောနိသော မနသိကာရလိုက်ရတော့တာပဲ။

ခုလည်း ဒီလိုပဲ လှမ်းလိုက်တော့တယ်။ အေးတာပဲ။ လောကကြီးကို တနည်းမဟုတ် တနည်း ငြိမ်းချမ်းစေချင်လို့ ကွန်ပလိန်းတွေ ဘာတွေ တက်မနေတော့ပါဘူး။

ပြောချင်တာက ကိုယ်ချင်းစာတရား။ လူတွေမှာသာ ကိုယ်ချင်းစာတရားလေး လက်ကိုင်ထားရင် (အင်း လက်ကတော့ ကိုင်ထားပါရဲ့၊ ထုတ်မသုံးဖြစ်တာ) ဒါမျိုးတွေ ဖြစ်စရာ အကြောင်းကို မရှိဘူး။ စား-ဝတ်-နေ ဘယ်နေရာမှာမဆို ကိုယ်ချင်းစာတတ်ဖို့ပဲ။ စားတဲ့နေရာမှာလည်း ကိုယ်ချင်းစာတတ်ဖို့၊ ဟိုလူကြီး ပြောသလို တစ်နပ်လျှော့စားလို့တော့ ပြောနိုင်ပေါင်တော်။  ကိုယ်တွေလည်း လျှော့စားနိုင်တာမှ မဟုတ်။ ဝတ်တဲ့နေရာ၊  နေတဲ့နေရာ အတူတူပါပဲ။ ဘယ့်နှယ် ဖယောင်းတိုင်လေးထွန်းပြီး ကိုယ့်အိမ်ထဲ ကိုယ်နေကြလို့လည်း ပြောနိုင်ပါဘူး။ ဖေ့စ်ဘုတ်က ဖယောင်းတိုင်နဲ့မှ သုံးမရတာပဲ။ ဆိုတော့ကာ အဲသလို အင်-ခွန်-ဆီး-ဒရိတ်-ဘီဟေဗီယာသမားတွေ လောကကြီးထဲမှာ လျော့သထက် လျော့လာဖို့ အတော်လိုပေတာပဲ။

ကိုယ်ချင်းစာတရားလို့ဆိုတဲ့အတိုင်း ကိုယ်က စတယ်။ ကိုယ်သာဆိုရင်…..ဆိုတာကနေ စတယ်။ ကိုယ်သာဆိုရင် ကိုယ့်အပေါ်ထပ်ကနေ အဲသလို အဝတ်ရေစက်လက်တွေ လှမ်းရင် ကြိုက်ပါ့မလား….။ ဒီလောက်ကလေး တွေးလိုက်မိဖို့ပဲ။ ဒါဆို လောကကြီးထဲနေရတာ သာသာယာယာရှိသွားပြီ။

ဒါပါပဲ။ ကျွန်မလည်း ကျွန်မလောကကြီး သာသာယာယာရှိချင်ပါတယ်။  မိတ်ဆွေတို့အားလုံးရဲ့ လောကကြီးလည်း သာသာယာယာရှိကြပါစေ…..။

တရားဝင်ဖြစ်သွားအောင် အခမ်းအနားကို ကြွေးကြော်သံလေးနဲ့ ရုတ်သိမ်းကြရအောင်.... 
"ကိုယ်ချင်းစာတရားရှိကြဖို့အရေး  တို့အရေး  တို့အရေး" (၃ကြိမ်၃ခါ အော်ကြစေ)


ကိုယ်ချင်းစာတရားများနှင့် သင်တို့ရဲ့.... 
ချစ်ကြည်အေး  
:)


CKA’s death note

$
0
0
 
ကျွန်မက သေခြင်းတရားကို စိတ်ဝင်စားသူ။ သေခြင်းတရားဆိုတဲ့နေရာမှာ သေပြီးနောက်ဆိုတာကို ဂရုစိုက်နေမှာ မဟုတ်ဘူး။ ဘယ်သူငိုငို  ဘယ်သူဆွေးဆွေး ဒါ ကျွန်မကိစ္စမဟုတ်။ ကျွန်မ စိတ်ဝင်စားတာက မသေခင်ကာလအပိုင်းအခြားငယ်လေး တစ်ခု။ 
ဆိုကြပါစို့ လူတစ်ယောက်ဟာ သူ သေတော့မယ်လို့ (၃)လ ကြိုတင်သိနေတယ်။ ဒါဟာ သူ့အတွက်တော့ နောက်ခရီးတစ်ခုဆက်ဖို့ အကောင်းဆုံး ပြင်ဆင်နိုင်တဲ့ အနေအထားပဲ။ ကြိုတင်မသိရဘဲ မတော်တဆမှုတွေမှာ ပါဝင်သေဆုံးသွားတာမျိုးနဲ့စာရင် ဒါဟာ လောကကြီးကို အနိုင်ပိုင်းနိုင်မယ့် အခွင့်အရေးကို ပိုင်ဆိုင်ရလိုက်တာပဲ။ ကျွန်မကတော့ သိခွင့်ရရင် အဲသလိုကြိုတင်သိချင်မိတယ်။
ကျွန်မပြောခဲ့သလို အဲဒီအခွင့်အရေးကိုရပါပြီ တဲ့။  ကျွန်မ ဘာလုပ်မလဲ….။

ပထမဦးဆုံး ကျွန်မ တုန်လှုပ်ကြေကွဲလိမ့်မယ်။

ဘုရားရှေ့သွားပြီး ကျွန်မစိတ်တွေကို တည်ငြိမ်အောင် ကြိုးစားမှာပဲ။ ကျွန်မ အတတ်နိုင်ဆုံး တရားရှု့မှတ်မှုနဲ့ စိတ်ကို အနည်ထိုင်စေမယ်။ အတော်အတန်တည်ငြိမ်လာတဲ့အခါ ကျွန်မ ဘာလုပ်ရမယ်ဆိုတာကို စတင်စဉ်းစားမယ်။ ကျွန်မဘယ်လိုသေမှာလဲ…။ အငြင်သာဆုံး အသိမ်မွေ့ဆုံးနောက်ဆုံးထွက်သက်ကို ရဖို့၊ လူ့လောကကြီးထဲက အေးအေးညင်ညင်ထွက်ခွာသွားနိုင်ဖို့ ကျွန်မ ပြင်ဆင်မယ်။ အချိန်ကလေးတစ်ခု သတ်မှတ်ပြီး တရားအားထုတ်မယ်။ ဖြစ်နိုင်ရင် တရားရိပ်မှာပဲ သေမယ့်နေ့ကို တရားအားထုတ်ရင်း စောင့်ချင်တယ်။ ဒါပေမယ့် ကျွန်မ မသေချာဘူး။ စိတ်ထဲမှာတော့ သေမယ့်အရေးတွေးကြောက်နေမှာထက် ငါ အနိုင်ပိုင်းလိုက်နိုင်ပြီ ပြင်ဆင်ချိန်ရလိုက်ပြီ လို့သာ ခပ်နာနာတွေးပေးနေရမှာပဲ။

ဒုတိယအနေနဲ့ ကျွန်မမှာရှိတဲ့စာအုပ်တွေကို မပြည့်မစုံရပ်တည်နေရတဲ့ စာကြည့်တိုက်ကလေးတစ်ခုကို လှူခဲ့မယ်။ ကျွန်မအဝတ်အစားတွေကို နွမ်းပါးတဲ့ ဆွေနီးမျိုးစပ်တွေကို ပေးကမ်းခဲ့မယ်။ သူတို့မလိုလို့ ပိုလျှံတဲ့အခါမှ တစ်ခြားလိုအပ်နေသူတွေအတွက် ပေးလှူစေမယ်။  ကျွန်မပိုင်တဲ့ ပန်းချီပစ္စည်းတစ်ချို့၊ အသုံးအဆောင် အလှအပပစ္စည်းတစ်ချို့ ဒါတွေကိုလည်း လိုသူတွေ ယူနိုင်စေဖို့ ကျွန်မ စီစဉ်မယ်။

ကျွန်မဖေ့စ်ဘုတ်ပေါ်မှာတင်ထားတဲ့ ကျွန်မဓါတ်ပုံတွေ ဖျက်ပစ်ခဲ့မယ်။ ကျွန်မ ရိုက်ခဲ့တဲ့ ဓါတ်ပုံတွေ၊ ကျွန်မ မတောက်တခေါက်ဆွဲခဲ့တဲ့ ပန်းချီကားလေးတွေ၊ အသံတိမ်တိုက်ထဲက ကျွန်မ ဝါသနာအရဆိုခဲ့တဲ့ သီချင်းတွေ…..အားလုံးကို ကျွန်မ ချစ်သူခင်သူတွေအတွက် အမှတ်တရပေးခဲ့မယ်။ တစ်ယောက်ချင်းစီအတွက်ပေါ့။ ဒီပုံလေးကဖြင့် ဘယ်သူ့အတွက်၊  ဒီကားလေးကဖြင့် ဘယ်ဝါ့အတွက်၊ ဘယ်သီချင်းလေးကဖြင့် ဘယ်သူ့အတွက် အဲသလို…..။ ပြီးတော့ ကျွန်မ ရေးခဲ့တဲ့ ဘလော့ဂ်လေး…..။ ကျွန်မ ချစ်ခင်ရတဲ့သူလက်ထဲ ပုံအပ်လို့ သူ့ကိုပဲ ဆက်လက်အသက်သွင်းစေခဲ့မယ်။ သူ ဆန္ဒရှိရင်ပေါ့….။

တတိယအနေနဲ့ မိဘဆွေမျိုးတွေဆီ လိုက်လံ နှုတ်ဆက်မယ်။ ကျွန်မ မသေခင် တွေ့ချင်တဲ့ ချစ်သူခင်သူတွေဆီ ခရီးထွက်မယ်။ ကျွန်မ မရှိတဲ့အခါ သူတို့ဘဝကို ပုံမှန် ဆက်လက်လည်ပတ်ပါမယ့်အကြောင်း ကတိတစ်ခု သူတို့ဆီက လိုချင်တယ်။ ကျွန်မကို သတိရလွမ်းဆွတ်မနေဖို့ ပြောခဲ့မယ်။  လလည် နှစ်လည် သတိတရဆွမ်းတွေကပ်နေမယ့်အစား ဘုရားကိုသာ ဆွမ်းတော်မှန်မှန်ကပ်ဖို့အကြောင်း မှာခဲ့မယ်။

စတုတ္ထတစ်ခုအနေနဲ့ အသက်ရှင်နေစဉ်မှာ ကျွန်မ မသိလိုက်ဘဲဖြစ်စေ၊ သိသိကြီးနဲ့ဖြစ်စေ ကိုယ်စိတ်နှလုံး သုံးပါးစလုံးနဲ့ ပြစ်မှားမိခဲ့ဖူးသူတွေအပေါ် အပြစ်ရှိသမျှ ခွင့်လွှတ်ဖို့အကြောင်း ဝန်ချတောင်းပန် ချင်သေးတယ်။ မိတ်ဆွေတွေကိုလည်း အသက်ရှင်သန်ခွင့်ရစဉ်မှာ တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင် နေထိုင်ကြဖို့၊ တစ်ယောက်တန်ဘိုးကို နောက်တစ်ယောက်က နားလည်ဖို့၊ လိုအပ်ချက်တွေ ရှိတဲ့အခါတိုင်း ဖြည့်တွေး ခွင့်လွှတ်ကြဖို့ မှာချင်တယ်။

နောက်ဆုံးတစ်ခုအနေနဲ့ (အသက်ရှင်နေနိုင်သေးတဲ့) နှစ်ဘက်မိဘနဲ့ ကျွန်မထက် အသက် တစ်နေ့တစ်ရက်တစ်မနက်ကြီးသူတွေကို ကန်တော့မယ်။ ကျွန်မအပေါ် နားလည်ခွင့်လွှတ်ခြင်းများစွာနဲ့ ချစ်မြတ်နိုးရှာခဲ့တဲ့ ကျွန်မရဲ့အိမ်ထောင်ဘက်ကို ထိခြင်းငါးပါးနဲ့ ပျပ်ဝပ်ရိုကျိုးခဲ့မယ်။ သားသမီးရယ်လို့ မရှိတဲ့အတွက် အဲသည်ကြိုးတစ်ချောင်းရဲ့ ချည်နှောင်မှုကင်းပုံကို ကျွန်မ ကျေနပ် မိနေမယ့်အချိန်လည်း ဖြစ်ကောင်းဖြစ်မယ်။

ဒါဟာ သေဆုံးခြင်းဆိုတာထက် ခရီးအသစ်တစ်ခုရဲ့ အစပျိုးခြင်းလို့ မှတ်ယူဖို့ နီးစပ်ရာတိုင်းကို နှစ်သိမ့်ခဲ့မယ်။ သံသရာကိုယုံကြည်တဲ့အလျောက် မလွတ်မြောက်နိုင်သေးတဲ့ ကျွန်မလို ပုထုဇဉ်အတွက် ဖြစ်လေရာရာ ဘဝတိုင်းမှာ သစ္စာတရားများကို ဟောကြားတတ်သော ဆရာကောင်းများနဲ့ တွေ့ဖို့၊ အမြတ်ဆုံးသောသစ္စာတရားများကို နာကြားနိုင်သော ကိုယ်အင်္ဂါပြည့်စုံဖို့၊ အာရုံခံရုပ်များအားလုံး ကောင်းမွန်ဖို့ ကျွန်မ ဆုတောင်းမယ်။ ဖြစ်လေရာဘဝမှာ မရှောင်လွှဲနိုင်လို့ ကြုံတွေ့ရခဲ့ရရင်တောင် သမုဒယသံယောဇဉ်ဆိုတဲ့ အပူမီးကို လွယ်လွယ်ဖြတ်တောက်နိုင်တဲ့သူ ဖြစ်စေဖို့ ဆုတောင်းချင်သေးတယ်။

တကယ်တော့ ဆုတောင်းခြင်းဆိုတာ မိမိကိုယ်ကို နှစ်သိမ့်ခြင်းလို့ သိနေတဲ့အတွက် အဲဒီအပိုင်းကို ခဏမျှသာ အချိန်ပေးပြီး ခန္ဒာကို ရှု့မှတ်နေခြင်းနဲ့သာ နောက်ဆုံးထွက်သက်ကို ကုန်စေမယ်။ ရယ်စရာကောင်းတာတစ်ခုက ကျွန်မခန္ဓာကိုယ်ကို လှူဒါန်းခဲ့ရမယ့်အရေးကို ရှက်နေတာပဲ။ ကျွန်မခန္ဓာကိုယ်ကို ခွဲစိတ်လှီးဖြတ်ခံရမှာထက် သေပြီးကာမှ ကျွန်မအရှက်ကို လူမြင်သူမြင် မဖြစ်စေချင်တာ။ သေပြီးမှပဲလေလို့ ဘယ်လိုပဲဖြေတွေးတွေး အဲဒီကိစ္စကို ကျွန်မ သွေးကြောင်နေတုန်း၊ အရှက်သည်းနေမိတုန်းပဲ။ 

ဒီတော့ မီးသဂြိ င်္ုလ်ဖို့ ကျွန်မ မှာခဲ့မယ်။ ပြာအိုးတွေ၊  အရိုးပြာတွေဘာတွေ ကောက်မနေဖို့လည်း မှာဦးမယ်။ ဘာမှ လုပ်မနေစေချင်ဘူး။ ပြာဖြစ်သွားမယ့် ခန္ဒာကြီးကို တခုတ်တရ လုပ်မနေစေ ချင်တာ။ သေခြင်းတရားဟာ မျက်နှာကြီးငယ် ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး သိပ်သစ္စာရှိတဲ့ကောင်ကြီးမို့ ရင်ဆိုင်တွေ့ရတဲ့အခါ ကျွန်မအနေနဲ့ ဘာမှ စိုးရိမ်စရာရှိမယ် မထင်ဘူး။ သူဟာ ကျွန်မပြုခဲ့ဖူးတဲ့ အကြောင်း အကောင်းအဆိုးအတိုင်း မျက်နှာမလိုက်ဘဲ၊  ဘာကိုမှ မငဲ့ကွက်ဘဲ စီမံမယ်ဆိုတာ စိတ်ချလက်ချ သိနေလို့ပဲ။ 

နောက်ဆုံးအချိန်မှာ ကျွန်မအနားရှိသူ ဘယ်သူ့ကိုမှ မငိုကြဖို့ မှာထားမယ်။ ထွက်ခွာတော့မယ့်ဆဲဆဲ ကျွန်မခရီးမှာ ကျွန်မခြေထောက်တွေကို တုန့်ကနဲရပ်စေမယ့် ဘယ်လိုနှောင်ငင်မှုမျိုးကိုမှ ကျွန်မ မလိုချင်ဘူး။ အဲဒါပါပဲ….။  ကျွန်မ ဘာမှာစရာ ကျန်သေးလဲ….။ ပိုင်ဆိုင်မှုသိပ်များသူမဟုတ်တာမို့ ခန့်ခွဲဖို့ များများစားစားရှိမနေတာဟာလည်း ကျေနပ်စရာ….။  



ချစ်ခဲ့ဖူးသော....

$
0
0

(၁) 


ကားပါ့ကင်ထိုးပေးတဲ့ကောင်ကလေးဆီက ကားသော့လှမ်းယူလိုက်ပြီး ဗိုလ်ချုပ်ဈေးထဲကို ခြေလှမ်းကျဲတွေနဲ့ လှမ်းဝင်လာခဲ့လိုက်တယ်။ ကိုယ် သိတာပေါ့။၊ အားလုံးရဲ့ မျက်လုံးအကြည့်တွေဟာ ကိုယ့်ဆီမှာ။ ဘယ်ကိုမှမကြည့်ဘဲ ခြေလှမ်းကိုတမင်မြှင့်ပြီးတော့ ခပ်ပေါ့ပေါ့ လျှောက်မြဲလျှောက်တယ်၊ ဘာမှမဖြစ်သလို။ 

 ကိုယ် ဘာမှမပြောင်းလဲဘူး မောင်။ အရင်အတိုင်းပဲ သိလား။ လန်းနေဆဲ သွက်လက်နေဆဲ၊ ကိုယ့်အပြုံးတွေဟာလည်း အရင်ကလိုပဲ။ မောင်သိပ်ချစ်တယ်ဆိုတဲ့ အပြုံးလဲ့လဲ့တွေပဲ မောင်။ နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ သီချင်းဆိုတဲ့ ကိုယ့်နာမည်နဲ့ ကိုယ့်မျက်နှာကို တော်တော်များများက ရင်းနှီးသိနေကြတယ်။ အဆိုတော်တစ်ချို့စုပေါင်းဆိုကြတဲ့ အခွေ နှစ်ခွေမှာ ကိုယ် ပါဝင်သီဆိုခွင့်ရခဲ့တာမို့ လူ ပိုသိသွားတာလည်း ဖြစ်မယ်။

မောင်နဲ့စားနေကျ ကြာဇံဆိုင်ရောက်တော့ ကြာဇံနဲ့ ၀က်သားလိတ်တစ်ပွဲမှာရင်း ကဗ္ဗလာဖျော်ရည်တစ်ခွက်ပါ မှာလိုက်တယ်။"သကြားမထည့်နဲ့ ရေခဲလည်း နည်းနည်းပဲနော်"လို့ မှာတတ်တဲ့ မောင့်အသံကို ကိုယ့်နားတွေက ကြားလိုက်မိတယ်။ ရင်ထဲ အောင့်ကနဲ…ခံစားလိုက်မိပါရဲ့။ 

မဟောင်းသေးဘူး မောင်ရယ်။ ကိုယ့်အတွက်တော့ အသစ်တစ်ခုအဖြစ် ရင်ထဲ အမြဲပျိုးထားမိတော့မှာ.... 

မောင်.... မောင် ထားခဲ့တဲ့ အဲဒီမိန်းမတစ်ယောက်ဟာ လမ်းဟောင်းပေါ်မှာတင် ရပ်တန့်ကျဆုံးမနေဘဲ ဆက်လျှောက်နေခဲ့တယ်။ နာကျင်မှုတွေကို ခွန်အားအဖြစ်ပြောင်းလဲပြီး အချိန်မရွေး ပြန်လည်ချေပနိုင်ဖို့တော့ လက်သည်းတွေကို ၀ှက်ထားဆဲ။ ဒီနေရာမှာ ချေပနိုင်ဖို့ဆိုတဲ့စကားဟာ တကယ်တော့ ကိုယ့်စိတ်ကို ကိုယ် လှည့်စား ဖြေသိမ့်လိုက်တဲ့စကားပါမောင်ရာ။ လွမ်းတာကို နာတာနဲ့ထေရင်း အဲဒီအနာအတွက် မောင့်ဆီက တစ်ခုခုတော့ တန်ရာတန်ဖိုး ပေးချေစေရဦးမယ်လို့ ကိုယ်က တေးထားခဲ့တာရယ်။ 

"ညို မင်းဟာ အတော်စိတ်မာတဲ့ မိန်းမ"လို့ မောင် ပြောပါဦးလား။ ကိုယ်က ရယ်နေလိုက်မယ်။ မောင့်ဆီက အကောင်းဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသလို။ မောင်တို့မြို့မှာ မမသိမ့်လောက် ချမ်းသာတဲ့ မိန်းမ မရှိဘူးမဟုတ်လား မောင်ရဲ့။ မောင်က ဂုဏ်သရေရှိသော သူဋ္ဌေးမ မမသိမ့်ရဲ့ ချစ်ခင်ပွန်း။ 

"မမသိမ့်ကို မောင် တကယ်မချစ်ပါဘူး၊ ဟုတ်လားဟင်" 

 ဒါမျိုး ကိုယ်မေးလိမ့်မယ်လို့ မောင် ထင်နေလား။ မောင့်ကို ဒီတစ်သက် ပြောခွင့်မပြုတော့မဲ့ စကားတွေထဲမှာ အဲဒါလည်း ပါတယ်။ ကျေးဇူးပြုပြီး ဘယ်တော့မှ မပြောလိုက်ပါနဲ့ မောင်။ ဆက်လျှောက်ပါ မောင်ရာ။ ထားခဲ့ပြီးမှတော့ အမျှင်လာတန်းမနေပါနဲ့။ ကိုယ့်ဘ၀နဲ့ ကိုယ်။ မောင် သိချင်ရင်တော့ မောင်ထားခဲ့ပြီးတဲ့နောက် ကျန်ရစ်ခဲ့တဲ့ ကိုယ့်ရဲ့အပိုင်းအစတွေကို ဆက်စပ်ပြရဦးမှာပေါ့လေ။ တစ်ခုပဲ ကတိပေးပါ မောင်..... 

နင် မငိုပါဘူး လို့..... 

