Quantcast
Channel: ချစ်ကြည်အေး
Viewing all 383 articles
Browse latest View live

တရွေ့ရွေ့သွားနေသော…

$
0
0

တစ်ညနေမှာ သူက မီးခိုးရောင်ဘောင်းဘီတစ်ထည်ကို ကျွန်မဆီ လှမ်းပေးလေ၏။ ထိုဘောင်းဘီနှင့်အတူ မီးခိုးရင့်ရောင်ကြယ်သီးတစ်လုံးလည်းပါသည်။ ပြုတ်နေသောကြယ်သီးကို ပြန်တပ်ပေးဖို့ရန်ပင်။ ဟုတ်သားပဲ၊ သူ ကျွန်မကိုပြောပြောနေတာ အတော်ကြာပြီပဲလေ။ 

သူ့လက်ထဲမှလှမ်းယူကာ အပ်နှင့်အပ်ချည်လုံးရောင်စုံလေးများ ထည့်ထားသောဘူးကလေးကို အံဆွဲထဲမှထုတ်ပြီး ကြယ်သီးတပ်ပေးဖို့ ပြင်ရတော့သည်။ တစ်ထပ်ထဲမကျသော်လည်း အရောင်ချင်းခပ်ဆင်ဆင် မီးခိုးရောင်အပ်ချည်လုံးကလေးကို ရွေးထုတ်ပြီး နဖားကျယ်မည်ထင်ရသော ခပ်တုတ်တုတ် အပ်တစ်ချောင်းကိုပါ အပ်ဘူးအဝိုင်းလေးထဲမှ လှည့်ထုတ်ယူလိုက်လေသည်။

လင်ရယ်မယားရယ်ဆိုပေမဲ့ အနည်းငယ် အားနာစရာ။ သူ ပြောပြောနေပြီး ကျွန်မကလည်း တပ်ပေးတာပေါ့ဟု ပြောနေသည်မှာ လနှင့်ချီခဲ့ပြီ။ ကျွန်မ ဘာတွေများ မအားမလပ်ဖြစ်နေပါလိမ့်တွေးမိတော့ ပိုလို့ပင်ရှက်ဖွယ်။ တစ်နေ့တစ်နေ့ ဘာအလုပ်မှ မယ်မယ်ရရ မရှိပါဘဲ၊ စာရေးသလိုလို၊ စာတွေပဲ ဖတ်နေသလိုလို၊ ပန်းချီတွေပဲ ဆွဲနေသလိုလို၊ ဓါတ်ပုံအောက်ဒိုးပဲ ထွက်ရိုက်နေသလိုလို အမည်တပ်မရသော ကျွန်မ၏လိုလိုများကြားမှာ နေ့စဉ်အချိန်တွေကို ဖြုန်းတီးပစ်နေတာ စိတ်ကုန်ဖွယ်ကြာမြင့်လှပြီ။ စိတ်ကျေနပ်မှုအတွက်၊ ဝါသနာအရ စသည်ဖြင့် အကြောင်းပြချက်များစွာက ကျွန်မဆီမှာ အသင့်ရှိလေသည်။ သည်ကြားထဲ ဖေ့စ်ဘုတ်ပေါ်မှာကုန်လွန်သော အချိန်များက တစ်နေ့တာရဲ့ထက်ဝက်ခန့်ကို သိမ်းယူထားသေးသည်။

မကျန်းမာဘဲ အိပ်ရာထဲလဲနေတာနဲ့စာလျှင် ခုလို ကိုယ်လုပ်ချင်ရာလုပ်ကာ နေပျော်သောကျွန်မကို သူကလည်း အပြစ်တစ်စုံတစ်ရာ မဆိုခဲ့ပါ။ သို့သော်….သည်အခွင့်အရေးကို ကြာရှည်မယူသင့်ဟု ခံစားမိသောအခါ နေရထိုင်ရခက်သလို ဖြစ်လာမိသည်။ ခေတ်က ဟိုအရင်ကလို မဟုတ်၊ လင်ရောမယားပါ ဝင်ငွေရသည့်အလုပ်တစ်ခုစီ ရှိပါမှ တော်ရုံကျသည်မဟုတ်လား။

သူက မနက်စာကို ရုံးမှာပဲစားလေ့ရှိသူမို့ ကျွန်မအနေနှင့် အိပ်ရာမှထကာ အထူးတလည်ပြင်ဆင်ပေးနေစရာ မလိုအပ်။ နေ့လည်စာ ညစာဆိုသည်များကလည်း သူ အလုပ်မှအပြန် ဝယ်လာတတ်သည်ကသာ များပါသည်။ ပင်ပန်းပါတယ်ကွာ၊ နှစ်ယောက်စာထဲမို့ ချက်တာထက် ဝယ်စားတာက ပိုအဆင်ပြေတယ်ဟု သူ ပြောတတ်သောစကားက ကျွန်မအတွက် မျက်ဖြူဆိုက်သောလူနာနှင့် မခြားပေ။ ကျွန်မအကြိုက်သာ ဖြစ်လို့နေပြန်သည်။

တခါကတော့ စနေတစ်နေ့မှာ ကျွန်မ စိတ်ပါလက်ပါ ဟင်းချက်ခဲ့ပါသည်။ ကံကောင်းချင်တော့ ထိုနေ့မှာပင် တိုက်တိုက်ဆိုင်ဆိုင် ယောက္ခမအမေဆီမှ ဖုန်းလာကာ သူတို့သားအမိချင်းစကားပြောကြတော့ အမေ့သမီးက ဟင်းတွေချက်နေတယ်ဟုဆိုကာ ကျွန်မချက်နေသောဟင်းများကို စီရီရွတ်ပြလေသည်။ ကျွန်မမှာတော့ မျက်နှာပူကာ ရှက်ချင်ချင်။ သူ့အပြောအရတော့ ကျွန်မဟင်းချက်ဖြစ်သောရက်များမှာ ဟေလီကြယ်တံခွန်ကို မြေကမ္ဘာမှ လူတွေ မြင်ခွင့်ရသလိုတူသည် ဟူ၏။  သို့သော် သူ့အမေကိုတော့ သူက ကျွန်မအပေါ် အမွှန်းတင်စကားများသာ ပြောခဲ့သေးသည်ပင်။ မလုံမလဲဆိုသောခံစားချက်နှင့်ကျွန်မက ဒီနေ့ကစပြီး သူ့ကို ဟင်းလေးဘာလေး သေချာပြန်ချက်ကျွေးဦးမှပါဟု ထိုစဉ်ခဏမှာ ဆုံးဖြတ်လိုက်ပါသေးသည်။ သို့သော်….ကျွန်မ၏ နိစ္စဓူဝများကား အရင်အတိုင်းရှိမြဲ။  ဟိုလိုလိုဒီလိုလိုများနှင့် အချိန်ကုန်မြဲ။ ပြုတ်နေသောကြယ်သီးလေးတစ်လုံးကို ပြန်လည် တပ်ပေးလိုက်ဖို့ရာလည်း မေ့လျော့မြဲပေ။

သူက သိပ်အားနာတတ်သူဖြစ်သည်။ ကုန်ကုန်ပြောရလျှင် Fair Price-NTUC မှာ ဈေးဝယ်ပြီးလျှင် ထိုတံဆိပ်ပါသော ကြွပ်ကြွပ်အိတ်များကိုင်ကာ နောက်စူပါမားကက်တစ်ခုဖြစ်သည့် Giant ထဲသို့ဝင်၍ ဈေးဝယ်ရန်ကိုပင် အားနာစရာကြီးဟု တွေးတတ်သူ။  ဈေးတွင် မျက်နှာချင်းဆိုင် ပန်းဆိုင်နှစ်ဆိုင်ရှိရာ သူ ဝယ်နေကျပန်းဆိုင်က ပန်း မလတ်သောကြောင့် နောက်တစ်ဆိုင်ပြောင်းဝယ်ရန်ကိုပင် အားနာတွန့်ဆုတ်တတ်သူတည်း။

ကျွန်မကတော့ အားမနာတတ်ပါ။ ပိုက်ဆံပေးဝယ်တာပဲ ကိုယ်ကြိုက်မှ ကိုယ်ဝယ်ပေါ့၊ ဘယ်ဆိုင်နဲ့မှ စာချုပ်ထားတာ မဟုတ်ဟု ခပ်တင်းတင်းတွေးသည်။ ဒါကြောင့်ပဲ ထင်သည်၊ ကျွန်မမိတ်ဆွေများသည် ကျွန်မနှင့်ပတ်သက်၍ သူနှင့်ခင်မင်ပြီးပါက ကျွန်မထက် သူ့အပေါ် ပိုချစ်ခင်သွားကြလေ့ရှိပါသည်။ အပေါ်ယံကြည့်လျှင် အပေါင်းအသင်းမင်သူဟု ထင်ရသော်လည်း တကယ်တမ်းကျတော့ ကျွန်မက ကျွန်မကိုယ်ကျွန်မသာ ပိုချစ်တတ်သူ၊ ခင်တွယ်တတ်သူဖြစ်ကြောင်း သူနှင့်ယှဉ်မှ ပို၍ပို၍သိလာရသည်။

သူက ဘယ်သူ့အတွက်မဆို အများအပူ သူ့အပူလုပ်လေ့ရှိပြီး ကျွန်မကတော့ ကိုယ့်ကိစ္စတောင် ကိုယ် မဆောင်ရွက်နိုင်၊ မဆောင်ရွက်အား၊ မဆောင်ရွက်လိုသူပေ။ အချိန်တန်လျှင် အားလုံး နေသားတကျဖြစ်သွားမည်၊ တချို့ကိစ္စများကား တကူးတကန့်အားထုတ်နေစရာမလိုဟု ကျွန်မက သွေးအေးစွာ တွေးတတ်နေတတ်သူလည်း ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဖာသိဖာသာနေတတ်သူပါပေ။

“ကိုရေ အပ်က နဖားတပ်မရဘူး၊ ကူစမ်းပါဦး”

ငယ်ငယ်က အမေတို့ အဖွားတို့က အပ်ပေါက်ထိုးမရလို့ လာစမ်းပါဦးဟဲ့ ထိုးပေးစမ်းပါဦးဟဲ့ဆိုလျှင် ရယ်ဟဟ သရော်တော်တော် နောက်ချင်စချင်သောကျွန်မသည် ခုဖြင့် မရယ်နိုင်လေပြီ။ အပ်ပေါက်ထဲ အပ်ချည်စကလေး ဝင်သွားရန် မည်မျှခက်ခဲကြောင်း ကျွန်မ သိပြီ။ သို့သော် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည်က ပို၍သက်သာသည် မဟုတ်လား။

“ဟဟဟား ကိုရေ ကျွန်မတော့ အိုပြီထင်ပါရဲ့၊ အပ်ပေါက်လေးထိုးဖို့ကို အရပ်ကူပါ လူဝိုင်းပါလုပ်နေရပြီ”

ကိုကပါ ကျွန်မနှင့်အတူ လိုက်လံရယ်မောပေးကာ ကျွန်မလက်ထဲမှ အပ်နှင့်အပ်ချည်ကို လွှဲပြောင်းယူသည်။ အပ်ချည်ကို အပ်ပေါက်ထဲဝင်အောင် ကိုက ကြိုးစားတပ်ရှာပါသည်။ ကို့မျက်မှန်လေး ဟိုစာအုပ်ပေါ်မှာဟုဆိုကာ သူ့မျက်မှန်ကို အယူခိုင်းသည်။  မျက်မှန်အကူနှင့် မျက်စေ့လေးလုံးစာဖြစ်သွားသော်လည်း အပ်ချည်မှာ အပ်နဖားပေါက်ထဲ လျှောကနဲဝင်မသွားသေးပေ။

“ဟ ကိုလည်း မျက်စေ့အတော်မွဲတာပဲကွ၊ နေပါဦး ဘာလို့မရရမှာလဲ”

သို့သော် မရပါ။  မရသေးပါ။  ကျွန်မတို့နှစ်ယောက်အတွက် မိုးပေါ်က အပ်တစ်ချောင်းနှင့် မြေပြင်က အပ်တစ်ချောင်းထိဖို့ ခက်သည့်နည်းတူ အပ်နဖားပေါက်ထဲ အပ်ချည်ဝင်ဖို့ရန် အလွန်ခက်လှချည့်။ ခဏနေတော့ လက်လျှော့လိုက်ဟန်နှင့် အပ်နှင့်အပ်ချည်ကို သူ့လက်မှချကာ အတန်ငယ်အေးလုလု ရေနွေးခွက်ဆီ လက်လှမ်းသည်။ အကွက်ဝင်သွားသော ကျွန်မက သူ့ကို စမိပါသည်။

“ဘယ်လိုလဲ ကို၊ လက်လျှော့ပြီလား။ ကိုက မောင်သီဟ မဟုတ်တော့ဘူးနော်၊ ဦးသီဟဖြစ်သွားပြီ။ အဲဒါ လက်ခံလိုက်”

“သိပ်လက်ခံတာပေါ့ မိန်းမရာ၊ ကိုတို့ ဒီနိုင်ငံရောက်ကာစက သုံး-လေးနှစ်နေ၊ အလုပ်လုပ်ပြီး စုမိဆောင်းမိရင် ပြန်မယ်။ အရွယ်ကောင်းတုန်းလေး ကိုယ့်မြေကိုယ်ပြန် အခြေချ၊ အလုပ်လေးဘာလေးပြန်စမယ် စိတ်ကူးခဲ့တာ။ ခုတော့ ရထားပေါ်တက်ရင် နေရာတောင် ဖယ်အပေးခံနေရတဲ့ စီနီယာစီတီဇင်ဖြစ်နေပြီ ဟားဟားဟား”

ကိုက သူ့စကားသူ သဘောကျကာ တဟားဟားရယ်သည်။ ကျွန်မရော ဘာထူးလို့လဲ။ အိုပြီပဲလေ။ မှန်ထဲကြည့်လိုက်ရင် မျက်ဝန်းလေးတွေ အရောင်မှိန်နေတာ၊ ဆံဖြူလေးတွေ ထိုးထိုးထောင်ထောင် တွေ့စပြုနေရတာ၊ နေထိုင် မကောင်းများဖြစ်ပြီဆို တော်ရုံနှင့် အားပြန်မပြည့်နိုင်တော့တာတွေ သတိမပြုမိဘဲ မနေနိုင်လောက်အောင်ကို သတိထားမိခဲ့ရပြီ။

ကို့မျက်နှာကိုကြည့်လိုက်တော့ ကိုက ကျွန်မထက်ပို၍ အရေးအကြောင်းများ ထင်ရှားနေခဲ့ပြီ။ တခါက ကို့ကို နေပူထဲထွက်သည့်အခါလိမ်းဖို့ နေကာကရင်မ်-sun block နှင့် ည မအိပ်ခင်လိမ်းဖို့ ညကရင်မ်-night cream ဝယ်ပေးဖြစ်ပါသည်။ တစ်ခါနှစ်ခါသာ ကျွန်မစိတ်ကျေနပ်အောင်လူးပြပြီး နောက် မလူးတော့ပါပေ။

“စေးကပ်ကပ်နဲ့  ကိုယ် မနေတတ်ပါဘူး။ နေပါစေတော့ကွာ သူ့အတိုင်းပဲထားလိုက်ပါ။ ဇရာဆိုတာ အချိန်တန်ရင် လူတွေကို အိုမင်းစေတာ သဘာဝပဲ။ ကရင်မ်တွေလူးပြီး ဇရာကိုဆန့်ကျင်ဖို့ရာ ကိုယ်တော့ ဇရာကို အားနာပါတယ်၊ သူ့အလုပ် သူလုပ်ပါလေ့စေ”

ကြည့် အားနာစရာရှားပါးလို့ ဇရာကိုတောင် အားနာသည်တဲ့။ ကျွန်မ ဘာများပြန်ပြောနိုင်ပါမည်လဲ။ ဒီလိုလူကြီး အိုတာတောင် နည်းသေးသည်ဟု ပစ်ထားလိုက်တော့၏။

ရွှေဒေါင်းတောင်အွန်လိုင်း မဂ္ဂဇင်းမှာ ဆက်ဖတ်နိုင်ပါတယ်ရှင်  :) 


     

မီးမို့ တိုးသည်

$
0
0


(၁)

သြော်….တစ်နေ့တစ်နေ့နဲ့ တစ်ရွေ့ရွေ့အချိန်ကုန်ပြီ ဆယ့်နှစ်လရာသီ သြော် ဘယ်အချိန်ကျကာမှ မြနဲ့လေ ချစ်သူမောင်နဲ့ ပေါင်းရမယ်လို့ မျှော်မှန်းဆကာပ တမ်းတကာနေမည်…..ဆယ့်နှစ်လ…ရာ….သီ…တန်ခူးလ သင်္ကြန်ခါမီ ချစ်သူသက်လယ် မောင် လာ မယ် ပြော…ပြော….မျှော်ရသူ မြကလေးမှာတော့…… စိတ်မအေးစရာ ကြုံလာပြန်ပြီ…

အို…ကြားရပြန်ပြီ….

ဆွေးမြေ့တုန်ခိုက်နေသော အသံဝါဝါကလေး။ တိတ်ဆိတ်ညဥ့်ယံကို ထွင်းဖောက်လျှက် နားဝသို့ လျှောကနဲဝင်သည်။  မောင့်မျက်နှာကိုလှမ်းကြည့်လိုက်တော့ မောင်လည်း ထွေးလိုပင်၊ ဖတ်လက်စစာမှ မျက်နှာခွာကာ ကြားရသောအသံမှာ စိုက်နေအောင် နားစွင့်နေဟန်။ ဒီရပ်ကွက်ကိုပြောင်းလာတာ မကြာသေးပေမယ့် သည်အသံနှင့်ရင်းနှီးနေသည်မှာ ထွေးတို့ပြောင်းလာစ ညကတည်းကပင်ဖြစ်သည်။ သီချင်းသည် ကြားရသူဘဝင်ကို ညွတ်နူးစေရုံမက ဂရုဏာသံလေးနှင့်မို့ ဆွေးဆွေးမြေ့မြေ့သီချင်းမှာ ပိုလို့ပင် ကြေကွဲဖွယ်။ ဆယ့်နှစ်လရာသီဆိုသော အမျှော်စိုက်သီချင်းမှာ သီချင်းကိုက လွမ်းဆွေးချင်စရာ၊ သူ့အသံဝါဝါနှစ်နှစ်ကလေးနှင့် ဆွဲဆွဲငင်ငင်ဆိုလိုက်သောအခါ အလွမ်းဓါတ်ခံ မရှိသူများပင် ငိုင်ကနဲဖြစ်လောက်ပေ၏။

သီချင်းသံသည် ထွေးတို့အိမ်မရောက်ခင် ခပ်လှမ်းလှမ်းအလိုကပင် သဲ့သဲ့ကြားရကာ ထွေးတို့အိမ်ရှေ့ လမ်းဆုံနားအရောက်မှာ ခဏတန့်ကာ ရပ်ဆိုနေသယောင် ထင်ရသည်။ ပြီးမှ အနောက်ဘက်လမ်းသို့ ဦးတည်ကာ တရွေ့ရွေ့ဝေးသွားမြဲဖြစ်လေသည်။

သို့သော် ထူးဆန်းသည်က သည်လိုညသည်လိုအချိန်မှာ ဘာကြောင့် မိန်းကလေးတစ်ယောက်အနေနှင့် လမ်းမပေါ်လျှောက်ကာ တကြော်ကြော်တေးဆိုနေရပါနည်း။  သည်အချက်က အတော်ပင် စိတ်ဝင်စားဖွယ် ကောင်းပါသည်။ မောင်က ဖတ်လက်စစာအုပ်ကို စာမျက်နှာမှတ်တံကလေးနှင့် မှတ်သားကာ စာအုပ်ကိုပိတ်လိုက်ပြီး ခေါင်းရင်းမှ စာကြည့်မီးကိုပါ တစ်ပါတည်း မှိတ်လိုက်သည်။ 

ခဏနေတော့ မောင့်ဆီက အသံထွက်လာသည်။ 

“ဘယ်လိုအကြောင်းတွေ ရှိခဲ့လို့ပါလိမ့်နော်  ထွေး”

“အင်း ထွေးလည်းသိချင်သားပဲ မောင်ရယ်”

(၂)

“ကန်တော့နော် အမေနွဲ့”

ထွေးသည် ခြေရင်းမှာ တင်ပလ္လင်ခွေထိုင်နေသော အမေနွဲ့ပေါင်ပေါ်သို့ ညာခြေတစ်ဘက်ဆန့်တန်းပေးရင်း ပြောလိုက်သည်။ အမေနွဲ့လက်က ပေါက်လှသည်။ သည်တစ်ရပ်ကွက်လုံးမှာ အနှိပ်သည်ဆို၍ အမေနွဲ့တစ်ယောက်ကိုသာ ဟိုအိမ်ဒီအိမ်တွေမှ ခေါ်လေ့ရှိမြဲ။ နှိပ်နေရင်းမှာ လူငယ်တွေ မသိမမီလိုက်သည့် အမေနွဲ့ပြောသော အမေနွဲ့ဖြတ်သန်းခဲ့သမျှ ဘဝအလီလီတို့ကို စိတ်ဝင်စားဖွယ် နားထောင်ကြရသည်မို့လည်း ဖြစ်မည်။

“ဆက်ပြောပါဦး အမေနွဲ့ရယ်၊ ထွေးဖြင့်လေ အဲဒီ့အသံရှင်ကို သိပ်ကိုစိတ်ဝင်စားနေမိတာ”

အသံရှင်ဆိုသည်နှင့် ဧည့်ခန်းထဲမှာ နေ့လည်ခင်းလက်ဖက်တစ်ပန်းကန်နှင့် ရေနွေးတစ်ခရားချကာ စာဖတ်နေသော မောင့်မျက်လုံးများက ထွေးတို့ရှိရာဆီ ဝေ့ကနဲရောက်လာလေသည်။ အမေနွဲ့က ထွေးခြေချောင်းလေးများကို တစ်ချောင်းချင်းဆွဲဆန့်လျှက် ဂျွတ်ကနဲအသံမြည်အောင် ချိုးလိုက်ရင်းက စကားဆက်သည်။

“အင်း ပြောရရင်တော့ တကယ်ပဲ ကြေကွဲစရာပါ ငါ့ညီမကြီးရယ်။ မြနှင်းဟာ တကယ်တော့ မိန်းမချောလေး၊ မိဘတွေကလည်း အလယ်အလတ်တန်းစားဆိုပါတော့ကွယ်။ သူက ဆယ်တန်းကျတာနဲ့ကျောင်းထွက်ပြီး မိဘစီးပွားလုပ်ကူနေတဲ့ မိန်းကလေး။ အမေနွဲ့ကတော့ သူတို့အိမ်မှာ လိုတာလုပ်ကူပေးနေကျပေါ့၊ အဝတ်လျှော် မီးပူထိုးကနေ မီးဖိုချောင်ဝင် ချက်ပြုတ်တာမျိုးလည်း ကြုံရင် ကြုံသလို လုပ်ကိုင်ပေးနေကျ ဆိုပါတော့”

“ဟုတ် အမေနွဲ့”

ထွေးသည် အမေနွဲ့ကိုကြည့်ကာ စကားထောက်ပေးလိုက်၏။  အမေနွဲ့မှာ မှိန်ဖျော့သော်လည်း အဝန်းကျယ်၍လှပသော မျက်လုံးများရှိသည်။ ခေါင်းမှာမူ ခေါင်းတုံးပြောင်နှင့်ဖြစ်ကာ သီလရှင်တစ်ခါဝတ်ပြီးကတည်းက နောက်ထပ်အချိန်မရွေး ဝတ်လိုကဝတ်နိုင်ရန် အမြဲတစေ အပြောင်ရိတ်ထားတော့သည် ဆို၏။ မွဲပြာပြာအသားအရည်ဖြစ်သော်လည်း  ပိန်သွယ်သော လက်ဖမိုးများပေါ်မှ အကြောညို့ညို့စိမ်းစိမ်းများမှာ ဖောင်းကြွခုံးထ၍ မြင်သာနေလေသည်။

စကားကို ချက်ချင်းမဆက်နိုင်သေးဘဲ ရည်ဝေနေသော အမေနွဲ့မျက်လုံးများသည် ခပ်ဝေးဝေးဆီသို့ လှမ်းမျှော်နေသယောင်။ ထွေးကဖြင့် သိချင်လွန်းလှပြီ။ အဲသည့်မိန်းကလေး မြနှင်း သူ ဘာတွေများ ဖြစ်ခဲ့ပါလိမ့်။

(၃)

“လုပ်ပြန်ပြီ။ အမေတို့နဲ့တော့ ခက်တယ်။ ဒီဘုန်းကြီးလူထွက်ကို ခုထိ ကိုးကွယ်ဆည်းကပ်နေတာ လွန်လွန်းတယ်” 

မြနှင်း ဈေးမှအပြန် အိမ်ရှေ့ဖိနပ်စင်မှာ ဘုန်းကြီးလူထွက်၏ဖိနပ်ကိုမြင်သော် အတော်လေး စိတ်ပျက်သွားကာ ခါတိုင်းလို ဧည့်ခန်း၌ ဈေးခြင်းတောင်းခဏချကာ အမောဖြေမနေတော့ဘဲ မီးဖိုချောင်ထိ တန်းကနဲ ဝင်ချသွားလိုက်၏။ 

“ကြည့်နေပါ၊ ဒီဘုန်းကြီးလူထွက်ဟာ ပိုက်ဆံလား ပစ္စည်းလား ချေးတာငှားတာလုပ်ဦးတော့မယ်။ အမေတို့ကလည်း ခုထိ ဘုန်းဘုန်း ဘုန်းဘုန်းနဲ့ လက်အုပ်လေးတချီချီလုပ်နေတာ၊ ခက်တယ်။ မြနှင်းမှာလည်း ဒါနဲ့ပဲ အကုသိုလ်ဖြစ်ရလွန်းလို့ ငရဲကြီးရလွန်းလို့ စိတ်ညစ်လှပြီ”

မြနှင်းတစ်ယောက် စိတ်ထဲကနေ တဖျစ်တောက်တောက်ပြောဆိုနေမိသည်။ ဈေးခြင်းထဲမှ ချက်စရာပြုတ်စရာများကို ထုတ်ယူကာ ဟင်းစားအတွက်ပြင်နေခိုက် မီးဖိုချောင်ထဲ အမေနွဲ့ဝင်လာသည်ကို တွေ့တော့ အဖော်ရပြီဟု ဝမ်းသာလေသည်။

“ကြည့်နေပါ၊ အိမ်က ဘာပါသွားဦးမလဲ မသိဘူး”

“ဟဲ့ တိုးတိုးပြောပါ သမီးမြနှင်းရယ် ကြားသွားပါဦးမယ်”

"ပြောနိုင်ပါဘူး အမေနွဲ့ရယ်၊ ကြားတော့ သာတောင်ကောင်းသေး။ တစ်ခါလာ ပိုက်ဆံ၊ တစ်ခါလာ ပစ္စည်း ဒီလိုနဲ့ပဲ အိမ်မှာ ရှိသမျှ သဲ့ယူနေတာ”

“အို  ဒီကလေးဟာ ပြောလေဆိုးလေ၊ လာ လာ အမေနွဲ့ ဟင်းအိုးပြင်ပေးမယ်။ သမီးက အိမ်ရှေ့မှာ ဆွမ်းခံကိုယ်တော်တွေ အသံလေးဘာလေး နားစွင့်ဦး”

မြနှင်းသည် မျက်နှာထားတင်းတင်းနှင့် အိမ်ရှေ့ထွက်လာကာ ကုလားထိုင်ပေါ်တွင် အနေကထိုင်ကို ဖြန့်ခင်းလိုက်သည်။ ဆွမ်းခံကိုယ်တော်များ ကြွလာလျှင် ထိုင်ရန်ဖြစ်သည်။ မကြည့်ဘူးဆိုသည့်တိုင် ဘုန်းကြီးဘက်ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်မိသေးသည်။ ဘုန်းကြီးလူထွက်က ဘိုးဘိုးအောင်ထိုင်နည်းနှင့်ထိုင်ကာ ဘုရားစင်အရှေ့မှာ၊  အမေကတော့ ရှပ်အင်္ကျီလက်တိုနှင့် ဘုန်းကြီးလူထွက်ကို လက်အုပ်ကလေး တချီချီနှင့်။ မြနှင်း အမေ့ကိုပါ မျက်စောင်းနှင့်ကြည့်ပစ်လိုက်သည်။

စိတ်ကုန်လိုက်တာနော်၊ အမေတို့ဟာ…သိပ်ခက်တာပဲ။

သည်ဘုန်းကြီးဟာ သီလရှင်တစ်ပါးနှင့်တွေ့ကာ နှစ်ယောက်လုံး လူဝတ်လဲပြီး အိမ်ထောင်ပြုလိုက်ကြသည် ဆိုကတည်းက မြနှင်းက မကြည်ညိုချင်တော့။ ကြားရတာကတော့ သီလရှင်က အတင်းကပ်တာမို့ ဘုန်းကြီးဈာန်လျှောခဲ့ရသည်ဟု ဆိုကြသည်။ ဘုန်းကြီးသည် နဂိုကပင် ဗေဒင်ပညာတတ်သည်၊ ယတြာကောင်းသည်ဟုဆိုကာ တကာ တကာမ ပေါလှသူ။ အိမ်သို့လည်း ထိုစဉ်ကပင် ဝင်ချီထွက်ချီရှိနှင့်ပြီးသား။ မြနှင်းတို့အမေနှင့် စည်းဝါးကိုက်ကာ ဆရာတကာဆက်ဆံရေးမျိုး ရှိခဲ့ပါသည်။ ထို့နောက် ဘယ်လိုက ဘယ်လို သီလရှင်တစ်ပါးနှင့်တွေ့ကာ မည်သို့ဖြစ်ကြသည်မသိ၊ ရဟန်းဘဝကို စွန့်ကာ လူဝတ်လဲလျက် အိမ်ယာထူထောင်လိုက်ခြင်းပေ။ ထိုသတင်းသည် မြနှင်းတို့ရပ်ကွက်တွင်သာမက ရပ်ကွက်အနီးအနားကိုပါ အုတ်အုတ်ကျက်ကျက်ဖြစ်သွားစေခဲ့သည်။

ရှင်လူထွက်တို့ထုံးစံ သားကျွေးမှု၊ မယားကျွေးမှု ဘာမျှနားမလည်ဘဲ တတ်ကျွမ်းနှင့်သော ဗေဒင်ပညာ၊ ယတြာတို့ကိုသာ အားပြုလျှက် တကာ တကာမဟောင်းတို့မှ သဒ္ဒါသလောက်လှူဒါန်းငွေလေးနှင့်ပင် သီလရှင်လူထွက်မယားကို လုပ်ကိုင်ကျွေးသည်။ သို့သော် ကလေးနှစ်ယောက်သာ ရလာသည်၊ လောက်ငှသည်ဟူ၍ မရှိဘဲ မယားလုပ်သူ၏အဆူအဆဲကိုသာ နေ့စဉ်ခေါင်းငုံ့ခံလျှက် ကလေးထိန်းလိုက်၊  အိမ်ခေါင်မိုးဖာလိုက်၊ ထရံကာလိုက်၊ သံတစ်ချောင်းရိုက်လိုက်နှင့်ပင် အိမ်၌ မရှိ ရှိတာရှာကြံလုပ်ကာ မယားမျက်နှာကြည့်နေရသည်ဆို၏။ ထိုသီလရှင်မှာ လိုချင်တုန်းကတော့ ဘုန်းကြီးကို အတင်းလူထွက်ခိုင်းကာ သူပဲ လူ့ဘောင်ထဲဆွဲသွင်းခဲ့ပြီး လက်တွေ့တွင် အားကိုးအားထား မရတော့မှ ငြူစူမာန်မဲနေတာ စိတ်ပျက်စရာ။

လွန်ပြီးပြီဆိုမှတော့ ရဟန်းဘောင်ပြန်ဝင်ဖို့ရန်လည်း သားမယားမျက်နှာ၊ သားမယားသံယောဇဉ်နှင့် ရုန်းမထွက်နိုင်။ လူ့ဘောင်မှာနေသော်မှ သာမန်လူယောကျာ်းတို့လို အသက်မွေးဝမ်းကြောင်းအတတ်လည်း မတတ်နှင့်၊ နောက်ဆုံးတော့ ဘုန်းကြီးမှာ ဝဋ်ကြွေးရှိသမျှသာဟု သဘောပိုက်လိုက်ပုံရလေသည်။

“သမီးမြနှင်း ဘုန်းကြီးဆိုတာလည်း လူပဲ၊ သီလရှင်ဆိုတာလည်း လူပဲ၊ ပုထုဇဉ်ပဲရှိသေးတာလေ၊ သူတို့ဖာသာသူတို့ သာသနာ့ဘောင်မှာ မပျော်မွေ့လို့ လူဝတ်လဲပြီး အိမ်ယာထူထောင်တာ ဘာဖြစ်လဲ၊ ကဲ့ရဲ့စရာမှ မဟုတ်တာဘဲ သမီးရယ်”

အို မြနှင်းတော့ နားမလည်ပါဘူး။ ဥသီကာမင်းက မုဆိုးယောင်ဆောင်ထားတဲ့ သိကြားမင်းကို ရန်သူဆိုတာ ဘယ်လိုမျိုးလဲလို့မေးတော့ မုဆိုးက ပြန်ဖြေတယ်။ မင်းကြီးတဲ့ ရဟန်းဖြစ်ပါလျက်နှင့် ရဟန်းအလုပ်ကို မလုပ်ဘဲ လူအများကဲ့သို့ စိုက်ပျိုးရေးအလုပ် လုပ်နေပါလျှင်၊ ငွေတိုးပေးစားနေပါလျှင်၊ ဗေဒင်ဟောဆေးကုလုပ်နေပါလျှင် ထိုရဟန်းဟာ ရန်သူဖြစ်တယ်တဲ့လေ အမေနွဲ့ရဲ့၊ မြနှင်းဖြင့် အဲ့ဘုန်းကြီးကို ရဟန်းဘဝထဲက သဘောကို မတွေ့ပါဘူး။ လူရယ်လို့ဖြစ်လာရင် ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်နေရာ ကိုယ်နေရမှာ မဟုတ်ဘူးလား လို့”

“အင်း ခက်တာပဲ၊ ပြောရခက်လိုက်တာ သမီးမြနှင်းရယ်”

“ခက်ပါဘူး အမေနွဲ့ရယ်၊ အမေနွဲ့တို့ အမေတို့ပဲ အဲ့ဘုန်းကြီးကို ကြည်ညိုကြ၊ အဲ့ဘုန်းကြီးလူထွက်ကို ဆည်းကပ်ကြ။ မြနှင်းကတော့ လုံးဝပဲ

ဘုန်းကြီးလူထွက်ကမူ မြနှင်းတို့ကဲ့သို့ နောက်ကွယ်မှာ တီးတိုးကဲ့ရဲ့ဆိုသူများကို တစ်ခွန်းထဲသောစကားနှင့် ခပ်သာသာ တုန့်ပြန်လေ့ရှိသည်။

“ငါ့မှာ ဒီသီလရှင်နဲ့ ဝဋ်ကြွေးရှိလို့ ပေးဆပ်နေရတာ၊ နင်တို့ ငရဲမယူကြနဲ့၊ ဝဋ်လည်မယ်”ဟူ၍ဖြစ်သည်။

သည့်အပြင် မြနှင်းအမေကို ဘုန်းကြီးကဟောဖူးသည်မှာ “ခင်ဗျားသမီးမြနှင်း ဦးနှောက်လမ်းကြောင်းမှာ အဆက်တွေ အပေါက်တွေ တွေ့တယ်။ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါ ခံစားရတတ်တယ်။ သတိထား”ဟု ဟောကိန်းထုတ်သည်ဆို၏။  အမေပြန်ပြောပြတော့ မြနှင်းမှာ ဟားတိုက်၍ပင် ရယ်ပစ်လိုက်ခဲ့လေသည်။

(၄)

“အဲဒါနဲ့ပဲ သူ...မြနှင်းက ရူးသွားရောလားဟင် အမေနွဲ့၊ အဲဒီဘုန်းကြီးလူထွက် ဟောခဲ့သလိုလေ”

ထွေးသည် အေးစပြုနေသော ရေနွေးခွက်ကို ကျိုက်ကနဲနေအောင် မော့သောက်နေသည့် အမေနွဲ့ထံ စကားစအပြတ်မခံနိုင်သလို မေးလိုက်မိလေသည်။

“ဘယ်ဟုတ်ဦးမလဲ ငါ့ညီမကြီးရယ်၊ ကျန်သေးတယ်၊ ပြောစရာတွေ ကျန်သေးတာပေါ့၊ မြနှင်းဇာတ်လမ်းက အခုမှ စမှာ”

အမေနွဲ့သည် ထွေးလက်မောင်းအိုးကို နှိပ်နယ်ရင်း စကားဆက်ရန်ပြင်သည်။

စာဖတ်နေသောမောင်သည်ပင် စာကြည့်မျက်မှန်ပေါ်မှ ကဲကာ ထွေးတို့ဘက်ကို သိသိသာသာကြီး လှမ်းကြည့်လျှက် စိတ်ဝင်စားဟန်ပြလာခဲ့ပြီ။ အမေနွဲ့က သူ့ခါးမှအင်္ကျီစကို အောက်သို့ ဆွဲဆန့်လိုက်ရင်း ဖြည်းဖြည်းချင်း စကားစသည်။

“တစ်နေ့မှာ အိမ်ကိုဆွမ်းခံကြွနေကျ ဥူးးဇင်းလေးတစ်ပါးနဲ့အတူ နောက်ထပ်ဥူးးဇင်းလေးတစ်ပါး ပါလာခဲ့တယ်။ မြနှင်းတို့အိမ်မှာ ထိုင်ကိုယ်တော်အဖြစ် ဆွမ်းလောင်းလက်ခံပေးဖို့ပေါ့။ အင်း… ဘယ်လိုအတိတ်ကံ၊ ဘယ်လိုဆုတောင်း၊ ဘယ်လိုရေစက်ကြောင့်ရယ် မသိဘူး၊ အဲဒီဥူးးဇင်းကလေးကို မြင်မြင်ချင်း မြနှင်းစိတ်မှာ တန်းကနဲ ချစ်ကျွမ်းဝင်သွားခဲ့သတဲ့”

“အို….”

 (၅)

“တကာမကြီး ဒါ ဥူးးဇင်းတို့ကျောင်းတိုက်ကို နယ်ကနေရောက်လာတဲ့ စာသင်သားဥူးးဇင်းပဲ။ ဒီအိမ်ကို ဆွမ်းခံကြွလိမ့်မယ်။ အဲဒါ တကာမကြီးတို့က ဆွမ်းလုပ်ကျွေးပါ။ ဥူးးဇင်း အပ်ပါတယ်။ သာဓုသာဓုသာဓုပါဗျာ”

ဥူးးဇင်းကလေး၏ဝင်းဝါသော အသားအရည်နှင့် သင်္ကန်းရောင်သည် လွန်စွာမှ တင့်တယ်လှ၏။ မည်းနက်ထူထဲသော မျက်ခုံးများအောက်မှ ဝင်းဖန့်နေသောမျက်ဝန်းအစုံကို အမြဲလိုပင် မျက်လွှာချထားလေ့ရှိသည်။  စက္ကုအိနြေ္ဒနှင့်ပြည့်စုံလှသလို ပိရိသောနှုတ်ခမ်းများမှာလည်း တိတိကျကျ စေ့ပိတ်ထားလျှက် မလိုအပ်ဘဲ မမိန့်ကြား၊ သင်္ကန်းရုံပုံ လက်အလှုပ်အရှား အသွားအလာ ကိုယ်နေဟန်တို့မှာ လွန်စွာမှငြင်သာလွန်းသည်။

မြနှင်းသည် ဥူးးဇင်းကလေးမျက်နှာကို ဖူးမဝပေ။ ခါတိုင်း တခါတလေမှသာ ဆွမ်းဟင်းမီအောင် ကပ်နိုင်သော်လည်း ခုတော့ ဆွမ်းအပြင်ဆွမ်းဟင်းပါ ကောင်းကောင်းကပ်သည်။ ဈေးသွားတိုင်း အချိုပွဲတစ်ခုမဟုတ် တစ်ခု ဝယ်လာကာ ဥူးးဇင်းလေး၏ ဒန်ဆွမ်းဟင်းခွက်သေးသေးလေးထဲ တရိုတသေလောင်းလှူသည်။ သနပ်ခါးပါးကွက်ကို ကြားကြားမလူးတော့ဘဲ လှလှကလေးကွက်သည်။ ဆံပင်တို့ကို စည်းနှောင်ကာ သပ်သပ်ရပ်ရပ်ဝတ်စားသည်။ ဥူးးဇင်းကလေး နေထိုင်မကောင်း၍ ဆွမ်းခံမကြွနိုင်သောရက်များတွင် မြနှင်းတစ်ယောက် ဘယ်လိုမှ မနေနိုင်ဘဲ ကျောင်းအထိလိုက်သွားကာ သက်သာနိုင်မည်ထင်သည့် ဆေးဝါးတို့ကို ကပ်လှူသည်။

တဖြည်းဖြည်းနှင့် ဥူးးဇင်းကလေးသည် တကာမ၏ သူ့အပေါ်ထားရှိသော စွဲလမ်းမှုကို ရိပ်မိသွားကာ ကျောင်းသို့ လိုက်မလာရန်၊ ဆရာတကာ အဲသည်လောက် ရင်းရင်းနှီးနှီးမနေရန် မိန့်တော်မူလေသည်။

မြနှင်းမှာမူ ငရဲမကြောက် ဘာမကြောက်၊ ဓမ္မန္တာရာယ်ဟူသည်ကိုမှ နားမလည်။ ငယ်ရွယ်နုနယ်သော နှလုံးသား၌ ဥူးးဇင်းကလေး၏ ပြေပြစ်ချောမောသောရူပါရုံကိုသာ တဝဲလည်လည် မြင်လျှက် အချစ်နွံမှ ရုန်းထွက်မရပြီတည်း။

(၅)

“ခက်လိုက်တာနော် အမေနွဲ့ရယ်။ မြနှင်းအမေတို့ကရော မတားကြဘူးလားဟင်၊ အမေနွဲ့ကရော ဒီတိုင်းကြည့်နေသလား”

“ဘယ့်နှယ်နေမလဲ ညီမကြီးရယ်၊ သူ့အမေရော အမေနွဲ့ရော ဝိုင်းပြောကြတာပေါ့။ သူ့အမေဆို ရိုက်တောင် ရိုက်တာ။ ဒါပေမယ့် မရပါဘူး။ မြနှင်းက ရပ်ကွက်ထဲကလူပျိုတွေ သူ့ကြိုက်နေတာမှ အပုံကြီးရယ်။ ဒါကို ခါးခါးသည်းသည်းငြင်းပြီး ဥူးးဇင်းကလေးကိုပဲ တန်းတန်းစွဲနေတော့တာ”

“ဟင်း ဘယ်လိုရေစက်ပါလိမ့်၊  ဆုတောင်းများ မှားခဲ့သလား၊ ဟိုဘုန်းကြီးလူထွက်ကို ပြောမိဆိုမိလို့ များလား၊  ဝဇီဗေဒ ထိတိုင်းရှတဲ့ ကြောက်စရာကောင်းလိုက်တာနော်”

“အင်း ဘာကြောင့်ဆိုတာ ပြောရခက်ပါတယ်လေ၊ အချစ်နဲ့ထိစပ် ပတ်သက်လာ ရင် ယောကျာ်းလေးတွေဟာ လေးလံနှုတ်ဆွံ့သွားတတ်သလောက် မိန်းကလေးတွေဟာ ပိုပြီး ရဲရင့်လာတတ်ကြတယ်။ တဇွတ်ထိုးဆန်လာတတ်ကြတယ်။ ပတ်ဝန်းကျင်တို့ အသိုင်းအဝိုင်းတို့ဆိုတာတွေကို ကောင်းကောင်းကြီး အာခံရဲလာတယ်။ ဆန့်ကျင်ရဲလာတယ်။ မီးဆိုတာ ပူမှန်းသိပါရက်နဲ့ ဇွတ်ရှေ့တိုးချင်ကြတယ်။ ဘာပြောပြောနားမဝင်ဘဲ ကလန်ကဆန်တွေ လုပ်လာတတ်တော့တာပဲ”

“ခက်လိုက်တာ၊ ဒါနဲ့ ဘယ်လိုဆက်ဖြစ်သွားလဲဟင် အမေနွဲ့၊ ဥူးးဇင်းကလေးရော ဘာဖြစ်သွားလဲဟင်”
“ကံကြမ္မာဆိုတာ ပြောရခက်သားလား ညီမကြီးရယ်၊ မြနှင်း ခုလိုအဖြစ်ဆိုးမျိုးရောက်သွား ရလောက်အောင်ကို ဥူးးဇင်းလေးရဲ့အဖြစ်ကလည်း ဆိုးပါပေရဲ့”

(၆)

မြနှင်းမှာ အစ၌ ရှက်ရွံ့သွားကာ အဆက်အဆံတန့်သွားသော်လည်း နောက်ပိုင်းတွင် ပိုမိုရဲတင်း လာတော့သည်။ ခံစားနေရသော အချစ်နတ်၏ဖမ်းစားမှုကြောင့် သင့်တော်၏ မတော်၏လည်း မတွေးနိုင်၊ မတွေးတတ်ပြန်။

ဥူးးဇင်းကလေးမှာကား မြနှင်းတို့အိမ်သို့ ဆွမ်းခံမှန်မှန်မကြွတော့ပေ။ တစ်ခြားအိမ်များသို့ ကြွစရာရှိလျှင်ပင် မြနှင်းတို့အိမ်ရှေ့လမ်းမှ ရှောင်ကာကြွသည်ကို သိသွားတော့ မြနှင်းမှာ ဝမ်းနည်းကာ ရင်ကွဲနာကျရှာသည်။ အိပ်လည်း မပျော်၊ စားလည်း မစားတော့ဘဲ လူတစ်ကိုယ်လုံး၌ မျက်လုံးနှင့်နှာခေါင်းရိုးသာကျန်ရှိကာ တစ်နေ့တစ်ခြား ပိန်လှီ၍လာတော့သည်။ ဆွမ်းခံကြွချိန်မကုန်မချင်း ဥူးးဇင်းကလေးများ ကြွလာမလား မျှော်စောင့်သည်။ ဆွမ်းခံချိန်ကျော်လွန်၍ ဥူးးဇင်းကလေး ကြွမလာနိုင်တော့ပြီကို သိသည်နှင့် မျက်ရည်များပေါက်ပေါက်ကျကာ ဟီးချငိုကြွေးပြန်လေသည်။

မြနှင်းသတင်းကြားရသော ဥူးးဇင်းကလေးမှာ စိတ်မကောင်း၍ထင့်၊ တစ်နေ့သော် အိမ်သို့ တန်းတန်းမတ်မတ်ကြီး ကြွလာပြီး မြနှင်းနှင့် မြနှင်းအမေကို တရားဟောကြားလေသည်။ ဥူးးဇင်းကလေးဟောသောတရားမှာ သစ္စာလေးပါးတွင် ပုထုဇဉ်များ ရုန်းရခက်သော သမုဒယသစ္စာ၏ချည်တိုင်မှ လွတ်မြောက်ကြောင်းတရား ၊ ရုပ်နာမ်တို့၏ မမြဲကြောင်း တရား၊ ယောကျာ်းမိန်းမ စသောပညတ်ကိုပယ်၍ ရုပ်နာမ်ပရမတ်သားကို မြင်အောင်ရှု့စေလိုကြောင်း တရားပင်။ မြနှင်းမှာမူ ဥူးးဇင်းကလေး ဘာတွေဟောလို့ ဟောသွားမှန်းပင် မသိလိုက်ရှာပေ။ မျက်လွှာချထားသော ဥူးးဇင်းကလေး၏မျက်နှာကိုသာ တစ်ချိန်လုံးငေးကြည့်လျှက်ရှိသည်။

နောက်ရက်များတွင် ဥူးးဇင်းကလေး ကြွမလာတော့ပေ။ မြနှင်းမှာ ကျောင်းသို့လိုက်သွားပြန်ရာ ဥူးးဇင်းကလေးသည် မိဘရပ်ထံ နယ်သို့ ခဏကြွသွားသည်၊  နယ်မှာပင် ဝါဆိုမည်ဟု ဆရာတော်က မိန့်လိုက်လေ၏။

အိမ်ပြန်ရောက်လျှင် မြနှင်းမှာ ပြက္ခဒိန်ရှေ့ချကာ ဝါထွက်မည့်ရက်ကို မင်နီဝိုင်းလေသည်။ မှန်ထဲမှာ မြင် ရသော မြနှင်းရုပ်ရည်သည် ပိန်လှီကာ စိတ်ထောင်းကိုယ်ကြေရုပ်ထွက်နေသော်လည်း မြနှင်းမှာ ကြိုးစား၍ ပြုံးရယ်သည်။ ဝါထွက်လျှင် ဥူးးဇင်းကလေး ပြန်လာပေတော့မည်။

(၇)

“အင်း ဝါလည်းထွက်ရော ဥူးးဇင်းကလေး ပြန်လာသလားဟင် အမေနွဲ့၊ ဒါမှမဟုတ် မြနှင်းနဲ့ ဝေးအောင် ဘယ်တော့မှ ပြန်မလာတော့ဘူးလား ဟင်”

“ပြန်လာပါတယ်။ ပြန်လာခဲ့ပါတယ်။ ဥူးးဇင်းကလေးဟာ စာသင်သားဆိုတော့ ကျောင်းတိုက် ကိုပဲ ပြန်လာခဲ့ရှာပါတယ်။ ဒါပေမယ့်”

အမေနွဲ့မျက်ဝန်းတို့ အုံ့မှိုင်းလာကာ နှုတ်မှစကားစတို့ ပိုမိုဖြည်းလေးစွာ…။

“ဥူးးဇင်းလေးဟာ သူ စီးလာတဲ့ကားတိမ်းမှောက်ပြီး  လမ်းမှာတင် ပျံလွန်သွားရှာတယ်”

“အို…ဖြစ်ရလေ…ဖြစ်မှဖြစ်ရလေ အဖြစ်ဆိုးလိုက်တာနော်”

“အင်း အဲဒီသတင်းလည်းကြားရော မြနှင်းဟာ အိပ်ရာထဲ ဘုန်းဘုန်းလဲသွားရာက သွက်သွက်ခါအောင်ရူးသွားရှာတာ၊ ဆရာဝန်တွေလည်း စုံနေတာပဲ ကုလိုက်တာဆိုတာ၊ ခုမှ ဒီလိုအခြေအနေ ရောက်လာတာ။ နည်းနည်းငြိမ်ကျသွားတာ။ အမေနွဲ့လည်း အဲ့ဒီကတည်းက မြနှင်းတို့အိမ် မသွားတော့တာ။ မြနှင်းကို မကြည့်ရက်တော့လို့လေ”

မျက်မှန်ကိုင်းကိုပင့်ကာ မျက်ဝန်းအောက်ခြေတို့ကို လက်ကိုင်ပုဝါဖြင့် တို့သုတ်နေသော မောင့် ကို ထွေး မြင်၏။ အို….မောင် မျက်ရည်ကျနေတာလား ဟင်။ စိတ်မာသည်ဆိုသော ထွေးပင် မျက်တောင်တို့ကို အနိုင်နိုင် ပုတ်ခတ်နေခဲ့ရသည်ပဲ။ တကယ်တော့ မောင်သည် ထွေးထက် စိတ်နှလုံးနုညံ့သူပေ။

အမေနွဲ့မှာ သွန်ချပြောပြလိုက်ပြီး အားအင်ကုန်ခမ်းသွားသူလို မောင့်ဘေးက ကုလားထိုင်မှာ အရုပ်တစ်ရုပ်လို လျှောကနဲမီထိုင်လိုက်လေသည်။

(၈)

ဆယ့်နှစ်လရာသီ သြော်...ဘယ်အချိန်ကျကာမှ မြနဲ့လေ ချစ်သူမောင်နဲ့ ပေါင်းရမယ်လို့ မျှော်မှန်းဆကာပ တမ်းတကာနေမည်…..ဆယ့်နှစ်လ…ရာ….သီ…တန်ခူးလ သင်္ကြန်ခါမီ ချစ်သူသက်လယ် မောင် လာ မယ် ပြော…ပြော….မျှော်ရသူ မြကလေးမှာတော့……

ကြားရပြန်ပါပြီ.....

ဆွေးမြေ့နေသော အသံဝါဝါကလေး။ မြနှင်းအကြောင်းမသိခင်က သီချင်းသံကြားရုံနှင့် စိတ်ထဲ မကောင်းဖြစ်ရသော မောင်နှင့်ထွေးတို့နှစ်ယောက်သည် ယခု မြနှင်း၏အကြောင်းစုံ သိပြီးသောအခါတွင်မူ ရင်ထဲနင့်ကနဲ ကျင်သွားရလေသည်။   

အချစ်…၊ မိန်းကလေးတို့၏အချစ်…..။ ပင်ပန်းဆင်းရဲလှချည့်၊ ပူလောင်လှချည့်လားကွယ်….။  အို မိန်းကလေးမှ မဟုတ်ပါဘူးလေ၊ ဘယ်သူမဆို တကယ်ချစ်မိသူတိုင်း သမုဒယနွံထဲက အလွတ်ရုန်းထွက်ဖို့ရာ ခဲခက်လှမည်ပေ။

တစ်နေ့နေ့မှာ ထွေး သားသမီးတွေရလာတဲ့အခါ သူတို့လေးတွေဟာ ဆင်းရဲနဲ့ငရဲကို ကြောက် တတ်ကြသူများ ဖြစ်ပါစေ၊ သမုဒယနွံကနေ ရုန်းထွက်နိုင်သူများ ဖြစ်ပါစေ၊ မသင့်တဲ့ချစ်ခြင်းတွေနဲ့ မငြိတွယ်မိသူဖြစ်ပါစေ၊ အချစ်ဆိုတဲ့မီးကနေ လွတ်မြောက်ငြိမ်းအေးနိုင်သူ၊  မေတ္တာတရား နဲ့ နွေးထွေးနိုင်သူများ ဖြစ်ကြပါစေကွယ်။  ထွေး မျက်စေ့လေးမှိတ်ကာ တိတ်တိတ်လေး ဆုတောင်းနေမိသည်။ နံဘေးမှ မောင့်ကိုကြည့်လိုက်တော့ မောင်သည်လည်း အိပ်ပျော်နိုင်ခဲသည် ထင်ပါရဲ့။ 

အချိန်ပါပဲ၊  အချိန်တစ်ချိန်ပါပဲလေ..... 

