Quantcast
Channel: ချစ်ကြည်အေး
Viewing all 383 articles
Browse latest View live

စွဲငြိတတ်သည်

$
0
0



(၁)

“အဲ့ဒီအမျိုးသမီးကို သေချာကြည့်၊ ယူနဲ့တူတယ် သိလား၊ တစ်နေ့ ယူ ကြီးလာရင် သူနဲ့တူမှာ”

ရှယ်လီ့စကားအဆုံးမှာ ညွှန်ပြရာဆီ မသိမသာကြည့်လိုက်မိတော့ အမျိုးသမီးတစ်ဦး၊ နေ့စဉ်ထုတ်သတင်းစာ တစ်စောင်ကို စိတ်ဝင်တစားငုံ့ဖတ်နေသော အမျိုးသမီးတစ်ဦးကို တွေ့လိုက်ရသည်။

ကျွန်မနှင့်တူသည်ဆိုသော ထိုအမျိုးသမီးမှာ လေးဆယ့်ငါး ငါးဆယ်ဝန်းကျင်ရှိမည်ဟု ခန့်မှန်းရသည်။ ရှယ်လီက သူမကို ကျွန်မနှင့်တူသည်ဟု ဘာကြောင့်များ ပြောရတာပါလိမ့်။ တူသည်ဆိုခြင်းထက် ဆင်သည်ဟု ပြောလျှင် ပိုမှန်လိမ့်မည်ဟု ကျွန်မက တွေးသည်။ အမျိုးသမီးမှာ ခပ်ပိန်ပိန်သေးသေး သွယ်သွယ်၊ မျက်နှာကျမှာ အတန်ငယ်ရှည်သည်ဟုဆိုနိုင်ကာ ဆံပင်အရှည်အလျားက ကျွန်မလောက်ပင် ဖြစ်သည်။ ဒူးအတိလောက်ရှည်မည်ထင်ရသည့် ဂါဝန်လက်ပြတ်ပန်းရောင် စင်းကလေးနှင့်မို့ သူမက ရှိရင်းစွဲထက် ပိုမိုနုငယ်နေပုံပေါက်သည်။ သို့သော် မျက်နှာအကျ၊ မျက်ဝန်းအောက်ခြေတို့ကို ကြည့်ရုံနှင့် သူမအသက်ကို ကျွန်မ ခန့်မှန်း၍ရသည်။ သေချာ ပါသည်၊ လေးဆယ့်ငါးအောက် ဘယ်လိုမှ မကျနိုင်။ စီးထားသည်ကလည်း ကြိုးသိုင်းခွာမြင့်ဖိနပ်နှင့်၊ ကျစ်လစ်ဖြောင့်တန်းသော ခြေသလုံးသားတို့မှာ သူမ ငယ်စဉ်က ဘယ်လောက်ကြည့်ကောင်းခဲ့မည်ကို ပြသည်။ ထို့အတူ ခုထက်တိုင် အသားအရည်၊ အဝတ်အစား၊ စတိုင်လ်တို့ကို ဂရုတစိုက်ပြုပြင်ထိန်းသိမ်းလေ့သော အမျိုးသမီးတစ်ဦးဟုလည်း ကျိန်းသေပေါက်ပြော၍ ရနိုင်လေသည်။

သူမအဝတ်အစားအဆင်အပြင်မှာ ငယ်ရွယ်နုပျိုပုံပေါက်အောင် တမင် အားထုတ်ဝတ်စားထားသည်ဟု မဆိုနိုင်လောက်အောင်ကို သူမပုံစံနှင့် အသားတကျရှိလှသည်။ သူမက ကော်ဖီခွက်ကို မြှောက်ကာ တစ်ကျိုက်သောက်လိုက်၊ ပြန်ချလိုက်နှင့်၊ ကော်ဖီကျိုက်ချချိန်မှာတောင် သူမမျက်ဝန်းတို့က ဖတ်လက်စသတင်းစာမှ မခွာ။ တစ်ဖန် ညာလက်ထဲက စီးကရက်ကို မျက်ဝန်းတို့မှေးစင်းလျက် ဖွာလိုက်ပုံမှာ ဟန်ပါပါနှင့် ကြည့်ကောင်းလွန်းလေသည်။ ထို့ကြောင့်ပဲ သူမက အဝင်ဝနားက ထောင့်ကျကျစားပွဲမှာ ထိုင်ခြင်းဖြစ်တန်ရာသည်။ သူမဆေးလိပ်ငွေ့တွေ တစ်ပါးသူဆီ မရောက်ရလေအောင် ဖြစ်မည်ဟု ကြံဖန်အမှတ်ပေးမိသည်။ သို့သော် ထိုအမျိုးသမီး လှလှပပဆေးလိပ်သောက်တတ်ခြင်းသည် အတုယူလွယ်သော မိန်းမငယ်များအတွက်မူ မကောင်းလှဟု ထင်မိပြန်သည်။ စတိုင်လှဖို့အတွက် ဆေးလိပ်သောက်ကြသောသူများ ရှိကောင်းရှိနိုင်မည် မဟုတ်လား။ ဆေးမကူထားသော သူမနှုတ်ခမ်းများသည်လည်း ဆေးလိပ်သောက်သူတစ်ယောက်၏နှုတ်ခမ်းများလို ညိုပြာပြာဖြစ်မနေခြင်းမှာ သူမကုသိုလ်ပင်။

သူမ ဘာလုပ်လုပ် မျက်ဝန်းများကတော့ သူမရှေ့စားပွဲပေါ်ရှိ သတင်းစာထံမှာသာ တည်လျှက်ရှိကာ ကော်ဖီခွက်ကို ပြန်ချပြီးချိန်မှာမူ သူမလက်က ဂါဝန်အထက်နားရှိ ဒူးခေါင်းကို ကုတ်သလိုလို၊ ခြေသလုံးသားကိုပဲ ပွတ်သလိုလိုနှင့် လုပ်တတ်သေးသည်။ သူမမှာ လက်သည်းရှည်တွေ မရှိတာကိုလည်း သတိထားမိသည်။ သူမရော ကျွန်မလိုပဲ ဂစ်တာတီးသလား၊ သူမလက်ချောင်းတွေက လှလှပပ မဟုတ်၊ ကျွန်မလိုပဲ အကြောစိမ်းတွေ မြင်နေရသော လက်ဖမိုးပိန်ချပ်ချပ်တွေနှင့်ဖြစ်သည်။ 

သူမမျက်ဝန်းများမှာ ကျွန်မလိုပဲ ရှည်လျားသေးသွယ်ကာ အဖျားမှာ နားထင်ဘေးစပ်သို့ အပေါ်ဘက်ကော့တက်သွားသော စိနဆန်သည့်မျက်ဝန်းများဖြစ်သည်။ မျက်ခုံးများကတော့ မတူပါ။ ကျွန်မ၌ အမေမွေးကတည်းက ထူထဲပုံကျသော ပြုပြင်စရာမလိုသည့် မျက်ခုံးများပိုင်ဆိုင်ပြီး သူမကတော့ အပြောင်ရိတ်ကာ တက်တူးထိုးထားသော စိမ်းညိုရောင် မျက်ခုံးအပြားကြီးနှင့်ဖြစ်သည်။
သူမသည် ဘေးဘီဝဲယာကို နည်းနည်းကလေးမျှပင် စောင်းငဲ့မကြည့်တတ်၊ တစ်ဆိုင်လုံးမှာ သူမတစ်ယောက်ထဲဟုပင် ယူဆထားသည်လား မသိပေ။

“သွားကြရအောင် ရှစ်နာရီဆယ့်ငါးရှိပြီ”

ရှယ်လီပြောလာမှပင် ဟန်းဖုန်းမှနာရီကိုကြည့်မိကာ အမျိုးသမီးဆီမှ အကြည့်တို့လွှဲဖယ်ရင်း ရုံးပေါ်တက်ရန် ပြင်ကြရသည်။ သူမကလည်း ဖတ်လက်စသတင်းစာကို စားပွဲပေါ်မှာပင် ချထားခဲ့ကာ သူမဘေး ထိုင်ခုံလွတ်ပေါ်တင်ထားသည့် သူမလက်ကိုင်အိတ်ထဲ ဟိုဟိုဒီဒီရှာဖွေလျှက်က ထရပ်တော့မည့်ဟန် ပြင်သည်။

ထိုနေ့မှစ၍ သူမကို သတိထားကြည့်တတ်ခြင်းသည် ကျွန်မ၏နေ့စဉ်ပြုမြဲအလုပ်တစ်ခု ဖြစ်၍လာသည်။ သူမသည် ထိုင်နေကျနေရာမှာပင် ထိုင်သည်။ သောက်နေကျ လက်ဘက်ရည်ကိုသောက်ကာ ဆေးလိပ် ကိုလည်း ရှိုက်နေကျအတိုင်း လှလှပပရှိုက်သည်။ သတိထားမိသည်မှာ သူမက ဟုတ်တိပတ်တိဘာမှ မစားဘဲ အရည်တွေချည်း သောက်နေတတ်ခြင်းပင်။ ပရုတ်နံ့သင်းမည်ဟု ကျွန်မယူဆသော အစိမ်းရောင်ဗူးနှင့် Monthol မာဘိုလိုစီးကရက်ကို မက်မောနှစ်သက်စွာ သူမသောက်သည်။ မနက်စာချိန်မှာပင် အနည်းဆုံး နှစ်လိပ်ခန့်ကုန်အောင် သောက်သည်ကို တွေ့ရ၏။

ဘာကြောင့် သူမကို နေ့စဉ် သတိထားကြည့်နေမိရသည်ဆိုတာကို ကျွန်မကိုယ်တိုင် သေချာ မသိပါ။ ကျွန်မနှင့်တူသည်ဟူသော ရှယ်လီ့စကားက ကျွန်မ မသိစိတ်မှာ စေးကပ်ငြိတွယ်နေခြင်းကြောင့် ဖြစ်နိုင်ကောင်းပါသည်။ တကယ်တော့လည်း လူဆိုသည်မှာ သူများအကြောင်းထက် ကိုယ့်အကြောင်းကိုယ်သာ စိတ်ဝင်စားတတ်ကြသူများ၊ ကိုယ့်မျက်နှာနှင့်တူသူကို အာရုံကျတတ်သူများ မဟုတ်ပါလား။ ထို့ကြောင့်သာပင် အုပ်စုလိုက် ဓါတ်ပုံတစ်ပုံကြည့်ပြီဆိုလျှင် အားလုံးထဲမှ မိမိမျက်နှာကိုသာ အရင်ဆုံးရှာဖွေကြည့်တတ်ကြခြင်းပါပေ။

ကျွန်မတို့ရုံးအောက်ကန်တင်းန်မှာ ဆိုင်သုံးဆိုင်ရှိရာ ပထမဆိုင်က အစားအသောက်မကောင်း၊ ဒုတိယဆိုင်က ဈေးကြီးကာ နောက်ဆုံးတစ်ဆိုင်မှာမူ ဆက်ဆံရေးသိပ်မကောင်းသော်လည်း ဈေးရော၊ အရသာရော မဆိုးလှသောဆိုင်ဖြစ်သည်။  ထိုတတိယဆိုင်မှာ ကျွန်မတို့ နေ့စဉ်ထိုင်ဖြစ်ကြသည်။ ကျွန်မနှင့်ရှယ်လီက ချိန်းဆိုမထားစေကာမူ ရှေ့ဆင့်နောက်ဆင့်ဆိုသလို သည်ဆိုင်လေးကို ရောက်လာကြမြဲ၊ မနက်စာ အေးအေးဆေးဆေး စားသောက်ပြီးမှ ရှစ်နာရီဆယ့်ငါးလောက်မှာ ရုံးပေါ်တက်ကြမြဲဖြစ်သည်။ တစ်ယောက်နေထိုင်မကောင်း၍ ဆေးခွင့်ယူရသောနေ့မျိုးမှာသာလျှင် ကျန်တစ်ယောက်မှာ ထိုနေ့အတွက် အဖော်မဲ့ ဖြစ်ရတတ်သည်။

တစ်နေ့ မနက်ခင်းမှာတော့ သူမက ထိုင်နေရာမှထကာ လက်ဘက်ရည်ဆိုင်ဆီ လျှောက်သွားလေသည်။ ကန်တင်းန်ကလေးမှာ လက်ဘက်ရည်ဆိုင်၊ ကြာဇံခေါက်ဆွဲကြော်ဆိုင်နှင့် အုန်းထမင်းဆိုင်လေးသာရှိကာ တစ်ခုတည်းသောသောက်စရာဆိုင်အဖြစ် ထိုလက်ဘက်ရည်ဆိုင်က လူအစည်ကားဆုံး ဖြစ်သည်။ 

သူမထိုင်ခုံပြန်ရောက်သော် သူမလက်ထဲမှာ နို့ဆီဗူးအလွတ်တစ်လုံးပါလာတာတွေ့တော့ ကျွန်မပြုံးမိသည်။ ကျွန်မတွက်ကိန်း မှန်ပါသည်။ သူမ ဆေးလိပ်ပြာချွေထည့်ဖို့ပင်။ သူမက ထုံးစံအတိုင်း ဘေးဘီဝဲယာကို ငဲ့၍မျှမကြည့်ဘဲ တစ်ယောက်ထဲတစ်ကမ္ဘာလုပ်ကာ ထိုင်လျှက် ကျွန်မမှာမူ ရှယ်လီပြောသော သူ့ကလေးတွေအကြောင်းနားထောင်လိုက်၊ စားလိုက် သောက်လိုက်၊ သူမဆီ တစ်ချက်ခန့် ဝေ့ကနဲလှမ်းကြည့်လိုက်နှင့် ရှိရသည်။

သူမကိုကြည့်ရတာဟာ အသက်ဝင်နေသောပန်းချီကားလေးတစ်ချပ်ကို ကြည့်နေရသလိုဟု ကျွန်မ ထင်သည်။ ရိုးရိုးကလေးနှင့် ဘာမှအထူးတလည်ပြင်ဆင်မထားသော မျက်နှာပြောင်ကလေးရယ်၊ ဘာကိုမှဂရုမထားဘဲ သူမ လုပ်ချင်တာ လုပ်နေခြင်းရယ်ကိုက ငေးကြည့်နေချင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိလွန်းသည်။ သူမမှာ အိမ်ထောင်မရှိဘူးလား၊ သားသမီးတွေရော ရှိမလား၊ သူမ ဘာလုပ်တာပါလိမ့်၊ စသည်ဖြင့် သူမနှင့်ပတ်သက်သောသိလိုစိတ်များ ကျွန်မမှာ တိုး၍သာ လာတော့သည်။ မှတ်မှတ်ရရ သူမ ပြုံးတာမျိုးတွေ့ဖို့ မဆိုထားနှင့်၊ ဘေးဘီသို့ မျက်လုံးကလေးပင့်၍မျှပင် ကြည့်တတ်တာကို မတွေ့ရချေ။

သူမက အရောင်နုနုကလေးတွေ ကြိုက်ပုံရသည်။ ပန်းနု၊ အစိမ်းပြေပြေ၊ အဝါဖျောဖျော့၊ အပြာလွင်လွင်ကလေးများသာ အဝတ်များသည်။ အဝတ်အစားနှင့်လိုက်ဖက်သော ခွာမြင့်ဖိနပ်ကိုလည်း ရွေးချယ်ဝတ်ဆင်လေ့ရှိသည်။

တစ်ခါက ဆိုင်ထဲအဝင် ဆိုင်ဝမှာပင် သူမခြေခေါက်ကာ လဲကျသွားခဲ့သည်။ ဒေါက်ကနဲမြည်သံနှင့်အတူ သူမပုခုံးပေါ်က အိတ်ကြီး မြေပေါ်သို့အကျ၊၊ သူမလည်း ကွန်ကရစ်လမ်းပေါ် ဖင်ထိုင်အကျ ဖြစ်လေသည်။ ဝတ်ထားသည့်စကတ်ကလေး လွင့်ကနဲမှာ သူမပေါင်တံဖွေးဖွေးကို ဖျတ်ကနဲ တွေ့လိုက်ရတော့ ကျွန်မက ယောင်ယမ်းမျက်နှာလွှဲလိုက်ရသည်။ စိတ်ထဲမှ ဆွဲထူပေးချင်သော်ငြား သူမ ရှက်သွားရှာမည်စိုးသည်နှင့် မသိသလိုသာနေရင်း မျက်ဝန်းထောင့်မှ ခိုးကြည့်မိတော့ သူမက ချက်ချင်းပြန်ထမလာနိုင်။ ထိုင်လျက်နှင့်ပင် ညာခြေမှ ကြိုးသိုင်းဖိနပ်ကို ချွတ်နေတာတွေ့ရသည်။ ပြီးတော့ ခြေဖျားကို နှိပ်နယ်လျက်ရှိသည်။ ခဏနေတော့ ဖိနပ်ကို ပြန်စီးကာ ဆိုင်ထဲသို့ ထော့နဲ့ထော့နဲ့ဝင်လာလေသည်။ ဘယ်သူ့ကိုမှလည်းမကြည့်၊ ချော်လဲကျတာမို့ ရှက်တက်တက်လည်း ဖြစ်မနေဘဲ ပကတိခပ်တည်တည်မျက်နှာပေးနှင့်ပါပေ။ ထိုမိန်းမသည် ကျွန်မလိုပင် ခေါင်းမာပြီး ပေပေတေတေထဲကလည်း ဖြစ်နိုင်သေးသည်ဟု တွေးမိတော့ ကျွန်မ မပြုံးဘဲ မနေနိုင်ပြန်။

(၂)

တစ်နေ့မှာ ဖတ်လက်စသတင်းစာပေါ် သူမမျက်လုံးမှ မျက်ရည်တစ်ပေါက် ပေါက်ကနဲကျသွားတာ ကျွန်မ မြင်ဖြစ်အောင် မြင်လိုက်ရသည်။ အိတ်ထဲမှ တစ်ရှူးစကို ထုတ်ကာ မျက်ဝန်းတစ်ဝိုက် တို့သုတ်လိုက်တာကိုပါ တစ်ဆက်တည်း မြင်သည်။ ခဏနေတော့ သူမက သတင်းစာကို ထားနေကျအတိုင်း စားပွဲပေါ်ထားရစ်ခဲ့ကာ ခြေလှမ်းကျဲကျဲလှမ်းလျက် ကန်တင်းန်မှ ခွာသည်။

ထိုနေ့က ရှယ်လီသာ ကျွန်မအနားမှာ အတူရှိမနေဘူးဆိုလျှင် ထိုအမျိုးသမီးဖတ်ပြီး ထားရစ်သော သတင်းစာကို ကျွန်မ သွားရောက်ယူကောင်း ယူမိမည်ဖြစ်သည်။ ဘယ်လိုသတင်းကများ သူမကို မျက်ရည်ကျစေပါလိမ့်။ နာရေးသတင်းများလား၊ လက်ထပ်ပြီးစီးခြင်းများလား၊ ဓါတ်ပုံလေးတစ်ပုံလား၊ ဒါမှမဟုတ် အမှတ်ရစရာ ဘယ်လိုအကြောင်းအရာတွေကများ သူမကို တိုက်ဆိုင်ဝမ်းနည်း မျက်ရည်ကျစေသည်လဲ။ မရေရာသောအတွေးများနှင့်ကျွန်မ လုံးထွေးရင်း အချိန်တန်တော့ အလုပ်ခွင်ဝင်ကာ သူမကို မေ့ပျောက်ထားဖြစ်ခဲ့သည်။

နောက်တစ်ရက် မနက်ခင်းမှစ၍ သူမကို ကျွန်မ မတွေ့ရတော့ပါ။ ခုဆိုလျှင် တစ်ပတ်တိတိရှိခဲ့ပြီ။ သူမ၏အရိပ်အရောင်ကိုမျှ မတွေ့ရ။ သူမထိုင်နေကျနေရာလေးသည် ထိုင်သူမဲ့လျက်ရှိသည်။ ထိုနေရာလေးကို ကြည့်မိတိုင်း ကျွန်မစိတ်ထဲ တစ်ခုခုလိုနေသလိုလို ဟာ၍နေ၏။ သူမ ဘာများဖြစ်လို့ပါလိမ့်၊ သူမနှင့်ကျွန်မသည် အပြုံးချင်းဖလှယ်ဖို့ ဝေးလို့၊ မျက်လုံးချင်း တစ်ချက်ကလေးမှ မဆုံလိုက်ရ။ ထိုသူမအပေါ် မြင်တွေ့နေကျဟူသည့်စိတ်နှင့်ပင် ကျွန်မရင်၌ ကွက်လပ်တစ်ခု ထင်းထင်းကြွင်းကျန်ရစ်ပြီတည်း။

တစ်နေ့တစ်နေ့ သူမ ဝတ်လာတတ်တာလေးတွေ၊ ဟန်ပန်လေးတွေကို စောင့်ကြည့်နေမိတတ်သော မျက်ဝန်းများက သူမထိုင်နေကျနေရာလေးသို့ ဖျတ်ကနဲ လှမ်းကြည့်မိတတ်သည်။ သူမကို မတွေ့ရသော်လည်း ရာသီမှုန်မှိုင်းသောနေ့များ၌ သူမနှုတ်ခမ်းမှ ဆေးလိပ်ငွေ့တွေများ ဝေ့ကနဲ မှုတ်ထုတ်လိုက်လေသလား စိတ်က ထင်သည်။

အတန်ကြာသော် ကျွန်မ၏နေ့စဉ်များထဲမှာ သူမ ရှိမနေတော့ပါ။ သို့သော် ထိုဆိုင်ကလေးမှာ စားဖြစ်သော နံနက်ခင်းများတွင်မူ သူမထိုင်နေကျနေရာလေးဆီ မျှော်လင့်ကြည့်တတ်ပါသေးသည်။ ထိုအခါမျိုး  သူမနေရာတွင်တစ်စုံတစ်ယောက်ဝင်ထိုင်နေပါက ကျွန်မစိတ်ထဲ မကြိုက်ချင်သလိုလို မကြည်မလင်ဖြစ်ရသည်။

ဘာနှင့်တူသလဲဆိုလျှင် ကျွန်မကားရပ်နေကျ ကားပါ့ကင်နေရာမှာ သူများကား ဝင်ထိုးထားသောအခါ အနည်းငယ်မျှ စိတ်ကသိကအောက်ဖြစ်ရပုံမျိုး၊  ကျွန်မ ထမင်းစားပန်းကန်ကို အခန်းဖော်က သစ်သီးများခွဲစိတ်ကာ မပြောမဆိုဘဲ ယူထည့်စားတတ်တာမျိုး၊ ကျွန်မပိုင်စာအုပ်တစ်အုပ်ကို ခွင့်မတောင်းဘဲ အကျအနယူငင်ဖတ်ရှု့နေတာမျိုးနှင့် ဆင်ဆင်တူလေသည်။

ကျွန်မတို့အားလုံးမှာ မြင်တွေ့နေကျ၊ ထိတွေ့နေကျဖြစ်သော သက်ရှိသက်မဲ့ဘယ်အရာကိုမဆို မသိစိတ်၌ အမှတ်မထင်စွဲငြိတတ်သောအလေ့ ရှိကိုရှိနေကြပါသည်ဟုဆိုလျှင် မည်သူကမျှ  ငြင်းနိုင်လိမ့်မည်မထင်ပါ။





ဘလော့ဂ်ဒေးအမှတ်တရ ရေးတဲ့စာ

$
0
0


ရသစာပေနှင့် ကျွန်မ

ကျွန်မက စာဖတ်နာသူမဟုတ်ခဲ့သလို ကိုယ့်ကိုယ်ကို စာရေးစာဖတ်ဝါသနာပါလို့ပါမှန်းလည်း မသိခဲ့သူပါ။ ကံကောင်းလို့ သီလရှင်မဖြစ်တာလို့တောင် ပြောရပါမယ်။ ကျွန်မဖတ်ခဲ့ရတဲ့စာအုပ်တွေက အဖေဖတ်နေကျ “သဘောပါရဲ့လား”ဆိုတဲ့ တရားစာအုပ်တွေချည်းပဲ။ အဲဒီကနေ ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းကြီးတွေ့တော့ အဖေ့မေး၊ အဖေက ရှင်းပြ၊ နားမလည်၊ ငယ်သေးတာကိုးလို့ ကိုယ့်ကိုယ်ကို ဖော့တွေး။ နောက်တော့ တဖြည်းဖြည်း မိုးကုတ်ဆရာတော်ဘုရားကြီးတရားတွေနာရင်းနဲ့ မျက်ရည်ပေါက်ပေါက်ကျအောင် "မှန်လိုက်တာ မှန်လိုက်တာ ငါ့ကြည့်ပြောနေသလိုပဲ"ဆိုတဲ့စိတ်တွေနဲ့ အရမ်းကြည်ညိုလာရာက နားလည်အောင်လေ့လာရင်း သိသွားတော့တာ။ အဲသလို တရားအရသာသိလာတဲ့အခါကျတော့လည်း တရားစာအုပ်တွေချည်း ဖတ်ချင်တော့တာပဲ။ အနာဂါမ်ဆရာ သက်ကြီးတို့၊ ရဟန္နာနှင့် ပုဂ္ဂိုလ်ထူးများတို့ အဲသလိုစာအုပ်တွေ စိတ်ဝင်တစားဖတ်တတ်လာတော့တယ်။

ကဲ ချော်ကုန်ပြီ။ လမ်းပေါ်ပြန်တက်ကြစို့ရဲ့။

ပြောချင်တာက ကျွန်မဟာ ကြောင်ပုဇွန်စားသလိုလည်း ရသစာပေကို ကြွပ်ကြွပ်ဝါးခဲ့ရသူ မဟုတ်ကြောင်း ပြောချင်တာပါ။ တစ်ခုသိပ်ကောင်းသွားတာက လောကကြီးမှာ အကြောင်းနဲ့အကျိုးပဲ၊ အကြောင်းကြောင့် အကျိုးဖြစ်ဆိုတာကို ရေရေလည်လည်လက်ခံသဘောပေါက်သွားတဲ့အခါ အတော်ကို နေသာထိုင်သာရှိသွားတော့တယ်။

ဘာကြောင့် စာရေးရသလဲ

ရေးချင်လို့ ရေးပါတယ်။

ဘလော့ဂ်ဂါဘဝရောက်ရခြင်းအကြောင်း

ဒီလိုပါပဲ။ သူများတွေ ၂၀၀၆ လောက်က ထင်ပါရဲ့၊ ဘလော့ဂ်ခေတ်ဦးကြီး ခြိမ့်ခြိမ့်သဲနေချိန်မှာ နတ်ပြည်တက်နေခဲ့သူဖြစ်ပြီး အဘတို့တော့ မောပြီဆိုတဲ့အချိန်ကျကာမှ ငါဟဲ့ ဘလော့ဂ်ဂါဆိုပြီး ကျွန်မက လက်ခမောင်းထခတ်သူဖြစ်တော့တာကိုး။ အဲဒီအကြောင်းများ ပြောရရင် သက်ဝေကို မေ့ထားလို့ မရဘူး။ သူက ညစာကျွေးပြီးတော့ကို ဘလော့ဂ်ဖွင့်ပေးခဲ့တာ။  ကြည့်မရတဲ့သူဆို ကင်မရာသာ ဝယ်ပေးလိုက်ဆိုတာလို နေမှာ။ ဘယ့်နှယ် ဓါတ်ပုံပိုးဝင်သွားလို့ကတော့ ဟိုဟာလေး ဝယ်ချင်၊ ဒီအပိုပစ္စည်းလေးဝယ်ချင်နဲ့ ဘဏ်ကပ်ဒ်ပြားပါးပါးသွားရတဲ့ အဖြစ်မျိုး။ 

ဘလော့ဂ်စရေးကာစမှာ တစ်ရေးနိုးတောင် ဘလော့ဂ်ထကြည့်တာ၊ ဘလော့ဂ်နဲ့ မျက်နှာသစ်၊  ဘလော့ဂ်နဲ့ ထမင်းစား၊ ဘလော့ဂ်နဲ့ ရေချိုး (အေ့လေ ဒါကတော့ နည်းနည်းလွန်သွားပြီ)။ ထားပါတော့၊ ဒီလိုနဲ့ ရူးလာလိုက်တာ တစ်ပတ်နေလို့ ပိုစ့် သုံး-လေးပုဒ်လောက် မတင်ရရင် စာလာဖတ်သူတွေအပေါ် တာဝန်ပဲ မကြေသလိုလို၊ အံမယ် ဖြစ်ပုံက အဲသလိုကိုးရှင့်။ ခံစားနေရတာ။ ကိုယ်တိုင်ပဲ စာဖတ်သူနဲ့ စာချုပ်ကြီး အကြီးကြီးချုပ်ထားသလိုလို ဘာလိုလို။

နောက်တော့လည်း (ခု ဆိုပါတော့) သွေးအေးသွားလိုက်တာ။ တစ်လနေလို့ တစ်ပုဒ် မတင်နိုင်လည်း အေးဆေးပေါ့ကွာ နောက်နေ့တင်တာပေါ့ကွာ ရပါသေးတယ်ကွာတွေ ဖြစ်လာတယ်။
ရေးတာတွေကဖြင့် အပျော်လိုလို၊  နောက်တာလိုလို၊ သရော်တာလိုလို…၊ အတည်အတန့်တစ်ခုမှ မပါ။ တကယ်တော့ ဘာမှ သိပ်ဟုတ်တိပတ်တိရေးခဲ့တယ် မရှိလှပါဘူး။ ဒါပေမယ့် ပျော်တယ်။  ကြေနပ်တယ်။  သူများဘလော့ဂ်ဂါတွေ အထူးသဖြင့် ခေတ်ဦးက ဘလော့ဂ်ဂါတွေ သူတို့ခေတ်က သူတို့အချိန်နဲ့ သူတို့အခါနဲ့ မျက်နှာဝှက်ရေးကြတာကိုး၊ ကျွန်မ ဘလော့ဂ်စရေးတဲ့ ခေတ်လယ်ကျမှပဲ ဘလော့ဂ်ဂါရယ်လို့ နဖူးစာကပ်ပြီး ပေတရာမလျှောက်ရုံရှိတာ။ တကယ်ပါပဲ။ ဘလော့ဂ်ဂါလေလို့ မိတ်ဆက်ပေးရင်ပဲ သဘောတွေကို ကျလို့…..။

ဘလော့ဂ်ဂါလား စာရေးသူလား စာရေးဆြာမလား ဘာလား  ညာလား

ဘာ မှ မ ဟုတ် ဘူး။

ကျွန်မ ကျောက်ခေတ်မှာ လူဖြစ်ခဲ့တုန်းက ကျောက်ချပ်တွေပေါ် အချွန်ဟုထင်ရသော ကလောင်တံတစ်ချောင်းနဲ့ ထွင်းရေးခဲ့တာ မှတ်မိသေးတယ်။ တကယ်၊ မယုံရင် ကျောက်ခေတ်မှာ မွေးတဲ့သူတွေ တွေ့ရင် မေးသာကြည့်။ ကျောက်ခေတ်မှာ မွေးရင် ကျောက်ပေါ်မှာ ရေးမယ်။ ကြေးခေတ် သံခေတ်မှာ မွေးရင် ကြေးပြားသံပြားတွေပေါ်မှာ ရေးမယ်။ ဂူနံရံတွေပေါ်တောင် ရေးခဲ့ကြသေးတာ မဟုတ်လား။ ထားလိုက်ပါတော့...။

ဒီတော့ ကျွန်မ အခု လူဖြစ်လာရတဲ့ ဘဝကြီးထဲမှာ အွန်လိုင်းဆိုတာကြီးနဲ့ ကြုံခိုက် အွန်လိုင်းပေါ် ရေးဖြစ်တယ်။ ပုံနှိပ်စာမျက်နှာပေါ် ရေးလို့ရတယ်ဆိုတော့ ရေးကြည့်တယ်၊ ရေးခွင့်ကတော့ လူတိုင်းမှာ ရှိတာပဲ။ ကိုယ်ရွေးချယ်မှုနဲ့ ကိုယ်ပါပဲ။ ဒါကိုမှ ကိုယ်ဟာ ဘလော့ဂ်ဂါ၊ ကိုယ်ဟာ စာရေးဆြာ၊ ကိုယ်ဟာ ရွုက်တာ ဘာညာခွဲခြားပြီး နာမည်လိုက်တပ်နေရင်တော့ နာမည်တပ်တဲ့အထဲပဲ နေကြရုံပဲ။ ကိုယ့်ကိုယ်ကို ဘောင်တွေခတ်ပစ်လိုက်တာနဲ့တူတယ်လို့ ကျွန်မက ထင်တယ်။

တရားသဘောနဲ့ ပြောကြေးဆို နာမည်ဆိုတာ ပညတ်မျှသာပဲ မဟုတ်ဘူးလား။ အဓိကက ကိုယ်ရေးနေတဲ့ စာပါပဲ။ ဘယ်မှာပဲရေးရေး၊ တတ်နိုင်လို့ မိုးပေါ်ပဲ ပျံရေးရေး၊ ကိုယ်ရေးနေတဲ့စာသည်သာ ကိုယ့်ကို ဒီဖိုင်းလုပ်သွားမှာ (ဘိုလိုလေးညှပ်ပြောပါရစီ) မြန်မာလို ဘယ်လိုဖွဲ့ရမယ် မသိလို့ပါ။ နေဦး ကြိုးစားပြောကြည့်မယ်။ "ကိုယ်ရေးနေတဲ့စာကသာ ကိုယ်ဘာဆိုတာ သတ်မှတ်ပေးလိမ့်မယ်"အဲသလိုပဲ ထားလိုက်ပါတော့။ ကျွန်မက မြန်မာစာရေးတဲ့နေရာသာ ညံ့တာ၊ ဘာသာပြန်လည်း အတော့်ကို မစွံတာ။ ထားလိုက်ပါတော့လေ….(Again)

ဒီတော့ ကျွန်မကို ဘာလဲမေးလာရင် ဘာမှမဟုတ်ဘူး။ ရေးလို့ရတဲ့နေရာမှာ ကြုံလို့ ရေးနေတာ။ ဒီလောက်ပဲ။

စာအုပ်ထုတ်ဝေခြင်း

စာပေစိစစ်ရေးမရှိဆိုတဲ့ ကျေးဇူးတော်ကြောင့် စာအုပ်ထုတ်ဝေခြင်းအမှုကိစ္စတွေ အဆင်ပြေပြေဖြစ်သွားပြီး ဟောတစ်အုပ် ဟောတစ်အုပ်ဖြစ်လာရတာ။ ကျေးဇူးတင်ဖို့ သိပ်ကောင်းတာပဲ။ တစ်ဘက်ကကြည့်ရင်လည်း စာအုပ်ကို ကိုယ်ပိုင်ငွေနဲ့ ကိုယ့်ဟာကိုယ်ထုတ်သူတွေဟာ သူတို့ကျေးဇူးနဲ့ အလှူ့ရှင်ကြီးတွေ ဖြစ်မှန်းမသိဖြစ်လာရတယ်။ စာအုပ်ထွက်ပြီဆိုတာနဲ့ ရေစက်ခွက်လေးကိုင်ပြီး အမျှ အမျှ အမျှလို့သာ သဘောထားကြီးကြီးနဲ့ သုံးခေါက်တိတိပေးဝေတတ်ဖို့ပဲလိုတယ်။ ဒါနဲ့ ဒီမှာတင် ရပ်ပြီလားဆိုတော့ မရပ်သေးဘူး။ ပိုးက မသေသေးတော့ နောက် တစ်အုပ်စာလေးများ လောက်လောက်လားလားစုမိရင် ထုတ်ဦးမှာ ဆိုပဲ။

ဒီတော့ ရှင်းပါတယ်။ ဆရာခေါ်ခံချင်မှတော့ ဗိန္နောကုစားလည်း ရတာပဲ မဟုတ်လား။ ရေးထားတဲ့စာလေးတွေများ များလာပြီဆိုမှဖြင့် စာအုပ်ထုတ်ချင်တဲ့ပိုးဟာ တရွရွတက်လာတတ်တာမျိုး။  ခုက မပြည့်သေးလို့ ငြိမ်နေတာ။ ပြည့်ရင် ထုတ်ဦးမှာ။  ခုလောက်ဆို ရှင်းပြီပေါ့။ ဒီလိုပါပဲလေ၊ ဖြစ်တတ်ပါတယ်။ ပုထုဇဉ်ဆိုတဲ့ အရူးမျိုးမှာမှ စာပေရူးတာက ပိုဝဋ်ကြီးတယ်လို့ ဆိုရမယ်။ မတတ်နိုင်ဘူးလေ၊ ၃၁ဘုံထဲမှာ လူ့ဘုံဆိုတာက တကယ့်ကို ကံထူးလို့သာ ထရန်စစ်အနေနဲ့ ရောက်လာကြရတာ မဟုတ်လား။ သဘောပါရဲ့လား….အိမ်းးးး 

လူလုံးထွက်ပြခြင်း မပြခြင်း

ဒါကတော့ သိပ်ကိုရှင်းပါတယ်။ စာဖတ်သူသည် စာကိုသာ ဖတ်သည်၊ လူကို မဖတ်လို့သာ ပြောချင်ပါတယ်။ ခုလို မျက်နှာစာအုပ်ကြီးတွေ ကိုယ်စီဖွင့်လာကြတော့ သူသူကိုယ်ကိုယ် အများစု အထူးသဖြင့် အမျိုးသမီးစာရေးသူတွေ သူတို့ပုံလှလှလေးတွေ တင်လာတတ်ကြပါတယ်။  ကျွန်မလည်း တင်ပါတယ်။ လှတဲ့ပုံလေးတွေဆို တင်ပါတယ်။ မလှရင်လည်း လှအောင်ရိုက်ပြီး တင်ပါတယ်။ အဲဒီမှာ ဘာဖြစ်လဲဆိုတော့ တစ်ချို့က ဒီအမျိုးသမီး ပရိသတ်ချူနေတယ် ပြောကြပြန်တယ်။ 

ခက်လိုက်ပုံက။ ပြောပြီးပါရောလား၊ ပပဝတီဖြစ်နေပါစေ၊ သူရေးတဲ့စာတွေက မဟုတ်ရင် ဘယ်သူကမှ စကားလုပ်ပြောကြမယ် မထင်ဘူး။ စာရေးများကောင်းလို့က ရုပ်ဆိုးလေးလည်း လှတယ်ကို ထင်နေတတ်တာမျိုး မဟုတ်လား။ ထားပါတော့လေ။ အပေါ်ယံ အရေပြားတစ်ထောက်ကိစ္စတွေ သိပ်မပြောချင်လှပါဘူး။ စာရေးနေတဲ့အမျိုးသမီးတွေ သိပ်ချောနေတာကတော့ တိုက်ဆိုင်မှုတစ်ခုသာ ဖြစ်ပါလိမ့်မယ်။ ကျွန်မအမြင်ကတော့ လူလုံးထွက်ပြပြီး စာဖတ်သူရှာတယ်ဆိုတာကို လက်မခံတာပါ။ သဘောထားကွဲလွဲချင် ကွဲလွဲလို့ ရပါကြောင်း....။

တစ်ခုခုလိုချင်ရင် တရားအလုပ် လုပ်ပါ။ စာမဖတ်ပါနဲ့

လူတွေ ပြောလေ့ရှိကြတယ်။ စာဖတ်ရင် တစ်ခုခု ရမှ တဲ့။ ကျွန်မ ပြောကြည့်ပါရစေ၊ တစ်ခုခုရမှ ဆိုတဲ့စိတ်ကြီးနဲ့တော့ စာမဖတ်ပါနဲ့။ တရားသာ မှတ်ပါ၊ တစ်ခုမက ရပါလိမ့်မယ်။ အမှတ်စိတ်တွေကြား ကိလေသာ ကြားမခိုဘဲ ကြိုးကြိုးစားစားမှတ်ရင် နိဗ္ဗာန်တောင် ရောက်ဦးမယ်။ တရားအလုပ် လုပ်ခြင်းအားဖြင့် မတရားမှုတွေကနေ ရှောင်ကျဉ်ပြီးသားလည်း ဖြစ်ဦးမယ်။ 

ကျွန်မ စာရေးတဲ့အခါ စာဖတ်သူတွေ တစ်ခုခုရသွားကြပါစေဆိုတဲ့ စေတနာနဲ့ စာမရေးဘူး။ ဥပမာ ပြောရရင် ဟင်းတစ်ခွက်ချက်တဲ့အခါ ဆားက သူ့အလိုလို ပါပြီးသားဖြစ်ရမှာလိုပဲ။ စာရေးပြီဆိုတဲ့အခါ စေတနာက သူ့အလိုလို ပြဌာန်းပြီးဖြစ်သွားတယ်။ ဖတ်သူအနေနဲ့လည်း အဲဒီလိုပဲ၊ တစ်ခုခုလိုချင်စိတ်နဲ့ ဖတ်တာထက် ဖတ်ပြီးမှ ရသွားတဲ့ စိတ်ခံစားမှုကလေးအပေါ်မှာသာ ရယူတတ်ပါစေ။

ဘာကြောင့် ကျွန်မ အဲသလိုပြောရသလဲဆိုရင် တစ်ခုခုလိုချင်လို့ ဖတ်ရင်၊ မျှော်လင့်ထားသလို မရတဲ့အခါ စိတ်မှာ ဒေါသကလေး ကပ်ငြိသွားတတ်တယ်။ တကယ့်အနုစားလေးမို့ ကိုယ်တိုင်သိချင်မှတောင် သိလိုက်မယ်။ သိပ်ကြိုက်တဲ့အခါမှာဆိုရင်လည်း လောဘစိတ်ကလေး အနုစားဖြစ်သွားတာပဲ။ "မလို ဒေါသ၊ လို လောဘ"လို့ ဆိုပါတယ်။

ပြီးတော့ စာတစ်ပုဒ်အပေါ်မှာ စာဖတ်သူတစ်ယောက်ချင်းစီ ရလိုက်တဲ့ အမြင်ချင်းရော တူနိုင်ပါ့မလား။ မြတ်စွာဘုရား တရားဟောတဲ့အခါ ဟောတာကတော့ လူနတ်ဗြဟ္မာ အကုန်လုံးကို အတူတူဟောတာပဲ။ ဒါပေမယ့် ဉာဏ်ရည်ရင့်သန်မှုအပေါ် မူတည်ပြီး တရားဆုံးတဲ့အခါ သောတာပန်တည်သူက တည်၊ အနာဂါမ်တည်သူက တည်၊ ဂိတ်ဆုံးထိ ရဟန္နာဖြစ်သူက ဖြစ်၊ ဘာမှ မဖြစ်ဘဲ ပုထုဇဉ်အရင်းအတိုင်း ရူးကျန်ခဲ့သူက ကျန်….။ အဲသလို မဟုတ်လား။ ကျွန်မက အနီးစပ်ဆုံး ဥပမာပြတာပဲ။ စာရေးဆြာတွေကို ဘုရားနဲ့ပုံခိုင်းတယ်လို့လည်း မယူလိုက်ကြပါနဲ့ဦး။

ရေးသူနဲ့ဖတ်သူ လိုင်းတူသွားတဲ့အခါမတော့ သိပ်ကို ပျော်စရာကောင်းတာပေါ့။ များသောအားဖြင့် စာရေးခြင်းအလုပ်ကို ကျွမ်းကျင်သူ စာရေးဆရာတွေ ရေးတဲ့အခါ ဖတ်သူကို ဆွဲခေါ်သွားနိုင်တယ်။ ဖတ်အပြီးမှာ မပေးဘူးဆိုရင်တောင်မှ ဖတ်သူက တစ်ခုခုတော့ ရသွားတတ်ကြတယ်။ ရသစာပေရဲ့သဘောက အဲဒါပါပဲ။ ကျွန်မပြောချင်တာက တစ်ခုခုပေးရမယ်၊ တစ်ခုခု ရရမယ်၊ အဲသလိုကြီး တောင့်တောင့်ကြီး တင်းမထားစေချင်တာ၊ အားထုတ်စရာမလိုပါဘူး၊ ရသအဖွဲ့ကောင်းတဲ့စာဆိုရင် အပေးအယူဆိုတာတွေက ရင်ဘတ်ပါသူတိုင်း သူ့အလိုလိုအော်တိုမက်တစ် ရရမယ့် ကိစ္စတွေလို့ ဆိုချင်တာ။  သဘောပါရဲ့လား  အိမ်း...

ခု လက်ရှိ

ဘလော့ဂ်မှာ ရေးလိုက်၊ ပုံနှိပ်ကို ပို့ထားတဲ့စာမူလေးတွေ အဆင်ပြေတဲ့အခါ ပါလာလိုက်၊ ဒီလိုပါပဲ။ ဘလော့ဂ်မှာ ရေးနေတဲ့ နှုန်းတော့ သိသိသာသာလျော့ကျသွားတယ်ဆိုရမယ်။ လာဖတ်သူလည်း လျော့တာပါပဲ။ လျော့ချင်လို့ လျော့တယ်ပဲ မှတ်ပါတယ်။ ကိုယ့်ဘက်က တတ်နိုင်သလောက်တော့ ဘလော့ဂ်ကို အသေကြီးဖြစ်သွားမှာ မလိုချင်ပါဘူး။ ဒီတော့ အရင်ကနှုန်းအတိုင်း မဟုတ်တောင် ကျဲကျဲလေးတော့ လုပ်ဖြစ်နေပါဦးမယ်။

ဒီလောက်ပါပဲ။  တစ်ခြားလည်း ထူးထူးထွေထွေ ပြောစရာမရှိလှပါဘူး။  ဘာကြောင့်ဘလော့ဂ်ဒေးခေါ်သလဲဆိုတာလည်း မသိလှပါဘူး။သိလည်း သိပ်အရေးမကြီးလှပါဘူး။ မွေးလာပြီး သေရမှာ၊ ဒီမွေးသေကြားထဲက ကာလကြီးတစ်ခုထဲ သူသူငါငါ ဖြတ်သန်းရင်း မှတ်တိုင်တွေ စိုက်ခဲ့ကြဖို့ ကြိုးစားနေကြတာပဲ မဟုတ်ဘူးလား။ ဒါကိုပဲ ဘဝရဲ့တန်ဘိုးလို့ ဆိုကြတာ။ ဘဝကြီးထဲ ဘာများအရေးကြီးတာ ရှိသေးတုန်း။

ရေးဆိုလို့သာ ရေးလိုက်ရတာ။ ဘလော့ဂ်ဒေးဘာညာ မသိသော်ငြားလည်း နောက်ဆုံးပိတ်ပြောချင် တာကိုတော့ဖြင့် ခန့်ခန့်ငြားငြားလေးပြောပြီး ပိတ်လိုက်ပါမယ်။

ဘလော့ဂ်ဒေးနှင့်ဆိုင်သည်ဖြစ်စေ၊  မဆိုင်သည်ဖြစ်စေ၊ နှောင်းလူများမှတ်သားရန် ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ စာဖတ်သူများ တစ်ခုခု ရလိုက်သည်ဖြစ်စေ၊ မရလိုက်သည်ဖြစ်စေ၊ သည်စာအပေါ်၌ စာရေးသူချစ်ကြည်အေးနှင့် သဘောထားတူသည်ဖြစ်စေ၊ ကွဲလွဲသည်ဖြစ်စေ.... 
မည်သို့ပင်ဖြစ်စေ "ဤစာအား ဘလော့ဂ်ဒေးအမှတ်တရ ရေးတဲ့စာဟု အမည်တွင်စေရမည်"

ပုံ
အန်တီစီကေအေ 
"ဘလော့ဂ်ခေတ်လယ်၂၀၀၉မှ စ၍ အွန်လိုင်းပေါ် စတင်ရေးသားသူ"
World Peace !!!


ကျေးဇူးစကား - အန်တီတင့်ကျေးဇူးကြောင့် ရေးဖြစ်ပါတယ်။  ကျေးဇူးပါ တီတင့်ရေ  :)




ချစ်သူဆီ....

$
0
0

အဆုံး….(သို့) အစ….

