Quantcast
Channel: ချစ်ကြည်အေး
Viewing all 379 articles
Browse latest View live

ကျွန်မနဲ့ (နှစ်လိုစွာ) မက်မောနာကျင်မှုတွေရဲ့အကြောင်း

$
0
0


ကျွန်မဟာ လူတကာလက်မှာ ရင်ကွဲပက်လက် ယိမ်းထိုးရသူပါ

ကျွန်မအသားပေါ်မှာ ရေးထိုးထွင်းဖောက်ထား ကွဲပြားတဲ့နံပါတ်တွေရဲ့အတိုင်း ဆတိုးတန်ကြေးတွေနဲ့ အပေးအလျော်ပြုကြ...
ဘယ်ဘက်ကကြည့်ကြည့် အရင်းအတိုင်းမြင်ရတဲ့ ကျွန်မခန္ဓာ ကျွန်မစိတ်နှလုံး
ရှုံးချင်လည်း ရှုံးစေတော့...ရှင်တို့ အသုံးကျမယ် ဆို...
ဘယ်လိုပဲပြုတ်ကျကျ အခြေခိုင်မြဲနိုင်ခြင်းက ကျွန်မဘဝကြီးကို အခါခါ လိမ့်ကျစေသတဲ့လား
လက်ကလေးနဲ့ဖြစ်စေ  ခွက်ကလေးထဲ ထည့်လို့ဖြစ်ဖြစ်
ခေါက်ချလိုက်ပါ အားနာစရာမလိုဘူး
ကျွန်မကို မူးဝေနောက်ကျိစေပြီးမှ ရှင်တို့ကံကြမ္မာကို ဆုံးဖြတ်ကြပါ
ကျွန်မကို အလူးအလဲပစ်ကြဲပြီးမှ ရှင်တို့အလျော်အစားကို ဆောင်ရွက်ကြပါ
ရှင်တို့ ကြိုတင်မသိနိုင်တဲ့ ရှင်တို့ရဲ့ကံကြမ္မာက
ရက်ရာဇာထဲမှာလား
ပြဿဒါးထဲမှာလား
ပဋိုစ္စသမုပ္ပါဒ်စက်ဝိုင်း လည်လမ်းထဲမှာလား
ဒါမှမဟုတ်....
ကျွန်မဆီမှာလား
ရှင်တို့လက်ထဲမှာလား
ရှင်တို့လက်ထဲက dice cup ထဲမှာလား

ရွေးချယ်ခွင့်မရှိရင်တောင် ကျွန်မက အနီရောင်အံစာတစ်တုံးလို ရဲရဲတောက်ချင်ခဲ့သူ
ပွဲသိမ်းတဲ့အခါ....
နိုင်သူ ရှုံးသူ ဘယ်သူတစ်ဦးတစ်လေကများ ကျွန်မကို ကောက်ယူနမ်းမွှေးမှာပါလိမ့်
ရှင်တို့အားလုံးက ပစ်ချချန်ထားခဲ့ရင်တောင်
ကျွန်မလေ ရှင်တို့နောက်ကျောကို ကြည့်ရင်း ပြုံးနေမိဦးမှာ...

ရှင်တို့ကံကြမ္မာတွေအတွက်
ရှင်တို့ အလျော်အစားတွေအတွက်
နောက်ထပ် ရှင်တို့အကျိုးစီးပွား အကြိမ်ပေါင်းများစွာတွေအတွက်

ကျွန်မကိုယ်ကို လှလှပပ လူးလှိမ့်ပစ်ကျ ပေးလိုက်ပါဦးမယ်




ပုံကို ဂူဂယ်လ်မှ ယူသုံးပါသည်။

မန်းနီးမက်တာစ်

$
0
0



ကိုလူလှ သိပ်သေချာတယ်။

လောကကြီးမှာ နေချင်သလို နေ၊ စားချင်သလို စား၊ သွားချင်တဲ့နေရာလေး သွားလို့ ပျော်သလိုသာ အခမဲ့နေခွင့်ရမယ်ဆို ပိုက်ဆံ ဘယ်မှာလိုတော့မှာလဲ။

ရေကြည်ရာ မြက်နုရာလေး ရွှေ့ပြောင်းလို့ ပဒေသာပင်ဆိုတာကနေ ဆွတ်ယူစားသုံးလို့၊ ကိုယ့်မှာရှိတာနဲ့ သူ့မှာရှိတာလေး ကျေနပ်ရင် လဲလှယ်သုံးစွဲကြလို့၊ သားကောင်တွေကို ပစ်ခတ်၊ ရောင်းချ၊ ကျောက်ခဲ ဘယ်နှစ်ပိဿာဈေးနဲ့ ရရင် ရောင်းမယ်ပေါ့၊ ဒါပဲလေ။ အုပ်စုတစ်စုနဲ့ တစ်စု ဆော်ပလော်တီးဖို့ ပစ်ခတ်ဖို့အတွက် တင်းပုတ်လေး လက်မှာ ဘယ်ညာကိုင်စွဲနိုင်ရင်ကိုပဲ ဂေါ်လီဖြစ်ပြီ၊ မိုက်နေပြီ။ ခေတ်က အဲသလို…။

အချိန်တန် အရွယ်ရောက်လို့ နှလုံးသားဆိုတဲ့ကောင်ကြီးက စကားတွေ တခြစ်ခြစ်ပြောလာတဲ့အခါ အနားမှာရှိတဲ့ မျိုးနွယ်စုတစ်စုထဲက အလန်းဇယားလေးတစ်ယောက်လောက်ကို ဆွဲချိတ်လိုက်ယုံ။ သူမမှာ သားကောင်လိုက်ဖို့ တောင့်တင်းတဲ့ ကိုယ်ခန္ဓာရှိရမယ်။ ရန်သူတွေကို ကြိုတင်တိုက်ခိုက်နိုင်ဖို့ အဝေးကို မြင်နိုင်တဲ့ မျက်ဝန်းတောက်ပအစုံနဲ့ မျိုးဆက်သားသမီးတွေ မွေးဖွားပေးဖို့ ကျန်းမာသန်စွမ်းရမယ်။ သားသမီးတွေကို နို့ချိုတိုက်ကျွေးဖို့ ဖွံ့ထွားတဲ့ရင်အစုံ ပိုင်ဆိုင်ရမယ်။ တစ်ခြား ဘာမှ မလိုဘူး။

သူမက တင့်တောင့်တင့်တယ်နေချင်လှချေရဲ့ ဆိုလာရင်တော့ ခိုင်မာလုံခြုံတဲ့ ကျောက်ဂူလေးတစ်လုံးလောက် လိုချင် လိုလိမ့်မယ်။ ဒါကလည်း မခက်လှပါဘူး။ ကျောက်ဂူရဲ့ လက်ရှိပေါက်ဈေး ကျောက်ခဲ ဆာလာအိတ်နဲ့ ဘယ်နှစ်လုံး ဘာညာ တောင်းသလောက် ပေးလိုက်ရုံပေါ့။ ငွေ မလိုပေါင်။ ရွာထိပ်ကျောက်တောင်ကြီးကို ဒိုင်းနမိုက်နဲ့ သွားခွဲလိုက်ရုံ၊ အံမာ ခွဲချင်တိုင်း ခွဲလို့ရမယ် မထင်နဲ့၊ အဲဒီ ကျောက်တောင်က ကိုလူလှအဖေ တစ်ဦးတည်းပိုင်၊ လူကြီးနဲ့ အလျဉ်းသင့်လို့ အပိုင်စားပေးထားတာ၊ ဘာမှတ်တုန်း။ လူကြီးနဲ့ ကိုလူလှအဖေက စီးပွားဖက်တွေ၊ အကျိုးအမြတ် ဖစ်ဖတိ-ဖစ်ဖတိတွေ။

မင်္ဂလာဆောင်ဖို့အတွက် ခမ်းမတွေ ဟိုတယ်တွေလည်း မလိုပေါင်ပါဗျာ၊ သဘာဝ ပန်းဥယျာဉ်ကြီးထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဆင်နွှဲနိုင်သေးတယ်။ ဖျော်ဖြေရေးအတွက် မျိုးနွယ်စုတွေရဲ့ ရိုးရာ ဗုံတိုတီးဝိုင်းတွေ ရှိတယ်။ ဧည့်ခံကျွေးမွေးဖို့ သိုးသားနဲ့ ဗျစ်ရည်အတွက် ရွာအကြီးအကဲနဲ့ ဘော်ဘော်တွေကို စီစဉ်ခိုင်းလိုက်ရုံပ။ ငွေရှိမှ မိန်းမရမယ်ဆို ကိုလူလှတို့ လူပျိုကြီး ဖြစ်ရုံရှိတော့တာ။

မဒမ်လူလှအတွက် ဝတ်စရာဆို သစ်ရွက်သစ်ခက်တွေ ချိတ်တွဲလို့ ခါးမှာ လှလှပပ ဆင်ယင်ပေးလိုက်ရင်ကို အတော်လေး စက်ဆီဖြစ်သွားပြီ။ အရွက်တွေဆိုတာ ပေါလွန်းလို့ ဗာဒံရွက်နဲ့ ယူမလား၊ ငှက်ပျောရွက်နဲ့ ယူမလားပဲ။  ဝမ်းဒေး တူးရှိုးလုပ်ချင်ရင် မနက် ဗာဒံ၊ ည ငှက်ပျောတောင် လုပ်လို့ရသေး၊ မိန်းမပီပီ လက်ဝတ်လက်စား ဝတ်ချင်သပ၊ လှချင်သပဆို ချောင်းဖျားက ကျောက်ရောင်စုံတွေ ကောက်လို့ ကိုလူလှကိုယ်တိုင် ကြိုးနဲ့သီလို့ လည်မှာဆွဲပေးလိုက်ဦးမှာ။ ငွေ ဘာလုပ်ဖို့ လိုမှာတုန်းနော်ဗျာ။

ကိုလူလှအတွက် သားကောင်ဆိုတာ ရှာနေစရာတောင် လိုချင်မှ လိုပေတာ။ သစ်တစ်ကိုင်းလောက် ပြာချပြီး မီးသွေးတုံးဖြစ်ရင်ပဲ ရပြီ။ အဲဒီမီးသွေးခဲနဲ့ ဂူနံရံတွေမှာ အရုပ်ပုံတွေ လိုက်ဆွဲပေးတဲ့အလုပ်က ကိုလူလှအလုပ်လေ။ အနက်ရောင်ဆေးအတွက် မီးသွေး ရေဖျော်၊ အနီရောင်ဆေးအတွက် မြေနီမှုန့်တွေ အရည်ဖျော်လိုက်ရုံပဲ။ တစ်ပတ်ကို တစ်ဂူပဲ လိုက်ဆွဲဦး၊ ဆိတ်ပေါင်တစ်ချောင်း၊ နွားခေါင်းတစ်ခေါင်း လောက်ကတော့ အနည်းလေး ရတာပ။ စားပါလေ့။ တစ်ခါတစ်လေ အာလူးလေး၊ ကန်စွန်းဥလေးတောင် ပေးလိုက်သေး။ ကိုင်း ငွေ ဘယ်မှာ လိုလို့တုန်း။
အေးချမ်းလိုက်တဲ့ လောကကြီး။ ဗဲရီး ဗြူးတီးဖူးပေါ့ဗျာ…..။

ရုတ်တရက် နားထဲမှာ အသံတွေ…၊  အသံတွေ ကြားလိုက်ရတယ်။ ဗုံသံတွေ…၊ ဗုံသံတွေ….။ တောက် ဟိုဘက်ရွာကကောင်တွေ အတော်ကို လူပါးဝနေတာ။ သူတို့ရွာက မိန်းမဦးရေ များပြီး ယောကျာ်းဦးရေနည်းတာမို့ ဒီကောင်တွေ တစ်ယောက်ကို မိန်းမ သုံး-လေးယောက်စီ ယူထားတာကိုပဲ တကြွကြွ လုပ်ပြနေတာ။ ခုလည်းကြည့် မင်္ဂလာဆောင်ပြန်ပြီ။ ဘယ်ကောင် ဘယ်နှစ်ယောက်မြောက်မိန်းမ ယူပြန်ပြီလဲ မသိ။ ဗုံတိုတီးသံ တဒုံးဒုံးက နားစည်ကို ဆောင့် ဆောင့်ပြီး ဝင်လာတယ်။

နတ်စည်းစိမ်ခံစားနေတဲ့ကိုလူလှ ကုန်းရုန်းထပြီး လင့်စင်အောက်ကို ဒေါသတကြီး ခုန်ချလိုက်တယ်။ အောင်မာ ဒီကောင်တွေက မိန်းမအသစ်စက်စက်ကို လူလေးယောက် ဝါးလုံးလျှိုထမ်းထားတဲ့ ပလ္လင်ပေါ် လှလှပပတင်လို့၊ နောက်ကမှ သတို့သားကိုကျောက်နီက ဘာတွေလူးချေထားတယ်မသိဘူး၊ မျက်နှာကြီးဖွေးလို့၊ သွားကြီးဖြီးလို့။ ရှေ့က ဗုံတိုတီးဝိုင်းက တအုံးအုံး တဗြုန်းဗြုန်းတီးလို့။ အေးလေ မင့်ခေတ်ပေါ့ ကျောက်နီရာ၊  ပိုက်ဆံမှ မပေးရတော့လည်း လုပ်ထားဦးပေါ့ကွာ။

ကိုလူလှမျက်နှာက အပျိုရံတွေဆီ မျက်လုံးရောက်သွားတယ်။ ကြည့်စမ်း အပျိုရံတွေ ကိုင်ထားတာ ပန်းပွင့်တွေလည်း မဟုတ်ဘဲ ငွေစက္ကူတွေကို ဘုံအဆင့်ဆင့်လို သွယ်တန်းသီကုံးပြီး ကိုင်လာပေတာပဲ။ နေပါဦး ခုခေတ်က ငွေစက္ကူတွေ သုံးနေကြပြီလား။ ကျုပ်တို့က ကျောက်ခေတ်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား။ ဘာတွေ ဖြစ်ကုန်ကြပြီလဲ။ ခု ကျုပ်တို့က ဘယ်ခေတ်မှာတုန်း။ ကိုလူလှ စိတ်ရှုပ်ရှုပ်နဲ့ ခေါင်း တဗြင်းဗြင်းကုတ်မိတယ်။

ငွေစက္ကူတွေမှ ငွေစက္ကူအစစ်တွေပါ။ တစ်သိန်းတန်ဆိုပဲ၊ ပိုက်ဆံပေါ်မှာ နွားရုပ်ကြီးကို ပြူးလို့။ ဟုတ်ပါတယ် သေချာပါတယ်၊ တစ်နောက်မှာ သုည ၅လုံး ကိုလူလှ သေသေချာချာ ရေကြည့်လိုက်တာ။ ဟင်….သတို့သားအမေက ငွေဖလားကြီးနဲ့ ပိုက်ဆံတွေ ကြဲနေလိုက်သေး။ ကိုလူလှတို့ ရွာထဲက ကလေးတွေဆိုတာ အကုန် အပြင်ထွက်လို့၊ တအုန်းအုန်း ပြေး လု ကောက်ကြလို့။

အို…ကြဲတဲ့ပိုက်ဆံတွေဆိုတာကလည်း တစ်သောင်းတန်၊ ငါးထောင်တန်တွေ။ ကိုလူလှသား အငယ်ကောင် နှပ်ချေးတွဲလဲနဲ့ကောင်တောင် ပြေးလုနေတဲ့ထဲ ပါနေသေး။ ဟာ  ဒီကောင် အဖေကို အတော် သိက္ခာချတဲ့ကောင် ကွာ။ နေနှင့်ဦးဆိုတဲ့ အကြည့်နဲ့ ဒီကောင့်ကို မျက်လုံးပြူးပြီး ကြည့်ပေးလိုက်တယ်။ အံမာ ဒီကောင်က ဖအေကို ပြန်ပြူးပြသဟ။ ပမာမခန့်ကောင်…နေပေ့စီဦး။

ဟ ဟ ဟိုမယ် မဒမ်လူလှ မဒမ်လူလှ ပိုက်ဆံဝိုင်းလုနေကြတဲ့ လူအုပ်ကြီးရဲ့အောက်မှာ အပြားလိုက်။ ဟာကွာ ဒါတော့ သိပ်လွန်သွားပြီ။ ဒီလောက် ငွေမလိုတဲ့ခေတ်ကြီးမှာ ဘာများ မက်မက်မောမော လိုက်လုနေစရာ လိုလို့လဲကွာ။ မင်းလိုသမျှ ငါ ရှာပေးနေတာပဲ မဟုတ်ဘူးလားကွာ…။ ခက်တယ် မိန်းမတွေများ သိပ်ခက်တယ်။ ရလေ လိုလေ…၊ ရလေ လိုလေ…။

ကြည့်နေရင်းကိုပဲ ကိုလူလှသားအငယ်ကောင် နှပ်တွဲလောင်းကောင်က လုလို့ရလာတဲ့ ငါးထောင်တန် တစ်ရွက်နဲ့ ပဲလှော်ဝယ်စားနေလေရဲ့။ အံမာ ပဲလှော်ထည့်ထားတဲ့ ကတော့ကို ဖအေ့ဆီ မေးငေါ့ပြနေ သေးတယ်။ စားပါဦးလားပေါ့။ တောက် ခွေးမသား၊ အဲ မဒမ်လူလှသား  တယ်လေ ငါ…။ ဒါ ပဲလှော် ငါးထောင်ဘိုးပေါ့ ဟုတ်စ။ မင်းတော့လား ငါ့လက်နဲ့ တွေ့ဦးတော့မယ်။ နေဦး။ ကြည့်ဦး ဟိုမယ် လူအုပ်ကြီးအောက်မှာ မဒမ်လူလှ၊ ပိုက်ဆံတွေ အထပ်လိုက်ကို သူ့ကိုယ်လုံးကြီးနဲ့ ဖိလို့၊ တောက်….ဟေ့ မဒမ်လူလှ လာစမ်း ခု ထခဲ့စမ်း…ငွေများ ဘာမက်မောနေစရာရှိလဲ…၊ လင့်မျက်နှာ ကတ္တရာစေးသုတ်တဲ့ ဟာမ၊ လာခဲ့နော် ငါ ကောင်းကောင်းခေါ်နေတုန်း လာခဲ့လိုက်….

“တော့် ကလူလှ ဘာတွေ အော်နေတာတုန်း၊ ဒါကြောင့်ပြောတယ် ညနေစောင်းကြီး အိပ်မနေပါနဲ့ ဆိုတာကို…”

“အင်…အမ်  အင်းအင်း ငါ အိပ်ပျော်သွားတာလား”

“တော်ပါ ငါ အိပ်ပျော်သွားသလား လုပ်မနေနဲ့၊ အချိန်ရှိတုန်းလေး ရှင့်ပန်းချီကားရောင်းလို့ရတဲ့ ပိုက်ဆံ သွားတောင်းပါလား၊ ဒီနေ့ ရှင့်ပန်းချီကား ဝယ်သူနဲ့ ချိန်းထားတယ်ဆို…အိမ်မှာ ဆန်ကုန်နေပြီ၊ ရှင်ပြန်လာရင် မနက်ဖြန်အတွက် ဆန်လေး၊ ဟင်းစားလေး ဝယ်လာခဲ့၊ ကြားလား…”

“အေးပါကွာ အေးပါ အေးပါ၊  ဟာ ငါးနာရီတောင် ကျော်နေပြီ၊ သွားမှ သွားမှ…”

ပြောပြောဆိုဆို ပက်လက်ကုလားထိုင်နောက်မှီပေါ် ချိတ်ထားတဲ့ ရှပ်လက်တိုလေး ကောက်စွပ်လို့ အိမ်ပြင်ထွက်ခဲ့တော့တယ်။ 

ကိုလူလှတို့အိပ်မက်စင်းပုံများ အိမ်ရှေ့ကပြင်မှာ ကိုလူလှသား နှပ်ချေးတွဲလောင်းကောင်က ကတော့လေးထဲကနေ ပဲလှော်တွေ နှိုက်နှိုက်စားနေတာ မြင်လိုက်ရပါရောလား၊ ဟေ့ကောင် အဲဒီပဲလှော်က ငါးထောင်ဘိုးလားလို့ မမေးရဲဘူး၊ ကိုလူလှ နည်းနည်းကလေးမှ မမေးရဲဘူး။

ကျောက်ခေတ်နဲ့ မိန်းမ၊  မိန်းမနဲ့ ငွေ…။ သြော်…မိန်းမ  မိန်းမ တစ်ယောက်ထဲ ယူထားပေလို့ပေါ့ကွာ၊ ရှာလိုက်ရတဲ့ငွေ…။ ဘေးအိမ်က ကိုကျောက်နီတို့များ မိန်းမနှစ်ယောက်ယူထားတာ ကိုလူလှတို့ ယောင်လို့တောင် အားမကျမိပေါင်ဗျာ….။ 


ရောင်စုံစက္ကူ (Colour papers)- e-book (ခိုင်စိုးလင်း စီစဉ်)-Dလင့်ခ်မှာ ဖတ်လို့ရ...
 
စတိုင်သစ် မဂ္ဂဇင်း - မေလ -၂၀၁၃ 




ခါးသက်သက် ချိုမြ

$
0
0

(က)
ခုတော့ ပျိုမေခင် ဒီကို တစ်ကယ်ပဲ ပြန်လာလည်ဖြစ်သွားပြီပေါ့လေ… 

တစ်အိမ်လုံးကို တောက်ပပြောင်လက်နေအောင် ရှင်းလင်းပြင်ဆင်နေရင်းက နှုတ်ခမ်းများကွေးလာသည်အထိ ကျွန်မ ပြုံးနေမိသည်။ အိမ်ကိုအလည်လာသော လူတိုင်းက အမြဲတမ်း လှပသပ်ရပ်နေသော၊ သန့်ရှင်းတောက်ပြောင်နေသော အိမ်ကလေးကို ချီးမွန်းကြတိုင်း ကျွန်မ ကျေနပ်ရသည်။ တစ်ဆင့်တက်လို့ “ဟင်းချက်အရမ်းကောင်းတာပဲ၊ ကိုမိုးသော်တာ မိန်းမရ ကံကောင်းလိုက်တာ”ဟု ပြောလာကြရင်ဖြင့် ကျွန်မမျက်နှာမှာ အပြုံးတွေက ရပ်မရချင်တော့။ 

သူမ လာလည်မယ်ဆိုတဲ့အပေါ် မောင်ကရော ဘယ်လိုများနေမှာပါလိမ့်၊ တွေ့ရသလောက်တော့ မောင်က ဟန်မပျက်ပါ။ အရမ်းကြီးလှုပ်လှုပ်ခတ်ခတ်လည်း ဖြစ်မနေ၊ သိတ်လည်း အေးစက်မနေဘဲ ပုံမှန်သာ။ ဒါကိုပင် ကျွန်မက ရိုးရိုးမှ ဟုတ်ပါလေစဟုထင်လျှင် မောင့်သိက္ခာကို စော်ကားသလိုသာ ဖြစ်တော့မည်။ “ပျို ဘာဟင်းချက်လာရမလဲဟင်”ဆိုတဲ့ သူမအမေးကို “ဟင့်အင်း ပျို ပင်ပန်းပါတယ်ကွယ်၊ လှလှလေးပဲ လာခဲ့နော်” လို့ ကျွန်မက အချိုစွက်ခဲ့သေးသည်။ 

သူမချက်လာတဲ့ဟင်းဟာ မောင့်အကြိုက် ဖြစ်မနေပါဘူးလို့ ဘယ်သူ ပြောနိုင်ပါ့မလဲ။ မောင့်အပေါ် ချစ်မက်မြတ်နိုးခြင်းနှင့် အချိုးညီမျှစွာ သူမနဲ့ပတ်သက်လာလျှင် ကျွန်မအတ္တက ကြီးလှပါသည်။ သူမ ခွင့်တစ်ပတ်နဲ့ မြို့ကလေးကို ပြန်လာလည်လိမ့်မယ်လို့ မောင်ပြောလာကတည်းက ကျွန်မ စိတ်တွေ လှုပ်ရှားခဲ့ရတာ။ သူမကို နှလုံးသားထဲက ထုတ်ပစ်ဖို့ မောင် အချိန်တော်တော်ကြာယူခဲ့ရတယ်ဆိုတာ သိခဲ့သူမို့ မောင့်ဘက်ကနေ နာနာကျင်ကျင် ခံစားပေးခဲ့ဖူးသည်။ ကျွန်မမှာဖြင့် မိဘတွေ အိမ်ခေါ်လာတဲ့ မောင့်ကို ခန်းဆီးကြားကနေ ခိုးခိုးကြည့်ခဲ့ရတာ၊ ကိုင်းတစ်ဝက်မျက်မှန်အနက်လေးနဲ့ ဆံပင်တိုတိုထောင်ထောင်လေးများ ဘောင်ခတ်ထားသော မောင့်မျက်နှာက နူးညံ့ရှင်းသန့်လို့။ အဲဒီကတည်းက မောင့်ကို ကျွန်မ တိတ်တိတ်ချစ်ခဲ့ရတာ။ မောင့်လိုလူတစ်ယောက်ကို ငြင်းပယ်ထားရက်ခဲ့တဲ့ မိန်းမ၊ မောင့်ဘက်က လွမ်းလွမ်းဆွတ်ဆွတ် တမ်းတနေခဲ့ရဖူးတဲ့ မိန်းမ။ ဒီမိန်းမဟာ ဘာတွေ ဘယ်လိုများ စွမ်းနေပါလိမ့်လို့ ကျွန်မ ခပ်ဆဆ တွေးမိဖူးခဲ့သည်။ 

ဒီကနေ့အတွက် ကြိုတင်ပြင်ဆင်နေရတာကိုက ကျွန်မအတွက် အလွန်အမင်း စိတ်လှုပ်ရှားကြေနပ်ဖွယ်။ ကျွန်မက စိတ်လှုပ်ရှားတဲ့အခါ မျက်နှာမှာ အဖုအပိန့် ထွက်လာတတ်သည်။ ဒီတစ်ခါတော့ ကံကောင်းစွာပဲ မျက်နှာမှာ ဘာအဖုအပိန့်ကလေး တစ်ခုတစ်လေမှ ထွက်မလာ။ ပြီးတော့ ကျွန်မကိုယ်လုံး၊ သားကလေးနှစ်ယောက် မွေးဖွားပြီးသည်အထိ ကျစ်လစ်သွယ်လျစွာ တစ်သားမွေး တစ်သွေးလှလို့ အများက ပြောယူကြရတဲ့ ကိုယ်လုံးလေး။ ဒီလိုပြောကြရအောင်လည်း ကျွန်မက ကိုယ့်ကိုယ်ကို ဂရုစိုက်ခဲ့သည်။ အမျိုးသမီးတစ်ယောက်ဟာ လှတစ်မျက်နှာနဲ့တင် မပြီး၊ ယဉ်တစ်ကိုယ်လုံးကလည်း အရေးကြီးသည်မဟုတ်လား၊ အချိန်နှင့်အမျှ ဂရုတစိုက် တသသရှိခဲ့ရသော အကျိုးကျေးဇူးက ကျွန်မကို အပျိုလေးတစ်ယောက်လို လှပစေတာ ဖြစ်လေသည်။

 မောင်နဲ့ အိမ်ထောင်ကျစက သူမနဲ့မောင် တွဲရိုက်ထားတဲ့ပုံကို မောင်ပြလို့ မြင်ဖူးထားသည်။ သူမက ကြက်တောင်စည်းနှစ်ဘက်စည်းလို့ တီရှပ်လက်ပြတ်လေးကို စကတ်ကားကားလေးနဲ့ တွဲဝတ်ထားကာ မောင်က ရှပ်လက်တိုနဲ့ ပုဆိုးကွက်စိတ် တိုတိုလေးဝတ်လို့။ နှစ်ယောက်စလုံးက ဆယ်ကျော်သက်တွေမို့ နုနယ်ပျိုမြစ် ချစ်စဖွယ်ကလေးတွေ။ ခုရော သူမ ဘယ်လိုပုံစံများ ဖြစ်နေပါလိမ့်မလဲ။ သူမ ခုထိ အိမ်ထောင်မပြုသေးဘူးဆိုတာကိုတော့ ထူးပြီး အံ့သြမနေချင်တော့ပါ။ မောင်လို ယောက်ျားတစ်ယောက်ကိုတောင် လက်ထပ်ဖို့ရန်ငြင်းခဲ့သူပေ။ သူမဟာ တစ်ကမ္ဘာလုံးရှိ အမျိုးသားတွေဟာ သူမနဲ့ မတန်မရာလို့ ကိုယ်ရည်အသွေးလွန်သူလည်း ဖြစ်နိုင်သေးသည်ပဲ။

မီးဖိုထဲဝင်ကာ ချက်ပြုတ်ထားသော ဟင်းများကို ကြည့်မိပြန်သည်။ ငါးမြင်းဆီလည်ရေလည်ဟင်းက မောင့်အကြိုက်၊ အအီပြေအောင် ၀က်သားကို မန်ကျည်းနှစ်လေးနဲ့ နှပ်ထားတာက တစ်ခွက်၊ ပုဇွန်ထုပ်ဆီပြန်ကတော့ သားနှစ်ယောက်ရော မောင်ပါ ကြိုက်ကြသည်။ ပြီးတော့ မျှစ်သုတ်၊ မျှစ်အ၀ါနုနုလေးတွေကို ဆီချက်၊ ပဲမှုန့်နှင့် ပုဇွန်ခြောက်နိုင်းချင်းလေးထည့်ကာ သံပုရာရည်နဲ့ စားကာနီးမှ သုတ်မည်။ အရည်သောက်ကတော့ ငါးဖယ်လုံးဟင်းချို ချက်ထားသည်။ အချိုပွဲကတော့ သကြားအညိုနဲ့ ဖုတ်တားသော ကရမယ်ပူတင်း၊ လက်ဖက်နဲ့ ဂျင်ဂျာအေးဖျော်ရည်။

နောက်တစ်နာရီဆိုရင် သူမ ရောက်လာတော့မှာ။ ကလေးတွေကို မနက်ကတည်းက သူ့အဖွားတွေအိမ် ကြိုတင်ပို့ပေးထားပြီး ညနေကျမှ မောင့်ကို ကလေးတွေ သွားကြိုခိုင်းခဲ့ကာ “မ က ဟင်းတွေချက်ရ၊ အိမ်ရှင်းရနဲ့ အားမှာ မဟုတ်” ဟု ပြောထားခဲ့သည်။ ကျွန်မနောက်ကွယ်မှာ သူမနှင့်မောင် ကားတစ်စီးထဲ အတူမစီးစေချင်တာထက် သူမကို မောင် အရေးတယူကြိုဆိုရတာမျိုး မဖြစ်စေလိုပါ။ မယ်သ၀န်ကြောင်ဟု ဆိုလျှင်လည်း ခံလိုက်ရုံ။ မောင့်ဖုန်းထဲမှာ သူမနာမည်ကို ဘယ်လိုများ မှတ်ထားပါလိမ့်လို့ တွေးမိပြီး မောင့်ဖုန်းကို ခိုးအကြည့်၊ ပျို ဟု ခပ်ရိုးရိုးမှတ်ထားသော သူမနာမည်ကိုတွေ့မှ စိတ်ထဲ ပေါ့သွားရတာ၊ ဒါတောင် ဘာလို့ ပျိုမေခင်လို့ နာမည်အပြည့် မမှတ်ရတာလဲဟု မောင့်အပေါ် ကျွဲမြီးတိုချင်ချင်။

သူမနဲ့ ပတ်သက်ရင် ကျွန်မကိုက အလိုလို လောင်မြိုက်နေတော့တာကို ကိုယ်တိုင် မကျေနပ်ချင်၊ သို့သော် ကျွန်မ မတတ်နိုင်ပါ။ သူမနဲ့ ပတ်သက်ရင် စိတ်လက်အေးအေး ထားမရနိုင်တာကိုက ကျွန်မကိုယ်တိုင် စိတ်လိုလက်ရ မွေးမြူထားသော ၀ဋ်ဆင်းရဲတစ်ခုသာ ဖြစ်လေသည်။

ရေမိုးချိုးပြီး အလှပြင်ရန် မှန်တင်ခုံရှေ့ ထိုင်မိတော့ ညနေ ငါးနာရီထိုးလုပြီ။ ထူးထူးထွေထွေ အလှပြင်နေစရာတော့ မလိုပါ။ ခါတိုင်းလို မျက်နှာကို ဘီဘီကရင်မ်လေးလူးပြီး အပေါ်က ကွန်ပက်ပေါင်ဒါ ရိုက်လိုက်ရုံနှင့် ပြီးသည်။ ခုညအတွက်တော့ နှုတ်ခမ်းနီ လိမ္မော်ဝါရောင်လေး ခပ်ပါးပါး ဆိုးလိုက်ပြီး မျက်လုံးမှာ ရှဲဒိုး ရွှေအိုရောင်လေးကို ခပ်ဖျော့ဖျော့တင်သည်။ အိမ်ရှင်အနေနှင့် လွန်ကျွံသောပြင်ဆင်မှု ဖြစ်နေမှာလည်း စိုးရသေးသည်။ အင်္ကျီကို ကော်ဖီရောင်ပေါ်မှာ ပန်းဖျော့နှင့်အ၀ါ ခပ်ပြေပြေရောထားသော ဆာရီဆင်လေးနှင့် ထမီလိမ္မော်ရောင်အနုလေးကို ရွေးချယ်ဝတ်ဆင်လိုက်သည်။

အားလုံးအသင့်ဖြစ်တော့ ခန်းဆီးတွေလဲ၊ သင်းပြန့်နေသောအခန်းလေး ဖြစ်ရန်အတွက် မွှေးရနံ့ပါသော ပန်းခြောက်လေးတွေကို ပန်းစိုက်အိုးလေး၏ အပင်အောက်ခြေထဲ စီရီထည့်ရသည်။ နောက်ဆုံးမှ ပန်းကန်စုံများကို ထုတ်ကာ ဇွန်းများ၊ ဟင်းသောက်ပန်းကန်လုံးများနှင့် လက်သုတ်တစ်ရှူးလေးများ အဆင်သင့်ပြင်ရင်း စောင့်ရသည်။

(ခ)

ဧည့်ခန်းထဲ သူမ လှမ်းဝင်လာတာကို အရင်ဆုံးမြင်သူမှာ မီးဖိုထဲက ကျွန်မဖြစ်လေသည်။ မောင်က သားနှစ်ယောက်ကို ကြိုလာကာ အ၀တ်အစားလဲပေးနေချိန်။ သူမလက်ထဲက သစ်သီးတွေကို လှမ်းယူရင်း ပြုံးပြ၊ နှုတ်ကလည်း အလိုလို လောက၀တ်စကား ပြောမိရက်သား ဖြစ်သည်။

“အို ဒါတွေ မလိုပါဘူး ပျိုရယ်၊ တို့လည်း အသီးတွေ ၀ယ်ထားပါတယ်၊ လာ ထိုင်ဦးနော်”

“အော်…တည်သီးက သော်တာသိပ်ကြိုက်တာမို့ ရှာဝယ်လာတာ မစုလေးသွင်”

ကြည့်၊ သော်တာ သိတ်ကြိုက်တာမို့ တဲ့၊ ဒီမိန်းမ စကတည်းက ယဉ်သကို ဆိုတာလို နှုတ်ထွက်စကားတစ်လုံးဆို ဆိုသလောက် ကျွန်မ မနှစ်သက်နိုင်အောင် ပြောပဲ ပြောတတ်သည်။ မျက်နှာကို အတတ်နိုင်ဆုံး မပျက်စေဘဲ သစ်သီးများကိုယူကာ မီးဖိုထဲက စားပွဲပေါ် သွားတင်လိုက်သည်။ မောင် အခန်းထဲကထွက်လာတော့ အမောဖြေကြရင်း ဧည့်ခန်းထဲ ထိုင်စကားပြောဖြစ်ကြသည်။ သူမကို သားနှစ်ယောက်နှင့် မိတ်ဆက်ပေးလိုက်တော့ ထင်ထားသည့်အတိုင်းပင် သားသားတို့နာမည်က ဘယ်လိုခေါ်လဲ ဆိုသည့်မေးခွန်းကို မေးလေသည်။ မောင်နှင့် ကျွန်မနာမည်တွေသာပါဝင်သော သားနှစ်ယောက်နာမည်တွေ အကြားမှာ ကျွန်မမျှော်လင့်ထားသလို သူမမျက်နှာ ပျက်မသွားခဲ့ပါ။

“သော်တာ နင် သိလား၊ ငါဝယ်ထားတဲ့ ကော်မိုဒတီမားကက်က Agriculturalအိုင်တမ်တွေလေ၊ ဈေးတက်နေပြီ သိလား။ အေးလေ နင်နဲ့တွေ့တုန်းက ငါ ပြောတယ်လေ၊ နင်ရော ၀ယ်ထားဦးမလားလို့၊ ကော်ဖီစေ့တို့ ဂျုံတို့လေ”

 “သော်တာ ရော့ နင်ဖတ်ချင်တဲ့ စာအုပ် Crime and Punishment အွန်လိုင်းကနေ ငါတော်တော် ရှာဝယ်လိုက်ရတယ်ဟ”

“သော်တာ ဒါကကျတော့ ကဗျာဆရာကြီး Ogdan Nash ရဲ့ ကဗျာတိုလေးတွေ၊ နင် သူ့ကဗျာတွေ ဖတ်
ရတာ ကြိုက်တယ် မဟုတ်လား၊ ငါ ကဗျာဝက်ဘ်ဆိုက်တစ်ခုကနေ ပရင့်ထုတ်ပြီး စာအုပ်လေး ချုပ်လာခဲ့ပေးတယ်နော်”

မောင့်အတွက် မောင်ကြိုက်တာတွေ သူမ အတော်ပြင်ဆင်ယူဆောင်လာခဲ့သည်ပဲ။ သူမမျက်နှာကို အကဲခတ်ရသလောက်တော့ ဘာအရိပ်မှ ရှိမနေ။ မောင်နှင့်စကားပြောနေစဉ် တစ်လျှောက်လုံးမှာ ပကတိပွင့်လင်းသောဟန်ပန်၊ အပြောအဆိုတို့ကြောင့် ကျွန်မပင် နေရထိုင်ရတင်းကျပ် မနေတော့ဘဲ သက်တောင့်သက်သာရှိလာသည်။

ဧည့်ခန်းထဲမှာတုန်းက စကားတွေအများကြီးဆိုနေသော သူမက ထမင်းဝိုင်းမှာတော့ အသံတိတ်လို့နေသည်။ မောင်က သတိကြီးစွာ သူမပန်းကန်ထဲ ဟင်းထည့်မပေးမိအောင် နေရှာသည်။ ဒီတော့ ကျွန်မကပဲ ဦးဆောင် ဧည့်ဝတ်ကျေစေကာ သူမပန်းကန်ထဲ ဟင်းတွေ ထည့်ပေးနေဖြစ်သည်။ ပိန်လွန်းတာလည်း မပြောနဲ့ အစားမှ ကောင်းကောင်းမစားတာဟု ကျွန်မက တွေးမိတော့ သူမက ကျွန်မအတွေးကို ဖတ်မိသွားပုံနှင့် ကဗျာကသီ ဖြေရှင်းချက်ထုတ်ရှာသည်။

“ပျိုက ဒါ အများဆုံးစားတာ၊ မစုလေးသွင် ဟင်းချက်သိတ်ကောင်းလွန်းလို့၊ ကိုယ့်ဖာသာဆို ဖြစ်သလိုပဲ ပြီးလိုက်တာပဲ။ သော်တာက ဒ့ါကြောင့်ပြောတာ....”

သူမက စကားကို ဒီမှာတင် ရပ်ထားလိုက်သည်။ မောင်က ကျွန်မမျက်နှာကို ဖျတ်ကနဲကြည့်ပြီး ဘာမှ မဖြစ်သလို ပြန်လွှဲသွားလေသည်။ မောင် ဘာတွေများ ပြောထားသလဲ၊ သူတို့ စကားတွေ ပြောနေကျ များလား၊ မောင့် ဂျီတော့ခ်သူငယ်ချင်းစာရင်းမှာ သူမ ရှိနေမှာ သေချာသည်။ မောင် ည ညတွေမှာ အလုပ်ကိစ္စနဲ့ဆိုပြီး ပြောပြောနေတတ်တဲ့ ဂျီတော့ခ်တွေကို နောက်ဆိုရင် စိတ်ဝင်စားစွာ စောင့်ကြည့် ရတော့မည်။

ကျွန်မသည် နောက်ကျောမလုံလို့ ကိုယ့်အမြီးကို ရှေ့ဆွဲယူထားသော ကျားနာတစ်ကောင်နှင့်ပင် တူနေသေးတော့သည်။ ကျွန်မ သူမမျက်နှာကို တစ်ချက်ငေးကြည့်မိသည်။ မောင်နှင့် စကားကောင်းနေသော သူမကတော့ သိပုံမပေါ်ပါ။ သူမမျက်နှာက ပြောင်ရှင်းနေကာ ဘာမှ လူးထားပုံ မပေါ်။ နဖူးအပြောင်သိမ်းကာ ပိုနီတေးစည်းထားသောမျက်နှာက ဘဲဥပုံမျက်နှာကျနဲ့မို့ အနည်းငယ်ကြည့်ကောင်းနေသည်။ မျက်လုံး၊ မျက်ခုံး၊ နှာတံတွေက ဘာမှ မထူးခြားလှ။ နှုတ်ခမ်းလေးတစ်ခုသာ ပြည့်ပြည့်ဖူးဖူးလေးမို့ ချစ်စရာ။ ကိုယ်လုံး ကိုယ်ပေါက်က ပြားချပ်နေကာ မိန်းမတစ်ယောက်အနေနှင့် ဘာမှ မက်မောလောက်စရာမရှိသော ကိုယ်နေဟန်ထားမျိုး ဖြစ်သည်။ ရှပ်လက်ရှည်အကွက်ကို တံတောင်ဆစ်ထိခေါက်ဝတ်ထားရာ သူမ ကိုယ်ပေါ်တွင် ဖားဖားကျလျှက်ရှိသည်။ ပြီးတော့ သူမနာရီက ယောက်ျားပတ် ဒိုင်ခွက်အကြီးကြီးနှင့်။ သူမလွယ်လာသောအိတ်သည်ပင် ဆာလာအိတ်ကို ကြိုးတပ်ထားသလို လေးထောင့်စပ်စပ် ဘာနာမည်ကြီးတံဆိပ်မှ မဟုတ်သော သာမန်ပိတ်သားအိတ်ကြီး တစ်လုံးဖြစ်လေသည်။

 မောင် နိုင်ငံရပ်ခြားများကို သွားတိုင်း ကျွန်မမှာလိုက်၍ ၀ယ်လာပေးသော တန်ဘိုးကြီး လက်ကိုင်အိတ်များကို မနေ့ညကမှ ဧည့်ခန်းထဲရှိ မှန်ဘီရိုထဲတွင် စီစီရီရီပြောင်းထည့်နေစဉ် မောင်က မျက်ခုံးပင့်၍ ကြည့်နေခဲ့သေးသည်။

“မိန်းမတွေအကြောင်း မောင် နားမလည်ပါဘူးမောင်ရာ”ဟု ကျွန်မက မောင့်ကို ပြောတော့ မောင်က ပြုံး၍သာ နေခဲ့သည်။

ထမင်းစားပြီးတော့ အချိုပွဲစားရင်း စကားစမြည်ပြောကြပြန်သည်။ မောင်နဲ့ သူမမှာက ပြောစရာတွေ အတော်များသား၊ သစ်ပင်တွေ သစ်တောတွေအကြောင်း၊ ထိုင်းမြန်မာနယ်စပ်က ရွှေ့ပြောင်း အလုပ်သမားတွေ အကြောင်း၊ အမေရိကားက ရီပါ့ပလစ်ကန်တွေရဲ့ နိုင်ငံရေး ကျားကွက်တွေအကြောင်း၊ အော်ဂဲနစ်သီးနှံတွေ ခေတ်မီစိုက်ပျိုးနည်း အကြောင်း၊ အက်ပီဂရမ်ကဗျာတွေ အကြောင်း၊ မေရီအန်းမိုးရဲ့ ကဗျာတွေအကြောင်း၊ ပန်းချီကားချပ်တွေအကြောင်း၊ ပန်းချီထဲက အရောင်တွေရဲ့ သဘောသဘာဝ။ Eric Claptonရဲ့ သီချင်းတွေအကြောင်း။

သူမက သိလည်း သိနိုင်လွန်းသော မိန်းမဖြစ်သည်။ သူတို့နှစ်ယောက် ပြောနေကြသော အကြောင်းများထဲမှာ ကျွန်မ စိတ်ဝင်စားတာ ဘာတစ်ခုမှ မပါ။ စကားဝိုင်းတစ်လျှောက်လုံး ကျွန်မက ဘေးမှနားထောင်သူ သက်သက်သာ ဖြစ်လေသည်။ ယောကျာ်းတွေဟာ အားနွဲ့မှီခိုတတ်သူ မိန်းမသားတွေကိုသာ ကျတတ်ကြတာ မဟုတ်ဘူးလား။ မိန်းမတစ်ယောက်ဖြစ်ပြီး နေရာတကာ သိနေတတ်နေလွန်းတာ မိန်းမ သိပ်မဆန်သလိုပဲဟု ကျွန်မကတော့ မြင်သည်။ ကျွန်မ ကြားရသလောက် သူမပြောနေတာတွေမှာ အချက်အပြုတ်အကြောင်း၊ တက်တင်းထိုးနည်းအကြောင်း ပန်းကလေးတွေအကြောင်း၊ အ၀တ်အစား လက်ဝတ်ရတနာအကြောင်း မိန်းမဆန်ဆန်ပြောတာမျိုး တစ်လုံးမှ မပါ။

စကားပြောနေကြစဉ် ဖောက်ကနဲ ဖြည်သံနှင့်အတူ မီးမှောင်ကျသွားတော့ မောင်က “ဟာ ဖျူစ့်ပျက်ပြီကွာ” ဟုဆိုကာ စတိုခန်းထဲက အေထောင့်လှေကား သွားယူလေသည်။ မောင်က အေထောင့်လှေကား ကို ထောင်ပြီးရုံရှိသေး၊ သူမက “သော်တာ နင်က မျက်လုံးလည်း မကောင်းဘဲနဲ့” ဟု ပြောရင်းက လှေကားပေါ် ဖျတ်ကနဲတက်ကာ မီးချောင်းကို ဖြုတ်ယူ၊ ကျွမ်းသွားသော ဖျူစ့်ကိုဖြုတ်ကာ အသစ်လဲလှယ်တပ်ဆင်ခြင်းအလုပ်ကို ကျွမ်းကျင်မြန်ဆန်စွာ လုပ်ပြီးသွားလေသည်။

“ငါက ဟိုမှာ တစ်ယောက်ထဲ နေနေရတာ၊ အိမ်မှာက ငါပဲ ယောကျာ်း၊ ငါပဲ မိန်းမ” ဟုဆိုကာ တဟားဟား ရယ်မောနေပြန်သည်။ အိမ်မှာ ကျွန်မတစ်ယောက်ထဲသာဆိုလျှင် သည်အလုပ်မျိုးကို မောင်ပြန်လာတဲ့ အထိစောင့်ကာ လုပ်ရမည်ဆိုတာ သေချာလှသည်။ သူမ လှေကားပေါ်ကဆင်းပြီး ဆိုဖာပေါ်ပြန်လာအထိုင်မှာ စားပွဲပေါ်ကအအေးခွက် သားကြောင့်မှောက်ကျကာ သူမပိတ်လွယ်အိတ်ကြီးပေါ် အအေးများ ဖိတ်စင်တော့သည်။ ပိတ်လွယ်အိတ်ကြီးထဲက ပစ္စည်းတွေကို ကြမ်းပေါ် ရုတ်တရက် မှောက်သွန်ချလိုက်ကာ “တော်ပါသေးရဲ့၊ အထဲထိ မစိုလို့” ဟု သူမနှုတ်မှ တီးတိုးရေရွတ်လေသည်။ သူမ တယုတယထားနေတာတွေကို လှမ်းကြည့်လိုက်မိတော့ စာအုပ်တစ်ချို့၊ စီဒီသီချင်းခွေများနှင့် ပုဝါ တစ်ထည်ဖြစ်လို့နေသည်။

ထိုပုဝါကို ကျွန်မ ကောင်းကောင်းသိပါသည်။ 

 (ဂ)

 မောင် ခရီးမှ ပြန်ရောက်ရောက်ချင်း သေတ္တာထဲက လျှော်စရာတွေကို အ၀တ်လျှော်စက်ထဲ ထည့်ဖို့ ထုတ်ယူစဉ်မှာ သေသပ်စွာထုတ်ပိုးထားသော၊ ကျွန်မနာမည်တပ်ထားသော စက္ကူအိတ်ကလေး တစ်လုံးက သေတ္တာထဲမှာ အခန့်သား။ ထိုစဉ်မှာပင် မောင့်အသံကို ကြားလိုက်ရသည်။ 

“မ အတွက်တဲ့ ပျိုပေးလိုက်တာ” 

“ဟင် မောင်နဲ့ သူ တွေ့ခဲ့ကြတယ်ပေါ့၊ မောင်ပြောတော့ သူနေတဲ့ မြို့နဲ့ ဝေးပါတယ် ဆို၊ ကျောင်းတစ်ဘက် နဲ့မို့ သူ လာနိုင်မှာ မဟုတ်ပါဘူးဆို” 

ကျွန်မအသံက အနည်းငယ် ချဉ်စုတ်စုတ်နိုင်လှသော်လည်း မောင်က အေးဆေးစွာပင် တုန့်ပြန်ခဲ့ပါသည်။

 “အေးကွာ ပျိုက သူ ရှော့ပင်းသွားတုန်း ပုဝါတွေ ဈေးချနေတာတွေ့လို့ တန်လွန်းတာ နဲ့ နှစ်ထည်ဝယ်လာခဲ့တာ၊ ရွေးစရာကလည်း မရှိတော့ဘဲ ဆင်တူနှစ်ထည်ပဲ ကျန်တာမို့၊ တစ်ထည်ကို မအတွက် ပေးလိုက်ချင်လို့ပါ ဆိုလို့” 

“သွားစမ်းပါ အဲလိုအကွက်တွေ ရိုးနေပြီ”

မောင့်စိတ်ပျက်လက်ပျက်အကြည့်ကို ကျွန်မ အရေးစိုက်မနေနိုင်တော့။ ပူလောင်နေသော ရင်တွင်း မီးတွေက ဟုန်းကနဲအထ ထွက်လာသမျှစကားတွေမှာ အပူလှိုင်းတွေနှင့်အတိပြီးတော့သည်။ မောင် ဆယ်မီနာတက်ဖို့ ဥရောပနိုင်ငံတစ်ခုမှ မြို့ကလေးတစ်မြို့ကို သွားရမည်ဆိုတော့ ထိုမြို့ကလေးသည် သူမရှိနေသောမြို့နှင့် ကီလိုမီတာ လေးရာကျော်ကွာဝေးကာ လေးငါးနာရီခန့် ကားမောင်းလိုက် လျှင် ရောက်နိုင်သည်ဆိုတာသိကာ ကျွန်မစိတ်နှလုံးတို့ လောင်မီးကျလေသည်။

တွေ့ဖြစ်ကြမှာ မဟုတ်ပါဘူးလေဟု ဖြေတွေးထားသော်လည်း မောင်ခရီးထွက်နေသော ညညတွေထဲမှာ ကျွန်မရဲ့ ငရဲခန်းက တာရှည်လွန်းနေခဲ့သည်။ မောင်တို့ တွေ့များ တွေ့ကြမှာလား၊ ဘယ်အချိန်တွေ့ကြမလဲ၊ ဘယ်လိုနေရာမျိုးမှာလဲ၊ ဘယ်လောက်ကြာကြာတွေ့ခဲ့ကြမလဲ။ ဟိုမိန်းမကရော မောင့်ကို ဆွဲဆောင်နိုင်ဖို့ ဘာတွေများ ပြင်ဆင်လာမလဲ။ အတွေးတွေနဲ့ ကျွန်မတစ်ကိုယ်လုံး ပြာကျနေချိန်မှာ မောင်ပြန်လာတော့ ဘာမှမဖြစ်သလို အေးအေးလူလူ၊ ပြောပြရှင်းပြဖို့တောင် မကြိုးစားခဲ့။ နောက်တော့လည်း ပုံမှန်နေ့ရက်များစွာ ကျော်ဖြတ်လာရင်း မောင်နဲ့ ကျွန်မနေ့ရက်တွေက အရင်အတိုင်း နေသားတကျ။ ထိုပုဝါလေးမှာလည်း ကျွန်မအ၀တ်ဘီရိုအောက်ဆုံးထပ်၌ ဘာမှမသိသလိုပင် ထားရာနေခဲ့ရှာသည်မှာ ဒီနေ့အထိပါပေ။ 

(ဃ) 

ထိုပုဝါကလေးမျိုး....