အချိန်လေးနည်းနည်းကြာလာရင်တော့ ဒီရပ်ကွက်ထဲက သူသူငါငါတွေလို မြနှင်းသီချင်းသံ မှာ မောင်ရော ထွေးပါ အိပ်ပျော်နိုင်ကောင်းပါရဲ့လေ….။ 



ပိတောက်သည် မိုးကို တည်မှီ၏

$
0
0


(၁)

မိန်းမတွေမှာ ခေါင်းနဲ့ပန်းလို မတူညီတဲ့အသွားနှစ်ဘက်ရှိတယ်ဆိုတာ ခင်ဗျားတို့ကို သိကြစေချင်တယ်။ ဘယ်လိုအသွားနှစ်ဘက်လဲဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက် တူချင်မှတူလိမ့်မယ်။ သေချာတာကတော့ဗျာ အခြေအနေ အချိန်အခါအလိုက် ပြောင်းလဲသွားတတ်တဲ့ သူတို့ရဲ့စိတ်ခံစားမှုအပေါ်မှာ မူတည်ပြီး ခင်ဗျားတို့ကို ပြလိမ့်မယ်။ အဲဒီအခါ အလိုက်သင့်နေပေးလိုက်ပါ ကိုယ့်လူ၊ အံ့သြဘနန်းဖြစ်နေပုံမျိုး နည်းနည်းကလေးမှ မပြမိပါစေနဲ့။ မိန်းမဟူသည် ဆောင်းလေပမာညီတို့  မိန်းမဟူဘိ ထိုဣိတ္ထိကား မရှိမကောင်း ရှိမကောင်းတည့်တွေ ဘာညာတွေလည်း ပြောမနေချင်တော့ပါဘူးဗျာ။ ရိုးလွန်းပါတယ်။

နေဦးဗျာ၊ ကျွန်တော့်စကား ပြန်ပြင်ဦးမယ်။ မိန်းမတွေလို့ပြောမယ့်အစား မိန်းမတစ်ချို့လို့ ပြင်ပြောတာ ပိုသင့်တော်မယ် ထင်ပါရဲ့။ ကျွန်တော်တွေ့ဖူးခဲ့တဲ့မိန်းမတစ်ယောက်ဟာ မိန်းမထုကြီးတစ်ရပ်လုံးကို ကိုယ်စားပြုချင်မှ ပြုနိုင်မှာကိုးဗျာ နော်။

ထားပါလေ ပြီးခဲ့တာကတော့ ပြီးခဲ့ပါပြီ။ ခက်တာက အနာဟောင်းတွေဟာ အရှင်းမပျောက်ဘဲ မြုံနေတဲ့အခါ သူ့ရာသီချိန်ဆိုရင် ထထနာနေတတ်တာမျိုးမဟုတ်လားဗျ။ ကျွန်တော့်အနာဟောင်းကလည်း ခုလို ပိတောက်တွေပွင့်တဲ့ သင်္ကြန်ရာသီရောက်မှဖြင့် ဟိုးရင် အတွင်းပိုင်းထဲကကို ထထပြီးတော့ တဆစ်ဆစ်နာနေတတ်တော့တာ။

သေချာအောင် ထပ်ပြောမယ်ဗျာ။ အချစ်နဲ့ မဆိုင်တော့ဘူး။ အလွမ်းနဲ့လည်း မပတ်သက်ဘူး။ သိပ်ညံ့တဲ့ထမင်းဆိုင်တစ်ဆိုင်မှာ တစ်ခါစားဖူးတဲ့သူလို အဲဒီဆိုင်ရှေ့ကဖြတ်သွားလို့ ဟင်းနံ့တွေရလိုက်တိုင်း သိပ်ညံ့တဲ့ဆိုင်ကွာလို့ လွှတ်ကနဲ တ လိုက်မိသလိုမျိုး။

(၂)

ချမ်းနေတဲ့ အသားစိုင်တွေ နွေးထွေးသွားတယ်။ ခုနက မဏ္ဍာပ်တစ်ခုရောက်တိုင်း ရေပက်ကြမ်းတဲ့ဒဏ်ကို တဘက်ကြီးနဲ့ အတင်းကာပြီး ကိုယ်ကို ကိုင်းညွှတ်၊ မျက်နှာကိုဖွက်ထားရသမျှတွေက အခု ရဲရင့်လာခဲ့ပြီ။ နွေးထွေးလို့ လာခဲ့ပြီ။ ကြမ်းစမ်းပါစေ၊ မဏ္ဍာပ်တစ်ခုရှေ့က ကားထွက်လိုက်တိုင်း ဆောင့်ကနဲအရွေ့မှာ အနောက်ကရင်ခွင်ထဲ ယိုင်ကနဲဖြစ်သွားရာက ကူးလူးထိကပ်လာတဲ့ အနွေးဓါတ်တွေ။ သတိထားပြီး ခပ်ခွာခွာပြန်နေလိုက်လည်းပဲ လူတွေက ယိုင်ထိုး၊ ကားကလည်း ရွေ့နေဆိုတော့ ခနပဲ၊ ခနနေ ခန္ဓာနှစ်ခု ပူးကပ်သွားကြပြန်။ 

အိုး….သူမတို့မှ မဟုတ်ပါဘူး။ ကားပေါ်မှာ ပါလာတဲ့ လူဆယ့်နှစ်ယောက်လုံး ဒီအတိုင်းပါပဲ။ လင်းထင်က လွဲလို့ပေါ့။ ဟုတ်တယ် လင်းထင်က လူတစ်မျိုးပဲ။ ကားပေါ်တက်ကြကတည်းက သူက သူမနားမှာ မနေဘူး။ တစ်ခြားကောင်မလေးတွေအနားလည်း မကပ်ဘူး။ ကားရှေ့ဆုံး ဘားတန်းနောက်မှာ ရပ်ရင်း ကားရှေ့တည့်တည့်ကို မျက်နှာမူလို့ နောက်ကို လှည့်မကြည့်စတမ်း လိုက်လာတာ။ တစ်ချက်တစ်ချက်တော့ သူမရှိရာ ကားနောက်ဘက်ကို စွေကနဲ လှည့်ကြည့်တတ်တယ်။ ပြီးတော့ စိတ်ချလက်ချပဲ ရှေ့ပြန်လှည့်သွားတာပဲ။ သူမက သူ့ရည်းစား မဟုတ်တဲ့အတိုင်း။ စိတ်ချလက်ချ….။

ကားစထွက်လို့ သိပ်မကြာခင်မှာ လူစုံပြီလားဆိုတော့ တစ်ယောက်ကျန်သေးတယ်၊ လမ်းကဖြတ်လိုက်မယ်တဲ့။ အဲဒီလူကို သူရိန်လို့ ဘယ်သူက ထင်ထားမှာလဲ။ သူရိန်ဆိုတာက ကောင်မလေးတိုင်း ကျတဲ့ ကောင်ကလေး။ စကားပြောရင် ချိုချိုနွဲ့နွဲ့လေး၊ သူ့မျက်ဝန်းတွေက သူနဲ့စကားပြောတဲ့ ကောင်မလေးတွေရဲ့ မျက်ဝန်းထဲစိတ်ထဲအထိ ထိုးဖောက်ကြည့်တတ်ပုံကိုက သူ့ရဲ့ပညာ။ တဘက်သားနှလုံးသားကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိတယ်ဆိုတဲ့ စိတ်ချလက်ချအပြည့်နဲ့ ပြုံးပုံမျိုးလည်း ပြုံးတတ်သေးရဲ့။ 

ရူးတာပေါ့။ ကောင်မလေးတိုင်း ကျတာပဲ။ သူမလည်း မကျဘဲ နေမတဲ့လား။ သူရိန်နဲ့ သူမ ပထမနှစ်တုန်းက ရည်းစားဖြစ်ခဲ့ကြတာပဲ။ သူရိန်က သူမစိတ်ကောက်ရင် ဘယ်တော့မှ မချော့ဘူး။ နောက် သူ့မှာ တစ်ခြားကောင်မလေးတွေနဲ့လည်း ချိတ်တိတ်တိတ်နဲ့ဆိုတာ သိတော့ သူမ သူရိန်နဲ့ ပြတ်ကြတာပဲ။ ခဏပဲကြာတယ်၊ ရည်းစားသက်တမ်းနုနုကလေးနဲ့တင် လမ်းခွဲလိုက်ကြတယ်။

ဒုတိယနှစ် သူမတို့ကျောင်းတွေ ပြန်တက်ရတော့ အဲဒီမှာ လင်းထင်နဲ့ ရည်းစားဖြစ်တာ။ လင်းထင်က စာသိပ်ဖတ်တာပဲ။ သိပ်တွေးတယ်။ သိပ်လေးနက်တယ်။ သူနဲ့အတူ သူမလည်း စာတွေလိုက်ဖတ်တယ်။ အစကတည်းကလည်း ဖတ်ခဲ့တာပါပဲ၊ ဒါပေမယ့် လင်းထင်နဲ့ ရည်းစားဖြစ်ပြီးမှ ပိုဖတ်လာခဲ့တာ။ လင်းထင်က တကယ့် လူတစ်မျိုး။ မိန်းကလေးတစ်ယောက်အပေါ် သိပ်နားလည်တတ်တယ်။ ကြင်နာတတ်တယ်။ သိပ်ဂရုစိုက်တတ်တယ်။ အဲဒါတွေကြောင့်များ သူမ စိတ်ဝင်စားသလားပဲ။ ချစ်ခဲ့မိသလားပဲ။

ဒါပေမယ့် လင်းထင်က ချစ်ကြောင်းသိပ်မပြောသလို ချစ်တဲ့အကြောင်းလည်း သည်းသည်းလှုပ် မပြတတ်ဘူး။

ကောင်မလေးတွေရဲ့ အားကနဲအော်လိုက်သံနဲ့အတူ ရေအားကောင်းကောင်း ရေပိုက်လုံးကြီးကြီးနဲ့ ထိုးချလိုက်တာကြောင့် သူမကိုယ်လုံးလေး နောက်ကရင်ခွင်ထဲ ယိုင်ဆင်းသွားပြန်တယ်။ သူရိန်ကလည်း အလိုက်သင့် သူမကိုယ်လုံးကလေးကို ထွေးပွေ့ထားတယ်။ ကာထားပေးတယ်လို့ပဲ ဆိုကြပါတော့လေ။ သဘက်ထူထူအောက်မှာ သူမကိုယ်လုံး၊ သူမကိုယ်လုံးနဲ့ သဘက်တွေကြားမှာ သူရိန့်လက်တွေ။ သူရိန့်လက်က အနွေးဓါတ်တွေက သူမလက်မောင်းကတစ်ဆင့် သူမတစ်ကိုယ်လုံးကို စီးဆင်းနေသလိုပဲ။ နွေးထွေးလိုက်တာ။ ဘေးကနေကြည့်ရင်တော့ ဘာမှ မထူးလှဘူး။ ပုံမှန်ပဲ။ ရေပက်ခံကားတွေပေါ်မှာ ထုံးစံအတိုင်း ကောင်လေးတွေက ကောင်မလေးတွေကို နောက်ကနေ ကာကွယ်ပေးထားတယ်။ ဒီလောက်ပဲ။

မဏ္ဍာပ်ကနေ ကားထွက်တော့ လင်းထင်သူငယ်ချင်းမျိုးကျော်က သူမကို လာခေါ်တယ်။ နင် ရှေ့နားလာခဲ့ တဲ့။ လင်းထင်နားလာနေ တဲ့။ သူမ ခနတော့ လင်းထင်နား သွားနေလိုက်တယ်။ လင်းထင်က သူမကို ရီဝေဝေကြည့်နေတယ်။ သေချာတာက လင်းထင် မူးမနေဘူး။ တစ်ကားလုံးလိုလို သောက်ထားကြပေမယ့် လင်းထင်တစ်ယောက်ပဲ လုံးဝ မသောက်တာ။ သူ ချမ်းနေမှာပဲ။ တကယ်လည်း သူ့နှုတ်ခမ်းတွေ ပြာနှမ်းလို့။ သူ့ကိုယ်ကလည်း ကားသွားနေလို့ လေတိုးတဲ့အခါ တုန်ခိုက်နေတာပဲ။ သူ့ဘေးနားမှာ သူမလည်း လိုက်ချမ်းလာတယ်။ ချမ်းလွန်းလို့ သေတော့မယ်။
ငါ အနောက်ဘက်ပြန်သွားမယ်ဟာလို့ လင်းထင်ကို ပြောပြီး သူမနေရာကိုပဲ ပြန်လာလိုက်တယ်။ 

မဏ္ဍာပ်တွေရှေ့ ကားရပ်တိုင်း ရေတွေကြားမှာ သူမ နွေးထွေးနေတယ်။ သူမအသွေးတွေ အသားတွေ နွေးထွေးနေတယ်။ သွေးကြောမျှင်တွေကတစ်ဆင့် စီးဆင်းနေတဲ့အနွေးဓါတ်တွေက သူမတစ်ကိုယ်လုံးဆူပွက်တော့မလားတောင် ထင်ရတယ်။ သူမကိုယ်ပေါ်မှာ သူရိန့်လက်တွေက ပိုတင်းကြပ်လာသလိုပဲ။ စည်းနှောင်ထားတဲ့ လက်တွေ၊ သူရိန့်လက်တွေ၊ သူမ ကိုယ်ပေါ်မှာ။ တစ်ကားလုံးမှာ ပါလာတဲ့မိန်းကလေးတွေက သူမနေရာကို လိုချင်နေပုံမျိုး။ မဟုတ်သေးဘူး။ သူတို့လိုချင်နေတာက သူရိန့်ရင်ခွင်၊ သူရိန့်လက်နွေးနွေးတွေ….၊ အင်း သေချာပါတယ်။ သူမ ပျော်လာတယ်။ သူရိန့်လက်တွေထဲမှာ သူမတစ်ကိုယ်လုံး မိုးပေါ်ရောက်နေသလိုပဲ။ သူမ တက်ကြွလာတယ်။ ကောင်မလေးတွေအားလုံးရဲ့ ဟန်ဆောင်အပြုံးတွေထဲမှာ သူမအပေါ် မနာလိုပြုံးတွေ စိမ့်ဝင်နေကြတယ်။ သူမ သိပ်သိတာပေါ့။ သူမ အသံထွက်အောင် တခစ်ခစ်ရယ်မိတော့ လင်းထင်က လှည့်ကြည့်တယ်။ နောက်တော့ ရှေ့ဘက်ပြန်လှည့်သွားတယ်။ သူရိန့်ကိုတောင် ပြုံးပြလိုက်သေးသလိုပဲ။ 

လင်းထင် နင်သိလား၊ သူရိန်သာ ဒီကားပေါ် ပါမလာရင် ငါ ချမ်းလို့ သေမှာပဲ။ နင်က ဘာမှ အားမကိုးရဘူး။ သူမ ပြုံးလိုက်မိပြန်တယ်။ ဒီရင်ခွင်….၊  သူရိန့်ရင်ခွင်…သူမ ဘာလို့များ သူရိန်နဲ့ လမ်းခွဲခဲ့ပါလိမ့်၊ ဒီလောက် နွေးထွေးနေတဲ့ ရင်ခွင်ကို…..။  အိုး ဒါတော့ သူမ သိပ်လွန်သွားပြီ။ လင်းထင်က သူမရည်းစားလေ၊ လက်ရှိမှာ လင်းထင်က သူမရည်းစားလေ။ သူမ ခေါင်းကို ခါရမ်းလိုက်တော့ သူမနားက နားကွင်းအကြီးကြီး တလှုပ်လှုပ်ခါသွားတယ်။ ဘာပဲဖြစ်ဖြစ် ဒီတစ်နေ့တော့ သူရိန့်ရင်ခွင်မှာ သူမ သာသာယာယာပဲ။

ကောင်မလေးတွေရဲ့ အားကျတဲ့အကြည့်မှာ သူမခေါင်းကို မော့ထားလိုက်တယ်။ သူရိန်က မိန်းကလေးတိုင်း ကျတဲ့ ကောင်ကလေး၊ သူမနောက်က သူရိန့်မျက်နှာကို မော့ကြည့်လိုက်မိတော့ နေကာမျုက်မှန်အောက်က သူရိန့်မျက်ဝန်းတွေကို သူမ ပုံမဖော်နိုင်ခဲ့ဘူး။ ဒါပေမယ့် သူရိန့်နှုတ်ခမ်းတွေက ကိုင်းညွှတ်နေကြတာပဲ။ သူရိန် ပြုံးနေတာနေမှာ။ သူရိန့်နှုတ်ခမ်းတွေဟာ ပြုံးနေတာပဲ။ အဲဒီနှုတ်ခမ်းတွေ….သူမရင်းနှီးခဲ့ဖူးတာပေါ့။ ချိုနွေးနေတာပဲ။ ရုတ်တရက် သူမရင်ထဲ အောင့်လာသလိုလိုကြီး။ သူမက သူရိန့်နှုတ်ခမ်းတွေကို လွမ်းနေတာများလား။ ဟင့်အင်း သူမကိုယ်တိုင် သူရိန့်ကို အဆက်ဖြတ်ပစ်ခဲ့တာလေ။ မလွမ်းနဲ့၊  မလွမ်းနဲ့ အဲဒီနှုတ်ခမ်းတွေကို မလိုချင်မိစေနဲ့။ သူမစိတ်တွေကို တည်ငြိမ်အောင်ထိန်းပြီး သူရိန့်မျက်နှာကနေ အကြည့်တွေကို ရုတ်တယ်။ 

အား….ရက်စက်လိုက်တာ…ဒီမဏ္ဍာပ်က ညနေစောင်းရောက်လုမှာ ရေခဲရေနဲ့ ပက်တယ်။ သူမကိုယ်လေး ကျုံ့ဝင်သွားတယ်။ သူရိန့်ရင်ခွင်ထဲကို….။ သူရိန်က ရုတ်တရက် သူမလက်ဖျားလေးတွေကို လှမ်းဆုတ်လိုက်ရင်း  ဟာ…အေးစက်နေတာပဲတဲ့….။ သူရိန့်လက်တွေက သူမကိုယ်ပေါ်ကို တိုးလို့ ရစ်ဖွဲ့လာပြန်တယ်။ ကြည့်….သူမ ထိန်းနေတဲ့ကြားက ပျော်ဝင်သွားပြန်ပြီ။ သူမကိုယ်ပေါ်က ဂျင်းဂျာကင်ကို ဆွဲချွတ်လွှင့်ပစ်လိုက်ချင်စိတ်တွေ….။ သူရိန့်ရင်ခွင်နဲ့ သူမနောက်ကျော…ကြားထဲမှာ ဘာမှ ရှိမနေစေချင်တော့ဘူး။ သူရိန့်ရင်ခွင်နဲ့ သူမ တစ်သားတည်းဖြစ်လိုမှုတွေနဲ့ သူမရင်တွေ ပူလောင်နေတော့တယ်။ ဘယ်သူ့ကိုမှ သူမ မမြင်တော့ဘူး။ ကားပေါ်မှာ သူမနဲ့သူရိန် နှစ်ယောက်ထဲရှိတယ်လို့ စိတ်က ခံစားနေရသလိုပဲ။ 

ဘုရားရေ…..ဘာဖြစ်တာလဲ…။  သူမ ဘာဖြစ်နေတာလဲ…..။ လင်းထင်  လင်းထင်ရေ….ငါ့ကို လာခေါ်လိုက်စမ်းပါ။ သူရိန့်ရင်ခွင်ထဲကနေ….။ 

ဟင့်အင်း သူမ နေပါရစေဦး၊ ဒီတစ်နေ့တော့….သူမ ချမ်းလွန်းလို့ပါ။ နွေးထွေးနေပါရစေ….။

ရုတ်တရက် တောက်ခေါက်လိုက်သံတစ်ချက်ကြောင့် အားလုံးက အသံလာရာဆီ ကြည့်လိုက်မိကြတယ်။ လင်းထင်သူငယ်ချင်း မျိုးကျော်။ မျိုးကျော်ရဲ့လက်တွေကို လင်းထင်က အတင်းထိန်းချုပ်လို့။

“နေပါစေကွာ  မင်းကလည်း”

“ဟေ့ကောင်လင်းထင် ဘာနေပါစေလဲ၊ မင်း နွားပဲ ဟေ့ကောင်”

“ဟာ ကွာ မျိုးကျော် နေပါစေဆိုကွာ”

“ဘာ ရည်းစားငုတ်တုတ်နဲ့ အရှက်မရှိကြတဲ့ဟာတွေ၊ တောက် လွန်လွန်းတယ်။ လင်းထင် မင်းကွာ”

သူမမျက်နှာတစ်ခုလုံး မဲညစ်သွားတယ်။ သူရိန့်လက်တွေလည်း သူမကိုယ်ပေါ်က ပြေလျော့သွားခဲ့ပြီ။ ဘာဖြစ်တာလဲ။ အဲဒါ ဘာဖြစ်တာလဲကွာ။ လင်းထင်က ဘာမှ မဖြစ်ရဘဲနဲ့ မျိုးကျော်က ပိုနေသလိုပဲ။

ကားကိုရပ်ခိုင်းပြီး လင်းထင်နဲ့မျိုးကျော်နှစ်ယောက် ကားပေါ်က ခုန်ဆင်းသွားကြတယ်။ မျိုးကျော်က လင်းထင်လက်ထဲက သူ့လက်တွေကို ရုန်းထိုးဆွဲထုတ်နေတာ တွေ့ရတယ်။ နောက်တော့ ကားဆက်ထွက်ကြတယ်။ ဒီနေ့က အတက်နေ့ဆိုတော့ အားလုံးက အသေကဲချင်နေကြတာလေ၊ ညမိုးချုပ်မှ အိမ်ပြန်မယ်ဆိုတာချည်းပဲ။ သူမ သိလိုက်တယ်၊ လင်းထင်နဲ့သူမ ဇာတ်လမ်းပြတ်ပြီဆိုတာ….။

(၃)

ခင်ဗျားတို့ သိလား၊ သိပြီလား။ အေးဆေးသိမ်မွေ့တဲ့ မိန်းကလေး၊ သူမဟာ စာတွေလည်း သိပ်ဖတ်တာပဲ။ ပြောလိုက်ရင်လည်း မိန်းကလေးပီပီသသ နုညံ့ပျော့ပြောင်းလို့။ ကျွန်တော့်ကို မျက်ဝန်းလေး ဝင့်လို့ မရဲတရဲကြည့်တတ်တဲ့ မိန်းကလေးပါဗျာ။ သူမလက်ဖဝါးလေးကိုင်ဖို့တောင် ရည်းစားဖြစ်ပြီး တစ်လကြာမှ ကျွန်တော် ကိုင်ရဲခဲ့တာ။ သူမရဲ့ တစ်ဘက်ခြမ်းကို ကျွန်တော် တွေ့ခဲ့ရပြီ။ ကျွန်တော့်မျက်စေ့နဲ့သာ မဟုတ်ရင် ဘယ်လိုမှ ယုံနိုင်စရာမရှိဘူး။

ဘယ်လိုဖြစ်သွားခဲ့တာလဲ။  အချိန်အခါ အခြေအနေ နာရီရာသီတွေက မိန်းမတစ်ယောက်ရဲ့ အတွင်းစိတ်ကို ပြောင်းလဲပစ်နိုင်သလား။ အထိအတွေ့တွေက သာယာစေခဲ့တာလား။ ကျွန်တော့်ရှေ့တင်မှာဗျာ…။ 

ကျွန်တော် အသေအချာ ကြည့်တယ်။ တွေ့တယ်။ သူမမျက်နှာကလေး တကယ့်ကို ကြည်နူးနေတာ။ သာယာနေတာဗျာ။ ကြည်ရွှင်ကျေနပ်နေတဲ့ ခံစားမှုတွေ သူမမျက်နှာမှာ….။ နေပါစေ…။ ကျွန်တော် မတားရက်ဘူး။ သူမ ပျော်နေမယ်ဆို။ သူမ သာယာနေမယ်ဆို…။ ကျွန်တော် ကျေကျေနပ်နပ်ကြီး ထားရစ်ခဲ့နိုင်ရမှာပေါ့။ သူရိန်မူးနေတာတော့ သေချာတယ်။ သူမရော မူးများနေသလား။ ကျွန်တော် မသိဘူး။ အဲဒီနေရာမှာ သူမရည်းစားဟောင်းသူရိန်မဟုတ်ဘဲ တစ်ခြားကောင်တစ်ကောင်ဆိုရင်ရော သူမ ဒီလိုပဲ နေမလား…။ ကျွန်တော် ဆက်မတွေးရဲတော့ဘူး။ 

မိန်းမတစ်ယောက်ရဲ့ ခေါင်းနဲ့ပန်းလို တစ်ခြားတစ်ဘက်ကို ကျွန်တော် သေချာတွေ့ခဲ့ရတဲ့အတွက် ဘယ်သူ့ကို၊ ဘာကို ကြံဖန်ကျေးဇူးတင်ရမလဲ။ ဒါမှမဟုတ် ကြေကွဲရမှာလား…။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကျေနပ်တယ်ဗျာ။ ရင်ထဲက တဆစ်ဆစ်နဲ့ကို ခံစားကျေနပ်တယ်။ 

သေချာအောင် ထပ်ပြောမယ်ဗျာ။ အချစ်နဲ့ မဆိုင်တော့ဘူး။ အလွမ်းနဲ့လည်း မပတ်သက်ဘူး။ သိပ်ညံ့တဲ့ထမင်းဆိုင်တစ်ဆိုင်မှာ တစ်ခါစားဖူးတဲ့သူလို အဲဒီဆိုင်ရှေ့ကဖြတ်သွားလို့ ဟင်းနံ့တွေရလိုက်တိုင်း သိပ်ညံ့တဲ့ဆိုင်ကွာလို့ လွှတ်ကနဲ တ လိုက်မိသလိုမျိုး။

ဒီလိုရာသီရောက်တိုင်း  ပိတောက်တွေ ပွင့်ကြတိုင်း…..။


Special Thanks :

*** ဒီဇာတ်လမ်းအတွက် ဇာတ်လမ်းပြောပြသူ မောင်ငယ်လေးတစ်ယောက်ကို ကျေးဇူးအများကြီး တင်ပါတယ်  :)







“ပိတောက်များ အချစ်ရည်လူးခဲ့ကြ”

$
0
0

(၁)

“ရှင် သိချင်တာ ဒါပဲလား”

ဘာကြောင့်များ သူမနဲ့အတူတူ ဒီစားပွဲမှာ ဝင်ထိုင်မိပါလိမ့်။ ကျွန်မမျက်ဝန်းတွေဆီကို တည့်တည့် ပစ်ခတ်ကြည့်လိုက်ပြီး မေးချလိုက်တဲ့ သူမအမေးကို ဘယ်လိုမှမနှစ်မြို့နိုင်။ ဒါပေမယ့် သူမ မသိစေရ။ ကျွန်မတို့မှာ မျက်နှာဖုံးကိုယ်စီနဲ့ဆိုတာ နှစ်ယောက်စလုံးလည်း အသိ။ ဒါပေမယ့် အရေးကြီးတာက ကျွန်မမျက်နှာဖုံးကို သူမ မသိစေဖို့…။

“အင်းလေ ကျွန်မ ဘာသိချင်သေးတယ်လို့ ရှင် ထင်လို့လဲ”

“ဘယ်သိနိုင်မှာလဲ ရှင်နဲ့ကျွန်မက အထက်တန်းကျောင်းကတည်းက ဝေးသွားခဲ့ကြတာဆိုတော့”

ကျွန်မက ရှေ့မှာထိုင်နေတဲ့ သူမရဲ့ခပ်ပြည့်ပြည့်ကိုယ်လုံးကိုကြည့်ရင်း မျက်ခုံးတွေကို ပိုပြီး တွန့်ချိုး လိုက်မိတယ်။ သူ ချစ်ခဲ့သလား…..။ အဲ့ဒီမိန်းမကို သူ တကယ်ပဲချစ်ခဲ့သလားကွယ်။

“ဒီမှာ ကျွန်မ ပြောမယ်။ လင်းရောင်ဟာ ကျွန်မကို မချစ်ခဲ့ပါဘူး၊ ဘယ်တုန်းကမှ မချစ်ခဲ့ဘူး”

သူမက ကျွန်မအတွေးတွေကို ဖတ်မိသွားပုံပါပဲ။ ကောင်းတယ်၊ ကျွန်မ ဖွင့်မေးနေစရာမလိုတော့ဘူးပေါ့။

“ဟင် ဒါပေမယ့် ရှင်တို့ စေ့စပ်ခဲ့ကြတာလေ”

“ထားပါ ဒါက လူကြီးတွေကိစ္စပါ။ ရှင် နားလည်ထားစမ်းပါ။ ယောကျာ်းတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို အစကတည်းက မချစ်ခဲ့ဘူးဆိုရင် သူ့ကိုပြောင်းလဲဖို့ မကြိုးစားနဲ့။ သူဟာ အဲ့ဒီမိန်းမကို ဘာအကြောင်းကြောင့်မှ၊ ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး”

ကျွန်မ အဲ့ဒီမိန်းမမျက်နှာကို ခပ်စေ့စေ့ကြည့်လိုက်မိတယ်။

“ဒါဆိုရင် လင်းရောင်ရှိန်က ခုချိန်ထိ အိမ်ထောင်မပြုသေးဘူးပေါ့ ဟုတ်လားဟင်”

ကျွန်မမေးခွန်းကိုအကြားမှာ သူမက ကိုယ်လုံးကလေး သိမ့်ကနဲခါသွားအောင် ရယ်လိုက်တယ်။ 

“ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ-၂၀၁၄” ဆိုတဲ့ ရွှေရောင်စာလုံးတွေနဲ့ ဘက်ဒရော့ဆီကို ကျွန်မျက်လုံးတွေ ပို့ထားလိုက်မိရင်း သူမအဖြေကို နားစွင့်နေလိုက်တယ်။

(၂)

စာမေးပွဲခန်းရှေ့မှာ မတ်တတ်ရပ်ရင်း စာအုပ်လေးတွေကိုင်လို့ ပါးစပ်ကလည်း ပွစိပွစိ လုပ်နေကြတဲ့အထဲမှာ ကျော့ရည်ဝေနဲ့ လင်းရောင်ရှိန်လည်းပါတယ်။ ကျော့ရည်ဝေကတော့ စာတော်ပေမယ့်၊ စာတွေ ဘယ်လောက်ကျက်ထားကျက်ထား၊ စာမေးပွဲဟေ့ဆိုရင် သူမမျက်နှာမှာ သွေးကိုမရှိတော့တာ။ လင်းရောင်ရှိန်ကတော့ ဘေးကနေ ဝိုင်းကျက်ပေးနေသလိုလို၊ ရီဗီရှင်ပြန်နေသလိုလို လိုက်ရွတ်ပေးနေတာ။ 

ကျွန်မက သူတို့နှစ်ယောက်ကို ကျွန်မဖြေရမယ့်စာမေးပွဲခန်းရှေ့ ကော်ရစ်ဒါကနေကြည့်ရင်း အမြင်ကတ်လာတယ်။ လွယ်အိတ်ထဲက ပီကေဘူးကိုထုတ်ယူပြီး ပီကေဝါးနေလိုက်တယ်။ လက်နှစ်ဘက်ကိုတင်းတင်းပိုက်ပြီး ပီကေကို ပူဖောင်းအကြီးကြီးရအောင်မှုတ်၊ ပြီးမှ ဖောက်ကနဲ ဖောက်ကနဲမြည်အောင် ပါးစပ်ထဲပြန်သွင်းလိုက်နဲ့ပေါ့။ အေးဆေးပဲဆိုတဲ့ပုံမျိုးရအောင် တမင်ကိုလုပ်ပြတာ။

ကျော့ရည်ဝေက Kနဲ့စပြီး လင်းရောင်ရှိန်က L နဲ့စတာမို့ စာမေးပွဲခုံနံပါတ်တွေစီတော့ သူတို့နှစ်ယောက်က ရှေ့နောက်ကျပြီး စာဖြေခန်းတစ်ခန်းထဲမှာ၊ ကျွန်မက T နဲ့စတာမို့ B ခန်းမှာဖြေရမယ်။ အတန်းထဲမှာ အဆင့်တစ် နှစ် သုံးက ကျွန်မတို့ သုံးယောက်လှည့်ယူနေကျပေမယ့် အဲ့ဒီတစ်ခေါက်မှာ ကျွန်မက အဆင့်တစ်၊ လင်းရောင်ရှိန်က နှစ်နဲ့ ကျော့ရည်ဝေက အဆင့်ငါးကို ရောက်သွားတယ်။

ကျွန်မ ပျော်တယ်။ ကျွန်မနဲ့ လင်းရောင်ရှိန်ကြားမှာ ဘယ်သူမှ မရှိဘူး။ ကျော့ရည်ဝေနဲ့ ကျွန်မတို့ကြားမှာ နှစ်ယောက်တောင်ခြားထားသေးတယ်။ စိတ်ထဲမှာ အတော်ကျေနပ်တယ်။ ဘာကြောင့်ဆိုတာကို အတိအကျနားမလည်ပေမယ့် ကျွန်မစိတ်တွေ တစ်ခုခုထူးခြားနေတယ်လို့တော့ ထင်မိတာပဲ။

အဆင့်ငါးပဲရလို့တဲ့၊ ကျော့ရည်ဝေက ငိုလိုက်တာ၊ လင်းရောင်ရှိန်က တစ်ချိန်လုံးချော့နေတာပဲ။ သူတို့က မိဘချင်းလည်း ရင်းနှီးတာကိုး၊ ကျော့ရည်ဝေမိဘတွေက လင်းရောင်ရှိန်ကို အပ်ထားတာတဲ့လေ။ နောက်နေ့ကျတော့ ကျော့ရည်ဝေ ကျောင်းမလာနိုင်ဘူး၊ ဖျားလို့ တဲ့။ အဲ့ဒ်ီမိန်းမဟာ ပိုကို ပိုတယ်လို့ ထင်တာပဲ။ သူ့မှာ ခနခနဖျားလိုက်ရတာ၊ လင်းရောင်ရှိန်ကလည်း သူလွတ်သွားတဲ့စာတွေကို ကူးပေးလိုက်ရတာ အမော။ ကျွန်မကတော့ သူတို့နှစ်ယောက်လုံးကို ကြည့်လို့ကို မရဘူး။

သူတို့အပေါ်မုန်းတဲ့အမုန်းက စာပြိုင်ဘက်တွေဆိုတာထက် ပိုတယ်လို့ အဲ့ဒီတုန်းက ကျွန်မ မသိခဲ့ရိုးအမှန်ရယ်….။

အဲ့ဒီနှစ်က ကျွန်မတို့အထက်တန်းကျောင်းမှာ သင်္ကြန်အတွက် ရိုးရာသင်္ကြန်အတိုင်း သရုပ်ပြ ရေပက် ကစားဖို့ ကျောင်းသူတွေ ရွေးချယ်ကြတဲ့အထဲမှာ ကျွန်မပါသလို ကျော့ရည်ဝေလည်းပါတယ်။ အဲဒီမှာ ကျွန်မတို့ မိန်းကလေးတွေက အဖြူအစိမ်းကျောင်းဝတ်စုံလေးတွေပဲ ဝတ်ရတယ်။ မဏ္ဍပ်ထဲမှာ တန်းစီပြီး ထိုင်နေရတယ်။ ရေပက်ချင်တဲ့ယောကျာ်းလေးတွေက တာဝန်ခံဆရာမတစ်ယောက်ယောက်စီမှာ ခွင့်တောင်းပြီး ကျွန်မတို့ကို ရေပက်ခွင့်ရှိတယ်။ အဲသလိုမျိုးလေ၊ တကယ့်ကို ယဉ်ယဉ်ကျေးကျေး ရေပက် ကစားကြရတာ။

လင်းရောင်ရှိန်က ကျွန်မကို ရေလောင်းခွင့်တောင်းလာတော့ လုံးဝမမျှော်လင့်ထားတာမို့ ကျွန်မ အံ့သြရတယ်။ ဆရာမခွင့်ပြုချက်ရပြီး မဏ္ဍပ်ထဲကို ငွေဖလားလေးကိုင်လို့ ကျွန်မဆီတန်းတန်းမတ်မတ် ဝင်လာတဲ့ သူ့ကိုတွေ့တော့ ကျွန်မရင်ထဲ ဘယ်လိုကြီးမှန်းကို မသိဘူး။

သူက နံ့သာရည်ရောထားတဲ့ ရေအေးအေးထဲကို ပိတောက်ခက်လေးနှစ်လိုက်ပြီး ကျွန်မကျောပေါ် ခပ်သာသာလေးဆွတ်ဖျန်းလိုက်ချိန်မှာ ကျွန်မက ကုတ်ဝဲကလေးနဲ့မို့ ဆံပင်တွေရေမစိုအောင် ကုတ်သားလေးပေါ်အောင် ခေါင်းကိုငိုက်ချလို့ မျက်လွှာလေးပါချထားလိုက်မိတယ်။ ဘာကို ကျေနပ်လို့ ကျေနပ်မှန်း မသိဖြစ်နေတဲ့ ကျွန်မအပျော်တွေဟာ ကျော့ရည်ဝေကို ရေလောင်းဖို့ထွက်သွားတဲ့ သူ့နောက်ကျောကို လှမ်းအမြင်မှာ ပျောက်ဆုံးသွားခဲ့တော့တယ်။ ဘာလို့လဲ၊ ဘာဖြစ်လို့ပါလိမ့်…။ 

အဲ့ဒီတုန်းကတော့ ကျွန်မရင်ထဲကို သဝန်တိုတတ်မှုဆိုတဲ့ ချစ်ခြင်းရဲ့အဖျားအနားစိတ်ကလေးတစ်ခု သူက သွင်းပေးခဲ့တာနေမှာလို့ မသိခဲ့မိလေခြင်းကွယ်။

ခနနေတော့ သူချထားတဲ့ဖလားနားကို ယောင်လည်လည်နဲ့ကပ်သွားပြီး ဖလားထဲက ပိတောက်တစ်ခက် ချိုးလို့ ကျွန်မရင်ဘတ်မှာ ထိုးပြီးချိန်မှာတော့ ကျွန်မ သိပ်ကို ကျေနပ်သွားခဲ့ပြီ။ ကျော့ရည်ဝေမှာ ကျွန်မလို ပိတောက်ခက် မရှိဘူး။ လင်းရောင်ရှိန်ရဲ့ဖလားထဲက ပိတောက်ခက်လေ၊ အိမ်ရောက်တော့ ပိတောက်ခက်လေးကို ဒိုင်ယာရီစာအုပ်ထဲ သေသေချာချာလေးညှပ်လို့ သိမ်းထားလိုက်တော့တယ်။ ကျွန်မ ပျော်တယ်၊ ကျော့ရည်ဝေဆီမှာ အဲဒီပိတောက်တစ်ခက် မရှိဘူး…..။ ဘယ်လိုပဲ ရရ၊ လင်းရောင်ရှိန်ဖလားထဲက ပိတောက်တစ်ခက်ကို ကျွန်မရင်ခွင်မှာ ပိုင်ပိုင်ထိုးစိုက်နိုင်ခဲ့ပြီ…..။

နေပါဦး ကျွန်မက ဘာလို့ အဲဒီလိုဖြစ်နေရတာပါလိမ့်၊ ခက်လိုက်တာနော်….။

သင်္ကြန်အတက်နေ့ရောက်ပြီ…..။

မဏ္ဍပ်တစ်ခုလုံး သင်္ကြန်ဒိုးတွေနဲ့ မြူးးတူးလို့၊ ကျွန်မ မဏ္ဍပ်ထဲရောက်တော့ ကျော့ရည်ဝေက ရောက်နေပြီ။ သူမခေါင်းပေါ်မှာ ပိတောက်ပန်းတွေ ဝေနေအောင်ပန်ထားတယ်။ မဏ္ဍပ်ထဲကို မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်တော့ ပိတောက်တွေတစ်ပွေ့ကြီးနဲ့ လင်းရောင်ရှိန်…… ။ ရေဖလားတွေထဲကို ပိတောက်နည်းနည်းစီ ထိုးစိုက်မျှဝေပေးနေတဲ့ လင်းရောင်ရှိန်ရယ်။

ခနနေတော့ သူက ကျွန်မအနားရောက်လာပြီး ပိတောက်တစ်ခက်လာပေးတယ်။

“ငါ ပိတောက် မကြိုက်ပါဘူး”

“သေလိုက်ပါလား လင်းရောင်ရှိန်၊ ငါ စိတ်တိုနေတယ်နော် နင် သွားတော့” စိတ်ထဲက လင်းရောင်ရှိန်ကို ပြောနေမိတာရယ်။ “ငါက ဘာလဲ၊ ငါက ဒုတိယလား ဟုတ်လား” ကျွန်မ စိတ်တွေ နောက်ကျိလို့နေတယ်။ သူက ပိတောက်ပန်းခက်ကလေးကို လက်ကကိုင်ရင်း တွေကနဲဖြစ်သွားတယ်။ ကျော့ရည်ဝေဘက်ကို တစ်ချက်ငဲ့ကြည့် လိုက်သေးတယ်။ ကျော့ရည်ဝေခေါင်းပေါ်က ပိတောက်တွေကိုပေါ့။ ပြီးမှ “သက်ထားဆွေ ငါ နင့်ကို ကျောင်းတွေပြန်ဖွင့်ရင် ပြောစရာရှိတယ် သိလား”လို့ တိုးတိုးလေး ကပ်ပြောသွားလေတယ်။

“ဟမ် ဘာလဲ”လို့ ကျွန်မနှုတ်က လွှတ်ကနဲရေရွတ်မိချိန်မှာ သူက ကျွန်မကိုကျောခိုင်းလို့ ထွက်သွားခဲ့ပြီ။

ဘယ်သူမှ ကြိုတင်မသိနိုင်ခဲ့ဘူး။ အဲဒီနေ့ဟာ သူ့နောက်ကျောကို စစ်ကိုင်းကမထွက်ခင် တွေ့ခွင့် ရခဲ့တဲ့ နောက်ဆုံးနေ့ပါပဲ။

(၃)

ကျွန်မအိမ်ပြန်ရောက်တော့ မေမေက ပစ္စည်းတွေတောင် သိမ်းနေခဲ့ပြီ။ အစိုးရဝန်ထမ်းဖေဖေဟာ နယ်တွေ တစ်နယ်ပြီးတစ်နယ်ပြောင်းရွှေ့နေခဲ့ရတာ ကျွန်မငယ်ငယ်လေးကတည်းကမို့ အဆန်းမဟုတ်တော့ပေမယ့် ဒီတစ်ခါ ကျွန်မ အတော်လေးခံစားလိုက်ရတယ်။ မပြောင်းချင်ဘူး။ ကျွန်မ စစ်ကိုင်းမှာပဲ နေချင်သေး တယ်။ ကျောင်းတွေပြန်ဖွင့်ပြီးမှပဲ ပြောင်းလို့မရဘူးလားဟင်လို့ ကျွန်မ မေးချင်ခဲ့ပေမယ့် မရဲခဲ့ဘူး။ ကျွန်မက ကလေးတစ်ယောက်ပဲ ရှိသေးတာရယ်။ 

ဖေဖေ့အလုပ်တာဝန်နဲ့ ကျွန်မတို့လားရှိုးပြောင်းသွားခဲ့ပြီးတဲ့နောက် အားလုံးနဲ့ အဆက်အသွယ် ပြတ် သွားခဲ့တယ်။ ဝေးနေတော့မှပဲ သူ့ကို ခနခန သတိရနေမိတယ်။ မတွေ့ရတော့မှပဲ ကျွန်မ သူ့အပေါ် ဘယ်လောက်ခင်တွယ်နေတယ်ဆိုတာ သိလိုက်ရတယ်။ ဒိုင်ယာရီ မှန်မှန်ရေးရင်း သူနဲ့ ပါတ်သက်သမျှလေးတွေ၊ သူ့ကို သတိရတဲ့အကြောင်းလေးတွေ ချရေးထားဖြစ်ခဲ့တယ်။ တစ်နေ့တော့ ပြန်ဆုံတွေ့ခွင့်ရကြမှာပါလေလို့ စိတ်ဖြေတယ်။ မိန်းကလေးမို့ ကိုယ့်ဘက်ကစပြီး ဆက်သွယ်ဖို့မရဲခဲ့သလို သူ့ဘက်ကလည်း ကျွန်မတို့ ဘယ်မြို့ကိုပြောင်းလို့ ပြောင်းသွားမှန်းတောင် သိလိုက်မယ်မထင်ဘူး။

ကျောင်းတွေပြန်ဖွင့်လို့ ကျွန်မကို ကျောင်းမှာမတွေ့တဲ့အခါ သူ ဘယ်လိုများ နေခဲ့မှာပါလိမ့်။ ကျွန်မကို ပြောမယ်ဆိုတဲ့စကားတွေကိုတော့ သူ သိမ်းဆည်းထားမယ် ထင်တာပါပဲလေ....။

(၄)

 “သမီး စစ်ကိုင်းခဏဝင်ချင်တယ်ဆိုလည်း ဝင်လေသမီး၊ ဖေဖေက တာဝန်နဲ့မန္တလေးမှာ တစ်ပတ်လောက် သွားနေရမှာ။ သမီးပါလိုက်မယ်ဆိုရင် သင်္ကြန်မတိုင်ခင်အမီရောက်အောင် ဖေဖေ ကြိုးစားကြည့်ပေးမယ်”

အို… ဖေဖေအဲ့လိုပြောလာခဲ့တော့ ကျွန်မ ပျော်လိုက်တာဆိုတာ။ သူ့မျက်ဝန်းထဲက အရိပ်တွေကို ကျွန်မမျက်လုံးကလေးတွေလည်နေအောင် လှစ်ကနဲဖမ်းကြည့်မိဖူးခဲ့တဲ့ အချိန်….။ ပိတောက်တွေ ထိန်ထိန်ဝေနေတဲ့ သင်္ကြန်အချိန်ကြီးပေါ့။ ခုလိုအချိန်မှာ ကျွန်မ သူရှိနေတဲ့ဆီ သွားရတော့မယ်တဲ့။ သူနဲ့အတူ ရှိနေနိုင်တော့မယ်တဲ့လေ….။

ဘီရိုအောက်ဆုံးထပ်မှာ ဘယ်သူမှမတွေ့အောင်ဝှက်ထားတဲ့ ၂၀၀၆ခုနှစ်ဒိုင်ယာရီလေးကို အသာလေး ဆွဲထုတ်လိုက်တယ်။ စာအုပ်ကလေးရဲ့အဖုံးပေါ်ကို လက်ကလေးနဲ့ဖွဖွပွတ်သပ်လိုက်မိတဲ့အခါ အဲ့ဒီအချိန် အဲ့ဒီရာသီဟာ ကျွန်မရင်ထဲကို ချက်ချင်းလိုလို ဝင်ရောက်လာခဲ့တော့တယ်။ အားလုံးဟာ အဝါရောင်ထဲ နှစ်လူးထားခဲ့တာ။ အဲ့ဒီအခိုက်အတန့်ကလေး….အဲ့ဒီအခိုက်အတန့်ကလေးကို ကျွန်မသိမ်းထားတာလေ၊ တကယ့်ကို မြတ်မြတ်နိုးနိုး သိမ်းဆည်းထားခဲ့တာ။ ဒီဒိုင်ယာရီလေးထဲမှာ အတိအကျရှိတာပေါ့။ သံယောဇဉ်တွေ၊  အချစ်လို့အမည်တပ်ရင်ရနိုင်ကောင်းတဲ့ အစွဲအလန်း အလေ့အကျင့်တွေနဲ့အတူ ဆိုပါတော့….။

“လင်းရောင်ရှိန်”

ကျွန်မနှုတ်က သူ့နာမည်ကို တိတ်တိတ်လေးရေရွတ်မိရင်း မျက်စေ့ရှေ့မှာရှိတဲ့ လွန်ခဲ့တဲ့၂၀၀၆ခုနှစ်က ဒိုင်ယာရီလေးကို ဖွင့်ဖတ်ကြည့်မိတော့တယ်။ ဒိုင်ယာရီလေးထဲမှာ ညှပ်ထားတဲ့ ပိတောက်ပန်းခက်လေးက ခြောက်သွေ့ပြားကပ်လို့…..။ အဲဒီပိတောက်လေးနဲ့အတူ စိုစွတ်ခဲ့ရတဲ့ သူမမျက်ရည်စက်တွေလည်း ဒိုင်ယာရီစာမျက်နှာပေါ်မှာ ခြောက်သွေ့လို့သွားခဲ့ပြီပဲ။ ရုပ်ဝတ္ထုတွေ ကဖြင့် ပြောင်းလဲလို့သွားခဲ့ပြီနော်……။

သုံးနှစ်ဆိုတဲ့အချိန်ဟာ လူတစ်ယောက်ကို ပြောင်းလဲသွားစေဖို့၊ လူတစ်ယောက်ရဲ့စိတ်၊ လူတစ်ယောက်ရဲ့နှလုံးသားကို ပြောင်းလဲသွားစေဖို့ အင်မတန်လုံလောက်တဲ့အချိန်ပဲ မဟုတ်ဘူး လား။ ပြောင်းလဲခြင်းသဘောတရားကိုသိနေသူမို့ သူ ပြောင်းလဲမသွားပါစေနဲ့လို့ ကျွန်မ ဆုမတောင်းခဲ့ ပါဘူး။ ရှိပါစေ၊ အရာရာဟာ သူ့အစီအစဉ်နဲ့သူ စံနစ်တကျပြောင်းလဲသွားဖို့ပဲ။ တကယ်လို့များ စံနစ်တကျမဟုတ်ဘဲ ပရမ်းပတာပြောင်းလဲသွားတော့ရော…..၊ ဘယ်သူက ဘာတတ်နိုင်မှာတဲ့လဲ….။

ပြောင်းလဲဖို့လုံလောက်တဲ့အကြောင်းသာ သူ့မှာရှိခဲ့ရင် သူ ပြောင်းလဲသွားပါစေလေ….။

(၅)

မဏ္ဍပ်ထဲမှာ ရေပက်နေရင်းက သူ့ဘက်ကို ခနခနလှည့်မကြည့်မိအောင် သတိထားနေရတာ ပင်ပမ်းလိုက်တာ။ သူက ကျွန်မကို မမှတ်မိဘူးထင်ပါရဲ့။ သုံးနှစ်ဆိုတဲ့အချိန်မှာ ကျွန်မက အတော် ပြောင်းလဲသွားခဲ့ပြီကိုး။ ကျွန်မကို သူသိတာက ဆံပင်တိုလေးနဲ့ ဂျစ်ကပ်ကပ်၊ ယောကျာ်းလေး ဆန်ဆန် ကောင်မလေး၊ ခု ကျွန်မက ဆံပင်ရှည်ကျောလယ်လောက်နဲ့ သွယ်လျလျကိုယ်လုံးနဲ့ မိန်းကလေး ပိုဆန်လာတဲ့ ကောင်မလေး။

ကျွန်မဘေးက သူငယ်ချင်းက တံတောင်ဆစ်နဲ့ ကျွန်မကိုတွတ်လိုက်ရင်း “နင် သိလား လင်းရောင်ရှိန်နဲ့ ကျော့ရည်ဝေလေ သူတို့ စေ့စပ်ထားကြတယ်တဲ့။ မိဘတွေက ကျောင်းပြီးတာနဲ့ လက်ထပ်ပေးတော့မှာတဲ့ သိလား”

“ဟုတ်လား ကောင်းတာပေါ့”

ဟန်မပျက်ပြောလိုက်နိုင်တဲ့ ကိုယ့်ကိုယ်ကို ကျွန်မ ကျေနပ်တယ်။ အစကတည်းက ကျွန်မ သိသင့်ခဲ့တာ။ ကျွန်မ ဘာကြောင့်များ ဝေးနေတဲ့ရက်တွေမှာ ကိုယ့်ကိုယ်ကို ညှင်းဆဲခဲ့တာပါလိမ့်၊ သူ့ကို ကျွန်မ သတိတွေရတိုင်း ဒိုင်ယာရီထဲက ပိတောက်ပန်းခက်လေး ကြည့်လိုက်၊ စာတွေချရေးလိုက်နဲ့ နေခဲ့တာ။ ကျွန်မအနားကပ်လာတဲ့ ဘယ်သူ့ကိုမှ စိတ်ဝင်စားလို့မရနိုင်အောင် သူက ကျွန်မရင်ကို အပိုင်သိမ်း စိုးမိုးထားခဲ့တော့တာ။

ခုတော့……။

မျက်ရည်တွေနဲ့ သင်္ကြန်ရေတွေ ရောလို့ ကျွန်မပါးပေါ် စီးဆင်းသွားခဲ့ကြတယ်။ မျက်ရည်တွေက နွေးလို့၊ သင်္ကြန်ရေတွေက အေးလို့။ သူ့ဘက်ကို လုံးဝ လှည့်မကြည့်ဖြစ်အောင် တစ်ညနေလုံးနေခဲ့ရတာ ပူလောင်လွန်းလှပါရဲ့။

အဲ့ဒီညနေက အိမ်အပြန် ကျွန်မတို့ကားနောက်မှာ သူ့ဆိုင်ကယ်ပါလာခဲ့တယ်။ တစ်နေ့လုံးကုန်မှပဲ ကျွန်မမျက်နှာကို သူ ဖမ်းမိသွားတယ် ထင်ပါရဲ့။ ကျွန်မတို့ကားဘေးက သူ့ဆိုင်ကယ်အကျော်မှာ ကျွန်မမျက်နှာကို တင်းနေအောင်စေ့ထားခဲ့မိတယ်။ သူ ငဲ့လို့ကြည့်သွားသလားပဲ။ နောက်တစ်နေ့ မှာ ဖေဖေနဲ့အတူ မန္တလေး ဆင်းကြတယ်။ မန္တလေးမှာ ဖေဖေ့အလုပ်တွေပြီးတာနဲ့ လားရှိုးကို ပြန်ခဲ့ကြတော့တယ်။ လားရှိုးမှာ မေမေတစ်ယောက်ထဲ ကျန်ခဲ့တာရယ်။

ကျွန်မအချိန်တွေ၊ ကျွန်မ သူ့ကို သတိရနေခဲ့ရတဲ့ အချိန်တွေ….။ နှမျောလိုက်တာ….။ ကျွန်မ ရင်ထဲမှာ သူ ရှိမနေခဲ့သင့်ဘူး။ တကယ်တော့ သူဟာ ပြောင်းလဲလွယ်ခဲ့သူတစ်ယောက်ရယ်….။

(၆)

ကျောင်းသားဟောင်းများမိတ်ဆုံစားပွဲကို တက်လာကြတဲ့အထဲမှာ ကျော့ရည်ဝေကို ကျွန်မ အရင်ဆုံး မှတ်မိခဲ့တယ်။ သူမက လှမ်းပြုံးပြလိုက်တာကြောင့် တစ်ခြားစားပွဲတွေဆီ မသွားတော့ဘဲ သူမ ထိုင်နေတဲ့စားပွဲမှာပဲ ထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

သူမနဲ့ကျွန်မ စကားတွေ ရောက်တတ်ရာရာပြောဖြစ်ကြတယ်။

ကျွန်မ အဲ့ဒီမိန်းမမျက်နှာကို ခပ်စေ့စေ့ကြည့်လိုက်မိတယ်။

“ဒါဆိုရင် လင်းရောင်ရှိန်က ခုချိန်ထိ အိမ်ထောင်မပြုသေးဘူးပေါ့ ဟုတ်လားဟင်”

ကျွန်မမေးခွန်းကိုအကြားမှာ သူမက ကိုယ်လုံးကလေး သိမ့်ကနဲခါသွားအောင် ရယ်လိုက်တယ်။ “ကျောင်းသားဟောင်းများ မိတ်ဆုံစားပွဲ-၂၀၁၄” ဆိုတဲ့ ရွှေရောင်စာလုံးတွေနဲ့ ဘက်ဒရော့ဆီကို ကျွန်မျက်လုံးတွေ ပို့ထားလိုက်မိရင်း သူမအဖြေကို နားစွင့်နေလိုက်တယ်။

“ရှင် ဘယ်လိုထင်လဲ….”

“မသိဘူးလေ၊ ကျွန်မ မထင်တတ်ဘူး ပြောစမ်းပါဦး”

“ကျွန်မတို့ စေ့စပ်ထားတာကို ဖျက်လိုက်တယ်။ သူ ခုထိ လူပျိုကြီးပဲ”

“အို...ဟုတ်လား….”

ပေါင်ပေါ်တင်ထားတဲ့လက်ကိုင်အိတ်ကို ဖိကိုင်မိတော့ အိတ်ထဲက ဖိတ်စာအဖြူရောင်လေးကို ကျွန်မလက်က စမ်းလိုက်မိတယ်။ “မောင်ဆက်ပိုင်ဦးနှင့်မသက်ထားဆွေ မင်္ဂလာဧည့်ခံပွဲဖိတ်ကြားလွှာ” ဆိုတဲ့ ဖိတ်စာကလေး…..။ ကျွန်မ ငိုမိတော့မယ် ထင်ပါရဲ့….။

ဘာပဲဖြစ်ဖြစ် ကျွန်မ ကျေနပ်တယ်။ ကျွန်မ သူ့ကို တမ်းတနေခဲ့ရတဲ့အချိန်တွေအတွက်၊ သူ့အကြောင်း မက်ခဲ့ရတဲ့ အိပ်မက်တွေအတွက်၊ သူ့ကိုသတိရတိုင်း ဒိုင်ယာရီထဲချရေးဖြစ်ခဲ့တဲ့ စာလေးတွေအတွက်….။

လက်ကိုင်အိတ်ထဲက ဖိတ်စာကိုထုတ်ပြီး ကျော့ရည်ဝေလို့ စာအိတ်လေးပေါ်ရေးလိုက်တဲ့ ကျွန်မလက်ရေးတွေက မညီမညာ စောင်းလို့ရယ်။

“လာဖြစ်အောင် လာပါနော်။ စစ်ကိုင်းနဲ့မန္တလေးက သိပ်မှ မဝေးတာပဲ။ ကျွန်မတို့က ခု မန္တလေးမှာလေ။ ကဲ ကျွန်မကို ခွင့်ပြုပါဦး”

“ဟင် ရှင်က ပြန်တော့မလို့လား၊ ခနနေ လင်းရောင်လည်း လာမှာ၊ ခုမှ အစောကြီး ရှိသေးတာ၊ ဘာမှလည်း ကောင်းကောင်းမစားပါလား”

သူမက ကျွန်မရှေ့က အရာမယွင်းတဲ့ပန်းကန်ထဲက အစားအစာတွေကို ကြည့်ရင်း ပြောလိုက်တယ်။

“ဟင့်အင်း မနေတော့ပါဘူး။ ခေါင်းနည်းနည်းမူးလာလို့”

ကျွန်မအဖြေအတွက် သူမက စိတ်ကျေနပ်ဟန်၊ ယုံကြည်ဟန် မပြသလို နှုတ်ခမ်းတွန့်ကွေးလို့ ပြုံးချင်ချင်ပုံနဲ့။ အဲသလို သူမအမူအယာ ခနိုးခနဲ့တွေကြောင့်ပေါ့။ သူမကို နှုတ်ဆက်ပြီးတာနဲ့ ခမ်းမအပြင်ဘက် ကျွန်မ ထွက်လာလိုက်ခဲ့တယ်။ အိတ်ထဲမှာ ကျန်နေသေးတဲ့ ဖိတ်စာတွေထဲက တစ်စောင်ပေါ်မှာ လင်းရောင်ရှိန်လို့ နာမည်တပ်ဖိတ်လိုက်ဖို့ကိုတော့ ကျွန်မ မရဲခဲ့ဘူး။

ကျွန်မတို့ အလွဲကြီးလွဲခဲ့ကြပြီ ကိုလင်းရောင်ရှိန်ရယ်..... 