(၂) 

 "ညို မောင့်ကို မောင်လို့ ခေါ်ပြီးမှ နင်လုံးနဲ့ ငါလုံးနဲ့ ပြောရင်လေ မောင်သိပ်ချစ်တာပဲ သိလား"မောင် ပြောလေ့ရှိတယ်။ ကိုယ်ကလည်း လူလည်ကျစွာပဲ မောင်ချစ်တယ်ဆိုတဲ့ အဲဒီအသုံးအနှုန်းလေးကို ထည့်ထည့်ပြောနေကျ။ 

 မောင့်ကိုစတွေ့ခဲ့တာက မှတ်မှတ်ရရ ကိုယ် ဆိုင်မှာ သီချင်းစဆိုတဲ့နေ့။ တိုက်တုန်းကတော့ အဆင်ကို ချောလို့။ စပြီးဆိုတော့မှ ကော်ရပ်စ်အပိုဒ်မှာ အသံကို မြှင့်အော်လို့ မရတော့တာ။ စားပွဲဝိုင်းတစ်ခုထဲက လူငယ်လေးတစ်ယောက် စင်ရှေ့ကို ရောက်လာပြီး “ခင်ဗျားတို့ဗျာ ဒီသီချင်းကို F ကီးနဲ့တီးမှတော့ ဆိုတဲ့သူ သေပြီပေါ့ဗျာ။ အော်ရီဂျင်နယ်က C ကီးနဲ့ဗျ” လို့ ခပ်အုပ်အုပ်လာပြောတယ်။ ကိုယ်လည်း တီးဝိုင်းက အသံကိုနှိမ့်ချလိုက်တုန်း စကားလေးနည်းနည်းပါးပါးပြောရင်း ကိုယ့်ကိုယ်ကို မိတ်ဆက်နေလိုက်တယ်။ မိတ်ဆက်အပြီး တီးလုံးပြန်အစမှာ ကီးက သူပြောသလို C ကီးကို ပြန်အချိန်းမို့ အဆင်ပြေပြေပဲ ဆက်ဆိုခဲ့နိုင်တယ်။ ကြည့်စမ်း ဒါ သူတို့ ကိုယ့်ကို သက်သက်လုပ်ကြံတာ။ လူသစ်တွေထဲက အလားအလာရှိတဲ့အသံရှင်မို့ လက်ရှိအဆိုရှင်အမျိုးသမီးတွေက တီးဝိုင်းနဲ့ပေါင်းပြီးလုပ်တာလို့ နောက်မှ ပြန်သိရတယ်။ ပြောရရင် ပညာအပြခံလိုက်ရတာပေါ့လေ။ ကိုယ်တို့လောကမှာ ဒါမျိုးတွေက အဆန်းမဟုတ်ဘူးတဲ့ မောင်ရဲ့။ 

မောင်တော့ သိပြီးသားနေမှာပါလေ၊ အမေနဲ့ ကိုယ့်အကြောင်း။ ဒါပေမဲ့ ကိုယ် ထပ်ပြောပြချင်နေတယ်။ ကိုယ့်အမေရဲ့နောက်ယောကျာ်းနဲ့ တစ်မိုးထဲအောက်မှာ ခြေခြေငံငံ အတူမနေနိုင်တဲ့သမီးတစ်ယောက်ဟာ ညိုပေါ့ မောင်ရယ်။ 

မိုက်လိုက်တာပဲ ပြောပြော၊ ရည်မှန်းချက်ကြီးတယ်ပဲ ဆိုဆို ကိုယ့်အဒေါ်မိသားစုရှိရာ ရန်ကုန်မြို့ကို ကိုယ်တစ်ယောက်ထဲ ထွက်လာခဲ့လိုက်တယ်။ အမေ့မျက်ရည်တွေအတွက် ထိခိုက်ခံစားရမှုတွေဟာ ပထွေးမျက်နှာမြင်မိတာနဲ့ ကြက်ပျောက်ငှက်ပျောက်ဆိုသလို ကိုယ့်ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့တာ။ အမေ့ကိုတော့ သနားမိပါတယ်။ အလုပ်မကောင်းလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ထက်အသက်ကြီးတဲ့ မုဆိုးမတစ်ယောက်လုပ်စာကို အခန့်သားထိုင်စား၊ လက်ဖြန့်တောင်းရုံနဲ့တောင် မရှက်နိုင်သေးဘဲ အရည်ကလေးတစ်မြမြနဲ့ ဒင်းအချိုးကို အဖေခေါ်ဖို့ဝေးလို့ ကိုယ်က အန်တောင်အန်လိုက်ချင်သေးတာ။ 

“ကိုကျော့က မမူးရင် ကောင်းပါတယ် သမီးရယ်”ဆိုတဲ့ အမေ့အသံပျော့ညက်ညက်မှာ ကိုယ့်မျက်စောင်းတွေ ကြွေကျရတာ အခါခါ။ အမေ့ကို ထိုင်ကန်တော့ပြီးအထွက်မှာ အမေ့ဆီက အိကနဲရှိုက်သံဟာ ကိုယ့်နှလုံးသားတွေကို ဆွဲညှစ်လိုက်သလို၊ ကိုယ့်ခြေထောက်တွေကို ဖြတ်ရိုက်ချလိုက်သလို ကိုယ်ဟာ ယိုင်ကနဲ။ ကိုယ်က ခေါင်းမာတယ် မောင်ရဲ့၊ ဆုံးဖြတ်ပြီးတဲ့ကိစ္စတစ်ခုအပေါ် အဆုံးထိသာလျှောက်လိုက်ချင်တာ။ 

ကိုယ်ရွေးချယ်လျှောက်လှမ်းဖြစ်တဲ့လမ်းမှာ ကြုံလာမဲ့အမှားတွေ ရှိလာရင်လည်း မျက်နှာချင်းဆိုင်ရဲတဲ့ သတ္တိ ကိုယ့်မှာ အပြည့်ရှိတယ် မောင်။ 

 (၃) 

အဒေါ်အိမ်မှာတော့ ကိုယ်နေရတာ အနေအစားဆင်းရဲတာကလွဲလို့ အဆင်ပြေပါတယ်။ ကိုယ်က ဒီအဒေါ်လက်ပေါ်မှာပဲ ကြီးပြင်းလာခဲ့ရသူမို့ အဒေါ်ကလည်း ကိုယ့်အပေါ် သံယောစဉ်ကြီးရှာပါရဲ့။ အဒေါ့်မှာက ကလေး လေးယောက်နဲ့မို့ သူတို့မိသားစု ခြောက်ယောက်အပြင် ကိုယ့်အတွက်ပါ တာဝန်ယူလိုက်ရတာကိုတော့ ကိုယ် အားနာမိတယ်။ ကိုယ်လို သာမန်ဘွဲ့လေးတစ်ခုရထားတဲ့ မိန်းမတစ်ယောက်အတွက် အလုပ်တွေကလည်း ရှားပါ့။ နောက်ဆုံးတော့ ကိုယ်ဝါသနာပါတဲ့ သီချင်းတွေကိုဆိုရင်း သင့်တင့်တဲ့ဝင်ငွေလေးလည်းရတဲ့ ဒီအလုပ်ကို ကိုယ်ရွေးချယ်ခဲ့တော့တာ။ ကိုယ်သီချင်း စဆိုရတဲ့နေ့မှာပဲ မောင်နဲ့ စတွေ့ခဲ့တာကတော့ တိုက်တိုက်ဆိုင်ဆိုင်လို့ပဲ ဆိုရတော့မယ်။ 

ဆိုင်မှာက လူအမျိုးမျိုးနဲ့ ပေါင်းသင်းဆက်ဆံနေခဲ့ရတာပါပဲ မောင်ရယ်။ ကိုယ်က အနေတည်တော့ ပလူးချင်တဲ့ လူတွေနဲ့တော့ အခန့်မသင့်လှဘူးပေါ့။ စားသောက်ဆိုင်ဆိုတာက လာတဲ့အယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်လောက်က သောက်စားမူးယစ်ကြမြဲ မဟုတ်လား။ ဆိုတော့ အနေအထိုင်တည်တံ့ပါမှ တော်ကာကျတာမောင်ရဲ့။ လက်တည့်စမ်းကြတာတွေကတော့ အများကြီးပေါ့။ ကယ်တင်ရှင်ဆိုင်းဘုတ်တွေနဲ့ ဦးဦးတွေ၊ ဘဘတွေကလည်းများ၊ ကိုကိုတွေ မောင်မောင်တွေကလည်း အများသားရယ်။ ခွင်တည့်ရင် ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားနိုင်တာဆိုတဲ့ခံယူချက်ကို လက်ကိုင်ထားပြီး အလှအပနဲ့ အသွေးအသားနဲ့ အရွယ်နဲ့တည်ပြီး မျှားတဲ့ မိန်းကလေးတွေကလည်း ပေါပါရဲ့။ 

တစ်ခုပဲ၊ မိုးခါးရေကို အများနဲ့တစ်ယောက် ငြင်းဆန်နေရတဲ့အဖြစ်ဟာ လက်တွေ့မှာ ထင်သလောက် မလွယ်လှဘူး မောင်။ အစမို့ပါကွာဆိုတဲ့ အပြောတွေ၊ သူက ဘာကောင်မမို့လဲဆိုတဲ့ အပြောတွေ၊ ရိသဲ့သဲ့တွေ၊ ခါးသက်သက်တွေ၊ စိမ်းတောက်တောက်တွေကို ကိုယ်တစ်ယောက်ထဲ လှိမ့်ခံနေခဲ့ရတာ။ 

အဲဒီမှာပဲ ပိုးဥနဲ့ကိုယ် ညီအစ်မအရင်းတွေလို တွယ်တာသွားကြဖို့ ဖြစ်လာခဲ့တာ။ ပိုးဥက ကိုယ့်လိုပဲ နယ်ကနေတက်လာတဲ့ မိန်းကလေး။ မိသားစုအတွက် ဘဝတက်လမ်းရှာရင်း ဒီဆိုင်မှာ သီချင်းဆိုဖြစ်တဲ့သူ။ တစ်နေ့မှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ဖြစ်ရမယ်လို့လည်း ရည်မှန်းချက်ကြီးကြီးထားသူကလေးပေါ့ မောင်။ ပိုးဥကလေ သူ့နာမည်လေးလိုပဲ စိတ်ထားကလေးကလည်း တကယ့်နုနုနယ်နယ်ပျော့ဖတ်ဖတ်လေးရယ်။ ကိုယ်လို တုံးတိုက်တိုက် ကျားကိုက်ကိုက်နဲ့မှ လာတွဲမိတာကတော့ စိတ်အခြေခံ ရှင်းသူချင်းမို့သာဖြစ်မယ်။ 

မောင်နဲ့ကိုယ် ချစ်သူတွေဖြစ်ကြပြီး ခြောက်လလောက်အကြာမှာ အတူနေကြဖို့ ပိုက်ဆံ စစုခဲ့ကြတယ်နော်။ ပိုးဥကလေ ကိုယ်နဲ့မောင့်ကို သိပ်အားကျခဲ့တာ။ သူရွေးချယ်တဲ့အခါ မောင့်လို ချစ်တတ် ကြင်နာတတ်တဲ့ ရည်ရည်မွန်မွန်လူငယ်လေးတစ်ယောက်ကို ရွေးချယ်မှာတဲ့လေ။ ကိုယ်က ပြောလိုက်ပါတယ်၊ မောင်က ရည်မွန်တာတော့ ဟုတ်ပါရဲ့၊ မြုံစိအေးစက်နဲ့ ရင်ထဲမှာသိမ်းထားတတ်တဲ့ လူစား၊ သူလိုလူစားမျိုးက စိတ်ပြတ်ပြီဆိုလည်း တစ်ခါထဲအပြတ်ပဲလို့လေ။ 

ကိုယ် ကြိုသိနေခဲ့တာများလား မောင်ရယ်... 

ငွေလေးနည်းနည်းပါးပါး စုဆောင်းမိလာတော့ ပိုးဥနဲ့ကိုယ် တိုက်ခန်းလေးတစ်ခုမှာ အခန်းလေးတစ်ခန်း အတူ ငှားနေဖြစ်ခဲ့ကြတယ်။ အဒေါ်တွေဆီကပ်နေရတာလည်း ကိုယ်က အားနာလှပြီမို့ပေါ့ မောင်ရာ။ ပိုးဥနဲ့နေရတာ အဆင်ပြေပါတယ်။ စရိုက်ချင်းတူသူမို့ ထင်ပါရဲ့။ ဆိုင်မှာ အတူသီချင်းဆိုကြတဲ့ အမျိုးသမီးတွေကတော့ ကိုယ်တို့ ခြေလှမ်းအမှားကို စောင့်နေခဲ့ကြတာပေါ့။ ဆိုင်ပိတ်လို့ အိမ် ပြန်ကြတဲ့အခါ ဘယ်ကားပေါ်များ ပါသွားလေမလဲပေါ့လေ။ 

ရယ်ရတယ်နော် မောင်၊ လူတွေက….။ 

(၄) 

 "မဟုတ်ဘူး မောင် ကိုယ်ရှင်းပြပါ့မယ်။ အဲဒီ့နေ့က ပိုးဥနေမကောင်းလို့ ကိုယ်တစ်ယောက်ထဲ အိမ်ပြန်ရဖို့ ဖြစ်လာတယ်။ ခါတိုင်း မောင်လာကြိုနေကျပေမဲ့ နေ့လည်က မောင်မအားဘူး ပြောထားတော့ ကိုယ်က မောင်လာကြိုနိုင်မယ် ထင်မထားဘူးလေ။ အပြန်လိုက်ပို့တဲ့ကားကလည်း ကိုယ် အင်္ကျီလဲခန်းထဲမှာရှိနေတာမသိတော့၊ ခါတိုင်းလည်း ကားနဲ့ လိုက်ခဲတာမို့ စောင့်မနေဘဲ ထွက်သွားတာ။ ဒါနဲ့ ဆိုင်မန်နေဂျာက သူ့ကားနဲ့ လိုက်ပို့တာ မောင်ရဲ့" 

မောင် သိပ်မကြေလည်မှန်း ကိုယ်သိပေမဲ့ အဲဒီ့ကိစ္စက အဲဒီ့မှာတင် ပြီးသွားခဲ့တယ်။ မောင်က အလုပ်တွေများလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ပတ်လောက် ကိုယ့်ဆီမလာခဲ့ဘူးနော်။ 

လာမဲ့လာတော့လည်း နောက်ပြဿနာတစ်ခုက ဆီးကြိုလို့ရယ်။ 

 "ညို အနေအထိုင်ဆင်ခြင်ရင် ကောင်းလိမ့်မယ်" 

"ဘာကိုလဲ မောင်၊ ခုနက စင်ပေါ်ကကိစ္စလား" 

 "ဒါပဲပေါ့ ညိုရယ်၊ မူးနေတဲ့ကောင်တွေနဲ့ သိတ်မရောနဲ့လို့ မောင်ပြောထားရက်နဲ့" 

"ညိုက သွားရောနေတာမှ မဟုတ်တာဘဲ မောင်၊ ညို့အလုပ် ညိုလုပ်တာပဲ၊ သူတို့က မူးရူးပြီး ပန်းကုံးလာစွပ်ရင်း ညို့ကို လက်ဆွဲနှုတ်ဆက်တာ" 

 "အေးလေ လက်ဆွဲနှုတ်ဆက်တာက လွှတ်ကို မလွှတ်တော့ဘူး၊ မင်းမျက်နှာကိုကလည်း သဘောတကျပြုံးနေတာကိုး" 

"တော်တော့ တော်ပါတော့မောင်၊ မောင် ကိုယ့်အပေါ် ဒီလောက်ပဲ တွက်ထားသလား၊ ကိုယ် ဘယ်လိုမိန်းမဆိုတာ မောင် နားလည်တယ်လို့ ကိုယ်ထင်ထားတာ ကိုယ့်အမှားပဲ" 

အဲဒီ့ညက မောင် ကိုယ့်ကို အိမ် ပြန်မပို့ခဲ့ဘူးနော်။ ခြေလှမ်းကျဲတွေနဲ့ ကျောခိုင်း ထွက်သွားတဲ့ မောင့်ကို မြင်ကွင်းကနေပျောက်တဲ့ အထိလိုက်ကြည့်ရင်း ကိုယ့်မျက်ရည်တွေကို ပါးပြင်ပေါ် လွတ်လွတ်လပ်လပ်ကြီး ကျစေလိုက်ခဲ့ပါတယ်။ စီးပါစေတော့လေ။ မောင်ကမှ မမြင်နိုင်ခဲ့ပြီပဲ။ ပိုးဥက ကိုယ့်ကို မောင်နဲ့ထားခဲ့ပြီး အပြန်လိုက်ပို့တဲ့ကားနဲ့လိုက်သွားခဲ့တော့ အဲဒီ့ညက ကိုယ်တစ်ယောက်ထဲ အတော်လေးကြာအောင် အငှားကား စောင့်ခဲ့ရတာ။ ကိုယ်လေ ညဥ့်နက်အမှောင်ကြောင့်မဟုတ်ဘဲ အထားခံခဲ့ရသူတစ်ယောက်ရဲ့လပ်ဟာမှုမျိုးနဲ့ အားတွေ ငယ်လိုက်တာ။ ကားပေါ်မှာ တစ်လျှောက်လုံး ကိုယ့်မျက်ရည်တွေ အသံတိတ်ကျနေခဲ့တယ် မောင်။ မောင် မလာခဲ့ပြန်ဘူးနော်။ တော်တော်လေး ကြာတယ်။ ကိုယ်ကလည်း ကိုယ့်ဘက်ကအမှန်မို့ မာနနဲ့ တင်းခံနေခဲ့တာ။

မောင်ကဖြင့် ဖုန်းလေးတစ်ချက်တောင် အခေါ်မရှိခဲ့ဘဲ တစ်နေ့မှာတော့ ပိုးဥကတစ်ဆင့် သတင်းစကားတစ်ခု ကြားရတယ်။ မောင် မောင်တို့မြို့က သူဋ္ဌေးမတစ်ယောက်နဲ့ လက်ထပ်လိုက်ပြီ တဲ့။ ကိုယ် ပြုံးမိတယ်။ "ဒီတော့လည်း တို့နှစ်ယောက် စုထားတဲ့ စုငွေတွေ ကိုယ်တစ်ယောက်ထဲ ပိုင်ပြီပေါ့ ပိုးဥရာ"လို့ ဆိုတဲ့ ခပ်ထေ့ထေ့ကိုယ့်စကားကို ပိုးဥက မျက်လုံးကလေး အကြောင်သားနဲ့ ငေးကြည့်ခဲ့ရှာတယ်။ 

ဒါပဲ မောင်ရဲ့၊ မောင်က အဲသလောက်ကို လွယ်လွယ်ထားပစ်ရက်ခဲ့တဲ့သူ။ ကိုယ်ကလည်း ဘာမှမဖြစ်သလို ဟန်ဆောင်ကောင်းစွာ တစ်စစီနှလုံးသားတွေကို လူမသိအောင်သိုဝှက်ရင်း အပြုံးတုတွေတပ်ဆင်နိုင်စွမ်းခဲ့တဲ့ မိန်းမရယ်လေ။ 

 အဲဒီနောက်မှာ အမေဆုံးလို့ ကိုယ်တို့မြို့ကလေးကို ခဏပြန်တယ်။ အမေက ကိုယ်အိမ်ထောင်ပြုတဲ့အခါ ကိုယ့်အတွက် လက်ဖွဲ့ဆိုပြီး သူ့လက်ဝတ်လက်စားလေးတစ်ချို့ ထားခဲ့ရှာတယ်။  မောင် စွန့်ပစ်ထားခဲ့တဲ့ကိုယ့်ရင်ကို ပြင်းပြင်းထန်ထန်နာကျင်စေခဲ့တဲ့ အမေ့ရဲ့ နောက်ဆုံးလက်ဆောင် ဆိုပါတော့ မောင်။ 

အဲ့ဒီ့အချိန်မှာ ကိုယ် အရူးအမူးလိုအပ်နေတာ မောင့်ပခုံးစွန်းလေးတစ်ခုပဲဆိုတာ မောင့်ကို သိစေချင်ခဲ့တယ်။ မောင့် ညာဘက်လက်မောင်းလေးရယ်၊ ကိုယ် နမ်းမွှေးဖူးခဲ့တဲ့ မောင့်ညာဘက်နားထင်စပ်လေးရယ်ပေါ့။ ကိုယ် တစ်ကယ်ပဲ ရူးသွပ်စွာ လိုအပ်ခဲ့တာပါ မောင်။ 

တစ်ယောက်နှုတ်ခမ်းကို တစ်ယောက်က ထိတိုင်းသာ 
နမ်းကြတာပါလို့ ဆိုကြရင် 
ရှင်နဲ့ ကျွန်မ အကြိမ်ကြိမ် နမ်းဖူးခဲ့ကြ…. 

တကယ်ပါ မောင်။ ကိုယ်တို့နှစ်ယောက် ချစ်ခဲ့ကြဖူးပါတယ် နော်....တစ်ချိန်ကပေါ့ မောင်ရာ.... 

(၅) 

နယ်ကပြန်လာလို့ ကိုယ် ဆိုင်ကိုပြန်ရောက်တဲ့အခါ နောက်လူသစ်မိန်းကလေးတွေ ထပ်ရောက်နေခဲ့ပြီ။ ပိုးဥက တစ်ချို့ကောင်မလေးတွေနဲ့ ရင်းနှီးခင်မင်လို့တောင်နေတာ။ အင်းပေါ့လေ ကိုယ်မရှိတဲ့အခါ သူ့မှာ အပေါင်းအသင်းရယ်လို့ လိုအပ်တာပဲလေ။ ဒါပေမဲ့ အဲ့ဒီမိန်းကလေးတွေက ပိုးဥနဲ့ ကိုယ်နဲ့လို မဟုတ်ဘူး၊ စရိုက်တွေက ခပ်ဆိုးဆိုးလေးတွေ။ ကိုယ် ဘာမှတော့ မပြောခဲ့ဘူး။ ပိုးဥလည်း အရွယ်ရောက်နေပြီပဲ။ ကိုယ်က နေရာတကာလိုက်ပါလို့ မသင့်တော်တာမို့ ဒီအတိုင်းပဲ ရေလိုက်ငါးလိုက်နေခဲ့လိုက်တော့တယ်။ 

တစ်ည...။ အဲဒီ့တစ်ညကို ကိုယ် ဘယ်တော့မှ မမေ့ဘူး။ ပိုးဥက နေလို့ သိတ်မကောင်းဘူးဆိုပြီး ခပ်စောစော ပြန်သွားခဲ့တာ။ ကိုယ်က ဆိုင်ကလိုက်ပို့တဲ့ကားနဲ့ပဲ ပြန်လာခဲ့လိုက်တယ်။ အိမ်ရောက်တော့ တံခါးဝမှာ ယောကျာ်းဖိနပ်တစ်ရံ။ ရင်တွေတောင် လှိုက်ကနဲ ခုန်သွားသေးတာ၊ မောင်...မောင်များလား ရယ်လို့လေ။ နောက်မှ အို...သူက သူ့အိမ်ထောင်နဲ့သူပဲရယ်လို့ ကိုယ့်စိတ်တွေ လက်ရှိပြန်ရောက်တော့တာ။ ဖိနပ်က ကိုယ်တစ်ခါမှ မတွေ့ဘူးတဲ့ ဖိနပ်။ သော့ဖွင့်ပြီး အခန်းထဲ အဝင်၊ အမှောင်ထဲမှာ ရုတ်တရက် ပြာနေတဲ့မျက်လုံးတွေက အသားမကျသေးခင်ကလေး အာရုံမှာ လှုပ်ရှားနေတဲ့ အသံတစ်သံကြောင့် မသိုးမသန့်စိတ်တွေနဲ့ ပိုးဥခုတင်ဘက် ဖျတ်ကနဲ လှမ်းအကြည့်...။ ဘုရား...ဘုရား...လူအရိပ်နှစ်ခုဟာ ပိုးဥခုတင်ပေါ်မှာ...။ 

အသက်ရှူရပ်မတတ်လန့်သွားရင်း တုန်ယင်နေတဲ့လက်တွေက သော့ကို အလိုလိုပြန်ခတ် မိရက်သား။ လှေကားအတိုင်း အပြေးတစ်ပိုင်း ပြန်ဆင်းချလာရင်း တိုက်နံရံကို ကျောမှီချလိုက်တော့ မျက်ရည်တွေက ကိုယ့်ပါးပြင်ပေါ် အလိုလို စီးကျလာခဲ့တယ်။ ကိုယ့်စိတ်ထဲ ဝမ်းနည်းသလိုလို၊ တစ်ခုခုကို ဆုံးရှုံးလိုက်ရသလိုလို လှိုက်တက်လာတဲ့စိတ်ဟာ ပြောပြလို့တောင်မတတ်ဘူး မောင်။ အေးစိမ့်နေတဲ့ ညဥ့်လယ်အမှောင်ထဲမှာ ကိုယ်တစ်ယောက်ထဲ တိုက်နံရံကိုမှီရက် ထိုင်ချလိုက်ရင်းက မိုးလင်းရတော့မဲ့အဖြစ်။

မောင်ရေ.....။ ကိုယ့်ကို လှမ်းကြည့်လိုက်ပါဦးတော့...။ ကိုယ် မောင့်ကို လိုအပ်တယ်။ ကိုယ် မောင့်ကို သတိရနေလို့။ ပြင်းပြင်းထန်ထန် သတိတွေရနေလို့ပါ။ ထိုင်ချရက်က ဒူးခေါင်းပေါ်ခေါင်းတင်ရင်း ကိုယ် ငိုချမိခဲ့တယ်။ မောင်သာ ကိုယ့်အနား ရှိနိုင်ရင်လေ...၊ ကိုယ် ဒီလောက်ဝမ်းနည်းမှာ မဟုတ်ဘူးကွယ်။ 

အလွတ်ရနေတဲ့ ဖုန်းနံပါတ်တစ်ခုက ဖုန်းမှတ်ဉာဏ်ထဲက ဖျက်လိုက်ပြီးတာတောင် နှလုံးသားထဲကဖျက်မရတာ အခက်ရယ်။ ခေါ်လိုက်ချင်ပေမဲ့ ကိုယ် ဘာပြောရမှာလဲ။ ခုချိန်မှာ ကိုယ် မောင့်ကို လွမ်းဆွတ်နေတဲ့အကြောင်းလား။ ကိုယ် မောင့်ကို အားကိုးတကြီး ပြောပြစရာတွေ ရင်ဖွင့်ချင်တဲ့အကြောင်းလား။ ကိုယ့်လက်က ဖုန်းနံပါတ်တွေကို နှိပ်မိတော့မလို...အကြိမ်ကြိမ်ရယ်...။ 

ကံဆိုးမိုးမှောင်တွေဟာ အဖော်နဲ့လာတယ်ဆိုတာ ကိုယ် လက်ခံလိုက်ရပြီမောင်။ နောက်တစ်နေ့မနက်မှာ တူအကြီးကောင် ဖုန်းဆက်လာလို့ ကိုယ့်အဒေါ် လေဖြတ်သွားတယ် ဆိုတာ သိလိုက်ရတယ်။ ချက်ချင်းပဲ အိပ်ယာကထပြီး ဆေးရုံလိုက်သွား၊ ရှိစုမဲ့စု စုဆောင်းထားတာလေးတွေထဲက အဒေါ့်အတွက် ဆေးကုဖို့ ဖဲ့ပေး။ ကိုယ့်ကိုမြင်တော့ အဒေါ်က မျက်ရည်ကျရှာတယ်။ စကားတွေ ဝူးဝူးဝါးဝါး ပြောလို့ရယ်။ 

ဘ၀ကြီးကိုက… 
လိုရာပုံသွင်း ခပ်ပြင်းပြင်းမီးဖုတ် 
အခြောက်ခံ စဥ့်ရေသုတ်ပြီးမှ… 
တခါတလေ လက်သင့်ရာအရောင်ခြယ်ပြီးမှ
ဈေးကွက်ဝင်အောင် မွမ်းမံခံကြရ….. 