အခု သူမဆီမှာ တစ်ထည်၊ ကျွန်မပုဝါနှင့် တစ်ပုံစံထဲ၊ တစ်သွေးတစ်ရောင်ထဲ။ ဒါဆို သူမ မညာခဲ့ဘူးပေါ့။ သူမလက်ထဲက ပုဝါကလေးကို ကြည့်နေသော မောင့်မျက်နှာမှာ အရာင်တစ်ခုခု စွက်နေဟန်ရှိသော်လည်း ဘာသာပြန်ဖို့ ကျွန်မ မကြိုးစားချင်တော့ပါ။ သူမမျက်နှာကို မီးရောင်အောက်တွင် သေချာကြည့်မိပြန်သည်။ သူမမှာ ချစ်ခဲ့ဖူးသော ယောကျာ်းတစ်ယောက်အပေါ် တစ်ခါက ချစ်ခဲ့ဖူးသည်ဆိုတာထက် နည်းနည်းကလေးမှ ပိုပုံမပေါ်။ ကျွန်မမှာသာ လက်ရှိပိုင်ဆိုင်နေရပြီးသော်လည်း မောင့်အပေါ် ပိုင်နိုင်စိတ်ချမနေနိုင်။ ခဏနေတော့ သူမက ပြန်ဖို့ပြင်သည်။ မောင်ပဲ လိုက်ပို့ပါစေတော့။ သူတို့ ငယ်သူငယ်ချင်းတွေ အပြန်လမ်းမှာ စကားတွေ ပြောချင်ပြောကြပါစေ။ ကျွန်မစိတ်တို့ ညွတ်ပျောင်းလာကာ သူမကို ပြုံးပြလိုက်မိသလို စိတ်ကထင်သည်။ 

“မောင် လိုက်ပို့ပေးလိုက်ပါလား၊ သူငယ်ချင်းတွေ လမ်းမှာ စကားပြောသွားကြပေါ့” 

“မ ပဲမောင်းပို့လိုက်ပါကွာ၊ မောင် သားတွေကို အိပ်ရာထဲ ပို့လိုက်ဦးမယ်” 

“အေး  သော်တာ နင်အိမ်မှာပဲ နေခဲ့၊ ညဘက်ကားမောင်းရမှာ နင့်မျက်လုံးက ကောင်းတာလည်း မဟုတ်ဘဲနဲ့၊ လာ မစုလေးသွင်”

မောင်က ကားသော့ကို ကျွန်မဆီ ပစ်ပေးရင်း သူမ မတွေ့အောင် ပခုံးတွန့်ပြလေသည်။ ကျွန်မက ရုပ်တည်နှင့် မသိချင်ယောင်ဆောင်တော့ မောင်က မျက်စေ့တစ်ဘက်ကို ဖျတ်ကနဲ မှိတ်ပြရင်း “ဖြည်းဖြည်းလည်းမောင်းဦး ဒေါ်ရှပ်ပြာ”ဟု ဆိုသည်။ ကျွန်မက မျက်စေ့တစ်ဘက် ပြန်မှိတ်ပြကာ “ပိုင်ပါတယ်မောင်ရဲ့”ဟု ပြောတော့ မောင်က ခေါင်းကိုဆတ်ကာ ခပ်တိုးတိုးရယ်ရင်း သားနှစ်ယောက်ကို လက်ဆွဲပြီး အိပ်ခန်းထဲအ၀င်၊ သူမက ကျွန်မလက်ကိုဆွဲကာ အိမ်ထဲက အထွက်၊ သူမရော ကျွန်မပါ မျက်နှာမှာ အပြုံးကိုယ်စီ။ 

ဒီမှာ မောင်… 
ကျွန်မ သူမအပေါ်၊ မောင့်အပေါ် ဘယ်လောက်ပဲ သံသယရှင်းရှင်း၊ ကျွန်မဟာ မိန်းမတစ်ယောက်ဆိုတာ မမေ့ပါနဲ့မောင်။ လူတွေမှာ ပျမ်းမျှ ခြောက်မီတာကနေ ရှစ်မီတာခွဲထိ ရှည်လျားတဲ့ အူခွေတွေ ရှိကြသတဲ့။ အဲဒီလူတွေထဲမှာမှ မောင့်ဇနီးကျွန်မက အတိုဆုံးပါဆိုတဲ့ ခြောက်မီတာထက်တောင် ပိုတိုချင် တိုနေဦးမှာ မောင်ရဲ့...

အူကြောင်ကြောင်အတွေးကြောင့် ကားမောင်းရင်း ပြုံးမိရပြန်သည်။ 

ညက မှောင်လှပြီ။ လမ်းမဘေးတစ်ဘက်တစ်ချက်မှာတော့ မှိန်ဖျော့ဖျော့ မီးရောင်တွေ။ မီးရောင်တွေကြောင့် သစ်ပင်တွေက ညမှာအရောင်ပြောင်းကာ တင့်တယ်လှပလို့နေကြသည်။ 

ဘာပဲဖြစ်ဖြစ် အဲဒီသစ်ပင်တွေကရော ကားနောက်မှာ တဖျတ်ဖျတ် ဝေးကျန်လို့ နေနေခဲ့ရတာပဲ မဟုတ်လား။


ပါဖက်မဂ္ဂဇင်း - မေလ - ၂၀၁၃

ငမျိုးအကြောင်း

$
0
0


(၁)

ဟာ ဒီကောင်ကြီး ခုလိုကျတော့လည်း တကယ်ကြီး စွံတော့မှာပေါ့လေ

ကျုပ်တွေးရင်း သဘောကျနေမိတယ်။ ဒီကောင်ကဗျာ ကျုပ်နဲ့ အထက်တန်းကျောင်းမှာကတည်းက လည်ပင်းဖက်ပေါင်းလာတဲ့ကောင်။ အင်မတန် သဘောကောင်းတဲ့၊ ရိုးတဲ့ကောင်ပါဗျာ။ တစ်ခုပဲ ကြွားတာကတော့ အသေဗျို့။ ပိုက်ဆံရှိသူတွေ၊ ပါဝါရှိသူတွေ၊ မိုးပေါ်ကလူတွေနဲ့များဆို သူနဲ့ ဆွေနီးမျိုးစပ်ကြီးတွေလိုလို လုပ်ချတတ်တာ။

“အဲဒီ ကုမ္ပဏီပိုင်ရှင်က ငါ့ဦးလေးတော်တယ်ကွ” ဆိုတာမျိုး၊ “အဲဒီဗိုလ်မှူုးကြီးက ငါ့ဘကြီးတော်တယ် ပြောပါတော့ကွာ” ဆိုတာမျိုးတွေက များမှများ။ အကြောင်းအပေါင်းမသင့်လို့များ အဲဒီသူ့ဦးလေးတို့ သူ့ဘကြီးတို့ ဆိုသူတွေ တစ်ခုခု ပြဿနာဖြစ်ပြီ၊ ငြိပြီဆိုမှဖြင့် လေသံက ပြောင်းသွားပါလေရော။

သူငယ်ချင်းတွေဆိုတာကလည်း အဲသလိုအကွက်မျိုး စောင့်နေကြတာကလား၊ ဘယ်နေမလဲ၊ ဝိုင်းတွယ်ကြတော့တာ။

“ဟေ့ကောင် ငမျိုး မင်း ဘကြီးဆိုတဲ့ဘဲကြီးလေ ရာထူးက ဖယ်ရှားတဲ့ထဲပါသွားပြီဆိုပါလားကွ ဟေ”

“အာ အဲဒီဘကြီးက နည်းနည်းဝေးပါတယ်ကွာ၊ စပ်မှ တော်တာပါ”

“ဟေ့ကောင် မင်းဦးလေးကုမ္ပဏီဆိုတာလေ ဒေဝါလီခံသွားပကွ”

“ဝေးပါတယ်ကွာ၊ အမေ့ဘက်က စပ်မှ လေး-ငါးဝမ်းလောက် ကွဲသေးတာ” 
ဖြစ်သွားရော၊ အဲ့အကောင်က အဲသလိုမျိုး....

သဘောကောင်းတဲ့နေရာမှာတော့ သူ့အိပ်ကပ်ထဲက ပိုက်ဆံ ဘယ်သူငယ်ချင်း ယူသုံးသုံး၊ သူ့အင်္ကျီအဝတ်အစား ဘယ်ကောင် ယူဝတ်ဝတ်၊ ပြန်ပေးရကောင်းစေရယ်လို့ မရှိဘူး။ ဒါကြောင့်လည်း သူ ဘယ်လောက်ကြွားကြွား သူ့လေဒဏ်မိုးဒဏ် ခံပြီးတော့ကို ပေါင်းခဲ့ကြတာ။

တစ်ခါသား ကျုပ်တို့ကောင်တွေ ကျောင်းပိတ်ရက် သူငယ်ချင်းတွေ စုပြီး ပစ်ကနစ်ထွက်ခဲ့ကြတာ။ နေ့ချင်းပြန်ဖို့ကို အပျော်လွန်သွားတာနဲ့ ညအိပ်ဖို့ ဖြစ်လာရော။ ဟိုတယ်သွား အိပ်ကြဖို့ ဟိုတယ်ကလည်း အခန်းက လုံးဝမရဘူး။ နောက်ဆုံး ဒီကောင်က ခပ်တည်တည်ပဲ ကျုပ်ကို အလေးကောက်ပြုပြီး “ဘယ်လိုလုပ်ကြမလဲ ဗိုလ်ကြီး၊ ညတွင်းချင်းပြန်ဖို့ကလည်း မဖြစ်နိုင်ဘူး” ဘာညာ လုပ်တော့တာ။ အဲဒီမှာ ဟိုတယ်က တာဝန်ရှိသူက “ဗျာ ဗိုလ်ကြီးတို့ရယ် စောစောက ပြောရောပေါ့ဗျာ၊ ရအောင် စီစဉ်ပေးမှာပေါ့” ဖြစ်လာတယ်။ ကျုပ်တို့လည်း စိတ်ထဲက ဟာ ငါ့ကောင်တော့ လုပ်ချ လိုက်ပြန်ပြီပေါ့။ 

ဘာပဲပြောပြော အဲဒီညက ကျုပ်တို့ သူငယ်ချင်းလေးယောက် ဟိုတယ်မှာ သက်တောင့်သက်သာ တည်းခဲ့ရတယ်ပေါ့ဗျာ။ အပြန်လမ်းကျမှ “ဟေ့ကောင် လဒသား မင်း လုပ်တဲ့အပေါက်က ကြည့်လည်း လုပ်၊ ငါတို့အားလုံး ဖိုးတွမ်တီးဖြစ်ကုန်မှ” ဆိုတော့ ဒီကောင်က ဘာပြန်ပြောတယ်မှတ်လဲ
“အောင်မာ ငါ့မေးလို့က ဟုတ်တယ်လေ၊ ကျုပ်သူငယ်ချင်း ငယ်နာမည် ဘိုကြီးလို့ ပြောထည့်လိုက်မှာပေါ့ကွ” တဲ့

ကြည့်၊ ငမျိုးက အဲသလိုကောင်…။

တက္ကသိုလ်ရောက်တော့ ကျုပ်တို့ကောင်တွေ အသီးသီး ရည်းစားတွေ ရကြလို့၊ ဒီကောင်တစ်ယောက်ပဲ မစွံဘဲ ကျန်နေတယ်။ ဘယ်လိုမှ ကြံရာမရတဲ့အဆုံး သင်္ကြန်လည်းရောက်ရော ဒီကောင်က ဂျစ်ကားကြီးငှားပြီး လမ်းထဲက သူကြိုက်နေတဲ့ ခင်ဝင်းမာနဲ့ သူ့အစ်ကိုတွေပါ မျက်နှာလုပ်ပြီး တင်မောင်းပါရော။ ကျုပ်တို့လည်း ကားနောက်မှာ ပါတယ်ပေါ့ဗျာ။ ပထမတော့ ခင်ဝင်းမာက သူ့ဘေးမှာ၊ သူက ကားကြီးမောင်းလို့ပေါ့လေ။ နောက်တော့ ရှေ့မှာထိုင်ရာက ရေဘောလုံးထိပြီး ခင်ဝင်းမာက ဂျစ်ကားနောက် ရောက်လာတယ်။

သူက ရှေ့က ကားမောင်း၊ ခင်ဝင်းမာက နောက်က ရေပက်ခံပေါ့။ အဲဒီမှာ ခင်ဝင်းမာက ချမ်းတယ်ဆိုရင်း သူ့အစ်ကိုနဲ့ပါလာတဲ့ ကျော်မြင့်ထွန်းဆိုတဲ့ကောင်က သဘက်ကြီးနဲ့ ကာပေးရင်း။ သင်္ကြန်လည်းပြီးရော သူ့ကောင်မလေးကို အဲဒီကျော်မြင့်ထွန်းဆိုတဲ့ကောင်က မ သွားတော့တာ။ အဲ့ဒီကတည်းက မိန်းမတွေကို စိတ်အနာကြီးနာသွားလိုက်တာ ကျောင်းသာပြီးရော ရည်းစားတစ်ယောက်မှ ထားမသွားဘူး။

ကျောင်းပြီးလို့ ကျုပ်တို့ သူငယ်ချင်းတွေအားလုံး အိမ်ထောင်တွေကျ၊ ကလေး တစ်ယောက် နှစ်ယောက်လောက်ရတဲ့အချိန်ကျမှ ဒီကောင် အိမ်ကပေးစားတဲ့ မိန်းမကို ယူလိုက်တာ။ မိန်းမကံ အကျိုးပေး မကောင်းပုံများ သူ့မိန်းမ မီးတွင်းထဲမှာ မီးဖွားရင်း ဆုံးသွားရှာတယ်။ ဘာကြာလို့လဲ၊ ပေါင်မပြည့်ဘဲမွေးခဲ့တဲ့ သမီးကလေးက အဖပ်မတင်ဘဲ တစ်ပတ်နဲ့ဆုံးသွားပြန်တော့ ဒီကောင် ခေတ်သစ်မောင်ပဋာဖြစ်ကျန်ခဲ့တာ။ အားလုံးက ဒီကောင့်အတွက် စိတ်မကောင်းကြဘူးပေါ့ဗျာ။ ဒီကောင်လည်း အတော်လေသွားသေးတာ။ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး မရိတ် မသင်၊ နေ့နေ့ညည သောက်စားမူးရူးနေလိုက်တာ။

သူ့အဖေဆုံးသွားပြီးနောက် ကျန်ခဲ့တဲ့ အိမ်စီးပွားရေးကို သူပဲ မဖြစ်မနေ ဆက်ကိုင်ရတော့မယ်ဆိုမှ နာလန်ပြန်ထူလာတာ။ ဒီကောင့်ကံပဲ ပြောရမလား၊ သူ့အဖေကျန်ခဲ့တဲ့ တွင်ခုံလုပ်ငန်းက သူ့လက်ထက်မှာ ပို စီးပွားဖြစ်လာခဲ့တယ်။ အားလုံးကတော့ ဒီကောင့်အတွက် ဝမ်းသာကြတယ်ပေါ့ဗျာ။
  
(၂)

နိုင်ငံခြားသားမိသားစုကို ဟိုတယ်ရှေ့ချပေးအပြီးမှာ ဟိုတယ်ထဲကထွက်လာတဲ့ လူငယ်စုံတွဲတစ်တွဲ ကျုပ်ကားကို တားတာနဲ့ ပါစင်ဂျာ ချက်ချင်းရတာမို့ ဒီညတော့ ကျုပ် အုံနာကြေးကိုက်ပြီလို့ စိတ်ထဲက တွက်လိုက်တယ်။ တက်ကစီမောင်းရတာ အရင်ကလို မဟုတ်တော့ဘူးဗျာ။ ကားတွေကြပ်တော့ ခရီးတစ်ခုကို နှစ်နာရီလောက် မောင်းနေရတာ၊ အရင်လို ဘယ်ဟန်တော့မလဲ။

ဘေလီတံတားထိပ်ကို ကျော်လာပြီ။ ဟာ ကံကောင်းလို့ဗျာ၊ ညဘက် ရှေ့မီးဖွင့်မောင်းတာတောင် ကတ္တရာလမ်းအမဲပေါ် ခွေးမသားအမဲကောင်က အိပ်နေတော့ ကြိတ်မိတော့မလို့ သီသီလေး ရယ်…။ နောက်ခန်းကစုံတွဲ ဟန်ချက်ပျက်သွားဟန်နဲ့ ကောင်မလေးက ကိုယ်ကို ခပ်မတ်မတ် ပြင်ထိုင်လိုက်တယ်။

“ဦး ဘယ်နားရောက်နေပြီလဲ” တဲ့ မျက်နှာကို ကျုပ်ရှေ့ကိုင်းပြီး ကောင်မလေးက မေးတယ်။ ကောင်မလေးပါးပေါ်က စံပယ်တင်မှဲ့နက်လေးက စိုလက်လို့။ သူ့ကောင်လေးကို “ရောက်တော့မှာနော် သိပ်မကဲနဲ့” ပြောရင်း တခစ်ခစ်ရယ်နေသေးတယ်။

ကဲလည်း ကဲတဲ့ စုံတွဲဗျာ။ ကြည့်တော့ ခပ်ငယ်ငယ်ကလေးတွေ ရှိလှမှ နှစ်ဆယ် အစိတ်လောက်ကလေးတွေ။ ဒီအချိန်ကြီး ည ဆယ့်တစ်နာရီကျော် ဟိုတယ်က ထွက်လာပုံက မစဉ်းစားရဲ စရာ။

ဟိုတယ်တွေကလည်း ခက်တယ်ဗျာ။ တစ်နာရီ ငါးထောင်၊ နာရီပိုင်းနဲ့ ငှားသတဲ့၊ စုံတွဲတွေအတွက် ဗာလင်တိုင်း အထူးလျှော့ဈေးဆိုတာပါသေး။ ခက်ကုန်ကြပြီပေါ့ဗျာ။ သမီး မွေးမထားတာပဲ တော်သေး။ ကျုပ်အိမ်က မိန်းမကတော့ သားမွေးထားလည်း သားမို့ ပူရတာပါပဲ တဲ့။ ဟုတ်တာပဲ ဒီလူငယ်လေး ကျုပ်သားသာဆို သူများသားသမီး မယူရသေးခင် မလွန်မကျွံရဘူးကွလို့ နားရင်းတီး ဆုံးမမိမလားပဲ။

နောက်တစ်ခါမှာတော့ တိုက်ဆိုင်တာပဲလား မပြောတတ်ဘူး။ အသွားအပြန်ငှားထားတဲ့ ကျုပ်ပါစင်ဂျာလူနာကို ဆေးခန်းပို့ပြီး စောင့်နေတုန်း အဲဒီစံပယ်တင်မှဲ့ကလေးနဲ့ ကောင်မလေး ကို နောက်တစ်ခါ ထပ်တွေ့ရသေးတယ်။ သူက ဆေးခန်းထဲက ထွက်လာတာ။ သူ့ဘေးမှာ ကောင်လေးတစ်ယောက်ပါသေးတယ်။ ဟိုအရင်တွေ့တုန်းက ကောင်လေး မဟုတ် တာတော့ သေချာတယ်ဗျာ။  ခက်တယ် ခေတ်ကာလသားသမီးတွေများ။ 

ကျုပ်တို့ တက်ကစီသမားတွေက ဒါမျိုးတွေများ ရိုးတောင်နေပါပြီ။ ကောင်မလေးတွေက ဟော တစ်ယောက် ဟော တစ်ယောက်။ ကောင်လေးတွေကလည်း ဟော တစ်ယောက် ဟော တစ်ယောက်။ ကျုပ်တို့အဖေခေတ်ကလို သုံးနှစ်သုံးမိုးလည်း မဟုတ်၊ ကျုပ်တို့ခေတ်ကလို ချောင်းကြည့်ပြုံးပြန်လည်း မဟုတ်ဗျာ…။

(၃)

တစ်ရက်တော့ ပြည်သူနဲ့ အိမ်ထောင်ကျသွားတဲ့ သီဟ ရန်ကုန်ခဏရောက်နေတုန်း ကျုပ်တို့ ငယ်သူငယ်ချင်း လေးယောက် ပြန်ဆုံခဲ့ကြတယ်။ သီဟနဲ့ သူ့မိန်းမက ပွဲရုံလုပ်ငန်း၊ မိုးဟိန်းနဲ့ သူ့မိန်းမက ဗိုလ်ချုပ်ဈေးထဲ ရွှေဆိုင်တန်းမှာ၊ ဒီကောင် မျိုးမြင့်ကတော့ တွင်ခုံလုပ်ငန်းနဲ့ တစ်ကိုယ်ရေ တစ်ကာယ မုဆိုးဖို၊ ကျုပ်က တက်ကစီမောင်း၊ ကျုပ်မိန်းမ မမြင့်နွယ်က ကုန်စုံဆိုင်လေးရောင်းပေါ့။

တစ်ယောက် တစ်ယောက် ဗိုက်ကြီးတွေကို ကြည့်၊ ထိပ်ပြောင်လာတာကို ကြည့်ပြီး သူ ပိုပူ၊ ငါ ပိုပြောင် ဟားကြရသေးတယ်။ အံမာ ဒီကောင် မျိုးမြင့်က အတော်လေး ထိန်းထားသေးတာ။ အားလုံးထဲမှာ သူက ဗိုက်မပူဆုံး။ ဒီကောင့်ကို အားလုံးက အိမ်ထောင်ထပ်ပြုဖို့ ပြောတော့ ဒီကောင်က 
“တော်ပါပြီကွာ နွားနို့သောက်ချင်တာများ နို့စားနွားမကြီးတစ်ကောင်လုံး မွေးထားစရာ မလိုပါဘူးကွ” တဲ့...။

ကြားတော့ ကြားသား။ ဒီကောင် ကောင်မလေးငယ်ငယ်လေးတွေနဲ့ တွဲခုတ်နေတယ်ဆိုတဲ့ သတင်း။ ဝသီကတော့ ဘယ်ပျောက်မလဲဗျာ။ သူ ခုတွဲနေတဲ့ ကောင်မလေးတွေ ဘယ်လောက်လှကြောင်း၊ ဘယ်လောက် ငယ်ကြောင်း၊ ဘယ်လို အပျိုစစ်ကြောင်း၊ ကောင်မလေးတွေ သူ့ကို ဘယ်လိုခိုက်ကြောင်းတွေပေါ့ဗျာ။ ကျုပ်တို့လည်း ဒီကောင်က ဝိုင်းဒကာဆိုတော့ ရင်ခံပေမဲ့ သောက်ရင်း စားရင်း ဒီကောင့်စကားတွေ မျိုမျိုချနေရတော့တာပဲ။ 

အပြန်မှာ ကားစောင့်နေတဲ့ကလေးက “အစ်ကိုကြီး သား ကားစောင့်ပေးထားတယ်နော်” ဆိုတော့ ဒီကောင် ငမျိုးက “အေး မင့်မှ ကားစောင့်ပေး မထားရင် ငါ နရင်းအုပ်ထည့်လိုက်မပေါ့ကွ” တဲ့။ “ဒီဟိုတယ်က ကားစောင့်သူတွေကို ယူနီဖောင်းနဲ့ ဘာနဲ့ သေချာ လစာပေးစောင့်ခိုင်းထားတဲ့ဟာကိုကွာ၊ မုန့်ဖိုးထပ်ပေးဖို့ မလိုပါဘူး။ ကလေးတွေ အကျင့်ပျက်ပါတယ်” တဲ့ သူက။ အဲသလိုကျတော့လည်း ငမျိုးပြောတာ ဟုတ်သလိုလို။

(၄)

ငမျိုး မင်္ဂလာဆောင်မှာ ကျုပ်တို့သူငယ်ချင်းတွေ အားလုံး နောက်တစ်ခေါက် ထပ်ဆုံဖြစ်ကြသေးတယ်။ တိတိကျကျပြောရရင်ဗျာ မင်္ဂလာဆောင်မှာ ဆုံတာထက် ဒီကောင့် မုဆိုးဖိုညမှာ ဆုံဖြစ်ကြတဲ့အဖြစ်က ကျုပ်အတွက် ပိုလို့ သတိတရဖြစ်စေတယ်။ 

စဉ်းစားကြည့်ဗျာ၊ မင်္ဂလာဆောင်မှာ မင်္ဂလာမောင်မယ်ကို ပွဲထုတ်လာတော့ ထုံးစံအတိုင်း အားလုံးရဲ့ အာရုံတွေက မင်္ဂလာမောင်နှံဆီမှာ။ ကျုပ်တို့လည်းပဲ သူ့ရဲ့ ဇနီးအသစ်စက်စက်ကလေးကို စိတ်ဝင်တစားကြည့်မိကြတယ်ပေါ့ဗျာ။ မျက်နှာရှေ့အုပ်ထားတဲ့ ပုဝါလေးလည်း ဖယ်လိုက်ရော ကျုပ်ရင်ထဲ ဟိုက်ကနဲ ဖြစ်သွားတယ်။ ငမျိုး ပြောပြောနေတဲ့ ချစ်စဖွယ်အပျိုစင်ကလေးဆိုတာ ကျုပ် မြင်ဖူးသိဖူးနေတဲ့ စံပါယ်တင်ကလေး ဖြစ်နေတာကိုးဗျ။ 

ကျုပ်စိတ်ထဲ အင်မတန်မှ မရိုးမရွဖြစ်မိတော့တာ။ ဒါပေမဲ့ ထားပါတော့ဗျာ။ မင်္ဂလာမောင်မယ် မင်္ဂလာယူနေတဲ့အချိန်မှာ ကျုပ် မျိုသိပ်နေခဲ့လိုက်ပါတယ်။ 

ခက်တာက နောက်တစ်နေ့ည ကျုပ်တို့ သူငယ်ချင်းတွေချည်းပဲ ဆုံကြတဲ့ စားပွဲသောက်ပွဲမှာ ဒီကောင်ငမျိုးက သိပ်ပဏာယူနေတော့တာပဲဗျ။ သူ့မိန်းမ ဘယ်လောက် ချစ်စရာ ကောင်းကြောင်း၊ သူ့ထက် ဘယ်နှနှစ်ငယ်ကြောင်း၊ ဘယ်လိုအပျိုစစ်ကြောင်း….စုံလို့ဗျာ။ အဲဒီမှာ ကျုပ်က ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။ “မင်းဘယ်လောက်သေချာလို့လဲကွ ငမျိုးရ” လို့ ပြောမိတယ်။ ဒီမှာတင် သူနဲ့ ကျုပ် အခြေအတင်ဖြစ်ရတော့တာပဲ။ ဒါပေမဲ့ဗျာ ကျုပ် စိတ်လျှော့ခဲ့လိုက်ပါတယ်။ မိန်းကလေးဘက်က ဘယ်လိုစိတ်ပြောင်းပြီး ငမျိုးလိုကောင် မုဆိုးဖိုကို ရွေးတယ်ဆိုတာ ကျုပ်မသိသလို ငမျိုးဘက်က ဒီကောင်မလေးအပေါ် ဘယ်လောက် တန်ဘိုးထားတယ်ဆိုတာ ကျုပ်မှ မသိနိုင်တာပဲဗျာ။ 

ထားပါတော့လေ။ ပြီးတာပြီးပြီပဲ၊ အရေးကြီးတာက သူတို့ အိမ်ထောင်ရေး ရေရှည်တည်မြဲဖို့ပဲ မဟုတ်လားဗျာ။ ဆက်မပြောခဲ့တော့ဘူး၊ ကျုပ် ရေငုံနေခဲ့ပါတယ်။ ဒီကောင် ငမျိုးကတော့ ထုံးစံအတိုင်း အကြွားတွေ ပိုနေတာများ သောက်မြင်ကတ်ချင်စရာဗျာ။

(၅)

ဘာပဲပြောပြော ကျုပ်စိတ်ထဲ ကလိကလိနဲ့ မကျေနပ်တာတော့ အမှန်ပဲဗျာ။ ငမျိုးကိုလည်း နွားတစ်ကောင်လို မြင်လာမိတော့တယ်။ အိမ်ရောက်တော့ ကျုပ်မိန်းမကို ဖွင့်ပြောမိတယ်ဗျ။ ကျုပ်မိန်းမက ပြုံးလို့ပဲ။ ဒါလေးများ၊ သွားပြောမနေနဲ့၊ လူတွေဟာ ဒီလိုပဲ၊ ဒီလိုအချိန်မှာ အကန်းပဲတဲ့။ ဒါမျိုးဆိုတာ ကိုယ်တိုင်ထက် ဘေးလူတွေက ပိုမြင်တတ်တာပါပဲ တဲ့။ 

ကျုပ် ခေါင်းညိတ်လိုက်မိတယ်။ ဒါပေမဲ့ စိတ်ထဲ မတင်မကျနဲ့ပဲဗျ။ ဒီကောင်ကွာ၊ သူငယ်ချင်းစကားကို မယုံဘဲ ဒီကောင်မလေး အပြောယုံပြီး ဖြူစင်အပြစ်ကင်းတဲ့ အပျိုစင်လေးဆိုပြီး ပုံနှစ်ချစ်တော့တာ။ ထားပါလေ၊ အပျို အအိုဆိုတာကလည်း ဘာများ ထူးဆန်းတာလိုက်လို့။ ဒီကောင်မလေး ကျုပ်သူငယ်ချင်းနဲ့ ရပြီးလို့ တည်ငြိမ်အေးဆေးသွားရင် ပြီးတာပဲ မဟုတ်လား။ ကောင်မလေးထက် ငယ်သူချင်းအရင်းကြီးစကား နားမဝင်တဲ့ ဒီကောင့်ကို ကျုပ်က ပို စိတ်ဆိုးတာဗျာ။ 

မိန်းမ ဟင်းချက်နေတဲ့ မီးဖိုချောင်ထဲ ဝင်လာမိတော့ ဟင်းချက်ဖို့ ပြင်နေတဲ့ မိန်းမကို တွေ့တယ်။ ဘာရယ်မဟုတ်ပါဘူး၊ စိတ်ကောင်းလေး ဝင်နေတုန်း “ဘာကူလုပ်ပေးရမလဲ မိန်းမရေ” ဆိုတော့ မိန်းမက “ကြက်သွန်နီ ကူခွာပေး” တဲ့။  ဒါနဲ့ပဲ ကြက်သွန်နီနှစ်ဥ ကူခွာအပေးမှာ တစ်ဥက အထဲမှာ ပုပ်ချင်ချင်၊ ကြက်သွန်အဖတ်လေးတွေက ညိုပုပ်ပုပ် ဖြစ်နေတယ်။ ကျုပ်က လွှင့်ပစ်တော့မလို့အလုပ်မှာ မိန်းမက “အောင်မလေး ကိုရယ် ပုပ်ချင်နေတဲ့ အဖတ်ကလေးတွေကို အသာလေးခွာပြီး လွှင့်ပစ်လိုက်လေ၊ ကျန်တဲ့အပိုင်းတွေက ဟင်းချက်လို့ ရပါသေးတယ်” တဲ့။

ကျုပ်မိန်းမစကားနားထောင်ပြီးတော့ ညိုနေတဲ့ အပိုင်းတွေ လွှင့်ပစ်လိုက်ပြီး ကျန်တဲ့အကောင်းလေးတွေကိုပဲ ဟင်းချက်ဖို့အထဲ ထည့်လိုက်တယ်။

ကျုပ်မျက်လုံးထဲ ငမျိုးနဲ့သူ့မိန်းမ စံပါယ်တင်မျက်နှာလေး ပြေးမြင်တယ်။

အေးဗျာ၊  ဒီလိုပါပဲ လူတွေကိုလည်း မကောင်းတဲ့အပိုင်းလေးတွေ ကွက်ပြီး လွှင့်ပစ်လို့ရရင် ကျုပ်က လွှင့်ပစ်လိုက်ချင်ပါသေးရဲ့။ ကောင်းတာလေးတွေပဲ ရွေးပြီး ချစ်ကြတာပေါ့ဗျာ နော်။


Faces- မုခ မဂ္ဂဇင်း - မေလ ၂၀၁၃


စိတ်ကြိုး အပြတ်

$
0
0

(၁) 

 ခြေလှမ်းတွေ…… 

 မှောင်နဲ့မဲမဲညမှာ သူ့ပိုက်ကွန်ထဲ ငြိမှာထက် တစ်ခြားဘာကိုမှ တွေးမကြောက်နိုင်လောက်အောင် ဖြစ်ခဲ့ရ။ အဲ့ဒီစိတ်တစ်ခုထဲနဲ့ ဝေးသထက်ဝေးရာ ပြေးထွက်ခဲ့မိတာ။ ဦးတည်ရာက ရုတ်တရက်တော့ မသဲကွဲသေး။ ဘယ်ကို သွားရမှာပါလိမ့်။ အို ဘာဖြစ်လဲ အဓိကက သူနဲ့ ဝေးနိုင်သမျှ ဝေးဖို့၊ မနက်မလင်းခင် လူတွေ သူမကို ခြေရာမခံမိဖို့ ဒါပဲ မဟုတ်လား။ 

ရယ်ချင်တယ်။ ဘာတဲ့ အချစ် ဟုတ်လား။ သူက သူမနဲ့မှ ရင်ခုန်သတဲ့လား။ သွားစမ်းပါ။ ဒါမျိုးတွေ ကြားတာနဲ့တင် အော့နှလုံးနာချင်စရာ။ ဘာလဲ အချစ်ရဲ့နောက်မှာ….ဘာတွေရှိနေသေးလဲ။ အချစ်ကို တစ်လွဲသုံးနေကြတဲ့ ရှင်တို့ယောကျာ်းတွေ ဖြေကြည့်ကြဖို့ ကောင်းတယ်။ သူမစိတ်တွေက သူမမျက်နှာတစ်ခုလုံးနဲ့ သူမခန္ဓာကိုယ်ပေါ် ရုတ်ချည်း ရောက်သွားတယ်။ ရှက်ရွှံ့နာကျည်းစိတ်တွေနဲ့။ သူမမျက်လုံး သူမအပြုံး သူမရဲ့ အလှ….။ ဒါတွေက ယင်ဖိုတွေအုံခဲဖို့အတွက် အညှီတွေတဲ့။ ဖြစ်ရလေ။ စိတ်ပျက်စရာ ရွံရှာစရာရယ်။ 

 ညဦးပိုင်းက သူမကိုယ်ပေါ် ဝဲကနဲရောက်လာတဲ့ သူ့လက်တွေ။ သူမနှုတ်ခမ်းကို စုတ်ယူလိုက်တဲ့ သူ့နှုတ်ခမ်းနွေးနွေးတွေ၊ ကြမ်းတမ်းလိုက်တာ။ အို…ဘာများ ထူးလို့လဲ။ အတူတူပဲ အားလုံးအတူတူပဲ။ သူမ ယောင်ရမ်းပြီး အောက်နှုတ်ခမ်းကို ခပ်နာနာဖိကိုက်လိုက်မိတယ်။ ခြေလှမ်းတွေကို သွက်သထက် သွက်မိပြန်တယ်။ သူမ ဒီမြို့လေးထဲက နေရောင်မမြင်ရခင် ထွက်သွားနိုင်မှ ဖြစ်မယ်။ ဝေးရာကို…. ဝေးသထက် ဝေးရာကိုပေါ့။ 

(၂)

သူမ အလုပ်အတူတွဲလုပ်ရတဲ့ အရောင်းဋ္ဌာနက အမျိုးသားက လူမျိုးခြားတစ်ယောက်။ နာမည်က ဒန်နီယယ်တဲ့။ တစ်ခါတစ်လေ အလုပ်ရဲ့ လိုအပ်ချက်အရ အရောင်းမြှင့်တင်ဖို့ ဒန်နီယယ်နဲ့အတူ အပြင်ကို ကားတစ်စီးနဲ့ အတူသွားရလေ့ရှိတယ်။ ကားရှေ့ခန်းမှာ ထိုင်တဲ့အခါ သူမက သူမပေါင်ကို ဂီယာနဲ့ လွတ်အောင် သတိကြီးစွာ ဘယ်ဘက်ကြုံ့ထားလေ့ရှိတယ်။ ဒန်နီယယ်ရဲ့ မထိခလုတ် ထိခလုတ်စကားတွေကို ရှောင်တိမ်းမရတာကတော့ တစ်ပိုင်းပေါ့လေ။ ဒန်နီယယ်က အိမ်ထောင်ရှင်အမျိုးသားမို့ ပိုပြီး သတိကြီးစွာရှောင်တာမျိုးတော့ မဟုတ်ဘူး။ အမျိုးသားတိုင်းအပေါ် သူမရဲ့ ဆက်ဆံမှုက တစ်ပုံစံထဲပဲ။ လောကကြီးထဲမှာ အဖေ့လောက် ဘယ်ယောကျာ်းကမှ သူမအပေါ် ဖြူစင်မှု မရှိနိုင်ဘူး မဟုတ်လား။ သူမနှလုံးသားထဲ နက်နက်ရှိုင်းရှိုင်း ငြိတွယ်နေခဲ့တယ်။ 

 “စု မင်းက ဘာလို့ ခုထိ အိမ်ထောင်မပြုသေးတာလဲ” ဒန်နီယယ့်စကားကို သူမက ဖြေနေကျအတိုင်းပဲ တုန့်ပြန်တယ်။ အိမ်ထောင်ပြုလောက်တဲ့ သူမယုံကြည်နိုင်လောက်တဲ့ ယောကျာ်းမှ မတွေ့သေးတာဘဲ။ သူမအတွက်လည်း အလျင်စလို လိုအပ်နေတာမှ မဟုတ်တာဘဲလေ။ 

 “မင်းက ခု အသက် သုံးဆယ်နားနီးလာပြီ နော် အိမ်ထောင်တစ်ခု တည်ဆောက်သင့်ပြီ” 

 တော်ပါ။ သူမ ဘာမှ ပြန်ပြောစရာ မလိုဘူးလေ။ ဒါက သူ့မှတ်ချက်။ အိမ်ထောင်မရှိတဲ့ မိန်းမတွေအတွက်ပဲ သူ့မှာ တာဝန်ကြီးတစ်ခု တင်ရှိနေသလိုလို ဒန်နီယယ်ဟာ တခါတခါ ကြောင်လွန်းလှတယ်။ ဒန်နီယယ်မှ မဟုတ်ပါဘူးလေ။ လူအတော်များများကပါ သူမအတွက်၊ ခုထိ သူမ အိမ်ထောင်မပြုသေးတဲ့အတွက် ပူပန်သလိုလိုမျိုး ပြောတတ်ကြတာပါပဲ။ 

 “နေပါဦး မင်း ခု ဒီအရွယ်အထိ တစ်ယောက်ထဲ နေလာတာ မင်းမှာ တစ်ကိုယ်ရည် ဖျော်ဖြေမှု မရှိဘူးလား။ လိုအပ်လာတဲ့အခါ ဗိုင်ဘရေတာရော မသုံးဘူးလား” 

ဘာသာခြားစကားနဲ့ ပြောလိုက်တာပေမဲ့ စကားလုံးတွေက စိုက်ကနဲ၊ သူမတစ်ကိုယ်လုံး တောင့်ကနဲ ကျင်စက်သွားတယ်။ ဆူးတွေ ဆူးတွေ ကိုယ်မှာ အနှံ့ဝင်စူးခံလိုက်ရသလို သွေးစိမ်းတွေနဲ့ နာကျင် ရှတလို့။ သူမတစ်ကိုယ်လုံးကို ကိုယ်တိုင် တစ်စစီ လိုက်ပြန်ကောက်နေရတဲ့ ခံစားမှုမျိုး။ တကယ့်ကို အစိတ်စိတ်အမွှာမွှာ။ မိန်းမတစ်ယောက်ကို ဘာများထင်နေသလဲ။ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲလေလို့ အကြောင်းပြချက်ပေးဦးတော့မယ်။ သူတို့စိတ်နဲ့ နှိုင်းနေကျအတိုင်း။ ဒန်နီယယ့်မျက်နှာကို လက်ပြန်ရိုက်ပစ်လိုက်ချင်စိတ်တွေနဲ့ သူမစိတ်ထဲ မုန်တိုင်းတစ်ခု မွှေနေတော့တယ်။ သူမတို့လို အာရှသားတွေအတွက် ဒါတွေဟာ နားရှက်စဖွယ်ရှိနေသေးတာ။ 

သူမ အရင်က အလုပ်ဝင်ခဲ့တဲ့ရုံးမှာ ခင်မင်ခဲ့ဖူးတဲ့ အဲရစ်စ်ကို သတိရမိတယ်။ အဲရစ်စ်တို့ အမေ ခရစ်စတယ်က အသက်ခြောက်ဆယ်လောက်ရှိတဲ့ မုဆိုးမတစ်ယောက်။ ခရစ်စတယ့်မွေးနေ့မှာ သားသမီးတွေက နောက်ပြောင်ကျီစယ်လိုစိတ်နဲ့ သူတို့အမေကို ဗိုင်ဘရေတာ- sex toy တစ်ခု လက်ဆောင်အဖြစ် ပေးကြသတဲ့။ သူမကတော့ ရင်ဘတ်ဖိလို့ ဘုရားသာ တ မိခဲ့တော့တယ်။

သူမ ဒန်နီယယ့်စကားကို ဘာမှ ပြန်လည်ချေပမနေတော့ဘူး။ သူတို့အတွက် ဒီလိုပစ္စည်းသုံးတာမျိုးဟာ အထူးအဆန်းကိစ္စမှ မဟုတ်တာပဲ။သူမ အရည်ခွံထူဟန် ကြိုးစား ပြုံးပြလိုက်မိတယ်။ ဘာမှ မထူးခြားသလို၊ ဘာမှ မခံစားလိုက်ရသလို။ ဒါပေမဲ့ သူစိမ်းမိန်းမတစ်ယောက်ကို ယောကျာ်းတစ်ယောက်က နှစ်ယောက်ထဲရှိနေချိန်မှာ ခုလိုမေးတာဟာဖြင့် တစ်ဆိတ်တော့ လွန်လွန်းလှတယ်၊ စော်ကားမော်ကားနိုင်လွန်းလှတယ်။ ဘယ်လိုပဲဖြေတွေးတွေး ခါးသက်တဲ့နာကျင်မှုတွေက သူမစိတ်ထဲ တစိမ့်စိမ့် ဖျောက်မရနိုင်ခဲ့တော့တာ။ 

(၃) 

“သမီး ဘဘကို နှိပ်ပေးရင် မုန့်ဘိုး ငါးကျပ်ပေးမယ်” 

ဘကြီးက အဲသလိုပြောပြီး အနှိပ်ခိုင်းလာရင် သူမတို့ ညီအစ်မတစ်တွေ လုပြီး နှိပ်ပေးတတ်ကြတယ်။ ဘကြီးက အဖေ့အစ်ကို ဝမ်းကွဲ။ သူမတို့အိမ်မှာ မိသားစုဝင်တစ်ယောက်အဖြစ် ဝင်ထွက်သွားလာနေခဲ့တာ။ အိမ်စီးပွားရေးမှာလည်း ဘကြီးက တစ်စိတ်တစ်ပိုင်းပါဝင် ပတ်သက်နေခဲ့တော့၊ အိမ်ထောင်လည်းမရှိတော့ သူမတို့အိမ်မှာပဲ အနေများတယ်။ အိမ်မှာရှိတဲ့ ပစ်ကပ်ကားနှစ်စီးအနက်က တစ်စီးကို လိုင်းထဲသွင်းပေးပြီး နောက်တစ်စီးကို ဘကြီးက သူကိုယ်တိုင်မောင်းတယ်။ အမေ့ကို အုံနာကြေးပေးပြီး မောင်းတာ။ အဖေကတော့ မိသားစုနဲ့ အဝေးကြီးမှာ အလုပ်လုပ်ရသူမို့ အစ်ကိုဝမ်းကွဲဖြစ်သူလက်ထဲ မိသားစုကို အားကိုးတကြီး အပ်ခဲ့ရှာတာ။ သူမတို့ ညီအစ်မတွေ အပျိုဖော်ဝင်ချိန်မှာ လှလှပပလေးတွေလို့ လူတွေက ပြောကြပါရဲ့။ အဲဒီအလှကြောင့်ပဲ….။ ဆန့်ကျင်ဘက်တွေကို သူမ မရွံ့မရဲစိတ်တွေ ဝင်ခဲ့ရတာ။ ထင်ပါရဲ့….။ 

သူမတို့ညီအစ်မတွေက ကလေးစိတ်လည်း မကုန်သေး၊ အပျိုရွယ်လည်း ဝင်စပြုနေတဲ့ စပ်ကူးမတ်ကူးကာလ။ ဘကြီးက မုန့်ဘိုးပေးပြီး နှိပ်ခိုင်းရင် လုပြီး ဝိုင်းနှိပ်တတ်ကြတာ။ သူမတို့ လက်နုနုလေးတွေကို အုပ်မိုးကိုင်ပြီး “ဒီနေရာ သမီးရဲ့၊ ဒီနားလေးနည်းနည်းတိုးဦး သမီးရ” ဆိုတာမျိုးအပေါ် ဘယ်လိုများ သံသယရှိမှာတဲ့လဲ။ သူမ ကားမောင်းမသင်ခင်အထိ ဆိုပါတော့။ သူမကို ကားမောင်းသင်ပေးမယ်ဆိုတဲ့ ဘကြီးကို အမေ့မျက်စောင်းတွေကြားက ကျေးဇူးတွေတောင် တင်လို့။ အမေကတော့ စိုးရိမ်စိတ်နဲ့ ငယ်ပါသေးတယ်တဲ့ မသင်စေချင်သေးသလိုလို ပြောလာတာ။ 

သူမကတော့ ညဘက် ဘကြီးကားသိမ်းလာပြီးလို့ ရေမိုးချိုး ထမင်းစားသောက်ပြီးတဲ့အခါ ကားမောင်းသင်ပေးဖို့ ဘကြီးလက်ကို တစ်တို့တို့နဲ့ပေါ့။ ကားမောင်းသင်ပေးရင်း ငါ့သမီး တယ်တော်ပါလားရယ်လို့ သူမပါးတစ်ဘက်ကို ဘကြီးက ရွှတ်ကနဲ အနမ်းမှာတော့ သူမရဲ့ မိန်းမသားဗီဇက လှစ်ကနဲ ခေါင်းပြူထလာခဲ့ပြီ။ ဒါ မရိုးသားတာ၊ ဒါ အသားယူတာ၊ ဒါ သူမအပေါ် အနိုင်ကျင့်တာဆိုတဲ့ အတွေးတွေနဲ့ ဘယ်လိုမှ စိတ်ထဲ မကြေနပ်နိုင်တော့။ ငိုချင်သလိုလိုကြီး ဖြစ်လာကာ အစော်ကားခံလိုက်ရတာဆိုတဲ့ ခံပြင်းစိတ်ကြောင့် နောက်နေ့ညတွေမှာ ကားမောင်းသင်ဖို့ ဘကြီးခေါ်တဲ့အခါ သူမက ငြင်းဆန်တော့တာ။ အမေက အံ့သြလို့။ “မောင်းတတ်နေပါပြီ တော်ပြီ နောက်မှ စံနစ်တကျ သေချာသင်တော့မယ်”ဆိုတဲ့ အပြောနဲ့ ငြင်းချက်ထုတ်တဲ့ သူမကို ဘကြီးက အတင်း ဆက်ခေါ်မနေတော့လို့ ကျိတ်ကြေနပ်ရသေးတယ်။ 