Mya Wityee
8hrs ago
မောင်…
ဒီစတေးတပ်စ်ကို မောင်ဖတ်မိတဲ့အချိန်မှာ ကျွန်မက မောင်နဲ့တကွ ကျွန်မချစ်တဲ့ မိတ်ဆွေတွေကိုပါ ကျောခိုင်းလို့ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ဟိုး အဝေးကြီးဆီကို ထွက်ခွာသွားခဲ့ပြီ မောင်…။ မောင် ပျော်ရွှင်ကျန်းမာပါစေကွယ်….။

မောင့်မြဝတ်ရည်

 (အစ)

နှစ်ထပ်ခွဲတိုက်အိမ်အဖြူလေးရဲ့အပေါ်က ထပ်ခိုးခန်းလေးထဲမှာ မောင့်အခန်းကလေးရှိတယ်။ အိမ်အဝင်ဝမှာ မီးသီးရောင်စုံသေးသေးကလေးတွေ ချိတ်ဆိုင်းထားတဲ့ ခေါင်မိုးချွန်အိမ်ကလေးပေါ့။
သိပ်ချစ်စရာကောင်းတာပဲ။ လမ်းကလေးတစ်လျှောက်မှာ အိမ်ကလေးတွေ စီရီလို့ရှိပေမယ့် ချစ်သူ့အိမ်ကလေးကသာ ကျွန်မမျက်ဝန်းထဲ အေးအေးမြမြစီးဝင်နိုင်စွမ်းတယ်လို့ ကျွန်မက ထင်တယ်။

အခါများစွာကလိုပဲ မောင် အိပ်ယာကမနိုးသေးမယ့်အချိန်ကို ရွေးပြီး မောင့်အခန်းလေးထဲ ကျွန်မ လာခဲ့တယ်။ စေ့ရုံစေ့ထားတဲ့ တံခါးအဖြူရောင်လေးကို သာသာတွန်း ဖွင့်လို့ ခြေဖျားလေးထောက်ပြီး လေပြေကလေးလို မောင့်အနား ဝေ့ကနဲရောက်လာခဲ့တာပေါ့မောင်။

ထင်တဲ့အတိုင်းပဲ။  မောင်က အိပ်နေတုန်း၊  ကလေးတစ်ယောက်လို အပူအပင်ကင်းကင်း အိပ်ပျော်နေလိုက်တုန်း….။ ချစ်ဖို့ကောင်းလိုက်တာ…။

အဲကွန်းဖွင့်ထားလိုက်တာကလည်း အေးစိမ့်လို့၊ ကျွန်မ မောင့်အနား ဖြည်းဖြည်းကလေး ခြေဖော့ကပ် သွားပြီး မောင့်ခြေရင်းက စောင်ကို မောင့်ရင်ဘတ်ပေါ်ထိ ဆွဲတင်ပေးလိုက်တယ်။ အိပ်ပျော်နေတဲ့ မောင့်မျက်နှာကို ငေးကနဲကြည့်နေမိရင်း မောင် အိပ်မက်ဆိုးတွေကင်းလို့ ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်ပါစေလို့ ဆုတောင်းလိုက်မိသေးတယ်။ ကျွန်မ သိတယ်။ အပူအပင်တွေ သိပ်များတဲ့လောကကြီးထဲမှာ ခုလိုအိပ်ပျော်နေချိန်လေးပဲ မောင် အေးချမ်းရရှာတာ…။

ပြီးမှ မောင့်ဘီရိုကို ဖွင့်ကြည့်လိုက်တော့ သပ်သပ်ရပ်ရပ်နေတတ်တဲ့ မောင့်ထုံးစံအတိုင်း ရှပ်အင်္ကျီတွေ သပ်သပ်၊ တီရှပ်တွေ သပ်သပ်၊  ဘောင်းဘီအတိုတွေ သပ်သပ်၊ ဘောင်းဘီအရှည်တွေက သပ်သပ်၊ သူ့နေရာနဲ့သူ အထပ်လိုက်ကလေးတွေ။ တစ်ချို့လည်း ချိတ်မှာ ချိတ်လို့၊ အဲဒါတွေကတော့ မောင် ပွဲတက်သွားတဲ့ အဝတ်အစားတွေထင်ပါရဲ့။

မီးပူမတိုက်ရသေးဘဲ ခေါက်ရုံခေါက်ထားတဲ့ မောင့်အဝတ်အစားတွေကို မီးပူတိုက်ပေးဖို့ ဘီရိုထဲက ဆွဲအထုတ်မှာ ပရုတ်လုံးကလေးတစ်လုံးက အဝတ်တွေနဲ့အတူ ရောပါလာပြီး ကြမ်းပြင်ပေါ် ဒေါက် ကနဲ ပြုတ်ကျတယ်။

ကျွတ်  ကျွတ်…..။  ကလေးတစ်ယောက် အိပ်ရာကလန့်နိုးသွားမှာစိုးတဲ့ မိခင်လို ကျွန်မနှုတ်က ကယောင်ကတမ်း စုတ်သပ်လိုက်မိတယ်။  မောင်တော့ နိုးသွားတော့မှာပဲ။

တော်ပါသေးရဲ့။ မောင်က ကိုယ်ကို ပက်လက်အနေအထားကနေ ညာဘက်စောင်းလို့ ဆက်အိပ်တော့မှပဲ ကျွန်မ စိတ်ချမ်းသာရတယ်။ မောင့်မျက်နှာဘေးတစောင်းကလေးကို လှမ်းကြည့်ရင်း ကျွန်မပြုံးမိတယ် ထင်ရဲ့။ နိုးထနေချိန်တွေတိုင်း မောင် မျိုသိပ်ခံစားနေတတ်တဲ့ အပူတွေ၊ အလုပ်နဲ့ပါတ်သက်တဲ့ စိတ်ဖိစီးမှုတွေဟာ မောင် အိပ်ပျော်နေစဉ်မှာသာ ခဏတာ ကွယ်ပျောက်သွားနိုင်တာ မဟုတ်လား။ မောင် အိပ်ပါစေကွယ်။ မောင်ကလေး အိပ်ကောင်းခြင်း အိပ်ပျော်ပါစေ။

မီးပူတိုက်ပြီးတော့မှ မောင့်မီးဖိုချောင်လေးထဲဝင်ပြီး ရေခဲသေတ္တာကို ဖွင့်ကြည့်မိ တယ်။ မောင် လောလော လတ်လတ် ဈေးသွားထားပုံပဲ။ အသားရော အသီးအရွက်တွေပါ လတ်လတ်ဆတ်ဆတ်။ ဝက်သား နှစ်ကဒ်၊ ခရမ်းချဉ်သီး သုံးလုံး၊ ကိုက်လန်တစ်စည်းနဲ့ ပုဇွန်တစ်ချို့။

ကြည့် မောင်ဟာလေ…။  ကိုလက်စထရောတွေ တက်နေတယ်၊ အဆီအဆိမ့်တွေ ရှောင်ရမယ်လို့ ဆရာဝန်က ပြောတယ်တဲ့။

သူပဲ ပြောပြီး ခု ဝက်သားတွေ၊ ပုဇွန်တွေ ဝယ်ထားပြန်ပါပြီ။ ဝက်သားနှစ်ကဒ်ထဲက တစ်ကဒ်ကတော့ ဝက်နံရိုးမို့ အဆီမပါသလောက်ပဲ။ ဒါနဲ့ အအေးခန်းအကန့်ထဲက ဝက်နံရိုးကို ထုတ်၊ မိုက်ကရိုဝေ့ဖ်ထဲ ကီလိုဝက်အချိန်မှာထားပြီး ရေခဲတွေကို ပျော်စေလိုက်တယ်။

ရေနွေးတည်ပြီး ဓါတ်ဘူးလေးနှစ်လုံးထဲကို တစ်ဝက်ဆီ ခွဲထည့်၊ ဓါတ်ဘူးတစ်လုံးထဲကို လက်ဘက်ခြောက်ခတ်ပြီး နောက်တစ်လုံးထဲကိုတော့ မောင်ကြိုက်တဲ့ ကော်ဖီအဖြူ ဖျော်ထည့်ထားလိုက်တယ်။ မောင် နိုးလာတဲ့အခါ ကွန်ပြူတာမှာ သတင်းတွေဖတ်ရင်း သောက်ရအောင်လေ….။

ကိုက်လန်တွေကို အရိုးရင့်တွေ ဖယ်ထုတ်ပြီး ကျန်တာတွေကို ရေနွေးလေးဖျော၊ ပြီးမှ ရေအေးနဲ့ ပြန်ဆေးလိုက်တယ်။ မောင်ကြိုက်တဲ့ အရွက်စိမ်းရောင်လည်းမပျောက်ဘဲ ခပ်ကြွတ်ကြွတ် အနေအထားလေးပေါ့။ ခရုဆီရယ်၊ သံလွင်ဆီရယ်၊ ပဲငံပြာရည်အကြဲရယ် သုံးမျိုးရောပြီး ဖျော်၊ ဆားနဲ့ငရုတ်ကောင်းမှုန့် နည်းနည်းစီထည့်၊  ကြက်သွန်နီကြော်လေး မွှေးနေအောင်ကြော်ပြီးမှ အုပ်ဆောင်းအောက်မှာ အသာလေးအုပ်ထားလိုက်တယ်။ မောင် နိုးတော့မှ ရေနွေးဖျောထားတဲ့ ကိုက်လန်ရွက်လေးပေါ် ခရုဆီအရောကို ဆမ်း၊ အပေါ်က ကြက်သွန်နီကြော်လေး ဖြူးပြီး စားဖို့ပေါ့။ မောင်က အဲလိုမှ ကြိုက်တယ်။ ကိုက်လန်ကို ဆီနဲ့ကြော်ပစ်လိုက်တာမျိုး မစားတတ်ဘူး တဲ့။

မောင်ဝယ်ထားတဲ့ ခရမ်းချဉ်သီးတွေထဲက အရွယ်တော်နှစ်လုံးကို ခပ်ပါးပါးလှီးပြီး သုပ်ဖို့ပြင်တယ်။ ကြက်သွန်နီ၊ ပုဇွန်ခြောက်၊ မြေပဲလေးစိတ်ကွဲနဲ့ ဆီချက်လေးထည့်ပြီး သုပ်ပေးခဲ့မယ် မောင်။ မောင်က ခရမ်းချဉ်သီးသုတ်ကို သံပုရာသီးအချဉ်နဲ့သုပ်တာ ကြိုက်တယ်။ ကျွန်မ သံပုရာသီး လှီးပေးခဲ့တယ်။ စားခါနီးမှ သံပုရာသီးလေးညှစ်ပြီး နယ်လိုက်ပေါ့ နော် မောင်။

ဟော အတော်ပဲ၊ လုံးချက်ထားတဲ့ ဝက်နံရိုးလည်း နူးပြီ။ ကြက်သွန်ဖြူဥသေးသေးလေးတွေကို ဒါးပြားနဲ့ရိုက်ပြီး ထည့်၊  အပေါ့အငံမြည်းပြီးမှ မီးပိတ်လိုက်တယ်။

ကြည့်…မောင် မနိုးသေးဘူးပဲ။  အိပ်ပုတ်ကလေး မောင်….။

မေ့တော့မလို့….။  ထမင်းအိုး….။ ကျွန်မပြုံးပြီး မောင့်အတွက် ထမင်းအိုးသေးသေးလေးထဲ ဆန်တစ်ဘူးထည့် အမြန်တည်လိုက်ရသေးတယ်။ ပြီးမှ မောင်အိပ်နေတဲ့အနား ပြန်လာရတယ်။

မောင့်ကွန်ပြူတာ စားပွဲပေါ်မှာ မောင်ဖတ်လက်စ စာအုပ်တွေ။  စာတွေ ဖတ်၊ သတင်းတွေကြည့်ရင်းက အကြမ်းရေးခြစ်ထားတဲ့ စာတိုစာစတွေ၊ အကြမ်းခြစ်ထားတဲ့ ခဲပန်းချီတွေ….။  ပါဝါရိန်းဂျားအရုပ်သေးသေးလေးတွေလည်း တွေ့ရဲ့။ တကယ့် မောင်။ ကလေးတစ်ယောက်လိုပါပဲ…။

အို… ဒါ သူမပုံ။ မောင့်ချစ်သူကလေးပုံပဲ…။ မောင်လောလောလတ်လတ် ခဲခြစ်ထားပုံပါ။ မိန်းကလေးက ကြည်စင်နေတဲ့မျက်ဝန်းကလေးတွေနဲ့ ချစ်သူကို ရီရီဝေဝေလေး ငေးကြည့်နေပုံ၊ ဆံပင်ဂုတ်ဝဲကလေးတွေက ဘယ်ညာ ပခုံးတစ်ဘက်တစ်ချက်ပေါ် ဝဲကျနေလို့ရယ်။

ပြုံးနေမိရင်းက ကျွန်မမျက်ရည်တစ်စက် သူမခဲပန်းချီကလေးပေါ် ပေါက်ကနဲကျသွားတယ်။

မောင့်ကုတင်ခြေရင်းမှာ မောင့်ဂစ်တာ။ ခုရက်တွေအတွင်း မောင် ဘာသီချင်းတွေများ တီးနေခဲ့ပါလိမ့်။ မောင်ချစ်ရတဲ့ သူကလေးကို တမ်းတနေရင်း အလွမ်းသီချင်းတွေပဲ မောင် တီးခတ် ဆိုညည်းနေခဲ့လေမလား။ မောင့်ကုတင်ဘေး ကြမ်းပြင်ပေါ်မှာတော့ ဘီယာဘူးခွံ သုံလုံးလည်း တွေ့ရရဲ့။ မောင် စိတ်များ ညစ်နေခဲ့သလား ဟင်….။

မီးဖိုချောင်ထဲပြန်ဝင်ပြီး ရေစိုအဝတ်တစ်ခု ယူ၊ မောင့်စားပွဲလေးကို ရေစိုဝတ်နဲ့တိုက်ပြီး ရှင်းပေးခဲ့တယ်။ ပစ္စည်းတွေနေရာပြောင်းနေရင် မောင် မကြိုက်တတ်တာမို့ ထားနေကျနေရာမှာပဲ ပြန်ထားပေးခဲ့တယ်။

မောင့်အိပ်ရာခြေရင်းက ဝှိုက်ဘုတ်မှာ နေ့လည်ဆေးသောက်ဖို့ မမေ့နဲ့နော် မောင် လို့ ရေးထားပေးခဲ့သေးတယ်။ ပြီးတော့ ဒီနေ့ မောင်အပြင်သွားရင်ဝတ်ဖို့ ရှပ်အဖြူနဲ့ ဂျင်းန်တစ်စုံ ချိတ်မှာ အဆင်သင့် ချိတ်ထားပေးခဲ့တယ်။ ဝတ်ပါနော် မောင်။ မောင် ရှပ်အဖြူနဲ့ဂျင်းန်ဝတ်ရင် ကျွန်မ ချစ်လွန်းလို့ပါ မောင်ရဲ့။

ကျွန်မ သွားတော့မယ်။ ကျေးဇူးတင်ပါတယ် မောင်။ ဒီနေ့တစ်နေ့တာ ကျွန်မလုပ်ချင်တာတွေ လုပ်ခွင့်ရခဲ့လို့။ မောင့်အနားမှာ နေခွင့်ရခဲ့လို့ပါ။ မောင့်အခန်းလေးထဲကို  နောက်ဆို အခုလို လာနိုင်တော့မယ် မထင်ဘူး မောင်ရယ်။ ကျွန်မ သွားရတော့မယ်…..။

ဆစ်ကနဲအောင့်တက်လာတဲ့ ဝဲဘက်ရင်ညွန့်ကို ညာလက်နဲ့ဖိရင်း အခန်းနံရံကို မှီလို့ခဏ ရပ်နေမိတယ်။ အိပ်မောကျနေဆဲမောင့်ကို ဘယ်တော့မှ ထပ်မတွေ့ရတော့မှာကိုသိနေတဲ့ နောက်ဆုံး မျက်ဝန်းတွေနဲ့ နောက်ဆုံးအကြိမ်သေချာကြည့်လိုက်မိပြန်တယ်။ မောင်နိုးသွားမှာ စိုးပါတယ်။ မောင့်ခြေရင်း ကိုသွားပြီး စောင်ကလေးလှပ်လို့ မောင့်ညာဘက် ခြေဖမိုးကလေးပေါ် ကျွန်မနှုတ်ခမ်းတွေနဲ့ ဖွဖွလေး ထိနမ်းလိုက်မိတယ်။ တိတိရိရိညှပ်ထားတဲ့ မောင့်ခြေသည်း ကလေးတွေကိုကြည့်ရင်း မောင်ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကို သတိရမိပြန်တယ်။ မောင်ရယ် ….မောင်နဲ့ကျွန်မကြားမှာ အရာရာဟာ သတိတရ လွမ်းဆွတ်စရာတွေချည့်….။

ကျွန်မ သွားတော့မယ်၊ ကျွန်မ သွားရတော့မယ် မောင်ရေ။  မောင် ပျော်ရွှင်ပါစေ။

ခြေသံတွေကို အတတ်နိုင်ဆုံးဖော့လို့ လိပ်ပြာလေးတစ်ကောင်လို မောင့်အနားကနေ ဝဲကနဲ ပြန်လာခဲ့လိုက်တယ်။ မောင့်ခြေရင်းကြမ်းပြင်ဟာ ကျွန်မမျက်ရည်စက်တွေနဲ့ စိုလို့ရယ်….။

(အဆုံး)

မောင်…

ဒီစတေးတပ်စ်ကို မောင်ဖတ်မိတဲ့အချိန်မှာ ကျွန်မက မောင်နဲ့တကွ ကျွန်မချစ်တဲ့ မိတ်ဆွေတွေကိုပါ ကျောခိုင်းလို့ ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့် ဟိုး အဝေးကြီးဆီကို ထွက်ခွာ သွားခဲ့ရပြီပေါ့ မောင်…။

ကျွန်မရေးခဲ့တဲ့ ဝှိုက်ဘုတ်ကလေးပေါ်က စာလေးရော….၊  မောင် ဖတ်ပြီးရောပေါ့….။

မြ ရောက်ခဲ့တယ်….
နေ့လည်ဆေးသောက်ဖို့ မမေ့နဲ့နော် မောင်
မောင့်ကို ကျွန်မ သိပ်ချစ်တယ်...
မောင့်မြဝတ်ရည်
၁၇-၁၀-၂၀၁၃၊  ၀၆: ၂၅ မိနစ်

(နိဂုံး)

မမြဝတ်ရည်
အသက် ၂၉ နှစ်
၁ရ-၁၀-၂၀၁၃ ရက်နေ့  မနက် ၀၆:၁၀ မိနစ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်သည်။

 @@@@@@@@@@@@@@
 
*** လူတွေဟာနောက်ဆုံးအချိန်မှာ ချစ်တဲ့သူဆီ အရောက်သွားတတ်ကြသလား၊ ကျွန်မ မသိပါဘူး။ ကွယ်လွန်သွားခဲ့တဲ့ အမျိုးသမီးကလေးတစ်ယောက်ရဲ့ ဖဘနံရံပေါ်က စတေးတပ်စ်လေးတစ်ခုကို ဖတ်မိတဲ့အခါမှာ ဆင့်ပွားခံစားမိခဲ့တဲ့ ကျွန်မအတွေးကို ပုံဖော်မိတာလေးပါ.....။

၁၇-၁၀-၂၀၁၃တုန်းက ၁၆:၀၇ ပီအမ်မှာ ရေးဖြစ်ခဲ့ပါတယ်။




စိတ်အလွင့် စိတ်အလေ

$
0
0


အရှေ့ဘက်ကမ်းခြေ….။ 

ဆယ့်ငါးကီလိုမီတာမျှရှည်လျားတဲ့ လူလုပ်ကျွန်းကလေးတစ်ခုမှာ ကြွေ…လေနေတယ်၊ အတိအကျပြောရရင် ကြွေ  လွင့်နေတယ်။ ပေါ့ပေါ့ကလေးပါပဲ။ ညနေ ငါးနာရီအလင်းအရောင်က ထင်လင်းဆဲ။ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ် ကူးလူးနေရတဲ့နေ့စဉ်ဘဝထဲက ခဏတာမျှ ထွက်ပေါက်ပေးရာ နေရာလေးတစ်ခုအဖြစ် ဒီနေရာလေးကို ကြွေသဘောကျတယ်။

လူအများနဲ့ဝေးရာဘက်ကိုလျှောက်လာရင်း စထွက်လာရာနေရာနဲ့အတော်လေး ဝေးလံခဲ့ပြီ။ ဒါပေမယ့် ဘယ်ရောက်နေပြီလဲဆိုတာ ကြွေသိဖို့ရန် မလို။ အချိန်တန်ရင် ကြွေ့ဖုန်းက အသံထမြည်လိမ့်မယ်။ အဲဒီအခါကျရင် ကြိုးတစ်ချောင်းနဲ့တင်းတင်းချည်ထားခံရတဲ့ဘဝကြီးဟာ တုန့်ကနဲ။

ဟိုးအဝေးကြီးမှာ…

မြင်သာပေမယ့် ဝေးလံမှန်းသိနိုင်တဲ့အကွာအဝေးမှာ…။  ကုန်တင်သင်္ဘောကြီးတွေ၊ ကလေးကစားစရာ အရုပ်ကလေးတွေလိုပဲ စီရီကျောက်ချရပ်နားလို့။ အရောင်တွေကလည်း စုံနိုင်လွန်း၊ ပုံသဏ္ဍာန်တွေကလည်း ကွဲနိုင်လွန်း။ အဲဒီအနောက်ဘက် ဟိုး…အဝေးကြီးမှာ၊ အဲဒီမှာတော့ မိုးကောင်းကင်ကြီးရဲ့အောက်ခြေနဲ့ ပင်လယ်ရဲ့အနားသတ်လိုင်းတို့ ထိတွေ့နေကြ။ အဲ့ဒါ  အဲ့ဒါ တကယ်မှ မဟုတ်တာ…။ 

ထိစပ်နေသယောင်ယောင်သာ ရှိတာ၊ အမြင်အာရုံမှာ နီးနေလည်းပဲ…။

ကမ်းခြေဘက် ရေတွေနဲ့အနီးဆုံးနားကို ကြွေလျှောက်သွားလိုက်တယ်။ ရေနစ်ပြီးသား သဲသောင်ဟာ ခြေရာတွေနဲ့ အိကနဲ။ ကြွေ့အရှေ့မှာ ခြေရာတွေတစ်တန်းကြီး ဘယ်ညာတန်းစီလို့ရယ်။ တစ်ယောက်ထဲ မဟုတ်လောက်ဘူး။ ယှဉ်လျှက်ခြေရာတွေက နှစ်စုံ။ တစ်စုံက အသေး၊ တစ်စုံက အကြီးလို့ ကြွေကတော့ ထင်တာပဲ။ ချစ်သူမောင်နှံလို့ ထင်ပစ်လိုက်တယ်။

ရေရဲ့အနံ့…။ ရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာရပေမယ့် လတ်ဆတ်မနေဘဲ အနံ့တစ်မျိုးစွက်နေတယ်။ စိမ်းရွှေရွှေအနံ့လို….။  ဆားနံ့တော့ မဟုတ်တာသေချာတယ်။ ရေထဲမှာရှိနေတဲ့ အမှိုက်သရိုက်တွေ ပုပ်သိုးနံ့လား။ အဲသလောက် အဆိုးကြီးတော့လည်း မဟုတ်ပြန်ဘူး။

ရှေ့နားမှာ ကျောက်တုံးတွေနဲ့လုပ်ထားတဲ့ ကျွန်းမြင့်မြင့်ကလေးတွေ….။ တစ်ချို့ကျွန်းတွေပေါ်မှာ လူတွေရှိပြီးသား။  ဘယ်သူမှ ရှိမနေသေးတဲ့ ကျွန်းကလေးပေါ်  ကြွေတက်ကြည့်ရရင် ကောင်းမလား။ အတွေးမှမဆုံးခင် ကြွေ့ခြေထောက်မှာစီးထားတဲ့ ဖိနပ်ကလေးကိုချွတ်ပြီး လက်ကကိုင်လိုက်တယ်။ ကျောက်တုံးကျွန်းကလေးပေါ်တက်လိုက်တော့ ကျောက်တုံးတွေရဲ့ ကြမ်းရှရှခက်မာမှုကို ကြွေ့ခြေဖဝါးတွေက သိတယ်၊ ခံစားလိုက်ရတယ်။
အပေါ်ကိုရောက်သွားတော့ ရေပြင်ကြီးနဲ့ ပိုနီးသွားသလို ကောင်းကင်ကြီးနဲ့ ကျောက်တုံးကျွန်းတစ်ကျွန်းစာ ပိုနီးသွားတယ်။ ရေသံတစ်ဝုန်းဝုန်းကိုလည်း ကြားရသေးတယ်။

လူတွေဟာ ဒီနေရာကို အပန်းဖြေဖို့ လာကြတာတဲ့။ ကြွေကရော…။ ကြွေကတော့ ကြွေ့စိတ်တွေကို ခဏတာ ခင်းကျင်းဖြန့်ကြဲချင်လို့။ ရေပြင်ကြီးကို ဖြတ်တိုက်လာတဲ့ လေ…
သူ့အရှေ့မှာ ကြွေ့စိတ်တစ်ချို့ကို ဖြန့်ခင်းလိုက်တော့ ကြွေ့စိတ်တွေဟာယိမ်းထိုးလွင့်ပါးလို့...
ကျောက်တုန်းကျွန်းကလေးအပေါ်ကြဲချလိုက်ပြန်တော့ ဟိုဒီတစ်စစီ ကြမ်းရှ အခြေကျလို့။ 
ကမ်းခြေက အပင်ကြီးတွေရဲ့ သစ်ရွက်သစ်ခက်တွေပေါ် ချိတ်တွဲကြည့်မလား...
ကောင်းကင်ကြီးထဲ တရှိန်ထိုးပျံတက်နေတဲ့ စွန်ကလေးတစ်ကောင်နဲ့အတူ ဝဲလွင့်ကြည့်မလား... ဒါမှမဟုတ် ရေတွေစိုအိနေတဲ့ သဲသောင်ပြင်ပေါ်မှာ ကပ်ငြိဝပ်တွားနေဦးမလား…။
ပျော်စရာချည့်…။

လွတ်လပ်လိုက်ရတာ…။  ဒီတစ်ညနေစာ…။

နေလုံးကြီးက လိမ္မော်သွေးခြယ်လို့ ရေထဲကို တဖြည်းဖြည်းထိုးကျလာနေတာကို ကြည့်ရင်း ကြွှေ ဝမ်းနည်းရကောင်းမလား တွေးမိသေးတယ်။ ကြွှေတစ်ယောက်ထဲဆိုတော့ ဝမ်းနည်းသလိုလိုကြီးပါ။ ဘာပဲဖြစ်ဖြစ်၊ နေဝင်ဝင် နေထွက်ထွက်….။ တကယ်တော့ နောက်တစ်နေ့လည်း နေကထွက်ဦးမှာ၊ ဝင်ဦးမှာ။ ဘာမှ မထူးဆန်းတဲ့ကိစ္စ။

ကမ်းခြေဘက်ကခွာလို့ ကွန်ကရစ်လျှောက်လမ်းလေးတွေဘက် ပြန်လျှောက်လာတဲ့အခါ လေအဝေ့မှာ အသားမီးကင်နံ့တစ်ချို့ကို ရတယ်။ မြက်ခင်းပြင်ပေါ်မှာ ယာယီတဲကလေးတွေ ဟိုတစ်စု၊ ဒီတစ်စု။ စက်ဘီးစီးနေကြသူတွေ၊ စကိတ်ဘုတ်စီးနေကြသူတွေ၊ ကျန်းမာရေးအတွက် ပြေးနေကြသူတွေလည်းရှိရဲ့။
အပမ်းဖြေလာကြသူတွေ။ ဘဝအမောဖြေလာကြသူတွေ ဒီနေရာလေးမှာ။ တကယ်ပဲ ကြွေတို့နေထိုင်ရှင်သန်နေရတဲ့ ဘဝကြီးက အပူအမောတွေနဲ့ စီရင်ထားတာ များလား။ ကြွေလည်း မောတယ်။ တစ်နေ့တစ်နေ့ ဒီလိုပဲ ခေါက်ရိုးကျနေတဲ့ နေ့ရက်တွေထဲမှာ။ ဘဝရဲ့အဓိပ္ပါယ်ဆိုတာကို ကြွေ သိသလိုလိုနဲ့ ဝေးဝေးနေပြန်တယ်။

အနာနဲ့ဆေးတွေ့တာလို ဆိတ်ငြိမ်နေခိုက် ရောက်ရောက်လာတတ်တဲ့ မြုံနေတဲ့အနာတရတွေအပေါ် ကြွေ ထူးပြီး နာမနေချင်တော့။ သံသရာကြီးက ရှည်သလောက် ချည်တိုင်တစ်ခုလို ရုန်းမထွက်နိုင်တဲ့ ဘဝတွေ၊ ဘဝတွေထဲ ဘယ်လောက်များ စုတ်ပြတ်နာကျင်နေရဦးမှာလဲ။ တစ်ယောက်ထဲဖြစ်စေ၊ တစ်ခြမ်းထဲ တစ်စိတ်ထဲဖြစ်စေ လေကလေးရှူနေရတာကမှ ငြိမ်းချမ်းဦးမှာ။ ဘဝရဲ့ သာမည၊ အဓိကတွေထဲ ဘယ်အရာတွေကို ကြွေဆုပ်ကိုင်လို့ ဘယ်လိုအရာတွေကို ကြွေလွှတ်ချထားခဲ့ချင်ပြီလဲ….။

မျှော်လင့်တတ်ခဲ့တဲ့အရာတွေထဲ ဆုတ်ကိုင်ပြလို့ရတဲ့ အပေးအယူ အကြွေးအမြီကိစ္စတွေ မပါတာ ကြွေသာ အသိဆုံး။ စိတ်နဲ့သာ ဆိုင်တာ၊ ရင်ဘတ်ထဲက ခံစားမှုနဲ့သာ ဆိုင်တာရယ်။သတိတရတွေကိုတော့ဖြင့်  ပြန်လှန်မျှော်လင့်မိချင်သေးရဲ့။ 

ဒါပေမယ့်လေ….။  ခက်တယ်။  ခံစားမှုနဲ့ စိတ်နဲ့ဆက်နွယ်သမျှတွေဟာ  သူ့အလိုလိုသာ
ဖြစ်တည်ကောင်းတာ။

တကယ်တော့ ကြွေဟာ အနှောင်အတွယ်မဲ့ချင်တာ။

ခုပဲကြည့်၊ ကြွေဟာ ကြွေ့စိတ်နဲ့ ငြိနေပြန်။ အတွေးတွေထဲ ကပြောင်းကပြန် စုန်ဆန်လို့။
နည်းနည်းတောင် မှောင်လာပြီ။ ဘာဘီကျူးဖိုလေးတွေနားကလူတွေ သူ့အုပ်စုနဲ့သူ စကားစမြည်ပြောကြ ဆိုကြ၊ ဂစ်တာတီးကြ၊ ဆော့ကြ။ အပမ်းဖြေနေကြ။

ကြွေ့ကို မြင်တော့ သူက လှမ်းခေါ်တယ်။ ခုပဲ ဖုန်းခေါ်တော့မလို့...ဘယ်တွေလျှောက်သွားနေတာလဲ တဲ့။ ကြွေက လက်ထဲက ကင်မရာကို ပြရင်း ဓါတ်ပုံလျှောက်ရိုက်တာဆိုတော့ သူက အသားကင်တစ်ချို့ထည့်ထားတဲ့ ပန်းကန်ပြားကို ကြွေ့ဆီလှမ်းပေးရင်း စားလိုက်ဦး တဲ့။

ကြွေ စားလိုက်တယ်။ အသားကင်လား၊ ဘာသားလဲဆိုတာတော့ ကြွေ မသိ။ ကြွေသိတာက လွှတ်ချပစ်လိုက်ချင်တဲ့ ကြွေ့စိတ်တွေ၊ ဟိုမှာ ဒီမှာ….။ ကစဥ့်ကလျား ပုံပျက်ပန်းပျက်။ ခုထိ လေထဲလွင့်ချင်နေဆဲ၊ ခုထိ သစ်ရွက်တွေကြား ခိုတွယ်နေချင်ဆဲ၊ ခုထိ သဲသောင်ခုံထဲ ခေါင်းဝှက်ချင်နေဆဲ၊

ကြွေ့စိတ်တွေ….။

“စားကောင်းလိုက်တာ ကိုကိုရာ၊  သိပ်ကျေးဇူးတင်တာပဲ၊ လမ်းလျှောက်လိုက်ခဲ့တော့ ကြွေက မောပြီး ဆာနေတာ”

လျှာပေါ်ကတစ်ဆင့် လည်ချောင်းထဲကနေ ဘိုက်ထဲရောက်သွားတဲ့ အသားကင်တွေ။ ဘာအရသာဆိုတာ ကြွေ မသိ၊ မခံစားမိလည်းဘဲ၊ ဒီလိုပါပဲ….။ နားဝင်ကောင်းအောင် ဆိုတတ်ခဲ့ပြီ။ နှုတ်ချိုတတ်ခဲ့ပြီ...။

ကြွေ ခံစားချက်တွေကို လွှတ်ချတတ်ခဲ့ပြီလေ…..



 

တီတင့်နဲ့ သူကြီးမင်းတို့ရဲ့ ဘီပီပီချဲလင့်ခ်ျအတွက် ရေးပါတယ်။
ကျွန်မကို လာစိမ်ခေါ်ထားသူတွေက သက်ဝေ၊ ညီမမိုးငွေ့နဲ့ ညီမ ဒေါင်းတို့ပါ။ 
ကျွန်မလည်း နောက်ထပ် ဆယ်ယောက်ကို ပြန်ပြီး စိမ်ခေါ်ရမှာပါ။ ခဏလေး၊ ဘယ်သူတွေ စာမရေးဘဲ ချောင်ကပ်ဇိမ်ကျနေလဲဆိုတာ ကျွန်မ ရှာကြည့်ပါရစေဦး။  နောက်တစ်နေ့မှပဲ စိမ်ခေါ်လိုက်ပါ့မယ်။ ခုတော့ အိပ်ပါပြီ၊  မိတ်ဆွေများအားလုံးပဲ ကောင်းသောညပါ :)

ရပ်၍မျှော်ဆဲ... စောင့်ဆဲကို….

$
0
0


မိုးက ခုတလော ထစ်ချုန်း၍ ချုန်း၍ရွာသည်။ 

ရွာသောမိုး၌ လျှပ်တို့ ဝင်းဝင်းလက်လက်ပြက်သည့်အပြင် ရံခါချိန်းတတ်သောမိုးကြိုးများကြောင့် သူမ၏အခန်းငယ်လေးမှာ လင်းတခါ မှောင်တလှည့်ရှိရသည်။ မိုးသည် လေနှင့်အတူ သည်းသည်းစွေရွာနေလေ၏။ ထိုမိုးအောက်မှာ အပင်ငယ်လေးများသာမက သစ်ပင်ကြီးတို့ပင် ဆောက်တည်ရာမဲ့ ယိမ်းထိုးလျက်ရှိသည်။။ မိုးနှင့်သစ်ပင်တို့ စည်းချက်ကျကျ ဘယ်ညာယိမ်းထိုးနေသည့် မြင်ကွင်းကို သူမပြတင်းပေါက်ကလေးက အနားသတ်လို့ပေးထားသည်။ ထိုပြတင်းပေါင်မှ ဘောင်ခတ်ပေးထားသည့်မြင်ကွင်းကလေးထဲ သူမမျက်ဝန်းတွေကို စိုက်ထားလိုက်မိသည်။

မိုးစက်မိုးပေါက်ကလေးများသည် မြေပြင်ပေါ်သို့ တည့်တည့်သက်ဆင်းရသည်တော့ မဟုတ်၊ လေ၏ဆောင်ရာအတိုင်း မြေပြင်ညီနှင့် ခပ်စောင်းစောင်းတိမ်း၍ ကျရရှာသည်။ ထို့ကြောင့်ပင် မိုးပေါက်ကလေးများသည် သူမပြတင်းဘောင်အပေါ် လွင့်ကနဲ လွင့်ကနဲ ဖွာစင်လျှက်ရှိသည်။ အရာရာသည် ဝေဝေဝါးဝါး…။ မျက်ခွံများကို တင်းတင်းပိတ်လိုက်ကာ ပြန်အဖွင့်၌ အားယူ၍ အပြင်ဘက်သို့ ကြည့်လိုက်မိပြန်သည်။ မြင်ကွင်းသည် ပြတ်သားမလာ၊ ပြောင်းလဲမသွား၊ ဝေဝါးဆဲပေ။

ရေမှုန်တွေကြောင့်လား၊ သူမမျက်ဝန်းတွေကြောင့်လား…၊ သစ်ပင်များသည် ဘယ်ညာသို့ ကြမ်းတမ်းယိမ်းနွဲ့နေသော အုပ်အုပ်ခဲခဲများ၊ ဒေါင်လိုက်ခပ်စိမ်းစိမ်းများသာဖြစ်လို့နေသည်။ အပင်သေးများ၊ အပင်ကြီးများ၊ ရှည်လျားပင်များ၊ ပုပြတ်သောအပင်များ…၊   အားလုံးသည်သူမမျက်ဝန်းအိမ်ဝယ် ပြယ် လွင့်နေသော ရေဆေးပန်းချီကား တစ်ချပ်လှုပ်ရှား သက်ဝင်နေသည့်နှယ်။

ဒေါ်ထွေး  ဒေါ်ထွေး ဘယ်ရောက်နေပါလိမ့်၊ တအိမ်လုံးမှာ သူမ တယောက်ထဲများလား။ နေ့လည်ခင်းမို့ တရေးတမော ပြန်လည်အိပ်စက်နေသည်ထင်၏။ နေပါစေလေ၊ မိုးပန်းချီကားတစ်ချပ်ကို သူမ ငေးလျက်နေချင်သေးသည်။ ပြတင်းပေါက်အား ပိတ်မပစ်လိုက်ချင်သေး။

ထိုမိုးထဲမှာ သူမ ပျော်ခဲ့ဖူးသည်။ ထီးတချောင်းကို လက်ကကိုင်လျက်နှင့်ပင် ရွှဲရွှဲစိုခဲ့ဖူးသည်။ သည်လိုစွေစောင်း၍ရွာတတ်သော မိုးထဲမှာ…။ နှုတ်ခမ်းများပြာကာ မေးရိုက်အောင် တဂတ်ဂတ်တုန်ခိုက်နေသည့်ကြားမှာပင် သူနှင့်မို့ သူမက အိမ်မပြန်ချင်။ အားနာ၍ဆိုကာ သူမထီးအောက်ကို သူက ခိုဝင်မလာသောအခါ သူမက ထီးကို ကိုင်ကာမတ္တမျှ၊ လူကမူ ထီးပြင်ထွက်ကာ သူနှင့်အတူ မိုးစက်များအောက် ခေါင်းမော့လျှောက်လေသည် တဲ့။

သူမတို့ စကားပြောဖြစ်ကြစဉ် သည်အကြောင်းကို သူမကပြောပြတော့ သူ ခပ်ဖွဖွလေးရယ်မောသည်။ စိတ်ကူးယဉ်လိုက်တာဟု ဆိုသည်။  ဘာဖြစ်လဲ၊ တွေ့ကြတဲ့အခါ အဲသလိုမိုးတွေ သည်းနေပါစေ ဆုတောင်းတယ်ဟု သူမက ထပ်ဆင့်ဆိုလေသော် သူသည် ပြောစကားနားမထောင်သော ကလေးတစ်ယောက်အား အလိုလိုက်ထားရသလို သူမမျက်နှာကိုငေး၍သာ ကြည့်လေ၏။ ထိုအကြည့်မှာ သူမ အရည်ပျော်ကျမြဲ။ ထိုအကြည့်မှာ သူမ ရူးသွပ်မြဲဖြစ်သည်။ သူ သူမမျက်နှာကို အဲသလိုငေးကြည့်တိုင်း သူမနှလုံးသားတွေကိုများ ထွင်းဖောက်ကာ မြင်သွားတော့မှာလား တွေးရှက်မိရသည်။ 

သူငယ်ချင်းကလေးဟု သူမကခေါ်လျှင် သူက စိတ်ကောက်ဟန်ပြသည်။ ဒါဆို ဘာလဲ၊ ကျွန်မတို့တွေက ဘာလဲ ပြောပါဦးဟု သူမနှုတ်ဖျားမှ ဖွင့်မေးလျှက် စကားလုံးများနှင့် မချုပ်လို။ ရှိစေ…။

သတိတွေသိပ်ရတဲ့အခါ စကားတွေပြောကြတာပေါ့ဟုဆို၍ ဗီဒီယိုကောလ်ရသော အကောင့်တခုကို သူမ ဖွင့်ခဲ့ဖူးသည်။ ­­ပထမဦးဆုံး သူ စတင်ခေါ်ခဲ့တဲ့နေ့ကို သူမ ကောင်းကောင်းမှတ်မိပါသည်။ ထိုနေ့က သူမ ရေမချိုးရသေး။ အဆီပြန်နေသော မျက်နှာ၊ အိမ်နေပါတိတ်အနွမ်းလေးနှင့် ဆံပင်ဖားဖားချကာ ကွန်ပြူတာရှေ့ထိုင်၊ ကဗျာတပုဒ်ထဲ ဈာန်ဝင်ဖတ်နေခိုက်ဖြစ်ပါသည်။ မည်သူမျှခေါ်ယူခဲ့ဖူးခြင်းမရှိ၍ တခြားဖုန်းသံများနှင့်ကွဲသော ထိုဖုန်းမြည်သံကိုကြားစဉ် ပထမတော့ အံ့သြကာ ဖုန်းမျက်နှာပြင်ကို ငေးကြောင်ကြည့်နေမိသေးသည်။ ဖုန်းစကရင်ပေါ်မှာ သူ့နာမည်မြင်လေမှ ကသုတ်ကရက် ဖုန်းပြန်ထူးရလေသည်။

ဖုန်းစကရင်ပေါ်မှာ သူ့ကိုမြင်ရစဉ် သူမစိတ်တို့ ခုန်လှုပ်နေခဲ့သည်မှာ စကားလုံးများနှင့်ပြရလျှင် မည်သို့မျှ ရေးချနိုင်ဖွယ် မရှိ။ သူ့ဓါတ်ပုံ၊ သူမဓါတ်ပုံ ပေးပို့လဲလှယ်ခဲ့စဉ်ကနှင့် မတူ။ သူက သူမရှေ့မှာ၊ သူ့အပြုံးတို့က ချိုမြကာ၊ သူက သူမဖုန်းစကရင်ပေါ်မှာ လွန့်လွန့်လှုပ်ရှားနေခဲ့သော အသက်ဓါတ်တခုဖြစ်ခဲ့သည်။ သူသည် စကားပြောတတ်သော ပုံရိပ်ယောင်၊ သူသည် လူကြီးဆန်ပုံ ဖမ်းလျက်က စိတ်လိုလက်ရဆိုးတတ်သော ညစ်ကျယ်ကျယ်ကလေးလည်းဖြစ်သည်။ သတိရတယ်၊ သူငယ်ချင်းတယောက်လို သတိရတာမျိုး မဟုတ်ဘူးဟု သူဆိုလာလျှင် သူမက သူ့ကို တဖန် ငေးကနဲကြည့်မိပြန်သည်။ သို့တိုင်အောင် ဒါဆို ဘယ်လိုသတိရတာလဲ ပြောဟု သူမ မမေးဖြစ်ခဲ့။ စကားတွေ မပြောဖြစ်ကြဘဲ နှစ်ယောက်သားကိုယ်စီ အတူတူရှိနေသည်ဟူသော အသိနှင့်သာ၊ တယောက်မျက်နှာ တယောက်ငေးကာ နေခဲ့ကြဖူးသော အချိန်များ….များစွာ။

မိုးသည် ဘယ်အညှိုးနှင့် စွေလေသည် မသိ။ သည်း၍ သည်း၍သာ လာသည်။ သူမမျက်ဝန်းများရှေ့မှာ မိုးရေစက်တွေလား၊ ပြတင်းနှင့်ဘောင်ခတ်ထားသော ပန်းချီကားတချပ်လား၊ ယိမ်းထိုးသစ်ပင်ကြီးငယ်များလား။ တကယ်တော့ ဘာဆိုဘာမှ မသဲကွဲပြန်ချေ။ ပြတင်းပေါက်ကလေးမှတဆင့် ကျော်ကြည့်နေသော ပြင်ပမြင်ကွင်းများကိုလည်း မမြင်၊ ပြတင်းပေါက်ကလေး ဘေးကြမ်းပြင်မှာ မိုးရေများနှင့် စိုရွှဲနေသည်၌လည်း အာရုံမရောက်၊ သူမမျက်ဝန်းနှင့်ထိုမြင်ကွင်းအကြား ကြားခံလေထုကိုမှ ရှိနေသည်ဟုသာသိလျက် ပြတင်းပေါက်ဘောင်ကလေးထဲ သူမစိတ်တို့ လွင့်ထွက်သွားပြန်သည်။

သိကျွမ်းခဲ့ကြတဲ့ တနှစ်ပြည့်အမှတ်တရကျရင် တွေ့ကြမယ်လေဟုဆိုတော့ သူက ပြုံးလျက် ခေါင်းညိတ်သည်။ ဒီမှာကြည့် လေယာဉ်လက်မှတ်ဟုဆိုကာ သူ့ခရီးစဉ်ကွန်ဖမ်းဖြစ်သည်ကို စာတိုလေးတစောင်နှင့်အတူ ပို့လာခဲ့စဉ် သူမက ခရီးသွားဝန်ဆောင်မှုကုပ္ပဏီတခုသို့ဖုန်းဆက်ကာ ရီဇာ့ဗ်လုပ်ထားပြီးဖြစ်သောလေယာဉ်လက်မှတ်ကို ချက်ချင်းပင် ငွေချေကာဖြတ်လိုက်ခဲ့လေသည်။ ထိုလေယာဉ်လက်မှတ်၏ ထွက်ခွာရက်စွဲကလေးကို သူမပြက္ခဒိန်မှာ မင်နီဝိုင်းလျက် ကောင့်ဒေါင်း လုပ်၊ ပျော်ခဲ့သည်ကို သူမ မမေ့။

သည်ကြားထဲ ဖုန်းမခေါ်ကြကြေးဟု သတိရစိတ်တွေကို စုထားဖို့ သဘောတူခဲ့ကြသည်။ အဲသည်ရက်တွေမှာ သူ့ကို သူမ သေလောက်အောင်လွမ်းဆွတ်လို့နေခဲ့သည်။ လက်မှတ်လေးကို ခဏခဏထုတ်ကြည့်လိုက်၊ ပြက္ခဒိန်ပေါ်က မင်နီဝိုင်းလေးကို လက်ဖျားနှင့် ထိကြည့်လိုက်နှင့် သတိတရစိတ်များက သူမကို စေးစေးပိုင်ပိုင်လောင်မြိုက်လျက်ရှိလေ၏။

ထိုကဲ့သို့သတိရချိန်တိုင်းမှာ သူမက သူမဘယ်ဘက်လက်ထိပ်ကလေးများကို ညာဘက်လက်ချောင်းများနှင့် တချောင်းချင်းစီ ထိလို့ ထိလို့ နေခဲ့သည်။ ဘယ်ဘက်လက်ညှိုးထိပ်ကလေး၊ လက်ခလယ်ထိပ်ကလေး၊ လက်သူကြွယ်ထိပ်ကလေး၊ လက်သန်းထိပ်ကလေး…တချောင်းချင်းစီ ထိတွေ့ကြည့်လျက်က လက်ထိပ်ကလေးများ၏ မာကြောကြမ်းရှသောအတွေ့မှာ သူ့ကို လွမ်းရသည်။ ထိုလက်ထိပ်ကလေးများနှင့် ဂစ်တာကြိုးတို့ကို ဖိကိုင်လိုက်လေတိုင်း စူးနင့်သွားတတ်သောရင်ဖြင့် သူ့ကို တမ်းတရသည်။ ရိမ်မိုးသီချင်းသံကိုကြားလေတိုင်း ဝေသီလာတတ်သောမျက်ဝန်းများနှင့် သူ့ကို ပြင်းပြင်းရှရှ သတိရ ရပါသည်။

ခရီးသွားဖို့ အထုပ်ပြင်ပြီးသောအခါ လိုအပ်မည်ထင်သည်များကို စာရင်းတို့လျက် ထပ်မံထည့်လိုက်၊ မလိုဘူးထင်သည်များကို ပြန်ထုတ်လိုက်နှင့် ကြည်ကြည်နူးနူးအလုပ်ရှုပ်နေရသည်ကိုပင် သူမ ကြည်မွေ့လျက်ရှိခဲ့သည်။ သူ ပေးပို့ဖူးသော ကဗျာများအား အေဖိုးစာရွက်နှင့်ထုတ်ကာ အတူတူဖတ်ကြဖို့ သူမ ဘေးလွယ်အိတ်ကလေးထဲ မှတ်မှတ်ရရထည့်ရသည်။ သူ့ဓါတ်ပုံကလေးကို ကာလာလိုင်စင်ပုံအဖြစ် သူမပိုက်ဆံအိတ်အသေးလေးထဲမှာ သူမပုံနှင့်ယှဉ်လျှက်ထည့်ဖို့ကိုတော့ ရှက်ရွံ့စွာ စဉ်းစားတုန့်နှေး နေမိတုန်းပေ။ ဘယ်လိုပဲဖြစ်ဖြစ် သူမစိတ်ကို ဖတ်တတ်လျှင်တော့ သူ သိမည်ပါ။

လေဆိပ်ကို ခြေချမိသည်နှင့် သူမ ပထမဦးစွာ ဆုံချင်သည်က သူ့မျက်ဝန်းများနှင့်ဖြစ်သည်။ ကြိုတင်ဝယ်ယူထားသော ဖုန်းကဒ်ကို ဖုန်းထဲသို့လဲလှယ်ထည့်စဉ်မှာပင် သူမလက်တို့ တုန်ယင်လျက်ရှိသည်။ ပြီးတော့ ဖုန်းထဲမှာရှိနှင့်သော သူ့နံပါတ်ကိုအနှိပ်မှာ သွေးတို့ နွေးလျက်ရှိပြီ။ လူကြီးမင်းခေါ်ဆိုသောဖုန်းမှာနှင့်…အစချီသောဖြေသံကို မုန်းတီးသွားလိုက်သည်မှာ ဆိုဖွယ်ရာမရှိ။ ပစ္စည်းများရွေး၍ လှည်းပေါ်တင်တွန်းကာထွက်လာခိုက် သူမမျက်ဝန်းများက အပြင်မှာ ကြိုစောင့်နေကြသူတွေဆီ ဖြတ်ပြေးလျက် မြင်လိုသောမျက်ဝန်းတစုံကို အလူးအလဲဖွေရှာမိပြန်သည်။

သုံးခါတိတိခေါ်ဆိုပြီးသော်မှ တဘက်က မထူးသည့်အခါ အလိုလိုမျက်ရည်လည်ချင်သည်။ သူ မေ့များနေပြီလား။ သေချာပြောထားလျက်နဲ့၊ လေယာဉ်လက်မှတ်က အချိန်ကို သူသိအောင် ပေးပို့ထားပြီးဖြစ်ပါလျက်နဲ့….။  ဝမ်းနည်းစိတ်ကြောင့် မျက်ရည်တို့က ပါးပြင်ပေါ်လိမ့်ဆင်းလို့လာသည်။ တွေ့ရာတက်ကစီတစီးပေါ်တက်ကာ အိမ်လိပ်စာပြောပြီး ကားပေါ်ရောက်သည့်တိုင် စိတ်တို့က မကြေလည်ချင်သေး။ သို့တိုင်အောင် အိမ်သားတွေကို လာမကြိုဖို့ပြောထားသည်ကိုမူ နောင်တမရချင်ပါ။ လမ်းတလျှောက် ဘေးဘီဝဲယာကိုမျှ မကြည့်လိုတော့အောင် သူမ ဝမ်းနည်းလျက်ရှိသည်။ သူ့ကို ပထမဦးဆုံးတွေ့ဖို့ရာ ဘယ်လောက်ထိမျှော်လင့်ထားသည်ကို သူမသာ အသိဆုံးဖြစ်သည်လေ။

သည်အခိုက်မှာ ဖုန်းမြည်လာလေသည်။ ဘယ်ရောက်နေပြီလဲဆိုသည့် သူ့အမေး၌ မျက်ရည်တို့ အံ့သြစဖွယ် သွေ့ခြောက်သည်။ တက်ကစီပေါ်က ဆင်းလိုက်၊ ရောက်တဲ့နေရာပြော၊ လာခေါ်မယ်ဆိုသည်ကို နေပါစေတော့၊ အိမ်ရောက်တော့မှာဟု ပြန်ဖြေမိသည်။ ဒါဆိုလည်း နောက်နေ့တွေ့ကြမယ်လေနော် ဆိုသောစကားအကြားမှာ ရင်က ဟာကနဲ ဗလာကျင်းသည်။
တကယ်ဆို သူ သိဖို့ကောင်းသည်။ နောက်တနေ့ဆိုတာက နောက်တနေ့သာရယ်၊ သူ့ကို တွေ့ချင်ခဲ့သည်က သည်နေ့၊ သည်အချိန်၊ အခုရောက်ရောက်ချင်း…။ 