တကယ်ပဲ မောင်။ ဘဝမှာ ကံဇာတ်ဆရာရဲ့စေခိုင်းရာ ကျရာဇာတ်ရုပ်အတိုင်းပေါ့လေ...။ ပူလောင်လိုက်တာများ။ ကိုယ့်မှာ သွေးသားအရင်းအချာထဲက အားကိုးလောက်စရာရယ်လို့ မရှိတော့တဲ့အခါ တစ်ကောင်ကြွက်ဆိုတဲ့စကားဟာ ဘယ်လောက်ခါးမှန်း မြည်းစမ်းခွင့်ရခဲ့ပါရဲ့။

မောင့်ကို ဘယ်လောက်သတိရနေတယ်ဆိုတာကိုတော့ ကိုယ် ပြောမနေချင်တော့ပါဘူး မောင်ရယ်။ 

(၆) 

ပိုးဥမှာ ကိုယ်ဝန်ရှိနေပြီလို့သိရတဲ့အခါ ကိုယ်က အံ့သြဟန်လုံးလုံးမပြခဲ့ပေမဲ့ ဆိုင်ကအမျိုးသမီးတွေရဲ့ သရော်မော်ကားအကြည့်တွေ၊ ကဲ မပြောဘူးလားဆိုတဲ့ အပြုံးတွေကို ကိုယ်တို့ ရင်ဆိုင်ခဲ့ကြရတယ်။ ကိုယ်လည်း အနေရပိုခက်လာတယ်။ ကံကောင်းတာက ပိုးဥလူက သူ့တာဝန်သူ ယူခဲ့တာပဲ။ ပိုးဥ လက်ထပ်သွားပြီးတဲ့နောက်မှာ ကိုယ်တစ်ယောက်ထဲ အထီးကျန်ဆန်ခြင်းဆိုတာကို ပိုပြီး ပီပီပြင်ပြင် ခံစားလာရတယ်။ 

ပိုးဥနဲ့ နှစ်ယောက် စပ်ငှားခဲ့ကြတဲ့အခန်းကို ကိုယ်တစ်ယောက်ထဲ မနိုင်လို့ နောက်တစ်ယောက် ထပ်ရှာရတယ်။ ကိုယ်တို့ဆိုင်က နောက်ဝင်လာတဲ့ လူသစ်ကောင်မလေးတစ်ယောက် နေချင်လှချည်ရဲ့ ဆိုတာနဲ့ ကိုယ်လည်း အခန်းဖော်လိုနေတဲ့အချိန်မို့ သူနဲ့ စပ်ငှားဖြစ်ခဲ့ကြတယ်။ မဟန်ပါဘူး မောင်ရာ၊ အိမ်ပေါ်ကို ယောကျာ်းဧည့်သည်တွေ ခေါ်မလာရလို့ သဘောတူထားပေမဲ့ လစ်ရင် လစ်သလို ခေါ်ခေါ်လာတတ်တယ်။ ကိုယ်နဲ့ ခဏခဏတိုးပေမဲ့ သူက ခပ်တည်တည်ရယ်။ ကြာလာတော့ သူမပြောင်းရင် ကိုယ်ပဲပြောင်းဆင်းမယ်ဆိုပြီး ကိုယ့်ဖာသာ အခန်းလိုက်ရှာရတယ်။ 

 အဲဒီမှာ ကိုယ် အစ်ကိုကြီးနဲ့ တွေ့တာပဲ။ အစ်ကိုကြီးက အိမ်ခြံမြေ ပွဲစားတစ်ယောက်။ တိုတိုပြောရရင် မောင်ရာ စိတ်သဘောထား ရိုးရှင်းဖြူစင်တဲ့၊ ကိုယ့်အပေါ် နှမလေးလို စောင့်ရှောက်တတ်တဲ့ အစ်ကိုကြီးအပေါ် အားကိုးစိတ်တွေနဲ့ ကိုယ် သူနဲ့ လက်ထပ်ဖြစ်ခဲ့တယ်။ ကိုယ် အစ်ကိုကြီးကို ကြိုက်တယ် မောင်။ အိမ်ထောင်ဘက်တစ်ယောက်အဖြစ် ကိုယ် ကြိုက်လို့ ကိုယ်ရွေးချယ်ခဲ့တယ်။ မောင်ဟာ ဘယ်ကဘယ်လို သတင်းအကြားနဲ့ ကိုယ့်ကို ဆက်သွယ်လာတယ် မသိဘူး။ တစ်နေ့မှာ လုံးဝမျှော်လင့်မထားဘဲ မောင့်ဆီက ဖုန်းဝင်လာတယ်။ 

 "ညို မင်းလည်းပဲ အမျှားတော်သူပဲ နော်"တဲ့။ 

"ဟဟဟား"ကိုယ် အော်ရယ်ခဲ့လိုက်တယ်။ 

"ဒီမှာ မောင်က ခုမှ လွတ်တဲ့ငါး ကြီးနေတာလား"ဆိုတော့ ခံပြင်းဒေါသထွက်တဲ့အသံနဲ့ တုန့်ပြန်တယ်။ အတော်ရယ်ရတဲ့ မောင်။ 

အိုးချင်းထားလို့သာ အိုးချင်းထိခဲ့ရတဲ့နောက် 
ကံကြမ္မာကို ယိုးမယ်ဖွဲ့ဖို့များ မကြိုးစားစမ်းပါနဲ့ရှင် 
ကံတူအကျိုးပေးတွေ ဖြစ်လာပြီးမှပဲ ခပ်ရဲရဲပေါ့၊ 
ဘယ်တော့လဲဆိုရင်
ငွေရှင်ကြေးရှင်တွေ မျက်စေ့ကျလို့ သိမ်းပိုက်ခံကြရတဲ့အခါ 
ကျွန်မလည်း ကျွန်မလမ်း ထွင်၊ ရှင်လည်း ရှင့်လမ်း လျှောက် 
တစ်ယောက်တစ်နေရာ၊
တော်ရာမှာ ပျော်အောင်နေကြရတဲ့အခါ… 

မဟုတ်ဘူးလားမောင်။ မောင်ကြိုက်တဲ့လမ်း မောင်ရွေးခဲ့ပြီးတဲ့နောက် ဘာလို့များ ကိုယ့်ဆီကထုချေလွှာ တောင်းနေရသေးတာလဲ။ 

"ဦးတင့်မင်းဇော်ကို ညို ဘာလို့ လက်ထပ်ခဲ့တာလဲ"တဲ့။ 

"မောင် မမသိမ့်ကို ဘာလို့ လက်ထပ်ခဲ့သလဲလို့ ကိုယ် တစ်ခါမှ မမေးခဲ့ပါဘူးနော်"ဆိုတော့ တောက်တစ်ချက်ခေါက်တယ်။ ရယ်ရတဲ့ မောင်။ 

 "ကိုယ် ရန်ကုန် လာစရာရှိတယ်။ ကိုယ်တို့တွေ့နေကျ ဗိုလ်ချုပ်ဈေးက ကြာဇံကြော်ဆိုင်မှာ တွေ့လို့ရမလား"တဲ့လေ... 

 "အင်း ရပါတယ်၊ အစ်ကိုကြီးကို ပြောပြီး သူ ခွင့်ပြုရင် လာမယ်လေ"လို့ ကိုယ်ကပြောတော့ မောင်က ခပ်ရွဲ့ရွဲ့ရယ်တယ်။ 

 "ကြောက်ရသလား"တဲ့။ 
"ဟဟဟား လေးစားတာပါ"လို့ ကိုယ်က ပြောခဲ့လိုက်တယ်။ 

 (၇) 

ကိုယ်တို့ ခါတိုင်းတွေ့နေကျ ကြာဇံကြော်ဆိုင်မှာစောင့်ရင်း ကိုယ်သောက်နေတဲ့ ကဗ္ဗလာဖျော်ရည် တစ်ဝက်အကုန်လောက်မှာ မောင် ရောက်လာတယ်။ ထုံးစံအတိုင်း နောက်ကျတတ်တဲ့ မောင့်အကျင့်က အရင်အတိုင်း။ 

 "ဘာတွေ ဖြစ်ခဲ့လဲ"တဲ့။ မေးနိုင်သေးတယ်နော်....။ ကိုယ်က ဖြစ်ပျက်ခဲ့သမျှ အတိုချုံး ပြောပြလိုက်တော့ "ညို သိပ်ပင်ပန်းခဲ့မှာပဲနော်"တဲ့။ တော်ပါတော့၊ တော်ပါတော့မောင်ရယ်၊ ပစ်ချထားတုန်းက ထားခဲ့ရက်ပြီးမှ နှစ်သိမ့်သလိုလို မောင့်စကားတွေဟာ ကိုယ့်ကို ချက်ချင်း အနာဖေးတက်စေမယ်လို့များ ထင်နေသလား မောင်။ 

ထားပါတော့လေ...ခုက မောင် ဘာလိုချင်တာလဲ။ ကိုယ်တို့နှစ်ယောက်က တစ်ယောက်တစ်လမ်းစီ ရွေးချယ်ထားတဲ့လမ်းတွေ ကိုယ်စီပေါ်မှာ...။ 

 ခုမှ…၊ ခုကျမှ မောင်က... 

 "အော် ဒီမှာ"ကိုယ်က စာအိတ်လေး တစ်အိတ်ထုတ်ပေးတော့ မောင်က မျက်ခုံးတွေ ပင့်ကြည့်လို့... 

 "ပိုက်ဆံလေ မောင်နဲ့ကိုယ် တစ်ယောက်တစ်ဝက်ပိုင်သင့်တယ် ထင်လို့၊ အရင်က နှစ်ဦးသဘောတူ စုထားခဲ့ကြတဲ့ ပိုက်ဆံလေ။ ဒီအိတ်ထဲမှာ မောင့်စုငွေ တစ်ဝက်တိတိရှိတယ်၊ ရေကြည့်ပါဦးလား" 

ကိုယ့်အပြောမှာ မောင့်မျက်နှာဟာ သပြေသီးမှည့်တစ်လုံးလို ရဲကနဲ။ 

ဒါပဲ....။ ဒါပါပဲ မောင်။ ကိုယ် သွားတော့မယ်။ ကျန်းမာအောင်နေပါ မောင်… ကိုယ် မောင့်မျက်နှာကို တစ်ချက်ကလေးမှ မကြည့်ဘဲ ထထွက်လာခဲ့တယ်။ မောင်ကရော ငွေတွေကို ရေတွက်နေမလား၊ ကိုယ့်နောက်ကျောကို လိုက်ငေးကြည့်နေမလား၊ ဒါမှမဟုတ် စိတ်ပျော့တဲ့မောင်က မျက်ရည်တွေ တွင်တွင်ကျအောင်များ ငိုနေမှာလား...။ 

ကိုယ် သိဖို့မှ မလိုအပ်တော့ဘူးပဲကွယ်။ သေချာတာက မောင်နဲ့ကိုယ် ချစ်ခဲ့ကြဖူးတယ်.... 

တစ်ခုတော့ အမှတ်ရပါ… 
ကျွန်မတို့က ပင့်သက်ရှုခဲ့ကြတာမဟုတ်ဘူး 
ဒါ သေချာတယ်… 
ရှင်နဲ့ကျွန်မ အကြိမ်ကြိမ် နမ်းဖူးခဲ့ကြ…. 

ဟုတ်တယ်...။ ချစ်ခဲ့ကြတယ်…. 
 အဲဒါ...
ကိုယ် သိပ်သေချာပါတယ် မောင်.... 


 မန္တလေးအိုင်ကွန်းမဂ္ဂဇင်း (ဇွန်လ-၂၀၁၃) 

** တင်ပြီးသားပေမဲ့ ခုမှ  မဂ္ဂဇင်းထဲပါလာတာမို့ မဖတ်ရသေးသူတွေအတွက် ထပ်တင်ပေးလိုက်ပါတယ်...


 

တရံတဆစ်၌ မြစ်တို့သည်....

$
0
0



(၁)
ထားကို စတင်သိကျွမ်းခဲ့တာ ကျွန်မတို့တစ်ဘက်ခြံက မိတ်ဆွေများရဲ့သား မောင်မော်လွင် မင်္ဂလာဆောင်တုန်းကပါ။ 

ထားက မောင်မော်လွင်ရဲ့ သတို့သမီးလှလှကလေး။ ကလေးမက ဆံပင်ရှည်နက်နက်ဖားဖားကြီးနဲ့ လှတဲ့နွဲ့တဲ့အပြင် ကျက်သရေလည်းရှိပါရဲ့။ ဒါပေမဲ့ မင်္ဂလာဆောင်တဲ့ဟာကို မျက်နှာနွမ်းကလေးနဲ့နော်လို့ ခင်ပွန်းသည်ကို တိုးတိုးပြောမိ ခဲ့သေးတာ။ ရှက်ရှာလို့နေမယ်တဲ့ ခင်ပွန်းသည်က။ ဒါမှမဟုတ် ခမျာ နွမ်းပါးလို့ အားငယ်တာများလား။ ကျွန်မကတော့ အတွေ့အကြုံများသူပီပီ အဲဒီမျက်နှာနွမ်းကလေးရဲ့နောက်မှာ တစ်ခုခုတော့ မြစ်ဖျားခံနေရမယ်လို့ အတတ်သိခဲ့တယ်။

(၂)
ခါတိုင်းလိုပါပဲ။ ထားရဲ့ယောက္ခမ မေမြကျန်းမာရေးကြောင့် ကျွန်မခင်ပွန်းသည်ကို အိမ်ပင့်ဆေးကုနေကျမို့ နောက်ပိုင်းမှာတော့ ထားနဲ့ပါ တဖြည်းဖြည်း ရင်းနှီးနွေးထွေးလာခဲ့တာ။ ကလေးမက မွန်ရည်သိမ်မွေ့ပြီး အားငယ်စိတ်အခံလေး ရှိနေပုံရတယ်။

မေမြတို့က မျိုးရိုးစဉ်ဆက်ချမ်းသာတာရယ်၊ သားမောင်မော်လွင်ကလည်း ပညာတတ်ဖြစ်ပြန်တော့ နွမ်းပါးပြီး သာမန်ဘွဲ့ကလေး တစ်ခုနဲ့ မုဆိုးမသမီးထားကို သူ့သားနဲ့ မတူမတန်ဘူးထင်တာဟာ လောကမှာ ဖြစ်နေကျတွေထဲက ဖြစ်စဉ်တစ်ခုမို့ မဆန်းဘူးပဲ ဆိုပါတော့။

တခါတလေ ထားက ကျွန်မခင်ပွန်းသည်ရဲ့ ဆေးအိတ်ကိုဆွဲရင်း ကျွန်မတို့ခြံဘက်အထိ လိုက်ပို့တတ်တယ်။ အစမှာတော့ အတွင်းမီး အပြင်မယူရဆိုတဲ့ စကားအတိုင်း ခမျာမှာ ကြိတ်မှိတ်နေရှာပါရဲ့။ ကျွန်မတို့က သူ့အပေါ် သမီးကလေးတစ်ယောက်လို သဘောထားမှန်း သိလာတဲ့နောက်မှာတော့ သူမကလေးရင်ထဲက မျိုသိပ်ခံစား နေရရှာတာတွေ တစ်စတစ်စ ပွင့်အံလာ ခဲ့တော့တယ်။ ဖွင့်ချမယ့်ချတော့လည်း ကရားက ရေလွှတ်လိုက်သလို။ သူမရင်ထဲမှာ ဘယ်လောက်များ ကြိတ်မှိတ်နေခဲ့ ရပါလိမ့်မလဲ။ သူမပြောသမျှတွေကို မိန်းမသားချင်းစာနာစိတ်နဲ့ နှလုံးသားချင်းထပ်ပြီး နားထောင်ပေးခဲ့မိပါရဲ့။

(၃)
တစ်နေ့က ကျောင်းရေဗူးကလေးတွေ လျှော့ဈေးရတာနဲ့ သားနှစ်ယောက်အတွက် ၀မ်းသာအားရ၀ယ်လာမိတာ၊ အိမ်ရောက်တော့ မမညိုကလေးနှစ်ယောက်အတွက်ပါ ၀ယ်မလာရကောင်းလား၊ ကိုယ့်ကလေးတွေအတွက်ပဲ ကွက်ဝယ်လာရသလားတဲ့ မေမြက ဆူလိုက်တာ အန်တီခင်ရယ်၊ ထားလေ ရိုးရိုးသားသား မေ့သွားခဲ့တာပါ၊ တမင်လုပ်တာ မဟုတ်ရပါဘူး”

အေးချမ်းတဲ့ ထားမျက်နှာလေးကိုကြည့်ပြီး ထားမညာဘူးဆိုတာ ကျွန်မ ယုံကြည်ပါတယ်။

“မမညိုဆိုရင်လေ သူ့သားနှစ်ယောက်ကို သူတို့အိပ်ခန်းထဲမှာ မုန့်ခိုးခိုးကျွေးတာ၊ ကစားစရာတွေဆိုလည်း သူ့ကလေးတွေအတွက်ပဲ ဝယ်ဝယ်လာတတ်တာ၊ အဲဒါတွေကျတော့ မေမြက သိရက်သားနဲ့ ဘာမှမပြောဘူး၊ သိလား အန်တီခင်”

တီဗီဆိုလည်း အဲလိုပဲ။ သားတို့မှာ ဖွားအေ ကိုရီးယားကားကြည့်ချိန်နဲ့ မမညိုကလေးတွေ ဂိမ်းကစားနေချိန်တွေကို ပြီးအောင် စောင့်နေကြရတာ။ ဒါနဲ့ မနေနိုင်တဲ့ထားက ထားတို့အခန်းထဲမှာ သားသားတို့အတွက် တီဗီအသေးလေးတစ်လုံး သပ်သပ်ဝယ်ပေးဖို့ ကိုမော့်ကို ပြောလိုက်မိပါတယ်။ ထင်တဲ့အတိုင်းပဲ ကိုမော်ဟာ မျက်စေ့မျက်နှာပျက်ပျက်နဲ့ "ဟာ ဘယ်ကောင်းပါ့မလဲ ထားရယ်"တဲ့လေ။ မ၀ယ်ပေးနိုင်လို့လည်း မဟုတ်ဘဲနဲ့လေ။  ထားလည်း နှုတ်ဆိတ်နေလိုက်တော့တယ်။ စိတ်ထဲတော့ မကောင်းလှဘူးပေါ့”

“မမညိုကျတော့ ကလေးတွေ ထမင်းဘူးထည့်တာကအစ သူ့သားနှစ်ယောက်ထမင်းဗူးထဲ အသားတုံးတွေ ရွေးထည့်၊ ထား သားတွေကျတော့ အရိုးအရင်းပဲ ထည့်ပေးတာ။ ကလေးအချင်းချင်း ငြင်းခုန်ရန်ဖြစ်ကြပြန်ရင်လည်း ထားကလေးတွေရဲ့ အပြစ်ပဲ၊ ကလေးချင်းတူတူ ထားသားတွေကိုပဲ မာန်လိုက်မဲလိုက်နဲ့။ ကြာတော့ ထား ရေငုံမနေနိုင်တော့ဘူး အန်တီခင်ရယ်။ ကိုယ့်ယောက်ျားဆိုတဲ့အားကိုးစိတ်နဲ့ ကိုမော့်ကို ပြန်ပြောပြမိပါတယ်။  ဒီတော့ ထားကပဲ အသေးအဖွဲကအစ သဘောထားသေး သိမ်လွန်းသတဲ့လေ”

တစ်နေ့တစ်နေ့ ထားပြောသမျှလေးတွေ ကြားကြားပြီး ကျွန်မတို့ ဇနီးခင်ပွန်းနှစ်ယောက်သား ထားအပေါ် သနားဂရုဏာ မသက်ဘဲ မနေနိုင်ပါဘူး။ ကျွန်မတို့မှာက သားသမီးတွေ အိမ်ထောင်ခွဲသွားပြီးကတည်းက နှစ်ယောက်ထဲ ဒီအိမ်ကြီးထဲနေ လာကြတာ။ ဖြစ်နိုင်ရင် ထားတို့သားအမိတွေကို အနားမှာ ခေါ်ထားလိုက်ချင်ပါရဲ့။ ကလေးသံတွေ ဆူဆူညံညံနဲ့ဆို ကျွန်မတို့အိမ်ကြီး စိုစိုပြည်ပြည်တောင် ရှိလာနိုင်ရဲ့မဟုတ်လား။

ထားအမေကိုလည်း တခါတခါ ခြံထဲမှာ တွေ့လိုက်၊ တခါတလေ မေမြနောက်က ဈေးခြင်း ကိုင်လိုက်လာတာ တွေ့လိုက်နဲ့ တွေ့နေ ရတာ။ ထားအမေက လူကသာ ပိန်ပိန်၊ အရိုးအဆစ်သန်မာပြီး မျက်လုံးမျက်ခုံးကောင်း၊ နှာတံပေါ်ပေါ်နဲ့ နှုတ်ခမ်း တင်းတင်းစေ့ထားတတ်တာမို့ ငယ်ငယ်က မာနခဲမိန်းမချောဖြစ်ခဲ့မယ်ဆိုတာ မှန်းလို့ရတယ်။ ခုတော့လည်း သမီးနောက် လိုက်နေရင်း ခပ်ရိုင်းရိုင်းစကား ပုံခိုင်းရရင် ကျွန်ဝယ်ရာ အဆစ်ပါ ဆိုတာလို။

တခါတလေတော့လည်း ထားက ဘာမှမေးလို့မရအောင် ငိုချည်းနေတဲ့ နေ့တွေလည်း ရှိပါရဲ့။ ကျွန်မတို့မှာ သူ့ခေါင်းက ဆံစကလေးပွတ်သပ်ရင်း ချော့တာကလွဲလို့ ဘာမှ လုပ်မပေးနိုင်ပါဘူး။ ခမျာ ရှိုက်ကြီးတငင် ကလေးတစ်ယောက်လို ၀မ်းနည်းပက်လက် ငိုတတ်သေးတာ။

အငယ်မချိုချိုကျတော့ တက္ကသိုလ်ကျောင်းသူဆိုပြီး အိမ်အလုပ် ဘာမှ မကူဘူး၊ သူ့အခန်းထဲမှာ ဘရာဇီယာတွေ၊ ထမီကွင်းတွေဆိုတာ ဒီအတိုင်း ပုံချထားခဲ့တာ။ ထားကမှ ယူမလျှော်ပေးရင် အလိုက်မသိရကောင်းလား၊ အိမ်မှာ တစ်နေ့လုံးနေလို့ ဒါလေးတောင် ကူမလျှော်ပေးချင်ဘူးလား ပြောသေးတာ။ ပြီးတော့ ချိုချိုက နေရာတကာ ထားနဲ့ ပခုံးချင်း လိုက်ယှဉ်နေတာ အန်တီခင်ရဲ့”

ကိုမော့်ညီမအကြီး မမညိုကျပြန်တော့ ဗိုလ်ချုပ်ဈေးမှာ အထည်ဆိုင်နဲ့ တွဲရက်ဖွင့်ထားတဲ့ အပ်ချုပ်ဆိုင်ကို ဦးစီးနေရတဲ့ အိမ့်စီးပွားရှာသူဆိုပြီး အိမ်မှုကိစ္စတွေက သူနဲ့မဆိုင်ဘူး ထင်နေတာအဲဒီတော့ အိမ်ဝေယျာဝစ္စအားလုံးဟာ အိမ်မှာနေတဲ့ ထားတစ်ယောက်တည်းရဲ့ တာဝန်ပဲပေါ့ အန်တီခင်ရယ်”

သားအငယ်ကောင်ကိုယ်ဝန်ကြီးနဲ့တုန်းက အားနည်းနေတဲ့ထားကို ကျွန်မခင်ပွန်း အားဆေးသွားထိုးပေးခဲ့ရတာ။ ထားက နှုတ်ခမ်းလေးတွေတောင် ဖြူဖျော့လို့။ ကိုယ်ဝန်ကြီးနဲ့မို့ အိမ်အလုပ်တွေမလုပ်ဘဲ တတ်နိုင်သလောက် နားနားနေနေ နေဖို့ အိမ်သားအားလုံးရှေ့မှာ ပြောပြခဲ့ရသေးတာ။ ကျွန်မ မှတ်မိနေတယ်။

၎)
တစ်ရက်မှာ ကျွန်မတို့ နေ့လည်ခင်းလက်ဘက်ရည်လေးသောက်နေတုန်း ထား ရောက်ချလာပါရော။ မျက်နှာကလေးက မို့အစ်အစ်နဲ့ နှာသီးဖျားလေးတွေ နီနေတာကြောင့် တစ်ခုခုဖြစ်ပြီး ငိုခဲ့ပုံရတယ်လို့ အတတ်သိလိုက်ပါရဲ့။

“အန်တီခင် ကိုဇော်လေ သိလား၊ မမညိုတို့ ထွက်နေတဲ့ ဗိုလ်ချုပ်ဈေးကဆိုင်ကို သူလည်း ထွက်ချင်တယ်။ ဒါကို ကြည့်ကောင်းအောင် မောင်နှမတွေ မျှမျှတတ တစ်လှည့်စီထွက်ကြရအောင် အစ်ကိုကြီးပဲ ပြောပေးပါဦးဆိုပြီး ကိုမော့်ကို ဗိုက်ငှားတယ်။ နောက်ဆုံးတော့ ထားပဲ လူဆိုးဖြစ်ရတယ်။ ထားကပဲ ဒီဆိုင်ကို မမညိုတို့တစ်ဦးထဲ လက်ဝါးကြီးအုပ်နေတာကို မရှုစိမ့်လို့ ကိုမော့်ကို ပြောခိုင်းသလိုလို”