 နောက်တော့ သူမ မနေနိုင်တော့ဘဲ အမေ့ကို ဖွင့်ပြောပြမိတယ်။ အမေက ဘုရားတ လို့၊ ဖြစ်ရလေ သမီးရယ် တဲ့။ အဲဒီနောက်ပိုင်းမှာ သူမတို့ ညီအစ်မတွေကို အနှိပ်မခိုင်းဖို့ အမေက ဘကြီးကို ပြတ်ပြတ်ပဲ ပြောလိုက်တော့တာ။ 

သူမ ရှစ်နှစ်သမီးလောက်က လမ်းထဲကအလှူတစ်ခုမှာ ဦးဦးတစ်ယောက်က သူ့ပေါင်ပေါ်တင်ထိုင်တော့ အဖေ မျက်စေ့ပျက် မျက်နှာပျက်ဖြစ်သွားတာကို သူမ မှတ်မိနေသေးတယ်။ အဖေက သမီးတွေကို ဘယ် သူစိမ်းယောကျာ်းရဲ့ အပွေ့အချီကိုမှ မကြိုက်တာ။ ငယ်တုန်းကတော့ သူမကိုယ်တိုင် နားမလည်နိုင်သေးဘူး၊ အဖေဟာ အကဲပိုလွန်းတယ် ထင်မိတာ။ သိတတ်လာတဲ့ အရွယ်ကျမှ “သမီးကလေး ချစ်စရာရယ် ဦးဆီလာပါဦး” ဆိုကာ သူမကိုယ်လုံးကလေးပေါ် ထိတွေ့တတ်တဲ့ ယောကျာ်းကြီးတွေရဲ့ လက်တွေကို သူမ ကြောက်ရွံ့တတ်လာခဲ့တာ။ မိန်းမငယ်ကလေးတစ်ယောက်အပေါ် ချစ်စဖွယ်သမီးငယ်လေးဆိုတဲ့ ရိုးသားတဲ့စိတ်နဲ့လား၊ တကယ်ချစ်ခင်စိတ်နဲ့ မဟုတ်ဘဲ အမြတ်ထုတ် သာယာချင်စိတ်နဲ့လားဆိုတာကို မိန်းမဗီဇစိတ်အရ အလိုလို ခံစားသိနေခဲ့တယ်။ 

အဲဒီအရွယ်ကတည်းကပေါ့၊ သူမစိတ်ထဲ ယောကျာ်းတွေဟာ ဒီလိုပါလားဆိုတဲ့ ဘယ်တော့မှ မကျက်တော့မဲ့ အနာတစ်ခု မြုံဝပ်နေခဲ့တော့တာ။ 

(၄) 

တရှုံ့ရှုံ့ငိုရှိုက်နေတဲ့ အစ်မသုသုကို ကြည့်ရင်း စုစိတ်တွေ တဖျဉ်းဖျဉ်းတောက်လောင်နေခဲ့တယ်။ အစ်မရယ် ဖြစ်မှ ဖြစ်ရလေ….။ ကိုယ့်ထက် ခြောက်နှစ်လောက်ငယ်တဲ့ ယောကျာ်းကို မယူဖို့ မိဘတွေ အတန်တန် တားမြစ်တဲ့ကြားက မောင့်အချစ်ကို ယုံသတဲ့၊ မမကို ကျွန်တော် တစ်သက်လုံးချစ်သွားမှာဆိုတဲ့ မောင့်အပြောမှာ ဘဝတစ်ခုလုံးပုံအပ်ခဲ့တဲ့ မမသုသု။ ခုတော့ အဲဒီမောင်က ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်နဲ့ ဇာတ်လမ်းတွေဖြစ်ပြီး ခုမှ ကျွန်တော် တကယ်ချစ်တဲ့သူ တွေ့တာပါ ဆိုလာသတဲ့။ 

ဘာများ တတ်နိုင်ဦးတော့မှာလဲ။ မျက်ရည်စက်လက်နဲ့ အမေ့အိမ်ပြန်တက်လာတဲ့ အစ်မသုသုကို အမေက ဂရုဏာဒေါသောနဲ့ ထရိုက်တော့ မမသုသုလည်း ငို၊ အမေလည်း ငို၊ သားအမိနှစ်ယောက် ဖက်ငိုကြလေတယ်။ စု ဘယ်လိုမှ ဆက်မကြည့်ရက်နိုင်တော့တဲ့ မြင်ကွင်းပါပဲ။ နားထင်ကြောတွေ တင်းနေအောင် အံကိုကြိတ်ထားရင်း အဲဒီကောင်ကို ငါ ပက်ပက်စက်စက် သွားပြောပစ်မယ်လုပ်တဲ့ စုကို မမသုသုက မလုပ်ပါနဲ့စုရယ်၊ မမသု ဝဋ်ကြွေးပါလာတယ်လို့ပဲ သဘောထားပါ တဲ့။ 

ဟင့်အင်း ဒါ ဝဋ်ကြွေးကြောင့် မဖြစ်နိုင်ဘူး။ အဲသလို ကြံဖန်နားလည်ပေးတတ်တဲ့ မိန်းမတွေကြောင့် သင်းတို့ ယောက်ျားတွေ လုပ်ချင်သလို လုပ်နေနိုင်ကြတာ။ ခါးသည်းလိုက်တာ။ စု နည်းနည်းလေးမှ ခံစားလို့ မရဘူး။ ဒါလား ယောကျာ်းတွေရဲ့ အချစ်ဆိုတာ…..။ 

 (၅) 

 “ကိုရှင်းရယ် စု မလာချင်ဘူး၊ စု စာတွေ လုပ်ရဦးမှာ” 

ပျက်သွားတဲ့ ကိုရှင်းမျက်နှာကို မကြည့်မိအောင်နေလည်းဘဲ မြင်နေရပြန်တာ။ ကိုရှင်း ခဏခဏ ချိန်းတိုင်းလည်း သူမက အကြောင်းအမျိုးမျိုးပြလို့ ရှောင်ခဲ့တာ။ အဲဒါတွေက ကိုရှင်းကို မချစ်လို့မှ မဟုတ်တာဘဲ ကိုရှင်းရယ်။ 

“စုက ကိုယ့်ကို မချစ်ပါဘူး” 

“အာ မဟုတ်တာ ကိုရှင်းရာ၊ တစ်နေ့ ကိုရှင်းနဲ့ လက်ထပ်ပါ့မယ်လို့ စု ကတိပေးခဲ့ပြီးသားပဲဟာ” 

“မချစ်လို့သာ ကိုယ့်ကို အလိုမလိုက်တာပေါ့ စုရဲ့” 

“ခက်ပြီ ကိုရှင်းကလည်းလေ၊ စု အားတဲ့အခါ ကိုရှင်းချိန်းတဲ့ဆီလာမှာပေါ့နော် ကိုရှင်း၊ စုကို စိတ်တော့ မကောက်လိုက်ပါနဲ့နော်” 

သူမက ချစ်သူကို ချော့ကာတစ်မျိုးနဲ့ ပြောလည်း သူ စိတ်မပြေလောက်တာ သိနေခဲ့တာ။ သူမစိတ်တွေကိုက ဘယ်လိုမှ ပြန်ပြင်မရတော့လောက်အောင် ခေါက်ရိုးကျနေခဲ့ပြီးသား။ သူမ အဖြေပေးလိုက်တဲ့နေ့က သူမလက်ကို လှမ်းကိုင်လိုက်တဲ့ သူ့လက်တွေဟာ ဘယ်လောက်များ သန့်စင်ပါသတဲ့လဲ။ လက်ကလေးက စလို့၊ နောက် ပါးကလေး…။ လည်တိုင်ကလေး…။ နောက်တော့…..။ ဟင့်အင်း သူမ မလိုချင်ဘူး။ ဒါဟာ အချစ်လို့ဆိုခဲ့ရင် သူမကတော့ အသေအချာ ငြင်းဦးမှာ။ ဒါဟာ ရမက်ပဲ။ သွေးသားကိစ္စပဲ။ လိုချင်တပ်မက်မှုတွေနဲ့ စွန်းထင်းလောင်မြိုက်လို့။ အချစ်က အဲဒီထက် သန့်စင်တယ်။ လာ မရောပစ်လိုက်ပါနဲ့။ 

ဘယ်တော့မှ ကိုရှင်းခေါ်ရာနောက် မလိုက်ဘူး သိလား၊ သူမစိတ်ထဲ သေချာမှုတွေနဲ့အတူ ခပ်တိုးတိုးရေရွတ်လိုက်ရင်း ချစ်သူကို ညာပြီးနှစ်သိမ့်လိုက်ကာ ညစ်ကျယ်ကျယ် မလုံမလဲ ပြုံးလိုက်မိသေးတာ။ 

 “စုတို့ မိန်းကလေးတွေက ပုဝါတစ်ကမ်းနေနိုင်ကြပေမဲ့ ကိုယ်တို့ ယောကျာ်းလေးတွေက ချစ်သူဆီက အတွေ့အထိလေးတော့ မက်မောကြတာပဲ၊ လိုချင်ကြတာပဲ စုရဲ့၊ အဲဒါ ယောကျာ်းတိုင်းပဲ ကိုယ်တစ်ယောက်ထဲ မဟုတ်ဘူး သိလား ဒေါ်ရွှေစု” 

သွားစမ်းပါ။ ပြုံးမြဲ ပြုံးလျှက်က ချစ်သူကို စိတ်ထဲကနေ လှောင်မိသေးတော့တာ။ စိတ်ထဲမှာတော့ တစ်ခုခုကို တွေးပူမိသား။ သူသာ သူမအပေါ် ပျင်းရိသွားရင်၊ အခွင့်အရေးပေးနိုင်တဲ့ တစ်ခြား မိန်းကလေးတစ်ယောက်အပေါ် သာယာတိမ်းညွှတ်သွားခဲ့ရင်…..။ အို….ဘာဖြစ်သေးလဲ၊ သူကမှ မစောင့်နိုင်လို့ တစ်ခြားတစ်ယောက်အပေါ် သာယာတဲ့နောက် စောစီးစွာသိခွင့်ရတာ သူမအဖို့ ကံကောင်းသွားတယ်လို့ပဲ မှတ်ရမှာ။ ဟုတ်တယ် သူမဘဝမှာ ယောက်ျားတစ်ယောက်ဟာ မဖြစ်မနေလိုအပ်နေတာမှ မဟုတ်ဘဲ။ 

 (၆) 

အခန်းထဲကနေ သူတို့ ယောကျာ်းဝိုင်းရဲ့စကားတွေကို မကြားတစ်ချက် ကြားတစ်ချက်က နားစွင့်ထားနေမိတယ်။ 

“ဟေ့ကောင် ရှင်းခန့် မင်း သိပ်မူးလို့ မဖြစ်ဘူးကွ နော်” 

“ဟားဟားဟား သီဟရာ မင်းကလည်း ကလေးတစ်ယောက်အဖေပီပီ ငါ့ ဆရာလာမလုပ်စမ်းပါနဲ့” 

“အေးပေါ့လေ ပြောထားဦးပေါ့ မင်း ငါ့ကို အမီလိုက်နိုင်မလား ကြည့်ရသေးတာပေါ့ ဟားဟား” 

 သူမနားတွေ ထုံအသွားတယ်။ ရယ်သံတွေ၊ အော်ဟစ်ရယ်မောသံတွေကြားမှာ သူ့အသံက ဝင့်ဝင့်ကြွားကြွားနဲ့ ခုပဲ ပန်းဦးပန်တော့မလိုလို။ အော်ဂလီဆန်စရာ။ သူမ…. သူမရှုံးနိမ့်ခဲ့ပြီလား……. ဖြုတ်ပြီး ပုံချထားတဲ့ လက်ဝတ်လက်စားတွေ၊ ဆံထုံးအတု၊ ဆံညှပ် ကလစ်တွေ၊ ပန်ထားတဲ့ သစ်ခွပန်းကလေးကို ဖြုတ်ပြီး ရေခွက်ကလေးထဲ အရိုးနစ်ရုံ စိမ်ထားလိုက်တယ်။ နောက်တစ်ရက် နှစ်ရက်တော့ အနည်းဆုံး လန်းနေဦးမယ့် ပန်းကလေး။ သူမကတော့ မလန်းနိုင်တော့မဲ့အပြင် မကြာခင် နွမ်းခွေတော့မယ့်ပန်းကလေးတစ်ပွင့်ပါ ပန်းကလေးရယ်။ 

ငိုချင်လိုက်တာ…..။ 

ညနေကမှ လှလှပပလေး ဝတ်ဆင်ခဲ့တဲ့ သတို့သမီးဝတ်စုံ ရွှေအိုရောင်ဖျော့ဖျော့လေး။ ဇာနားကလေးတွေက လည်ပင်းနဲ့ လက်တစ်လျှောက်မှာ၊ ပုလဲသီးလေးတွေတောင် ချိတ်တွဲလို့။ ဝတ်ရက်စရာ မရှိ၊ မဝတ်ချင်ဘူးလို့လည်း မငြင်းရက်နိုင်စရာ မင်္ဂလာဝတ်စုံလေး။ သူမ ဝတ်ဆင်ခဲ့ပြီးပြီတဲ့လေ။ လည်ကုတ်တစ်ဝိုက်မှာ မိတ်ကပ်ရောင်လေးတောင် စွန်းထင်းလို့။ ရေမွှေးနံ့နဲ့  ချွေးနံ့တွေနဲ့ ရောနှောလို့၊ ခုတော့ အင်္ကျီချိတ်လေးမှာ အသာအယာချိတ်လို့။ 

သူမခေါင်းထဲ ငြီးစီစီဖြစ်လာတယ်။ တစ်ညနေလုံး ပြုံးလိုက်ရတဲ့ အပြုံးတွေ။ ပါးတွေ ထုံလာတဲ့အထိပဲ။ ဓါတ်ပုံဆရာက နည်းနည်းလေး ပြုံးပါဦး ဆိုတိုင်း ကြိုးစားပြုံးလိုက်ရတဲ့ အပြုံးတွေ။ အသက်မှ ပါ ပါရဲ့လား။ သူ့လက်မောင်းကို ချိတ်တွဲထားရတဲ့ ညာဘက်လက်တောင် ကိုက်ခဲချင်လာသလို။ ဒေါက်ဖိနပ်စီးထားရတဲ့ ခြေသလုံးကြွက်သားတွေကပဲ တောင့်တင်းလာသလို။ မျက်နှာက အကြောတွေပဲ ဆိုင်းပြတ်နေသလိုလို။ 

 ရေချိုးဦးမှပါလေ။ တော်ကြာ သူ အခန်းထဲ ဝင်လာနေဦးမယ်။ မလုံမလဲစိတ်တွေနဲ့ ထမီကို ရင်ရှားပြီး ရေချိုးခန်းထဲ ဝင်၊ တံခါးကို အသေအချာ လော့ခ်ချပြီးမှ ရေပန်းအောက်ဝင်ချိုးလိုက်တယ်။ ခဏတော့ စိတ်တွေ ကြည်လင်အေးချမ်းသွားသလိုပဲ။ မှန်စင်ကလေးပေါ်မှာ စီတန်းတင်ထားတဲ့ ကိုယ်တိုက်ဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ မျက်နှာသစ်ဆပ်ပြာနဲ့ တစ်ခြား သူမ မသိတဲ့ ပုလင်းလေးတွေ၊ ဗူးလေးတွေက လှလှပပရှိနေတယ်။ မှန်စင်ကလေးရဲ့နောက်မှာ မြင်နေရတဲ့မှန်ကလေးထဲ သူမမျက်နှာက နွမ်းနယ်ဖျော့တော့နေလိုက်တာ….။ 

အားရအောင် ရေချိုးပြီး အင်္ကျီအဝတ်အစားပါ တစ်ခါတည်းဝတ်ပြီးမှ ရေချိုးခန်းထဲက ထွက်လာလိုက်တယ်။ အပြင်မှာ ဝိုင်းက ကောင်းနေတုန်း၊ သူက ဆီးသွားချင်လို့ အခန်းထဲခဏ ဝင်အလာ၊ ရေချိုးပြီးစ ဆပ်ပြာနံ့သင်းနေတဲ့ သူမကိုယ်လုံးကို ပွေ့ဖက်၊ အရက်နံ့ နံစော်နေတဲ့ နှုတ်ခမ်းတွေနဲ့ သူမကိုနမ်းတော့ သူမခေါင်းငဲ့လို့ ရှောင်လိုက်မိတာ။ ရှက်နေတုန်းပဲလား မိန်းမရာ တဲ့။ သူမ သူ့ရင်ဘတ်ကို အလန့်တကြား တွန်းထုတ်လိုက်တော့ တဟားဟားရယ်လို့ သူ အခန်းပြင်ကို ပြန်ထွက်သွားခဲ့တယ်။ 

 “ဟားဟား လင်မယားပဲ ဖြစ်တော့မယ်၊ ငါ့မိန်းမကွာ ခုထိ ရှက်နေတုန်းပဲ” 
  “အစမို့ပါကွာ မင်းကလည်း ဟားဟားဟား” 

 အမူးအရူးတွေ တအုံးအုံးဝိုင်းရယ်လိုက်ကြသံဟာ အာရုံတွေကို နောက်ကျိသွားစေတယ်။ တစ်ဆိတ်တော့ ရှင်တို့ တိတ်ကြစမ်းပါ။ အရက်ခွက်ချင်းတိုက်သံကြားက သူတို့စကားဝိုင်းမှာ သူမဟာ ကြက်ကြော်တစ်တုံးထက် မပိုတော့ဘူးတဲ့လား။ သူမဟာ သူတို့ပါးစပ်ဖျားက အမြည်းတစ်ခုမျှသာပဲတဲ့လား။ သူမ ရှက်နေတာထက် ခံပြင်းနေတာ။ 

ရှင်တို့ သွားကြ….၊ ထွက်သွားကြစမ်းပါ။ မကြာခင် လှလှပပရှုံးနိမ့်ရတော့မဲ့၊ အချစ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အသုံးချခံရတော့မဲ့၊ ပန်းကလေးတစ်ပွင့်လို အလွယ်တကူ အချွေခံရတော့မဲ့၊ အောင်သေအောင်သား အစားခံရတော့မဲ့ သားကောင်တစ်ကောင်ဟာ သူမ တဲ့လား။ ဟင့်အင်း…..။ သူမတစ်ကိုယ်လုံးကို ငုံ့ကြည့်မိပြန်တယ်။ ခုနကပဲ သူ သူ့လက်တွေနဲ့၊ အရက်နံ့တွေနံစော်နေတဲ့ သူ့နှုတ်ခမ်းတွေနဲ့….ဟင့်အင်း သူမ သတိရ မနေချင်ဘူး။ ရေချိုးခန်းထဲကို သူမ အပြေးဝင်မိပြန်တယ်။ ရေပန်းကို အားကုန်ဖွင့်ချလိုက်ပြီး စင်ပေါ်က ဆပ်ပြာရည်ဗူးကို ကိုယ်ပေါ်လောင်းချ။ တစ်ကိုယ်လုံးကို တိုက်ချွတ် ဆေးကြော။ စင်ကြယ်နိုင်ပါဦးမလား နော်။ ရေစစ်စကာပေါက်မှာ သူမ ဆံနွယ်စလေး တစ်ချို့ ငြိတင်ကျန်ခဲ့တယ်။ ရေအေးတွေနဲ့အတူ သူမမျက်ရည်ပူတွေပါ သူမ ခြေဖဝါးအောက်က ဖြတ်စီးသွားတယ်။ အဲဒီထဲမှာ သူမ အရှက်တွေ၊ သူမ သိက္ခာတွေ၊ သူမ မာနတွေ၊ မိန်းမသားတစ်ယောက်ရဲ့ ဖြစ်တည်မှုတွေ သိမ်းကျုံးပါဝင်သွားလေရဲ့။ 

 “ဟေ့ကောင် ရှင်းခန့် ငါတို့ ပြန်မယ် စိတ်ချမယ်ကွာ နော်” 

 “မိန်းမရေ ခဏလေးနော်၊ ဒီမှာ ဒီကောင်တွေကို ကားလိုက်ငှားပေးလိုက်ဦးမယ်” 

အသံတွေနဲ့အတူ တဟားဟားရယ်မောသံတွေ တဖြေးဖြေး ဝေးလို့သွားတဲ့အခါ အခန်းထဲမှာ သူမတစ်ယောက်ထဲ အေးစက်တိတ်ဆိတ်လို့။ ဘာကို စောင့်စားနေတာလဲ။ သူမက ဘာကိုများ မျှော်လင့်နေသေးတာလဲ။ လွတ်မြောက်ဖို့၊ လွန်မြောက်ဖို့….။ သူမရင်တွေ ဗြောင်းဆန်လို့ ပါးပေါ်ကမျက်ရည်တွေကို ခပ်ကြမ်းကြမ်းတစ်ချက် သုတ်ဖယ်လိုက်မိပြန်တယ်။ 

အာရုံတွေကို စုစည်းလိုက်ရင်း ထမီကို ခပ်တိုတို ခပ်တင်းတင်း ပြင်ဝတ်လိုက်တယ်။ တုန်နေတဲ့လက်တွေက ခြံဝင်းတံခါးကို ခပ်လောလောဖွင့်နေရင်း ခြေထောက်တွေက စိတ်စေစားရာနောက် လိုက်ပါဖို့ အသင့်ရှိနေခဲ့ကြတယ်။ ခြံဝင်းအပြင်ဘက် ခြေတစ်ဖက်ချမိတာနဲ့တင် သူမစိတ်တွေ လွတ်လပ်ပေါ့ပါးသွားလိုက်တာ။ မပြေးရုံတစ်မယ် ခြေလှမ်းတွေနဲ့ ဝေးသထက် ဝေးရာ လှမ်းခဲ့မိ။ တစ်ချက်မှ နောက်လှည့်မကြည့်ခဲ့။ 

သူမမျက်နှာတစ်ပြင်လုံးကို ဆောင်းလေကြမ်းကြမ်းတွေက ခပ်ပြင်းပြင်းတိုးဝင် ရိုက်ခတ်။ အအေးဓါတ်ဟာ မျက်နှာတစ်ပြင်လုံးကို ရေခဲပြင်လို အေးခဲမာကြောစေပြန်တာ။ ရေခဲတွေ ကွဲအက်သလို သူမအသားစိုင်တွေလည်း ကွဲအက်တော့မလားထင်ရ။ ဆက်လျှောက်…..ဆက်လျှောက်။ မကြာခင် မိုးလင်းတော့မယ် ထင်ရဲ့။ လက်မှာ နာရီ ပါမလာတာ ခုမှ သတိရ။ အို… အရေးကြီးလို့လား။ နာရီတစ်လုံးက သတ်မှတ်ပေးမဲ့ အချိန်တွေကို သူမက နာခံရမတဲ့လား။ သူမအချိန်တွေ၊ သူမဘဝ၊ သူမဖြစ်တည်မှု အားလုံးဟာ အခု သူမလက်ထဲမှာ။ ကျန်တာတွေ သူမအတွက် လိုမှ မလိုအပ်တော့တာ။ ရှေ့ခြေလှမ်းပေါင်းများစွာဟာ သူမစိတ်တွေကို လိုလိုလားလားဖော်ဆောင်ပေးနေကြတယ်။ မောရမှန်း မသိ၊ ပမ်းရမှန်း မသိ။ ပျော်တယ်။ သူမကိုယ် သူမ ကယ်တင်လိုက်နိုင်ပြီ။ 

သူမရဲ့ အားပါးတရယ်မောလိုက်သံဟာ အိပ်မောကျနေဆဲ ညအမှောင်ကို လှန့်နှိုးလိုက်သလို။ သူမစိတ်တွေဟာ အောင်ပွဲရစစ်သည်တော်လို ဝင့်ဝင့်ကြွားကြွားရှိလှလျှက်က သူမတစ်ကိုယ်လုံးမှာ အားအင်တွေကတော့ ချိနဲ့လွန်းလှပြီ။ ပင်ပမ်းခဲ့ရတဲ့ နေ့စဉ်ရက်ဆက်တွေ။ စိတ်မော လူမောတွေ။ နောက် တစ်လှမ်း၊ နောက်ထပ် တစ်လှမ်း၊ နောက်ထပ် ခြေတစ်လှမ်း... အဲဒီနောက်မှာ သူမတစ်ကိုယ်လုံး ပေါ့ပါးလို့ လွင့်ကနဲ။ 

စိတ်ကြိုးတွေ ပြတ်သွားတဲ့ကိုယ်ဟာ ကြိုးမဲ့စွန်တစ်ခုလို မြေပေါ်ဝဲလွင့် အကျ…..။


မဟေသီမဂ္ဂဇင်း - ဇွန်လ ၂၀၁၃
 

 

မောင်နဲ့အတူ ကျွန်မကို….(အပိုင်း-၁)

$
0
0


(က)

shutter priority mode နဲ့ထားပြီး exposureကိုတော့ ပြောင်းပြီး ရိုက်ကြည့်မယ်။ CanonEFT2i/550Dနဲ့ lense ကတော့ TokinaAT-X 70-200mm F/4 ကို သုံးမယ်။  နေအဝင်မှာ အရောင်ကျနေတတ်သလို တစ်ခါတစ်လေလည်း အရောင်တွေတောက်ပလွန်းနေတတ်တာမို့ under/over exposure မဖြစ်ဖို့ exposure လေးတော့ နည်းနည်းညှိရိုက်မှဖြစ်မယ်။

ကင်မရာကို ထရိုင်ပေါ့ပေါ်မှာ သေချာမြဲအောင်တင်ရင်း ကျွန်မစိတ်ထဲက စဉ်းစားနေမိတာရယ်။ နေလုံးကြီးက ဝင်တော့မယ်။ အများနည်းတူ စိတ်တွေလှုပ်ရှားရင်း ကင်မရာမှန်ဘီလူးကနေ နေလုံးကြီးကို တစ်ချက် ချောင်းကြည့်မိပြန်တယ်။ အရောင်ထွက်ကိုစမ်းရင်း ပုံတွေရိုက်ကြည့်ရတာလည်း အခါခါ။ ထရိုင်ပေါ့ပေါ်မှာ တင်ထားတဲ့ ကင်မရာက ငြိမ်သက်နေသလောက် ကျွန်မစိတ်တွေကဖြင့် လှုပ်ရှားလွန်းလှတယ်။ ခဏကလေး….တကယ့်ကို ခဏကလေး၊ နေဝင်ချိန်ဟာ သိပ်ကို လျင်မြန်လှပါရဲ့။ အဲဒီခဏကလေးကိုပဲ ကလစ်တစ်ချက်ပြီး တစ်ချက် နှိပ်ဖို့၊ အသက်ရှူဖို့ မေ့လောက်အောင် ကျွန်မတို့ စောင့်ခဲ့ကြရတာ။ ဟော နေလုံးကြီးက တဖြည်းဖြည်းကျလာနေပြီ။ ကျွန်မလက်တွေက ကင်မရာမှန်ဘီလူးအနီးအဝေးကို လိုအပ်သလို ဆွဲယူရွေ့လျားရင်း တစ်ဖျတ်ဖျတ် ခလုတ်နှိပ်မိနေတော့တယ်။

လိမ္မော်နီရောင်ကောင်းကင်နောက်ခံမှာ ပုဇွန်ဆီရောင်သွေး ရဲတောက်နေတဲ့ နေမင်းကြီးရဲ့ အလုံးအဝန်းအတိုင်းရဖို့၊ မူလအရောင်အသွေးအတိုင်းရဖို့ အသေအချာချိန်ထားခဲ့ပါရက်နဲ့တောင် အရောင်တွေက စိတ်တိုင်းသိပ်မကျချင်။ ဒါပေမဲ့ မတတ်နိုင်။ အလင်းခန်း ၃-Light room 3 ကိုသုံးပြီး ပုံတွေပြင်ယူကြည့်ရမှာပါပဲ။ နေလုံးကြီးက မြင်နေရတဲ့ ပုထိုးတွေနောက် လျိုးဝင်ကွယ်ပျောက်လို့ သွားခဲ့ပြီ။ မနက်ဖြန်မနက်ဆိုရင် ကျွန်မချစ်တဲ့ ဒီပုဂံမြေက ခွဲခွာရတော့မှာ။ ကင်မရာကို အိတ်ထဲ သေချာပြန်ထည့်၊ ထရိုင်ပေါ့ကို ခေါက်သိမ်းရင်း ကျွန်မရင်ထဲ ဝမ်းနည်းသလိုကြီးဖြစ်လာခဲ့တော့ တယ်။ နောက်နှစ်ရက်ဆိုရင်ဖြင့် ခွင့်ရက်စေ့လို့ ကျွန်မ ချစ်တဲ့မြေကိုတောင် ခွဲခွာရတော့မှာပဲလေ။ ဝမ်းနည်းစိတ်တွေကို ကိုယ့်ဖာသာအားတင်းရင်း နေဝင်ချိန်ကြည့်ရာ ရွှေဆံတော်ဘုရားပေါ်က ပြန်ဆင်း ဖို့ နောက်ပြန်အလှည့်…။

“Oh…sorry I just don’t realize that you turn back so sudden”

ကျွန်မနောက်ကျောမှာ ကျွန်မလိုပဲ ဟိုးအဝေးကြီးကို ငေးနေတဲ့ လူတစ်ယောက်။ ကျွန်မလိုပဲ ကင်မရာအိတ်နဲ့ ထရိုင်ပေါ့အိတ်ကို ကြက်ခြေခတ်လွယ်ထားတဲ့သူ။ ရုတ်တရက် ကျွန်မနောက်ပြန်လှည့်ပြီး ခြေလှမ်းရှေ့အတက်မှာ တောင့်တောင့်ကြီး ငေးရပ်နေတဲ့ သူ့ရင်ခွင်ထဲရောက်တဲ့ အထိ နီးကပ် တိုးဝင်သွားခဲ့မိတာ။  

ချည်သားအဖြူရောင်လက်ရှည်မှာ အနက်ရောင်ပိုးကြိုးလေးတွေ ကွပ်ထားတဲ့ ဘလောက်စ်နဲ့ ကျွန်းရောင် ချည်သားဘောင်းဘီရှည် ပွပွပျော့ပျော့လေး တွဲဝတ်ထားတာမို့ သူက ကျွန်မကို နိုင်ငံခြားသူတစ်ယောက်လို့ ထင်မှတ်ပုံပါပဲ။ ကော်လာပါတဲ့ စပို့ရှပ်အဖြူလေးကို ပုဆိုးမရမ်းစေ့ရောင်နဲ့ တွဲဝတ်ထားတဲ့ သူ့ကိုတော့ မြန်မာအမျိုးသားတစ်ယောက်ဆိုတာ ကျွန်မ သိခဲ့ပါရဲ့။ ရှက်ရှက်နဲ့ သူ့ခြေထောက်တွေကိုပဲ ငုံ့ကြည့်ရင်းက “ဟုတ်ကဲ့ ရပါတယ်၊ ကျွန်မကလည်း ရုတ်တရက် နောက်လှည့်လိုက်တာမို့ပါ” ဆိုတော့ သူက “အော် မြန်မာပဲကိုး” တဲ့။ ကျွန်မ ခေါင်းငုံ့ပြုံးပြလိုက်ရင်း သူ့ရှေ့က အမြန်ပဲ ထွက်လာလိုက်တော့တယ်။ 

သူ့ရင်ခွင်ထဲကနေ တစ်ချက်မော့အကြည့်မှာ နေကာမျက်မှန်အောက်က သူ့မျက်ဝန်းညိုတွေကို ကျွန်မ သေချာ တွေ့လိုက်ရတယ်။ ကျွန်မ သူ့ရှေ့က ခပ်မြန်မြန်ပဲ လှမ်းထွက် အရှက်သည်းခဲ့ရတာလည်း အဲဒီ့မျက်ဝန်းညိုတွေကြောင့်ပဲ။ သူ့မျက်ဝန်းညိုတွေဟာ တစ်ဘက်သားကို ညှို့ငင်နိုင်လွန်းတယ်လို့ ကျွန်မက ထင်တယ်။ ဟိုတယ်ပြန်ရောက်လို့ လက်ပတော့လေးထဲ ပုံတွေထည့်ရင်း အရောင်ပြန်ပြင်၊ လိုတာလေးတွေ ပြန်ညှိနေရင်းကပဲ နေလုံးကြီးရဲ့ အဝန်းအဝိုင်းထဲမှာ ညနေက မျက်ဝန်းညိုတစ်စုံကို ဖျတ်ကနဲ တွေ့မိလိုက်တော့ ကျွန်မနှုတ်ခမ်းတွေ ကွေးအောင် ပြုံးမိသွားတယ် ထင်ပါရဲ့။

လူတွေအများကြီးထဲမှာ၊ များသောအားဖြင့် နိုင်ငံခြားသားတွေပဲ များတဲ့နေရာမျိုးမှာ သူနဲ့ ကျွန်မ တိုက်ဆိုင်ဆုံစည်းခဲ့ပုံက အမှတ်တမဲ့ဆန်လွန်းနေခဲ့တယ်။

(ခ)

ခွင့်ရက်စေ့ပြီး အလုပ်ပြန်ဝင်ခဲ့ရလို့ အလုပ်ဟောင်းတွေပိနေပေမဲ့ ရောက်ရောက်ချင်း ကျွန်မ လုပ်ဖြစ်တဲ့အလုပ်က ကျွန်မဘလော့ဂ်လေးမှာ ပုံတွေတင်ပြီး ခရီးသွားဆောင်းပါးလေးတစ်ခု စရေးဖြစ်ခဲ့တာပါပဲ။ ပင်ပန်းပေမဲ့ ကျွန်မ ပျော်တယ်။ မောပေမဲ့ ကျွန်မ လန်းဆန်းနေတယ်။ စာရေးခြင်းဆိုတဲ့ ဝါသနာကြောင့် ဘလော့ဂ်လေးတစ်ခုဖွင့်ပြီး ရေးနေရတာကိုက ကျွန်မအတွက် ထွက်ပေါက်လေးတစ်ခု။ ဝင်ငွေရတဲ့အလုပ်မှာ မပျော်မွေ့သလောက် ဘလော့ဂ်ရေးခြင်းဆိုတဲ့ စိတ်အပန်းဖြေရာနေရာလေးမှာတော့ ကျွန်မ အိပ်ချိန်စားချိန်တွေထဲက ဖဲ့ပေးမိလောက်အောင် နစ်ဝင်နေခဲ့တော့တာ။ ကျွန်မဘလော့ဂ်လေးဟာ ကျွန်မရဲ့ ဒုတိယအိမ်လို့တောင် ပြောရင်ရနိုင်ကောင်းပါရဲ့။

ဘလော့ဂ်ပေါ် ပုံတွေတင်နေရင်းနဲ့ မီးစိမ်းလေးတစ်ခုကို ကျွန်မ မျှော်လင့်နေမိသေးတယ်။ သူ…လိုင်းပေါ်မှာ ရှိမနေဘူး ထင်ပါရဲ့။ လွန့်ကနဲ သတိရစိတ်တွေကြောင့် အရင်က သူနဲ့ ပြောခဲ့ဖူးတာလေးတွေ ပြန်ရှာဖတ်ဖို့ chats historyထဲ ဝင်လိုက်မိကာမှ သတိရစိတ်တွေဟာ ပိုလို့ နိုးထလာခဲ့တော့တယ်။ ခန့်ရယ်….။ ဘယ်ရောက်နေလဲဟင်…။

လျှို့ဝှက်တတ်တဲ့ ခန့်၊ မြိုသိပ်နိုင်လွန်းတဲ့ ခန့်၊ စကားနည်းသလို စာတွေကျပြန်တော့ ခပ်သွက်သွက်လေး ရေးတတ်တဲ့ ခန့်။ ဘာလိုလိုနဲ့ ခန့်နဲ့ ကျွန်မ ခင်မင်ခဲ့ကြတာ (၂)နှစ်ကြီးများတောင် ရှိတော့မှာ။ အွန်လိုင်းမှာ တစ်ချို့စာရေးသူတွေက သူတို့ ပရိုဖိုင်းကို ဖွက်ပြီး ရေးလေ့ရှိကြတာမို့ ခုထိ မင်းခန့်စည်ဆိုတာ ဘယ်လိုပုံပန်းရှိမှန်း ကျွန်မ မသိသလို၊ ချိုသွေးနှောင်ဆိုတဲ့ ကျွန်မ ဘယ်လိုပုံဆိုတာလည်း ခန့် မသိသေးဘူးရယ်။ ကျွန်မမိဘတွေက စာရေးခြင်းကို အားမပေးတာမို့ အချိန်မတန်ခင်မှာ လူသိပ်မသိစေချင်တဲ့အတွက် ကျွန်မက low profile ပဲ နေလေ့ရှိသူ။

“မချိုသွေး ကျွန်တော် တစ်ခါတစ်လေ ပျောက်နေတတ်လိမ့်မယ်၊ စိတ်မပူနဲ့နော်” လို့ မှာတတ်သလို “ကျွန်တော့်ကို သတိရနေနော် မချိုသွေး” လို့လည်း ခန့်က ပြောတတ်သေးတာ။ တစ်ခါတစ်လေတော့လည်း “သတိရတယ် မချိုသွေးရယ်” လို့ အစမရှိ အဆုံးမရှိပြောပြီး ဖျတ်ကနဲ မီးစိမ်းလေး ပျောက်သွားတတ်တယ်။ လိုင်းပေါ်မှာ စကားပြောပြီးကြတိုင်း လိုင်းပေါ်ကမဆင်းခင် “ဂရုစိုက်နော် မချိုသွေး” လို့လည်း နှုတ်ဆက်သွားတတ်သေးတယ်။ 

“ကျွန်တော် စိတ်တိုတတ်တယ်နော် မချိုသွေး၊ အဲဒီအခါ စကားတစ်ခွန်းမှ မပြောတော့ဘဲ နေတတ်တယ်”
“ကျွန်တော်က ထမင်းပေါင်းကြိုက်တယ်၊ ဆီချက်လည်း ကြိုက်တယ် သိလား မှတ်ထားနော် မချိုသွေး”

အင်း ကျွန်မ မှတ်ထားပါတယ် ခန့်ရဲ့။ နေပါဦး ဒါတွေကို ကျွန်မက ဘာဖြစ်လို့မှတ်ထားနေရမှာလဲ ဟင်…။ ကျွန်မ မသိဘူး ခန့်….။  ကျွန်မစိတ်ထဲက ပြောနေမိတာရယ်….

ခန့်ရယ်….ကျွန်မ သတိရနေပါတယ်၊ ကျွန်မ ရှင့်ကို…သိပ် သတိရနေခဲ့ပါတယ်ရှင်…

 “မချိုသွေး you are always in my mind နော် သိလား” လို့ ခန့် ပြောခဲ့ဖူးတယ်နော်။ ကျွန်မကလည်း “me too” လို့ မျက်နှာပေါ်က အပြုံးမြမြတွေကိုဝှက်ရင်း ပြန်ပြောဖြစ်ခဲ့တာ။ တစ်ချို့စကားလေးတွေ ကြည်ကြည်နူးနူး ပြောဖြစ်ကြတဲ့အခါ “မချိုသွေး အဲလို ပြောလိုက်တာ ကျွန်တော့်ရင်ထဲ နွေး ကနဲ ဖြစ်ဖြစ်သွားတယ်ဗျာ၊ နောက်တစ်ခါ ထပ်ပြီး နွေးကနဲဖြစ်သွားရင် ကျွန်တော် အပေါ်ဝတ် အင်္ကျီချွတ်ပစ်ရတော့မယ်ဗျ သိလား” လို့ ချစ်စဖွယ် ပြောတတ်လေသေးတယ်။  

“အင်း ကျွန်မရောပဲ ခန့် အဲသလိုပြောတာ ကြားလိုက်တော့ ရင်ထဲ သိမ့်ကနဲ လှိုက်ကနဲ ဖြစ်ဖြစ်သွားတတ်တယ် သိလား၊ သတိရတယ် ခန့်ရယ်” 

 “အင်း ကျွန်တော်လည်း သတိရနေတယ်”

ဟိုလိုလို ဒီလိုလို ချစ်သူလည်းမကျ၊ မိတ်ဆွေသူငယ်ချင်းလည်းမကတဲ့ သံယောဇဉ်စကားတွေ ခန့်နဲ့ကျွန်မအကြား အများကြီးမှ အများကြီးရယ်လေ။ဒါပေမဲ့ ခန့်ဟာ တစ်ခါတစ်ခါ ကျွန်မကို မေ့ထားတတ်တယ်။ ကျွန်မနဲ့ ပြောနေရင်းက ဖျတ်ကနဲ ပျောက်သွားတတ်သေးတယ်။ ခန့်နာမည်ဘေးက မီးစိမ်းလေးလင်းလာတိုင်း အရင်ဆုံး စတင်နှုတ်ဆက်တတ်သူဟာ ကျွန်မ၊ ခန့်ကို မျှော်နေတတ်တဲ့သူဟာ ကျွန်မ၊ ဒါပေမဲ့ ကြာလာလေလေ ခန့်ကပဲ စတင် စကားဖြတ် နှုတ်ဆက်တတ်သူဖြစ်လာလေတော့ ကျွန်မကိုယ်တိုင် ခန့်အပေါ်ထားတဲ့ ကျွန်မရဲ့ သံယောဇဉ်တွေကို ထိတ်လန့်စပြုလာခဲ့မိတာ။

ခန့် သိလား၊ ကျွန်မဟာ ဘယ်တုန်းကမှ အွန်လိုင်းမှာ ချက်တင်ပြောတာကို စိတ်ပါခဲ့တဲ့မိန်းမ မဟုတ်ဘူး။ ရိုးရိုးတန်းတန်း ခင်လို့ မင်လို့ ပြောတာ၊ နှုတ်ဆက်လာတာကလွဲလို့ နည်းနည်းအူကြောင်ကြားလုပ်လာပြီဆို “ကျွန်မချက်တင် ဝါသနာမပါဘူး၊  ခင်တယ်ဆိုလည်း ရိုးရိုးသားသားစကားသာ ပြောပါ”လို့ အပြတ်ပြော ပစ်လိုက်တတ်တာ။

ခန့်နဲ့ကျမှ ကျွန်မက နှုတ်ဆက်စကား စတင်ပြောတတ်လာခဲ့တာ၊ ခန့်အပေါ် သံယောဇဉ်တွေနဲ့ စိတ်ထဲရှိတဲ့အတိုင်း တုန့်ပြန်ခဲ့မိတာ၊ သမားရိုးကျ ပြီးပြီးပျောက်ပျောက်အွန်လိုင်းဇာတ်လမ်းတစ်ခုလို့ ခန့်စိတ်ထဲ ထင်နေသလားဟင်။ ပြီးတော့ ဒါတွေဟာ ခန့်အတွက် ကျွန်မက သိပ်လွယ်ကူတာပဲလို့ အထင်ရောက်စရာ ဖြစ်နေခဲ့သလား ခန့်ရယ်။ ဟုတ်တယ်၊ ခန့်အတွက်တော့ ကျွန်မဟာ သိပ်ကိုလွယ်ကူခဲ့မှာပဲနော်။

မှတ်မှတ်ရရ တစ်ခါက ခန့် အကြီးအကျယ် ဖျားနေခဲ့တယ်။ ညဆို အဖျားက တက်တက်လာပြီး မနက်ဆို ချွေးတွေထွက်လို့ သက်သာလို့၊ ညညဆို တုန်ခိုက်နေအောင်ချမ်းရင်း အဖျားတွေတက်လို့၊ တက်ဖျားကျဖျားဖြစ်နေခဲ့တာ။ ကျွန်မလိုပဲ နိုင်ငံရပ်ခြားတစ်ခုမှာ အလုပ်လုပ်ရင်း တစ်ယောက်ထဲ နေထိုင်ရသူမို့ “ဖျားနာရင် သိပ်အားငယ်တာပဲ၊ အမေ့ကို သတိရတယ်ဗျ” လို့ ခန့် ပြောခဲ့ဖူးတယ်။

တစ်ညတော့ ညလယ်ကြီးမှာ ဗိုင်ဗာနဲ့ ဖုန်းမြည်လာတာမို့ ဘယ်ကများပါလိမ့်ဆိုပြီး အိပ်ချင်မူးတူးနဲ့ ဖုန်းဖြေမိတယ်။ တစ်ဘက်က အတော်ကြာ အသံတိတ်နေပြီး “မချိုသွေးလားဟင်” ဆိုတော့မှ “ခန့်” လို့ ကျွန်မပါးစပ်က ထွက်သွားမိတယ်။ အများက ကျွန်မကို နှောင်လို့ ခေါ်နေကြတဲ့အထဲမှာ မချိုသွေးလို့ခေါ်တတ်တာ ခန့်ကလွဲလို့ ဘယ်သူများရှိနိုင်ဦးမလဲနော်…။

“ဟုတ်တယ် မချိုသွေး ဆောရီးဗျာ၊ အိပ်နေပြီလား ဟင်”

“အင်းပေါ့ အိပ်နေပြီပေါ့ ခန့်ရဲ့၊ နေဦး ခန့်အသံက တုန်ခိုက်နေသလိုကြီး” လို့ ကျွန်မကဆိုတော့ မေးရိုက်နေအောင် ချမ်းနေတဲ့ အသံကြီးနဲ့ “ဟုတ်တယ် ကျွန်တော် ဖျားနေတုန်းပဲဗျာ” တဲ့

ရုတ်တရက် အသံတိတ်သွားပြီးမှ….

“မချိုသွေး မချိုသွေးရယ်…”

“ရှင်  ခန့်”

“မချိုသွေး ကျွန်တော့ကို ဖက်ထားပေးပါလားဟင် I really need your hug” လို့ ပြောလာတဲ့အခါ ကျွန်မ ရင်တွေ ဒိန်းကနဲ ဆောင့်ခုန်သွားခဲ့တော့တာ။

“အင်း ခန့် ကျွန်မ ရှင့်ကို ဖက်ထားတယ်နော်၊ ချမ်းနေသေးလား ဟင် ခန့်”

“အင်း ရတယ်၊ ခု ကျွန်တော် နည်းနည်း နွေးသွားပြီ၊ ကျေးဇူးပဲ မချိုသွေးရာ၊ ကျွန်တော် အိပ်တော့မယ်၊ မချိုသွေးလည်း ပြန်အိပ်တော့နော် thank you so much”

မိခင်စိတ်နဲ့ သားငယ်တစ်ယောက်ကို ရင်ထဲပွေ့ထားသလို နွေးထွေးနေရင်းက ကျွန်မ နှလုံးသားတွေဆက်မျောနေတုန်းမှာပဲ ခန့်က ဖုန်းချသွားခဲ့ပြီ။  ကျွန်မမှာသာ ဟန်းဖုန်းလေးကိုင်ပြီး ခန့်ကိုယ်ငွေ့နွေးနွေးတွေများ ငြိတွယ်ကျန်ရစ်ခဲ့လေမလား တွေးရင်း ရူးကျန်ခဲ့ရတာ။ ခန့်ရယ်…။ ရှင် အိပ်နိုင်သလား ဟင်… 

ရင်တစ်ခုလုံး ဗြောင်းဆန်လှုပ်ရှားခဲ့ရတဲ့ ကျွန်မ ဘယ်လိုများပြန်အိပ်နိုင်ပါ့မလဲ။ ဘယ်လိုများ အိပ်ပျော်အောင် ပြန်အိပ်လို့ရပါတော့မလဲရှင်….