သည်လိုအမှတ်တရမျိုး ဘယ်တော့မှ ပြန်မရနိုင်သည်ပဲ။ လေဆိပ်ရောက်သည်နှင့် သူ သူမကို အပြုံးမြမြနှင့်စောင့်ကြိုနေလိမ့်မည်ဟူသော မျှော်လင့်စိတ်တို့ တိတ်တိတ်ကြေကွဲရသည်။ သူ သိမည်မဟုတ်။ ရှိစေတော့ကွယ်…။ နှောင်ကြိုးတခုချည်နှောင်ရာမှာ တင်းတင်းချည်မိသူသာ နာကျင်ရစမြဲ။

အဲသည့်အိပ်မက်၊ အဲသည့်အိပ်မက်ပေါ့၊ ဖုန်းမခေါ်ကြေးဆိုသည့် စည်းကမ်းကိုဖောက်ဖျက်ပြီး အိပ်မက်ကို ပြောပြချင်လွန်းလို့ဟု အကြောင်းပြကာ သူ့ဆီ ဖုန်းဆက်ဖြစ်ခဲ့ပြန်သည်။ သူက ကလေးတယောက်လို ရယ်မြူးကာနှင့် အေးကွာ အိပ်မက်ထဲမှာတောင် လွဲရတယ်လို့ကွာ၊ နောက်မဖြစ်စေနဲ့ ကြားလားဟုဆိုတော့ သူမတို့ ပေါ့ပါးစွာ အတူရယ်မောဖြစ်ခဲ့ကြသည်။

မိုးသည် သည်နေ့တော့ တနေ့ခင်းလုံးရွာမည် ထင်သည်။ ကောင်းကင်ကို သဲကွဲစွာမမြင်ရသော်မှ မှောင်လျက်ရှိသောအခန်းငယ်လေးကိုထောက်ကာ မည်မျှမည်းညို့၍နေမည်ကို မှန်းဆရသည်။ ပက်လက်အနေအထားမှ ကိုယ်ကိုစောင်းကာ ပြတင်းပေါက်ဘက် မျက်နှာတည့်တည့်မူလိုက်ရင်း စောင်ကို ရင်ဘတ်ပေါ်ထိ တင်းတင်းဆွဲခြုံလိုက်မိ သည်။ အေးလှပြီ၊ ပြတင်းပေါက်မှတဆင့် မိုးနှင့်အတူ လေအေးတို့ပါ ရောနှောဝင်လာသော အခန်းကလေးက တုန်ခိုက်လို့နေသည်ပဲ။ မျက်ဝန်းများကို မှိတ်ချလိုက်တော့ မိုးရေစက်ကလေးများပင် သူမပါးပေါ် တဖွဲဖွဲလာရောက်လွင့်စင်သလို စိတ်ကထင်ပြန်သည်။

အတူတူဆုံရင် သူမ သွားချင်သောနေရာလေးတခုရှိသည်။ မြစ်ကမ်းနံဘေးကလေး တခုပါ။ သူရော သူမပါ မြစ်ကမ်းတွေကို နှစ်သက်ကြတာချင်း တူသည်။ ထိုမြစ်ကမ်းကလေးသည် သူ ပို့ပေးခဲ့ဖူးသော ဓါတ်ပုံများထဲက နေရာကလေးပါပေ။ တခါမျှပင် မရောက်ဖူးသော်လည်း သည်မြစ်ကမ်းကလေးဆီ သူမစိတ်နှင့် အကြိမ်ကြိမ်ရောက်ပေါက်ခဲ့ဖူးပြီးသား။ အကြိမ်ကြိမ်ရောက်ခဲ့တိုင်းလည်း အဖန်အဖန်မရိုးနိုင်။ ခုလည်း သူမစိတ်တို့က မိုးသည်းသည်းတွေကြားမှာပင် အလွတ်မှတ်မိနေသော ထိုနေရာကလေးဆီ စိတ်ဦးလှည့်မိရပြန်သည်။

ထိုမြစ်ကမ်းနံဘေးက သစ်ပင်အောက်မှာ သူမ ရပ်သည်။ သူမ မတ်မတ်ရပ်နိုင်နေပြီပဲ။ သစ်ပင်၏ပင်စည်ကို မှီရန်ပင် မလိုအပ်။ သူမ မားမားရပ်လျက်ရှိနေပြီ။ မျက်စေ့ရှေ့က စီးဆင်းလျက် မှန်မှန်သွားနေသော မြစ်ရေပြင်မှာ သူမ လိုက်ပါစီးဆင်းသည်။ လွတ်လပ်ပေါ့ပါးစွာပင်။ မြစ်သည် သူ့မြစ်ကြောင်းအတိုင်းသာ စီးမြဲ၊ သူ့စီးဆင်းရာလမ်းမှာ ဘေးဘီကမ်းတလျှောက်ကိုဖြင့် ထိပါးလှုပ်ခတ်သွားသေးသည်။ ထိပါးသွားသော ကမ်းတို့မှာ ကျန်ရစ်ရမြဲ၊ 

သူသည် မြစ်တစင်းများလား၊ မြစ်သည် ဆက်လက်စီးဆင်းမြဲ။ သူမသည်လည်း ရပ်မြဲပေ။

မြစ်သည် သူမရှေ့၌ ညိုညစ်သောအရောင် ဆင်သည်။ တနေရာရာမှာများ အရောင်ပြောင်းနေမည်လား၊ ဘေးဘီကမ်းစပ်တို့အား ကြမ်းတမ်းတိုက်စားခဲ့ဦးမည်လား။ သူမ မသိတတ်နိုင်။  မြစ်ကိုဖြတ်၍တိုက်သောလေ၌ သူမ နားခိုနေသော သစ်ပင်ကြီး၏အရွက်အခက်တို့ မြူးထူးကခုန်ကြလေ၏။ လေကြောင်းပြောင်းသည်ရှိသော် သစ်ပင်ကြီးမှာ ငြိမ်သက်ရဦးတော့မည်။ သူ လွမ်းများနေမလား…။

မိုးကလေးတစက် နှစ်စက်ကျစပြုပြီ။ သည်မြစ်ကမ်းဘေးမှ သူမ ခွာရတော့မည်။ သူမ ရပ်နေချင်သည်။ သူမ မားမားရပ်နိုင်တုန်းလေး မြစ်အား ချစ်ခင်စွာငေးမောနေချင်သည်။ အေးမြသောသစ်ရိပ်မှာ သူမစိတ်နှလုံးတို့ တိတ်ဆိတ်ငြိမ်သက်နေချင်ပါသေးသည်။ သူ မရှိလည်း သူမဘေးမှာရှိနေသယောင်ဖြည့်စွက်ထား၍ သူမ နေပျော်ကြောင်းကိုလည်း သူ သိစေချင်ပါသည်။

အချိန်တန်ပြီ၊ ပြန်ရမည်ကို သူမ သိသည်။ ခြေလှမ်းတခု စရန် သူမရွေ့လျားလိုက်သည်။ သူမ ခြေထောက်တွေ ရွှေ့မရ။ အသက်ကိုဝအောင် ရှူသွင်းကာ နောက်တကြိမ်ကြိုးစား၍ ရွှေ့ပြန်သည်။ မရွေ့…၊ သူမခြေဖျားများက နည်းနည်းကလေးမှပင် မရွေ့ပါ။ အားကိုးလိုစိတ်နှင့် သူမရှေ့က စီးဆင်းနေသောမြစ်ကို အကူအညီရလိုရငြား ခေါ်မိသည်။ မြစ်က လှည့်၍မျှပင် မကြည့်ချေ။ မြစ်သည် မြစ်ပီပီ ရှေ့သို့သာဆက်လက်စီးဆင်းတတ်ကြောင်း သူမ ဝမ်းနည်းစိတ်နှင့် သိမှတ်ရသည်။ သူမကတော့ ထိပါးတိုက်စားခဲ့ဖူးသော ကမ်းစပ်တခုသာ။ မြစ်နံဘေးမှာ ငေးလျက် ကျန်ရစ်ရမည့် သစ်တပင်သာရယ်။ ကံကောင်းစွာပင် သူမ သစ်တပင်လို မတ်မတ်ထူနိုင်သေးသည်ပေ။

ရပ်နေရင်းမှာ သူမခြေအစုံသည် အညိုရင့်ရောင်သို့ ပြောင်းသည်။ သူမတကိုယ်လုံးသည် ကြမ်းတမ်းခက်ထရော်ကာ မာခဲလျက် အပွေးတက်လာသယောင်ရှိသည်။ သူမလက်တို့သည် အကိုင်းအခက်များအသွင်၊ သူမကိုယ်လုံးသည် ပင်စည်တခုသဖွယ်၊ သူမဦးခေါင်းဆံစများသည် ထောင်ထွက်လျက် မိုးမျှော်သောအရွက်အုပ်ဆိုင်းများအဖြစ် ကူးပြောင်းလျက်ရှိသည်။

အံ့သြမင်သက်စွာ၊ သူမ လှုပ်မရ။ သူမခြေအစုံက မြေကြီးထက်မှာ စတင်အမြစ်တွယ်ပြီ၊ သူမခြေသည်းတို့က ရှည်လျားဆန့်ထွက်ကာ မြေသားထဲသို့ ထိုးဖောက်ကုတ်ဝင်လျှက်ရှိပြီ။ သူမကိုယ်မှာ အကိုင်းအခက်များ၊ ရွက်နုများ ဝေဆာလျက်ရှိပြီ။ သူမခြေအစုံသည် မြေ၌ ခိုင်မာပေါက်ရောက်လျက်ရှိခဲ့ပြီ။ မြစ်ဘက်သို့ မျက်နှာမူလျက် သူမ ရပ်နေခဲ့ပြီ။ ခိုင်မာအမြစ်တွယ်စွာ…။

ဘာဖြစ်တာပါလိမ့်ဟု မတွေးတတ်၊ ဖြစ်နိုင်ခဲလှသော ဖြစ်ရပ်တခုမှာ သူမ ခြောက်ခြားလျက်ရှိသည်။
သူမ သစ်ပင်တပင် ဖြစ်ခဲ့ပြီလား။ သူမဟာ မြစ်နံဘေးမှာ မြစ်ကိုမျှော်ငေးရင်း ရပ်နေရတော့မည်လား၊ သည်မြစ်နံဘေးမှာ သူမ နေချင်ခဲ့သည်၊ သူ့လားရာမြစ်ကြောင်းအတိုင်း စီးဆင်းသွားသည့်မြစ်ကို သူမ မျှော်ရုံ ငေးနေချင်ခဲ့သည်ပေ။ သူမ အမြဲမျှော်လင့်လိုလားခဲ့သည့်အဖြစ်ဆိုသော်ငြား လက်ရှိမှာ သူမ ငိုချမိတော့မည်။ သေချာပြီ။ သူမသည် ရပ်၍၊ ရပ်၍၊ မားမားရပ်၍သာ စီးဆင်းသွားသောမြစ်၏ နောက်ကျောကို ငေးမောကျန်ရစ်ခဲ့ရတော့မည်။

“ကလေး ကြည့်စမ်း၊ တကိုယ်လုံးလည်း အေးစက်လို့၊ ဖျားတော့မှာပဲ။ ဒေါ်ထွေးကို ခေါ်လိုက်တာ မဟုတ်ဘူး။ အို…မျက်နှာမှာလည်း ရေတွေနဲ့စိုရွှဲလို့ပါလား”

သူမ ခြေထောက်တွေက မြေပေါ်မှာပေါက်ရောက်နေဆဲလို လှုပ်မရနိုင်သေး။ ဒေါ်ထွေးစကားကို ကြားသော်လည်း ခေါင်းပင်ငဲ့မပြနိုင်အောင် သူမတကိုယ်လုံး တောင့်တင်းလျက်ရှိသည်။ သူမတကယ်ပဲ သစ်တပင်ဖြစ်သွားခဲ့ပြီလား။ ဒေါ်ထွေးက ပြောလည်း ပြော၊ လက်မှမျက်နှာသုတ်ပုဝါနှင့် သူမမျက်နှာကို ဖွဖွတို့သုတ်ကာ အပြစ်တင်သယောင်ဆိုသည်။ ပြီးတော့ ပြတင်းပေါက်ဘေးကြမ်းပြင်ပေါ်က ရေများအား ကြမ်းတိုက်ဝတ်နှင့် သုတ်နေလေသည်။

“သမီး ပြတင်းပေါက်နား ခဏလောက်ထိုင်ချင်လို့”

သူမစကားအကြားမှာ ဒေါ်ထွေးက အပြင်ဘက်ကိုကဲကြည့်ကာ စဲသွားသောမိုးကိုတွေ့မှ အေး အေး ခဏတော့ထိုင်ဟု ချစ်သနားစွာ ဆိုသည်။

သူမကွန်ပြူတာစားပွဲရှေ့ကထိုင်ခုံကို ပြတင်းပေါက်နားရွှေ့ကာ သူမကို အိပ်ယာမှ ထူထစေသည်။ ဖုန်းကိုလှမ်းယူကာ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိအောင် သူမ ကြည့်မိပြန်သည်။ သူမဖုန်းထဲက သူ့မစ်စ်ကောလ်တွေကို စကရင်ရှော့လေးရိုက်ကာ တခုတ်တရသိမ်းဆည်းထားသည်ကို သူ သိမည်မဟုတ်။  သူ သိလျှင်ရော ဘာများထူးခြားနိုင်ဦးမှာမို့လဲကွယ်။ နွမ်းလျဝမ်းနည်းစွာ သူမ ထိခိုက်ရပါသည်။ သူနှင့် တွေ့ကြဖို့ မလိုတော့ပြီဘဲ။ သူမဘာသာဆုံးဖြတ်ကာ ထိုဆုံးဖြတ်ချက်၌ သူမတကိုယ်တည်း သေဆုံးသည်။ တကယ်ပဲ…တကယ်ပါပဲ၊ သူမဟာ သစ်တပင်သာ ဖြစ်လိုက် ချင်တော့သည်။ လူတစ်ယောက်ဖြစ်၍သာ သည်မျှနာကျင်ကြေကွဲရသည်။ သစ်တပင်သာဆိုလျင်ဖြင့် ခံစားချက်မဲ့နိုင်ကောင်းသည် မဟုတ်လား။

ပြတင်းပေါက်ဘေး ထိုင်ခုံလေးမှာထိုင်ကာ အေးမြသောလေ၏အတွေ့ကို သူမမျက်နှာပေါ် နှစ်လိုစွာ ခံယူသည်။ သူမလက်ထဲမှာတော့ ခေါ်သူမဲ့နေတာကြာလှပြီဖြစ်သော ဖုန်းကလေးကို ဖွဖွဆုတ်ကိုင်ထားမြဲ။

လေပြေကလေးတချက် သူမအခန်းထဲအဝေ့မှာ စားပွဲပေါ်ရှိ နေ့စဉ်ထုတ်သတင်းစာက စာမျက်နှာလေးတစ်ခု၊ အသေအချာဖြတ်တောက်ထားသော စာမျက်နှာလေးတခုက ကြမ်းပြင်ပေါ် လွင့်ကနဲကျသည်။ “ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေသော အမျိုးသမီးကလေးတဦးကို ဝင်တိုက်ကာ မောင်းနှင်ထွက်ပြေးသွားသောယာဉ်မောင်းအား တာဝန်ရှိသူတို့မှ လိုက်လံရှာဖွေနေ”ဆိုသည့် သတင်း။ သူမနေထိုင်ရာ ကျွန်းငယ်ကလေး၏ နေ့စဉ်ထုတ်သတင်းစာမို့ သူ ဖတ်မိမည် မဟုတ်တာ သေချာပါသည်။

ခုတော့ တကယ်ကိုပဲ သူမတို့ လွဲခဲ့ကြပြီ။ ချိန်းဆိုထားသော လေဆိပ်မှာ သူ စောင့်နေခဲ့မည်လား၊ သို့မဟုတ် သူမ အိပ်မက်ထဲကလိုပဲ သူ နောက်ကျ၍လွဲကြရမည်လား။ ဘယ်လိုပဲဖြစ်စေ၊ ခုတော့ လွဲခဲ့ကြရပြီဖြစ်သည်။

အခန်းထောင့်မှာ ထောင်ထားသော ညာဘက်ခြေတုကလေးဆီ အကြည့်တို့ရောက်စဉ် သူမနှလုံးသားတို့ နင့်ကနဲ စူးအောင့်လေသည်။ ဆောက်တည်ရာ မရနိုင်စွာ…။ ပြတင်းဘောင်ပေါ် မျက်နှာအပ်မှောက်ချလျက် သူမ ငိုကြွေးမိပြန်သည်။

သူမ အရောက်သွားချင်ခဲ့ပါသည်။ သူ့အနားကို…  မြစ်တစင်းနှင့်တူသော သူ့အနားကို... 

ကျန်ရစ်ခဲ့မည်မှန်းသိလျက်နှင့် ငေးမောလွမ်းဆွတ်ခွင့်အတွက် သူမ အရောက်သွားချင်ခဲ့သည်လေ…။ သူမစိတ်နှလုံးထဲတွင်မတော့ သူမသည် သစ်တပင်အဖြစ်နှင့်  သူ့အပါး မတ်မတ်ရပ်ဆဲ၊ မျှော်ကြည့်ဆဲ၊ သူ့နောက်ကျောအား ငေးမောလွမ်းဆွတ်ဆဲမှာ….၊

အပြင်ဘက်မှာတော့ တကျော့ပြန်မိုးက သွန်း၍ သည်း၍ စွေရွာတော့မည့်ဟန်ပေ…။




တိုက်ခန်းနဲ့ ဟန်းနီးမွန်း၊ ပျားရည်ဆမ်းခရီး…ဘယ်ဟာကို ရွေးချယ်မှာလဲ ?

$
0
0


အမျိုးသမီးများအတွက်….

စေ့စပ်ထိမ်းမြားလက်စွပ်ကို ယူမှာလား၊ ဒါမှမဟုတ် အပေါင်ဆိုင်မှာထားပြီး အပေါင်ငွေနဲ့ အိမ်ခြံမြေခြံမှာ ရင်းနှီးမြုပ်နှံမှာလား….  

လွန်ခဲ့တဲ့အပတ်အတွင်း မြန်မာ့အွန်လိုင်း အိမ်ခြံမြေခြံရောင်း လုပ်ငန်းဖြစ်တဲ့ Houseမှ အမေရိကန်နိုင်ငံ Era Real Estateရဲ့ လေ့လာသုံးသပ်ချက်ကို ပြန်လည်ပြီး သုံးသပ်တင်ပြလိုက်ပါတယ်။ 

စာရင်းကောက်ချက်အရ အမေရိကန်အမျိုးသမီး၅၀%ဟာ သူတို့ရဲ့စေ့စပ် ထိမ်းမြားလက်စွပ်ကို အပေါင်ခံပြီး အိမ်ခြံမြေခြံရောင်းဝယ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ အားသန်ကြောင်းပြောကြားခဲ့ပါတယ်။   

ပိုပြီးအံ့သြစရာကောင်းတာကတော့ ၅၀%ထဲက ၁၇%ဟာ အပေါင်ဆိုင်မှာ သူတို့ရဲ့ စေ့စပ်လက်စွပ်ကို ပေါင်ထားပြီး တိုက်ခန်းအရောင်းအ၀ယ်လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံထားပြီဖြစ်ကြောင်း အသိပေး ပြောကြားခဲ့တာပါ။


နောက်ပြီး Era Real Estateမှ ကျန်တဲ့ ၅၀%ကို ပျားရည်စမ်းခရီး သွားမှာလား ဒါမှမဟုတ် အဲဒီ့ကုန်ကျစရိတ်အစား အပေါင်ဆိုင်မှာထားပြီး တိုက်ခန်း ကွန်ဒိုငှားမှာလား၊ ၀ယ်ယူမှာ လားဆိုတော့ ၁၆ % က Honeymoonခရီးစဉ်ကို အစတေးခံပြီး တိုက်ခန်းအငှားလုပ်ငန်းမှာ လုပ်ကိုင်နေပြီဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။  


Eraမှ ယခုလို သံယောဇဉ်ခိုင်မာစွာရှိနေကြတဲ့ စုံတွဲပေါင်း ၁၀၀၀ ကျော်ကို စာရင်းကောက်လိုက်ရာ Houseရဲ့ပြန်လည်သုံးသပ်ချက်အရ ယနေ့ခေတ်မှာ အိမ်ရာတိုက်ခန်း ဈေးနှုန်းများရဲ့ အခြေအနေဟာ ခေတ်လူငယ်တွေရဲ့ ရှေ့အနာဂတ်ကို ဆုံးဖြတ်ပေးနေပြီဖြစ်ကြောင်း သုံးသပ်လိုက် ပါတယ်။

 ကောက်တမ်းစာရင်းဝင်ဖြေဆိုခဲ့တဲ့  ၉၀ %ကတော့  အိမ်ခြံမြေတိုက်ခန်း အတူဝယ်ခြင်းဟာ ချစ်သူစုံတွဲတွေရဲ့ချစ်ခြင်းမေတ္တာနဲ့ ရှေ့ရေးကို ပိုပြီးဖြောင့်ဖြူးစေတယ်လို့” ဖြေကြားသွားခဲ့ပါသတဲ့။


မြန်မာနိုင်ငံမှာတော့ စေ့စပ်ထိမ်းမြားလက်စွပ်ရဲ့တန်ဘိုးဟာ အိမ်၊တိုက်တာတန်ုဖိုးတစ်ခုကို ၀ယ်ယူနိုင်တဲ့ ပမာဏ မရှိတဲ့တိုင်အောင် အရေးအကြောင်းဆိုရင် ရောင်းဝယ်၊ ပေါင်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီလိုမျိုးကိစ္စများ ပေါ်ပေါက်လာတဲ့အချိန်မှာ တကယ်ပဲ မိမိရဲ့ ချစ်သူပေးထားတဲ့ စေ့စပ်ထိမ်းမြားလက်စွပ် သို့မဟုတ် မင်္ဂလာလက်စွပ်ကို စွန့်လွှတ်မှာလားဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။ စာရေးသူအနေနဲ့ကတော့ စွန့်လွတ်တယ် မစွန့်လွတ်ဘူးဆိုတဲ့အကြောင်းရင်းဟာ ချစ်သူနှစ်ဦးရဲ့ စစ်မှန်နက်ရှိုင်းတဲ့မေတ္တာပေါ်မှာ မူတည်သလို၊ တခါတလေမှာ သားကောင်ချနင်းရတဲ့သဘောလို့လည်းမြင်မိပါတယ်။

စာရေးသူအမေဟာ မုဆိုးမပါ။ မောင်နမသုံးယောက်ရဲ့ မိခင်ပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅နှစ်လောက်တုန်းက အဖေဆုံးသွားပြီးကတည်းက အမေဟာ သားသမီးသုံးယောက်ကို နည်းလမ်းပေါင်းစုံနဲ့ ကျောင်းပြီးအောင် ပို့ဆောင်ပေးခဲ့ပါတယ်။ တော်တော်ခက်ခဲတဲ့ဘ၀ကို အမေကျော်လွားခဲ့ပါတယ်။ ကျောင်းဆရာမဘ၀နဲ့ လယ်စိုက်၊ နွေဦးရောက်လာရင် မြေပဲနုတ်တဲ့ လုပ်ငန်းကို လုပ်ခဲ့ပါတယ်။ စာရေးသူက ၁၀နှစ် သားလောက်ပဲ ရှိပါသေးတယ်။ အဖေဆုံးသွားပြီး အမေဟာ ဆရာမတစ်ယောက်အနေနဲ့  မလုပ်ဖူးတဲ့ အလုပ်ကြမ်းတွေကို လုပ်ခဲ့ရပါတယ်။

ဒါပေမယ့် အမေဟာ ကျွန်တော်တို့ မောင်နှစ်မသုံးယောက်ကို ကျောင်းပြီးလို့ ဘွဲ့ရတဲ့အထိထားခဲ့ပါတယ်။ မုဆိုးမဖြစ်တဲ့အမေဟာ ယနေ့တိုင်အောင် အဖေပေးထားတဲ့ မင်္ဂလာလက်စွပ်ကို ၀တ်နေဆဲပါပဲ။ ခုဆိုရင် အမေဟာ ပြည်ပရောက်ပြီး သားသမီးတွေရဲ့ အရိပ်အ၀ါသအောက်မှာ ကောင်းကောင်းနေနိုင်နေပါပြီ။ ဒါပေမယ့် ပြည်ပရောက်မြန်မာကလေးများကို မြန်မာစာသင်ပေးနေတဲ့အလုပ်ကို အသက် ၇၀ နီးပါးရောက်သည့်တိုင်အောင် ဆက်လက်လုပ်ကိုင်နေဆဲပါ။ ကျွန်တော်တို့မြန်မာပြည်မှာလည်း ဂုဏ်ယူနိုင်စရာ မိခင်ဖခင် သို့မဟုတ် အိမ်ထောင်သည်များ တကယ်ပဲ ရှိကြအုံးမှာပါ။

ခေတ်အခြေအနေ ပြောင်းလဲလာတာနဲ့အမျှ လူငယ်တွေရဲ့ အမြင်ပိုင်းတွေဟာလည်း ကွာခြားလာခဲ့ပါပြီ။ သို့ပေမယ့်လည်း စစ်မှန်တဲ့မေတ္တာနဲ့ ဒုက္ခများကို သတ္တိရှိရှိ အတူတကွ ကျော်လွားနိုင်ဖို့လည်း လိုပါတယ်။ ဒါမှသာလျှင် ဘ၀ဟာ ပိုပြီးအဓိပ္ပာယ်ရှိမယ်လို့ စာရေးသူအနေနဲ့ မြင်ပါတယ်။ စာရေးသူပြောတဲ့ ဟန်းနီးမွန်းသွားမှာလား၊ တိုက်ခန်း ၀ယ်၊ ငှားမှာလားဆိုတဲ့မေးခွန်းဟာ တကယ်တော့ ရင့်ကျက် ထက်မြက်တဲ့သူ အမျိုးသမီး၊ အမျိုးသားများ အတွက်တော့ ဖြေဆိုရဖို့ အခက်ခဲသိပ်မရှိလှပေမယ့် အချို့သောသူများအတွက်တော့ စိမ်ခေါ်ရင်ဆိုင်မှုတခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ သည်လိုအခြေအနေ မျိုးမှာ   တခြားနည်းလမ်းများ၊ ရွေးချယ်ဖြေရှင်းချက်များ ရှာတတ်ဖို့လိုမယ်လို့ မြင်ပါတယ်။

ခေတ်သစ် မိသားစု၊ စုံတွဲများ သစ္စာရှိရှိ ရာသက်ပန် ဆက်လက်လျှောက်သွားနိုင်ရန် ရည်စူးလျှက် အခက်ခဲများကြုံလာပါကလည်း စစ်မှန်တဲ့နည်းလမ်းနဲ့ ကောင်းမွန်စွာ ဖြေရှင်းသွားကြရအောင်လို့ ဆုမွန်ကောင်းတောင်း လိုက်ရပါတယ်။


ကိုဆိုင်း
ဘာလင်

မှတ်ချက် ။   ။ ကျွန်မရဲ့ စာတိုက်ထဲကို တစ်နေ့က စာလေးတစ်စောင် ရောက်လာခဲ့ပါတယ်။ သူက ကျွန်မဘလော့ဂ်ကို ဖတ်တယ်။ ကျွန်မစာတွေကိုလည်း နှစ်သက်သဘောကျတယ်လို့ ဆိုလာပြီး ခင်မင်စွာ မိတ်ဆက်စကားပြောကြားခဲ့ပါတယ်။ ပြီးတော့ သူရေးထားတဲ့ အထက်က စာလေးကို ကျွန်မဘလော့ဂ်မှာ ဧည့်သည်စာရေးသူအဖြစ်နဲ့ တင်ပေးစေချင်ပါတယ်ဆိုတဲ့အတွက် ဒီပိုစ့်လေး ဖြစ်လာခဲ့တာပါ။ 

အိမ် ခြံ မြေနဲ့ ပါတ်သက်လို့ တခုခု အကူအညီ၊ အကြံဉာဏ်များ လိုကြတယ်ဆိုရင်ဖြင့် အထက်မှာပါတဲ့ HOUSEလိပ်စာအတိုင်း ဆက်သွယ်နိုင်ကြပါတယ်။ အထူးသဖြင့်  ဝါလကင်းလွတ် သီတင်းကျွတ်တဲ့ အခါသမယမှာ အာဝါဟ ဝိဝါဟကြတော့မယ့် ချစ်သူများအတွက်ပါ။ အရောင်းအဝယ်ဖြစ်ခဲ့ရင် ကျွန်မကိုလည်း ပွဲခလေးပေးဖို့ သတိရပေါ့ရှင် :) 

နောက်တာပါ....။  အားလုံးပဲ အဆင်ပြေအောင်မြင်ကြပါစေ.... :)





ခေါင်းစဉ်မဲ့လေသော…

$
0
0


အိမ်တံခါးသော့ဖွင့်ပြီး ဝင်လာကတည်းကပင် မပြည့်စုံမှုတခုကို ခံစားရသည်။ တနေ့လုံးတော့ ရုံးမှာ အဆင်ပြေခဲ့သားပဲ။ သော့ကို တံခါးနောက်ဘက်ရှိသော့ချိတ်ကလေးထဲ ချိတ်လိုက်ကာ ဧည့်ခန်းကိုဖြတ်စဉ် လူက ခွေလဲပစ်လိုက်ချင်စိတ်နှင့် မောလျသည်။ ပုခုံးမှအိတ်ကို ထားနေကျနေရာမှာ ချ၊ အိမ်နေ အဝတ်အစားလဲပြီးသော် အနည်းငယ်ပေါ့ပါးသွားသလိုပေ။ 

အိမ်ရှေ့ခန်းပြန်ထွက်လာကာ ပြတင်းပေါက်များကိုဖွင့်လိုက်တော့ သော့ကနဲဝင်လာသော ညနေခင်းလေအေးမြတို့က မျက်နှာပြင်ကို ခပ်ဖွဖွလှုပ်ခတ်ကြသည်မို့ ရွှင်ပျလာသလိုရှိရပြန်သည်။ ချက်ချင်းမခွာနိုင်သေးဘဲ ပြတင်းပေါက်ကတဆင့် လမ်းမပေါ် ငေးမောနေမိသည်။ တွေ့နေသလိုလိုနှင့် မျက်လုံးထဲသို့ ဘာတခုမှ ထဲထဲဝင်ဝင်ရောက်မလာပြန်။ ရေလည်း မချိုးချင်သေး။ ဘိုက်ကလည်း ဟာလှပြီ။
ထမင်းစားပွဲမှာထိုင်ပြီး ဝယ်လာသောထမင်းထုတ်ကို ဖွင့်လိုက်သည့်ခဏမှာ လစ်ဟာမှုတခုကို သူမ သေချာသွားခဲ့တော့သည်။

အမေ….၊ အမေ နေမှကောင်းရဲ့လား…. 
ညက သူမ  အမေ့ကို အိပ်မက်ခဲ့တာပဲ....

ထိုင်ရာမှထကာ မီးဖိုထဲဝင်သည်။ ရေခဲသေတ္တာကိုဖွင့်ကာ ရေအေးအေးတခွက်ကို မရပ်မနားသောက်ချလိုက်မိတော့ ဖာထားသော အောက်အံသွားတွေက ကျိန်းကနဲ အေးစိမ့်လေသည်။ ဘာမှ မကောင်းချင်တော့။ အပျက်အစီးတွေက ဒီဘက်ပိုင်းမှာ သိသိသာသာစိပ်လာခဲ့သလို ခန္ဓာ၏လေးလံမှုကို တနေ့ထက်တနေ့ ပိုပိုခံစားလာရလေပြီ။ သူမ ဒီအသက် ဒီအရွယ်မှာ…ပင်ပမ်းလှပြီ။ ဘာကိုမှ အလိုမကျချင်တော့။ အမေ ဘယ်လိုများ…..၊ ဒီအသက် ဒီအရွယ်အထိ….။ 

သားသမီး မြေးမြစ်တွေသည် အမေ့အတွက် ကြီးမားသောတွန်းအားဖြစ်မည်ပေ။ သူမမှာသာ....။

မီးဖိုချောင်ထဲ ဂက်စ်မီးဖိုကိုတွေ့တော့ ရင်ထဲမကောင်းမိပြန်။

ဂက်စ်မီးဖိုကို အမေ မကိုင်ရဲ။ သည်တော့ သူမရှိရာ အမေလာနေစဉ်မှာ ဖွယ်ဖွယ်ရာရာ ချက်ကျွေးချင်သော်မှ  သူမ ရုံးမှပြန်အလာကို စောင့်ရသေးသည်။ သူမကလည်း ရုံးမှပြန်လာလျှင် ဆာလောင်နေလှပြီ။ အမေကကျတော့ အပြင်ထမင်းဆိုင်မှ ထမင်းမာမာတွေကို မျိုမကျ။ ထမင်းတွေက အစေ့လိုက်မို့ ပျော့ထွေးမနေဘဲ တောင့်နေကာ အစာမကြေဟု ဆိုသည်။ သည်တော့ အပြင်ကလည်း ဝယ်မစားဖြစ်၊ အိမ်မှာချက်တော့လည်း သူမပြန်လာမှချက်ရတော့ ထမင်းစားနောက်ကျရပြန်သည်။ သူမအနေနှင့်တော့ တခါချက်လျင် သုံးလေးရက်စာချက်ထားလိုက်ချင်သော်လည်း ရေခဲသေတ္တာထဲ ထည့်ထားပြီး ပြန်နွှေးစားရသည်ကို အမေက မကြိုက်ပြန်။ ခက်လှသည်။

တခါတလေ အလုပ်ထဲမှာ စိတ်ဖိအားတွေက များ၊ နေ့လည်စာကောင်းကောင်း မစားဖြစ်ဘဲ အိမ်ကို ဘိုက်ဟာပြီးပြန်လာ၊ အိမ်ရောက်တော့ အမေနှင့်အတူ ချက်ပြုတ်နေစဉ် ဘိုက်က ဆာလှပြီ။  ဘာကိုမှန်း မသိ၊ အလိုက မကျလေ၊ မျက်နှာက မှုန်တေတေဖြစ်လာလေ။ အမေ့မှာ မျက်နှာကလေးငယ်ကာ သူမမျက်နှာကို အရိပ်ဖမ်းကြည့်ရှာသည်။ အားလုံးကျက်ပြီဆိုတော့မှ အမေနှင့်အတူ ထမင်းစားကြသည်။ စားသောက်ပြီးတော့လည်း အရာရာပုံမှန်လို….။ အမေ ပြောပြချင်ရာပြောသည်များကို သူမက နားထောင်ပေးရသူ ဖြစ်သည်။ တနေ့လုံး အိမ်ထဲမှာ တယောက်ထဲနေရသော အမေ၊ တီဗီရှေ့မှာ ပြသမျှကားတွေ မပျင်းမရိထိုင်ကြည့်နေရသော အမေ၊ သူ့အိမ်မှာလို သားသမီးမြေးမြစ်တွေနှင့် ဝေစည်မနေသော ဆိပ်ငြိမ်နေမှုများထဲမှာ အမေ အထီးကျန်ပေမည်။

ခုတော့ သူမရှေ့ ဖော့ထမင်းဘူးလေးထဲမှာက  ဝက်သားကိုပါးပါးလှီးကာ ဂျင်းနှင့် ခရုဆီနှင့် အချိုချက်ရယ်၊ ပန်းဂေါ်ဖီကြော်ရယ်၊ ပဲပြားအစပ်ချက်ရယ် သုံးမျိုးကို ထမင်းပေါ်ပုံထားသည့် ညစာဖြစ်သည်။ အေးစက်နေလှပြီ။ သူမ ဆာနေတာမို့ ကြိုးစားမျိုချသည်။ ထမင်းလုတ် တလုတ်မျိုချလိုက်တိုင်း လည်ချောင်းထဲဆို့နင့်ကာ ဘာကြောင့်မှန်းမသိ၊ လှိုက်ကနဲ ဝမ်းနည်းမျက်ရည်လည်စဉ် ဆာလောင်နေတာမှာ၊ ရှေ့ကထမင်းဘူးမှာ စိတ်က မရှိတော့။ အဖြစ်အပျက်တခုက သူမကို ခေါ်ဆောင်သွားပြန်လေသည်။ ထိုစဉ်က အမေလည်း ဆာလောင်နေခဲ့မည်ပေ….။

သူမတို့ရုံးမှလူတွေစုကာ ဘန်ကောက်သွားလည်ကြမည်ဆိုတုန်းက အမေလည်းရှိနေခိုက်၊ ပြီးတော့ အမေက မြဘုရားလည်းဖူးချင်လှသူမို့ အမေ့ကိုပါ အတူခေါ်သွားဖြစ်ခဲ့သည်။ အမေတယောက်စာ ကုန်ကျစရိတ်ကိုတော့ သူမက ကျခံပေးရပါသည်။ လက်တွေ့မှာ လူငယ်တွေသာများသောခရီး၌ အမေ့ကို စောင့်ခေါ်နေရသည်မို့ ခရီး မတွင်ချင်။ ခရီးဖော်တွေက ရပါတယ်၊ သူမတို့သားအမိကို စောင့်ခေါ်မယ် ဆိုသော်ငြား သူမက ကျန်သူတွေကို အားနာမိပြန်သည်။
ပထမရက်မှာ မြဘုရားဖူးရ၍ စိတ်လက်ချမ်းသာနေသော အမေသည် ဒုတိယရက် ဟိုတယ်ကအထွက်တွင် ကောင်းပေ့ကောင်းရက်နှင့်၊ ကားထွက်လို့ လမ်းမပေါ်အရောက်တွင်မှ အခြေအနေ မဟန်တော့၊ သူ့ကို ဟိုတယ်ပြန်ပို့ပေးပါဟု မျက်နှာငယ်လေးနှင့် ဆိုလာခဲ့သည်။ အမေ့ကိုကြည့်ကာ သနားစိတ်က တဘက်၊ ကားပြန်လှည့်ရလျှင် ကျန်သောသူတွေ ကိုယ့်ကြောင့် ခရီးစဉ်ပျက်မှာကို အားနာစိတ်က တဘက်နှင့်၊ သို့သော် အမေ့ကို မဖြစ်ဖြစ်အောင် ဟိုတယ်ပြန်ပို့ရမည်မို့ အားနာလျက်နှင့်ပင် ကားရပ်ပေးဖို့ပြောကာ တက်ကစီငှားပြီး သားအမိနှစ်ယောက် ဟိုတယ်ပြန်လာခဲ့ရလေသည်။

အမေသည် ချွေးစေးတွေထွက်ကာ မူးဝေလျက်ရှိရာ ဟိုတယ်မှဆရာဝန်ကို အခန်းထဲထိ ပင့်ရတော့သည်။ အမေ့မှာက သွေးတိုး၊ ဆီးချိုအပြင် နှလုံးကလည်းရှိသည်မို့ ရောဂါစုံလှသည်။ ထမင်းဖြူနှင့် အရွက်ကြော်၊ အသားလုံးဟင်းချိုကလေးရရင်တော့ စားချင်သည်ဆိုတာနှင့် မှာကျွေးကာ ဆရာဝန်ပေးခဲ့သော ဆေးများကိုတိုက်ပြီးချိန်မှာ “အမေနေကောင်းပြီ၊ သမီး လိုက်သွားချင် သွားလေ”ဟု အမေက ဆိုလေသည်။ မလိုက်တော့ပါဘူးလေဟု ပြောတော့ အမေက သူ့ကြောင့်ဖြစ်ရသည်မို့ စိတ်မကောင်းပြန်၊ “ရောက်တုန်းရောက်ခိုက် လိုက်သွားပါ။ အမေလည်း ဟိုတယ်မှာ အိပ်နေမှာပဲဟာ၊ သွားလိုက်”ဟု ထပ်ဆိုလာတော့ သူမ မငြင်းဖြစ်တော့။ အမေ့ကို စိတ်ချလက်ချထားခဲ့ကာ ရုံးကအဖွဲ့တွေရှိနေမည့်နေရာသို့ လိုက်သွားဖြစ်ခဲ့လေသည်။ တကယ်ဆို သူမ လိုက်မသွားသင့်ခဲ့။ ကိုယ့်တိုင်းကိုယ့်ပြည်မဟုတ်သော နေရာမှာ၊ မိခင်ဘာသာစကား မပေါက်သော နေရာအစိမ်းတခုမှာ…..။  မသိနားမလည်သော အမေတယောက်ထဲရယ်….။ သို့သော် သူမ အမေ့ကို ထားရက်ခဲ့လေသည်။

ပို၍ဆိုးသည်မှာ အဲ့သည့်နေ့က အတော်လေးနောက်ကျမှ ဟိုတယ်သို့ပြန်ရောက်ခဲ့ကြခြင်းပင်။ သူမတို့အဖွဲ့လိုက် ညစာစားနေချိန်မှာ အမေတယောက်တည်း ဟိုတယ်အခန်းကလေးထဲ ဆာလောင်နေမည်လား၊ ကြောက်ရွံ့အားငယ်နေမည်လား၊ သူမ မတွေးတတ်ခဲ့။ 

သူမစိတ်ထဲမှာ အမေသည် လုံခြုံစိတ်ချရသောနေရာမှာရှိနေသည်၊ ဆေးလည်း သောက်ပြီးပြီ၊  နေ
လည်း ကောင်းနေပြီ၊ နွေးထွေးစွာ အိပ်စက်နေလိမ့်မည်၊ သည့်ထက် ပိုမတွေးတတ်ခဲ့။ သူမ ထည့်မစဉ်းစားမိခဲ့သည်မှာ အမေ့စိတ်….၊ လူစိမ်းများကြားမှာ သမီးအားကိုးနှင့်လိုက်ခဲ့သော အမေ….။ နားမလည်နိုင်သော ဘာသာစကားများကြားမှာ မျက်စေ့သူငယ်နားသူငယ်ရှိနေခဲ့ရသော အမေ။ ထိုအမေ့ကို နေထိုင်မကောင်းစဉ်မှာပင် သမီးဖြစ်သူက ထားရစ်ခဲ့ရက်သည်ဟုများ အမေ တွေးလေမလား။ နာကျင်လေမည်လား။ သူမ ဘာကြောင့် အဲသလိုမတွေးဖြစ်ခဲ့ပါလိမ့်။  သူမသည် အမြဲတစေပင် ပရမ်းပတာအပြုအမူလွန်သွားပြီးမှ နောက်က ဆင်ခြင်စိတ်လိုက်တတ်သူ ဖြစ်သည်။

ဟိုတယ်အခန်းလေးထဲ သော့ဖွင့်ဝင်စဉ် အမေက သူမကို ခေါင်းထောင်ကြည့်ကာ “ပြန်လာပြီလား သမီး”ဟု ဆိုသည်။  အမေ့ကို ခေါင်းဆတ်ပြရင်း “အမေ ဘာစားပြီးပြီလဲ”ဟုမေးတော့ အမေက ခေါင်းခါသည်။ ဟုတ်သားပဲလေ၊ အမေမှ မမှာတတ်တာ၊  အချိန်ကိုကြည့်တော့ ညကိုးနာရီကျော်၊ အမေ ဆာလှရော့မည်။ “ထမင်းပူပူလေးနဲ့ အရွက်စိမ်းကလေးပဲ အာသီသရှိတယ်၊ အဲဒါလေးရရင်တော့ စားမယ်”ဟု အမေပြောတော့ စားချင်စိတ်ကလေးရှိသေးသည်ကို ဝမ်းသာစွာနှင့် ဟိုတယ်ကပင် ညစာ မှာကျွေးဖြစ် ခဲ့သည်။

အမေက စားကောင်းသားပဲဆို၍ သူမ စိတ်အနည်းငယ် သက်သာရာရစဉ်မှာ “သမီး ပျော်ခဲ့ရဲ့လား” ဆိုသည့်စကား၌ အမေ့မျက်နှာကို သူမ မကြည့်ရဲတော့…။ အမေ့ကို ထားရစ်ခဲ့ကာ သူမ ပျော်ခဲ့မိလေသလား…။  သူမ မဖြေရဲပါ။ ဝမ်းနည်းစိတ်တို့ကို ချက်ချင်းဖုံးဖိကာ ဘာမှမဖြစ်သလို နေပြန်သည်။ အမေ့ကို ဆေးတိုက်ပြီး ခပ်စောစောပဲ အိပ်ရာဝင်ဖြစ်ခဲ့ပေမယ့် ထိုညက သူမ တော်တော်နှင့် အိပ်မပျော်ခဲ့ပါ။

သူမကို ကိုယ်ဝန်ဆောင်ထားရစဉ်က အမေမက်ခဲ့ဖူးသော အိပ်မက်တစ်ခု၊ ထပ်တလဲလဲမက်ခဲ့ဖူးသော အိပ်မက်တစ်ခု ရှိခဲ့သည်ဟု အမေပြောပြခဲ့ဖူးသည်။ ရှောက်သီးကြီးကြီးတစ်လုံးကို ကိုယ်တိုင် အခွံထိုင်နွှာကာ အထဲမှ ရှောက်သီးများအား အမွှာလိုက် အမွှာလိုက် အားရပါးရထိုင်စားသည်ဆိုသော အိပ်မက်ပင်။

သူမကို ပြောမရ ဆိုမရ၊ ဆုံးမ၍ မရတိုင်း အဖွားပြောလေ့ရှိသည်မှာ “ညည်းက ရှောက်သီးမ၊ ငယ်ငယ်ကတည်းက ညည်းအမေဘိုက်ထဲမှာကတည်းက ချဉ်စုတ်နေတာ” တဲ့လေ၊ သူမက ခပ်ပြုံးပြုံးပါပဲ။ ဆိုးသည်ဆိုတာကို၊ ဆုံးမ မရဆိုတာကို သဘောကျ၍ပြုံးခြင်းကား မဟုတ်၊ ရှောက်သီးမ ဆိုသောဂုဏ်ပုဒ်ကို  ကိုယ်လုပ်ချင်တာ လုပ်လိုက်ရသောအရသာနှင့် လဲလှယ်ယူရဲသည့် ညစ်ကျယ်ကျယ် အပြုံးမျိုးဖြစ်သည်။ သူမသည် ခုချိန်ထိ ခေါင်းမာဆဲ၊ ကိုယ်ထင်ရာ ကိုယ်လုပ်ဆဲ၊ လဲကျချိန်များမှာ မျက်နှာတချက် မပျက် ပြန်လည်ထူထကာ ပုံမှန် ပြုံးချိုလည်ပတ်မြဲပေ။ အဖေဆုံးစဉ်ကပင် မိသားစုမောင်နှမတွေရှေ့မှာ သူမ မျက်ရည် တစက်ကလေးမှ မကျခဲ့။ သူတို့နောက်ကွယ်မှာသာ သူမက ချုံးပွဲချငိုတတ်ခဲ့သူဖြစ်ခဲ့သည်။

သူမတို့မွေးချင်းခြောက်ယောက်မှာ သူမက ငယ်ငယ်ကပင် ခေါင်းအမာဆုံး၊ ကိုယ်လုပ်ချင်တာ ကိုယ်အလုပ်ဆုံးမို့ အမေ့လက်စာအမိဆုံးလည်း ဖြစ်သည်။ တစ်ခုခုကြောင့် အမေဆူလျှင် သူမက ဘာကြောင့်သည်လိုလုပ်ရသည်ဆိုတာကို တရှည်တလျားပြန်ရှင်းပြတတ်သည်။ သူမက ရှင်းလေ၊ အမေက  စိတ်တိုလေ။ အမေစိတ်တိုလေ၊ သူမက မရ ရအောင်ရှင်းပြလေ၊ အမေ ထရိုက်တော့လည်း ပေတေကာ တင်းခံပြီး၊ ခြေသလုံးမှာထင်ကျန်ရစ်သော အမြှောင်းလိုက်အရှိုးများအား အဖွား ထုံးဆနွင်းသိပ်ပေးမှသာ သူမက အသံတိတ်မျက်ရည်ကျတတ်သူတည်း။

“ဘာမှ ထပ်မပြောနဲ့ လျှာမရှည်နဲ့”ဆိုသော လူကြီးတွေစကားကို ထိုစဉ်ကတည်းက မနှစ်သက်နိုင်ခဲ့။ ကလေးတွေ သူ့စိတ်ထဲရှိတာ သူပြောခွင့်၊ ရှင်းပြခွင့်ရှိရမည်ဟု နားလည်သည်။ နားလည်သည့် အတိုင်းလည်း ပြန်ပြောသည်။ ရှင်းပြသည်။  အမေရိုက်လျှင် မျက်ရည်တစက်ကလေးမှ မကျဘဲ ခေါင်းမာ တင်းခံတတ်သော သူမက အဖေဆူလျှင်မူ အဖေ့ဆုံးမစကား၌ နာနာကျင်ကျင်ထိရှတတ်သူ ဖြစ်ပြန်သည်။

တခါကလည်း အမေ သူမကို အတော်လေးစိတ်ဆိုးခဲ့ဖူးသည်။
  
“တော်စမ်းပါအေ၊ ခုမှ နင့်အဖေဆုံးတာ တနှစ်မပြည့်သေးဘူး။ နင်က ငါ့ကို စစ်လား ဆေးလားနဲ့။ နေပါစေ နင့်ပိုက်ဆံ မပို့ချင်ရင်၊ ခုတော့ သားသမီးလုပ်စာစားနေရတယ်ဆိုတော့ ငါ အပြောအဆိုခံရပြီပေါ”့

ပြောရင်းက ဖုန်းထဲမှာ အမေ တဟီးဟီးရှိုက်ကာငိုတော့ သူမ တစ်ဘက်ကနေ ဖုန်းကိုင်ထားရင်း အမေ့ကို ဘယ်လိုနှစ်သိမ့်ရမည် မသိနိုင်။ “အမေတို့ တစ်လတစ်လ ဟင်းစား၊ ဗာယီရအသုံးစားရိတ် ဘယ်လောက်ကုန်လဲဆိုတာ စာရင်းလေး မှတ်ထားပေးပါ”ဟု သိချင်စိတ်တစ်ခုထဲနှင့် သူမက ပြောလိုက်မိသည်။ ရိုးရိုးကလေးမေးလိုက်သော သူမစကားက အမေ့ရင်ကို ဘယ်လောက် နာကျင်စေမည်လဲ သူမ မတွေးခဲ့နိုင်။ သားသမီးလုပ်စာစားနေရသော အမေ့လို လူအိုတယောက်ရင်ဘတ်ထဲက ခံစားချက်ကို သူမ လုံးဝ မေ့လျော့နေခဲ့မိသည်။