မောင်ဇော်လွင်ဆိုတာက မောင်မော်လွင့်ညီ၊ မောင်မော်လွင်လိုတော့ မလိမ္မာလှဘူး၊ သူတို့နေတဲ့ အိမ်ကြီး၊ မိဘက မင်္ဂလာဦးလက်ဖွဲ့အဖြစ်ပေးထားတဲ့ အဲဒီအိမ်ကြီးကိုတောင် ပေါင်ပြီး လောင်းကစားလုပ်တယ်ဆိုလား ကြားလိုက်မိသေး။ မောင်ဇော်လွင်ဟာ သူလိုချင်တာ တစ်ခုခုရှိရင် အစ်ကိုမောင်မော်လွင်ကို ရှေ့ကထွက်ခိုင်း၊ သူက နောက်ကနေ အသာမျှောလိုက်တတ်သူ၊ အခွင့်အရေးရတော့မှသာ ရှေ့က တက်ယူတတ်တဲ့သူ။

“ခက်တာက ကိုမော်က သူ့ဆွေမျိုးလုပ်သမျှ အကောင်းချည်း ထင်တဲ့သူ အန်တီခင်ရဲ့။ ထားက သူတော်စင်မဟုတ်တော့ အမြဲ သည်းခံမနေနိုင်ဘူး။ မခံနိုင်လို့ ထေ့တာငေါ့တာလေးတွေ ရှိလာတဲ့အခါ ယောင်းမတွေနဲ့ စစ်အေးတိုက်ပွဲဖြစ်ရရော။ ကြာတော့ စိတ်ညစ်လာတယ်။ စိတ်ကို ရှင်းရှင်းလေးထားချင်ပေမဲ့ သူတို့က လာလာချိတ်နေတာကို အမြဲတမ်း ပြန် ပြန်ဖြုတ်ချ မနေနိုင်ဘူး။ ပြန်ချိတ်မိလိုက်ချင်တယ်။ ထားလည်း လူသားပဲ၊ ထားမှာလည်း စိတ်ကလေးတော့ရှိသေးတာပဲ ဆိုတာမျိုး ပြလိုက်ချင်သေးတာပေါ့ အန်တီခင်ရယ်”

ကျွန်မ ဘာများပြောနိုင်မှာလဲလေ။ ထားလာတဲ့အခါတိုင်း ပြောပြသမျှတွေနားထောင်ပြီး ထားဘက်က ရပ်တည်ပေးချင်မိတဲ့ စိတ်တွေ ကျွန်မရင်ထဲ တစ်နေ့တစ်ခြား တိုးပွားလာတော့တာပါပဲ။

 “အိမ်သားတွေရဲ့ စားရေးသောက်ရေး၊ နေ့စဉ် ဝေယျာဝစ္စတွေကို ထား လုပ်နိုင်ပါတယ်။ အမေလည်း ကူလုပ်ပေးနေတာ ဆိုတော့လေ။ အိမ်အလုပ်ပင်ပန်းတာကိုခံနိုင်ပေမဲ့ ထားအပေါ် မုန်းတဲ့စိတ်နဲ့ အကောင်းမမြင်တာတွေကိုတော့ ထား မခံစားတော့နိုင်ဘူး။  ထား ခုလိုခံစားနေရတာတွေ အမေသိမှာလည်း စိုးတယ် အန်တီခင်

ထားအမေက မသိဘဲနဲ့တော့ နေမှာမဟုတ်ပါဘူး။ ငယ်ရာက ကြီးလာတာပဲဟာ။ ဘာပဲဖြစ်ဖြစ် ထား စိတ်ပြေပါစေတော့ဆိုပြီး ကိုယ့်တုန်းက အကြောင်းလေးတွေ ပြန်ပြောပြရတယ်။ ကျွန်မတို့တုန်းကလည်း ဦးသော်ဇင်တို့ဘက်က သဘောမတူကြပါဘူး။ သူတို့အမျိုးက ပညာတတ်မျိုးရိုး၊ ကျွန်မတို့ဘက်က ကုန်သည်မျိုးရိုး။ သူတို့ဘက်က ပညာတတ်မှ အထင်ကြီးကြတာ။ ကျွန်မမှာ ယောင်းမတွေ ယောက္ခမတွေနဲ့ နှစ်တော်တော်ကြာ တည့်အောင်နေခဲ့ရတာပါပဲ။ ယောက္ခထီးက ကျွန်မကို ချစ်တာမို့ ဖြေသာခဲ့ရတယ်။ ခုနေပြန်ပြောရင် ဘာမှမဟုတ်သလိုပေမဲ့ ဟိုတုန်းကတော့ဖြင့် အတော်လေး ခါးခါးသည်းသည်း ခံစားခဲ့ရတာ။ လူဆိုတော့လည်း ကိုယ့်အပူကမှ မီးနဲ့တူတယ် ထင်တတ်ကြတာကိုး။ ဒီတော့ ထားလည်း ပုထုဇဉ်ပီပီ သူ့အပူကမှ ကြီးလှတယ်လို့ ခံစားနေမှာပါပဲ။

“ထား ဒီအိမ်ကြီးပေါ် စတက်လာကတည်းက ကိုမော်ရမဲ့အမွေတွေကို မက်လို့၊ သူတို့ပိုင်ဆိုင်မှုတွေကို မက်လို့ ကိုမော့်ကို လက်ထပ်တာလို့ မြင်နေကြတာ။ ကြည့်နေ အမွေရမှ နှစ်ဘက်မိဘနာမည်နဲ့ အမွေအားလုံး လှူကိုပစ်ဦးမှာ”

မခံချင်စိတ်ကလေးနဲ့ လက်သီးလေးဆုတ်ပြီးပြောနေတဲ့ ထားရဲ့ မာဆတ်ဆတ်ဟန်လေးက ကျွန်မမျက်လုံးထဲ စွဲနေခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ငွေဆိုတာက လူသားအားလုံးကြိုက်ကြတာ၊ ငွေရဲ့ဖျားယောင်းမှုကို လွန်ဆန်ဖို့ ခက်တတ်ကြတာမို့ ငွေများ မမက်ပါဘူးဆိုတဲ့ ထားရဲ့ မာနအပြောလေးကို ကျွန်မက သဘောကျမိတယ်။ စားရတဲ့ကလေး ပိုငတ်တယ် ဆိုတာလို၊ ငွေဆိုတာကို များများစားစား မသုံးဖူးသေးလို့ မမက်တဲ့သဘောနေမှာလို့ ကျွန်မခင်ပွန်းသည်က မှတ်ချက်ချတယ်။

“ဒီနှစ်တွေထဲမှာ ထား ကိုမော့်ကို  ခဏခဏပြောနေရတဲ့ စကားကတော့ အိမ်ခွဲနေကြအောင်နော်ဆိုတဲ့ စကားတစ်ခွန်းပဲ။  ထား သူတို့နဲ့ အတူမနေနိုင်တော့ဘူး အန်တီခင်ရယ်”                                  

ကျွန်မ သက်ပြင်းများသာ အကြိမ်ကြိမ် ချခဲ့မိတော့တယ်။ ဒီကလေးမရဲ့ အိမ်ထောင်ရေးက လင်ရကံကောင်းပါရက်နဲ့ အသိုင်းအ၀ိုင်းကြောင့် မသာမယာဖြစ်နေရတာ။ ခု ကျွန်မကြားနေရတာတွေက တစ်ဘက်စကားကို တစ်ဘက်နားနဲ့ပဲ ကြားနေရတာလေ။ ဒီတော့ ကျန်တစ်ဘက်ရဲ့အသံကိုလည်း အခွင့်ရရင် နားထောင်ချင်မိပါရဲ့။ ဒါမှလည်း နှစ်ဘက်အကြား ကွာဟနေတာတွေရှိနေရင် အိမ်နီးချင်း မိတ်ဆွေကောင်းပီသစွာ ရင်ကြားစေ့ပေးနိုင်မယ်လို့ ကျွန်မက ခပ်ရိုးရိုးပဲ တွေးတယ်။ ကျွန်မအမျိုးသား ဦးသော်ဇင်ကတော့ ထားကို သမီးလေးလိုချစ်တာမှန်ပေမဲ့ တစ်ပါးသူ မိသားစုတွေရဲ့ အိမ်တွင်းရေးမို့ ကြားမ၀င်စေချင်ဘူး။

()
တစ်နေ့တော့ ညိုညို့သားအကြီးကောင်လေးမွေးနေ့မှာ ကြာဇံချက်ချက်ပြီး ညိုညိုကိုယ်တိုင် ချိုင့်ဆွဲလာပို့တယ်။ ဦးသော်ဇင်က ကြာဇံချက် အင်မတန် ကြိုက်လှတာ။ အဲဒီနေ့က ကျွန်မကလည်း အိမ်မှာ ရွှေတောင်ခေါက်ဆွဲချက်ထားတာတွေ အဆင်သင့်ရှိနေတာနဲ့ ချိုင့်ထဲပြန်ထည့်ပေးရင်း ညိုညိုပြောတာတွေ နားထောင်ဖို့ အခွင့်ရခဲ့ပြန်တယ်။

အန်တီခင်ရေ ညိုညိုတို့မယ် အစ်ကိုကိုလည်း မပြောရဲ၊ ယောင်းမကို ပြောပြန်ရင်လည်း သူ့ကိုပဲ ၀ိုင်းနှိမ်ကြတယ် ထင်မှာစိုးရနဲ့၊ ထားက ကလေးတွေကို အလိုလိုက်လွန်းတယ်။ ကလေးတွေက စာမလုပ်ချင်ဘဲ ဂိမ်းချည်း ကစားချင်ကြတယ်။ အတန်းထဲမှာ အဆင့်တွေလည်း မကောင်းကြဘူး။ သူ့ကလေးတွေကို ဆူဆုံးမရင်လည်း  ထားက နည်းနည်းမှ မကြိုက်ဘူး အန်တီခင်ရယ်၊ ညိုညိုတို့ကလည်း အဒေါ်ပဲဟာနော် ကိုယ့်တူတွေကို ကောင်းစေချင်တာပေါ့”

“ကိုကိုမော့်ရည်းစားဟောင်းက ညိုညို့သူငယ်ချင်းအရင်းကြီးလေ အန်တီခင်ရယ်။ အဲဒါ သူမို့အိမ်အလည်လာရင် ထားက တံခါးဆောင့်ပိတ်လား ပိတ်ရဲ့။ မီးဖိုထဲကနေ အိုးတွေခွက်တွေကို အသံမြည်အောင် တမင်လုပ်ပြီး မကြေနပ်ကြောင်း ပြလား ပြရဲ့။ ဘယ်လိုလုပ်မလဲ အန်တီခင်ရယ်။ ညိုညို့သူငယ်ချင်းက ထားနဲ့ကိုမော် အိမ်ထောင်မကျခင် ကတည်းက အိမ်မှာ ၀င်ထွက်နေတဲ့ဟာ၊ ခုလို ကိုမော့်ရည်းစားဟောင်းကို အိမ်လည်လက်ခံနေတာကို ထားက မကြိုက်ဘူးလေ၊ ကိုမော့်အဆက်ဟောင်းကိုပဲ အရေးပေးပြီး တမင်မျက်နှာခေါ်ပြတာဟာ သူ့ကို ရွဲ့တာ၊ သူ့ကို ယောင်းမအဖြစ် လက်မခံတာလို့ ထင်နေတယ်”

“ညိုညိုတို့မှာ ဆိုင်ကတစ်ဘက်နဲ့မို့ အိမ်အလုပ်တွေ ထားကိုပဲ ပုံအပ်ထားရတာ။ သူ့ကို ယောင်းမမို့လို့ စိတ်ချလက်ချ ယုံကြည်လို့လည်း မေမြကို ဂရုစိုက်ဖို့ရော၊ အိမ်စားရေးသောက်ရေးပါ မျက်စေ့မှိတ်လွှဲထားတာပေါ့ အန်တီခင်ရယ်”

“ထားက အငယ်မချိုချိုနဲ့လည်း မတဲ့ဘူး။ အန်တီခင်သိတဲ့အတိုင်း ချိုချိုက အငယ်ဆုံးမို့ တစ်အိမ်လုံးက အလိုလိုက်ထားတော့ သူ့အ၀တ်တောင် သူလျှော်တတ်တာမဟုတ်ဘူး။ ထားကို သူ့အစ်မတစ်ယောက်လို ချွဲနွဲ့ပြီး အကုန်ခိုင်းစားနေတော့တာ။ အဲဒါကို ထားက သူ့ပဲ အကုန်ခိုင်းတယ်၊ သူ့ပဲ ဗိုလ်ကျတယ် ဖြစ်ရော မလွယ်ပါဘူး အန်တီခင်ရာ”

ကျွန်မကြားချင်ခဲ့တဲ့ တစ်ဘက်စကားကိုလည်း ကြားရပါပြီ။ သူ့ဘက်ပြောတော့လည်း သူ အမှန်လိုလို။ ဒါပေမဲ့ ကျွန်မတို့က ထားအပေါ် သနားရင်းစွဲရှိတာမို့ လူသားပီပီ အားနည်းတဲ့ဘက်က၀င်ပြီး ရပ်တည်ချင်မိတာတော့ ၀န်ခံရမှာပါပဲ။

(၆)
ထားတို့မိသားစု အိမ်ခွဲမဆင်းခင်တစ်ရက်က ကျွန်မတို့အိမ် ၀င်လာနှုတ်ဆက်သွားပါသေးရဲ့။ ကျွန်မတို့ဇနီးမောင်နှံကို ထိုင်ကန်တော့တာမို့ ကျွန်မတို့မှာ မျက်ရည်တောင်ကျမိပါတယ်။ ဘာပဲပြောပြော သူတို့မိသားစုအတွက်တော့ ၀မ်းသာလိုက်ရတာလေ။

ဒီလိုနဲ့ ဝေးသွားလိုက်ကြတာ မေမြနေထိုင်မကောင်းပြီး အသည်းအသန်ဖြစ်လို့ ထားတစ်ယောက် အနီးကပ်လာပြုစုတဲ့ အခါမှ ပြန်တွေ့ကြရတယ်။ မကြာပါဘူး၊ မီးစာကုန်ဆီခမ်းမို့ ထင်ပါရဲ့ ဆေးဝါးကောင်းတွေနဲ့ ကုနေတဲ့ကြားက မေမြတစ်ယောက် ဆုံးပါးသွားရှာတယ်။  မေမြဆုံးသွားပြီးတဲ့နောက် ရက်လည်တဲ့အထိ ထားတစ်ယောက် မျက်တွင်းချောင်ကလေးနဲ့ ဂျင်ခြေလည်အောင် ပင်ပန်းနေတာကို တွေ့ရပြန်တယ်။

မေမြမဆုံးခင် ရှေ့နေနဲ့ အမွေကိစ္စတွေရှင်းကြတော့ သားသမီးလေးယောက်စလုံးကို ပိုင်ဆိုင်သမျှ လေးပုံအညီအမျှစီ ခွဲပေးခဲ့တာမို့ ကျွန်မတို့က ထားတို့မိသားစုအတွက် ၀မ်းသာရတယ်။ မေမြမှာက ရှေးစိန်တွေဆိုတာ မနည်းမနောကို ရှိခဲ့တာမို့ တစ်ပုံစီဆိုရင်တောင် ကာလတန်ဘိုးနဲ့ နည်းမှာမဟုတ်ဘူးပေါ့။

မေမြလက်က ကြံဆစ်လက်ကောက်ကြီးနှစ်ရံကို သူမသေခင် သူ့လက်ကချွတ်ပြီး ထားလက်မှာ ကိုယ်တိုင်ဝတ်ပေးခဲ့ရှာတယ်။ သမီးနှစ်ယောက်ဖြစ်တဲ့ ညိုညိုနဲ့ ချိုချို့ကိုတောင် မပေးခဲ့ဘူး။ နောက်ဆုံးတော့ သူ့အနားမှာ ချေးကလူ သေးကလူကအစ အနွံတာခံပြုစုခဲ့တဲ့ ချွေးမရဲ့မေတ္တာကို မေမြတစ်ယောက် မသေခင် သိသွားခဲ့ပုံပါပဲ။

မညိုနဲ့ ချိုချို သိတ်ကြေနပ်ပုံမရဘူးဆိုတာကို ရိပ်မိတဲ့ထားက ရက်လည်ကိစ္စပြီးလို့ ပြန်ခါနီးမှာ သူ့လက်က လက်ကောက်နှစ်ရံကို ယောင်းမနှစ်ယောက် တစ်ယောက်တစ်ရံစီ ချွတ်ပေးခဲ့လေတယ်။ ပစ္စည်းမမက်မောတဲ့ ထားရဲ့စိတ်ကလးကို ကျွန်မဖြင့် ကြိတ်ချီးကျူးခဲ့ရသေးတယ်။ သူတို့အိမ်မပြန်ခင် ကျွန်မတို့ကို လာနှုတ်ဆက်တော့ ထားကပြောသွားပါသေးတယ်။

အမွေက တစ်ယောက်ဘယ်လောက်ရမယ်တော့ မသိပါဘူး အန်တီခင်ရယ်၊ ကြည့်နေပါ  ဒီအမွေတွေကို အလှူကြီးကို ပေးလှူပစ်ဦးမှာ၊ အန်တီခင့်ကို ဖိတ်လိုက်မယ်နော်။ အဲဒီတော့မှ ထား အမွေမက်လား မမက်လားဆိုတာ သူတို့ တစ်နေ့ သိမှာပေါ့လေ” တဲ့။ အံကလေးများတောင် ကြိတ်လို့။

(၇)
အဲဒီနောက်မှာတော့ ညိုညိုနဲ့ ချိုချိုတို့နှစ်ယောက်က အစ်ကိုနှစ်ယောက်ကို အိမ်တန်ဘိုးရဲ့ လေးပုံတစ်ပုံစီ ပြန်အမ်းလိုက်ကြပြီး အိမ်ကြီးကိုတော့ ညီအစ်မနှစ်ယောက်အပိုင်ပဲ ထားလိုက်ကြတယ်လို့ ကြားတယ်။ ချိုချိုအိမ်ထောင်ကျတဲ့အခါ ဒီအိမ်ကြီးကို တစ်ယောက်ယောက်က ပြန်အမ်းယူမှာလား၊ နှစ်အိမ်ထောင်အတူတူပဲ နေကြမှာလားဆိုတာတော့ မသိနိုင်ဘူးရယ်။ ခုတော့ ချိုချိုလည်း ကျောင်းပြီးလို့ ညီအစ်မနှစ်ယောက် ဗိုလ်ချုပ်ဈေးကဆိုင်ကို တစ်လှည့်စီထွက်နေကြလေရဲ့။
                                                 
အငယ်ကောင်ကိုဇော်ကတော့ ရတဲ့အမွေတွေနဲ့ လောင်းကစားပဲ ဆက်လုပ်နေပြန်ပြီလား။ အချိုးအချိတ်ပြောင်းပြီး လိမ်ပဲ လိမ္မာနေပြီလား မပြောတတ်ပါဘူး။ သူတို့အမေ မေမြမရှိတဲ့နောက် သားသမီးတွေက အိမ်အလာကျဲသွားတာမှ မလာတော့သလောက်ပါပဲ။ ထားနဲ့ကျွန်မတို့လည်း မတွေ့တာတောင် အတော်လေး ကြာခဲ့ပါပြီ။

(၈)
“ဟိုမှာ မောင်မော်လွင့်မိန်းမလေး ထား မဟုတ်လား”

ကျွန်မတို့စားနေကျ ယိုးဒယားစားသောက်ဆိုင်လေးမှာ နေ့လည်စာစားနေရာက ခင်ပွန်းသည်ပြတဲ့ဘက် ကြည့်လိုက်တော့ ဟုတ်တယ်၊ ထားပဲ။ ထားကလည်း ကျွန်မတို့ကို မြင်သွားပြီး ကျွန်မတို့စားပွဲရှိရာ လျှောက်လာတယ်။

“အန်တီခင်နဲ့ အန်ကယ်သော် နေကောင်းကြတယ်နော်၊ ထားတို့ မတွေ့တာတောင် ကြာပြီ”

“ဟုတ်တယ် သမီး ထားရယ်၊ မေမြဆုံးပြီး တစ်ခါလား တွေ့ကြတယ်နော်၊ နေကောင်းရဲ့လား၊ မောင်မော်လွင်ရော၊ ထားတို့အမေရော”

“ထားတို့မိသားစု နေကောင်းပါတယ် အန်တီခင်၊ အမေက ဒီနှစ်ထဲ အတော်လေး မကျန်းမာချင်ဘူး”

“အေးလေ အသက်ကလည်း ရလာမှကိုး”

“ဟုတ်တယ် အန်တီခင်ရေ၊ အရင်ကလို အန်တီခင်တို့နဲ့ ခြံချင်းကပ်ရက်မဟုတ်တော့ အမေ့ကျန်းမာရေးအတွက် အပြင်အထူးကုတွေကိုပဲ အားကိုးနေရတယ်။ အန်တီခင်ရေ နောက်မှ ထား အိမ်လာလည်ပါ့မယ်နော်၊ ဒီမှာ သားသားတို့က ပက်ထိုင်းခေါက်ဆွဲစားချင်တယ်ဆိုလို့ လာဝယ်တာ။ ဒါက ထားတို့ အိမ်လိပ်စာ၊ ခု ကိုမော်က အိမ်မှာပဲ ရုံးခန်းဖွင့်ထားတယ်လေ အန်တီရဲ့။ အန်တီတို့ ကြုံရင်လည်း ၀င်ခဲ့ပါနော်”

ပြောပြောဆိုဆို လိပ်စာကပ်ပြားလေးပေးခဲ့ပြီး ခပ်သွက်သွက်လေးလှမ်းထွက်သွားတဲ့ ထားနောက်ကျောကို ကျွန်မ လိုက်ကြည့်နေမိတယ်။

ထားဟာ သူ့ဆံပင်အရှည်ကြီးကို ပုခုံးထိရုံလောက်ဖြတ်ပြီး အခွေလေးတွေ ကောက်ထားတယ်။ မျက်နှာမှာလည်း မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားပုံရတယ်။ မှုန်ပြေပြေလေး။ ခုံမြင့်ဖိနပ်နဲ့။ လူးဝစ်စ်ဗစ်ထွန် လက်ကိုင်အိတ်နဲ့။ နားနှစ်ဖက်မှာလည်း တစ်ဖျတ်ဖျတ်တောက်နေတဲ့ စိန်နားကပ်နဲ့။ ထားအပြင်အဆင်ဟာ အတော်ကို ပြောင်းသွားခဲ့ပြီ။ ထားစိတ်တွေရော ပြောင်းလဲသွားခဲ့ပြီလား….ကျွန်မ မသိနိုင်ဘူး။ ခုထိတော့ နှစ်ဘက်မိဘနာမည်နဲ့ အလှူကြီးပေးတာမျိုး ကျွန်မ မကြားမိသေးတာ အမှန်။ မောင်မော်လွင်လိပ်စာပါ ကဒ်ပြားလေးကြည့်မိတော့ အရင်အိမ်မဟုတ်တော့ဘဲ တကယ့်ကို လူချမ်းသာတွေမှနေတဲ့ အိမ်ရာမှာ။

အဲဒီအခိုက်အတန့်လေးမှာပဲ ထားကိုယ်တိုင်မောင်းလာတဲ့ကားလေးက ကျွန်မတို့ထိုင်နေတဲ့ ဆိုင်ရှေ့ ဖြတ်မောင်း သွားတာ တွေ့လိုက်ရတယ်။ ထားက နေကာမျက်မှန်လေးတောင် တပ်ထားလို့။

ထားတို့အလှူကျရင် ခြုံဖို့ဆိုပြီး တပြင်ပြင်လုပ်နေတဲ့ မင့်ပိုးပုဝါကြီး ဘီရိုထဲသာ ပြန်သိမ်းထားလိုက်ပါတော့ကွာ”

ဦးသော်ဇင်က အဲသလို စနောက်တော့ ခါတိုင်းလို ကျွန်မ မပြုံးနိုင်ဘူး။ စိတ်ထဲ ၀မ်းနည်းသလိုလို၊ တစ်ဆို့ဆို့ကြီး ခံစားနေရတယ်။

ပြောင်းလဲသွားပြီလား….
ထားဟာ တကယ်ပဲ ငွေတန်ဘိုး နားလည်သွားပြီလား….
ငွေ ဘယ်လိုသုံးရမယ်ဆိုတာ ခြေခြေမြစ်မြစ်ကြီး သိသွားပြီလား….
အပေါ်ယံအသွင်သဏ္ဍန် ပြောင်းလဲသွားတာနဲ့အတူ ထားရင်ထဲက ခံယူချက်တွေပါ တစ်ပါတည်း တိုက်စားသွားခဲ့ပြီတဲ့လား။ 

ထားရယ်….