ကားကို ထိန်းမောင်းလာရင်း ပါးပေါ်ကျလာတဲ့ ကျွန်မမျက်ရည်တွေကို ဒီအတိုင်းပဲ စီးဆင်းသွားစေခဲ့တယ်။ ကျပါစေလေ။ ကျွန်မ ကျေနပ်ပါတယ်။

သူ့ရင်ထဲမှာ ကျွန်မ ရှိနေခဲ့တယ်ဆိုတဲ့ သေချာမှုတစ်ခုနဲ့တင် ကျွန်မမျက်ရည်တွေက အေးမြလို့…..



*** Special thanks : 
ဒီပိုစ့်လေးအတွက် ဇာတ်လမ်းပြောပြခဲ့တဲ့ညီမငယ်လေးတစ်ယောက်ကို ကျေးဇူးအများကြီးတင်ပါတယ် :)





သူပြောတုန်းက ပေါင်းတဲ့ဇာတ်မဟုတ်လို့ ကျွန်မက ကြံဖန်ပေါင်းပေးလိုက်မယ် ပြောခဲ့တာ။ အရင်သင်္ကြန် ဇာတ်လမ်းတစ်ပုဒ်ကလည်း ဇာတ်ပေါင်းခန်းမဟုတ်ခဲ့လို့ ဒီဇာတ်ကို ကျွန်မက ပေါင်းချင်ခဲ့တာ။ တကယ်ချရေးလိုက်တော့ ကွဲတဲ့ဇာတ်ပဲဖြစ်နေပြန်တယ်။ ကျွန်မကိုက ကွဲတဲ့ဇာတ်တွေ ရေးလက်ရှိတာ ထင်ပါရဲ့။ သင်္ကြန်အတက်နေ့ညမှာ ပျော်ပျော်ပါးပါးဇာတ်ပေါင်းပေးချင်ပေမယ့်.......သည်းခံပေးကြပါနော်။

အားလုံးအတွက် မင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင် :)

လျှပ်တစ်ပြက်အလင်းဖြင့် ဖမ်းဆုပ်မိခဲ့သမျှ - ၁

$
0
0
ကျွန်မ ကင်မရာမကိုင်ဖြစ်တာ အတော်ကြာပါပြီ။  ခုတစ်လောမှ ကင်မရာကို ပြန်ပြီး ဖုန်သုတ်ဖြစ်ပါတယ်။ ကျွန်မ လက်ရှိကိုင်နေတဲ့ ကင်မရာက ကန်နွန် 550-D ပါ။

၂၀၁၀နှစ်စပိုင်းမှာ ဈေးကွက်ထဲရောက်ရောက်ချင်း ကျွန်မမွေးနေ့လက်ဆောင်အဖြစ် ရခဲ့တဲ့ ကင်မရာဆိုတော့ ခုဆိုရင်  လေးနှစ်ကြီးများတောင် ရှိခဲ့ပါပြီ။ လေးနှစ်သားကင်မရာလေးဟာ ကျွန်မလက်ထဲမှာ အတော်အတန်ကြီး ကျနေခဲ့ပါပြီ။ ဘာကြောင့်ရယ်မသိ ခုနောက်ပိုင်း ရိုက်လိုက်တဲ့ပုံတိုင်းရဲ့ ၂၀ရာခိုင်နှုန်းလောက်သာ စိတ်တိုင်းကျပြီး ကျန်တာတွေက ဘာလိုနေမှန်းမသိအောင် စိတ်ထဲ မကြေမလည် ခံစားရစေတဲ့ပုံများပါပဲ။  ကျွန်မကပဲ မျက်လုံးမကောင်းတော့လို့များလား၊ Manual Focus ချိန်တဲ့အခါတိုင်း မပြတ်မသားလိုလို၊ ပြတ်သားသွားသလိုလို မျက်လုံးထဲ ခပ်ဝါးဝါးရယ် ဖြစ်နေတော့တာပါ။

 နောက်ကင်မရာအသစ်တစ်လုံး လိုချင်တဲ့ရောဂါကလည်း အတော်လေးရနေတော့ ဒီရောဂါကို မေ့အောင် ခုတစ်လော ဒါလေးနဲ့ပဲ ရိုက်လိုက်ပါဦးမယ်လေ၊ ပုံကောင်းလေးတွေ ထွက်လာလို ထွက်လာငြားပေါ့ဆိုပြီး ဟိုရိုက် ဒီရိုက် စိတ်ဖြေရိုက်လေးနဲ့ စခန်းသွားနေဖြစ်ပါတယ်။ ဖြည်းဖြည်းတော့ ဝယ်တာပေါ့ နော်  :)

ခုလောလောဆယ် ကျွန်မကင်မရာအဟောင်းလေးနဲ့ ရိုက်ထားသမျှထဲက ကောင်းတယ် (လို့ ကျွန်မ) ထင်ရတဲ့ ပုံလေးတွေ မျှဝေချင်ပါတယ်ရှင်။












ပထမပုံ ၂ပုံကို ဂျူရောင်းငှက်ဥယျာဉ်မှာ ရိုက်ခဲ့တာဖြစ်ပြီး အောက်လေးပုံကိုတော့ ငါးပြတိုက်မှာ ရိုက်ခဲ့တာပါ။  (ကျွန်မအတွက်တော့) အင်မတန်ရိုက်ရခက်တဲ့၊  ရိုက်လိုက်တိုင်းလည်း မှုန်ဝါးဝါးသာပေါ်တဲ့ ဂျယ်လီငါးတွေ ဖြစ်ပါတယ်။ ဒီတစ်ခါတော့ မဆိုးလှဘူးလို့ ထင်မိတယ်ရှင့်။

ဂျယ်လီငါးတွေအကြောင်းကို စိတ်ဝင်စားရင်တော့ ဒီလင့်ခ်  Jellyfishမှာ ဖတ်ကြည့်နို်င်ပါတယ်ရှင်။


 ပုံတွေကို ဘလော့ဂ်မှာတင်ရတာ အဆင်ပြေအောင် ဆိုက်ရှော့ထားလိုက်ပါတယ်။  နောက်ပုံလေးတွေ ရှိပါသေးတယ်။ ဆက်တင်ပေးပါဦးမယ် :)

****  ဂျယ်လီငါးတွေတွေ့မှ ဂျယ်လီငါးသုတ်စားခဲ့ဖူးတာ သတိရတယ်။ သူတို့ နုညံ့ပုံလေးတွေ၊ သူတို့ ပါးလွှာပုံလေးတွေ ကြည့်ပြီး သနားလိုက်တာ။ နောက် မစားတော့ဘူးလို့ စိတ်ကူးမိတယ်။ ပြောသာ ပြောရတယ်၊ စားခဲ့တုန်းက အရသာကို မှတ်မိသလောက်ပြောရရင် ရော်ဘာမျှင်လေးတွေ ဝါးနေရသလိုပါပဲ  :)



ကြည်လင်ငြိမ်သက်သောရေပြင် လှုတ်ခပ်သွားရခြင်း၏အကြောင်းတရားသည်…..

$
0
0

(၁)

အချစ်ဆိုတာ စံနစ်တကျ လေ့ကျင့်လမ်းကြောင်း သင်ကြားအပ်သော အတတ်လား မောင်...
ဘာကြောင့် သွင့်ဘဝကို ထဲထဲဝင်ဝင် ပတ်သက်ပြောင်းလဲခဲ့သလဲ...
ဘာကြောင့် သွင့်နေမှုထိုင်မှုဘဝတွေကို ပြုပြင်ပုံသွင်းပေးခဲ့သလဲ….

မောင် တကယ်မချစ်ခဲ့ပါဘဲနဲ့လေ…..



သွင် ဒီမြို့ကလေးကိုပြန်လာတာ မောင်နဲ့တွေ့ဖို့မှ မဟုတ်တာဘဲကွယ်။ တွေ့ဖို့ မဟုတ်ပေမယ့် မြင်နေရတယ်၊ မောင့်ပန်းချီပြပွဲအကြောင်း၊ နားမထောင်ဘဲလည်း ကြားနေရ တယ်၊ မောင့်အောင်မြင်မှု သတင်းတွေ….။ ဂုဏ်ယူပါတယ်မောင်ရေလို့ ပြောပြဖို့ သွင် မောင့်ဆီ ဖုန်းဆက်ဖို့ လိုအပ်ပါသလား…..။ နိုး…နိုး…နိုး... ကြောင်လွန်းတယ်လို့ သွင် သိနေတယ်။ အဲဒီလောက်စကားလေးပြောချင်ရုံနဲ့တင် မောင့်ဆီဖုန်းခေါ်ဖို့ဆိုတာက သိပ်ကိုသိသာလွန်းတဲ့ အကြောင်းပြချက်တစ်ခုသာ ဖြစ်တော့မှာ။

မလိုအပ်ပါဘူးလေ၊ မောင် သိနေမှာပါ။ မောင် အောင်မြင်သည်ဖြစ်စေ၊ မောင် ရှုံးနိမ့်သည်ဖြစ်စေ၊ အောင်မြင်နေတဲ့အခါ လက်ခုပ်တီးပေးဖို့ အသင့်ရှိသလို၊ မောင် ရှုံးနိမ့်နေစဉ်မှာ မောင် မကြားနိုင်မယ့် အားပေးစကားတွေ သွင်တစ်ယောက်ထဲ ပြောနေဖြစ်ဦးမှာ။

သွင်ဆိုတဲ့ မိန်းမဟာ မောင့်သတင်းကြားမှ၊ မောင့်အသံကြားမှ မောင့်ကို သတိရနေမယ့်မိန်းမမှ မဟုတ်တာဘဲ။ မမေးပါနဲ့တော့၊ မောင်နဲ့သွင့်အကြားမှာ မေးဖို့မလိုအပ်ခဲ့တာတွေမှ အများကြီးရယ်…..။ တစ်ယောက်နဲ့တစ်ယောက် မျက်ဝန်းချင်းဆုံနေကြရုံနဲ့ ပြည့်စုံနေတတ်ခဲ့ကြတာ။ (သွင် ထင်ခဲ့တာတွေပါ) မောင်က မမေးပါနဲ့ဆို သွင် မမေးခဲ့ဘူး၊ မောင် တိတ်ဆိတ်နေတိုင်း သွင် နှုတ်ဆွံ့နေပေးတတ်ခဲ့တယ်။ မောင်က အနေအေးတယ်၊ မာနကြီးတယ်၊ မလိုအပ်ဘဲ မပြောဘူး၊ သွင်က အဲသလို ထင်ခဲ့တယ်။ တကယ်တမ်းကျတော့ မောင် သွင့်အပေါ် သွေးအေးခဲ့တာ…..

နာနာကျင်ကျင်ပြောရရင် သွင့်ကို လှုပ်ရှားတတ်အောင်၊ သွေးပူတတ်အောင် စနစ်တကျလေ့ကျင့်ပေးခဲ့ပြီးမှ မောင်က အေးအေးသက်သာ လက်ပိုက်လို့၊ ခပ်လှမ်းလှမ်းကနေ ခြေစုံရပ်လို့ မိန်းမတစ်ယောက်ရဲ့ အလှုပ်အရှား အတက်အကျကို အရသာခံကြည့်နေတတ်ခဲ့တာ။

ခေါင်းလောင်းကလေးတစ်ခုလို လက်ကကိုင်လှုပ်မှ အသံမြည်တတ်တာမျိုး မဟုတ်ဘူး မောင်၊ မောင့်ကြောင့်လှုပ်ခတ်ခဲ့ဖူးပြီးသား နှလုံးသားတစ်ခုဟာ သူ့အလိုလို မြည်တမ်းနေတတ်တာ၊ တိုက်ဆိုင်သည်ဖြစ်စေ၊ တမင်တွေးယူသည်ဖြစ်စေ နာနာကျင်ကျင်ကြီး လှုပ်ခတ်နေတတ်တော့တာ……

အဲဒါ သွင့်နှလုံးသားပါ မောင်။ မိုက်မဲတယ်ပဲ ပြောပါတော့….

(၂) 
သေချာတာကလေ သွင့်ဒဏ်ရာဟာ မြုံနေတုန်း၊ ဇေယျဆိုတဲ့ မောင့်အမည်ကြားတိုင်း၊ ဇေယျဆိုတဲ့ မောင့်ဆီ သွင့်စိတ်တွေ ကူးခတ်သွားတိုင်း…..ဒဏ်ရာတွေဟာ ပါးပြင်ပေါ် အရည်ပျော်ကျလာတတ်မြဲ….

“သွင် နင် ပန်းချီပြပွဲ လိုက်မလား၊ နင် ဒီမှာ ရောက်နေတုန်း ကြုံခဲတဲ့ပွဲမို့လေ”

“တစ်ကိုယ်တော်လား”

“မဟုတ်ဘူးဟ၊ ပန်းချီဆရာ သုံးယောက်၊ အမျိုးသမီးတစ်ယောက်ပါတယ်။ အမျိုးသားက နှစ်ယောက်”

“အမျိုးသမီးက ညိုမာဝေ၊  အမျိုးသားတစ်ယောက်က ဇေယျ ဟုတ်တယ် မဟုတ်လား”

“အေး နင် သိပြီးသားလား”

“ဇေယျနဲ့ ပါတ်သက်တဲ့သတင်းတွေ ငါ အကုန်ကြားပါတယ်ဟာ၊ သူနဲ့ အဲ့ဒီပန်းချီဆရာမ ညိုမာဝေနဲ့ လက်ထပ်တော့မယ်ဆိုတာကအစ ငါ ကြားပါတယ်”

“အေးလေ ဘာဖြစ်လဲ၊ နင် သွားမကြည့်ရဲဘူးလား၊ လာစမ်းပါဟာ လိုက်ခဲ့”

“နှင်း ငါ မလိုက်ပါရစေနဲ့ဟာ၊ ကြည့်ရဲတာ မကြည့်ရဲတာထက် ငါ သူတို့နှစ်ယောက်လုံးကို တွဲရက် မမြင်နိုင်သေးတာပါ”

“သွင်ရယ် နင့်မလည်း၊ ကြာပဲ ကြာလှပြီ၊ ဟိုက မိန်းမတောင် ယူတော့မယ်၊ မေ့လို့ မရသေးဘူးလား ဟင်”

နှင်းအမေးကို သွင် မဖြေနိုင်ပါ။ သွင်ကိုယ်တိုင်လည်း မသေချာလှ။ မောင်နဲ့ ညိုမာဝေ့ကို အတွေ့မှာ သွင် မျက်ရည်မကျဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။ အတန်တန် နာကျင်လွန်းရလို့ ထုံနေပြီ ထင်ထားခဲ့တာ၊ တကယ်တမ်းကျတော့ မောင့်နာမည်ကြားရုံနဲ့ လူက ပျော့ခွေချင်လှပြီ၊ သွင်ပဲ သိပါတယ်လေ။

“ဘယ်နေ့ထိလဲ”

“နောက် နှစ်ရက်ထိ ပြမှာ၊ ဒီနေ့က ပထမဆုံးနေ့လေ”

“အေးပါဟာ နောက်ဆုံးနေ့ထိ ခနလေး စောင့်ပါလား၊ ငါ့စိတ်တွေကို ပြင်ဆင်ပါရစေဦး”

“သွင်ရယ် နေပါဟာ၊ နင် အဆင်မပြေလည်း ငါ ချိုချို့ကို အဖော်ခေါ်သွားလိုက်ပါမယ်၊ ငါက နင်များ စိတ်ဝင်စားမလားလို့”

သွင် စိတ်မဝင်စား၍ မဟုတ်၊ သွင် တကယ်စိတ်ဝင်စားတာပါ။ မောင် ဘာကားတွေများ ဆွဲနေမလဲ၊ အရောင်တွေ အရိပ်တွေ အထူအပါးတွေကို ဘယ်လိုစုတ်ချက်တွေနဲ့များ ပုံဖော်ထားလေမလဲ၊ သွင် သိချင်လှတယ်။ အရိုးသားဆုံး ပြောရရင် သွင်နဲ့ပတ်သက်သမျှ တစ်ခုတစ်လေများ မောင့်ပန်းချီထဲ အမှတ်တရ ရေးဆွဲထားလေမလား၊ သွင် လက်ဆောင်ပေးခဲ့ဖူးတဲ့ ကော်ဖီခွက်ကလေးကိုများ မောင် ထည့်ဆွဲထားမလား၊ သွင့်ခေါင်းပေါ်မှာ ပန်ခဲ့ဖူးတဲ့ ဇီဇဝါပန်းကလေးတွေများ မောင် ရေးဆွဲထားလေမလား၊ သွင် နှစ်သက်တယ်ဆိုတဲ့ အပြာရောင်တွေများ သုံးထားလေမလား၊ သွင် တကယ်ပဲ သိချင်တာ။

အမှတ်မရှိဘူးပဲဆိုဆို….ကိုယ့်စိတ်ကိုကိုယ် လှည့်စား ကြည်နူးကြည့်ချင်သေးတာ။ မောင့်ပန်းချီမှာ အပြာရောင်လေး ကဲနေရင်ပဲ မောင်များ သွင့်ကိုလွမ်းနေတာလားလို့ စိတ်က ယုံစားချင်နေသေးတာကတော့ သွင် ရူးနေလို့သာ ဖြစ်မှာ။  ခက်လိုက်တဲ့ သွင်ပါပဲ….။

မောင်နဲ့ချစ်စတုန်းကတော့ သွင့်ပုံတူကလေးများ မောင် တိတ်တိတ်ဆွဲထားမလားလို့ မောင့်အလုပ်ခန်းထဲ မွှေနှောက်ရှာခဲ့ဖူးတာ၊ ဘောင်မခွေရသေးတဲ့ ပန်းချီကားတွေ ကြမ်းပြင်ပေါ်ချထားတာကို တစ်ကားချင်း လိုက်ကြည့်ရတာ အမောရယ်။ မသိနိုင်ပါဘူးလေ၊ ခုရော မိန်းကလေးပုံဆွဲတဲ့အခါ သွင်ကြိုက်တဲ့ အပြာရောင် အသွေးကလေး မခြယ်ထားဖူးလို့ ဘယ်သူက ပြောနိုင်မှာလဲ နော်။

တွေးမိရင်းက မောင့်ပန်းချီပြပွဲကို သွားကြည့်ချင်စိတ်တွေ ပေါက်လာရတော့တယ်။ ဒါပေမယ့် မောင်ရယ်…..။  

(၃)
လက်ညှိုးထိုးတတ်တဲ့ကိစ္စတွေမှာ နှလုံးသားမပါတာကတော့ တမင်သက်သက် အပြစ်ဖွဲ့ လိုခြင်းပဲ၊ နှလုံးသားထဲမှာ တန်ဘိုးတစ်ခုသတ်မှတ်ပြီး နေရာတစ်ခု ကျကျနနမပေးနိုင်ခဲ့လို့ပါပဲ…အဲဒီလိုပဲ သွင် နားလည်ထားပါတယ်။ မောင့်နှလုံးသားကို  ခုထိ နားမလည်နိုင်သေးတာကတော့ သွင် ညံ့လို့ပဲ ထားပါလေ….

“သွင် မင်းတို့အသိုင်းအဝိုင်းက အနုပညာအပေါ် အတော်လေး အထင်သေးတာပဲ နော်”

“ဟာ မဟုတ်ပါဘူး မောင်ရာ၊ ဖေဖေမေးတဲ့ မောင့်ပန်းချီကားတစ်ကားကို ဘယ်လောက်ရလဲဆိုတာက သိချင်လို့ကို မေးတာ နေမှာပါ”

“မဟုတ်တာကွာ၊ သွင့်ဖေဖေလေသံက မင်းပန်းချီကားတစ်ချပ်ရဲ့တန်ဘိုးက ဘယ်လောက်လဲ၊ မင့်ပန်းချီကားချပ်ရေ ဘယ်လောက်ရောင်းရမှ ငါ့သမီးစီးနေတဲ့ကားဘိုးကို မီမလဲဆိုတဲ့ အထာနဲ့”

“မဟုတ်ဘူး၊ မဟုတ်ပါဘူး မောင်ရဲ့၊ မောင် အထင်လွဲတာ ဖြစ်မှာပါ ဖေဖေက အဲ့လိုမဟုတ်ဘူး”

တကယ်တော့ ဒါဟာ မောင့်ဘက်က အကြောင်းပြချက်ကောင်းတစ်ခုသာ ဖြစ်ခဲ့တာ။ အသိုင်းအဝိုင်းချင်း မတူလို့၊ တန်ဘိုးထားရာချင်း ကွဲလို့တဲ့လေ။ ဘာပဲဖြစ်ဖြစ် မောင်နဲ့သွင် အချစ်တွေ တူခဲ့ကြတာပဲလို့ သွင်က ထင်ခဲ့တာ။ မောင်နဲ့သွင် တစ်ယောက်ဘေးနားတစ်ယောက်ရှိရင်း အတူတူအိုမင်းခွင့်ကို သွင်က လိုချင်ခဲ့တာ….။ ဘယ်လိုအခြေအနေတွေရောက်ပါစေ။ သွင့်နားနဲ့ဆတ်ဆတ် ကြားလာခဲ့ရတဲ့ မောင့်စကားတစ်ခွန်း မကြားရသေးခင်အထိပေါ့။

သွင် မောင့်ကို လုံးဝ ယုံခဲ့မိတာ။

(၄)
မျှော်လင့်ချက်ဆိုတာ မောင်နဲ့မှ သွင် နားလည်လာခဲ့တာ၊ သူ့အတိုင်း လွတ်လပ်စီးမျောနေတဲ့ သွင့်ရေစီးကြောင်းတွေက မောင်နဲ့ကျမှ လမ်းကြောင်းပြောင်းစီးဆင်းခဲ့သလေ….

မောင် မသိအောင် သွင် တိတ်တိတ်လေး ပန်းချီခိုးသင်နေတာ၊ ခုဆို ခြောက်လပြည့်တော့မယ်။ သွင် သင်တာက ခဲပန်းချီ ပေါ့ထရိတ်ပါ။ မောင် သိလား၊ မောင် အံ့သြသွားအောင်လေ၊ သွင် သေချာဆွဲတတ်တော့မှ မောင့်ပုံတူပန်းချီကားလေးကို ကျကျနနလေး ဆွဲပြီး မောင့်မွေးနေ့လက်ဆောင်ပေးမလို့။

မောင်ချစ်တဲ့ ပန်းချီပညာမို့ သွင် ချစ်ခဲ့ရတာ။ တကယ်က သွင်ဟာ သီချင်းတွေအပေါ်မှာ ပိုပြီးဝင်စားတာ။ သီချင်းတွေ စီဒီတွေ ဝယ်စုထားတာမှ အများကြီးရယ်။ မောင်ကကျတော့ ဟိုးတုန်းက သီချင်းတွေလောက်သာ နားထောင်တာ။ တကယ့်ကို ကလပ်စစ်သီချင်းတွေ မိုးတို့၊ မိုးသက်လေနှင်တို့၊ နတ်သျှင်နောင်တို့၊ ချစ်ပြုံးနှင်းဆီတို့၊ ဆယ့်နှစ်လရာသီတို့လို။ သွင်ကတော့ ပေါ့သီချင်းချိုချိုလေးတွေ ပိုကြိုက်တာ။

ရုတ်တရက် ဆရာမအိမ်ဖုန်းက မြည်လာတာမို့ ပေါ့ထရိတ်ပုံလေးခဲခြစ်နေရင်းက သွင် ဆတ်ကနဲ ခေါင်းထောင်ကြည့်မိတယ်။ ဆရာမ လမ်းထိပ်ခနသွားပါတယ်လို့ ဖြေလိုက်ချင်ပေမယ့်….၊ ဖုန်းက လေးငါးချက်မြည်အပြီးမှာ ကျွန်မ ညိုမာဝေပါရှင်၊ ကိစ္စရှိရင်မက်ဆေ့ခ်ျထားခဲ့ပါ၊ ကျွန်မ အမြန်ဆုံးပြန်ခေါ်ပါ့မယ်”ဆိုတဲ့ အသံလေးကြားတာနဲ့ ငြိမ်ပဲနေလိုက်မိတာ့တယ်။ တီ….ဆိုတဲ့ဘိမြည်သံလေးအဆုံးမှာတော့ ယောကျာ်းအသံ တစ်သံ…. သိပ်ကိုကြားဖူးနေကျ အသံ

“ညို ကျွန်တော့်ကို စိတ်ဆိုးနေတုန်းလား၊ ဖုန်းဖြေပါဗျာ၊ ညိုကလွဲလို့ ဘယ်သူ့ကိုမှ ကျွန်တော်တကယ်မချစ်ဘူးဆိုတာ ယုံပါ၊  ညိုသိချင်တာတွေအားလုံး ကျွန်တော် သေချာရှင်းပြနိုင်ပါတယ်။ ဒါပဲနော်၊ ကျွန်တော်ပြန်ခေါ်လိုက်မယ် တိတ်ကဲပါဗျာ”

သွင့်နားထဲဘယ်လိုဝင်ဝင် မှတ်မိနေတဲ့ မောင့်အသံ…..။  

ဘယ်သူ့ကိုမှ ကျွန်တော် တကယ်မချစ်ဘူးဆိုတာ….. ဘယ်သူ့ကိုမှ ကျွန်တော် တကယ်မချစ်ဘူးဆိုတာ…..
တကယ် မချစ်ဘူး ဆိုတာ……။

သွင့် နားကြားများ လွဲသလား….ဟင့်အင်း မဖြစ်နိုင်ဘူး။ သေချာတယ်၊ မောင်မှ မောင်ပါ။ မောင် ပန်းချီဆရာမမိတ်ဆွေတွေနဲ့ ရင်းရင်းနှီးနှီးသွားသွားလာလာရှိတာ သွင်သိထားပေမယ့် ခုလိုပတ်သက်မှုမျိုးလို့ ဘယ်တုန်းကမှ တွေးမထားမိခဲ့။

ဒါဟာ တကယ့်ကို တိုက်တိုက်ဆိုင်ဆိုင် သွင်နှလုံးသားကွဲဖို့ ဖြစ်လာတဲ့ကိစ္စ။ နားနဲ့ တပ်အပ်ကြားခဲ့ရတဲ့ မောင့်ဝန်ခံမှု၊ သွင်မဟုတ်တဲ့ တစ်ခြားမိန်းမတစ်ယောက်အပေါ် ဝန်ခံဖြေရှင်းမှုမှာ သွင့်အချစ်တွေ အစော်ကားခံလိုက်ရတာ၊ သွင့်သိက္ခာတွေ ချနင်းခံလိုက်ရတာ၊ သွင့်ကမ္ဘာတစ်ခုလုံး ပျက်ခဲ့ရတာ။ ရှက်စရာကောင်းလိုက်တာ…..၊ တကယ် မချစ်ခဲ့ဘူး….တဲ့၊

မောင်ပြောခဲ့တဲ့ အရမ်းချစ်တယ်ဆိုတဲ့ စကားတွေ၊ သွင့်ကို လွမ်းလိုက်တာကွာဆိုတဲ့ စကားတွေမှာ အချစ်မဲ့ခဲ့သတဲ့လား၊  မောင့်စိတ်အဆာပြေရုံသက်သက် အပျော်ကစားခဲ့တာမျိုးလား၊ တကယ်မချစ်ဘဲ ပြောခဲ့တာတွေတဲ့လား၊ ဒါတွေကို သွင်က ရူးမိုက်လို့သာ အဆင်အခြင်မဲ့ ယုံခဲ့မိတာပဲ ထားပါတော့….။

ဘာကြောင့်ပါလိမ့်လို့ နားမလည်နိုင်မှုတွေနဲ့ ခုထိ စိတ်တွေက ထုံနေတုန်း။ မောင့်မျက်ဝန်းအကြည့်တွေကို မြင်ယောင်မိတိုင်းလည်း တကယ်ချစ်ခဲ့တာလို့ မိုက်မဲချင်နေ တုန်း။ သွင့်အဖြစ်က ကျားကိုက်ခံရသူကိုယ်တိုင်ဖြစ်ရက်နဲ့ အပေါက်ကလေးနဲ့လားလို့ မေးနေတဲ့သူလို….။

ဆရာမပြန်လာတော့ သွင်က ဆရာမအိမ်ဖုန်း ခုနကပဲ မြည်တယ်။ အမျိုးသားတစ်ယောက် မက်ဆေ့ခ်ျထားခဲ့သံလိုလို သွင် ကြားလိုက်သလားလို့” လို့ မရေမရာ ဘာမှ မဟုတ်လေဟန် ပေါ့ပေါ့ပါးပါးပြောဖြစ်ခဲ့တယ်။ ဆရာမက သွင့်ကို ခပ်စိုက်စိုက်တစ်ချက်ကြည့်ပြီး ကျေးဇူးပဲ” တဲ့။

“ဆရာမကို သွင် ပြောရဦးမယ်၊ ဒီလကုန်က စပြီး သင်တန်းတက်ဖြစ်တော့မယ် မထင်ဘူး။ သွင် မေမေ့ဆိုင် ကူထွက်ပေးရမှာမို့ အားတော့မှာ မဟုတ်ဘူး”

မုသားစွက်စကားတစ်ခွန်း သွင့်နှုတ်ဖျားက အားထုတ်စရာမလိုအောင် လျှောကနဲ ထွက်သွားတယ်။ ဆရာမမျက်လုံးတွေက သွင့်ရင်ထဲကို မြင်လိုက်သလိုလို ရှိလှတယ်။ မျက်လုံးတွေက သွင့်အနားချက်ချင်းပဲ နီးကပ်လာသလိုလို….။ ဆရာမရယ်  ဆရာမ မသိလိုက်တာကလေ မောင်နဲ့ သွင် ဝေးသွားတာကိုပါပဲ….။

(၅)

အချစ်ဆိုတာ မျက်မမြင်ပုဏ္ဏား ခြောက်ယောက် ဆင်စမ်းကြသလို တစ်ယောက်နဲ့တစ်ယောက် အတွေ့ပေါ်မူတည်လို့ အမြင်တွေ ကွဲနေကြဦးမှာ၊ အချစ်နဲ့ပါတ်သက်တဲ့ မောင့်အမြင်ကို သွင် ဘယ်တော့မှ မသိလို၊ မငြင်းလိုတော့ပါဘူး၊ ဒါဟာ သွင် သိခဲ့တဲ့ မောင့်အချစ်လို့ပဲ….

မလိုအပ်တော့ပါဘူးလေ၊ ဘယ်လိုဖြေရှင်းစကားကိုမှ မောင့်ဆီက မလိုအပ်တော့သလို တကယ်မချစ်ခဲ့တဲ့ မိန်းမတစ်ယောက်အတွက် ဘယ်လိုဖြေရှင်း နှစ်သိမ့်စကားတစ်ခွန်းတစ်လေမှ မောင့်ဆီက ကြားရမယ် မဟုတ်ဘူးဆိုတာ သွင် သိပြီးသားပါ။  သွင်ဟာ မောင် တကယ်မချစ်ခဲ့တဲ့ မိန်းမ…..။

“နှင်း ငါတို့ ပန်းချီပြပွဲသွားရအောင်၊ ဒီနေ့ နောက်ဆုံးနေ့မဟုတ်လားဆိုတဲ့ သွင့်စကားကို နှင်းက မျက်ခုံးများတောင် ပင့်လို့။ “အေး သွားကြမယ် သွင်  နင် ပန်းဆိုးတန်းက စောင့်”လို့ မဆိုင်းမတွ ပြန်ဖြေလေတယ်။

ပန်းချီပြပွဲက လူ သိပ်မများလှပေမယ့် နာမည်ကြီးပန်းချီဆရာသုံးယောက်ရဲ့ပွဲမို့ သုံးယောက်စာပရိသတ်နဲ့ စည်ကားတယ်လို့ ပြောရမယ်။ သွင် တိတ်တိတ်လေးမျှော်လင့်ထားသလို (သိပ် မျှော်လင့်မထားပေမယ့်လည်း) မောင့်ပန်းချီကားတွေဟာ အပြာရောင်ကဲမနေကြဘူး။ အနီ အနက် လိမ္မော်  အဝါတွေ ရောယှက်လို့ အပူရောင်တွေ အများဆုံးသုံးပြီး ဆွဲထားတယ်။ စုတ်တံအပြားကြီးကြီးတွေနဲ့ ခပ်ကြမ်းကြမ်းဆွဲထားတဲ့ ပုံတွေဟာ ကြည့်ရသူတွေတောင် ရင်ပူမောလာတဲ့အထိ မောင့်အနုပညာက စွမ်းလှတယ်။ မွန်းကြပ်ကြပ်ခံစားမှုတစ်မျိုးကို ပေးတယ်။ သွင်ဖြင့် အသက်ရှူတောင် မဝတော့သလိုပဲ။

အိုး…..ဒီပုံကလေး….၊  မိန်းကလေးတစ်ယောက် နောက်ကျောပေးလို့ ဟိုးအဝေးကြီးကို ငေးနေပုံ၊ လွင့်ပျံ့နေတဲ့သူမဆံနွယ်တွေမှာ ဇီဇဝါပန်းကလေးတစ်ပွင့်ကို တွဲခိုလို့ ပြုတ်ကျတော့မယ့်ပုံဟန် ပန်ထားပေးတယ်။ အဲဒါ သူမစိတ်ကို သူမနှလုံးသားတွေကို ပြုတ်ကျလုလုလို့ များ မောင်က ပြောချင် တာလား….

သွင့်စိတ်အပြောင်းအလဲကို သွင်ကိုယ်တိုင် မသိလိုက်ခင် ပါးပေါ်ကို မျက်ရည်တွေ ပေါက်ကနဲ လိမ့်ဆင်း ကျလာတော့တယ်။ သွင် ဇီဇဝါပန်းတွေကို သိပ်ချစ်တာ မောင် မမေ့သေးဘူးဘဲ…..။ ရုတ်တရက် မောင့်ကို သိပ်တွေ့ချင်လာတယ်။  မောင် ဘယ်မှာများပါလိမ့်၊ ပြခန်းရဲ့တနေရာရာမှာတော့ မောင် ရှိနေမှာပါ။ တွေ့ချင်လိုက်တာ…သွင် မောင့်ကို တွေ့ချင်လိုက်တာ မောင်ရာ….။ မောင့်ကို သွင့်မျက်လုံးတွေက လိုလိုချင်ချင် လိုက်ရှာကြည့်နေမိတော့တယ်။

သွင့်လက်ထဲက ပလတ်စတစ်ဖိုလ်ဒါအကြည်လေးထဲမှာ သွင်ဆွဲထားတဲ့ မောင့်ပေါ့ထရိတ် ပုံ။ ပေးလိုက်ရင် ကောင်းမလား၊ နောက်လဆို မောင့်မွေးနေ့လေ။ သွင်ကတော့ ရှိနေနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် မောင့်အတွက် အမှတ်တရဖြစ်စေချင်တယ်။ မိတ်ဆွေတွေအနေနဲ့ ပေးတာမျိုးဖြစ်ဖြစ်ပေါ့။ သိပ်များ သိသာသွားမလား ဟင်….။ အို ဘာပဲဖြစ်ဖြစ်ပေါ့ ပေးလိုက်ချင်တယ်။ သွင့်သံယောဇဉ်တွေရဲ့ ပြယုဂ်….။

အို သွင့်ကို တကယ်မချစ်ခဲ့တဲ့မောင်ဟာ ဒီပေါ့ထရိတ်ပုံလေးအတွက် သွင်မသိအောင် လှောင်များ ရယ်နေဦးမှာလား၊ ဆရာမနဲ့အတူတူ မျက်နှာချင်းဆိုင်စားဖြစ်တဲ့ မနက်ခင်းစာတွေမှာ အရံတစ်ခွက်အဖြစ်နဲ့လေ….။ သွင့်စိတ်တွေ ဂနာမငြိမ် ယိမ်းထိုးပြေးလွှားရင်း မောင် ဘယ်မှာလဲ….ဆိုတာပဲ သိချင်နေမိတော့တယ်။

"Sorry Sir, this painting has already been sold out. You may choose to buy another one, how about that one ?"

ညိုမာဝေ….၊ ဆရာမ ညိုမာဝေ့အသံ။ သွင့်နောက်ကျောဘက်က ကြားလိုက်ရတယ်။  မရည်ရွယ်ဘဲ သွင် ဆရာမကို လှည့်ကြည့်လိုက်မိတယ်။ ဆရာမကတော့ နိုင်ငံခြားသားစုံတွဲကို စကားပြောရင်း သွင်တို့ဘက်ကို ကျောပေးထားတာမို့ မြင်ဟန်မတူ။ ဘုရားရေ…..သူမဆံနွယ်ကျော့မှာ ဇီဇဝါတစ်ပွင့် ပိုင်ပိုင်နိုင်နိုင်ပန်လို့…..။

သွင် နှုတ်ခမ်းတွေကို ဖိကိုက်ထားလိုက်မိတယ်။ ဖိုလ်ဒါလေးထဲက မောင့်ပေါ့ထရိတ်ပုံကို သွင့်လက်က အလိုလို ခြေမွမိရက်သား။ ရက်စက်တယ် မောင် ရက်စက်တယ်။ မျက်နှာများတဲ့ ဇီဇဝါ….သွင့်တစ်ယောက်ထဲအတွက် ပွင့်တာမှ မဟုတ်ခဲ့ဘဲ….။  ပြခန်းထောင့်က အမှိုက်ပုံးထဲ လက်ထဲက ခဲပန်းချီပုံလေးကို လွှင့်ပစ်ခဲ့မိတော့တယ်။  တကယ်တမ်းကြေမွခဲ့တာက သွင့်စိတ်တွေပါပဲ။ သွင့်စိတ်တွေပါပဲ…..ကြေမွလို့ သွားခဲ့တာ။ ခနကလေး နုညံ့သွားခဲ့ရတဲ့ သွင့်စိတ်အပြောင်းအလဲဟာ ခုတော့ မွမွကြေ....။

နှင်းက သွင်လုပ်ပုံတွေကို နားမလည်နိုင်တဲ့ဟန်နဲ့။ နှင်းလက်ကို ဆွဲလို့ “ပြန်ကြစို့နှင်း”ဆိုတော့ နှင်းက သွင့်လက်ထဲမှာ ခပ်တောင့်တောင့်လေး ပါလာတယ်။ အမှိုက်ပုံးဆီ မေးငေါ့လို့ “ဟဲ့ ဘာလို့လွှင့်ပစ်ခဲ့ရတာလဲ နင်ပဲ သေချာအချိန်ယူဆွဲထားတာဆို” တဲ့။

“တော်ပါတော့ဟာ နှင်းရယ်၊ တော်ပါတော့ သွင့်အချိန်တွေ သွင့်နေ့ရက်တွေထဲမှာ ဇေယျ ဆိုတာ နောက်ထပ် ဘယ်တော့မှ နေရာယူနိုင်မယ် မထင်တော့ပါဘူးလေ။ နင် သိလား နှင်း”

“အေးပါဟာ သိပါတယ်၊ ငါ သိပါတယ်”  

သွင် သိသားပဲ၊  နှင်း တကယ်မသိပါဘူး။ သိပ်မြန်တဲ့ အဖြစ်အပျက်ကလေးတစ်ခုကို နှင်း မသိလိုက်ပါဘူးလေ။ သွင်ကိုက မိုက်မိုက်မဲမဲလာမိတာ….။ မောင်ဟာ သူ တကယ်မချစ်ခဲ့တဲ့ မိန်းမတစ်ယောက်ကို တမ်းတလွမ်းဆွတ်နေရလောက်အောင် မိုက်မဲတဲ့ ယောကျာ်းတစ်ယောက်မှ မဟုတ်တာဘဲ။

ဟုတ်မှာပါ၊  မောင်ဟာ ဇီဇဝါတွေကို ချစ်တယ်။ ဒါပေမယ့် သွင့်ဇီဇဝါတွေကို မဟုတ်ဘူး…….။ ပြခန်းက အထွက်မှာ မောင်နဲ့ နောက်ဆုံးအကြိမ်ရယ်လို့တောင် မတွေ့လိုက်ရတဲ့ ကံကြမ္မာကို သွင်က ကျေးဇူးတွေတင်လို့……။

တကယ်ပါပဲ။  ဘဝမှာ မလိုအပ်တော့ဘူးလို့ သိနေတဲ့အရာတွေဟာ တကယ်ကို မလိုအပ်တော့တာ။
သိပ်ကို သေချာတာပဲ…..။ နောက်တစ်ခု သိပ်သေချာတာက သွင် ဘယ်တော့မှ ခဲပန်းချီဆွဲတော့မှာ မဟုတ်တာပါပဲ…



နေရာ

$
0
0


ရထား ဝင်လာပြီ။ 

ပလက်ဖောင်းပေါ်မှာ စာအုပ်တစ်အုပ်ကို လက်ကကိုင်ဖတ်နေရာက ရထားရပ်တာနဲ့ တွဲထဲကို ခြေလှမ်းဝင်နိုင်ဖို့ ပြင်ထားလိုက်တယ်။ ဖတ်လက်စစာမျက်နှာကို ဘုတ်မာ့ခ်လေးနဲ့ သေချာညှပ်ပြီး ညာဘက်ပခုံးပေါ်က လက်ကိုင်အိတ်ကြိုးကို သေသေချာချာ တင်းတင်းရင်းရင်း ပခုံးပေါ် ပြန်တင်တယ်။
ရထားရပ်လို့ တံခါးဖွင့်တာနဲ့ တွဲထဲခပ်မြန်မြန်ဝင်လိုက်ပြီး မျက်လုံးက ဘေးဘီဝဲယာကို လျှင်မြန်တဲ့အဟုန်နဲ့ သိမ်းကျုံးကြည့်။ အချိန်က ညနေရုံးဆင်းချိန်မရောက်သေးတော့ ရထားက သိပ်ကြပ်ညပ်မနေဘူး။ နေရာတွေတော့ ရှိတယ်၊  မတ်တတ်ရပ်ဖို့။ ထိုင်ခုံတွေကတော့ မလွတ်တော့ဘူး။

ခေါင်းပေါ်က စတီးတန်းလေးမှာ တွဲလောင်းကျနေတဲ့ လက်ကိုင်ကွင်းလေးကို ညာလက်နဲ့ မြဲမြဲကိုင်ရင်း လက်ကကိုင်ထားတဲ့ ဖတ်လက်စစာအုပ်ကို အိတ်ထဲထည့်လိုက်တော့တယ်။ မတ်တတ်ဆိုတော့ ဖတ်ဖို့ အဆင်မပြေဘူးလေ။ စီးထားတဲ့ဖိနပ်က အမြင့်လေးလက်မနဲ့၊ တုန့်ကနဲ တုန့်ကနဲ တထစ်ထစ်သွားနေတဲ့ ရထားနဲ့၊ လက်တစ်ဘက်ကိုမြှောက်ပြီး ကွင်းကိုကိုင်ထားရသေးတာနဲ့။  ဆိုတော့ စာအုပ်ဖတ်ဖို့ကို စိတ်လျှော့လိုက်တယ်။

ဘယ်လိုဖြစ်တယ် မသိဘူး။ ပြီးခဲ့တဲ့နှစ်ကစလို့ ရထားတွေ ခဏခဏပျက်လား ပျက်ရဲ့၊  နောက်ကျလား ကျရဲ့။ ရထားပျက်လို့ ခရီးသည်အားလုံးဆင်းပြီး လှိုဏ်ခေါင်းထဲ တပျော်တပါးကြီး လမ်းဆင်းလျှောက်လား လျှောက်ကြရရဲ့။ ယနေ့အဖို့ ဘယ်ကနေ ဘယ်ကို ပြေးဆွဲတဲ့ရထားခရီးစဉ် ယာယီဖျက်သိမ်းပါသည်ဆိုတဲ့ ဆိုင်းဘုတ်တွေ ထောင်ထားတာလည်း အကြိမ်ကြိမ်ကြည့်ရလား ကြည့်ရရဲ့။ ရထားပို့ဆောင်ဆက်သွယ်ရေးက စီအီးအိုအမျိုးသမီးတစ်ယောက် နှုတ်ထွက်လား ထွက်ရဲ့။ အကြောင်းပြချက်က ရထားစီးခရီးသည်တွေ အဆင်မပြေတဲ့ကိစ္စအတွက် သူမမှာ တာဝန်အပြည့်ရှိပါတယ် ဆိုလားပဲ။  တာဝန်ယူတတ်တဲ့သူများကျတော့ လူတွေအပြော မခံဘူး။ ရှက်တတ်ကြတာများ ပြောပါတယ်။

အရှေ့ဂျူရောင်းဘူတာကို ရောက်ပြီ။ လူတစ်ချို့ဆင်းသွားကြ၊ တစ်ချို့လည်း မြောက်ဘက်အနီရထားလိုင်း ပြောင်းစီးကြ။ ထိုင်ခုံ မရသေးဘူး။ ကိုယ်ကပဲ နှေးလို့များလား။ နေပါစေလေ လေးဆယ့်ငါးမိနစ်လောက် ခရီးမှာ မထိုင်ရတော့ရော ဘာဖြစ်မှာမို့လဲ။ အဲ ဖြစ်တာပေါ့၊ ထိုင်တော့ ထိုင်ချင်တာပေါ့။ စာအုပ် ဖတ်ချင်တာကိုး။ သက်တောင့်သက်သာရှိချင်တာကိုး။ လူပဲ…။

ဆက်ပြီးရပ်လိုက်ရင်း ရှေ့ကိုပဲ ကြည့်ချင်လည်း ကြည့်၊  မကြည့်ချင်လည်း ကြည့်နေရတော့ ရှေ့ထိုင်ခုံက လူတွေကို အာရုံလေးနည်းနည်းထည့်ပြီး ကြည့်မိတယ်။ အားလုံးလိုလို ဖုန်းလေးတွေကိုယ်စီနဲ့၊ စကရင်လေးတွေ အထက်အောက် ပွတ်လို့။ တစ်ချို့လည်း ဖေ့စ်ဘုတ်ကြည့်၊ တစ်ချို့လည်း ဂိမ်းဆော့၊ တစ်ချို့လည်း ချက်တင်းနှောကြနဲ့ တူပါရဲ့လေ။

ရှေ့တည့်တည့်မှာ တရုတ်မချောချောလေးတစ်ယောက်၊ မျက်နှာလေးက ကြည်ပြီးရှင်းနေတာပဲ။ သူမလေးကတော့ ဆိုနီနားကြပ်အကြီးကြီးကို နားရွက်တွေဖုံးအောင်တပ်လို့ ဂီတမှာ စီးမျောနေပုံ။ ကျောင်းသူမလေး ထင်ပါရဲ့။ စိတ်ရင်းရှင်းရှင်း ကြည်ကြည်လေးရှိမယ့်ပုံ။
သူ့ဘေးနားက တစ်ယောက်လည်း တရုတ်မလေးပဲ။ သူက အသားမဖြူဘူး။ တရုတ်မဲ။ ပေါင်ချိန်တို့အမျိုး ဖြစ်မယ်။ သူကတော့ တစ်လမ်းလုံး ဖုန်းပြောလာနေတာပဲ။ အသံကလည်း ကျယ်တယ်။ ကြည့်ရတာ ပြည်ကြီးက တရုတ်မလေးဖြစ်မယ်။ 

တရုတ်စကားအတူတူပေမယ့် လေယူလေသိမ်းက ပြည်မကြီးက အသံမျိုး။ ကြမ်းသလိုလို ထင်ရတယ်။ လေသံက မာတောင့်တောင့်နဲ့။ သူ့မျက်ခုံးက အဆုံးမှာ နားထင်ဘက်အပေါ်ကို ပင့်တက်သွားပုံနဲ့၊ မျက်ပေါက်ကျဉ်းကျဉ်းရဲ့ အဖျားကုတ်စင်းသွားပုံကြောင့် လူတွေကို အမြင်ကြည်မယ့်ပုံ မဟုတ်ဘူးလို့ ထင်ရတယ်။ စိတ်တိုတတ်မယ့်ပုံလည်း ရတယ်။ ခပ်ပါးပါးလေ့လာထားတဲ့ အင်္ဂဝိဇ္ဇာပညာအရဆိုရင်ပေါ့လေ။

ရီဇာ့ဗ်ခုံလို့ခေါ်တဲ့ လူအိုတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ မသန်စွမ်းသူတွေအတွက် လျာထားတဲ့ ထောင့်အစွန်းက ခုံမှာတော့ ကောင်လေးတစ်ယောက်၊ ခပ်ရွယ်ရွယ်ပဲ။ မျက်လုံးစုံမှိတ်ရင်း လိုက်လာတာကိုတွေ့တော့ ကိုယ်က ပြုံးမိသေးတယ်။ ဟာသရုပ်သံဇာတ်လမ်းတစ်ခုမှာ လူငယ်တွေ အဲလိုနေရာမှာထိုင်ပြီး တကယ် ထိုင်ဖို့လိုအပ်သူတက်လာတဲ့အခါ နေရာက ထမပေးချင်တာနဲ့ ငိုက်ချင်ယောင်ဆောင်နေတတ်ကြတဲ့ အကြောင်းကို ဟာသလုပ်တာ ကိုယ်က ကြည့်ဖူးထားတာကိုး။

ရထားက ဓနသဟာရဘူတာကို ရောက်ပြီ။ ဒီဇိုင်းခပ်လန်းလန်းနဲ့ ဘွားတော်ကြီးတစ်ယောက် တက်လာတယ်။ ဒိုင်ယာနာကေလို ဆံပင်တိုတိုကို ပန်းရောင်ဆိုးထားတယ်။ ဘလောက်စ်နဲ့ စကတ်အတိုက ဆင်တူ၊ အဆင်က ပန်းပွင့်တွေနဲ့ ပန်းရောင်၊ အနီရောင်၊ အစိမ်းရောင်တွေ ရောယှက်လို့။ ကိုယ့်မျက်လုံးရှေ့ကို ပန်းဥယျာဉ်ကြီးတစ်ခုလုံး လမ်းလျှောက်ရွေ့လာသလိုမျိုး။ ကိုယ်ပေါ်မှာ တစ်တောင်ကျော်ကျော်အလျားရှိတဲ့ အိတ်အနက်တစ်လုံးကို စလွယ်သိုင်းပြီး လွယ်ထားသေးတယ်။ အလန်းပဲ၊ ဒါပေမဲ့ ကြည့်ရတာ ငယ်တော့ သိပ်မငယ်တော့ဘူး။ ခြောက်ဆယ်ပတ်ချာလည်လောက်ရှိမယ်လို့ မှန်းရတာပဲ။ 

“အိတ်စကျူ့စမီ”

အားလုံး ကိုယ့်အာရုံနဲ့ကိုယ် သာယာနေတုန်း ဘွားတော်အသံက ရုတ်တရက် ဟိန်းထွက်လာတယ်။ အနီးအနားက မျက်လုံးတွေအားလုံး ဘွားတော်ဆီ ပြေးကပ်ကြတယ်။

“ဟဲလို အိတ်စကျူ့စမီ”

ဒီတစ်ခါတော့ ဘွားတော်က အသံနဲ့တင် မကဘူး၊ ရီဇာ့ဗ်ခုံက ငိုက်ချင်ယောင်ဆောင်နေတဲ့ လူရွယ်ကောင်လေးကို လက်ညှိုးကလေးနဲ့ပါ တို့ရင်း နှိုးလိုက်တာ။ ထပေးပါပေါ့လေ၊ သူက စီနီယာစီတီဇင်ကိုး။ ကောင်ကလေးက ထပေးလိုက်ရှာပါတယ်။ လူတွေက ကြည့်နေကြတော့ ရှက်ရှာမယ်။ ထ မပေးရင် သူ လူဆိုးဖြစ်မှာလေ။

ဘွားတော်ကြီးက လူရွယ်ဖယ်ပေးလိုက်တဲ့ ခုံပေါ်မှာ ထိုင်တယ်။ ပြုံးပြုံးကြီးပဲ။ ပြီးမှ စလွယ်သိုင်းထားတဲ့ အိတ်ထဲက အိုင်ပက်ကိုထုတ်ပြီး ပေါင်ပေါ်တင်တယ်။ လူတွေက ဘွားတော်ကြီး ဘာဆက်လုပ်မလဲ အသာလေး ဝိုင်းရှိုးနေတာပေါ့။ ဘွားတော်ကြီးက အေးဆေးပဲ။ အိုင်ပက်ကို ဖွင့်လိုက်ပြီး ဟေးဒေးလို့ခေါ်တဲ့ ဂိမ်းကို ပျော်ပျော်ကြီးဆော့တော့တာ။ အားလုံးလိုလိုရဲ့ မျက်နှာတွေက ပြုံးစေ့စေ့တွေ ဖြစ်ကုန်တယ်။  ခုနက ကောင်လေးလည်း ခုမှပဲ မျက်လုံးကျယ်သွားပုံ။ ကိုယ်လည်း ကြိတ်ပြုံးရတယ်။ 

ဒီလိုပါပဲ လူတွေက ဖြစ်တတ်ပါတယ်။

တန်ဂျွန်ပါဂါးဘူတာကို ရောက်ပြီ။ ဆင်းသူတွေ ဆင်း၊ တက်သူတွေ တက်လာကြနဲ့။ ရထားက ဆက်ထွက်တယ်။

အသက်ခပ်ကြီးကြီး အဘိုးတစ်ယောက် တက်လာတယ်။ တုန်တုန်ချိချိနဲ့။ ထင်တဲ့အတိုင်းပဲ။ ရှေ့က ခပ်ချောချော ကျောင်းသူမလေး၊ ဆိုနီဟက်ဖုန်းမလေးက သူ့ထိုင်ခုံကို အဘိုးကြီးအတွက် ဖယ်ပေးလိုက်တယ်။ သာဓု သာဓု သာဓု။  အဘိုးကြီးက ရှဲ့ရှဲ့နီတဲ့။ တကယ်ဆို သူ့ထိုင်ခုံက ရီဇာ့ဗ်ခုံ မဟုတ်ဘူး။ ထ မပေးလို့လည်း ပြဿနာမရှိဘူး။ တော်လိုက်တဲ့ကလေးမဆိုတဲ့ အကြည့်မျိုး ကောင်မလေး သိမ်းကျုံးရသွားတယ်။ ဘေးနားက ပြည်ကြီးတရုတ်မမျက်နှာ နည်းနည်းလေး နေမထိထိုင်မသာလိုလို ဘာလိုလိုလေး ဖြစ်သွားတယ်။ တောင်တောရယ်သာလို့ ဆိုလိုက်ရင် မြောက်တောက အလိုလို ငုတ်သွားရော မဟုတ်လား။ ဖြစ်တတ်တာ ပြောပါတယ်။

ဒါနဲ့ နောက်တစ်ဘူတာမှာ ရထားက ရပ်တယ်။

ကိုယ်ဝန်ဆောင်ထားဟန်တူတဲ့ မိန်းမကြီးတစ်ယောက် ရှေ့မှာလာရပ်တော့ ပြည်ကြီးတရုတ်မလေး ခွင် ဝင်သွားတယ်။ ဒီမှာထိုင်ပါ တဲ့။ ထိုင်နေရာကထပြီး သူ့ခုံကို ပေးတယ်။ မိန်းမကြီးမျက်နှာ ရုတ်တရက် ရဲကနဲဖြစ်သွားတယ်။ နိုး နိုး အိုကေ အိုကေ တဲ့။ ပြည်ကြီးတရုတ်မလေးကလည်း ခုံက ထပေးပြီးနေပြီ။ မိန်းမကြီးကလည်း ထိုင်ဖို့ အသေငြင်းနေတုန်းပဲ။ မိန်းမကြီးမျက်နှာက အရှက်ကြီး ရှက်သွားပုံ။

အို….သိပြီ။ ကိုယ်ဝန်မှ မဟုတ်တာဘဲ။ ပင်ကိုယ်ဗိုက်ပူ….။  ပင်ကိုယ်ဗိုက်ပူကို အပွကြီးဝတ်ထားတော့ ကိုယ်ဝန်ဆောင်နဲ့ အထင်မှားခံရတာပေါ့။ ကြည့်ရတာ အပျိုကြီးနေမယ်။ အတော်လေးရှက်သွားပုံနဲ့ ရှေ့ဘူတာမှာ ရထားလည်းရပ်ရော တစ်ချိုးတည်းဆင်းချသွားတယ်။ ပြည်ကြီးတရုတ်မလေးလည်း ကြောင်အအနဲ့ မျက်နှာမသာမယာကျန်ရစ်တယ်။

နောက်တစ်ဘူတာရောက်တော့ ကိုယ်လည်း ဆင်းတယ်။ 

ရထားပေါ်မှာ ထိုင်စရာနေရာ မရဘဲ မတ်တတ်ရပ်စီးလာရတာကို ဒီတစ်ခါလောက် ကျေနပ်မိတာ မရှိဘူး….။

ပျော်ရွှင်မှုဆိုတာ ကိုယ်လုပ်ချင်တာ လုပ်နေရတဲ့အခါ

$
0
0
ဘာရယ်လည်းမဟုတ်ပါဘူး။  ဒီပို့်စ်ကိုတော့ ပျင်းလို့ရေးတဲ့စာလို့သာ မှတ်လိုက်ကြပါ။