သူမကလည်း သူမပါပေ။ သမီးအကြီးဆုံးလည်း ဖြစ်၊ အဖေ့သမီးလည်းဖြစ်သောသူမက စကားပြောပြတ်သူ။  မာဆတ်သူ၊ တစ်ဘက်သား နားဝင်ချိုအောင် မပြောတတ်သူ၊ စိတ်ထဲရှိရာ ဒဲ့ပြောထွက်သူ၊  စိတ်တိုတတ်သူဖြစ်သည်။ သူမကိုမွေးပြီး တစ်နှစ်အကြာမှာ သူမအောက် ညီမအကြီးမကိုမွေး၊ ပြီးတော့ မောင်လေး၊ ညီမလေးတွေ ထပ်ရလာသည်မို့ သူမက အလိုလို လူကြီးအဖြစ်မြန်ခဲ့ရတာကြောင့်လည်း ပါမည်။ သူမက မိဘတွေအနား၊ လူကြီးတွေအနား ပွတ်သီးပွတ်သပ် မလုပ်တတ်ခဲ့။ ငယ်စဉ်ကပင် ခပ်မှန်မှန် ခပ်ဝေးဝေး နေတတ်ခဲ့သူ။

အမေ ဟန်းဖုန်းလိုချင်သည်ဆိုတုန်းကလည်း အမေနှင့်သူမ ပြဿနာတက်ခဲ့ဖူးသေးသည်။

“အမေက ဘာလုပ်မှာလဲ၊ အိမ်မှာလည်း အိမ်ဖုန်းရှိတာပဲဟာ။ ကိုယ်က စီးပွားရေးလုပ်နေတာလည်း မဟုတ်။  အိမ်မှာပဲ အေးအေးနေစမ်းပါ၊ အိမ်ဖုန်းပဲ သုံးစမ်းပါအမေရာ”ဟု အမေ့ကို သူမ ပြောခဲ့ဖူးသည်။

သူမကို ပြောမရတော့ အမေက ညီမအကြီးဆုံးမကို ဝယ်ခိုင်းသည်။ ညီမအကြီးမက အမေဘာပြောပြော မငြင်းဘဲ အကုန်ဝယ်ပို့ပေးနေသူ။ သည်တုန်းက ညီမဖြစ်သူကို သူမ ဆူလိုက်သေးသည်။ “နင်တို့ အမေပြောသမျှ မလိုအပ်ဘဲ ဝယ်ပေးနေတာဟာ အမေ့ကို ချစ်တာမဟုတ်ဘူး၊ ဖျက်ဆီးနေတာ၊ ဟန်းဖုန်းရှိတော့ ဆက်မယ်။ လမ်း ပိုထွက်ဖြစ်မယ်။ ဟိုလူနဲ့ ချိန်းထွက်၊ ဒီလူနဲ့ချိန်းထွက်နဲ့ အမေ လမ်းပိုများတော့မှာပဲ”ဟု သူမက ဟောက်တော့ ညီမအကြီးမက တစ်ခွန်းပဲ ပြန်ပြောသည်။

“အမေလိုချင်သမျှ ပူဆာရမယ့်အဖေလည်း ရှိတော့တာမှ မဟုတ်တာ။ နောက်ပြီး အမေလည်း နေရလှ နောက် အနှစ်နှစ်ဆယ်ပေါ့ မကြီးရာ၊ အမေ အသက်ရှင်နေတုန်းလေး သူစိတ်ချမ်းသာသလို နေပါစေ”ဟူ၍ ဖြစ်သည်။ သူမ တွေကနဲ ဖြစ်သွားသည်။ သို့သော် ခဏမျှသာ။

“အေး နင်တို့တွေဟာ အဲ့လိုပဲ၊ အမေ့ကို ဖျက်ဆီးနေကြ။ ငါကတော့ အလိုမလိုက်နိုင်ဘူး။ ဟိုတစ်ခါကလည်း လမ်းအထွက်ကောင်းလို့ အမေ ကားပေါ်က ပြုတ်ကျပြီးပြီ။  ကံကောင်းလို့ ခေါင်း မကွဲတယ်။ ငါက အမေ့ကို အိမ်မှာပဲ အေးအေးလူလူနေစေချင်တာ။ ဟန်းဖုန်းရှိရင် ပိုဆိုးတော့မှာပဲ”ဟု အကြီးပီပီ သူမက မလျှော့တမ်း မာန်မဲမိပြန်သည်။

ညီမအကြီးမက ဘာမှ ပြန်မပြော။ နောက်တစ်လနေတော့ အမေ့ကို ဆမ်ဆောင်းဖုန်းတစ်လုံး ဝယ်ပို့ပြီး ကျသလောက် လိုင်းကြေးငွေပါ ပို့ပေးလိုက်သည်ဟု ကြား၏။  သူမ ဘာမှ မပြောသာတော့ပါ။

“မကြီး သမီးတို့ ကလေးတွေ ကျောင်းလခ၊ မုန့်ဘိုး သမီးတို့ဖာသာ ပေးတာနော်၊  အမေက တစ်ခါတစ်လေ သူ့မြေးတွေကို  အဝတ်အစားလေးဘာလေး ဝယ်ပေးတာလောက်ပဲ အမေ့ပိုက်ဆံထဲက သုံးတာ။ ဈေးဘိုးတောင်မှ တစ်ခါတစ်လေ ကိုဦးစားချင်တဲ့ဟင်းရှိရင် သမီးပဲ ဝယ်ချက်လိုက်တာ။ မကြီး ပို့ပေးတဲ့ ပိုက်ဆံက အိမ်ဈေးဘိုးရယ်၊  နောက် အမေပဲ သုံးတာ။ မကြီးက ပို့တဲ့ငွေ မလောက်ဘူးလား၊ မလောက်ဘူးလား မေးမေးနေလို့လေ၊ သမီးတို့က အမေနဲ့ အတူနေရတာဆိုတော့ မကြီး တစ်မျိုးထင်မှာ စိုးတာ”

အမေနှင့်အတူနေသော ညီမအငယ်မမိသားစုကလည်း သူမ ငြိုငြင်မည် စိုးရှာသည်ထင့်၊ သူမ အမေ့ဆီပို့သောပိုက်ဆံကို သူတို့မိသားစု ကပ်မသုံးကြောင်း အခွင့်သင့်တိုင်း ကြုံသလိုပြောရှာသည်။ သူမက သိလိုသည်ကိုသာ မေးမြန်းတတ်ကာ ညီမအငယ်မ၏ စိတ်ခံစားမှုကို ထည့်မစဉ်းစားမိခဲ့။ "ငါ ဒီလောက်ပို့ပေးနေတာကို မလောက်ဘူးလား"ဆိုသည့်လေသံပေါက်နေခဲ့သလား၊ သူမ မပြောတတ်ပါ။ သူမ စိတ်မကောင်းဖြစ်ခဲ့ရပြန်သည်။

ဘယ်လိုဖြစ်တာပါလိမ့်။ သူမက အမေ့ကိုပဲပြောပြော၊ ညီမအကြီးမ၊ ညီမအငယ်မ ဘယ်သူ့ကိုပဲပြောပြော၊ သူမစိတ်ထဲ သိလိုသည်ကိုသာ ရိုးရိုးမေးမြန်းသည်။ စိတ်ထဲရှိတာသာ ပြောသည်။ သူမဘက်က ဘာကိုမှ မရည်ရွယ်ပါ။ သို့သော်…။

တခါတခါတော့ သူမ စဉ်းစားကြည့်မိသည်။ လူတွေသည် ကိုယ့်စိတ်နှင့်ကိုယ် ပြန်ချည်တုတ်နေသော သတ္တဝါတွေဖြစ်မည်ဟု။ သူမနှုတ်ထွက်စကားတစ်ခွန်းကို မပြောခင် ဘယ်တော့မှ သေချာမစဉ်းစားဖြစ်ခဲ့၊ ကိုယ့်စိတ်ထဲ ရိုးရိုးကလေးသာ ရည်ရွယ်သည်ကိုး။ ပြောပြီးလို့ သူများက တစ်ခြားဘက်လှည့် စဉ်းစားပြီး ပြောလာသော်မှ ဟုတ်သားပဲဟု သူမ တွေးမိရသည်မှာ အခါခါ။

နှစ်ဘက်မျှတွေးပြီးမှ ပြောတတ်ဖို့ အတော်လေး ကျင့်ပြီးသောအခါတွင်မူ သူမ နှုတ်ဆွံ့တတ်လာသည်။ အခါများစွာပင် မပြောတာဘဲနေတာ ကောင်းပါတယ်လေဟု တွေးမိတတ်လာသည်။ ရင်ထဲမှာ များလာသည်။ ပြည့်လာသည်။ သူမတို့မိသားစုချည်းပဲ မဟုတ်၊ သူမ ထိစပ်နေထိုင်ရသော ပတ်ဝန်းကျင်မှာလည်း  ထိုထိုအဖြစ်မျိုးတွေ ရှိတတ်သည်ပေ။ ဒါသည်ကပင် သူမ စာရေးဖြစ်သော အကြောင်းရင်းတရပ် ဖြစ်နိုင်ကောင်းသည်။ 

သို့သော် ကြောင်ဟူသည် ကြာကြာရေမငုတ်စတမ်းမို့ မျက်စေ့ရှေ့ ပြောစရာရှိလာလျင် သူမသည် လွှတ်ကနဲ ပြောမိမြဲ၊ ဝုန်းဒိုင်းကြဲမြဲ၊ သွေးပူ ပေါက်ကွဲတတ်မြဲပေ။

တခါကလည်း တစ်လမ်းထဲနေ သူငယ်ချင်းဟောင်းက သူမ ရန်ကုန်ပြန်ရောက်နေကြောင်းသိရကာ အိမ်မှာလာတွေ့သည်။ သူငယ်ချင်းမက အိမ်ထောင်ကျပြီး စီးပွားရေးလည်းပြေလည်ကာ ရွှေအပြည့်နှင့် အိညွှတ်ကာ နေသည်။ အိမ်မှာစကားပြော၍ဝသော် သူ့ကို အပြင်မှာမုန့်လိုက်ကျွေးဖို့ အဝတ်အစားလဲကာ အပြင်ထွက်တော့မည့်ဆဲဆဲ အမေက “သမီး နင် ဒါလေးတော့ဝတ်သွားလေ”ဟုဆိုကာ ဆွဲကြိုးနှင့် လက်ကောက်တစ်ရန်ထုတ်ဆင်သည်။

သူမက အမေ့အလိုလိုက်ဟန် အမေ့ဆီသို့ ညာလက်ကောက်ဝတ် ထိုးပေးလိုက်လေသည်။ သူမလက်ထဲ လက်ကောက်ဝတ်ပြီးကာမှ လက်ကိုမြှောက်ကြည့်ကာ လွှတ်ကနဲပြောလိုက်မိသည်။

“ဟာ အမေကလည်း သမီး မဝတ်ချင်တော့ပါဘူး။ တောသူကြီးသမီး ကျနေတာပဲ၊ ပြန်ချွတ်ပေး”ဟူ၍။

သူငယ်ချင်းမ မျက်နှာပျက်သွားကာ ညီမအငယ်မက မျက်ရိပ်လှမ်းပြမှပင် အခြေအနေကို သတိရမိသည်။ ငါတော့ လုပ်ချလိုက်ပြန်ပြီဟုတွေးမိကာ သူငယ်ချင်းမကို အလွန်အားနာသွားခဲ့ရဖူးသည်။ တကယ်တော့ သူ့ကိုရည်ရွယ်တာ မဟုတ်၊  သူ ရွှေကြိုက်လို့ သူဝတ်တာဖြစ်ပြီး၊  သူမ မကြိုက်လို့ သူမ မဝတ်ခြင်းပင်။ အဲ့သလောက်ကို ရိုးရိုးလေးတွေး၍ရသည်။ သို့သော် သူငယ်ချင်းမက စိတ်ကွက်သွားပုံရသည်။ သူမ မပြန်ခင်ညမှာ လာတောင် နှုတ်မဆက်တော့ပေ။

သူမက မိသားစုနှင့်လည်း အဲ့သည်အတိုင်းပင်။ လိုအပ်သည်ထင်လျှင် သူမ တတ်နိုင်သလောက် လုပ်ပေးမည်။ သူမစိတ်ထဲ မတွေ့လျှင်၊ အပိုဟုထင်လျှင် သူမ ငြင်းဆန်ဖြစ်သည်။ တခါတရံ အိမ်နီးချင်းနှင့် ပြဿနာ များကို ပြောပြတတ်သည်။ နားထောင်ပြီးသော် အဲဒါ အမေတို့မှားတာ ဟုသော်လည်းကောင်း၊ အဲဒါ နင်တို့မှားနေတာလေ အငယ်မရဲ့ ဟုသော်လည်းကောင်း  ကောက်ချက် ချသလို ဘွင်းဘွင်းပြောတတ်ခဲ့သည်။

ခွေးချင်းကိုက်ရင်တောင် ကိုယ့်အိမ်ကခွေး နိုင်မှဟူသော အယူအဆမျိုးကို သူမက မနှစ်မြို့နိုင်သူ။  သွေးသားပင်ဖြစ်သော်လည်း အမှားဘက်ကဖြစ်နေလျှင် မရပ်နိုင်၊ သူစိမ်းဖြစ်သော်ငြား မှန်သည့်ဘက်မှဆိုလျှင် ခိုင်မာရပ်တည်တတ်လေ့သော သူမကို အားလုံးက ဥတလုံးမ၊ မိသားစုသံယောဇဉ်နည်းပါးလွန်းသူဟု တသံတည်း ဆိုတတ်ကြလေသည်။

မိသားစုသံယောဇဉ်နည်းပါးသူဟူသော ပြစ်တင်ပြောဆိုခြင်းမှာ သူမ စိတ်မကောင်းခြင်းကြီးစွာ၊ သို့သော် မတတ်နိုင်။ ကိုယ့်မိသားစုမှ ကိုယ့်မိသားစု၊ ကိုယ့်အတွက် ကိုယ့်မိသားစုကသာ အရေးကြီးဆုံးဟု သူမကိုယ်တိုင်က သဘောမထားနိုင်ပါ။ လူတိုင်း လူတိုင်းတွင် မိသားစုကိုယ်စီရှိကြသည်။ သူမတို့မိသားစု အရေးကြီးသကဲ့သို့ သူတစ်ပါးမိသားစုသည်လည်း ထပ်တူအရေးကြီးကြောင်း သူမ မမေ့ပေ။ သို့သော် သူမသည် မိသားစုအမြင်မှာပင် စည်းအပြင်ထွက်ရပ်နေသော အရိုင်းအစိုင်းတယောက်ဖြစ်လေသည်။

တခါတလေ သူမလည်း အများနည်းတူ အိမ်ကို လွမ်းတတ်ပါသည်။ သို့သော် ဖုန်းခေါ်လိုက်ဖို့ သူမ ဘယ်တော့မှ မကြိုးစားခဲ့။ အိမ်ကိုဖုန်းဆက်ပါဦးဟု စကားပါးမှသာ သူမ ဆက်သည်။ ဆက်သည့်အခါတိုင်းလည်း အမေ နေကောင်းရဲ့လား မေးပြီးလျင် ဘာဆက်ပြောရမည် မသိတော့။ ထို့ကြောင့် ဖုန်းအဆက်နည်းရသည်။ အမေ့ကို နောက်ချင်စချင်လျှင်တော့ “အမေက သမီး ဖုန်းမခေါ်လည်း ပိုက်ဆံမှန်မှန်ပို့နေရင် နေကောင်းနေတယ် မဟုတ်လား၊ ငွေက ဗီတာမင်လေ ဟဲဟဲ”ဟု ရိုက်ချင်စဖွယ်ပြောတတ်သည်။ “အဲ့လို ဘယ်ဟုတ်ပါ့မလဲ သမီးရယ်၊ အမေဆိုတာ သားသမီးအသံတော့ ကြားချင်တာပဲပေါ့”ဟုဆိုသည်။ သို့သော် အမေသည် သူမနှင့်ဖုန်းပြောပြီးသည်နှင့် နင့်အမကြီးကလေ ဆိုကာ အငယ်မကို သူမဘယ်လောက်ဆိုးကြောင်း ပြောတတ်တာ သူမ သိပါသည်။

ရှေ့က ထမင်းဘူးထဲမှာ ထမင်းရောဟင်းတွေပါ အေးစက်ပြီ။ စားချင်စိတ်တို့လည်း ပျောက်ဆုံးလျက် သူမ ထိုင်ရာမှ ထသည်။ ထမင်းဘူးကိုပိတ်ကာ ကြွတ်ကြွတ်အိပ်ထဲပြန်ထည့်ပြီး အမှိုက်ပုံးထဲ လွှင့်ပစ်လိုက်တော့ သည်။ စားလိုစိတ်ပျောက်၍ ဝမ်းဟာသော်မှ တင်းခံပိတ်ဆို့နေသော စိတ်အကြေအမွတို့နှင့် ရင်သည် ပြည့်လျက်ရှိလေပြီ။

ဘယ်လိုပဲတွေးတွေး သူမကိုယ်သူမ မကြေနပ်နိုင်။ ဘာကိုမကြေနပ်မှန်းလည်း မသိနိုင်ဘဲ၊ သူမစိတ်၊ သူမအချိုးအချိတ်တို့ကို မပြင်နိုင်ပြန်ချေ။ သည်လိုပဲ ထင်ရာ လုပ်၊ ပျော်အောင် နေ၊ ခေါင်းမာဆဲ၊ စိတ်စေရာ သွားဆဲ၊ အချိန်တန်တော့ သေခြင်းတရားနှင့် ချိန်းဆိုမထားပါဘဲ တွေ့ရဦးမည်။ မထင်မှတ်ထားသောနေရာမှာ ရုတ်တရက်ဆိုသလို ဗြုန်းကနဲလည်း ဖြစ်နိုင်သေးသည်။  အဲသည့်အခါ ခွေးလေလွင့်တကောင်လို ရောက်ရာနေရာမှာ တိတ်တိတ်သေဆုံးမည်လေ။ သည့်ထက်ပို၍ ဘာကိုမှ မမျှော်လင့်ပါ။ သူမသည် ဘယ်သူတဦးတယောက်အတွက်မှ ဘာမှ မဟုတ်ခဲ့သူ။ စိတ်မနာနိုင်အောင်သာ ကြိုးစားရပါသည်၊ ခန္ဓာတခုလုံး၊ ရင်တခုလုံးကတော့ ပြာကျနေရသည့်အဖြစ်။ လူ မသိ၊ သူ မသိ….လိမ္မာသယောင် မိုက်မဲရသည်။ ပျော်ရွှင်သယောင် ငိုကြွေးရသည်။ တော်ရာမှာ နေရသည်။ ဘဝကြီးဟာ နကိုကမှ နေပျော်စရာ မကောင်းပေဘဲ။

ညက အမေ့ကို အိပ်မက် မက်သည်။ အမေက သနပ်ခါးအဖွေးသားနှင့်။ အဲသလိုဆို အပြင်မှာ နေထိုင်မကောင်းဖြစ်တတ်သည်ဟု ကြားဖူးသည်။ သို့သော် အဲဒါတွေကို အယူ မရှိ၊ အယုံအကြည် မရှိဟူသောစိတ်က လူကို တောင့်ခံထားစေသည်။ စိတ်နှင့်ကိုယ် မကပ်ဘဲ၊ အလိုမကျဖြစ်နေလျက်က ဖုန်းဆက်လိုက်ဖို့ကို စိတ်နှင့်ကိုယ် အလိုမတူပြန်။ 

ဘိုက်ထဲက ခုမှ ဟာလာသည်။ ဟုတ်တိပတ်တိမှ မစားဖြစ်တာဘဲ။ ဆာလောင်စိတ်နှင့်အတူ ဝမ်းနည်းစိတ်က ထပ်ချပ်မကွာ လိုက်ပါသည်။ သူမ မသိနိုင်ခင်မှာ သူမပါးပေါ်မှာ မျက်ရည်စီးကြောင်းတွေ…။ မျက်ရည်ပေါက်တွေ တလိမ့်လိမ့်ကျ၍ လာလေသည်။ သူမရင်ထဲက ဝဋ်ဆင်းရဲတွေ သူမပါးပေါ်အရည်ပျော်ကျလာသလို ပူလောင်လွန်းသည်။

မနက်လင်းလျင်တော့ အမေ့ဆီ သူမ ဖုန်းဆက်လိုက်ချင်သည်။ အမေ့ဆီက ထေ့ငေါ့စကားတခွန်း၊ သို့မဟုတ် များစွာ…။ သူမ ကြားရနိုင်ကောင်းသည်။ ဘာပဲဖြစ်ဖြစ် အမေ့ကို စကားလေးတခွန်းတော့ သူမ မေးလိုက်ချင်လှသည်။

အမေ  နေကောင်းရဲ့လား….




ဒီပိုစ့်လေးကို အန်တီတင့် တက်ဂ်ထားတဲ့အတွက်၊ BPP ချဲလင့်အတွက် ရေးဖြစ်ပါတယ်။  ကျေးဇူးပါ တီတင့်ရေ၊ တကယ်တော့ ခုတလော စာမရေးချင်သေးဘဲ ပျင်းနေမိတာ  :)

တိမ်မျှားသူ

$
0
0
တိမ်တွေကို ဘယ်လိုကဘယ်လို ဘယ်အချိန်ကစပြီး စိတ်ဝင်စားသွားမှန်း သူမကိုယ်တိုင် မသိလိုက်ပါ။ သတိထားမိချိန်တွင် တိမ်တွေဆီမှာ သူမ အလုံးစုံနစ်ကျွံနေပြီးဖြစ်သည်။

ပုံမှန်အားဖြင့်တော့ တိမ်တွေကို နောက်ခံအပြာရောင်မိုးသားပေါ်မှာ တအိအိလွင့်မျောနေသော အဖြူရောင် သို့မဟုတ် အဖြူပေါ်တွင်မီးခိုးစွက်သော မီးခိုးရောင်မွမွအလိတ်အစိုင်ကြီးများ အဖြစ်သာ မြင်တွေ့ရတတ် သည်။ ထုထည်ကြီးမားသော တိမ်စိုင်များ၊ သေးမျှင်ပါးလျသော တိမ်လွှာများ၊ ငါးကြင်းမြီးကွက်ပုံဟန် အကွက်အကွက်လက်လက်ထနေသော တိမ်ပွင့်များ၊ မျဉ်းပြိုင်များ ပစ်ချထားသလို အစင်းလိုက် အချောင်းလိုက်ဆန့်တန်းနေသော တိမ်ကန့်လန့်စင်းများ၊ အဖြူနှစ်ရောင်ဝါဂွမ်းစများ အား နောက်ခံကောင်း ကင်ပြာကြီးထဲ ဗြန်းကနဲကြဲပက်ထားဟန် ဟိုဒီတစ တိမ်ဆုပ်တိမ်ခဲများ၊ ပုံသဏ္ဍာန် အရွယ်အစား မတူညီသော ပုတီးစေ့များ တစ်လုံးစီ၊ တစ်စုစီ စုဝေးနေသလို တိမ်လုံးတိမ်စုများ စသည်ဖြင့် တိမ်များကို ပုံစံအမျိုးမျိုး ကွဲပြားစွာ တွေ့မြင်ရလေ့ရှိပါသည်။


မနက်လင်းစ နေရောင်နုပျော့ပျော့အောက်မှာ နေအလင်းစနှင့်ဖျန်းပက်ထားသော ငွေနားကွပ်တိမ်စိုင်တွေကဖြင့် သူမအာရုံကို အထူးဖမ်းစားနိုင်လေသည်။ ခါတစ်ရံ မနက်ခင်းများမှာတော့ တိမ်များသည် သခွားခြစ်နှင့် အခြစ်ခံထားရသည့်ပမာ အစင်းလိုက် အမွှာလိုက် တစ်စစီ တစ်မျှင်စီ လွင့်မျောနေတတ်ပြန်သေးသည်။
ထို့ထက် နေရင့်၍ တဖြည်းဖြည်းမြင့်တက်လာသော် ပြင်းသောနေရောင်အောက်၊ တိမ်တို့၏ အဖြူတောက်တောက်မှာ ပိုသာထင်လင်းကာ အပြာအဖြူကို စုံမက်တွဲဖက်လျှက် တွေ့ရသည်က ရွှင်လန်းအားရကြေနပ်မှုကို ပေးစွမ်းပြန်သည်။ နေ့လည်ခင်းတိမ်များမှာ ပူပြင်းသောနေကို အန်တုဖို့ရန်ထင့်၊ အလိပ်လိုက် အဖွဲ့လိုက် အိစက်သိုင်းဝိုင်းနေတတ်ကြသည်။


ညနေချိန်များတွင်မတော့ အိပ်တန်းတက်လု လိမ္မော်နီရောင်နေလုံးကြီးမှပက်ဖျန်းသော အရောင်အဝါသည် တိမ်စိုင်တို့အား အံ့သြမင်သက်ဖွယ် လှပဆန်းကြယ်စေပြန်သည်။ ထိုအချိန်တွင် တိမ်တို့၏အရောင်သည် လိမ္မော်ရောင်၊ ပုဇွန်ဆီရောင်ကဲလျက် တောက်ပသော အနားသတ်အရောင်များနှင့် သူမကို ညှို့ယူနိုင်ချိန်ဖြစ်သည်။ ထိုအချိန်များမှာ သူမ အိမ်ပြန်ချိန်ဖြစ်တတ်သည်။ အိမ်ပြန်ချိန်မို့ သွက်လက်ပေါ့ပါးသောခြေလှမ်းများမှာ တိမ်သွေးတိမ်ရောင်များကြောင့် ပိုလို့ပင် အရောင်စုံ ဆင်မြန်းတော့သည်။ ပုဇွန်ဆီရောင်၊ ဝါလိမ္မော်သွေး၊ မရမ်းရောင်၊ ခရမ်းရေးရေးတို့နှင့် တိမ်တို့၏ ဆည်းဆာသည် တခဏရပ်၍မျှပင် ကြည့်ယူရသည်အထိ စိတ်ဘဝင်ကြည်နူးလှုပ်ရှားစေတော့၏။


ဤသို့လျှင် မနက်ခင်းမို့၊ နေ့လည်ခင်းချိန်…၊ ညနေဆည်းဆာ ကွဲပြားချိန်များအတိုင်း မတူသော တိမ်အထုအထည် အရွေ့အလျား အသွေးအရောင်များကို သူမ သတိထားကြည့်ရှု့ရုံမျှမက တမေ့တမော ငေးမောစောင့်ကြည့်တတ်လေပြီ။ သူမသိလိုက်ရသည်မှာ တိမ်တွေ ဖမ်းစားတတ်ကြောင်း၊ ထိုသို့ သူမ သိလိုက်ခြင်းသည် ထိုအချိန်မှာ နောက်ကျနေခဲ့ကြောင်း သူမ ကောင်းကောင်းကြီး သိလိုက်ပြီဖြစ်သည်။ ကောင်းကင်၌ တိမ်ကင်းစင်သောအခါများတွင်မူကား သူမစိတ်ထဲ တစ်ခုခုလိုနေသလိုလို ဟာနေတတ်သည်။ သူမ နေထိုင်မကောင်းတတ်သလို တိမ်များရော နေထိုင်ကောင်း ပါလေစ၊ ကျန်းမာပါလေစဟု စိုးထင့်မိတတ်သေး၏။

တိမ်တွေ ဘာမှ မစားကြဘူးလား…..။ တိမ်တွေမှာ တိမ်သွားရာ စွပ်ကြောင်းတစ်ခု ရှိမည်လား….။ တိမ်တွေသည် သူမလိုပဲ သကြားမပါ၊ ရေခဲနည်းသော ကဗ္ဗလာဖျော်ရည်တစ်ခွက်ကို ခံစားသောက်သုံး တတ်ကြပါ့မလား….။ တိမ်တွေသည် အောက်ခြေလွတ်နေသူများလား။  မြေပြင်ပေါ်ကို ဘယ်တော့မှ ဆင်းမလာကြတော့ဘူးလား…။

သူမစိတ်ထဲ တွေးနေမိသည်။ ထိုသို့တွေးမိတော့ တိမ်တွေဟာ သနားစရာ၊ တစ်ချိန်တည်းမှာပင် ချဉ်စုတ်ချင်စရာဟု သူမ ထင်သည်။

တိမ်တွေမှာ ကိုယ်ပိုင်အရောင်ရှိရဲ့လား။ နေမင်းကြီးရဲ့ အရောင်ဖျန်းပက်မှုနှင့်သာ သူတို့ အရောင်စိုလက်ကြရတာများလား။ တိမ်တွေဟာ လေယူရာအတိုင်း၊ လေရဲ့လားရာအတိုင်း အလိုလိုက်ရွေ့လျားနေကြရတာကတော့ဖြင့် ပျော့ညံ့လွန်းသည့်တိမ်တွေပါပဲဟု သူမ မြင်သည်။ တိမ်တွေ၏ ပုံသဏ္ဍာန်၊ အရောင်အဆင်း၊ လားရာသည် ရာသီကို မှီသည်၊ နေမင်းကြီး၏အရောင်တွင် တည်သည်၊ လေနတ်သား၏ အဝေ့အဝဲ၌ ခိုတွယ်စီးမျောသည်။ သည်လိုဆိုတော့ တိမ်တွေမှာ ကိုယ်ပိုင်ဆိုလို့ ဘာများ ရှိပါလိမ့်….။

သို့တိုင်အောင် တိမ်တွေကို သူမ ချစ်မြဲ၊ တိမ်တွေကို မော့မကြည့်ရ၊ မနေနိုင်ဖြစ်မြဲတည်း။

လမ်းမပေါ်ရောက်ကာမှ တိမ်များကို ငေးမော့ကြည့်တတ်လေ့သော သူမသည် သူမအိပ်ရာဘေး ပြတင်းပေါက်ဘောင်နှင့် အဆန့် မြင်နေရသောတိမ်များကိုပါ မက်မောစွာကြည့်တတ် လာခဲ့ချိန်တွင် အိမ်သားများ၏ ခပ်စိမ်းစိမ်းအကြည့်ကိုပါ လက်ခံခဲ့ရလေသည်။

တိမ်တွေ လမ်းလျှောက်တတ်သလား…..

တစ်ခါသားတွင်မတော့ ပြတင်းပေါက်အလယ်တည့်တည့်၌ ငုတ်ကလေးတစ်ချောင်းစိုက်ကာ တိမ်များ၏ အရွေ့အလျားကို စောင့်ကြည့်နေခဲ့ဖူးသည်။ တိမ်စိုင်များသည် ပြတင်းပေါက် ညာဘက်ထောင့်ဆီမှ တရွေ့ရွေ့လွန့်ကာ ငုတ်တိုင်ကလေးကိုကျော်ဖြတ်၍ ဘယ်ဘက်ထောင့်သို့ ချဉ်းကပ်လာချိန်မှာ သူမ ရင်ခုန်စွာပြုံးမိရသည်။ သေချာပြီ၊ တိမ်များ သွားလာလှုပ်ရှားတတ်သည်ပဲ....။ တစ်နေ့မှာ တိမ်တွေ သူမဆီ ရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မည်လဲ...။

ထိုနေ့မှစ၍ တိမ်တွေကို သူမ မျှားတတ်ခဲ့ပါသည်....

မျက်စေ့နှင့် မျှားသည်။ အကြည့်တို့နှင့် ချည်နှောင်သည်။ နှုတ်ခမ်းတွေနှင့် မျှားသည်။ စကားလုံးတွေနှင့် ဆွဲညှို့သည်။ အပြုံးများနှင့် ခေါ်ယူသည်။ နှလုံးသားနှင့် ချိတ်ယူသည်။

တစ်နေ့တစ်နေ့ တိမ်တွေ အရောင်ပြောင်းသွားတိုင်း ဆန်းကြယ်လျှို့ဝှက်သော တိမ်များ၏အရောင်မှာ သူမ ရယ်မြူးရသလို ဝမ်းနည်းခံစားရတတ်သည်။ အရောင်မပြောင်းပါနဲ့လား တိမ်တွေရယ်….။

တိမ်တွေကိုမော့ကြည့်ကာ လမ်းလျှောက်စဉ် တိမ်တွေသည် သူမရှိရာ ပြေးဝင်လာသလို ထင်မိတတ်သေး သည်။ ထိုအခါမျိုးမှာ သူမကိုယ်လေးကို အတတ်နိုင်ဆုံး သေးကွေးကျုံ့ထားမိသည်။ တိမ်တွေ သူမကို သိမ်းပိုက်ယူငင်သွားပါစေလေ…..။ 

တိမ်တွေသည် သူမကို ထိတွေ့ရုံကလေး၊ ဖြတ်သန်းသွားသည်ဆိုရုံကလေး သူမကိုယ်ကို ထွင်းဖောက်လျက် ကျော်လွန်သွားချိန်မှာတော့ သူမ ဝမ်းနည်းရပြန်သည်။ သူမရင်ခွင်ထဲ ပြိုဝင်ထိုးဆင်း လာပြီးမှ တိုးဝှေ့ဖြတ်သန်းသွားလေသောအခါ နာကျင်လျက်က တိမ်များ၏အထိအတွေ့၌ သူမပျော်ဝင် သာယာမိပြန်သည်။

သူမ ရှိနေကြောင်းပင် တိမ်တွေ သိပါလေစ။ မြေပြင်အောက်မှာ ကပ်လျက်ရပ်ကာ သူတို့ကို မော် ကြည့်နေသော မိန်းမတစ်ယောက် သက်ရှိထင်ရှားရှိနေသေးကြောင်း သူတို့ အသိအမှတ်မှ ပြုပါလေစ။ 

တိမ်တွေကိုရယူဖို့ ကြိုးစားမိသောအခါ သူမငယ်ငယ်က ကိုယ်အလင်းရောင်ထိန်ဝင်းသော ပိုးစုန်းကြူးကလေးကိုဖမ်းကာ ပုလင်းထဲထည့်ပြီး မွေးထားဖူးသည်ကို သတိရမိသည်။ နေ့နေ့ညည အားရအောင်ကြည့်ပြီးမှ ပုလင်းအဖုံးကိုဖွင့်ကာ ပြန်လွှတ်ပေးလိုက်ဖြစ်သည်။ ခုလည်း တိမ်တွေကို သူမ လိုချင်သည်။ တိမ် လက်တစ်ဆုပ်စာလောက် ခူးယူလို့ရလျှင် ကောင်းမည်။ ပုလင်းလွတ်ထဲ ထည့်ကာ သေသေချာချာ အဖုံးလုံအောင်ပိတ်လျက် ဘယ်တော့မှ ပြန်မလွှတ်ဘဲထားရမည်။

တိမ်တွေ အသက်ရှူ ဝ ပါ့မလား။ သူမ တွေးပူပြန်သည်။ သူတို့ သိပ်ကျဉ်းကြပ်နေမှာပဲ။

တိမ်တွေသည် သူတို့နောက် လိုက်လေ၊ သူမနှင့် ဝေးရာသို့ ပျံသန်းလေဖြစ်ကြောင်း သူမ သိရှိရသောအခါ နင့်ကနဲ ဝမ်းနည်းသွားခဲ့ဖူးသည်။ တိမ်တွေဟာ မြေပြင်နှင့်အထက် မိုင်ပေါင်းသောင်းချီသောအမြင့်မှာ တည်နေကြောင်း သူမ သိပါသည်။ ထို့ကြောင့် တိမ်တွေကို မျှားခြင်းသည် ကန်ထဲရှိရောင်စုံငါးများကို မျှားရသလို လွယ်ကူမည်မဟုတ်ကြောင်း သူမ သေချာသိသည်။

တစ်နေ့မှာ ကောင်းကင်အမြင့်ကြီးပေါ် သူမ ရောက်သွားသည်။ အေးစက်ကျင်ခဲနေသော လေထုကြောင့် သူမ လက်ကလေးနှစ်ဘက်ကို တင်းတင်းပိုက်ထားလိုက်မိ၏။ သူမတစ်ကိုယ်လုံး လေထုထဲမှာ လွင့်ချင်ရာ လွင့်နေတော့သည်။ တွေ့ပါပြီ။ သူမ သိပ်မက်မောလိုချင်ရသော တိမ်စိုင်ဖြူလွများ….။

တိမ်တွေရှိရာ တစ်ဟုန်ထိုး ပျံသန်းသွားလိုက်သည်။ ကိုယ်ပေါ်မှ အဝတ်အစားများသည် လေအဟုန်ကြောင့် တဖျတ်ဖျတ်လွန့်လူးလျှက်။ သူမဝန်းကျင်သည် မြူတွေဆိုင်းလာသလို၊ သူမ မြင်နေရသည်က အဖြူပိတ်ပိတ်များသာ။ ဘေးဘီဝဲယာရှိ ပိန်းပိတ်နေသောအဖြူများကြားမှာ သူမ တစ်ကိုယ်လုံး ကြောက်စိတ်နှင့် အေးခဲမတတ်။ ဒါတွေသည် သူမချစ်သော တိမ်စိုင်တွေတဲ့လား….။

တိမ်ဆိုသည်မှာ ငွေ့ရည်ဖွဲ့ဖြစ်တည်နေသော အထည်အစိုင်မျှသာ တဲ့။ ဟိုး မြေပြင်ကနေ ကြည့်ရှု့ လှပခဲ့သော တိမ်တွေသည် အနီးကပ်ထဲထဲဝင်ဝင်အမြင်မှာ ပြန့်ပိန်းနေသော အဖြူရောင်အမှုန်မျှသာ။ သူမရှေ့မှာ ပိန်းပိတ်နေသော အဖြူပိတ်နံရံအလွှာကြီးတစ်ခုသာရှိသည်။  

တိမ်များကို သူမလက်ခုပ်ထဲ ထည့်ယူဖမ်းဆုပ်ကြည့်မိပြန်တော့ ဘာမှ ပါမလာ၊ ဗလာမျှသာဖြစ်သည်။
နီးလွန်းလျှင် မမြင်နိုင်ရာ….။ အရာအားလုံးသည် ဝေဝါးမှုန်ရီစွာ….။

နောက်တစ်နေ့မှာ သူမ အပြင်းဖျားတော့သည်။ နှစ်ရက်တိုင်တိုင် ထမင်းမေ့ ဟင်းမေ့ တိမ်များကို ငေးမော့ ကြည့်နေပြီးသော တတိယမြောက်ရက်မှာ ဖြစ်သည်။ သူမန္ဓာကိုယ်ထဲ ဆေးရည်များသွင်းပြီးသော ဒုတိယမြောက်နေ့မှာ သူမ သတိပြန်လည်ရလာသည်။

သူမမျက်ဝန်းများကို အားယူဖွင့်လိုက်သော် ကြည့်လေရာရာမှာ တိမ်များကိုသာ မြင်သည်။ မျက်ဝန်း များကို မှေးမှိတ်ထားသော်မှ တိမ်များသည် မျက်ဝန်း၏အတွင်းဆုံးနက်နက်မှာ ရှိနေသည်။ ဘယ်လိုမှ ဖျောက်မရတော့ချေ။ သူမ ဝမ်းသာသွားသည်။ သူမ ပိုင်ဆိုင်ပြီ။ သူမ ရလိုက်ပြီ။ တိမ်များသည် သူမမျက်ဝန်းအတွင်းမှာ…..။  သူမမျက်ဝန်းအတွင်းမှာ တိမ်များကို သိမ်းဆည်းလိုက်နိုင်ပြီ ဖြစ်သည်။ တစ်နည်းဆိုရသော် တိမ်များကို မျက်ဝန်းများနှင့် သူမ မျှားယူနိုင်ခဲ့ပြီတည်း။

ထိုနေ့မှစ၍ သူမသည် တိမ်များကို မော်ကြည့်၍သော်လည်းကောင်း၊ သူမပြတင်းပေါက်မှ တစ်ဆင့်သော်လည်းကောင်း တိမ်များကို ကြည့်မနေတော့၊ ကြည့်နေဖို့ရန် မလိုအပ်တော့ပေ….။



Merry X'mas & Happy New Year နှင့် အန်တီစီကေအေ

$
0
0
ဘာလိုလိုနှင့်၂ဝ၁၄လို့ နာမည်တပ်ခံထားရတဲ့နှစ်တနှစ် မကြာခင်မှာ ကုန်ဆုံးတော့မည်။ ၂ဝ၁၅လို့ ကျွန်မတို့အားလုံးသတ်မှတ်ထားကြတဲ့ နှစ်အသစ်တနှစ်ထဲ စီးမျောနေထိုင်ကြရဦးမည်။ တကယ်တော့ ဒါဟာ ဘာမှထူးဆန်းတဲ့ကိစ္စလည်း မဟုတ်ပါဘဲ။  နေထိုင်ရှင်သန်ခွင့်ရနေကြတဲ့ ကာလ အပိုင်းအခြားတစ်ခုကို ကြံဆစ်တွေလို ဆစ်ပိုင်းကြည့်နေကြလို့သာရယ်။

သံသရာက မလွတ်မြောက်နိုင်သေးသရွေ့ မဆုံးနိုင်သေးတဲ့ကာလရှည်ကြီးပဲ မဟုတ်လား။ အဲသည်ကာလရှည်ကြီးတစ်ခုကို လောကီသုံးလွယ်ကူအောင် ပညတ်တင်မှတ်ကြသည်။ သမုတိ သစ္စာ… လောကီအရ မှန်ကန်မှူတစ်ခုအနေနှင့် ကျွန်မတို့အားလုံး လက်ခံထားကြ ရသည်။ ဖြတ်သန်းနေစဉ် ခရီးရှည်ကြီးတစ်ခုကို နာရီ နေ့ရက် လတွေ နှစ်တွေနှင့် မှတ်ကြသည်။ နေနှင့် ကမ္ဘာကြီးတို့တစ်ပတ်လည်မှုအပေါ်တည်မှီပြီး ထုံ့ပိုင်းမှတ်သားကြသည်။

တကယ်တော့ ပုံမှန်နေ့ရက်တွေထဲက တစ်ရက်မျှသာ။ ခုတစ်ညအိပ်ပြီး နောက်တမနက် မိုးလင်းသည့်အတိုင်းသာ၊ နာရီလက်တံတစ်ခုကနေ အနီးဆုံးနောက်လက်တံတစ်ခုကို ပြောင်းရွှေ့ခြင်း မျှသာပါပဲ။  ထားပါတော့။ လူသားတစ်ယောက်အနေနှင့် ကိုယ်နေထိုင်ဖြတ်သန်းခဲ့သော မကြာခင်မှာ ကုန်ဆုံးသွားတော့မည့်နှစ်တနှစ်အား သတိတရကျေးဇူးတင်စွာ ပြန်ငဲ့ကြည့်ဖြစ်ခဲ့ပါသည်။ 

ငဲ့ကြည့်မိစဉ်ပထမဆုံးအတွေးမှာ ၂ဝ၁၄ဟာ ကျွန်မအတွက် ကောင်းသောနှစ်၊ ဆိုးသောနှစ် ရယ်လို့ နှစ်တနှစ်အပေါ်ပုံချပစ်ရမှာ မတရားရာများကျလေမလားဟုပင်။

"ဟဲ့ မယ်နု သူ့ကြွေးရှိက ဆပ်ရလိမ့်"ဆိုတာလို...။ 

မမြင်နိုင်သော အပိုင်းအခြားတစ်ခု၌ ပြုကျင့်ခဲ့ဖူးသော ကုသိုလ် အကုသိုလ်တို့၏ တစ်ပါတည်း နောက်က လိုက်နေမှုအပေါ်  ကြေနပ်သည်ဖြစ်စေ၊ မကြေနပ်သည်ဖြစ်စေ၊ ပျော်ရွှင်သည်ဖြစ်စေ၊ နာကျင်ရသည်ဖြစ်စေ လက်ခံရုံ။ ကျွန်မ၌ ငြင်းပယ်ခွင့်လည်း ရှိမှ မရှိပါလေ။ အဲသည့်အခါ ငါ့ကျမှ ဖြစ်ရလေခြင်း ဆိုတာတွေ ပျောက်သွားကာ အသံမထွက်နိုင်ဘဲ အံကြိတ်၍သာ နေတတ်လာသည်။ တေးထားခြင်းကား မဟုတ်၊ နာကျင်လွန်း၍သာ အံကြိတ်မိပါသည်။ ဘယ်သူမပြု မိမိမှုပါပေ...။

ပြီးခဲ့သောနှစ်က ဖြစ်ဖြစ်သမျှကို ပြန်လည်ယူဆောင်၍ အာရုံ၌တင်လျှင် အရင်ဦးစွာ သတိရမိသည်မှာ ကျန်းမာရေးပင်ဖြစ်သည်။ လေးဆယ်ကို တော်တော်လေးကျော်လာသော မိန်းမတစ်ယောက် အတွက် နှစ်ဆယ်ကျော်-သုံးဆယ်မိန်းမတစ်ယောက်၏ ကျန်းမာရေးနှင့် မတိုင်းထွာ လိုပါ။ လေးဆယ်ကျော် မိန်းမတို့၏ဖြစ်နေကျ ရောဂါဇယားအတိုင်း  ကျွန်မ၌ အကုန်လုံးရှိလေသည်။ သက်သက်သာသာနေသော်မှ မသက်သာ။ သည်နှစ်ပိုင်းအတွင်းမှာ သိသိသာသာ၊ ဘယ်လောက်ပင် အိပ်စက်စေကာမူ မနက်လင်းသည်နှင့် နွမ်းနေသောပန်းတစ်ပွင့်လိုသာ ရှိရသည်။ ကြည်လင်စွာနိုးထ လန်းဆန်းရသောနေ့များ လက်ချိုးရေလျှင်ပင် ရလောက်သည်။ ကိုယ်တွေလက်တွေ ညောင်းညာ ကိုက်ခဲသည်ဆိုတာကတော့ စကားအနေနှင့်ပြောလျှင်ပင် အပ်ကြောင်းထပ်၍ ရှက်စရာဖြစ်တော့မည်။

ဘာရောဂါမှလည်း ပြောရလောက်အောင် မယ်မယ်ရရ မရှိ။ chest pain-ဘယ်ဘက် ရင်ဘတ်အောင့်ပြီး ဆေးခန်းရောက်သွားသောနေ့တွေမှာ ECG ရိုက်တိုင်း နှလုံးရောဂါရှိပါစေ ဆုတောင်းရသည်။ မကြာခဏ တရှောင်ရှောင်နာမကျန်းဖြစ်နေမှုအတွက် ဖွယ်ဖွယ်ရာရာနာမည်လေးတစ်ခု တပ်ချင်မိသည်။ ခုလို ရောဂါအကောင်အထည် နာမည်ပြစရာမရှိတာသည်ပင် မျက်နှာငယ်ငယ် အားငယ်ရသေးသည်။

ထုတ်ပစ်ခဲ့ရသော သည်းခြေကြောင့် အစာမကြေဖြစ်မှုကတော့ မြင်သာလွန်းစွာ၊ အသည်းတစ်ခုထဲ၏ စွမ်းဆောင်နိုင်မှုဖြစ်သော အစာချေ အဆိပ်ထုတ်ခြင်းသည် သည်းခြေမရှိတော့သောအခါ စစ်တလင်းဝယ် နောက်လိုက်ဗိုလ်ခြေ မပါဘဲ တစ်ဦးတည်းထွက်တိုက်နေရသော စစ်သူကြီးနှင့် အလားတူည်။ အစားလေး နည်းနည်းများလိုက်သည်နှင့် အကုန်ပြန်အန်တာမှ ဘိုက်ထဲက ကလီစာတွေတောင် အပြင်ကို တစ်ခါထဲ ပါသွားပြီလားထင်ရသည်။ ပြီးတာနှင့် အန်ရလွန်းသောကြောင့် လူက မျော့ကာ ပုံလဲလုလုအခြေအနေရောက်ရပြန်သည်။ သည်တော့ အစာကို မည်မျှပင်ကြိုက်သော်ငြား အများကြီး မစားသင့်ဟု ကိုယ့်ဖာသာဆုံးဖြတ်သည်။ တစ်ဖန် ကြိုက်သောအစာများကို မြင်အပ်သည်ရှိသော် ထိုဆုံးဖြတ်ချက်ကို ကိုယ့်ဖာသာ သတိရလျှက်က မေ့ချင်ယောင်ဆောင်ရသည်။ ဤသို့လျှင် စားလိုက်-အန်လိုက်သံသရာ၌ ခွေပျော့နေကျင့်ရလာတော့သည်။

နာကျင်ရောဂါတွေများတော့ ခန္ဓာ၏အပြစ်ကို ကွက်ကွက်ကွင်းကွင်းမြင်တာပေါ့ဟု အကောင်းဘက်က တရားရသယောင် လှည့်တွေးရသည်။ တကယ်တော့ တရားရခြင်းမဟုတ်၊ သံဝေဂရခြင်း၊ တရားရခြင်းနှင့် စိတ်ဓါတ်ကျဆင်းခြင်းတို့သည် ဆင်တူသယောင်နှင့် ကွဲလွဲလှသည်။ ခန္ဓာကြီးဟာ အပြစ်ချည်းပါလား၊ မမြဲတဲ့တရားပါလားဟု နာစဉ်မှာ တွေးတောခြင်းသည် တရားအစစ်ရခြင်း မဟုတ်၊ နေထိုင်မကောင်းစဉ် သက်သာလိုသက်သာငြား ဖြေတွေးခြင်းမျှသာဖြစ်သည်။ နာမကျန်းနေခိုက် စိတ်သွားတိုင်း ကိုယ်မပါမှု အပေါ် စိတ်ဓါတ်ကျဆင်းခြင်းသာ ဖြစ်လေသည်။ တကယ့်တကယ် နေထိုင်ကောင်းသောအခါ (ခေတ်စကားနှင့် ပြောရလျှင်) ပြန်လည်၍ ဖလမ်းဖလမ်းထမြဲ၊ အတောင်ပံပြန်ခတ်မြဲ၊ ခန္ဓာ၏ အချိန်နှင့် အမျှ ဖြစ်ပျက်ပြောင်းလဲလျက်ရှိသော အပြစ်အနာအဆာ၊ အသေအပျက်များကို မတွေ့ မသိ၊ သတိမမူ မေ့လျော့မြဲပင်တည်း။