အေးလေ လူတွေဟာ ပြောင်းလဲနေတတ်တာပဲ။ ထားလည်း လူတစ်ယောက်ပဲမို့ ပြောင်းလဲနိုင်တယ်ဆိုတာ ကျွန်မ လက်ခံ ရမှာပေါ့။ 

ဦးသော်ဇင်က စကားတစ်ခွန်း ထပ်ပြောတယ်။ စားရတဲ့ကလေးဟာ ပိုငတ်တယ်ဆိုတာ အမေကြီး လက်တွေ့သိပြီလား” တဲ့။ ခင်ပွန်းသည်ကို ကျွန်မ ခေါင်းညိတ်ပြလိုက်ပါတယ်။ ထားဟာ အရင်က စားရကောင်းမှန်းမှမသိခဲ့တာဘဲကိုး။

ဘယ်လိုပဲဆိုဆို တစ်နေ့မှာ ထားပို့လာမဲ့ အလှူဖိတ်စာတစ်စောင်ကို ကျွန်မရင်ထဲ တိတ်တိတ်လေး မျှော်လင့်နေမိသေးတာပါပဲ။ 

တစ်နေ့နေ့မှာပေါ့လေ….။


ရွှေအမြုတေမဂ္ဂဇင်း-ဒီဇင်ဘာလ-၂၀၁၃


ပုံပြင်အသစ် (သို့) ရင်ကွဲနာအား စာစီခြင်း

$
0
0
ကျွန်မယဉ်သူမေဟာ  စာရေးဆရာမတစ်ယောက်ဖြစ်တယ်….။  ဒီတော့ မောင်က ကျွန်မအတွက် ရေးချွတ်စရာ ဇာတ်လမ်းလိုပေမယ်လို့ ထင်ကောင်း  ထင်လိမ့်မယ်….။ အဲဒီအထင်နဲ့  မောင်က ကျွန်မကို ဇာတ်လမ်းလေးတစ်ပုဒ် ပေးခဲ့တယ်။  မောင်ပေးခဲ့တဲ့ ဇာတ်လမ်းကို ပုံပြင်အသစ်လို့ ခေါင်းစဉ်တပ်ပြီး ကျွန်မ  အခု ရေးတော့မယ်။ 

@@@@@@@@@@

 ကိုယ် အိပ်မက် မက်တယ်။ သိလား….အိပ်မက်ထဲမှာလေ မေနဲ့ အိမ်ထောင်ကျ၊ ကလေးတွေဘာတွေတောင် ရလို့…..။  ပြီးတော့ မေ စာရေးနေတဲ့နောက်ကနေလာပြီး မေ့ကို သိုင်းဖက်လိုက်သေးတယ်”

“ကိုယ် မဂ္ဂဇင်းတစ်စောင် ထုတ်ဝေခွင့်ရချင်တယ်။  မေ့နာမည်နဲ့ လေ။ မေရေးတဲ့စာတွေချည်း ထည့်ပစ်လိုက်မယ်”

ဟင့်အင်း  တော်ပါတော့။  မတွေးနဲ့တော့။  မတွေးပါနဲ့တော့။  အိပ်ရအောင်ပါနော်….။  

အိပ်ဆေးပုလင်းထဲက ဆေးတစ်ပြားကို ရေအေးတစ်ခွက်နဲ့ သောက်ချလိုက်တယ်။ ကျွန်မက အိပ်စက်ခြင်းကို ညတွေဆီက မျှားယူနေရသူ။ ဇီဝဆေးပြားတွေရဲ့ အကူနဲ့လေ….။

ညက မှောင်နေလိုက်တာ။  ညအမှောင်ထဲမှာ ကြယ်စင်ကလေးတွေလို မောင့်မျက်ဝန်းတွေက ဟိုမှာ  ဒီမှာ၊ ကျွန်မနဲ့ နီးလာလိုက်၊ ဝေးသွားလိုက်…..။  ပြတင်းပေါက်ကတစ်ဆင့် ဖြာကျနေတဲ့မီးရောင်တွေက ကျွန်မအခန်းထဲ တိုးဝှေ့နေရာယူထားကြ။ မှောင်နေတုန်းပါပဲကွယ်။ မလင်းဘူး မောင်…. ကျွန်မရင်ထဲမှာ….။ 

ကျွန်မသိချင်တာတွေကို ပြောပြပါဦး မောင်ရဲ့….။ ကျွန်မက အမေးအမြန်းထူ တယ်နော်….။ မောင်နဲ့ ပတ်သက်သမျှ ဘာမဆို သိလိုက်ချင်တာပဲ….၊  ကျွန်မ မေးခွန်းတွေ မေးတိုင်းလည်း မောင်က အမြဲခေါင်းကုတ် စိတ်ရှုပ်နေကျ။  ကျွတ်….။ ကိုယ့်ကိုယ်ကိုတောင် ကျွန်မ စိတ်ပျက်မိပါရဲ့။ 

ကုတင်ဘေး ခုံပေါ်က ကျွန်မဖုန်းကလေး။  အဲဒီထဲမှာ…..။  မောင် ရှိနေတယ်။  မောင့်ပုံရိပ်၊  မောင့်အသံ၊ မောင့် စကားတွေ….။  မောင်နဲ့အတူ ဆိုညည်းခဲ့ဖူးတဲ့ သီချင်းတွေ….။ မောင်နဲ့ ပတ်သက်သမျှ။

"မောနင်း…နေကောင်းလား၊ ခု အပြင်မှာ သိပ်ပူနေတာပဲ၊ ခဏနေရင် ကိုယ် အပြင်ထွက်တော့မယ်။ နောက်နေ့မှ တွေ့မယ်နော်၊ အချိန်ရရင် ဖုန်းခေါ်လိုက် I miss u အိုကေ Muahhh….."

မျက်ရည်တွေတစ်စက်ချင်း တစ်စက်ချင်း ကျွန်မပါးပြင်ပေါ်…. လိမ့်ဆင်းကျလာ။ ခဏကလေး နေပါဦး။ နေပါဦးလား မောင့် အသံလေးရယ်။ 

အသံသွင်းဖို့အတွက် ဖုန်းရီကော့ဒ်ဒါကို ဖွင့်လိုက်ရင်း မောင့်ဆီကို စကားတွေ တစ်လုံးချင်း စပြောလိုက် တယ်။

"မောင် နေကောင်းလား ဟင်။ ခုလေ  ကိုယ် ဖျားနေတယ် သိလား။ နေ့လည်က ရေပန်းကိုအားကုန်ဖွင့်ပြီး ရေချိုးတယ်။ အကြာကြီးပဲ၊ ပြီးတော့ မောင့်ကို လွမ်းလွန်းလို့ အော်ငိုမိတယ်။ ဘယ်နှနာရီမှန်း မသိဘူး။ ဘယ်လောက်ကြာသွားမှန်း မသိဘူး။ သတိဝင်လာတော့ ကျွန်မနှုတ်ခမ်းတွေ ခိုက်ခိုက်တုန်နေခဲ့ပြီ။ ခေါင်းအစိုကြီးကို ဒီအတိုင်း မသုတ်ဘဲ ပစ်ထားလိုက်တာ၊ ရေစက်လက်နဲ့လေ။ ခု အဲကွန်းကို ၂၇ မှာ ထားတာတောင် အင်္ကျီ ဘောင်းဘီ အရှည်ဝတ်ပြီး စောင်ခြုံထားရတယ်၊ သိလား။ ဆေးတော့ မသောက်ချင်ပါဘူး။  ကျွန်မ ဖျားနေတယ်ဆိုရင် မောင် စိတ်ပူမလားလို့။ အကြာကြီး ဖျားကြည့်ချင်သေးတယ်။ ဒါပဲ မောင်ရယ်…..။ လွမ်းလိုက်တာ မောင်ရာ…..။ နေကောင်းအောင် နေနော်"

ပြီးတော့ send ဆိုတဲ့ ခလုတ်လေးနှိပ်လို့ မောင့်ဆီ ပို့လိုက်တယ်။ မတတ်နိုင်ပါဘူး….။ ကျွန်မစိတ်တွေကို ထိန်းမထားချင်ပါဘူး မောင်။ မောင့်ကို ကျွန်မ  ဘယ်လောက်ချစ်တယ်ဆိုတာလည်း  မောင် သိနေတာပဲဟာ။ 

"I Luv u…."

ဟော မောင့်အသံ ကြားရပြန်ပြီ။ မောင်က ချစ်တယ်လို့မှ မပြောခဲ့တာဘဲနော်။ ကျွန်မ ဘာသာပြန်ဖို့ မကြိုးစားတော့ပါဘူး။ ဒီအတိုင်း….မောင် ပြောခဲ့တဲ့အတိုင်း ရှိစေ…..။

ဟင်….မနက် မိုးလင်းတော့မှာလား။ အိပ်မှ….အိပ်ဖို့ကြိုးစားမှ….။

မဖြစ်သေးပါဘူးလေ။ ကျွန်မက စာရေးဆရာမ တဲ့။ စာရေးမှပေါ့။ ခုလို အချစ်ကြောင့် ရင်ကွဲနာကျ၊ ဘဝမှာ အလူးအလဲ ဒဏ်ရာရ၊ နာလန်မထူနိုင်တဲ့ဘဝတော့ အရောက်မခံနိုင်ပါဘူး။ ထ ထ…ထဦးမှပါ။ မနက် ငါးနာရီတောင် ရှိပေါ့။ လမ်းလျှောက်မယ်။ ပြန်လာရင် ရေချိုး။ မနက်စာ စား။ စာရေးစားပွဲထိုင်၊ ရေးစရာ ရှိတာရေးမှပေါ့။ 

နေပါဦး။ ဘာရေးရမှာပါလိမ့်။ မိန်းကလေးတွေ အချစ်ကြောင့် ဘဝကို အရှုံးမပေးကြဖို့။ အချစ် အလွမ်း ရင်ကွဲနာတွေနဲ့ အချိန်ကုန် လူးလှိမ့်မနေကြဖို့။ ဘဝအားမာန်ပါတဲ့ စာမျိုးတွေ ရေးမှ။ ဟုတ်ပြီ။ ချမယ်။ အဲဒါမျိုး ရေးရမယ်။ ကြက်စွပ်ပြုတ်လို အားရှိသွားစေမယ့်စာမျိုးနဲ့ နိုင်ငံ့အကျိုးပြုစာပေတွေ ရေးမယ်။ ဟုတ်ပြီ အိုခေ…။

"ဒီနေ့ ဆံပင်သွားညှပ်လိုက်တယ်။ ကိုယ်နဲ့ လိုက်လားဟင်။ နောက်တစ်ပတ်ကျရင်တော့ ဆံပင်အရောင် ပြောင်းဆိုးမယ် စိတ်ကူးတယ်။ ခဏနေရင် ဘာဘယ်တီး သွားသောက်မယ်။ လိုက်မလား။ သြော်….မနေ့ညက ညစာ အိမ်မှာ ချက်စားလိုက်တယ် သိလား။ ဝက်နံရိုးချက်စားတယ်လေ၊ ဂွတ်ပဲ။ ဒါပဲနော် မနက်ဖြန်မှ တွေ့ကြမယ် တိတ်ကဲ မွ….."

စကားတွေ လာပြောနေပြန်ပြီ။  မောင်…..။ တိတ်တိတ်လေး နေစမ်းပါ မောင်ရဲ့….။

မောင်ရာ….ဘာလို့လဲ…။ ဘာလို့လဲ ဟင်….။  ကျွန်မနဲ့ အဝေးမှာ နေရရင် ပိုစိတ်ချမ်းသာမယ်ပေါ့ မောင်က အဲသလို ထင်တယ်ပေါ့ ဟုတ်လား။ ကျွန်မနဲ့ မခွဲနိုင်ဘူး၊ လွမ်းတယ် ဆို……။ ကျွန်မနဲ့အတူ မိသားစုဘဝလေးတစ်ခု မောင် ဖန်တီးမျှော်လင့်ကြည့်မိတယ် ဆို…။ ဘာလို့များ….။

မျက်ရည်တွေ….ကျလာပြန်ပြီ။ ဒီမျက်ရည်တွေဟာ…ခဏခဏကျနေတာပဲ။ သူတို့ကြောင့် မျက်ရည်နာမည်ပျက်ရတယ်။ တန်ဘိုးမဲ့ရတယ်။ ခဏခဏငိုနေတော့ မောင်က စိတ်ကုန်လို့ ထားခဲ့တာပေါ့။ ဒင်းတို့ကြောင့်….။ မောင် စိတ်ပျက်ပြီး အဝေးကြီး ထွက်သွားတာ…..။ မောင်က ပျော် ချင်တာ…။ မောင်က ပျော်ပျော်လေး နေချင်တာ။ ရယ်မောပေါ့ပါးနေချင်တာ။ အကြင်နာတွေ အယုယစကားတွေပဲ ကြားချင်တာ။ နားမလည်နိုင်မှုတွေ၊ ဝန်တိုမှုတွေနဲ့ စိမ်းတောက်နေတဲ့ စကားတွေ၊ မလိုတမာ စကားနာတွေ၊ စိတ်နာငိုညည်းသံတွေ  မောင်က ကြားချင်တာ မဟုတ်ဘူး။ မသိဘဲနဲ့…။ ခုတော့ မောင်က စိတ်ကုန်သွားပြီတဲ့…..။ 

ကျွန်မက သိပ်ချစ်လို့ပါ မောင်ရဲ့။ မောင့်ကို အချိန်တိုင်း သတိရနေသလို၊ မောင့်အပေါ် ကျွန်မစိတ်နှလုံးအစုံ ပုံအပ်ထားသလို မောင့်စိတ်အစဉ်ကိုလည်း ကျွန်မပဲ ပိုင်ချင်ခဲ့တာ။ မောင်က ကျွန်မကို နားမလည်ဘူး။ မောင့်ကို ကျွန်မက နားမလည်ဘူး။ မောင့်ကိုယ်မောင်လည်း နားမလည်ဘူး။ ကျွန်မကိုယ် ကျွန်မလည်း နားမလည်ဘူး။ အလွဲလွဲအချော်ချော်နဲ့။  ပျော်စရာကောင်းလိုက်တာ…..။ 

မောင် ဖေ့စ်ဘုတ်မှာ ကောင်မလေးချောချောလေးတွေရဲ့ ပုံကို လိုက်ခ်လုပ်ခွင့် မရှိရလို့ ကျွန်မက ပိတ်ပင်တော့ မောင် စိတ်တိုသွားလိုက်တာ။ ဟီဟိ….ရယ်ရတယ်။ မောင်က ကလေးလိုပဲ၊ ကျွန်မကို စိတ်ကောက်လို့ကောင်းနေတော့တာ။ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတဲ့ စကားလုံးအကြီးကြီးနဲ့ ကျွန်မကို ပစ်ပေါက်တယ်။
ကျွန်မ ပြုံးမိတယ်။ မောင့်ကြောင့် အူတိုမိတဲ့အဖြစ်တွေကလည်း ပေါပါ့။ မောင်ကလည်း ကျွန်မ အူတိုတိုင်း စိတ်ကောက်ပါ့။ ချစ်စရာကလေးရယ်  မောင်က….။ 

  ထတော့လေ၊   လုပ်ပြန်ပြီ။  ဒီလိုပုံမျိုးနဲ့။  ဒီလို ပျော့ခွေနေပုံမျိုးနဲ့  ခွန်အားရှိတဲ့စာတွေ ဘယ်လိုရေး မှာလဲ။  အိပ်ရာထဲမှာ ခွေနေလို့ မဖြစ်သေးဘူး။ မျက်ရည်တွေနဲ့ အိပ်စက်၊  မျက်ရည်တွေနဲ့ နိုးထနေရတဲ့ ကျွန်မကမ္ဘာမှာ ကျွန်မကိုယ်တိုင် ကျဆုံးသူတစ်ယောက် ဖြစ်ရတော့မလား။  ငိုဖို့တောင် အင်အား မရှိတော့တဲ့ စိတ်အခြေအနေနဲ့….။  အရောင်မဲ့မျက်ဝန်းတွေနဲ့….။  အားတင်းထားလည်းပဲ ပြိုပြိုကျနေတဲ့ စိတ်ဓါတ်တွေနဲ့….။  ဘဝကို  ဘယ်လိုခွန်အားမျိုးတွေနဲ့ ပြန်လည်ထူမတ်ရတော့မှာလဲ။  စိတ်ညစ်လိုက် တာ။ ခက်တာက နားထဲမှာ တစ်ချိန်လုံး ကြားနေရတဲ့ မောင့်အသံတွေ…..။

မောင့် အ သံ တွေ…..

"ခု ဘာမှ မစားရသေးဘူးလား၊ ပန်းသီးရှိလား၊ ပန်းသီးတစ်လုံးလောက် စားလိုက်....."

"ကောင်းကောင်း စား၊ ကောင်းကောင်း အိပ်၊ နေကောင်းအောင်နေ နော်၊ လူက ဖြူဖျော့နေပြီ"
 
"ပန်းချီတွေလည်း သိပ်ဆွဲမနေနဲ့၊ တော်ကြာ နာမည်တွေ ကြီးကုန်ဦးမယ်...."
 

မစားချင်ပါဘူး  ဘာမှ…..။

အိပ်ရာဘေးစားပွဲပေါ်က နိုးလာရင်စားဖို့ထားထားတဲ့ ပန်းသီးတစ်လုံးကို  နံရံဆီ အားကုန် ပစ်ပေါက်လိုက်တော့ ပန်းသီးစတွေက ကြမ်းပြင်ပေါ်မှာ ပေပွ ကြေမွ….။ မကြားချင်ဘူး….။  အဲ့ဒီအသံတွေ….။ မောင့်အကြင်နာတွေက ခုတော့ လူသတ်လက်နက်တွေအဖြစ် ပြောင်းသွား...။ ကျွန်မကို ဝိုင်းသတ်နေကြ။

မစားဘူး။  မအိပ်ဘူး။ နေကောင်းအောင်လည်း မနေဘူး။  သေသွားရင် ကောင်းမယ်….။  သေပဲ သေချင်တယ်….။ ဒါပဲ။

ဟင့်အင်း….။  ကျွန်မစိတ်တွေ ကျောက်ချရာ…။ ကျွန်မအာရုံတွေ ကျက်စားရာ ပန်းချီကားတွေထဲမှာပဲ ကျွန်မစိတ်ရှိသလို နေနိုင်တာ….။ ခွင့်ပြုပါ နော်…။ မောင် ခွင့်မပြုလည်း ကျွန်မက ဆွဲဦးမှာ။
 

နားတွေကို ပိတ်ထားလိုက်မိတယ်ထင်ရဲ့....။ တော်လောက်ပါပြီလေ...။

"အချစ်ဆိုတာကို ဘယ် တုန်း က မှ မယုံကြည်ခဲ့ဘူး။
ကျွန်မ ရင်ခုန်ခဲ့ပါတယ်။
အချစ်ဆိုတာမှာ ဘယ် တုန်း က မှ မညွတ်ပျောင်းခဲ့ဘူး။
ကျွန်မ အချစ်ဝတ္ထုတွေ ရေးပါတယ်......
 

တကယ်တော့ အချစ်ဆိုတာ စနစ်တကျ လေ့ကျင့်ပုံသွင်းခံရတဲ့ အကျင့်တစ်ခုမျှသာ။ အကျင့်ကနေ အစွဲအလန်းဖြစ်.....။ အစွဲအလန်းကနေ ရင့်ကျက်လာတဲ့အခါ တမ်းတခြင်းတွေဖြစ်လာ....။ ဒါကိုပဲ အချစ်လို့ ခေါင်းစဉ်တပ်......ရူးကြတော့တာ။
 

တမ်းတခဲ့ဖူးတယ်....။ ကျွန်မ ရူးခဲ့ဖူးပါတယ် မောင်နဲ့ကျမှ..."

နောက်ထပ်အသံဖိုင်တစ်ခု သွင်းပြီး မောင့်ဆီ ပို့လိုက်မိပြန်တယ်။ စိတ်မရှိပါနဲ့ မောင်။ ငိုသံတွေ ပါသွားတယ် ထင်ရဲ့။ ဟုတ်တယ် ကျွန်မ ငိုနေလို့ပါ။ မောင့်ကို လွမ်းလို့ပါ….။ ရင်တွေ နာကျင်ရလွန်းလို့ပါ။

တော်ပါပြီ။ ခု အပြင်မှာ နေ့လား၊  ညလား…။ ကျွန်မ မသိနိုင်တော့တာပဲ။ အိပ်ချိန်လား၊ စားချိန်လားလည်း ကျွန်မ မသိနိုင်တော့။ ရင်ကွဲနာဆိုတာ တကယ်ပဲ ရှိသလား။ ရင်ကွဲတဲ့အခါ သေတတ်သလား။ ရင်ကွဲသေတဲ့အခါ လှလှပပလေး သက်သက်သာသာလေး သေနိုင်မှာလား။ သိချင်လိုက်တာ။

တော်ပါပြီ စာရေးမယ်။ အချစ်ကြောင့် မိန်းကလေးတွေ ဘဝပျက်အောင် မခံစားကြဖို့။ အချစ်ဟာ ဒင်းတို့ယောကျာ်းတွေအတွက် ဘဝရဲ့ တစိတ်တပိုင်းမျှသာဆိုရင် ကျွန်မတို့ မိန်းမတွေ အတွက် မြေမှုန်တပွင့်မျှသာဆိုတာ သိစေရမယ်။ မျက်ရည်တွေကို ခု သုတ်လိုက်၊ သုတ်လိုက်စမ်း၊  သုတ်ပစ်လိုက်စမ်းပါ။ 

@@@@@@@@@@

ကျွန်မယဉ်သူမေဟာ  စာရေးဆရာမတစ်ယောက်ဖြစ်တယ်….။  

 မောင်ပေးခဲ့တဲ့ ရင်ကွဲနာကို ကျွန်မ စာဖွဲ့နေပြီ။ ပြီးသွားတဲ့အခါ မဂ္ဂဇင်းတိုက်တစ်ခုကို သွားပို့ရဦးမယ်။ မောင့်အကြောင်းလို့ မောင် မရိပ်မိအောင် ပိပိရိရိရေးထားတဲ့စာကို မောင်ဖတ်မိတဲ့အခါ ရယ်များ ရယ်မောနေမလားပဲ။  ရယ်ပါ မောင်၊ မောင်ရယ်လိုက်တဲ့အခါ ချစ်စရာကောင်းလို့ ကျွန်မ ချစ်တယ်။

တစ်ခုပဲ မောင့်ကို ကျွန်မ လွမ်းမနေဘူးလို့ ရေးမယ်။ မောင်ထားခဲ့တဲ့နေရာမှာ ကျွန်မ ရပ်တန့်မနေဘဲ အားကောင်းမောင်းသန်မိန်းမသားပီသစွာ ဘဝခရီးကို တစ်ယောက်ထဲ ဆက်လျှောက်ဆဲ၊ တစ်နေ့မှာ မျှော်မှန်းထားတဲ့ အောင်မြင်မှု ပန်းတိုင်ကို ရောက်ရမယ့် အာဂမိန်းမ ကျွန်မဖြစ်တယ် လို့ ရေးဖွဲ့မယ်။ အချစ်ကြောင့် လမ်းပျောက်နေတဲ့ မိန်းမငယ်လေးတွေရှေ့က မားမားရပ် လမ်းပြပေးချင်တဲ့ မိန်းမအဖြစ် စာစီမယ်။ 

သိလား မောင်....

ကျွန်မယဉ်သူမေဟာ  စာရေးဆရာမတစ်ယောက်ဖြစ်တယ်….။  ကျွန်မအတွက်တော့ ရင်ကွဲနာဟာ စာတစ်ပုဒ်မျှသာ ဖြစ်တယ်။




အလှည့်...