တကယ်လည်း မိုးလင်းပေါက်ညတစ်ညကို ကျွန်မ ပိုင်ဆိုင်ခဲ့ဖူးရတယ် ခန့်ရယ်၊ ရှင့်ကြောင့်…



မောင်နဲ့အတူ ကျွန်မကို….(အပိုင်း-၂)

$
0
0
(ဂ)

ကျွန်မတို့ ဘလော့ဂ်ဂါတွေမှာ Tag game လို့ခေါ်တဲ့ အကြောင်းအရာတူခေါင်းစဉ်တစ်ခုကို ကိုယ်ရင်းနှီးချစ်ခင်တဲ့ ဘလော့ဂ်ဂါတွေကို ကိုယ်မြင်တဲ့၊ ခံစားရတဲ့ ရှုထောင့်ကနေ တစ်ယောက်တစ်ပုဒ်စီ ရေးပေးခိုင်းကြတာမျိုး လုပ်လေ့ရှိတယ်။ ခုလည်း ခင်မင်ရတဲ့ ဘလော့ဂ်ဂါ ညီမငယ်တစ်ယောက်က အချစ်အကြောင်းဆိုတဲ့ တော့ပစ်ကို တက်ဂ်လုပ်ပြီး ရေးပေးဖို့ ပြောလာတယ်။ သူ တက်ဂ်ထားတဲ့သူတွေစာရင်းထဲမှာ ခန့်လည်းပါနေတာမို့ ခန့် အချစ်ကို ဘယ်လိုများ ပုံဖော်မလဲရယ်လို့ ကျွန်မ သိချင်နေခဲ့မိတယ်။

ခန့်ဆီက အချစ်အကြောင်းဆိုတဲ့ ပိုစ့်အသစ် တက်တက်လာချင်းပဲ ကျွန်မ သွားဖတ်လိုက်မိတယ်။ ခန့်က ချစ်ခဲ့ဖူးတာကိုး။ ချစ်နေတုန်းလို့ဆိုရင်လည်း ပြောလို့ရလောက်တယ်။ ဒါပေမဲ့ ကျွန်မသိတယ်၊ ခန့် သံယောဇဉ်နှောင်ဖွဲ့ ရေးထားခဲ့တာတွေက ကျွန်မ မဟုတ်တဲ့ တစ်ခြားတစ်ယောက်ဆိုတာ။ ခန့်ရယ် ကျွန်မ ဘယ်လိုနားလည်ရမလဲဟင်။ ဝမ်းနည်းစိတ်တွေနဲ့ ကျွန်မ မျက်ရည်ကျမိတယ်။ ဒါဆိုလည်း ဘာကြောင့် ကျွန်မကို….။ ကျွန်မ နားမလည်ဘူး၊ နားမလည်နိုင်ပါဘူး ခန့်ရယ်၊ ခန့် ရက်စက်လွန်းပါတယ်။ တော်ပါတော့ တော်ပါတော့နော်၊ ကျွန်မအပေါ် သိပ်နူးညံ့ချိုသာ မနေပါနဲ့တော့လားဟင်။ ကျွန်မက အများအမြင် အပေါ်ယံမှာသာ မာကြောနိုင်သူရယ်…

စိတ်က မသိလိုက်ခင်မှာပဲ ကျွန်မလက်က ခန့်ဖုန်းနံပါတ်ကို ရှာပြီး ဖြစ်နေတယ်။ call ဆိုတဲ့ အစိမ်းရောင်ဖုန်းပုံနဲ့ ခလုတ်လေးကို နှိပ်တော့မဲ့ဆဲဆဲ။ မျက်ရည်တွေက ကျလာပြန်တယ်။ ဟင့်အင်း ကျွန်မ ရုတ်တရက် ဖုန်းကို ပိတ်ချလိုက်တယ်။ မခေါ်ရဲဘူး၊ မခေါ်ရဲပါဘူး ခန့်ရယ်….၊ အဖျားတွေတက်နေတုန်းက တုန်ခိုက်နေတဲ့ခန့်အသံကို ကြားပြီးခဲ့တဲ့နောက် ခန့်အသံကို အခါခါ ကြားချင်နေမိတာ၊ လွမ်းဆွတ် သတိရစိတ်တွေနဲ့ ဖုန်းခေါ်လိုက်ဖို့ ကြိုးစားမိတာ အခါခါရယ်လေ။

တိုက်ဆိုင်စွာပဲ မင်းခန့်စည်ဆိုတဲ့ နာမည်ဘေးမှာ မီးစိမ်းကလေးတစ်ပွင့် ပွင့်လာတာ မြင်လိုက်ရတဲ့အခါ ကျွန်မလက်တွေက ဘယ်လိုမှ ထိန်းမရနိုင်တော့ဘူး။ 

2:52 PM me: ခန့် နေကောင်းလား
2:52 PM Min: မချိုသွေး ကောင်းပါတယ်ဗျ ကျွန်တော် အလုပ်တွေ များနေလို့ပါ
2:53 PM me: ဟုတ်လား ခန့်ရေးထားတဲ့ အချစ်အကြောင်းလေ ကျွန်မ သွားဖတ်ပြီးပြီ
2:53 PM Min: အော် ဟားဟား ဟုတ်လား မချိုသွေး၊ ဘယ်လိုနေလဲဗျ
2:54 PM me: အင်း ကောင်းပါတယ် ခန့်ရဲ့

ကျွန်မ ဘာဆက်ပြောရမယ်မှန်း မသိတော့သလို ခန့်ဘက်ကလည်း တိတ်ဆိတ်လို့၊ ခဏနေတော့မှ… 

3:01 PM Min: ကျွန်တော် အပြင်သွားတော့မယ် မချိုသွေး၊ ဂရုစိုက်နော် 

ခန့်ရယ်၊ ကျွန်မကဖြင့် ခန့်နဲ့ စကားပြောလို့တောင် မဝသေးဘူးရယ်…။ နေပါဦး၊ နေပါဦးလားဟင်၊ ကျွန်မနဲ့ စကားတွေ ပြောနေပါဦးလားရှင်….ခန့်ဟာ စိမ်းတောက်နိုင်လွန်းလိုက်တာ… 

သံယောဇဉ်ဆိုတာ ခန့်အတွက် မသိကောင်းတဲ့အရာများလား ခန့်ရယ်။ မင်းခန့်စည်ဆိုတဲ့ မီးစိမ်းလေး လင်းနေရာက မီးခိုးရောင်ဖျော့လေး မှိန်သွားတာကိုကြည့်ငေးရင်း ကျွန်မ မျက်ရည်ကျခဲ့မိတယ်။ ရှင် မသိပါဘူး ခန့်ရယ်။ ဒါတွေကို ရှင် မသိခဲ့ပါဘူးလေ။ ရှင်နဲ့ ပတ်သက်ရင် ကျွန်မက ကျွန်မ မဟုတ်သလို ပျော့ညံ့လွန်းလှတာရယ်…

ဖုန်းမြည်လာလို့ ကြည့်လိုက်တော့ ကိုမင်းမြတ်၊ သူက ကျွန်မမိဘတွေ သဘောကျတဲ့သူ။ တစ်နေ့မှာ ကျွန်မနဲ့ လက်ထပ်ဖို့ စီစဉ်ပေးကြတော့မဲ့သူ။ သူ့ဖုန်းကို ပြန်မဖြေဘဲ အသံကို တိုးချလိုက်ပြီး လူက အိပ်ယာထဲ နှုံးခွေချလိုက်မိတယ်။ ကျွန်မ ဘယ်သူနဲ့မှ စကားမပြောချင်ဘူး ခုချိန်မှာ၊ ခန့်ရယ် ရှင်က လွဲလို့ပေါ့။ ကိုမင်းမြတ်ကို ကျွန်မ ဘယ်လိုမှ ခံစားလို့ မရဘူး။ မိဘသဘောကျတဲ့လူကို တာဝန်တစ်ခုလို ဝတ်ကျေတန်းကျေလက်ခံခဲ့မိတုန်းကလည်း  ကျွန်မရင်ထဲမှာ အေးဆေးနေခဲ့တယ်။ လက်ရှိရည်းစားကို “အိမ်က ပေးစားသူကို လက်ခံလိုက်ပြီ၊ ကျွန်မကိုမေ့လိုက်ပါတော့” လို့ လွယ်လွယ်ကူကူပဲ ပြော ထွက်ခဲ့တာ။ 

ချစ်ခဲ့ဖူးပေမဲ့ ကျွန်မစိတ်လက် ပေါ့ပါးနေခဲ့တာ။ တကယ့်အချစ်ဆိုတာကို မခံစားခဲ့ရလို့ ထင်ပါရဲ့။ တကယ့်အချစ်ဆိုတာကရော ရှိလို့လား၊ ကျွန်မ သံသယရှိခဲ့တယ်။ မထင်ခဲ့ဘူးလေ ခန့်ရယ်။ ကျွန်မဘဝမှာ လူတစ်ယောက်အပေါ် ဒီလောက်ကြီး လေးနက် တွယ်တာမိလိမ့်မယ်ဆိုတာ။ 

ကျွန်မ ဘာဆက်လုပ်ရမလဲ၊ ဘာဆက်လုပ်ရမလဲဟင်။ လူချင်းဝေးလို့ ဓါတ်ပုံတောင်မမြင်ဘူးဘဲ အသံလေးသာ တစ်ခါကြားဖူးခဲ့ရတဲ့ လူတစ်ယောက်အပေါ်၊ ချက်တင်းမှာ စကားတွေပြောဖြစ်ကြ၊ တစ်ယောက်ရေးထားတဲ့စာတွေ တစ်ယောက် သွားဖတ်ကြရုံလေးနဲ့တင်…. ဒီလောက်တောင် ငြိသွားရသတဲ့လား။ ကျွန်မရဲ့ ခင်တွယ်စိတ်တွေကို ကျွန်မကိုယ်တိုင် ကြောက်လန့်နေခဲ့မိပြီ ခန့်ရေ….။ 

သတိရ မနေချင်ဘူး။ ကျွန်မက ရှင့်ကို သတိရ မနေချင်ဘူးတဲ့ ခန့်ရယ်….

(ဃ)

ကံကြမ္မာကပဲ မျက်နှာသာပေးခဲ့တာလား၊ ပိုပြီး နာကျင်စူးနစ်စေမဲ့ မြားတွေကပဲ ကျွန်မဆီ အလုံးအရင်းနဲ့ ဝင်ချလာတာလား…။ ခန့်ရှိနေတဲ့ မြို့ကလေးကို ကျွန်မ အလုပ်နဲ့ တစ်ပတ်သွားနေရမတဲ့လေ။ ခန့်နဲ့ ချက်တင်မှာ ပြောမိတော့ ခန့်က ဝမ်းသာအားရပဲ “ဟာ မချိုသွေး လာပါဗျာ လာပါ ကြိုဆိုနေပါတယ်” တဲ့။

ဖြစ်ချင်တော့ ကျွန်မ လေယာဉ်ချိန်က ခန့် အလုပ်ချိန်နဲ့ ကွက်တိတိုးနေတာမို့ သူ လာမကြိုနိုင်ပါတဲ့။ ဒါပေမဲ့ ညနေ အလုပ်ကဆင်းတာနဲ့ ကျွန်မတည်းခိုရာ ဟိုတယ်ကို လာခေါ်ပြီး ညစာ အတူထွက်စားကြရအောင်နော် ဆိုတဲ့ ခန့်စကားက ကျွန်မအတွက်တော့ စိတ်ကူးနဲ့တင် ရူးချင်စရာ။ တစ်ယောက်နဲ့ တစ်ယောက် တစ်ခါမှလည်း မတွေ့ဖူးကြတာမို့ ပိုလို့စိတ်လှုပ်ရှားစရာ ဖြစ်နေခဲ့တယ်။ 

ကျွန်မအလုပ်က မန်နေဂျာနဲ့ စာရင်းကိုင် Mdm Louise bullockတို့ လာကြိုကြပြီး ဟိုတယ်ချက်အင်လုပ်ပေး၊ ပြီးတာနဲ့ ကျွန်မ စာရင်းစစ်ဝင်ရမဲ့ ရုံးခန်းကလေးကို ခေါ်သွားပြကြတယ်။ ညနေမစောင်းခင် ဟိုတယ်ပြန်ပို့ပေးဖို့ ကျွန်မကပြောတော့ why တဲ့၊ သူတို့က ကျွန်မအတွက် ဒင်နာပါ စီစဉ်ထားကြောင်းပြောတာမို့ ကျွန်မမှာ ချိန်းဆိုထားတာရှိနေကြောင်း အားနာနာနဲ့ပဲ ငြင်းရတော့တယ်။ Is that your date ? ဆိုတဲ့ Mdm Louise bullock ရဲ့ စကားကို ကျွန်မ ရှက်ပြုံးလေးနဲ့ ခေါင်းညိတ်ပြလိုက်မိတယ်။

ညနေ…။ ကျွန်မစိတ်တွေ လှုပ်ရှားရလွန်းတဲ့ ညနေချိန်ရောက်ခဲ့ပြီ။ အထူးအထွေ ပြင်ဆင်မနေတော့ဘဲ ဆံပင်တွေကို ဂုတ်ဝဲအတိုင်းချပြီး ဘီးကုတ်လေးနဲ့ နဖူးအပြောင်သပ်တင်၊ ဒူးခေါင်းအောက်နားထိရှည်တဲ့ ဇာအနက်ရောင် ဂါဝန်လေးဝတ်ပြီး ကြိုးသိုင်းဖိနပ်အဖြူလေး ဝတ်လိုက်တယ်။ ကြိုးအရှည်နဲ့ လက်ကိုင်အိတ်အဖြူရောင်လေး လွယ်လိုက်တယ်။ ခန့်မျက်လုံးထဲမှာ ကျွန်မ ကြည့်ကောင်းနေလိမ့်မယ်လို့ မျှော်လင့်လိုက်မိတဲ့အခါ ကျွန်မပါးပြင်တွေ ဗြန်းကနဲ နွေးအောင်ရှက်သွား မိပြန်တယ်။

“ကျွန်တော် နောက် ငါးမိနစ်ဆိုရင် ဟိုတယ်လော်ဘီထဲ ရောက်ပြီနော်၊ ဆင်းစောင့်နေ” ဆိုတဲ့ ခန့်အသံက အမိန့်သံ ဆန်ဆန်ရယ်….။

တကယ်တော့ ကျွန်မက ခန့် ဖုန်းမဆက်ခင်ကတည်းက လော်ဘီထဲ ဆင်းစောင့်နေခဲ့မိတာ…

ဟိုမှာ ဝင်လာတာ ခန့်များလား…။ ခန့်ဆိုတာ သူလား…။ ခန့်က သူလား ဟင်….။ နှစ်စတုန်းက ခွင့်နဲ့အပြန် ပုဂံဘုရားမှာ လူချင်း ဝင်တိုက်မိခဲ့တဲ့ မျက်ဝန်းညိုဟာ ခန့် တဲ့လား။ အဲဒီခဏမှာ ကျွန်မတစ်ကိုယ်လုံး ရှိန်းကနဲ။ လည်ပတ်နေတဲ့ သွေးတွေရဲ့တဖျစ်ဖျစ် အသံကို ကိုယ်တိုင် သိနေကြားနေရသလိုရယ်…

မင်းခန့်စည်…
မင်းခန့်စည်ဆိုတဲ့ယောကျာ်းဟာ ကျွန်မဘဝထဲကို သူ ဘယ်သူဘယ်ဝါပါဆိုတာ သေချာမသိရခင် ကတည်းက ရောက်ရှိနှင့်နေတာ….။ ခန့်ကလည်း မှတ်မိသွားပုံနဲ့ “မချိုသွေး ကျွန်တော်တို့ ဆုံဖူးကြတာပဲနော်၊ ဟာဗျာ ကမ္ဘာကြီးက ကျဉ်းလိုက်တာ” တဲ့လေ။

ခန့်ကားရပ်ထားခဲ့တဲ့ဆီကို လမ်းဖြတ်အကူးမှာ ခန့်က ကျွန်မလက်ကို ကလေးတစ်ယောက်လို ဖျတ်ကနဲ ဆွဲကိုင်လိုက်တာမို့ ကျွန်မနှလုံးသွေးတွေ ဆောင့်တိုးခဲ့ပြန်ပါရော။ ဒူးတွေလည်း မခိုင်ချင်တော့ဘဲ ခန့်ဘေးမှာ ကျွန်မတစ်ကိုယ်လုံး ပျော့ခွေနေလိုက်တာ….။ ခန့်မျက်နှာကို ဘေးတိုက်ခိုးကြည့်မိတဲ့အခါ ခန့်က ပကတိဖြူစင်လို့၊ ဘာအရိပ်အရောင်မှ မရှိဘဲ အဖေက သားငယ်ကို စိုးရိမ်စိတ်နဲ့ လမ်းအကူးလက်တွဲထားသလို…အဲဒါမျိုးထက် မပိုဘူးရယ်။ ခန့်….၊   ခန့်ရယ် ကျွန်မတော့လေ ကိုယ့်သေတွင်းကိုယ် တူးနေမိပြီ ထင်ပါရဲ့….

(င)

“မချိုသွေး လုပ်စရာအလုပ်တွေရှိရင် နေ့လည်ဘက်တွေမှာ ဖြတ်ထားနော်၊ ကျွန်တော်လည်း နေ့လည် ဘက် အလုပ်တွေ ရှိတယ်။ ညနေ ၆နာရီနောက်ပိုင်းတွေ အားထားပါလား၊ ကျွန်တော် လာခေါ်မယ်၊ မချိုသွေး ရှိနေတဲ့အချိန်တွေမှာ ကျွန်တော်တို့ နေ့တိုင်း ညစာအတူစားကြမယ်လေ နော်” တဲ့

ခန့်ရယ်….
ကျွန်မတစ်ကိုယ်လုံး အရည်ပျော်ကျသွားမဲ့ စကားတွေ ရှင်မို့ ပြောတတ်လေတယ်။

ကျွန်မပြုံးပြီး ခေါင်းညိတ်လိုက်တော့ ခန့်က လည်တိုင်ဘေးမှာ ဝဲကျနေတဲ့ကျွန်မဆံပင်တွေကို ကျွန်မကျောနောက် သိမ်းပို့ပေးရင်း “I like you မချိုသွေး” တဲ့။ ဟင် ဒါက ဒါက ဘာသဘောလဲဟင် ခန့်။ ကြိုက်တယ်…၊ ကျွန်မကို ကြိုက်တယ်တဲ့လား ခန့်။ ကျွန်မ နားမလည်ချင်ဘူး။ ကျွန်မက ရှင့်ကို သံယောဇဉ်ရှိနေတာ။ ထပ်ပြောရရင် အဲ့ဒီသံယောဇဉ်ဆိုတာထက်တောင် ပိုချင် ပိုနေဦးမှာ ခန့်ရယ်….
  
ပေါ့ထရိတ်ရိုက်ဖို့ ကင်မရာမှာ  Canon85mm f/1.8 USMလန်းစ်ကိုပြောင်းတပ်လိုက်တယ်။  အဲဒီအချိန်ခဏကလေးကို ကျွန်မ မှတ်တမ်းတင်ထားလိုက်ချင်လို့ပေါ့ ခန့်ရယ်။ ခန့်ကို ခွင့်တောင်းပြီး ခန့်မျက်နှာ ပေါ့ထရိတ်ပုံကို ရှေ့တည့်တည့် တစ်ပုံ၊ ဘေးတိုက်တစ်ပုံ ရိုက်ယူလိုက်တယ်။ 

  “ကိုယ် မင်းကို ကြိုက်တယ်”လို့  ရှင်ပြောခဲ့တဲ့ အခိုက်အတန့်လေးလေ ခန့်ရဲ့....


ကျွန်မရဲ့ နေ့ရက်တွေမှာ ခန့်အနားရှိနေရတာကို ကျေနပ်ကြည်နူးရင်း ကုန်ဆုံးနေရတာလောက် ပြီးပြည့်စုံတာမျိုး တစ်ခါမှ မရှိဖူးဘူး။ ညစာစားရင်း ကျွန်မနှုတ်ခမ်းမှာ ဆီအစအနတွေ ပေကျံတဲ့အခါ ခန့်က တစ်ရှူးစလေးနဲ့ လှမ်းသုတ်ပေးတတ်သေးတယ်။ ညစာစားပြီးတဲ့အခါ “ရော့ ရေသောက်လိုက်ဦးနော်” ဆိုပြီး ရေတစ်ခွက် ကမ်းပေးတတ်သေးတယ်။ 

“ဘာလုပ်ချင်သေးလဲဟင် မချိုသွေး”ဆိုတာနဲ့ “ရုပ်ရှင်ကြည့်ချင်တယ် ခန့်ရယ်” ဆိုတော့ ချက်ချင်းပဲ ရုပ်ရှင်ရုံတွေဘက်မောင်းပြီး “မချိုသွေး ကြည့်ချင်တဲ့ကားကို ရွေးနော်” တဲ့လေ။ ခန့်ကြည့်ရတာ ကျွန်မအပေါ် ကလေးတစ်ယောက်ကို အလိုလိုက်နေသလိုမျိုးပါ။ ကျွန်မရင်ထဲ ပုန်ကန်ချင်လာတယ်။ ဟင့်အင်း ကျွန်မ ကလေးမဟုတ်ဘူး ခန့်ရဲ့။ 

“မချိုသွေး တစ်ခုလောက် ခွင့်ပြုပါလားဟင်”
“အင်း ပြောလေ ခန့်”
“ရုပ်ရှင်ရုံထဲရောက်ရင် ကျွန်တော် မချိုသွေးကို နမ်းပါရစေ”

ခန့်….။  ခန့်ရယ် ကျွန်မ  ကျွန်မ ဘာပြန်ပြောရမလဲ ဘာပြန်ပြောရမလဲဟင်…။ စကားလုံးတွေ ပျောက်ကုန်တယ်။ ဝမ်းနည်းလာတယ်။ ဒါ ကျွန်မကို စော်ကားတာပဲလို့ ကျွန်မ မမြင်ရက်ဘူး။ ကျွန်မကိုယ်တိုင် ခန့်ဆီက တစ်ခုခုကို မျှော်လင့်နေခဲ့မိတာရယ်။ ဒါပေမဲ့…..ခန့်ရယ်….။ ကျွန်မ နာနာကျင်ကျင် ပြုံးပြလိုက်မိတယ်။ ခန့်က ကျွန်မလက်ကို ဆုပ်ကိုင်လို့ အမှောင်ထဲမှာ ထိုင်ခုံနေရာကို ရှာကြတယ်။ ကျွန်မတို့ကို လူတွေက ချစ်သူတွေလို့ ထင်မလားပဲနော်။

ကျွန်မရင်တွေ ခုန်လွန်းလိုက်တာ ခန့်ရယ်။ ဘယ်အချိန်မှာများ…. 

ရုပ်ရှင်တစ်ဝက်ကျိုးလောက်မှာ ခန့်က ကျွန်မပုခုံးပေါ် လက်တင်လာပြီး ကျွန်မတစ်ကိုယ်လုံးကို သူ့ဘက် ဆွဲယူ၊ ကျွန်မနှုတ်ခမ်းကို နမ်းရှိုက်ခဲ့တယ်။ ပူနွေးနေလိုက်တာ…ခန့်နှုတ်ခမ်းတွေက။ ခဏကလေးပဲ….။ ပြီးတော့ “ရေသောက်လိုက်ဦးနော်” တဲ့ ရေသန့်ဗူးကို ပိုက်တပ်ပြီး ကျွန်မလက်ထဲ ထည့်ပေးလာတော့ အာခေါင်တွေ ခြောက်ကပ် လာတဲ့ကျွန်မ ခန့်ပေးလာတဲ့ရေကို အငမ်းမရ သောက်မိပါတယ်။ ဒါပေမဲ့ ရေငတ်မပြေသေးသလို ခံစားရတယ် ခန့်ရယ်…

ရုပ်ရှင်ပြီးတော့ ကျွန်မတို့နှစ်ယောက် မြစ်ကမ်းနံဘေးလေးမှာ အတူထိုင်ခဲ့ကြသေးတယ်။ ကျွန်မ ဟန်မဆောင်ချင်တော့ဘူး။ ခန့်ပုခုံးပေါ် ခေါင်းတင်မီနွဲ့လိုက်မိတယ်။ ကျွန်မဟာ ခန့်အတွက် သိပ်များ လိုက်လျောလွယ်ကူလွန်းနေသလားဟင်။ ခန့်က အလိုက်သင့်ပြန်မှေးထားရင်း ကျွန်မနဖူးပြင်ပေါ် ဖွဖွလေး ငုံ့မွှေးတယ်။ ခန့်နှုတ်ခမ်းလွှာပေါ် ကျွန်မလက်ညှိုးလေးနဲ့ တို့ထိကြည့်လိုက်မိတော့တယ်၊ ကျွန်မစိတ်တွေ လှုပ်ရှားလို့ရယ်။ 

ကျွန်မ ရူးပြီ၊ ကျွန်မတော့ ရူးပါပြီ ခန့်ရယ်…..


မောင်နဲ့အတူ ကျွန်မကို….(အပိုင်း-၃-ဇာတ်သိမ်း)

$
0
0
(စ)

အချိန်တွေဟာ သူ့အလုပ် သူလုပ်နေကြတယ်ဆိုပေမဲ့ ဒီတစ်ကြိမ်တော့ဖြင့် ပိုမြန်လွန်းနေသလိုပါပဲ။ မနက်ဖြန်ဆို ကျွန်မ ပြန်ရတော့မယ်။ ခန့်နဲ့ အဝေးကြီးမှာ နေရဦးတော့မယ်။ ဘယ်တော့များမှ ပြန်တွေ့နိုင် ကြမယ်မသိတဲ့ တစ်ယောက်တစ်နေရာစီမှာ နေကြရဦးတော့မယ် ခန့်ရယ်။ ကျွန်မ မပြန်ချင်သေးဘူး၊ မပြန်ချင်သေးပါဘူး ခန့်ရယ်။ 

ကျွန်မကို ခန့်နဲ့အတူ ဟိုးအဝေးကြီးကို ခေါ်သွားပါလားဟင်။ ခန့်ရယ်…ကျွန်မ မပြန်ချင်ဘူး။ ခန့်နဲ့ မခွဲနိုင်ဘူး သိလား။ 

 “မချိုသွေး မပြန်ခင်ည ကျွန်တော့်အခန်းကိုလာလည်ဖို့ ဖိတ်ပါရစေဗျာ၊ ကျွန်တော် ညစာ ချက်ကျွေးမှာပေါ့၊ အီတလီခေါက်ဆွဲ စားမလားဟင်” တဲ့….

ဟန်မဆောင်နိုင်လောက်အောင် ကျွန်မခေါင်းကို အလောတကြီးညိတ်မိတော့ ခန့်က ကျွန်မခေါင်းကို အုပ်ကိုင်ပြီး “မချိုသွေးဟာလေ တစ်ခါတစ်လေ ကလေးလိုပဲ” တဲ့….။ ဟုတ်လား၊ ကျွန်မ မသိပါဘူး ခန့်ရာ….၊ ခန့်ရှေ့ရောက်ရင် ကျွန်မက အလိုလိုကျိုးနွံနေတော့တာပါ။ အလိုလိုက်ခံရတဲ့ ကလေးတစ်ယောက်လို ခုန်ပေါက်ပျော်ရွှင်လိုက်ချင်စိတ်တွေနဲ့ ကျွန်မက ခန့် ဘာပြောပြော ပြုံးလို့သာနေ မိတော့တယ်။ 

ခန့်အခန်းကလေးက သိပ်မကျယ်လှပေမဲ့ သေသေသပ်သပ် ချစ်စရာလေးရယ်။ ဆေးအဖြူရောင် သုတ်ထားတာမို့ လင်းချင်းလို့။ “ဒါ ခန့် စာတွေရေးရေးနေတဲ့စားပွဲပေါ့ ဟုတ်လား” ဆိုတော့ ခန့်က ပြုံးရင်း “ဒါပေါ့ ကျွန်တော် မချိုသွေးနဲ့ စကားပြောတိုင်း ဒီခုံလေးမှာ ထိုင်၊ ဒီကွန်ပြူတာလေးနဲ့ ဒီစားပွဲလေးပေါ်မှာ စာတွေရိုက်နေခဲ့တာ၊ တစ်ယောက်ထဲပေါ့ဗျာ”  တဲ့။ 

“ဝိုင်အနီလောက်တော့ သောက်ပါတယ်နော် မချိုသွေး” ဆိုပြီး ဝိုင်တွေစီရီတင်ထားတဲ့ သစ်သားစင်ကလေးပေါ်က ဝိုင်အနီတစ်လုံး ယူလိုက်ရင်း “ဒီကောင်က Merlot-မဲယ်လို့ထ် ပြင်သစ်ဝိုင်၊ ၂၀၀၇ကကောင်” လို့ ကျွန်မကို လှမ်းပြောတယ်။ နောက်တော့ ခန့်က ခေါက်ဆွဲဖတ်ပြုတ်ဖို့ဆိုပြီး မီးဖိုလေးထဲ ဝင်သွားရော။ 

ကျွန်မကိုတော့ “ပျင်းရင် ကွန်ပြူတာကြည့်နေလေ” ဆိုပြီး မီးဖိုထဲ ဝင်မလာဖို့ တစ်ချက်လွှတ် အမိန့်ဆိုပြီး ပြောတာမို့ ကျွန်မမှာ ကွန်ပြူတာရှေ့ထိုင်ရင်း ဟိုဟိုဒီဒီ ကြည့်နေမိတယ်။ ကြည့်ရင်းက ပဲ အောက်ခြေဘားပေါ်မှာ “Thwe says” ဆိုပြီး ပေါ်လာတာမို့ ခန့် သူ့ဂျီတော့ခ်ကို ဆိုင်းအောက် လုပ်မထားဘူးလို့ သိလိုက်တယ်။ ဘာရယ် မဟုတ်ဘူး၊ ချက်တင်ဝင်းဒိုးလေးဖွင့်ရင်း “ခန့်ရေ ဒီမှာ သွယ်တဲ့ ခန့်သူငယ်ချင်း တက်လာတယ်” လို့ လှမ်းခေါ်လိုက်မိတယ်။ ခန့် မကြားဘူးထင်ပါရဲ့၊ 

ခန့်ထွက်မလာတာနဲ့ဘဲ ချက်တင်းဝင်းဒိုးမှာ ပေါ်နေတဲ့ “ခန့်စည် ဘာတွေလုပ်” ဆိုတဲ့ စာသားကို “အရှုပ်တွေ လုပ်” လို့ ခန့်ပြောနေကျပုံစံအတိုင်း ပြန်ရိုက်လိုက်မိတယ်။ နောက်မှ အော် သွယ်က ပြန်ခေါ် တာကိုး၊ အပေါ်မှာ ခန့်ခေါ်ထားတဲ့ ပြောလက်စတွေ ရှိနေတာ။ သိချင်စိတ်တွေကို တားမရတာနဲ့ ခန့် ဘာတွေရေးထားပါလိမ့်ဆိုတာကို ကျွန်မ ဖတ်ကြည့်လိုက်မိပါရဲ့။ တစ်ပါးသူ ပါစင်နယ်ဆိုတာကို သိပေမဲ့ ကျွန်မနဲ့ ခန့်က ခု သူစိမ်းတွေမှ မဟုတ်တာပဲလေ ဆိုတဲ့ ပိုင်နိုင်စိတ်တွေနဲ့ ဖတ်မိတယ်ဆိုပါတော့။

5:45 PM Min: သွယ် အလုပ်ထဲမှာပဲလား၊ ကျွန်တော် သတိရနေပါတယ်ဗျာ
5:45 PM Min: နကောင်းအောင် နေဦး၊ ဂရုစိုက်နော်
5:48 PM Min: ကျွန်တော်တို့ တွေ့ကြဦးမယ်လေ
6:45 PM Thwe:ခန့်စည် ဘာတွေလုပ်
6:46 PM Min: အရှူပ်တွေ လုပ် :)

ဖတ်နေရင်းကပဲ သွယ့်ဆီက နောက်တစ်ကြောင်း ထပ်တက်လာတာက….

6:47 PM Thwe:သွယ့်ပါးပေါ်က အနမ်းတွေက ခန့်စည်ကို သတိရနေတယ် တဲ့ သိလား ခိခိ :P

ဘုရားရေ…။ ကျွန်မမျက်လုံးတွေ ပြာဝေသွားတော့တယ်။ သွယ်ဆိုတာ….သွယ်ဆိုတာက…ခန့်နဲ့ ဘယ်လို အဆင့်ထိ ပတ်သက်နေတဲ့ အမျိုးသမီးပါလိမ့်။ ခန့်ကွန်ပြူတာ စကရင်နောက်ခံမှာ အမျိုးသမီးတစ်ချို့ရဲ့ ပုံလေးတွေ၊ ပုံလေးတွေကို အသေအချာစုစည်းပြီး အယ်လဘမ်လေးတစ်ခုလို လုပ်ထားတာမို့ ခန့်ရဲ့collection တစ်ခုလို့တော့ သိလိုက်တယ်။ တစ်ယောက်ချင်းစီ သေချာသဲကွဲ မမြင်ရပေမဲ့ မြင်ရအောင်လည်း ကျွန်မ မကြိုးစားချင်တော့ဘူး။ ခန့်ကိုယ်တိုင် နောက်ပြောင်ပြောဆိုခဲ့ဖူးတဲ့ “ကျွန်တော်က Professionally bad guy နော် မချိုသွေး” ဆိုတဲ့ စကားဟာ ခုချိန်မှာ မျက်ရည်တွေ ပါးပြင်ပေါ်လိမ့်ဆင်းကျလာအောင် ကျွန်မရင်ကို လေးနက်ထိရှစေတော့တယ်။ နာကျင်ထိခိုက်လွန်းရတယ် ခန့်ရယ်…။

ကျွန်မ ကွန်ပြူတာကနေ မျက်နှာကိုခွာလိုက်တော့တယ်။ နံရံတစ်ဘက်ကပ်ခင်းထားတဲ့ ခန့်ကုတင်ပေါ် တင်ပါးလွဲခြေချထိုင်လိုက်ရင်း ကုတင်ဘေးက ခန့်ဂစ်တာကို ကောက်ကိုင် ကြိုးညှိလိုက်မိတယ်။ 

♭♩ချစ်ခွင့်မရှိတဲ့ နှလုံးသားမှာ အားငယ် မပြောဖြစ်ခဲ့တဲ့ စကားလေးတွေ မြိုသိပ်ရင်းနဲ့
အသည်းလေးကွဲမှ အရမ်းချစ်တာ ပိုနားလည် အမြဲတမ်းရင်မှာ စွဲလမ်းနေတယ် ကိုယ်ရူးမယ်
နေ့နေ့ ညည မင်းလေးကို လွမ်းတယ် အစားထိုးပြီးလည်း နောက်တစ်ယောက်ကို မချစ်နိုင်တယ်
အားနည်းချက်နဲ့ တို့ဘဝကို ကြည်ဖြူမလားကွယ် ကိုယ်မပြောင်းလဲတမ်းချစ်တာ မင်း နားမလည်
တစ်ခါတစ်လေတော့လည်း အဝေးဆုံးကို ထွက်ပြေးသွားချင်ပေမဲ့လည်း ကိုယ့်ရဲ့စိတ်တွေ အမြဲတမ်း မင်းဆီမှာပဲ ထာဝစဉ်မမေ့ဘူး ရင်ထဲမှာ အမြဲတမ်း စွဲလမ်းချစ်နေအုံးမယ် ရင်ခုန်ရင်း တမ်းတရင်း ကြေကွဲ
ကိုယ်ဟာ မင်းလေးအတွက်တော့ အရုပ်ကလေး တစ်ရုပ်ပါပဲ 
  

သီချင်းသံကြောင့် ထင်ပါရဲ့၊ ခန့်က မီးဖိုထဲကနေ ခေါင်းပြူကြည့်ရင်း ညာဘက်လက်မ လှမ်းထောင်ပြတယ်။ ကျွန်မခေါင်းကို ငုံ့ချလိုက်မိတယ်။ ဆံပင်ရှည်တွေ ဝဲကနဲဟာ ကျွန်မမျက်ရည်တွေကို ခန့်မမြင်အောင် ကွယ်ပေးထားနိုင်မှာ….။ မျက်တောင်တွေကို ပုတ်ခတ်လိုက်ရင်း မျက်ရည်တွေကို ကျွန်မ ထိန်းလိုက်တယ်။ 

ခန့်က ခေါက်ဆွဲထည့်ထားတဲ့ ဇလုံအကြီးကြီးတစ်လုံးကို စားပွဲပေါ်လာချရင်း “အိုကေ မချိုသွေး ဗိုက်ဆာနေပြီလား၊ ကျွန်တော်တို့ စလို့ရပြီနော်” တဲ့။ 

ဝိုင်ခွက်နှစ်ခွက်ထဲကို ဝိုင်အနီတွေ ဖြည့်နေရင်းက ခန့် ကျွန်မကို ပြုံးပြတယ်။ ကျွန်မလည်း ပြန်ပြုံးပြ လိုက်မိတယ်ထင်ပါရဲ့။ ခန့်နှုတ်ခမ်းပါးလေးတွေက ပန်းရောင်….၊ ကျွန်မ ထိကြည့်လိုက်ချင်စိတ်တွေကို မနည်းထိန်းထားရတယ်။

“မချိုသွေး ရှပ်အင်္ကျီအပေါ်ကြယ်သီးတစ်လုံး ဖြုတ်လိုက်ပါလားဟင်၊ လွတ်လွတ်လပ်လပ်နေပါဗျာ အိုက်နေမှာပေါ့၊ အပေါ်ကြယ်သီးတစ်လုံး ဖြုတ်လိုက်နော်”

“ဟုတ်ကဲ့ ခန့်”

ရှပ်အင်္ကျီကို ကြယ်သီးအစေ့တပ်ဝတ်တာ ကျွန်တော်တော့ မနေတတ်ဘူးဗျ၊ လည်ပင်းအစ်သလို ခံစားရလို့၊ ကဲ လာဗျာ Cheers နော်၊ ကျွန်တော်တို့ နောက်ထပ်တစ်ခါ ထပ်ဆုံတွေ့ကြဖို့ တို့စ်လုပ်ကြတာပေါ့ဗျာ” 

ခန့်ဝိုင်ခွက်နဲ့ နှုတ်ခမ်းချင်းတိုက်ပြီး မော့သောက်လိုက်တဲ့ ဝိုင်အနီဟာ ကျွန်မလည်ချောင်းတစ်လျှောက် ပူကနဲ ဆင်းသွားတယ်။ 

♭♩ အိပ်စက်သွားတဲ့ ငါ့နှလုံးသား မင်းနဲ့တွေ့မှ နိုးလာတယ် ကွဲအက်သွားတဲ့ အသည်းဒဏ်ရာ မင်းရဲ့လက်နဲ့ ပျောက်ကုန်ပြီ ဟောင်းနွမ်းခဲ့တဲ့ အိပ်မက်များ အေးစက်မည်းမှောင် ငါ့ညများ အိပ်မက်သစ်တွေ မွေးဖွားလို့ ရင်ကိုနွေးထွေးသွား အကြင်နာညများ လင်းလက်သွား   

အချစ်စွမ်းအားတဲ့၊ အဲ့ဒီတစ်ပုဒ်ထဲကိုပဲ အထပ်ထပ်ကျော့ပြီး  ခပ်တိုးတိုးလေးဖွင့်ထားတဲ့ သီချင်းသံက အခန်းလေးထဲ ဝဲလွင့်လို့ရယ်။ 

ဝိုင်ခွက်နှုတ်ခမ်းပေါ်ကနေ ကျွန်မမျက်နှာကို ကျော်ကြည့်နေတဲ့ ခန့်မျက်ဝန်းမှေးစင်းတွေ ကို မြင်လိုက်ရတဲ့အခါ…. 

ခန့်လည်တိုင်တစ်လျှောက် ကျွန်မလက်ညှိုးလေးနဲ့ ထိတို့ကြည့်နေမိတဲ့ ကျွန်မလက်တွေ….

အဲဒီကျွန်မလက်တွေကို ခန့်က အုပ်မိုးကိုင်လိုက်တဲ့အခါ…. 

ခန့်က ကျွန်မရှေ့မှာ ထိုင်နေရာကနေ ကျွန်မဘေးနားကို သူ့ထိုင်ခုံဆွဲယူလာပြီး ပူးကပ်ထိုင်လိုက်တဲ့အခါ….

ခန့်နှုတ်ခမ်းတွေဟာ နွေးဆဲပဲ….၊ ခန့်ဆီက after shave ထင်ပါရဲ့၊ အနံ့တစ်မျိုး သင်းသင်းလေး ပျံ့လို့၊ ယောကျာ်းဆန်လွန်းလိုက်တာ။ ကျွန်မ ရုတ်တရက် ခန့်ညာဘက်နားရွက်လေးကို လက်နဲ့ ထိကြည့်လိုက်မိတယ်။ ခန့်နားရွက်ဖျားလေးတွေက ရဲလို့ရယ်…။ ခန့်က ကျွန်မမျက်လုံးတွေထဲအထိ သူ့အကြည့်တွေကို လွှတ်ကြည့်နေတဲ့အခါ ကျွန်မမှာ…အယောင်ယောင်အမှားမှားနဲ့ မူးရီတုန်ခိုက်လို့၊ အသိစိတ်တွေထဲ ဘာကိုမှ ကပ်မရနိုင်တော့။ 
 
တစ်လုံး….၊ နှစ်လုံး…၊ သုံးလုံး…၊ သုံးလုံး မြောက်မှာ…။ ကျွန်မ ရှပ်အင်္ကျီကြယ်သီးတွေကို ဖြုတ်နေတဲ့ ခန့်လက်တွေအပေါ် ကျွန်မလက်တွေက အုပ်ကိုင် လိုက်မိရင်း…. 

“ခန့် ကျွန်မတို့ တော်ကြပါစို့နော်၊ ဒီအထိပဲ ရပ်လိုက်ကြပါစို့”
ခန့်မျက်နှာ ရဲကနဲဖြစ်သွားရင်း ကျွန်မရှပ်အင်္ကျီပေါ်က သူ့လက်တွေကို ရပ်တန့်ပစ်လိုက်တယ်။
“ခန့်က ကျွန်မကို ချစ်လို့လား ဟင်”

မျက်ဝန်းအကြည့်တွေကို အောက်ချထားရင်း ကျွန်မ မေးမိတာ.....
သိမ်ငယ်စိတ်တွေနဲ့ မျှော်လင့်တကြီး မေးမိတာ....

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ကျွန်မအသံတစ်သံထဲ…. 
ကျွန်မတစ်ကိုယ်လုံး သေးငယ် လွင့်ပျောက် သွားသလို ခံစားခဲ့ရတာ…။ 

နာ ကျင် လိုက် တာ….

ခန့်က နှုတ်ထွက်စကား တစ်ခွန်းမှမပြောဘဲ ကျွန်မလက်မောင်းနှစ်ဘက်ကနေကိုင်ပြီး ကျွန်မကို ကုတင်ပေါ် လှဲချလိုက်တယ်။ ပြီးတော့ ကျွန်မကို တင်းကြပ်နေအောင် ပွေ့ဖက်ထားတော့တယ်။ ကျွန်မနဲ့ ခန့်ဟာ တစ်သားတည်း….။ 

“ခန့်  ခန့်ရယ် ကျွန်မ ခန့်ကို ချစ်တယ် သိပ်ချစ်တာပဲ သိလား”

အို….ကျွန်မ ထိန်းမထားချင်တော့ဘူး၊ ကျွန်မနှုတ်က အလိုလိုဖွင့်ပြောလိုက်မိပြီ။ ခန့်ရယ်….ကြာလှပြီနော်၊ ကျွန်မ ခန့်ကို ချစ်တာ။ ခန့်ကဖြင့် ရက်စက်နိုင်တယ်…။ ကျွန်မ မျက်ဝန်းတွေကို မှိတ်ချထားလိုက်မိတယ်။
ကျွန်မပါးပေါ်က မျက်ရည်တွေဟာ ခန့်ပါးပေါ်မှာ….ကူးလူးစွတ်စိုလို့။ ခန့်က မျက်ရည်တွေကို သုတ်ပေးရင်း “ခဏလေးနေနော် မချိုသွေး၊ ငြိမ်ငြိမ်လေးနေ၊ ကျွန်တော်တို့ ဒီအတိုင်းလေးပဲ ခဏလောက် ဆက်နေကြရအောင်” တဲ့…

ခန့်ထွက်သက်နွေးနွေးတွေဟာ ကျွန်မညာဘက်ပါးပြင်ပေါ်မှာ စည်းချက်ကျကျ ထိတွေ့လို့၊ ခဏနေမှ…
“ထတော့နော် မချိုသွေး”

ခန့်က ကြယ်သီးသုံးလုံးကို ပြန်တပ်ပေးပြီး ကျွန်မကို ဆွဲထူထစေခဲ့တယ်။ ကျွန်မ ရှပ်အင်္ကျီကို လည်း သေချာပြန်ဆွဲဆန့်ပေးသေးရဲ့၊ ပြီးတော့ ကျွန်မတစ်ကိုယ်လုံးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းပွေ့ဖက်လို့ ကျွန်မဆံနွယ်တွေကို မွှေးရှိုက်နေပြန်တယ်။ 

“ကဲ  ပြန်တော့နော်၊ ကျွန်တော် မချိုသွေးကို ဟိုတယ်ပြန်လိုက်ပို့ပေးမယ်”

သူ့ရင်ခွင်ထဲကနေ ကျွန်မကို ဆတ်ကနဲခွာထုတ်ရင်းက တီရှပ်တစ်ထည်ကို ကောက်စွပ်နေတဲ့ ခန့်ကို ငေးကြည့်ရင်း ကျွန်မရင်ထဲ ဟာကနဲဖြစ်သွားတယ်။ ရှင်သိရဲ့လား ခန့်ရယ်။ ကျွန်မ နေချင်သေးတာ၊ မပြန်ချင်သေးဘူး။ ကျွန်မက…၊ ကျွန်မက ရှင့်အနားမှာ အချိန်ရသလောက် နေချင်သေးတဲ့ မိန်းမပါ ခန့်ရယ်….။ ကျွန်မက ခန့်ကို သိပ်တွယ်တာမိတဲ့ မိန်းမရယ်လေ….

 “ခဏလေး ခန့်”

ကျွန်မ ကင်မရာကို ထရိုင်ပေါ့မှာ တပ်လိုက်ပြီး ကျွန်မနဲ့ ခန့် နှစ်ယောက်တွဲပုံတွေ တစ်ပုံပြီး တစ်ပုံ ရိုက်ယူနေမိတယ်။ 

ခန့်ရယ်….
နောက်ထပ် လေး-ငါးကွက်ရိုက်အပြီးမှာ ထရိုင်ပေါ့ကို ကျွန်မ ခေါက်သိမ်းလိုက်တယ်။ ခန့်က ကျွန်မကို ထွေးပွေ့လို့  ခုတင်ဘေးမှာရှိတဲ့ ကိုယ်လုံးပေါ်မှန်ကြီးရှေ့နားသွားရပ်ရင်း မှန်ထဲမှာ မြင်နေရတဲ့ ခန့်နဲ့ကျွန်မရဲ့ပုံရိပ်လေးကို ငေးကြည့်နေလေရဲ့။ ပြီးတော့ ကျွန်မလက်ထဲက ကင်မရာကိုဆွဲယူရင်း မှန်ထဲက ကျွန်မတို့နှစ်ယောက်ပုံရိပ်ကို တစ်ဖျတ်ဖျတ် ရိုက်ယူလေတော့တယ်။ ခန့်ရယ်….၊ ကျွန်မတော့လေ ရှင်နဲ့ ပတ်သက်သမျှအရာရာကို ဘယ်လိုနှလုံးသားနဲ့များ မေ့နိုင်ပါတော့မလဲရှင်။

“တော်ပြီနော် မချိုသွေး လာ သွားကြစို့” 

“ဟင့်အင်း ခဏလေး ခဏလေးပါ ခန့်ရယ်”

ခန့်အခန်းပြတင်းပေါက်ကနေကြည့်ရင် လမင်းကြီးကို လှမ်းမြင်နေရတယ်။ လပြည့်ညမို့ ထင်ပါရဲ့၊ ဝိုင်းစက်ရွှန်းအိနေတဲ့လမင်းကြီးဟာ ခန့်နဲ့ကျွန်မအပေါ် သူ့ရောင်စဉ်တွေ ဖြာဝေလွှမ်းခြုံလို့ထားခဲ့တယ်။ 

ပြတင်းပေါက်ကိုမျက်နှာမူရင်း လမင်းကြီးကိုငေးကြည့်နေတဲ့ ခန့်ကို နောက်ကျောကနေသိုင်းဖက်လို့ ဆံပင်တိုလေးတွေတုံးတိနဲ့ ခန့်ဂုတ်ပြင်လေးကို နောက်ဆုံး ဖိကပ်မွှေးလိုက်မိတယ်။ ခန့်က သူ့ခါးပေါ်က ကျွန်မလက်တွေကို ပြန်ဆုတ်ကိုင်ရင်း “ကိုယ်တို့နှစ်ယောက် လမင်းကြီးကို အတူတူ ငေးကြည့်နေဖူးသွား ကြပြီ၊ ဘယ်တော့မှ မမေ့ပါနဲ့နော် မချိုသွေး” တဲ့။ ကျွန်မ ခေါင်းညိတ်ပြလိုက်မိတယ်။

ခန့်လက်ကိုဆုတ်ကိုင်ရင်း ခန့်အခန်းထဲက ကျွန်မတို့ထွက်လာချိန် အပြင်မှာ လမင်းကြီးက သာတုန်း သာဆဲ….။

(ဆ)

ကျွန်မကို အွန်လိုင်းချက်အင်လုပ်ပေးထားတာမို့ အစောကြီး လေဆိပ်ဆင်းစရာမလိုဘဲ တစ်နာရီခွဲလောက် အလိုမှ လေဆိပ်ဆင်းခဲ့ကြတယ်။ ခန့်မျက်နှာက တည်လို့။ ပြုံးတာတောင် အသက်မပါသလို၊ အဝေး ကို ငေးလို့…ရီဝေလို့….

“သတိရနေနော် မချိုသွေး၊ ကျွန်တော့်ကို မမေ့ပါနဲ့နော်” 

ခန့်က “ကျွန်တော်တို့ ကော်ဖီတစ်ခွက် နှစ်ယောက်အတူ သောက်ကြရအောင်နော်” တဲ့။ ကော်ဖီသောက်ကြရင်း ခန့် ဖုန်းထဲက အချစ်စွမ်းအားသီချင်းကို နားကြပ်တစ်ယောက် တစ်ဘက်စီ တပ်ပြီး အတူနားထောင်မိတဲ့အခါ ကျွန်မ မျက်ရည်ကျမိပြန်တယ်။ ခန့်ကတော့ နီရဲလာတဲ့ သူ့မျက်ဝန်းတွေကို အဝေးဆီ လှမ်းပို့ထားလေရဲ့။ ကော်ဖီဆိုင်ကအထွက်မှာ အနားကဖြတ်သွားတဲ့ လူတစ်ယောက် အကူအညီနဲ့ ခန့်နဲ့ကျွန်မ ဓါတ်ပုံအတူရိုက်ကြသေးတယ်။ 

“ဓါတ်ပုံတွေ ပို့ပေးဦးနော် မချိုသွေး”

“ဟုတ်ကဲ့ပါ ခန့်”

ခေါင်းတစ်ချက်ညိတ်ပြရင်းက ကျွန်မ အရဲစွန့်လိုက်တယ်။ ကျွန်မ ရင်ထဲမှာ ရှင်းလင်းချင်တယ်။ ကျွန်မနေရာက ဘယ်မှာ၊ ခန့်နှလုံးသားက ဘယ်မှာဆိုတာတော့ ကျွန်မ သိခွင့်ရှိမယ် ထင်ပါရဲ့။

“ကျွန်မ မေးချင်တယ် ခန့်ရယ်၊ ခန့်မှာ တစ်ခြားသံယောဇဉ်တွေ ရှိနေတယ်ဆိုတာ ကျွန်မ သိပါတယ်။ တစ်ခုပဲ ခန့်သံယောဇဉ်က သူတို့အားလုံးအပေါ်မှာထက် ကျွန်မအပေါ်မှာ ပိုလား ဟင်”

ဟိုးအဝေးဆီ မျက်ဝန်းအကြည့်တွေပို့ထားတဲ့ ခန့်နှုတ်ခမ်းတွေက တင်းတင်းစေ့ပိတ်လို့၊ သိပ်ခက်နေသလားဟင် ကျွန်မမေးခွန်းက၊ နည်းနည်းလေးဖြစ်ဖြစ် ညာချင်လည်း ညာလိုက်ပါတော့လား ခန့်ရယ်။ ကျွန်မ စိတ်ချမ်းသာမှုအတွက်လေ….။ 

ခန့်ဟာ လိပ်ပြာကလေးလို လွတ်လပ်စွာ ဟိုဒီပျံဝဲချင်နေတဲ့၊ သတ်သတ်မှတ်မှတ် ဆက်ဆံရေးမျိုး မရှိချင်တဲ့၊ နည်းနည်းကလေးမှ အချည်အနှောင်မခံချင်တဲ့၊ မိန်းကလေးတွေတိုင်းကို အချိုတွေချကျွေး၊ အကြင်နာတွေ မျှဝေနေတဲ့ ယောကျာ်းတစ်ယောက်လားကွယ်…. 

ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့အတူ ကျွန်မအနားရှိနေပေးခဲ့တဲ့ အချိန်တွေအတွက် ကျွန်မ ရှင့်ကို ကျေးဇူး တင်ပါတယ် ခန့်၊ ပြီးတော့လေ ညာပြီးတော့တောင် ကျွန်မစိတ်ကို နှစ်သိမ့်မှုမပေးခဲ့တဲ့အတွက်ရော ကျွန်မက ခန့်ကို ကျေးဇူးတင်ရဦးမလားဟင်…

ကျွန်မ အထဲဝင်ရတော့မယ်။ အဲဒီအထိ ကျွန်မနဲ့ခန့် တွဲလက်တွေ ဖြုတ်မပစ်နိုင်ကြသေးဘူး။ ခန့်လက်တွေက ကျွန်မလက်တွေကို ပိုပိုပြီး တင်းတင်းဆုတ်ကိုင်ခဲ့လို့။ ခန့်ရယ် ဘယ်လိုလဲ ကျွန်မ ဘယ်လိုနားလည်လိုက်ရမှာလဲရှင်။ အထဲရောက်တော့လည်း မှန်ချပ်တွေကတစ်ဆင့် တစ်ယောက်နဲ့ တစ်ယောက် ငေးကြည့်နေမိကြတုန်း။ မခွဲနိုင်ဘူး…. မခွဲနိုင်ပါဘူး ခန့်ရယ်၊ မြင်တွေ့နေနိုင်သေး သရွေ့ တွေ့ချင်နေကြသေးတာ။ 

ဒါပေမဲ့ ခန့်ရယ်….ကျွန်မက ရှင့်အတွက် ဘာလဲ၊ ရှင့်နှလုံးသားရဲ့ ဘယ်နေရာမှာ ကျွန်မက ရှိနေသလဲဟင်၊ ရှင့်ရင်ထဲမှာ ကျွန်မအတွက် နေရာကို မရှိခဲ့တာလား….။ ဒါမှမဟုတ် အွန်လိုင်းမှာဝေမျှနေတဲ့ ခန့်ရဲ့အချစ်တွေထဲ ကျွန်မက တစ်ယောက်အပါအဝင်မျှသာ…။ အဲသလောက်ပဲတဲ့လား…..

ကျွန်မဘက်က ရင်ခွင်တစ်ခုလုံး၊ ကျွန်မရဲ့ စိတ်နဲ့ခန္ဓာတစ်ခုလုံး အိတ်သွန်ဖာမှောက် ဖွင့်ချပြခဲ့ရသမျှ ရှင့်ဘက်က ကျွန်မအပေါ် ဖွင့်ချမပြချင်တဲ့သူ…။ နည်းနည်းကလေးမှ ကျွန်မခံစားချက်တွေကို စာနာမပေးခဲ့တဲ့သူ….။ လိုချင်တာကိုသာ ရယူခဲ့ပြီး ရှင့်ဘက်ကတော့ နည်းနည်းကလေးမှ ပြန်မပေးချင်ခဲ့တဲ့သူ…။ 

နောက်ဆုံးတော့ ကျွန်မတို့လက်တွေ ဖြေလွှတ်ချခဲ့လိုက်ရတာပဲ မဟုတ်လား….

လေယာဉ်ပြေးလမ်းပေါ်မှာ အရှိန်ယူလို့ လေယာဉ်စထွက်ပြီဆိုတာနဲ့ ခန့်ကျန်ရစ်နေခဲ့တဲ့မြို့ ကလေးကို ပြတင်းပေါက်ကတစ်ဆင့် ဓါတ်ပုံတွေ တဖျတ်ဖျတ်ရိုက်ယူနေမိတယ်။ တစ်ပုံ၊ နှစ်ပုံ….အို အများကြီးပါပဲ။ နောက်တော့ ကျွန်မနဲ့ခန့် အတူရိုက်ခဲ့ကြတဲ့ပုံတွေကို ပြန်ကြည့်နေမိတယ်။ လွမ်းလိုက်တာ… လွမ်းလိုက်တာခန့်ရယ်၊ ကျွန်မ ကြိုးစားပြီးပြုံးနေမိပါတယ်။ 

ကျွန်မပါးပေါ်မှာ မျက်ရည်စတွေနဲ့…။ ကျွန်မ မသုတ်ပါရစေနဲ့တော့ ခန့်ရယ်။ ကျပါစေတော့လေ….။ ခုချိန်ဆို လေယာဉ်ထွက်မှဖတ်နော်ဆိုပြီး ကျွန်မရေးပေးခဲ့တဲ့ကဗျာကို ခန့် ဖတ်နေရော့မယ်။

ဖြေကြည့်ပါ မောင်

အရိုးထဲမှာ စိမ့်ဝင်နေခဲ့တယ်
အသားစတွေထဲမှာ စူးနစ်နေခဲ့တယ်
ရင်ဘတ်ထဲက အလုံပိတ်အခန်းတစ်ခုထဲမှာ
အယုအယတွေ...
အသံတွေ အကြားတွေ…
အနမ်းအရှိုက်တွေ...
အပွေ့အဖက်တွေ....
အနွေးအထွေးတွေ...
"တစ်ဘက်သတ် လွမ်းဆွတ်ခြင်း" လို့ နာမည်ပေးထားတဲ့ အခန်း
အဲဒီ့အခန်းအထဲမှာ....သေလောက်တယ်….

ကျွန်မစိတ်အစုံက လှမ်းအော်လိုက်တယ်
"ထွက်သွားလိုက်ပါတော့...."

"မထားခဲ့ပါနဲ့ ကျွန်မကို... မောင်ရယ်..."
နောက်စိတ်နဲ့ ခန္ဓာက ငြင်းဆန်တယ်  ခါးခါးသည်းသည်း...

မျက်ရည်တွေကို ဒီအန်န်အေစစ်ကြည့်တဲ့အခါ
မျက်ရည်တွေဟာ ဖြောင့်စင်းရိုးသားခဲ့ကြောင်း စစ်ချက်အဖြေထွက်တယ်
မျက်ရည်တွေမှာ ပဉ္စလက်တွေ  မာယာတွေ  ဘာတစ်ခုမှ မပါတာကို တွေ့ရတယ်
အပြာရောင်သန်းနေတာလေး တစ်ခုပဲ

မောင်...ကျွန်မကို အချိုတွေချကျွေးပြီး ညာနေမဲ့အစား
သူစိမ်းဆန်တဲ့ မျက်ဝန်းအစုံနဲ့  ရက်ရက်စက်စက် ကြည့်ပစ်လိုက်တာကမှ
ပို ဖြေသာမယ် ထင်ပါရဲ့ မောင်

စကားမစပ်...
မောင့်နှလုံးသားတွေကို DNA စစ်ကြည့်ရဲရဲ့လား
စစ်ချက်အဖြေကိုရော  ကျွန်မကို  အသိပေးရဲပါ့မလား...
ဖြေ  ပါ  မောင်.....
ချိုသွေးနှောင်

ခန့် ဘယ်လိုဖြေမလဲ၊ ခန့်ဆီမှာ ကျွန်မအတွက် အဖြေရောရှိနေရဲ့လားဆိုတာတွေကို ကျွန်မ မသိချင်တော့ပါဘူးလေ။

 လေယာဉ်မယ်ကလေးကို ကျွန်မ ဘာမှ မစားချင်ကြောင်း၊ အိပ်ပဲ အိပ်ချင်တာမို့ နှိုးပြီး မကျွေးဖို့အကြောင်းပြောပြီး မျက်စေ့စုံမှိတ်လို့ လိုက်ပါလာခဲ့တော့တယ်။ မျက်ရည်တွေ ကုန်ခမ်းခြောက်သွေ့ သွားတော့မှ လေယာဉ်မယ်ကလေးကိုခေါ်ပြီး ရေတစ်ခွက်တောင်းတယ်။ ရေခွက်ထဲက ရေကို တစ်ငုံ ငုံလိုက်တယ်။ ရေကျန်တွေရှိနေသေးတဲ့ ရေခွက်ကို ကျွန်မရှေ့က စားပွဲလေးပေါ် တင်လိုက်တယ်။ ကင်မရာအိတ်ထဲက ကင်မရာကို ထုတ်တယ်။ 

အမှတ်တရတွေ၊ အနမ်းနွေးထွေးတွေ၊ လွမ်းဆွတ်မှုတွေ၊ နာကျင်မှုတွေ၊ ရှုံးနိမ့်သိမ်ငယ်မှုတွေ၊ မျက်ရည်တွေ၊ တွဲလက်တွေ၊ သတိတရတွေနဲ့ ဒင်းကျန်းပြည့်နှက်နေတဲ့ ကင်မရာမှတ်ဉာဏ်ကို ထုတ်ယူလိုက်တယ်။ အဲဒီထဲမှာ ခန့်နဲ့ကျွန်မ ရှိတယ်။ ပြီးမှ Kingston SD-8Gလို့ ရေးထားတဲ့ အမဲရောင်မှတ်ဉာဏ်ပြားလေးကို ကျွန်မရှေ့ကရေခွက်ထဲ ဖြည်းဖြည်းသာသာလေး လွှတ်ချလိုက်တော့ တယ်။ 

အဲဒီရေခွက်ထဲမှာ ကျွန်မအသက်၊ ကျွန်မနှလုံးသား၊ ကျွန်မမျက်ရည်၊ ကျွန်မဘဝ၊ ကျွန်မရဲ့ စိတ်နဲ့ခန္ဓာ၊ ကျွန်မရဲ့ အရာရာ…..

သေ ဆုံး သွား ခဲ့ ပြီ…...



ဒီဇင်ဘာထဲက ကျွန်မတို့တစ်တွေ

$
0
0
ဒီဇင်ဘာလ ရောက်လာပြန်ပါပြီ။ နှစ်တနှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့အပြင် ခရစ်စမတ် ပိတ်ရက်၊ နှစ်သစ်ကူး ပိတ်ရက်နဲ့ တစ်ချို့နိုင်ငံတွေမှာ ဒီဇင်ဘာ ၂၆ရက်ကိုတောင် Boxing Day ဆိုပြီး ပိတ်တတ်ပါသေးတယ်။ အဲဒီလို ပိတ်ရက်တွေအများကြီးရှိတာမို့ ကျွန်မတို့လို ရုံးသမားတွေအတွက် မျှော်ရတဲ့လလည်း ဖြစ်တယ်။ တစ်နှစ်လုံးအတွက် မသုံးရသေးတဲ့ခွင့်ရက်တွေရှင်းရင်း အလုပ်က ခဏနားချင်လည်း နား၊ အမေနဲ့ရွာကို လွမ်းလို့ အိမ် ပြန်ချင်ပြန်၊ ခရီးလေးဘာလေးလည်း သွားချင်သွားနိုင်တဲ့ လမို့ ပျော်ရတဲ့လလည်း ဖြစ်ပါတယ်။

နှစ်တနှစ်ရဲ့ နောက်ဆုံးလဖြစ်တာမို့ ခဏကလေးရပ်ပြီး နောက်ပြန်လှည့်ကြည့်ခွင့်ရတဲ့ လဖြစ်သလို ရှေ့ကို မျှော်ကြည့်မိတဲ့ လလည်း ဖြစ်တယ်။ ပြီးခဲ့တဲ့ တစ်နှစ်တာမှာ ကိုယ် ဘာတွေများ လုပ်ခဲ့ပါလိမ့်၊ မျှော်မှန်းထားခဲ့တဲ့ ရည်ရွယ်တာတွေ လုပ်ဖြစ်ခဲ့သလား၊ ကိုယ့်အတွက် ဘာတွေများ တိုးပွားလာသလဲ၊ ဆုတ်ယုတ်သွားခဲ့သလဲ၊ အများအတွက် မိသားစုအတွက် ဘာတွေများ လုပ်ပေးနိုင်ခဲ့သလဲ။ လာမဲ့နှစ်အတွက် ရီစလူးရှင်းက ဘာလဲ….။ အဲသလို ခဏရပ်လို့ နဖူးပေါ် လက်တင်တင်၊ လက်ပေါ် နဖူးတင်တင်၊ ပက်လက် မှောက်ရက် ကြိုက်သလို စဉ်းစားကြည့်နိုင်တယ် မဟုတ်လားရှင်။

တရားသဘောနဲ့ ကြည့်မယ်ဆို ကွေးသောလက် မဆန့်ခင်လို့ လက်ခံထားပေမဲ့ မနက်ဖြန်တော့ မသေနိုင်သေးဘူးလို့ ကျွန်မတို့စိတ်ထဲက ယုံကြည်နေတတ်ကြသေးတော့ ပလန်တွေ စီကာစဉ်ကာ ချမှတ်လုပ်ဆောင်တတ်ကြလေတာ။ မနက်ဖြန်မပြောနဲ့ နောက်နှစ် နောက်နှစ်တွေအတွက်တောင် စိတ်ကူးထားတတ်ကြတာမို့ အချိန်မရွေး သေနိုင်တယ်ဆိုတဲ့ တရားသဘောက အာရုံထဲမှာ ကွယ်နေတတ်တာ။ သေကာမှ သေရော၊ အလုပ်ထဲမှာကိုက ကြိုတင်စီစဉ်မှုတွေနဲ့ အသားကျနေတဲ့ ကျွန်မတို့တစ်တွေမှာ လက်တွေ့ဘဝအတွက်လည်း စိတ်ကူးနဲ့ အစီအစဉ်တွေ အမြဲပဲ ရှိနေတတ်ကြပါတယ်။

ထားပါတော့လေ။ ကျွန်မပြောချင်တာက ဒီဇင်ဘာအကြောင်းပါ။ ဒီဇင်ဘာမှာ ပိတ်ရက်တွေများ၊ ခွင့်ရက်တွေ ရှင်းနဲ့ အလုပ်တက်ရက် နည်းသလို ပျော်စရာနောက်တစ်ခုက Year-end Bonus တွေ ရတတ်တာလည်း ပါပါတယ်။ ကျွန်မတို့ ရုံးဆိုရင် ဘောနပ်စ်အပြင် ရှော့ပင်းဗောက်ချာတွေ လည်း ပေးတတ်ပါသေးတယ်။ ဝန်ထမ်းတွေ ခရစ်စမတ်ဈေးဝယ်ဖို့ဆိုပြီး တစ်ယောက်ကို ဒေါ်လာ၅၀၀ဖိုးစီ ဒီဇင်ဘာ ၂၃-၂၄လောက်မှာ ပေးလေ့ရှိပါတယ်။ ဆိုတော့ ဒီဇင်ဘာဟာ ဝန်ထမ်းအများစု အိတ်ဖောင်းတဲ့ လမို့  “ပျော်တာပေါ့ အမေရယ်”လို့ သီချင်းလေး ညည်းနိုင်တဲ့လလည်း ဖြစ်တယ်ပေါ့ရှင်။

ခဏကလေး….။ အဆုံးထိမပျော်ခင် မီးပွိုင့်မှာ မီးနီဖြတ်ကူးသလို ရပ်-ကြည့်-သွားလုပ်ရမဲ့ ကိစ္စလေး ရှိသေးတယ်။ အဲဒါကဘာလဲဆိုတော့ အယုံမလွယ်မိကြဖို့ပဲ။ ရှင်းပါမယ်…၊ ဒီလိုပါ…။

ဒီဇင်ဘာမှာ ကုန်တိုက်တွေက စ၊ လမ်းဘေးဈေးသည်တွေအထိ Year-end sales တွေကလည်း များပါ့။ ဘယ်နေရာ ကြည့်လိုက် ကြည့်လိုက် လျှော့ဈေးဆိုတာချည်းပါပဲ။ လက်ထဲ ငွေလေးကလည်း ရှိနေ၊ ဟိုကလည်း လာပါ ယူပါ နှစ်ကျပ်ခွဲ အော်နေ ဆိုတော့ကာ… အဲဒီမှာ ပါသွားတတ်တာပါပဲ။

တစ်နှစ်လုံး လိုချင်လွန်းလို့ အရိပ်တကြည့်ကြည့် လုပ်လာတဲ့၊ ကိုယ်ကြိုက်တဲ့ ပစ္စည်းကလေးများ ဈေးချထားတဲ့အထဲ ပါနေလို့ကတော့ ကောက်ဝယ်ပြီးသားပဲ မဟုတ်လား။ မူရင်းဈေးကိုလည်း သိနေတယ်၊ အခု ချထားတဲ့ ဈေးကလည်း ထက်ဝက်လောက်မို့ အတော်တန်နေတယ်ဆိုရင်တော့ ဝယ်ပါ၊ ကောင်းပါတယ်။ ကိုယ်နှစ်သက်လို့ ဝယ်မယ်လို့ ရည်ရွယ်ထားတဲ့ပစ္စည်းကို ဈေးတန်လို့ ဝယ်လိုက်တာက အကြောင်းမဟုတ်ပေမဲ့ ရည်ရွယ်ထားတာလည်း မဟုတ်၊ တကယ်လိုအပ်နေတာလည်း မဟုတ်ဘဲ ဝယ်ဖြစ်သွားတာမျိုးတွေ။ များသောအားဖြင့် ဖြစ်တတ်တာက တန်လိုက်တာဟဲ့ ဆိုပြီး ကျွန်မတို့ ကောက်ဝယ်လာတတ်ကြတာပဲ မဟုတ်လား။ 

Free gift ဆိုတာကလည်း ကျွန်မတို့ကို တွေဝေစေတဲ့ အလဲထိုးမှုတစ်ခုပါပဲ။ အဲဒီလို Free ပေးတတ်တဲ့ ပစ္စည်းသေးသေးမွှားမွှားလေးတွေက သိပ်အသုံးမတည့်လှတဲ့ တိုလီမုတ်စလေးတွေ ဖြစ်နေတတ်ပါတယ်။ ကျွန်မတို့က အလကားရတာဆိုတာမျိုးဆို သိပ်မက်မောတတ်ကြတာကလား။  ပစ္စည်းတစ်ခုမှာ သူ့တန်ရာတန်ကြေးက ရှိနေပြီးသားပါ။ ပေးထားတဲ့ အလကားအတွက် အခြားပစ္စည်းတစ်ခုအပေါ်မှာ ကာဗာဖြစ်ထားပြီးသားပါ။ ဒါကြောင့် သိထားရမှာက လောကမှာ ဘယ်အရာမှ အလကားမရဘူးဆိုတာပါပဲ။
 
ပြန်စဉ်းစားကြည့်ပါဦး။ ကျွန်မတို့အိမ်မှာ မလိုအပ်ဘဲ ဝယ်လာပြီး ချောင်ထိုးထားတဲ့ ပစ္စည်းတွေ၊ အလကားရလို့ ယူလာပြီး မသုံးဖြစ်တဲ့ပစ္စည်းတွေ ဘယ်လောက်များ များနေပြီလဲ။ Buy one get one freeတို့၊ Buy two get one freeတို့မှာ ကျွန်မတို့ ဘယ်လောက်များ အတုန်းအရုန်းဖြစ်ခဲ့ဖူးပြီလဲ။

အရောင်းကျွမ်းကျင်သူတွေ၊ မြှင့်တင်သူတွေဟာ ရှင်တို့ ကျွန်မတို့လို လူသားတွေပဲ။ ဒါထက်ပိုတာက သူတို့ဟာ လူ့အထာ၊ လူ့လောဘကို နပ်နေအောင် သိကြတဲ့သူတွေ၊ အသေအချာ လေ့လာ လေ့ကျင့်ပြီးသားသူတွေ ဆိုတာပါပဲ။ သူတို့ဟာ သူတို့ရောင်းကုန်ကို လူတွေလက်ထဲ ဘယ်လိုထည့်ရမယ် ဆိုတာ သိနေကြတဲ့ သူတွေ။ ရောင်းမစွံတဲ့ကုန်ကို ကျွန်မတို့ အိတ်ထဲကပိုက်ဆံနဲ့ ဘယ်လို လဲနိုင်မလဲ ဆိုတာကို အမြဲကြံဆနေကြတဲ့ သူတွေပဲဆိုတာ သိထားပါ။

နောက်တစ်ခုက ကျွန်မတို့ဟာ ပစ္စည်းတစ်ခုကို လူတွေတန်းစီဝယ်ယူနေပြီဆိုရင် ကိုယ်လည်း အများနောက်က တန်းစီဝယ်ယူလိုက်ချင်စိတ် ရှိနေတတ်ကြတယ်။ ဒါဟာ အတော်တန်လို့ပဲ ဆိုပြီး စိတ်က အလိုလို ဆုံးဖြတ်တတ်ကြတယ်။ တကယ်လိုနေတာ ဟုတ်ရဲ့လားလို့ ဘယ်တော့မှ မစဉ်းစားတတ်ကြဘူး။ (အဲဒါကြောင့် ကျွန်မသာ ဆိုင်ဖွင့်ရင် ဆိုင်ရှေ့မှာ ကျွန်မဆွေမျိုးတွေကို တန်းစီခိုင်းထားမယ် စိတ်ကူးတယ်ရှင့်) ပြောရရင် ဒါလည်းပဲ သူတို့ရဲ့ လှည့်ကွက်တစ်ခုသာပါပဲ။ မြင်အောင်ကြည့်တတ်ဖို့သာ လိုပါတယ်။

လူဆိုတာများကလည်း လက်ထဲငွေရွှင်နေရင် တော်ရုံဈေးလောက်ကို သိပ်ကြည့်မနေဘဲ ဝယ်လိုက်တတ်တာမျိုး မဟုတ်လား။ ခုလို စိတ်ရောလူပါ ပေါ့ပါးကြည်လင်နေတဲ့ နှစ် တနှစ် ရဲ့ နောက်ဆုံးလမျိုးမှာဆိုရင် ပိုပြီးတောင် လက်လွယ်နေတတ်ပါသေးတယ်။

ဒါကြောင့်အချုပ်ပြောရရင် တစ်နှစ်တာလုံး လူပင်ပန်း စိတ်ပင်ပန်းနဲ့ အလုပ်လုပ်ပြီး ရလာတဲ့ ငွေလေးကို သေချာ စီစစ်သုံးတတ်ကြပါစေ၊ မလိုအပ်တာတွေ မဝယ်မိကြပါစေနဲ့၊ sales ဆိုတိုင်း၊ Free ဆိုတိုင်း၊ လူတွေ တန်းစီနေတိုင်းလည်း မယုံမိကြပါစေနဲ့လို့ သတိပေးချင်တာပါပဲ။

အန်တီချစ်ကြည်အေး လေသံက The grandmother-next door လေသံများ ပေါက်နေသလားပဲ…း) ဘာပဲဖြစ်ဖြစ် ချစ်လို့ ပြောတယ် မှတ်ကြပါ။


သဘာဝတရားကြီးနဲ့ ကျွန်မတို့ လူသားတွေ

$
0
0
ခုတစ်လော လူက အကြည်ဓါတ်လေး ရှားပါးလာတယ်။ ကံ စိတ် ဥတု အာဟာရ ဘာညာတွေ ကြောင့်များလား၊ အသက်ပဲ မဆိုစလောက်လေး ကြီးလာလို့လား၊ လူနဲ့ လူ့ပတ်ဝန်းကျင်ရဲ့ အညမညဖြစ်စဉ်တွေဆိုတာ ရှိရဲ့နော်၊  ဒီတော့ ပတ်ဝန်းကျင်မှာ အာရုံနောက်စရာတွေပဲ သိတ်များလာလို့လား၊ အရင်က ဒီလောက်တော့ ငါ အသာလေးလုပ်နိုင်ပါတယ်ကွာ အော်ခဲ့တာတွေက ခုနေမှာ လုပ်ပြီးတဲ့အခါ အသက် ဘယ်ကထွက်ရမှန်းမသိအောင် ပင်ပန်းတတ်လာတာ၊ အရင်က ညမအိပ်လည်း ဘာမှမဖြစ်ခဲ့တဲ့ကိုယ်က ခုတော့ဘယ်လောက် အိပ်ရေးဝအောင် အိပ်အိပ် လန်းလန်းဆန်းဆန်းဖြစ် မနေတော့တာ။ ဘဝရဲ့ ဂငယ်ကွေ့မှာ ကိုယ်က အပေါ်တည့်တည့်ကို ရောက်ခဲ့ပြီ။ သူ့ကုန်းဆင်းအတိုင်း ပြန်ဆင်းရုံ ရှိတော့တာ။ ဒီနေရာမှာ ဘယ်လိုဆင်းမလဲ ဆိုတာက အရေး သိပ်ကြီးသွားပြီ။ အဆင်းတတ်မှ အကျမှာ သက်သာမယ် မဟုတ်လား။

ခုချိန်ထိ သူများဝန်ထမ်းဘဝနဲ့ နေနေရတာကိုတော့ အတော်လေး စိတ်ကုန်မိတယ်။ ကိုယ်ပိုင်စီးပွားရေးတစ်ခု လုပ်မယ်တွေးပြန်တော့လည်း စိတ်ဖိအားများမဲ့ အလုပ်မျိုးကို လက်ရှောင်ချင်လာတယ်။ အေးဆေးပေါ့၊ ဘဝမှာ ငွေရှာဖို့တစ်ခုပဲ အရေးကြီးတာမှ မဟုတ်တာ။ အနားယူတဲ့အချိန်ကျရင် မြို့ပြနဲ့ ဝေးဝေးမှာ ခြံလေး ဝင်းလေးနဲ့ အပင်လေးဘာလေး စိုက်စားမယ် တွေးမိပြန်တော့ အပင်မှာ ကျတတ်တဲ့ ပိုးတွေကြောင့် ပိုးသတ်ဆေးသုံးဖို့ လိုတယ်မဟုတ်လား ဖြစ်လာရော၊ ဟာ ဒါ အကုသိုလ်အလုပ်ပဲ သတ္တဝါတွေ ကိုယ့်ကြောင့်တော့ မသေစေချင်ပါဘူး။ ဒါဆိုလည်း အပင်မစိုက်ဘဲ အေးအေးဆေးဆေး ကော်ဖီဆိုင်လေး၊ ပေ့စ်စထရီ မုန့်အချိုဆိုင်လေး တနိုင်တပိုင် ဖွင့်ရင်ရော…၊ အဲဒါတော့ မဆိုးဘူးပဲ တွေးမိတယ်။ ပြီးတော့ အားချိန်လေးမှာ စာလေးဘာလေး ရေးပေါ့။ မချမ်းသာချင်ပါဘူး။ တစ်နေ့တစ်နေ့ စားဖို့ သောက်ဖို့နဲ့ သာရေးနာရေး လှူတန်းဖို့လေး၊ သေတဲ့အခါ သေဖို့ စားရိတ်လေး ရှိရင် တော်ပြီ မှတ်တာပဲ။ ဟိုးအရင်ကတည်းက ငွေရှာဖို့၊ ချမ်းသာဖို့ဆိုတာကို ဘယ်တုန်းကမှ စိတ်ထဲ မရှိခဲ့တာ။ ခုဆို ပိုတောင် ဆိုးသေး။ စိတ်ထားတတ်ရင် ချမ်းသာတာပဲ မဟုတ်ဘူးလား။ ငွေရှိပြီး စိတ်မချမ်းသာတဲ့သူတွေမှ အပုံအပင်။

အရင်ကဆို ပစ္စည်းလေးတစ်ခုခု ကွဲရှသွားရင် နှမျောနေတတ်တာ။ နောက်တော့ တရားအလုပ်လေး လုပ်ဖြစ်လာတဲ့အခါ နှလုံးသွင်းတတ်လာတယ်။ ကွဲတတ် ရှတတ်တဲ့ ပစ္စည်းလေးတစ်ခုခု ဝယ်လာပြီဆို အစကတည်းက စိတ်ထဲကနေ အကွဲအပျက်ကို ကြိုမြင်ထားလိုက်တယ်။ ကွဲတတ် ရှတတ်တဲ့ ပစ္စည်းပေပဲ၊ သူ့အချိန်တန်ရင် ကွဲမှာ ရှမှာပဲလို့ စိတ်က မှတ်ထားလိုက်တာပဲ။ ဒီတော့ တကယ်လည်း ကွဲရှရော ခံနိုင်ရည် ရှိသွားတယ်။ ဂေါ်ပြားနဲ့ အသေအချာ ကြုံးပြီး အမှိုက်ပုံးထဲ နှလုံးအေးအေးနဲ့ လွှင့်ပစ်တတ်သွားတယ်။

ဒီလိုပဲ ကိုယ်ချစ်ခင်တွယ်တာရတဲ့ သူတွေအပေါ် အပျက်အစီးကို ကြိုတွေးထားတတ်လာတယ်။ အထူးသဖြင့် မိသားစုဝင်တွေ၊ အိမ်ကလူနဲ့ ဆွေမျိုးတွေအပေါ်မှာ ဆိုပါတော့။ လူဆိုတာ သေမျိုးပဲ၊ လူတိုင်း သိကြတာပဲ။ သေမျိုးမို့ သေရတာ ဆန်းသလား၊ မဆန်းဘူး။ ဒါပေမဲ့ ဖြတ်ဖို့ခက်တယ်။ ကိုယ်ချစ်ခင် တွယ်တာတဲ့ သူဆို ပိုဆိုးသေး၊ ဘယ်တော့မှပဲ မသေနိုင်တော့ဘူးလိုလို စိတ်က မှတ်တယ်။
သူတို့တွေရဲ့ အသေကို ကြိုမြင်ထားလိုက်တယ်။ စိတ်ကူးထဲမှာ ခဏခဏ သေခိုင်းလိုက်တယ်။ တစ်နေ့သေမှာပဲ ဆိုတာကို သတိရတိုင်း တွေးပေးနေလိုက်တယ်။ ကိုယ်တိုင်လည်း ဒီလိုပဲ။ သေမှာပဲ၊ ဘယ်လိုသေမယ်သာ မသိတာ။ ဒီတော့ တကယ်ဖြစ်လာရင် ကြိုတွေးထားတဲ့အတိုင်း သေမျိုးမို့ သေတာပဲ မှတ်ယူနိုင်ရင် ခံစားရသက်သာမယ်။ ဒါပဲပေါ့။ ဒါပေမဲ့ ကျွန်မ သိပါတယ်။ တကယ်တမ်းရင်ဆိုင်ရတဲ့အခါ ထင်သလောက် လွယ်မယ် မဟုတ်ဘူး ဆိုတာ။ ဒါပေမဲ့ ခံသာမယ်။ အများကြီး ဖြေသာမယ်။ 

ကိုယ်သေရင်လည်း ကျောပူအောင်တောင် မထားစေချင်ဘူး။ မြန်မြန်သာ မီးရှို့ပစ်လိုက်၊ အေးတာပဲ။ အမျိုးစုံအောင် စောင့်တာတို့ ဘာတို့ လုပ်မနေနဲ့ ပြောထားရတယ်၊ အမျိုးဆိုတာက ကိုယ်သေလို့ မပုပ်ခင်သာ အမယ်လေး ဘာလေးအော်ငိုချင် ငိုမှာ၊ ပုပ်လာတာနဲ့ နှာခေါင်းရှုံ့တော့မှာ၊ အနားကပ်ရင် ကံကောင်းပဲ။ ဂူလည်း သွင်းမနေနဲ့၊ တစ်နှစ် တစ်ခါ လာလာ ပူဆွေး ရှင်းလင်း၊ ထုံးသုတ်၊ ပန်းစည်းလာချနဲ့ အဓိပ္ပါယ် မရှိဘူးလို့ ကျွန်မက ယူဆတယ်။ ကိုယ်ဟာ နောင်လာနောင်သားတွေအတွက် ဘာမှလည်း ကြီးကျယ်မြင့်မြတ်သော အမှတ်ရစရာမှ မဟုတ်ပေတာပဲ။

လူတစ်ချို့ကို ကြည့်ရတာ မောတယ်။ ဒါကြောင့် မကြည့်ဖြစ်အောင် နေတယ်။ သေချာတာက လူတစ်ဦးချင်းစီမှာ စံချိန်စံညွှန်း အတိုင်းအရှည်အတွက် မျဉ်းကြောင်းတစ်ကြောင်းစီ ရှိကြတယ်။ တစ်ဦးတစ်ယောက်ချင်းစီမှာ မတူကွဲပြားတဲ့ စွမ်းရည်တွေ ရှိကြတယ်။ ဒါကို မြင်ဖို့ပဲ လိုတယ်။ ဆိုပါစို့ ကိုယ်ဟာ အလုပ်ကို ပုံမှန်သွားတယ်၊ အလုပ်ချိန် နောက်မကျအောင် အမြဲ ကြိုးစားတယ်။ အလုပ်ကို ဝတ်ကျေတန်းကျေ တာဝန်ကျေ လုပ်တယ်။ ဟိုတစ်ကောင်ကတော့ ငပျင်း၊ အလုပ်ချိန် မမှန်ဘူး၊ အမြဲ နောက်ကျတယ်၊ အလုပ်မှာလည်း အိယောင်ဝါး၊ ဆေးခွင့်ဆိုလည်း အမြဲယူတတ်လွန်းလို့ သူ့တာဝန်တွေကို တစ်ခြားသူတွေက အမြဲ ခွဲဝေယူရလေ့ရှိတယ်။ ကဲ ဆိုတော့ကာ ဒီလိုလူမျိုးနဲ့ ယှဉ်ရင် ကိုယ့်မျဉ်းကြောင်းဟာ အလိုလို ပိုရှည်သွားတော့တာ၊ ပို ရှေ့ရောက်သွားတော့တာပေါ့။ ဒါမျိုးက ဖြစ်တတ်တယ်။ ကိုယ့်မျဉ်းကြောင်းအတို အရှည်၊ ရှေ့ရောက် မရောက်ဟာ ကိုယ့်ပတ်ဝန်းကျင် က ကောင်တွေနဲ့လည်း တစ်နည်းတစ်ဖုံ ပတ်သက်နေနိုင်သေးတယ်။ ဟော တစ်ချို့နေရာတွေမှာကျတော့ သူက ကိုယ့်မျဉ်းကြောင်းထက် ပိုရှည်ချင် ရှည်သွားနိုင်ပြန်တာပဲ မဟုတ်လား။

ဒါကြောင့် Multiple Intelligence ဆိုတဲ့ MI မှာ လူတစ်ယောက်ဟာ ဘက်စုံတော်နိုင်ဖို့ ခဲယဉ်းတယ်။ ရှိတော့လည်း ရှိတယ်။ ရှားမယ်ပေါ့။ အဲဒီအခါ စိတ်ထားတတ်ဖို့က လိုလာပြန်တယ်။ ကိုယ့်ထက်ညံ့တဲ့အခါ သနားပါတယ်ရယ်လို့ စုတ်သပ်နိုင်ပေမဲ့ ကိုယ့်ထက်သာလွန်နေတဲ့အခါမျိုးမှာ မုဒိတာပွားဖို့ အတော်ကို ခက်တာမျိုး။ သက်သက်သာသာစိတ်ထားနိုင်ရင် ချမ်းသာတာပဲ။ ကိုယ့်ထက်သာလို့ မအိပ်နိုင် မစားနိုင်၊ သူ့အကျိုး ပျက်စီးရာ ပျက်စီးကြောင်းချည်းတွေးနေလို့ကတော့ ကိုယ့်စိတ်ဓါတ်ကျရှုံးခြင်းရဲ့ အကြောင်းရင်းပဲ ဖြစ်မှာ။

ကျွန်မတို့ မြန်မာလူမျိုးတွေကိုက အရေပြားပါးတာပဲလား။ အထိမခံနိုင်ကြဘူး။ ဖေ့စ်ဘုတ်ပေါ်မှာ သွား ကြည့်လိုက်။ တစ်ခုခုဟေ့ဆို အဆဲလေးမှ မပါရင်၊ ဒေါသလေးနဲ့မှ မဖဲ့လိုက်ရရင် သမိုင်းပေး တာဝန်ကြီးပဲ မကျေတော့သလိုလို။ သူ့ ငါဆော်၊ ငါ့ သူဆော်နဲ့ ဝိုင်းကြီးပတ်ချာလည်နေကြတော့တာပဲ။ ဒီတော့ ရှေ့ မရောက်တော့ဘူးပေါ့။ ဘယ်နေရာမှာမဆို စိတ်အေးအေးထားပြီး စဉ်းစားတွေးခေါ်တာ မျိုး ဖြစ်စေ့ချင်တယ်။ နှစ်ဘက်မျှပြီး သမာသမတ်ကျကျ တွေးတတ်တာမျိုး ဖြစ်သင့်တယ်။ 

လူအတော်များများရဲ့ စိတ်ဓါတ်ဟာ ကိုယ်ရောက်နေတဲ့ ပတ်ဝန်းကျင်၊ ကိုယ့်ကို ထမင်းကျွေးနေတဲ့ အလုပ်အပေါ်မူတည်ပြီး စိတ်ဓါတ်တွေ အရောင်ပြောင်းသွားတတ်ကြတယ်။ ဒီနေရာမှာ လက်ကိုင်ထားဖို့က ကိုယ်ချင်းစာတရားပဲ။ သိပ်ရှင်းတယ်။ ကိုယ့်ကို ဒါမျိုးလုပ်ရင် ကြိုက်ပါ့မလား၊ ကိုယ်ကမှ ဒါမျိုး မကြိုက်ဘူးဆိုရင် သူများလည်း ကြိုက်မှာ မဟုတ်ဘူးဆိုတာ အသိသာကြီးရယ်၊ တွေးနေစရာတောင် မလိုဘူး။

မိဘတားမြစ်တာကို ဇွတ်လုပ်လို့ မိဘက သားသမီးကို သွေးထွက်သံယိုဖြစ်အောင် ဆုံးမတယ် ဆိုတဲ့ ပြက်လုံးဟာ ရယ်စရာတောင် မကောင်းတော့ဘူး။ မိဘနဲ့ သားသမီးဆိုတာရဲ့ ကြားမှာ ဆက်နွယ်မှု Bonding တစ်ခု ရှိတယ်။ ဒါကြောင့်လည်း ရင်ဝယ်သားဆိုတဲ့စကား ရှိခဲ့တာ။ ရက်ရက်စက်စက် မီးလောင်ဗုံးပစ်ခွဲပြီးမှ မိဘနဲ့ သားသမီးမို့ ဆုံးမတာဆိုတဲ့ ထန်းလက်နဲ့ကာတာတော့ အတော်လေး ဦးနှောက်မဲ့တာပဲ။

တစ်နေ့ကတော့ ရင်သွေးငယ်ကို မိခင်ရဲ့သားအိမ်အပြင်ဘက်မှာ ကိုးလထိအောင်ထားပြီး လစေ့မှ မွေးနိုင် တယ်ဆိုတာကို တီဗီက ပရိုဂရမ်တစ်ခုမှာ ကြည့်လိုက်မိတယ်။ အဲဒီအတိုင်းသာဆိုရင် မိန်းမတစ်ယောက်ဟာ တစ်နှစ်အတွင်းမှာ ကလေးတွေ ၁၂ယောက်လောက် မွေးနိုင်ပြီလို့ ယူဆရတာပဲ။ အသက်ကြီးမှ အိမ်ထောင်ကျတဲ့သူတွေအတွက် အားတက်စရာသတင်းပေပ။ ဒါပေမဲ့ နင်တို့ကို ငါက ကိုးလလွယ် ဆယ်လဖွားပြီးမှ မွေးခဲ့ရတာဟဲ့ လို့တော့ မပြောနိုင်တော့ပေဘူးပေါ့။ သားသမီးနဲ့ မိဘအကြား ဆက်နွယ်မှု သံယောစဉ် လျော့ပါးများ သွားမှာလားလို့လည်း တွေးမိပါသေးတယ်။

ဘာပဲပြောပြော ခေတ်ကြီးက ကြောက်စရာကောင်းလောက်အောင် တိုးတက်လာနေတာတော့ အမှန်ပဲ။ ဒီဇင်ဘာ၂၁ရက်နေ့ကလည်း ရောက်ဖို့ သိပ်မှ မလိုတော့တာပဲ။ ကမ္ဘာကြီး မပျက်နိုင်ပါဘူးလို့ အာမခံသူတွေက ခံနေကြတာပါပဲ။ စိတ်ပူတတ်တဲ့ စိနတိုင်းသားတွေကတော့ အစားအသောက် အခြောက်အခြမ်းတွေ၊ ဖယောင်းတိုင်တွေ ဝယ်ယူစုဆောင်းနေကြလေရဲ့။ တကယ်များ ကမ္ဘာကြီးပျက်လို့က ဖယောင်းတိုင်ထွန်းဖို့ အချိန်တောင် ရလိုက်မယ် မထင်ဘူး။ ကမ္ဘာကြီး မပျက်နိုင်သေးဘူးလို့ အာမခံသူတွေဆီကလည်း အင်ရူးဝါးရန့် ကလိန်းမ်ဖို့ အချိန်ရနိုင်မယ် မဟုတ်ပေဘူး။

ကိုင်း ဖြစ်ကာမှ ဖြစ်၊ ပျက်ကာမှ ပျက်ရောပဲ။ ကျွန်မတို့ ဘလော့ဂ်ဂါတွေလည်း လျှပ်စစ်မီးပျက်ကာမှ၊ ကီးဘုတ်မျိုးတုန်းကာမှ အရေးရပ်ကြပါစို့ရဲ့….။ အရေးကြီးတာက ကွဲတတ်ရှတတ် ဖျားနာတတ်တဲ့၊ အစိုးမရတဲ့ သဘာဝတရားကြီးကို နားလည်တတ်ဖို့၊ စိတ်ထားတတ်ဖို့နဲ့ ကိုယ်ချင်းစာတရားထားကြဖို့ပဲ မဟုတ်ဘူးလားရှင်….


ပန်းရိုင်းအကြွေ လေပြည်အပင့်

$
0
0

 (၁)
အပြင်မှာ ရာသီဥတုက ပူပြင်းလှသည်။ လူတွေအနားမှာ နေရတာက ပိုပြီးပူလောင်လွန်းသည်ဟု ငွေ ထင်သည်။ အထူးသဖြင့် ဖီးလိမ်းပြင်ဆင်ဝတ်စားထားသော လူ ပြိုးပြိုးပြက်ပြက်တွေကြားမှာ၊  အပေါ်ယံ စကားလုံးများကြားမှာ၊ ဇွန်းသံ ခက်ရင်းသံ၊ ရယ်မောသံတွေကြားမှာ။

“မမက အရင်အတိုင်းပဲ မပြောင်းဘူး၊ လှနေတုန်းပဲ သိလား”

အသံကြားရာကြည့်မိတော့ အလှူရှင်အစ်မ၀၀ကြီးကို ပဋိသန္တာရစကားဆိုနေသော ဧည့်သည် အမျိုးသမီး တစ်ယောက်။ ငွေကတော့ ဂုတ်ပိုးကြီးများ အစ်တက်နေသော လပြည့်ဝန်းလို မျက်နှာဝိုင်းဝိုင်းနှင့်အစ်မကြီးကို “မမ အရမ်းဝတာပဲ သိလား” ဟု ပြင်ပြောလိုက်ချင်မိသည်။ ငွေ့သူငယ်ချင်းတွေသာသိရင်တော့ “မှန်တိုင်းလည်း မကောင်းဘူး မိငွေ” လို့ ဆိုကြဦးမှာ။

အရင်ကတော့ လှချင် လှခဲ့ပါလိမ့်မည်။ သားသမီး ၃ ယောက်မွေးပြီးသော လူလတ်ပိုင်း မိန်းမတစ်ယောက်၊ သားသမီး ကိစ္စ၊ လင့်ကိစ္စနှင့် ချက်ရေး ပြုတ်ရေးတွေမှာပဲ ဘ၀တစ်ခုလုံး ပုံအောထားတဲ့ မိန်းမတစ်ယောက်ဟာ ဒီအသက်အရွယ်မှာ အလှအပနဲ့ ဝေးကွာနေတာ သဘာဝကျပါသည်။ ထိပ်လုံးလုံးလေးသာ ပေါ်လွင်သော နှာတံပြားပြားလေး၊ စေ့ထား လျှင် မျဉ်းဖြောင့်တစ်ကြောင်းလို နှုတ်ခမ်းပါးလေးနှင့် လှတာဆိုလို့ မျက်လုံးဝိုင်းဝိုင်းတွေသာရှိသော ထိုအစ်မကြီးသည် ငယ်စဉ်ကတော့ ငယ်ဂုဏ်နှင့်မို့ ဖြူဖွေးသန့်ပြန့်ကာ တင့်တယ်ခဲ့ပါလိမ့်မည်။

အစ်မကြီး၏ လည်တိုင်တွင် လည်ရေး သုံးရစ်မျှ ရှိခဲ့ပြီ။ မိတ်ကပ်ဖို့ထားသည့်ကြားမှပင် မှဲ့ခြောက်လို အစက်အပြောက် လေးတွေက ပါးတစ်ဖက်တစ်ချက်ပေါ်မှာ နေရာယူစပြုပြီ။ ခေါင်းထက်မှာ ငွေရောင်ဆံမျှင်လေးတွေ ဟိုတစ်ချောင်း၊ ဒီတစ်ချောင်း တွေ့နေရပြီ။ သေချာသည်မှာ ဟိုအရင် ငယ်စဉ်ကလို မလှပနိုင်တော့။

“စားကောင်းလား၊ အဆင်ပြေရဲ့လား ညီမလေး”

“ဟုတ် ဆီနည်းနည်းများပေမဲ့ စားလို့တော့ ကောင်းပါတယ်”

စားလို့ကောင်းပါတယ်ပဲ ပြောလိုက်လည်းရတဲ့ဟာ ငွေကိုက အထွန့်တက်ချင်သူ။ ငွေတို့အိမ်မှာက ဆီအသုံး နည်းသည်။ မေမေက အိမ်သားများ၏ ကျန်းမာရေးကို ဂရုစိုက်သည့်အနေနှင့် ဆီ၊ အချိုမှုန့်နှင့် ငံပြာရည်တွေ လျှော့သုံးတော့ ငွေတို့ ပါးစပ်တွေက အကျင့်ပါနေပြီ။ သို့သော် ဘယ်လောက်ပဲ ကျန်းမာရေးအတွက် အစားအသောက် ဂရုစိုက်စိုက်၊ သေမဲ့သူကတော့ အချိန်စေ့လျှင် သေမှာပဲဟု ငွေပြောတော့ မေမေက ငွေ့ကို လူ့ကန့်လန့်ဟု ဆိုသည်။

တကယ်ဆို ဒီလိုပွဲမျိုးတွေ ငွေ မတက်ချင်။ မေမေ မအား၍သာ လာခဲ့ရသည်။ ငွေက အပေါ်ယံတွေကို မုန်းသည်။ ရှေ့တွင် ချိုသာနေသလောက် ကွယ်ရာကျတော့ တင်းဆိုတတ်သည်မှာ လူ့သဘာဝဟု ဆိုလျှင် ထိုလူ့သဘာဝနှင့် ငွေသည် လုံးလုံးမှ အံမ၀င်။ သိမ်မွေ့ညင်သာဟန်ရှိလျှက် အမျက်သိုမှီးထားတတ်သော၊ ဒေါသတို့ကို မြိုချထားကာ ရေခပ်ကြုံမှ ပြန်တွယ်တတ်သော ပညာရှိများနှင့် ယှဉ်လျှင် ငွေက အမြဲလူဆိုးတစ်ယောက်ဖြစ်လေသည်။ အရှိအတိုင်း ဒဲ့ဒိုးပြောတတ်သော၊ ပွင့်လင်းသောငွေ့ကို အရိုင်းဟု ဆိုလာခဲ့လျှင် ငွေသည် မိမိကိုယ်ကို အရိုင်းဟု ကြေနပ်စွာ ခံယူမည်သာ။
(၂)

မေမေတိုက်တွန်းလွန်း၍ ငွေ ၁၀ရက် တရားစခန်း ၀င်ဖြစ်ခဲ့သည်။ စစချင်း ၂ရက်-၃ရက်မှာ ငွေ ဘယ်လိုမှ တရားမှတ် မရ။ ပထမရက်တွင် ခန္ဓာကိုယ်က ငြိမ်သက်စွာထိုင်နေလျှက် ငွေ့စိတ်တို့ ရုန်းကန်ပြေးလွှားနေကြသည်။ ဒုတိယရက်မှာတော့ ငွေ ဘယ်လိုမှ သည်းမခံနိုင်တော့။ အော်ဟစ် စကားပြောချင်လာသည်။ စင်္ကြန်လျှောက်လျှင် လည်း အမှတ်စိတ်စိတ်မှတ်နိုင်ရန် ခြေလှမ်းတို့ကို နှေးချ၍ မရ။ ပုံမှန်အတိုင်း လျှောက်တော့လည်း လျှောက်နေရုံသာ ရှိသည်။ အေးစက်ငြိမ်ဝပ်နေသော စင်္ကြန်လမ်းတစ်လျှောက် အော်ဟစ်ပြေးလွှားလိုက်ချင်စိတ်တို့က တားမရ ဆီးမရ နိုင်အောင် သူပုန်ထလွန်းနေတော့သည်။

ဘုန်းဘုန်းကို တရားလျှောက်ချိန်ကျမှ ဤသည်မှာ မူလစိတ်၏ ပင်ကိုယ်ဖြစ်ပြီး အငြိမ်မနေလိုသည့်စိတ်၏ သဘာဝ အရ ရုန်းကန်ဆန့်ကျင်နေကြောင်း၊ ခါတိုင်းလို လွင့်ချင်ရာ လွင့်နေခွင့်မရသော စိတ်သည် အရှု့ခံအာရုံအဖြစ်နှင့် ငါးကို ကုန်းပေါ်တင်ထားသလို ဖျတ်ဖျတ်လူးနေတာဖြစ်ကြောင်း မိန့်ဆိုခဲ့လေသည်။
စိတ်ထဲမှာပေါ်လာရင် ပေါ်လာတဲ့အတိုင်း သိပေး၊ မှတ်ပေးနေရမည်ဟု ဆိုသည်။ ပြေးချင်ရင် ပြေးချင်တယ်၊ အော်ချင်ရင် အော်
ချင်တယ် မှတ်။ စကားလုံးတင်မှတ်နေရမှာ မဟုတ်ဘဲ အရှု့ခံစိတ်ဖြစ်နေတာကို နောက်က မှတ်စိတ်လေးက သိ သိပေးနေရမှာ ဟု မိန့်ကြားလေ၏။