 နေ့လည်က ရုံးမှာ တစ်နေ့ခင်းလုံး အစည်းအဝေး ၂ခုနဲ့တင် ညနေ ၅နာရီထိုးသွားတော့တယ်။ ပထမအစည်းအဝေးက အလုပ်နဲ့ပတ်သက်တဲ့ ထရိန်နင်ပါ။ ဟောင်ကောင် ထိုင်ဝမ်  ဂျပန် ကိုရီးယား တရုတ် နဲ့ ကျွန်မတို့စကာင်္ပူရုံးခွဲတွေက စုစုပေါင်းတက်ရောက်သူ ၅၆ယောက်ရှိတဲ့ အွန်လိုင်းအစည်းအဝေးပါ။ ကိုယ့်စားပွဲမှာပဲ ကိုယ်ထိုင်ပြီး နားကြပ်တပ်၊ ကိုယ့်မော်နီတာမှာ ရှယ်လာတဲ့ စလိုက်ဒ်တွေကိုကြည့်ပြီး သူတို့ရှင်းပြတာ နားထောင်၊ မေးစရာမေးခွန်းတွေ ရှိလာရင် မက်ဆေ့ခ်ျနဲ့ပဲဖြစ်စေ၊ အော်ဒီယိုနဲ့ပဲဖြစ်စေ မေး၊ အဲသလို ဆိုပါတော့။ စိတ်ဝင်စားစရာကောင်းပေမယ့် အတော်လေး ရှုပ်ထွေးတဲ့လုပ်ငန်းသဘာဝပါပဲ။ Testing & Certification Co., ပါ။ ယူအက်စ်မှာတော့ အတော်လေး တွင်ကျယ်တယ် ဆိုပါတယ်။ ပင်မရုံးက ဆွစ်မှာပါ။



ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းဖြစ်ပြီး ကျွန်မအရင်လုပ်ခဲ့တဲ့အလုပ်တွေရဲ့ လုပ်ငန်းသဘာဝနဲ့ လုံးဝခြားနား ပါတယ်။ ကျွန်မတာဝန်က ရရန်ရှိစာရင်းကိုင်ရတယ်ဆိုပေမယ့် ကပ်စတမ်မာတွေ မေးလာတဲ့အခါ ဘီလ်ဘယ်လို တောင်းခံတယ်၊  ဘာကြောင့် အဲသလို ကျသင့်တယ်ဆိုတာတွေကအစ ဘီလ်နဲ့ပတ်သက်တဲ့ သူတို့ သိချင်သမျှတွေကိုပါ အတတ်နိုင်ဆုံးရှင်းပြပေးဖို့ တာဝန်ရှိပါသတဲ့။ ဒါကြောင့် အဲ့ဒီထရိန်နင်မှာ ကျွန်မ တက်ရောက်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။ လိုအပ်တယ်ဆိုတော့လည်း တက်လိုက်တာပေါ့လေ။

ကျွန်မရော ကျွန်မစူပါဗိုက်ဇာ စလုံးအမျိုးသမီးရော နှစ်ယောက်လုံးက အသစ်တွေပါ။  ရှုပ်ထွေးလွန်းတဲ့ လုပ်ငန်းသဘာဝနဲ့ ငွေတောင်းခံလွှာတောင်းပုံတွေကြောင့် ကျွန်မတို့ နှစ်ယောက်လုံး ခုထိ တလည်လည်ပါပဲ။ စာရင်းနဲ့ပါတ်သက်လို့ နားလည်ကြပေမယ့် လုပ်ငန်းသဘာဝကိုတော့ ခုထိ သေချာ မလည်ပတ်နိုင်ကြသေးပါဘူး။

ကျွန်မတို့ဌာနက အရင်တုန်းကတော့ စင်္ကာပူမှာ မရှိဘူး။ ကိုရီးယား ထိုင်ဝမ် တရုတ် ဟောင်ကောင်ရုံးတွေမှာပဲ ရှိရာက ခုမှ လုပ်ငန်းတိုးချဲ့လာပြီး အာစီယံ၊ စင်္ကာပူနဲ့ အော်စတေးလျ၊ နယူးဇီလန်အကောင့်တွေကို စင်္ကာပူ ရွှေ့ယူလာတာဖြစ်တာမို့ ဌာနအသစ်၊ လူအသစ်တွေ ဖြစ်နေပါတယ်။ ကျန်တဲ့ဌာနကလူတွေကလည်း သူတို့အလုပ်နဲ့သူတို့ ကျွန်မတို့နှစ်ယောက်ကို သေချာသင်ကြား မပေးနိုင်သလို ဌာနအသစ်လည်းဖြစ်တာမို့ ကျွန်မတို့နှစ်ယောက်အဖြစ်က ရေကူးမှ သေချာမတတ်သေးခင် ဘုတ်ပြားပေါ်ကနေ ဒိုင်ဗင်ထိုးချခိုင်းတာ ခံလိုက်ရသလိုပါပဲ။

တစ်ခုကောင်းတာက ကျွန်မရော ကျွန်မစူပါဗိုက်ဇာ အမျိုးသမီးပါ နှစ်ယောက်လုံးက အသစ်အသစ်တွေကို သင်ယူဖို့ အားသန်ကြသူများဖြစ်နေလို့ပါပဲ။ ပြီးတော့ အလုပ်ထဲမှာ ကိုယ့်အချိန်ကို လိုလားစွာမြှုတ်နှံလိုသူများ ဖြစ်နေတာလည်း တူနေကြပြန်ပါတယ်။ နှစ်ယောက်လုံးကလည်း အသစ်မို့ တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး ဖေးဖေးမမရှိကြတယ်။ အသက်ချင်းကလည်း မတိမ်းမယိမ်းမို့ ပေါင်းလို့လည်း အင်မတန်ကောင်းတယ်။ ကျွန်မအတွက် အတော်ကံကောင်းတယ်လို့ ဆိုရပါမယ်။ စိတ်တူကိုယ်တူညှိနှိုင်းလုပ်လို့ရသူနဲ့ အတူတူအလုပ်လုပ်ရတာလောက် ပျော်စရာကောင်းတာ ဘယ်ရှိပါ့မလဲနော်။

ကျွန်မတို့တာဝန်က အရင်ကရှိနေတဲ့ကြွေးကျန်တွေ အများကြီးကို ကျွန်မတို့နှစ်ယောက်ပေါင်းပြီး ကပ်စတမ်မာတွေဆီက တောင်းခံ စာရင်းရှင်းလင်းရမှာပါ။ အဲဒီအတွက် ကျွန်မတို့နှစ်ယောက်လုံး အလုပ်ထဲမှာ စိတ်နှစ်ပြီးတတ်စွမ်းသလောက် လုပ်ကြဖို့ သဘောတူထားကြပါတယ်။ တစ်ခုခုအခက်အခဲကြုံလာရင် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ရယ်မောအားတင်းကြရတယ်။

ဌာနအသစ်ဖြစ်တာမို့ တစ်ခြားဌာနက ကျွန်မတို့နဲ့မဆိုင်တဲ့အလုပ်တွေကို သွေးတိုးစမ်းပြီး ထိုးပေးတာမျိုးလည်း ကြုံရတယ်။ အဲဒီအခါ နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ဘယ်လိုကိုင်တွယ်ရမယ် ဆိုတာ တိုင်ပင်ကြရတယ်။ တကယ်ပါ၊ အလုပ်ထဲမှာက ကိုယ့်ကိုယ်ကို ဘယ်လိုကာကွယ်နေထိုင်ရမယ် ဆိုတာလည်း သိဖို့လိုအပ်တာကိုးရှင်။ တစ်နေ့တစ်နေ့ အသစ်အသစ်သော စိတ်ဝင်စားစရာတွေနဲ့ အားစမ်းစိမ်ခေါ်မှုတွေနဲ့ အလုပ်လုပ်ရတာ  ကျွန်မ တကယ်ပဲ ပျော်ပါတယ်။

အဲဒီအစည်းအဝေးမှာ စလိုက်ဒ်တွေကို ရှင်းလင်းပြောပြဆွေးနွေးတဲ့ အမျိုးသားရဲ့ အာဘော်နဲ့ ကျွန်မတို့ သဘောမတူတဲ့အခါ သူနဲ့ကျွန်မနှစ်ယောက်သား မိုက်ကရိုဖုန်းကို မျူ့ လုပ်၊ ပိတ်ချလိုက်ပြီး ရယ်ကာ မောကာ အတင်းတုတ်ကြပါတယ်။ ဒါဟာဖြင့် ဘယ်လိုမှ မဖြစ်သင့်ဘူး၊ ဒီလောက် အဆင့်ဆင့်တွေ ကပ်စတမ်မာနားလည်အောင် ဘယ်လိုရှင်းပြရပါ့မလဲ ဘာညာပေါ့လေ :)

ဒီလိုနဲ့ အဲ့ဒီအစည်းအဝေးပြီးတဲ့အခါ နာရီဝက်နားပြီး နောက်အစည်းအဝေးတစ်ခု တက်ရပါတယ်။ အဲဒီအစည်းအဝေးကတော့ ထိုင်ဝမ်က ကျွန်မတို့ ရီဂျင်နယ်မန်နေဂျာအမျိုးသားနဲ့ ကျွန်မတို့ နှစ်ယောက်သာ ပါဝင်တဲ့ "ရရန်ရှိစာရင်း တစ်ပတ်စာတိုးတက်မှုအခြေအနေအကြောင်း"စည်းဝေးကြတာပါ။ 

လက်ပတော့ကို ယူသွားပြီး အားလပ်တဲ့အနီးဆုံး Phone booth တစ်ခုမှာ တယ်လီကွန်ဖရန့်စ်နဲ့ ပြောကြတာ ဖြစ်ပါတယ်။ ကျွန်မတို့ တာဝန်ယူထားတဲ့ ကီးအကောင့်တွေကို တစ်ယောက်စီ ရှင်းလင်းပြောပြကြရတာပေါ့။ ထိုင်ဝမ်က ရီဂျင်နယ်မန်နေဂျာအမျိုးသားက သဘောကောင်းပြီး နားလည်မှုအပြည့်ရှိတာမို့ အဲ့ဒီအစည်းအဝေးဟာ အပတ်စဉ်ဖြစ်ပေမယ့် စိတ်ထဲ အနှောင့်အယှက်မဖြစ်ရုံမက သက်တောင့်သက်သာတောင်ရှိလှပါတယ်။

အဲဒီမန်နေဂျာအမျိုးသားဟာ ကျွန်မတို့နှစ်ယောက်ကို ထိုင်ဝမ်ကနေ ဗီဒီယိုနဲ့ အင်တာဗျူးပြီး အလုပ်ခန့်ခဲ့တဲ့ အမျိုးသားပါပဲ။ အင်မတန် အလုပ်ကြိုးစားပြီး ညအတော်နက်တဲ့အထိ Lync မှာ ရှိနေတတ်သူပါ။ အလုပ်ကိစ္စနဲ့ ပြောဆိုဆွေးနွေးနေတာ....လို့ ထင်ပါတယ်။ ဒါကြောင့်လည်း လူပျိုကြီးဖြစ်တာ မဆန်းပါဘူးလို့ ကျွန်မတို့နှစ်ယောက်က သူ့ကွယ်ရာမှာ ဟားကြပါတယ်။ လူကလည်း လူပုံချော၊ အသားအရည်ကလည်း အင်မတန်လှပါတယ်။ အရပ်အမောင်း ကိုယ်လုံးကိုယ်ထည် ပြောစရာမရှိအောင် စတိုင်ကျသူလည်း ဖြစ်တယ်။ စကားပြောပုံကို ကြည့်ပြီး အင်မတန် စိတ်ရင်းရိုးသားရှင်းလင်းတဲ့သူလို့ ခန့်မှန်းမိပါတယ်။ ဘာကြောင့် ကျွန်မသိလဲဆိုတော့ စကန်းအင်တာဗျူးမှာ သူက စင်ကာပူကိုလာပြီး လူတွေ့ လာဗျူးတာမို့ပါ  :)

သူနဲ့ ကျွန်မတို့နှစ်ယောက် တယ်လီကွန်ဖရန့်စ်လိုက်တာ ညနေ ၅နာရီကျော်မှ ပြီးပါတော့တယ်။

မနက် ၇နာရီကျော် အိမ်ကထွက်၊ ရုံးက ၈ခွဲတက်တယ်ဆိုပေမယ့် ၇ခွဲ-၈နာရီလောက်ဆို လူတွေက ရောက်နေကြပါပြီ။ ရောက်တာနဲ့ ဖုန်းပိတ်ပြီး အလုပ်စလုပ်လိုက်ကြတာ ည ၇ခွဲ ၈လောက်အထိ အချိန်ဟာ ဘယ်လိုကုန်သွားမှန်းမသိအောင်ကို မြန်လွန်းလှတယ်။  ကျွန်မအတွက်တော့ သိပ်ကို အဆင်ပြေတာပါ။  ကိုယ့်ကိုယ်ကို အလုပ်ထဲမှာ အဲသလိုစိမ်နေချင်သူမို့ ဒီအလုပ်ကို ကျွန်မက သဘောကျလှတယ်။

အိမ်ပြန်ရောက်တော့ ည ၉နာရီကျော်နေပါပြီ။ မိုးကလေးကလည်း တဖွဲဖွဲရှိတာနဲ့ သီချင်းတစ်ပုဒ်ကောက်ဆိုပြီး ဆောင်းကလောက်မှာ တင်လိုက်သေးတယ်။ ဘာသီချင်းလဲဆိုတာတော့ ပြောပြပါဘူး။  နားထောင်ကြည့်ကြပေါ့ နော် :D

ကျွန်မအလုပ်အကြောင်းချည်း ရေးနေလို့ ဖတ်ရတဲ့သူတွေလည်း ပျင်းလှရော့မယ်။ တကယ်က ကျွန်မလည်း ပျင်းတာနဲ့ ရေးလိုက်တာပါ :)

ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ပင်ပမ်းပင်ပမ်း လူဆိုတာ ကိုယ်လုပ်ချင်တာလေးများ လုပ်နေရရင် ပျော်နေတာပဲ မဟုတ်လားရှင်။  ကျွန်မမိတ်ဆွေတွေအားလုံးလည်း အလုပ်ထဲမှာ နှစ်လို ပျော်ရွှင်သူများ ဖြစ်ကြပါစေလို့....




မောင်နှင့်သူမကြားက အပြာရောင်အလျား

$
0
0


(က)

ရပြီ။  အရောင်ကို မတူကွဲပြားသော အပြာရောင်များသုံးကာ အသွေးအရင့်အနုကိုတော့ ၈၀၊ ၁၅၊ ၅ ရာခိုင်နှုန်းတွေ ထားကြည့်မည်။ အဓိကက  မောင့်မျက်လုံးတွေ။  မောင့်မျက်လုံးတွေကို သူမ မီအောင်ဆွဲနိုင်ပါ့မလား မသေချာ။ ကင်းဗတ်စ်ကို ထောက်တိုင်ပေါ်တင်လျက်က သူမစိတ်ထဲမှာ စီမံတွေးပူနေမိသည်။ ဘာကြောင့်များ သူမအနား မောင် ရှိနေစဉ်မှာ မောင့်ပုံ ဆွဲကြည့်ဖို့ သတိမရတာပါလိမ့်။ သူမခါးပေါ်မှာ အေပရွန်အပိုင်းလေးကို လက်နောက်ပြန် ချည်လျက်က  သူမခေါင်းကို ဖြည်းညင်းစွာ ခါလိုက်မိသည်။ လိုလို့လားကွယ်….။  အဲသည်တုန်းက မောင်ကိုယ်တိုင်က သူမအတွက် သက်ရှိပန်းချီကားတစ်ချပ် လိုလိုလားလားဖြစ်ခဲ့သည်ပဲ။

မောင့်မျက်နှာကို ခဲနှင့်ကောက်ကြောင်း စခြစ်မိစဉ် သူမပါးပြင်ပေါ်မျက်ရည်တို့ တလိမ့်လိမ့်စီးကျလာတော့သည်။  သူမ မသုတ်မိပါ။ မောင့်နဖူးပြင်၊ မောင့်မျက်နှာအကျ၊ မောင့်ပါးရိုးကလေးကအစ သူမ အသေးစိတ်မှတ်မိနေတာ။ ဘယ်လောက်များ နာကျင်ကြေကွဲဖို့ ကောင်းသလဲ….။ မောင့်မေးစေ့သွယ်သွယ်ကို လိုင်းပြေပြေဆွဲစဉ် သူမရင်တစ်ခုလုံး အောင့်လာတာမို့ ဘယ်ဘက်ရင်ညွန့်ကို လက်နှင့်ဖိကပ်ထားမိရသည်။ ရပ်နေရာမှ သူမ ဒူးထောက်ထိုင်ချလိုက်မိသည်။ မျက်နှာကို လက်ဝါးနှစ်ဘက်နှင့်အုပ်မိုးကာ သည်းခိုက်ငိုကြွေးမိချိန် ရင်ဘတ်ထဲက အနာကိုမေ့လျော့ကာ သူမဘဝထဲမှာ မောင့်ကို ပြင်းပြင်းထန်ထန်လိုအပ်သည်ဟု နာနာကျင်ကျင် ဝန်ခံလိုက်မိလေသည်။

(ခ)

ပူလိုက်တာ။  ရာသီဥတုကပဲ တစ်နှစ်ထက် တစ်နှစ် ဆိုးဝါးလာလို့လား၊  သစ်ပင်သစ်တောတွေကပဲ နည်းပါးသည်ထက် နည်းပါးသွားလို့လား။  လူတွေကိုကပဲ သူတို့လူငွေ့တွေနဲ့သူတို့  ပိုပိုပူပြင်းလာလို့များလား။ သူမ မသိနိုင်ပါ။ ပူတာကတော့ အတော့်ကို ပူလောင်လှသည်။  အဲသည်နှစ်တုန်းဆီကရော သူမ ဘယ်လောက်တောင် ပူပြင်းခဲ့ရသလဲ။ ပြန်မတွေးချင်တော့။ အငွေ့ပျံပျောက်ကွယ်သွားရင်မှ သူမ ဝမ်းနည်းမည် မထင်။ အထည်အဖြစ် တည်ရှိနေပါလျက် ကိုယ်တိုင် လောင်စာအဖြစ် ပူပြင်းတောက်လောင်နေရတာက ပိုလို့သာ နာကျင်ဖွယ်။

အင်္ကျီချိတ်မှာ ချိတ်လှမ်းထားသော ရှပ်အင်္ကျီလက်တိုကလေးတစ်ထည်ဆီ အကြည့်တို့ရောက်စဉ် သူမတစ်ကိုယ်လုံး ရိပ်ရိပ်ပေါ့ပါးလျက် ထိုင်နေရာပင် မမြဲချင်တော့။  ပုံလျက်သားလဲချင်ချင်ကနေ ငြင်းဆန်တောင့်တင်းထားမိပြန်သည်။ တင်းမခံနိုင်သော မျက်ရည်တို့ကမူ  ပါးပြင်ပေါ်ကနေ အဆက်မပြတ်စီးဆင်းလျက် လည်တိုင်ကျော့တစ်လျှောက်မှ သူမရင်ညွန့်ထက်ဆီ ဖြတ်သန်းကုန်ကြရာ….၊  တလိမ့်လိမ့်မျက်ရည်စီးကြောင်းတို့၏ အရွေ့အလျား၌ ခံစားသိနေရသည်ပင် ထက်ထက်ရှရှနာကျင်ရသည်မှာ သေလုမျောပါး။  ရင်ညွန့်ဆီက စူးအောင့်လာတိုင်း "ထားခဲ့ရက်တယ်နော် မောင်"ဟု အသံတိတ်ညည်းမိမြဲ။ 

ကြာပြီပဲကွယ်….။ 

သူမ တကယ်ကို မသိခဲ့တာပါ။ သူမနဖူးပေါ် မောင် ဖွဖွနမ်းမွှေးစဉ်  မောင့်ရင်ထဲမှာ ဘယ်သူရှိနေခဲ့သလဲ။ သူမကျောပြင်ကို မောင့်ရင်ခွင်ထဲ ခွေထည့်ထားစဉ် မောင့်နှလုံးသားထဲမှာ ဘယ်သူနေရာယူထားခဲ့သလဲ။ သူမလက်ဖဝါးတွေကို မောင့်လက်တွေထဲ ဆုပ်ကိုင်နွေးထွေးထားစဉ် မောင့်အတွေးတို့နှင့် နွေးထွေးခွင့်ရနေသော မိန်းမသည် ဘယ်သူဖြစ်ခဲ့ပါသလဲ။  သူမဟာ ဒါတွေကိုမှ မသိနိုင်အောင် မောင့်အရိပ်အကဲခတ်ရာတွင် ညံ့ဖျင်းခဲ့သော မိန်းမပါပေ။ သို့မဟုတ်  ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသည်လည်း ဖြစ်နိုင်သည်ပဲ။  သူမအချစ်  သူမမေတ္တာတို့နှင့် မောင့်ကို ချည်နှောင်ထားနိုင်လိမ့်မည်ဟု သူမ ရိုးရိုးကလေး ထင်ခဲ့မိသည်။  တကယ်တော့ ချည်နှောင်ထားသည်ဟု မဆိုသာပါ။ ဖွဲ့စည်းဖြစ်တည်စေခဲ့ခြင်းဟုဆိုလျှင် ရနိုင်မည်။ သူမအချစ် သူမမေတ္တာတို့နှင့် ထုံမွှမ်းသော ထိုဖြစ်တည် ရက်ဖွဲ့မှုတို့မှ မောင် ကျောခိုင်းထွက်ခွာနိုင်မည်မဟုတ်ဟု သူမ လုံးဝ ယုံကြည်နေခဲ့ခြင်းသာ။

(ဂ)

မနက်ခင်းကော်ဖီချိန်များ၏ထုံးစံ  မောင်က ဂျာနယ်တစ်စောင် ဖတ်လျက်၊  သူမက ပြပွဲတင်ရမည့် ပန်းချီကားများ၊  အပ်ထားသည့် ဒီဇိုင်းများအား မျက်စေ့ထဲမှတ်မိနေအောင် ကြေညက်နေအောင် တစိမ့်စိမ့်ကြည့်ကာ လိုအပ်သည်များကို အဖြေထုတ်လျှက်  ဖြတ်သန်းနေကျ။ အဲသည်နေ့ကတော့ မောင်က ဂျာနယ်စာမျက်နှာများဆီ အကြည့်မရောက်ဘဲ အငွေ့သေလုလု ကော်ဖီအပေါ်ယံမျက်နှာပြင်ဆီ အကြည့်တို့ လွှတ်ပို့ထားသည်ဟု သူမ ထင်သည်။  တကယ်တမ်းကျတော့ မောင့်အကြည့်တွေက ကော်ဖီခွက်ပေါ်မှာလည်း မဟုတ်ခဲ့ပါ။ 

သို့သော် မောင် မြင်နေခဲ့မည်မှာ သေချာသည်။ စွဲလန်းစိတ်တို့ခေါ်ဆောင်ရာ ပုံရိပ်ကလေးတစ်ခုဆီ ဖြစ်နိုင်သည်။ လှပသွယ်ပျောင်းသော လက်သည်းနီခြယ်သ လက်လှလှကလေးတစ်စုံဆီလည်း ဖြစ်မည်။  သင်းထုံညှို့ငင်သော ရနံ့ကလေး၏ ခေါ်ဆောင်ရာ၌လည်း ဖြစ်မည်။ ညွတ်နူးအောက်မွေ့ဖွယ်ရာ အတွေ့ကလေးတစ်ခုခုအပေါ်လည်း ဖြစ်ကောင်းဖြစ်မည်။

သူမကတော့ စားပွဲပေါ်က ခေါက်ယပ်တောင်ကလေးကို တဖျတ်ဖျတ်ခတ်ကာ လေပူတို့ကို အန်တုရင်း ပန်းချီကားတွေဆီ မျက်မှောင်ကုတ်ကြည့်နေခိုက်ဖြစ်သည်။ မောင်ဟာ သူ့လက်ချောင်းတွေကို ဘယ်တုန်းကမှ  အချင်းချင်း ဆုတ်နယ်နေကျမဟုတ်ပါဘဲ  ဆုတ်ခြေနေတာကို သူမ သတိထားမိသည်။ ဘယ်လက်ဖဝါးထဲ ညာလက်ကို ထည့်ကာ ဆုတ်ခြေနေတာ။ မောင် ဘာဖြစ်နေတာပါလိမ့်၊ မောင့်ရှေ့က ကော်ဖီခွက်သည်ပင် ပူရာမှ နွေးလုပြီ။ မောင့်နှုတ်ခမ်းတို့ တင်းတင်းစေ့လျက်ကပင် စကားတွေပြောနေသယောင်။ မောင့်ဆီအကြည့်တို့ ဖယ်ခွာကာ သူမရှေ့က ကော်ဖီခွက်ကို သူမပါးစပ်ဖျားအရောက် ယူငင်စဉ်မှာ မောင့်စကားသံကို စတင်ကြားလိုက်ရသည်။

“ကိုယ်တို့ လမ်းခွဲကြပါစို့”

သူမ နားကြားများလွဲလေသလား။ မဖြစ်နိုင်ပါ။ မောင် အတည်ပြောနေကြောင်း ခပ်လွှဲလွှဲမောင့်မျက်ဝန်းများက ဆိုသည်။ သားသမီးမရှိသော အိမ်ထောင်တစ်ခုအတွက် ဆယ်နှစ်ကျော်ကာလသည် လုံလောက်သော ပျင်းရိညည်းငွေ့မှုကို ဖြစ်စေပါသလား။ သူမ ကျန်းမာရေးကောင်းလာသည်အထိ စိတ်လက်ရှည်ရှည် စောင့်ပေးခဲ့သည်ကပင် ကျေးဇူးတင်ဖွယ်။ ပြီးတော့ သူမမှာ စားဝတ်နေအတွက် ကိုယ်ပိုင်ဝင်ငွေကလေးလည်း မှန်မှန်ရှိနေခဲ့ပြီ။ သင်တန်းသား အယောက်နှစ်ဆယ်ခန့်ရှိသော ပန်းချီသင်တန်းကလေးက သူမအတွက် ဝမ်းဝစေရုံထက်ပင် ပိုသေးသည်။ ပြီးတော့ သူမဖွင့်ထားသည့် အမှတ်တရပစ္စည်းအရောင်းဆိုင်လေးမှာ လူငယ်တွေကြား အတော်ပင် ရေပန်းစားအောင်မြင်နေလျှက်ရှိသည်လေ။ သည်တော့ မောင်က ကျန်ရှိနေသေးတဲ့ ဘဝလမ်းကြီးထဲ သူမကို စိတ်ချလက်ချ တစ်ယောက်ထဲ လျှောက်လှမ်းစေတော့မည်ပေါ့။ ဖြစ်ရမည်၊ မောင့်ဆန္ဒအတိုင်း သူမ တစ်ယောက်ထဲ လျှောက်ရဲရမည်ပေ….။

လဲကျသော်မှ အကြိမ်ကြိမ်ထူထရင်း…၊ ဒဏ်ရာများနက်ရှသော်မှ အကြိမ်ကြိမ် လက်ပူတိုက်ရင်း အဖန်ဖန် အားမွေးရှေ့ဆက်ရမည်ပဲ။ ဘဝကြီးသည် သူ့အတိုင်းတိုင်းသာ ဆက်ရှိနေမှာ သေချာသည်။ သူမအနေနှင့် ဘဝကြီးထဲ တည့်မတ်အောင် နေထိုင်ရုံသာ။

မောင် ထွက်သွားသည့်နေ့က မောင်ပိုင်ဆိုင်သမျှ ပစ္စည်း၊ အဝတ်အထည်များအားလုံး သိမ်းယူသွားစဉ် အဝတ်ခြင်းထဲမှာ မလျှော်ရသေးသော မောင့်ရှပ်လက်တိုလေးတစ်ထည် ကျန်ရှိနေခဲ့လေသည်။

(ဃ)

မောင့်ကို လွမ်းဆွတ်ရလွန်းသော ညများမှာ ထိုရှပ်လက်တိုလေးကို ရင်ခွင်ထဲပွေ့ထားမိသည်။ ခါတရံ ကိုယ်ပေါ်မှာ ထပ်ဝတ်ထားမိပြန်သည်။ မောင့်ကိုယ်ငွေ့နှင့်များ နီးကပ်နွေးထွေးစေမလားရယ်လို့ပါ။ 

ထိုရှပ်လက်တိုလေးထဲမှာ မောင့်အသက်ရှုသံတို့ ရှိနေသည်။ ထိုရှပ်လက်တိုလေးထဲမှာ မောင့်စကားသံတို့ ကိန်းနေသည်။ ထိုရှပ်လက်တိုလေးထဲမှာ မောင့်အပြုံးတို့ စွဲနစ်နေသည်။ ထိုရှပ်လက်တိုလေးထဲမှာ မောင့်မျက်ဝန်းအကြည့်တို့ ရှိနေသည်။ မောင့်ကိုယ်နံ့လေးများပင် တခါတခါ ဝေ့လာသယောင် ထင်မိတတ်သေးသည်။ ထိုအခါမျိုးမှာ မောင့်ရှပ်လက်တိုရင်ဘတ်ကလေးသည် သူမမျက်ရည်များနှင့် ရွှဲရွှဲစိုသွားတတ်ပြန်၏။

မည်မျှပင် တော်သော၊ ထက်မြက်သောမိန်းမသားတစ်ယောက်ပင် ဖြစ်လင့်ကစား လင်မရှိသောမိန်းမဟာ မတင့်တယ်လို့ ရှေးစကားရှိသည် မောင်။ တစ်ယောက်ထဲ အားတင်းရှေ့ဆက်နေရာမှ ထိုစကားကို သတိအရမှာ လူက သတ္တိကြောင်ချင်လာပြန်သည်။ အတူတကွ ရှိခဲ့ကြဖူးသည်ဆိုသော အသိက လူကို အရှင်လတ်လတ် သေစေသည်။ ဘယ်လိုလုပ်မလဲကွယ်…။ အနားမှာ မနေပျော်တော့သောသူကို မျက်ရည်ခံထိုးသော်မှ သူ့နှလုံးသားများက သူမထံ အရင်လိုပြန်လည်ရောက်မလာနိုင်ဟု သေချာသိနေခြင်းမှာ သူမကုသိုလ်ဆိုးလွန်းတာပင် ဖြစ်မည်။ သိသိကြီးနှင့် မျှော်လင့်မိုက်မဲမိနေခြင်းက အဆုံး၌ ဆိုးဝါးခံခက်သော ဝေဒနာဆီသာ ဦးတည်မြဲပေ။

“ကိုယ် သူ့ကို သိပ်ချစ်တယ်”

သည့်ထက်ပိုပြီး သူမအား နာကျင်စေသောစကား ရှိပါဦးမလား မောင်။ မောင့်နှုတ်ထွက်စကားတို့ကို အပြန်ပြန်ကြားယောင်လျှက် အကြိမ်ကြိမ် သေဆုံးခဲ့ရသည်များ များလှပြီ။ သူမ မေ့ချင်လျက်က မေ့မရ။ ပိုလို့သာ တိုးဝှေ့လို့ သူမရင်ကို ဖြတ်သန်းစီးဆင်းနေကြပြန်သည်။ အချစ်ဆိုသည်ကို သူမ မယုံကြည်တော့။ မောင့်ကို အိပ်မက်တွေ ဆက်တိုက်မက်နေဖြစ်သော ညညတွေဆို မိုးလင်းတဲ့အခါ မောင်များ သူမကို သတိရနေလို့လားဆိုသော အတွေးမျိုး မတွေးမိအောင်ကြိုးစားနေရသည်မှာ သူမအတွက် ထွက်ပေါက်မဲ့လွန်းသည်။

ကြာလာသော် တစ်ယောက်ထဲသော အစွန့်ပစ်ခံမိန်းမသားဘဝမှာ ကူညီစာနာယောင်မျက်ဝန်းတွေနောက်က တွန်းချချင်စိတ်တွေကို မြင်အောင်ကြည့်ရသည်ကပင် စိမ်ခေါ်မှုတစ်ရပ်လိုလို။ ထိုစိမ်ခေါ်မှုများအကြားမှာ ပိုမိုမာကျောလာသလို၊ သူမ နေပျော်လာသလိုလို ထင်မိသည်။ တကယ်တော့ သူမဟာ အပေါ်ယံအေးခဲတင်းမာ နေသော အငွေ့သေလက်ဘက်ရည်တစ်ခွက်၏ ဟန်ဆောင်လိုမှုမျိုးနှင့် ဖြစ်တည်နေခြင်းမျှသာ။

မောင်ထားခဲ့သည့်အစပိုင်းတွေမှာတော့ မနက်ခင်းကော်ဖီချိန်မှာပင် ယောင်နနနှင့် ခါတိုင်းလို မတ်ခွက်နှစ်ခွက်ထဲကို ကော်ဖီရည်တွေဖြည့်ရဦးမည် ထင်တတ်သည်။ မုန့်အစအနလေးများ ပေနေတတ်သော မောင့်နှုတ်ခမ်းကို တစ်ရှူးစနှင့် တို့သုတ်ပေးဖို့ တစ်ရှူးစကိုင်လက်က လေထဲ မြောက်တက်ပြီးကာမှ ပြန်ချလိုက်ရသည်လည်း ရှိသည်။ ဖတ်သူမဲ့သော ဂျာနယ်တွေကို စားပွဲပေါ်မှာ သည်အတိုင်းအပုံလိုက်မှ မောင်ပြန်လာရင်ဖတ်ဖို့ဟု စီရီတင်နေတတ်သေးသည်။
ခုတော့ တကယ့်လက်ရှိဘဝကို သူမ လက်ခံလာတတ်ခဲ့ပြီ။ မောင် သူမအနားမှာ ရှိမနေတော့….သူမ ဒါကို ကြေကွဲခေါင်းငုံ့စွာနှင့် လက်ခံရမည်ပေ။

သည်နေ့တော့ နားရက်မို့ ဆွဲလက်စ မောင့်ပုံတူကို ဆက်မည် စိတ်ကူးလျက် ကော်ဖီစားပွဲမှ အလျင်စလိုထသည်။ ပန်းချီခန်းကို တန်းတန်းမတ်မတ်ဝင်၍ အပေါ်ဝတ်ရုံ အေပရွန်စကို ခါးမှာချည်လိုက်သည်။ ကားပေါ်မှ ပိုးစအဖြူကို ဖယ်ရှားစဉ်မှာ ပန်းချီကားထဲက မောင့်မျက်ဝန်းတွေကို သူမ စိတ်နှစ်ကာ စိုက်ကနဲ ခပ်ကြာကြာကြည့်လိုက်မိသည်။  မဟုတ်သေးပါဘူး၊ ဒါ မောင့်မျက်လုံးတွေမှ မဟုတ်တာပဲ။ မျက်လုံးတွေဟာ သိပ်ကို ရွှင်လွန်းနေသလိုပဲ။ မောင်က…၊   မောင့်မျက်ဝန်းတွေက အဲသည်လောက်မှ လင်းမနေတာ….။

သည်ကားကို သူမက မိုနိုခရုမ်းနှင့်ရေးထားခြင်းဖြစ်သည်။ တစ်ကားလုံးမှာ မတူကွဲပြားသော အပြာရောင်များကိုသာ သုံးထားသည်။ နောက်ခံနက်ပြာရင့်ရင့်ပေါ်မှာ မောင့်ပါးပြင်တွေက ပြာလဲ့လဲ့၊  မောင့်မျက်ဝန်းတွေက ကြည်စင်နေသော အပြာပျော့ပျော့၊ မျက်ခုံးတွေကိုတော့ မဲနယ်ပြာမှိုင်းမှိုင်းကို သုံးထားသည်။ မျက်ဝန်းများကို အရောင်နုဖျော့ပေးခြင်းဖြင့် တစ်ကားလုံးမှာ မျက်ဝန်းကလေးတွေက ဖျတ်ကနဲ ရှေ့ရောက်လာကာ ကြွလို့နေသည်။ မောင့်နှုတ်ခမ်းများမှာ ပြုံးမနေကြပါ။ မျက်ဝန်းများ….ဘာကြောင့် အဲသည်လောက်တောင် ပြုံးနေရတာပါလိမ့်၊ ဒါ မောင်မှ မဟုတ်တာ။ သူမ နောက်တစ်ခေါက် ပြင်ရဦးမည်။ ဒါပါနှင့်ဆို မောင့်မျက်ဝန်းတွေကို ပြင်ရတာ တတိယအကြိမ်ရှိပြီ။ ခုထိ မောင့်မျက်ဝန်းတွေက တစုံတယောက်မျက်ဝန်းများဖြစ်လို့ နေသေးသည်။

သူမ ဘာကြောင့် အဲသည်လောက်ညံ့ရတာပါလိမ့်။ သူမနှင့် အချိန်အတော်ကြာ နှစ်အတန်ကြာတစ်မိုးတည်း အောက်မှာ နေခဲ့သော ယောကျာ်းတစ်ယောက်ကိုမှ သူမစုတ်ချက်တွေက တူအောင် ဖမ်းဆုပ်ခြင်းမပြုနိုင်။ စိတ်ပျက်လက်ပျက်နှင့် မောင့်ဆံပင်ကောက်ကြောင်းလေးများကိုသာ အလိုက်သင့် ဆေးအထပ်ထပ်ခြယ်နေမိသည်။ နက်ပြာရောင်အပေါ်မှာ ခဲသားပြာရောင်လှိုင်းကလေးတွေ….။

“ဆံပင်သွားညှပ်မယ်ကွာ၊ မောင် ဘယ်ဆံပင်ပုံနဲ့လိုက်လဲဟင်”

နောက်တောက်တောက်မျက်နှာပေးနှင့် နာမည်ကြီးမင်းသားပုံတွေကို ထိုးပြကာ မေးနေသော မောင်။ သူမ နားထဲ ဝေ့ကနဲလေတိုးလိုက်သံလို၊  မောင်ပဲ အနားကပ်ပြောလိုက်သလိုလို….။ မောင့်အသံမှ မောင့်အသံစစ်စစ်။ သူမနားတွေကို လက်နှစ်ဘက်နှင့် ယောင်ယမ်းကာ ပိတ်ထားလိုက်မိသည်။

စုတ်တံကို ရေခွက်ထဲပစ်ချခဲ့ကာ သူမမျက်နှာကို လက်ဖဝါးနှစ်ဘက်ထဲထည့် ငိုမိတော့သည်။ မလာပါနဲ့ မောင်ရဲ့၊ မလာပါနဲ့တော့၊  သူမအနားကို ဘယ်တော့မှ စိတ်ကလေးနဲ့တောင် မလာခဲ့ပါနဲ့။ သည့်ထက်ပိုပြီး သူမ မခံစားနိုင်၊ မနာကျင်နိုင်တော့လို့ပါ။

မောင့်ရှပ်လက်တိုလေးကို ချိတ်မှဖြုတ်ယူလိုက်ပြီး ရင်၌အပ်ကာ သူမ ငိုရှိုက်မိပြန်လေသည်။

(င)

သူမ ကြားပါသည်။ မောင့်အမျိုးသမီး သားဦးကလေး မွေးတဲ့အကြောင်း၊ ငယ်ရွယ်လှပသော မိန်းကလေးက မောင့်ကို နိုင်စားကြောင်း၊ မောင့်လုပ်ငန်းတွေ အောင်မြင်မှု ကျဆင်းလာကြောင်းတွေပေါ့။  မောင် သူမထံက ထွက်သွားပြီး ခြောက်လအကြာမှာ သားဦးကလေးမွေးသည်ဆိုတဲ့ သတင်းကြားတုန်းက တာဝန်ယူတတ်သော ယောကျာ်းတစ်ယောက်အဖြစ် မောင့်အပေါ် (နာကျင်လျက်ကပင်) ဂုဏ်ယူရမည်လား သူမ မဝေခွဲတတ်ခဲ့။ မောင့်အကြောင်းသတင်းကောင်း၌ ဂုဏ်ယူလေ့သော သူမက မောင့်သတင်းဆိုးတို့အကြားမှာ ဝမ်းနည်းမျက်ရည်ကျမိသည်အထိ မောင်နှင့် တစ်သားထဲ ရှိမြဲပေ။ လက်ရှိမှာ တစ်ပါးသူ၏ခင်ပွန်းသည်ဟူသော သိစိတ်နှင့်ဆင်ခြင်တုံတရားတို့ ရှိလျက် စည်းထူထူတားထားသော အခြားတစ်ဘက်မှာမူ မောင့်အတက်အကျတို့က သူမစိတ်အတက်အကျသာ ဖြစ်ခဲ့လေသည်။

သုံးနှစ်ဆိုသောအချိန်သည် မောင်နှင့်ဝေးကွာချိန်အတွင်း သူမတစ်ယောက်ထဲ ရပ်တည်ရှင်သန်နေရမှုများအတွက် ကြာနိုင်လွန်းသလောက်၊ မောင်နှင့်သူမကို ပြတ်ပြတ်သားသားစည်းခြားပေးတော့မည့် ကာလတစ်ခုလည်း ဖြစ်သည်ဆိုသည့် အတွက်တော့ မြန်လွန်းလှသည် ထင်မိ၏။ တကယ်ပင် အချိန်ကာလတို့က ရပ်မနေ။ သုံးနှစ်ဆိုသောအချိန်သည် မောင်နှင့်သူမတို့ကို သူစိမ်းတွေဟု စည်းတားပေးရန် ပြတ်ပြတ်သားသားရောက်လာခဲ့ပြီ။

(စ)

အရှုံးကို ကိုယ်တိုင်ကိုယ်ကျ သက်သေပြုရန် သူမ သည်နေ့ မောင့်ရုံးကို လာခဲ့ရသည်။ သုံးနှစ်ဆိုသောအချိန်သည် မြန်ဆန်လွန်းလှသည်။ ခုတော့ လူနှစ်ယောက်၏ချည်နှောင်မှုတစ်ခုကို စာရွက်တစ်ရွက်ပေါ် လက်မှတ်ကလေးချထိုးရုံမျှဖြင့် တစ်သီးတစ်ခြားစီဟု ဖြည်ပေးလိုက်ကြတော့မည်။ ထိုစီရင်ချက်တစ်ခုကို သည်နေ့ သူမ ပြုလုပ်ရတော့မှာ။ တကယ်ဆို နှလုံးသားအလိုနှင့် ဆန့်ကျင်စွာ….။ သို့သော် ဘယ်သူက သိမှာလဲ၊ သူမ အစွမ်းကုန် ပြုံးထားရမည်။ အတတ်နိုင်ဆုံး သူမ လှနေအောင် ပြင်ဆင်သည်။ မချစ်မကြင်လိုသူက ထားပစ်ခဲ့ရက်သော မိန်းမတစ်ယောက်အဖြစ် လဲကျရှုံးနိမ့်ဟန် တစ်စတစ်လေမှ မရှိစေရ။

အတတ်နိုင်ဆုံး မောင့်အကြိုက်ဟု သူမသိထားခဲ့သည်တို့မှ ရှောင်ကြဉ်ဝတ်စားသည်။  မောင်မုန်းသော အစိမ်းရင့်ရင့်ကို ဝတ်ဆင်သည်။  မောင်မုန်းသော လက်ရှည်အင်္ကျီကိုဝတ်ကာ ဆံပင်ရှည်တို့ကို ခပ်မြင့်မြင့် စည်းနှောင်သည်။ ပန်းပန်မထား။ မောင့်လိုင်စင်ဓါတ်ပုံကလေးကို သူမပိုက်ဆံအိတ်ထဲရှိ ဝင်းဒိုးအကြည်နေရာကနေ ကဒ်တစ်ချို့ထည့်ထားသော အကန့်ထဲ ပြောင်းထည့်သည်။ သူမ၏ လွမ်းမက်မှုသက်သေအဖြစ် မတော်တဆကလေးတောင်မှ မောင် မမြင်စေလို။

(ဆ)

မောင်က သူ့ရုံးခန်းထဲမှာ ဖုန်းပြောလျက်ရှိနေသည်ကို ပိတ်ထားသောတံခါးအပေါ်ပိုင်း၏ မှန်ချပ်တပ်ပြတင်းလေးက တစ်ဆင့် သူမ လှမ်းမြင်နေရသည်။ စာချုပ်ချုပ်ပေးမည့် ရှေ့နေကြီးက မျက်နှာကို အတတ်နိုင်ဆုံး မပျော်ရွှင်လေဟန်ထားကာ သူမကို နှုတ်ဆက်သည်။ သူမက လိုအပ်သည်ထက်ပို၍ မပြုံးမိအောင်နေသည်။ ခဏနေတော့ မောင်က သူ့ရုံးခန်းထဲမှ ထွက်လာကာ အခန်းငယ်ကလေးထဲ သူမတို့နှစ်ယောက်ကို ဦးဆောင်ခေါ်သွားလေသည်။ နေကောင်းရဲ့လားဟုပင် မမေးပါ။ ဒါသည်ပင် မောင်ဖြစ်သည်။ စိတ်ထဲကမပါဘဲ ဘယ်တော့မှ ဟန်မဆောင်။

အခန်းတံခါးကို ဖွင့်လိုက်စဉ်မှာပင် သူမမျက်နှာပျက်ယွင်းကာ တစ်ကိုယ်လုံးရှိသွေးများ ရပ်တန့်သွားတော့မလား ထင်လိုက်မိ၏။ သူမ မောင့်မျက်နှာကို ဖျတ်ကနဲ ကြည့်လိုက်မိတော့ မောင်က မျက်တောင်စင်းစင်းတို့ကို မှေးချကာ တမင်ရည်ရွယ်ဟန်ကို သိုဝှက်သိမ်းဆည်းသည်။ စားပွဲပေါ်မှာက သူမ သိပ်ကိုရင်းနှီးနေခဲ့သော ပန်းပွင့်ကလေးများ။ အပွင့်ဖြူဖြူ ရိုးတံစိမ်းစိမ်းတို့က အရင်ကလို လှပခမ်းနားနေမြဲ။ ပန်းကလေးတွေကို အခက်လိုက်ချိုးထားတာမဟုတ်ဘဲ အပွင့်ကလေးတွေအတိုင်း အပြာရောင်ကြွေပန်းအိုးပက်လက်ကလေးထဲ ကြဲပက်ထည့်ထားခြင်းပင်။ သူမ မျက်နှာကို အတတ်နိုင်ဆုံး ပြန်လည် ပြင်ဆင်ချိုမြသည်။ ဘာတစ်ခုမှ ထူးခြားခံစားမှု မရှိလေဟန်။

အခန်းထောင့်က စားပွဲပေါ်မှာ မောင့်မိသားစုပုံဟု ထင်ရသော ပုံကလေးတစ်ပုံကို အနက်ရောင်ဘောင်နှင့် တင်ထားသည်ကိုလည်း တွေ့ရသည်။ သူမ သေချာမကြည့်မိအောင် တမင်နေသည်။ ခုပင် သူမ နှစ်သက်ရသော၊ မောင်နှင့်သူမတို့၏ အတိတ်ကို ထဲထဲဝင်ဝင်ခမ်းနားစေခဲ့သော ပန်းရနံ့တို့နှင့် သူမ သေလုလုရှိပြီ။

မောင် စာချုပ်ပေါ် လက်မှတ်ရေးထိုးစဉ် နှုတ်ခမ်းအတွင်းသားကိုကိုက်ကာ မျက်ရည်တို့ကို သူမ ထိန်းသည်။ ဘယ်တော့မှ မငိုဘူး၊ အထူးသဖြင့်  မောင့်ရှေ့မှာ၊  ထားသွားရက်စက်ခဲ့သူရဲ့ ရှေ့မှာ။ “အားလုံး အချက်အလက်တွေ မှန်ပါတယ်နော်၊  မှတ်ပုံတင်နံပါတ်တွေ စစ်ကြည့်ပါဦး”ဟု ရှေ့နေကြီးက ဆိုတော့ သူမ ပိုက်ဆံအိတ်ထဲက မှတ်ပုံတင်ကို ယောင်နနနှင့် အထုတ်မှာ…..။  သူမ ထင်မှတ်မထားခဲ့သော ရက်စက်မှုတစ်ခုက သူမကို အသေသတ်ခဲ့လေသည်။

သူ့ခြေဖမိုးနား ဖျတ်ကနဲကျသွားသော လိုင်စင်ပုံကလေးကို မောင်က မကြည့်ဖြစ်အောင်ထိန်းရင်း ကျသွားတဲ့အတိုင်း မှောက်လျက်အနေအထားနှင့်ပင် သူမလက်ထဲ လှမ်းပေးသည်။ ပိုဆိုးသည်။ ဓါတ်ပုံနောက်ကျောမှာ မင်းစစ်သွေးဆိုတဲ့ မောင့်နာမည်ကို ဓါတ်ပုံဆိုင်က အင်္ဂလိပ်လိုရေးထားခဲ့သည့် စာလုံးတို့ အထင်အရှားရှိနေသည်။  သူမ သေပြီ။
ထိန်းထားလျက်က တစ်ကိုယ်လုံး တောင့်တင်းကာ အခန်း၏ တိတ်ဆိတ်မှုက ခုမှပင် သူမကို ပိုလို့တုန်ခိုက်စေသလို....။
ခုချိန်ထိ မောင်နှင့်သူမက တစ်ယောက်ကို တစ်ယောက် မျက်ဝန်းတွေထဲထိမကြည့်ကြကြေးဟု ကတိထားခဲ့ကြသူတွေလို အပေါ်ယံရှပ်ကြည့်နေသော မျက်ဝန်းတွေကိုယ်စီနှင့် ဖြစ်သည်။

သူမ လက်မှတ်ရေးအထိုးမှာ တုန်နေသည့်လက်တွေကို မောင်ကြည့်နေသည်ဟု သူမ ခံစားသိနှင့် သိနေသည်။ ထိုးနေကျလက်မှတ်က အသတ်ကလေးမှာ တွန့်ဖြစ်အောင် တွန့်သွားသေးတော့ သူမ အနေခက်ရပြန်သည်။

သူမတို့ တကယ်ပဲ သူစိမ်းတွေ ဖြစ်သွားကြပြီတဲ့ မောင်ရယ်….

ထိန်းထားသည့်ကြားမှ သူမပါးပြင်ပေါ် မျက်ရည်တို့ ပေါက်ကနဲအကျမှာ မောင့်ကို ရုတ်တရက် သူမ ငေးကနဲကြည့်မိပြန်သည်။  အို… မောင့်မျက်ဝန်းတွေ၊  မောင့်မျက်ဝန်းတွေက အရောင်ပြောင်းလို့နေသည်။ ကြေကွဲရိပ်တို့နှင့် မောင် အိုစာသွားသလို သူမ ထင်သည်။ မောင့်မျက်ဝန်းတွေ….၊  ဆွေးညှို့နေတဲ့ မောင့်မျက်ဝန်းတွေ…။ အဲဒါ မောင်ပဲ။  အဲဒါ မောင်ပဲလေ….။ သူမ မောင့်မျက်ဝန်းတွေကို စိတ်နှင့် အဖန်ဖန် ဖတ်ရှု့မှတ်သားလိုက်သည်။  သူမပင် မသိနိုင်ခင်မှာ သူမလက်တွေက ပန်းကလေးတစ်ပွင့်ကို ကောက်ယူပြီး ဖြစ်သည်။

“ကျွန်မ ပန်းကလေးတစ်ပွင့်လောက် ယူသွားချင်လို့”

သူမနှုတ်ထွက်စကားတို့က မိုက်မဲစွာ၊ ရူးသွပ်စွာ သူမနှုတ်မှ အသိမဲ့ စီးကျသည်။  အခါများစွာကလိုပါပဲ၊ သူမဟာ မောင့်အပေါ်မှာ ရှုံးနိမ့်နေကျ။ ခုတစ်ကြိမ်ကတော့ဖြင့် သူမဟာ မောင့်အတွက် သေပေးခဲ့ပြီ။ သူမ သိပ်ကို လဲကျရှုံးနိမ့်ခဲ့သည်ပဲ။  မောင့်မျက်ဝန်းတွေအရတော့ မောင်လည်း အောင်နိုင်သူ မဟုတ်ဟု သူမ သိသည်။ သူမတို့ အတူတကွ ရှုံးနိမ့်ခဲ့ကြသလားဟင်….။  အို ဘာပဲဖြစ်ဖြစ်  မောင့်အရှုံးသည် သူမအရှုံးလည်းဖြစ်သည်။

မောင် ပျော်နေမှာပါဟု သူမ ထင်သည်။

(အဆုံး)

သည်ညတော့ မောင့်ပုံကို သူမ အဆုံးသတ်ဖြစ်သည်။ မောင့်မျက်ဝန်းတွေကို စိတ်ထဲကနေ ပြန်ထုတ်ယူလျက် အမိအရဖမ်းဆုတ်ရေးဆွဲဖြစ်ခဲ့သည်။ အပြာရောင်….ဆွေးညှို့နေသော မောင့်မျက်ဝန်းတွေက အပြာရောင်ညို့လျက်….။ သေချာသည်။  ဒါမှ မောင်အစစ်။ သူမရှေ့မှာ စိတ်ကြေနပ်စွာ ပြီးစီးသွားသော မောင့်ပုံတူ ပန်းချီကားတစ်ချပ်။  

သူမ ပြုံးသည်။ သူမ မျက်ရည်ကျသည်။

သူမမျက်ရည်တွေက အပြာရောင်…..



ကျွန်မ၏ နှလုံးသားများအကြောင်း - ၂

$
0
0
ကျွန်မ ပြောခဲ့ပြီးပါပြီ။  ပန်းချီဆွဲခြင်းကို ဝါသနာပါသူ ကျွန်မအတွက် ပန်းချီကားတွေဟာ ကျွန်မရဲ့ နှလုံးသားတွေပါ  လို့.....။

ပန်းချီကို ချစ်တဲ့စိတ်နဲ့သာ ဆွဲထားတာဖြစ်ပြီး ပန်းချီပညာနဲ့ ပတ်သက်လို့ ကျွန်မ အသေအချာ မသိကြောင်း ဦးစွာဝန်ခံပါရစေ။

ခုလည်း အခါအားလျော်စွာ ဆွဲဖြစ်ခဲ့တဲ့ ပုံလေးတွေကို အမှတ်တရ ဘလော့ဂ်ပေါ်မှာ သိမ်းဆည်းဖြစ်ပြန်ပါတယ်။  ဒီတစ်ခါတော့ ပန်းကလေးတွေချည်းပဲ သိမ်းပါမယ်။

သစ္စာပန်းတွေရဲ့အရောင် သစ္စာပန်းတွေရဲ့ အသွေး

၁၁" X ၁၅" - watercolour on paper

သစ္စာဆိုတာ စာလုံးလေး နှစ်လုံးထဲရယ်......ဒါပေမယ့်....


ဝါရွှေဝါသွေး

ဒီပုံကိုတော့ ကျွန်မက ကွန်ပြူတာထဲက artrage ဆိုတဲ့ ဆော့ဖ်ဝဲနဲ့ လက်ပတော့ပေါ်မှာ ဆွဲထားခဲ့တာပါ။ စိတ်ရဲ့အမှတ်ဟာ သိပ်ကို ကြောက်စရာကောင်းတာ အဲ့ဒီမှာ ကျွန်မ ကောင်းကောင်းကြီး သိသွားခဲ့တယ်။ ပိတောက်အစစ်တွေနဲ့ ဝေးနေတဲ့ ကျွန်မ၊ ဓါတ်ပုံကိုကြည့်ဆွဲလိုက်တဲ့အခါ ထွက်လာတဲ့ ပုံက ပိတောက်ပန်းအစစ်တွေ မဟုတ်ဘဲ ပိတောက်ပန်းခြောက်တွေသာ ဖြစ်နေခဲ့တယ်။ ဟုတ်တယ် ပိတောက်အစစ်တွေက ကျွန်မနဲ့ မရင်းနှီးတာ ကြာခဲ့ပြီဘဲကိုး.....


လီလီဟု ခေါ်ပါ

၁၁" X ၁၅" - watercolour on paper

ဒီပုံကတော့ လီလီပန်းတစ်ပွင့်ရဲ့ ပွင့်ချပ်တွေကို ဆွဲထားခြင်းပါ။  မတူထူးခြားချင်တဲ့ ကျွန်မရဲ့ ပင်ကိုယ်စိတ်ကြောင့် ပွင့်ချပ်တစ်ခုကို မီးခိုးရောင်ခွဲထွက်ထားပါတယ်။ အားလုံးနဲ့ ကျွန်မ အကြိုက်ချင်း တူချင်မှ တူနိုင်မှာပါ.....



ပေါ်ပီများ

၁၁" X ၈" - watercolour on paper 


ဆွဲဆောင်မှုအပြည့်နဲ့ သိပ်လှတယ်.....
ငြိသွားရင် ရုန်းထွက်ဖို့ ခက်ခဲတယ်.....
ေေေေ
သေလောက်တယ်....
တကယ်တော့ ကျွန်မ ဒီပန်းချီကားကို "အချစ်"လို့ နာမည်ပေးချင်တယ်.....



 စိတ်ကူးရောင်စုံ

၁၁" X ၁၅" - watercolour on paper

ဒီကားကိုတော့ ကျွန်မ ဖဘမှာ တင်တင်ချင်း ကျွန်မညီမလေးတွေ  လာလုကြတာ မှတ်မိတယ်ရှင့်။
မိန်းကလေးတွေဆိုတော့လည်း ပန်းကြိုက်တာ သဘာဝပေါ့နော်။  တကယ်ဆို ကျွန်မက ပန်းမကြိုက်တတ်တဲ့သူ။ ဆွဲလို့သာ ဆွဲဖြစ်နေတာ။ :)



ဒီလောက်ပါပဲ။ ဆွဲဖြစ်တဲ့ပုံလေးတွေ ရှိပါသေးတယ်။  စိတ်ကူးတည့်ရာပေါ့။ ပေါ့ထရိတ်တွေ ဆွဲထားတာ ရှိတယ်။  ကာယကံရှင်တွေ ခွင့်ပြုရင် တင်ပေးပါမယ်  :)

ကျွန်မမိတ်ဆွေများအားလုံး အရောင်တွေနဲ့ ချစ်ကျွမ်းဝင်နိုင်ကြပါစေ.....