$
0
0


"နင်တို့ဟာလေ တနေ့တနေ့ အိမ်မှာနေမယ်မရှိဘူး။ အပြင်သွားဖို့ပဲ။ အငယ်မရော အကြီးမရော။ ဟိုအငယ်ကောင်ရော မိုးလင်းကမိုးချုပ် အပြင်မှာချည်းပဲ။ လမ်းကို အိမ်လုပ်နေကြတဲ့ဟာတွေ"
 "နင်တို့အဖေနဲ့ပဲ ကိုက်တယ်။ နင်တို့အဖေလို ငါက မတီးတော့ နင်တို့က ငါ့ကို မခန့်ဘူးပေါ့ ဟုတ်လား"

"အာ မေကြီးကလည်း သမီးက ကျူရှင်တွေ ရှိလို့သွားနေရတဲ့ဟာကို၊ အငယ်ကောင်ကိုပဲ ဆူ မေကြီး၊ သူက ဘာအလုပ်မှ မရှိဘဲ တနေကုန် လမ်းသလားနေတာ ဟီဟိ"

"အောင်မာ မိငယ်နော်၊ ငါက အလုပ်လေးဘာလေး စနည်းနာနေရတာ။ အလုပ်ရရင် မေကြီးကို သားက လုပ်ကျွေးမှာ သိလား မေကြီး၊ အမေ့သမီးတွေသာ ယောကျာ်းရရင် ကောက်ကနဲ လိုက်သွားမှာ"

"တော်စမ်းပါ သားငယ်ရယ်၊ နင် အဲလိုပြောပြောနေတာပဲ။ ပြီးခဲ့တဲ့အလုပ်ရတုန်းက နင့်ကောင်မလေးအတွက် ဝယ်ပေးရတာနဲ့ နင်ရတာတောင်မလောက်လို့။ ငါ့အိတ်ထဲက လာလာနှိုက်နေပြီးတော့"

"ဟီး  မေကြီးကလည်း…အဲဒီအလုပ်က လစာမကောင်းလို့ပါ။ ဒါကြောင့် သား ထွက်လိုက်တာပေါ့။ ခု အလုပ်သစ်ရှာနေပြီ။ မေကြီး သားလုပ်စာစားဖို့သာ ပြင်တော့"

"ဟိ မေကြီးနားပေါက်ချဲ့ထားလိုက် သိလား၊ အငယ်ကောင်က သူနောက်အလုပ်သစ်ရရင် မေကြီးကို စိန်နားကပ်ကြီး ဆင်တော့မှာတဲ့"

"တော်ကြစမ်းပါဟယ် နင်တို့။ ဒါနဲ့ နောက်တစ်ပတ်ကျရင်တော့ နင်တို့အဖေဆုံးတာ ရှစ်နှစ်ပြည့် ဆွမ်းကပ်မယ်။ အဲဒါ အိမ်နေကြဦး။ လတ်လျားလတ်လျားလုပ်မနေကြနဲ့ဦး။ ငါ အပြင်ခဏ သွားလိုက်ဦးမယ်"

"ဟုတ် မေကြီး"

"ဟဲ့ ညည်းက ဒီအချိန်မှ ဘယ်သွားဦးမလို့လဲ"

"ဒီနားရပ်ကွက်တင်ပါ အမေရဲ့"

"ဘာလုပ်ဖို့တုန်း"

"သမီးတို့အမျိုးသမီးရေးရာက သူငယ်ချင်းတစ်ယောက်လေ၊  သူ့မွေးနေ့မို့ ဆိုင်တစ်ဆိုင်မှာ လိုက်ကျွေးမလို့တဲ့။ သမီးအိမ်မှာ ထမင်းမစားတော့ဘူး နော် အမေ"

"ဟဲ့ အငယ်မတို့ အကြီးမတို့ နင်တို့အဖွားဆာတဲ့အခါ ထမင်းလေးဘာလေး ခူးခပ်ကျွေးလိုက်ဦး ကြားကြလား"

"ဟုတ် မေကြီး၊ စိတ်ချ"

"နေစမ်းပါဦး၊ ညည်းမလည်း တချိန်လုံးအဲ့ဒီအပေါင်းအသင်းမွေးနေ့၊ ဘုရားဖူး၊ ကာရာအိုကေ၊ အစည်းအဝေး၊ အလှူ ဒါတွေနဲ့ပဲ အိမ်နေတယ် မရှိဘူး။ အိမ်စောင့်နတ်နဲ့ ရန်ဖြစ်ထားသလား မှတ်တယ်။ ကတည်း။ ငါ ဒီနေ့ သွေးနည်းနည်းတက်ချင်နေတာ။ အဲဒါ ငါ့ ဆေးခန်းလိုက်ပို့ဦး။ ပြီးမှ သွား"

"ဟာ အမေကလည်း လုပ်ပြီ။ အမေ့မြေးတစ်ယောက်ယောက်ခေါ်သွားပါလားလို့"

"အာ  သား မလိုက်ချင်ပါဘူး၊ ဖွားဆေးခန်းက လူနာတွေ အလှည့်စောင့်ရတာ အကြာကြီးပဲ"

"သမီးရောပဲနော်၊ ဒီမှာ သမီး စာလုပ်ရဦးမှာ။ အဆိုင်းမင့်တွေ မနက်ဖြန်အပြီးတင်ဖို့ရှိတယ်"

"အေး ကလေးတွေက မအားဘူး၊  ညည်းပဲလိုက်ခဲ့"

ဟီဟိ…
စူပုတ်ပုတ်နှင့် အဖွားနောက်ပါသွားသော အမေ့မျက်နှာညိုညိုကို ကြည့်ကာ မောင်နှမတွေ ကြိတ်ရယ်လိုက်ကြ၏။

ဒီလိုပါပဲ။ လောကကြီးမှာ ဗိုလ်ဆိုတာ သူ့အဆင့်နဲ့သူ မဟုတ်လား…..။ နိုင်ရာနိုင်ရာပေါ့။



ကာလတစ်ခုဆီသို့ လွမ်းချင်း

$
0
0
ကျွန်မတို့မှာ Esprit လို့ရေးထိုးထားပြီး ဒီဇိုင်းလှလှရေးဆွဲထားတဲ့ သံဖြူဘူး တစ်ဘူးရယ်၊ လက်ဆောင်ရထားတဲ့ ရွှေရောင်ဝက်ရုပ်စုဘူး တစ်ဘူးရယ် ၂ဘူးရှိပါတယ်။ တစ်နေ့ကတော့ ကျွန်မတို့နှစ်ယောက် အိမ်မှာ အနှီစုဘူးတွေကို တစ်ယောက်တစ်ဘူးစီ တက်ညီလက်ညီ ဖောက်ကြပါတယ်။ 

Esprit ဘူးထဲမှာ ငါးမူးစေ့တွေ စုပြီး ဝက်ရုပ်ဘူးထဲမှာတော့ ဂိုလ်းကွိုင်လို့ခေါ်တဲ့ ရွှေရောင်ကျပ်ပြားစေ့တွေ စုကြတာပါ။ ရည်ရွယ်ရင်းကတော့ ရွာပြန်တဲ့အခါ အလှူလေးဘာလေးလည်းလုပ်ရ၊ အသေးသုံးလိုတာရှိလည်း သုံးရတာပ ဆိုပြီး စုကြတာပေါ့လေ။

ဘူး ၂ဘူးဖောက်ပြီးတဲ့အခါ ငါးမူးစေ့တွေကို အစေ့၂၀ တစ်ပုံ၊  ကျပ်ပြားစေ့တွေကို ဆယ်စေ့ကျစီတစ်ပုံ ပုံပြီး ရေတွက်ခြင်းအမှုကို ဆက်ပြုကြပါတယ်။ 

ပြောစရာကျန်ပါသေးတယ်။ ကျွန်မတို့ အကြွေစေ့တွေကို ဘယ်လိုစုကြသလဲဆိုတော့ နေ့စဉ်သုံးနေတဲ့ ပိုက်ဆံတွေကနေ အမ်းငွေအကြွေတွေကို အသေးစေ့တွေပဲ ပြန်သုံးပြီး ငါးမူးစေ့နဲ့ ကျပ်ပြားစေ့တွေကိုတော့ စုဖို့ဆိုပြီး ပိုက်ဆံအိတ်ထောင့်ကပ်ထားလေ့ရှိပါတယ်။ အဲဒါကိုမှ တစ်ပတ်ပြည့်တိုင်း ပိုက်ဆံအိတ်ရှင်းရင်း ထောင့်ကပ်ထားတဲ့ ငါးမူးစေ့နဲ့ ကျပ်ပြားစေ့တွေကို စုဘူးထဲ တခုတ်တရ ထည့်ကြရတာ။ တခါတလေ ကျွန်မက ညစ်ပြီး အိတ်ထောင့်ကပ်ထားတဲ့ ကျပ်ပြားစေ့တွေကို သူမသိအောင် သုံးပစ်တတ်ပါတယ်။ 

တစ်ပတ်ပြည့်လို့ ပိုက်ဆံအိတ်ရှင်းတဲ့အခါ ဘယ်သူက ပိုများများစုမိတယ်ဆိုတာလည်း စကားနိုင်လုကြရသေးတာ။ ကျွန်မကတော့ သူ့ကို အနိုင်ပေးလိုက်တာ များပါတယ်။ သူပဲ များများစုပါစေပေါ့။ စုဘူးဖောက်လို့ သုံးမှသာ ကျွန်မ များများသုံးရဖို့အရေး မဟုတ်လား။ အန်းနီးဝေး ဒီလိုနဲ့ စုဘူးဖောက်နေရင်း စိတ်တွေက ကာလတစ်ခုဆီရောက်သွားပါရော....။

ဒီလိုငွေအကြွေစေ့တွေ....။ ကျွန်မတို့ရွာက ကလေးတွေ မြင်မှ မြင်ဖူးပါ့မလား....။ ကျွန်မတို့ ခပ်ငယ်ငယ် မှတ်မိပါသေးတယ်။ 

မြို့မအမျိုးသားကျောင်းကြီးမှာ ကျောင်းတက်ရတာ။ ကျောင်းကားအစိမ်းရောင်ကြီးတွေက လမ်းထိပ် ဈေးနားမှာ လာကြိုလေ့ရှိတာ။ ကျောင်းကားမမီလိုက်တဲ့နေ့ဆို အိမ်ကနေ ကန်တိုမင်ပန်းခြံကို ဖြတ်ပြီး လမ်းလျှောက်ကြရတယ်။ ဒါက အခြေအနေကောင်းတဲ့နေ့ပေါ့။ သိပ်နောက် ကျသွားတဲ့နေ့များဆို ရွှေတိဂုံဘုရားလမ်းပေါ်မှာ ပြေးနေတဲ့ ဘတ်စ်ကြီးတွေ (ဟီးနိုးခေါ်မယ်ထင်ပါရဲ့) အဲဒါကြီးတွေကို စတီးဝပ်မှတ်တိုင်အထိစီးပြီး ဆက်လမ်းလျှောက်ပေတော့ပဲ။ မိုင်ဒါကွင်းကြီးထဲက ဖြတ်လျှောက်၊ ဒီလိုနဲ့ ကျောင်းရောက်ရတာပဲ။

ကျွန်မမှတ်မိတာက အဲဒီဘတ်စ်ကြီးတွေကို ပေးရတဲ့ ကားခပဲ။ နံပါတ် ၁၀ ကားလို့ နာမည်မှတ်မိသလို ကားခကလည်း ၁၀ပြားပဲ ပေးရတာ။ ဘယ်စီးစီး ဆယ်ပြားပဲ။ လွမ်းပါ့။

နောက်တစ်ခုက ကျွန်မတို့ လမ်းလျှောက်ပြီးကျောင်းကိုသွားရတိုင်း ဖြတ်သွားနေကျလမ်းမှာ တပ်မတော်ကပွဲရုံဆိုတာ ရှိတယ်။ တပ်မတော်ရုံလို့ ကျွန်မတို့က အလွယ်ခေါ်လိုက်တာပဲ။ အဲဒီမှာ ရုပ်ရှင်ကားဟောင်းတွေ တင်တယ်။ မြို့လယ်မှာ ပြလို့ အတော်ဟောင်းပြီဆို အဲဒီရုံမှာ ပြတာပဲ။ ရုပ်ရှင်လက်မှတ်ခက တစ်မတ်၊ ငါးမူးရယ်။ ဟေ့ တစ်မတ်တန်းကကြည့်တဲ့ကောင်တွေ သိပ်မဆူနဲ့ကွ ဆိုတဲ့စကား အဲဒီကများ လာသလားပဲ....:)

အဲဒီရုံမှာ ရုပ်ရှင်ကားကောင်းကောင်းပြပြီဆိုရင် ကျွန်မတို့နေတဲ့ ဗဟန်းကနေ အဲဒီတပ်မတော်ရုံကို အိမ်နီးချင်းတွေနဲ့ အုပ်စုလိုက်ကြီး လမ်းလျှောက်ပြီး ရုပ်ရှင်သွားကြည့်လေ့ရှိကြတယ်။ ပျော်စရာ သိပ်ကောင်းတာပဲ။ တခါတလေလည်း အဲဒီတပ်မတော်ရုံမှာ ခေတ်ဟောင်းခေတ်ဆွေးက အဖြူအမဲကားတွေ ပြန်ပြလေ့ရှိတယ်။ ကားတွေက တခါတလေ တုန်မှုန်နေတာပါပဲ။ ကားကလည်းပြတ်သေး။ ဒါပေမယ့် ကျွန်မတို့ မြန်မာလူမျိုးက အတော်သည်းခံတတ်ကြတာကလား။ ကားပြတ်ပြီဟေ့ဆို ရှုရှုးပေါက်ချိန်ရတာပဆိုတဲ့ ကြေကြေအေးအေးစိတ်ထားနဲ့ ပေါ်လီယာနားဝမ်းကွဲတွေက ရုံထဲ အတော်များပေတာ။ ကျွန်မတို့ကတော့ ကလေးသာသာကိုး။ ဘာကားကြည့်ရ ကြည့်ရ၊ ဘယ်လိုကြည့်ရကြည့်ရ ပျော်တာပဲ။ ဇီးပေါင်း ကွာစေ့လည်း စားရသေး၊ ရုပ်ရှင်လည်းကြည့်ပါမှ တစ်ယောက်ကို ငါးမူး တစ်ကျပ်တောင် မကုန်ဘူးကိုး။ လွမ်းပါ့။

အဲဒီအချိန်က ကျွန်မက သုံး-လေးတန်းထင်ရဲ့ (သေချာမမှတ်မိတော့)။ ဘဲဥကြက်ဥ တစ်လုံးမှ သုံးဆယ့်ငါးပြား၊ ပြားလေးဆယ်ကနေ ပြားငါးဆယ် အဲ့သလောက်ပဲ ပေးရတာ။ အက်ရာလေးတွေရှိတဲ့ အလုံးဆို အောက်ဈေးနဲ့တောင်ရတတ်သေး။ အကောင်းက ပြားလေးဆယ်ဆို သူက ပြားသုံးဆယ် အဲသလို။ ချက်ချင်းကြော်စားဖို့ဆို အက်နေတဲ့အလုံးတွေ ပုံထားတဲ့ထဲက ရွေးဝယ်လိုက်တာပဲ။ အဆင်ကိုပြေလို့။ ခုများ ဘဲဥ ကြက်ဥ  တစ်လုံး လေး-ငါး-ခြောက်ဆယ် တဲ့။ ဘယ်နှစ်ဆ တက်သွားတုန်း။ မသိချင်တော့ပါဘူး။ မတွက်ကြည့်ကြပါစို့နဲ့  :)

မုန့်ဟင်းခါးဆိုလည်း တစ်ပွဲမှ တစ်မတ်၊ လက်ဘက်ရည်ဆိုလည်း တစ်ခွက်မှ တစ်မတ်ရယ်။
ပြောရရင် 50 cent ဆိုတဲ့ ကျပ်မပြည့်တဲ့ကောင်တွေတောင် သတိရသွားသေးတယ်။ အဲဒီတုန်းက ခေတ်ကိုက ကျပ်မပြည့်တဲ့ခေတ်လို့ပဲ ဆိုပါတော့လေ။  လွမ်းပါ့။

ကျွန်မတို့ စင်ကာပူရောက်စတုန်းကတောင် လဘက်ရည်တစ်ခွက်မှ ပြားခြောက်ဆယ်၊ အအေးတစ်ခွက်မှ ငါးမူး- ပြားခြောက်ဆယ်ဆိုတာ ကြုံလိုက်ရသေးတယ်။ ခုတော့ တစ်ချို့နေရာတွေမှာ ပြားရှစ်ဆယ်၊ တစ်ချို့နေရာတွေမှာလည်း တစ်ကျပ်ဆယ်ပြား အဲသလိုပေးရတယ် ပြောတာပဲ။ နေရာလိုက်ပြီး ဈေးကွာ သွားတာပါပဲ။ အပြင်ဘက်ဟော့ကာစင်တာမှာ တဈေး၊ ရှော့ပင်းမောထဲမှာကျတော့ တဈေး အဲသလိုဆိုပါတော့။ ရထားခ ကားခတွေဆိုလည်း ဒီလိုပဲ။ အနီးဆုံးသတ်မှတ်ထားတဲ့ မှတ်တိုင်ထိပဲစီးရင် အနိမ့်ဆုံး ပြားခြောက်ဆယ်ခေတ်ကြုံလိုက်ရသေးတယ်။ ခုတော့ ရထားခ ကားခတွေလည်း တက်ကုန်ပေါ့။  ဈေးတွေက တဖြည်းဖြည်းနဲ့တက်လာလိုက်တာဆိုတာ ပြောပါတယ်။ ဒါတောင် စင်ကာပူအစိုးရက တစ်ခုခုဈေးတက်တော့မယ်ဆို လအတော်များများကြိုတင်ပြီး လွှတ်တော်ထဲ ဆုံးဖြတ်၊ လူထုကို ကြိုတင်ကြေငြာပြီးမှ ဈေးတက်ရဲတာ။ ခမျာများမှာ မပြောမဆို အုန်းဒိုင်းနဲ့ မတက်ရဲရှာဘူး။ အဲသလို....။ ကွာပါ့။

စင်ကာပူမှာက ခုထိလည်း ငွေအကြွေက သုံးလို့ရနေသေးတာ။ အသုံးဝင်နေသေးတာ။ ပေါက်စီအသေးတစ်လုံးမှ ပြားရှစ်ဆယ်။ ကန်စွန်းရွက်တစ်စည်းမှ ပြားရှစ်ဆယ်။ ငါးပြားစေ့ကစလို့ ကျပ်စေ့အထိ လည်ပတ်သုံးစွဲနေကြတုန်းပဲ။  ဆိုတော့ ငွေအကြွေ မြင်ဖူးချင်မှ မြင်ဖူးမယ့် ကျွန်မတို့ရွာက ကလေးတွေကို သတိရမိတယ်။ ငါးပြားစေ့ဆိုတာက ဘယ်လို ဘယ်ပုံ။ ဆယ်ပြားစေ့ဆိုတာက ဘယ်လို ဘယ်ပုံ၊ ဆယ်ပြားစေ့ဆိုလို့ ကျွန်မတို့ငယ်ငယ်က ဆယ်ပြားစေ့ပုံလည်ပင်းပေါက်ဆိုပြီး အမျိုးသမီးတွေ ဘလောက်စ်ချုပ်ဝတ်လိုက်ကြသေးတာကလား။

ဆယ်ပြားစေ့မျက်နှာနဲ့ဆိုပြီး လေးထောင့်ပုံမျက်နှာကျရှိတဲ့လူတွေကို ရည်ညွှန်းပြောတတ်ကြတာမျိုးလည်း ရှိသေးတာမို့လား။  ခုခေတ် ဆယ်ပြားစေ့ ဘယ်ပုံဆိုတာ မသိတဲ့ကလေးတွေကို ပြောရင်တော့ မျက်စေ့ထဲမြင်ကြမယ်မထင်ဘူး။ နောက် တမတ်စေ့၊ ငါးမူးစေ့ကနေ ကျပ်ပြားစေ့အထိ။ ဗိုလ်ချုပ်ပုံနဲ့ အကြွေစေ့၊ စပါးနှံပုံနဲ့ အကြွေစေ့ ဒါလေးတွေ ခုခေတ်ကလေးတွေ မြင်ချင်မှ မြင်ဖူးပေမယ်။ ခုခေတ်က အနည်းဆုံး ငါးဆယ်ဆိုတာလောက်က စသုံးကြတဲ့ခေတ်။

ကျွန်မသာ သမတဖြစ်ရင်တော့ ခုလက်ရှိသုံးနေတဲ့ ငွေရေတွက်မှုတွေကို နောက်ကနေ သုည ၃လုံးလောက်ဖြုတ်ပစ်လိုက်ချင်တယ်။ ဥပမာ တစ်ထောင်တန်ဆို နားထား၊ တစ်ကျပ်ပဲလုပ်လိုက်။ တစ်သောင်းတန်ဆို နားထား တစ်ဆယ်ပဲ လုပ်လိုက်....။ သိန်း၂၀၀တန်ကားလား၊  လာထား ရော့နှစ်သောင်းယူ။ ဒါမျိုးပေါ့။ အသုံးစားရိတ်တွေကို ပြောပါတယ်။  ပုံမှန်ဝန်ထမ်း လစာတွေကတော့ နည်းရတဲ့အထဲ မူရင်းအတိုင်းရှိပါစေတော့  :) 

(အဲလေ နောက်တာပါ။ တော်ပါပြီ စီကေအေ သ-မ-တ မဖြစ်ချင်ပါဘူး၊ ခုတောင် လူမုန်းများနေရတဲ့အထဲ)

ဘာရယ်လည်းမဟုတ်ပါဘူး။ ဟိုးအရင်တစ်ချိန်တုန်းဆီက ကျပ်မပြည့်တဲ့ခေတ်ကို အကြွေစေ့လေးတွေရေတွက်နေရင်းက လွမ်းမိတယ်ဆိုပါတော့။ တကယ်ပဲ လွမ်းပါ့တော်။

ကလေးတွေ မြင်ဖူးတယ်ရှိအောင်....ကြည့်ကြပါ။

ကျွန်တော်သည် သက်ရှိပန်ကာတစ်လုံးဖြစ်၍ ကျွန်တော့်နှလုံးသားသည်....

$
0
0

(က)

ခုတစ်လော ကျွန်တော်လမ်းထွက်တိုင်း လူတွေရဲ့မျက်နှာကို မမြင်ရဘဲ မျက်နှာနေရာမှာ ပန်ကာတွေချည်း မြင်မြင်နေရသည်။ သို့သော် အဲဒါဟာ အမှန်တရားတစ်ခုသာဖြစ်လျှက် ကျွန်တော် ဘာမှ မှားယွင်းမနေပါ။

(ခ)

ကျွန်တော် လူတစ်ယောက်နဲ့ တွေ့ဖို့ချိန်းထားတာ ဒီကော်ဖီဆိုင်လေးထဲမှာ ဖြစ်သည်။ ဒီဆိုင်ရဲ့ အသွေးအရောင်၊ အဆင်အပြင်မှာ နံရံတွေကို ကျွန်တော့်စိတ်သဘောကျ လိမ္မော်ရောင်သွေး သုတ်လိမ်းလို့ထားသော၊ အရွယ်အစား ခပ်သေးသေးနှင့် လက်ရာအနုစိတ် အရောင်ပြေပြေပန်းချီကားချပ်လေးများ သူ့နေရာနှင့်သူ ချိတ်ဆွဲထားသော၊ အဆိုမပါ အတီးချည်းသက်သက်နှင့် Jazzတေးသွားများကိုသာ ခပ်တိုးတိုးဖွင့်ထားတတ်သော၊ စားပွဲတွေပေါ်မှာ ပန်းစိုက်အိုး ရှိမနေပါဘဲ နှင်းဆီနီနီရနံ့ သင်းသင်းလေးလွင့်ပျံ့နေတတ်သော၊ သီးသန့်ခန်းလေးများ ရှိသော၊ ကားရပ်နားရန် ခြံဝန်းကျယ်ကြီးရှိသော ဒီဆိုင်လေးကို ကျွန်တော့်ရွေးချယ်မှုနှင့် ချိန်းဆိုခဲ့တာဖြစ်လေသည်။

ကျွန်တော့်အမှုသည်တွေနဲ့တွေ့ဖို့ ချိန်းတိုင်း ဒီဆိုင်လေးကို ရွေးဖြစ်တာက အဲဒါတွေအပြင် အဓိကအကျဆုံး အေးချမ်းတိတ်ဆိတ်မှုကြောင့်လည်း ဖြစ်သေးသည်။ အေးချမ်းတိတ်ဆိတ်ခြင်း၏အသံကို ကျွန်တော်နှစ်သက် ပါသည်။ ခုလည်း အခါများစွာကလိုပင် ခပ်စောစောကြိုတင်ရောက်နှင့်နေ၍ စိတ်အလုပ် လုပ်ရန် ခန္ဓာတစ်ခုလုံးမှ အကြောအခြင်များကို စတင်ဖြေလျှော့လျှက် မျက်စေ့တို့ကို အောက်စိုက်ချပြီး ကျွန်တော့်နှလုံးသားအပေါ်မှာပဲ အာရုံတင် စူးစိုက်ထားလိုက်သည်။ နှလုံးသားအခန်းတို့ သန်စွမ်း ကြည်လင်လျှက် ကျန်းမာစွာရှိနေကာ တစ်ဒုတ်ဒုတ် သွေးခုန်နေသံကို ကျွန်တော့်ပကတိနားနှင့် ကြားနေရသည်အထိပင်။

မိမိနှလုံးသား၏ ကျန်းမာရေးအခြေအနေကို အလုံးစုံ စိတ်ချလက်ချရှိပြီးမှ နှာသီးဝမှာ စိတ်ကိုတင်ထားကာ အမှတ်သတိ မလွတ်စေဘဲ စောင့်ဆိုင်းခြင်းအမှုကို ထုံးစံအတိုင်း စိတ်လက်ရှည်ရှည် ပြုရသည်။ မကြာပါ၊ ချိန်းဆိုထားသည့် အချိန်ထက် ငါးမိနစ်ခန့် နောက်ကျပြီး သူရောက်လာသည်။ သမားရိုးကျမိတ်ဆက်ခြင်းအမှုကို ပြုပြီး ကျွန်တော့်အလုပ်ကဒ်ပြားလေး သူ့လက်ထဲထည့်လိုက်ချိန်မှာ ကျွန်တော့်အပိုင်းက သူ့မျက်နှာကို (မသိမသာ) အချိန်ယူ ဖတ်ရှု့ဖို့ပဲ ဖြစ်လေသည်။

နန္ဒကျော်ခေါင်
နှလုံးသားမိတ္တူ
ဖုန်းနံပါတ်-က-၀၁၂-၈၇၅၉၀၃၄
မေတ္တာလမ်း၊ ခြံအမှတ်A-၁၀၇၈
e-mail : နန္ဒကျော်ခေါင်@နှလုံးသားမိတ္တူ.com

သူ့မျက်နှာပေါ်မှာ ဘာအပြောင်းအလဲမှ မတွေ့ရပါ။ အရမ်းကာရောယုံကြည်ဟန်မရှိသလို သရော်တော်တော် အမူအယာမျိုးလည်း ရှိမနေပါ။ အလုပ်လုပ်ရန် အကောင်းဆုံးအနေအထားမို့ ဒီအခြေအနေမျိုးကို ကျွန်တော် သဘောကျပါသည်။ သူ့ထံမှ အသက်ရှူသံခပ်ဖြေးဖြေး ကြားနေရသည်။ ခဏနေတော့ သူက ဆုံးဖြတ်ပြီးဟန်နှင့် ကျွန်တော့်ဆီကို သူ့ညာဘက်လက် ကမ်းပေးလေသည်။ ပြီးမှ ခပ်လေးလေး သို့သော် လေးနက်ဟန် ညင်သာစွာ စကားစသည်။