ကျန်းမာရေးပြီးသော် အလုပ်အကိုင်အကြောင်း ပြောချင်သည်။ မှတ်မှတ်ရရ သည်အလုပ်ကို အင်တာဗျူး သွားရစဉ် ဖေ့စ်ဘုတ်ပေါ်တက်ကာ စတေးတပ်စ်တင်ဖြစ်ခဲ့သည်။ သည်အလုပ်ကို ရချင်လွန်းသောကြောင့် (ဆုတောင်းခြင်းအမှုကို မယုံသော်ငြား စိတ်အင်အားတစ်ခုအဖြစ်နှင့်) “ရပါစေ ဆုတောင်းပေးကြပါ အခု အင်တာဗျူးသွားနေတယ် လမ်းမှာ”ဟုဆိုကာ ဆယ်လ်ဖီလိုက်သေးတာ မှတ်မိသည်။ တကယ်လည်း သည်အလုပ်ကိုရခဲ့တော့ ကိုယ်လိုချင်သောအလုပ်မို့ ကြေနပ်မှုက ပြောပြနိုင်ဖွယ်မရှိ။

တကယ့်တကယ်အလုပ်ဝင်ရသောအခါ မျှော်လင့်ထားသည်ထက်ပိုသော စိမ်ခေါ်မှုများအတွက် တွေ့ကြ ပြီ ပေါ့ကွာဟုဆိုကာ အားရကြေနပ်ရမည်လား၊ သည်ခက်ခဲတဲ့အလုပ်ကိုမှ ရွေးချယ်မိတာ မှားတာပဲဟု ဆိုကာ စိတ်ပျက်လက်လျှော့ရမည်လားပင် မသိ။ မကြာပါ၊ ကျွန်မနှင့်အလုပ်၊ အလုပ်နှင့်ကျွန်မ တစ်သားတည်း ဖြစ်သွားကာ အိမ်ပြန်ချိန်ပင် မေ့လျော့ရသည်အထိ။ သို့သော် စိတ်နှစ်ကိုယ်နှစ် ပင်ပမ်းရသမျှ အထက်လူကြီးများ၊ ကိုယ်နှင့်အတူ လုပ်ဖော်ကိုင်ဘက်များ၏ အသိအမှတ်ပြုမှုအပေါ် ဝမ်းသာရသည်။ ကုမ္ပဏီကြီးများ၏ထုံးစံ လူတစ်ဦးချင်းစီ၏ လုပ်ရည်ကိုင်ရည်ကို လစဉ်စာရင်း ဇယားများအပေါ်မှာ မူတည်ကာ တွက်ချက်အဖြေထုတ်လေ့ရှိတာမို့ တစ်ယောက်ချင်းစီ၏ ကြိုးစားလုပ်ကိုင်မှု ရလာဒ်သည် ညာ၍ မရနိုင်ပါပေ။ အချုပ်ဆိုရလျှင် အလုပ်အကိုင်နှင့်ပတ်သက်၍ ကိုယ့်ကိုယ်ကို ကြေနပ်အားရခဲ့သည်ဟု ဆိုချင်ပါသည်။

နောက်ဆုံးငဲ့ကြည့်မိသည်က လူမှုဆက်ဆံရေးဖြစ်သည်။ အသက်သာ လေးဆယ်ကျော်ကြီး ဖြစ်လာပြီ၊ လူမှုဆက်ဆံရေးနှင့်ပတ်သက်လျှင် ကျွန်မက ခုထိ သင်ယူနေရတုန်းပင်ဖြစ်သည်။ အစစ်မှန်း အတုမှန်း ရေရေရာရာ မကွဲပြားသောမျက်နှာများထဲမှာနေထိုင်ရင်း သေသည်အထိလည်း သင်ယူရဦးမှာ သေချာသည်။ ကျွန်မ အဘိုးပြောခဲ့သလို အဖြောင့်တိုင်းသာထား၊ ဘယ်လောက်လာ ချိတ်ချိတ် မချိတ်မိနိုင်ဘူးဆိုသည်မှာ မှန်လွန်းလှသည်။ အဖြောင့်အတိုင်းထားနိုင်ဖို့သာ ကျွန်မ ကြိုးစားရပါသည်။

လူတွေမှာ ဘာသာစကားရယ်လို့ကွဲပြားနေကာ ဘယ်လိုဘာသာစကားမှ မပြောဘဲ စိတ်ချင်းဆက်သွယ် ပြောဆို သိနားလည်လို့ရစေနိုင်လျှင် ဘယ်လိုများနေပါ့ဟု တွေးမိဖူးသည်။ သည်လို ဆိုရင်တော့ဖြင့် ကြောက်မက်ဖွယ်ဟု ချက်ချင်းပင် အတွေးဝင်သည်။ 

လူ့စိတ်ဟူသည် ဘယ့်ကလောက်များ ဖြူစင်သောအရာမို့ပါလိမ့်။ တစ်ယောက်စိတ်ကို တစ်ယောက် က ကောင်းသည်ဆိုးသည်မဟူ မြင်တွေ့နိုင်ပါက နောက်ဆက်တွဲပြဿနာတွေကဖြင့် များပြားရှုပ်ထွေးချိမ့် မည်ပေ။ စိတ်ကို လျှော်ဖွပ်ရသောအလုပ်မှာ ခက်ခဲပေစွ၊ ဘယ်လောက်ပင်ကြိုးစားစေကာမူ အလုံးစုံဖြူစင်နိုင်ခဲလှသည် မဟုတ်ပါလား။

ပတ်သက်ဆက်ဆံခဲ့ရသောသူတွေဆီက ကျွန်မ အများကြီးရခဲ့ပါသည်။ နာယူစရာ၊ နာကျင်စရာ၊ ပျော်ရွှင်ဖွယ်ရာ၊ ဝမ်းနည်းဖွယ်ရာ စသည်များ များပြားလွန်းသည်။ တစ်ချို့က အလုံပိတ် သစ်သားသေတ္တာတစ်လုံးလို၊ တစ်ချို့ကျတော့ မှန်လုံသေတ္တာတစ်လုံးလို...။ 

မည်သို့ပင်ဖြစ်စေ ပြသလောက် မြင်ကြရပြီး ပေးသလောက်သာ ရနိုင်ကြပါ၏။ သည့်ထက်ပိုပြီး မရနိုင်၊ မမျှော်လင့်စကောင်းပါပေ။ ခံစားမှုအခြေခံသော ပတ်သက်ဆက်ဆံမှုတိုင်း၌ “ပေးတိုင်းပြန်မရတာ အချစ်ဟုခေါ်သလား”ဆိုသော သီချင်းလို၊ အတုန့်အလှယ်ဟူ၍ မမျှော်လင့်ကောင်းရာဟု သိမှတ် နားလည်ခဲ့ရလေပြီ။

အကောင်းအဆိုးများအားလုံးသည် နှစ်တနှစ်နှင့်မဆိုင်၊ ကံသည် အလုပ်ဟုဆိုလျှင် မိမိပြုလုပ်ခဲ့သော အလုပ်သည်သာ မိမိ၏ကံဖြစ်လေသည်။ မိမိ၏ ကံ အကောင်းအဆိုးသည် မိမိ၏ အလုပ် အကောင်းအဆိုးသာဖြစ်သည်ဆိုတာသံသယမရှိလိုပါ။ အကောင်း၌ ပျော်မွေ့စဉ် အဆိုးတို့ကြုံလာခိုက် မယ်နုကို နှလုံးသွင်း အားမွေးရသည်။ “ဟဲ့ မယ်နု သူ့ကြွေးရှိက ဆပ်ရလိမ့်”ဆိုတာလို...။

အဘိုးအကြောင်း နည်းနည်းပြောချင်သေးသည်။ ကျွန်မမှာ အဘိုးဆီက များစွာရလိုက်သည်ဟု ထင်သည်။ အထူးသဖြင့် စိတ်နေစိတ်ထား၊ အဘိုး၏စိတ်နေစိတ်ထားက လူဖြောင့်စိတ်တိုဖြစ်ကာ တစ်ခုခုဆို ပေါက်ကွဲလိုက်ရမှ၊ တည့်တည့်ပြောလိုက်ရမှ ကြေနပ်သူ။ ကျွန်မက အဘိုးလောက် မဖြောင့်စေကာမူ အဘိုးလိုပင် စိတ်တိုသူဖြစ်လေသည်။ အဘိုးသည် အပေါ်ယံ ပကာသနမုန်းသူလည်း ဖြစ်သည်။ တခါက အဘွားက ဆွေမျိုးမကင်းသော အလှူတစ်ခုသို့ သွားချင်သည်။ ထိုအလှူမှာ ကိုယ့်ရှိတာနှင့် မတိုင်းမထွာ ဂုဏ်လုပ်ထားသော အလှူမို့ အဘိုးကမူ အဘွားအား မသွားစေလိုပေ။ နောက်ဆုံး အဘိုးကပြောသည်မှာ “ဒီအလှူက နင်သွားမှ ဗျောတီးမှာလား”ဟူ၍။

သည်လိုပါပေ။ တခါတခါ ကျွန်မ တွေးမိသည်များက မရည်ရွယ်ပါဘဲ ကန့်လန့်တိုက်သလို ဖြစ်နေ တတ်သည်။ ဘေးထွက်နေတတ်သည်။ ခုလည်း အဘိုးပြောသလို တွေးနေမိသည်မှာ (အားလုံး၏ မေတ္တာတော်ကိုခံယူ၍ ပြောရလျှင်)၂ဝ၁၄ကတော့ ကျွန်မ နှုတ်ဆက်ဆက် မဆက်ဆက် ကျန်ခဲ့မှာပဲ၊ အဲလိုပဲ ၂ဝ၁၅ကလည်း ကျွန်မ ကြိုကြို မကြိုကြို ရောက်လာမှာပဲဟူ၍ ဖြစ်လေသည်။

အဘိုးဆိုလို့ အဘွားကိုပါ တနွယ်ငင်တစင်ပါ သတိရမိသည်။ အဘွားက ကျွန်မတို့ညီအစ်မတတွေ ခုန်ပေါက်ပျော်နေလျှင် မကြိုက်၊ တဟီးဟီးလုပ်နေလျှင် မကြိုက်၊ ခပ်လှမ်းလှမ်းကနေ မျက်စောင်းတခဲခဲနှင့် ရှိတတ်သည်။ အဲသည်တုန်းကတော့ ကျွန်မတို့အရွယ်ကလည်း ဘာမှ မဟုတ်တာကိုပင် ရယ်မောပစ်လိုက်ချင်သည့် အရွယ်ကိုးလေ။ ခုတော့ ကျွန်မ အဘွားကို နားလည်နိုင်ပြီ။

ခရစ်စမတ်ရယ်လို့၊ နျူးရီးယားရယ်လို့ ခုန်ပေါက်ပျော်မြူးနေသူများအား "ဘာများပျော်စရာရှိသတုန်း"ဟု မျက်လုံးစွေကြည့်တတ်ပြီ။ ဂွတိုက်ချင်စိတ်နှင့်မဟုတ်ဘဲ အော်တိုဖြစ်လာသော “ရင်လှိုက်သည်းလှိုက် မခံစားတတ်မှု”ပင် ဖြစ်လေသည်။

သြော်...ကျွန်မ အသက်ကြီးလာပါပြီကော....

မည်သို့ပင်ဖြစ်စေ ကျွန်မ၏ ဂွကျကျစိတ်ကို ရင်ထဲမှာပင် သိမ်းဆည်းကာမိတ်ဆွေများအားလုံးနှင့်အတူ Merry X’mas & Happy New Yearဟု ခုန်ပေါက်ပျော်မြူးလိုက်ပါရစေ….

“Merry X’mas & Happy New Year to all of you”
CHEERS !!


နှစ်ထောင့်ဆယ့်ငါးမှာ...

$
0
0
  နှစ်ထောင့်ဆယ့်ငါး
  သင့်အလံကို တိုင်ထိပ်အထိ လွှင့်ထူပါ
  ကျန်းမာပါ
  ရိုးသားပါ
  သိက္ခာရှိပါ
  စိမ်းစိုလန်းဆန်းပါ
  နေခြည်ဖြာတဲ့အခါ
  လေပြေလာတဲ့အခါ
  သင့်ခန္ဓာကို ရဲရဲတောက် လှစ်ဟဖြန့်ကျက်ပါ
  ငါတို့ကို ငုံ့လို့ကြည့်ချေပါ...
  လှပခန့်ငြားစွာ....။

  ငါတို့အိပ်မက်တွေ
  ငါတို့မျှော်လင့်ချက်တွေ
  သင်နဲ့အတူ လွှင့်ထူကြဖို့....
  နှစ်ထောင့်ဆယ့်ငါးမှာ....။


မောဟ စားသူများ

$
0
0

   ခေါင်း ခါး ခြေ လက်တွေမှာ 
ကံဆိုင်းကြိုးတွေ ဆွဲသီခံထားရ
ဘဝမှာ... 
သူ့အမိန့်အတိုင်း နေရဖန်များလာတော့
 မွေးရာပါကလန်ကဆန်မှုတွေက အလိုလိုဖြစ်တည် / ဆန့်ကျင်လာ 
သူက ခေါင်းကြိုးကို အဆွဲ 
ကိုယ်က ခြေကို လှုပ်ချင်မိ / လှုပ်ဖြစ်ခဲ့ 

စည်းကိုက်ဝါးကိုက်ဆိုတာကလည်း မောဟတွေပါကွယ်.... 

တကယ်တော့ မင့်အပေါ်ချစ်ခဲ့မိတာကိုက
 မောဟတစ်ခုပဲ မဟုတ်လားကွဲ့....



ထွေရာလေးပါး-၈

$
0
0


ထွေရာ - ၁

"လုံခြုံမှုမဲ့ ပန်းဖူးကလေးများ"

အသက်နှစ်ဆယ်အရွယ် လုပ်အားပေးဆရာမလေးနှစ်ယောက် မတရားပြုကျင့်ပြီး အသတ်ခံလိုက်ရတယ် ဆိုတဲ့သတင်းလောက် အကျင့်တန်တဲ့ သတင်းများ ရှိဦးမလား။ 

ဆရာမလေးနှစ်ယောက်ဟာ ကလေးတွေကို သူတို့စွမ်းသလောက် ပညာဒါနပေးနေတဲ့ ဆရာမလေးတွေ၊ ပြီးတော့ ဘာသာရေးဆရာမလေးတွေလည်း ဖြစ်သတဲ့။ ဒီနေရာမှာ ကချင်လူမျိုး မွန်လူမျိုး ကရင်လူမျိုးစတဲ့ လူမျိုးစုနာမည်တပ်မှုတွေ ခဏမေ့ထားစေချင်တယ်။ 

လူသားဆန်တဲ့ မိန်းမငယ်လေးနှစ်ယောက်၊ ဝေးလံခေါင်သီတဲ့အရပ်မှာ ကိုယ်ကျိုးအတွက်မဟုတ်ဘဲ ပရဟိတစိတ်အပြည့်နဲ့ လူသားတာဝန်ကျေပွန်စွာထမ်းနေတဲ့ မိန်းမငယ်လေးနှစ်ယောက်ရယ် လို့သာ မြင်စေချင်ပါတယ်။ ဒီလိုလူသားဆန်တဲ့ မိန်းကလေးတွေအပေါ် ဒီလိုလုပ်ရပ်မျိုး လုပ်ဝံ့သူတွေဟာ လူသားမဆန်တဲ့၊ လူလို့ နာမည်တပ်ဖို့မသင့်တဲ့ လူနာမည်ခံတွေသာဖြစ်တယ်။ အမျိုးသမီးတွေအပေါ် လိင်မှုကိစ္စအကြမ်းဖက်ခြင်းဟာ တခြားအကြမ်းဖက်မှုတွေထက်ဆိုးဝါးကာ  လူ့အသိုင်းအဝိုင်းတစ်ခုလုံးက အင်မတန်မှဆန့်ကျင်ရွံရှာတဲ့လုပ်ရပ်တစ်ခုပဲဖြစ်တယ်။ 

မပြေးသော်လည်း ကန်ရာရှိဆိုတာလို သေချာပေါက်သူတို့တွေပဲလို့ လက်ညှိုးမထိုးလိုပေမယ့် “တပ်မတော်ကြီးလည်း ချီလာပါပြီ”ဆိုပြီး သီချင်းလေးအေးကာ နှစ်ကာလှိုက်လှဲမှုမရှိတော့တာလည်း အမှန်ပဲဖြစ်တယ်။ ထားတော၊့ ဒီနေရာမှာလည်း ခုလို လူမဆန်စွာပြုကျင့်သူဟာ တပ်မတော်သား၊ အရပ်သားရယ်လို့ ခွဲခြမ်းစိတ်ဖြာကာ နာမည်မတပ်ချင်၊ မတပ်လိုတော့ပါ။ 

ပြောလိုရင်းမှာ လူသားဆန်သောမိန်းမငယ်လေးနှစ်ယောက်အပေါ် လူမဆန်စွာပြုကျင့်ယုတ်မာခဲ့တဲ့ အကျင့်တန်မှုဆိုတာပဲဖြစ်တယ်။ အဲဒီအကျင့်တန်မှုအတွက် အပြစ်ရှိသူကို မှန်ကန်ထိုက်သင့်တဲ့ အပြစ်ရစေလိုခြင်းဖြစ်တယ်။ နောက်နောင် ဘယ်သူကမှ ဒီလိုမပြုဝံ့ မပြုရဲအောင် စံပြအမှုတစ်ခုအနေနဲ့ စီရင်ချက်ချစေလိုခြင်းသာဖြစ်တယ်။

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၆) တရားစီရင်ရေးကဏ္ဍ ပုဒ်မ (၂၉၃) - ခ မှာ စစ်ဘက်ဆိုင်ရာတရားရုံးကို ဖွဲ့စည်းခွင့်ပြုထားပြီး ပုဒ်မ ၃၁၉မှာ ပုဒ်မ ၂၉၃ - ပုဒ်မခွဲ ခအရ “စစ်ဘက်ဆိုင်ရာတရားရုံးများကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တခြားဥပဒေအရ ဖွဲ့စည်း၍ တပ်မတော်သားများအတွက်  တရားစီရင်ရမည်”လို့ ပြဌာန်းပါရှိပါတယ်။ ပြီးပြန်တော့ အဲဒီလို တရားစီရင်ချမှတ်မှုမှာ တပ်မတော်ကာချုပ်ရဲ့အဆုံးအဖြတ်သည်သာ အပြီးအပြတ်ဖြစ်သည်လို့ဆိုထား တယ်။

ဒီတော့ တရားခံဟာ တပ်မတော်သားတွေထဲကသာ ဖြစ်နေရင် တရားစီရင်ရေးဟာ ဘယ်လိုဖြစ်မလဲဆိုတာ ဆက်စဉ်းစားစရာဖြစ်လာတယ်။ အိုးကောင်းစေချင်ရင် နာနာရိုက်ရတဲ့ အိုးသည်လိုသာ ဖြစ်စေချင်မိတယ်။ သမာသမတ်ကျတဲ့ စီရင်မှုဖြစ်စေချင်မိတယ်။ 

ကျွန်မအနေနဲ့ ကချင် ကရင် မြန်မာဆိုတာထက်.... 
အရပ်သား တပ်မတော်သားဆိုတာထက်.... 
“လူသားဆန်သော အပြစ်မဲ့သူများကို အကြမ်းဖက် ရက်စက်စွာ ပြုကျင့်သတ်ဖြတ်ခဲ့သော လူအမည်ခံသူများအား သမာသမတ်ကျစွာ ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံစေလိုတဲ့စိတ်သာ ရှိပါတယ်”

လုံခြုံမှုမဲ့သော အပြစ်မဲ့ပန်းဖူးကလေးများ ရက်စက်စွာ အခြွေခံရခြင်းမှ ကင်းဝေးစေချင်မိပါတယ်။

မှန်ကန်စွာ စီရင်ထုံးဖြတ်သောတရားဥပဒေဆိုတာ ကျွန်မတို့အရပ်မှာ အမှန်တကယ်ရှိနေပါစေလို့ ဆုတောင်းမိပါရဲ့….

ထွေရာ - ၂

"ငြိမ်းချမ်းရေး"

ငြိမ်းချမ်းရေးကို လူတိုင်းလိုလားကြတယ်။ အနည်းဆုံးတော့ ငြိမ်းချမ်းစွာ စားသောက်ချင်တယ်၊ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နိုးထလို့ အဆုံးအစမဲ့ ကောင်းကင်ပြာပြာကြီးကို  ငေးမော့ကြည့်ချင်ကြတယ်။ ဒါဟာ လူတိုင်းလိုချင်တဲ့ အခြေခံအကျဆုံး ငြိမ်းချမ်းရေးပဲ။ 

အဲ့ဒီငြိမ်းချမ်းရေး ကျွန်မတို့ တကယ် ပိုင်ဆိုင်ချင်ကြရဲ့လား။ တကယ်ပဲ ကျွန်မတို့နဲ့ ဝေးလံလွန်းနေလား။ ငြိမ်းချမ်းရေးဆိုတာဟာ ကျွန်မတို့နဲ့ မတန်မရာလား။ ငြိမ်းချမ်းရေးကို ကျွန်မတို့ တကယ်ပဲ မရနိုင်ကြတော့ဘူးလား။

ကြည့်ချင်ပွဲတစ်ခုဆီ၊ ပွဲတော်ညတွေဆီ၊ ရာသီတော်ပွဲတွေဆီ စိတ်လက်ပေါ့ပါးစွာ၊ ပျော်ရွှင်စွာ ကျွန်မတို့ ခြေလှမ်းတွေမှ လှမ်းရဲကြရဲ့လား။ တစ်ခုခုဖြစ်ခဲ့ရင်ဆိုတဲ့ လေးလံစိတ်တွေနဲ့ မသိစိတ်မှာ စိုးရွံစွာ တထိတ်ထိတ် ဖြစ်နေခဲ့ကြဖူးတယ်၊ ဖြစ်လည်းဖြစ်နေတုန်းပဲ။ ဟိုနေရာမှာ အုန်းကနဲ၊ ဒီနေရာမှာ ဝုန်းကနဲတွေ၊ သွေးထွက်သံယိုမှုတွေ၊ အကြမ်းဖက်မှုတွေ၊ အပစ်အခတ်တွေ၊ သေမှုသေခင်းတွေနဲ့ ကျွန်မတို့စိတ်တွေဟာ မငြိမ်းချမ်းနိုင်ခဲ့ကြဘူး။ ငြိမ်းချမ်းရေးဟာ အရောင်တွေ စွန်းထင်းနေတုန်းပဲ။ ငြိမ်းချမ်းရေးဟာ ပူလောင်နေတုန်းပဲ။ ငြိမ်းချမ်းရေးဟာ အကြမ်းဖက်မှုတွေကြားမှာ ခေါင်းထောင် မထနိုင်သေးဘူး။

အိမ်တွင်းအကြမ်းဖက်မှုတွေက အစ၊ ဒေသတွင်းအကြမ်းဖက်မှုတွေ၊ နိုင်ငံတွင်းအကြမ်းဖက်မှုတွေအဆုံး မီးစာကောင်းကောင်းနဲ့ ပိုလို့ ပိုလို့တောက်လောင်နေဆဲပဲ။ အဲဒီငြိမ်းချမ်းမှုတွေဟာ မလုံခြုံမှုက အစပြုတယ်လို့ ကျွန်မ ယူဆတယ်။ လူတွေဟာ မလုံခြုံကြလို့သာ မိမိကိုယ်ကို ကာကွယ်ဖို့ အသေးစားလက်နက်တွေ စတင်ဖန်တီးကြတာ။ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပြောရရင် စစ်ရေးအရ ကာကွယ်မှု အနေနဲ့ လူသတ်လက်နက်ကြီးတွေ တီထွင်ထုတ်လုပ်ကြတယ်။ အဲဒီကနေ လက်နက်ရှိသူက လက်နက်ကြောင့် မာန်တက်သလို စစ်သွေးကြွသလို၊ လက်နက်မရှိသူကလည်း မရှိလို့ စိတ်မလုံခြုံမှုဖြစ်ရာက လက်နက်တွေပိုင်အောင်ကြိုးစားလာကြတယ်၊ ရတဲ့နည်းနဲ့ဝယ်ယူလာကြတယ်။

အကြမ်းဖက်မှုတွေမှာ အပြစ်ရှိသူဟာ သူ့အပြစ်ကို ကာကွယ်ဖို့၊ တစ်ဘက်သားကို ကြောက်သွားအောင်၊ မှတ်လောက်သားလောက်ရှိသွားအောင်၊ မလှန်နိုင်အောင်၊ မော်မကြည့်ရဲအောင် မတရားသဖြင့် ဖိနှိပ်ကွပ်မျက်လေ့ရှိတယ်။ ဒါဟာ စိတ်မလုံခြုံမှုကြောင့် အပြစ်ကို အကြောက်တရားနဲ့ ဖိနှိပ်ထားလိုက်တာပဲဖြစ်တယ်။ ခန္ဓာတည်ဆောက်ပုံ၊ အခွင့်အရေးကွာခြားမှု၊ လက်ရှိလက်မဲ့ ကွာခြားနေမှုတွေ၊ အနုအရင့် အကြမ်းအချောကွာခြားနေမှုတွေကအစ လက်ခံယုံကြည်မှုတွေ၊ စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်တွေအဆုံး အစစအရာရာကွာခြားနေမှုတွေဟာ အကြမ်းဖက်မှုဆီကို သိမ်မွေ့စွာဦးဆောင်သွားတဲ့ အကြောင်းတရားတွေဖြစ်တယ်။

နိုင်ငံတစ်နိုင်ငံတွင်းမှာလည်း ဒီလိုပဲ ဆန့်ကျင်ဘက်အုပ်စုတွေရယ်လို့ ကွဲပြားခြားနားနေသမျှ အကြမ်းဖက်မှုတွေရှိနေဦးမယ်။ အကြမ်းဖက်မှုတွေရှိနေသမျှ ငြိမ်းချမ်းရေးနဲ့လည်း ဝေးနေဦး မှာ ဖြစ်တယ်။ ပြောခဲ့သလိုပါပဲ၊ မလုံခြုံမှုတွေကြောင့် အုပ်စုတစ်ခုဟာ အခြားအုပ်စုတစ်စုကို၊ အင်အားကြီးသူဟာ အင်အားနည်းသူကို၊ လက်နက်ရှိသူဟာ လက်နက်မဲ့သူကို အကြမ်းဖက်မှုတွေသုံးပြီး အကြောက်တရားဆိုတာကို ရင်ထဲသွင်းပေးတယ်။ ဖိနှိပ်ပြီး သွင်းတယ်။ အဲဒီမှာ ဖိနှိပ်သူနဲ့ အဖိနှိပ်ခံကြားက အကြမ်းဖက်မှုတွေကြောင့် ငြိမ်းချမ်းရေးနဲ့ ဝေးနေကြရတယ်။ အကြမ်းဖက်မှုတွေရှိနေသမျှကာလပတ်လုံး ငြိမ်းချမ်းရေးဟာ ပုန်းကွယ်နေဦးမှာပဲဖြစ်တယ်။

အဓိကကျတဲ့ နောက်ထပ်အကြောင်းတရားတစ်ခုကတော့ စိတ်ပါပဲ။ တစ်ဦးချင်းစီရဲ့စိတ်သဏ္ဍာန်မှာ အကြမ်းဖက်မှုတွေကို မကောင်းသောအကြောင်းတရားလို့ သိနေပြီး သိတဲ့အတိုင်း ရှောင်ကျဉ်နိုင်မယ် ဆိုရင်....။ တစ်ဦးချင်းစီရဲ့စိတ်ထဲက အကြမ်းဖက်လိုမှုတွေကို အရင်ဆုံးခဝါချနိုင်မယ်ဆိုရင် ကျွန်မတို့နေထိုင်တဲ့ကမ္ဘာဟာ အကြမ်းဖက်မှုတွေ ကင်းစင်နိုင်မှာပါပဲ။ 

အကြမ်းဖက်မှုတွေ ကင်းစင်သွားတာနဲ့အမျှ ငြိမ်းချမ်းရေးဟာ အလိုလိုဝင်ရောက်နေရာယူလာမှာဖြစ်တယ်။ အမှိုက်ရှိနေတဲ့ရေတစ်ခွက်ကို အကုန်အစင်သွန်မှောက်ပစ်လိုက်မှသာ ခွက်ထဲကို ရေကြည်ရေသန့်တွေ အစားထိုးဝင်ရောက်နိုင်သလိုပါပဲ။

ဒါပေမယ့် တကယ်တမ်းလက်တွေ့မှာ လွယ်ကူနိုင်ပါ့မလား။ 

လက်ထဲရှိနေတဲ့ လူသတ်လက်နက်တွေထက် စိတ်ထဲရှိနေတဲ့ လူသတ်လက်နက်က ပိုကြောက်စရာကောင်းပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီရဲ့စိတ်လက်နက်တွေ ချနိုင်ဖို့က ကျွန်မတို့ အားလုံးရဲ့ တာဝန်ပါ။

မှတ်ချက် :

ဘာလိုလိုနဲ့ စိတ်ထဲရှိရာပြောချင်သမျှလေးတွေကို ထွေရာလေးပါးဆိုပြီး စီးရီးလေးနဲ့ရေးလာလိုက်တာ ခုဆို ထွေရာလေးပါး (၈) တောင် ရှိနေပါပြီ။ ခါတိုင်းဆို ထွေရာလေးပါးရေးတိုင်း လေးခုလုံး အပြီးရေးတင်လေ့ရှိပါတယ်။ ခုကတော့ စာရေးကြဲနေဦးမှာမို့ အကြံကြီးစွာ နှစ်ပိုင်းခွဲတင်လိုက် ပါတယ်။ ထွေရာ ၃ နဲ့ ၄ကို စိတ်ပါတဲ့အခါ ဆက်ပါဦးမယ် :)

လိပ်ပြာအနူတ်

$
0
0


(၁)
အဆင်းကျကာမှ လေယာဉ်ကခါချင်နေသည်။ သိမ့်ကနဲ သိမ့်ကနဲ လှုပ်အယမ်းကြောင့် ကျွန်မမျက်လုံးများကို ဖွင့်ကြည့်လိုက်မိသည်။ လေယာဉ်မယ်လေးတွေတောင် ရောက်ရာနေရာမှာ ငြိမ်ဝပ်စွာထိုင်လျှက်နေကြ ရသည်။ ကျွန်မထိုင်ခုံနောက်ကျောကို အနောက်မှ တစ်ချိန်လုံးကန်ကျောက်နေသော ကလေးငယ်သည်ပင် မိခင်ရင်ခွင်ထဲ၌ ငြိမ်သက်စွာ။ ကျွန်မဘေးမှ အန်တီကြီးကတော့ နှုတ်မှ တရွရွရွတ်ဆိုနေဟန်၊ ဘုရားစာတစ်ခုခုဖြစ်မည်။ စိတ်တွေကို အဆုံးထိလျှော့ချထားသူပီပီ သေရင်တောင်မှ ကျွန်မ တုန်လှုပ်မည်မဟုတ်တော့။ သုံးလေးရက်ခန့်ဆက်တိုက် အိပ်ရေးမ၀ခဲ့သောကြောင့် ကြောင်တောင် မူးရီနေသော မျက်ဝန်းများက အသက်မဲ့ကာ ဘာကိုမှ အာရုံခံစားမနေချင်တော့။ ထို့ကြောင့် မျက်ဝန်းများကို ပြန်လည်မှေးစင်းလိုက်ပြန်သည်။

မကြာမီမှာပင် လေယာဉ်က ရန်ကုန်လေဆိပ်သို့ ချောမောစွာဆိုက်ရောက်ခဲ့သည်။ ကျွန်မနောက်ခုံမှ ကလေးအမေက ကျွန်မကို အားနာစကားဆိုရှာသည်။ သူမသားကလေး တစ်ချိန်လုံး ကျွန်မခုံနောက်ကျောကို ခြေနှင့်ကန်ကျောက်နေသည်ကို စိတ်မရှိပါရန် ဆိုလာသည်။  သူမစကားသံမှာ အနည်းငယ်ဝဲကာ ခပ်သော့သော့နှင့်မို့ ဥရောပနိုင်ငံတစ်ခုခုကပဲဟုသေချာကာ ရပါတယ် ကိစ္စမရှိပါဘူး ကလေးပဲဟု ပြန်ပြောလိုက်တော့ သူမကပြုံးကာ အိပ်ထဲမှ ပါတ်ကားဘောပန်န်လေးတစ်ချောင်း (အသစ်တော့မဟုတ် သုံးလက်စဖြစ်မည်)လက်ဆောင်ဟုဆိုကာ ထုတ်ပေး လာတော့သည်။ ငြင်းနေသည့်
ကြားမှပင် ကျွန်မလက်ထဲရောက်လာတာမို့ ဆက်မငြင်းဖြစ်ဘဲ အားနာနာနှင့်ယူခဲ့ရတော့သည်။ ငွေရောင် ပါတ်ကားဘောလ်ပန်န်လေး….။ 

လက်ထဲက ဘောပန်န်လေးကိုကြည့်ကာ မျက်ဝန်းတို့ေ၀၀ါးလာခဲ့ရပြန်သည်။ ဒီဘောလ်ပန်န်မျိုးလေး။

ဖေဖေသုံးနေကျ။ ကျွန်မမျက်ဝန်းတို့ ချက်ချင်းစိုစွတ်လာသည်မို့ မျက်တောင်များကို ပုတ်ခတ်လိုက်ကာ မျက်နှာကို တစ်ဆက်တည်း အပေါ်မော့ပစ်လိုက်မိသည်။ ဖေဖေ…..။  ဖေဖေ့ကို သတိရလိုက်တာ…။ စိတ်ထဲမှာပင် ကြေကွဲစွာပွင့်အန်ထွက်လာသော အသံတိတ်စကားများမို့ မည်သူမျှကြားနိုင်မည်မထင်။
လေဆိပ်အထွက်မှာ လာကြိုနေသော အဒေါ်နှစ်ယောက်က ကျွန်မကို ဆီးပွေ့ကာ မျက်ရည်ကျကြသည်။

“သမီးရယ် သမီးဖေကြီး မရှိတော့ဘူး သမီးရဲ့…အီး…ဟီး…”

ဟုတ်ရဲ့လား  သေချာပြီတဲ့လား…၊ ရင်ထဲမှာ ဆို့တက်လျှက် နှုတ်ကမူ ဘာစကားမျှ ထွက်မလာ။ ကျွန်မတစ်ခုခုတော့ ပြန်ပြောလိုက်ချင်ပါသည်။ သို့သော် အသံတို့ပျောက်ဆုံးလျှက် လူက ထုံပေပေနှင့် ငေးကြောင်နေကာ ခြေထောက်နှင့်မြေ မထိဘဲ ဆွဲခေါ်ရာနောက်သို့ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့မိသည်။ 

ဖေဖေ…သမီး အိမ်ပြန်လာပြီလေ….

ဖေဖေ ကြားနိုင်ပါလိမ့်မည်ဟု ကျွန်မထင်သည်။ ကျွန်မမျက်နှာမှာ အပြုံးတစ်ခုခု ပေါ်လာကာ ကြေနပ်မိ သလိုလို။ စိတ်ထဲကတော့ ဖေဖေ ကျွန်မကို တစ်နေရာရာမှစောင့်လျှက် ကြည့်ရှု့နေလိမ့်မည်ဟုပဲ စိတ်ချပိုင်နိုင်စွာတွေးမိပြန်သည်။ ကျွန်မတို့အိမ်အ၀င် ညာဘက် သရက်ပင် ပင်စည်ပတ်လည်မှာ ရိုက်ထားသော ခုံတန်းကလေးမှာများ ဖေဖေ ကျွန်မကို စောင့်နေလေမလား။ အိမ်ရှေ့ဧည့်ခန်းထဲက ဝါးပက်လက်ကုလားထိုင်လေးပေါ်မှာများ ဖေဖေ အပြုံးနှင့် ကြိုနေလေမလား။ ဒါမှမဟုတ် မေမေဟင်းချက်ရာ မီးဖိုချောင်ထဲမှာများ ဟင်းမြည်းပေးနေလေမလား။ တစ်နေရာရာမှာတော့ ဖေဖေ ရှိနေပါလိမ့်မည်။

အိမ်ရှေ့အရောက် ကားပေါ်မှဆင်းသည့်တိုင် စိတ်တို့က ဒုံးဒုံးမချလိုက်ချင်။ လူတွေ လူတွေအများကြီးပဲ အိမ်ရှေ့မှာ ကလဖျင်းထိုးထားကာ ၀ိုင်းဖွဲ့လုပ်ကိုင်နေကြသည်။ ကျွန်မကိုမြင်တော့ အားလုံး၏ အကြည့်တွေက ကျွန်မဆီ ရောက်လာကြသည်။ “သမီးကြီးရောက်လာပြီ” နားမှ အသံတစ်သံ ကြားလိုက်ရသည်။ 

“သမီးကြီး သမီးဖေကြီး ဆုံးရှာပြီ သမီးရဲ့” 

 မေမေ…ဒါ မေမေ့အသံ။ သေချာလိုက်ရတော့မှာလား။ ဒါ တကယ်ပဲတဲ့လား။ ကျွန်မ စိတ်နှင့်သာ တွင်တွင်ခေါင်းခါနေမိသည်။ အများအမြင်မှာတော့  ကျွန်မက ကျောက်ဆစ်ရုပ်တစ်ရုပ်နှယ် ငြိမ်သက်အေးစက်စွာ။  

“မေမေ မငိုပါနဲ့တော့နော်၊ ဖေဖေက အဝေးမှာသေဖို့ ကံပါလာပြီပဲ။ ငါသေရင် အနားက မိန်းမနဲ့ သားသမီးတွေကို ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ဘူး၊ အားလုံးနဲ့ အဝေးမှာပဲ သေချင်တယ်ကွာ လို့ ဖေဖေ ပြောခဲ့ဖူးတယ်လေ မေမေ၊ မှတ်မိလား”

တကယ်တမ်း ထိုစကားတို့က ကျွန်မနှုတ်မှ ထွက်ကျမလာပါ။ စိတ်ထဲမှ တဖွဖွ ထွက်ကျ ရွတ်ဆိုနေမိတာသာဖြစ်လေသည်။ အို…ကျွန်မ မယုံနိုင်ပါ။ ကျွန်မက သည်လိုမှ မဟုတ်တာ၊ ခါတိုင်းဆို အိမ်ရောက်သည်နှင့် မေမေ့ကိုမြင်သည်နှင့် စကားတွေ တရစပ်သွန်ချပြောဆိုတတ်သော ကျွန်မလေ။ ဒါ ကျွန်မလား ကျွန်မအစစ်လား…။ ကျန်ရစ်သူ အားကိုးရာမဲ့မေမေ၊ ပြီးတော့ ပညာတစ်ပိုင်းတစ်စနှင့် မောင်လေး ညီမလေးတွေမျက်နှာ။ သူတို့ ဘယ်သူ့ကို အားကိုးကြရတော့မလဲ။ သမီးအကြီးဆုံး….။ ကျွန်မက သမီးအကြီးဆုံးလေ….။ အစ်မကြီး အမိအရာဆိုရင် ခု ကျွန်မက မိခင်နေရာတောင် မဟုတ်ဘူး အဖေ့အစား ဖခင်နေရာမှာ ကျွန်မရောက်နေရပြီ။ ကျွန်မအတွက် လက်ရှိရောက်နေသောနေရာက ဖေဖေ့နေရာမှာ။ တာဝန်ကြီးလှချည်ရဲ့။

 ဖေဖေ တကယ် ကျွန်မကို စိတ်ချတယ်ပေါ့… ဟင် ဖေဖေ။ တိုင်တည်နေမိသော စကားလုံးများက နှုတ်မှ ထွက်မလာပြန်။ ကျွန်မတစ်ယောက်တည်း ဖေဖေနှင့် စိတ်ချင်းဆက်သွယ်ကာ စကားတွေ ပြောနေမိခြင်းရယ်သာ။

“ဖေဖေ မဖြစ်နိုင်ပါဘူးဖေဖေရယ် သမီးမှာ အားအင်တွေ မပြည့်ဝသေးပါဘူး၊ ဖေဖေ့လို မိသားစုအပေါ် လုပ်ကျွေးသမှုပြုဖို့ဆိုတာ သမီးတစ်ယောက်ထဲ မနိုင်သေးဘူးထင်ပါရဲ့။ ဖေဖေ စိတ်ချလက်ချ မထားခဲ့သင့်ဘူးနော်”

အပြင်မှာ မပြုံးမရယ် ငိုလည်း ငိုမချ၊ မျက်ရည်ရယ်လို့လည်း တစ်စက်မှ ထွက်မလာ၊ နှုတ်ဆိတ် ဆွံ့အနေသော မျက်လုံးအကြောင်သားနှင့်ကျွန်မကို မေမေက ခပ်တွေတွေ ကြည့်သည်။ ဘေးတစ်ဘက်တစ်ချက်က မောင်နှမတွေက “မမကြီး ဖေကြီး မရှိတော့ဘူး” ဟု အထပ်ထပ်ပြောကာ ရှိုက်ငင်ငိုယိုကြလျှက်ရှိသည်။ “မငိုပါနဲ့တော့ မငိုကြပါနဲ့တော့ မောင်လေးတို့ ညီမလေးတို့ရယ် မကြီးတစ်ယောက်လုံးရှိပါသေးတယ်၊ အဖေ့ကိုယ်စား မကြီး တာဝန်ယူမှာပေါ့” စိတ်ထဲ စကားတွင်တွင်ရွတ်ဆိုရင်းက သူတို့လေးတွေကို ရင်ခွင်ထဲဆွဲသွင်းကာ ကျောလေးတွေသပ်ရင်း နှစ်သိမ့်လိုက်မိသည်။ တစ်ဆယ့်နှစ်နှစ်သာရှိသေးသော မောင်အငယ်လေးက အထက်က အစ်မတွေအစ်ကိုတွေကြောင့် သူပါ ရောယောင်ငိုရှာလေသည်။

(၂)                                                                   

မေမေပြသော စာရွက်စာတမ်းများကိုကြည့်ရင်း ကျွန်မ ဘာဆက်လုပ်ရကောင်းမလဲ စဉ်းစားရသည်။ သင်္ဘောမှ အီးမေးလ်နှင့်ပို့လိုက်သောစာများကို ကုမ္ပဏီက ဘာသာပြန်ကာ မေမေ့ဆီလာပို့ထားသော အကြောင်းကြားစာများ၊ ဖေဖေသေဆုံးကြောင်း ဆရာဝန် အတည်ပြုချက်များ၊ ဗုဒ္ဓဘာသာဝင်ဘုန်းတော်ကြီးတစ်ပါးပင့်ဆောင်ကာ ဖေဖေ့အား ဗုဒ္ဓဘာသာဝင်ထုံးတမ်းအစဉ်အလာ အတိုင်းဖြစ်အောင် ကြိုးစားပြီး လုပ်ဆောင်သဂြိ င်္ုလ် ပေးပါမည့်အကြောင်း၊  စတာတွေပဲ ဖြစ်သည်။

ကျွန်မရောက်ရောက်ချင်းနေ့က ဖေဖေ့အလောင်းကို ပြန်သယ်ချင်ပါသလားဟု ကုမ္ပဏီမှ မိသားစုဆန္ဒကို မေးမြန်းခဲ့သေးသည်။ မေမေက “သမီးကြီးဘယ်လိုသဘောရသလဲ”ဆိုသည့်သဘောနှင့် ကျွန်မမျက်နှာကိုကြည့်ကာ အားကိုးတကြီးဆိုရှာပါသည်။ ပြန်မယူချင်ပါ။ ဖေဖေက ဟိုမှာ ဆုံးပါးခဲ့ ပြီပဲ။ နေပါစေတော့။ ကျန်ရစ်သောရုပ်အကြွင်းအကျန်က ဖေဖေမှ မဟုတ်တာဘဲဟု ကျွန်မဆိုတော့ မေမေကပါ သဘောတူခဲ့ပါသည်။ သို့နှင့် ဖေဖေနှင့်ပါတ်သက်တာဆိုလို့ ကျွန်မတို့ဘာမှ ပြန်ယူဖို့ မတောင်းဆိုခဲ့ပါ။

မိတ်ဆွေများက လျော်ကြေးတောင်းဖို့ အကြံပေးကြတော့ ကျွန်မ စဉ်းစားရပြန်သည်။ မေမေက ဘာမှ မဆုံးဖြတ်တတ်။ တစ်ခုခုဆို “ဘာလုပ်ရင်ကောင်းမလဲ သမီးကြီး”ဆိုကာ ကျွန်မကိုသာ အားကိုးတကြီး ရှိရှာပါသည်။ မေမေ့အနေနှင့်တော့ ချစ်ခင်အားကိုးရသော ခင်ပွန်းသည်တစ်ယောက်လုံး ဆုံးပါးခဲ့ပြီးမှတော့ ဘာကိုမှ ရယူလိုစိတ်နှင့် တမက်တမောရှိမနေတော့။ ကျွန်မမှာသာ မိသားတစ်စုလုံးစားဝတ်နေရေးအတွက် တစ်ဘက်တစ်လမ်းမှ အကူအညီရလည်း မဆိုးဟုတွေးမိကာ မိတ်ဆွေများ၏ အကြံပေးချက်အတိုင်း လျော်ကြေးတောင်းကြည့်ရကောင်းမလား စဉ်းစားရသည်။

သင်္ဘောသားဆိုတာ သဘောင်္ပေါ်ရောက်တာနဲ့ နှစ်ဆယ့်လေးနာရီအွန်ဂျူတီပဲမို့ ကုမ္ပဏီမှာ တာဝန်ရှိသည်၊ ကုမ္ပဏီမှာ ဖေဖေတို့လစာတွေထဲက လစဉ်ဖြတ်တောက်နေကျ အသက်အာမခံကြေးများလည်း ရှိသည့်အတွက် နောက်ဆုံးမှာ လျော်ကြေးတောင်းကြည့်ဖို့ ကျွန်မဆုံးဖြတ်လိုက်သည်။ သို့သော် ဖေဖေဆုံးပါးခဲ့ချိန်သည် သူ့အလုပ်ချိန်တွင်းမှာ မဟုတ်ပါ။ အလုပ်ချိန်ပြီး၍ ခါတိုင်းလို ရေမိုးချိုး၊ ပါတီခဏသွား (အဲသည့်ညက သင်္ဘောပေါ်မှာ ပါတီပေးသောညဟု ဆိုကြသည်)၊ မနက်ဂျူတီ စောစောဝင်ရမှာမို့ စောစောပဲ အခန်းပြန်ကာ ဘုရားဝတ်ပြုပြီးမှ အိပ်ယာဝင်ခဲ့သည်ဟု ဖေဖေနှင့် ရင်းနှီးသူများ၏ ပြောပြချက်အရ ပြန်သိရပါသည်။ ထိုအချိန်က ဖေဖေအရက်ပြတ်ပြီးဖြစ်သောကြောင့် အချိုရည်ပဲ သောက်ခဲ့သည်ဟုလည်း သိရသည်။

အင်မတန် အလုပ်ချိန်တိကျသောဖေဖေက နောက်တစ်နေ့မနက် ဖေဖေ့ဂျူတီချိန်မှာ လာရောက် သတင်းမပို့ဘဲပျောက်နေရာ သဘောင်္တစ်စီးလုံးပေါ်ရှိ တွေ့သမျှလူတွေဆီ ဆက်သွယ်ရှာဖွေမေးမြန်းကြနှင့် အချိန်အတော်ကြာသည်ထိ ဘယ်မှာမှ ရှာမရခဲ့ကြပါ။ သို့နှင့် ဖေဖေ့အခန်းတံခါးသော့အပိုနှင့်ဖွင့်ပြီး ၀င်ကြည့်ကြမှ ဖေဖေဆုံးနေကြောင်း သိလိုက်ကြရသည်။ ဖေဖေသေဆုံးရခြင်းအကြောင်းရင်းကို ဆရာဝန်က coronary diseaseဟု မှတ်ချက်ရေးသည်။  အဲဒီအချိန်မှာ ဖေဖေတို့သင်္ဘောက အမေရိကားက St.John Island ဆိုသော ကျွန်းကလေးတစ်ကျွန်းအနီးမှာ ကျောက်ချထားချိန်ဖြစ်သည်။

“အန်တီတို့ ဘာလျော်ကြေးမှ မပေးနိုင်ဘူး၊ တကယ်ဆို သူ့တာဝန်ချိန်လည်း မဟုတ်ဘူး။ ဒါတောင် အန်တီတို့ကုမ္ပဏီက သေသေချာချာ မီးသဂြို င်္လ်ပေးခဲ့သေးတာပဲ။ တစ်ချို့ သဘောင်္တွေဆို သဘောင်္သားတွေ ရေလယ်မှာဆုံးသွားရင် ဒီအတိုင်းရေထဲပစ်ချထားခဲ့တာ”

အသံမာမာအပြင် စကားလုံးရွေးချယ်မှုများက မကြာသေးခင်ကမှ ဖခင်တစ်ယောက်လုံး ဆုံးပါးထားသူ ကျွန်မအတွက် နားအဝင်ဆိုးလွန်းလှသည်။

“ရှင်… ကျွန်မအဖေကိုများ အဲဒီလို ရေထဲပစ်ချထားခဲ့လို့ကတော့ ဖြစ်ချင်တာဖြစ်ပါစေ၊ ကုမ္ပဏီကို တရားပြန်စွဲမှာပဲ အန်တီ။ ကျွန်မမှာလည်း ရှေ့နေအသိမိတ်ဆွေတွေ ရှိပါတယ်။ ကျွန်မ ဖြစ်အောင် လုပ်လို့ရပါတယ် အန်တီရဲ့”

ဖြစ်နိုင်တာ မဖြစ်နိုင်တာ ထား၊ ကျွန်မလို သာမန်မိန်းကလေးတစ်ယောက်က သူတို့လို သင်္ဘောကုမ္ပဏီ ကိုယ်စားလှယ်ကြီးတစ်ခုအပေါ် ဖက်ပြိုင်အံတုမည်ဆိုခြင်းက တကယ်တော့ လှောင်ရယ်လိုက်ချင်ဖွယ်။ အမေက ကျွန်မလက်ကို အသာကုတ်ကာ ဆက်မပြောဖို့တားရှာပါသည်။ သို့သော် ကျွန်မ မရတော့ပါ။ အဖေတစ်ယောက်လုံး သေဆုံးထားသောဆုံးရှုံးမှုအပြင် သူမ၏ ရိုင်းပျသောစကားတို့က ကျွန်မဒေါသစိတ်ကို ထောင်မတ်ရုံးကြွလာစေသည်။