ချစ် + ပိုင် ခွင့်

$
0
0


“ဖေဖေ သား  ပြောစရာရှိလို့”

“အေး ဘာပြောမှာလဲသား၊ ပြောလေကွာ”

သား လင်းရောင်ဏီက သူ့အမေတူသူ၊ မြုံစေ့စေ့ အေးစက်စက်နှင့်၊ မလိုအပ်လျှင် ပြောလိုသောစကားကို မျက်လုံးအကြည့်၊ မျက်နှာအမူအယာလောက်နှင့်သာ တစ်ဘက်လူကို သိစေတတ်သူ။ ပေါ့ပေါ့ပါးပါးစကားမျိုးကတော့ သားအဖနှစ်ယောက်ကြား ဘာအခံမှမလိုဘဲ ပြောနေကျမို့ ခုလို သားက ကျွန်တော်နှင့်စကားပြောရန် ပလ္လင်ခံလာခဲ့ပြီဆိုတော့ ဒါဟာ တော်တန်ရုံစကား မဟုတ်နိုင်ပါ။

တနင်္လာ-သောကြာလိုနေ့များမှာ သားအဖနှစ်ယောက်လုံး အဆင်ပြေသလို ကြုံသလို ညစာစားတတ်ခဲ့ကြပေမဲ့ အလုပ်ပိတ်ရက် စနေ-တနင်္ဂနွေတွေမှာတော့ မီးဖိုချောင်အတူဝင်ကာ ချက်ပြုတ်စားသောက်တတ်ကြမြဲမို့ အိမ်မှာ အတူရှိနေတတ်ကြတာများပါသည်။ သည်တော့ သားနှင့်ကျွန်တော့်အကြား ရင်းနှီးမှုက သားနှင့်အဖေဆိုတာထက် အများကြီးပိုလွန်ပါသည်။

သားက အတန်ကြာနှုတ်ဆိတ်နေပြီးမှ ဆုံးဖြတ်ပြီးဟန်နှင့် (စိတ်လှုပ်ရှားပုံ တစ်စက်ကလေးမှမပြဘဲ) ပြောလိုသော စကားကို တောက်လျှောက်ပြောချလိုက်လေသည်။

“သားကို မိန်းမလိုက်တောင်းပေးပါ ဖေဖေ”

“ဟေ”

မျက်ခုံးများမြင့်တက်လျှက် အံ့သြမှုအပြည့်ကျွန်တော့်မျက်နှာကို သားက မျှော်လင့်ထားပြီးဖြစ်သောပုံမျိုးနှင့်သာ တုန့်ပြန်လေသည်။

“ဟ ငါ့သားရာ ဒီခေတ်ကြီးထဲမှာ သားကို ဖေဖေက မိန်းမလိုက်တောင်းပေးနေဖို့ လိုသေးလို့လားကွာ၊ နေပါဦး၊ သားဆိုလိုချင်တာက သားတို့လူငယ်ချင်း အဆင်ပြေနေပြီ၊ ဖေဖေက မိဘချင်း လိုက်နားဖောက်ပေးဖို့  အဲလိုလား”

“မဟုတ်ဘူး ဖေဖေ၊ သူ သားကို ပြန်မဖြေသေးဘူး၊ မိဘသဘောကျရင်တော့ သူ လက်ခံပါမယ် တဲ့”

“ဟေ”

ကျွန်တော့်နောက်တစ်ကြိမ် “ဟေ”မှာတော့ သားမျက်နှာက အနည်းငယ်နီချင်လာလျှက် စိတ်အလှုပ်အရှားစွက်သော သားလက်ချောင်းလေးတွေက ကုလားထိုင်လက်တင်ပေါ် တီးခတ်နေဟန် ကွေးလှုပ်လို့နေခဲ့သည်။

သားရဲ့ခေါင်းကို ကျွန်တော့်လက်ဝါးဖြင့်သာသာအုပ်ကိုင်လျှက် ကြင်နာစွာကြည့်မိတော့ သားမျက်ဝန်းတို့က စိုလက်လာ သယောင်ရှိလေ၏။ တစ်ချိန်တည်းမှာပင် လွန်ခဲ့သောနှစ်ပေါင်းသုံးဆယ်ခန့်က မင်းကျော်စွာဆိုသော လူငယ်ကလေးကို မျက်စေ့ထဲပြန်မြင်ကာ ကျွန်တော့်နှုတ်ခမ်းမှစကားတို့ သားအတွက် တရစပ်ထွက်ကျ စီးဆင်းလာခဲ့လေတော့သည်။

@@@@@@@@@@@@@@@

အဖြစ်အပျက်အားလုံးတို့သည် မင်းကျော်စွာက နိုင်လဲ့ရည်ကို မြင်မြင်ချင်းမေတ္တာသက်ဝင်ခဲ့မိရာကစသည်ဟု ပြောရမည် ထင်ပါသည်။

သူ ဘာကိုမှ မတွေးနိုင်တော့ပါ။ နိုင်လဲ့ရည်ကို သူ ဘယ်လိုနည်းနဲ့မှ အဆုံးရှုံး မခံနိုင်။ နိုင်လဲ့ရည်မိဘများထံမှာ တောင်းရမ်းပေးဖို့ ကိုသာ သူ့မိဘများကို တွင်တွင်ပူဆာမိတော့၏။ မငြင်းနိုင်သော အကြောင်းတရားများစွာတို့ကြောင့် သူ့မိဘများ၏ကမ်းလှမ်းချက်ကို နိုင်လဲ့ရည်မိဘများက လက်ခံလိုက်ပြီးချိန်တွင်မူ သူ့ဘဝတစ်ခုလုံး အရာရာပြီးပြည့်စုံလေပြီဟု သူ နှစ်လိုအားရ ပျော်ရွှင်ခဲ့လေသည်။ တကယ်လည်း သူ ပျော်ရွှင်ခဲ့ရပါသည်။ သူချစ်မြတ်နိုးလှသော နိုင်လဲ့ရည် သူ့အနားမှာ အစဉ်ရှိနေခြင်းကပင် သူ့အတွက် အရာရာကုံလုံစွာ။

နိုင်လဲ့ရည်သည် မချက်တတ်မပြုတ်တတ်သော မိန်းကလေး၊ မိဘမျက်စေ့အောက်မှာ ကလေးလို နေထိုင်ကြီးပြင်းလာရသော မိန်းကလေးဖြစ်သည်မို့လား မသိ၊ အိမ်ထောင့်တာဝန်များကို ဘာမှ မလုပ်မကိုင်တတ်ခဲ့။ ကိစ္စမရှိပါ၊ သူ့အတွက်တော့ သူ့အနားမှာ နိုင်လဲ့ရည်ရှိနေလျှင် လုံလောက်ပြီ။

အခါများစွာပင် သူအလုပ်ကပြန်လာမှ နှစ်ယောက်သားအတူ မီးဖိုချောင်ဝင်၊ ချက်ပြုတ်ကြရသည်။ ငါးမကိုင်တတ်သော နိုင်လဲ့ရည်တစ်ယောက် ငါးတစ်ကောင်နှင့် ထိုင်ငိုမတတ်ဖြစ်နေသည်ကို သူ့မှာ ကြည့်ရင်းက ရယ်လည်းရယ်ချင်၊ သနားလည်း သနားကာ သူကိုယ်တိုင်ပဲ ငါးကို ခုတ်ပိုင်း၊ ဆား ဆနွင်း ငံပြာရည်နယ်လျှက် ဆီသတ်ချက်ပြုတ်ပြရတတ်လေသည်။

အဝတ်အထည်များကို စက်ထဲလုံးထွေးထည့်လျှော်မိ၍ အရောင်စွန်းသွားသောသူ့ရှပ်အဖြူများကြောင့် မကြာခဏ ကြေကွဲခဲ့ရ၊ မီးအေးအေးနှင့်တိုက်ရမည့် အထည်စတို့ကို မီးပြင်းနှင့်တိုက်မိသောကြောင့် မီးပူကပ်သွားသည့်အတွက် သူ့မှာ နှမျောလွန်းရခဲ့ဖူးသည်။ သို့သော် နိုင်လဲ့ရည်ကို သူ မဆူရက်ပါ။ ချစ်သောစိတ်တစ်ခုအပြင် အရိပ်တကြည့်ကြည့်နှင့် မြတ်နိုးလွန်းရသောနှစ်လိုစိတ်ကြောင့်သာ နိုင်လဲ့ရည်အပေါ် ဘာတစ်ခုမျှ အပြစ်မြင်၍ မရခဲ့။

သားကလေး မွေးအပြီး၊ တိတိကျကျဆိုရသော် သားကလေး သုံးနှစ်သားလောက်ကျမှ နိုင်လဲ့ရည်က သားသည်မိခင်တစ်ယောက်၊ အိမ်ထောင်ရှင်မတစ်ယောက်အဖြစ် အိမ်မှုကိစ္စများကို နိုင်နင်းလာခဲ့တာဖြစ်လေသည်။ သူ့ဘဝကြီးမှာလည်း အရင်ကထက် ပိုမိုစိုပြည်လာသယောင်ရှိခဲ့သည်။ ဇနီးနှင့် သားနှင့်၊ အိမ်အပြန် ဇနီးသည်ချက်ပြုတ်ထားသော ထမင်းဝိုင်းက အသင့်၊ သားကလေး၏ ချစ်စဖွယ်တီတီတာတာများနှင့်ပေါင်းသော် သူ့တစ်နေ့တာပင်ပန်းသမျှတို့ ပြေပျောက်ခဲ့ရသည်ပင်။

သို့ရာတွင် စိတ်၏ချမ်းသာခြင်းတို့သည် သူ့ထံမှာ ရေရှည်မတည်တံ့ခဲ့။ သားကလေး ဆယ်နှစ်အရွယ်မှာ အပျော်ဟူသမျှတို့ သူ့ဘဝကြီးထဲက နှုတ်ယူခံလိုက်ရလေတော့သည်။ နိုင်လဲ့ရည် သားအိမ်ခေါင်းကင်ဆာနှင့် ဆေးရုံတက်ရချိန်မှာ စခဲ့သည်။ သားကတော့ ဘာမှမသိတတ်သေး။  သူ့မှာသာ….။  ဆုပ်လည်းစူး၊  စားလည်း ရူးမည့်အဖြစ်က သူ့ထံမှာ နေ့နေ့ညညဝင်စားလျှက် တအုံနွေးနွေး ပူလောင်ခဲ့ရသည်ပေ။

နိုင်လဲ့ရည်၏ဒိုင်ယာရီကို ခေါင်းအုံးအောက်မှာတွေ့စဉ်ကတော့ ဘာရယ်မဟုတ်၊ နိုင်လဲ့ရည် နေ့စဉ်မပျက် ရေးသားပါစေ ဆိုသည့်စိတ်နှင့် ဆေးရုံယူသွားရကောင်းနိုး  ခေါင်းအုံးအောက်က အမှတ်မဲ့ထုတ်ယူခဲ့မိခြင်းသာဖြစ်လေသည်။ 

@@@@@@@@@@@@@@@

မောင်….
ကျွန်မ ဒီနေ့ မဂ္ဂဇင်းထဲမှာ မောင့်ဝတ္ထုတိုလေးတစ်ပုဒ် ဖတ်လိုက်ရတယ်။ ကောင်မလေးက သူ့ကောင်လေးကို ရေးလိုက်တဲ့စာလေး တဲ့။

မောင် စိတ်ညစ်သွားမှာပါ၊ ကျွန်မက မိန်းမ မပီသဘူး၊ သိမ်မွေ့ယဉ်ကျေးလေသူ မဟုတ်သလို၊ ချိုသာစွာသောစကားကို ဆိုတတ်သူလည်း မဟုတ်ဘူး မောင်......။ ဒီတော့ ကျွန်မနှုတ်ထွက်စကားတွေဟာ အရောင်မဲ့နေတတ်တယ်....။ မလိုအပ်ဘူးထင်ရင် ကျွန်မက ဘာစကားအပိုတွေမှလည်း ပြောနေတတ်သူ မဟုတ်ဘူး။ အတူနေကြလို့ ကြာလာတဲ့အခါ မောင် ကျွန်မကို သေချာပေါက် စိတ်ပျက်သွားမှာပါလေ….
ကျွန်မက မောင့်ကို အမုန်းနဲ့ လမ်းမခွဲချင်သူရယ်…. မေ့လိုက်ကြပါစို့ မောင်ရာ…

မောင့်ရဲ့
N

မောင့်အနား မောင့်ပါး ကပ်လို့ ကျွန်မ မောင့်ကို ပြောခဲ့ဖူးတဲ့စကား။ အဲဒီစာပိုဒ်က မောင် ကျွန်မကို ရည်ရွယ်ရေးခဲ့တာ မဟုတ်လားဟင်  မောင်….

နိုင်
၂၀ ဖေဖော်ဝါရီ

X X X X X X X X X X X X X X X X X X

မောင်ရေ….
သဘာဝတရားကြီးရဲ့ ကုသမှုအောက်မှာ ဒဏ်ရာတွေဟာ အလိုလိုအနာဖေးတက် ကျက်သွားတတ်သတဲ့။ အပေါ်ယံအရေပြားပေါ်က ဒဏ်ရာတွေကို ဆိုလိုဟန်ရှိပါရဲ့လေ။ အတွင်းလှိုက်စားနေတဲ့ အသေများစွာတွေကျတော့ ဘယ်လိုကုကု၊ ဘယ်လိုထွက်ပြေးပြေး အနာ မကျက်နိုင်၊ မလွတ်မြောက်နိုင်ပြန်ဘူးနော်။

နိုင်
၂၇ ဖေဖော်ဝါရီ

X X X X X X X X X X X X X X X X X X

ဘာနဲ့များ လှည့်စားမေ့ပျောက်ထားရပါ့မလဲ၊ မောင် အနားမှာရှိမနေတဲ့ ကျွန်မလက်ရှိဘဝထဲက နေ့စဉ်တွေ ကိုလေ….။ မောင်ရေးသမျှစာတွေကို ကျွန်မက မျက်စေ့နဲ့ဖတ်၊ နားနဲ့ကြားရင်း နှလုံးသားနဲ့ အသေအချာ ခံစားနားလည်နေမိတတ်တော့ ပိုလို့နာကျင်ဖွယ်။ ကျွန်မနဲ့မောင်က ဝေးသွားကြပြီဆိုတော့မှ တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်လောက်အောင် သံယောဇဉ်ရှိနေမိကြမှန်း ပိုလို့သေချာသွားခဲ့တော့တာ။  အတူတူဆိုတဲ့စာလုံးပေါင်းကိုမေ့ဖို့က အတော်ခက်လှချည့်။ မေ့ချင်ယောင်ဆောင်ထားလည်းပဲ အချိန်ကျရင် သွေးတွေက တစ်ပတ်ကျော့လာပြန်။ မောင်ရယ်….။
ဟင့်အင်း နောက်ဘဝဆိုတာကို ကျွန်မ မယုံဘူး မောင်…

နိုင်
၀၃ ဧပြီလ

X X X X X X X X X X X X X X X X X X

မောင်ရေ…
မောင့်လုံးချင်းတစ်အုပ်ကို ရုပ်ရှင်ရိုက်ဖို့ဝယ်လိုက်တယ်လို့ ကျွန်မ ကြားရတယ်။ ဝမ်းသာလိုက်တာ မောင်ရယ်။ မောင် တကယ်ပဲ အောင်မြင်နေပြီပေါ့နော်….
မောင် ဆက်လက်အောင်မြင်ပါစေလို့ ကျွန်မ ဆုတောင်းနေပါတယ် မောင်။ ဖြစ်နိုင်ရင် မောင့်အနားမှာ မောင့်လက်ကို ဆုတ်ကိုင်ရင်း ပြောပြချင်လိုက်တာ….

ခုတော့ ရင်ထဲကပဲ ဆုတောင်းပေးနေပါရစေ။  မောင် ကြားနိုင်မှာ မဟုတ်ပေမဲ့လည်းလေ….။

နိုင်
၀၇ မေလ

X X X X X X X X X X X X X X X X X X

မောင်ရေ
ကျွန်မသားကလေး  ကျောင်းစတက်ရတဲ့နေ့တုန်းကအကြောင်း ပြောပြဦးမယ် သိလား၊ သူများကလေးတွေ ငိုယိုနေချိန်မှာ သားက သူ့အဖေကိုရော ကျွန်မကိုရော နှုတ်ဆက်ပြီးတာနဲ့ ကျောင်းခန်းထဲ ချာကနဲ လှည့်ဝင်သွားလိုက်တာများ။ သံယောဇဉ်ပြတ်ပဲ မောင်ရေ။ ကျွန်မနဲ့သူ့အဖေမှာ ငိုရမလို ရယ်ရမလိုရယ်။ သားက သံယောဇဉ်မထားတတ်တဲ့သူများလား၊ ဒါမှမဟုတ် မောင့်လို ခင်တွယ်မှုကို ထုတ်မပြတတ်တဲ့ သွေးအေးသူကလေးများလား….၊ စိတ်မောရတယ် မောင်ရယ်။ အဲဒီ့အခိုက်အတန့်ကလေးမှာ ကျွန်မ မောင့်ကို သတိရနေမိပါရဲ့….

နိုင်
၀၃ ဇွန်လ

X X X X X X X X X X X X X X X X X X

တစ်ချို့ရက်တွေမှာတော့ နိုင်လဲ့ရည်က သားကလေးအကြောင်း၊ သူ့ကျန်းမာရေးအကြောင်း၊ ကျွန်တော့်အကြောင်း နဲ့ ဈေးစာရင်းတွေ၊ အိမ်သုံးစားရိတ်စာရင်းတွေသာ ရေးမှတ်ထားခဲ့သည်။ 

တစ်ချို့စာမျက်နှာတွေမှာတော့ သူ့စာရေးဆရာရဲ့ စာအပိုင်းအစလေးတွေကို မျဉ်းသားကာ ဖြတ်ညှပ်လို့၊ နေ့စွဲထိုးကာ ကပ်ထားတတ်သေး၏။

နိုင်လဲ့ရည်ဒိုင်ယာရီပေါ် ကျွန်တော့်မျက်ရည်တွေ ပေါက်ကနဲကျတော့မှပင် သတိပြန်ဝင်လာကာ ဘေးဘီကို ငဲ့ကြည့်လိုက်မိတော့ သားက ကျောင်းသွားဖို့ကားစောင့်နေရာက ကျွန်တော့်မျက်နှာကို ငေးစိုက်ကြည့်နေခဲ့လေသည်။ 

ဘာမှမဖြစ်သလို မျက်ရည်တွေကို မသိမသာသုတ်လိုက်ကာ ဒိုင်ယာရီကို စားပွဲပေါ်တင်လျှက် သားနှင့် အတူကျောင်းကားစောင့်ရန် ခြံရှေ့အုတ်ခုံပေါ် အသိမဲ့ထိုင်နေခဲ့မိသော နေ့တစ်နေ့ပါပေ။

@@@@@@@@@@@@@@@

ဆရာဝန်ပြောစကားအရ နိုင်လဲ့ရည်၏လက်ကျန်ရက်များက လက်ငါးချောင်းပင် မပြည့်ချင်တော့။ 

 ကျွန်တော့်စိတ်ထဲ တစ်ခုခုကိုသေချာသိနေခဲ့သည်။ ညနေလောက်မှာ ကျွန်တော်မျှော်လင့်ထားသော ဖုန်းတစ်ခု ဝင်လာကာ သူ့ကိုယ်သူ မိတ်ဆက်စကားပြောလာခဲ့သူ၊ နိုင်လဲ့ရည်၏ စာရေးဆရာ။ နိုင်လဲ့ရည်၏ အခြေအနေနှင့် ကုတင်နံပါတ် အခန်းနံပါတ်များ သူ့ကို ပြောပြလိုက် တော့ သူ ဒီညနေစောင်းလောက် လာခဲ့မည် ဆိုလေသည်။

သူတို့ ကျွန်တော့်ရှေ့မှာပင် စကားပြောကြသည်။ စကားပြောကြသည်ဆိုခြင်းထက် တစ်ယောက်နှင့်တစ်ယောက် မျက်လုံးအကြည့်များဖြင့်သာ ပြောဆိုနေကြခြင်းသာ။ နိုင်လဲ့ရည်မှာ လေသံမျှ ပြောထွက်နိုင်တော့သူ။ 

စာရေးဆရာက နိုင်လဲ့ရည်၏လက်ချောင်းကလေးများကို ထွေးဆုပ်ကြင်နာချင်ပုံရသည်။ နိုင်လဲ့ရည်၏ ညာဘက် မျက်ဝန်းထောင့်စွန်းမှ မျက်ရည်တစ်စက် သူမနားထင်ပေါ် လိမ့်ကနဲအဆင်းမှာ မေးကြောတွေတင်းနေအောင် အံကြိတ်ထိန်းထားသည့် စာရေးဆရာ၏မျက်ဝန်းများကို ကျွန်တော် လက်ကနဲ တွေ့လိုက်ရလေ၏။

ကျွန်တော် အခန်းထဲမှ ထထွက်လာခဲ့မိတော့သည်။ စာရေးဆရာက အားနာကြည့်တစ်ချက် ကျွန်တော့်ဆီလှမ်းပို့စဉ် ကျွန်တော်က ရပါတယ်ဗျာ၊ ပြောစရာရှိတာသာ ပြောကြပါဆိုသော နားလည်မှုမျက်ဝန်းတွေနှင့် ပြန်ကြည့် ပေးခဲ့ရသေးသည်။

ခုချိန်ကျမှ သေလုမျောပါးမိန်းမတစ်ယောက်ကို ပခုံးမှကိုင်လှုပ်ကာ မင်းကွာ…ဆိုပြီး ပြစ်တင်စကားဆိုရမှာလား၊ "လုပ်ရက်တဲ့ မိန်းမ၊ မင်းစိတ်ထဲမှာ ဒီလူ တစ်ချိန်လုံး ရှိနေတယ်ပေါ့လေ ဟုတ်လား"ဆိုပြီး နာကြည်းပစ်လိုက်ရမှာလား ကျွန်တော် မသိတော့ပါ။ နိုင်လဲ့ရည်နောက်ဆုံးအချိန်မှာ သူမအနားရှိနေစေချင်သောသူဟာ ကျွန်တော်မှ ဟုတ်ပါလေစ။ သူမ အသက်ရှင်ကျန်းမာနေစဉ်ကရော ကျွန်တော်က သူမစိတ်နှလုံးထဲမှာမှ ရှိခဲ့ပါလေစ။ လောကကြီးထဲမှအချိန်မရွေး ထွက်ခွာသေဆုံးသွားတော့မည့် မိန်းမတစ်ယောက်၏ နောက်ဆုံးဆန္ဒကရော ဘာများဖြစ်နိုင်ပါမည်လဲ။ စာရေးဆရာ၏ ရင်ခွင်ထဲ ခိုဝင် နွေးထွေးရင်းနှင့် သူမ၏နောက်ဆုံးထွက်သက်ကို ကုန်ဆုံးချင်သည်လား...ကျွန်တော် မသိပါ။ ကျွန်တော် မသိရဲပါ။

မချစ်မနှစ်သက်သောယောကျာ်းတစ်ယောက်ကို သမီးလိမ္မာအမည်ခံဖို့သက်သက် လက်ထပ်ခဲ့လေသလား၊ ငြင်းပယ်ရန် မစွမ်းနိုင်သော အကြောင်းတရားတို့ ရှိခဲ့၍ပဲလား၊ သို့တည်းမဟုတ် “မျက်စေ့ဖွင့်ပြီး ရွေးချယ်နေလို့သာပါအေ၊ မျက်စေ့မှိတ်ထားရင် ယောကျာ်းတွေဟာ အားလုံးအတူတူပါပဲ”လို့များ နိုင်လဲ့ရည်၏မိခင်က တရားချခဲ့လေသလား၊ ကျွန်တော် မသိပြန်ပါ။

နိုင်လဲ့ရည်၏ အချစ်နှင့်သစ္စာတရားအပေါ် အဓိပ္ပါယ်ဖွင့်ဆိုချက်ကို သိခွင့်ရလျှင်ဖြင့် ကျွန်တော် သိချင်ပါသေးသည်။

ကျွန်တော် အခန်းထဲပြန်ဝင်လာတော့ နိုင်လဲ့ရည်မျက်ဝန်းများမှာ မှေးမှိတ်လျှက်၊ စာရေးဆရာက သူမကို အနတ္တလက္ခဏာသုတ် ရွတ်ဖတ်ပြနေခဲ့လေသည်။

@@@@@@@@@@@@@@@

နိုင်လဲ့ရည်ဆုံးသွားချိန်မှာ ရောက်မလာခဲ့သလို၊ နိုင်လဲ့ရည်အသုဘချသောနေ့ကလည်း ပေါ်မလာခဲ့သော စာရေးဆရာသည် နောက်တစ်လအကြာမှာ ကျွန်တော့်ဆီ ဖုန်းဆက်လာခဲ့လေသည်။

“နိုင်က ဒိုင်ယာရီ အမြဲရေးလေ့ရှိတယ်။ ကိုမင်းကျော်စွာအတွက် မလိုအပ်ရင် ကျွန်တော်များ သိမ်းထားခွင့်ရမလား ခင်ဗျာ”

နိုင်လဲ့ရည် မသေခင် မှာသွားခဲ့လေသလား၊ ကျွန်တော် မသေချာပါ။

"ဇနီးဖြစ်သူရဲ့ဒိုင်ယာရီကို မလိုအပ်တဲ့ခင်ပွန်း ရှိနေလိမ့်မယ်လို့ ဘယ်လိုသေချာစိတ်တွေနဲ့များ ခင်ဗျား ပြောနိုင်ရတာပါလိမ့်"ချက်ချင်းပင် စိတ်ထဲမှခွန်းတုန့်ပြန်လျှက်၊ ကျွန်တော့်နှုတ်မှ စကားတို့ကတော့ ယဉ်ကျေးပျူငှာစွာ ပြောထွက်နိုင်ခဲ့လေသည်။

“ကျွန်တော့်မိန်းမ အသုဘချတော့ အခေါင်းထဲ ထည့်ပေးလိုက်တယ်ဗျ။ သူ အမြဲရေးလေ့ရှိတဲ့ ဒိုင်ယာရီလေးမို့လို့လေ”

စာရေးဆရာဖုန်းချသွားတော့မှ ကျွန်တော့်အိပ်ယာဘေးက အပေါ်အံဆွဲလေးကို ဖွင့်ကြည့်ရင်း တစ်ကိုယ်တည်း ကျေနပ်စွာပြုံးလိုက်မိလေသည်။

@@@@@@@@@@@@@@@

ကျွန်တော့်ဇာတ်လမ်းရှည်ကြီးအဆုံးမှာ သားက သက်ပြင်းမောတစ်ခု လေးဖင့်စွာချသည်။ 

လူတစ်ယောက်အား ပိုင်ဆိုင်ခွင့်ရဖို့ရန် အကြောင်းသင့်ကောင်း သင့်နိုင်ပေမယ့် လူတစ်ယောက်အပေါ် ချစ်ခွင့်ဟူသည်မှာကား ခက်လှသည်။ တုန့်ပြန်ချစ်ကို ရဖို့ရန်မှာ ပို၍ပင်ခက်လှသည်။ ချစ်ခွင့်ရှိတိုင်းလည်း ပိုင်ခွင့်ရှိပါသလား။ ပိုင်ခွင့်ရနေသော်ငြားလည်း ချစ်ခွင့်ရှိပါသလား။ ချစ် ပိုင် ခွင့်ဆိုသည်က လူနှစ်ယောက်၏ နှလုံးသားအချင်းချင်းသာ နားလည်နိုင်ကြသော နက်နဲသိမ်မွေ့မှုတစ်ခုဖြစ်သည်ပေ။ အချစ်ဆိုသည်မှာ တစ်ဘက်သတ်ချည်နှောင်၍ မရစကောင်းသလို၊ ကျွန်တော့်ဆိုလိုရင်းမှာ အချစ်မပါသောအိမ်ထောင်ကို မထူထောင်စေချင်သည်မှန်း သား ကောင်းစွာ သဘောပေါက်ပါလိမ့်မည်။

သားစိတ်ထဲတော့ “မိန်းမတွေဟာ အိမ်ထောင်ကျပြီးတဲ့အခါ လင်ယောကျာ်းအပေါ် ချစ်သွားကြတာပဲဆို”ဟု ဆင်ခြေ တက်ကောင်း တက်နေပေမည်။ 

သို့သော် ထိုမရေရာသော ထင်မြင်ယူဆချက် ဆင်ခြေတစ်ခုထဲနှင့် သားဘဝတစ်ခုလုံးကို ထိုမိန်းကလေးလက်ထဲထည့်သည်အထိ လောင်းကြေးထပ်လဲလှယ်ဖို့ရန်မှာ မတန်ရာလှပေ။ ကျွန်တော်ကတော့ သားကို ဒုတိယမင်းကျော်စွာ အဖြစ်မခံနိုင်ပါ။

ကျွန်တော်ပြောပြခဲ့သောအဖြစ်အပျက်ထဲမှ ထိုသုံးပွင့်ဆိုင်တို့သည် မင်းကျော်စွာ၊ နိုင်လဲ့ရည်နှင့် စာရေးဆရာတို့ ဖြစ်ကြောင်း နာမည်တပ်၍ မပြောခဲ့သလို၊ ကျွန်တော့်ထံ၌ သားမေမေနိုင်လဲ့ရည်၏ဒိုင်ယာရီလေး ခုချိန်ထိ ရှိနေသေးကြောင်းကိုလည်း ကျွန်တော် သားကို ဘယ်တော့မှ   ပြောပြဖြစ်လိမ့်မည် မဟုတ်ပါ။


မကြင်စော အုန်းစတိုင်

$
0
0


(က)

ဘယ်အချိန် ရှိနေပြီလဲ။ အနွဲ့တစ်ယောက်ဟာ ခုထိ အိမ်ပြန်မလာသေးဘူး။ သူ့ဒရင်းဘက်ကြီးပေါ် လှဲနေရာကနေ မျက်နှာကို အိမ်ပေါက်ဝလှမ်းငေးရင်း မကြင်စောတစ်ယောက် စိတ်တွေတိုနေမိတယ်။ ဒီချွေးမနဲ့တော့ အတော်ကို ခက်တယ်။ ခက်တာမှ တော်တော့်ကိုခက်တာ။ ခက်ပေမဲ့လည်း ခုမှတော့ ကိုယ်ပျိုးထားတဲ့မီး ကိုယ်နိုင်အောင် ညှိမ်းပေတော့လို့သာ သဘောထားရင်း ကြွက်မနိုင် ကျီ မီးနဲ့ရှို့နေရတော့တယ်။ ချွေးမလုပ်သူကို ဒေါသထွက်တိုင်း မြေးတွေကိုပဲ စောင်းမြောင်း ဆူပူနေရတော့တာပဲ။ မတတ်နိုင်ဘူးလေ၊ ခုချိန်မှာ ကိုယ်က သူ့တစ်ပြန်အားကိုးနေရတဲ့ လူအိုတစ်ယောက်။ အိုမင်းပြီးနောက် မစွမ်းနိုင်တော့တဲ့ဘ၀ မဟုတ်လား။

(ခ)

မကြင်စောသားအကြီးကောင် မိန်းမယူလာတော့ တွေ့တွေ့ချင်းပဲ သူ့ချွေးမအနွဲ့ကို သူ သိပ်သဘောကျခဲ့တာ။ ဒူးကောက်ကွေးထိတဲ့ ဆံပင်ရှည် အုံကောင်းကောင်းနဲ့ အသားဖြူဖြူ အရပ်အမောင်းကောင်းကောင်း ချွေးမချော အနွဲ့ကို မြင်မြင်ချင်း သူရော ကိုဘအုန်းရော ချစ်ခင်နှစ်သက်စိတ်တွေ တဖွားဖွား ပေါ်ခဲ့တာပေါ့။

သားကြီးမိန်းမရချိန်မှာ မကြင်စောသမီးအငယ်နှစ်ယောက်က အိမ်ထောင် မကျသေးဘူး။ ဒီတော့အိမ်မှာ ယောင်းမနှစ်ယောက် ရယ်၊ မကြင်စောတို့ လင်မယားရယ်၊ မြေးကလေးတွေရယ်အတွက်ကို အနွဲ့ကပဲ ဗာယီရတွေ သိမ်းကျုံးလုပ်ရှာတာ။ မနက်ဆို ယောကျာ်းအတွက်၊ ယောင်းမ နှစ်ယောက်အတွက်၊ ကလေးတွေအတွက် ကျောင်းထမင်းဘူး ပြင်ဆင်၊ ဈေးသွား ချက်ပြုတ်၊ အိမ်ရှင်း၊ လျှော်ဖွတ်တွေကို အနွဲ့ပဲ ဒိုင်ခံ လုပ်နေကျ။ အဲသလို အတူနေကြတော့မှ ရုပ်ရည်တင်မက အိမ်မှုကိစ္စပါနိုင်နင်းတဲ့ချွေးမမို့ မကြင်စောခေါင်းပေါ်တင်ထားခဲ့မိတာ မကြင်စောအပြစ်လား။

တခါတခါ သားလုပ်သူက သောက်ထားစားထားပြီး အိမ်ပြန်လာလို့မှ သွေးဆိုးပြီး သူ့မိန်းမအနွဲ့ကို ရိုက်လားနှက်လား လုပ်တဲ့အခါ မကြင်စောက အနွဲ့ဘက်ကနေ သားလုပ်သူကို ပုန်ကန်တော့တာ။ အဲဒီအချိန်က ကိုဘအုန်း သေရှာပြီမို့ ဒင်း ကံကောင်းတယ်မှတ်။ ဒင်းအဖေများရှိလို့က အဲသလို သူများသားသမီးယူပြီးမှ ရိုက်နှက်နေလို့ကတော့ ကောင်းကောင်း ဆုံးမပြီးသားပဲ။ ဘယ့်နှယ် ကိုဘအုန်းတို့များ တစ်သက်နဲ့တစ်ကိုယ် ကိုယ်ချစ်လို့ ယူထားတဲ့ မိန်းမများ လက်ဖျားနဲ့တောင် မတို့ပေါင်။ ဘာမဆို အစောသဘော အစောသဘောဆိုတာချည်းပဲ။

မကြင်စောက ပွဲသိပ်ကြိုက်တာ။ ဘုရားပွဲမှာ မြို့တော်သိန်းအောင်တို့၊ ဘီအီးဒီအောင်သိုက်တို့ ဇာတ်ပွဲများ လာလို့ကတော့ မိုးအလင်းကြည့်တာပဲ။ ကိုဘအုန်းက ညနေစောင်းပြီဆိုတာနဲ့ မကြင်စော ပွဲသွားကြည့်ဖို့ အင်္ကျီကို ကိုယ်တိုင်မီးပူတိုက်ပေးတာ။ ခုခေတ်လို အလွယ်မဟုတ်ဘူး။ ကြေးမီးပူနဲ့တိုက်ရတာ။ မီးသွေးတွေ ရဲလာအောင် သွပ်ပြားပေါ်မှာ မွှေးပြီးမှ ကြေးမီးပူထဲ ထည့်၊ ဘေးမှာ မီးပူတင်ဖို့ မီးညှပ်တစ်ချောင်းကို ကန့်လန့်လှဲချထားသေးတာ၊ ပြီးမှ အညာစောင်တစ်ထည်ကို ခပ်ထူထူခင်းပြီး တိုက်ရတာ။ ဘော်လီအင်္ကျီကြိုးကအစ ပြန့်နေအောင်တိုက်တဲ့နေရာမှာတော့ ကိုဘအုန်းဟာ မကြင်စောထက်တောင်သာသေး။ ကိုဘအုန်းအကြောင်း ပြောရရင်တော့ အစစအရာရာ သတိရစရာတွေချည်းပါပဲလေ။

ခုတော့ ကိုဘအုန်း သေရှာပြီ။ သားအကြီးကောင်လည်း သေရှာပြီ။ မနက်လင်းအားကြီး အိမ်သာထဲ ချော်လဲရာက သတိလစ်သွားလိုက်တာ သေသာသွားရော သတိကို ပြန်လည်မလာတော့တာ။ ဦးနှောက်သွေးကြောပြတ်တယ် ပြောတာပဲ။ အနွဲ့မှာ နှစ်နှစ် တစ်သားနှုန်းနဲ့ မွေးထားတဲ့ ကလေးငါးယောက်နဲ့ ကျန်ခဲ့ရှာတယ်။ ကံကောင်းတာက မြေးအကြီးကောင် အလုပ်အခြေကျပြီးတဲ့ အချိန်မှာမှ သားကြီးက ဆုံးသွားတာမို့လို့ပဲ။ မကြင်စောမှာဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့လိုပဲ ဘ၀တူမုဆိုးမဖြစ်သွားရရှာတဲ့ ချွေးမအပေါ် သနားမဆုံးဘူး။ တို့သားအမိနှစ်ယောက် ကံတူအကျိုးပေးတွေပါအေလို့ ခဏခဏ ပြောလေ့ရှိတယ်။

အဲသလို ပြောလို့မှ မဆုံးသေးဘူး၊ အနွဲ့ဟာ အချိုးပြောင်းလာတယ်။ ကလေးငါးယောက်မွေးပြီးလို့ ခါးလည်လောက်ကျန်တော့တဲ့ ဆံပင်ကို ဂုတ်ဝဲညှပ်ချပစ်လိုက်တယ်။ မကြင်စောစိတ်ထဲ စိတ်ပြေလက်ပျောက် လုပ်ပါစေလေ လို့ပဲ သဘောထားခဲ့တယ်။ နောက်တော့ တစ်ဖြည်းဖြည်းနဲ့ အပြင်ထွက်တာတွေ များလာတော့ အနွဲ့စိတ်ပြေလက်ပျောက်ဟာဖြင့် အတော်ကလေးတော့ လွန်ပြီလို့ တွေးမိစပြုလာတယ်။ သမီးအကြီးမက မီးဖိုချောင်မျက်စေ့လွှဲနေရပြီမို့ အနွဲ့တို့ ပိုလွတ်တာလည်း ပါမယ်။ သားအကြီးကောင်ကလည်း သူ့အမေကို ဂျပန်ကနေ တစ်လ ငွေဆယ်သိန်း ပို့တယ်။ နည်းသလား အဲဒီငွေ။ ဒါလည်းပဲ အနွဲ့မှာ သုံးမလောက်နိုင်ဘူး။

ရပ်ကွက်ထဲ ဟိုအသင်းဒီအသင်းဝင်လား ၀င်ရဲ့။ မိန်းမဖော်တွေ တလွှားလွှားနဲ့ သွားလာနေလိုက်ကြတာ။ ကိစ္စရှိလို့ အပြင်ထွက်ရာကနေ နောက်တော့ အလကားနေရင်းကို လည်ပတ်တဲ့အထိဖြစ်လာ၊ နေကုန်နေခမ်း အိုးပစ်အိမ်ပစ်သွားလာနေပြန်တော့ မကြင်စော ပြောရပြီ။ ပြောတိုင်းလည်း အရင်လို မျက်နှာသေလေးနဲ့ ငြိမ် နားထောင်နေတတ်တဲ့ အနွဲ့ မဟုတ်တော့ဘူးဆိုတော့ စကားများရတာပဲ အဖပ်တင်တယ်။ နောက်ဆုံးတော့ မကြင်စော မောပြီ။ အနွဲ့ကြည့်ရတာ ဖိလွန်းလို့ ကြွသလိုပဲ။ အရင်က အိမ်ထဲမှာပဲ အောင်းနေရ၊ အိမ်မှုကိစ္စတွေနဲ့ပဲ လုံးချာလိုက်နေရတာကနေ ခု အပြင်လောကထဲလည်း ရောက်ရော ဇောင်းထဲကမြင်း လွှတ်လိုက်သလို။ ကြာတော့ အကျင့်ဖြစ်လာတယ်။ ထုံလာတယ်။ မွေ့လာတယ်။

မြေးအကြီးကောင် ဂျပန်ကပို့ငွေ မလောက်တဲ့အပြင် ဖွားအေအတွက် ကန်တော့တာဆိုပြီး နှစ်လ တစ်ခါလောက် တစ်သိန်း တစ်သိန်း ပို့တဲ့ငွေတွေ မကြင်စောစုထားတာလေးတွေကိုတောင် မျက်စောင်းထိုးလာတာ။ အမေ ခဏပေးပါဦး အမေ့မြေး နောက်လပို့တော့ ပြန်ဆပ်ပါ့မယ်ဆိုလာသေး။ ဒီလောက်ငွေတွေ မလောက်အောင်များ အနွဲ့ ဘာလုပ်နေသလဲ မှတ်တာ၊ နောက်မှ နှစ်လုံးထီဒိုင်ခွဲကိုင်နေသတဲ့၊ ထိုးသားက ထိုးဂဏန်းပေါက်သွားတာ ဒိုင်ကြီးမှာ မထိုးထားလိုက်မိလို့ စိုက်လျော်ရတယ်ဆိုလား။ စာရင်းကို ရှုပ်တာပါ အနွဲ့တစ်ယောက်ဟာ။

ဒီကြားထဲ ယောကျာ်းရလို့ အိမ်ပေါ်ကခွဲဆင်းပြီး ယောကျာ်းနောက်ပါသွားတဲ့ သမီးနှစ်ယောက်က တစ်မျိုး။ မကြင်စောဆီမှာ စုဆောင်းထားတာလေးတွေ ရှိမှန်းသိတော့ လာလာချေးကြတယ်။ သားသမီးဆိုတော့လည်း မကြင်စော မနေနိုင်ပါဘူး။ လိမ်ကျစ်ထားတာလေးတွေ ထုတ်ပေးမိပြန်ရော။ ဒီတော့ အနွဲ့က မျက်စောင်းချိတ်ပြန်ရော။ သူ့သမီးတွေပဲ ပေးတယ် ဖြစ်ပြန်တယ်။ ခက်တယ် ဆူးကြားက ဘူးခါးဘ၀ဆိုတာ မကြင်စောပြောတာ ဖြစ်မယ်…။

(ဂ)

သူထိုင်နေကျ ဒရင်းဘက်ကြီးပေါ်မှာ လှဲအိပ်ချလိုက်ရင်း မကြင်စော အတွေးတွေ ပွားနေမိတယ်။ တစ်နေ့ တစ်နေ့ သူ ဒီလိုပဲ နေလာလိုက်တာ နှစ်ပေါင်း နှစ်ဆယ်တောင် ရှိခဲ့ပြီ။ မနက် ငါးနာရီ အိပ်ရာကထ၊ ဆွမ်းတော်ချက်၊ မျက်နှာသစ် ကိုယ်လက်သန့်စင်၊ ဘုရားပန်း လဲ၊ သောက်တော်ရေကပ် ပြီးတော့ ပရိတ်ကြီး ဆယ့်တစ်သုတ်ကို ကျေးဇူးရှင်များ အိပ်ရေးမပျက်ရအောင်၊ သူတစ်ယောက်ထဲကြားရရုံ တိုးတိုးလေးဖွင့်။ ဆွမ်းကျက်တော့ ထန်းလျက်ပေါက်ပေါက်ဆုတ်လေးနဲ့ ဘုရားကပ်။ ပြီးတာနဲ့ သူ့ဒရင်းဘက်ကြီးပေါ် ပက်လက်လှန်နေရင်း မြေးအငယ်ကောင်နိုး အလာကို စောင့်ရတယ်။ မြေးအငယ်ကောင်နိုးတော့မှ လမ်းထိပ်မှာ မုန့်ဟင်းခါးလေး ခေါက်ဆွဲသုတ်လေးနဲ့ လက်ဘက်ရည်ပါ ၀ယ်ခိုင်းပြီး မနက်စာစားခြင်းအမှုကို ပြုရတယ်။ ပြီးတာနဲ့ တခါ ဒရင်းဘက်ကြီးပေါ် ပက်လက်လှန်ပြီး ပင့်ကိုယ်တော်တွေ ဆွမ်းလောင်းဖို့ စောင့်။ မြေးအကြီးမ ချက်ပြုတ်ပေးတဲ့ ဆွမ်းနဲ့ ဆွမ်းဟင်းကို သံဃာတော်တွေ လောင်းလှူ၊ ဒါနဆန်များရှင်လာတဲ့အခါ ကြွေရည်သုတ်ဆွမ်းအုပ်ကြီးထဲက ဆန်ကို စတီးလ်ဇွန်း သုံးဇွန်းစီ ခပ်လောင်း၊ ပြီးရင် ဘုရားဆွမ်းတော်စွန့်ပြီး ကျီးလေး စာလေး ကြဲပက်ကျွေးနဲ့။ ဒါပဲ မကြင်စော နိစ္စဓူဝအလုပ်။

တစ်ခါတစ်လေ သူ့မြေးတွေ ကွန်ပြူတာဂိမ်းကစားတာ အနားကနေ ထိုင်ငေး။ မြေးအကြီးမတွေ ကိုရီးယားကားကြည့်ရင် ထိုင်ငေးနဲ့။ တစ်နေ့လုံးလည်း သူ့အလုပ်က ကျီးလှန့်စာခြောက်လောက် ရှိတာ။ အနွဲ့ကတော့ မိုးလင်းမိုးချုပ် လည်လိုက်တာဆိုတာ။ ပြောပြန်ရင်လည်း တကျက်ကျက်နဲ့။ မပြောရင်လည်း မသိဆိုတော့ကာ ပြောနေရတော့တာ။ ခုလည်းပဲ ည ကိုးနာရီကျော်နေပြီ။ ပြန်လာရကောင်းမှန်းမသိဘူး။

ဟော တံခါးဖွင့်သံကြားတယ် အနွဲ့ပြန်လာပြီ။ သူ့မြေးတွေနဲ့အတူ ဘေးနားထိုင်ပြီး ကွန်ပြူတာကြည့်နေရာက သူ့ဒရင်းဘက်ကြီးပေါ် အသာလေး ပြန်လှဲနေလိုက်တယ်။ မနက်က ငါ သိတ်နေမကောင်းချင်ဘူးနော် အနွဲ့၊ ဆေးခန်း သွားပြရအောင် စောစောပြန်လာလို့ မကြင်စော ကုလားမူမူပြီး ပြောခဲ့သေးတာ။ ဒရင်းဘက်ပေါ် မျက်စေ့စုံမှိတ်ရင်း အနွဲ့ဘေးနားက ဖြတ်လာမဲ့ခြေသံကို နားစွင့်ထားလိုက်တယ်။

“အမေ သက်သာရဲ့လား၊ ဆေးခန်းပိတ်သွားပြီထင်တယ်နော် အမေ၊ နွဲ့ နည်းနည်းနောက်ကျသွားတယ် တက်ကစီ မရလို့ အမေရဲ့”

ပြောပြောသွားသွား ဘေးကနေဖြတ်လျှောက်သွားတဲ့ အနွဲ့ထမီခတ်သံကို နားကကြားတယ်။ မျက်လုံးတွေကို သာသာလေး ဖွင့်ကြည့်လိုက်တော့ အနွဲ့က သူ့အခန်းထဲ ၀င်သွားပြီ။ 

နဖူးလေးတောင် လာစမ်းကြည့်ဖော်မရဘူး ဒင်းက....

အသက်ကြီးလာတော့ လူက အလိုလို အပြုစုခံချင်၊ ဂရုစိုက်ခံချင် ဖြစ်လာတယ်နဲ့ တူပါရဲ့။ တွေးရင်းက ၀မ်းနည်းပြီး ဒေါသက ငယ်ထိပ်တက်တော့တယ်။

“ဖွားဖွား လာ လာ ဒီမှာကြည့် အခု ခေတ်စားနေတဲ့ အိုပါး ဂဏန်းစတိုင်လ်ဆိုတဲ့ သီချင်းနဲ့ အက မိုက်တယ် ဒီမှာ”

“နင်တို့က တစ်မျိုး၊ မကြည့်ချင်ပါဘူး။ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ပြင်ဆင်လည်ပတ်နေတဲ့ နင်တို့အမေရဲ့ အာဂျီးမားစတိုင်လ်ပဲ တစ်နေ့တစ်နေ့ ငါ့မှာ စောင့်ကြည့်မောနေရတယ်။ နင်တို့အမေလည်း မကြင်စောအုန်းစတိုင်လ် ငါ့လက်ဝါးနဲ့ တွေ့မှ၊ ငါရင်လည်း သေပါမှ၊ ဒါမှ အေးမယ်”

အနွဲ့ကြားအောင် အသံကိုမြှင့်အော်ရင်း အနွဲ့အခန်းဘက် မျက်စောင်းလှမ်းထိုးတော့ မြေးတွေက ရယ်ကြတယ်။

ချွေးမ အိမ်ပြန်ရောက်မှ စိတ်ထဲက ပူနေတဲ့အပူလုံးတွေ လျော့ကျသွားပြီး မကြင်စောရဲ့ သလွန်ညောင်စောင်းဖြစ်တဲ့ ဒရင်းဘက်ကြီးပေါ် ပြန်လှဲနေလိုက်တယ်။ 

စိတ်ထဲကတော့  နောက်နေ့မှ မြေးတွေပြောတဲ့ အိုပါးဂဏန်းစတိုင်လ်ဆိုတာကို ကြည့်ဖြစ်အောင် ကြည့်လိုက်ဦးမယ်ရယ် လို့ တေးထားလိုက်တယ်။




  ဒီဝတ္ထုတိုလေးကို "ကြယ်စင်ဆယ့်တစ်"ဆိုတဲ့ ရသစာစုများ ပေါင်းစည်းမှုအဖြစ်ထုတ်ဝေခဲ့တဲ့  စာအုပ်လေးထဲမှာ ကျွန်မ ရေးသားဖြစ်ခဲ့ပါတယ်။ ဖတ်ပြီးကြသူတွေလည်း ပြီးကြမှာပါ။ မဖတ်ရသေးသူတွေအတွက် ပြန်တင်ပေးလိုက်ပါတယ်။


လတ်ချမီးအဘိဓမ္မာ

$
0
0


ကျွန်မတို့အိမ်ကို လတ်ချမီးရောက်တုန်းက အပျို၊၊ ရောက်ပြီး သုံးနှစ်လောက်ကြာမှ အိမ်နားက မောင်ထွန်းမြတ်နဲ့ အိမ်ထောင်ကျသွားခဲ့တာ။ ခုတော့ လတ်ချမီးက ကလေးတစ်ယောက်တောင် ရနေပြီ။ လတ်ချမီးက ကုလားမလေးဆိုပေမဲ့ အမည်းကြီးထဲက မဟုတ်ဘူး၊ ညိုစိမ့်စိမ့်လေးရယ်။ လတ်ချမီးအဘိုးက စစ်လက်ကျန်ကုလား။ မြန်မာအမျိုးသမီးနဲ့ အိမ်ထောင်ကျပြီး လတ်ချမီးတို့အမေကို မွေးခဲ့တာ။ လတ်ချမီးတို့အမေက မြန်မာယောကျာ်းကို ယူပြန်တော့ လတ်ချမီးမှာက ကုလားသွေးရယ်လို့ တစ်မတ်ဖိုးလောက်ပါတော့တာ။

လတ်ချမီးဟာ ကုလားမလေးသာဆိုတယ် ကမ္မဝါဖတ်တော့မယ့်အတိုင်း။ ပြောလိုက်မှဖြင့် တကယ့် ထိပ်။

“အစ်မရယ်  လတ်ချမီးလေ ဗုဒ္ဒဘာသာဝင် စစ်စစ်နော်၊  မိရိုးဖလာမဟုတ်ဘူး။ ကံ ကံ၏အကျိုးပေးဆိုတာကို ယုံတယ်နော်၊ ဒါပေမဲ့လေ ကံကိုယုံ၍ ဆူးပုံနင်းမယ့်သူတော့ လတ်ချမီးမဟုတ်  နော်  အစ်မ”

“အေ ညည်းကလည်းလေ ပြောမဲ့ဟာသာ ပြောစမ်းပါ။ ကတည်း အပျိုးနဲ့တင် ထန်းဖျားကို အတော်လေးရောက်နေပြီ”

“အိမ်က ကိုထွန်းမြတ်ရယ်လေ၊ သူ့အင်္ကျီလေးတစ်ထည် မီးပူကျွမ်းသွားလို့ ပူဆွေးနေလိုက်တာ။ နောက်တစ်ထည် အသစ်ဝယ်ပေးမှာပေါ့ဆိုလည်း မရဘူး။  မီးပူသာမကျွမ်းရင် နှစ်ထည်ရှိလာရမှာဆိုတဲ့ လူစားမျိုး အစ်မရဲ့ ခက်တယ်”

“အဲဒါနဲ့ ညည်း ကံ ကံ၏အကျိုးနဲ့ ဘာဆိုင်တုန်း  ညည်းဟာက”

“သြော်  အစ်မရယ် ဘယ်ပစ္စည်းမဆို အချိန်တန်လာရင် ပျက်စီးရတာပဲလေ၊ ကွဲတတ် ရှတတ်တဲ့ ပစ္စည်းများဆို ကွဲမယ် ရှမယ်၊  မီးကျွမ်းတတ်တဲ့ပစ္စည်းဆို မီးကျွမ်းမယ် ဒီလိုမဟုတ်လား၊ သူ့ဖြစ်ရ ပျက်ရမဲ့ ကံအတိုင်းပေါ့၊ အနတ္တ သူ့သဘောသူဆောင်တယ်လေ အစ်မရဲ့”

“အေးလေ အဲဒီတော့”

“အဲဒီတော့ အင်္ကျီဟာလည်း မီကျွမ်းချိန်တန်လို့ ကျွမ်းရပါသည်ပေါ့  အစ်မရဲ့၊  ဒီနေရာမှာ လတ်ချမီးမကလို့ မိုးပေါ်က နတ်သမီးပဲ ဆင်းတိုက်တိုက် ကျွမ်းမှာပဲ ဟီးဟီး”

“နေပါဦး ညည်းကရော ခါတိုင်းတိုက်နေကျဟာကို ဘာကြောင့် အဲ့လောက်နမော်နမဲ့ နိုင်ရတာတုန်း”

“ကိုရီးယားကား အဲလေ တီဗီကြည့်ရင်းနဲ့ ကောင်းခန်းရောက်တော့ မေ့ပြီး မီးပူကိုထောင်ထားရမဲ့ဟာ  အပြားလိုက် ချထားလိုက်မိလို့လေ အစ်မရဲ့ အဟီး”

“ဖြစ်ရမယ် လတ်ချမီးတို့ကတော့လေ”

အဲဒီလိုပဲ လတ်ချမီးတစ်ယောက်ဟာ တခါတလေ ဟုတ်တော့မလိုလို ဟုတ်တော့မလိုလိုနဲ့ နောက်ဆုံးတော့ မဖြစ်မခြောက်လုပ်တော့တာ။

လတ်ချမီးက သူ့အဖေပေးခဲ့တဲ့ သီတာထွေးဆိုတဲ့ နာမည်ကို သိပ်ကြိုက်တာ။ ပြောရရင် သီတာထွေးဆိုတာ မှတ်ပုံတင်ထဲသာရှိပြီး အပြင်မှာ လတ်ချမီးပဲ တွင်နေတာ။ သူကတော့ လူထူပြီဆို သီတာထွေးကလေ သီတာထွေးကလေနဲ့ ပါးစပ်ဖျားက မချ ပြောတော့တာ။ သူ ဘယ်လိုပဲ သီတာထွေး ထွေး၊  လူတွေကလည်း လတ်ချမီး လတ်ချမီးနဲ့ တမီးထဲ မီးတာပဲ။ မသိရင်ဖြင့် လတ်ချမီးနဲ့ သီတာထွေးဟာ နှစ်ယောက်လိုလို ဘာလိုလို….။

လတ်ချမီးအပျိုတုန်းက ကျွန်မတို့အိမ်မှာ အိပ်ပေမဲ့ အိမ်ထောင်ကျသွားကတည်းက မနက်လာ ညပြန်ပဲ။ သူ့မှာ အကျင့်ကောင်းကလေးတွေ ရှိတယ်။ ဈေးဘိုးမခိုးဘူး၊  ဟင်းခိုးမစားတတ်ဘူး။ လိမ်မပြောတတ်ဘူး၊ စကားပြောရင်တော့ ပိဿလေးဘေးပစ်၊ တုတ်ထိုးအိုးပေါက် ပြောတတ်တယ်။ နေ့လည်နေ့ခင်းအချိန်အားတွေမှာ လတ်ချမီးက စက္ကူအိတ်ကလေးတွေ ယူချိုးတယ်။ တစ်ဘက်တစ်လမ်းက ငွေဝင်တာပေါ့လေ။ ကျွန်မတို့ကလည်း ဘာမှပြောမနေပါဘူး၊ အိမ်အလုပ်တွေ ထောင့်စေ့အောင်လုပ်ရင်ပြီးတာပဲကိုး။ အဲ့ဒီစက္ကူအိတ်လေးတွေသွားသွင်းတဲ့ စတိုးဆိုင်ပိုင်ရှင်က လတ်ချမီးကို ချိတ်တိတ်တိတ်ဆိုတော့ တကယ်များ သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းမယ်ဆိုလို့ကတော့ ကျွန်မတို့က သဘောတူပြီးသား။ ဒါကို လတ်ချမီးက ဘာပြောတယ်မှတ်လဲ။