တရားစခန်းမှာ ၈ရက်၊ ၉ရက်နှင့် နောက်ဆုံးရက်များတွင်တော့ ငွေ့စိတ်တွေ အတော်အတန် အေးချမ်းငြိမ်သက်လျှက် ကစဥ့်ကလျားပြေးလွှားနေတတ်သော အကွပ်မဲ့စိတ်၏ ပရမ်းပတာသဘောကို အနည်းငယ်မျှ ရိပ်စားနားလည်မိခဲ့ပြီ။
နောက်အကြိမ်တွေမှာတော့ မေမေ မတိုက်တွန်းရပါဘဲ ငွေ့သဘောနှင့်ငွေ တရားစခန်းဝင်ဖြစ်ခဲ့ပါသည်။ ၀င်ဖြစ်ပြီးတိုင်းလည်း ရရှိခဲ့သော စိတ်နှလုံးအေးချမ်းမှုကို အတော်အတန် နှစ်ခြိုက်လျှက် တရား၏အရသာကို တမက်တမောရှိနေတတ်သည်။ ဘုန်းဘုန်းကတော့ ဤမျှနှင့် ရပ်မနေစေချင်။ တစ်မဂ် တစ်ဖိုရ်ပေါက် အားထုတ်ဖို့ရန် မိန့်တော်မူသည်။

ငွေကကျတော့ အမိုက်ပီပီ၊ ပုထုဇဉ်ဆိုသော ဥမ္မာ့တကောဘ၀မှာ မွေ့နေချင်သေးသူဖြစ်လျှက် လောကဓံဆိုသည် ကို မြည်းစမ်းနေချင်သေးသူသာ ဖြစ်လေသည်။ 
(၃)
ငွေ ရည်းစားစထားတော့ အသက် ၁၈နှစ်မှာ။ သူက ငွေတို့ကျောင်းကပါပဲ။ ငွေ့ကို “ဆံပင်အရှည်လေးထားပါလား” ဟု ချော့သလိုလေး ပြောကာ အထားခိုင်းသည်။

“ထားနိုင်ပါဘူး၊ အိုက်တယ်။ ဆံပင်ရှည်တဲ့ မိန်းကလေးတွေ သွားကြိုက်ပေါ့”

ငွေက ဒဲ့ဒိုးပဲ ပြန်ပြောသည်။ ငွေ လက်ဖျောက်တီးတတ်တာ၊ လေချွန်တတ်တာ၊ ခုန်ပေါက်အော်ဟစ်နေတတ်တာ၊ တဟားဟားအော်ရယ်တတ်တာတွေကို သူမကြိုက်ဘူးဟု ဆိုသည်။ သူကြိုက်တာ လိုက်လုပ်ပြနေရမှာ လား၊ ငွေကြိုက်တာ ငွေလုပ်ရမှာလားဆိုတော့ အဖြေက ရှင်းသည်။ “နဲနဲလောက်တော့ မိန်းကလေးပီသစမ်းပါကွာ” ဟု ညည်းသလို ပြောလာပြန်သည်။ ငွေသည် ငွေ့ပုံစံ၊ ငွေ့အချိုးအချိတ်နှင့် ငွေသာ ဖြစ်သည်။ “ငွေ့ကို ဒီပုံစံအတိုင်း၊ အရှိအတိုင်း လက်ခံနိုင်ရင် ဆက်လျှောက်ကြတာပေါ့” ဟု ငွေကဆိုတော့ သူ စိတ်ခုကာ အဆက်ဖြတ်သွားတော့သည်။

အသည်းကွဲလျှင် ငိုနေရတာမျိုးလား ငွေ မသိပါ။ ငွေကတော့ အော်ဟစ်ရယ်မောမိသည်။ တစ်ခါတစ်လေတော့လည်း သတိရနေမိတတ်ပါ၏။ ထိုအခါတွင် တရားနှင့်ဖြေနိုင်မည်လားဟု သတိရတမ်းတစိတ်ကို အသေအချာ ကြည့်မိသည်။ လွမ်းတယ်ဆိုတဲ့ စိတ်ကို အသေအချာရှု့မိသည်။ မျက်စေ့ကိုမှိတ်ကာ ဖြစ်နေသောစိတ်ပေါ်မှာ သတိလေးကပ်ကာ အာရုံ စိုက်ကြည့်မိတော့ အတော်အတန် တည်ငြိမ်သွားသလိုလို။ သူငယ်ချင်းတွေကိုတော့ ငါက နောက်ထပ် ဆယ်ခါလောက် အသည်းကွဲရင်တောင် ခံနိုင်ရည်ရှိနေဦးမှာဟု ပမာမခန့်ဟန်နှင့်ပြောကာ ပေါ့ပေါ့ပါးပါး ရယ်မော နေခဲ့လေသည်။
(၄)
ငွေ တစ်ယောက်တည်း ရုပ်ရှင်သွားကြည့်တယ်ဆိုတော့ ဖြူလေးတို့က တအံ့တသြ။

“ဘာဖြစ်လို့လဲ၊ ဒါ ရာဇ၀တ်မှုမှ မဟုတ်တာဘဲ၊ တစ်ယောက်တည်းကြည့်ရတာ ပိုတောင် အရသာရှိသေးတယ်။ နေကြာစေ့ တစ်ထုတ်လုံးကို တစ်ယောက်ထဲ စားရတာပေါ့” 

ငွေက ရယ်မောရင်းပြောတော့ လက်လျှော့ဟန်နှင့် ပခုံးတွန့်ပြကြသည်။ ဒါတောင် ငွေ ဆေးလိပ်စသောက်တတ် နေတာ သူတို့ မသိကြသေး။ လက်ရှိ ငွေ့ရည်းစားကို “ဆေးလိပ်ဖြတ်ရင် ဖြတ်၊ မဖြတ်ရင် ငွေပါလိုက်သောက်မှာ” ဟု ရွဲ့ပြောကာ တကယ် လိုက်သောက်ရင်းက သောက်တတ်သွားခြင်းပင်။

ချစ်စတုန်းက တစ်နေ့ မတွေ့ရလျှင် မနေနိုင်၊ ဖုန်းမဆက် စကားမပြောရလျှင် မနေနိုင်သောငွေသည် ရည်းစားသက်တမ်း ၆လခန့်လွန်သော် အနည်ထိုင်သွားခဲ့ပြီ။ အတူတူ အအေးဆိုင်ထိုင်ကြခိုက် ချစ်သူ့မျက်နှာကို အသေအချာကြည့်ရင်းက အပြစ်အနာအဆာတို့ကို မြင်တတ်လာသည်။ ငွေဟာ အပေါ်ယံကို ကြည့်တတ်သူလားဟု ကိုယ့်ကိုယ်ကို သံသယ၀င်နေတုန်း မှာပင် သူ့ခြေဖမိုးပေါ်ပြုတ်ကျသော ငွေ့ပိုက်ဆံအိတ်ကို ပြန်ကောက်ရာက သူ့ခြေသည်းများကို သတိထားမိသွားလေ သည်။ ခြေသည်းအရှည်တွေကို ညှပ်မထားသော၊ ထိုခြေသည်းများကြားတွင် ချေးများရှိနေသော သူ့ ခြေချောင်းများကို ငွေ ဘယ်လိုမှ မနှစ်မြို့နိုင်ပေ။ နောက်တစ်လခန့်အကြာမှာ ဘာအကြောင်းပြချက် မယ်မယ်ရရမှ မရှိပါဘဲ ငွေ သူ့ကို အဆက်ဖြတ်လိုက်တော့သည်။  ငွေ ဟန်ဆောင် မချစ်ချင်ပါ။ စိတ်ထဲက ဘယ်လိုမှ ရှေ့ဆက်မရနိုင်တော့သည်ကို ဘာဆင်ခြေမှလည်း ပေးနေဖို့မလိုအပ်ဟု ငွေ ယုံသည်။  

သည့်နောက်တော့ ငွေ့ဆီက ပိုက်ဆံ ခဏခဏချေးတတ်သော၊ လူရှေ့သူရှေ့မရှောင် နှာခေါင်းကို ခဏခဏ နှိုက် နေတတ်သော၊ ခေါင်းမှန်မှန်မလျှော်၍ ခေါင်းချွေးနံ့ အမြဲနံနေတတ်သော အနှီယောကျာ်းများနှင့် ချစ်လက်စ မမြဲခဲ့ပြန်။ ငွေ့သူငယ်ချင်းတွေက ငွေ့ကို ဇီဇာကြောင်သူ၊ မယောင်ရာ ဆီလူးသူဟု ရှေ့တင်မှာပဲ ပြစ်တင်စကား ဆိုကြသည်။ ဒါတွေဟာ ပြုပြင်ရနိုင်သောအရာများဖြစ်ပြီး အရေးကြီးတာက ငွေ့အပေါ် တစ်ကယ် ချစ် မချစ်ဆိုတာပဲဟု ငွေ့ကို သင်ကြားကြသည်။ ငွေ မသိ မဟုတ်၊ သိပါသည်။ သို့သော် သူတို့က ချစ်လျှင်တောင်မှ ငွေက နှစ်နှစ်ကာကာ မချစ်နိုင်တာ ခက်လှသည်။

အကယ်၍သာ တစ်စုံယောက်က ငွေလှိုင်းအိဆိုတဲ့ မိန်းမဟာ အချစ်ဆိုတာကို ခုထိ နားမလည်သေးသူပါဟု ကောက်ချက် ချလာလျှင် ငွေ ရယ်မြူးရိပ်နှင့် ၀န်ခံမိဦးမည်သာ။


အချစ်သည် ဘ၀ကောင်းကင်ကြီးထဲမှ ကြယ်ကလေးတစ်လုံးမျှသာဟု ငွေက ထင်သည်။ သို့စေကာမူ ကြယ်မစုံသော ကောင်းကင်သည် မည်သို့မျှ ပြီးပြည့်စုံခြင်း မရှိနိုင်။ သို့သော် ငွေသည် ကြယ်ကလေးတွေထက် ဘ၀ကောင်းကင်ကြီး ၏ အဓိပ္ပါယ်ကိုမှ သိချင်မိသည်။

ဘ၀တစ်ခုကို အချိန်နှင့်တိုင်းတာသည်ဆိုလျှင် ငွေ့အချိန်တွေကရော တစ်ဖြည်းဖြည်းနှင့် နေရင့်သလို ရင့်လာနေ ပြီလား။ ငွေဟာ သည်လိုနှင့်ပဲ ဘ၀တစ်ခု သေဆုံးလွန်မြောက်ရတော့မည်လား။ အချည်းနှီးတော့ ငွေ သေဆုံး မသွားချင်၊ တစ်ခုခုတော့ သိရမှဖြစ်မည်။ ကြယ်ကလေးတွေ အကြောင်းပဲ ဖြစ်စေ၊ ဘ၀ကောင်းကင်ကြီး အကြောင်းပဲ ဖြစ်ပါစေပေါ့။
(၅)
ငွေ ခေါင်းတုံးကာ သီလရှင်ဝတ်လိုက်တော့ ငွေ့ သူငယ်ချင်းအရင်းကြီးတွေပင် အံ့သြကုန်ကြသည်။ “လောကကြီးကို တစ်ကယ်ပဲ ငြီးငွေ့တယ်ပေါ့လေ” ဟု ခနဲ့တဲ့တဲ့စကားနှင့် လှောင်ကြသည်။ ငွေ့မျက်နှာအတည်အတန့်ကို တွေ့မှ အရှိန်သတ်လျှက် ဆရာလေး ဘယ်လောက်ကြာကြာဝတ်မှာလဲ ဘုရား” ဟု မေးဖော်ရသည်။  သီလရှင်ဝတ်တိုင်း လောကကြီးမှာ မနေပျော်လို့၊ အပူသည်မို့လို့ ၀တ်တာဟု အထင်ရှိနေကြသူတွေကို ငွေ ထူးပြီး အံ့သြမနေတော့။ လူတွေသည် လူလိုသာ တွေးကြပေမည်။

တနင်္ဂနွေသမီးမို့ ငွေ့ကို မဧသုဝတီဟု ဘွဲ့ချီးမြှင့်ကာ ဆရာကြီး၏နှုတ်မှ မဧသုဝတီဟု ၃ကြိမ်ခေါ်တိုင်း ငွေက ဘုရားဟု ၃ကြိမ် တိုင်တိုင် ပြန်ထူးရသည်။ ဆရာကြီးသည် ၁၂နှစ်သမီးကပင် စာသင်ကျောင်းမှာ မပျော်ဘဲ သီလရှင်ဝတ်ပေး ဖို့သာ မိဘတွေကို ပူဆာခဲ့ပြီး  စာသင်ကျောင်းမှ သီလရှင်ကျောင်းသို့ မကြာခဏ ထွက်ပြေးသွားလေ့ရှိသည်ဟု ဆိုသည်။ ငယ်ဖြူမို့ ဘ၀မှာ ငွေတို့လို အချစ်တွေ၊ အမုန်းတွေ၊ ရည်းစားသနာကိစ္စတွေနှင့် ကင်းရှင်းခဲ့သူ။ သို့တိုင်အောင် မေမေပြောထားသည်ထင့်၊ ဆရာကြီးသည် ငွေ့အချစ်ကိစ္စများကို သိနေကာ အခါအခွင့်သင့်သလို ဆုံးမစကား ဆိုရှာသည်။

“မဧသုရဲ့ ချစ်တာတွေ၊ မေတ္တာတွေကတော့ ဟုတ်ပါပြီ။ ချစ်သူတွေ့လို့ အိမ်ထောင်ပြုတာက ဟုတ်ပါပြီ။ ချစ်ကြပြီဆိုရင် အဲဒီမှာပဲ ရပ်မထားနဲ့၊ ဆက်တွေးကြည့်။ လူတွေအများစုက အိမ်ထောင်ပြုတော့မယ်ဆိုရင် ပျော်ရွှင်စွာပေါင်းဖက်ကြ လေသည်မှာပဲ ရပ်ထားတတ်ကြတာ။ တစ်ကယ်က ဆက်တွေးကြည့်ရမှာ။ ရိုးရိုးလေးပဲ တွေး၊ လက်ထပ်ပြီး နှစ်ပေါက်တော့ ကလေးရ၊ တစ်ယောက်ကနေ နောက်ထပ်တစ်ယောက်။ ပြီးပြန်တော့ ကလေးတွေနဲ့ မိသားစုကြီး ဖြစ်လာ၊ စားဝတ်နေရေးအတွက်၊ ကလေးတွေ နောင်ရေးအတွက် ရှာရ ဖွေရ၊ ဒီကြားထဲ ယောကျာ်းနဲ့ မိန်းမ သဘာဝကိုက မတူတာတွေအတွက် ညှိယူကြရ၊ နှစ်ဘက်မိသားစုအရေးလည်း ကြည့်ရနဲ့ ဘ၀ကြီးထဲ ရုန်းရ ကန်ကြရ တော့မှာ။ အို ဒါဟာ ဘ၀ရဲ့ အဓိပ္ပါယ်ပဲ၊ ဘ၀ရဲ့စိမ်ခေါ်မှုပဲလို့ ခံယူပြီး ရဲရဲကြီးကူးခတ်ရဲရင်တော့ ကူးကြပေါ့။ အိမ်ထောင်ပြုကြပေါ့။”

“ဆရာကြီးပြောချင်တာက အိမ်ထောင်မပြုရဘူးလို့ မဆိုလိုပါဘူး။ အိမ်ထောင်ပြုပြီးလို့ အတူနေကြရင် ရှေ့လျှောက် ပျော်စရာ၊ ကြည်နူးစရာတွေချည်းပဲလို့ တွေးမထားစေချင်တာ။ ရုန်းကန်စရာ၊ စိတ်ညစ်စရာ၊ လက်လျှော့ အရှုံးပေး ချင်စရာတွေလည်း အသင့် စောင့်ချင်စောင့်နေကြမှာ။ ဒါကို ပြင်ဆင်ထားကြဖို့ပဲ။ အိမ်ထောင်မပြုခင်ကတည်းက ရှေ့ကြုံလာနိုင်တာတွေကို လက်ခံကျော်လွှားနိုင်ဖို့ ပြင်ဆင်ထားဖို့ပဲ။ လောကဓံကြီးဟာ အချိုတွေချည်းပဲ ချမကျွေးဘူး၊ အခါးကလေးနဲ့ နှစ်ပင် လိမ်ကျွေးတာ။ အင်း တစ်ကယ်က အခါးတွေကတောင် ပိုများဦးမှာပါ မဧသုရယ်” ဟု ရှည်လျားစွာပင် ဆုံးမစကား ဆိုလေသည်။

ငွေသည် ဒါတွေကို ဆရာကြီး ဘယ်လိုများသိပါလိမ့်ဟု အံ့သြချင်သလို၊ ငွေကိုယ်တိုင်တောင် အဲဒီလို တစ်ခါမှ မတွေးမိဟု ၀န်ခံရသည်။ ရက်ပေါင်း (၃၀) သည် ငွေထင်ထားသည်ထက် ပိုမို လျှင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
သီလရှင်ထွက်စ၌ ကြည်လင်ငြိမ်ဝပ်နေသောစိတ်နှင့် သတိတရားလေး လက်ကိုင်ထားလျှက်ရှိရာက အတန်ကြာသော် ငွေသည် ကျည်တောက်မှလွတ်သော ခွေးမြီးလို ကောက်မြဲကောက်လျှက်၊ သွားမြဲ လာမြဲ၊ ပျော်မြဲပင်ဖြစ်တော့သည်။

တစ်ခါတစ်ရံ ဘုန်းကြီးကျောင်း ဆွမ်းချိုင့်ပို့သွားတတ်သော ငွေ့ကို မြန်မာထမီလေးနှင့်၊ ဥပုဘ်နေ့များတွင် ၈ပါး သီလ စောင့်သည်ကို တွေ့ကြရပြီး တစ်ခါတစ်ရံတွင်မူ ပါတီတွေမှာ ဂျင်းပန်န်နှင့် ခုန်ပေါက်ကနေတတ်သော ငွေ့ကို လည်း တွေ့နိုင်ပြန်လေသည်။   

သူငယ်ချင်းတွေက “မိငွေ နင်ဟာ ဘုန်းကြီးသရဲ၊ အတော်ကျွတ်ဖို့ခက်မဲ့ မိန်းမ”ဟု ငွေ့ကို ဖဲ့ကြ၊ ဟားတိုက်ကြသည်။ ငွေကတော့ ပြုံးနေရုံသာ။
(၆)
ဦးဦးနှင့်တွေ့တော့ ဒါ နောက်ဆုံးအချစ်ပဲဟု စိတ်ချလက်ချရှိကာ “လက်ထပ်တော့မယ်” စိတ်ပိုင်းဖြတ်မိသည်။ ငွေနှင့် ၁၆နှစ်တိတိကွာသော ဦးဦးသည် ကလေးတစ်ယောက်အဖေ တစ်ခုလပ်ဖြစ်ကာ အောင်မြင်နေသော ဆောက်လုပ်ရေး လုပ်ငန်းကြီးတစ်ခုကို ဦးဆောင်ပိုင်ဆိုင်သူ ဖြစ်သည်။

ငွေ့ကို ကလေးဟုခေါ်တတ်သော ဦးဦး၏အသံသည် ငွေ့အသွေးအသားတို့၌ ပျော်ဝင်လည်ပတ်သည်။ ငွေ့ဆံနွယ်လေးတွေကို တယုတယသပ်မြှူလေ့ရှိသော ဦးဦးလက်ဖ၀ါးလေးတွေကို ငွေ့ရင်ခွင်ထဲ မြတ်နိုးလွန်းလှစွာ ပွေ့ထားလိုက်ချင်သည်။ တရံတဆစ်၌ “ကလေး လာ ဦးဦးပေါင်ပေါ်ထိုင်” ဟု ညင်သာစွာ ပွေ့ချီထားတတ်သော ဦးဦးအတွေ့၌ ငွေ မူးမေ့မတတ် ဖြစ်ရသည်။ ဦးဦးအတွက် ဖျော်ပေးသော ကော်ဖီတစ်ခွက်ကို အဆင်ပြေ မပြေ ဇွန်းဖျားလေးနှင့် မြည်းစမ်းကြည့်ခြင်း၌ပင် အချစ်တို့ ပါဝင်ဖျော်စပ်လျှက် ငွေ့အခါခပ်သိမ်းတို့ အချစ်နှင့် ကျွမ်းဝင်တော့သည်။

လက်ရှိတစ်ဘ၀ထဲ၌ နှစ်ကိုယ်ခွဲလိုက်သလိုပင်၊ ယခင်က ငွေအဟောင်းကို မြွေအရေလဲသည့်ပမာ စွန့်ပစ်ခဲ့ပြီး ဦးဦးကြောင့် အသစ်မွေးဖွားလာသော ငွေသည်သာ သက်ဝင်အရုပ်တစ်ရုပ်ပမာ အားနှင့်အင်နှင့် လူးလွန့်လှုပ်ရှားသည် ထင်တော့၏။

ပြောင်းလဲသွားသောငွေ့ကို သူငယ်ချင်းများက အံ့သြကြသည်။ ငွေ ဆေးလိပ် မသောက်တော့။ ဖိနပ်ကို ဘယ်ညာယှဉ်၍ ညီညာစွာ ချွတ်ထားတတ်ပြီ။ မိန်းမဆန်စွာ အိနြေ္ဒရရလေး ပြုံးရယ်တတ်ပြီ။ မေမေ့ဆီကနေ ဟင်းချက်နည်းတွေ စတင် သင်ယူနေခဲ့ပြီ။ အရင်ကလို အံဆွဲများကို ခြေနှင့်ကန်ပြီး မပိတ်တော့၊ ထမီကို ခြေနှင့်ခတ်၍ ကွင်းလုံးပုံ မထား တော့ဘဲ ကုတင်ခြေရင်းက တန်းကလေးပေါ်မှာ သပ်ရပ်စွာ လွှားတင်ထားတတ်ပြီ။ ယောက်ျားရှပ်အင်္ကျီတွေကို မီးပူ ကျကျနန တိုက်တတ်နေလေပြီ။

ငွေသည် ဦးဦးဘေးမှာ မိန်းမရင့်မာကြီးတစ်ယောက်လို အရာဝင်ချင်လှသေးသည်။ လူတွေကို ငွေနှင့် ဦးဦးအသက်ချင်း သိတ်မကွာဟု မြင်စေလိုရာ ငွေ့အ၀တ်အစား အပြင်အဆင်၊ နှစ်သက်မှုတို့ကား ငွေမသိလိုက်ခင်မှာပင် ပြောင်းလဲသွားတော့သည်။ အရောင်ရင့်ရင့်မှိုင်းမှိုင်းတွေ ရွေးဝယ်တတ်လာသည်။ ဆံပင်တိုလေးကို ရသမျှ စုချည်ထားတတ်သည်။ 

နားရွက်ဘေးမှာ ဆံပင်အတိုအစလေးတွေ ကပိုကရိုထွက်နေသည့်ငွေ့ပုံကို ဦးဦးက ချစ်စရာဟုဆိုကာ ဓါတ်ပုံရိုက်ပေး ဖူးသည်။ ဦးဦးငြင်းနေသည့်ကြားမှ ဘေးနားက ဖြတ်သွားဖြတ်လာတစ်ယောက်ကို အကူအညီတောင်းကာ ဦးဦးနှင့် နှစ်ယောက်တွဲ တစ်ပုံရိုက်ဖြစ်ခဲ့သေးသည်။ ဓါတ်ပုံရိုက်ရမှာရှက်တတ်သော ဦးဦးက ပုံထဲမှာ လူငယ်လေးတစ်ယောက် လို ရှက်တက်တက်နှင့်၊ မျက်လုံးများက ကင်မရာကိုမကြည့်ဘဲ ငွေ့ကို စွေကြည့်နေပုံ ဖြစ်လေသည်။

ဦးဦးမှာ သမီးလေးတစ်ယောက်ရှိသည်ကို သိကာ “နင့်ဟာက Buy one၊ get one free ကြီးပါလား ငွေရဲ့” ဟု ပြစ်တင်သလိုလိုပြောခဲ့သော ငွေ့သူငယ်ချင်းများနှင့် ဦးဦးကို တစ်နေ့မှာ တွေ့ဆုံ မိတ်ဆက်ပေးလိုက်သည်။ သဘောကောင်း၊ မျက်နှာချိုရွှင်ကာ ငွေ့ကို ချစ်ပုံ အလိုလိုက်ပုံရသော ဦးဦးကို တစ်ခါတွေ့ရုံနှင့် အားလုံးက ကန့်ကွက်မဲမရှိ သဘောတူကြလေသည်။
ဖေဖေ မေမေတို့ကတော့ ဦးဦးဟာ တစ်ခုလပ် ကလေးတစ်ယောက်အဖေဖြစ်နေတာထက် နောက်ကြောင်းရှင်းပြတ်ရင် ပြီးတာပဲ ဆိုကြသည်။ သူတို့၏သမီးဆိုးလေးကို အုပ်ထိန်းသူအသစ်ထံ လွှဲပြောင်းပေးအပ်သလို ခံစားကြရကာ ငွေ့အတွက် ဒီလို လူကြီးဆန်တဲ့သူနဲ့မှ ဖြစ်မယ်ဟု စိတ်ချလျှက်ရှိကြသည်။ ငွေ့အတွက်မူ ၉နှစ်အရွယ် ဦးဦးသမီး ကလေးနှင့်လည်း အဆင်တပြေရှိလှလေ၏။ သီလရှင်ဝတ်စဉ်က ဆရာကြီး၏ ဆုံးမစကားတို့ ငွေ့နားမှာ ပြန်ကြားကာ ပြုံးမိသေး သည်။ လောကဓံ သည် ငွေ့ရှေ့မှာ မားမားကြီး ကြိုစောင့်လျှက်ရှိသည်။ ဦးဦးသာ ငွေ့အနားမှာရှိပါစေ၊ ဘာပဲဖြစ်ဖြစ် ငွေ ရင်ဆိုင်မည်။ ငွေ ဆုံးဖြတ်ပြီးပြီ၊ ငွေ ဦးဦးကို လက်ထပ်တော့မည်။ ဒီတစ်သက်လုံး ဦးဦးအနားမှာပဲ ငွေ နေတော့မည်။
(၇)
“ဒီတော့  ဦးဦးက ဘာပြန်ပြောလိုက်လဲ”

“ဒါ ကိုယ် လက်ထပ်တော့မဲ့ မိန်းကလေးပါ မမစိုး လို့ ပြောလိုက်တာပေါ့ ကလေးရဲ့”

“အင်း ဒီတော့….”

“မမစိုးက ငိုတယ်”

ဦးဦးထံမှ စကားသံ ခဏမျှ တိတ်သွားလေသည်။ ပြဿနာက ဦးဦးနှင့်ငွေ တွဲရိုက်ခဲ့သော ဓါတ်ပုံလေးမှ စလေသည်။ မမစိုးသည် တစ်လမှာ တစ်ခေါက်တော့ သမီးထံ လာတွေ့လေ့ရှိကြောင်း ဦးဦးပြောပြဖူး၍ ငွေ သိထားပါသည်။ ဦးဦးသမီးကလေးမှာ ကလေးပီပီ ဘာရယ်မဟုတ် သူ့အမေ မမစိုးကို ထိုဓါတ်ပုံ ပြမိပါလိမ့်မည်။ ဒါကို ငွေ ဂရု မစိုက်ပါ။ မမစိုးအနေနှင့် ခုမှပဲ လွတ်တဲ့ငါး ကြီးနေတာကိုသာ ငွေ အံ့သြမိရသည်။ တကယ်တော့ လွတ်တဲ့ငါးတောင် မဟုတ်ပါ။ သူ မလိုချင်၍ တမင် လွှတ်ချခဲ့ပြီးကာမှ ကောက်ရသူလက်ထဲက ပြန်လိုချင်နေတာတော့ တဆိတ်လွန်လွန်းလှသည်။

“ဦးဦးသဘောကရော ဘယ်လိုလဲ”

ငွေ သိနေလျှက် တမင် မေးလိုက်ခြင်းရယ်ပါ။

“ဦးဦးက ကလေးကိုပဲ ယူမှာ”

လုံလောက်ပြီ။ ငွေ့အတွက် ဦးဦးစကားတစ်ခွန်းကသာ အရာရာ။ ကျန်တာတွေ ဘာကိုမှ ငွေ မတွေးချင်တော့။ ဒီစကား တစ်ခွန်းနဲ့ပဲ ငွေ ရှင်သန်နေနိုင်သည်။ ဦးဦးပါးကို ဖွဖွလေးမွှေးပြီး ငွေ ဦးဦးကို ကျောခိုင်းထားရစ်ခဲ့ချိန် လမ်းမပေါ်မှာ လမ်းမီးတွေတောင် လင်းနေခဲ့ပြီ။

အပြန်လမ်းတစ်လျှောက် ငွေ့ခြေလှမ်းတို့ လေးလံလွန်းနေကာ ငွေ့စိတ်တို့မှာ မဲညိုသောကောင်းကင်နှင့်အပြိုင် ညစ်ညူးစွန်းထင်းလျှက်ရှိသည်။ ညနေခင်းလေနုအေးတို့သည် ငွေ့ရင်ကို မအေးမြစေနိုင်။ ဦးဦးကို ငွေ ချစ်ပေမဲ့ ယောက်ျားတစ်ယောက်ကို မိန်းမနှစ်ယောက် ယှဉ်လုရမှာ ငွေ ရှက်ပါသည်။ သားတရားစီရင်ခန်းလို ပိုချစ်သော မိခင်ရင်းက လက်လွှတ်ကြေးသာဆို ငွေကသာ လက်လွှတ်ပေးလိုက်ချင်သည်။ သို့သော် ဦးဦးနှင့် ဒီတစ်သက်လုံး ဝေးကြဖို့ရာ အတွေးနဲ့တင် ရင်ထဲဆို့နင့်လာကာ တစ်ဘက်ကကြည့်တော့လည်း မမစိုးအပေါ် မိန်းမသားချင်း စာနာစိတ်လေးက ခေါင်းပြူထလျှက် ရှိလေ၏။ ဒီဘ၀မှာ ဒီလင်၊ ဒီသား၊ ဒီမိသားစုနဲ့ သူ့ခမျာ နေချင်ရှာပေလိမ့်မည်။
 (၈)
ဘာကိုမှ မဆုံးဖြတ်နိုင်ခင်မှာ ဘုရားရိပ်သို့ ဒုတိယအကြိမ် ဘုရားသမီးတော်အဖြစ် ငွေ ခိုလှုံမိပြန်သည်။ ငွေလှိုင်းအိမှ မဧသုဝတီအဖြစ် ပျော်သလောက်နေဦးမည် စိတ်ကူးသည်။ ညစ်ညူးနေသော စိတ်တို့ကို စိတ်နှင့်ပင် စင်ကြယ်စေရဦးမည်။ ဒီကြားထဲ ငွေ အရာရာကို မေ့ထားလိုက်ချင်ပါသည်လေ။

မေမေကတော့ ငွေ့တိုးတိုးဖော်အဖြစ် ငွေ့ရင်ထဲ တိုက်ရိုက်မြင်ရှာသည်မို့ ဘာမှ ၀င်မပြောပေ။ မိန်းမသားချင်းမို့ “သူတို့ မိသားစုလေး ပြန်ပေါင်းကြပါစေကွယ်” လို့တော့ မဆိုသာ ဆိုသာ ၀င်ပြောလာရှာသည်။ ငွေ့မှာသာ ဘာဆုံးဖြစ်ချက်မှ မကျနိုင်ဘဲ ရုတ်တရက် သီလရှင် နောက်တစ်ကြိမ် ၀တ်ပစ်လိုက်တာဖြစ်သည်။ ဒီတစ်ခါတော့ လူတွေ နားလည်ထားကြသလို အပူနှင့်မို့ အေးရာအေးကြောင်း တရားရိပ်ခိုမိတာ ငွေ ၀န်ခံလိုပါသည်။

မနက်ဆို အိပ်ရာမှ အစောကြီးထကာ ဆရာကြီးနှင့်အတူ ဘုရားကန်တော့ ၀တ်တက်ကြသည်။ ဆွမ်းချက်ကာ မြတ်စွာဘုရားအား အရုဏ်ဆွမ်းတော် ကပ်ကြသည်။ ကျောင်းဝင်းအတွင်း ပုရ၀ုဏ်တစ်ခုလုံးကို တံမြက်စည်း လှဲကျင်း၊ ပြီးလျှင် ဆရာကြီးအတွက် ချိုးရေ ဖြည့်ပေးသည်။ ဒါ မဧသုဝတီ၏ နေ့စဉ် နံနက်ပိုင်းအလုပ်တွေ ဖြစ်သည်။ ဘယ်သူကမှ မခိုင်းသော်လည်း အလုပ်နှင့်လက် မပြတ်ခြင်းဖြင့် ငွေ့စိတ်တို့ကို ပစ္စုပ္ပန်တွင်သာ တည်စေခြင်းပင်။

အနီးအနားရပ်ကွက်တွေထဲ ဆန်ခံထွက်လျှင်လည်း ငွေ ပါသည်။ ဆန်ခံထွက်ခြင်းမှာ ပင်ပန်းလွန်း၍ ငွေ့လို ဖြူဖျော့ဖျော့ကို ဆရာလေးများက မလိုက်စေချင်ကြ။ မည်သို့ပင် အားတင်းကာ ဇယ်ဆက်သလို အလုပ်တွေ လုပ်နေသော်ငြား ငွေ့ခန္ဓာ က မလိုက်နိုင်။ တကယ်တော့ ငွေ ပင်ပန်းလှပြီ။ ည ညကျ အိပ်ရေးမ၀၊ နေ့ဘက်ကျ ပင်ပန်းစေကာမူ ခိုင်းနွားနှင့် တူသောခန္ဓာကို ငွေက တယ်မညှာချင်။

တစ်နေ့တော့ သဘက်ကလေး ခေါင်းပေါ်တင်ကာ ဆန်ခံနေရင်း လက်ထဲမှ မောင်းထောင်ချိုင့်လေး လွတ်ကျသည်အထိ ငွေ့ခေါင်းထဲ မိုက်ကနဲဖြစ်ကာ ချာချာလည်လာသည်မို့ ဆရာလေးများနှင့် ဆက်မလိုက်နိုင်တော့ဘဲ ကျောင်းသို့ ခပ်ဖြည်းဖြည်း ပြန်လျှောက်လာရသည်။ ကျောင်းရောက်သော် ခုတင်ပေါ်လှဲရင်း မျက်စေ့စုံမှတ်ထားလျှက်က ဘယ်လိုမှ မနေနိုင်၊ မျက်နှာကျက် တစ်ခုလုံးချာလည်နေကာ ရှုဆေးလည်းမကယ်နိုင်အောင် မူးမိုက်နေတော့၏။ နောက်တော့ ရုတ်တရက် မှောင်အတိကျကာ ငွေ ဘာကိုမှ မသိတော့။

ငွေ သတိပြန်ရလာသော် ပထမဦးဆုံး မြင်ရသည်က အပေါ်က စီးမိုးကြည့်နေသော မျက်ရည်များနှင့် မေမေ့မျက်နှာ။ ပြီးတော့ မေမေ့ဘေးမှာ စိုးရိမ်ပူပန်သောမျက်နှာများနှင့် ဆရာလေးများ။ ငွေ မေမေ့ကို အားတင်းကာ ပြုံးပြလိုက်မိသည်။

“ဒကာမကြီး ဘာမှ စိတ်မပူပါနဲ့နော်၊ ဆရာလေး အားနည်းလို့ နေမှာပါ။ နားလိုက်ရင် ကောင်းသွားမှာ”

မေမေက ဘာမှ ပြန်မပြောဘဲ ငွေ့ဆံစများကိုသာ ပွတ်သပ်လျှက် မျက်ရည်ကျလို့နေသည်။

“ကဲ ဒကာမကြီး ညနေ သိတ်မစောင်းခင် ပြန်တော့နော်၊ တော်ကြာ အိမ်မှာ ဒကာကြီး စိတ်ပူနေဦးမယ်”

“ဆရာလေးတို့ သမီးကို တပည့်တော် ပြန်ခေါ်သွားချင်လို့ ရမလားဘုရား”

မေမေသည် ငွေ့ကို ဘာမှ ပြန်ပြောမနေဘဲ ဆရာလေးများကိုသာ သူလိုချင်သည်ကို ဦးတိုက်လျှောက်လေသည်။

“ဟင့်အင်း ဆရာလေး လူမထွက်ချင်သေးပါဘူး ဒကာမကြီးရယ်၊ ပျော်သလောက်တော့ နေဦးမယ် စိတ်ကူးတယ်”

ဆရာလေးများ ဘာမှပြန်မဖြေနိုင်ခင် ငွေကပင် ဦးအောင်ဖြေနှင့်သည်။

“သမီး ငွေ… နေလည်း ကောင်းတာမဟုတ်ဘဲနဲ့ကွယ်၊ နေကောင်းတော့ ထပ်ဝတ်တာပေါ့နော်”

ငွေကဘယ်လိုပင် ဆရာလေးနှင့် ဒကာမကြီးပဲ သံယောစဉ်ဖြတ်ကာ ခေါ်သော်လည်း မေမေကတော့ မေမေနှင့် သမီးပဲ ရည်ညွှန်းပြောဆိုနေတော့သည်။ မေမေလောင်ကျွမ်းနေသော သမုဒယမီးမှာ ပူလောင်လွန်းလှပေစွ။

“ဆရာဝန်ကလည်း နားလိုက်စေချင်တယ်၊ သမီးက ငယ်ငယ်လေးထဲက နှလုံးအားလည်း မကောင်း၊ သွေးအားနည်းတဲ့ ရောဂါလည်း ရှိနေတာလေ နော် သမီး၊ မေမေနဲ့ ပြန်လိုက်ခဲ့နော်”

ငွေ့မှာ သွေးအားနည်းသည့်ရောဂါ၊ နှလုံးအားနည်းသည့် ရောဂါအခံရှိတာကိုတော့ ငွေ ငယ်ငယ်ကလေးထဲက သိထားပါသည်။ ထို့ကြောင့် မေမေ ဘယ်လောက်စိတ်ပူနေမည်ကို ငွေ နားလည်၍ရသည်။

 ငွေကတော့ ငွေ့ရောဂါထက် မေမေ့ကို ဦးဦးအကြောင်းသာ မေးလိုက်ချင်နေသည်။ ဒီရက်တွေအတွင်းမှာ ဦးဦးများ အိမ်ကို လာသေးလား၊ ငွေ ဘာမပြော ညာမပြောနှင့် သီလရှင် ၀တ်လိုက်တာကိုများ ဦးဦး စိတ်ဆိုးနေသလား၊ မမစိုးနှင့် ဦးဦး အခြေအနေကရော ဘယ်လိုများလဲ၊ ငွေမရှိတော့ သူတို့နှစ်ယောက် ပိုအနေနီးမှာပဲ၊ ငွေ ဒီကျောင်းမှာ သီလရှင် ၀တ်နေတာကိုရော မေမေ ဦးဦးကို ပြောပြမိသေးလား…။ စုံလို့ပါပဲ။ ငွေ့အတွေးတို့ကို တမင်မေ့ထားသော ဦးဦးအကြောင်းများက ရုတ်တရက် ၀င်ရောက် သိမ်းပိုက်တော့သည်။

 ငွေ အငိုက်မိပြီ။
 ငွေ တရား လက်လွတ်ပြီ။ 

သီလရှင်ဝတ်နှင့် မအပ်စပ်သော အတွေးများ တွေးမိလေပြီ။ ခေါင်းကို ဖြေးညှင်းစွာခါလိုက်မိတော့ မေမေက သူအိမ်ပြန်ဖို့ခေါ်သည်ကို ငွေငြင်းသည်အထင်နှင့် စိတ်မကောင်းစွာ မျက်ရည်ကျပြန်သည်။

“ဆရာလေး ပြန်လိုက်ခဲ့ပါ့မယ် ဒကာမကြီးရဲ့၊ မနက်ဖြန် လာခေါ်လေ၊ ဆရာကြီးကိုလည်း လျှောက်ရဦးမယ် မဟုတ်လား၊ ပြီးတော့ သိက္ခာချ၊ အ၀တ်လဲရမှာနဲ့၊ ဒီနေ့တော့ အချိန်မရှိတော့ဘူးလေ”

“အင်း ဒါဆိုလည်း မေမေပြန်မယ်၊ မနက်ဖြန် လာခေါ်မယ်နော် သမီး ငွေ၊ ည အိပ်ပျော်အောင် အိပ်ဦး”

ပါးပေါ်မှာ မျက်ရည်မခြောက်သေးသော မေမေ့ကို ငွေ အားယူပြုံးပြလိုက်လေသည်။
(၉)
နောက်တစ်နေ့ မနက်မိုးလင်းလင်းချင်း ဆရာကြီးအား ငွေ့ကို ဘုရားသမီးတော်အဖြစ်မှ သိက္ခာချပေးစေကာ ဧကသီ၊ ၀တ်ရုံနှင့်တကွသော ငွေ့သီလရှင်ဝတ်စုံ သုံးစုံအား သေသပ်စွာခေါက်လျှက် ကျောင်းသို့ လှူဒါန်း၏။ သီလရှင်အဖြစ် နှင့် မအပ်စပ်၍ ချွတ်သိမ်းထားသော စိန်နားကပ်လေးတစ်စုံနှင့် ဦးဦးပေးထားသော ပလက်တီနမ်လက်စွပ် မောင်းကွင်း ထူထူလေးတို့ကို ပြန်ဝတ်သည်။ လောကဓံတရားသည် ငွေ့အပေါ် အလို မလိုက်၊ ပျော်သလောက်ဝတ်မည် ဆုံးဖြတ်ထားသော်မှ အခြေအနေမပေး၊ ငွေသည် ဘုရားသမီးတော် မဧသုဝတီအဖြစ်မှ ငွေလှိုင်းအိ ဖြစ်ခဲ့ရပြန်သည်။ ဘာပဲဖြစ်ဖြစ် ငွေ့စိတ်က မေမေ့ကို စိတ်ချမ်းသာစေချင်နေသည်။

မနေ့က ဦးဦးနှင့်ပတ်သက်ပြီး မေမေ ဘာမှ ပြောမသွားပါ။  မပြောသင့်လို့လည်း ဖြစ်မည်။ ပြောစရာမရှိတာလည်း ဖြစ်နိုင်သည်။ ဦးဦး တစ်ကယ်ပဲ နေနိုင်လွန်းတာများလား၊ ဒါမှမဟုတ် မေမေ တစ်ခုခု ပြောလိုက်လို့များလား။ ငွေကရော ဘယ်လိုဆုံးဖြတ်မှာလဲ။ သေချာတာကတော့ ငွေသည် မမစိုးနှင့် ပြိုင်မလုချင်။ ငွေ့ရှေ့ရေးကို အလေးအနက် စဉ်းစားရလျှင် ဘာလုပ်ချင်တာလဲဆိုတာထက် ခုချိန်မှာ ငွေ ဘာလုပ်သင့်သလဲဆိုတာကိုသာ ဦးစားပေး စဉ်းစားဖို့ပင်။ ငွေ့စိတ်တို့ လူလားမြောက်ပြီ ထင်မိသည်။

ကျေနပ်တတ်မည်ဆိုလျှင်တော့ ဒီမျှနှင့် ငွေ ကျေနပ်နိုင်ပါသည်။ ဦးဦး၏အချစ်၊ ဦးဦး၏ အကြင်နာ၊ ငွေ့ဘ၀မှာ တစ်ခါမှ မရခဲ့ဖူးသော စိတ်ခံစားမှု၊ လူတစ်ယောက်အပေါ် ချစ်မြတ်နိုးမှု။ ငွေ တစ်ကယ်ပဲကြည်နူးရပါသည်။ 

လူတစ်ယောက်အပေါ် မြတ်မြတ်နိုးနိုးနှင့် တစ်သက်လုံး ချစ်သွားဖို့ဆိုတာ အတူနေကြရမှ မဟုတ်တာ။ 

 ငွေသည် မှန်ဝိုင်းလေးထဲမှာ မြင်နေရသော ဦးပျဉ်းစိမ်းစိမ်းနှင့် မျက်နှာချောင်လေးကိုကြည့်ကာ အားပေးပြုံးလေး ပြုံး လိုက်မိလေသည်။ ဆရာကြီးပြောခဲ့သလို အချိုအခါးနှစ်ပင်လိမ်ကျွေးသော လောကဓံကြီးက ငွေ့ထဲကိုမှ အခါးပိုပိုသာသာ ထည့်ပေးလိုက်ဟန် တူပါသည်။ မည်သို့ပင်ဖြစ်စေ ကြယ်ကလေးတစ်ပွင့်အကြောင်း သင်ကြားပေးခဲ့သော ဦးဦးကို ငွေ ကျေးဇူးတင်ရသည်။ ငွေကတော့ ကြယ်မစုံသော ဘ၀ကောင်းကင်ကြီးထဲမှာ တစ်ယောက်တည်း ဆက်လက်လျှောက်လှမ်းကာ လောကဓံကို ကြံ့ကြံ့ခံချင်သေးသည်။ ငွေ့မှာ လုံလောက်သောအင်အားတွေ ရှိနေသည်ဟု ငွေ ယုံသည်။

ငွေသည် မေမေ့ကို စောင့်ရင်း အထုတ်လေးဆွဲကာ ကျောင်းအပြင်ဝဆီ လျှောက်လာခဲ့သည်။ ကျောင်းက လမ်းသွယ်လေးထဲမှာမို့ လမ်းမကြီးပေါ်ကိုရောက်ဖို့ ဆယ်မိနစ်မျှ လမ်းလျှောက်ရသေးသည်။ မာခဲသော မြေနီလမ်းသွယ်လေး အတိုင်း လျှောက်လာရင်း လမ်းဘေးဝဲယာက မြက်ပင်ရှည်ကြီးတွေကို ငေးကြည့်နေမိသည်။ 
ဒီလောက် နေပူပူကြီးထဲမှာ…..
ဒီလောက် ရှည်လျားသန်စွမ်းကာ... 
စိမ်းမြလျှက်က ယိမ်းနွဲ့လှပနေနိုင်သည်မှာ ဘယ်လို ခွန်အားများကြောင့်ပါလိမ့်။ 
သဘောကျလိုက်တာ။ ငွေ့ကို ခွန်အားတွေ မျှဝေပေးပါဦးလား မြက်ပင်ရှည်ကြီးတွေရယ်…

ငွေ့အတွေးကို သဘောကျကာ တစ်ယောက်ထဲ ကြောင်အအ ပြုံးမိလေသည်။အပြုံးနှင့်အတူ ငွေ့စိတ်ကလေး အေးချမ်းပေါ့ပါးလို့ လာသည်။ ရုတ်တရက် ငွေ  ပျော်လာသည်။ 

ညာဘက်လက် လက်သူကြွယ်မှာ ၀တ်ထားသော ပလက်တီနမ်လက်စွပ်လေးနှင့် ငွေ့နှလုံးသားတို့ကို စိတ်ထဲမှာ ပူးကပ်ချည်တွဲ လိုက်၏။ ပြီးမှ လက်စွပ်လေးကို လက်မှချွတ်ယူကာ မြက်ပင်ရှည်ကြီးတွေရှိရာဆီ အားကုန်ပစ်ပေါက်လိုက်လေတော့သည်။

ရှေ့မှာ လမ်းမကြီးကို မြင်နေရပြီ။  မေမေကတော့ဖြင့် ခုထိ မလာနိုင်သေး။ 

ရတီမဂ္ဂဇင်း-ဒီဇင်ဘာလ-၂၀၁၂



 

နှစ်ထောင့်ဆယ့်နှစ်သို့ ပြန်လှည့်ကြည့်ခြင်း

$
0
0


နှစ်ထောင့်ဆယ့်နှစ်ရေ….တူးဇီးရိုးဝမ်းတူးရေ….အချစ်ကလေးရေ…
ရှင့်ရင်ခွင်ကန့်လန့်ကာကို ခဏလောက် လှစ်ဟခွင့်ပြုလှည့်ပါ
ရှင့်ကို သိသွားစေချင်တာ…
ကျွန်မပြောချင်ခဲ့တာ….
နောက်ဆုံးအနေနဲ့ဖြစ်ဖြစ်ပေါ့။

နှစ်ထောင့်ဆယ့်နှစ်ရေ….
ရှင့်ရဲ့ကောင်းကင်မှာ ဖြစ်ခွင့်ရခဲ့တဲ့ ကြယ်ကလေးတစ်စင်းပါ
သေချာတာက ကျွန်မဟာ ကဗျာတွေရေးကောင်းဖို့တစ်ခုထဲနဲ့တော့
ရှင်နဲ့ ချစ်ကျွမ်းမဝင်ခဲ့လေဘူး
ကာရံပျောက်ခဲ့ရတဲ့ ကျွန်မရဲ့ညညတွေ
ရှင့်ကို မြည်းစမ်းစေချင်ပါသေးရဲ့
ရှင် လှည့်ထွက်မသွားခင်လေ…

နှစ်ထောင့်ဆယ့်နှစ်ရေ….
သူလိုကိုယ်လို နေ့တစ်ဓူဝတွေအတွက်
ဆွတ်ပျံ့လွမ်းမောဖွယ် နာရီလက်တံတွေအတွက်
ရှင့်လက်ဖဝါးနွေးနွေးရဲ့ ထွေးပွေ့မှုတွေအတွက်
ရှင့်ရင်ခွင်မှာ ခဏတာ ခိုလှုံခွင့်အတွက်
ရှင့်မျက်တောင်ပေါ်မှာ ပင့်သက်ရှိုက်ခွင့်အတွက်
ရှင့်သွေးကြောတွေထဲမှာ ပျော်ဝင်ရင်ခုန်ခွင့်အတွက်
ဒီရေအတက်အကျလိုမြန်ဆန်တဲ့ ကျွန်မစိတ်တွေကို ပဲ့ပြင်ထိန်းကျောင်းပေးခဲ့တဲ့အတွက်
အိပ်မက်များစွာတွေအတွက်
ကျေးဇူး...
ကျွန်မလည်း မရူးရုံတစ်မယ်
ငိုလွယ်တတ်တဲ့ကျွန်မ ဖြစ်ခဲ့ရပြီ

နှစ်ထောင့်ဆယ့်နှစ်ရေ….
တစ်နေ့ ကျွန်မကို ထားသွားမယ်မှန်း သိသိနဲ့
သံယောစဉ်နှောင်ဖွဲ့ ကြိုတင်လွမ်းနှင့်ခဲ့သူ
သမုဒယတင်းကြိုးတွေနဲ့ မျက်ရည်ခါးခါးတွေ ဖျော်စပ်သောက်တတ်ခဲ့သူ
ကျွန်မဟာ တစ္ဆေတစ်ကောင်ကိုမှ စွဲလန်းခဲ့တဲ့ မျက်ကန်းတစ်ယောက်ရယ်…

နှစ်ထောင့်ဆယ့်နှစ်ရေ….
တူး-ဇီးရိုး-ဝမ်း-တူးရေ….
အချစ်ကလေးရေ…
ထားခဲ့ပါတော့…လှည့်မကြည့်ပါနဲ့တော့လေ…
ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့နောက်
ကျွန်မတို့လိပ်ပြာကြိုးတွေ ဖြတ်တောက်လိုက်ကြရအောင်ပါ
တော်ရာမှာ ပျော်ကြဖို့ရာဆိုတဲ့ မဲပြာပုဆိုးဇာတ်လမ်းထဲ
ရှင်နဲ့ ကျွန်မ ရဲရဲကြီး ခြေစုံပစ်လိုက်ကြပါစို့ရဲ့…

နှစ်ထောင့်ဆယ့်နှစ်ရေ….
ရှင့်အသံကြားတိုင်း ဘောင်ဘင်ခတ်ခဲ့ရတဲ့ ကျွန်မ
ရှင့်ရက်စွဲတွေထဲက လွတ်မြောက်ချင်လှပါရဲ့…
အနည်းဆုံးတော့…
နှစ်ထောင့်ဆယ့်နှစ်ရေ….
ရှင့်လက်တွေနဲ့ ရေးခြယ်ခဲ့တဲ့ ကျွန်မရဲ့ ပန်းချီကားတစ်ချပ်ကို
ခုချိန်မှာ  "အလွမ်း"လို့ အမည်ပေးလိုက်ပါရစေ....