“ခုနေများ အန်တီတို့ကုမ္ပဏီက လျော်ကြေးဒေါ်လာတစ်သိန်းယူမလား၊ ကျွန်မအဖေ အသက်ပြန်ရှင်လာတာ ယူမလား မေးလာရင် ကျွန်မက အဖေ့အသက်ကိုပဲ ရွေးမှာပါ အန်တီရဲ့။ ကျွန်မတို့ ငွေ မမက်ပါဘူး။ ခုဟာက လုပ်ရိုးလုပ်စဉ်အရ ကျွန်မက တောင်းဆိုနိုင်ခွင့်ရှိတယ်ထင်လို့ လာခဲ့တာပါ။ အန်တီ စကားပြောဆင်ခြင်ဖို့ ကောင်းတယ်။ ခုဟာက လူတစ်ယောက်လုံးသေတာ။ ခွေးတစ်ကောင်သေသလို ရေထဲ ပစ်ချခဲ့မယ်ဆိုတာကတော့ တရားလွန် လွန်းပါတယ်။ အန်တီ့အဖေသာဆိုရင် အန်တီပြောသလို ရေထဲ ပစ်ချထားခဲ့နိုင်မလား”

“အင်းလေ ဘာဖြစ်ဖြစ်ပါ။ အန်တီတို့က ဧဂျင့်အဆင့်ပဲရှိတာ။ သဘောင်္ကုမ္ပဏီရုံးကို ဆက်သွယ်ပြီး မိသားစုတောင်းဆိုတာတွေကို ပြောပြပေးပါမယ်။ သူတို့ဆုံးဖြတ်ချက်အတိုင်း ဖြစ်ရမှာပေါ့”

အမျိုးသမီးမျက်နှာက ညိုမဲကာ လေသံက အနည်းငယ်ပျော့ပြောင်းလာသည်။ အနည်းဆုံးတော့ ကျွန်မထက် ဆယ့်လေး-ငါးနှစ်ခန့်ကြီးမည်ဟုခန့်မှန်းရသော ထိုအမျိုးသမီးအပေါ် ကျွန်မ နှုတ်လှန်မထိုးချင်ခဲ့ပါ။ သို့သော်….။ အစကတည်းက သည်လိုကြေလည်အောင် ပြောဆိုသင့်သည်ပဲလေ။

(၃)
သဘောင်္ကုမ္ပဏီက လျော်ကြေးမပေးနိုင်၊ ကျန်ရစ်သူမိသားစုအတွက် ဂရုဏာကြေးအဖြစ် ဒေါ်လာ ငါးထောင်ပေးမည်ဟု ဆိုလာသည်။ ကျွန်မတို့သားအမိမှာ ဧဂျင့်က ပြန်လာသောနေ့ကတည်းက ဘာမှမရလည်းနေပါစေဟု စိတ်ပိုင်းဖြတ်ထားပြီးဖြစ်တာမို့ စိတ်ထဲ ဘယ်လိုမှ ခံစားမနေတော့ပါ။ ပြည့်စုံကြသူများ မဟုတ်သော်လည်း ထိုဒေါ်လာငါးထောင်ကို အဖေ့အတွက် ရည်စူးပြီး အကုန်လှူပစ်မည်ဟု မေမေနှင့်ကျွန်မ တိုင်ပင်သဘောတူခဲ့ကြလေသည်။

ရက်လည်ပြီးလို့ နှစ်ပတ်ထဲရောက်လာတော့ ကျွန်မလည်း ခွင့်ရက်စေ့ပြီမို့ ပြန်ရတော့မည်။ မိသားစု မောင်နှမများကို အားမငယ်ဖို့၊ အငယ်တွေကို ကျောင်းဆက်ထားပေးဖို့ ကျွန်မ တာဝန်ယူပါမည့်အကြောင်း၊ အိမ်စားရိတ်လည်း ကျွန်မပဲ ထောက်ပါမည့်အကြောင်း တဖွဖွဆိုကာ ပြန်ဖို့ အထုတ်အပိုးပြင်ရသည်။ ထိုအချိန်အထိ ကျွန်မ မျက်ရည်တစ်စက်မကျဘဲ အားလုံးရှေ့မှာ ရဲရင့်ဦးဆောင်နေနိုင်တာကို ကျွန်မဖြင့် အံ့သြရသည်။ တာဝန်၊  ဦးဆောင်မှု၊ နေရာဆိုသော အနေအထားတွေထဲ ကျွန်မ အလိုလိုရောက်နေခဲ့ရပြီ။ ခုလို တခဏအတွင်းမှာပင် မိသားစုအတွက် ဦးဆောင်သူအဖြစ် အံဝင်ခွင်ကျ မားမားရပ်လျှက်ရှိနိုင်သည်ကို ဝမ်းနည်းလျှက်က ကျွန်မ ကြေနပ်ရသည်။ အကြောင်းတိုက်ဆိုင်လာလျှင် လူတိုင်း သူရဲကောင်းဖြစ်နိုင်ကြသည်ဆိုတာကို ကျွန်မ သတိရမိသေးတော့သည်။

ရိုးရာယုံကြည်မှုအရ သေဆုံးသူ၏ဓါတ်ပုံမှန်ဘောင်ရှေ့မှာ ၇-ရက်မလည်မချင်း နေ့စဉ် ထမင်းကျွေး၊ ရေတိုက်၊ ဖယောင်းတိုင်လေးထွန်းညှိခဲ့ဖူးသော ဖေဖေ့ဓါတ်ပုံကလေးကို ကျွန်မအပြန်မှာ မေမေ့ဆီမှ ခွင့်တောင်းကာ ယူလာဖြစ်ခဲ့ပါသည်။ 

ထိုဓါတ်ပုံကလေးနှင့် မနီးမဝေး ပြတင်းပေါင်ကလေးပေါ်မှာ လိပ်ပြာကလေးတစ်ကောင်နားခိုနေခဲ့ဖူးသည်။ တစ်ကိုယ်လုံးမှာ အဝါရောင်ဆွတ်ဆွတ် ဘာအစက်အပျောက်မှမပါသော လိပ်ပြာငယ်ကလေးက ခွန်နှစ်ရက်တိုင်တိုင် ဖေဖေ့ဓါတ်ပုံအနီးအပါးမှာ ဝဲလွင့်လို့နေခဲ့သည်။ ခုရော လိပ်ပြာကလေး ဘယ်ရောက်သွားပါလိမ့်။ ကျွန်မ မသိနိုင်။ သေတ္တာထဲထည့်ရင် ကွဲမှာစိုးတာမို့ သတင်းစာစက္ကူနှင့် သေချာစွာထုတ်ပိုးကာ တစ်လမ်းလုံး လက်ကပဲ ကိုင်ဆွဲလာရသော ဖေဖေ့ ဓါတ်ပုံကလေးက ခုတော့ ကျွန်မ အပြန်ခရီးစဉ်တစ်လျှောက် ငြိမ်သက်စွာ။

(၄)

လေယာဉ်ပေါ်မှာကျွေးသမျှ ဘာကိုမှ စားချင်စိတ်မရှိဘဲ တစ်ချိန်လုံး မျက်စေ့မှိတ်ကာသာ လိုက်ပါလာခဲ့သည်။ သုံးနာရီမျှသာ စီးရသော လေယာဉ်ခရီးက ပိုကြာလွန်းနေသည် ထင်မိကာ ကျွန်မမှာ ဖေဖေ့ဓါတ်ပုံကို ထုတ်ပိုးထားရာမှ ဖြေလျှော့ပေးချင်နေမိပြီ။ ဖေဖေ မွန်းကြပ်လှရော့မည်။ ကျွန်မအခန်းထဲ ရောက်ရင် အရင်ဆုံးလုပ်ရမည့်အလုပ်အဖြစ် သတ်မှတ်ကာ ဖေဖေ့ဓါတ်ပုံမှန်ဘောင်ကို ဘယ်မှာ ချိတ်ရပါ့ဟု အတွေးနှင့် နေရာရွေးလျှက်ရှိသည်။

သည်နေ့က အလုပ်ဆင်းရက်မို့ အိမ်မှာ အိမ်ရှင်မကလွဲလို့ ဘယ်သူမှ ရှိမနေကြ။ သော့ဖွင့်သံကြားသောကြောင့် မီးဖိုချောင်ထဲမှ ခေါင်းပြူကြည့်သောအိမ်ရှင်မမှာ ကျွန်မပြန်လာမှန်းသိသော် အားပေးပြုံးကလေး ခပ်ယဲ့ယဲ့ပြုံးကာ အကျိုးအကြောင်း မေးမြန်းလာပါသည်။ ကျွန်မလည်း အတတ်နိုင်ဆုံး အကျဉ်းချုံးကာ အလိုက်သင့်ပြန်အဖြေပေးရင်း အားမနာနိုင်တော့ဘဲ နားချင်ကြောင်းပြောကာ ကိုယ့်အခန်းလေးထဲတန်းဝင်လာခဲ့တော့ သူမက ဧည့်ခန်းတွင်ပင် နားလည်စွာ ကျန်ရစ်ရှာပါသည်။

ဖေဖေ။ ဖေဖေ့ဓါတ်ပုံမှန်ဘောင်….။ ထုတ်ပိုးစည်းနှောင်ထားသော သတင်းစာစက္ကူတို့ကို ခပ်မြန်မြန် ဆွဲခွာကာ ဓါတ်ပုံထဲမှ ဖေဖေ့မျက်နှာကို ကြည့်မိပြန်သည်။ သည်ပုံက ဖေဖေ အသက် လေးဆယ်လောက်က ရိုက်ထားသောလိုင်စင်ပုံကလေးကို ဖေဖေ့ဈာပနအတွက် ပုံကြီးချဲ့ ထားခြင်းသာ။ ဓါတ်ပုံထဲမှဖေဖေက တည်တည်တံ့တံ့နှင့် ကြည့်ကောင်းလှသည်။ ပိရိသောနှုတ်ခမ်း၊ ပေါ်လွင်သောနှာတံနှင့်၊ ကျွန်မနှင့်တူသည်ဟု ပြောကြသော မျက်ခွံမို့မို့အစ်အစ်တွေနှင့်။ ရှိရင်းစွဲအသက်ထက်ပင် ပိုမိုငယ်နုနေသယောင်ထင်ကြရသော ဖေဖေ့ပုံ။
  
တကယ်ဆို ဘုရားစင်ထက် အတန်ငယ်နိမ့်သောအဆင့်ကလေးမျိုးမှာ ချိတ်သင့်သည်မှန်သော်လည်း ကျွန်မက တရုတ်မိသားစုအိမ်ရှင်ထံမှာ အိပ်ခန်းတစ်ခန်းတည်းသာ ငှားပြီးနေထိုင်သူမို့ ဘုရားစင်ရယ်လို့ ကျွန်မမှာ သတ်သတ်မှတ်မှတ်မရှိပါ။ ကျွန်မအိပ်ယာခေါင်းရင်းက စားပွဲခုံအသေးလေးပေါ်မှာ မြတ်စွာဘုရား ပုံတော်၊  သောက်တော်ရေခွက်နှင့် တရားစာအုပ်တစ်ချို့သာရှိပါသည်။ ဖေဖေ့ဓါတ်ပုံ မှန်ဘောင်တင်ရန် ဘယ်လိုမှ နေရာမလောက်နိုင်။ မတတ်နိုင်ပါ၊ ကျွန်မခုတင်ဘေးတွင် အဝတ်ဘီရိုရှိပါသည်။ ထိုဘီရို၏ဘေး၌ ပြူတင်းပေါက်၊ ပြူတင်းပေါက်၏ဘေးတွင်မူ နံရံအလွတ်ရှိနေပါသည်။ ထိုနံရံလွတ်တွင် ချိတ်ဆွဲမည်ဟု ဆုံးဖြတ်ကာ အိမ်ရှင်အား နံရံတွင် သံတစ်ချောင်းရိုက်သွင်းခွင့်တောင်းကာ  သေသေသပ်သပ် ချိတ်ဆွဲထားလိုက်တော့သည်။

ထိုနေရာသည် ကျွန်မခုတင်ပေါ်မှ ညာဘက်စောင်းအိပ်လိုက်လျှင် မျက်နှာချင်းဆိုင်တိုင်း မြင်နေနိုင်
သည့် နေရာလည်းဖြစ်သည်။ အဝတ်သေတ္တာကို နေရာတွင်ပင်ချထားကာ ခုတင်ပေါ် တစောင်းလှဲ အိပ်ရင်း ဖေဖေ့မျက်နှာကို လှမ်းကြည့်နေမိသည်။ စိတ်ထဲတွင်တော့ အသုဘလာသူတစ်ချို့၏ အကြည့်များ၊ အထူးသဖြင့် သူတို့နှုတ်မှ ပြောချင်သည်များကို ပြန်မြင်ယောင်ကာ ခုမှပင် ဘာသာပြန်ကြည့်မိရသည်။

“သမီးအကြီးတဲ့၊ နိုင်ငံခြားမှာ အလုပ် သွားလုပ်နေတာလေ၊ ခု မနက်ကမှ ပြန်ရောက်တာ”
“ငိုတာလည်း မတွေ့ဘူးနော်”

သည်လိုပြောချင်ပုံရသည့် မျက်ဝန်းစကားများ…..။ ကျွန်မ ရင်ဆိုင်ခဲ့ရသည် အမှန်ပင်။

ဖေဖေ…..။  ဖေဖေရယ်….။ ဖေဖေကတော့ သိနေမှာပါ နော်။ သမီးရင်ထဲက စကားတွေ ဖေဖေ သေချာပေါက် ကြားသိနေမှာပါ။ စိတ်ချပါ။ စိတ်ချလက်ချသာ သွားပါနော် ဖေဖေ…..ဖေဖေယုံကြည်လို့ သမီးပုခုံးပေါ်တင်ပေးခဲ့တဲ့ မိသားစုတာဝန်ကို ကြေအောင်ကြိုးစား သွားမှာပါ။ တကယ်တော့လေ သမီး မစွမ်းသေးဘူး ဖေဖေရယ်။ အသက်နှစ်ဆယ့်ရှစ်ကျော်ရုံသာရှိသေးတဲ့၊ ခုမှ သူစိမ်းတွေရဲ့အလယ် နိုင်ငံရပ်ခြားမှာ အလုပ်အကိုင်အခြေကျကာစရှိသေးတဲ့ ဖေဖေ့သမီးအတွက် တာဝန်တွေက ကြီးလေးလွန်းလှပါရဲ့။

ဖေဖေ….။ ဖေဖေ့မျက်ဝန်းထောင့်မှာ မျက်ရည်တွေ….မျက်ရည်စတွေ….မဟုတ်လားဖေဖေရဲ့။ သမီး တွေ့လိုက်ပါတယ်။ မငိုနဲ့  မငိုပါနဲ့ မငိုလိုက်ပါနဲ့  ဖေဖေရယ်။

ဖေဖေ့ကို အသံထွက်စကားတွေပြောနေရင်းမှာပင် ခေါင်းအုံးစွပ်တို့စိုရွှဲနေတာကို  ကျွန်မပါးအောက်က ညာလက်ဖဝါးမှတစ်ဆင့် သိလိုက်ရလေသည်။ ရုတ်တရက် အိပ်ယာပေါ်မှထကာ ဖေဖေ့ဓါတ်ပုံရှေ့ သွားရပ်မိလိုက်တော့ ဖေဖေက “ဟင့်အင်း ဖေဖေက…ဖေဖေက…မငိုပါဘူး သမီးရယ်၊ ငါ့သမီးလည်း မငိုရဘူးနော်” တဲ့။ ကျွန်မမှာ လတ်ဆတ်စိုစွတ်နေတဲ့ပါးပြင်ကို ကျွန်မဖာသာ ထိတွေ့ကြည့်မိရင်း ခေါင်းတွင်တွင်ခါကာ နှလုံးကွဲကြေလျှက်ရှိရသည်။

ထိုခဏမှာ လိပ်ပြာငယ်ကလေးတစ်ကောင် ဖေဖေ့ဓါတ်ပုံမှန်ပေါင်ထက်မှာ နားလျက်တွေ့လိုက်ရသည်။ အဝါရောင်ဆွတ်ဆွတ်လိပ်ပြာကလေး.....။ အို.....ကျွန်မတစ်ကိုယ်လုံး ကြက်သီးများထလျက် ဆတ်ကနဲတောင့်တင်းသွားရသည်။

 ဖေဖေ.....ရှိနေလား....။ ဖေဖေ ရှိနေလားဟင်....။ ကျွန်မအနားမှာ...။  ကျွန်မ မသေချာပါ။ သို့သော် ကျွန်မတွေ့ခဲ့ဖူးသော လိပ်ပြာအဝါရောင်ကလေးက တောင်ပံလေးတဖျတ်ဖျတ်နှင့် နားခိုလို့နေသည်ပဲ။

ဖေဖေ...အို...မဟုတ်ဘူး။ မဟုတ်ပါဘူး....နော်။ မဟုတ်ပါဘူး။ ကျွန်မကို စိတ်ချပါ… ကျွန်မကို စိတ်ချပါ ဖေဖေရဲ့…

ကျွန်မ မငိုဘူး၊ ကျွန်မ မငိုပါဘူးနော်၊ စိတ်နှလုံးကွဲကြေရာက မျက်ရည်တို့လျှံကျအလာ ကျွန်မပါးပြင်ကို စိုရုံလေး စွတ်စိုစေခဲ့တာ။

 ဖေဖေ သိစေချင်ပါသည်။

ရေဘေးကယ်ဆယ် လှူကြမယ်

$
0
0
အားလုံးသိပြီးကြတဲ့အတိုင်းပါပဲ။ မြန်မာပြည်ရဲ့ သုံးပုံတစ်ပုံခန့် ရေမြုတ်လို့ မြုတ်၊ တောင်တွေ ပြိုလို့ ပြို သိပ်ကို ဗြောင်းဆန်အောင်ထိခိုက်နာကျင်စရာအဖြစ်အပျက်တွေနဲ့ ကျွန်မတို့အားလုံးလက်ချင်းဆက်ပြီး တောင့်ခံအင်အားပေးနေရချိန်မှာ စာရေးသူတစ်ချို့ပေါင်းစည်းမိကြပြီး ပရဟိတအဖွဲ့ငယ်လေးတစ်ဖွဲ့ တပိုင်တနိုင်ဖွဲ့ဖြစ်ခဲ့ကြပါတယ်။ စာပေနှမ်းစေ့လေးများဆိုတဲ့အဖွဲ့ကလေးပါ။ နှမ်းတစ်စေ့ဖြင့် ဆီမဖြစ်သော်လည်း နှမ်းစေ့များစွာပေါင်းမိတဲ့အခါမှာတော့ ဆီတစ်စက်ကနေ နှစ်စက်စသည်ဖြင့် အသုံးဝင်တန်ဘိုးလေးတစ်ခု ရှိလာခဲ့တော့တာပါ။ 
 ဖေ့စ်ဘုတ်စာမျက်နှာပေါ်ကနေ အလှူငွေတွေ လက်လှမ်းမီသမျှကောက်ခံခဲ့ကြတဲ့အလျှောက်  ကျွန်မတို့ပေါင်းစည်းအလှူဟာ အားလုံးပါဝင်တဲ့အလှူလေးတစ်ခုဖြစ်လာခဲ့တယ်။ ပိုပြီး ပီတိဖြစ်စရာပါပဲ၊ လူချင်းသိသိ၊ မသိသိ လိုအပ်နေတဲ့အချိန်မှာ ယုံယုံကြည်ကြည်လှူဒါန်းပေးပို့ခဲ့ကြတဲ့အလှူငွေတွေကြောင့် တစ်ပတ်ဆိုတဲ့အချိန်တိုအတွင်းမှာ ကျွန်မတို့မျှော်လင့်ထားတာထက် ပိုမိုကောက်ခံရရှိခဲ့ကြပါတယ်။ 

ရရှိတဲ့အလှူငွေတွေကို ဟင်္သာတမြို့ကနေ ရေလမ်းခရီးနဲ့ဆို ၂နာရီလောက်ကြာအောင်စီးရတဲ့ ပဲကြီးကျွန်းနဲ့အနီးအနားက ရွာကလေး ၇ ရွာဆီ သွားရောက်လှူဒါန်းခဲ့ကြပါတယ်။ ပဲကြီးကျွန်း၊ ကုက္ကိုစု၊ လက်ပံစု၊ ရေလယ်ကျွန်း၊ ဥယျာဉ်စု၊ စည်ပင်သာယာ၊ အေးရွာဆိုတဲ့ရွာကလေး ၇ရွာ၊ စုစုပေါင်း အိမ်ခြေ ၁၁၃၂ ပါ။ ဒေသခံနဲ့ဆက်သွယ်မေးမြန်းပြီး ဆန်၊ ဆီ၊ ငါးပိရည်ကျို၊ ဆေးဝါးနဲ့အဝတ်အထည်များ လှူဒါန်းခဲ့ကြပါတယ်။ 

စုစုပေါင်းကောက်ခံရရှိတဲ့အလှူငွေ ၁၃၁သိန်းကျော်ထဲက ပဲကြီးကျွန်းအပါအဝင်ရွာကလေး ၇ရွာကို ၈၇သိန်းကျော်ဘိုး လှူဒါန်းဖြစ်ခဲ့ပြီး  ၄၄သိန်းကျော်ကျန်ရှိပါတယ်။ အလှူကောက်ခံရငွေစာရင်းနဲ့ ရွာ ၇ရွာအတွက် သုံးစွဲငွေစာရင်းကို အောက်က ပုံတွေမှာ အသေးစိတ်ဖော်ပြထားပါတယ်။ 











စာပေနှမ်းစေ့လေးများအဖွဲ့ရဲ့ ရေဘေးကူနဲ့ပြန်လည်ထူထောင်ရေးခရီးစဉ် နောက်တစ်ခုအဖြစ် မုန်းချောင်းတစ်ဘက်ကမ်းက ရွာကလေး ၃ရွာကို သွားကြပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ စာပေနှမ်းစေ့လေးများအဖွဲ့ဟာ ရင်ငြိမ်းမေတ္တာပရဟိတအဖွဲ့နဲ့အတူ ပူးပေါင်းသွားရောက်ခဲ့ကြတာပါ။ ရင်ငြိမ်းမေတ္တာအဖွဲ့အနေနဲ့ ပထမတစ်ခေါက်သွားရောက်ပြီးဖြစ်တဲ့ရွာကလေးတွေပါပဲ။ ခုတစ်ခါ ဒေသလိုအပ်ချက်အရ ဆန်နဲ့ဆေးတွေ လိုအပ်နေတယ်လို့ သိရတဲ့အတွက် သွားရောက်လှူဒါန်းခဲ့ကြတာပါ။ မုန်းချောင်းအရှေ့ဘက်မှာရှိတဲ့ရွာ ၃ရွာဖြစ်တဲ့ သမင်ခြံ၊ ၀င်ရွာနဲ့ မန္တလေးစုဆိုတဲ့ ရွာကလေးတွေပါ။ သမင်ခြံက အိမ်ခြေ ၃၁၀၊ ၀င်ရွာက အိမ်ခြေ ၆၀နဲ့ မန္တလေးစုက အိမ်ခြေ ၇၀ စုစုပေါင်း အိမ်ခြေ ၄၄၀ရှိပါတယ်။ 



လက်ကျန်ငွေ ၄၄သိန်းကျော်၊ ထပ်မံကောက်ခံရရှိငွေ ၅သိန်းကျော်နဲ့ စုစုပေါင်း သိန်း ၅ဝ ကျော်ရှိရာက ပွင့်ဖြူရွာကလေး ၃ရွာအတွက် ဆန်နဲ့ဆေးဝါး ၂၃သိန်းကျော်ဘိုး ဝယ်ယူလှူဒါန်းခဲ့ပါတယ်။ ခုလက်ရှိ လက်ကျန်ငွေ (၂၆) သိန်းကျော်ကျန်ရှိပါတယ်။ 

လိုအပ်နေတဲ့ဒေသတွေ၊ လိုအပ်နေတဲ့ ပစ္ဇည်းတွေကတော့ အများကြီးကျန်ရှိနေပါသေးတယ်။ ရေတွေလည်း ကျသလောက်တော့ရှိနေပါပြီ။ ဆုံးရှုံးခဲ့ရတဲ့ အိုးအိမ်တွေ၊ ပေးလိုက်ရတဲ့အသက်တွေကတော့ အများကြီးမှ အများကြီးပါပဲ။ ဖြည်းဖြည်းချင်းတော့ ပြန်လည်နေရာချကြ၊ ပြန်လည်ထူထောင်ကြနဲ့ ဒီလိုပဲရုန်းထကြရမှာပါ။ လုပ်ငန်းခွင်ပြန်လည်မဝင်နိုင်သေးတာတွေ၊ မဖွင့်နိုင်သေးတဲ့စာသင်ကျောင်းတွေလည်း အများကြီးပါ။ လိုအပ်မှုတွေအများကြီးထဲကမှ တတ်နိုင်တဲ့အပိုင်းလေးတွေ တာဝန်မျှဝေလုပ်ကိုင်သွားကြရမှာပါ။ 

ဒီအလှူတွေအတွက် အလှူရှင်များအားလုံးကိုရော၊ ဖြစ်မြောက်အောင်ပါဝင်ခဲ့ကြသူ တစ်ဦးတစ်ယောက်ချင်းစီကိုပါ အဖွဲ့ကိုယ်စား ကျေးဇူးအများကြီးတင်ရှိကြောင်း ပြောပါရစေ။ ကျွန်မတို့အားလုံး နိုင်ရာဝန်ထမ်းကြရမှာပါပဲ။ လားရာတူဘက်ကို ပြိုင်တူတွန်းရင်ဖြင့် ရွေ့နိုင်ကြမယ် မဟုတ်ပါလားရှင်....

လှူလို့ရသေးလားဆိုပြီး ကျွန်မကို မေးလာကြတဲ့အလှူရှင်တွေကို အသိပေးချင်တာက ဆက်လက်လှူဒါန်းကြလို့ ရပါသေးတယ်၊ ဒေသခံတွေနဲ့ဆက်သွယ်ပြီး လိုအပ်နေတာတွေကို ထိထိရောက်ရောက်ပေးလှူသွားမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

အလှူငွေထည့်ဝင်လိုပါက....

Singapore S$-Donation
=================
Singapore Bank Account:
DBS Saving Plus 0298030146

မြန်မာငွေ အလှူထည့်ဝင်ရန်
====================
ကမ္ဘောဇဘဏ်
Bank Account: 0211 2105 84233
Bank Account : 219 301 04501690001 (for ibanking user)

အရင်တုန်းက မြေ
အခုတော့ ရေ
အနာဂတ်မှာ  ရွှေဖြစ်ဖို့
တွဲလက်တွေ အားတင်းစို့....







"သူကလေး"စ-ဆုံး

$
0
0


သူက စိတ်ကူးသိပ်ယဉ်တတ်သောသူ....။

“ကိုယ်တို့ ကလေးရတဲ့အခါ ကြည့်လိုချောချောလေးမွေးပြီး ကိုယ့်လိုသဘောကောင်းမနောကောင်းလေးဖြစ်ရင်တော့ ကလေးက သိပ်အဖိုးတန်မှာပဲ” တဲ့။ “ဟင့်အင်း ကလေးက ကျွန်မနဲ့ ရုပ်မတူဘဲ ကျွန်မလို အပျင်းထူ အတ္တကြီး တဇွတ်ထိုးကလေးဖြစ်နေရင် ခက်ရချည့်”ဟု ကြည်ကဆိုသည်။ “ဟုတ်တာပေါ့ မနက်မနက် အိပ်ယာထဖို့ အမြဲနှိုးရခက်တဲ့ကလေး၊ မျက်နှာမသစ်ဘဲ မနက်စာစားတတ်တဲ့ကလေး၊ ရေချိုးဖို့သိပ်ပျင်းတဲ့ကလေးလည်း ဖြစ်ဦးမှာ”ဟု သူပြန်ပြောတော့ ကြည်က ပြုံးလို့သာနေခဲ့သည်။

လမ်းမှာများ ကလေးလေးတွေတွေ့တဲ့အခါ သူရောကြည်ပါ ခေါင်းငဲ့လို့ သိသိသာသာလိုက်ကြည့်နေတတ်တာ။ တခါတခါ သူက ကလေးလေးတွေကို မျက်ခုံးပင့်ပြ လျှာထုတ်ပြနဲ့ ကျီစယ်တတ်ပြန်သေးသည်။ ကလေးလေးတွေက ခိုးခိုးခစ်ခစ်ရယ်တဲ့အခါ သူ သဘောတကျလိုက်ရယ်မြဲ။ ကြည်ကတော့ ကလေးလေးတွေနဲ့သူ့အကြားက နူးညံ့သည့်ဆက်သွယ်မှုကလေးတစ်ခုကိုသာ စိတ်နှင့် ဖွဖွကလေးသပ်မိတတ်သည်။ ထိုအချိန်များမှာ ကြည်သည် ကြည့်ရင်ထဲထိရောက်အောင် မကြည့်ရဲ၊ မကြည့်နိုင်ဘဲ မျက်နှာကိုသာ အတတ်နိုင်ဆုံး အပေါ်ယံရှပ်ပြုံးထားရတတ်သည့်အခါများ ဖြစ်ခဲ့သည်။ ကြည့်ရင်သည် လစ်ဟာမှုနှင့် ကြွေမွနေမည်ကို ကြည်သာသိသည်လေ။

“ကြည်က ကလေး မွေးမပေးနိုင်ဘူးထင်ပါရဲ့နော်”ဟု ဆိုတဲ့အခါတိုင်း သူက ခေါင်းခါရယ်မောသည်။ “မဟုတ်တာကွာ... ကိုယ့်အလုပ်ကြောင့်ဖြစ်မှာပါ။ မြေပေါ်အပူချိန်ထက်ပိုပူတဲ့ မြေအောက်ထဲက လှိုဏ်ခေါင်းတွေထဲမှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေရဲ့သုတ်ပိုးထဲမှာ အောင်မြင်တဲ့ပိုးကောင်ရေဟာ ရှိရမယ့်အရေအတွက်ထက် ပိုနည်းနေတတ်တယ်လို့ ကိုယ်ဖတ်ဖူးတယ်”ဟု ဆိုသည်။ “ကျွန်မက မိန်းမဟိုမုန်း နည်းနေတာလို့ ဆရာဝန်ကပြောတာပဲ၊ ကျွန်မက ယောကျာ်းကြီးများလား မသိဘူးနော်”ဟု
ဆိုတော့  သူက “ပြစမ်း ပြစမ်း နှုတ်ခမ်းမွှေးတွေဘာတွေများ ရှိနေလား”ဆိုကာ တဟားဟားအော်ရယ်လေသည်။ ဟိုမုန်းအားတိုးဆေးတွေသည် ကြည်နှင့် အဆင်မပြေ၊ ဟိုမုန်းအားတိုးဆေးထိုးပြီးသည့်အခါတိုင်း ဘာရယ်မှန်းမသိ၊ ကြည့်စိတ်တွေက အားငယ်ငိုယိုချင်စိတ်တွေနှင့် ခွေလဲ၍သာနေချင်တော့သည်။ အစားလည်း မစားချင်၊ တွေးမိတွေးရာတွေးကာ ငိုလို့သာနေချင်တော့တာ။ လူကလည်း ရေစိုပုဝါစကလေးတစ်စနှယ် ချထားရာမှာ ပုံကျနေတတ်တာ။

သည်လိုနှင့်ပဲ ကလေးရရန်အတွက် ဟိုမုန်းဆေးတွေထိုးပြီး မဟိုမုန်းများလာဖို့ကြိုးစားခြင်းကို မေ့ထားလိုက်ကြရတော့သည်။ “မျိုးဆက်အတွက် ကလေးလိုချင်တယ်ဆိုလည်း မွေးပေးနိုင်မယ့် မိန်းမတစ်ယောက်သာ ယူပါနော်၊ ကျွန်မ နားလည်တယ်” ကြည်က ဝတ္ထုဆန်ဆန်ဇာတ်နာလေသော် “တော်ပါပြီကွာ ဒီတစ်ယောက်နဲ့တောင် ဒီလောက်ဆံပင်ဖြူနေပြီပဲ”ဟု ရယ်မောလျက် စ နောက်မပျက်ဆိုလေသည်။

ဘယ်သူ့ကြောင့်ဟူသည့်အကြောင်းရင်းကို နှစ်ဦးသားသဘောတူစွာ စစ်ဆေးခြင်း မပြုလုပ်ခဲ့ကြ။ သည်ကြားထဲမှာ မမြင်ချင်ဆုံးသော လစဉ်မှန်မှန်ရာသီသွေးတို့အား အမုန်းကြီးမုန်းလျက် ကူကယ်ရာမဲ့စွာရှိရသည်။ တလတလေ နောက်ကျနေတတ်တဲ့အခါ သူ မသိအောင် တိတ်တိတ်ကလေး စမ်းသပ်ကြည့်ခဲ့သည်။ အရင်ကတော့ သူနှင့်အတူတူ စမ်းကြည့်ဖူးပါသည်။ နှစ်ကြောင်းပေါ်လာရမည့် အနီရောင်မျဉ်းကလေးနေရာမှာ မျဉ်းကလေးတစ်ကြောင်းထဲသာ ပေါ်လာသောအခါ မျက်နှာကိုချက်ချင်းပြင်လျက် “ဟာ သားသားလေးလား မီးမီးလေးလားပဲဟေ့ တစ်ကြောင်းကြီးများတောင်ပေါ်လာတယ်ကွ”ဆိုသော သူ့နောက်ပြောင်ကျီစယ်မှုက ကြည့်အား နာကျင်စေသည်။ သို့သော် ကြည်သည် သူရယ်မောစေချင်သလို သူနှင့် ရောနှောရယ်မောပစ်လိုက်ခဲ့သည်။ တစ်ယောက်ခံစားချက်ကို တစ်ယောက်ကသိကာ ဖုံးဖိထားလျက်က မြင်နေရသောအနာတို့မှာ ကြည် ထပ်မံ မရူးသွပ်လိုတော့။ မသိဘဲနာကျင်ရသည်ထက် နာကျင်မယ်မှန်းသိသိနှင့် နာကျင်ရခြင်းက လူကို ပိုလို့ပူလောင်စေတတ်တာ။

သည်လိုနှင့် သူ မသိအောင် တိတ်တိတ်စမ်းသပ်ကြည့်လေ့ခဲ့ရသည်။ မင်နီကလေး တစ်တန်းထဲသာပေါ်လာတဲ့အခါ အမှိုက်ပုံးထဲ ဘာမှန်းညာမှန်းမမြင်ရတော့သည်အထိ သေချာထုပ်ပိုးကာ စိတ်ပျက်လက်ပျက်လွှင့်ပစ်ခဲ့ဖူးတာ အခါခါ။  ချက်အောက်ဘက် လက်သုံးလုံးခန့်အကွာနားက ဝမ်းဘိုက်သားပြင်ထဲမှာ အလုံးကလေးများရှိနေပြီလား လက်နှင့်ဖွဖွ စမ်းကြည့်ရတာမျိုးကဖြင့် မရေတွက်နိုင်တော့။

ကလေးနာမည်ပေး ကင်ပွန်းတပ်၊ ကလေးမွေးနေ့ စသည်ဖြင့် မိတ်ဆွေများမှဖိတ်ကြားလာလျင်တော့ မဖြစ်မနေ သွားကြမြဲပင်။ အပြစ်ကင်းစင်သော ကလေးတို့၏အပြုံးများ၊ ချစ်စဖွယ်တီတီတာတာကလေးများနှင့် ခဏဖြစ်စေ လက်ပွန်းတတီးနေခွင့်ရသည်။ ချော့မြှူချီပိုးခွင့်ရသည်။ ဓါတ်ပုံရိုက်လျက် ဖေ့စ်ဘုတ်ပေါ်တင်ကာ ကိုယ်ပိုင်မိသားစုကလေးလိုလို စိတ်လှည့်ဖြားခြင်း၌ ခဏတာသာယာရသည်ပဲ။ သည်လိုနှင့်ပင် စိတ်မှာထင်ရှားရှိနေသော ကွက်လပ်ကို ချော့မြှူဖြည့်ဆည်းရသည်။

အချိန်တန်တော့လည်း ကြည်တို့နှစ်ယောက်ထဲရှိသောအိမ်မှာ ဆည်းလည်းသံကလေးမျှ မကြားရ၊ ခိုးခိုးခစ်ခစ်ရယ်သံကလေးများမှ မကြားရ။ အရာရာသည် ရှိမြဲတိုင်းလက်ရှိမှာ ပုံမှန်လည်ပတ်လျက်သာ ရှိလေတော့သည်။ အရှိကို အရှိအတိုင်းလက်ခံဖို့ကြိုးစားရတာမျိုးထဲမှာမှ ခါးသည်ဟု ထင်ရသည့်အမှန်တရားတို့ကိုတော့ ငြင်းဆန်ချင်သေးသည့် လူ့သဘာဝပေ။ သည်တော့ ကြည်ဟာ စပျစ်သီးတွေ ချဉ်ချင်လာတော့တာ။ တွန်းလှည်းကလေးတွေနှင့် ကလေးများကို လမ်းမှာတွေ့တဲ့အခါ မကြည့်မိအောင် မျက်နှာကို လွှဲသည်။ ကလေးတို့ ဂျီကျငိုယိုသံကို ရထားပေါ်မှာဖြစ်စေ ကြားရသည့်အခါမျိုးမှာ ဆိုးလိုက်တဲ့ကလေး၊ မရှိတာဘဲကောင်းသေးတော့ဟု တွေးသည်။ ပိတ်ရက်ရှည်တွေမှာ စိတ်ရှိရင်ရှိသလို ချက်ချင်း အထုပ်အပိုးကောက်ပြင်ကာ နှစ်ယောက်သား ခရီးတိုလေးတစ်ခု ထွက်နိုင်သည့်အခါမျိုးများမှာပေါ့။ ရေတစ်ဝက်ပြည့်နေသည့်ဖန်ခွက်ကို မြင်အောင်ဇွတ်မှိတ်ကြည့်လျက် ရေတစ်ဖန်ခွက်ဖြစ်ဖို့ရန်ကိုမူ မတမ်းမက်လိုတော့။

ကြည်တို့လိုပဲ မိသားစုမဖြစ်သေးသည့် ဇနီးမောင်နှံချင်းတွေ့သည့်အခါတွေမှာတော့ သူတော်ချင်းချင်း သတင်းလွေ့ကြရသည်။ “ဒီဘဝမှာ ဘာဝနာတရားကို ထဲထဲဝင်ဝင်အားထုတ်ဖို့ အခွင့်ကောင်းပဲ၊ သံယောဇဉ်ဆိုတာ ကြိုးတစ်ချောင်းလျော့လည်းပဲ အပူအတော်သက်သာတာ” စသည်ဖြင့် မြေပေါ်နှင့်ကောင်းကင်က အပ်နှစ်ချောင်းမှ မထိသူများအချင်းချင်း အားပေးလျက် ရယ်မောဝိုင်းဖွဲ့ကြရသည်။

“မိန်းမချင်းတူတူတောင်မှ သားမွေးထားတဲ့မိခင်က သမီးမိန်းကလေးမွေးတဲ့မိခင်ထက် ပိုမြတ်တယ်။ ထိုင်တာတောင် သားမွေးထားတဲ့မိန်းမက အမြင့်မှာ ထိုင်ရတာ”

ဘာလဲဟ…သွားစမ်းပါ။ ဒါဆို ကြည်တို့လို သားသမီးမှမွေးမထားတဲ့ မိန်းမတွေက ခြေနင်းကြမ်းပြင်မှာ မျက်နှာအောက်ချကာ ကျူံ့ကျူံ့ထိုင်ဖို့သာရှိတော့တာ။ ဘယ်လောက်သနားစဖွယ်ပါလိမ့်၊ အောက်ကျလိုက်ရတာဆိုတာ ပြောဖွယ်မရှိ။ ကြည်ကတော့ နှုတ်ခမ်းကိုသာ တင်းတင်းဖိကိုက်ထားရသည်။ “ဒါက သမီးကမွေးတဲ့ မြေး၊ ဟိုနှစ်ယောက်က ချွေးမက မွေးတာ၊ သူတို့လင်မယားကတော့ ကလေးမရှိဘူး” သည်လိုအခါတိုင်း သည်လိုကြားရတိုင်း ကြည်ဟာ တစ်ကိုယ်လုံးကို ပျောက်သွားမတတ်ကျူံ့ထားမိသည်။ မျက်တောင်တို့ကို အခါခါပုတ်ခတ်ကာ ကျလုလုမျက်ရည်တို့ကို မာန်တင်းရသည်။

သားသမီးမမွေးနိုင်သောမိန်းမသည် လောကကြီးမှာ သည်လောက်တောင် အောက်တန်းနောက်တန်း ကျရသတဲ့လားကွယ်....။ 

ဘာကိုမှန်းမသိနိုင်သော နာကျည်းမှုတွေသည် ရင်ဘတ်ထဲမှာသာ မွမွကြေလျက် အပြင်တော့ဖြင့် ထွက်မလာ။ အရှိကိုသာ တန်
ဘိုးထားတတ်အောင် ကြိုးစားဖို့ပါပဲ၊ မရနိုင်တာကို လိုချင်နေခြင်းသည် နာကျင်ရုံကလွဲ၍ ဘာမှဖြစ်မလာနိုင်သောအခါ ကြည် လက်လျှော့ခဲ့ပြီ။ လက်သီးတို့ကို တင်းတင်းဆုတ်ကာသာ အကြောင်းတရားတို့ကို နားလည်အောင် ရင်နာနာနှင့်ကြိုးစားရသည်။ ဒါဟာ ဘဝတစ်ခုရဲ့အဆုံး မဟုတ်သေးဘူးဘဲကွယ်....။

“ကိုယ်ဟာ ပြီးခဲ့တဲ့ဘဝတစ်ခုမှာ စာကလေးသိုက် တက်နှိုက်ခဲ့တဲ့ကောင်”

ကြည့်...သူဟာလေ...။ သူဟာ ဒီဘဝမှာ တကယ်လို့များ မျက်စေ့တစ်ဘက်ထဲမြင်နိုင်သူဖြစ်မယ်ဆိုရင်တောင် မျက်စဉ်းခတ်ရသက်သာတာပေါ့ကွာဟု ဆိုဦးမည့်သူ....။ သူဟာ ဘာကိုမဆို ကောင်းသောအမြင်၊ ချိုသောနှလုံး၊ဟာသအမြင်နှင့်သာ ဘဝကို 
ကြည့်တတ်သူ….

ကြည့်မှာ သူ့ထံမှ သင်ယူစရာများကား များပြားလှသည်။

XXXXXXXXXXXXXXXXXXXXXXX

တစ်ခါကလည်း ကလေးရှိသောမိတ်ဆွေများကို သူ ကျီစယ်ခဲ့တာ အမှတ်ရမိသည်။

“ကလေးရှိတယ်ဆိုတာ တကယ်တော့ အကြွေးဆပ်နေရတာပဲဗျ။ ကလေးသုံးယောက်ရှိတဲ့မိသားစုဟာ ဟိုဘဝက ဘုရားရွှေခွာခဲ့တဲ့အုပ်စု၊ ကလေးနှစ်ယောက်ရှိတဲ့မိသားစုက ပိုက်ဆံမပေးဘဲ ဘတ်စကားခိုးစီးခဲ့တဲ့အုပ်စု၊ ကလေးတစ်ယောက်ရှိတဲ့မိသားစုကတော့ အလှူခံပုံးဖောက်ခဲ့တဲ့အုပ်စုပေါ့ဗျာ၊ အဲဒါတွေပြန်ပေးဆပ်နေရတာ” ဟုဆိုလေသည်။ သူ့အကြောင်းသိသောမိတ်ဆွေရင်းများက သဘောတကျရယ်မောကာ “ခင်ဗျားဟာ တစ်ခုမှလည်း မလွတ်ပါလားဗျာ”ဟုဆိုတော့ သူက “ဟ ခင်ဗျားစဉ်းစားကြည့်လေဗျာ ခင်ဗျားသမီးကလေးက ဖေဖေ သမီး ဒီအရုပ်လေးလိုချင်တယ်ဆို ခင်ဗျား မဝယ်ပေးဘဲနေလို့ ရလို့လား၊ ရှိရှိ မရှိရှိ ခင်ဗျားမှာ ရှိသမျှလေးချပြီး ဝယ်ပေးလိုက်ရတာပဲ မဟုတ်လား”ဟု ချေပလေသည်။

သူဟာ အဲသည်လိုလူစား၊ ပေါ့ပေါ့ပါးပါးပြောကာ ကြည့်စိတ်ကို ဖော့ပေးတတ်သူ။ သူ့ကြောင့် ကြည့်မှာ စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲရခြင်းမျိုး တစ်ခါမှ မရှိခဲ့။  မျက်ရည်ပေါက်ကြီးငယ်ကျရခြင်းမျိုးလည်း တစ်ခါမှ မရှိခဲ့ဖူးပါ။ တခါတလေတော့ ကြည် သူ့ကို သနားမိသည်။ သူ့ခမျာ သူ့မျိုးဆက် သူ့သွေးကလေးကိုတော့ဖြင့် တစ်ယောက်တစ်လေ လိုချင်ရှာပေလိမ့်မည်။ သို့သော် သူဟာ ဟန်ဆောင်များနေသလား၊ ကြည့်ရှေ့မှာမို့ မလိုချင်ဟန်ပြလေသလား....။ သူဟာ ကြည့်ကို စိတ်လက်ချမ်းသာစေလိုသူသာ ဖြစ်လေသည်။

ကြည့်ကလေးလိုချင်စိတ်မှာ အရင်ကလောက်ရူးမူးသည် မဆိုသာသော်လည်း တိတ်တိတ်ကလေးတော့ တမ်းတနေမိသေးသည်။ စပျစ်သီးကလေးတွေ မချဉ်ဟု စိတ်ထဲက သိနေသေးသည်ကိုး။

ကြည့်မှာ သိပ်တွယ်တာရသော တိုင်းရင်းသူအစ်မတစ်ယောက်ရှိသည်။ အဲ့သည့်အစ်မက သိပ်ကိုချစ်စရာ ကောင်းလွန်းကာ ပြောဆိုပွင့်လင်းပုံမှာ ကြည်ပင်လက်ဖျားခါရအောင် ဒဲ့ကျသူဖြစ်သည်။ “အေ ငါ့မှာ မိန်းမဘဝဖြစ်ပေမယ့် ပိုင်ဆိုင်နေရတာတွေက အလကားပါပဲ။ ဘာမှလည်း မသုံးရ၊ ရည်းစားကလေးမှ မရှိရ”ဟုဆိုတော့ ကြည်က အော်ရယ်ချင်မိသည်။ “ဟင် ဘာဖြစ်လို့လဲ အစ်မရဲ့”ဟု မေးတော့ သူက “အို မိန်းမဖြစ်မှတော့ အနည်းဆုံး သားသမီးကို နို့ချိုတိုက်ကျွေးဖူးတဲ့ရင်သားတွေ ပိုင်ဆိုင်ချင်တာပေါ့”ဟု ဆိုသည်။

“ဒီတစ်ခါတော့ အလုပ်ထဲက အကောင်တစ်ကောင်ကောင်ရှေ့ရောက်ရင် ငါ မူးလဲပစ်လိုက်မယ်၊ ဒါ နောက်ဆုံးလက်နက်ပဲ” ဟုဆိုကာ သူ့စကားသူ သဘောတကျရယ်နေလေသည်။ ကြည့်မှာလည်း အစ်မနဲ့အတူ လိုက်ရယ်မောရပါသည်။

ကြည်ကရော ဘာထူးလို့လဲ၊ ဘာများထူးလို့လဲကွယ်။ မိန်းမတစ်ယောက်အဖြစ် အသုံးကျသည်ဆိုဦးတော့ မိခင်တစ်ယောက်မှ 
မဖြစ်သေးတာ၊ မဖြစ်နို်င်တာ။ ကြည်ဟာ အိမ်ထောင်သည်မိန်းမတစ်ယောက်အဖြစ်သာ ရှိနေသေးသည်ပဲ။ သားသည်အမေဆိုသည့်အခေါ်အဝေါ်ဟာ တန်ဘိုးရှိလိုက်တာ....။ ကလေးလေးတစ်ယောက်ယောက်က ကြည့်ကို အမေလို့ခေါ်လိုက်တဲ့စကားဟာ သိပ်ကိုချိုမြိန်မှာပဲ....။

ခါတစ်ရံတော့လည်း နာနာကျည်းကျည်းတွေးမိတတ်ပါသည်။ လူတွေဟာ ဘာလို့များ ပုံစံခွက်ကြီးထဲ ထည့်ထည့်တိုင်းနေရတာပါလိမ့်။ လူတစ်ယောက်ဟာ ငယ်စဉ်မှာ ပညာရှာ၊ အရွယ်ရောက်တော့ အိမ်ထောင်ကျ၊ သားသမီးတွေ မွေး၊ စီးပွားတွေ ရှာ၊ မိဘပြုစု၊ သည့်ထက်အရွယ်လေးရလာတော့ တရားရှာ။ ပြီးတော့ သေကြ...။ ဒါပဲလား...ဒါဟာ လူ့ဘဝရဲ့ အလျားအရှည်တစ်ခုထဲ မဖြစ်မနေဖြတ်သန်းသွားကြရမှာတွေပဲလား....။ ဘဝကြီးဟာ ဒီလောက်တောင် သမားရိုးကျကြီးပဲတဲ့လား...။

အိမ်ထောင်မကျသေးခင်ကတော့ အိမ်ထောင်ပြုကြတော့လေ တဲ့။ ခုဆို ကြည်တို့က ကလေးမယူသေးဘူးလား အမေးခံနေရပြီ။ 
ကြည်တို့ဟာ ရှေ့လူတွေ ချပေးခဲ့တဲ့လမ်းအတိုင်း လျှောက်ကြရမှာလား။ အိမ်ထောင်မပြုဘူးဆိုရင်ရော...၊ ကလေးမမွေးဘူးဆိုရင်ရော....လူသားတာဝန်မကျေဟု အပြစ်တင်ကြတော့မှာလား....။ မျိုးဆက်ချန်ရစ်ခဲ့ဖို့ဆိုတာကရော ဘယ်လောက်များအရေးပါနေလို့လဲ၊ ဘဝကြီးထဲကို အပြစ်သားကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ခေါ်ဆောင်နေကြတာ၊ ဒုက္ခသားကလေးတွေ...။ တော်ပါတော့ လောကကြီးဟာ ပူလောင်လွန်းလှတာ။ မခေါ်ချင်ကြပါနဲ့၊ မလာချင်ကြပါနဲ့တော့ ကလေးတို့ရယ်...။ စိတ်နာလိုက်တာ...။ ကြည်ဟာ ဘာကြောင့်မှန်း မသိ၊ ဘာကိုမှန်း မသိ၊ ဘယ်သူ့ကိုမှန်းလည်း မသိဘဲ ရုတ်တရက် စိတ်ဖောက်လာပြန်သည်။ ကြည်သည် လူတကာလက်ခံပြီး ဖြတ်သန်းနေကျတွေကို ဆန့်ကျင်ချင်လှသည်။

တကယ်တော့ အချစ်ဆိုတာကိုက မရှိတာ။ မရှိတာကို အရှိလုပ်နေကြတာ။ အချစ်ဆိုတာဟာ ဘဝကြီးထဲကို လူနှစ်ယောက် အတူတူခုန်ချပစ်လိုက်ဖို့ ထိုးကျွေးလိုက်သော မြှားခေါ်မှုတစ်ခုပေပဲ။ အဲသည်လိုသာ ကြည်က နားလည်ချင်သည်။ သည့်နောက်မှာ သကြားကပ်ထားသောဆေးခါးကြီးတစ်လုံးလို၊ အချိုကုန်ချိန်မှာ ဘဝဆိုတာကြီးကို ပီပီပြင်ပြင်မြင်ကြရတာ၊ အဲသည့်တော့မှ ခါးသောဘဝကြီးက လူလုံးထွက်ပြတော့တာ မဟုတ်လား။ အို....စေ့စေ့တွေးကြည့်ရုံနှင့်ပင် ဘဝကြီးထဲလူဖြစ်ရတာကို အင်မတန်မောပန်းလာရတော့သည်။ မုန်းလိုက်တာ...။ တစ်နေ့တစ်နေ့ ဘာအတွက်အသက်ရှင်နေရမှန်း မသိတာတွေနှင့်သာ အချိန်တွေလွန်မြောက်နေရတာကို မုန်းသည်။

“ကလေးငယ်တွေကို ဘယ်တော့မှ မရိုက်ရဘူး။ ဆူတယ်ဆိုရင်တောင် ကလေးစိတ်မှာ အနာရစေမယ့်စကားလုံးမျိုးနဲ့ ဘယ်တော့မှမဆူရဘူး”
“တစ်ချို့ကလေးတွေကတော့ ရိုက်မှကို နားလည်တတ်တာမျိုး”
“ကလေးတွေဟာ အတုမြင် အတတ်သင်နေတဲ့အရွယ်၊ မိဘတွေက အပြောအဆို အနေအထိုင်က အစ ကလေးတွေရှေ့မှာ ဆင်ခြင်ကြရမယ်”
“ကလေးကို သူ့အဖိုးအဖွားတွေရှိတဲ့ဆီ အလည်ခေါ်သွားတာ၊ ကလေးက မြန်မာစကားတော့ နည်းနည်းပါးပါး ပြောတတ်လာပါရဲ့၊ ဘယ်ကတတ်လာမှန်းမသိတဲ့ အဆဲတွေလည်း တတ်လာတယ် သိလား”

အဲသည်လို မိခင်တွေစကားဝိုင်းမှာ ကြည်ဟာ နားထောင်သူသက်သက်သာဖြစ်သည်။ ဝင်ပြောလိုလှသော်လည်း ကြည့်စကားများက လက်တွေ့မဟုတ်သောစကားများမို့ မခိုင်လုံ၊ မှားချင်မှားနိုင်သည်လေ။ သည်တော့ နှုတ်ဆိတ်နားထောင်ခြင်းသည်သာ ကြည့်အတွက်၊ အားလုံးအတွက် အသင့်တော်ဆုံးဟုယူဆကာ ဘာတစ်ခုမှ ဝင်မပြောဖြစ်။ သို့သော် ဘာရယ်မဟုတ် ကလေးစိတ်ပညာဟူသောစာအုပ်မျိုးကိုတော့ ကြည် စိတ်ဝင်တစားရှာဖွေ ဖတ်ရှု့နေမိတတ်ပါသည်။

အဲသည့်ကလေးစိတ်ပညာစာအုပ်ကလေးရဲ့အဖုံးဟာ တိမ်ဆိုင်ဖြူလွလွကလေးတွေ မျောလွင့်နေပုံနှင့်ဖြစ်သည်။ တိမ်တွေအောက်က မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဂါဝန်ဖြူလွလွကလေးဝတ်ထားသော လေး-ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက် တိမ်စိုင်တွေကိုမော့ကြည့်ကာ တိမ်တွေနောက် အပြေးကလေးလိုက်နေပုံက ဝတ်ထားသောဂါဝန်ကလေး တလွင့်လွင့်နှင့်ဖြစ်လေသည်။

ထိုစာအုပ်အဖုံးကလေးကို လက်နှင့်ဖွဖွအုပ်ကိုင်ပွတ်သပ်ကာ ကြည် အိပ်ပျော်သွားခဲ့သောညက ဖြစ်ပါသည်။ မနက်လင်းလာတော့ ကြည် ရုတ်တရက်ထထိုင်မိသည်။ ညက....ညက ကြည် အိပ်မက် မက်ခဲ့သည်ပဲ။ အိပ်မက်ထဲမှာ ဖြူလွလွတိမ်စိုင်တစ်စနောက်ကို ကြည် ပြေးလိုက်နေခဲ့သည်။ တိမ်စိုင်ကလေးသည် ဝါဂွမ်းကလေးတစ်စနှယ် ပေါ့လွင့်ကာ ကောင်းကင်မှာ ပြေးလွန်းလှသည်။ ကြည်က လိုက်မမီမှန်းသိသိနှင့် အပြေးလိုက်ကာ ကြည့်လက်နှစ်ဘက်မှာလည်း ကောင်းကင်ပေါ်မြှောက်ကာ ဖြန့်လှပ်ဆန့်တန်းထားလျက်ရှိသည်။ ရုတ်တရက် လေကြောင်းပဲ ပြောင်းလေသလားမသိ၊ ထိုတိမ်စိုင်ကလေးသည် ကြည်ရှိရာဆီ နိမ့်ကနဲထိုးဆင်းလို့လာသည်။ ငေးကနဲ မင်သက်နေစဉ်မှာ တိမ်စိုင်ကလေးက ကြည်နှင့်အနီးဆုံးရောက်လို့လာကာ ကြည့်နေရင်းမှာပင် တိမ်စိုင်ကလေးသည် အနှီးဖြူဖြူကလေးနှင့် ထုပ်ပိုးထားဟန် သက်ရှိကလေးလေးတစ်ယောက်လို ကြည့်မျက်စေ့မှာမြင်ရသည်။ 
ကြည် ကြောင်အနေဆဲမှာပင် ထိုအရာကလေးက ကြည့်ကိုယ်ထဲ ထွင်းဖောက်၍သွားခဲ့သည် တဲ့...။ 

ထွင်းဖောက်တိုက်ဝင်သောအရှိန်ကြောင့် ကြည့်မှာ မြက်ခင်းပေါ်ပုံလျက်သား လဲကျသွားခဲ့သည်။

အို.....ကြည့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများထလာကာ အိပ်ရာပေါ်ထိုင်နေလျက်က ကြည့်ဘိုက်သားကို လက်နှင့် ထိတွေ့နေမိသည်။ မကျီစယ်ပါနဲ့ကွယ်...အိပ်မက်ဟာ အိပ်မက်မျှသာပဲ...ကြည့်ဘဝမှာ အိပ်မက်တွေကို ဘယ်တော့မှ မယုံတော့ဖို့ သင်ယူခဲ့ပြီးသားရယ်...။သို့သော် ကြည်သည် ယုံကြည်ချင်မိပြန်သည်။ တကယ်လို့များ....သူကလေးဟာ....