“လူပုံကိုက လမုသီး နားရွက်တပ်ထားတဲ့ရုပ်နဲ့  လတ်ချမီးတို့ ကြိုက်ဖို့ ဝေးပါသေး” တဲ့။ ကြည့် လမုသီး နားရွက်တပ်တဲ့ သူပဲ ပြောတတ်ပလေ။

လက်ဘက်ရည်ဆိုင်က ပလာတာအီကြာကွေးလုပ်တဲ့ ဖိုဆရာတရုပ်ကိုဆိုလည်း “ပေါက်စီ ဖနောင့်နဲ့ပေါက် ခံရတဲ့ ဖြူပြားပြားမျက်နှာနဲ့ အစ်မရာ၊ လတ်ချမီး မကြိုက်ပါဘူး” တဲ့။ ကဲ…ပုံကိုပေါ်ရော။ ဒီလိုနဲ့ လတ်ချမီးတို့ လင်ရွေးလာလိုက်တာ ရုံးစာရေးလေး မောင်ထွန်းမြတ်နဲ့ကျမှ ကျတော်မူတော့တာ။

“အချစ်မှာ ဆင်းရဲတာ ချမ်းသာတာ အဓိက မဟုတ်ပါဘူး အစ်မရာ၊ ညတစ်ရေးနိုး ကိုယ့်လင် ကိုယ်ထကြည့်လို့မှ ပြန်လန့်နေရမဲ့ ရုပ်တော့ မလိုချင်ပေါင်” တဲ့။

 မောင်ထွန်းမြတ်က လူအေးလူရိုး၊  သဘောမနောကောင်းမို့ လတ်ချမီးကံကောင်းတယ် ဆိုရမယ်။ အိမ်ထောင်သက် တစ်နှစ်အပြည့်မှာ မောင်ထွန်းမြတ်က လတ်ချမီးနားထဲကို ရွှေနားပွင့်ကလေးပေါ့၊ ခပ်သေးသေးနားကပ်လေးတစ်ရံ ဆင်ပေးတယ်။ ဒီတော့ မဆိုးဘူး၊ မယားကို ချစ်ရှာတယ် ပြောရမယ်။ ကျွန်မှာကုလား မယားတောသူဆိုတာလို လတ်ချမီးက ကျွန်လိုလည်း လင်ကို အလုပ်အကျွေးပြုတယ်၊ မယားတောသူလိုလည်းပဲ ဝတ္တရားကျေသကိုး။

အဲဒီတုန်းက လတ်ချမီးက သူ့နားက နားကပ်လေးပြတော့ ကျွန်မတို့ ဝမ်းသာကြရတယ်။ သူက လက်ဝတ်တန်ဆာနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ သူ့အယူအဆကို ပြောသေးတာ။

“အစ်မရာ လတ်ချမီးကလေ ကိုထွန်းမြတ် ဆင်လို့သာပါ။ ပစ္စည်းဥစ္စာရယ်လို့ မမက်မောပါဘူး။ သူဆင်ပေးတော့လည်း မရှိဝမ်းဆာပေါ့လေဆိုပြီး နားမှာ ခဏထားလိုက်ရတဲ့ သဘောပါ။ လိုအပ်တော့ ပေါင်နှံရောင်းချရတာပေါ့နော် အစ်မ”

“ဟယ် လတ်ချမီးရယ် နင့်ဟာက မိန်းမဆိုတာ နားကပ်လေးတစ်ရန်လောက်တော့ ဝတ်ဦးမှပေါ့၊ ဟိုနားဒီနား ပွဲသွားပွဲလာ လူကြည့်ကောင်းရုံလောက်တော့ ဝတ်ရမယ်လေ”

“အာ အစ်မကလည်း လူကြည့်ကောင်းဖို့အတွက်တော့ အစစ်မလိုပါဘူး အစ်မရာ၊ အစ်မ သိလား လတ်ချမီးတို့မှာ ကော့ရွှန်းဂျယ်ဝယ်ရီဆိုတာ ရှိတယ်။ လက်ဝတ်လက်စားအတုတွေလေ။ တစ်ဆင်စာဆို ဘယ်လောက်မှ မရှိဘူး၊ လှလည်း လှတယ်။ ပွဲလည်း တိုးတယ်။ အတုမှန်းတော့ လူသိတယ်။ ဒါပေမဲ့ ဘာဖြစ်လဲ အစ်မရယ်။ အတုဝတ်နိုင်သူက အတု၊  အစစ်ဝတ်နိုင်သူက အစစ်ပေါ့။ သူ့အထွာနဲ့သူပေါ့”

“လတ်ချမီးကတော့ အတုပဲဝတ်ရလို့ ဝမ်းမနည်းသလို အစစ်ဝတ်နိုင်တဲ့သူတွေကိုလည်း မနာလို မရှိပေါင်၊ သူတို့ကြည့်ပြီး မုဒိတာပွားရတာပေါ့ အစ်မရယ်။ ကုသိုလ်တောင် ရသေးတယ်။ ဒီကြားထဲ အစစ်ဝတ်ထားပြီး မထိန်းသိမ်းတတ်ရင် အန္တာရာယ်တောင် များသေး”

လတ်ချမီးပြောတော့လည်း ဟုတ်သလိုလို၊ အဲဒီကုလားမဟာ ဗမာအစစ်များဆိုလို့ကတော့ ကမ္မဝါတောင်ဖတ်မဲ့ဟာမပါဆိုနေ။ ဘာပဲပြောပြော ကျွန်မမှာ လတ်ချမီးလို အိမ်အကူတစ်ယောက်ရထားတာ အစစအရာရာစိတ်ချရပြီး အိမ်လုံတာမို့ လတ်ချမီးအပေါ် သွေးသားရင်းလိုတောင် ချစ်ခင်နေမိရတာပါပဲ။

@@@@@@@@@@@@@@@@@@@@@@

တစ်ရက်မတော့ လတ်ချမီးက လမ်းကနေ သူကောက်ရလာတဲ့ ဆွဲကြိုးကလေးတစ်ကုံး ကျွန်မတို့ကို လာပြတယ်။ လော့ကတ်သီးကလေးတောင် ပါသေး။ လက်နဲ့ ဆ ကြည့်လိုက်တဲ့အခါ ခပ်စီးစီးကလေးရှိတာမို့ တကယ့်ရွှေအစစ်လို့တောင် ထင်ချင်စရာ။ ဒါပေမဲ့ ကျွန်မတို့က တစ်သက်လုံး ပစ္စည်းအစစ်ဝတ်လာတာမို့ အတုမှန်းသိတယ်။ ဒါနဲ့ လတ်ချမီးကို ပြောရတယ်။

“အတုကြီးပါဟဲ့ လတ်ချမီးရဲ့။  သွားပြန်ရောင်းမိမှ အင်လာထုတယ်ဆိုပြီး ညည်း အချုပ်ထဲရောက်နေပါ့မယ်အေ”

“ဟုတ်လား အစ်မ၊ လတ်ချမီးကလည်း သွားမရောင်းပါဘူး အစ်မရယ်။ နားက နားကပ်လေးရယ်၊ ဟော ခု နောက်ထပ် ဆွဲကြိုးလေးရယ်ဆိုတော့ ပွဲတက်ဖို့ အတော်အဆင်ပြေသွားပြီ ဟီးဟီး”

“နင့်ဟာက အတုကြီးပါဆိုမှ”

“ဘာဖြစ်လဲ အစ်မရယ်၊  အတုဆိုတော့ လတ်ချမီး ဝတ်ရတာလည်း ပေါ့ပေါ့ပါးပါးရှိသလို ကျပျောက်တဲ့သူလည်း သိပ်မနှမျောရဘူးပေါ့  အစ်မရဲ့။  အစစ်ဆိုရင်တောင် နှမျောလွန်းလို့  ကျပျောက်တဲ့သူခမျာ ပူလောင်နေရဦးမယ်”

“ဒါတော့ ညည်းအယူအဆပေါ့အေ။ တို့ကတော့ တစ်သက်လုံး အစစ်ဝတ်လာတာ။  အစစ်ဝတ်မှပဲ လူက နေသာထိုင်သာရှိတာ။ ရင်အေးတာ။  စိတ်ချလက်ချရှိတာ။  အတုကြီးဝတ်ထားရင် လူက မလုံမလဲ၊ ရှက်သလိုလို ဘာလိုလိုနဲ့”

“အစ်မရယ် ဘာမလုံစရာ ရှိသလဲလို့၊  တုတု စစ်စစ် ကိုယ့်ပစ္စည်း ကိုယ့်ကိုယ်ပေါ်  တင်တဲ့ဟာပဲ။ တကယ်ဆို အစစ်က မှ ပူလောင်တာ အစ်မရဲ့။  များများပိုင်ဆိုင်လေ များများပူလောင်လေ။ တောင်မြို့ဆရာတော်ကြီး ရေးထားတဲ့ စာအုပ်ထဲမှာ လူတွေဟာ ပိုင်ဆိုင်မှုများလေလေ၊  အနားမှာ ပုံထားတဲ့ မီးပုံကြီးက ပိုကြီးလေလေပဲတဲ့၊ လတ်ချမီးတို့ကျ ဘာမီးပုံမှ မပိုင်တော့ အေးချမ်းပါ့၊  အပူဆိုတာ ငရဲဓါတ်၊ အအေးဆိုတာက နိဗ္ဗာန်ဓါတ်တဲ့ အစ်မရဲ့”

လတ်ချမီးက အဲဒီလို….ကုလားမ။

@@@@@@@@@@@@@@@@@@@@@@

“အစ်မရေ လတ်ချမီး ဈေးက ပြန်လာပါပြီ။  ဒီနေ့လေ အစ်မကို ငါးနုသန်းရေချိုလေးကို ရှမ်းနံနံလေးအုပ်ပြီး ချက်ကျွေးမယ် သိလား။ နောက်ပြီး ပုဇွန်ချဉ်လေး သုတ်မယ်။ အရည်သောက်ကို ပဲနီလေး ဆူးပုပ်ခတ်မယ်။ တို့အစ်မတော့ လျှာရင်းမြက်ဖို့သာ ပြင်ထား”

“ဟမ်  အစ်မ မျက်နှာလည်း မကောင်းပါလား။ ဘာဖြစ်နေတာလဲ။ ရေမိုးလည်း မချိုးရသေးဘူး၊ အလုပ်တိုက် မသွားဘူးလား ဒီနေ့”

ကျွန်မ လတ်ချမီးကို ဘာပြန်ပြောရမယ် မသိပါ။ မနေ့ညက ဆေးခန်းကို ဆိုက်ကားနဲ့အသွား လည်ပင်းက ဆွဲကြိုး ဘယ်နားကျခဲ့မှန်းမသိ။ ဆွဲကြိုးက ပုဇွန်ထုပ်ချိတ်ကလေးပဲ့နေတာ သတိထားမိပေမဲ့ ဒီလောက်မြန်မြန် ကျိုးမယ် ထင်မထားခဲ့။  ခုတော့ ကျပျောက်ခဲ့ရပြီ။

ဖြစ်ကြောင်းကုန်စင်ကို သိတော့ လတ်ချမီးက စိတ်မကောင်းဟန်နဲ့ပေမဲ့ ခပ်သာသာ ရယ်မောရင်းဆိုတယ်။

“ကဲ လတ်ချမီး မပြောဘူးလား အစ်မ၊ ဒီနေရာမှာ အစ်မဆွဲကြိုးက အတုသာဆို အစ်မ ဒီလိုဘယ်ခံစားနေရမလဲ။ အေးဆေးပဲ နောက်တစ်ကုံး ထပ်ဝယ်လိုက်မှာပေါ့။  ခုတော့ လက်ဝတ်ရတနာ အစစ်ပိုင်ရတာ ဘယ်လောက် ဒုက္ခပေးတယ်၊ ပူလောင်တယ်ဆိုတာကို သိပြီလား အစ်မ၊  ဟိဟိ လတ်ချမီးတို့ အတုပိုင်တာ ဒီနေရာမှာ စိတ်အေးရတာပဲ”

“တော်စမ်းပါ လတ်ချမီးရယ် ငါ စိတ်ညစ်နေရတဲ့အထဲ၊  နင့်ဟာနင် ဟင်းချက်မှာ ချက်စမ်းပါ။ ငါလည်း စိတ်ပြေလက်ပျောက် ရေမိုးချိုးပြီး အလုပ်တိုက်သွားမယ်”

“ကောင်းတယ် အစ်မ၊ အလုပ်တိုက်သွား၊  ဒါမှ အလုပ်လုပ်နေတော့ အစ်မ မေ့မေ့ပျောက်ပျောက်ဖြစ်သွားမှာ၊ နေ့လည်ကျ ဒရိုင်ဘာနဲ့ ထမင်းချိုင့်ထည့်ပေးလိုက်မယ် အစ်မ။ အဲ့ဒီတော့မှ ငါးနုသန်းအစစ်၊  ပုဇွန်ချဉ်အစစ်နဲ့ ပဲနီလေးဆူးပုပ်ခတ်ဟင်း အစစ်တွေ အစ်မစားကြည့်၊  လတ်ချမီးလက်ရာအစစ်  ဟီးဟီး”

“လတ်ချမီးနော် နင်တော့ သေတော့မယ်၊  ငါ့လက်ဝါးကလည်း အစစ်နော် နင်မြည်းချင်လို့လား”

ဒီတော့မှ လတ်ချမီးက တဟီးဟီးလုပ်ရင်း မီးဖိုချောင် ဝင်တော်မူတယ်။   

ကျွန်မလည်း ရင်နာနာနဲ့ပဲ ဒီတစ်ကြိမ်တော့ လတ်ချမီးပြောတာ ဟုတ်သလိုလိုရှိသားလို့ တွေးရင်းက ရေချိုးခန်းဝင်ဖို့လုပ်ရတယ်။  မီးဖိုချောင်ထဲက လတ်ချမီးမျက်နှာပေး ချဉ်စုတ်စုတ်ကိုတော့ မျက်စောင်းတစ်ချက် ထိုးဖြစ်အောင် လှမ်းထိုးလိုက်ရသေးတယ်။

ဗမာသာဆို ကမ္မဝါတောင် ကျွတ်ကျွတ်မြည်ဝါးစားမဲ့ကုလားမ…..  
အတုမ….




ဒီဝတ္ထုတိုလေးကို စာရေးသူညီမငယ်အိန်ဂျယ်လှိုင် စီစဉ်ထုတ်ဝေတဲ့ "ကကြိုးနှစ်ဆယ့်တစ်"ဆိုတဲ့ စာအုပ်လေးထဲမှာ ပါဝင်ရေးသားခဲ့တာ ဖြစ်ပါတယ်။ မဖတ်ရသေးသူများအတွက် ပြန်တင်ပေးလိုက်ပါတယ်ရှင့်။

အဲဒီခဏ ညများနဲ့ သူမ

$
0
0

(၁)
ရုပ်ရှင်ရုံရောက်တော့ လက်မှတ်အရောင်းကောင်တာရှေ့မှာ လူတန်းနှစ်တန်း။ တတန်းက ခုမှ လက်မှတ်ဝယ်သူတွေ၊ နောက်တစ်တန်းက အင်တာနက်ကနေဝယ်ယူထားသူတွေ လက်မှတ်လဲလှယ်ရန်။ သူမက အင်တာနက်ကနေဝယ်ထားသူများ လက်မှတ်လဲလှယ်ရန်ဆိုတဲ့အတန်းမှာ ဝင်စီလိုက်တယ်။ လက်မှတ်နှစ်စောင်….။ နောက်ဆုံးတန်း ထောင့်ခုံ။ သူမ ရွေးချယ်ထားတဲ့ ခုံနေရာ ခုံနံပါတ်အတိုင်း…။
လက်မှတ်နှစ်စောင်ကို ဘောင်းဘီအိတ်ထဲထိုးထည့်ပြီး ပြောင်းဖူးပေါက်ပေါက် ဘူးကြီး တစ်ဘူး ဝယ်လိုက်တယ်။ 

ပက်ပစီတစ်ပုလင်း ပေးပါ၊ နိုး ပက်ပစီက ကျန်းမာရေးအတွက် မကောင်းဘူး အထူးသဖြင့် မင်းနဲ့ မတည့်ဘူး။ သကြားတွေ များတယ် ပက်ပစီပုလင်းကို လှမ်းနေတဲ့ သူမလက်တွေ တန့်ကနဲ။ သွားစမ်းပါ သောက်တော့ ဘာဖြစ်လဲ 

သူမ ပက်ကနဲ ပြောပစ်လိုက်တယ်။

ပက်ပစီတစ်ပုလင်းရယ် ပြောင်းဖူးပေါက်ပေါက်ထုပ်ရယ် ကိုင်ထားရင်း ရုပ်ရှင်ကြော်ငြာ ဘုတ်တွေကို ဘောင်ခတ်ထည့်ထားတဲ့ မှန်တွေထဲကနေ တစ်ဆင့် ကျော်ကြည့်နေလိုက်တယ်။ ခဏနေတော့ ဝင်လို့ရပြီဆိုတဲ့ သီရေတာနံပါတ်တွေကို မီးနီလေးနဲ့ပြတယ်။ စီနီမာ ၅-၆-၇ ဝင်လို့ရပါပြီတဲ့။  လူတွေ နှစ်ယောက်တစ်တွဲ၊ သုံးယောက်တစ်တွဲ၊ လေး-ငါးယောက်တစ်တွဲ ဝင်ကြတယ်။ သူမလည်း နောက်က လိုက်ဝင်တယ်။ ဘောင်းဘီအိတ်ထဲမှာ လက်မှတ်တစ်စောင်ကျန်နေတယ်။ လက်မှတ်နှစ်စောင်ပြပြီး တစ်ယောက်ထဲဝင်တဲ့အထိတော့ သူမ မကြောင်သေးဘူး။  ထင်တာပဲ။

အား  အေးစိမ့်သွားတာပဲ။ လူတစ်ရာ့ငါးဆယ်လောက်သာဆန့်တဲ့ ခပ်သေးသေး ရုပ်ရှင်ရုံထဲ လေအေးစက် အေးပုံကဖြင့် လွန်လွန်းလှတယ်လို့ သူမ တွေးတယ်။ သူမထိုင်ခုံနေရာရောက်ဖို့ အရှေ့ကနေ ဟိုးနောက်ထိ လျှောက်လာရတယ်။ ခုံမှာ ထိုင်လိုက်မိတာနဲ့ နောက်က ကျောပိုးအိတ်ကို ရှေ့ယူပြီး အထဲက ဆွယ်တာကို ထုတ်ဝတ်လိုက်တယ်။ ကျောပိုးအိတ်ကိုတော့ ခုံရှေ့ချပြီး ခြေသလုံးနှစ်ခုကြား ထိန်းညှပ်ထားလိုက်တယ်။ သက်တောင့်သက်သာပါပဲ။ ဘယ်ဘက်လက်က ပြောင်းဖူးပေါက်ပေါက်ထုပ်ကိုကိုင်ရင်း လက်ကိုအနေတော် ကွေးထားလိုက်တယ်။ ပက်ပစီကိုတော့ ခုံဘေးက ခွက်ထည့်စရာကွင်းအဝိုင်းလေးထဲ အလိုက်သင့် ထည့်သွင်းထားလိုက်တယ်။

ခဏနေတော့ မီးတွေ မှိတ်တယ်။ မီးတွေမှိတ်တာကို သူမ မကြိုက်ဘူး။ မီးတွေမှိတ်လိုက်တိုင်း သူမစိတ်တွေက တစ်နေရာကို လွင့်ထွက်သွားတတ်လွန်းလို့။ အမှောင်မှာ သူမစိတ်တွေက လွတ်လွတ်လပ်လပ် ကူးခတ်တတ်ကြလွန်းလို့။ သူမ ကြောက်တယ်။ သူမအခန်းထဲမှာသာဆို ခုလိုမီးမှောင်တာနဲ့ သူမစိတ်တွေက ပြိုပြီ။ ကြာတော့ ညအမှောင်နဲ့ အရုဏ်ကြားက အကွာအဝေးဟာ သူမအတွက် ငရဲခန်းတစ်ခုဖြစ်လာတယ်။ သူမ ထွက်ပြေးဖို့ကြိုးစားတယ်။ ဆရာဝန်ဆီ သွားတွေ့တယ်။ ဆရာဝန်က သူမကို ဆေးတွေ တစ်ပတ်စာပေးလိုက်တယ်။ အဲဒီတစ်ပတ်မှာတော့ ဆေးသောက်ပြီး ငါးမိနစ်လောက်ရှိတာနဲ့ နောက်တစ်နေ့မနက်ကို သူမ ရောက်သွားတတ်တယ်။ တိုတောင်းတဲ့ညတွေ သူမ ခဏတာရရှိခဲ့တာပေါ့။ ခဏပါပဲ။ နောက်တော့လည်း ခါတိုင်းလိုပဲ။ 

သူမညတာတွေက ရှည်ကြာနှိပ်စက်မြဲ။ သူမညတွေဟာ သူမကို ဘယ်လိုနှိပ်စက်သတ်ဖြတ်တတ်ကြောင်း၊ သူမ ငရဲကို ခဏခဏ အရှင်လတ်လတ် ရောက်ဖူးကြောင်း၊ ညညတွေမှာ အသံတစ်ခုကို သူမ ကြားကြားနေရကြောင်း ပြောပြတယ်။ ဆရာဝန်ရဲ့ ခပ်ကြောင်ကြောင်ငတိမဆိုတဲ့ အဓိပ္ပါယ်ဆောင်တဲ့အကြည့်မျိုးကိုထိန်းချုပ်ထားရပုံနဲ့ သူမကိုကြည့်တတ်တာ သူမ မကြိုက်ဘူး။ သူမကို သနားကြင်နာသယောင်နဲ့ ကြည့်တတ်တာကိုလည်း သူမ မကြိုက်ဘူး။ ဒါနဲ့ပဲ ဆရာဝန်ဆီ မသွားတော့တာ။

ဒီလိုနဲ့ အမှောင်ထဲမှာ သူမတစ်ယောက်ထဲနေနေရတာကို ကြောက်လာတယ်။ အသံတွေ ကြားကြားနေရသလိုပဲ။ မကြည့်ဘဲလည်းမြင်နေရတဲ့ ပုံရိပ်တွေ၊ မျက်စေ့မှိတ်ထားလည်းပဲ။ ညဦးတွေကို သူမ အဆင်ပြေပြေဖြတ်ကျော်တတ်ဖို့ ကြိုးစားတယ်။ မရဘူး။ ကြာခဲ့ပြီ၊ ညဦးတွေဆို မအိပ်ခင်အထိ အပြင်မှာပဲနေတတ်တော့တယ်။ မျက်လုံးတွေကျိန်းစပ်၊ မျက်ခွံတွေလေးလံလာ၊ ခြေထောက်တွေ ညောင်းလာမှ သူမ အိမ်ပြန်တယ်။ 
အိမ်ရောက်တာနဲ့ အိပ်ယာထဲ အတောင့်လိုက်လဲကျ မေ့မျောလိုက်ရတာကို သူမကျေနပ်တယ်။

အသံကြားရပြန်ပြီ။ ငိုသံ၊  ရှိုက်ရှိုက်ငိုနေသံ၊ အို….မဟုတ်ဘူး၊ အသံတိတ် ကြိတ်ငိုနေတဲ့အသံ၊ သူမအာရုံတွေကို ပိတ်ကားဆီပို့လိုက်တော့ မင်းသမီးက ငိုနေတယ်။ မင်းသမီးရဲ့ချစ်သူက မင်းသမီးကို လက်တွဲဖြုတ် ဆောင့်ကနဲရုန်းထွက်လို့ ကျောခိုင်းထွက်ခွာ…။ ဝမ်းနည်းမင်သက်နေတဲ့ မင်းသမီးဟာ မမျှော်လင့်ထားပါဘဲ ကျောခိုင်းခံရမှုမှာ ကြေကွဲနေဟန်။ 

သူ့ချစ်သူနောက်ကျောကို ငေးကြည့်နေရင်းက မြင်ကွင်းက ပျောက်ကွယ်သွားတဲ့အခါ မင်းသမီးက တက်ကစီတစ်စီးကိုလက်တားစီးပြီး အိမ်ပြန်တယ်။ ပါးပေါ်မှာ မျက်ရည်တွေနဲ့၊ အိမ်ရောက်တော့ အိမ်တံခါးကိုသော့ကိုဖွင့်ရင်း ဘယ်တော့မှ ပြန်လာမှာ မဟုတ်တော့တဲ့ အတူနေချစ်သူကို သတိရစိတ်နဲ့ မျက်ရည်ကျ။ ပေါက်ကွဲ…။

သူမ လိုက်ငိုမိတယ်။ မင်းသမီးက သရုပ်ဆောင်ကောင်းလိုက်တာ။ အော်ကြီးဟစ်ကျယ်ငိုတာမျိုး မဟုတ်ဘူး။ မျက်လုံးတွေရဲလာပြီး မျက်သားတွေ လှုပ်လာတာ၊ နှုတ်ခမ်းသားတွေ တဆတ်ဆတ် တုန်လာတာ၊ နှာသီးဖျားတွေ ရဲလာတာ။ တကွက်ချင်း တကွက်ချင်း အနီးကပ်အပြမှာ သူမ ပါဝင် ခံစား စီးမျော။

ခက်တာပဲ။ မငိုချင်ပါဘူးဆိုမှ၊ S**t
ဆဲပြန်ပြီလား၊ အဲ့လိုဆဲတာ ကိုယ်မကြိုက်ဘူး

သူမနားရွက်ဖျားလေးတွေ နွေးကနဲ၊ သူ့နှုတ်ခမ်းရဲ့အထိအတွေ့ သူမနားရွက်ဖျားမှာ၊ အနားမှာ ကပ်ပြောလိုက်သလား….သူ့အတွက်ဝယ်ထားတဲ့  ဘယ်ဘက်ခုံကို သူမယောင်ယမ်းကြည့်လိုက်မိတယ်။ တစ်စုံတစ်ယောက်များ သူမဘေး လာထိုင်နေသလား။ ဟင့်အင်း သူ မရှိဘူး။

မျက်နှာကို ဆွယ်တာလက်နဲ့ပွတ်ရင်း စိုစွတ်မှုတွေကို သွေ့စေလိုက်တယ်။ မျက်ရည်စီးကြောင်းရဲ့အစိုဟာ ဆွယ်တာလက်ဆီ ကူးဝင်စိုစွတ်တယ်။ ခဏပါပဲ။

မင်းသမီးက ဖိနပ်ကို ခြေနဲ့ကန်ချွတ်ခဲ့ပြီး၊ လက်ထဲကိုင်ထားတဲ့ ပေါင်မုန့်ထည့်ထားတယ်လို့ထင်ရတဲ့ စက္ကူအိတ်အညိုကို ထမင်းစားခန်းထဲက စားပွဲပေါ်သွားတင်တယ်။ နောက် အိပ်ခန်းထဲ တန်းဝင်သွားတယ်။ အဝတ်အစားတွေတောင်မလဲတော့ဘဲ ကုတင်ပေါ် ကန့်လန့်ဖြတ်မှောက်လျက်လှဲချရင်း လူးလိမ့်နေတယ်။ ကုတင်ဘေးစားပွဲပေါ်က မင်းသားနဲ့အတူတူရိုက်ခဲ့တဲ့ ဓါတ်ပုံထည့်ထားတဲ့ဘောင်ကို နံရံဆီပစ်ပေါက်တယ်။ ဓါတ်ပုံနဲ့ဘောင်တစ်ခြားစီ ကြမ်းပေါ် ပြန်ကျလာတယ်။ မင်းသမီးက မျက်ရည်ကျဆဲ။ လူးလိမ့်နေဆဲ။ ရုပ်ရှင်ကြည့်ပရိသတ်ကြီးလည်း တအုန်းအုန်းနဲ့၊ သူတို့ ရောငိုနေကြတာများလား…..။

မင်းသမီးကလည်း ပျော့ညံ့လိုက်တာ။ ဟင့်အင်း သူမ မငိုဘူး၊ မျက်ရည်က သူ့အလိုလိုကျတာ။ သူနဲ့ပါတ်သက်သမျှ သူမဆီမှာ ဘာတစ်ခုမှ သိမ်းမထားတော့ဘူး။ အကုန် လွှင့်ပစ်လိုက်ပြီ။ သူမ ပြန်မတွေးချင်ဘူး။ သူနဲ့ပါတ်သတ်သမျှ အတွေးတွေကအစ သူမ မလိုချင်ဘူး။ ထွက်သွားပါတော့။

“ရော့ ဒီပုံလေး သိမ်းထား”

သူက သူမလက်ထဲကနေ ဖုန်းကိုယူပြီး သူမတို့နှစ်ယောက်ပုံကို ဆယ်လ်ဖီရိုက်တယ်။ အခုတော့ သူမ ဖျက်ပစ်လိုက်ပြီ။ လွယ်တယ် ထင်သလား။ Delete ဆိုတဲ့ ခလုတ်တစ်ခုဟာ သူမရင်ကို ဘယ်လောက်ထိ မွမွကြေစေခဲ့တယ်ဆိုတာ…။ အားလုံးပဲ၊ သူပေးခဲ့ဖူးတဲ့ အမှတ်တရတွေအကုန် သိမ်းထုတ်လို့ သူမ လွှင့်ပစ်ခဲ့လိုက်တာ။ သူမဖုန်းထဲက သူနဲ့ပတ်သက်သမျှတွေ အကုန်ဖျက်ချပစ်ခဲ့တာ။ မှတ်မိနေသေးတာတွေမှန်သမျှကို သူမမှတ်ဉာဏ်ထဲကနေ အဲသလို delete တစ်ချက်နှိပ်ရုံနဲ့ ဖျက်ချပစ်လိုက်လို့ရရင် ဘယ်လောက်ကောင်းလိုက်မလဲကွယ်။ ဒါမှမဟုတ် အားလုံးကိုမေ့သွားအောင် သူမ ရူးချင်လိုက်တာ၊ သူ နားလည်နိုင်မယ် မထင်ဘူး။ ပေါ့သွမ်းသူတစ်ယောက်ဟာ လေးနက်မှုကို နားမလည်နိုင်တာလည်း သဘာဝကျရဲ့။

ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ၊ ဆုံနိုင်ခွင့်ရှိသည်ဖြစ်စေ၊ ဆုံနိုင်ခွင့် မရှိသည်ဖြစ်စေ၊ အတူရှိနေချိန်တွေရဲ့ စစ်မှန်မှုတစ်ခုကိုသာ သူမ မျှော်လင့်ခဲ့တာ။ အချိန်တွေပေးပြီး အတူရှိနေခဲ့ကြခြင်းဟာ တစ်စုံတစ်ရာအတိုင်းအတာတစ်ခုထိ သံယောဇဉ်တွေကို ချည်နှောင်ဖြစ်စေခဲ့တာပဲ မဟုတ်ဖူးလား။ နာကျင်လိုက်ရတာ….။ သူမ ဘာများမှားခဲ့သလဲ။ ယုံယုံကြည်ကြည် ပုံနှစ်ချစ်မိခဲ့ခြင်းအပြစ်တစ်ခုသာ သူမမှာ ရှိတာရယ်။

သူမ ရှေ့နှစ်တန်းလောက်မှာ စုံတွဲတစ်တွဲ၊ ကောင်လေးက သူ့ဘေးကကောင်မလေးပုခုံးပေါ် သူ့လက်ကို ပိုင်ပိုင်နိုင်နိုင်တင်လို့၊ တချက်တချက် ကောင်မလေးပါးကို လှမ်းမွှေးလိုက်သေးတယ်။ မုန်းလိုက်တာ။ သူမဘယ်ဘက်ပါးကို ယောင်ယမ်းစမ်းလိုက်မိတော့ အနမ်းတွေ ရှိမနေဘူး။ စိုစွတ်နေတဲ့ အထိအတွေ့ တစ်ခုသာ။ စိုစိစိပူနွေးနွေး။ သူမ မုန်းတဲ့ မျက်ရည်စီးကြောင်းတွေ……။

ထိစပ်ပတ်သက်မှုတိုင်းရဲ့ အဆုံးသတ်ဟာ နှစ်ဦးနှစ်ဘက်စလုံးကို နာကျင်စေတယ်ဆိုတဲ့စကားအပေါ် သူမ ရယ်သွမ်းတတ်ပြီ။ ဘယ်မှာမှန်လို့လဲကွယ်…..။ သူကတော့ ပျော်ကောင်းပျော်နေလိမ့်မယ်။ သူမ မျက်ရည်တွေနဲ့ ပြုံးမိပြန်ပြီ။ သူပျော်နေရင် သူမ ကျေနပ်ပါတယ်လို့ ဘယ်တုန်းကမှ အရူးထပြီး သူမ မပြောခဲ့မိဖူးဘူး။ အချစ်နဲ့ပတ်သက်ရင် သူမဟာ အဲ့သလောက် သဘောထားမကြီးနိုင်တာ သေချာတယ်။

ပိတ်ကားပေါ် စာတမ်းတွေတက်လာပြီး မီးတွေပြန်ဖွင့်တော့မှ သူမ မတ်တတ်ထရပ်လိုက်တယ်။ ကားတစ်ကားလုံး ငိုနေတာပဲ သူမ သိတယ်။ ဘာတွေပြလို့ ဘာဇာတ်မှန်းလည်း သူမ မသိဘူး။ သိစရာလည်း လိုမှ မလိုတာ။ ကျောပိုးအိတ်ကိုကောက်လွယ်ပြီး လူအုပ်နောက်က အသာလေး လိုက်ထွက်တယ်။ သူမမျက်ရည်တွေကို သုတ်ဖို့ မမေ့ခဲ့ဘူး။ သူမဆွယ်တာလက်ကလေးတစ်ဘက်က စွတ်စိုလို့။

“ရယ်ရတယ်နော် ကားက ခိခိ”

သူမဘေးက ဆယ်ကျော်သက်ကလေးမလေးက အဖော်ညှိသလိုလိုအပြောမှာ သူမ ကြောင်အသွားတယ်။
ဟင် ဒီကားက အလွမ်းဇာတ်ကြီး၊ တစ်ချိန်လုံး ငိုနေရတဲ့ဟာကို….

အူကြောင်ကြောင်နဲ့ သူမအကြည့်ကို ကလေးမလေးက ဂရုမစိုက်ဘူး။ ဘေးက အဖော်နဲ့ တံတောင်ချင်းတွက်လို့ တဟိဟိရယ်နေကြပြန်တယ်။ ဘာလဲ…သူမပဲ မှားနေပြန်ပြီလား။
နေဦး၊ ဘောင်းဘီအိတ်ထဲ ကျန်နေတဲ့ လက်မှတ်တစ်စောင်ကို ထုတ်ကြည့်လိုက်မိတယ်။  ကော်မဒီကား၊ ဟာသကားတဲ့၊ သူမ လက်မှတ်ဝယ်တုန်းက အသေအချာရွေးဖြတ်ခဲ့တာကို….။ ဒါဆို…..။ ဘာမှားနေသလဲ။ ရုံထဲမှာတုန်းက လူတွေ ငိုနေခဲ့ကြတာမဟုတ်ဘူးလားဟင်။ မင်းသားက ထားရစ်ခဲ့လို့ အသည်းတွေပက်ပက်စက်စက်ကွဲပြနေတဲ့ မင်းသမီးကရော….။ သူမ အသေအချာ ကြည့်ခဲ့ရတာပဲ။ ဘုရားရေ….။ သက်သေပြစရာ သူမမျက်ရည်တွေက သွေ့ခြောက်သွားခဲ့ပြီ။ သူမခေါင်းကိုသာ တွင်တွင်ခါရမ်းလိုက်မိတယ်။ တစ်ခုခုတော့ လွဲနေပြီ။ အသေအချာ လွဲနေပြီပဲ။

စိတ်ရှုပ်ရှုပ်နဲ့ ဘောင်းဘီအိတ်ထဲက ဟန်းဖုန်းကိုထုတ်ပြီး သီချင်းတစ်ပုဒ်ကို ရီပိမုဒ်နဲ့ ရွေးချယ်နားထောင် လိုက်တယ်။ ရတနာမိုင်….အဲ့ဒီခဏ…..။

    အဲဒီခဏဟာ စိတ်နဲ့မကပ်တဲ့ည မြင်ကွင်းတစ်ခုက ငါ့နှလုံးသားလေး ပြို လဲစေတာ…..
အဲဒီခဏဟာ မင်းကိုဆုံးရှုံးပြီ….ငါသိလိုက်ပြီ…..
နောက်ထပ်ဆက်ရန် ဘာမှ မရှိ  အချစ်လေး…နင်မပါတဲ့လောကကြီးထဲကို ဆက်လျှောက်…..
ခံစားရူးသွပ်စေသော အသဲကွဲတဲ့ ဝတ္ထုမျိုး…..ရုပ်ရှင်ကြည့်တာ အသက်ရှူပိုကြပ် ဇာတ်လမ်းများနဲ့ ငါ့အတွေးက တစ်ခြားစီ ရောငိုလိုက်….♭♩

ဆက်လျှောက်တယ်။ မှောင်နေတဲ့ လမ်းတွေပေါ်မှာ လမ်းမီးရောင်ဝါဝါတစ်ခုနဲ့တင် အားပြုဆက်လျှောက်…..။ လေအေးအေးတွေက သူမမျက်နှာပေါ် ထိုးခွဲလို့။ ဆက်လျှောက်….။ သူမ ခြေလှမ်းတွေကို မြှင့်လို့ ဆက်လျှောက်လိုက်တယ်။ သူမ ပင်ပမ်းလှပြီ။ ဘဝဟာ တိုတောင်းသလောက် ရှည်လျားလှတဲ့အလွမ်းတွေနဲ့ သူမ မသေရုံတမယ်။ Pull yourself together လို့ အကြိမ်ကြိမ် နှုတ်တိုက်ရွတ်ဆိုလျက်က သူမအစိတ်အပိုင်းတွေ ပဲ့ပဲ့ကျနေတာကို သူမ လိုက်ကောက်နေရပေါင်း များလှပြီ။

နင်မပါတဲ့လောကကြီးထဲကို ဆက်လျှောက်….. နင်မပါတဲ့လောကကြီးထဲကို ဆက်လျှောက်…..
နင်မပါတဲ့လောကကြီးထဲကို ဆက်လျှောက်…..….

အိမ်ရောက်တော့ အခန်းတံခါးကို သော့ဖွင့်ဝင်ရင်း ကျောပေါ်ကအိတ်ကို ချ၊ ဘောင်းဘီအိတ်ထဲက ဟန်းဖုန်းကိုထုတ်၊ ကျင့်သားရနေတဲ့လက်တွေက ဖုန်းဘက်ထရီချာ့ဂျာကို လှမ်းတယ်။ ပါဝါခလုတ်ကို ဖွင့်လိုက်တော့ ဖုန်းမျက်နှာပြင်မှာ တွေ့ရမယ့် ဓါတ်ခဲပုံလေးက ဖျတ်ကနဲ ပေါ်မလာဘူး။ ဘလက်အောက်ဖြစ်နေတုန်း….။

သူမ နည်းနည်းထူးဆန်းသလို ခံစားလိုက်ရတယ်။ မဟုတ်သေးပါဘူး။ နားကြပ်ကလေးက သူ့အိတ်လေးထဲမှာ အခွေမပျက် ရှိနေတုန်း။ သူမ သတိရပြီ။ ရုပ်ရှင်ပြကာနီး ဖုန်းကို ဆိုင်းလင့်မုမှာပြောင်းထားဖို့၊ အသံဖျောက်ဖို့လုပ်တုန်းက ဘက်ထရီကုန်နေတယ်ဆိုတာ သူမ သတိထားမိခဲ့သေးတာ။ အဲ့ဒီတုန်းကတည်းက ဘက်ထရီကုန်နေခဲ့တာ ဟုတ်တယ်။ ဟင့်အင်း  ခုနက အိမ်အပြန်လမ်းမှာ သူမ သီချင်းနားထောင်နေခဲ့သေးတာရော….။ သီချင်းသံ သူမ အသေအချာကြားနေခဲ့တာ။ မဟုတ်ဘူး။ မဟုတ်သေးဘူး။ ဖုန်းက ဘက်ထရီကုန်နေတဲ့ဟာ…..။ တစ်ခုခုတော့ အသေအချာကြီး မှားယွင်းလို့ နေခဲ့ပြီ။

သူမခေါင်းတွေတစ်ခုလုံး အုံလာခဲ့တယ်။ အရာရာဟာ စံနစ်တကျ သေသေချာချာကြီး မှားယွင်းလို့….။
ဆေးပြားဝါဝါလေးတွေ နှစ်ပြားကို ရေအေးအေးနဲ့ သောက်ချလိုက်တယ်။ ဘာကိုမှ သူမ မသိချင်၊ မတွေးချင် အဖြေရှာမနေချင်တော့။ သူမကိုယ်တိုင် အမှားအယွင်းတွေနဲ့ အသားကျနေတာလည်းဖြစ်မယ်။

(၂)
မနက် ၆နာရီမှာ မြည်နေကျနှိုးစက်သံနဲ့ သူမ နိုးထလာခဲ့တယ်။ ညတုန်းက အဝတ်အစားတွေနဲ့ပဲ။ သူမရေချိုးခန်း ဝင်လိုက်တယ်။ မှန်တင်ခုံရှေ့ထိုင်လိုက်တယ်ဆိုရင်ပဲ သူမသွေးတွေက အသစ်ဖြစ်လာပြန်။ မျက်နှာတစ်ခုလုံးကတော့ ဆိုးဆိုးဝါးဝါး ပိန်ချိုင့်လို့၊ မျက်တွင်းနက်နက်တွေက မှောင်လို့၊ မျက်ခွံတွေက ယောင်ကိုင်းမို့အစ်လို့၊ အိပ်မပျော်ခင်အထိ သူမခေါင်းအုံးတစ်ခြမ်းစိုနေတာ သူမဘယ်ဘက်ပါးပြင်က သိတယ်။

မှန်ထဲကို ဖျတ်ကနဲကြည့်ရင်း သူမ ပြုံးလိုက်တယ်။ ကျေကျေနပ်နပ်ပဲ။ နဖူးစပ်က ဆံပင်တွေကို ပင့်တင်လိုက်တော့ ဆံနွယ်တွေနဲ့နဖူးပြင် ထိစပ်ရာလိုင်းတစ်လျှောက်မှာ ဆက်ရာကလေးတွေရှိနေတယ်။ သူမမေးစေ့နဲ့ မေးရိုးတစ်လျှောက်မှာလည်း တူတူပဲ။ သူမရဲ့ လက်မနှစ်ဘက်ကို မေးစေ့အောက်ကနေ အသာလေးပင့်တင်ပြီး အပေါ်ကို အလိုက်သင့်ဆွဲခွာချွတ်လိုက်တော့ နဖူးစပ်အထိ အရေပြားတွေက အချပ်လိုက် ကွာကျသွားတယ်။ အသစ်ပေါ်လာတဲ့ မျက်နှာပြင်က တက်ကြွလန်းဆန်းလို့။ မနက်ဖြန်များစွာကို ယုံကြည်မှုအပြည့်နဲ့ စိမ်ခေါ်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေတဲ့ မိန်းမ….။

(၃)
တစ်ညလုံး မှားယွင်းရူးသွပ်ခဲ့တဲ့ မိန်းမတစ်ယောက်ဟာ သူမ မဟုတ်သလိုလို…….





စွဲငြိတတ်သည်

$
0
0



(၁)

“အဲ့ဒီအမျိုးသမီးကို သေချာကြည့်၊ ယူနဲ့တူတယ် သိလား၊ တစ်နေ့ ယူ သူ့အရွယ်ရောက်ရင် သူနဲ့တူမှာ”
ရှယ်လီ့စကားအဆုံးမှာ ညွှန်ပြရာဆီ မသိမသာကြည့်မိတော့ အမျိုးသမီးတစ်ဦး၊ နေ့စဉ်ထုတ်သတင်းစာ တစ်စောင်ကို စိတ်ဝင်တစားငုံ့ဖတ်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

ကျွန်မနှင့်တူသည်ဆိုသော ထိုအမျိုးသမီးမှာ လေးဆယ့်ငါး ငါးဆယ်ဝန်းကျင်ရှိမည်ဟု ခန့်မှန်းရသည်။ ရှယ်လီက သူမကို ကျွန်မနှင့်တူသည်ဟု ဘာကြောင့်များ ပြောရတာပါလိမ့်။ တူသည်ဆိုခြင်းထက် ဆင်သည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်ဟု ကျွန်မက တွေးသည်။ အမျိုးသမီးမှာ ခပ်ပိန်ပိန်သေးသေး သွယ်သွယ်၊ မျက်နှာကျမှာ အတန်ငယ်ရှည်သည်ဟုဆိုနိုင်ကာ ဆံပင်အရှည်အလျားက ကျွန်မလောက်ပင် ဖြစ်သည်။ ဒူးအတိလောက်ရှည်မည်ထင်ရသည့် ဂါဝန်လက်ပြတ်ပန်းရောင် စင်းကလေးနှင့်မို့ သူမက ရှိရင်းစွဲထက် ပိုမိုနုငယ်နေပုံပေါက်သည်။ သို့သော် မျက်နှာအကျ၊ မျက်ဝန်းအောက်ခြေတို့ကို ကြည့်ရုံနှင့် သူမအသက်ကို ကျွန်မ ခန့်မှန်း၍ရသည်။ သေချာ ပါသည်၊ လေးဆယ့်ငါးအောက် ဘယ်လိုမှ မကျနိုင်။ စီးထားသည်ကလည်း ကြိုးသိုင်းခွာမြင့်ဖိနပ်နှင့်၊ ကျစ်လစ်ဖြောင့်တန်းသော ခြေသလုံးသားတို့မှာ သူမ ငယ်စဉ်က ဘယ်လောက်ကြည့်ကောင်းမည်ကို ပြသည်။ ထို့အတူ ခုထက်တိုင် အသားအရည်၊ အဝတ်အစား၊ စတိုင်တို့ကို ဂရုတစိုက်ထိန်းသိမ်းလေ့သော အမျိုးသမီးတစ်ဦးဟုလည်း ကျိန်းသေပေါက်ပြော၍ရလေသည်။

သူမအဝတ်အစားအဆင်အပြင်မှာ ငယ်ရွယ်နုပျိုပုံပေါက်အောင် တမင် အားထုတ်ဝတ်စားထားသည်ဟု မဆိုနိုင်လောက်အောင်ကို သူမပုံစံနှင့် အသားတကျရှိလှသည်။ သူမက ကော်ဖီခွက်ကို မြှောက်ကာ တစ်ကျိုက်သောက်လိုက်၊ ပြန်ချလိုက်နှင့်၊ ကော်ဖီကျိုက်ချချိန်မှာတောင် သူမမျက်ဝန်းတို့က ဖတ်လက်စသတင်းစာမှ မခွာ။ တစ်ဖန် ညာလက်ထဲက စီးကရက်ကို မျက်ဝန်းတို့မှေးစင်းလျက် ဖွာလိုက်ပုံမှာ ဟန်ပါပါနှင့် ကြည့်ကောင်းလွန်းလေသည်။ ထို့ကြောင့်ပဲ သူမက အဝင်ဝနားက ထောင့်ကျကျစားပွဲမှာ ထိုင်ခြင်းဖြစ်တန်ရာသည်။ သူမဆေးလိပ်ငွေ့တွေ တစ်ပါးသူဆီ မရောက်ရလေအောင် ဖြစ်မည်ဟု ကြံဖန်အမှတ်ပေးမိသည်။ သို့သော် ထိုအမျိုးသမီး လှလှပပဆေးလိပ်သောက်တတ်ခြင်းသည် အတုယူလွယ်သော မိန်းမငယ်များအတွက်မူ မကောင်းလှဟု ထင်မိပြန်သည်။ စတိုင်လှဖို့အတွက် ဆေးလိပ်သောက်ကြသောသူများ ရှိကောင်းရှိနိုင်မည် မဟုတ်လား။ ဆေးမကူထားသော သူမနှုတ်ခမ်းများကမူ ဆေးလိပ်သောက်သူတစ်ယောက်၏ နှုတ်ခမ်း များလို ညိုပြာပြာဖြစ်မနေတာကတော့ သူမကုသိုလ်ပင်။

သူမ ဘာလုပ်လုပ် မျက်ဝန်းများကတော့ သူမရှေ့စားပွဲပေါ်ရှိ သတင်းစာထံမှာသာ တည်လျှက်ရှိကာ ကော်ဖီခွက်ကို ပြန်ချပြီးချိန်မှာမူ သူမလက်က ဂါဝန်အထက်ရှိ ဒူးခေါင်းကို ကုတ်သလိုလို၊ ခြေသလုံးသားကို ပွတ်သလိုလိုနှင့် လုပ်တတ်သေးသည်။ သူမမှာ လက်သည်းရှည်တွေမရှိတာကိုလည်း သတိထားမိသည်။ သူမရော ကျွန်မလိုပဲ ဂစ်တာတီးသလား၊ သူမလက်ချောင်းတွေက လှလှပပတော့ မဟုတ်၊ ကျွန်မလိုပဲ အကြောစိမ်းတွေ မြင်နေရသော လက်ဖမိုးပိန်ချပ်ချပ်တွေနှင့်ဖြစ်သည်။ 

သူမမျက်ဝန်းများမှာ ကျွန်မလိုပဲ ရှည်လျားသေးသွယ်ကာ အဖျားမှာ နားထင်ဘေးစပ်သို့ အပေါ်ဘက်ကော့တက်သွားသော စိနဆန်သည့်မျက်ဝန်းများဖြစ်သည်။ မျက်ခုံးများကတော့ မတူပါ။ ကျွန်မက အမေမွေးကတည်းက ထူထဲပုံကျသော ပြုပြင်စရာမလိုသည့် မျက်ခုံးများပိုင်ဆိုင်ကာ သူမကတော့ အပြောင်ရိတ်ကာ တက်တူးထိုးထားသော စိမ်းညိုရောင် မျက်ခုံးအပြားကြီးနှင့်ဖြစ်၏။
သူမသည် ဘေးဘီဝဲယာကို နည်းနည်းကလေးမျှပင် စောင်းငဲ့မကြည့်တတ်၊ တစ်ဆိုင်လုံးမှာ သူမတစ်ယောက်ထဲဟုပင် ယူဆထားသည်လား မသိပါ။

“သွားကြရအောင် ရှစ်နာရီဆယ့်ငါးရှိပြီ”

ရှယ်လီပြောလာမှပင် ဟန်းဖုန်းမှနာရီကိုကြည့်မိကာ အမျိုးသမီးဆီမှ အကြည့်တို့လွှဲဖယ်ရင်း ရုံးပေါ်တက်ရန် ပြင်ကြရသည်။ သူမကလည်း ဖတ်လက်စသတင်းစာကို စားပွဲပေါ်မှာပင်ချထားခဲ့ကာ သူမဘေး ထိုင်ခုံလွတ်ပေါ်တင်ထားသည့် သူမလက်ကိုင်အိတ်ထဲ ဟိုဟိုဒီဒီရှာဖွေလျှက် ထရပ်တော့မည့်ဟန် ပြင်သည်။

ထိုနေ့မှစ၍ သူမကို သတိထားကြည့်တတ်ခြင်းသည် ကျွန်မ၏နေ့စဉ်ပြုမြဲတစ်ခုဖြစ်၍လာသည်။ သူမသည် ထိုင်နေကျနေရာမှာပင် ထိုင်သည်။ သောက်နေကျအတိုင်းသောက်ကာ ဆေးလိပ်ကိုလည်း ရှိုက်နေကျအတိုင်း လှလှပပရှိုက်သည်။ သတိထားမိသည်မှာ သူမက ဘာမှ မစားဘဲ အရည်တွေချည်း သောက်နေတတ်ခြင်းပင်။ ပရုတ်နံ့သင်းမည်ဟု ကျွန်မ ယူဆသော  Monthol အစိမ်းရောင်ဗူးနှင့်မာဘိုလိုစီးကရက်ကို မက်မောနှစ်သက်စွာ သူမ သောက်သည်။ မနက်စာချိန်မှာပင် အနည်းဆုံး နှစ်လိပ်ခန့်ကုန်အောင် သောက်သည်ကို တွေ့ရ၏။

ဘာကြောင့် သူမကို နေ့စဉ် သတိထားကြည့်နေမိရသည်ဆိုတာကို ကျွန်မကိုယ်တိုင် သေချာ မသိပါ။ ကျွန်မနှင့်တူသည်ဟူသော ရှယ်လီ့စကားက ကျွန်မ မသိစိတ်မှာ စေးကပ်ငြိတွယ်နေခြင်းကြောင့် ဖြစ်နိုင်ကောင်းပါသည်။ တကယ်တော့ လူဆိုသည်မှာ သူများအကြောင်းထက် ကိုယ့်အကြောင်းကိုယ်သာ စိတ်ဝင်စားတတ်ကြသူများ၊ ကိုယ့်မျက်နှာနှင့်တူသူကို အာရုံကျတတ်သူများ မဟုတ်ပါလား။ ထို့ကြောင့်သာပင် အုပ်စုလိုက် ဓါတ်ပုံတစ်ပုံကြည့်ပြီဆိုလျှင် မိမိမျက်နှာကိုသာ အရင်ဆုံး ရှာဖွေကြည့်တတ်ကြခြင်းပေ။

ကျွန်မတို့ရုံးအောက်မှာ ကန်တင်းန်သုံးခုရှိရာ တစ်ခုက အစားအသောက်မကောင်း၊ တစ်ခုက ဈေးကြီးကာ နောက်တစ်ခုက ဆက်ဆံရေးသိပ်မကောင်းသော်လည်း ဈေးရော၊ အရသာရော မဆိုးလှသောဆိုင် ဖြစ်သည်။  ထိုတတိယဆိုင်မှာပင် ကျွန်မတို့ နေ့စဉ်ထိုင်ဖြစ်သည်။ ကျွန်မနှင့်ရှယ်လီက ချိန်းဆိုမထားစေကာမူ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သည်ဆိုင်လေးကို ရောက်ကြမြဲ၊ မနက်စာ အေးအေးဆေးဆေး စားသောက်ပြီးမှ ရှစ်နာရီဆယ့်ငါးလောက်မှာ ရုံးပေါ်တက်ကြမြဲဖြစ်သည်။ တစ်ယောက်နေထိုင်မကောင်း၍ ဆေးခွင့်ယူရသောနေ့မျိုးမှာသာလျှင် ကျန်တစ်ယောက်မှာ ထိုနေ့အတွက် အဖော်မဲ့ ဖြစ်ရတတ်သည်။

တစ်နေ့ မနက်ခင်းမှာတော့ သူမက ထိုင်နေရာမှထကာ လက်ဘက်ရည်ဆိုင်ဆီ သွားလေသည်။ ကန်တင်းန်ကလေးမှာ လက်ဘက်ရည်ဆိုင်၊ ကြာဇံခေါက်ဆွဲကြော်ဆိုင်နှင့် အုန်းထမင်းဆိုင်လေးသာရှိကာ တစ်ခုတည်းသောသောက်စရာဆိုင်အဖြစ် ထိုလက်ဘက်ရည်ဆိုင်က လူအစည်ကားဆုံး ဖြစ်လေသည်။ 

သူမထိုင်ခုံပြန်ရောက်သော် သူမလက်ထဲမှာ နို့ဆီဗူးအလွတ်တစ်လုံးပါလာတာတွေ့တော့ ကျွန်မပြုံးမိသည်။ ကျွန်မတွက်ကိန်း မှန်ပါသည်။ သူမ ဆေးလိပ်ပြာချွေထည့်ဖို့ပင်။ သူမက ထုံးစံအတိုင်း ဘေးဘီဝဲယာကို ငဲ့၍မျှမကြည့်ဘဲ တစ်ယောက်ထဲတစ်ကမ္ဘာလုပ်ကာ ထိုင်လျှက် ကျွန်မမှာမူ ရှယ်လီပြောသော သူ့ကလေးတွေအကြောင်းနားထောင်လိုက်၊ စားလိုက် သောက်လိုက်၊ သူမဆီ တစ်ချက်ခန့်ကြည့်လိုက်နှင့် ရှိရသည်။

သူမကိုကြည့်ရတာဟာ အသက်ဝင်နေသောပန်းချီကားလေးတစ်ချပ်ကို ကြည့်နေရသလိုဟု ကျွန်မ ထင်သည်။ ရိုးရိုးကလေးနှင့် ဘာကိုမှ ဂရုမထားဘဲ သူမ လုပ်ချင်တာ လုပ်နေခြင်းကိုက ငေးကြည့်နေချင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိလွန်းသည်။ သူမမှာ အိမ်ထောင်မရှိဘူးလား၊ သားသမီးတွေရော ရှိမလား၊ သူမ ဘာလုပ်တာပါလိမ့်၊ စသည်ဖြင့် သူမနှင့်ပတ်သက်သောသိလိုစိတ်များ ကျွန်မမှာ တိုး၍သာ လာတော့သည်။ မှတ်မှတ်ရရ သူမ ပြုံးတာမျိုးတွေ့ဖို့ မဆိုထားနှင့်၊ မျက်လုံးကလေး ဝေ့၍မျှပင် ကြည့်တတ်တာကို မတွေ့ရချေ။