“ကျွန်တော့်ဇနီး မေသက်ထားရဲ့ နှလုံးသားမိတ္တူကို ဖတ်ရှု့ပေးပါ ဆရာ”

ခေါင်းတစ်ချက် ဆတ်ပြလိုက်ကာ ကမ်းပေးလာသောသူ့ညာလက်ဖ၀ါးပေါ်ကို ကျွန်တော့်ညာလက်ဖ၀ါးနှင့် ပူးကပ်အုပ်ကိုင်လိုက်ပြီး ကျွန်တော့်မျက်လုံးများဆီ တည့်တည့်ကြည့်ရန် သူ့ကို စိတ်ထဲမှ အမိန့်ပေးလိုက်လေသည်။ စိတ်လှုပ်ရှားနေသော သူ့ကို ငြိမ်သက်စေရန် ရေအေးအေးတစ်ခွက် တိုက်ထားပြီးဖြစ်တာတောင် သူ့နှလုံးသားကြိမ်နှုန်းသည် ကျွန်တော့်လက်ထဲမှာ လူးလွန့်ယိမ်းထိုးလျှက် ဗြောင်းဆန်နေသည်။ အသေအချာဝတ်ဆင်လာသော ကျွန်တော့်ရှပ်အင်္ကျီ ကြက်သွေးရောင်ကို ခပ်စိုက်စိုက် ပြောင်းကြည့်ခိုင်းလိုက်ပြီး သူ့မျက်ခုံးနှစ်ခုအလယ် နဖူးအောက်ခြေနေရာကို လက်မဖြင့်ဖိနှိပ်လိုက်သည်။ မကြာပါ။ ကျွန်တော်လိုချင်သော အနေအထားကို ရောက်ခဲ့ပြီ။

သူ့လက်ဖ၀ါးသည် ကျွန်တော့်လက်ဖ၀ါးထဲမှာ ငြိမ်သက်လျက်၊ သွေးကြောမျှင်များမှတစ်ဆင့် လျှပ်စစ်စီးသလို စီးဆင်းဝင် လာနေပြီး နှလုံးသားချင်း အောင်မြင်စွာ ချိတ်ဆက်လိုက်နိုင်တော့သည်။ သူ့နှလုံးသားအား မိတ္တူကူးအပြီး ကျွန်တော့်နှလုံးသားကို Save command-ကော်မန်းပေးကာ အရင်ဆုံး သိမ်းဆည်းလိုက်၏။ ပြီးမှ သူ့နှလုံးသားကို Save as-အဖြစ်နှင့် သိမ်းဆည်းမည်လို့ အမိန့်ပေးကာ ဖိုင်တစ်ဖိုင်အသစ်ဖွင့်ပြီး သိမ်းဆည်းထားလိုက်တော့သည်။   

(ဂ)

သိမ်းဆည်းထားသော နှလုံးသားအချက်အလက်များမှ တစ်ဆင့် မေသက်ထား၏နှလုံးသားကို ခေါ်ယူကြည့်ရန်မှာ ကျွန်တော့်အတွက်တော့ ၀န်မလေးတော့ပါ။ ခင်ပွန်းသည်၏ နှလုံးသားမှတစ်ဆင့် ဇနီး၏နှလုံးသားအခြေအနေကို တိုက်ရိုက်ထိုးထွင်းမြင်နေရတာမို့ပဲ ဖြစ်သည်။

အခြေအနေက မကောင်းလှပါ။ သို့သော် ဒါမျိုးတွေက ကျွန်တော့်အတွက် ရိုးနေလွန်းလှပြီ။ သူ့ဇနီးသည် မေသက်ထားသည် တစ်ပါးသော အမျိုးသားတစ်ဦးနှင့် ချစ်ကျွမ်းဝင်လျှက်ရှိနေသည်။ မေသက်ထား၏ နှလုံးသားသည် ခင်ပွန်းသည်ထံမှာ ရှိမနေတော့။ နောက်တစ်ခေါက်ရက်ချိန်း၌ သူနှင့်တွေ့လျှင် အဖြစ်မှန်ကို လက်ခံနိုင်သော စိတ်ခွန်အားရှိပါစေလို့သာ ကျွန်တော် ဆုတောင်းမိပါသည်။

တစ်ခါက ဖောက်ပြန်နေသောခင်ပွန်းသည်၏အဖြစ်မှန်ကို သိသွားသည့် အမျိုးသမီးတစ်ဦး တိုက်ပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်ခဲ့ဖူးသည်။ “ကျွန်မ စိတ်ခိုင်ခိုင်ထားပါမယ်၊ အမှန်အတိုင်းသာ ပြောပြပါ ဆရာ” လို့ ဆိုလာသော အမျိုးသမီးမှာ တင်းမာပြတ်သားပုံရသည့်မျက်နှာနှင့်မို့ ကျွန်တော် ပြောလိုက်မိခြင်းပါ။

အကြိမ်ကြိမ်ဖောက်ပြန်နေသော ဇနီးသည်၏အကြောင်း သိသွားသော ကျွန်တော့်အမှုသည် လူငယ် တစ်ယောက်မှာမူ ဒေါသအလျှောက် ဇနီးသည်ကို လည်ပင်းညှစ်သတ်ပစ်ခဲ့ဖူးသေးသည်။

သေချာတာက ကျွန်တော့်အလုပ်အပေါ်မှာ မြင်သမျှ တွေ့သမျှတွေကို အမှုသည်များအား ဖြောင့်ဖျပြောဆိုနိုင်သော်လည်း လိမ်ညာပြောဆိုလို့ မရသည်ပင်။

နောင်တွင် အမှုအပ်သူ၏ စိတ်ဓါတ်ခိုင်ကျည်မှုကို သိဖို့ကြိုးစားပြီးမှ အခြေအနေမှန်ကို သင့်တော်သလို အသိပေးရန် နားလည်လာရလေ၏။ ခက်တာက ကျွန်တော့်အမှုသည်များအားလုံးသည် သူတို့၏ ဇနီးခင်ပွန်းများအပေါ်တွင် စိတ်မကုန်သေးခြင်းပင်။ စိတ်ကုန်မှဖြင့်တော့ ကျွန်တော့်ဆီ အရေးတယူလာမေးနေဖို့ရန် လိုအပ်လိမ့်မည်လည်း မထင်ချေ။

တစ်ချို့ကျပြန်တော့ အချိန်မီလေး၊ ကိုယ့်ဘက်ပါအောင် ပြန်လည်ဆွဲငင်နိုင်သေးသော အနေအထားနှင့်မို့ ၀မ်းသာဖွယ် ပြန်ပေါင်း ထုပ်နိုင်သူများလည်း ရှိကြပါ၏။ မည်သို့ပင်ဆိုစေ အမှုသည်များ၏ဇနီး၊ ခင်ပွန်းတို့ကို တွေ့ဆုံဖို့ရာ လိုအပ်လာလျှင် ကျွန်တော်ဘက်မှ လိုလိုလားလား တွေ့ဆုံဆွေးနွေးလေ့ရှိသည်မှာ ကျွန်တော်ကိုယ်တိုင်က အိမ်ထောင်ရေးကို အလေးထားသူ၊ ဇနီးသည်အပေါ် ချစ်မြတ်နိုးလွန်းသူမို့ဟု ပြောရန် မလိုအပ်တော့ပါ။

(ဃ)

ကျွန်တော့်အမှုသည် မိန်းကလေးမှာ ကျွန်တော်ထင်ထားသည်ထက် ကြည်လင် သွေးအေးသူကလေးတစ်ယောက် ဖြစ်တာမို့ ခင်ပွန်းသည်နှင့် နောက်အမျိုးသမီးတို့၏အကြောင်း ပြောသမျှကို အပြုံးမပျက် နားထောင်နိုင်စွမ်းလေသည်။ 

သည်အခြေအနေမျိုးသည်လည်း ဟန်သည်ဟု မဆိုသာပြန်ပါ။ အချစ်နှင့် ၀န်တိုမှုသည် တိုက်ရိုက်အချိုးကျသည်ဟု ခံယူထားသော ကျွန်တော့်အတွက် မိန်းကလေး၏အချစ်ကို သံသယ၀င်စေသည်။ မိန်းကလေးဟာ သူ့ခင်ပွန်းသည်အပေါ် တကယ်ရော ချစ်မှ ချစ်ပါရဲ့လား၊ မဆီမဆိုင်တွေးမိတော့ ကျွန်တော့်နှလုံးသားတို့ ပူလောင်လာသည်ဟု ခံစားသိ လိုက်လေသည်။ ကျွန်တော့်အပူ မဟုတ်သော်လည်း ဒီလိုအခြေအနေမျိုးမှာ လူသားပီသစွာပင် ကျွန်တော် ပူလောင်ပါသည်။

“ခင်ဗျားအမျိုးသားမှာ နောက်အမျိုးသမီးနဲ့ ရတဲ့ သားသမီးရှိနေပြီ”

“အင်း ကျွန်မ တစ်ရက်တော့ သူတို့ကို သွားတွေ့လိုက်ပါဦးမယ်”

“ခင်ဗျား စိတ်ထိန်းနိုင်ရင်ပေါ့လေ”

“ကျွန်မကမှ သူ့အတွက် မျိုးဆက်သွေးကလေး မွေးမပေးနိုင်ဘဲကိုးရှင်”

“ဒီလိုလည်း မဟုတ်သေးဘူးလေဗျာ၊ လက်ထပ်ကြပြီဆိုကတည်းက အို နာ သေတဲ့အထိ၊ ကျိုးကျိုး ကန်းကန်း နူနူဝဲ၀ဲလို့ ဆိုတယ် မဟုတ်လားဗျ။ ခင်ဗျားက အဲလို နူတာ ၀ဲတာမျိုးတောင် မဟုတ်သေးဘူးလေ၊ သားသမီး မရနိုင်တာလေးပဲ…”

“ထားပါတော့ရှင်၊ ကျွန်မ ကျေနပ်ပါတယ် သူပျော်နေတယ်ဆိုရင်လေ”

“ကျွန်တော်တို့ဆိုလည်း သားသမီးမရဘူး၊ ဘယ်သူ့ကြောင့်ဆိုတာလည်း စစ်မနေတော့ဘူး၊ ဒီနေရာမှာ ဘယ်သူ့ကြောင့်ဆိုတာက အဓိက မကျတော့ဘူး။ ဒီဘ၀လေးထဲမှာပဲ ကျွန်တော်တို့ နေပျော်အောင် နေကြတယ်။ ကျွန်တော့်အတွက် သူ ရှိနေရင်၊ သူ့အတွက် ကျွန်တော် ရှိနေရင်…။ အဲဒီစိတ်နဲ့ပဲ ကျွန်တော်တို့ သွားနေကြတယ်”

ကျွန်တော့်စကားအဆုံးမှာ မိန်းကလေးက ပြုံးသည်။ မိန်းကလေးရဲ့ အပေါ်ကိုညွှတ်ကွေးသွားသော နှုတ်ခမ်းထောင့်ကလေး အထဲမှာ ခနိုးခနဲ့ချင်ဟန်လိုလို၊ တစ်စုံတစ်ခုကို ခါးသက်ခံစားနေရသလိုလို ရိပ်ကနဲ တွေ့လိုက်မိသေးသည်ဟု ကျွန်တော်ထင်၏။ ကျွန်တော်စကား ဆက်လိုက်သည်။

“လူရယ်လို့ဖြစ်လာပြီးရင် အိမ်ထောင်ရက်သားပြုကြ၊ မျိုးဆက်ထားရစ်ကြ၊ လူ့ဘောင်အကျိုးပြုကြပေါ့ဗျာ…။ ဒါတွေက လမ်းရိုးကြီးတွေပါ။ နောက်ကလူတွေ ဒီအတိုင်းပဲ လိုက်လျှောက်ရမယ်လို့ ကျွန်တော်တော့ သဘောမတူချင်ဘူး။ အိမ်ထောင် ပြုချင်မှ ပြုမယ်ဗျာ၊ သားသမီး ယူချင်မှ ယူမယ်ဗျာ၊ ယူတိုင်းလည်း ရချင်မှ ရတာမဟုတ်လား။ ကျွန်တော်တို့ ကလေးမရကြတဲ့အဖြစ်ကို အိမ်ထောင်ပြိုကွဲဖို့အကြောင်းလို့ ကျွန်တော်တော့ မမြင်ဘူး”

မိန်းကလေးက ကျွန်တော်ပြောသမျှ ပြုံးလို့သာ နားထောင်နေတော့သည်။ 

"ဟုတ်ပါပြီဆရာ။ တကယ်လို့များ ကျွန်မဘက်က ခွင့်လွှတ်ကြည်ဖြူတယ်ဆိုရင် သူ ကျွန်မဆီ ပြန်လာနိုင်ပါဦးမလား"

"ကျွန်တော် သေချာ ပြန်ကြည့်ပေးပါ့မယ် ခင်ဗျာ"

ထိုစဉ်မှာ တံခါးခေါက်သံကြောင့် အခန်းဝကို ကြည့်မိတော့ ရေသန့်တစ်ဘူး ထပ်မှာထားတာကို လာပို့သော စားပွဲထိုးကလေးကို မှန်တံခါးဝမှတစ်ဆင့် မြင်ရသည်။ ၀င်ခဲ့ဖို့ ခေါင်းဆတ်ပြလိုက်ပြီး စားပွဲထိုးလေးထွက်သွားမှ မိန်းကလေး၏ဆန္ဒအတိုင်း မိန်းကလေးရဲ့ ညာဘက်လက်ဖ၀ါးကို ကျွန်တော့်လက်နှင့် ချိတ်ဆက်ကာ နောက်တစ်ကြိမ် နှလုံးသားမိတ္တူ ကူးပေး ရန် ပြင်ဆင်ရသည်။

မိန်းကလေးက သူ့မျက်လုံးအစုံကို မှိတ်ထားပြီး တစ်ချက်ချင်း ပုံမှန်အသက်ရှုသည်။ ကျွန်တော့်မျက်လုံးများကို မှိတ်ပြီး စိတ်တံခါးတို့ကို စတင်ဖွင့်လှစ်သည်။ စိတ်တို့ကို စုစည်းကာ နှလုံးသားဗဟိုတွင် တင်သည်။ မိန်းကလေး၏ နှလုံးသားက ငြိမ်သက်နေသောကန်ရေပြင်လို ပကတိ စိတ်လက်အေးချမ်းစွာ။ ကျွန်တော့်မှာသာ…။

ရုတ်တရက် ကျွန်တော့်နှလုံးသားတစ်ခုလုံး အပူဟပ်ခံလိုက်ရသလိုလို....

တစ်စုံတစ်ခုသော အာရုံက ကျွန်တော့်မျက်လုံးတို့ကို အတင်းတွန်းဖွင့်နေသလိုလို၊ ဘောင်ဘင်ခတ်လွန်းလှသည်။ ရှိသမျှ အသိစိတ်တို့ကို စုစည်းရင်း နောက်တစ်ကြိမ် ပြန်လည်ဖမ်းယူဖို့ ကြိုးစားလိုက်ပြန်သည်။ မရပါ။ တကယ်တမ်း အားနည်းနေ သည်မှာ ကျွန်တော့်နှလုံးသားဖြစ်သည်။ ကျွန်တော့်နှလုံးအိမ်သည် အပြင်သို့ ပေါက်ထွက်ကျလာတော့မတတ် ဘောင်ဘင် ခတ်လျှက် ရှိနေလေသည်။ ထူးဆန်းစွာပင် တစ်ခါမှ မဖြစ်ဖူးသော နှလုံးအိမ်၏ ပုန်ကန်မှုကို ကျွန်တော်ကိုယ်တိုင် မယုံနိုင်။

ကျွန်တော် နောက်တစ်ကြိမ် ပြန်ကြိုးစားလိုက်သည်။ ခဏကလေးပါ။ ခဏအကြာမှာ မိန်းကလေးနှင့် နှလုံးသားချင်း ချိတ်ဆက်အမိမှာ ကျွမ်းကျင်ပိုင်နိုင်ပြီးနှင့်သော စိတ်အာရုံတို့က သူမနှလုံးသားကို မိတ္တူတစ်စုံ ကူးချလိုက်သည်။

မိတ္တူကူးခြင်းအလုပ်ပြီး၍ မသိမ်းဆည်းရသေးခင်မှာပင် အာရုံ၏ညွှန်ပြရာနောက်သို့ မျက်လုံးများက ကောက်ကောက်ပါအောင် လိုက်ကြည့်မိလေသည်။ အာရုံများမှာ  မှန်ပြူတင်းတံခါးပေါက်သို့ ပြနေလေသည်။ မှန်ပြူတင်းတံခါး…။ တစ်ဖက်နှင့် တစ်ဖက်ထိုးဖောက် မြင်ရအောင် ကြည်လင်နေသော မှန်ပြူတင်းတံခါးပေါက်။ ဘာမှ မထူးဆန်းလှသော မှန်ပြူတင်းတံခါးပင်။ ထိုပြူတင်း၏ နောက်ဘက်သို့ ကျော်၍ကြည့်မိသောအခါတွင်မူ ကျွန်တော့်နှလုံးသားတို့ ရင်ဘတ်ထဲမှ ရုတ်တရက် ခုန်ပေါက်ထွက်တော့မလို၊ ကျွန်တော့်ပကတိမျက်လုံးများမှာလည်း စေ့ပိတ်ထားရာမှဗြုန်းကနဲ ပွင့်လာကြလေသည်။

ဆွဲဆောင်မှုရှိရှိ လှသောအမျိုးသမီးတစ်ယောက်။ ဘေးမှ အမျိုးသား၏လက်မောင်းကိုမှီတွဲကာ ခပ်နွဲ့နွဲ့လေး ဆိုင်ထဲ လှမ်းဝင်လာနေသည်ကို မှန်ပြတင်းကြည်ကြည်များမှတစ်ဆင့် မြင်လိုက်ရလေသည်။ စုံတွဲတစ်တွဲ၊ ချစ်ကြည်နူး ကျွမ်းဝင်နေကြသော မောင်နှံဆိုသည်မှာ ပြောဖို့မလိုအောင် သိသာနေသော အနေအထားနှင့် ဖြစ်သည်။ 

ကျွန်တော်နှင့် ဘယ်လိုပတ်သက်ပါလိမ့်၊ ကျွန်တော့်အတွက် ဘာများ ထူးဆန်းပါလိမ့်ဟု မတွေးနိုင်သေး၊ မျက်လုံးများကို ပြန်လည်မှိတ်ချလိုက်ကာ အမှုသည်မိန်းကလေး၏ နှလုံးသားကို မိတ္တူကူးခြင်း၌ ပြန်လည်ဝင်စားလိုက်လေ၏။

မေးနေပြီ။ မိတ္တူကူးအပြီး သိမ်းဆည်းကာနီးတိုင်းမှာ မေးလေ့ရှိသော ဘယ်လိုသိမ်းမှာလဲဆိုသည့် မေးခွန်းပင်။ စိတ်နှင့် အမြန်ဖြေရင်း သိမ်းနေကျအတိုင်း နှလုံးသားနှစ်စုံကို သေသပ်စွာ သိမ်းဆည်းလိုက်နိုင်ပါသည်။

မောပန်းနေသောနှလုံးသားကို ငြိမ်အောင်ပြန်ထိန်းရင်း အဆုံးမှာ အမြင်တို့ကြည်လင်လာသော် မှန်ပြူတင်းပေါက်မှ တစ်ဆင့် မြင်လိုက်ရသော.... 
အမျိုးသားလက်မောင်းအား နွဲ့လျစွာမှီတွယ်ထားသော.....ထိုလှသောမိန်းမသည်
တစ်ခြားသူ မဟုတ်....၊ ကျွန်တော့် ဇနီးဖြစ်သည်ဟု အာရုံတံခါးမှာ တိကျရှင်းလင်းမြင်ရကာ သေချာသိလိုက်ရတော့သည်။ 

သို့သော် ခုနကနှင့် ဆန့်ကျင်စွာ ကျွန်တော့်စိတ်နှလုံးအစုံတို့ ယောက်ယက်ခတ်မနေ။  ထူးခြားလှပေ၏။

(င)

ထူးဆန်းစွာပင် ကျွန်တော့်ဇနီးသည်၏ ဖောက်ပြန်မှု၌ ခါးသည်းလောင်ကျွမ်းစွာ ခံစားမနေရပါ။ ကျွန်တော့်နှလုံးသားတို့၏ ပကတိငြိမ်ဝပ်နေမှုကို ကျွန်တော်ကိုယ်တိုင် အံ့သြနေရချိန်။

မိန်းကလေး၏နှလုံးသားမိတ္တူကို စစ်ဆေးဖတ်ရှု့ချိန်ကျမှ ကျွန်တော့်တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားခဲ့သည်။ သွားပြီ။ ကျွန်တော် တစ်ခါမှ မမှားခဲ့ဖူးသော အမှားအဖြစ် မိန်းကလေး၏နှလုံးသားကို Save as-အဖြစ်နှင့် သိမ်းဆည်းမည်ဟု ဖိုင်အသစ်နှင့် မသိမ်းဆည်းမိဘဲ save ဟု ကော်မန်းပေးကာ ကျွန်တော့်နှလုံးသားအစစ်ပေါ်တွင် overwrite-အစားထိုး သိမ်းဆည်းခဲ့မိလေပြီ။ ကျွန်တော့်နှလုံးသားနှင့်မဟုတ်သော ကျွန်တော်သည် ကျွန်တော့်ဇနီးသည်၏ ဖောက်ပြန်မှုအပေါ် ခံစားမှုမဲ့နေသည်မှာ သဘာဝ ကျပါသည်။ 

လက်ရှိအချိန်တွင် ကျွန်တော့်အတွက် ပိုတောင်ကောင်းသေးသည် မဟုတ်လားဟု တွေးမိသည်။ သို့သော် ထိုနှလုံးသားသည် တစ်စုံတစ်ယောက်ကိုတော့ဖြင့် ငံ့လင့်နေသယောင်ရှိသေးသည်။ ထိုတစ်စုံတစ်ယောက်သည် ကျွန်တော်မသိသော အမျိုးသားတစ်ယောက် ဖြစ်၍နေလေသည်။  

ထိုအမျိုးသားသည် ကျွန်တော့်အမှုသည်မိန်းကလေး၏ အမျိုးသားပေ။ 
(စ)

ခုတစ်လော မှန်ထဲကြည့်လိုက်တိုင်း ကျွန်တော့်မျက်နှာမှာ ပန်ကာတစ်လုံးကို တွေ့နေရသည်။ 

ကျွန်တော်သည် သက်ရှိလူသားတစ်ယောက်ဖြစ်သည်။ ပန်ကာသည် သက်ရှိရုပ်ဝတ္ထုတစ်လုံးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် သက်ရှိပန်ကာတစ်လုံးလည်းဖြစ်သည်။ ကျွန်တော်သိသော ပန်ကာသည် နှလုံးသားမရှိပါ။ ကိုယ့်အပိုင်နှလုံးသား မရှိသော ကျွန်တော်သည်လည်း နှလုံးသားမဲ့သည့်ပန်ကာနှင့် ဘာများ ပိုထူးဦးမည်နည်း။

အခြေအနေအတော်ဆိုးသော၊ ပြန်ပေါင်းထုပ်ရန် မဖြစ်နိုင်သော ကျွန်တော့်အမှုသည်များကို အမှန်အတိုင်းအသိပေးဖို့ လိုအပ်လာတိုင်း ဖြစ်နေကျ စိတ်အခက်အခဲထက် ပိုမိုဆိုးဝါးသော ခံစားမှုမျိုးပင်။ ကျွန်တော့်မှာ  ထိုခံစားမှုမျိုး တိတိကျကျခံစားနေရသည်။

ခုချိန်ထိတော့ ကျွန်တော့်နှလုံးသားအစစ်ကို Restore-ပြန်လည်ထည့်သွင်းရန် ကော်မန်း မပေးရသေးပါ။ ပေးရန်လည်း တွန်းအားမရှိပါ။ တွန်းအားရှိလျှင်တောင်မှ ကျွန်တော် မ၀ံ့ပါ။ ကျွန်တော့်ဇနီးသည်၏ ဖောက်ပြန်မှုသည် အမှန်ဖြစ်သည်။ ကျွန်တော့်မျက်စေ့နှင့်တပ်အပ်မြင်လိုက်ရသော အမှန်တရားပင်။ 

ထိုအမှန်တရားဆိုသည်ကို ရင်ဆိုင်ဖို့ ကျွန်တော့်မှာ အင်အားမရှိသေးတာ ကျွန်တော် အသေအချာ ကျိန်ဆိုရဲပါသည်။


ဂ-ငယ်ကွေ့

$
0
0


အမှောင်ပါပဲ…..

ပိန်းပိတ်နေတယ်လို့ ဘယ်သူပြောလဲ
ဘာမှ မမြင်ရခြင်းကို မြင်နေရတာ ခုချိန်ထိ….

ပုထုစဉ်ဆိုတဲ့ အရူးလက်မှတ်အတွက်
တူတူတန်တန်ရူးသွပ်ခဲ့ရတဲ့ ရက်စွဲတွေ
ဘယ်ဘက်ရင်ဘတ်ကြီးထဲက ဘာညာကွိကွတွေ 
အတိတ်က အချိုတွေ
အေးအေးဆေးဆေး သာသာယာယာ နားထားလိုက်
ခေါက်သိမ်းထားလိုက်…သွားမနှိုးလိုက်ကြပါနဲ့….