အိပ်ရာမှထကာ ဆံပင်တွေကို ဖီးသင်သည်။ ဘေးစားပွဲပေါ်က ပြက္ခဒိန်ကို ယူကြည့်လိုက်တော့ လွန်ခဲ့သောလကတည်းက ရာသီသွေးမပေါ်ဘဲကျော်ခဲ့သည်ကို ကြက်ခြေခတ်ထားသည့်ရက်စွဲတစ်ခုအရ သိရလေသည်။ ကြည့်နှလုံးခုန်သံတို့မြန်လွန်းလာလျက် ညဝတ်အင်္ကျီကိုလဲကာ တွေ့ရာတီရှပ်လေးတစ်ထည် ကောက်စွပ်ပြီး အနီးဆုံး၂၄နာရီဆိုင်ကလေးဆီသွားရကောင်းမလား တွေးမိပြန်သည်။ တခါတလေ အဲ့သည်လိုကျော်ခဲ့ပြီးမှ ပြန်လာချင်လာနေတတ်တာ။ အနေအထိုင် အစားအသောက်အပြင် စိတ်အလှုပ်အရှားနှင့်လည်း ဆိုင်သည်ပဲ။

ရင်မဆိုင်လိုပါ...၊ အနီရောင်မျဉ်းကလေးတစ်ကြောင်းထဲ ပေါ်လာလျင်ဖြင့် ကြည် ရင်ကွဲရဦးမည်။ ဒီတစ်ခါတော့ သိပ်ကိုထူးဆန်းနေတာလို့ စိတ်က တွေးမိပြန်သည်။ ချီတုံချတုံနှင့် ကြည်သည် ဆိုင်ကလေးရှေ့ကို ဘယ်လိုရောက်လာမှန်းပင် မသိလိုက်။ ငွေချေ
ပြီး၍ အထုပ်ကလေးကို လက်မှာကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ ကြည့်ခြေလှမ်းတို့က အိမ်အပြန်လမ်းကို ခါတိုင်းထက်ပိုဝေးသည်ထင်မိတော့သည်။

XXXXXXXXXXXXXXXXXXXXXXX

ခံစားရလွန်းလို့ ဘယ်တော့မှမစစ်တော့ဟု စိတ်ပိုင်းဖြတ်ထားကာ မစစ်ခဲ့သမျှ၊ ပြီးခဲ့သောတစ်လက ကျော်ခဲ့သောသွေးသည် ခုဖြင့် နှစ်လနီးပါးရှိတော့မည်။ ကြည့်စိတ်တို့ တဆတ်ဆတ်ခုန်လာပြန်သည်။ သူက ကြည့်လက်တို့ကိုဖျစ်ညှစ်ဆုတ်ကိုင်ကာ ကြည့်သွေးခုန်နှုန်းတို့ကို နှေးကွေးစေသည်။ ဓါတ်ခွဲခန်းဟု ဆိုင်းဘုတ်တပ်ထားသော ကောင်တာအောက်မှာ ဆီးခွက်ကလေးကိုချစဉ် ပုလင်းပေါ်မှာ ကြည့်နာမည်ကပ်ထားလျက်က တစ်ခြားသူပုလင်းတွေနှင့်ရောမလား စိုးရသေးသည်။  ဓါတ်ခွဲခန်းတာဝန်ရှိသူ အမျိုးသမီးက လက်အိတ်စွတ်ထားသော သူမလက်နှင့် ဖျတ်ကနဲနောက်ဘက်ယူသွားမှ ကျန်ခဲ့သောပုလင်းများကိုကြည့်ကာ မရောထွေးနိုင်တော့ပြီဟု စိတ်ချလက်ချရှိရသည်။

“ခဏနေဆရာဝန်ပြန်ခေါ်ပါလိမ့်မယ်၊ အခန်းအပြင်မှာပဲစောင့်ပါ”ဟု နောက်လည်ပြန်ကြည့်ကာ ပြောလာသူအမျိုးသမီးကိုခေါင်းညိတ်ပြရင်း သူထိုင်နေသော ခုံတန်းကလေးဆီ မျောကနဲပြန်ရောက်လာလေသည်။ ကြာမြင့်သည်ဟုစိတ်ကထင်သော အခိုက်အတန့်ခဏကလေးပါပဲ၊ ထိုခဏမှာပင် ကြည်တို့တိုကင်နံပါတ်ခေါ်သော မီးနီကလေးက အခန်း၂မှာလင်းလာတာမြင်တော့ ကြည် တောင့်ကနဲထရပ်ကာ အခန်း၂ဆီ တန်းကနဲ လျှောက်သွားမိစဉ် အသက်မျှပင်ရှူမိရဲ့လား မသေချာ။

ဆရာဝန်မျက်နှာရိပ်ကိုသာ အလွတ်မပေးတမ်းကြည့်နေစဉ် “ကွန်ဂရက်ကျူလေးရှင်းပါ မစ်စ်ကြည် ခင်ဗျားမှာ ကိုယ်ဝန် ၇ပတ်နဲ့၎ရက်ရှိနေပါပြီ”ဆိုသည့်အသံမှာ ကြည့်မျက်ရည်များ မထိန်းနိုင်စွာ...ပေါက်ကနဲ ပေါက်ကနဲအကျ...။ သူက ကြည့်လက်မောင်းတို့ကိုဖျစ်ညှစ်ဆုတ်ကိုင်ရင်း နီကျင်လာသောသူ့မျက်ဝန်းများကို ခေါင်းမော့ခါစဉ်၊ ကြည့်မှာ  ထိုင်နေသောခုံနှင့်တင်ပါးတို့ လွတ်မြောက်ကာ လူတစ်ကိုယ်လုံး မျောလွင့်ကာရယ်...။

ကြည့် အရပ်၊ ကိုယ်အလေးချိန်တို့ကို တိုင်းမှတ်သည်။ ကြည့်သွေးတို့ကို ဖောက်စစ်စဉ် ဆေးထိုးအပ်ပြွန်ထဲ စွေးညို့စွာစီးဆင်းသွားသော သွေးစိမ်းရှင်ရှင်များကို အမှတ်မဲ့ငေးရင်းက ကြည် ကျန်းမာမှဖြစ်မည်ဟုတွေးသည်။ သူ့အတွက်....သူကလေးအတွက်၊ ကြည်တို့ဘဝထဲကို မကြာခင်ရောက်ရှိလာတော့မယ့် သူကလေးအတွက် ကြည် ကျန်းမာနေမှဖြစ်မည်။ ဆေးလိပ်သောက်သလားဟု ဆရာဝန့်အမေးကို ကြည် ခေါင်းခါပြရင်း သူ့ကိုလှမ်းအကြည့် သူက “social smokerပါ၊ အမြဲတော့ သောက်လေ့မရှိပါဘူး၊ လိုအပ်ရင် ကျွန်တော် မသောက်ဘဲလည်း နေနိုင်ပါတယ်”ဟု ဆိုသည်။ ဆရာဝန်က Passive smokingခေါ် second-hand smoke (SHS)အကြောင်းပြောစဉ်မှာ သူက ခေါင်းတညိတ်ညိတ်နှင့်နားထောင်သည်။ ကိုယ်ဝန်ရှိနေစဉ် လင်ကိုယ်မယားနေမှုထိုင်မှုတွေ၊ ဆောင်ရန်ဆောင်ရန်တွေ၊ အစားအသောက်အနေအထိုင် စုံလင်စွာဆိုစဉ် ကြည်တို့နှစ်ယောက်လုံး သေချာနားစိုက်ထောင်ရသည်။

ပြီးတော့ ကြည့်မှာ အစဉ်စွဲသောက်နေရတဲ့ဆေးတွေ၊ တစ်ခြားသောရောဂါတွေ ရှိ မရှိမေးမြန်းသည်။ ကြည့်မှာက သွေးနီဥနည်းသည့်ရောဂါရှိတာမို့ Sangobionဆိုတဲ့ဆေးတစ်မျိုးကို ကြည် နေ့စဉ်သောက်ရပါသည်။ ဆေးသောက်နေတာမို့ သွေးအဖြေရရင်တော့ သွေးနီဥပါဝင်နှုန်း ဟေမိုဂလိုဘင်စစ်ချက်ကောင်းနေမှာပါပဲ၊ သည်အတွက် စိတ်ချလက်ချချမ်းသာရသေးသည်။
ဖောလစ်အက်ဆစ်ရယ်၊ ငါးကြီးဆီရယ်သောက်ဆေးအဖြစ်ပေးပြီး နောက်နှစ်ပတ်အကြာမှာ ပြန်လာပြဖို့ချိန်းသည်။ ဆေးခန်းမှအပြန်လမ်းလျှောက်မှပင် တုန်ယင်နေသောကြည့်ဒူးများကို သတိထားမိသည်။ ကြည့်လမ်းလျှောက်ပုံသည် အလာတုန်းကနှင့်တောင် မတူ၊ ခပ်ဖြည်းဖြည်း သတိနှင့်လျှောက်သည်။ ကြည့်ဘိုက်ထဲကသူကလေး သက်တောင့်သက်သာမဖြစ်မှာစိုးသလိုရယ် စိတ်ကထင်သည်။ အပျော်လွန်သည်လားဝမ်းနည်းသည်လား မသိတတ်နိုင်သော ရောထွေးခံစားမှုများမှာ ကြည် လွတ်လွတ်လပ်လပ်ကီးလိုက်ပါပစ်လိုက်သည်။

သူကလေး...
ကြည်တို့ အနှစ်နှစ်အလလ မျှော်စောင့်ခဲ့ရသော သူကလေး...
ခု သူကလေးက ကြည့်ဝမ်းဘိုက်ထဲမှာ တဲ့....သူ တကယ်ရောက်လာခဲ့ပြီ တဲ့....။

ကြည်သည် တက္ကစီပေါ်မှာပင် အိကနဲငိုကြွေးမိတော့တာ၊ သူက ကြည့်ခေါင်းကို အလိုက်တသင့် သူ့ရင်ခွင်ထဲပွေ့ပိုက်လာသည်။ သူ့ရှပ်အင်္ကျီရင်ဘတ်တစ်ခုလုံး ကြည့်မျက်ရည်တို့စိုအောင် ကြည် ငိုချခဲ့မိလိုက်သည်။ ဘာကလေးမှန်း မသိသေး....၊ သားကလေးလား၊ သမီးကလေးလား ဘာမှန်းမသိလည်းဘဲ ဘာလေးပဲရရ ကြည် ပျော်မှာ၊ ကြည်နှင့်သူ့သွေးသားတို့ပေါင်းစပ်မှုပင် မဟုတ်လား။

အိမ်ပြန်ရောက်ရောက်ချင်း သူ အရင်ဆုံးလုပ်တာက နှစ်ဘက်မိဘများဆီ ဖုန်းဆက်အသိပေးခြင်းပင်။ ပျော်နေတဲ့မိဘတွေအသံဟာ ကြည့်မျက်ဝန်းကမျက်ရည်တို့ကို သွေ့ခြောက်စေသည်။ “ဂရုစိုက်နော် သမီးကြည်၊ လိုအပ်ရင် မေမေလာခဲ့မယ်၊ ကြိုတော့ပြောနော်သမီး၊ ဘာမှ မကြောက်နဲ့နော်”ဟူသော မေမေ့စကားမှာ ကြည် မျက်ရည်ဝဲရပြန်သည်။ ကြည့်ကိုရော မေမေ ဘယ်လိုများမွေးခဲ့ပါလိမ့်၊ သမီးဦးမို့ Labor painက အကြာကြီး၊ တစ်ရက်နီးပါးဟုသိရစဉ် “မေမေသနားပါတယ် သိပ်နာခဲ့မှာပဲ”ဟု ကြည် ဆိုခဲ့ဖူးသည်။

“နေဦး အရေးတကြီးလုပ်စရာတစ်ခု ရှိသေးတယ်”ဟုဆိုကာ အနီရောင်မျဉ်းကလေးနှစ်ကြောင်းထင်နေသော ကိုယ်ဝန်စစ်တံကလေးကို ဓါတ်ပုံရိုက်ကာ စတေးတပ်စ်တင်တော့ ကြည် အော်ရယ်မိရလေသည်။ “ဟာကွာ ဖရန်းအုန်းလီးလုပ်မနေဘူးကွာ ပတ်ပလစ်တင်တယ်ကွာ”ဟုဆိုကာ ပရိုက်ဗိတ်စီစက်တင်ကို ကမ္ဘာလုံးပုံလေး ပြောင်းလိုက်တာမို့ ကြည့်မှာ ငိုအားထက်ရယ်အားသန်။ အဲသည့်ခဏလေးမှာပါပဲ မိတ်ဆွေသူငယ်ချင်းများရဲ့ ကွန်ဂရက်ကျူလေးရှင်းမှာ သူ့မျက်နှာကြီးပြုံးမြလာတာကို ကြည် မြင်သည်။ ပြီးတော့ မလုပ်စဖူး လိုက်ခ်တွေကို ထိုင်ကြည့်ပျော်ရွှင်နေတာမို့ ကြည်လည်း သူနှင့်အတူ ကြည်နူးရပါသည်။

ပြီးတော့ သူက အစီအစဉ်တွေ ချက်ချင်းထိုင်ဆွဲသည်။ ကြည့်အတွက် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့၊ ကလေးမွေးဖွားရလွယ်ကူသည်ဆိုသော ယောဂကျင့်စဉ်အတွက် ယောဂသင်တန်းတက်ရမည်ဟုလည်း ဆိုသည်။ အစားအသောက်ဆိုလည်း “အရင်ကလို Junk foodတွေ မစားရတော့ဘူးနော် ခဏလေးပဲဟာ သည်းခံနော်”ဟု ချော့ကာတစ်မျိုးဆိုပြန်သည်။

အခု ကြည့်ဘိုက်ထဲမှာ ၇ပတ်ရှိနေပြီဖြစ်တဲ့ သူကလေးက အပြင်လောကထဲရောက်လာဖို့ နောက်ထပ် ၃၃ပတ်လောက်ကြာဦးမှာ တဲ့၊ ကြည့်မွေးဖွားရက်က အဲသည့်မှာရောက်ရှိလာမှာမို့ ဆောင်းဦးပေါက်ကာလဖြစ်မည်။ ကြည်သည် အညောင်းမိတယ်ဆိုကာ သူတားချင်လည်း တားပါစေ၊ သူကလေးအတွက် ခြေအိတ်လက်အိတ်ကလေးတွေ၊ အနွေးထည်ကလေးတွေကို ကိုယ်တိုင်ထိုးဖို့ အင်တာနက်ထဲမှာ ဒီဇိုင်းကြည့်ဖို့၊ ချည်လုံးအရောင်ရွေးဖို့ စိတ်ထဲကကြိတ်တွေးနေမိပြီဖြစ်သည်။ ကြည့်အိပ်မက်ကလေးအတိုင်းဆို သူကလေးဟာ မိုးပေါ်ကတိမ်ဆိုင်ကလေးလို ဖွေးနုနုဖြူမွမွကလေးဖြစ်မည်။ အဖြူရောင်ကလေးပဲ ထိုးရင်ရော...။ ကြည် ပြုံးမိသလားမဆိုနိုင်၊ သူကပါယောရောင်ပြုံးကာ ကြည့်ဘိုက်ကို သူ့လက်နှင့် ဖွဖွအုပ်ကိုင်သည်။ သူ့လက်ဖမိုးပေါ်မှာ ကြည့်လက်တို့ကို အုပ်မိုးကိုင်လိုက်တော့ သူက ကြည့်မျက်နှာကို မော့အကြည်၊့ ကြည့်မျက်ဝန်းတို့ ဝေဝါးလာပြန်သလို မဆုံးနိုင်သောစိတ်လှုပ်ရှားမှုတို့က ကြည့်ကိုရော သူ့ကိုပါ လွမ်းခြုံပြန်သည်။

နောက်နှစ်ပတ်အကြာ ဆရာဝန်ဆီပြန်အပြမှာတော့ သူကလေးက ၉ပတ်ရှိခဲ့ပြီ။ အို...ကြည့်ပါဦး၊ ဆရာဝန်လက်ထဲက Dopplerလေးနှင့်ထောက်ကာပြတော့ သူက ကြည့်ဘိုက်ထဲမှာ မြေပဲတောင့်ကလေးလို ကွေးကွေးကလေးရယ်...၊ ပြီးတော့ ဆရာဝန်က ကိုယ်အလေးချိန်တိုင်းသည်။ မနက်ခင်းဖျားနာအော့အန်မှုတွေအပြင် ဘာတွေများဖြစ်သေးသလဲ၊ အစားအသောက်အနေအထိုင်ကအစမေးမြန်းကာ ကယ်လစီယမ်ပါတဲ့အစားအသောက်တွေ ချိစ်၊ ငါးသေတ္တာ၊ ပန်းမုန်လာစိမ်းတွေ များများစားဖို့ပြောသည်။ ပေးနေကျဆေးတွေပဲဆက်ပေးကာ ၁၂ပတ်မှာ လာထပ်ပြပါဟု နောက်သုံးပတ်ခွာကာ ချိန်းလေသည်။

ကြည့်ဘိုက်က သားဦးမို့ ကြည်ကသာပြောပြမထားလျင် ဘေးလူများမသိနိုင်သေးသည့်အရွယ်မှာပင် ရှိသေးသည်။ သူကတော့ ဘိုက်ဖုံးအင်္ကျီလှလှလေးတွေရောင်းသောဆိုင်များရှေ့ ဖြတ်မိတိုင်း  ကြည့်ကိုလက်ကုတ်ကာ ပြလေ့ရှိသည်။ ဒါလေးဆို ကြည်နဲ့လိုက်မှာ၊ ဟိုအရောင်လေးဆို ကြည့်အသားနဲ့လိုက်မှာ တဖွဖွလုပ်လေ့ရှိသည်။ ကြည်က “အဲဒါတွေ မဝတ်ပါဘူး၊ old fashionတွေ၊ တီရှပ်ကို ဘိုက်ဖော်ပြီးဝတ်မှာ၊ ဘိုက်ပေါ်မှာ အလှဆင်တဲ့အနေနဲ့ လိပ်ပြာပုံတက်တူးထိုးဦးမှာ”ဆိုတော့ ကြည့်ကို “ဆိုးလိုက်တဲ့ မိန်းမကလေးကွာ”ဟုဆိုကာ ခေါင်းခေါက်သယောင် ပြုသည်။

တစ်နေ့မှာ သူက ကလေးပုံပိုစတာလေးတွေ ၄ခုဝယ်လာကာ ကြည်တို့ခုတင်ခြေရင်းမှာ အပြည့်ကပ်သည်။ ကြည်တို့ အိပ်နေရာကနေ ကုတင်ခြေရင်းဘက်ကို မျက်လုံးဝေ့ကြည့်ရုံမြင်သာသော အနေအထားမှာ။ “ဒါလေးတွေ များများကြည့်ပေး၊ ဒါပေမယ့် သမီးလေးမွေးလာရင်တော့ ကြည်နဲ့တူပါစေ”ဟု ဆိုသည်။ ကြည်က ပြုံးလိုက်ကာ “ဘာလေးမွေးမွေး ကြည်နဲ့ပဲတူရမယ်၊ အဲဒါမှ လှမှာ”ဟုအနိုင်ပိုင်းတော့ သူက တဟားဟားအော်ရယ်ကာ “အေးပါကွာ”ဟု ပြုံးမဲ့မဲ့ ရိသဲ့လေသည်။

အို....တကယ်ပါ၊ ကြည့်နေ့ရက်တွေဟာ အခုမှစတင်ကာ အသက်ဝင်လာတာ။ သူနဲ့ အတူနေအိမ်ထောင်သက်တမ်းတစ်လျှောက် ခုလောက် တစ်ခါမှ မပျော်စဖူး၊ သူကလေး ရောက်လာတော့မယ့်အဖြစ်ဟာ ကြည့်အရာရာကို သက်ဝင်ပြောင်းလဲစေတာ။

သက်တံခုံးကြီး ဘယ်နှစ်ရောင်
ဖြေကြည့်ပါလား မောင်
အမြင်မှာ လှသလောက်
နေရောင်လာတော့ သူက ပျောက်
လခြမ်းကွေးထဲ ဘာရှိတယ်
မီးလေး ဖြေပါကွယ်
ရှိပါသကွဲ့ ဖြေချင်စမ်း
ထမင်းဆီဆမ်း ရွှေလင်ပန်း...။

ကြည်က အဲသည့်ကလေးကဗျာလေးစပ်ကာ သူကလေးကိုရွတ်ပြဖို့ဟုဆိုတော့ သူကလည်း အားကျမခံ ဆရာကြီးမင်းသုဝဏ်ကလေးကဗျာတွေ သူ စုဦးမည်ဆိုသည်။

ကြည့်ပါဦး......ကြည်တို့ဘဝကလေးဟာ အခုမှ အရောင်စတင်စုံလင်လာတော့တာ။ ဘဝသည် နှစ်သက်တွယ်ငြိဖွယ်...

တစ်နေ့ကတော့ ကြည့်သူငယ်ချင်းတစ်ယောက်နှင့် ဖုန်းပြောဖြစ်သည်။ “ကြည်က အခု ၁ဝပတ်ထဲမှာ”ဟုဆိုတော့ “၁၁ပတ်ကနေ ၁၄ပတ်အတွင်းမှာ Down Syndrome စစ်ကြည့်သင့်တယ်နော် ကြည်၊ သိတယ်ဟုတ်”ဟု သတိပေးလာသည်။ ဟုတ်တာပေါ့…
ကြည်လက်လှမ်းမီသလောက် ဖတ်ကြည့်ထားဖူးပါသည်။ ကြည်တို့လို အသက် ၃၅နှစ်အထက် ကိုယ်ဝန်ဆောင်သူမိန်းမများ 
စစ်ကြည့်သင့်သည်ဆိုပါသည်။  မဖြစ်မနေစစ်ကြရမည်ရယ်လို့တော့ မဟုတ်ပါ။ သို့သော် ထုံးစံအတိုင်း တစ်ခုခုဆို အာရုံထဲကလွယ်လွယ်မဖျောက်နိုင်သော ကြည့်အတွက် အင်မတန်ကြီးစွာသော စိတ်ဖိစီးမှုကြီးတစ်ခုအဖြစ် စားစားနေနေ သတိရပူပန်နေမိရတော့သည်။

သူကတော့ “မစစ်ဘူးကွာ ကိုယ်တို့ကလေးပဲ ဘယ်လိုလေးပဲဖြစ်ဖြစ် မွေးမယ်၊ သူ့ကုသိုလ်ပေါ့၊ ဖြစ်လာရင်လည်း Special Education Schoolsဆိုတဲ့ကျောင်းတွေ ရှိတာပဲ”ဟု ဆိုသည်။ ကြည်ကတော့ သက်ပြင်းမသိမသာချကာ စိတ်မသက်မသာဖြစ်ရသည်။ ကြည့်ဘိုက်ပေါ် လက်ကလေးတင်ကာ ရသမျှဘုရားစာစုံ ရွတ်ရပြန်သည်။

၁၂ပတ်ပြည့်လို့ ဆရာဝန်ဆီပြစဉ်မှာ Dopplerဆိုတာလေးနှင့် ကြည့်ဘိုက်ပေါ်ထောက်စစ်ကာ ပြသည်။ ဒီနေရာလေးကဖြင့် သွားဖုံးကလေးတွေစထွက်တော့မယ်၊ ဒီနေရာကတော့ဖြင့် ခြေသည်းခွံပျော့ပျော့ကလေးပေါ့ စသည်ဖြင့် သူကလေးကို ကြည်တို့ တွေ့နေရပြီ။ ဒီအချိန်မှာ ဝမ်းတွင်းကလီစာတွေ စတင်ဖြစ်တည်ဖွံဖြိုးစပြုပြီဟုလည်း ဆရာဝန်က ဆိုသည်။ ကြည့်ကိုယ်အလေးချိန် ၄ပေါင်တိုးလာကာ တချို့မနက်တွေ ရုံးအသွားကားပေါ်မှာ အနည်းငယ် ပျို့ချင်တာလေးကလွဲလို့ အရင်ရက်တွေကလောက် မဆိုးတော့။

တစ်မနက်မှာတော့ ရုံးသွားဖို့ရေချိုးအပြီးမှာ ကြည့်ခြေသလုံးပေါ်က ရေစက်တွေစင်အောင်သုတ်ပြီးပါလျက်နှင့် ခပ်စိုစိုခံစားရတာကြောင့် ငုံ့ကြည့်လိုက်တော့ ကြည့်မျက်စိတွေ ပြာဝေမတတ်ဖြစ်သွားရသည်။ သွေးတွေ....ဘုရား ဘုရား ဘယ်လိုဖြစ်တာပါလိမ့်၊ 
ကြည် ချက်ချင်းပဲ သူ့ကို ဖုန်းဆက်ကာခေါ်တော့ သူက “မလှုပ်နဲ့ ကုတင်ပေါ်မှာ အသာလေးပက်လက်လှဲနေလိုက် ကိုယ် အခုပဲ လာခဲ့မယ်”ဟုဆိုသည်။ ကြည် ငိုမိတော့မည်။ အိပ်ရာပေါ် အသာလေးလှဲချလိုက်ရင်း ကြမ်းပြင်ပေါ်က သွေးစက်တို့ကို မကြည့်မိအောင်နေရသည်။ ကြာလိုက်တာ....၊ သူ့ အိမ်ပြန်အလာကိုစောင့်ရတာဟာ ဒီတစ်ခါ တစ်ကမ္ဘာဟုထင်သည်။ မြန်မြန်လေး လာပါတော့ကွယ် ကြည် စိတ်ပူလှပါပြီ။ မနေ့က ရုံးမှာ ဖိုင်တွေ သယ်မရွှေ့ခဲ့လို့များလား...

ဘုရားရေ ကြည် ဘုရားသာအကြိမ်ကြိမ် တ မိလျက် မျက်ဝန်းများကို တင်းတင်းမှိတ်ထားလိုက်မိသည်။

XXXXXXXXXXXXXXXXXXXXXXX

လှုပ်လှုပ်ရှားရှားသိပ်မလုပ်ဘဲ ခုတင်ပေါ်မှာ bed rest တစ်ပတ်ခန့်နေရမည်။ ဘာမှတော့ စိတ်ပူစရာမရှိပါဟု ဆိုသည့်အတွက် 
ကြည် ရင်အေးရပါသည်။ ခုတင်ပေါ်ပက်လက်နှင့်ပင် ကလေးငယ်တစ်ယောက်ရဲ့ မိခင်ဘိုက်ထဲမှာ အဆင့်ဆင့်ဖွံ့ဖြိုးပုံတွေ၊ သားလောင်းမိခင်အနေနှင့် ဆောင်ရန်ရှောင်ရန်တွေ၊ ကလေးစိတ်ပညာ၊ ကလေးပြုစုပျိုးထောင်ရေးစသည့်စာအုပ်ကလေးများကိုဖတ်ရင်း အချိန်ကုန်ရသည်။

ကလေးလေးတွေဟာ ချီးမွမ်းတာကို အလွန်ကြိုက်တဲ့အကြောင်း၊ ကလေးတွေဘာလုပ်လုပ် သူတို့မှာ လုပ်ရတဲ့အကြောင်းရင်းရှိတဲ့အကြောင်း၊ ကလေးသူငယ်ဖွံ့ဖြိုးမှုအတွက် ပြုစုပျိုးထောင်ရာမှာ ကလေးတို့ရဲ့ လိုအပ်ချက်ကိုအခြေခံရမှာဖြစ်ပြီး လူကြီးမိဘတွေလိုအပ်ချက်-ဆန္ဒတွေကို အခြေခံဖြည့်ဆည်းပေးဖို့ရန် မဟုတ်တဲ့အကြောင်း၊ အဲသည်လို လူကြီးမိဘတွေအတွက် မှတ်သားသတိမူစရာတွေပြည့်နေတဲ့ စာကလေးတွေကို ဖတ်ရတော့ ကြည် နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိရသည်။ ဟုတ်တာပေါ့ ကြည်တို့မိဘတွေရဲ့အတ္တ၊ ကြည်တို့မိဘတွေရဲ့အိပ်မက်၊ ကြည်တို့မိဘတွေရဲ့ဆန္ဒတွေကို အကောင်အထည်ဖော်ပေးဖို့ရာ ကလေးတွေပေါ် ပုံချမယ်ဆိုရင်ဖြင့် အင်မတန်မှမတရားလေခြင်းလို့ ကြည် လက်ခံသည်လေ။

ကြည်သည် အိပ်ရာပေါ်သက်သက်သာသာနေရင်း စာဖတ်လိုက်၊ ချည်ထိုးလိုက်၊ သီချင်းနားထောင်လိုက်နှင့် အချိန်များကုန်လွန်စေရသည်။ ပြီးပြန်တော့ အလုပ်ပြန်ဆင်းကာ သာမန်နေ့ရက်များကို ကျော်ဖြတ်ရပြန်သည်။ တကယ်တော့ နေ့ရက်များမှာ သာမန်ဖြစ်စေကာမူ ကြည့်ခံစားမှုတို့ကား သာမန်မဟုတ်တော့ပြီကို ကြည် ကိုယ်တိုင်သိသည်။ ကြည်သည် သူကလေးကို ဝမ်းဘိုက်ထဲလွယ်ထားရခြင်း၌ပင် ကိုယ့်ကိုယ်ကို အာဂမိန်းမနှယ် လူဖြစ်ရကျိုးနပ်လျက်ရှိသည်။ အရာရာကို ကြည်လင်သောအမြင်နှင့် ပို၍ကြည့်တတ်လာသည်ဟုလည်း ထင်နေသေးသည်။

ဆရာဝန်ချိန်းဆိုသော နောက်တစ်ပတ်မှာတော့ ကြည်လွယ်ထားရသောသူကလေးသည် သားကလေးဖြစ်ကြောင်း သိရလေသည်။ သားကလေးဟုသိကြတော့ “ကောင်းတာပေါ့ သားဦးယောကျာ်းကလေးဖြစ်တာ အားကိုးရတာပေါ့၊ သားဆိုတာ ဓါးပဲ၊ သားဆိုတော့ ရဟန်ုးအမလည်းဖြစ်ရတယ်”ဟု မိတ်ဆွေများ၏ လောကဝတ်ကို ကြည် နားထောင်ရပြန်သည်။ သမီးကလေးများဖြစ်ရင်တော့ “သမီးဆိုတာ ထီးပဲ၊ ကြည်နဲ့တိုးတိုးဖော် ရတာပေါ့၊ သမီးဆိုတာ အိမ်လုံတယ်” စသည်ပြောကြလိမ့်ဦးမည်။ ကြည့်အရင်စိတ်နှင့်ဆို “ဘာမွေးမွေး၊ သားဖြစ်ဖြစ် သမီးဖြစ်ဖြစ်ကိုယ့်သွေးပဲဟာ”ဟု ပက်ကနဲဆိုမိမည်ထင်သည်။ ကြည်သည် အတွေးတို့ကို ခေါင်းထဲမှထုတ်ကာ မိတ်ဆွေများကို ပြုံး၍သာတုန့်ပြန်ရလေသည်။ အို....ကိုယ့်သွေးပဲဟာဆိုတဲ့စကားမှာကိုက စဉ်းစားဆင်ခြင်စရာတွေ ပြည့်နေပြန်သည်။ ကိုယ့်သွေးမဟုတ်သောကလေးများသည်လည်း ကလေးတွေပဲမဟုတ်ဘူးလား....။ ကလေးတွေတိုင်းမှာ တူညီသောအခွင့်အရေးရှိသည်၊ ချစ်ခင်ခံခွင့်၊ ပြုစုခံခွင့်နှင့် ထိုက်တန်ကြသည်၊ ကျယ်ပြန့်ကြီးမားသော မိုးကောင်းကင်တစ်ခုရှိရမည်ပဲ...။

ကြည့်စိတ်တို့သည် ချဉ်တူးတူးဖြစ်လာလျက် အပြင်ပန်းမှာတော့ လောကဝတ်ဆိုတာ ဒါပဲလေဟု နားလည်ပေးရင်း ကျေးဇူးစကားကိုသာ တွင်တွင်ဆိုနေရသည်။ ဒါဟာ... ဒီလို...စိတ်ထဲရှိသလို မတုန့်ပြန်နိုင်ခြင်းကိုက လူ့ယဉ်ကျေးမှုတဲ့လားကွယ်ဟု မြည်တမ်းလိုသည်။ တစ်ခါတစ်ရံ ကြည့်ဘိုက်ရှေ့ကို စူထွက်လာတတ်သော ခြေကလေးလက်ကလေးတွေကို အသည်းယားလှစွာ ကြည့်ရင်းပီတိဖြစ်ရခြင်း၌ ကြည်ခံစားနေရသမျှအလိုမကျမှုတို့ အရည်ပျော်ရပြန်သည်။ သူကလေးဟာ ကြည့်ဘိုက်ထဲမှာ ကျန်းမာသန်စွမ်းစွာ လှုပ်ရှားလျက်ရှိနေတာ...။ 

ညညဆို နှစ်ခြိုက်စွာအိပ်ခွင့်ရတာကိုပဲ သူကလေးကို ကြည်က ကျေးဇူးတင်ရသည်။ ကြည့်ခြေထောက်တွေ ကြွက်တက်ပြီးနိုးလာရသောညများမှလွဲလျင် သူကလေးက ကြည့်ဘိုက်ထဲမှာ ငြိမ်သက်စွာအတူအိပ်သည်ဟု ထင်ရသည်။


တစ်နေ့အထိပေါ့...

အဲသည့်နေ့ကတော့ ကြည့်စိတ်ထဲ သိပ်ကို ငြိမ်သက်လွန်းနေသည့် သူကလေး၏အလှုပ်အရှားကို သံသယဖြစ်မိသောနေ့ဖြစ်သည်။ ရုတ်တရက် သူကလေးနှင့်ကြည့်အကြား စိတ်ချင်းချည်နှောင်ထားသောကြိုး ပြတ်ထွက်သွားသလို ခံစားနေရကာ ခါတိုင်းလို 
ကြည့်ဝမ်းဘိုက်က သယ်ပိုးထားရသည့်ခံစားချက်တို့ ကင်းမဲ့ပေါ့လွင့်သွားသည်ဟု ကြည် ထင်သည်။

ဘာရယ်မသိသောစိတ်တစ်ခုခု၏နှိုးဆော်မှုကြောင့် ဆရာဝန်ဆီ ချက်ချင်းပဲသွားတွေ့ဖို့လိုမလား တွေးသည်။ အဲသည့်အထိ စိတ်ထဲသိပ်မစိုးရိမ်လှသေး။ လရင့်လာပြီ။ ၇လကျော်ကျော်ရှိလာပြီမို့ စိတ်ချရသောအနေအထားမှာ စိတ်ထဲ သိပ်တော့မပူမိ၊ သို့သော် တကယ့်ကို တစ်မျိုးကြီးပါပဲ၊ ပြောမပြတတ်သောခံစားမှုတစ်ခု ကြည် ခံစားသိနေရသည်။ သည်နေ့က ကြည့်ဆရာဝန် ဆေးခန်းထိုင်ရက်မဟုတ်တာမို့ နောက်တစ်နေ့တော့ သွားပြမှဟု စိတ်ထဲတွေးထားရသည်။ သူ့ကိုပြောပြတော့ သူက ကြည့်ဘိုက်နား ခေါင်းကပ်နားထောင်ကာ “ဟေးကောင်ကြီး အိပ်နေသလား၊ ဆော့ပါဦးကွ”ဟုဆိုကာ သူကလေးကို စကားတွေ ပြောနေခဲ့သည်။
နောက်တစ်နေ့မနက်မှာတော့ သွေးနည်းနည်းဆင်းသည်။ ကြည် မျက်နှာပျက်စပြုပြီ။ ဟိုတစ်ခါကလိုများ အိပ်ရာပေါ်အနားယူဖို့လိုသလား...ဒါမှမဟုတ်...။ ကြည်သည် မနက်စာစား၊ အဝတ်အစားလဲစဉ်မှာပင် မပြုံးနိုင်၊ သူကတော့ ကြည်စိတ်သက်သာရာရမည့်စကားများ ရှာကြံပြောနေခဲ့လေသည်။ ဆေးခန်းအသွား တက္ကစီပေါ်မှာ ကြည်တို့နှစ်ယောက်လုံး အတွေးကိုယ်စီနှင့် ငြိမ်သက်လိုက်ပါသည်။

လိုအပ်သောစာရွက်စာတမ်းများ ကောင်တာမှာထပ်အပြီး အလှည့်စောင့်နေစဉ်  ကြည့်ဘိုက်ပေါ် လက်ကလေးတင်ကာ ရသမျှဘုရားစာကုန်အောင်သာ ရွတ်လျက်ရှိရသည်။ ဆရာဝန်စစ်ဆေးအပြီး ပျက်ယွင်းသွားသောမျက်နှာနှင့် “စိတ်မကောင်းဘူးဗျာ၊ ကလေးက အထဲမှာ နှလုံးမခုန်တော့ဘူး”ဆိုသည့်အသံ၌ ကြည် အရုပ်ကြိုးပြတ်သည်။ သူ သူ့လက်သီးတို့ကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလျက် ကြည့်ပုခုံးတို့ကို ဖျစ်ညှစ်ဆုပ်ကိုင်ထားသည်များ ပြောလျော့စပြုလေသည်။

သူကလေး....၊ သူကလေးရေ....ကြည်တို့ဘာများ မှားခဲ့ကြသလဲကွယ်...။

ကြည် မျက်ရည်အကျမှာ ဆရာဝန်က ခွဲစိတ်ထုတ်မလား၊ နောက်ရက်အနည်းငယ် သားလျှောအကျမှာ ခြစ်ထုတ်မလားဟု လိုရင်းကိုသာမေးလေသည်။ ခွဲထုတ်မယ်ဟုပြောသော ကြည့်အသံမှာ ပျော့ကာ အက်ကွဲလျက်ရှိသည်။ ကြည့်အသံမှ ဟုတ်ပါလေစ...။ ဆေးရုံတက်ရက်ကို လာမည့်နေ့မှာ သတ်မှတ်ကာ ကြည်တို့အိမ်ပြန်ခဲ့ကြသည်။ အိမ်အပြန်လမ်းသည် အေးစက်ခြောက်ခြားကာ အသက်မဲ့စွာ။ အိမ်ရောက်တော့ သူက အိပ်ရာခြေရင်းက ကလေးပိုစတာလေးတွေကို တစ်ပုံချင်းဆွဲခွာလျက် နံရဲကိုလက်သီးနှင့်ဖွဖွထိုးကာ သားရယ် သားရယ်ဟု နှုတ်မှတဖွဖွဆိုသည်။

ကြည်သည်လည်း နှလုံးသားတို့ပေါက်ထွက်မတတ် ငိုတော့သည်။ ကံကြမ္မာဟာ ရက်စက်လွန်းသည်ပဲ...။ ကျီစားတတ်လွန်းသည်ပဲ...။ တစ်ပိုင်းတစ်စထိုးထားသော ခြေအိတ်ကလေး၊ ပြီးစီးသွားပြီဖြစ်သော ဦးထုပ်ကလေး....ချည်အဖြူစွတ်စွတ်ကလေးနှင့်...။ 
ကြည့်အိပ်ရာဘေးမှာ...။ သူတို့ အသက်မဲ့ပြီလေ...။ 

ကံသေကံမဘာမှပြောမရသော ဘဝကြီးထဲက ဖြစ်တည်မှု၊ ပျက်ယွင်းမှုတို့ကို ကြည် မပိုင်၊ သူလည်း မပိုင်၊ ဘယ်သူကမှ မပိုင်ဆိုင်ကြပါ။ အသက်ဓါတ်တစ်ခု၏ ထိလွယ်ရှလွယ် ဖျတ်ကနဲကွဲကြေလွယ်မှုမှာ အဘယ်သို့သောသူကများ တင်းခံနိုင်မည်တဲ့လဲ။ ကြည်တို့သည်လည်း ငြိတွယ်တတ်သော၊ ဖိတ်စင်တတ်သော ပုထုဇဉ် သာမန်လူသားမျှသာပဲ မဟုတ်လား။

XXXXXXXXXXXXXXXXXXXXXXX

ကြည် သတိပြန်ရလာတော့ ပထမဆုံးသိသည်မှာ တုန်ခိုက်နေအောင် ချမ်းနေခြင်းပဲဖြစ်သည်။ ကြည့်ဘိုက်ထဲကနေ သူကလေးကို ခွဲထုတ်လိုက်ကြပြီးပြီ။ သူကတော့ သားကလေးကို ကြည့်ခဲ့သည် တဲ့။ ကြည့်မှာ မမြင်ရက်စရာ အသက်မဲ့နေမည့်သူကလေးကို စိတ်နှင့်တောင် မမြင်ရက်ပါ။ မျက်စေ့တို့ကို ပြန်လည်မှိတ်လိုက်စဉ်ခဏ ပြန်လည်၍အိပ်ပျော်သွားပြန်သည်မှာ တာဝန်ကျဆရာမလေး စောင်တစ်ထပ်လာခြုံပေးသည်ကိုပင် မသိလိုက်တော့။

နောက်တစ်ဖန် ကြည်နိုးလာချိန်မှာတော့ ညနေစောင်းနေခဲ့ပြီဖြစ်သည်။ ကြည်က ဆေးရုံမှာ လေး-ငါးရက်ခန့်တော့ နေရမည်ထင်သည်။ သူကလေးအတွက် မွေးစာရင်းလုပ်ပြီးသည်နှင့် သေစာရင်းကိုပါ တစ်ပါတည်းလုပ်ရသည်။ ထွက်သွားခဲ့ပြီ...။ သူကလေးဟာ ကြည်တို့ဘဝထဲမှာ ရှိမနေတော့။ ကြည့်ဘိုက်ထဲမှာ ကြည့်သားကလေးအဖြစ်နှင့် ၇လတာနေခဲ့သည်၊ ကြည်နှင့်အတူ ကြည့်အသွေးအသား၊ ကြည်စားသမျှ အချိုအခါးတွေကို သူကလေးနှင့်အတူ ခွဲဝေခံစားခွင့်ရခဲ့ဖူးသည်ကိုပဲ ကျေးဇူးတင်ရမည်လား ကြည် မသိတတ်နိုင်တော့။

နောက်နေ့မနက်မှာတော့ ကြည် လမ်းထလျှောက်သည်။ ထိုစဉ်မှာ ကြည့်ဘေးကုတင်က မိန်းကလေးအကြောင်း ကြားသိခဲ့ရတာဖြစ်လေသည်။ မိန်းကလေးက ကလေးမီးဖွားစဉ်မှာ ဆုံးပါးသွားခဲ့ပြီတဲ့...။ ကြည့်မျက်စေ့ထဲမှာ ကြည့်ကုတင်ဘေးက ဆံတိုကလေးနှင့်၊ လည်ပင်းနှင့်ရင်ဘတ်တစ်လျှောက် တက်တူးထိုးထားသော မိန်းမငယ်ကလေးကို မြင်ယောင်သည်။ ဆေးရုံလာတက်တာ အဖော်မပါ၊ မိဘတွေကလည်း အသိအမှတ်မပြု၊ ဘိုက်ကလေးကော့ကော့ ကော့ကော့နှင့် မျက်နှာကိုချီမော့ကာ တစ်လောကလုံးကို အရေးမစိုက်သောမျက်နှာပေးနှင့် မိန်းမငယ်ကလေး။ ထိုမိန်းကလေးက single momဟု သိရသည်။ သူ့ကလေးအဖေ ဘယ်သူဘယ်ဝါမှန်း သူကိုယ်တိုင်ပင် မသိ၊ သိလည်း မထူးဟုထင်ထားပုံရသည်။ ကြည့်ကိုတော့ ကုတင်ဘေးချင်းကပ်မို့ ငဲ့စောင်းကာ ကြည့်ဖော်ရသည်။ ခုတော့ သူမက သူမရင်သွေးကလေးကို တာဝန်ကျေစွာမွေးအပြီး ထားရစ်ခဲ့လေပြီ။