ညီမငယ် Black Roze ပစ်ပစ်ရဲ့ "၂၀၁၂သို့ ပြန်လှည့်ကြည့်ခြင်း"ဆိုတဲ့ တက်ဂ်ပိုစ့်လေးပါရှင်။ ညီမပစ်ပစ်ရေ သတိတရ တက်ဂ်တဲ့အတွက် ကျေးဇူးပါနော်။ ကဗျာလေးတစ်ပုဒ် ချစ်ခင်စွာ ရေးပေးလိုက်ပါတယ်....



"လွတ်လပ်ခြင်းရဲ့ ရသ" စာပေဟောပြောပွဲ

$
0
0

ကျွန်မတို့ ရသအလင်းဖောင်ဒေးရှင်းက ကျင်းပပြုလုပ်မယ့် "လွတ်လပ်ခြင်းရဲ့ ရသ-Aesthetic of Freedom" ဆိုတဲ့ စာပေဟောပြောပွဲလေး တစ်ပွဲကို စကာင်္ာပူက ချစ်မိတ်ဆွေများ မကြာခင်မှာ နားဆင်ခံစားခွင့် ရကြပါတော့မယ်။ 

စာရေးဆရာ ဒါရိုက်တာ ဆရာဦးဝင်းဖေ၊ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ သုံးယောက် ဟောပြောကြမဲ့ ဒီပွဲလေးကို ရသအလင်းဖောင်ဒေးရှင်း ရံပုံငွေပွဲအဖြစ် ရည်ရွယ်စီစဉ်ခဲ့တာပါ။ အဲဒါကြောင့် စင်္ကာပူက ချစ်မိတ်ဆွေများအနေနဲ့ လက်မှတ်လေးတွေ ဝယ်ယူအားပေးခြင်းဖြင့် ကျွန်မတို့နဲ့အတူ လာရောက်နားဆင် ခံစားနိုင်ကြသလို ပွဲမှရရှိငွေတွေကို မြန်မာပြည်တွင်းမှ စာပေအနုပညာရှင်များရဲ့ ကျန်းမာရေး   စောင့်ရှောက်မှုအတွက် သုံးမှာ ဖြစ်တာမို့ အလှူရှင်တွေအဖြစ်နဲ့လည်း ကုသိုလ်ပါဝင်ခွင့် ရကြဦးမှာ ဖြစ်ပါတယ်ရှင်။ 

ခမ်းမအခက်အခဲကြောင့် Republic Polytechnic, Agora Hall 1-2 မှာ ကျင်းပဖို့ ဖြစ်လာတဲ့အတွက် ထိုင်ခုံရောင်းနိုင်အား နည်းသွားပါတယ်။ ဒါကြောင့် လက်မှတ်များကို ကြိုတင်ဝယ်ယူမှ စိတ်ချရပါမယ်ဆိုတာရယ်၊ ဆရာတွေနဲ့ ပရိသတ် မေးဖြေ-ဆွေးနွေး ကဏ္ဍလေးလည်းပါဝင်မှာမို့ လက်မလွှတ်သင့်တဲ့ ပွဲလေးတစ်ပွဲ ဖြစ်တဲ့အကြောင်းလည်း ပြောချင်ပါသေးတယ်။  


လွတ်လပ်ခြင်းကို လူတိုင်း နှစ်သက်ကြပါတယ်။ ကျွန်မတို့ တကယ်ပဲ ကိုယ်ရော စိတ်ပါ လွတ်လပ်ကြပြီလား။ လွတ်လပ်ခြင်းရဲ့ ရသဟာ လူတိုင်းအတွက် ဘယ်လိုခံစားမှုတွေကိုများ ပေးစွမ်းနိုင်ပါမလဲ။ ဟောပြောမယ့် ဆရာသုံးယောက်ဟာ အနုပညာရှင်တွေအနေနဲ့ လွတ်လပ်ခြင်း ရသအပေါ် အမြင်အတွေး ခံစားချက်လေးတွေကို ဘယ်လိုများ ပုံဖော်ဟောပြောကြမှာလဲ။ သူတို့ဖြတ်သန်းလာခဲ့ကြရတဲ့ ဘဝထဲက သူတို့မြည်းစမ်းခဲ့ရတဲ့ လွတ်လပ်ခြင်းရသဟာ ဘယ်လိုများလဲ။ ကျွန်မတို့ မိတ်ဆွေတို့ ရင်ထဲက ခံစား နားလည်မှုတွေနဲ့ ထပ်တူရော ကျနေနိုင်မှာလား။ ကြိုတင်စဉ်းစားရင်း ရင်ခုန်နေမိပါတယ်။ 

အဲဒီနေ့မှာတော့ ဆရာတွေ ပြောမယ့်စကား၊ သူတို့ရင်ထဲက လွှင့်ထုတ်မယ့် အသံလှိုင်းတွေဟာ ကျွန်မတို့ မိတ်ဆွေတို့ ရင်ထဲက ဖမ်းယူနားထောင်မယ့် အသံလှိုင်းတွေနဲ့ ဘယ်လိုများ ချိတ်ဆက်မိကြမှာလဲဆိုတာ ကျွန်မတို့ စောင့်မျှော်နားထောင်ရမယ့် ပွဲတစ်ပွဲ ပါပဲ။ 

ပွဲနေ့ - ၂၀-၀၁-၂၀၁၃ (တနင်္ဂနွေနေ့) 
ပွဲချိန် - ၁၃:၀၀- ၁၉:၀၀
နေရာ - Agora Hall 1-2, Republic Polytechnic 
လက်မှတ်ဈေး - S$15 , S$20 
လက်မှတ်ရောင်းချရာ နေရာ - ရနံ့သစ် ၊ မြနန်းနွယ် (ပန်နီစူလာ ပလာဇာ) 

ကဲ မိတ်ဆွေတို့ မပြောမရှိကြပါနဲ့နော်... အဲဒီနေ့မှာ ကျွန်မတို့ လက်ချင်းချိတ်ဆက်ပြီး လွတ်လပ်ခြင်းရဲ့ ရသတွေကို အတူခံစားကြည့်ကြပါစို့လားရှင်.... 


နောက်ဆက်တွဲ  

လွတ်လပ်ခြင်းရဲ့ ရသ စာပေဟောပြောပွဲအတွက် ကျွန်မတို့ရဲ့ မိန်းစပွန်ဆာဖြစ်တဲ့ MAI မြန်မာလေကြောင်းလိုင်းမှ စင်ကာပူ-ရန်ကုန်-စင်္ကာပူ-လက်မှတ် (၃) စောင်၊ စင်္ကာပူ-ဘန်ကောက်-စင်္ကာပူ-လက်မှတ် (၅)စောင်ကို ပွဲနေ့မှာ ကံစမ်းမဲဖေါက်ပေးမယ့်အပြင် ဇန်န၀ါရီလ(၂၁)ရက်နေ့မှ ဖေဖေါ်ဝါရီလကုန်အထိ (တရုတ်နှစ်ကူးပိတ်ရက် ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ မပါ) အတွက် လက်မှတ် တစ်စောင်ကို ၅ကီလို အပိုဆောင်းပေးမှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။


 

ချစ်ကြည်အေး ညီမျှခြင်း ??

$
0
0

ချစ်ကြည်အေး  ကာလာလေးနဲ့ရေးရင် အတော်ကြည့်ကောင်းမှာ
အပြာတစ်ရောင် ကာ့ထရိတ်ခ်ျကုန်နေတဲ့ ပရင့်တာတစ်လုံးဟာ ချစ်ကြည်အေးတဲ့
တစ်လုံးစီပြုတ်  တစ်စစီကွဲနေတဲ့ ပုလဲတစ်ကုံးဟာ ချစ်ကြည်အေး
အိတ်စ်စပိုင်ယာရီဖြစ်နေတဲ့ နှုတ်ခမ်းနီခရမ်းရောင်တစ်တောင့်ဟာ ချစ်ကြည်အေး
ပုဇွန်ဆီရင့်ရောင် ညနေတိမ်တိုက်တွေ ဟိုတစ်စ ဒီတစ်စ လွင့်သလို  မျောနေတယ်  ချစ်ကြည်အေး  ဦးတည်ရာမဲ့
ပန်းအဝါတွေ အဆုပ်လိုက်  အဆုပ်လိုက် ပွင့်သလို ဝေဒနာတွေ ကိုယ်မှာ သီးပွင့်နေတယ် ချစ်ကြည်အေး
ချစ်=ငါ 
ကြည်=ငါ
အေး=ငါ
"ငါ" မရှိဘူးလေ  ချစ်ကြည်အေးက ပြောတယ်
ငါ မရှိမှတော့ ချစ်ကြည်အေးလည်း မရှိ တဲ့   မှန်ထဲကို ကြည့်ပြီး ပြောတယ်  ချစ်ကြည်အေး
အတွယ်အတာဆို ကိုယ်ပေါ်မှာ ဘာကြိုးတစ်ချောင်းမှ မရှိချင်တဲ့ ချစ်ကြည်အေး
သူ့ဝင်ရိုးပေါ် သူ လွတ်လွတ်လပ်လပ် လည်နေတယ် ချစ်ကြည်အေး 
၂၃ နှစ်ပိုင်း တစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေစရာလား  နားထား တဲ့ ချစ်ကြည်အေးက
သူ စိတ်ချမ်းသာသလို လည်ချင်သလို လည်တယ် ချစ်ကြည်အေး (ပြီးတော့ သူပဲ မူးမူးနေ)
ဝေဒနာဆိုတာ  ငါ မဟုတ်  နာမ်နဲ့ရုပ်တဲ့ ပြောရင်းက ဝေဒနာနဲ့ သတ်ပုတ်နေတယ် ချစ်ကြည်အေး
နွားတစ်ကောင် လည်ချောင်းထဲစားထားသမျှ စားမြုံ့ပြန်သလို ဒဏ်ရာတွေကို  နှစ်နှစ်သက်သက် လျှာနဲ့လျက်နေတယ် ချစ်ကြည်အေး
အမှတ်မရှိလိုက်ပုံများ တဲ့ ချစ်ကြည်အေးက  ပြောပြီး မီးပုံထဲ ခုန်ခုန်ချနေတယ်  အဲဒီ့ချစ်ကြည်အေး
ချိုလွင်နေတဲ့ ခေါင်းလောင်းသံကြားတိုင်း အတူတကွဆိုတဲ့ သတ်ပုံကို ပြန်ပြန်ရွတ်နေတယ် ချစ်ကြည်အေး
စက်ထဲကထွက်လာတဲ့ ကြိတ်ဖတ်ပျော့တစ်ခုကို မာချင်ယောင်ဆောင်နေတယ်ပြောတယ် ချစ်ကြည်အေး
နေကောင်းပါတယ် တဲ့ မျက်ကွင်းညိုတွေကို မိတ်ကပ်ဖို့ရင်း မခို့တရို့လေး ပြုံးပြီးပြောတယ် ချစ်ကြည်အေး
မျဉ်းတစ်ကြောင်းတောင် ဖြောင့်အောင်မဆွဲနိုင်ရကောင်းလားတဲ့  မြွေတစ်ကောင်ကို အပြစ်တင်နေတယ် ချစ်ကြည်အေး
သူ့မျက်နှာမှာ လူနဲ့တူတာကို ရှာနေတယ် ချစ်ကြည်အေး  ခပ်ရေးရေးလေးမှ မမြင်ရဘဲနဲ့လေ
ချစ်ကြည်အေး မီးတွေပြန်လာတဲ့အခါ အများသူငါတွေလို ဟေးကနဲအော်တယ်
လက်ဖက်ထမင်းကို လူတကာတွေလို လက်နဲ့ ဒါမှမဟုတ် ဇွန်းတစ်ချောင်းတပ်ပြီး စားတယ် ချစ်ကြည်အေး သူလိုငါလိုပဲ
ချစ်ကြည်အေး  ကယ်ရီကေးချားမှာတော့ ဟာသပုံပေါက်နေပါရဲ့ 
ချစ်ကြည်အေးအစစ်က ပြောတယ် ဒါ သူ မဟုတ်ပါဘူး  သူနဲ့ မတူပါဘူး တဲ့
ပြောပြီးမှ ချစ်ကြည်အေးအစစ်ကို ရှာဖို့ အပြင်သွားဦးမယ် တဲ့ ဖိနပ်အနီရောင်လေး စီးရင်း လမ်းထွက်တယ်
သတင်းစာထဲမှာလည်း ကြော်ငြာထည့်တယ် ကျေးဇူးဆပ်ပါမည် တဲ့
ချစ်ကြည်အေး  ကူရှာပေးကြပါ တဲ့...
အင်း  ဖိုးကာလာလေးနဲ့ ရေးရင်တော့ အတော့်ကို ကြည့်ကောင်းမှာ...


စီကေအေ ဖြစ်တည်မှု

$
0
0

များသောအားဖြင့်တော့ ဒေါင်လိုက်ကြီး နေလိုက်တာပါပဲ
တစ်နေရာစာရှိရင်တော့ ၉၀ ဒီဂရီအတိုင်း ထောင့်မချိုးဘဲ ကွေးချပျင်းရိလို့
ကိုယ်ဖြစ်ချင်တာ လုပ်ချင်တာတွေအတွက် ထုံးစံတွေ ကျင့်ဝတ်တွေဆိုတာကို
I G N O R A N C E ဆိုတဲ့ ခြင်းကြီးတစ်လုံးထဲ လုံးထွေးလွှင့်ပစ်ထားလိုက်တတ်တယ်
ဘဝမှာ ဖြစ်တည် လက်ခံထားမှုတွေကို စိမ်းလန်းနေအောင် ရေလောင်းပေါင်းသင်မှု ပြုနေရတာလောက်
ငြီးငွေ့ဖို့ကောင်းတာ မရှိဘူး
သံယောစဉ်တွေကို သူ့အတိုင်းစာလုံးပေါင်းရင်း ရေညီမျဉ်းအတိုင်း အလျားလိုက်ချကြည့်
လစ်တမာ့စက္ကူနဲ့တို့ပြီး အရောင် ပြောင်း မပြောင်း စမ်းကြည့်
ကိုယ့်ကိုယ်ကို  ဘောင်တွေ ကနားတွေခတ်ထားခြင်းမှာ မုန်းတီးရင်း
ငြိတွယ်ခြင်းတွေကို အရောင်ချွတ်ဖို့  ဘယ်လိုချွတ်ဆေးမျိုး လိုအပ်မလဲ
ဒဏ်ရာတွေ  အနာတရတွေကိုတော့ အဖြူရောင်အတိုင်းထားပြီး တန်းထိုးချိတ်ဆွဲလိုက်တယ်
ကိုယ့်ရဲ့ နေ့ တစ်ဓူဝတွေထဲ...တသသကြည့်နေဖို့
ပြီးမှ  အောက်ခြေစာတမ်းကို R E D  အနီရောင်လို့ စာတမ်းထိုးလိုက်မယ်
ကိုယ်ဟာ ဖြစ်တည်မှုတစ်ခုကနေ ဖြစ်တည်မှုတစ်ခုကို လှမ်းချိတ်
ကိုယ့်သွေးတွေကို ဖောက်ထုတ်လိုက်တော့ အစိမ်းတောက်တောက်တွေ ပန်းထွက်လာ
အစိမ်းရောင် တဲ့... 
ကဲ  မင်း ဘယ်လို ဘာသာပြန်ကြည့်ချင်သလဲ
ကိုယ်ဟာ.... 
ကိုယ် စိတ် နှလုံး သုံးပါးစလုံး  စရံအဖြစ် မင့်ဆီ ထားပစ်ခဲ့တဲ့သူ
မင့်ဘယ်ဘက်ကို ၄၅ ဒီဂရီ ငဲ့စောင်းကြည့်လိုက်  ပြူတင်းပေါက်မှာ
မျက်ဝန်းတွေကို အပြင်ဘက်လွှတ်ပို့ထားတဲ့ ကိုယ့်ညာဘက်ပါးပြင်တစ်ခြမ်း
အလွမ်းဆိုတာကို ဆန္ဒရှိသလို မက်မောနမ်းရှိုက်ရင်း...
အတူဆိုညည်းခဲ့ဖူးတဲ့ သီချင်းတွေကို ပဲ့တင်ပြန်ကြားရင်း
ဒီအတိုင်းပဲ   ဒီအတိုင်းပဲ    ဒီအတိုင်းပဲ    ဒီအတိုင်းပဲ...
 ပစ်ချ ထားခဲ့လိုက်ပါတော့ ဖြစ်သလို  ကြုံသလို
ကိုယ်ဟာ....
မြေပြင်ညီရဲ့အပေါ် ခပ်ကွေးကွေးလေး အိပ်စက်နေခဲ့တယ်



ထွေရာ လေးပါး-၆

$
0
0
အမှန်က ဒီပိုစ့်ရေးထားတာ ပထမတစ်ကြိမ် ရွာပြန်ပြီးကတည်းက ဆိုပါတော့။ ခုအချိန်နဲ့ဆို အတော်လေးဒိတ်အောက်နေပါပြီ။ သို့သော်လည်း ရေးပြီးသားလေးဆိုတဲ့ သံယောစဉ်နဲ့ ဒရပ်ဖ်ထဲကနေ ဖုန်ခါပြီး ပြန်ထုတ်သုံးလိုက်ပါတယ်။   ချစ်ကြည်အေး သိပ်သံယောစဉ်ကြီးတတ်ပါတယ် အဟင်းဟင်းး။

ဤကား စကားချပ်တပ်တပ်တည်း...

ထွေရာ-၁) ရွာအပြန် ခံစားမှု

ဒီတစ်ခေါက် ရွာအပြန်မှာ သတိထားမိတာက လမ်းပေါ်မှာ ကားတွေ များလာတာပါပဲ။ ကိုယ်သွားချင်တဲ့နေရာကို အချိန်မီရောက်ဖို့ အိမ်ကနေ အနည်းဆုံး တစ်နာရီကနေ နှစ်နာရီလောက် (အနီးအဝေးကိုလိုက်ပြီးပေါ့လေ) ကြိုတင်ထွက်မှ ရောက်ပါတယ်။ (ချိန်းတိုင်း အမြဲနောက်ကျတတ်တဲ့သူတွေအတွက်တော့ ဆင်ခြေဆင်လက် ဆင်တစ်ကိုယ်လုံးတောင် ရလို့၊  ကားတွေ ကြပ်တယ်ဗျာ ပေါ့လေ...အိမ်းးး) တက်ကစီတွေ နည်းနည်း သားနားလာတယ်။ အဲကွန်းရတဲ့ တက်ကစီနဲ့၊ မှန်တံခါးတင်လို့ ချလို့ရတဲ့ တက်ကစီနဲ့၊ ဟုတ်လို့။ တက်ကစီအရေအတွက်က လွန်ခဲ့တဲ့ လေး-ငါးနှစ်လောက်ကထက်စာရင် ငါးဆလောက်တိုးလာတယ်၊ အုံနာခက တစ်သောင်းနှစ်ထောင်ကနေ တစ်သောင်းခြောက်ထောင်အထိပေးရတတ်တယ်လို့ ပွားဖြစ်ခဲ့တဲ့ တက်ကစီသမားတစ်ယောက်ပြောစကားအရ သိခဲ့ရတယ်။ "ကိုက်ရဲ့လား"ဆိုတော့ "ဒီလိုပါပဲ အစ်မရာ" တဲ့။ သူ့ကြည့်တော့ ကျွန်မဘကြီးဦးလေးအရွယ်....း) အေးလေ၊ ဒီခေတ်ကြီးထဲ ကိုက်ချင်ရင် ခွေးမြီးသွားဆွဲရုံရှိတာပ။

သူနဲ့ကျမှ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မရောက်နေတဲ့အချိန် သူလည်း ရောက်လာတာပဲ။ ကြိုဆိုကြသူတွေထဲ သူ့ပုံ -graffiti-ဂရပ်ဖတီ ((ဂ-ရာ-ဖိ-ထီလို့ဖတ်ပါ တဲ့ ဖေ့စ်ဘုတ်မှာ သားတွန်(Craton)က သင်ပေးပါတယ်း)) လည်းပါတယ်။ အတော်သဘောကျစရာကောင်းတယ်။ မျက်နှာပေါ်က ဖီးချားတွေအပြင် သူ့ရဲ့ စိတ်နဲ့ အပြုံးစင်စင်တွေကို ရေးထည့်ထားနိုင်တယ်။ (ကျွန်မ ဒုတိယတစ်ခေါက် ၁လပိုင်းပြန်တော့ သူ မရှိရှာတော့ဘူး၊ အဲ  သူ့ပုံ ပြောပါတယ်)



ဒါကတော့ မြေနီကုန်းနားက ဓါတ်ဆီဆိုင်တစ်ဆိုင်ပါ။ နိုဝင်ဘာ ၂၂မှာ ဒီလအတွက် ဆီခွဲတမ်းက ပြတ်သွားပြီ၊ ဒီဇင်ဘာ ၁ရက်နေ့မှ ပြန်လည်ရောင်းချပေးပါမတဲ့။ ဆိုတော့ကာ ဒီကြားထဲ ဆီမရတဲ့ ကားတွေ ရေထည့်မောင်းရမဲ့ပုံ...အဟွတ်...!

မှတ်ချက်- ပုံကို အတည့်ရအောင် ပြင်နေတာ အတော်ကြာသွားပါတယ်။ ကိုယ်ကလည်း "ငါဟေ့ ငါ လုပ်ရင် ရကိုရရမယ်" ဆိုတဲ့  ငါစွဲပြုတ်နေတော့ကာ ဒီအတိုင်းပဲ ထားလိုက်ပါ တယ်။ စောင်းကြည့်ကြပါ၊  စောင်းကြည့်ကြပါ၊ လည်ပင်းလေ့ကျင့်ခန်းလေးလည်း လုပ်ရင်းပေါ့လေ...း)

ငယ်ပေါင်းတွေနဲ့ ကာရာအိုကေ သွားခဲ့ကြသေးတာ။ စားကြ ဆိုကြပေါ့။ အော်ချင်တာအော်၊ ပျော်စရာရယ်။ ကျွန်မတို့လို အန်တီကြီးတွေက ချမ်းချမ်းတို့၊ ဝိုင်းစုတို့ ဟဲနေချိန်မှာ သူငယ်ချင်းရဲ့ သားတော်မောင် အသက် ၁၀နှစ်လောက်ကောင်က ရွှေမန်းတင်မောင်ရဲ့ " အောင်ပါစေ" သီချင်းကို ဆိုသတဲ့ရှင်။

 
ဒါ  ကျွန်မတို့ အန်တီကြီးတစ်သိုက်ကို ပါးပါးလေးထည့်သွားတာ ဟင်းဟင်းဟင်းးး။ ဘီလ်ရှင်းတော့ တစ်သိန်းကျော်ကျော် ကျတယ်။ သူငယ်ချင်းမက အတင်း လုပေးလိုက်လေရဲ့။ ဒီကလည်း တစ်ပါးသူကို ဦးစားပေးတတ်တဲ့ စိတ်နှလုံးက ရှိလေတော့ အိမ်း...ပေးချင်လည်း ပေးပါစေပေါ့လေလို့ စိတ်လျှော့လိုက်ရတယ်...ဟင်းးး(စီကေအေ သက်ပြင်းအကြီးကြီး ချ)။


ထွေရာ-၂) ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးရှိကြရေး  တို့အရေး  တို့အရေး

လူတစ်ယောက် ရှိတယ်။ ခေါင်းရင်းဘက်မှာ ဘုရားတစ်ဆူ၊ ခြေရင်းဘက်မှာ ဘုရားတစ်ဆူ နှစ်ဆူထားပြီး ကိုးကွယ်သတဲ့။ ဒါနဲ့ မေးကြရော ဘာကြောင့် ခုလိုပေါ့လေ။ သူက ဖြေတယ်။ ရိုးရိုးလေးပဲ။ 

"အို  ဒီတစ်ဆူနဲ့ စကားမပြော ရန်ဖြစ်ရင် ဟိုတစ်ဆူကို ကန်တော့တယ်။ ဟိုတစ်ဆူနဲ့ စိတ်ကောက်ရင် ဒီတစ်ဆူကို ကန်တော့တာပေါ့ဗျာ" တဲ့။ ကိုင်း...."လူနှစ်ယောက်ရှိရင် သုံးဖွဲ့ကွဲတာ တို့မြန်မာ" ဆိုတာ ဒါမျိုး။ ဘာပြောပြော တို့ကတော့ အားရတယ်။ ဗိုလ်ချုပ် ပင်လုံစာချုပ် ချုပ်ခဲ့တုန်းက သူရို့ မမွေးသေးလို့ တော်ပါသေး။ နို့မို့ ပင်လုံနိုင်မယ်တောင် မထင် မထင်။


ထွေရာ-၃) ကြော်ငြာ-ဆောင်းကလောက်

အဟမ်း!!! အန်တီချစ်ကြည်အေးလည်း ခေတ်မီသွားအောင် ကြော်ငြာလေး ဝင်ပါရစေ။ ငယ်ငယ်ကလေးထဲကနေ အို....အမေ့ဗိုက်ထဲက ထွက်လာကတည်းကဆိုပါတော့လေ၊ သီချင်းလေး တကြော်ကြော် အော်ပြီး ထွက်လာတဲ့သူဟာ ဘယ်သူရှိရမတုန်း၊ ကျွန်မပေါ့။ အရွယ်လေးရောက်လာတော့ ပန်းကန်ဆေးရင်းအော်၊ အိုးတိုက်ရင်းလည်း အော်၊ ရေချိုးခန်းထဲလည်း အော်၊ စာကျက်လို့ စာတစ်ပုဒ်ရတိုင်း ရတိုင်း သီချင်းတစ်ခွေစာနှုန်းနဲ့ အော်...။ အဲသလို သီချင်းတွေ အော်အော်ဆိုနေတတ်တဲ့ အန်တီချစ်ကြည်အေးဟာ အဆိုတော် သိပ်ဖြစ်ချင်ခဲ့တာပေါ့။ ခု အကြောင်းအားလျော်စွာ ဘလော့ဂ္ဂါဖြစ်လာတဲ့အခါ အလွဲကြီး လွဲပါပေါ့လို့ အားငယ်နေတုန်း ဗြုန်းဆို ဆောင်းကလောက်ဆိုတာလေး သူများပြောလို့ သွားတွေ့တယ်။ ဒါနဲ့ နိပ်ပဟဆိုပြီး သီချင်းတွေ ဆို၊ သွင်း၊ တင်နဲ့ ဟုတ်နေတော့တယ်။ စာတွေရေးပြီး နှိပ်စက်လို့ အားမရတဲ့အခါ ပုံတွေတင်ပြီး ဖေ့စ်ဘုတ်ပေါ်မှာ နယ်ချဲ့ပါတယ်။ အခု အသံနဲ့တစ်မျိုး တိုးလို့ နှိပ်စက်ဖို့ အကြံပါ။ အဲ ပြောချင်တာ အဲဒါပါ။ 

လမ်းကြုံရင် အို...လမ်းမကြုံလည်း ကြုံချင်ယောင်ဆောင်ပြီးတော့သာ နားထောင်သွားကြပါ။ ဒီမှာ  ဒီမှာ.....

ဒီမှာ....

ဆြာမ သာမီးဗိုက်ထဲက အောင့် အောင့်နေတယ်....

ဟာ...

အရှိန်လွန်ပြီး နောက်ကြော်ငြာရောက်သွားတယ်။ ကျော်ပလိုက်မှ.....ဂွပ်...း)

ထွေရာ-၄) - အာရောဂျံ ပရမံလာဘံ

ပြောဖူးနေကျပါပဲ။  ဒါပေမဲ့ ထပ်ပြောလိုက်ဦးမယ်။ အဲဒီ အာရောဂျံ ပရမံလာဘံ ဆိုတဲ့ကောင်ဟာ... ဂရုစိုက်နေတဲ့ကြားက ခဏခဏ ဖောက်ဖောက်လာတယ်။  ပြောရမယ်ဆိုရင် ကျွန်မကိုယ်တိုင်က ဆေးသောက်ပျင်းတယ်၊ အားကြီးပျင်းတယ်။  ပေတယ်၊ တေတယ်။ တစ်ခါတစ်လေ လူရုပ်မပေါက်လို့ လူပါလို့ လည်ပင်း စာဆွဲထားရမဲ့ အပေါက်။ အဟုတ်ပဲ။ 

ပြီးခဲ့တဲ့ တရုတ်နှစ်ကူးပိတ်ရက် ၄ရက်မှာ အလယ် ၂ရက်က မျော့မျော့လေး အိပ်ယာပေါ်မှာ။ သွေးအားနည်းရင် သောက်ရတဲ့ Sangobion ဆိုတဲ့ဆေးက ကုန်သွားတာကြာပြီ။



တမင်မေ့ထားပြီး ကျန်းမာချင်ယောင်ဆောင်လိုက်တာမှာ လူက သွားပါရော၊ အားမရှိဘဲ လေထဲပေါ့ပါးမြောက်ကြွနေသလိုလို၊ တစ်ယိမ်းယိမ်း တစ်ယိုင်ယိုင်နဲ့ပေါ့လေ။ ဒီကြားထဲ အိပ်ရေးပျက်ပြီး ချက်စ်ပိန်းပါ အဆစ်ရလိုက်တော့ ဘုန်းကြီးပဲ ချက်ချင်းပင့်ရတော့မလိုလို ဖြစ်သွားသေးတာ။ သို့သော်လည်းပေါ့လေ၊ စီကေအေပဲဟာ ဇာတ်လိုက်ဆိုတာ အတော်နဲ့တော့ သေလို့ ဘယ်ဖြစ်မတုန်းနော်။ နေမကောင်းဘူး ဆိုသော်လည်း ဖေ့စ်ဘုတ်ပေါ်တက်လိုက်၊ ဂိမ်းကစားလိုက်နဲ့မို့ အတော်လေးမြင်ပြင်းကတ်စရာ လူမမာဖြစ်နေတော့တာ။ တကယ်က ဒီမှာ ပျော်အောင်ကြံဖန်နေရတာ သူတို့ မသိကြတာ၊ ဟင်းးးးခက်တယ်၊ သိပ်ခက်တယ်။

ခုတော့ ကောင်းသလိုလို ဖြစ်သွားပြီ။ မျက်တွင်းလက်တစ်နှိုက်လောက်နဲ့ လမ်းသလားရင်း ဂေါ်လီလုပ်လို့နေပါပေါ့။ ပြောချင်တာက မိတ်ဆွေများ ကျန်းမာအောင်နေကြ ပါ။ ဆေးသောက်သင့်ရင် သောက်ပါ။ ခေါင်းမမာပါနဲ့၊ စီကေအေလို ဆေးသောက်မပျင်းပါနဲ့ လို့။ ဒါပါပဲ။

လက်ရှိထဲမှာ စီကေအေမျောပါသွားခြင်း

$
0
0

ယောက်ယက်ခတ်နေတဲ့ စီကေအေက သူ့ကိုယ်သူ နှာသီးဖျားပေါ် တင်ထားကြည့်တယ်
ဝင်သက်ထွက်သက်တိုင်း သိတယ်တဲ့  လာသေးတယ်
လူကဖြင့် ဂဏှာမငြိမ်ဘဲနဲ့လေ
ခန္ဓာကိုယ်ထဲက တစ်သျှူးတွေ တစ်စနဲ့တစ်စအကြား အလစ်အလပ်ကို သူက ရှာဖွေတယ်
ဝေဒနာတွေ  ဝေဒနာတွေ  ဖြစ်ပျက်  ဖြစ်ပျက် ဘယ်အရာမှ မမြဲတဲ့သဘော
စာမျက်နှာ ၁၅ထဲက ပိတ်ကားပေါ်မြင်နေရတဲ့ ဟိုတစ်ကွက် ဒီတစ်ကွက်
အဖြစ်နဲ့ အပျက်တွေကို ဆက်စပ်ကြည့်နေတယ် ဝေဒနာတွေပါပဲ တဲ့
စွဲလန်းခြင်းဥပါဒါန်နဲ့ အလွမ်းဆိုတာတွေကို မစ်စတာBean ကြည့်နေရသလို
စီကေအေက ကြည့်ကြည့်ပြီး ရယ်နေတယ် စိတ်လိုလက်ရ
နေစမ်းပါဦး ဥပါဒါန်လေးမျိုးမှာ ဒါက ဘယ်သင်းမှာ ပါပါလိမ့်
စပယ်တွေရဲ့ မွှေးမြမှုကရော အမြဲမှန်ကန်နေတဲ့ universal truth ထဲမှာ ပါသလား
အလွမ်းမှာ မှတ်ပုံတင်မရှိတော့ စာတိုက်ကပို့ဖို့ ခက်တယ်
အေးစက်စွတ်မှုတွေကို မုန်းလို့ ကိုယ်ပေါ်က အနွေးထည်ကို မချွတ်တာ
မဖြစ်နိုင်တာတွေကို ဘဝမှာ ဘယ်နှစ်လီတာလောက် ကောက်ရခဲ့ဖူးလဲ
တစ်လီတာကို ရေနှစ်ဆနဲ့ ရောသောက်ကြည့်ရင်ရော....
ဘဝက အလိုမလိုက်တတ်တဲ့ ဒိုင်လူကြီးလို အပေါ်စီးက ကဲကြည့်နေတုန်း

မြန်မာ့ဂန္ထဝင်ဂီတမိခင်ကြီး အန်တီမာမာအေးနှင့် ဂီတပဒေသာပွဲ

$
0
0



မာ မာေ အး ဆိုတာ...ဘယ်သူလဲ...ဆိုသည့် စင်ကာပူနေမြန်မာလူငယ်လေးများသို့....။

၂၀၀၀ ခုနှစ်ခန့်က ရန်ကုန် မြို့မကျောင်းလမ်းအမျိုးသားဇာတ်ရုံမှာ ဂန္ထ၀င်တေးများသီဆိုဖျော်ဖြေပွဲတွင် စန္ဒရားလှထွဋ်က အိပ်မပျော်သော ညများသီချင်း စတင်သီဆိုသောအခါ ကျနော့်ဘေးတွင်ထိုင်နေသော ကျနော့်ထက်နည်းနည်းကြီးသော အမကြီး၏ သမီးဖြစ်ဟန်တူသည့် အသက် ၂၀ကျော်အရွယ် ကလေးမက တိုးတိုးပြောလိုက်သည်။ (မေမေ...အဲဒီ ဦးလေးကြီးက ဟေမာနေ၀င်းသီချင်းကို ပြန်ဆိုနေတာပဲ )တဲ့။ အမေက ပြန်လည်ငေါက်ငန်းကာ ရှည်ရှည်ဝေးဝေး ရှင်းပြနေသည်ကိုကြား လိုက်ရသည်။ ထိုမိခင်မျိုးကို ချီးကျူး ကျေးဇူးတင်မိပါသည်။ သမီးက (ဒါဆို မျိုးကျော့မြိုင်ဆိုတဲ့ ရက်ပ်သီချင်းထဲက စဉ်းစားကာ နေရဦးမယ်ဆိုတဲ့ အန်တီကြီးပေါ့ )ဟု ပြန်ပြောကာ ဈေးတည့်သွားသံကိုလည်း အပြီးသတ် ကြားရသည်။ ဒါတောင်လွန်ခဲ့သော ၁၃ နှစ်က မြန်မာ့ဂီတကို နှစ်သက်လိုက်စားလှပါသော ကျနော်၏ အသက် ၂၀အရွယ် ကျနော့်သမီးသည်ပင်လျှင် ပြီးခဲ့သော မကြာသေးမီနှစ်များက(လာချင်ရင်အနီးလေး) သီချင်းကို ရန်ကုန်ကလာသော စတိတ်ရှိုးဗွီစီဒီတခုမှာ စကြားဖူးကာ အယ်ဆိုင်းဇီ၏ အသံဝဲ၀ဲ ဆတ်တောက်တောက်ဆိုဟန်ကို နှစ်ခြိုက်နေပုံရသဖြင့် မာမာအေး၏မူရင်းကို ရှာဖွေဖွင့်ပြရသည်။ ထိုနည်းတူ ရှင်ဖုန်းနှင့် ဂရေဟမ်၏ စတီရီယိုစတိုင်လ် (ဆည်းဆာ)ဟော့ရှော့ စုံတွဲတေးကိုလည်း မာမာအေး၏မူရင်း ဖွင့်ကာ နှိုင်းယှဉ်ခံစား ခိုင်းရသည်။ 

မူရင်းများကို ဖွင့်ပြတော့ မိန်းကလေးက စရမှာလား၊ ရောင်နောက်ဆံထုံးပါ၊ ချစ်အဓိပ္ပါယ်၊ သီတာရေစင်၊ အရိပ်ပမာ၊ ယုံရခက်ခက်၊ စဉ်းစားရဦးမယ်၊ မဆုံဆည်းလေသော အချစ်များ၊ မောင်ပေါက်ကျိုင်းလိုလူစား၊ စိန်နားကပ်ကြီးပန်ရမလို၊ ချစ်သော မောင်မောင် အစရှိသော များလှသည့်သီချင်းများ ကိုနားထောင်ပြီးနောက် ထိုခေတ်က မာမာအေး၏ (သံစဉ်ကမြန်မာပဲ ဆန်ဆန် ဗိုလ်ပဲဆန်ဆန် မြူးမြူး အေးအေး လွမ်းလွမ်း) ပညာပါလှသော အနုပညာမြောက်လှသော အဆိုနှင့် ထူးခြားသြဇာ ပြည့်စုံ သည့်အသံ ပရိယာယ်တို့ကို မချီးကျူးမနှစ်ခြိုက်ပဲ မနေနိုင်ဖြစ်သွားရ သည်။ ရေဗက်ကာဝင်း၏ (အချစ်ဆုံးမို့ပြောပြချင်ပါတယ်) စတီရီယိုစတိုင်လ် မာရေ ကြောရေ ဆိုဟန်ကိုလည်း ချိုသာနွဲ့ပြောင်းလှသော မူရင်းတက္ကသိုလ်လဲ့လဲ့၏ (၁၉၈၀-၉၀၀န်းကျင်) ရေဒီယိုဓါတ်ပြားေ တးနှင့် နှိုင်းယှဉ် ဖွင့်ပြလိုပေမဲ့ ရှာရခက်ခဲသဖြင့် လက်လျော့ထားရသည်။

တခါက စင်ကာပူ မင်္ဂလာဆောင်တခုမှာ ကျနော့်ကို အခန်းအနားမှူး လုပ်ဖို့အကူအညီတောင်းတော့ မြန်မာလိုလည်း ပွဲထွက်မည်ဖြစ်၍ ကျနော်က မာမာအေး၏ အခါတော် သီချင်းကို ဖွင့်ပေးရန်စီစဉ်ရာ မိခင်က သဘောတူပြီး သမီးက ခုခေတ်အဆိုတော်ကိုပဲသိသည်။ သုံးစေချင်သည်။ သားအမိ စကားအခြေ အတင်ပင်ဖြစ်ရသည်။ မကြာသေးမီက မင်္ဂလာဆောင်တခုမှာတော့ မင်္ဂလာစုံတွဲက မိဘများနှင့် ကျနော်၏ သဘောထားကို လုံးဝ လေးစားလက်ခံရာ ဒေါ်တင်တင်မြ၏ မူရင်း အခါတော် သီချင်းကို ဖွင့်ပေးခဲ့ရာ (လူကိုယ်တိုင်ဆိုသည်မဟုတ်သော်ငြား) အခန်းအနားမှာ အလွန်တရာ ကျက်သရေမင်္ဂလာရှိခဲ့သည်။ ပရိသတ် အားလုံး ထုတ်ပြောယူရသည်။

တခါ ကျနော့်သူငယ်ချင်းတယောက်၏သား (အသက် ၁၉နှစ်ခန့်) ကိုစကားစပ်၍ မေးကြည့်ရာ မေဆွိဆိုတဲ့အန်တီကြီးလား၊ နာမည်တော့ကြားဘူးတယ်။ ဘယ်သီချင်းတွေလဲ တော့မသိဘူး ဟုပြောဘူးပြန်သည်။


  
(မျက်လုံးချင်းစကားပြောနေပြီ)ကို ၁၉၇၀ခန့်က မောင်သိန်းဝင်း၏ ချိုသာရွှင်လန်း မြန်မာယောက်ျားဆန်လှသော မူရင်းရုပ်ရှင်သီချင်းအစား အယ်လ်လွန်းဝါ ဆိုတာကိုသာ ကြားဘူးကြ အသိများကြတော့သည်။ (ယခုဆောင်းပါးနှင့်အတူတင်ထားသော ဓါတ်ပုံထဲက ဦးထုပ်နှင့် အန်ကယ်ကြီးမှာ ဦးသိန်းဝင်းဖြစ်ပါသည်။) ချစ်တယ် (အဘိုးကလည်း အဘွားကို ချစ်တယ်ပြောမှာပဲ....) ဆိုလျှင် ဇော်ပိုင် သီချင်းဟုထင်ကြသည်.။ သုမောင်ဆိုတာမကြားဘူးကြ။ အောင်ရင်က ရေဒီယိုတေး အတော်များများကို ပြန်ဆိုချလိုက်သဖြင့် လူငယ်တွေသိသွားကြသည်ကိုတော့ ၀မ်းသာရသည်။ အခြား ပြန်ဆိုကြသည့် မေဆွိ မေရွက်ဝါ နီနီဝင်းရွှေ ကော်နီ စိုးစန္ဒာထွန်း ပိုးအိစံ ပန်းအိဖြူ ဗညားဟန် ရန်အောင် လွှမ်းမိုး ဖိုးသောကြာတို့နှင့် ထုတ်လုပ်သူများကိုလည်းသည့်အတွက်ကျေးဇူးတင် ရပါသေးသည်။ ဘယ်သူဆိုဆို မူရင်းကိုမှီမှီ မမှီမှီ အရင်ခေတ်ကတေးများ၏ လှပလေးနက်သော စာသားသံစဉ်များကို လူငယ်တွေခံစားခွင့်ရစေသည်မို့ပင်။

သည်တော့....။ ခေတ်ကပြောင်းလာခဲ့ပြီ။ ခုချိန် အသက် ၂၀-၃၀ လူငယ်များ ပြန်ဆိုတေးများကိုသာ ကြားဘူးကြသည်။ ပြန်ဆိုတေးများကို ကြိုက်နေကြသေးသည်ကိုပင် ၀မ်းသာရသေးသည်။ မူရင်း တေးများ မူရင်းအဆိုတော်များကို မသိကြသည်ကို အပြစ်ပြောမရ။ သို့သော် ဂီတချစ်သူမြန်မာ လူငယ်မှန်လျှင် အားလုံးကိုမသိသော်မှ တချိန်ကကြော် ကြားခဲ့သော မြန်မာအဆိုတော်များ နှင့် သူတို့၏တေး၃-၄ပုဒ်စီကိုတော့သိသင့်ပါသည်။ ရှင်ဘုရင်များ အဆက်ဆက်လက်ထက်များက ထူးမခြားနား ချစ်သမျှကို မန်းတောင်လက်ျာ ဝေဇယန္တာ မြမန်းဂီရိသေလာတောင် စိန်ခြူးကြာညောင် အစရှိသော ကြိုး ဘွဲ့ ပတ်ပျိုး ယိုးဒယား ရှေးသီချင်း ကြီးများ။ နယ်ချဲ့လက်အောက်ရောက်နေသာ (၁၈၈၅-၁၉၄၈ အတွင်း) ပြည်လှဖေ ဥသြဘသောင် မေရှင် မေမြင့် ဒေါ်ကြည်အောင် စိန်ပါတီ လေဘာတီမမြရင် စသော နာမည်ကျော် မြန်မာ အဆိုတော်ကြီးများ၏ (ဇာတိမာန် နဂါးနီ ရှင်သီဝလိ မြန်မာ့ခေတ် ရွှေစပယ်ရုံ ချစ်မိုးစွေ ချစ်ရေစင် ရွှေတံငါ ရှေးကုသိုလ် ရွှေပြည်တန် ဘုန်းမောင့်သက်လှယ် ရှေးရေစက် မိုးဒေ၀ါ ရာသီတော်ဦး မြတ်ပန်းခွေ ချစ်ရောင်ခြည်) အစရှိသောတေးများ။ 

လွတ်လပ်ရေးရပြီးနောက် ဆိုရှယ်လစ်ခေတ်မရောက်ခင် (၁၉၄၈-၁၉၆၂) မန္တလေးမြို့မ တူရီယာအဖွဲ့နှင့် မြို့မငြိမ်းတို့ကို အခြေခံလျက် ကြော်ကြား လာသော တေးများက ကိုအံ့ကြီး ၀င်းဦးတို့စခဲ့သော ကသစ်ပန်း တိမ်လွှာ မို့မို့လွင် ရေချိုးဆိပ် ရန်ကုန်သူ စသောတေးများ၊ (၁၉၆၂-၂၀၀၀) အတွင်း ကြော်ကြားခဲ့သော ၀င်းဦး (မောင်တို့ချယ်ရီမြေ-ပိတောက်ရိပ်ဝယ်-မမမိုး-မင်္ဂလာဆုတောင်း-)။ တင်တင်မြ(ယောဆရာကြီး-ပင်တိုင်စံ-တကျော့နှစ်ကျော့တေးကိုသီ)။ မာမာအေး(ပိတောက်လမ်း-တရေးချစ်ခွင့်မြင်ရနိုး-ဆည်းဆာ-မေ့ကွက်ကိုရှာ - မောင့်အချစ်မြား)။ ချိုပြုံး (တမာလမ်းကိုပြန်ခဲ့ပါ-တက္ကသိုလ်ကျောင်းကငွေလမင်း) ညွန့်ဝင်း (ရွှင်လန်းချမ်းမြေ့ပါစေ-အချော့တော်) စန္ဒရားလှထွတ် (တိမ်တမာန်-အိပ်မပျော်သောညများ-တပြည်သူ မရွှေထား- အလှသစ္စာတရား) စန္ဒရားချစ်ဆွေ (ချစ်အားငယ်ရသူမယ် -ချစ်သူဝေးဝေးသွားပါနဲ့လား -ချောကလျာ)။ စသဖြင့်....။ များစွာရှိပါသည်။

တချိန်က(၁၉၈၀-၂၀၀၀)စတင်နာမည်ကျော်ခဲ့သည့် မြန်မာသံမဟုတ်သော အဆိုတော်များသည်လည်း တဦးချင်း၏ အရည်အချင်း စန်းကိုလိုက်ပြီး သက်တမ်း၁၀-၁၅-၂၀ နှစ်မက ရှည်ကြာတတ်ကြသည်မို့ ယနေ့ခေတ် ဖြူဖြူကျော်သိန်း-၀ိုင်းစုခိုင်သိန်း-ချမ်းချမ်း-ငယ်ငယ်-ဆုံသင်းပါ-ဂျင်းနီ-ဇော်ပိုင်-ရသ- ကျားပေါက်-စိုင်းစိုင်း-အာဇာနည်-ဆိုတေး- အောင်လ စသူတို့ကြားဝယ် တစ်စင်ထဲ အတူနွှဲနေနိုင်ကြ သေးသော နွဲ့ယဉ်ဝင်း-ချိုပြုံး-မေခလာ-ကိုင်ဇာ-တူးတူး-ဘိုဘိုဟန်-ခိုင်ထူး-စိုးပိုင်-ချစ်ကောင်း-ဇော်ဝင်းထွဋ်- စိန်ဝင်းထွန်း-သန်းနိုင်-သိန်းတန် တို့လို အဆိုတော်များရှိကြ သလို မြန်မာသံလိုင်းတွင်လည်း ခုနောက်ပိုင်း အလင်္ကာဝတ်ရည်စသော ၀ိုင်းအသစ်များ တည်ထောင်လာ မှုကြောင့် ကာလရှည်ကြာနာမည်ရ အဆိုတော်ကြီးများ နေရာရလာပြန်သည်။ (ကိုမင်းနောင် မောင်မောင်ကြီး ရီရီသန့် ထား ဖြူသီ ခင်ညွန့်ရည် သန်းမြတ်စိုး စသဖြင့်) ။ သို့သော် သူတို့သည်လည်း မြန်မာသံတေးစစ်များကိုကြိုက် နှစ်သက်သော အသက်အရွယ် ( ၄၅ မှ ၇၀ အတွင်း) အများစုရှိကြသော ပြည်တွင်း ပရိသတ် ထဲမှာသာဖြစ်သည်။ အချို့က မြန်မာနိုင်ငံတွင်း နေသော်ငြား အဆိုအရည်အချင်း ပြည့်ဝမြင့်မား လှ သော်ငြား အကြောင်းကြောင်းကြောင့် အနုပညာစင်မြင့် များနှင့် ဝေးနေခဲ့ကြသည်။
 