ခါတိုင်းလည်း ထမ်းပိုးနေကျပါ
ခုမှ
လည်တိုင်က ဦးခေါင်းကို....  
လည်တိုင်ကဦးနှောက်ကို... 
မချီနိုင်တဲ့ ဘဝ  ခဏခဏပြုတ်အကျ
ဒီခေါင်းက လေးလံမူးဝေနေတော့မှ
အရင်က ဇောက်ထိုးတွေ  အတည့်မြင်လာ
ဟာ….
ငါ
မောင်းလာခဲ့တာ လမ်းပြောင်းပြန်ကြီး။    ။


အချစ်နှင့် သွားတိုက်ဆေး

$
0
0


“အား….စိတ်တိုလိုက်တာ စိတ်တိုလိုက်တာ၊  အင်းဟာ  အင်းဟာ”

“ဟာ မိန်းမ ဘာဖြစ်နေတာတုန်းကွာ”

“ဆံပင်ပေါ့ ဆံပင်”

“အေးလေ ဘာဖြစ်လို့တုန်း မင်းဆံပင်က”

“ပြောင်းဖူးမွှေးတွေလိုပဲ၊ ကြည့်ဦး ဒီမှာ ကောက်ပေးလိုက်တာ”

“မင်းပဲ ပြီးခဲ့တဲ့ရက်တွေက လှလိုက်တာ၊ သဘောကျလွန်းလို့ဆို”

“အင်းလေ ကောက်ပေးလိုက်တုန်းက လှသားပဲ၊  ခု လျှော်ပြီးတော့ မလှတော့ဘူး၊ ပုံလည်း မကျဘူး၊ ဘယ်လိုလုပ်လမ်းထွက်ရမလဲ ဒီလိုမီးကျွမ်းနေတဲ့ ဆံပင်ပုံနဲ့ အီး... စိတ်သိပ်ညစ်တာပဲ”

ခေါင်းပေါ်က ဆံပင်ကောက်တွေကို လက်နှင့်ဆွဲဖွပြီး ဆွဲဆွဲဖြောင့်နေတဲ့မိန်းမကို ကြည့်ရင်း သူ စိတ်ညစ်လာသည်။ သည်မိန်းမဟာ သည်လိုပဲ၊ ဆံပင်ဆိုင်ကပြန်လာပြီးတိုင်း စိတ်တိုင်းကို မကျနိုင်သူ။ ခဏနေ ကောက်လိုက်၊ ခဏနေ ဖြောင့်လိုက်၊ ခဏနေ တွန့်လိုက်။ သည်ခေါင်းပေါ်က ဆံပင်တွေ ဘယ်လိုခံနိုင်မှာလဲ။ ခေါင်းတုံးသာတုံးလိုက်ကွာဟု ပြောချင်စိတ်က လည်ချောင်းဝထိရောက်ရောက် လာသည်။  သို့သော် သည်မိန်းမနှင့် အိမ်ထောင်သက် ငါးနှစ်ကျော်ပြီ။ သည်မိန်းမကျမ်းလည်း ကြေသင့်သလောက် ကြေပြီ။ သည်လိုနေရာမှာ သူ ပါးနပ်သင့်လှပြီ။ မပြော...သူ  ဘယ်တော့မှ ပြောလိမ့်မည်မဟုတ်။

“ပြစမ်းပါဦး ကိုယ့်ဖက်လှည့်ပြစမ်း၊ အဲ လှသားပဲ မိန်းမရယ်”

“တကယ်လား၊ တကယ်လှလို့လား”

“အင်းပေါ့ မိန်းမမျက်နှာကျနဲ့ ဒီဆံပင်ပွပွလေး လိုက်သားပဲဟာ”

“ဟီး ဒါဆိုလည်းပြီးရော၊ ဒါပေမဲ့ ကြေသွားသလိုပဲနော်၊ နည်းနည်းတော့ ကြေသွားတယ် ဟုတ်တယ်မို့လား”

“ဒါများကွာ နောက်လတွေ တစ်လတစ်ခါ ထရိမန့်သွားယူလိုက်၊ ဆံပင်သွားပေါင်းတင်လိုက်ပေါ့ မိန်းမရဲ့”

“အဟီးဟီး ဟုတ်တယ် ဟုတ်တယ်။ ကိုကို သိပ်တော်တာပဲ၊ လုပ်မယ်နော် ချစ် နောက်လတွေကျရင် ဆံပင်ပေါင်းတင်တာ မှန်မှန်သွားလုပ်ရမယ်။ ပိုက်ဆံကုန်ရင် ကိုကို မဆူရဘူးနော်”

“အေးပါ အေးပါကွာ မဆူပါဘူး၊၊ ဒါနဲ့ ကိုယ် ဘိုက်ဆာပြီ မိန်းမရေ၊ စားရအောင်”

“ဟင် ဘာမှ မချက်ဘူးလေ၊ ကိုကိုပဲ  ချစ် နားပါဦးဆို၊ ချစ်လက်ရာထက် ဆိုင်က လက်ရာက ပိုကောင်းတယ်ဆို၊ နှစ်ယောက်စာလေးမို့ အမြဲတမ်းချက်မနေပါနဲ့တော့ဆို  လို့”

“အာ နေ့တိုင်းတော့လည်း ဆိုင်ဟင်းဘယ်စားချင်မလဲကွာ၊ ကိုယ့်မိန်းမလက်ရာတက်လာအောင် တစ်ပတ် ၂ရက်လောက်တော့ မိန်းမကို ချက်စေချင်တာပေါ့”

“ဟင် ဒါဆိုလည်းပြီးရော၊ နောက်တစ်ပတ် ရုံးပိတ်ရက်ကျ ချက်ကျွေးမယ်လေ၊ ခုတော့ ကိုကို သွားဝယ်လိုက်ဦးကွာ နော်၊  CP က ကြက်ကင်တစ်ခြမ်းဝယ်ခဲ့၊ Feel က တုန်ယမ်းဟင်းချိုလေးရယ်၊ ကိုက်လန်ကြော်လေးရယ်ဆိုရပြီ။ သွားကွာ ရန်ကင်းစန်တာက နီးနီးလေးရယ်ဟာ။ သွားနော် ကိုကို၊ ခဏကလေးပဲဟာ၊ ချစ် ပန်းကန်တွေထုတ်ပြီး အသင့်ပြင်ထားမယ် နော် ကိုကို”

သည်မိန်းမကို ဂြိုလ်ကြည့်ကြည့်လိုက်ချင်စိတ်တွေ ရင်ထဲ တဖွားဖွား။ ဟေ့ကောင် မင်းမြတ်သာ မင်းစိတ်ကိုလျှော့ စိတ်ကိုလျှော့လို့ အတန်တန် သတိပေးနေရ၏။ ကားကို ခပ်သော့သော့လေးမောင်းရင်း You give love a bad name သီချင်းကို လေချွန်မိတော့ သူ ပြုံးမိရလေသည်။ 

@@@@@@@@@@

“မပြီးသေးဘူးလား မိန်းမရေ၊ မင်္ဂလာဆောင်က ခြောက်နာရီစမှာနော်၊ ခုပဲ ငါးခွဲနေပြီ”

“ခဏလေးပါ ကိုကိုရဲ့၊ ဒီမှာ မျက်တောင်တုက တပ်မရဘူး၊ တစ်ဖက်က အိုကေတယ်၊ နောက်တစ်ဖက်က ဘာဖြစ်လို့ စောင်းနေရသလဲ မသိ၊ ခဏနော်ကိုကို”

သူ စိတ်မရှည်ဘဲ တံခါးဖွင့်ကာ ထွက်လိုက်တော့သည်။

“မိန်းမရေ ကိုကို ကားသွားထုတ်ရင်း အောက်မှာစောင့်နေမယ်၊ မကြာနဲ့နော် ကြားလား”

“ဟုတ် ကိုကို၊ နောက် ငါးမိနစ်လောက်ပါကွာ တကတည်း”

ဆင်းလာတော့လည်း သည်ပုံက သည်ပုံပါပဲ။ သည်မိန်းမလုပ်ပုံကြောင့် ဘယ်သွားသွားအမြဲနောက်ကျ တတ်တာ အကျင့်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ သူကိုက အသားမကျနိုင်သေး။ အချိန်တိကျမှ ကြိုက်သော သူနှင့် အမြဲနောက်ကျတတ်သောသူ့မိန်းမက အပြင်ထွက်ခါနီးတိုင်း စကားများရတာကလည်း ယဉ်ကျေးမှုတစ်ခုလိုဖြစ်နေရသည်။

“ကိုကိုလောနေတာနဲ့ ရေမွှေးလေးတောင် စွတ်ခဲ့ဖို့ မေ့တယ်၊ တကယ်ပါပဲ”

“အာ ကိုယ်ပြောပါတယ်ကွာ၊ အိမ်ကနေ နောက်အကျဆုံး ငါးနာရီ ဆယ့်ငါးထွက်မယ်လို့ ပြောထားသားနဲ့”

“အင်းလေ ချစ်လည်း လုပ်တာပဲ။ အချိန်မီအောင် ပြင်တာပဲဟာ၊ မျက်တောင်တုက ဒုက္ခပေးလို့ မျက်ရည်ကျရသေးတယ်၊ မိတ်ကပ်ပြန်လုပ်လိုက်ရတာနဲ့ ပြန်တပ်နေရတာနဲ့ စိတ်လေပါတယ်”

“အေးလေ ငါက မင်းထက် ပိုတောင်လေသေးတယ်” မင်းမြတ်သာစိတ်ထဲက ပြောလိုက်ခြင်းရယ်ပါ။

“ကြည့်ပါဦး ကိုကို၊ ချစ်မျက်နှာ အဆင်ပြေလား၊ ပါးနီက သိပ်များရဲနေသလား၊ နှုတ်ခမ်းနီကရော ချစ်နဲ့ လိုက်ရဲ့လား ဟင် ကိုကို”

“ကောင်းပါတယ် လှတယ် လှတယ်”

“ဟာ သေချာလည်း မကြည့်ဘဲနဲ့ကွာ ကိုကို၊ ဒီမှာကြည့်ပါလို့ ဆို”

“ချစ် ကိုကိုကားမောင်းနေတယ်လေကွာ၊ အာရုံများလို့ မရဘူးလေကွာ…”

“ဒါဆိုလည်းပြီးရော၊ ကားပေါ်က မဆင်းခင်တော့ ကြည့်ပေးဦး”

အိမ်မှာရှိသော မှန်တကာ့မှန်အပေါင်းရှေ့မှာလည်း ရှေ့ကြည့် နောက်ကြည့် ကြည့်ခဲ့ပြီးပြီ။ ကားမှန်ထဲလည်း ကြည့်ပြီးပြီ။ ဖုန်းထဲက မှန်နဲ့လည်း ခုနက ကြည့်နေတာ သူတွေ့သည်။ ဒါကိုပဲ အားမရသေး။ ခက်တဲ့ မိန်းမ။

ရည်းစားတုန်းကတော့ အင်မတန်လှသော၊ ချစ်စရာကောင်းသော၊ ဘာပြောပြော ကလေးလေးလို ချွဲပျစ်တတ်သော သည်မိန်းကလေးကို သူ အင်မတန်မှ ချစ်ခဲ့၊ စွဲလမ်းခဲ့ရသည်။ အိမ်ထောင်သက်တစ်နှစ်ကနေ နှနှစ်ကျော်ကျော်ရှိလာတော့ သူ နည်းနည်းစိတ်ပျက်စပြုလာသည်။ ခုလို အိမ်ထောင်သက် ငါးနှစ်မှာတော့ အတော်လေးကို စိတ်ပျက်လာခဲ့ပြီ။ သည်မိန်းမက ခုထိ ကလေးလိုလို ခွေးလိုလိုလုပ်နေတုန်း၊ ဘာမဟုတ်တာလေးနှင့် စိတ်ဆိုးစိတ်ကောက်ချင်နေတုန်း၊ အိမ်အလုပ် မလုပ်ချင်ဘဲ ပျင်းချင်နေတုန်း၊ ကလေးယူဖို့ ငြင်းဆန်နေတုန်း။

သူက သည်မိန်းမကိုမှ ချစ်ခဲ့မိပြီ။ လက်ထပ်ခဲ့မိပြီ။ ခုချိန်မှတော့ ဘာမှမတတ်နိုင်တော့။ သို့သော် စိတ်ပျက်ကာမှ ပျက်ရော သည်မိန်းမနှင့်ဝေးဝေးမနေနိုင်တာ ခက်လှသည်။

@@@@@@@@@@

သူ တော်တော်လေး စိတ်တိုသည်။ ရုံရှေ့ရောက်မှ လက်မှတ် အိမ်မှာမေ့ကျန်ခဲ့သည်ဆိုသော သူ့မိန်းမကို စိတ်တိုရမလား၊ ယုံယုံကြည်ကြည်နှင့် သူ့မိန်းမလက်ထဲ လက်မှတ်သိမ်းထားရန် ပေးခဲ့မိသော သူ့အပြစ်ပဲလား။ သည်မိန်းမ ပေါ့ကို ပေါ့ပါတယ်။ 

“ကိုကို့ကြောင့်ပေါ့၊ လောနေတာနဲ့ ချစ်က ထူပူပြီး အံဆွဲထဲ သိမ်းထားတဲ့လက်မှတ် ယူဖို့မေ့သွားတာပေါ့”

ကောက်ညှင်းကပဲ တစ်ပြန်စီးလုပ်သေးသည်။

“မေ့စရာလားကွာ၊ ဒီနေ့ ဒီအချိန် စတိတ်ရှိုးကြည့်ချင်တယ်ဆိုတာ မင်းပဲ ပူဆာတာပဲလေ”

“အေးလေ ဟုတ်တယ်လေ၊ ဒါပေမဲ့ သွားခါနီး ကိုကိုက လောနေတာကိုးလို့”

“မလောလို့ ရမလားကွာ၊ အချိန်က နီးနေပြီ၊ မင်းက ဝတ်စရာရွေးလို့ကို မပြီးနိုင်ဘူး”

“ဝတ်စရာမှ မရှိတဲ့ဥစ္စာကို”

“ဘာ….မင်းမှာ အဝတ်အစားတွေ ဘီရိုနဲ့ တစ်လုံး၊ ဆန့်တောင် မဆန့်တော့လို့ ဘီရိုဖွင့်တိုင်း အဝတ်တွေ အံအံကျလာတာ၊ ဒီတစ်သက် ဝတ်လို့တောင် ကုန်နိုင်မယ် မထင်ဘူး”

“ကိုကို မသိပါဘူးကွာ၊ အဲဒါတွေက ဝတ်ပြီးသားတွေ”

“ဝတ်ပြီးသားတွေဆိုတော့ မင်းက မဝတ်ချင်တော့ဘူးလား။ အဝတ်တစ်ထည်ကို တစ်ခါဝတ်ပြီး ပစ်လိုက်ရအောင် ငါ့များ ဆြာဖိုးသာမှတ်နေလား”

“ကိုကိုကွာ  သိပ်ခက်တာပဲ၊ စိတ်ပျက်လာပြီ”

လာ လာသေး၊ သူကပဲ စိတ်ပျက်ရတယ်လို့။ ဘီရိုဖွင့်တိုင်း အဝတ်တွေပြည့်လျှံပြီး အဝတ်တစ်ထည် ဆွဲထုတ်လိုက်တာနဲ့ ဝုန်းကနဲ ပြိုကျလာတတ်သော အဝတ်တွေကို ကြမ်းပေါ် အပုံလိုက်ချထားတတ်တာ သူ တွေ့ရပေါင်း များလှပြီ။ သူ့အဝတ်တွေဆိုလည်း သွားခါနီးမှ အပြေးအလွှား သူ့ဖာသာ မီးပူတိုက်ဝတ်သွားရတာ များလှပြီ။

ရေခဲသေတ္တာထဲက အရွက်တွေအသီးတွေဆိုလည်း ဝယ်ဝယ်လာပြီး မချက်လို့ ပစ်လိုက်ရတာ များပြီ။ အိမ်ရှင်းလင်းဖို့ဆိုလည်း သူ အားတော့မှသာ ကိုယ်တိုင်ရှင်းလင်းနေကျမို့ သူမ ရှင်းရင် စိတ်တိုင်းမကျချင်။ ဒါတောင် သည်မိန်းမက သူစာရင်းကိုင်အဖြစ် ကူညီလုပ်အားပေးနေတဲ့ ပရဟိတအလုပ်လေးများ လုပ်နေတုန်းမို့ တစ်ခုခုခိုင်းမိပြီဆို ဒီမှာ အလုပ်လုပ်နေတယ်လေဆိုတဲ့အကြည့်နဲ့ ကြည့်တတ်၊ စိုက်ကြည့်ရင် အလိုက်သိနော်ဆိုတဲ့အထာနဲ့ ကြည့်တတ်တာမို့ သူ့ဖာသာပဲ ထလုပ်လိုက်ရတာ များသည်။

သူက ချစ်တော့လည်း အပြစ်ရယ်လို့ မမြင်။ ခုတော့ သူ အတော် စိတ်ပျက်ပြီ။ မိန်းမယူပါတယ်ဆိုမှ ဆေးပေးမီးယူဖို့ မပြောနဲ့ ကလေးတစ်ယောက်မွေးစားထားမိသလို သူ့တာဝန်လည်း သူလုပ်ရ၊ မိန်းမအတွက်လည်း လုပ်ပေးရနဲ့ တစ်ကိုယ်ရေထက်ပင် အလုပ်ပိုလာသည်။ အိမ်ထောင်ရေးဆိုတော့လည်း နားမိတဲ့ လင်းတ၊ နားလက်စနဲ့ နားပါစေတော့ဟုပဲ လက်ခံရတော့မည်ပင်။ သို့သော် သည်မိန်းမကို အတော်လေး စိတ်ပျက်သည်။ စိတ်ပျက်တာမှ စိတ်က ကုန်တဲ့အဆင့်ကို ရောက်နေပြီဆိုတာ ဝန်ခံရတော့မည်။

@@@@@@@@@@

"ကိုကို သိပ်လွန်တယ်နော် သိလား ချစ်က မပြောချင်လို့ ကြည့်နေတာ"

"ဟမ် ကိုယ်က ဘာလုပ်မိလို့လဲ"

"သြော် ဘာလုပ်မိလို့လဲ ဟုတ်လား၊ ကိုကို့အချစ်ဟောင်းရဲ့ ဖေ့စ်ဘုတ်မှာလေ၊ သူ့ပုံကို ကိုကိုလိုက်ခ်လုပ်ထားတယ်လေ"

"ဟာကွာ အဲဒါ သူတစ်ယောက်ထဲပုံမဟုတ်ပါဘူးကွာ၊ ဂရုလိုက်ပုံပါ"

"အေးလေ အဲဒါကိုက ကိုကိုညာတာလေ၊ အဲ့နေ့က ကိုကိုပြောတော့ အဲ့မိန်းမ မလာနိုင်ပါဘူးဆို၊ အဲဒါကြောင့် ချစ်က တစ်ယောက်ထဲ စိတ်ချလက်ချ လွှတ်လိုက်တာလေ၊ ခု ဂရုဖိုတိုမှာ အဲ့မိန်းမပုံကြီး ပြူးကနဲပါလာတယ်လေ။ ကိုကို့ဘေးမှာလေ၊ သူက ကိုကို့ဘေးနားမှာမှ လာရပ်စရာလားလို့ အီးဟီး…ကိုကို ချစ်ကို ချိတင်းလုပ်တယ်။ ညာတယ်။ ကိုကို့ကို မုန်းတယ် သိလား ကွာမယ် ကွာမယ် ခုကွာမယ်။ အမေ့ကို ခေါ်ပေး"

"ဟာကွာ"

သူ စိတ်ညစ်ညစ်နှင့် ကျွတ်ကနဲ စုတ်သပ်မိသည်။ အဲသည့်နေ့က ဖြစ်ချင်တော့ မေသော်က မလာဖြစ်တော့ဘူးဆိုပြီးမှ အခန်းအနားတစ်ခုကနေ စောပြီးတာမို့ သူငယ်ချင်းတွေ ဆုံကြတဲ့ပွဲမို့ ခဏလေး ဝင်ဖြစ်အောင်လှည့်ဝင်လာတာဟုဆိုကာ အိမ်အပြန်လှည့်ဝင်လာတာဖြစ်သည်။ သူ့စိတ်ထဲ ထင့်ကနဲတော့ ဖြစ်သွားသား။ မေသော်က သူမ ဘာလုပ်လုပ် ဖေ့စ်ဘုတ်မှာ စတေးတပ်စ် တင်တတ်သူမို့ ပြဿနာအစ ဆွဲထုတ်သလိုဖြစ်တော့မည်ဆိုတာ သူ သိနေခဲ့သည်။

"အေးလေကွာ ကိုယ့်ကို လာတက်ဂ်ထားတော့ လိုက်ခ်သွားမလုပ်လို့ မကောင်းဘူးလေကွာ"

"တော်ပါ ဘာမှလာမပြောပါနဲ့။ သူများ တစ်နေ့က ပရိုဖိုင်းပုံပြောင်းထားတာဖြင့် ခုထိ ကိုကို လာမလိုက်ခ်သေးဘဲနဲ့"

ခက်တာပဲ။ သည်ကလေးစိတ်မပျောက်သေးတဲ့ မိန်းမနဲ့တော့ သူ ခက်ပြီ။ အသက်ကဖြင့် သုံးဆယ်နား နီးနေပြီ။ ခုထိ ကလေးဆန်ချင်တုန်း။

"အေးပါကွာ အေးပါ ကဲ ခုဖေ့စ်ဘုတ်ဝင်လိုက်၊ ကိုကို ချစ်ပုံကို လိုက်ခ် အခါတစ်သိန်းပေးလိုက်မယ် ဟုတ်ပြီလား"

"ဒါပဲနော် ကိုကို ချစ် စိတ်တိုတယ် သိလား။ ဒါမျိုး  နောက် မဖြစ်စေနဲ့"

ဖြစ်ရလေ သူကပဲ ရာဇသံပေးရတယ်ရှိသေး။ သူက အပြင်မှာသာ တဟဲဟဲရယ်နေရင်း သည်မိန်းမကို စိတ်ထဲက ဆွဲဆောင့်ပစ်ချင်နေမိသည်။

"ကဲ ပြီးပြီလား ဒေါ်ရွှေချစ်၊ အိပ်ရာဝင်မယ်။ ခြေလက်ဆေးရမယ်။ သွားတိုက်ရမယ်။  သွား သွားတိုက်ဆေး သွားထည့်ချည်"

"ဟုတ်"

ပြောပြောဆိုဆို သူမက ရေချိုးခန်းထဲ ဝင်သွားသည်။ သူမ ပြန်ထွက်လာတော့ သူက သူမခေါင်းကို တစ်ချက်လှမ်းပုတ်သည်။ သူမက ခေါင်းကို ငဲ့ရှောင်ရင်း သွားပါ ခုမှ ဟု ဆိုသည်။ သည်မိန်းမကလေး ချစ်စရာ။ ဆိုးတတ်တာလေးတစ်ခုသာ ခက်လှသည်။ 

ရေချိုးခန်းထဲအရောက်မှာ နောက်ပြဿနာတစ်ခု တွေ့ပြန်သည်။ လုပ်ပြန်ပြီ။ သွားတိုက်ဆေးဘူးကို ကြည့်မိတော့ သူထင်သည့်အတိုင်း သူမက သွားတိုက်ဆေးဘူးကို အလယ်မှ ဖိကာညှစ်ထားသည်။ သူ ပြောပေါင်းများလှပြီ။ အဲသည်လို သွားတိုက်ဆေးဘူးကို အလယ်က ဖိညှစ်တာ သူ မကြိုက်ဟု။ ဒါလည်းပဲ သူမက မမှတ်ပေ။

ရေချိုးခန်းထဲနေရင်း အိမ်သာအိုးပေါ်ထိုင်ကာ စိတ်အေးအောင် ခဏနေလိုက်သေးသည်။ ခုချက်ချင်း ပြန်ထွက်လို့ကတော့ သွေးပူပူနှင့် သည်မိန်းမကို ဆူမိဦးမည်။ ခုနလေးတင် ကြေအေး ထားသော ပြဿနာတစ်ခုမှ မပြီးခင် နောက်ပြဿနာအသစ်တစ်ခု သူ မလိုချင်။

သူ့ညာဘက်ဘေး စင်လေးပေါ်က သွားတိုက်ဆေးဘူးကို ကြည့်လိုက်တော့ အလယ်ကောင်ကနေ ခါးကလေး ချိုင့်ဝင်နေတာ တွေ့ရသည်။  နောက်သည်လို မလုပ်ဖို့ ပြောပေါင်းလည်း များလှပြီ။ အင်း သည်လိုပဲထင်ပါရဲ့။ ပြီးတာက ပြီးပြီ။ ချစ်မိတာက ချစ်မိခဲ့ပြီ။ ယူလည်း ယူမိခဲ့ပြီ။ သွားတိုက်ဆေးလို ညှစ်ထုတ်ခဲ့ပြီးသားမို့ ပြန်ထည့်ဖို့ရာလည်း ခက်ခဲမည်ပေ။

သူရေချိုးခန်းက ထွက်လာတော့ သူ့မိန်းမက အိပ်ရာပေါ်လှဲရင်း ဖုန်းနှင့် ဖေ့စ်ဘုတ်ကြည့်၍ နေလေသည်။


Viewing all 379 articles
Browse latest View live