သူမက အရောင်နုနုကလေးတွေ ကြိုက်ပုံရသည်။ ပန်းနု၊ အစိမ်းပြေပြေ၊ အဝါဖျောဖျော့၊ အပြာလွင်လွင်ကလေးများသာ အဝတ်များသည်။ အဝတ်အစားနှင့်လိုက်ဖက်သော ခွာမြင့်ဖိနပ်ကိုလည်း ရွေးချယ်ဝတ်ဆင်လေ့ရှိသည်။

တစ်ခါက ဆိုင်ထဲအဝင် ဆိုင်ဝမှာပင် သူမခြေခေါက်ကာ လဲကျသွားခဲ့သည်။ ဒေါက်ကနဲမြည်သံနှင့်အတူ သူမပုခုံးပေါ်က အိတ်ကြီးက မြေကြီးပေါ်အကျ၊ သူမလည်း ကွန်ကရစ်လမ်းပေါ် ဖင်ထိုင်အကျ ဖြစ်လေသည်။ ဝတ်ထားသည့်စကတ်ကလေး လွင့်ကနဲမှာ သူမပေါင်တံဖွေးဖွေးကို ဖျတ်ကနဲ တွေ့လိုက်ရတော့ ကျွန်မက ယောင်ယမ်းမျက်နှာလွှဲလိုက်ရသည်။ စိတ်ထဲက ဆွဲထူပေးချင်သော်ငြား သူမရှက်သွားမည် စိုးသည်နှင့် မသိသလိုသာနေရင်း မျက်ဝန်းထောင့်မှ ခိုးကြည့်မိတော့ သူမက ချက်ချင်းပြန်မထလာနိုင်။ ထိုင်လျက်နှင့်ပင် ညာခြေမှ ကြိုးသိုင်းဖိနပ်ကို ချွတ်နေတာကိုတွေ့ရသည်။ ပြီးတော့ ခြေဖျားကို နှိပ်နယ်လျက်ရှိသည်။ ခဏနေတော့ ဖိနပ်ကို ပြန်စီးကာ ဆိုင်ထဲသို့ ထော့နဲ့ထော့နဲ့ဝင်လာလေသည်။ ဘယ်သူ့ကိုမှလည်းမကြည့်၊ ချော်လဲကျတာမို့ ရှက်တက်တက်လည်း ဖြစ်မနေဘဲ ပကတိခပ်တည်တည်မျက်နှာပေးနှင့်ပါပေ။ ထိုမိန်းမသည် ကျွန်မလိုပင် ခေါင်းမာပြီး ပေပေတေတေထဲကလည်း ဖြစ်နိုင်သေးသည်ဟု တွေးမိတော့ ကျွန်မ မပြုံးဘဲ မနေနိုင်ပြန်။

(၂)

တစ်နေ့မှာ ဖတ်လက်စသတင်းစာပေါ် သူမမျက်လုံးမှ မျက်ရည်တစ်ပေါက် ပေါက်ကနဲကျသွားတာ ကျွန်မ မြင်ဖြစ်အောင် မြင်လိုက်လေသည်။ အိတ်ထဲမှ တစ်ရှူးစကို ထုတ်ကာ မျက်ဝန်းတစ်ဝိုက် တို့သုတ်လိုက်တာကိုပါ တစ်ဆက်တည်း မြင်သည်။ ခဏနေတော့ သူမက သတင်းစာကို ထားနေကျအတိုင်း စားပွဲပေါ်ထားရစ်ခဲ့ကာ ခြေလှမ်းကျဲကျဲလှမ်းလျက် ကန်တင်းန်မှ ခွာသည်။

ထိုနေ့က ရှယ်လီသာ ကျွန်မအနားမှာ အတူရှိမနေဘူးဆိုလျှင် ထိုအမျိုးသမီးဖတ်ပြီး ထားရစ်သော သတင်းစာကို ကျွန်မ သွားရောက်ယူကောင်း ယူမိမည်ဖြစ်သည်။ ဘယ်လိုသတင်းကများ သူမကို မျက်ရည်ကျစေပါလိမ့်။ နာရေးသတင်းများလား၊ လက်ထပ်ပြီးစီးခြင်းများလား၊ ဒါမှမဟုတ် အမှတ်ရစရာ ဘယ်လိုအကြောင်းအရာတွေကများ သူမကို တိုက်ဆိုင်ဝမ်းနည်းစေသည်လဲ၊ မရေရာသောအတွေးများနှင့် ကျွန်မ လုံးထွေးလျက်ရှိရင်း အချိန်တန်တော့ အလုပ်ခွင်ဝင်လျက် သူမကို မေ့ပျောက်ထားရစ်ရလေသည်။

နောက်တစ်ရက် မနက်ခင်းမှစ၍ သူမကို ကျွန်မ မတွေ့ရတော့ပါ။ ခုဆိုလျှင် တစ်ပတ်တိတိရှိခဲ့ပြီ။ သူမ၏အရိပ်အရောင်ကိုမျှ မတွေ့ရတော့။ သူမထိုင်နေကျနေရာလေးသည် ထိုင်သူမဲ့လျက် ရှိသည်။ ထိုနေရာလေးကို ကြည့်မိတိုင်း ကျွန်မစိတ်ထဲ တစ်ခုခုလိုနေသလိုလို ဟာနေ၏။ သူမ ဘာများဖြစ်လို့ပါလိမ့်၊ သူမနှင့်ကျွန်မသည် အပြုံးချင်းဖလှယ်ဖို့ ဝေးလို့၊ မျက်လုံးချင်း တစ်ချက်ကလေးမှ မဆုံလိုက်ရ။ ထိုသူမအပေါ် မြင်တွေ့နေကျဟူသောစိတ်နှင့်ပင် ကျွန်မရင်၌ ကွက်လပ်တစ်ခု ကြွင်းကျန်ရစ်ပြီတည်း။

တစ်နေ့တစ်နေ့ သူမ ဝတ်လာတတ်တာလေးတွေ၊ ဟန်ပန်လေးတွေကို စောင့်ကြည့်နေမိတတ်သော မျက်ဝန်းများက သူမထိုင်နေကျနေရာလေးသို့ ဖျတ်ကနဲ လှမ်းကြည့်မိတတ်သည်။ သူမကို မတွေ့ရသော်လည်း ရာသီမှုန်မှိုင်းသောနေ့များ၌ သူမနှုတ်ခမ်းမှ ဆေးလိပ်ငွေ့တွေများ ဝေ့ကနဲ မှုတ်ထုတ်လိုက်လေသလား စိတ်က ထင်သည်။

အတန်ကြာသော် ကျွန်မ၏နေ့စဉ်များထဲမှာ သူမ မရှိတော့ပါ။ သို့သော် ထိုဆိုင်ကလေးမှာ မနက်စာစားဖြစ်သော နေ့များမှာတော့ သူမထိုင်နေကျနေရာလေးဆီ မျှော်လင့်ကြည့်တတ်ပါသေးသည်။ ထိုအခါမျိုးတွင် သူမနေရာ၌ တစ်စုံတစ်ယောက်ဝင်ထိုင်နေပါက ကျွန်မစိတ်ထဲ မကြိုက်ချင်သလိုလို ဖြစ်ရသည်။

ဘာနှင့်တူသလဲဆိုလျှင် ကျွန်မကားရပ်နေကျ ကားပါ့ကင်နေရာမှာ သူများကား ဝင်ထိုးထားသောအခါ ကသိကအောက်ဖြစ်ရပုံမျိုး၊  ကျွန်မ ထမင်းစားပန်းကန်ကို အခန်းဖော်က သစ်သီးများခွဲစိတ်ကာ မပြောမဆိုဘဲ ယူထည့်စားတတ်တာမျိုး၊ ကျွန်မပိုင်စာအုပ်တစ်အုပ်ကို ခွင့်မတောင်းဘဲ အကျအနယူငင် ဖတ်ရှု့နေတာမျိုးနှင့် ဆင်ဆင်တူလေသည်။

ကျွန်မတို့အားလုံးမှာ မြင်တွေ့နေကျ၊ ထိတွေ့နေကျဖြစ်သော သက်ရှိသက်မဲ့ဘယ်အရာကိုမဆို မသိစိတ်၌ အမှတ်မထင်စွဲငြိတတ်သောအလေ့ ရှိကိုရှိနေကြပါသည်။ 





ဘလော့ဂ်ဒေးအမှတ်တရ ရေးတဲ့စာ

$
0
0


ရသစာပေနှင့် ကျွန်မ

ကျွန်မက စာဖတ်နာသူမဟုတ်ခဲ့သလို ကိုယ့်ကိုယ်ကို စာရေးစာဖတ်ဝါသနာပါလို့ပါမှန်းလည်း မသိခဲ့သူပါ။ ကံကောင်းလို့ သီလရှင်မဖြစ်တာလို့တောင် ပြောရပါမယ်။ ကျွန်မဖတ်ခဲ့ရတဲ့စာအုပ်တွေက အဖေဖတ်နေကျ “သဘောပါရဲ့လား”ဆိုတဲ့ တရားစာအုပ်တွေချည်းပဲ။ အဲဒီကနေ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးတွေ့တော့ အဖေ့မေး၊ အဖေက ရှင်းပြ၊ နားမလည်၊ ငယ်သေးတာကိုးလို့ ကိုယ့်ကိုယ်ကို ဖော့တွေး။ နောက်တော့ တဖြည်းဖြည်း မိုးကုတ်ဆရာတော်ဘုရားကြီးတရားတွေနာရင်းနဲ့ မျက်ရည်ပေါက်ပေါက်ကျအောင် "မှန်လိုက်တာ မှန်လိုက်တာ ငါ့ကြည့်ပြောနေသလိုပဲ"ဆိုတဲ့စိတ်တွေနဲ့ အရမ်းကြည်ညိုလာရာက နားလည်အောင်လေ့လာရင်း သိသွားတော့တာ။ အဲသလို တရားအရသာသိလာတဲ့အခါကျတော့လည်း တရားစာအုပ်တွေချည်း ဖတ်ချင်တော့တာပဲ။ အနာဂါမ်ဆရာ သက်ကြီးတို့၊ ရဟန္နာနှင့် ပုဂ္ဂိုလ်ထူးများတို့ အဲသလိုစာအုပ်တွေ စိတ်ဝင်တစားဖတ်တတ်လာတော့တယ်။

ကဲ ချော်ကုန်ပြီ။ လမ်းပေါ်ပြန်တက်ကြစို့ရဲ့။

ပြောချင်တာက ကျွန်မဟာ ကြောင်ပုဇွန်စားသလိုလည်း ရသစာပေကို ကြွပ်ကြွပ်ဝါးခဲ့ရသူ မဟုတ်ကြောင်း ပြောချင်တာပါ။ တစ်ခုသိပ်ကောင်းသွားတာက လောကကြီးမှာ အကြောင်းနဲ့အကျိုးပဲ၊ အကြောင်းကြောင့် အကျိုးဖြစ်ဆိုတာကို ရေရေလည်လည်လက်ခံသဘောပေါက်သွားတဲ့အခါ အတော်ကို နေသာထိုင်သာရှိသွားတော့တယ်။

ဘာကြောင့် စာရေးရသလဲ

ရေးချင်လို့ ရေးပါတယ်။

ဘလော့ဂ်ဂါဘဝရောက်ရခြင်းအကြောင်း

ဒီလိုပါပဲ။ သူများတွေ ၂၀၀၆ လောက်က ထင်ပါရဲ့၊ ဘလော့ဂ်ခေတ်ဦးကြီး ခြိမ့်ခြိမ့်သဲနေချိန်မှာ နတ်ပြည်တက်နေခဲ့သူဖြစ်ပြီး အဘတို့တော့ မောပြီဆိုတဲ့အချိန်ကျကာမှ ငါဟဲ့ ဘလော့ဂ်ဂါဆိုပြီး ကျွန်မက လက်ခမောင်းထခတ်သူဖြစ်တော့တာကိုး။ အဲဒီအကြောင်းများ ပြောရရင် သက်ဝေကို မေ့ထားလို့ မရဘူး။ သူက ညစာကျွေးပြီးတော့ကို ဘလော့ဂ်ဖွင့်ပေးခဲ့တာ။  ကြည့်မရတဲ့သူဆို ကင်မရာသာ ဝယ်ပေးလိုက်ဆိုတာလို နေမှာ။ ဘယ့်နှယ် ဓါတ်ပုံပိုးဝင်သွားလို့ကတော့ ဟိုဟာလေး ဝယ်ချင်၊ ဒီအပိုပစ္စည်းလေးဝယ်ချင်နဲ့ ဘဏ်ကပ်ဒ်ပြားပါးပါးသွားရတဲ့ အဖြစ်မျိုး။ 

ဘလော့ဂ်စရေးကာစမှာ တစ်ရေးနိုးတောင် ဘလော့ဂ်ထကြည့်တာ၊ ဘလော့ဂ်နဲ့ မျက်နှာသစ်၊  ဘလော့ဂ်နဲ့ ထမင်းစား၊ ဘလော့ဂ်နဲ့ ရေချိုး (အေ့လေ ဒါကတော့ နည်းနည်းလွန်သွားပြီ)။ ထားပါတော့၊ ဒီလိုနဲ့ ရူးလာလိုက်တာ တစ်ပတ်နေလို့ ပိုစ့် သုံး-လေးပုဒ်လောက် မတင်ရရင် စာလာဖတ်သူတွေအပေါ် တာဝန်ပဲ မကြေသလိုလို၊ အံမယ် ဖြစ်ပုံက အဲသလိုကိုးရှင့်။ ခံစားနေရတာ။ ကိုယ်တိုင်ပဲ စာဖတ်သူနဲ့ စာချုပ်ကြီး အကြီးကြီးချုပ်ထားသလိုလို ဘာလိုလို။

နောက်တော့လည်း (ခု ဆိုပါတော့) သွေးအေးသွားလိုက်တာ။ တစ်လနေလို့ တစ်ပုဒ် မတင်နိုင်လည်း အေးဆေးပေါ့ကွာ နောက်နေ့တင်တာပေါ့ကွာ ရပါသေးတယ်ကွာတွေ ဖြစ်လာတယ်။
ရေးတာတွေကဖြင့် အပျော်လိုလို၊  နောက်တာလိုလို၊ သရော်တာလိုလို…၊ အတည်အတန့်တစ်ခုမှ မပါ။ တကယ်တော့ ဘာမှ သိပ်ဟုတ်တိပတ်တိရေးခဲ့တယ် မရှိလှပါဘူး။ ဒါပေမယ့် ပျော်တယ်။  ကြေနပ်တယ်။  သူများဘလော့ဂ်ဂါတွေ အထူးသဖြင့် ခေတ်ဦးက ဘလော့ဂ်ဂါတွေ သူတို့ခေတ်က သူတို့အချိန်နဲ့ သူတို့အခါနဲ့ မျက်နှာဝှက်ရေးကြတာကိုး၊ ကျွန်မ ဘလော့ဂ်စရေးတဲ့ ခေတ်လယ်ကျမှပဲ ဘလော့ဂ်ဂါရယ်လို့ နဖူးစာကပ်ပြီး ပေတရာမလျှောက်ရုံရှိတာ။ တကယ်ပါပဲ။ ဘလော့ဂ်ဂါလေလို့ မိတ်ဆက်ပေးရင်ပဲ သဘောတွေကို ကျလို့…..။

ဘလော့ဂ်ဂါလား စာရေးသူလား စာရေးဆြာမလား ဘာလား  ညာလား

ဘာ မှ မ ဟုတ် ဘူး။

ကျွန်မ ကျောက်ခေတ်မှာ လူဖြစ်ခဲ့တုန်းက ကျောက်ချပ်တွေပေါ် အချွန်ဟုထင်ရသော ကလောင်တံတစ်ချောင်းနဲ့ ထွင်းရေးခဲ့တာ မှတ်မိသေးတယ်။ တကယ်၊ မယုံရင် ကျောက်ခေတ်မှာ မွေးတဲ့သူတွေ တွေ့ရင် မေးသာကြည့်။ ကျောက်ခေတ်မှာ မွေးရင် ကျောက်ပေါ်မှာ ရေးမယ်။ ကြေးခေတ် သံခေတ်မှာ မွေးရင် ကြေးပြားသံပြားတွေပေါ်မှာ ရေးမယ်။ ဂူနံရံတွေပေါ်တောင် ရေးခဲ့ကြသေးတာ မဟုတ်လား။ ထားလိုက်ပါတော့...။

ဒီတော့ ကျွန်မ အခု လူဖြစ်လာရတဲ့ ဘဝကြီးထဲမှာ အွန်လိုင်းဆိုတာကြီးနဲ့ ကြုံခိုက် အွန်လိုင်းပေါ် ရေးဖြစ်တယ်။ ပုံနှိပ်စာမျက်နှာပေါ် ရေးလို့ရတယ်ဆိုတော့ ရေးကြည့်တယ်၊ ရေးခွင့်ကတော့ လူတိုင်းမှာ ရှိတာပဲ။ ကိုယ်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ ဒါကိုမှ ကိုယ်ဟာ ဘလော့ဂ်ဂါ၊ ကိုယ်ဟာ စာရေးဆြာ၊ ကိုယ်ဟာ ရွုက်တာ ဘာညာခွဲခြားပြီး နာမည်လိုက်တပ်နေရင်တော့ နာမည်တပ်တဲ့အထဲပဲ နေကြရုံပဲ။ ကိုယ့်ကိုယ်ကို ဘောင်တွေခတ်ပစ်လိုက်တာနဲ့တူတယ်လို့ ကျွန်မက ထင်တယ်။

တရားသဘောနဲ့ ပြောကြေးဆို နာမည်ဆိုတာ ပညတ်မျှသာပဲ မဟုတ်ဘူးလား။ အဓိကက ကိုယ်ရေးနေတဲ့ စာပါပဲ။ ဘယ်မှာပဲရေးရေး၊ တတ်နိုင်လို့ မိုးပေါ်ပဲ ပျံရေးရေး၊ ကိုယ်ရေးနေတဲ့စာသည်သာ ကိုယ့်ကို ဒီဖိုင်းလုပ်သွားမှာ (ဘိုလိုလေးညှပ်ပြောပါရစီ) မြန်မာလို ဘယ်လိုဖွဲ့ရမယ် မသိလို့ပါ။ နေဦး ကြိုးစားပြောကြည့်မယ်။ "ကိုယ်ရေးနေတဲ့စာကသာ ကိုယ်ဘာဆိုတာ သတ်မှတ်ပေးလိမ့်မယ်"အဲသလိုပဲ ထားလိုက်ပါတော့။ ကျွန်မက မြန်မာစာရေးတဲ့နေရာသာ ညံ့တာ၊ ဘာသာပြန်လည်း အတော့်ကို မစွံတာ။ ထားလိုက်ပါတော့လေ….(Again)

ဒီတော့ ကျွန်မကို ဘာလဲမေးလာရင် ဘာမှမဟုတ်ဘူး။ ရေးလို့ရတဲ့နေရာမှာ ကြုံလို့ ရေးနေတာ။ ဒီလောက်ပဲ။

စာအုပ်ထုတ်ဝေခြင်း

စာပေစိစစ်ရေးမရှိဆိုတဲ့ ကျေးဇူးတော်ကြောင့် စာအုပ်ထုတ်ဝေခြင်းအမှုကိစ္စတွေ အဆင်ပြေပြေဖြစ်သွားပြီး ဟောတစ်အုပ် ဟောတစ်အုပ်ဖြစ်လာရတာ။ ကျေးဇူးတင်ဖို့ သိပ်ကောင်းတာပဲ။ တစ်ဘက်ကကြည့်ရင်လည်း စာအုပ်ကို ကိုယ်ပိုင်ငွေနဲ့ ကိုယ့်ဟာကိုယ်ထုတ်သူတွေဟာ သူတို့ကျေးဇူးနဲ့ အလှူ့ရှင်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လာရတယ်။ စာအုပ်ထွက်ပြီဆိုတာနဲ့ ရေစက်ခွက်လေးကိုင်ပြီး အမျှ အမျှ အမျှလို့သာ သဘောထားကြီးကြီးနဲ့ သုံးခေါက်တိတိပေးဝေတတ်ဖို့ပဲလိုတယ်။ ဒါနဲ့ ဒီမှာတင် ရပ်ပြီလားဆိုတော့ မရပ်သေးဘူး။ ပိုးက မသေသေးတော့ နောက် တစ်အုပ်စာလေးများ လောက်လောက်လားလားစုမိရင် ထုတ်ဦးမှာ ဆိုပဲ။

ဒီတော့ ရှင်းပါတယ်။ ဆရာခေါ်ခံချင်မှတော့ ဗိန္နောကုစားလည်း ရတာပဲ မဟုတ်လား။ ရေးထားတဲ့စာလေးတွေများ များလာပြီဆိုမှဖြင့် စာအုပ်ထုတ်ချင်တဲ့ပိုးဟာ တရွရွတက်လာတတ်တာမျိုး။  ခုက မပြည့်သေးလို့ ငြိမ်နေတာ။ ပြည့်ရင် ထုတ်ဦးမှာ။  ခုလောက်ဆို ရှင်းပြီပေါ့။ ဒီလိုပါပဲလေ၊ ဖြစ်တတ်ပါတယ်။ ပုထုဇဉ်ဆိုတဲ့ အရူးမျိုးမှာမှ စာပေရူးတာက ပိုဝဋ်ကြီးတယ်လို့ ဆိုရမယ်။ မတတ်နိုင်ဘူးလေ၊ ၃၁ဘုံထဲမှာ လူ့ဘုံဆိုတာက တကယ့်ကို ကံထူးလို့သာ ထရန်စစ်အနေနဲ့ ရောက်လာကြရတာ မဟုတ်လား။ သဘောပါရဲ့လား….အိမ်းးးး 

လူလုံးထွက်ပြခြင်း မပြခြင်း

ဒါကတော့ သိပ်ကိုရှင်းပါတယ်။ စာဖတ်သူသည် စာကိုသာ ဖတ်သည်၊ လူကို မဖတ်လို့သာ ပြောချင်ပါတယ်။ ခုလို မျက်နှာစာအုပ်ကြီးတွေ ကိုယ်စီဖွင့်လာကြတော့ သူသူကိုယ်ကိုယ် အများစု အထူးသဖြင့် အမျိုးသမီးစာရေးသူတွေ သူတို့ပုံလှလှလေးတွေ တင်လာတတ်ကြပါတယ်။  ကျွန်မလည်း တင်ပါတယ်။ လှတဲ့ပုံလေးတွေဆို တင်ပါတယ်။ မလှရင်လည်း လှအောင်ရိုက်ပြီး တင်ပါတယ်။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ တစ်ချို့က ဒီအမျိုးသမီး ပရိသတ်ချူနေတယ် ပြောကြပြန်တယ်။ 

ခက်လိုက်ပုံက။ ပြောပြီးပါရောလား၊ ပပဝတီဖြစ်နေပါစေ၊ သူရေးတဲ့စာတွေက မဟုတ်ရင် ဘယ်သူကမှ စကားလုပ်ပြောကြမယ် မထင်ဘူး။ စာရေးများကောင်းလို့က ရုပ်ဆိုးလေးလည်း လှတယ်ကို ထင်နေတတ်တာမျိုး မဟုတ်လား။ ထားပါတော့လေ။ အပေါ်ယံ အရေပြားတစ်ထောက်ကိစ္စတွေ သိပ်မပြောချင်လှပါဘူး။ စာရေးနေတဲ့အမျိုးသမီးတွေ သိပ်ချောနေတာကတော့ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပါလိမ့်မယ်။ ကျွန်မအမြင်ကတော့ လူလုံးထွက်ပြပြီး စာဖတ်သူရှာတယ်ဆိုတာကို လက်မခံတာပါ။ သဘောထားကွဲလွဲချင် ကွဲလွဲလို့ ရပါကြောင်း....။

တစ်ခုခုလိုချင်ရင် တရားအလုပ် လုပ်ပါ။ စာမဖတ်ပါနဲ့

လူတွေ ပြောလေ့ရှိကြတယ်။ စာဖတ်ရင် တစ်ခုခု ရမှ တဲ့။ ကျွန်မ ပြောကြည့်ပါရစေ၊ တစ်ခုခုရမှ ဆိုတဲ့စိတ်ကြီးနဲ့တော့ စာမဖတ်ပါနဲ့။ တရားသာ မှတ်ပါ၊ တစ်ခုမက ရပါလိမ့်မယ်။ အမှတ်စိတ်တွေကြား ကိလေသာ ကြားမခိုဘဲ ကြိုးကြိုးစားစားမှတ်ရင် နိဗ္ဗာန်တောင် ရောက်ဦးမယ်။ တရားအလုပ် လုပ်ခြင်းအားဖြင့် မတရားမှုတွေကနေ ရှောင်ကျဉ်ပြီးသားလည်း ဖြစ်ဦးမယ်။ 

ကျွန်မ စာရေးတဲ့အခါ စာဖတ်သူတွေ တစ်ခုခုရသွားကြပါစေဆိုတဲ့ စေတနာနဲ့ စာမရေးဘူး။ ဥပမာ ပြောရရင် ဟင်းတစ်ခွက်ချက်တဲ့အခါ ဆားက သူ့အလိုလို ပါပြီးသားဖြစ်ရမှာလိုပဲ။ စာရေးပြီဆိုတဲ့အခါ စေတနာက သူ့အလိုလို ပြဌာန်းပြီးဖြစ်သွားတယ်။ ဖတ်သူအနေနဲ့လည်း အဲဒီလိုပဲ၊ တစ်ခုခုလိုချင်စိတ်နဲ့ ဖတ်တာထက် ဖတ်ပြီးမှ ရသွားတဲ့ စိတ်ခံစားမှုကလေးအပေါ်မှာသာ ရယူတတ်ပါစေ။

ဘာကြောင့် ကျွန်မ အဲသလိုပြောရသလဲဆိုရင် တစ်ခုခုလိုချင်လို့ ဖတ်ရင်၊ မျှော်လင့်ထားသလို မရတဲ့အခါ စိတ်မှာ ဒေါသကလေး ကပ်ငြိသွားတတ်တယ်။ တကယ့်အနုစားလေးမို့ ကိုယ်တိုင်သိချင်မှတောင် သိလိုက်မယ်။ သိပ်ကြိုက်တဲ့အခါမှာဆိုရင်လည်း လောဘစိတ်ကလေး အနုစားဖြစ်သွားတာပဲ။ "မလို ဒေါသ၊ လို လောဘ"လို့ ဆိုပါတယ်။

ပြီးတော့ စာတစ်ပုဒ်အပေါ်မှာ စာဖတ်သူတစ်ယောက်ချင်းစီ ရလိုက်တဲ့ အမြင်ချင်းရော တူနိုင်ပါ့မလား။ မြတ်စွာဘုရား တရားဟောတဲ့အခါ ဟောတာကတော့ လူနတ်ဗြဟ္မာ အကုန်လုံးကို အတူတူဟောတာပဲ။ ဒါပေမယ့် ဉာဏ်ရည်ရင့်သန်မှုအပေါ် မူတည်ပြီး တရားဆုံးတဲ့အခါ သောတာပန်တည်သူက တည်၊ အနာဂါမ်တည်သူက တည်၊ ဂိတ်ဆုံးထိ ရဟန္နာဖြစ်သူက ဖြစ်၊ ဘာမှ မဖြစ်ဘဲ ပုထုဇဉ်အရင်းအတိုင်း ရူးကျန်ခဲ့သူက ကျန်….။ အဲသလို မဟုတ်လား။ ကျွန်မက အနီးစပ်ဆုံး ဥပမာပြတာပဲ။ စာရေးဆြာတွေကို ဘုရားနဲ့ပုံခိုင်းတယ်လို့လည်း မယူလိုက်ကြပါနဲ့ဦး။

ရေးသူနဲ့ဖတ်သူ လိုင်းတူသွားတဲ့အခါမတော့ သိပ်ကို ပျော်စရာကောင်းတာပေါ့။ များသောအားဖြင့် စာရေးခြင်းအလုပ်ကို ကျွမ်းကျင်သူ စာရေးဆရာတွေ ရေးတဲ့အခါ ဖတ်သူကို ဆွဲခေါ်သွားနိုင်တယ်။ ဖတ်အပြီးမှာ မပေးဘူးဆိုရင်တောင်မှ ဖတ်သူက တစ်ခုခုတော့ ရသွားတတ်ကြတယ်။ ရသစာပေရဲ့သဘောက အဲဒါပါပဲ။ ကျွန်မပြောချင်တာက တစ်ခုခုပေးရမယ်၊ တစ်ခုခု ရရမယ်၊ အဲသလိုကြီး တောင့်တောင့်ကြီး တင်းမထားစေချင်တာ၊ အားထုတ်စရာမလိုပါဘူး၊ ရသအဖွဲ့ကောင်းတဲ့စာဆိုရင် အပေးအယူဆိုတာတွေက ရင်ဘတ်ပါသူတိုင်း သူ့အလိုလိုအော်တိုမက်တစ် ရရမယ့် ကိစ္စတွေလို့ ဆိုချင်တာ။  သဘောပါရဲ့လား  အိမ်း...

ခု လက်ရှိ

ဘလော့ဂ်မှာ ရေးလိုက်၊ ပုံနှိပ်ကို ပို့ထားတဲ့စာမူလေးတွေ အဆင်ပြေတဲ့အခါ ပါလာလိုက်၊ ဒီလိုပါပဲ။ ဘလော့ဂ်မှာ ရေးနေတဲ့ နှုန်းတော့ သိသိသာသာလျော့ကျသွားတယ်ဆိုရမယ်။ လာဖတ်သူလည်း လျော့တာပါပဲ။ လျော့ချင်လို့ လျော့တယ်ပဲ မှတ်ပါတယ်။ ကိုယ့်ဘက်က တတ်နိုင်သလောက်တော့ ဘလော့ဂ်ကို အသေကြီးဖြစ်သွားမှာ မလိုချင်ပါဘူး။ ဒီတော့ အရင်ကနှုန်းအတိုင်း မဟုတ်တောင် ကျဲကျဲလေးတော့ လုပ်ဖြစ်နေပါဦးမယ်။

ဒီလောက်ပါပဲ။  တစ်ခြားလည်း ထူးထူးထွေထွေ ပြောစရာမရှိလှပါဘူး။  ဘာကြောင့်ဘလော့ဂ်ဒေးခေါ်သလဲဆိုတာလည်း မသိလှပါဘူး။သိလည်း သိပ်အရေးမကြီးလှပါဘူး။ မွေးလာပြီး သေရမှာ၊ ဒီမွေးသေကြားထဲက ကာလကြီးတစ်ခုထဲ သူသူငါငါ ဖြတ်သန်းရင်း မှတ်တိုင်တွေ စိုက်ခဲ့ကြဖို့ ကြိုးစားနေကြတာပဲ မဟုတ်ဘူးလား။ ဒါကိုပဲ ဘဝရဲ့တန်ဘိုးလို့ ဆိုကြတာ။ ဘဝကြီးထဲ ဘာများအရေးကြီးတာ ရှိသေးတုန်း။

ရေးဆိုလို့သာ ရေးလိုက်ရတာ။ ဘလော့ဂ်ဒေးဘာညာ မသိသော်ငြားလည်း နောက်ဆုံးပိတ်ပြောချင် တာကိုတော့ဖြင့် ခန့်ခန့်ငြားငြားလေးပြောပြီး ပိတ်လိုက်ပါမယ်။

ဘလော့ဂ်ဒေးနှင့်ဆိုင်သည်ဖြစ်စေ၊  မဆိုင်သည်ဖြစ်စေ၊ နှောင်းလူများမှတ်သားရန် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စာဖတ်သူများ တစ်ခုခု ရလိုက်သည်ဖြစ်စေ၊ မရလိုက်သည်ဖြစ်စေ၊ သည်စာအပေါ်၌ စာရေးသူချစ်ကြည်အေးနှင့် သဘောထားတူသည်ဖြစ်စေ၊ ကွဲလွဲသည်ဖြစ်စေ.... 
မည်သို့ပင်ဖြစ်စေ "ဤစာအား ဘလော့ဂ်ဒေးအမှတ်တရ ရေးတဲ့စာဟု အမည်တွင်စေရမည်"

ပုံ
အန်တီစီကေအေ 
"ဘလော့ဂ်ခေတ်လယ်၂၀၀၉မှ စ၍ အွန်လိုင်းပေါ် စတင်ရေးသားသူ"
World Peace !!!


ကျေးဇူးစကား - အန်တီတင့်ကျေးဇူးကြောင့် ရေးဖြစ်ပါတယ်။  ကျေးဇူးပါ တီတင့်ရေ  :)




ချစ်သူဆီ....

$
0
0

အဆုံး….(သို့) အစ….

Mya Wityee
8hrs ago
မောင်…
ဒီစတေးတပ်စ်ကို မောင်ဖတ်မိတဲ့အချိန်မှာ ကျွန်မက မောင်နဲ့တကွ ကျွန်မချစ်တဲ့ မိတ်ဆွေတွေကိုပါ ကျောခိုင်းလို့ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ဟိုး အဝေးကြီးဆီကို ထွက်ခွာသွားခဲ့ပြီ မောင်…။ မောင် ပျော်ရွှင်ကျန်းမာပါစေကွယ်….။

မောင့်မြဝတ်ရည်

 (အစ)

နှစ်ထပ်ခွဲတိုက်အိမ်အဖြူလေးရဲ့အပေါ်က ထပ်ခိုးခန်းလေးထဲမှာ မောင့်အခန်းကလေးရှိတယ်။ အိမ်အဝင်ဝမှာ မီးသီးရောင်စုံသေးသေးကလေးတွေ ချိတ်ဆိုင်းထားတဲ့ ခေါင်မိုးချွန်အိမ်ကလေးပေါ့။
သိပ်ချစ်စရာကောင်းတာပဲ။ လမ်းကလေးတစ်လျှောက်မှာ အိမ်ကလေးတွေ စီရီလို့ရှိပေမယ့် ချစ်သူ့အိမ်ကလေးကသာ ကျွန်မမျက်ဝန်းထဲ အေးအေးမြမြစီးဝင်နိုင်စွမ်းတယ်လို့ ကျွန်မက ထင်တယ်။

အခါများစွာကလိုပဲ မောင် အိပ်ယာကမနိုးသေးမယ့်အချိန်ကို ရွေးပြီး မောင့်အခန်းလေးထဲ ကျွန်မ လာခဲ့တယ်။ စေ့ရုံစေ့ထားတဲ့ တံခါးအဖြူရောင်လေးကို သာသာတွန်း ဖွင့်လို့ ခြေဖျားလေးထောက်ပြီး လေပြေကလေးလို မောင့်အနား ဝေ့ကနဲရောက်လာခဲ့တာပေါ့မောင်။

ထင်တဲ့အတိုင်းပဲ။  မောင်က အိပ်နေတုန်း၊  ကလေးတစ်ယောက်လို အပူအပင်ကင်းကင်း အိပ်ပျော်နေလိုက်တုန်း….။ ချစ်ဖို့ကောင်းလိုက်တာ…။

အဲကွန်းဖွင့်ထားလိုက်တာကလည်း အေးစိမ့်လို့၊ ကျွန်မ မောင့်အနား ဖြည်းဖြည်းကလေး ခြေဖော့ကပ် သွားပြီး မောင့်ခြေရင်းက စောင်ကို မောင့်ရင်ဘတ်ပေါ်ထိ ဆွဲတင်ပေးလိုက်တယ်။ အိပ်ပျော်နေတဲ့ မောင့်မျက်နှာကို ငေးကနဲကြည့်နေမိရင်း မောင် အိပ်မက်ဆိုးတွေကင်းလို့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်ပါစေလို့ ဆုတောင်းလိုက်မိသေးတယ်။ ကျွန်မ သိတယ်။ အပူအပင်တွေ သိပ်များတဲ့လောကကြီးထဲမှာ ခုလိုအိပ်ပျော်နေချိန်လေးပဲ မောင် အေးချမ်းရရှာတာ…။

ပြီးမှ မောင့်ဘီရိုကို ဖွင့်ကြည့်လိုက်တော့ သပ်သပ်ရပ်ရပ်နေတတ်တဲ့ မောင့်ထုံးစံအတိုင်း ရှပ်အင်္ကျီတွေ သပ်သပ်၊ တီရှပ်တွေ သပ်သပ်၊  ဘောင်းဘီအတိုတွေ သပ်သပ်၊ ဘောင်းဘီအရှည်တွေက သပ်သပ်၊ သူ့နေရာနဲ့သူ အထပ်လိုက်ကလေးတွေ။ တစ်ချို့လည်း ချိတ်မှာ ချိတ်လို့၊ အဲဒါတွေကတော့ မောင် ပွဲတက်သွားတဲ့ အဝတ်အစားတွေထင်ပါရဲ့။

မီးပူမတိုက်ရသေးဘဲ ခေါက်ရုံခေါက်ထားတဲ့ မောင့်အဝတ်အစားတွေကို မီးပူတိုက်ပေးဖို့ ဘီရိုထဲက ဆွဲအထုတ်မှာ ပရုတ်လုံးကလေးတစ်လုံးက အဝတ်တွေနဲ့အတူ ရောပါလာပြီး ကြမ်းပြင်ပေါ် ဒေါက် ကနဲ ပြုတ်ကျတယ်။

ကျွတ်  ကျွတ်…..။  ကလေးတစ်ယောက် အိပ်ရာကလန့်နိုးသွားမှာစိုးတဲ့ မိခင်လို ကျွန်မနှုတ်က ကယောင်ကတမ်း စုတ်သပ်လိုက်မိတယ်။  မောင်တော့ နိုးသွားတော့မှာပဲ။

တော်ပါသေးရဲ့။ မောင်က ကိုယ်ကို ပက်လက်အနေအထားကနေ ညာဘက်စောင်းလို့ ဆက်အိပ်တော့မှပဲ ကျွန်မ စိတ်ချမ်းသာရတယ်။ မောင့်မျက်နှာဘေးတစောင်းကလေးကို လှမ်းကြည့်ရင်း ကျွန်မပြုံးမိတယ် ထင်ရဲ့။ နိုးထနေချိန်တွေတိုင်း မောင် မျိုသိပ်ခံစားနေတတ်တဲ့ အပူတွေ၊ အလုပ်နဲ့ပါတ်သက်တဲ့ စိတ်ဖိစီးမှုတွေဟာ မောင် အိပ်ပျော်နေစဉ်မှာသာ ခဏတာ ကွယ်ပျောက်သွားနိုင်တာ မဟုတ်လား။ မောင် အိပ်ပါစေကွယ်။ မောင်ကလေး အိပ်ကောင်းခြင်း အိပ်ပျော်ပါစေ။

မီးပူတိုက်ပြီးတော့မှ မောင့်မီးဖိုချောင်လေးထဲဝင်ပြီး ရေခဲသေတ္တာကို ဖွင့်ကြည့်မိ တယ်။ မောင် လောလော လတ်လတ် ဈေးသွားထားပုံပဲ။ အသားရော အသီးအရွက်တွေပါ လတ်လတ်ဆတ်ဆတ်။ ဝက်သား နှစ်ကဒ်၊ ခရမ်းချဉ်သီး သုံးလုံး၊ ကိုက်လန်တစ်စည်းနဲ့ ပုဇွန်တစ်ချို့။

ကြည့် မောင်ဟာလေ…။  ကိုလက်စထရောတွေ တက်နေတယ်၊ အဆီအဆိမ့်တွေ ရှောင်ရမယ်လို့ ဆရာဝန်က ပြောတယ်တဲ့။

သူပဲ ပြောပြီး ခု ဝက်သားတွေ၊ ပုဇွန်တွေ ဝယ်ထားပြန်ပါပြီ။ ဝက်သားနှစ်ကဒ်ထဲက တစ်ကဒ်ကတော့ ဝက်နံရိုးမို့ အဆီမပါသလောက်ပဲ။ ဒါနဲ့ အအေးခန်းအကန့်ထဲက ဝက်နံရိုးကို ထုတ်၊ မိုက်ကရိုဝေ့ဖ်ထဲ ကီလိုဝက်အချိန်မှာထားပြီး ရေခဲတွေကို ပျော်စေလိုက်တယ်။

ရေနွေးတည်ပြီး ဓါတ်ဘူးလေးနှစ်လုံးထဲကို တစ်ဝက်ဆီ ခွဲထည့်၊ ဓါတ်ဘူးတစ်လုံးထဲကို လက်ဘက်ခြောက်ခတ်ပြီး နောက်တစ်လုံးထဲကိုတော့ မောင်ကြိုက်တဲ့ ကော်ဖီအဖြူ ဖျော်ထည့်ထားလိုက်တယ်။ မောင် နိုးလာတဲ့အခါ ကွန်ပြူတာမှာ သတင်းတွေဖတ်ရင်း သောက်ရအောင်လေ….။

ကိုက်လန်တွေကို အရိုးရင့်တွေ ဖယ်ထုတ်ပြီး ကျန်တာတွေကို ရေနွေးလေးဖျော၊ ပြီးမှ ရေအေးနဲ့ ပြန်ဆေးလိုက်တယ်။ မောင်ကြိုက်တဲ့ အရွက်စိမ်းရောင်လည်းမပျောက်ဘဲ ခပ်ကြွတ်ကြွတ် အနေအထားလေးပေါ့။ ခရုဆီရယ်၊ သံလွင်ဆီရယ်၊ ပဲငံပြာရည်အကြဲရယ် သုံးမျိုးရောပြီး ဖျော်၊ ဆားနဲ့ငရုတ်ကောင်းမှုန့် နည်းနည်းစီထည့်၊  ကြက်သွန်နီကြော်လေး မွှေးနေအောင်ကြော်ပြီးမှ အုပ်ဆောင်းအောက်မှာ အသာလေးအုပ်ထားလိုက်တယ်။ မောင် နိုးတော့မှ ရေနွေးဖျောထားတဲ့ ကိုက်လန်ရွက်လေးပေါ် ခရုဆီအရောကို ဆမ်း၊ အပေါ်က ကြက်သွန်နီကြော်လေး ဖြူးပြီး စားဖို့ပေါ့။ မောင်က အဲလိုမှ ကြိုက်တယ်။ ကိုက်လန်ကို ဆီနဲ့ကြော်ပစ်လိုက်တာမျိုး မစားတတ်ဘူး တဲ့။

မောင်ဝယ်ထားတဲ့ ခရမ်းချဉ်သီးတွေထဲက အရွယ်တော်နှစ်လုံးကို ခပ်ပါးပါးလှီးပြီး သုပ်ဖို့ပြင်တယ်။ ကြက်သွန်နီ၊ ပုဇွန်ခြောက်၊ မြေပဲလေးစိတ်ကွဲနဲ့ ဆီချက်လေးထည့်ပြီး သုပ်ပေးခဲ့မယ် မောင်။ မောင်က ခရမ်းချဉ်သီးသုတ်ကို သံပုရာသီးအချဉ်နဲ့သုပ်တာ ကြိုက်တယ်။ ကျွန်မ သံပုရာသီး လှီးပေးခဲ့တယ်။ စားခါနီးမှ သံပုရာသီးလေးညှစ်ပြီး နယ်လိုက်ပေါ့ နော် မောင်။

ဟော အတော်ပဲ၊ လုံးချက်ထားတဲ့ ဝက်နံရိုးလည်း နူးပြီ။ ကြက်သွန်ဖြူဥသေးသေးလေးတွေကို ဒါးပြားနဲ့ရိုက်ပြီး ထည့်၊  အပေါ့အငံမြည်းပြီးမှ မီးပိတ်လိုက်တယ်။

ကြည့်…မောင် မနိုးသေးဘူးပဲ။  အိပ်ပုတ်ကလေး မောင်….။

မေ့တော့မလို့….။  ထမင်းအိုး….။ ကျွန်မပြုံးပြီး မောင့်အတွက် ထမင်းအိုးသေးသေးလေးထဲ ဆန်တစ်ဘူးထည့် အမြန်တည်လိုက်ရသေးတယ်။ ပြီးမှ မောင်အိပ်နေတဲ့အနား ပြန်လာရတယ်။

မောင့်ကွန်ပြူတာ စားပွဲပေါ်မှာ မောင်ဖတ်လက်စ စာအုပ်တွေ။  စာတွေ ဖတ်၊ သတင်းတွေကြည့်ရင်းက အကြမ်းရေးခြစ်ထားတဲ့ စာတိုစာစတွေ၊ အကြမ်းခြစ်ထားတဲ့ ခဲပန်းချီတွေ….။  ပါဝါရိန်းဂျားအရုပ်သေးသေးလေးတွေလည်း တွေ့ရဲ့။ တကယ့် မောင်။ ကလေးတစ်ယောက်လိုပါပဲ…။

အို… ဒါ သူမပုံ။ မောင့်ချစ်သူကလေးပုံပဲ…။ မောင်လောလောလတ်လတ် ခဲခြစ်ထားပုံပါ။ မိန်းကလေးက ကြည်စင်နေတဲ့မျက်ဝန်းကလေးတွေနဲ့ ချစ်သူကို ရီရီဝေဝေလေး ငေးကြည့်နေပုံ၊ ဆံပင်ဂုတ်ဝဲကလေးတွေက ဘယ်ညာ ပခုံးတစ်ဘက်တစ်ချက်ပေါ် ဝဲကျနေလို့ရယ်။

ပြုံးနေမိရင်းက ကျွန်မမျက်ရည်တစ်စက် သူမခဲပန်းချီကလေးပေါ် ပေါက်ကနဲကျသွားတယ်။

မောင့်ကုတင်ခြေရင်းမှာ မောင့်ဂစ်တာ။ ခုရက်တွေအတွင်း မောင် ဘာသီချင်းတွေများ တီးနေခဲ့ပါလိမ့်။ မောင်ချစ်ရတဲ့ သူကလေးကို တမ်းတနေရင်း အလွမ်းသီချင်းတွေပဲ မောင် တီးခတ် ဆိုညည်းနေခဲ့လေမလား။ မောင့်ကုတင်ဘေး ကြမ်းပြင်ပေါ်မှာတော့ ဘီယာဘူးခွံ သုံလုံးလည်း တွေ့ရရဲ့။ မောင် စိတ်များ ညစ်နေခဲ့သလား ဟင်….။

မီးဖိုချောင်ထဲပြန်ဝင်ပြီး ရေစိုအဝတ်တစ်ခု ယူ၊ မောင့်စားပွဲလေးကို ရေစိုဝတ်နဲ့တိုက်ပြီး ရှင်းပေးခဲ့တယ်။ ပစ္စည်းတွေနေရာပြောင်းနေရင် မောင် မကြိုက်တတ်တာမို့ ထားနေကျနေရာမှာပဲ ပြန်ထားပေးခဲ့တယ်။

မောင့်အိပ်ရာခြေရင်းက ဝှိုက်ဘုတ်မှာ နေ့လည်ဆေးသောက်ဖို့ မမေ့နဲ့နော် မောင် လို့ ရေးထားပေးခဲ့သေးတယ်။ ပြီးတော့ ဒီနေ့ မောင်အပြင်သွားရင်ဝတ်ဖို့ ရှပ်အဖြူနဲ့ ဂျင်းန်တစ်စုံ ချိတ်မှာ အဆင်သင့် ချိတ်ထားပေးခဲ့တယ်။ ဝတ်ပါနော် မောင်။ မောင် ရှပ်အဖြူနဲ့ဂျင်းန်ဝတ်ရင် ကျွန်မ ချစ်လွန်းလို့ပါ မောင်ရဲ့။

ကျွန်မ သွားတော့မယ်။ ကျေးဇူးတင်ပါတယ် မောင်။ ဒီနေ့တစ်နေ့တာ ကျွန်မလုပ်ချင်တာတွေ လုပ်ခွင့်ရခဲ့လို့။ မောင့်အနားမှာ နေခွင့်ရခဲ့လို့ပါ။ မောင့်အခန်းလေးထဲကို  နောက်ဆို အခုလို လာနိုင်တော့မယ် မထင်ဘူး မောင်ရယ်။ ကျွန်မ သွားရတော့မယ်…..။

ဆစ်ကနဲအောင့်တက်လာတဲ့ ဝဲဘက်ရင်ညွန့်ကို ညာလက်နဲ့ဖိရင်း အခန်းနံရံကို မှီလို့ခဏ ရပ်နေမိတယ်။ အိပ်မောကျနေဆဲမောင့်ကို ဘယ်တော့မှ ထပ်မတွေ့ရတော့မှာကိုသိနေတဲ့ နောက်ဆုံး မျက်ဝန်းတွေနဲ့ နောက်ဆုံးအကြိမ်သေချာကြည့်လိုက်မိပြန်တယ်။ မောင်နိုးသွားမှာ စိုးပါတယ်။ မောင့်ခြေရင်း ကိုသွားပြီး စောင်ကလေးလှပ်လို့ မောင့်ညာဘက် ခြေဖမိုးကလေးပေါ် ကျွန်မနှုတ်ခမ်းတွေနဲ့ ဖွဖွလေး ထိနမ်းလိုက်မိတယ်။ တိတိရိရိညှပ်ထားတဲ့ မောင့်ခြေသည်း ကလေးတွေကိုကြည့်ရင်း မောင်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သတိရမိပြန်တယ်။ မောင်ရယ် ….မောင်နဲ့ကျွန်မကြားမှာ အရာရာဟာ သတိတရ လွမ်းဆွတ်စရာတွေချည့်….။

ကျွန်မ သွားတော့မယ်၊ ကျွန်မ သွားရတော့မယ် မောင်ရေ။  မောင် ပျော်ရွှင်ပါစေ။

ခြေသံတွေကို အတတ်နိုင်ဆုံးဖော့လို့ လိပ်ပြာလေးတစ်ကောင်လို မောင့်အနားကနေ ဝဲကနဲ ပြန်လာခဲ့လိုက်တယ်။ မောင့်ခြေရင်းကြမ်းပြင်ဟာ ကျွန်မမျက်ရည်စက်တွေနဲ့ စိုလို့ရယ်….။

(အဆုံး)

မောင်…

ဒီစတေးတပ်စ်ကို မောင်ဖတ်မိတဲ့အချိန်မှာ ကျွန်မက မောင်နဲ့တကွ ကျွန်မချစ်တဲ့ မိတ်ဆွေတွေကိုပါ ကျောခိုင်းလို့ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ဟိုး အဝေးကြီးဆီကို ထွက်ခွာ သွားခဲ့ရပြီပေါ့ မောင်…။

ကျွန်မရေးခဲ့တဲ့ ဝှိုက်ဘုတ်ကလေးပေါ်က စာလေးရော….၊  မောင် ဖတ်ပြီးရောပေါ့….။

မြ ရောက်ခဲ့တယ်….
နေ့လည်ဆေးသောက်ဖို့ မမေ့နဲ့နော် မောင်
မောင့်ကို ကျွန်မ သိပ်ချစ်တယ်...
မောင့်မြဝတ်ရည်
၁၇-၁၀-၂၀၁၃၊  ၀၆: ၂၅ မိနစ်

(နိဂုံး)

မမြဝတ်ရည်
အသက် ၂၉ နှစ်
၁ရ-၁၀-၂၀၁၃ ရက်နေ့  မနက် ၀၆:၁၀ မိနစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သည်။

 @@@@@@@@@@@@@@
 
*** လူတွေဟာနောက်ဆုံးအချိန်မှာ ချစ်တဲ့သူဆီ အရောက်သွားတတ်ကြသလား၊ ကျွန်မ မသိပါဘူး။ ကွယ်လွန်သွားခဲ့တဲ့ အမျိုးသမီးကလေးတစ်ယောက်ရဲ့ ဖဘနံရံပေါ်က စတေးတပ်စ်လေးတစ်ခုကို ဖတ်မိတဲ့အခါမှာ ဆင့်ပွားခံစားမိခဲ့တဲ့ ကျွန်မအတွေးကို ပုံဖော်မိတာလေးပါ.....။

၁၇-၁၀-၂၀၁၃တုန်းက ၁၆:၀၇ ပီအမ်မှာ ရေးဖြစ်ခဲ့ပါတယ်။




စိတ်အလွင့် စိတ်အလေ

$
0
0


အရှေ့ဘက်ကမ်းခြေ….။ 

ဆယ့်ငါးကီလိုမီတာမျှရှည်လျားတဲ့ လူလုပ်ကျွန်းကလေးတစ်ခုမှာ ကြွေ…လေနေတယ်၊ အတိအကျပြောရရင် ကြွေ  လွင့်နေတယ်။ ပေါ့ပေါ့ကလေးပါပဲ။ ညနေ ငါးနာရီအလင်းအရောင်က ထင်လင်းဆဲ။ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ် ကူးလူးနေရတဲ့နေ့စဉ်ဘဝထဲက ခဏတာမျှ ထွက်ပေါက်ပေးရာ နေရာလေးတစ်ခုအဖြစ် ဒီနေရာလေးကို ကြွေသဘောကျတယ်။

လူအများနဲ့ဝေးရာဘက်ကိုလျှောက်လာရင်း စထွက်လာရာနေရာနဲ့အတော်လေး ဝေးလံခဲ့ပြီ။ ဒါပေမယ့် ဘယ်ရောက်နေပြီလဲဆိုတာ ကြွေသိဖို့ရန် မလို။ အချိန်တန်ရင် ကြွေ့ဖုန်းက အသံထမြည်လိမ့်မယ်။ အဲဒီအခါကျရင် ကြိုးတစ်ချောင်းနဲ့တင်းတင်းချည်ထားခံရတဲ့ဘဝကြီးဟာ တုန့်ကနဲ။

ဟိုးအဝေးကြီးမှာ…

မြင်သာပေမယ့် ဝေးလံမှန်းသိနိုင်တဲ့အကွာအဝေးမှာ…။  ကုန်တင်သင်္ဘောကြီးတွေ၊ ကလေးကစားစရာ အရုပ်ကလေးတွေလိုပဲ စီရီကျောက်ချရပ်နားလို့။ အရောင်တွေကလည်း စုံနိုင်လွန်း၊ ပုံသဏ္ဍာန်တွေကလည်း ကွဲနိုင်လွန်း။ အဲဒီအနောက်ဘက် ဟိုး…အဝေးကြီးမှာ၊ အဲဒီမှာတော့ မိုးကောင်းကင်ကြီးရဲ့အောက်ခြေနဲ့ ပင်လယ်ရဲ့အနားသတ်လိုင်းတို့ ထိတွေ့နေကြ။ အဲ့ဒါ  အဲ့ဒါ တကယ်မှ မဟုတ်တာ…။ 

ထိစပ်နေသယောင်ယောင်သာ ရှိတာ၊ အမြင်အာရုံမှာ နီးနေလည်းပဲ…။

ကမ်းခြေဘက် ရေတွေနဲ့အနီးဆုံးနားကို ကြွေလျှောက်သွားလိုက်တယ်။ ရေနစ်ပြီးသား သဲသောင်ဟာ ခြေရာတွေနဲ့ အိကနဲ။ ကြွေ့အရှေ့မှာ ခြေရာတွေတစ်တန်းကြီး ဘယ်ညာတန်းစီလို့ရယ်။ တစ်ယောက်ထဲ မဟုတ်လောက်ဘူး။ ယှဉ်လျှက်ခြေရာတွေက နှစ်စုံ။ တစ်စုံက အသေး၊ တစ်စုံက အကြီးလို့ ကြွေကတော့ ထင်တာပဲ။ ချစ်သူမောင်နှံလို့ ထင်ပစ်လိုက်တယ်။

ရေရဲ့အနံ့…။ ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာရပေမယ့် လတ်ဆတ်မနေဘဲ အနံ့တစ်မျိုးစွက်နေတယ်။ စိမ်းရွှေရွှေအနံ့လို….။  ဆားနံ့တော့ မဟုတ်တာသေချာတယ်။ ရေထဲမှာရှိနေတဲ့ အမှိုက်သရိုက်တွေ ပုပ်သိုးနံ့လား။ အဲသလောက် အဆိုးကြီးတော့လည်း မဟုတ်ပြန်ဘူး။

ရှေ့နားမှာ ကျောက်တုံးတွေနဲ့လုပ်ထားတဲ့ ကျွန်းမြင့်မြင့်ကလေးတွေ….။ တစ်ချို့ကျွန်းတွေပေါ်မှာ လူတွေရှိပြီးသား။  ဘယ်သူမှ ရှိမနေသေးတဲ့ ကျွန်းကလေးပေါ်  ကြွေတက်ကြည့်ရရင် ကောင်းမလား။ အတွေးမှမဆုံးခင် ကြွေ့ခြေထောက်မှာစီးထားတဲ့ ဖိနပ်ကလေးကိုချွတ်ပြီး လက်ကကိုင်လိုက်တယ်။ ကျောက်တုံးကျွန်းကလေးပေါ်တက်လိုက်တော့ ကျောက်တုံးတွေရဲ့ ကြမ်းရှရှခက်မာမှုကို ကြွေ့ခြေဖဝါးတွေက သိတယ်၊ ခံစားလိုက်ရတယ်။
အပေါ်ကိုရောက်သွားတော့ ရေပြင်ကြီးနဲ့ ပိုနီးသွားသလို ကောင်းကင်ကြီးနဲ့ ကျောက်တုံးကျွန်းတစ်ကျွန်းစာ ပိုနီးသွားတယ်။ ရေသံတစ်ဝုန်းဝုန်းကိုလည်း ကြားရသေးတယ်။