မာမာအေးက မြန်မာ့နိုင်ငံရေး ကို လေ့လာမှတ်သားသူ လူငယ်အများသိသည့်အတိုင်း ၁၉၈၈ တွင် ပြည်လုံးကျွတ်ဆန္ဒပြ အုံကြွမှုကြီးတွင် ပြည်သူဘက်က အနုပညာရှင်များ ပါဝင် ရပ်တည်ပတ်သက် ခဲ့ရာ ကစပြီး (ပြည်သူဘက်က မရပ်တည်ခဲ့သူများက နိုင်ငံပိုင် ရေဒီယို တီဗွီများတွင် နှစ် ၂၀ ကျော်အကြော့သားသီဆိုသရုပ်ဆောင်ကြ အခွင့်အရေးတွေရနေခဲ့ကြချိန်မှာ) ပြည်ပတို့ (အမေရိ ကသို့) ထွက်ခွာသွားရကာ တဦးတည်း ဘ၀ကိုရပ်တည်နေခဲ့သော (ယခုအခါ ၇၀ နှစ်ရှိနေပြီဖြစ်သော) အဆိုတော်ကြီး ဖြစ်ပေသည်။

ဒီမိုကရေစီိ မိခင်ကြီးဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာသည်နှင့် အတူ ခေတ်တွေပြောင်းလာ၍ သမတဦးသိန်းစိန်၏ ခွင့်ပြုမှုဖြင့် ပြည်တော်ပြန် လည်ပတ်လာသူဖြစ်သည်။ အရွယ်ကောင်းချိန် အသက် ၅၀ ကျော်ကစပြီး မြန်မာပရိသတ်နှင့် နှစ် ၂၀ကျော်ကင်း ကွာနေခဲ့ရသဖြင့် ၁၉၈၀ တ၀ိုက်မွေးသော ကလေးများ မာမာအေးသီချင်း များ နားထောင်မိရန် ကြိုက်နှစ်သက်ရန် အခွင့်အရေး နည်းပါးခဲ့ပေသည်။ သို့ရာတွင် မြန်မာသီချင်းတွင် ဘယ်သူမှ တုနှိုင်းမမှီသော သူ့အသံ သူ့ဟန်နှင့် သူ့ရပ်တည်ချက်တွေကို ယူကျုမှာ မြန်မာလိုဖြစ်ဖြစ် အင်္ဂလိပ်လို ဖြစ်ဖြစ် နာမည်ရိုက်ထည့်ကာ လေးငါးပုဒ်နားထောင်ယုံမျှနှင့် သိကြမည်ဖြစ်သည်။ သူသည် နှလုံးခွဲထားရ သောကြောင့် အသံကို ထိန်းချုပ်နေရသော်ငြား သူများတကာ ထက်သာနေသေးသော နားဆင်သူ နားဝင်ပီယံ အရသာရှိစေသော အသံနှင့်အဆိုများက ပူပူနွေးနွေး ရန်ကုန်ပွဲနှစ်ပွဲက သက်သေခံနေပါသည်။

မြန်မာ့ဂီတမိခင်ကြီး ဒေါ်မာမာအေး ရန်ကုန်မှစင်ကာပူသို့မပြန်မီ သူ့အား ကန်တော့သောအားဖြင့် ဂုဏ်ပြုသောအားဖြင့် ဂါရ၀ပြုသောအားဖြင့် စင်ကာပူနေ မြန်မာ့ဂီတချစ်သူတစုတို့ ဖိတ်ကြားစီစဉ် ထားသော မာမာအေးဂီတပဒေသာပွဲကို မတ်လ ၃ ရက် (ခရေတာ ဧရာ ဇာတ်ရုံကြီး)မှာ ကြွရောက် အားပေးခြင်းဖြင့် စင်ကာပူက မြန်မာတွေ မြန်မာ့ဂီတကို မာမာအေးတေးများကို ချစ်မြတ်နိုးကြောင်း ပြသ ကြစေချင်ပါသည်။ စင်ကာပူနေ လူငယ်လေးများ မာမာအေးကို မသိ မကြိုက်ကြနှိုင်သော်လည်း မိမိတို့၏ မိဘများကို ပြောပြကာ မာမာအေးဂီတ ပဒေသာပွဲကို ပြသစေချင်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။ 

အောက်ပါလင့်ခ်မှာ အသေးစိတ် ကြည့်ရှုသိရှိသိနိုင်ပါသည်။ 

ဒီဆောင်းပါးလေးကို ရေးသားသူက ကျွန်မမိတ်ဆွေ ကိုအောင်ခိုင် ခေါ် အဆိုတော် ကိုမင်းအောင်ခိုင်ပဲ ဖြစ်ပါတယ်။ သူ့ဖေ့စ်ဘုတ်မှာ ရေးထားတဲ့ ဒီဆောင်းပါးလေးကို ကျွန်မက သူ့ဆီမှာ ခွင့်တောင်းပြီး ယူလာခဲ့တာပါ။ ခုလာမဲ့ မတ်လ ၃ရက်နေ့ စင်္ကာပူမှာ ပြုလုပ်မဲ့ အန်တီဒေါ်မာမာအေးပွဲ အကြောင်း  မသိလို့ မကြည့်လိုက်ရသူများ မရှိကြရလေအောင်ပါရှင်။ 

အန်တီဒေါ်မာမာအေးနဲ့အတူ တစ်ခြားသော အနုပညာရှင်များစွာ ပါဝင်ဖြေဖျော်ကြမဲ့ ဒီဂီတပဒေသာပွဲလေးအတွက်  လက်မှတ်မဝယ်ရသေးသူများ အချိန်မီပါသေးတယ်ရှင့်။ အမြန်ဆုံး သွားရောက်အားပေး ဝယ်ယူကြပါဦးလို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။



လူသတ်ကွင်း

$
0
0

ခမာတို့မြေကိုသွားကြဖို့ စီစဉ်ပြီးတဲ့အခါ ကျမ သိပ်ရောက်ချင်နေတဲ့နေရာ တစ်ခုကို ရောက်အောင်သွားမယ် လို့ စိတ်ထဲက တေးထားလိုက်မိပါတယ်။ တကယ်တမ်းကျတော့ ကျမတို့ Siem reapကနေနွမ်ပန်(Phnom Penh)ကို ကားနဲ့ ခြောက်နာရီကျော်ကျော် စီးလာခဲ့ရတာမို့ နွမ်ပန်ရောက်ချိန်မှာ ညနေ နီးပါးလောက်ဖြစ်နေပါပြီ။ ကျမသွားချင်တဲ့ Choeung Ek Genocidal Centerက ညနေ ငါးနာရီခွဲပိတ်တယ်ဆိုတာနဲ့ မမီလောက်တော့ပါဘူးဆိုပြီး အတော်လေး စိတ်ဓါတ်ကျသွားပါတယ်။ ဒါပေမဲ့ မီလိုမီငြား မြန်မြန်လေးမောင်းပေးဖို့တော့ ကားသမားကို မေတ္တာရပ်ခံနေခဲ့မိပြန်ပါတယ်။ နောက်ဆုံးမတော့ ကံကောင်းစွာပဲ ပြတိုက်မပိတ်ခင် အချိန်မီ အရောက်သွားနိုင်ခဲ့ကြပါတယ်။

တော်တော်များများ ကြားဖူးပြီးကြမှာပါ။

လူသတ်ကွင်းတဲ့....ကြားလိုက်တာနဲ့တင် မနှစ်မြို့ချင်စရာ။ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ခမာရု ကွန်မြူနစ်ပါတီခေါင်းဆောင် ပိုပေါ့နဲ့အဖွဲ့ဝင်တွေရဲ့ အပြစ်မဲ့ခမာလူမျိုးချင်း ကမ်းကုန်အောင် ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြရာ နေရာများစွာထဲက တစ်ခုဖြစ်တဲ့ Choeung Ek Genocidal Center ပါ။ အဲဒီကို  ၂၀၀၉-မေလမှာ ကျမ ရောက်ခဲ့ပါတယ်။ လူသတ်ကွင်းပေါင်းများစွာထဲကလို့ ပြောရတာက Cambodiaမှာ ပိုပေါ့လက်ထက်က လူသတ်ကွင်းပေါင်း ၃၀၀ကျော်ရှိခဲ့တယ် ဆိုလို့ပါပဲ။ ကျမတို့သွားခဲ့တဲ့ Choeung Ek Genocidal Centerဆိုတာ အရင်တုန်းက တရုတ်သင်္ချိုင်းဟောင်း တစ်ခုကနေ ပိုပေါ့လက်ထက်မှာတော့ S21မှာ ညှင်းပမ်းနှိပ်စက်ပြီးတဲ့သူတွေကို ခေါ်ဆောင်လာပြီး မြှုတ်နှံ သတ်ဖြတ်ရာနေရာတစ်ခု ဖြစ်ခဲ့ရတာ။ ခုတော့ အမှတ်တရပြတိုက်တစ်ခုအနေနဲ့ ခမာတွေရဲ့ ရင်တွင်းဒဏ်ရာပြသရာနေရာ တစ်ခု ဖြစ်နေခဲ့ပါပြီ။

S21 ဆိုတာကတော့ ပိုပေါ့လက်ထက်မှာ ထောင်အဖြစ် အသွင်ပြောင်းခြင်းခံလိုက်ရတဲ့ အထက်တန်းကျောင်းဟောင်း တစ်ခုပါ။ ခုတော့ Tuol Sleng S21 Genocide Museum အဖြစ် ခရီးသွားတွေ သွားရောက်ကြည့်ရှူ့ရာနေရာတစ်ခု ဖြစ်နေခဲ့ပါပြီ။ ကျမတို့ အချိန်မရတာကြောင့် အဲ့ဒီကျောင်းကိုတော့ မရောက်ခဲ့ကြပါဘူး။ နောက်တစ်ခေါက် ထပ်သွားဖို့ အခွင့်သာရခဲ့ရင် ခမာတွေရဲ့ နာကျင်ကြေကွဲမှုတွေကို မျှဝေခံစားဖို့ ကျမ အဲ့ဒီကို အရောက်သွားချင်ပါသေးတယ်။ 

  


Choeung Ek Genocidal Centerကို ဝင်ဝင်ချင်းမှာပဲ ပတ်ပတ်လည်မှာ မှန်တွေနဲ့ ကာရံဘောင်ခတ်ထားတဲ့ စေတီပုံစင်ပေါ်က အရိုးခေါင်းတွေ တောင်လိုပုံထားတာ တွေ့လိုက်ရတယ်။ အရိုးခေါင်းပေါင်း ၅၀၀၀ကျော်ရှိတယ်လို့ ဆိုပါတယ်။ တွေ့ရသမျှ အရိုးခေါင်းခွံတွေဟာ တစ်ခုမှ အကောင်း မရှိပါဘူး။ ကွဲအက်ရာတွေနဲ့၊ ကြေမွနေတဲ့ အပိုင်းအစတွေနဲ့ရယ်။ အနီးကပ်ကြည့်ဖို့ အထဲကိုတံခါးဖွင့်ဝင်လိုက်တာနဲ့ ဆိုးရွားတဲ့ အနံ့တစ်ခု (ထုံးချောက်နံ့လိုလို ပုပ်အဲ့အဲ့) နှာခေါင်းထဲ တိုးဝှေ့ဝင်လာတာမို့ အသက်အောင့်ရင်း ကြည့်ခဲ့ရတယ်။ အဲဒီမှာရှိတဲ့ အရိုးခေါင်းပေါင်း ၅၀၀၀ကျော်ဟာ တကယ်တော့ ပိုပေါ့တို့ သတ်ခဲ့ကြတဲ့ ခမာလူမျိုးအရေအတွက်ရဲ့ အဖျားအနားလောက် ရှိသေးတာရယ်။

 


ကွင်းကြီးတစ်ခုလုံးထဲ လျှောက်ကြည့်ကြပြန်တော့ နေရာတော်တော်များများမှာ Massive Grave Yard လို့ခေါ်တဲ့ သေသူတွေကို အစုလိုက်အပြုံလိုက် မြှုတ်နှံထားရာနေရာတွေ အများကြီးတွေ့ခဲ့ရတယ်။ စုစုပေါင်း ၁၂၉နေရာရှိပါတယ်။ သေသူတွေလို့သာ ပြောရတယ်၊ တကယ်တော့ မသေမရှင်တွေရော၊ သေအံ့မူးမူးတွေရော၊ အရှင်လတ်လတ်တွေပါ အကုန် စုပုံမြှုတ်နှံခဲ့ရာနေရာ ဖြစ်ပါသတဲ့။ မသေမရှင်တွေနဲ့ သေအံ့မူးမူးတွေတဲ့...သူတို့ ဘယ်လောက်တောင်မှ မချိမဆန့် ခံစားသွားခဲ့ကြရှာမလဲ၊ ကျမ နာနာကျင်ကျင် တွေးကြည့်မိပါရဲ့။

 

လူသတ်သစ်ပင်-Killing Tree ဆိုတာကိုလည်း တွေ့ခဲ့ရတယ်။ ကလေးသူငယ်တွေ၊ မိန်းမတွေကို ခြေနှစ်ချောင်းကကိုင်ပြီး မသေမချင်း ပင်စည်နဲ့ လွှဲရိုက် သတ်ဖြတ်ခဲ့ကြတဲ့ အပင်ပါ။ ကြားရတာနဲ့တင် ရင်ထဲ စူးကနဲ နာကျင်သွားခဲ့ရစေပါတယ်။ ရက်စက်လိုက်ကြတာဆိုတာထက် ပိုတဲ့ စကားလုံးများရှိရင် ပြောလိုက်ချင်ပါသေးတယ်...။ အဲဒီသစ်ပင်ကတော့ လူသတ်ကွင်းထဲမှာ တွေ့ခဲ့ရသမျှထဲ ရင်ထဲအထိရှဆုံး နေရာပါပဲ။

S21-အကျဉ်းထောင်က
သေမိန့်ကျအကျဉ်းသားတွေကို အားရအောင်နှိပ်စက်ရိုက်နှက်လို့ ဝတဲ့အခါ ညစဉ် ၈နာရီ-၉နာရီလောက်ကျမှ ထရပ်ကားတစ်စီးပေါ်တင်ပြီး  Choeung Ekမှာ အပြီးသတ်စုပုံမြှုတ်နှံဖို့ ခေါ်ဆောင်လာလေ့ရှိတယ်။ အကျဉ်းသားတွေကိုတော့ မျက်လုံးမှာ အဝတ်စည်းပြီး ထောင်ပြောင်းရွှေ့ချုပ်ဖို့ဆိုတာမျိုးလောက်သာ အသိပေးထားတာပါ။ ဒါမှလည်း ကားပေါ်မှာ ငြိမ်ငြိမ်သက်သက် လိုက်လာကြမှာကိုး။

Choeung Ekရောက်တဲ့အခါ ကားပေါ်မှာ အစောင့်ပါလာတဲ့ တာဝန်ရှိသူတွေက အကျဉ်းသားတွေကို ကားပေါ်က ဆင်းစေပြီး နာမည်စာရင်းစစ်ပါတယ်။ အဲဒီနာမည်စာရင်းက ဘရာသာနံပါတ်ဝမ်းလို့ခေါ်တဲ့ ပိုပေါ့ရဲ့ အမိန့်အရ သေဒဏ်ပေးရမဲ့ လူတွေရဲ့ နာမည်စာရင်းပါပဲ။ အဲဒီစာရင်းအတိုင်း ဟုတ် မဟုတ် နာမည်ခေါ် လူစစ်ပြီးမှ သတ်ဖြတ်မြှုတ်နှံဖို့ ပြင်ဆင်ကြတာပါ။

အကျဉ်းသားတွေကို အုပ်စုငယ်လေးတွေခွဲပြီး မျက်နှာမှာ အဝတ်စည်းလို့ တွင်းဝမှာ ဒူးတုတ်ထိုင်စေပါတယ်။ လက်ကိုလည်း နောက်ပြန်ကြိုးတုတ်ထားပါသေးတယ်။ ပြီးမှ လည်မြိုကို ပိုင်းလို့ အသေသတ်ပြီး ကြိုတင်တူးထားတဲ့တွင်းထဲ ကန်ချတာမျိုးနဲ့ လက်စတုံးလုပ်ပစ်ကြပါသတဲ့။ အဲဒီလို သတ်ဖြတ်ရာမှာ သေနပ်ကို သုံးလေ့မရှိဘဲ ဓား ဒါမှမဟုတ် ချွန်ထက်တဲ့ အသွားရှိတဲ့ လက်နက်တွေကိုသာ သုံးလေ့ရှိကြပါတယ်။ တွင်းထဲမှာ ကမ်မီကယ်အဆိပ်တစ်မျိုးလည်း ထည့်သွင်းထားပါသေးတယ်။ အဲဒီ ကမ်မီကယ်က မသေမရှင်ဖြစ်နေသူတွေကို သေစေပြီး၊ သေပြီးသွားတဲ့အခါမှာ အပုပ်နံ့ အနံ့ဆိုးတွေ မထွက်စေရအောင် ထည့်ထားခြင်း ဖြစ်ပါသတဲ့။ အနီးအနားပတ်ဝန်းကျင်ကို အနံ့ဆိုးတွေ မထွက်အောင်ပါပဲ။

ညညတွေဆို သစ်ပင်တစ်ပင်ပေါ်မှာ စပီကာကြီးတခုကို မြို့ဘက်မျက်နှာလှည့်ပြီး သီချင်းသံတွေ ခပ်ကျယ်ကျယ် ဖွင့်ထားလေ့လည်းရှိသတဲ့။ လူသတ်ကွင်းက ကယ်ပါယူပါ ငရဲတမျှ အော်ဟစ်ညည်းတွားသံတွေကို မြို့ဘက်ကနေ မကြားစေရအောင်ပါ။ အဲဒီအပင်ကိုတော့ Magic Tree လို့ အမည်ပေးထားပါတယ်။

လူသတ်ကွင်းထဲ လှည့်လည်ကြည့်နေစဉ် တစ်လျှောက်လုံး ကျမနားထဲမှာ သေသူတွေရဲ့ ညည်းတွားသံ၊ ကယ်ပါ ယူပါ အော်ဟစ် ရုန်းထွက်သံတွေတောင် ကြားမိသလိုလို။ နံဘေး ဝန်းကျင်မှာ မကျွတ်မလွတ်ကြသေးသူတွေရဲ့ ဝိဉာဉ်တွေများ ကျမတို့အပေါ် စီးမိုးကြည့်နေသလိုလို။ အတွေးနဲ့တင် ကျမ တကိုယ်လုံး ကြက်သီးတွေ ဖြန်းကနဲ ဖြန်းကနဲ ထခဲ့မိတာ အခါခါရယ်။

ဒီရက်စက်မှုတွေရဲ့ လက်သည်က ပိုပေါ့-Pol Pot နဲ့ သူ့ရဲ့ ခမာရု-Khmer Rouge ကွန်မြူနစ်ပါတီရဲ့ နိုင်ငံ ပြန်လည်ထူထောင်ရေးစီမံကိန်းကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံတစ်နိုင်ငံမှာ တန်းတူညီမျှမှုတွေ ရှိစေဖို့ဆိုရင် လူတိုင်းဟာ တန်းတူအဆင့်အတန်းမှာ ရှိနေရမယ်။ ဉာဏ်ရည်ကအစ၊ ပိုင်ဆိုင်မှုအဆုံး အများသူငါထက် သာလွန်နေသူတွေကို အမျိုးဖြုတ်ပစ်မှရမယ်။ ဒီလို သုတ်သင်ရှင်းလင်းရေးလုပ်ဖို့အတွက် အစကနေ ပြန်စကြရမယ်။

အဲဒီလို သုညကနေ ပြန်စကြမယ်ဆိုတဲ့ အတွေးအခေါ်နဲ့ စတင်ခဲ့တဲ့နှစ်ကို Year Zeroလို့ တွင်စေခဲ့တယ်။ အဲဒီ Year Zero ဆိုတဲ့ နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်ထဲမှာ ရွှေငွေ ဥစ္စာပစ္စည်း ဝတ်သူတွေ၊ သူတို့ အစိုးရရဲ့သဘောထားကို ဆန့်ကျင်မဲ့ အရိပ်အခြေရှိသူတွေ၊ ပညာတတ်တွေ၊ (သူ့အယူအဆက ပညာတတ်တဲ့ကောင်တွေဟာ အာဏာကို ပြန်လည်ထိုးကော်မဲ့သူတွေလို့ ဆိုတယ်။ မျက်မှန်တပ်သူဆိုရင်ပဲ စာဖတ်နာတဲ့ကောင်၊ ကလိန်ကကျစ်ကျမဲ့၊ လည်ပတ်လွန်းမဲ့၊ ဉာဏ်များမဲ့အကောင်ဆိုပြီး ဖမ်းဆီးသတ်ဖြတ်ရမဲ့ စာရင်းထဲသွင်းတော့တာ) အဲသလိုလူတွေကို အကုန်လုံး အရှင်မထားဘဲ သတ်မိန့်ပေးပြီး သတ်စေခဲ့တယ်။ ကျူပင်ခုတ် ကျူငုတ်မကျန် ဆိုတာလို သူတို့ သံသယရှိလာရင် မိသားစုဝင်အကုန် ကလေးကအစ ရှင်းလင်းသတ်ဖြတ်ပစ်ခဲ့ကြတယ်။


ဒါကတော့ သေမိန့်စာပါ....
 
   


လူပေါင်း ၁.၇ သန်းခန့်ဟာ ပိုပေါ့နဲ့ သူ့အစိုးရရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲ့ကြရတယ်။ အဲဒီအချိန်က ပိုပေါ့အစိုးရလက်ချက်နဲ့ သေဆုံးခဲ့ရသူပေါင်းဟာ ကဗ္ဓောဒီးယားနိုင်ငံ စုစုပေါင်းလူဦးရေရဲ့ ၂၁ ရာခိုင်နှုန်း ရှိပါတယ်။

လူသတ်စက်လို့ ခေါ်တွင်တဲ့ Killing Machine ကို တီထွင်ခဲ့ကြတယ်။ လျှောလို နိမ့်မြင့်သစ်သားချပ်ပေါ်မှာ အနိမ့်ဖက်ကို ခေါင်းထားပြီး အိပ်စေတယ်။ လက်ခြေတွေကို သံကွင်းတွေနဲ့ မလှုပ်နိုင်အောင် တွဲခတ်ထားတယ်။ ပြီးမှ မျက်နှာပေါ် ရေတစိမ့်စိမ့် လောင်းချစေတယ်။ ရုန်းရင်းကန်ရင်း လက်ပြတ်ထွက်သူတွေတောင် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ပိုပေါ့ကိုယ်တိုင်ဟာလည်း ကျောင်းဆရာဟောင်းတစ်ယောက်ပါ။ ဗီယက်နာမ် လျို့ဝှက်ဧဂျင့် တစ်ယောက်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ အဲဒါနဲ့ပတ်သက်လို့ သူ့မှာ စာရွက်စာတမ်း အထောက်အထားတွေရှိတယ်လို့ ခမာရုရဲဘော်ရဲဘက် တစ်ယောက်ဖြစ်တဲ့ Ta Mok က ထွက်ဆိုခဲ့တယ်။

အဲဒီအချိန်က ကဗ္ဓောဒီးယားနဲ့ ဗီယက်နာမ်ကြား စစ်ပွဲတွေ၊ ခမာဖြူ ၊ ခမာနီ၊ ခမာပြာရယ်လို့ ပြည်တွင်းမှာ ကွဲပြားနေကြတာတွေ၊(မှတ်ချက် ခရိုနီ ခရိုဖြူ ခရိုပြာများ လုံးဝ မဟုတ်) မင်းသားကြီးသီဟာနုနောက်ပိုင်းမှာ ဟွန်ဆန်အာဏာရသွားတာတွေ အဲသလိုအခြေအနေတွေနဲ့ ခမာတို့ရဲ့ နိုင်ငံရေးအခြေအနေတွေ ဟာ ပွေလီရှုပ်ထွေးလို့ နေခဲ့ပါတယ်။ ဟွန်ဆန်ကိုယ်တိုင်လည်း ပထမပိုင်းမှာ ပိုပေါ့အဖွဲ့ဝင်ဖြစ်ခဲ့ ရာက နောက်ပိုင်းကျမှ ပိုပေါ့လုပ်ရပ်တွေကို ရိပ်စားမိလာတာကြောင့် ခမာရုထဲက ထွက်ပြေးလွတ်မြောက်ခဲ့သူပါ။  

ပိုပေါ့ခေတ်တစ်ခုလုံးမှာ ကြောက်စရာသိပ်ကောင်းတဲ့အချက်က အယူအဆမှား၊ အတွေးအခေါ်မှားသူလက်ထဲ ရောက်သွားတဲ့ အချုပ်အချာအာဏာပါပဲ။ အာဏာလက်ကိုင်ထားပြီး ထင်ရာစိုင်းခဲ့တဲ့အဖြစ်ဆိုးရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ခမာလူမျိုးတွေနေရာက ကျမ ဝင်ရောက်ခံစားမိခဲ့ပါတယ်။ နာကျင်လိုက်တာရှင်။ အဲဒီအချိန်တုန်းက အိမ်တိုင်း အိမ်တိုင်းတွေမှာ ပိုပေါ့လက်ချက်နဲ့ မိသားစုဝင်တွေ မဆုံးရှုံးဖူးတဲ့သူရယ်လို့ မရှိလောက်ဘူး။ အိမ်တိုင်းအိမ်တိုင်းမှာ သူ့အပူ ကိုယ့်အပူတွေနဲ့ သူ့ ကိုယ်မကယ်နိုင်၊  ကိုယ့် သူမကယ်နိုင် ဖြစ်ခဲ့ကြမှာ။

အဲဒီအချိန်မှာ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ ကျမရဲ့စိတ်နှလုံးဟာ ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတဲ့ ခမာလူမျိုးတွေရယ်၊ ကျန်ရစ်သူမိသားစုဝင်တွေရယ်နဲ့အတူ တစ်ထပ်ထဲ ဖြစ်တည်နေခဲ့တယ်။ ခမာရယ် မြန်မာရယ် ခွဲခြားမမြင်နိုင်တော့ဘဲ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံ၊ အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစား၊ လက်နက်ရှိနဲ့ လက်နက်မဲ့ လူတန်းစား နှစ်ရပ်ရယ်လို့ပဲ ခံစားမိခဲ့ရတယ်။ 


၁၉၉၈-ပိုပေါ့တစ်ယောက် သေဆုံးချိန်မှာတော့ ဘယ်သူမှတောင် မသိလိုက်ရဘဲ တောစပ်လေးတစ်ခုမှာ အလောင်းကို ရှာတွေ့ခဲ့ကြရတာပါ။  ဥပဒေကြောင်းအရ အပြစ်ပေးတာကို မခံလိုက်ရပေမဲ့ သေဆုံးချိန်မှာ ဘယ်လိုဆိုးဆိုးဝါးဝါးရှိခဲ့လိမ့်မယ်ဆိုတာကိုတော့ ခန့်မှန်းနိုင်ခဲ့ကြပါတယ်။

တီဗီသတင်းတွေကနေ လူသတ်ကွင်းမှာ အဓိက သတ်ဖြတ်မှုတွေကို တာဝန်ယူလုပ်ဆောင်ခဲ့ကြတဲ့ Nuon Chea-ဘရားသား နံပါတ် ၂နဲ့ Duch တို့ရဲ့ ထွက်ဆိုမှုတွေကို ကြည့်ခဲ့ရပါသေးတယ်။ အံ့သြစရာတော့ မဟုတ်ပါဘူး၊ သူတို့ထွက်ဆိုခဲ့တာတွေက သူတို့မှာ အပြစ်မရှိကြောင်း၊ တာဝန်အရ ကျေပွန်အောင် အထက်အမိန့်ကို နာခံခဲ့ရတာသာဖြစ်လို့ နောင်တမရကြောင်း မတုန်မလှုပ်ပြောခဲ့ကြပါတယ်။

ဒီပိုစ့်က ကျွန်မရေးထားတာ အတော်ကြာနေပါပြီ။ ရေးရင်းနဲ့ မောမောလာလွန်းလို့ စာကြမ်းတွေထဲ ထိုးထည့်ထားတာ။  ခုမှပဲ ပြန်ထုတ်ပြီး အချောသတ်၊ ပုံတွေဖြည့်ပြီးတင်လိုက်ရပါတယ်။ ကြားသိနေပြီးသားတစ်ခု ဖြစ်နိုင်ကောင်းပေမဲ့ ရေးပြီးသားလည်း ဖြစ်တာမို့ရယ် ဘလော့ဂ်ပေါ်မှာ တင်သိမ်းထားချင်တာရယ်ကြောင့်လည်း ပါပါတယ်။

ပိုစုံတဲ့ စာတွေနဲ့ ပုံတွေဖတ်ချင် ကြည့်ချင်ရင်တော့ အောက်ကလင့်ခ်တွေမှာ သွားဖတ်နိုင်ကြပါတယ်။

http://www.rustycompass.com/destinations/detail/city_7-cambodia-phnom-penh/14-see-and-do/129-tuol-sleng-s21-genocide-museum#.UTv2RFcT5fQ
http://commons.wikimedia.org/wiki/Category:Choeung_Ek
http://www.killingfieldsmuseum.com/s21-victims.html
http://dontstopliving.net/choeung-ek-genocidal-center-killing-fields/
http://www.virtualtourist.com/travel/Asia/Cambodia/Phnom_Penh-1194372/Things_To_Do-Phnom_Penh-Out_of_PP_Killing_Fields-BR-1.html
 


ကြွေးဟောင်းဆပ်ကြသူများ

$
0
0

“နင်တို့ကလည်းလေ အဲဒီ့မှာ ပိုက်ဆံကို ဘယ်လိုများသုံးနေကြသလဲ၊ နိုင်ငံခြားမှာ အလုပ်လုပ်နေကြတဲ့သူတွေကိုများ ငွေထုပ်ကြီးဖင်ခုထိုင်ထားတယ် မှတ်နေလား၊ ဘယ်လောက်ပို့ပို့ မလောက်နိုင်ဘူး၊ ဒီကြားထဲ နင်တို့အကြွေးတင်နေတဲ့ဟာပါ ကူဆပ်ပေးရဦးမယ်ဆိုတော့ စဉ်းစားသာကြည့်တော့၊ လွန်လွန်းတယ်”

“တော်ပြီ တော်ပြီ၊  အေး ဒါပဲ ဒါပဲ၊ ငါ ဒီလကုန် နိုင်သလောက် ပို့လိုက်မယ် ဟုတ်ပြီလား”

စုက ညီမအငယ်နှင့်ဖုန်းပြောအပြီး ခြေကုန်လက်ပမ်းကျသွားပုံနှင့် ဖုန်းကိုပိတ်ကာ အိပ်ယာပေါ် ပစ်လှဲ လိုက်လေသည်။

ခုတစ်လော စုမှာ အိမ်ကဖုန်းလာတိုင်း မျက်ခုံးလှုပ်နေရသည်။  ဖုန်းတွေက ဗိုင်ဗာနှင့်လှမ်းခေါ်လို့ရနေပြီမို့ အရင်ကလောက် ဆက်သွယ်ဖို့မခက်ခဲတော့ဘဲ ရန်ကုန်နှင့်စကာင်္ပူက ပိုမိုနီးကပ်သွားသလားပင် ထင်ရသည်။ အမေ အလှူလုပ်ချင်လို့၊ အဖွား နေမကောင်းလို့၊ မိသားစု ဘုရားဖူးထွက်ချင်လို့၊  မောင်အငယ်ကောင် သင်တန်းတက်ချင်လို့၊ လည်ပင်း ငါးရိုးစူးတာကိုပင် ဆေးခန်းပြချင်ပုံနှင့် နောက်ဆုံးတော့ ငွေပို့ပေးရန်သာ သံတူကြောင်းကွဲများသုံးပြီး ပြောလာခြင်းဖြစ်သည်။ ခုလည်း ညီမအငယ်မ သူတို့မိသားစု စီးပွားရေး အဆင်မပြေဘဲ ကြွေးတင်နေတာမို့ ငွေပိုရှိလျှင် ခဏလှည့်ဆပ်ပေးထားရန် ဆက်လာခြင်းပင်။ စုက စိတ်မောပုံနှင့် ကို့ကိုကြည့်လိုက်တော့ ကိုက ထုံးစံအတိုင်း သက်ပြင်းချကာ “ဘယ်တတ်နိုင်မလဲကွာ” ဟု ဆိုရှာလေသည်။

ကိုနှင့်စုတို့ရသော နှစ်ကုန်အပိုကြေး ဘောနပ်စ်လေးများသည်  ဘဏ်ထဲရောက်လို့မှ မပူသေးခင် ထုတ်ယူကာ အိမ်ကိုပို့လိုက်ရတာ ဘယ်နှစ်ကြိမ်မြောက်ပြီမှန်းပင် မသိတော့။ ကို့မိဘတွေရော၊ စုမိဘတွေပါ နှစ်ဘက်စလုံးက သာမန်ဝန်ထမ်းတွေမို့ ငွေပိုငွေလျှံရှိဖို့ ဝေးလို့၊ တစ်လတစ်လ အလျင်တောင် မမီချင်။ သည်တော့လည်း လစဉ်ပို့ငွေ မှန်မှန်ပို့နေသည့် အပြင် ကြားပေါက်လေးတွေပါ ပါလာတတ်တာမို့ နှစ်ကုန်လို့ အပိုဆုကြေးငွေလေးရပြီဆိုလျှင် မြန်မာပြည်ကဖုန်းသံကြားရမှာကို ကိုရော စုပါ ကြောက်နေတတ်ကြလေသည်။
XXXXXXXXXXX

“စုရေ အစ်မပါ၊ မမဝေပါ၊ ခါတိုင်းလိုပဲ ဒီနှစ် ဘုန်းကြီးကျောင်းကထိန်ခင်းဖို့ အလှူလှမ်းခံတာ ညီမလေး”

“ဟုတ်ကဲ့ပါ မမဝေ၊ ထည့်ရမှာပေါ့၊ ခါတိုင်းလိုပဲ မမဝေ ဘဏ်အကောင့်ထဲ လွှဲပေးလိုက်ရမှာ ဟုတ်၊ အင်း စု ၅၀ ထည့်မယ်နော်”

“အင်း ကျေးဇူးပါ ညီမလေး စုရေ၊ ဘဏ်ထဲ ငွေလွှဲပြီးရင် မမဝေကို မက်ဆေ့ခ်ျလေးတစ်ချက်ပို့လိုက်ဦးနော်”

“ဟုတ် မမဝေ စိတ်ချ”

“ကိုရေ စုတို့ ခါတိုင်းပို့နေကျ ပညာရေးအတွက် လစဉ်လှူငွေ ဆရာလေးဆီ လွှဲပေးပြီးပြီလား ဟင်”

“လွှဲပြီးပြီ စု၊ မနေ့ကပဲ ကို လွှဲခဲ့တယ်လေ၊ ဆရာလေးဆီ ဖုန်းဆက်ပြီး ငွေထုတ်ဖို့ ကုတ်နံပါတ်ပြောလိုက်ဦး”

“စုရေ ကိုယ်တို့ မြေကွက်ဝယ်တုန်းက ဘဏ်ကချေးထားတာလေ၊ အဲဒါလေးက နောက် ၆လလောက်ဆို ကျေပါပြီကွာ။  ကိုလည်း ဒီလပေးရမှာတွေများနေလို့ စုဆီက နည်းနည်းလောက် ကို့ကို ပြန်လွှဲပေးပါဦးကွာ။ ကို့လစာဝင်တော့ စုဆီ ပြန်လွှဲပေးပါ့မယ်”

“ကိုကလည်းကွာ စုလည်း မောင်လေးဒူဘိုင်းသွားဖို့ ဧဂျင့်ကို လေယာဉ်လက်မှတ်ဖိုး ဒီလ နောက်ဆုံးသွင်းပါ့မယ်ဆိုတာ အဲဒါ ပို့ရလိုက်ရပါရောလား။ ဘဏ်ကို အတိုးပေးချင်လည်း ပေးရပါစေကိုရာ၊  ဒီလတော့ ပေးနိုင်မယ် မထင်တော့ဘူး။ နောက်လ စု ငွေပိုမှာပါ၊ အဲဒီတော့မှ ကို ယူပါကွာ နော်”

“ဒီလထဲမှာ ရုံးကကောင်မလေး မင်္ဂလာဆောင်ရှိတယ်နော် စု၊ တရုတ်မင်္ဂလာဆောင်၊ ဟိုတယ်မှာဆိုတော့ အနည်းဆုံး တစ်စားပွဲကို ၈၀၀ ကျော် ၉၀၀လောက်ရှိမယ် ထင်တာပဲ၊ ကိုတို့ နှစ်ယောက်တက်မယ်ဆို ၁၅၀-၂၀၀လောက်တော့ လက်ဖွဲ့မှ ကောင်းမယ်ထင်တယ်နော် စု”

သည်လိုနှင့်ပဲ ကျားကြီး ခြေရာကြီးဆိုသလို နှစ်ကြာလာသည်နှင့်အမျှ မိတ်ဆွေအပေါင်းအသင်းလည်း များ၊ လူမှုရေး၊ သာရေးနာရေးတွေလည်း များလာကာ ငွေထွက်ပေါက်ကြီးက ဝင်ငွေနှင့် ခြေရာချင်းတိုင်းရာက ကျော်လွန်ချင်ချင်ပင် ဖြစ်လာလေတော့သည်။

မတတ်နိုင်ပါ။ စုနှင့်ကို တစ်လတစ်လ ရသည့်လစာကလည်း မြန်မာပြည်က ဝန်ထမ်းတွေလိုပေ၊ တစ်လရ တစ်လသုံး ကုန်သည်သာ။ လကုန်သည်နှင့် အိမ်ဖိုးဖြတ်၊ ဖုန်းဘိုးသွင်း၊ ရေဖိုး မီးဖိုးပေး၊ အိမ်ကို ပို့၊ ဗာယီရအသုံးစားရိတ်များနှုတ်အပြီး ကျန်ငွေထဲမှ တစ်လအသုံးစားရိတ်ဖယ်သော် လက်ထဲ ကုန်သလောက်ပင်။ စီပီအက်ဖ်ဟုခေါ်သော လစာထဲမှ လစဉ် ၂၀ ရာခိုင်နှုန်းဖြတ်ကာ စုငွေအဖြစ် သိမ်းထားပေးသော စင်္ကာပူအစိုးရကိုပင် ကျေးဇူးတင်ရမလိုပေ။ မဟုတ်ပါက ဘယ်လိုမှ စုဆောင်းနိုင်မည် မထင်။  ဒီကြားထဲ စုရော ကိုပါ နှစ်ယောက်လုံးက သနားတတ်ကြသေးသည်။

“ကိုရေ ဟိုကောင်လေ၊ စုသူငယ်ချင်း ဝင်းမြတ်ကျော်ရယ်လေ၊ အလုပ်ပြုတ်လို့တဲ့၊ ခု အလုပ်သစ် ထပ်ရှာနေတာ။ ဒီကြားထဲ အိမ်ပို့ဖို့ ငွေလိုသတဲ့၊ သူမှ မပို့ရင် သူ့အိမ်က မိန်းမနဲ့ ကလေးတွေ ငတ်ရုံရှိတာ။ အဲဒါ လေး-ငါးရာလောက် ခဏချေးပါ၊ အလုပ်ရတော့ ပြန်ဆပ်ပါ့မယ် တဲ့”

အဲဒါမျိုးတွေကပင် စုတို့မှာ ခပ်များများ၊ နောက်တော့လည်း သူ့အလုပ် ကိုယ့်အလုပ်နှင့် မတွေ့ဖြစ်ကြတော့ ချေးငွေက တော်တော်နှင့် ပြန်မရတော့ပါ။ တစ်ခါတစ်လေ လမ်းမှာတွေ့ လျှင်တောင် “ဟဲ့ ငါ့အကြွေး ပြန်ဆပ်ဦးလေ” ဟုပြောဖို့ရာ စုရော ကိုပါ နှုတ်မှ မထွက်ဝံ့ကြပါပေ။ သည်တော့ နောက်များမှာ ငွေချေးလာလျှင် အဆုံးခံနိုင်မည့်ပမာဏကို သတ်မှတ်ကာ နိုင်သလောက် ကူညီတာပါဟုဆိုပြီး တစ်ခါထဲ အပြတ်ပေးလိုက်ကြတော့သည်။

“ကိုတို့မှာ ဟိုဘဝက သူများတွေဆီကယူလာခဲ့တဲ့ အကြွေးဟောင်းတွေ အတော်များတယ်ထင်ပါ့ကွာ”ဟု ကိုကပြောတော့ စုမှာ မချိတရိလေး ပြုံးနေရုံသာ။

XXXXXXXXXX

“စု လာယူလေ ဟင်းပွဲတွေမှ အများကြီးပဲ”

စုတို့ ကုမ္ပဏီညစာစားပွဲမှာ ဒီနှစ် အနှစ်(၂၀)ပြည့်ပွဲမို့ အတော်လေး ခမ်းနားလေသည်။ တက်ရောက်သူမှန်သမျှကို စားပွဲတင်လက်ဆောင်-Table Gift ပေးသည်ကပင် ဈေး အလွန်ကြီးလှသော Royal Albert ရွှေနားကွပ်ကြွေခွက်လှလှတွေဖြစ်ပြီး ကံစမ်းမဲမှာလည်း ဗလာမပါ၊ လူတိုင်းစေ့ တစ်ခုစီ ရမည်ဖြစ်၏။

စုတို့စားပြီးခဏမှာ ဂိမ်းကစားကြသော အစီအစဉ်၊ တစ်နှစ်လုံး ခွင့်ရက်မယူဘဲ လုပ်ရက်ပြည့်အလုပ်ဆင်းသူများကို လက်ဆောင်ပေးခြင်းများ၊ လုပ်သက် ဆယ်နှစ်နှင့် အထက်ဝန်ထမ်းများအား Long Service Award  ချီးမြှင့်ခြင်းအစီအစဉ်များ ဆက်တိုက်လာလေသည်။ နောက်ဆုံးမှ ကံစမ်းမဲဖောက်ခြင်း အစီအစဉ်စတင်လေရာ ကိုရော စုပါ ကိုယ့်ထိုင်ခုံနံပါတ်တွေပါသော လက်မှတ်ကို စိတ်လှုပ်ရှားစွာ တစ်ကြည့်ကြည့်နှင့် ရှိရ၏။

ပထမဆုံးဖောက်တာက နံပါတ်အကြီးပေါက်မဲတွေ၊ နောက်မှ နံပါတ်အသေးတွေဖြစ်ရာ ပထမပေါက်မဲနံပါတ်အကြီးတွေထဲ မပါပါစေနှင့် ဆုတောင်းရလေသည်။ စုတို့ ဆုတောင်းပြည့်သည်။ ပထမပိုင်းမှာခေါ်သော ပေါက်မဲနံပါတ်အကြီးတွေထဲ စုတို့ မပါ။ တစ်ဖြည်းဖြည်းနှင့် ခေါ်လာလိုက်သည်မှာ ဆုကြီး ၂၀သာ ခေါ်ရန်ကျန်တော့ပြီး ထိုဆုများသည် ဒေါ်လာ ၂၀၀နှင့် အထက် တန်ကြေးရှိသည့်ဆုမဲများသာ။

နောက်ဆုံး ဆုမဲ ၁၀ နှင့်အထက်အထိ စုတို့ လက်မှတ်များ မပါသေး။ သေချာပြီ၊ စုနှင့်ကိုတို့ ပေါက်မဲတွေ ၁ကနေ ၁၀အတွင်းမှာ ပါလေပြီ။ စုနှင့်ကို တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဝမ်းသာကြရသည်။ နံပါတ် ၁၀ ပေါက်မဲခေါ်တော့ စုထိုင်ခုံနံပါတ်၊ ရသောဆုက Shopping Vouchers၃၀၀ဘိုးဖြစ်ကာ မြန်မာပြည်အလည်ပြန်ရန် လက်ဆောင်ပစ္စည်းများ ဝယ်ရမည်မို့ ၃၀၀ဘိုးတော့ သက်သာလေပြီဟု စု ဝမ်းသာသွားသည်။ ကို့အလှည့်ကျတော့ ကိုက ဆုမဲနံပါတ် ၇ ဖြစ်ကာ တန်ဘိုး ၅၀၀ရှိသော လျပ်စစ်ပစ္စည်းများ ဝယ်ယူခွင့် ဈေးဝယ်လက်မှတ်ဖြစ် သည်။ ဒါလည်းမဆိုးပါ၊ လက်ပတော့ဝယ်နိုင်သည်၊ ကင်မရာပစ္စည်းများ ဝယ်နိုင်သည် မဟုတ်ပါလား။

ဒီနှစ်တော့ ကုမ္ပဏီညစာစားပွဲလာရတာ တွက်ခြေကိုက်သွားသည်။ ကိုနှင့်စု နှစ်ယောက်ပေါင်း ဒေါ်လာ ၈၀၀ တန်ကြေးရှိသော ဆုမဲ ၂ခုရခဲ့ပြီမို့ပင်။ စု ဂါဝန်အသစ်ဝယ်တာမှ ၆၉ဒေါ်လာ၊ ဒေါက်ဖိနပ်ကိုတော့ ရှိတဲ့ဖိနပ်အဟောင်းပဲ စီးလာကာ ကိုကတော့ ဝတ်နေကျ မီးခိုးရောင်ရှပ်လက်ရှည်နှင့် စတိုင်ဘောင်းဘီ အနက်ကွမ်းရိုးစင်းလေးပင် ဝတ်လာတာမို့ အရင်းသိပ်မများလှ။

“တွေ့လား စု၊ ကိုယ့်စေတနာ ကိုယ် အကျိုးပေးပါတယ်ကွာ၊ တစ်နေ့က အိမ်က အရေးပေါ်လိုလို့ ကြားပေါက်ပို့လိုက်တာက ဒေါ်လာ ၄၀၀၊ ခု ကိုတို့ ပြန်ရတာက ဒေါ်လာ ၈၀၀ဆိုတော့ ၂ဆကြီးများတောင်ပြန်ရတာ၊ အဲဒါကြောင့် အဖေက အမြဲတမ်းပြောတယ်။ ငါ့သားတဲ့ လူတစ်ယောက်စီမှာ မွေးကတည်းက ဖလားတစ်လုံးစီပါပြီးသားကွ တဲ့၊ အတိတ်ကံအရ ဖလားထဲမှာ ပါသင့်သလောက် ပါလာမယ်၊ ကျန်တာက ခုလက်ရှိ ပစ္စုပ္ပန်ကံဆိုတဲ့ အလုပ်ပေါ် မူတည်တယ်။ ကံ ဉာဏ် ဝိရီယစိုက်ပြီး ပြည့်အောင်ဖြည့်ဖို့က ကိုယ့်တာဝန်ပဲ တဲ့။ ဒါပေမဲ့လည်း ဖလားပြည့်အောင်သာ ဖြည့်လို့ရမယ်၊ အပြည့်လွန်လာရင်တော့ လျှံကျမှာပဲ ငါ့သား တဲ့”

“ဒီနေ့ရလိုက်တဲ့ ၈၀၀ကို တစ်နေ့က လျော့သွားတဲ့၄၀၀အတွက် ပြန်ဖြည့်လိုက်တော့ ကိုတို့ဖလားကြီးထဲမှာ ၄၀၀တောင် အပိုပြန်ဆောင်းပြီး ဖြည့်နိုင်ပြီပေါ့ ဟုတ်ဘူးလား”

“အင်း ဟုတ်တယ်နော် ကို၊ ဒါပေမဲ့ စုတို့မှာပါလာတဲ့ ဖလားက ဆိုက်ဒ်ကြီးတယ်ထင်ပါရဲ့ ကိုရယ်။ ပြည့်တယ်ကို မရှိဘူး၊ ဖြည့်နေရတာ မောလှပြီ”

စုစကားအဆုံးမှာ ကိုရော စုပါ ပြိုင်တူရယ်မောမိကြလေ၏။ စုတို့ ညစာစားပွဲက ပြန်လာတော့ ည ၁၀နာရီကျော်ပြီ။ နောက်တစ်နေ့ ရုံးတက်ရမှာမို့ အိမ်ကို စောရောက်ချင်စိတ်နှင့် ကားမောင်းနှေးသော ကို့ကို “ရွာကနွားလှည်းနဲ့ အပြိုင်မောင်းရင်တောင် ကိုပဲရှုံးမှာ”ဟု စုက သရော်တော့ “အိမ် ဘယ်မှမပြေးပါဘူး စုရာ” ဟု ကိုက ခပ်ပြုံးပြုံးဆိုသည်။

ရုတ်တရက် ရှေ့ကကားမှာ အတည့်သွားမလိုလမ်းကြောင်းယူထားပြီးမှ ကွေ့သည့်ဘက်သို့ လမ်းကြောင်းပြောင်းကာ စုတို့ကားရှေ့မှ ဖြတ်အဝင်၊ အရှိန်နှေးသော်လည်း ကို့ကားက ထိုရှေ့ကားနောက်မြီးကို ခပ်သာသာ ဝင်ဆောင့်မိလေတော့သည်။

“ဘုရား ဘုရား၊ ဆင်းကြည့်ပါဦး ကို ၊ ရှေ့ကား ဘာဖြစ်သွားပြီလဲလို့”

ဥပဒေကြောင်းအရ နောက်မှတိုက်သောကားက အမှားဖြစ်ရာ ကိုလည်း မျက်စေ့ပျက် မျက်နှာပျက်နှင့် အောက်သို့ဆင်းကာ ရှေ့ကားပိုင်ရှင်နှင့် စကားပြောကြည့်ရလေသည်။
XXXXXXXXXXX

အဆုံးကိုတော့ ရွှေဒေါင်းတောင် အွန်လိုင်းမဂ္ဂဇင်းမှာ သွားရောက် ဖတ်ရှူ့နိုင်ပါတယ်ရှင်း)




Viewing all 379 articles
Browse latest View live