လူတွေဟာ ဒီနေရာကို အပန်းဖြေဖို့ လာကြတာတဲ့။ ကြွေကရော…။ ကြွေကတော့ ကြွေ့စိတ်တွေကို ခဏတာ ခင်းကျင်းဖြန့်ကြဲချင်လို့။ ရေပြင်ကြီးကို ဖြတ်တိုက်လာတဲ့ လေ…
သူ့အရှေ့မှာ ကြွေ့စိတ်တစ်ချို့ကို ဖြန့်ခင်းလိုက်တော့ ကြွေ့စိတ်တွေဟာယိမ်းထိုးလွင့်ပါးလို့...
ကျောက်တုန်းကျွန်းကလေးအပေါ်ကြဲချလိုက်ပြန်တော့ ဟိုဒီတစ်စစီ ကြမ်းရှ အခြေကျလို့။ 
ကမ်းခြေက အပင်ကြီးတွေရဲ့ သစ်ရွက်သစ်ခက်တွေပေါ် ချိတ်တွဲကြည့်မလား...
ကောင်းကင်ကြီးထဲ တရှိန်ထိုးပျံတက်နေတဲ့ စွန်ကလေးတစ်ကောင်နဲ့အတူ ဝဲလွင့်ကြည့်မလား... ဒါမှမဟုတ် ရေတွေစိုအိနေတဲ့ သဲသောင်ပြင်ပေါ်မှာ ကပ်ငြိဝပ်တွားနေဦးမလား…။
ပျော်စရာချည့်…။

လွတ်လပ်လိုက်ရတာ…။  ဒီတစ်ညနေစာ…။

နေလုံးကြီးက လိမ္မော်သွေးခြယ်လို့ ရေထဲကို တဖြည်းဖြည်းထိုးကျလာနေတာကို ကြည့်ရင်း ကြွှေ ဝမ်းနည်းရကောင်းမလား တွေးမိသေးတယ်။ ကြွှေတစ်ယောက်ထဲဆိုတော့ ဝမ်းနည်းသလိုလိုကြီးပါ။ ဘာပဲဖြစ်ဖြစ်၊ နေဝင်ဝင် နေထွက်ထွက်….။ တကယ်တော့ နောက်တစ်နေ့လည်း နေကထွက်ဦးမှာ၊ ဝင်ဦးမှာ။ ဘာမှ မထူးဆန်းတဲ့ကိစ္စ။

ကမ်းခြေဘက်ကခွာလို့ ကွန်ကရစ်လျှောက်လမ်းလေးတွေဘက် ပြန်လျှောက်လာတဲ့အခါ လေအဝေ့မှာ အသားမီးကင်နံ့တစ်ချို့ကို ရတယ်။ မြက်ခင်းပြင်ပေါ်မှာ ယာယီတဲကလေးတွေ ဟိုတစ်စု၊ ဒီတစ်စု။ စက်ဘီးစီးနေကြသူတွေ၊ စကိတ်ဘုတ်စီးနေကြသူတွေ၊ ကျန်းမာရေးအတွက် ပြေးနေကြသူတွေလည်းရှိရဲ့။
အပမ်းဖြေလာကြသူတွေ။ ဘဝအမောဖြေလာကြသူတွေ ဒီနေရာလေးမှာ။ တကယ်ပဲ ကြွေတို့နေထိုင်ရှင်သန်နေရတဲ့ ဘဝကြီးက အပူအမောတွေနဲ့ စီရင်ထားတာ များလား။ ကြွေလည်း မောတယ်။ တစ်နေ့တစ်နေ့ ဒီလိုပဲ ခေါက်ရိုးကျနေတဲ့ နေ့ရက်တွေထဲမှာ။ ဘဝရဲ့အဓိပ္ပါယ်ဆိုတာကို ကြွေ သိသလိုလိုနဲ့ ဝေးဝေးနေပြန်တယ်။

အနာနဲ့ဆေးတွေ့တာလို ဆိတ်ငြိမ်နေခိုက် ရောက်ရောက်လာတတ်တဲ့ မြုံနေတဲ့အနာတရတွေအပေါ် ကြွေ ထူးပြီး နာမနေချင်တော့။ သံသရာကြီးက ရှည်သလောက် ချည်တိုင်တစ်ခုလို ရုန်းမထွက်နိုင်တဲ့ ဘဝတွေ၊ ဘဝတွေထဲ ဘယ်လောက်များ စုတ်ပြတ်နာကျင်နေရဦးမှာလဲ။ တစ်ယောက်ထဲဖြစ်စေ၊ တစ်ခြမ်းထဲ တစ်စိတ်ထဲဖြစ်စေ လေကလေးရှူနေရတာကမှ ငြိမ်းချမ်းဦးမှာ။ ဘဝရဲ့ သာမည၊ အဓိကတွေထဲ ဘယ်အရာတွေကို ကြွေဆုပ်ကိုင်လို့ ဘယ်လိုအရာတွေကို ကြွေလွှတ်ချထားခဲ့ချင်ပြီလဲ….။

မျှော်လင့်တတ်ခဲ့တဲ့အရာတွေထဲ ဆုတ်ကိုင်ပြလို့ရတဲ့ အပေးအယူ အကြွေးအမြီကိစ္စတွေ မပါတာ ကြွေသာ အသိဆုံး။ စိတ်နဲ့သာ ဆိုင်တာ၊ ရင်ဘတ်ထဲက ခံစားမှုနဲ့သာ ဆိုင်တာရယ်။သတိတရတွေကိုတော့ဖြင့်  ပြန်လှန်မျှော်လင့်မိချင်သေးရဲ့။ 

ဒါပေမယ့်လေ….။  ခက်တယ်။  ခံစားမှုနဲ့ စိတ်နဲ့ဆက်နွယ်သမျှတွေဟာ  သူ့အလိုလိုသာ
ဖြစ်တည်ကောင်းတာ။

တကယ်တော့ ကြွေဟာ အနှောင်အတွယ်မဲ့ချင်တာ။

ခုပဲကြည့်၊ ကြွေဟာ ကြွေ့စိတ်နဲ့ ငြိနေပြန်။ အတွေးတွေထဲ ကပြောင်းကပြန် စုန်ဆန်လို့။
နည်းနည်းတောင် မှောင်လာပြီ။ ဘာဘီကျူးဖိုလေးတွေနားကလူတွေ သူ့အုပ်စုနဲ့သူ စကားစမြည်ပြောကြ ဆိုကြ၊ ဂစ်တာတီးကြ၊ ဆော့ကြ။ အပမ်းဖြေနေကြ။

ကြွေ့ကို မြင်တော့ သူက လှမ်းခေါ်တယ်။ ခုပဲ ဖုန်းခေါ်တော့မလို့...ဘယ်တွေလျှောက်သွားနေတာလဲ တဲ့။ ကြွေက လက်ထဲက ကင်မရာကို ပြရင်း ဓါတ်ပုံလျှောက်ရိုက်တာဆိုတော့ သူက အသားကင်တစ်ချို့ထည့်ထားတဲ့ ပန်းကန်ပြားကို ကြွေ့ဆီလှမ်းပေးရင်း စားလိုက်ဦး တဲ့။

ကြွေ စားလိုက်တယ်။ အသားကင်လား၊ ဘာသားလဲဆိုတာတော့ ကြွေ မသိ။ ကြွေသိတာက လွှတ်ချပစ်လိုက်ချင်တဲ့ ကြွေ့စိတ်တွေ၊ ဟိုမှာ ဒီမှာ….။ ကစဥ့်ကလျား ပုံပျက်ပန်းပျက်။ ခုထိ လေထဲလွင့်ချင်နေဆဲ၊ ခုထိ သစ်ရွက်တွေကြား ခိုတွယ်နေချင်ဆဲ၊ ခုထိ သဲသောင်ခုံထဲ ခေါင်းဝှက်ချင်နေဆဲ၊

ကြွေ့စိတ်တွေ….။

“စားကောင်းလိုက်တာ ကိုကိုရာ၊  သိပ်ကျေးဇူးတင်တာပဲ၊ လမ်းလျှောက်လိုက်ခဲ့တော့ ကြွေက မောပြီး ဆာနေတာ”

လျှာပေါ်ကတစ်ဆင့် လည်ချောင်းထဲကနေ ဘိုက်ထဲရောက်သွားတဲ့ အသားကင်တွေ။ ဘာအရသာဆိုတာ ကြွေ မသိ၊ မခံစားမိလည်းဘဲ၊ ဒီလိုပါပဲ….။ နားဝင်ကောင်းအောင် ဆိုတတ်ခဲ့ပြီ။ နှုတ်ချိုတတ်ခဲ့ပြီ...။

ကြွေ ခံစားချက်တွေကို လွှတ်ချတတ်ခဲ့ပြီလေ…..



 

တီတင့်နဲ့ သူကြီးမင်းတို့ရဲ့ ဘီပီပီချဲလင့်ခ်ျအတွက် ရေးပါတယ်။
ကျွန်မကို လာစိမ်ခေါ်ထားသူတွေက သက်ဝေ၊ ညီမမိုးငွေ့နဲ့ ညီမ ဒေါင်းတို့ပါ။ 
ကျွန်မလည်း နောက်ထပ် ဆယ်ယောက်ကို ပြန်ပြီး စိမ်ခေါ်ရမှာပါ။ ခဏလေး၊ ဘယ်သူတွေ စာမရေးဘဲ ချောင်ကပ်ဇိမ်ကျနေလဲဆိုတာ ကျွန်မ ရှာကြည့်ပါရစေဦး။  နောက်တစ်နေ့မှပဲ စိမ်ခေါ်လိုက်ပါ့မယ်။ ခုတော့ အိပ်ပါပြီ၊  မိတ်ဆွေများအားလုံးပဲ ကောင်းသောညပါ :)

ရပ်၍မျှော်ဆဲ... စောင့်ဆဲကို….

$
0
0


မိုးက ခုတလော ထစ်ချုန်း၍ ချုန်း၍ရွာသည်။ 

ရွာသောမိုး၌ လျှပ်တို့ ဝင်းဝင်းလက်လက်ပြက်သည့်အပြင် ရံခါချိန်းတတ်သောမိုးကြိုးများကြောင့် သူမ၏အခန်းငယ်လေးမှာ လင်းတခါ မှောင်တလှည့်ရှိရသည်။ မိုးသည် လေနှင့်အတူ သည်းသည်းစွေရွာနေလေ၏။ ထိုမိုးအောက်မှာ အပင်ငယ်လေးများသာမက သစ်ပင်ကြီးတို့ပင် ဆောက်တည်ရာမဲ့ ယိမ်းထိုးလျက်ရှိသည်။။ မိုးနှင့်သစ်ပင်တို့ စည်းချက်ကျကျ ဘယ်ညာယိမ်းထိုးနေသည့် မြင်ကွင်းကို သူမပြတင်းပေါက်ကလေးက အနားသတ်လို့ပေးထားသည်။ ထိုပြတင်းပေါင်မှ ဘောင်ခတ်ပေးထားသည့်မြင်ကွင်းကလေးထဲ သူမမျက်ဝန်းတွေကို စိုက်ထားလိုက်မိသည်။

မိုးစက်မိုးပေါက်ကလေးများသည် မြေပြင်ပေါ်သို့ တည့်တည့်သက်ဆင်းရသည်တော့ မဟုတ်၊ လေ၏ဆောင်ရာအတိုင်း မြေပြင်ညီနှင့် ခပ်စောင်းစောင်းတိမ်း၍ ကျရရှာသည်။ ထို့ကြောင့်ပင် မိုးပေါက်ကလေးများသည် သူမပြတင်းဘောင်အပေါ် လွင့်ကနဲ လွင့်ကနဲ ဖွာစင်လျှက်ရှိသည်။ အရာရာသည် ဝေဝေဝါးဝါး…။ မျက်ခွံများကို တင်းတင်းပိတ်လိုက်ကာ ပြန်အဖွင့်၌ အားယူ၍ အပြင်ဘက်သို့ ကြည့်လိုက်မိပြန်သည်။ မြင်ကွင်းသည် ပြတ်သားမလာ၊ ပြောင်းလဲမသွား၊ ဝေဝါးဆဲပေ။

ရေမှုန်တွေကြောင့်လား၊ သူမမျက်ဝန်းတွေကြောင့်လား…၊ သစ်ပင်များသည် ဘယ်ညာသို့ ကြမ်းတမ်းယိမ်းနွဲ့နေသော အုပ်အုပ်ခဲခဲများ၊ ဒေါင်လိုက်ခပ်စိမ်းစိမ်းများသာဖြစ်လို့နေသည်။ အပင်သေးများ၊ အပင်ကြီးများ၊ ရှည်လျားပင်များ၊ ပုပြတ်သောအပင်များ…၊   အားလုံးသည်သူမမျက်ဝန်းအိမ်ဝယ် ပြယ် လွင့်နေသော ရေဆေးပန်းချီကား တစ်ချပ်လှုပ်ရှား သက်ဝင်နေသည့်နှယ်။

ဒေါ်ထွေး  ဒေါ်ထွေး ဘယ်ရောက်နေပါလိမ့်၊ တအိမ်လုံးမှာ သူမ တယောက်ထဲများလား။ နေ့လည်ခင်းမို့ တရေးတမော ပြန်လည်အိပ်စက်နေသည်ထင်၏။ နေပါစေလေ၊ မိုးပန်းချီကားတစ်ချပ်ကို သူမ ငေးလျက်နေချင်သေးသည်။ ပြတင်းပေါက်အား ပိတ်မပစ်လိုက်ချင်သေး။

ထိုမိုးထဲမှာ သူမ ပျော်ခဲ့ဖူးသည်။ ထီးတချောင်းကို လက်ကကိုင်လျက်နှင့်ပင် ရွှဲရွှဲစိုခဲ့ဖူးသည်။ သည်လိုစွေစောင်း၍ရွာတတ်သော မိုးထဲမှာ…။ နှုတ်ခမ်းများပြာကာ မေးရိုက်အောင် တဂတ်ဂတ်တုန်ခိုက်နေသည့်ကြားမှာပင် သူနှင့်မို့ သူမက အိမ်မပြန်ချင်။ အားနာ၍ဆိုကာ သူမထီးအောက်ကို သူက ခိုဝင်မလာသောအခါ သူမက ထီးကို ကိုင်ကာမတ္တမျှ၊ လူကမူ ထီးပြင်ထွက်ကာ သူနှင့်အတူ မိုးစက်များအောက် ခေါင်းမော့လျှောက်လေသည် တဲ့။

သူမတို့ စကားပြောဖြစ်ကြစဉ် သည်အကြောင်းကို သူမကပြောပြတော့ သူ ခပ်ဖွဖွလေးရယ်မောသည်။ စိတ်ကူးယဉ်လိုက်တာဟု ဆိုသည်။  ဘာဖြစ်လဲ၊ တွေ့ကြတဲ့အခါ အဲသလိုမိုးတွေ သည်းနေပါစေ ဆုတောင်းတယ်ဟု သူမက ထပ်ဆင့်ဆိုလေသော် သူသည် ပြောစကားနားမထောင်သော ကလေးတစ်ယောက်အား အလိုလိုက်ထားရသလို သူမမျက်နှာကိုငေး၍သာ ကြည့်လေ၏။ ထိုအကြည့်မှာ သူမ အရည်ပျော်ကျမြဲ။ ထိုအကြည့်မှာ သူမ ရူးသွပ်မြဲဖြစ်သည်။ သူ သူမမျက်နှာကို အဲသလိုငေးကြည့်တိုင်း သူမနှလုံးသားတွေကိုများ ထွင်းဖောက်ကာ မြင်သွားတော့မှာလား တွေးရှက်မိရသည်။ 

သူငယ်ချင်းကလေးဟု သူမကခေါ်လျှင် သူက စိတ်ကောက်ဟန်ပြသည်။ ဒါဆို ဘာလဲ၊ ကျွန်မတို့တွေက ဘာလဲ ပြောပါဦးဟု သူမနှုတ်ဖျားမှ ဖွင့်မေးလျှက် စကားလုံးများနှင့် မချုပ်လို။ ရှိစေ…။

သတိတွေသိပ်ရတဲ့အခါ စကားတွေပြောကြတာပေါ့ဟုဆို၍ ဗီဒီယိုကောလ်ရသော အကောင့်တခုကို သူမ ဖွင့်ခဲ့ဖူးသည်။ ­­ပထမဦးဆုံး သူ စတင်ခေါ်ခဲ့တဲ့နေ့ကို သူမ ကောင်းကောင်းမှတ်မိပါသည်။ ထိုနေ့က သူမ ရေမချိုးရသေး။ အဆီပြန်နေသော မျက်နှာ၊ အိမ်နေပါတိတ်အနွမ်းလေးနှင့် ဆံပင်ဖားဖားချကာ ကွန်ပြူတာရှေ့ထိုင်၊ ကဗျာတပုဒ်ထဲ ဈာန်ဝင်ဖတ်နေခိုက်ဖြစ်ပါသည်။ မည်သူမျှခေါ်ယူခဲ့ဖူးခြင်းမရှိ၍ တခြားဖုန်းသံများနှင့်ကွဲသော ထိုဖုန်းမြည်သံကိုကြားစဉ် ပထမတော့ အံ့သြကာ ဖုန်းမျက်နှာပြင်ကို ငေးကြောင်ကြည့်နေမိသေးသည်။ ဖုန်းစကရင်ပေါ်မှာ သူ့နာမည်မြင်လေမှ ကသုတ်ကရက် ဖုန်းပြန်ထူးရလေသည်။

ဖုန်းစကရင်ပေါ်မှာ သူ့ကိုမြင်ရစဉ် သူမစိတ်တို့ ခုန်လှုပ်နေခဲ့သည်မှာ စကားလုံးများနှင့်ပြရလျှင် မည်သို့မျှ ရေးချနိုင်ဖွယ် မရှိ။ သူ့ဓါတ်ပုံ၊ သူမဓါတ်ပုံ ပေးပို့လဲလှယ်ခဲ့စဉ်ကနှင့် မတူ။ သူက သူမရှေ့မှာ၊ သူ့အပြုံးတို့က ချိုမြကာ၊ သူက သူမဖုန်းစကရင်ပေါ်မှာ လွန့်လွန့်လှုပ်ရှားနေခဲ့သော အသက်ဓါတ်တခုဖြစ်ခဲ့သည်။ သူသည် စကားပြောတတ်သော ပုံရိပ်ယောင်၊ သူသည် လူကြီးဆန်ပုံ ဖမ်းလျက်က စိတ်လိုလက်ရဆိုးတတ်သော ညစ်ကျယ်ကျယ်ကလေးလည်းဖြစ်သည်။ သတိရတယ်၊ သူငယ်ချင်းတယောက်လို သတိရတာမျိုး မဟုတ်ဘူးဟု သူဆိုလာလျှင် သူမက သူ့ကို တဖန် ငေးကနဲကြည့်မိပြန်သည်။ သို့တိုင်အောင် ဒါဆို ဘယ်လိုသတိရတာလဲ ပြောဟု သူမ မမေးဖြစ်ခဲ့။ စကားတွေ မပြောဖြစ်ကြဘဲ နှစ်ယောက်သားကိုယ်စီ အတူတူရှိနေသည်ဟူသော အသိနှင့်သာ၊ တယောက်မျက်နှာ တယောက်ငေးကာ နေခဲ့ကြဖူးသော အချိန်များ….များစွာ။

မိုးသည် ဘယ်အညှိုးနှင့် စွေလေသည် မသိ။ သည်း၍ သည်း၍သာ လာသည်။ သူမမျက်ဝန်းများရှေ့မှာ မိုးရေစက်တွေလား၊ ပြတင်းနှင့်ဘောင်ခတ်ထားသော ပန်းချီကားတချပ်လား၊ ယိမ်းထိုးသစ်ပင်ကြီးငယ်များလား။ တကယ်တော့ ဘာဆိုဘာမှ မသဲကွဲပြန်ချေ။ ပြတင်းပေါက်ကလေးမှတဆင့် ကျော်ကြည့်နေသော ပြင်ပမြင်ကွင်းများကိုလည်း မမြင်၊ ပြတင်းပေါက်ကလေး ဘေးကြမ်းပြင်မှာ မိုးရေများနှင့် စိုရွှဲနေသည်၌လည်း အာရုံမရောက်၊ သူမမျက်ဝန်းနှင့်ထိုမြင်ကွင်းအကြား ကြားခံလေထုကိုမှ ရှိနေသည်ဟုသာသိလျက် ပြတင်းပေါက်ဘောင်ကလေးထဲ သူမစိတ်တို့ လွင့်ထွက်သွားပြန်သည်။

သိကျွမ်းခဲ့ကြတဲ့ တနှစ်ပြည့်အမှတ်တရကျရင် တွေ့ကြမယ်လေဟုဆိုတော့ သူက ပြုံးလျက် ခေါင်းညိတ်သည်။ ဒီမှာကြည့် လေယာဉ်လက်မှတ်ဟုဆိုကာ သူ့ခရီးစဉ်ကွန်ဖမ်းဖြစ်သည်ကို စာတိုလေးတစောင်နှင့်အတူ ပို့လာခဲ့စဉ် သူမက ခရီးသွားဝန်ဆောင်မှုကုပ္ပဏီတခုသို့ဖုန်းဆက်ကာ ရီဇာ့ဗ်လုပ်ထားပြီးဖြစ်သောလေယာဉ်လက်မှတ်ကို ချက်ချင်းပင် ငွေချေကာဖြတ်လိုက်ခဲ့လေသည်။ ထိုလေယာဉ်လက်မှတ်၏ ထွက်ခွာရက်စွဲကလေးကို သူမပြက္ခဒိန်မှာ မင်နီဝိုင်းလျက် ကောင့်ဒေါင်း လုပ်၊ ပျော်ခဲ့သည်ကို သူမ မမေ့။

သည်ကြားထဲ ဖုန်းမခေါ်ကြကြေးဟု သတိရစိတ်တွေကို စုထားဖို့ သဘောတူခဲ့ကြသည်။ အဲသည်ရက်တွေမှာ သူ့ကို သူမ သေလောက်အောင်လွမ်းဆွတ်လို့နေခဲ့သည်။ လက်မှတ်လေးကို ခဏခဏထုတ်ကြည့်လိုက်၊ ပြက္ခဒိန်ပေါ်က မင်နီဝိုင်းလေးကို လက်ဖျားနှင့် ထိကြည့်လိုက်နှင့် သတိတရစိတ်များက သူမကို စေးစေးပိုင်ပိုင်လောင်မြိုက်လျက်ရှိလေ၏။

ထိုကဲ့သို့သတိရချိန်တိုင်းမှာ သူမက သူမဘယ်ဘက်လက်ထိပ်ကလေးများကို ညာဘက်လက်ချောင်းများနှင့် တချောင်းချင်းစီ ထိလို့ ထိလို့ နေခဲ့သည်။ ဘယ်ဘက်လက်ညှိုးထိပ်ကလေး၊ လက်ခလယ်ထိပ်ကလေး၊ လက်သူကြွယ်ထိပ်ကလေး၊ လက်သန်းထိပ်ကလေး…တချောင်းချင်းစီ ထိတွေ့ကြည့်လျက်က လက်ထိပ်ကလေးများ၏ မာကြောကြမ်းရှသောအတွေ့မှာ သူ့ကို လွမ်းရသည်။ ထိုလက်ထိပ်ကလေးများနှင့် ဂစ်တာကြိုးတို့ကို ဖိကိုင်လိုက်လေတိုင်း စူးနင့်သွားတတ်သောရင်ဖြင့် သူ့ကို တမ်းတရသည်။ ရိမ်မိုးသီချင်းသံကိုကြားလေတိုင်း ဝေသီလာတတ်သောမျက်ဝန်းများနှင့် သူ့ကို ပြင်းပြင်းရှရှ သတိရ ရပါသည်။

ခရီးသွားဖို့ အထုပ်ပြင်ပြီးသောအခါ လိုအပ်မည်ထင်သည်များကို စာရင်းတို့လျက် ထပ်မံထည့်လိုက်၊ မလိုဘူးထင်သည်များကို ပြန်ထုတ်လိုက်နှင့် ကြည်ကြည်နူးနူးအလုပ်ရှုပ်နေရသည်ကိုပင် သူမ ကြည်မွေ့လျက်ရှိခဲ့သည်။ သူ ပေးပို့ဖူးသော ကဗျာများအား အေဖိုးစာရွက်နှင့်ထုတ်ကာ အတူတူဖတ်ကြဖို့ သူမ ဘေးလွယ်အိတ်ကလေးထဲ မှတ်မှတ်ရရထည့်ရသည်။ သူ့ဓါတ်ပုံကလေးကို ကာလာလိုင်စင်ပုံအဖြစ် သူမပိုက်ဆံအိတ်အသေးလေးထဲမှာ သူမပုံနှင့်ယှဉ်လျှက်ထည့်ဖို့ကိုတော့ ရှက်ရွံ့စွာ စဉ်းစားတုန့်နှေး နေမိတုန်းပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမစိတ်ကို ဖတ်တတ်လျှင်တော့ သူ သိမည်ပါ။

လေဆိပ်ကို ခြေချမိသည်နှင့် သူမ ပထမဦးစွာ ဆုံချင်သည်က သူ့မျက်ဝန်းများနှင့်ဖြစ်သည်။ ကြိုတင်ဝယ်ယူထားသော ဖုန်းကဒ်ကို ဖုန်းထဲသို့လဲလှယ်ထည့်စဉ်မှာပင် သူမလက်တို့ တုန်ယင်လျက်ရှိသည်။ ပြီးတော့ ဖုန်းထဲမှာရှိနှင့်သော သူ့နံပါတ်ကိုအနှိပ်မှာ သွေးတို့ နွေးလျက်ရှိပြီ။ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာနှင့်…အစချီသောဖြေသံကို မုန်းတီးသွားလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ ပစ္စည်းများရွေး၍ လှည်းပေါ်တင်တွန်းကာထွက်လာခိုက် သူမမျက်ဝန်းများက အပြင်မှာ ကြိုစောင့်နေကြသူတွေဆီ ဖြတ်ပြေးလျက် မြင်လိုသောမျက်ဝန်းတစုံကို အလူးအလဲဖွေရှာမိပြန်သည်။

သုံးခါတိတိခေါ်ဆိုပြီးသော်မှ တဘက်က မထူးသည့်အခါ အလိုလိုမျက်ရည်လည်ချင်သည်။ သူ မေ့များနေပြီလား။ သေချာပြောထားလျက်နဲ့၊ လေယာဉ်လက်မှတ်က အချိန်ကို သူသိအောင် ပေးပို့ထားပြီးဖြစ်ပါလျက်နဲ့….။  ဝမ်းနည်းစိတ်ကြောင့် မျက်ရည်တို့က ပါးပြင်ပေါ်လိမ့်ဆင်းလို့လာသည်။ တွေ့ရာတက်ကစီတစီးပေါ်တက်ကာ အိမ်လိပ်စာပြောပြီး ကားပေါ်ရောက်သည့်တိုင် စိတ်တို့က မကြေလည်ချင်သေး။ သို့တိုင်အောင် အိမ်သားတွေကို လာမကြိုဖို့ပြောထားသည်ကိုမူ နောင်တမရချင်ပါ။ လမ်းတလျှောက် ဘေးဘီဝဲယာကိုမျှ မကြည့်လိုတော့အောင် သူမ ဝမ်းနည်းလျက်ရှိသည်။ သူ့ကို ပထမဦးဆုံးတွေ့ဖို့ရာ ဘယ်လောက်ထိမျှော်လင့်ထားသည်ကို သူမသာ အသိဆုံးဖြစ်သည်လေ။

သည်အခိုက်မှာ ဖုန်းမြည်လာလေသည်။ ဘယ်ရောက်နေပြီလဲဆိုသည့် သူ့အမေး၌ မျက်ရည်တို့ အံ့သြစဖွယ် သွေ့ခြောက်သည်။ တက်ကစီပေါ်က ဆင်းလိုက်၊ ရောက်တဲ့နေရာပြော၊ လာခေါ်မယ်ဆိုသည်ကို နေပါစေတော့၊ အိမ်ရောက်တော့မှာဟု ပြန်ဖြေမိသည်။ ဒါဆိုလည်း နောက်နေ့တွေ့ကြမယ်လေနော် ဆိုသောစကားအကြားမှာ ရင်က ဟာကနဲ ဗလာကျင်းသည်။
တကယ်ဆို သူ သိဖို့ကောင်းသည်။ နောက်တနေ့ဆိုတာက နောက်တနေ့သာရယ်၊ သူ့ကို တွေ့ချင်ခဲ့သည်က သည်နေ့၊ သည်အချိန်၊ အခုရောက်ရောက်ချင်း…။ 

သည်လိုအမှတ်တရမျိုး ဘယ်တော့မှ ပြန်မရနိုင်သည်ပဲ။ လေဆိပ်ရောက်သည်နှင့် သူ သူမကို အပြုံးမြမြနှင့်စောင့်ကြိုနေလိမ့်မည်ဟူသော မျှော်လင့်စိတ်တို့ တိတ်တိတ်ကြေကွဲရသည်။ သူ သိမည်မဟုတ်။ ရှိစေတော့ကွယ်…။ နှောင်ကြိုးတခုချည်နှောင်ရာမှာ တင်းတင်းချည်မိသူသာ နာကျင်ရစမြဲ။

အဲသည့်အိပ်မက်၊ အဲသည့်အိပ်မက်ပေါ့၊ ဖုန်းမခေါ်ကြေးဆိုသည့် စည်းကမ်းကိုဖောက်ဖျက်ပြီး အိပ်မက်ကို ပြောပြချင်လွန်းလို့ဟု အကြောင်းပြကာ သူ့ဆီ ဖုန်းဆက်ဖြစ်ခဲ့ပြန်သည်။ သူက ကလေးတယောက်လို ရယ်မြူးကာနှင့် အေးကွာ အိပ်မက်ထဲမှာတောင် လွဲရတယ်လို့ကွာ၊ နောက်မဖြစ်စေနဲ့ ကြားလားဟုဆိုတော့ သူမတို့ ပေါ့ပါးစွာ အတူရယ်မောဖြစ်ခဲ့ကြသည်။

မိုးသည် သည်နေ့တော့ တနေ့ခင်းလုံးရွာမည် ထင်သည်။ ကောင်းကင်ကို သဲကွဲစွာမမြင်ရသော်မှ မှောင်လျက်ရှိသောအခန်းငယ်လေးကိုထောက်ကာ မည်မျှမည်းညို့၍နေမည်ကို မှန်းဆရသည်။ ပက်လက်အနေအထားမှ ကိုယ်ကိုစောင်းကာ ပြတင်းပေါက်ဘက် မျက်နှာတည့်တည့်မူလိုက်ရင်း စောင်ကို ရင်ဘတ်ပေါ်ထိ တင်းတင်းဆွဲခြုံလိုက်မိ သည်။ အေးလှပြီ၊ ပြတင်းပေါက်မှတဆင့် မိုးနှင့်အတူ လေအေးတို့ပါ ရောနှောဝင်လာသော အခန်းကလေးက တုန်ခိုက်လို့နေသည်ပဲ။ မျက်ဝန်းများကို မှိတ်ချလိုက်တော့ မိုးရေစက်ကလေးများပင် သူမပါးပေါ် တဖွဲဖွဲလာရောက်လွင့်စင်သလို စိတ်ကထင်ပြန်သည်။

အတူတူဆုံရင် သူမ သွားချင်သောနေရာလေးတခုရှိသည်။ မြစ်ကမ်းနံဘေးကလေး တခုပါ။ သူရော သူမပါ မြစ်ကမ်းတွေကို နှစ်သက်ကြတာချင်း တူသည်။ ထိုမြစ်ကမ်းကလေးသည် သူ ပို့ပေးခဲ့ဖူးသော ဓါတ်ပုံများထဲက နေရာကလေးပါပေ။ တခါမျှပင် မရောက်ဖူးသော်လည်း သည်မြစ်ကမ်းကလေးဆီ သူမစိတ်နှင့် အကြိမ်ကြိမ်ရောက်ပေါက်ခဲ့ဖူးပြီးသား။ အကြိမ်ကြိမ်ရောက်ခဲ့တိုင်းလည်း အဖန်အဖန်မရိုးနိုင်။ ခုလည်း သူမစိတ်တို့က မိုးသည်းသည်းတွေကြားမှာပင် အလွတ်မှတ်မိနေသော ထိုနေရာကလေးဆီ စိတ်ဦးလှည့်မိရပြန်သည်။

ထိုမြစ်ကမ်းနံဘေးက သစ်ပင်အောက်မှာ သူမ ရပ်သည်။ သူမ မတ်မတ်ရပ်နိုင်နေပြီပဲ။ သစ်ပင်၏ပင်စည်ကို မှီရန်ပင် မလိုအပ်။ သူမ မားမားရပ်လျက်ရှိနေပြီ။ မျက်စေ့ရှေ့က စီးဆင်းလျက် မှန်မှန်သွားနေသော မြစ်ရေပြင်မှာ သူမ လိုက်ပါစီးဆင်းသည်။ လွတ်လပ်ပေါ့ပါးစွာပင်။ မြစ်သည် သူ့မြစ်ကြောင်းအတိုင်းသာ စီးမြဲ၊ သူ့စီးဆင်းရာလမ်းမှာ ဘေးဘီကမ်းတလျှောက်ကိုဖြင့် ထိပါးလှုပ်ခတ်သွားသေးသည်။ ထိပါးသွားသော ကမ်းတို့မှာ ကျန်ရစ်ရမြဲ၊ 

သူသည် မြစ်တစင်းများလား၊ မြစ်သည် ဆက်လက်စီးဆင်းမြဲ။ သူမသည်လည်း ရပ်မြဲပေ။

မြစ်သည် သူမရှေ့၌ ညိုညစ်သောအရောင် ဆင်သည်။ တနေရာရာမှာများ အရောင်ပြောင်းနေမည်လား၊ ဘေးဘီကမ်းစပ်တို့အား ကြမ်းတမ်းတိုက်စားခဲ့ဦးမည်လား။ သူမ မသိတတ်နိုင်။  မြစ်ကိုဖြတ်၍တိုက်သောလေ၌ သူမ နားခိုနေသော သစ်ပင်ကြီး၏အရွက်အခက်တို့ မြူးထူးကခုန်ကြလေ၏။ လေကြောင်းပြောင်းသည်ရှိသော် သစ်ပင်ကြီးမှာ ငြိမ်သက်ရဦးတော့မည်။ သူ လွမ်းများနေမလား…။

မိုးကလေးတစက် နှစ်စက်ကျစပြုပြီ။ သည်မြစ်ကမ်းဘေးမှ သူမ ခွာရတော့မည်။ သူမ ရပ်နေချင်သည်။ သူမ မားမားရပ်နိုင်တုန်းလေး မြစ်အား ချစ်ခင်စွာငေးမောနေချင်သည်။ အေးမြသောသစ်ရိပ်မှာ သူမစိတ်နှလုံးတို့ တိတ်ဆိတ်ငြိမ်သက်နေချင်ပါသေးသည်။ သူ မရှိလည်း သူမဘေးမှာရှိနေသယောင်ဖြည့်စွက်ထား၍ သူမ နေပျော်ကြောင်းကိုလည်း သူ သိစေချင်ပါသည်။

အချိန်တန်ပြီ၊ ပြန်ရမည်ကို သူမ သိသည်။ ခြေလှမ်းတခု စရန် သူမရွေ့လျားလိုက်သည်။ သူမ ခြေထောက်တွေ ရွှေ့မရ။ အသက်ကိုဝအောင် ရှူသွင်းကာ နောက်တကြိမ်ကြိုးစား၍ ရွှေ့ပြန်သည်။ မရွေ့…၊ သူမခြေဖျားများက နည်းနည်းကလေးမှပင် မရွေ့ပါ။ အားကိုးလိုစိတ်နှင့် သူမရှေ့က စီးဆင်းနေသောမြစ်ကို အကူအညီရလိုရငြား ခေါ်မိသည်။ မြစ်က လှည့်၍မျှပင် မကြည့်ချေ။ မြစ်သည် မြစ်ပီပီ ရှေ့သို့သာဆက်လက်စီးဆင်းတတ်ကြောင်း သူမ ဝမ်းနည်းစိတ်နှင့် သိမှတ်ရသည်။ သူမကတော့ ထိပါးတိုက်စားခဲ့ဖူးသော ကမ်းစပ်တခုသာ။ မြစ်နံဘေးမှာ ငေးလျက် ကျန်ရစ်ရမည့် သစ်တပင်သာရယ်။ ကံကောင်းစွာပင် သူမ သစ်တပင်လို မတ်မတ်ထူနိုင်သေးသည်ပေ။

ရပ်နေရင်းမှာ သူမခြေအစုံသည် အညိုရင့်ရောင်သို့ ပြောင်းသည်။ သူမတကိုယ်လုံးသည် ကြမ်းတမ်းခက်ထရော်ကာ မာခဲလျက် အပွေးတက်လာသယောင်ရှိသည်။ သူမလက်တို့သည် အကိုင်းအခက်များအသွင်၊ သူမကိုယ်လုံးသည် ပင်စည်တခုသဖွယ်၊ သူမဦးခေါင်းဆံစများသည် ထောင်ထွက်လျက် မိုးမျှော်သောအရွက်အုပ်ဆိုင်းများအဖြစ် ကူးပြောင်းလျက်ရှိသည်။

အံ့သြမင်သက်စွာ၊ သူမ လှုပ်မရ။ သူမခြေအစုံက မြေကြီးထက်မှာ စတင်အမြစ်တွယ်ပြီ၊ သူမခြေသည်းတို့က ရှည်လျားဆန့်ထွက်ကာ မြေသားထဲသို့ ထိုးဖောက်ကုတ်ဝင်လျှက်ရှိပြီ။ သူမကိုယ်မှာ အကိုင်းအခက်များ၊ ရွက်နုများ ဝေဆာလျက်ရှိပြီ။ သူမခြေအစုံသည် မြေ၌ ခိုင်မာပေါက်ရောက်လျက်ရှိခဲ့ပြီ။ မြစ်ဘက်သို့ မျက်နှာမူလျက် သူမ ရပ်နေခဲ့ပြီ။ ခိုင်မာအမြစ်တွယ်စွာ…။

ဘာဖြစ်တာပါလိမ့်ဟု မတွေးတတ်၊ ဖြစ်နိုင်ခဲလှသော ဖြစ်ရပ်တခုမှာ သူမ ခြောက်ခြားလျက်ရှိသည်။
သူမ သစ်ပင်တပင် ဖြစ်ခဲ့ပြီလား။ သူမဟာ မြစ်နံဘေးမှာ မြစ်ကိုမျှော်ငေးရင်း ရပ်နေရတော့မည်လား၊ သည်မြစ်နံဘေးမှာ သူမ နေချင်ခဲ့သည်၊ သူ့လားရာမြစ်ကြောင်းအတိုင်း စီးဆင်းသွားသည့်မြစ်ကို သူမ မျှော်ရုံ ငေးနေချင်ခဲ့သည်ပေ။ သူမ အမြဲမျှော်လင့်လိုလားခဲ့သည့်အဖြစ်ဆိုသော်ငြား လက်ရှိမှာ သူမ ငိုချမိတော့မည်။ သေချာပြီ။ သူမသည် ရပ်၍၊ ရပ်၍၊ မားမားရပ်၍သာ စီးဆင်းသွားသောမြစ်၏ နောက်ကျောကို ငေးမောကျန်ရစ်ခဲ့ရတော့မည်။

“ကလေး ကြည့်စမ်း၊ တကိုယ်လုံးလည်း အေးစက်လို့၊ ဖျားတော့မှာပဲ။ ဒေါ်ထွေးကို ခေါ်လိုက်တာ မဟုတ်ဘူး။ အို…မျက်နှာမှာလည်း ရေတွေနဲ့စိုရွှဲလို့ပါလား”

သူမ ခြေထောက်တွေက မြေပေါ်မှာပေါက်ရောက်နေဆဲလို လှုပ်မရနိုင်သေး။ ဒေါ်ထွေးစကားကို ကြားသော်လည်း ခေါင်းပင်ငဲ့မပြနိုင်အောင် သူမတကိုယ်လုံး တောင့်တင်းလျက်ရှိသည်။ သူမတကယ်ပဲ သစ်တပင်ဖြစ်သွားခဲ့ပြီလား။ ဒေါ်ထွေးက ပြောလည်း ပြော၊ လက်မှမျက်နှာသုတ်ပုဝါနှင့် သူမမျက်နှာကို ဖွဖွတို့သုတ်ကာ အပြစ်တင်သယောင်ဆိုသည်။ ပြီးတော့ ပြတင်းပေါက်ဘေးကြမ်းပြင်ပေါ်က ရေများအား ကြမ်းတိုက်ဝတ်နှင့် သုတ်နေလေသည်။

“သမီး ပြတင်းပေါက်နား ခဏလောက်ထိုင်ချင်လို့”

သူမစကားအကြားမှာ ဒေါ်ထွေးက အပြင်ဘက်ကိုကဲကြည့်ကာ စဲသွားသောမိုးကိုတွေ့မှ အေး အေး ခဏတော့ထိုင်ဟု ချစ်သနားစွာ ဆိုသည်။

သူမကွန်ပြူတာစားပွဲရှေ့ကထိုင်ခုံကို ပြတင်းပေါက်နားရွှေ့ကာ သူမကို အိပ်ယာမှ ထူထစေသည်။ ဖုန်းကိုလှမ်းယူကာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် သူမ ကြည့်မိပြန်သည်။ သူမဖုန်းထဲက သူ့မစ်စ်ကောလ်တွေကို စကရင်ရှော့လေးရိုက်ကာ တခုတ်တရသိမ်းဆည်းထားသည်ကို သူ သိမည်မဟုတ်။  သူ သိလျှင်ရော ဘာများထူးခြားနိုင်ဦးမှာမို့လဲကွယ်။ နွမ်းလျဝမ်းနည်းစွာ သူမ ထိခိုက်ရပါသည်။ သူနှင့် တွေ့ကြဖို့ မလိုတော့ပြီဘဲ။ သူမဘာသာဆုံးဖြတ်ကာ ထိုဆုံးဖြတ်ချက်၌ သူမတကိုယ်တည်း သေဆုံးသည်။ တကယ်ပဲ…တကယ်ပါပဲ၊ သူမဟာ သစ်တပင်သာ ဖြစ်လိုက် ချင်တော့သည်။ လူတစ်ယောက်ဖြစ်၍သာ သည်မျှနာကျင်ကြေကွဲရသည်။ သစ်တပင်သာဆိုလျင်ဖြင့် ခံစားချက်မဲ့နိုင်ကောင်းသည် မဟုတ်လား။

ပြတင်းပေါက်ဘေး ထိုင်ခုံလေးမှာထိုင်ကာ အေးမြသောလေ၏အတွေ့ကို သူမမျက်နှာပေါ် နှစ်လိုစွာ ခံယူသည်။ သူမလက်ထဲမှာတော့ ခေါ်သူမဲ့နေတာကြာလှပြီဖြစ်သော ဖုန်းကလေးကို ဖွဖွဆုတ်ကိုင်ထားမြဲ။

လေပြေကလေးတချက် သူမအခန်းထဲအဝေ့မှာ စားပွဲပေါ်ရှိ နေ့စဉ်ထုတ်သတင်းစာက စာမျက်နှာလေးတစ်ခု၊ အသေအချာဖြတ်တောက်ထားသော စာမျက်နှာလေးတခုက ကြမ်းပြင်ပေါ် လွင့်ကနဲကျသည်။ “ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေသော အမျိုးသမီးကလေးတဦးကို ဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးသွားသောယာဉ်မောင်းအား တာဝန်ရှိသူတို့မှ လိုက်လံရှာဖွေနေ”ဆိုသည့် သတင်း။ သူမနေထိုင်ရာ ကျွန်းငယ်ကလေး၏ နေ့စဉ်ထုတ်သတင်းစာမို့ သူ ဖတ်မိမည် မဟုတ်တာ သေချာပါသည်။

ခုတော့ တကယ်ကိုပဲ သူမတို့ လွဲခဲ့ကြပြီ။ ချိန်းဆိုထားသော လေဆိပ်မှာ သူ စောင့်နေခဲ့မည်လား၊ သို့မဟုတ် သူမ အိပ်မက်ထဲကလိုပဲ သူ နောက်ကျ၍လွဲကြရမည်လား။ ဘယ်လိုပဲဖြစ်စေ၊ ခုတော့ လွဲခဲ့ကြရပြီဖြစ်သည်။

အခန်းထောင့်မှာ ထောင်ထားသော ညာဘက်ခြေတုကလေးဆီ အကြည့်တို့ရောက်စဉ် သူမနှလုံးသားတို့ နင့်ကနဲ စူးအောင့်လေသည်။ ဆောက်တည်ရာ မရနိုင်စွာ…။ ပြတင်းဘောင်ပေါ် မျက်နှာအပ်မှောက်ချလျက် သူမ ငိုကြွေးမိပြန်သည်။

သူမ အရောက်သွားချင်ခဲ့ပါသည်။ သူ့အနားကို…  မြစ်တစင်းနှင့်တူသော သူ့အနားကို... 

ကျန်ရစ်ခဲ့မည်မှန်းသိလျက်နှင့် ငေးမောလွမ်းဆွတ်ခွင့်အတွက် သူမ အရောက်သွားချင်ခဲ့သည်လေ…။ သူမစိတ်နှလုံးထဲတွင်မတော့ သူမသည် သစ်တပင်အဖြစ်နှင့်  သူ့အပါး မတ်မတ်ရပ်ဆဲ၊ မျှော်ကြည့်ဆဲ၊ သူ့နောက်ကျောအား ငေးမောလွမ်းဆွတ်ဆဲမှာ….၊

အပြင်ဘက်မှာတော့ တကျော့ပြန်မိုးက သွန်း၍ သည်း၍ စွေရွာတော့မည့်ဟန်ပေ…။




တိုက်ခန်းနဲ့ ဟန်းနီးမွန်း၊ ပျားရည်ဆမ်းခရီး…ဘယ်ဟာကို ရွေးချယ်မှာလဲ ?

$
0
0


အမျိုးသမီးများအတွက်….

စေ့စပ်ထိမ်းမြားလက်စွပ်ကို ယူမှာလား၊ ဒါမှမဟုတ် အပေါင်ဆိုင်မှာထားပြီး အပေါင်ငွေနဲ့ အိမ်ခြံမြေခြံမှာ ရင်းနှီးမြုပ်နှံမှာလား….  

လွန်ခဲ့တဲ့အပတ်အတွင်း မြန်မာ့အွန်လိုင်း အိမ်ခြံမြေခြံရောင်း လုပ်ငန်းဖြစ်တဲ့ Houseမှ အမေရိကန်နိုင်ငံ Era Real Estateရဲ့ လေ့လာသုံးသပ်ချက်ကို ပြန်လည်ပြီး သုံးသပ်တင်ပြလိုက်ပါတယ်။ 

စာရင်းကောက်ချက်အရ အမေရိကန်အမျိုးသမီး၅၀%ဟာ သူတို့ရဲ့စေ့စပ် ထိမ်းမြားလက်စွပ်ကို အပေါင်ခံပြီး အိမ်ခြံမြေခြံရောင်းဝယ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ အားသန်ကြောင်းပြောကြားခဲ့ပါတယ်။   

ပိုပြီးအံ့သြစရာကောင်းတာကတော့ ၅၀%ထဲက ၁၇%ဟာ အပေါင်ဆိုင်မှာ သူတို့ရဲ့ စေ့စပ်လက်စွပ်ကို ပေါင်ထားပြီး တိုက်ခန်းအရောင်းအ၀ယ်လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံထားပြီဖြစ်ကြောင်း အသိပေး ပြောကြားခဲ့တာပါ။


နောက်ပြီး Era Real Estateမှ ကျန်တဲ့ ၅၀%ကို ပျားရည်စမ်းခရီး သွားမှာလား ဒါမှမဟုတ် အဲဒီ့ကုန်ကျစရိတ်အစား အပေါင်ဆိုင်မှာထားပြီး တိုက်ခန်း ကွန်ဒိုငှားမှာလား၊ ၀ယ်ယူမှာ လားဆိုတော့ ၁၆ % က Honeymoonခရီးစဉ်ကို အစတေးခံပြီး တိုက်ခန်းအငှားလုပ်ငန်းမှာ လုပ်ကိုင်နေပြီဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။  


Eraမှ ယခုလို သံယောဇဉ်ခိုင်မာစွာရှိနေကြတဲ့ စုံတွဲပေါင်း ၁၀၀၀ ကျော်ကို စာရင်းကောက်လိုက်ရာ Houseရဲ့ပြန်လည်သုံးသပ်ချက်အရ ယနေ့ခေတ်မှာ အိမ်ရာတိုက်ခန်း ဈေးနှုန်းများရဲ့ အခြေအနေဟာ ခေတ်လူငယ်တွေရဲ့ ရှေ့အနာဂတ်ကို ဆုံးဖြတ်ပေးနေပြီဖြစ်ကြောင်း သုံးသပ်လိုက် ပါတယ်။

 ကောက်တမ်းစာရင်းဝင်ဖြေဆိုခဲ့တဲ့  ၉၀ %ကတော့  အိမ်ခြံမြေတိုက်ခန်း အတူဝယ်ခြင်းဟာ ချစ်သူစုံတွဲတွေရဲ့ချစ်ခြင်းမေတ္တာနဲ့ ရှေ့ရေးကို ပိုပြီးဖြောင့်ဖြူးစေတယ်လို့” ဖြေကြားသွားခဲ့ပါသတဲ့။


မြန်မာနိုင်ငံမှာတော့ စေ့စပ်ထိမ်းမြားလက်စွပ်ရဲ့တန်ဘိုးဟာ အိမ်၊တိုက်တာတန်ုဖိုးတစ်ခုကို ၀ယ်ယူနိုင်တဲ့ ပမာဏ မရှိတဲ့တိုင်အောင် အရေးအကြောင်းဆိုရင် ရောင်းဝယ်၊ ပေါင်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီလိုမျိုးကိစ္စများ ပေါ်ပေါက်လာတဲ့အချိန်မှာ တကယ်ပဲ မိမိရဲ့ ချစ်သူပေးထားတဲ့ စေ့စပ်ထိမ်းမြားလက်စွပ် သို့မဟုတ် မင်္ဂလာလက်စွပ်ကို စွန့်လွှတ်မှာလားဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။ စာရေးသူအနေနဲ့ကတော့ စွန့်လွတ်တယ် မစွန့်လွတ်ဘူးဆိုတဲ့အကြောင်းရင်းဟာ ချစ်သူနှစ်ဦးရဲ့ စစ်မှန်နက်ရှိုင်းတဲ့မေတ္တာပေါ်မှာ မူတည်သလို၊ တခါတလေမှာ သားကောင်ချနင်းရတဲ့သဘောလို့လည်းမြင်မိပါတယ်။

စာရေးသူအမေဟာ မုဆိုးမပါ။ မောင်နမသုံးယောက်ရဲ့ မိခင်ပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅နှစ်လောက်တုန်းက အဖေဆုံးသွားပြီးကတည်းက အမေဟာ သားသမီးသုံးယောက်ကို နည်းလမ်းပေါင်းစုံနဲ့ ကျောင်းပြီးအောင် ပို့ဆောင်ပေးခဲ့ပါတယ်။ တော်တော်ခက်ခဲတဲ့ဘ၀ကို အမေကျော်လွားခဲ့ပါတယ်။ ကျောင်းဆရာမဘ၀နဲ့ လယ်စိုက်၊ နွေဦးရောက်လာရင် မြေပဲနုတ်တဲ့ လုပ်ငန်းကို လုပ်ခဲ့ပါတယ်။ စာရေးသူက ၁၀နှစ် သားလောက်ပဲ ရှိပါသေးတယ်။ အဖေဆုံးသွားပြီး အမေဟာ ဆရာမတစ်ယောက်အနေနဲ့  မလုပ်ဖူးတဲ့ အလုပ်ကြမ်းတွေကို လုပ်ခဲ့ရပါတယ်။

ဒါပေမယ့် အမေဟာ ကျွန်တော်တို့ မောင်နှစ်မသုံးယောက်ကို ကျောင်းပြီးလို့ ဘွဲ့ရတဲ့အထိထားခဲ့ပါတယ်။ မုဆိုးမဖြစ်တဲ့အမေဟာ ယနေ့တိုင်အောင် အဖေပေးထားတဲ့ မင်္ဂလာလက်စွပ်ကို ၀တ်နေဆဲပါပဲ။ ခုဆိုရင် အမေဟာ ပြည်ပရောက်ပြီး သားသမီးတွေရဲ့ အရိပ်အ၀ါသအောက်မှာ ကောင်းကောင်းနေနိုင်နေပါပြီ။ ဒါပေမယ့် ပြည်ပရောက်မြန်မာကလေးများကို မြန်မာစာသင်ပေးနေတဲ့အလုပ်ကို အသက် ၇၀ နီးပါးရောက်သည့်တိုင်အောင် ဆက်လက်လုပ်ကိုင်နေဆဲပါ။ ကျွန်တော်တို့မြန်မာပြည်မှာလည်း ဂုဏ်ယူနိုင်စရာ မိခင်ဖခင် သို့မဟုတ် အိမ်ထောင်သည်များ တကယ်ပဲ ရှိကြအုံးမှာပါ။

ခေတ်အခြေအနေ ပြောင်းလဲလာတာနဲ့အမျှ လူငယ်တွေရဲ့ အမြင်ပိုင်းတွေဟာလည်း ကွာခြားလာခဲ့ပါပြီ။ သို့ပေမယ့်လည်း စစ်မှန်တဲ့မေတ္တာနဲ့ ဒုက္ခများကို သတ္တိရှိရှိ အတူတကွ ကျော်လွားနိုင်ဖို့လည်း လိုပါတယ်။ ဒါမှသာလျှင် ဘ၀ဟာ ပိုပြီးအဓိပ္ပာယ်ရှိမယ်လို့ စာရေးသူအနေနဲ့ မြင်ပါတယ်။ စာရေးသူပြောတဲ့ ဟန်းနီးမွန်းသွားမှာလား၊ တိုက်ခန်း ၀ယ်၊ ငှားမှာလားဆိုတဲ့မေးခွန်းဟာ တကယ်တော့ ရင့်ကျက် ထက်မြက်တဲ့သူ အမျိုးသမီး၊ အမျိုးသားများ အတွက်တော့ ဖြေဆိုရဖို့ အခက်ခဲသိပ်မရှိလှပေမယ့် အချို့သောသူများအတွက်တော့ စိမ်ခေါ်ရင်ဆိုင်မှုတခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ သည်လိုအခြေအနေ မျိုးမှာ   တခြားနည်းလမ်းများ၊ ရွေးချယ်ဖြေရှင်းချက်များ ရှာတတ်ဖို့လိုမယ်လို့ မြင်ပါတယ်။

ခေတ်သစ် မိသားစု၊ စုံတွဲများ သစ္စာရှိရှိ ရာသက်ပန် ဆက်လက်လျှောက်သွားနိုင်ရန် ရည်စူးလျှက် အခက်ခဲများကြုံလာပါကလည်း စစ်မှန်တဲ့နည်းလမ်းနဲ့ ကောင်းမွန်စွာ ဖြေရှင်းသွားကြရအောင်လို့ ဆုမွန်ကောင်းတောင်း လိုက်ရပါတယ်။


ကိုဆိုင်း
ဘာလင်

မှတ်ချက် ။   ။ ကျွန်မရဲ့ စာတိုက်ထဲကို တစ်နေ့က စာလေးတစ်စောင် ရောက်လာခဲ့ပါတယ်။ သူက ကျွန်မဘလော့ဂ်ကို ဖတ်တယ်။ ကျွန်မစာတွေကိုလည်း နှစ်သက်သဘောကျတယ်လို့ ဆိုလာပြီး ခင်မင်စွာ မိတ်ဆက်စကားပြောကြားခဲ့ပါတယ်။ ပြီးတော့ သူရေးထားတဲ့ အထက်က စာလေးကို ကျွန်မဘလော့ဂ်မှာ ဧည့်သည်စာရေးသူအဖြစ်နဲ့ တင်ပေးစေချင်ပါတယ်ဆိုတဲ့အတွက် ဒီပိုစ့်လေး ဖြစ်လာခဲ့တာပါ။ 

အိမ် ခြံ မြေနဲ့ ပါတ်သက်လို့ တခုခု အကူအညီ၊ အကြံဉာဏ်များ လိုကြတယ်ဆိုရင်ဖြင့် အထက်မှာပါတဲ့ HOUSEလိပ်စာအတိုင်း ဆက်သွယ်နိုင်ကြပါတယ်။ အထူးသဖြင့်  ဝါလကင်းလွတ် သီတင်းကျွတ်တဲ့ အခါသမယမှာ အာဝါဟ ဝိဝါဟကြတော့မယ့် ချစ်သူများအတွက်ပါ။ အရောင်းအဝယ်ဖြစ်ခဲ့ရင် ကျွန်မကိုလည်း ပွဲခလေးပေးဖို့ သတိရပေါ့ရှင် :) 

နောက်တာပါ....။  အားလုံးပဲ အဆင်ပြေအောင်မြင်ကြပါစေ.... :)





Viewing all 383 articles
Browse latest View live