ကလေးက ဘာလေးလဲဟု ကြည်ကမေးရာ ယောကျာ်းကလေးဆိုတာနှင့် ကြည်က ကြည့်သားကလေးကို နင့်ကနဲအမှတ်ရပြန်သည်။ အဲသည်ကလေးလေးက လမပြည့်ဘဲမွေးတာမို့ သုံးပေါင်ကျော်ကျော်သာရှိသည်ဟု ဆိုသည်။ ထိုကလေးကို ကြည့်ခွင့်တောင်းတော့ ဆရာမတွေက အပြင်ကကြည့်ရင်တော့ရပါတယ်ဆိုတာမို့ သွားချောင်းကြည့်ဖြစ်သည်။ မီးအပြာရောင်မှိန်ပျသော  အထူးခန်းကလေးထဲမှာ များစွာသော ပိုက်တန်းလန်းကလေးတွေနှင့် ကလေးလေးက ဘေးတစောင်းကလေး ခွေအိပ်လျက်။ သူ့မျက်စေ့ကလေးတွေကို အုပ်ထားကာ နှာခေါင်းမှာ၊ ခြေလက်တွေမှာ၊ ရင်ဘတ်မှာ ပိုက်တန်းလန်းများတပ်လျက် လွှတ်ထားသော ရောင်ခြည်အလင်းတန်းများအောက်မှာ ကွေးကွေးကလေး...။

ကြည်သတိဝင်လာတော့ ကြည့်ပါးပေါ်မှာ မျက်ရည်တွေနှင့်၊ အရွယ်နှင့်မမျှလိုက်တာ ကလေးရယ်....။ မိသားစုဝင်အားလုံးက လိုလိုချင်ချင်ကြိုဆိုခဲ့ကြလျက် ကြည်တို့ဘဝထဲက သူကလေးထွက်ခွာသွားခဲ့ချိန်မှာ၊ ထိုသူကလေးကတော့ နှစ်နှစ်ကာကာကြိုဆိုသူမဲ့သည့်ကြားမှ လောကကြီးထဲဝင်ရောက်လာခဲ့ပြီ။ ကြည်သည် ချက်ချင်းလိုလို ထိုသူကလေးနှင့်ကြည့်အကြားက ဆက်သွယ်မှုတစ်စုံတစ်ရာကို မြင်လိုက်ရသလိုရှိသည်။ မျက်ရည်တို့ကိုသုတ်ကာ တာဝန်ရှိသူများနှင့်တွေ့ပြီး ကလေးမွေးစားခွင့်အတွက် မေးမြန်းလေတော့သည်။
XXXXXXXXXXXXXXXXXXXXXXX

“ဟော သမီးကလေးတို့ လာကြ၊  ဝင်လာကြ”

သူက ဘေးအိမ်မှမိသားစုကို အိမ်ထဲဝင်လာခဲ့ရန် ဖိတ်ခေါ်သည်။ သူတို့မှာက သမီးကလေးတွေချည်းပဲ နှစ်ယောက်ဖြစ်သည်။ ကြည်ကတော့ တစ်လပြည့်သွားခဲ့ပြီဖြစ်သော သားငယ်မောင်သုတ၏ အင့်ကနဲအလွန့်မှာ နတ်မြှူ၍ပြုံးရယ်သယောင် တွန့်ကွေးသွားသောအပြုံး၌ ငေးရသည်။ သားအကြီးမောင်ပုညကတော့ ခပ်လှမ်းလှမ်းမှာ စက်ရုပ်တွေ တပ်ဆင်ကစားလျက်။

သူက သမီးအကြီးမကလေးလက်ထဲကို ထုံးစံအတိုင်း ဘီစကစ်နှစ်ထုပ်ထည့်ပေးလိုက်သည်။ အကြီးမကလေးက သူ့ညီမအငယ်လက်ထဲကို တစ်ထုပ်ပေးကာ ကျန်တစ်ထုပ်ကိုသူ့အတွက်ချန်သည်။ ကြည်ရောသူပါ သဘောတကျပြုံးမိကြပြန်သည်။ သည်သမီးကလေးနှစ်ယောက်က ကြည်တို့အိမ်ကို လာလည်နေကျဖြစ်ကာ လာတိုင်းလည်း မုန့်နှစ်ခုကို အကြီးမဖြစ်စေ၊ အငယ်မလက်ထဲဖြစ်စေ ထည့်ပေးလိုက်တတ်သည်။ ကလေးတွေကိုယ်တိုင် နှစ်ခုရှိရင် တစ်ခုစီ၊ တစ်ခုထဲရှိရင် တစ်ဝက်စီဆိုတာကို နားလည်စေလိုခြင်းပင်။

အိမ်နီးချင်းမိတ်ဆွေများနှင့် လောကဝတ်စကားများဆိုကြ၊  သားငယ်ကလေးမောင်သုတကို အုပ်ဆောင်းထားသောခြင်ထောင်အပြာလေးပေါ်ကနေ ကဲကြည့်ကြ၊ ကြည်တို့ဧည့်ခံကျွေးမွေးသော အစားအသောက်များစားကြနှင့်ပင်၊ သားငယ်ကလေးမောင်သုတ၏ တစ်လပြည့်တစ်နေ့တာ ကုန်လွန်ခဲ့ရသည်။

ဧည့်သည်တွေပြန်ကုန်ကြတော့ ကြည်နှင့်သူ၊ ပြီးတော့ သားကြီးမောင်ပုည၊ သားငယ်ကလေးမောင်သုတတို့သာ ကျန်ရစ်သည်။ သားကြီးမောင်ပုညကိုမွေးစားမည်ဆုံးဖြတ်စဉ် အားလုံးက ဝိုင်းဝန်းကန့်ကွက်ခဲ့ကြသည့်ကြားမှာ သူကတော့ ကြည့်သဘောဟု ဆိုခဲ့သည်။ မျိးရိုး ဗီဇဆိုတာရှိတယ်၊ ဘယ်ကမှန်းမသိ၊ ဘယ်လိုသွေးပါလာသလဲလည်း မသိဟုဆိုသည်များကို ကြည်က ခေါင်းမာစွာမကြားဟန်ပြုသည်။ စွန့်ခဲ့ရသောကြည့်သားကလေးနေရာမှာ စိတ်ဖြေသဘောမျိုးအစားထိုးသည်ဆိုခြင်းထက် လာခြင်းမကောင်းခဲ့သော ကြိုဆိုသူမဲ့ ကလေးငယ် တစ်ယောက်အတွက် ကြည်က ကောင်းကင်ကြီးတစ်ခုအဖြစ် အုပ်မိုးလိုတာ...။ ပြီးတော့ လူကြီးတွေမိုက်ပြစ်ဟာ ကလေးတွေနဲ့ လုံးလုံးမှမဆိုင်။ ကလေးတွေမှာ ဘာရွေးချယ်ခွင့်မှလည်း မရှိကြ။ သည်လိုနှင့် ကြည်တို့ဘဝထဲ သားကြီးမောင်ပုညရောက်ရှိလာခဲ့သည်။

“မောင်ပုညကလေးက ကြည်တို့နှစ်ယောက်လုံးနဲ့ ခပ်ဆင်ဆင်ရယ်နော်”ဟူသော ဝတ်ကျေစကားမှာ ကြည် ပြုံးသည်။ “အဖေနဲ့ရော အမေနဲ့ရော မတူဘူးနော် သူက တစ်ရုပ်”ဟူသော မှတ်ချက်မျိုးမှာလည်း ကြည် ခေါင်းညိတ်ရသည်သာ။ မောင်ပုညကလေးကိုမွေးစားပြီး နောက်သုံးနှစ်အကြာမှာ သားငယ်မောင်သုတကိုယ်ဝန်ကို ကြည် လွယ်ခဲ့ရတာ။ ခုတော့ ကြည်တို့မှာ သားကလေးနှစ်ယောက်ရှိခဲ့ပြီ။

သူက သားကြီးလက်ကိုဆွဲလျက် အိပ်ပျော်နေသောသားငယ်ကလေးခြင်ထောင်နား ခေါ်လာလေသည်။ သားကြီးက သူ့လက်ထဲက ငှက်ပျောသီးကို တစ်ဝက်ချန်ကာ ညီညီလေးစားဖို့ဟုဆိုနေတာမို့ ညီလေးက မစားတတ်သေးကြောင်း ရှင်းပြရသေးသည်။ ပြီးတော့ ကစားထားသောအရုပ်များကို ပလတ်စတစ်ပုံးထဲပြန်သိမ်းစဉ် သူက “ညီညီလေးကြီးရင် သားနဲ့တူတူကစားကြနော်၊ သားသားအရုပ်တွေ ညီညီလေးကို ပေးဆော့ရမယ်နော် သားကြီး”ဟုဆိုတော့ သားကြီးက ခေါင်းညိတ်ကာ “ညီညီလေးက ဘယ်တော့ကြီးလာမှာလဲဖေဖေ”ဟု မေးလေသည်။

သားကလေးနှစ်ယောက်ကို အတတ်သင်ရန်များ၊ လမ်းကြောင်းပျိုးထောင်ပေးရန်များက ကြည်တို့နှစ်ယောက်လုံးမှာ စိတ်ကူးနှင့်အပြည့်ဖြစ်သည်။ သားကြီးမောင်ပုညနှင့် သားငယ်မောင်သုတအကြား ကွဲပြားသောအခွင့်အရေးများနှင့် မခြားစေလို။ တန်းတူညီမျှသာဖြစ်စေရမည်။ မေတ္တာဖြင့်တည်ဆောက်သောမိသားစုမှ ပေါက်ဖွားလာသူများပီပီ လူသားဆန်သော သားကလေးများသာ ဖြစ်စေ့ချင်သည်။

ကြည်နားလည်သည်က ဟောသည်လောကကြီးထဲမှာ ကလေးများသည် ပန်းကလေးများသဖွယ်....။ မည်သည့်ပျိုးပင်မှ မျိုးပွားသည်ဖြစ်စေ တူညီသောပွင့်လန်းခွင့်ရှိကြသည်။ လုံလောက်သော အလင်းရောင်၊ ရေ၊ လေသာရကြမည်ဆိုလျင် ကောင်းကင်အပြန့်အောက်၌ ညီတူပွင့်လန်း အလှဆင်ကြမည်သာ...



PEACE - ငြိမ်းချမ်းရေးမဂ္ဂဇင်း
စက်တင်ဘာလ - ၂ဝ၁၅ 


စိတ်အလွင့်...

$
0
0
ရီဝေမှုန်မှိုင်းနေတဲ့ ည....။

ကျွန်မမျက်လုံးရှေ့အရာအားလုံးဟာ ခပ်ဖျော့ဖျောအရောင်တွေနဲ့သာ။ ရေများများနဲ့ ကျဲကျဲရေးခြယ်ထားတဲ့ ခပ်ပြေပြေရေဆေးပန်းချီတစ်ချပ်လိုရယ် ဖျော့တော့တော့ကလေး မှုန်ဝေတယ်....။ ဟိုးအဝေးကြီးကို တစ်ချက်ငေးကြည့်လိုက်တော့ မြင်နေရသလိုလိုနဲ့ အမြင်အာရုံထဲ ဘာတစ်ခုမှ မယ်မယ်ရရ ဖမ်းဆုပ်မရနိုင်ပြန်။ ည၉နာရီထိုးဖို့ ၁၅မိနစ်။ ညစာအတွက် နောက်ကျချိန်၊ အိမ်မပြန်ချင်သေးပါဘူးကွယ်...။ ဟိုနားဒီနားလျှောက်ဖို့အတွက်လည်း နောက်ကျနေပြန်၊ ညာဘက်ပုခုံးပေါ်က လွယ်နေကျရုံးလွယ်အိတ်ရယ်၊ ဘယ်ဘက်ပုခုံးပေါ်မှာ ကွန်ပြူတာအိတ်ရယ်။ ပုခုံးနှစ်ဘက်လုံးဆီက လေးလံမှုတွေကို ခြေထောက်တွေကသယ်ပိုးလို့ ကျွန်မ ဆက်လျှောက်လာခဲ့မိတယ်။ ဘဝကြီးဟာ အဲသလို လေးလံမှုတွေနဲ့ ပြည့်နှက်နေကြေးတဲ့လား....။ မာကျောနေကျစိတ်ဓါတ်တွေဟာ တစ်ခါတစ်ခါတော့လည်း အရာရာကို အရှုံးပေးပျော့ညံ့လိုက်ချင်မိတယ်။

ဘာများရွေးချယ်ခွင့်ရှိလို့လဲကွယ်....။ စိတ်တွေကို ခြေပစ်လက်ပစ်လွှတ်လွှတ်ချမိတာ ခဏခဏ။ ကြေမွပြီးသားစိတ်တွေဟာ ခဏခဏအက်ကြောင်းထလို့ အပြီးတိုင်သေဆုံးမသွားနိုင်တဲ့ဒုက္ခကို ဝဋ္ဋ်တစ်ခုလို့ နာမည်ပေးချင်လှရဲ့။

တက်ကစီစောင့်နေတာ ဆယ်မိနစ်ကျော်ကြာခဲ့ပြီ။ ကျွန်မရှေ့က လူတန်းကြီး တရွေ့ရွေ့ ရှေ့ရောက်သွားကြချိန်မှာ တန်းစီနေတဲ့လူတန်းကြီးဆီက လှည့်ထွက်လာခဲ့မိတယ်။ ရထားဘူတာရုံဘက်ဦးတည်တဲ့ ခြေထောက်တွေက တွေ့ရာစားသောက်ဆိုင်တစ်ခုထဲ လှမ်းဝင်မိပြီးဖြစ်တယ်။ မှာလိုက်တဲ့အအေးတစ်ခွက်ဟာ ဘာကြောင့်များ ထောပတ်သီးဖျော်ရည် ဖြစ်နေရတာပါလိမ့်။ ဆယ်ပြားစေ့ကလေးတွေ ချိုင့်ဝင်နေသလို ဖန်ခွက်နံရံတွေက မှုန်ကြည်ကြည်မို့ အထဲကို ပြတ်ပြတ်သားသားမမြင်ရလည်းဘဲ ဒါဟာ ထောပတ်သီးဖျော်ရည်လို့သိနေနိုင်သေးတာပဲ။ 

ဒီဆိုင်ကဖျော်ရည်တွေဟာ မျက်ရည်တွေနဲ့များ ဖျော်သလား...။ ကြောင်အအငေးနေမိဆဲ ရှေ့ကအအေးခွက်ထဲ ကျွန်မမျက်ရည်စက်တွေ....ဟောတစ်စက် ဟောတစ်စက်နဲ့...။ အင်း...အဲဒီတော့ ဘာဖြစ်သလဲ...၊ တဆစ်ဆစ်ဘယ်ဘက်ရင်ညွန့်က အနာကို ညာလက်နဲ့ထောက်ထားဆဲမှာ ခေါင်းကို ခပ်သာသာခါမိရဲ့။

“ကမ္ဘာလောကကြီး ခဏရပ်တန့်သွားသလိုပဲ ငါထင်တယ်မင်းနဲ့ဆုံတိုင်းလေ အကြည့်တွေ ရင်ဖိုလှိုက်မောလို့နေ”

လက်တွေက ဖော်ဝပ်မြားကလေးကို အလိုလိုကျော်လိုက်ပြီးဖြစ်တယ်။ နားက နားကြပ်နှစ်ဘက်လုံးကိုလည်း ဖျတ်ကနဲဆွဲဖြုတ်လိုက်မိတယ်။ မဖျက်ပစ်ရက်တဲ့သီချင်း...၊ နားလည်းမထောင်ရဲတဲ့သီချင်းတစ်ပုဒ်ဟာ ကျွန်မဖုန်းထဲမှာ မောင်ပို့ပေးထားခဲ့တဲ့အတိုင်း သိမ်းထားမြဲရှိနေတာ...။ 

အပြင်မှာ မီးခိုးငွေ့တွေ မှုန်ရီဆဲ၊ ကျွန်မမျက်ဝန်းမှာပါ မှုန်ရီလာလို့ရယ်...။

ထိုင်နေရက်က ထွက်ပြေးနေမိတဲ့စိတ်တွေ...။ မဟုတ်သေးဘူး၊ အမိခံနေတဲ့စိတ်ဆိုရင် ပိုမှန်မလားပဲ။ မမြင်နိုင်တဲ့ချည်နှောင်မှုတွေထဲက  ကျွန်မ ခဏခဏရုန်းထွက်မိတိုင်း တလည်လည် ပြန်ရောက်နေတတ်တော့ ခက်ရချည့်ကွယ်။ ဒါနဲ့ပဲ ခဏခဏအမိခံ ရစ်ပတ်တွယ်နှောင်ရင်း အသက်ရှူရခက်တဲ့နေ့ညတွေထဲ ရှင်သန်ပြန်ရရဲ့။

“ဒီလလည်းပဲ တားဂက်မမီပြန်ဘူးနော်....”

အလုပ်ဖိစီးမှုတွေက ဒီရက်တွေထဲ ဆူးတစ်ချောင်းလို ခန္ဓာအနှံ့စိုက်ဝင်လေတယ်။ နည်းနည်းကလေးမှ မလွန့်သာဘူး။ အိမ်ကိုသယ်ယူလာရတဲ့ ကွန်ပြူတာထဲမှာ အဲဒီအလုပ်ဖိစီးမှုတွေရှိတယ်။ ကျွန်မအိမ်အရောက် လိုက်လာတတ်တဲ့အလုပ်တွေကို သိပ်မုန်းတာပဲ။

“သူက ခု မရိုက်တော့ပြန်ဘူး။ လိမ္မာနေပြန်ပြီ။ ခွေးမြီးကောက်ကျည်တောက်စွတ်ဆိုတော့ ဘယ်တော့ပြန်ကောက်ဦးမလဲ ငါ မပြောတတ်ပါဘူးဟာ”

ရုံးကစာရေးမ အေမီ ပြုံးပြီးပြောတော့ ကျွန်မ စိတ်လိုလက်ရ ပြန်ပြုံးပြလိုက်မိတယ်။ ဒါ ကောင်းတာပေါ့။ ကျွန်မခဏခဏကြားနေခဲ့ဖူးတဲ့ အိမ်တွင်းရေးအကြမ်းဖက်မှုတစ်ခုဟာ ခုလို အေးဆေးငြိမ်သက်သွားတယ်ဆိုတာ။ ခက်တာကသူ့ခင်ပွန်း အဲရစ်ဟာ ခဏပဲ အချိုးပြောင်းတာ။ တော်ကြာ မိန်းမကို လည်ပင်းညှစ်လို့ နောက်တစ်နေ့မနက်ကျ လည်ပင်းမှာ အညိုအမည်းစွဲပြီး ရုံးတက်လာတဲ့ အေမီ့ကို တွေ့ကြရပြန်တာပဲ။

အချစ်ဆိုတာ....။ 
ကျွန်မ အေမီ့ကို မေးကြည့်ရင်ကောင်းမလား၊ မူးလာတိုင်း သွေးဆိုး၊ အပြစ်ရှာရိုက်နှက်တတ်တဲ့ ယောကျာ်းတစ်ယောက်အပေါ် အေမီ့အချစ်က ဘာတဲ့လဲ၊ “သူက ငါ့ကို ချစ်တာတော့ တော်တော်ချစ်ပါတယ်၊ သူက စိတ်မရှည်တာ ငါကလည်း တုံးတာ အတာကိုးဟာ”လို့ ပြောနေကျအတိုင်း အေမီက ပြောလိမ့်ဦးမယ်။ ကျွန်မ ဟက်ကနဲတစ်ချက်ရယ်မိတယ်။ တော်ပါကွယ်...အချစ်ဆိုတာဟာ လူယောကျာ်းတစ်ယောက်က လူမိန်းမတစ်ယောက်ကို အနိုင်ကျင့်ဖို့သက်သက် ခပ်ချိုချိုနာမည်တပ်ထားတဲ့အရာ....။ ကျွန်မစိတ်တွေကို မောင် အနိုင်ကျင့်ခဲ့တယ်။ ကျွန်မစိတ်တွေကို မောင် ပုံသွင်းခိုင်းစေခဲ့တယ်။ တော်လောက်ပါပြီကွယ်...။

တစ်ညလုံးမှာ ဘယ်နှစ်နာရီများ ကျွန်မ အိပ်စက်ခဲ့ပါလိမ့်။ အများဆုံးရှိမှ လေး-ငါးနာရီရယ်...။ ကျွန်မက ပုံမှန်ဆို ခွန်နှစ်နာရီလောက် နှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်ရမှ အိပ်ရေးဝသူလေ။ အိပ်ချိန်ကို ပြည့်ပြည့်ဝဝ မအိပ်ရတာ ဘယ်လောက်များကြာခဲ့ပြီလဲဆိုတာ မျက်လုံးအောက်ခြေက အကွင်းလိုက်ညိုနေတာက သက်သေပေါ့။ နေပါဦး၊ ကျွန်မ မအိပ်ဘဲ ဘာတွေလုပ်နေမိပါလိမ့်....။ နှိုးစက်မြည်ပြီး၊ ပိတ်ပြီးလို့ ဆယ်မိနစ်လောက်ထိ အိပ်ရာကမထချင်ဘဲ ဆက်မှိန်းနေတတ်တာကလည်း အိပ်ရေးမဝတိုင်းဖြစ်နေကျ အကျင့်တစ်ခုပဲဆိုပါတော့။ မထချင်သေးဘူး ဆက်အိပ်လိုက်ချင်သေးတယ်။ မဖြစ်နိုင်ဘူး ထမှ၊ တော်ကြာ အလုပ်က ခဏခဏနောက်ကျလို့ မဖြစ်ဘူး။ အိပ်ရာက အားယူထလိုက်ပြီး ရေချိုးခန်းဝင်၊ ရေအမြန်ချိုးပြီးတော့ အဝတ်အစားတစ်စုံကောက်ဝတ်၊ မျက်နှာပေါ် BB ကရင်မ်ပါးပါးလူး၊ ပေါင်ဒါလေးပုတ်ပြီး ရုံးအိတ်ကိုလွယ်၊ အိမ်က အပြေးအလွှားထွက်၊ ဒါ ကျွန်မနိစ္စဒူဝ...။ စက်ရုပ်တစ်ရုပ်လို...။

ကျွန်မရှေ့က အအေးခွက်ထဲမှာ ဘာမှမကျန်တော့။ ည ဆယ်နာရီခွဲပြီ။ ကျွန်မပြန်ဖို့သင့်ပြီ။ ပိုက်ဆံရှင်းပြီး ခုံလွတ်ပေါ်တင်ထားတဲ့ ကွန်ပြူတာအိတ်ကို ဘယ်ဘက်ပုခုံးပေါ်တင်၊ ရုံးလွယ်အိတ်ကို ညာဘက်ပုခုံးပေါ်တင်လို့ ဘယ်ခြေလှမ်းတစ်လှမ်းကို ရှေ့ထုတ်ရတယ်။ နောက်ညာခြေတစ်လှမ်း...နောက် ဘယ်ခြေတစ်လှမ်း...။ တူရူကို လျှောက်နေတယ်။ အဖြောင့်အတိုင်း ရွေ့နေတယ်။ 

ရပ်ပစ်လိုက်လို့ မရဘူးတဲ့လားဟင်....။ ကျွန်မ ဆက်မလျှောက်ချင်လို့ မရဘူးတဲ့လား...။ ရပ်ထားလိုက်လို့သာရရင် အပျော်ဆုံးအချိန်တစ်ချိန်ပိုင်ဆိုင်နေချိန်မှာ ကျွန်မ ရပ်ထားခဲ့မှာ။ အတ္တကြီးတယ်ပဲပြောပြော မောင့်အချစ်တွေ သူများလက်ထဲမရောက်ခင်၊ ကျွန်မဆီမှာ မောင့်အချစ်တွေ လက်ဆုပ်လက်ကိုင်ရှိနေချိန်...။ အဲဒီအချိန်ကလေး တခဏကို ကျွန်မ ရပ်ထားခဲ့ပစ်ချင်ရဲ့။

မိုးစက်တွေ...မျက်နှာပေါ်စိုစွတ်လာတဲ့ မိုးစက်တွေကြောင့် ညာဘက်ပုခုံးပေါ်လွယ်ထားတဲ့အိတ်ထဲက ထီးကိုဖွင့်ဆောင်းလိုက်တယ်။ ထီးကိုင်းတစ်ကိုင်းက ချုပ်ရိုးပြုတ်နေပြီး ထီးရွက်အပြင်ဘက်ကို ငေါထွက်နေတဲ့ ထီးကိုင်းတစ်ချောင်းကို ငေါင်းစင်းစင်းတွေ့လိုက်ရတယ်။ သတိထားမိတာ ကြာပြီပဲ။ အပ်ချည်နဲ့ပြန်တုတ်ဦးမှလို့ တွေ့တိုင်းတွေးဖြစ်တာလည်း ကြာပြီ။ ကျွန်မအလုပ်တွေ ဘာတွေများ များနေခဲ့ပါလိမ့်။ လူလား စိတ်လား...မအားလပ်တာတော့ အမှန်။ ဘေးဘီဝဲယာကလူတွေ ကျွန်မမြင်ကွင်းထဲ ရောက်မလာတာ အံ့သြစရာ။ ဒီလမ်းမကြီးပေါ်မှာ ကျွန်မတစ်ယောက်ထဲလိုလို....။ ဒီလမ်းမကြီးကို ကျွန်မတစ်ယောက်ထဲ ပိုင်သလိုလို။ လျှောက်နေပုံက ပိုင်ပိုင်စိုးစိုးရှိလှတယ်။ ဆက်လျှောက်နေရပြန်ပြီ။

မျက်စေ့ရှေ့က မီးရောင်တွေ စက်ဝိုင်းပုံတွေ ဖြာကျနေပုံ။ မိုးစက်တွေကြောင့် ဖွာကနဲ ဖွာကနဲဖြစ်နေပုံ...။ တစ်ခါတစ်ခါ စက်ဝိုင်းရောင်စုံတွေဟာ အမြင်အာရုံမှာ တစ်ခုနဲ့တစ်ခု ပူးကပ် ဝေဝါးသွားကြပုံ။ စက်ဝိုင်းရောင်စုံတွေဟာ ကျွန်မဆီ ပြေးဝင်လာလိုက်၊ ကျွန်မနဲ့ဝေးသွားလိုက်...။ ကျွန်မ ဆက်မလျှောက်ချင်ပါဘူး မောင်ရာ...။

ပါးပြင်တွေ ပူနွေးလာတာဟာ မိုးရေစက်တွေကြောင့်တော့ မဟုတ်ဘူးဘဲ....။

အို...အဲဒီမျက်ရည်ပူတွေကြောင့်ပေါ့၊ အဲဒီမျက်ရည်ပူတွေကြောင့်သာ ကျွန်မဟာ စက်ရုပ်တစ်ရုပ် မဟုတ်သေးတဲ့အကြောင်း သက်သေပြနိုင်တာ။ အဲသလို မထင်ဘူးလားဟင်...။ ဟုတ်တယ်...ကျွန်မပါးပြင်ပေါ် မျက်ရည်တွေကျလာတိုင်း မောင်နဲ့ကျွန်မကြားမှာ သံယောဇဉ်ဆိုတဲ့ ကြိုးကလေး ခပ်တဲတဲရှိနေသေးတယ်လို့ ကျွန်မ နားလည်ရတယ်။ တစ်ဘက်ကခုတ်ချတိုင်း တစ်ဘက်ကပြတ်တောက်ရကြေးဆို ကျွန်မပြောခဲ့တဲ့သံယောဇဉ်က အသက်ငင်နေလှပြီပဲ။

မနက်ဖြန် ရီပေါ့တွေအပြီးတင်ရမယ့်နေ့ပဲ...။ အလုပ်အတွက်  အိပ်ချိန်တွေထဲက ဖဲ့ယူရဦးမယ့်ညပဲပေါ့။ ဘယ်ဘက်ပုခုံးပေါ်လွယ်ထားတဲ့ ကွန်ပြူတာကို လွှတ်ချပစ်လိုက်ချင်တဲ့စိတ်တွေကို ထိန်းစမ်း...။ စိတ်တွေကို ပြန် အမိန့်ပေးလိုက်တယ်။ ဘဝမှာ အမိန့်ပေးတိုင်း နာခံတတ်တဲ့စိတ်တွေသာ ကျွန်မပိုင်ဆိုင်ခွင့်ရှိတယ်ဆို ဘယ်လောက်များကောင်းလိမ့်မလဲကွယ်....။

အိမ်တံခါးသော့ကို ဖွင့်ပြီး လှမ်းဝင်၊ လက်ကလည်း ဖွင့်နေကျအခန်းမီးကို ဖွင့်၊ ထီးအစိုကို ရေချိုးခန်းထဲမှာ ဖွင့်ရက်အတိုင်းချထား၊ ဘယ်ဘက်ပုခုံးပေါ်က ကွန်ပြူတာ ချ၊ ညာဘက်ပုခုံးပေါ်က ရုံးလွယ်အိတ်ကို မချမီ ကျွန်မအကြည့်တွေက ကျွန်မရုံးလွယ်အိတ်ဆီ ရောက်တယ်။ နာကျင်ကိုက်ခဲလာတဲ့ ပုခုံးသားတွေကို လက်တစ်ဘက်က နှိပ်နယ်နေရင်း ရုံးလွယ်အိတ်ကို ဖွင့်ကြည့်လိုက်မိတယ်။ တိုင်ကပ်နာရီက ဆယ့်တစ်နာရီလို့ပြနေပြီ။

ကျွန်မဆင်းရမယ့် ရထားဘူတာကျော်သွားလို့ အနောက်ကို ၂ဘူတာ ပြန်ထပ်စီးလာရတယ်။ ကျွန်မ ပင်ပမ်းလှပြီ။ နားချင်လှပြီ။ ဆင်းရမယ့်ဘူတာနာမည် ကြေငြာသံကိုမှ မကြားနိုင်အောင် ကျွန်မအတွေးတွေ....ပြန့်လွင့်နေတဲ့စိတ်တွေ...။ ကျွန်မ ကိုယ့်ကိုယ်ကို ပြန်ကျိန်ဆဲမိတော့တယ်။

ကျွန်မရုံးလွယ်အိတ်ထဲမှာ မလိုအပ်တာတွေ များလှပါလား။ ပထမဆုံး အကြွေအိတ်ထဲက ကျပ်စေ့တွေ ငါးမူးစေ့တွေကို ကလေးများပညာရေးအတွက် လှူရန်ဆိုတဲ့ စုဘူးထဲတည့်လိုက်တယ်။ စာကြည့်မျက်မှန်တစ်လက်၊ ပါဝါမပါတဲ့ ဖန်စီမျက်မှန်တစ်လက်၊ နေကာမျက်မှန်တစ်လက်။ စာကြည့်မျက်မှန်ပဲ ချန်ပြီး ကျန်တဲ့မျက်မှန် နှစ်လက်ကို အိပ်ရာဘေးက အံဆွဲလေးထဲ ထည့်သိမ်းလိုက်တယ်။ ပလပ်စတစ်ဇွန်းလေးတွေ ၄-၅ချောင်းတွေ့ပြန်တယ်။ ရေခဲမုန့်စားတဲ့ဇွန်းလေးတွေ ဆေးကြောပြီး သိမ်းထားတာ။ အိမ်မှာ ဆားဇွန်း အချိုမှုန့်ဇွန်းတပ်လို့ရတယ်ဆိုပြီးလေ။ ကျွန်မပိုက်ဆံအိတ်ထဲမှာ ဈေးဝယ်ပြီးသား ဖြတ်ပိုင်းတွေ၊ လိပ်စာကပ်ပြားတွေ မလိုတာတွေ အကုန် ထုတ်လိုက်တယ်။ လမ်းမှာ ကမ်းတဲ့ကြော်ငြာတွေ ဖတ်ပြီး သိမ်းထားတာလည်း ပါသေးရဲ့။ မလိုတာတွေအကုန် သိမ်းကျုံးထည့်ထားတော့ ကျွန်မရုံးလွယ်အိတ်က မလိုအပ်ပါဘဲ လေးလံနေတော့တာ။ ညာဘက်ပုခုံးကို နှိပ်နယ်ရင်း မနက်ဖြန်တော့ ရုံးလွယ်အိတ်က ပေါ့ပါးသင့်သလောက် ပေါ့သွားပြီလို့ တွေးတယ်။

ဆယ့်တစ်နာရီခွဲတော့မယ်။ ခုမှ ကွန်ပြူတာအိတ်ကိုင်ရတယ်။ ရုံးအလုပ်တွေ....မနက်ဖြန်အပြီးတင်ရမယ့် စာရင်းတွေ...။ ဘယ်အချိန်မှအိပ်ရမယ် မသိတော့။ ဒီကြားထဲ ရထားဘူတာကျော်သွားတော့ မိနစ် ၂ဝလောက်ပါသွားသေးတာ....။ ကျွန်မ ဘာတွေများ တွေးမိနေပါလိမ့်....။ ကျွန်မခေါင်းထဲမှာ ပြည့်သိပ်ကြပ်ခဲနေတာတွေက လက်ရှိမဟုတ်ဘူး။ အတိတ်တွေ.....မနက်ဖြန်တွေ....။ ပြီးခဲ့တာတွေ...မဖြစ်သေးတာတွေ...။ နာကျင်စရာတွေ....။ ထုတ်ပစ်လို့ ရနိုင်မလားဟင်...။

ကျွန်မစိတ်ထဲ လေးလံမှုတွေ ပြည့်သိပ်ဖိစီးနေတာတွေ အကုန်ချထားပစ်ခဲ့လို့ ရနိုင်မလား....။ အလုပ် လုပ်ရမယ်....။ ကျွန်မစိတ်တွေ ပြန့်ကြဲလာတိုင်း တာဝန်တွေ အလုပ်တွေနဲ့ ဖိချထားခဲ့ရမြဲလေ....။ ဖြည်းဖြည်း....ကျွန်မစိတ်တွေထဲက မလိုတာတွေ လှည်းကျင်းရှင်းလင်းဖို့ရာ အချိန်တော့ ယူရမယ်။

 နောက်တစ်နေ့ကျရင်တော့ ပေါ့ပါးသွားတဲ့အိတ်ရယ်၊ မလိုတာတွေ လွှတ်ချထားခဲ့တဲ့စိတ်ရယ်...ကျွန်မ ပေါ့ပါးနေမှာပဲနော်....။ 

ကျွန်မတို့ဟာ ဘဝမှာ မလိုအပ်တာတွေ သယ်ဆောင်နေကြရင်း စိတ်ရောကိုယ်ကိုပါ လေးလံစေတာ....။

လောလောဆယ် တဆစ်ဆစ်ကိုက်ခဲလာတဲ့ခေါင်းကြောင့် အကိုက်အခဲပျောက်ဆေးပြားတစ်ပြားကို ရေနဲ့မျှောချ သောက်လိုက်ရတယ်။ ရှေ့က ကွန်ပြူတာဝင်းဒိုးထဲမှာတော့ စာလုံးတွေက တဖျတ်ဖျတ်ပြေးလို့ရယ်....




"မဆုံးနိုင်သော အစဉ်အဆက်ပြတ်တောက်နေမှု"

$
0
0

အနာတရတွေဆက်လက်မောင်းနှင်ဖို့ အားကြိုးမာန်တက်လောင်စာဖြည့်တင်းမှုမှာ ရူးနှမ်းနေပုံကတော့ 
ကျွန်မခန္ဓာကို လက်ဖ၀ါးထဲကျစ်ကျစ်ဆုပ်....ခဏခဏဆိုတာလို.. 
အမှောင်ထဲ လက်ကုန်လွှင့်ပစ်ခဲ့ရဖန်များတော့ 
အလင်းဆိုတာကို ကျွန်မလမ်းပြမြေပုံထဲ ထည့်သွင်းမထားခဲ့ ပြန်မကောက်ကြပါနဲ့ကွယ် 
အချိန်တန်ယင်းထတဲ့အခါ အတုန်းအရုန်းကျိုးပဲ့နေဖြစ်ဦးမှာ... 
အချစ်ဆိုတာ သောက်ရေးလုံးလုံးမပါတဲ့ကောင်ကြီးပါ ကျွန်မ ရှင့်ကိုလွမ်းလိုက်ရတာ 
 အိပ်မက်ထဲ သူ့ညာဘက်မေးရိုးလေး ကျွန်မလက်နဲ့တောက်ရင်း ဆို
အဲသည်လို…. 
 သက်ရှိတစ်ယောက်ရဲ့ဖြစ်တည်နေမှုကို သွေးကြောထဲ အလွမ်းတွေထည့်ခတ်မှ နိုးထရ 
အိပ်ရေးပျက်မယ် ထမကြည့်ပါနဲ့ကွယ် 
 ချစ်တတ်ခဲ့သောနှလုံးသား ရယ်ရယ်မောမောပေါ့ပေါ့ပါးပါးမီးပုံရှို့ရုံပါ အတော်မောပါတယ် 
ဘ၀ကြီးထဲ ကန့်လန့်ဖြတ်ဆွဲတဲ့မျဉ်းကွေးတစ်ကြောင်းဟာ ကျွန်မ
ဘယ်အရာနဲ့မှ ထပ်တူမကျ အစွန်းထွက်နေသူက ဒဏ်ရာတွေနဲ့မှ 
ပိုးစိုးပက်စက် အပ်ကျမတ်ကျ အံဝင်ခွင်ကျရပြန်သတဲ့ 
အဲသလိုဂြိုလ်ခွင်နဲ့ ကမ်းကုန်မိုက်သမျှ ဘာအညှိုးအတေးမှမရှိပါဘဲ 
မိုက်မဲခွင့်ပြုလေသော ကံကြမ္မာကိုသာ ခပ်နာနာကျေးဇူးတော်တင်ပစ်ရတယ် 
မွှေးညင်းတွေ အပေါ်ယံအရေခွံတွေမှာ ကျွန်မကို မရှာပါနဲ့ 
နံရံတွေပေါ်ကအသံတွေ နားသောတဆင်ကြည့်ပါ 
ပင့်ကူမျှင်စေးငြိမှုမှာ သံသရာဟာ ရုန်းထွက်ရခက်နေလို့ 
ခပ်အေးအေးပဲ သီချင်းလေးတစ်ပုဒ်ကောက်ညည်းရင်း ဆက်ငြိတယ် 
 ငြိရင်းစွဲကရှိတော့... 
 ကျွန်မအသံကြားရလား 
 ရှင့်အသံကြားလား 
 အသံတွေဟာ မဆုံနိုင်အောင်ချော်ထွက် 
အသံတွေဟာ မဆုံးနိုင်အောင်ကွဲအက် 
အသံတွေဟာ မရင်းနှီးနိုင်လောက်အောင်အေးစက် 
အသံတွေဟာ 
အသံတွေဟာ 
အ သံ တွေ ဟာ 
မဆုံးနိုင်သော အစဉ်အဆက်ပြတ်တောက်မှုမှာ ရွာသွန်းလာသမျှ ခပ်နာနာဖိကိုက်ထားရ 
 အရောင်ကုတ်က သွေးစိမ်းရှင်ရှင် 
 ကျွန်မ နှစ်လိုအားရ မျိုမျိုချနေရတဲ့အေးစက်မှုက ဖက်ဖူးစိမ်းရောင် 
 ဘာသာဗေဒက မိုးလုံးပြန့်မှိုင်း 
 ကိန်းဂဏန်းက ဆယ့်သုံးဂဏန်း 
သေချာပါတယ် ဒီရာသီမှာလည်း ချစ်ခြင်းတရားတွေ ပစ်စလက်ခတ်အရေးနိမ့်လေဦး...



* အရောင်ကုတ် - Color Code


ငယ်ငယ်တုန်းက ပွဲကြိုက်ခင်ကျွန်မ

$
0
0
ကျွန်မက ဗဟန်းသူစစ်စစ်၊ စစ်တာမှ ဒေါ်ခင်ကြည်ဆေးရုံလို့လည်းခေါ်ကြတဲ့ တာဝါလိန်းဆေးရုံမှာ ကျွန်မကို  မွေးခဲ့တာ။ ဗဟန်းမှာ မွေး၊ ဗဟန်းမှာပဲ ကြီးခဲ့တယ်ဆိုပါတော့။ ဒါကြောင့် ကျွန်မက ဗဟန်းကို သံယောဇဉ်သိပ်ရှိတယ်။ မနက်မနက်ဆို ဈေးခြင်းတောင်းဆွဲပြီး အဖွားနောက်ကလိုက်ရတာ မှတ်မိတယ်။ ဗဟန်းဈေးထဲမယ် ဈေးမဝယ်ခင် ဈေးအထွက်ပေါက် (သံဖြူဆိုင်တန်းဘက်ထွက်တဲ့အပေါက်)နားကဆိုင်မှာ မြေးအဖွားတွေ ခေါက်ဆွဲသုတ်စားကြတာလည်း မမေ့နိုင်ဘူး။ အသုတ်ဆိုင်ဘေးက မုန့်လက်ဆောင်း မြေအိုးဆိုင်းထမ်းကြီးနဲ့ ရောင်းတာ၊ အဲတာလည်း သိပ်ကြိုက်တဲ့အထဲမှာ ပါတာပဲ။

အဲဒီတုန်းက ဈေးသည်တွေဟာ သိပ်သဘောကောင်းကြတာပေါ့။ ကြက်သွန်နီဥက အစ၊ ချဉ်ဖတ်အဆုံး အဆစ်ထည့်ပေးတတ်ကြတာမျိုး။ ဈေးအဝင်ပေါက် (ရွှေတိဂုံဘုရားအတက်ဘက်ကနေဝင်တဲ့အပေါက်) ကနေစဝင်မယ်ဆိုရင်တော့ ဘုရားပန်းဆိုင်တွေ၊ မုန့်အချိုဆိုင်တွေရှိတယ်။ အိုးလေးဒိန်ချဉ်တို့ ရွှေထမင်းတို့ မုန့်စိမ်းပေါင်းတို့ဆိုတာ သိပ်စားကောင်းတာပေါ့။
ကျွန်မငယ်ငယ်က ပွဲကြိုက်ခဲ့တဲ့အကြောင်းပြောမယ့်ဟာ ခုထိ ပွဲခင်းထဲ မရောက်သေးဘူး။ ဗဟန်းဈေး စားသောက်တန်းမှာတင် တဝဲလည်လည်ရယ်။ ဒီလိုနဲ့ဝယ်ခြမ်းပြီးသွားရင် ဆိုက်ကားလေးငှားပြီး မြေးအဖွားနှစ်ယောက် အိမ်ပြန်ကြတယ်။ ဈေးအလာလမ်းလျှောက် ဈေးအပြန်ဆိုက်ကားဆိုပါတော့။

ဟိုး ၃နှစ်လောက်က ကျွန်မအလည်ပြန်တော့ ဗဟန်းဈေးထဲ သွားလည်ခဲ့တယ်။ ဈေးကွဲချိန် နေအတော်မြင့်နေချိန်မို့ လူရှင်းနေခဲ့တယ်။ သားငါးတန်းထဲကိုဖြတ်အဝင်မှာ ထိန်းထားတဲ့ကြားက ကျွန်မ မျက်ရည်ကျမိခဲ့တယ်။ ကျွန်မငယ်ငယ်က အဖွားမို့ သားငါးတန်းဝင်ရင် ကျွန်မက လိုက်မဝင်ဘဲ အပြင်ဘက်ခပ်လှမ်းလှမ်းက ဆိုင်တစ်ဆိုင်ဆိုင်နားမှာ ရပ်စောင့်နေတတ်တယ်။ သားငါးတန်းထဲက အညှီနံ့တွေ ကျွန်မ မခံနိုင်ခဲ့လို့ပါပဲ။ ခုများတော့ သားငါးတန်းထဲကအဖြတ်မှာ ကျွန်မ ဘယ်လိုမှ မနေတော့ဘူး။ ကျွန်မဟာ အညှီတွေနဲ့များ အသားကျခဲ့ပြီလား.....။ တွေးမိလိုက်တဲ့ခဏမှာ ရင်ထဲ နင့်ကနဲခံစားလိုက်ရတာရယ်။

ဈေးတန်းထဲကထွက်လာပြီး ဘုရားတက်တော့လည်း ကျွန်မစိတ်တွေဟာ အတိတ်ဆီမှာ တလည်လည်ရယ်ပါပဲ။ ဘုရားကို အရှေ့မုခ်ကအတက် လမ်းတစ်လျှောက်ဆိုင်တွေမှာ အသိတွေချည်းပဲမို့ ဝင်နှုတ်ဆက်နေခဲ့ရသေးတယ်။ ကျွန်မအဖိုးအဖွားတွေဆီမှာလည်း ဆိုင်တွေရှိခဲ့ပါတယ်။ ဗဟန်းသူဗဟန်းသားအတော်များများဟာ ရွှေတိဂုံဘုရားမှာ ဆိုင်တွေရှိတတ်ကြပါတယ်။ စိတ်ပုတီးဆိုင်၊ ပန်းချီကားတွေ၊ ဘုရားစာအုပ်တွေ ရောင်းတဲ့ဆိုင်၊ ပန်းဆိုင်၊ လက်ဖက်ရည်ဆိုင်၊ နိဗ္ဗာန်ကုန်ဆိုင် အဲသလိုဆိုင်တွေ ရှိတတ်ကြတယ်။

စကားမစပ် ကျွန်မအဖိုးရဲ့လက်ဖက်ရည်ဆိုင်အကြောင်း ပြောပြဦးမယ်။ အဖိုးက စေတနာကောင်းတယ်။ စိတ်ရင်းကောင်းတယ်။ ဆိုင်တွေတိုင်းမှာ လူငှားအလုပ်သမားတွေရှိတာမို့ ကျွန်မတို့ဆိုင်တွေက အလုပ်သမားတွေ အကုန်လုံးပေါင်းလိုက်ရင်  ဆယ်ယောက်နီးပါးရှိပါတယ်။ အဖိုးက နှစ်ကုန်ရင် အလုပ်သမားတွေကိုရော သူတို့မိသားစုတွေကိုပါ နိဗ္ဗာန်ကုတို့ဆိုပြီး အထက်မြန်မာပြည် ဘုရားဖူးပို့လေ့ရှိတယ်။ ခရီးစရိတ် စားစရိတ်အငြိမ်း၊ လှူဖို့တန်းဖို့ပဲယူလာကြဆိုပြီး အဖိုးက ပြောတတ်တယ်။ အဖိုးက နှုတ်မချိုဘူး။ ဒါပေမယ့် မိန်းမတော့ စွံသား။ အလုပ်သမားတွေကလည်း အဖိုးကိုချစ်ကြတယ်။ အဖိုးက ပါးစပ်ကပြောမနေပေမယ့် စောင့်ရှောက်သင့်တာ စောင့်ရှောက်တတ်တာမို့ လူတွေက ချစ်ကြတာ။ 

မှတ်မှတ်ရရ ကျွန်မ မှတ်မိနေသေးတယ်။ အဖိုးကို ရုပ်ရှင်ဒါရိုက်တာတစ်ယောက်က မင်းသားလုပ်ဖို့လာခေါ်ဖူးတယ်။ အဲဒီခေတ်က မင်းသားကြီးဗိုလ်ဘကိုနဲ့ အဖိုးက ရုပ်ချင်းအတော်ဆင်တာကိုး။ အဖိုးက နှာတံပေါ်ပေါ် မျက်လုံးမျက်ဖန်လှလှနဲ့ပါ။ အဖွားကတော့ ရွက်ကြမ်းရေချိုလောက်သာပါပဲ။ မင်းသားလုပ်ဖို့ကို အဖိုးက ငြင်းပါတယ်။ ကျုပ်ဟာကျုပ် လက်ဖက်ရည်ဆိုင် ဖွင့်စားတာကမှ ဟုတ်ပါလိမ့်မယ်ဗျာ၊ မင်းသားလုပ်မှ ဟိုမရောက် ဒီမရောက်နဲ့ ဇော်ကန့်လန့်ဖြစ်နေပါဦးမယ် တဲ့။ ဒီလိုနဲ့ ကျွန်မလည်း မင်းသားမြေး မဖြစ်ခဲ့ရဘူးပေါ့။ 

ကျွန်မလည်း ဈေးအကြောင်း၊ ဈေးထဲကမုန့်တွေအကြောင်း၊ အဘိုးအကြောင်းပြောနေတာ များသွားပြီထင်ပါရဲ့။ ပြောပြချင်တဲ့ပွဲအကြောင်းက မရောက်နိုင်သေးဘူး။ ဒါပေမယ့် ပွဲအကြောင်းပြောမယ်ဆို ကျွန်မအဖိုးအကြောင်းက အဓိကပါရမှာကိုး။ ဒါကြောင့်လည်း အဖိုးအကြောင်း စကားထည့်စပ်ရပါတယ်။

ဒီလိုပါ။ ကျွန်မစွဲလန်းခဲ့ရတဲ့ပွဲအကြောင်းဆိုတာက ရွှေတိဂုံဘုရားတပေါင်းပွဲကြီးကနေ စပါတယ်။  ကျွန်မမှတ်မိတာကတော့   ရွှေတိဂုံဘုရားတပေါင်းပွဲကြီးဟာ နှစ်စဉ် မတ်လထဲမှာ ကျင်းပလေ့ရှိပြီး ဆယ်ရက် ဆယ့်နှစ်ရက် အဲသလောက်ကြာလေ့ရှိပါတယ်။
ကျွန်မတို့ကလေးတွေကတော့ တပေါင်းပွဲတော်ကြီး ဘယ်တော့စမလဲနားစွင့်နေရတာပါပဲ။ ပွဲတော်စတော့မယ်ဆိုရင် ကျွန်မတို့လမ်းတွေထဲ ဇာတ်ပွဲကြော်ငြာကားတွေ ဦးဆုံးလှည့်တော့တာပါပဲ။ ဒါဆိုရင် သိပြီ။ တပေါင်းပွဲတော်ကြီးမှာဖြင့် ဘယ်ဇာတ်တွေက ဘယ်နှစ်ည ကမယ်။ ဘယ်ဇာတ်တွေက ဘယ်နားမှာ ဇာတ်ရုံထိုးမယ်ဆိုတာတွေကိုပေါ့။ 

ကားပေါ်ကနေ ဝေပေးတဲ့ လက်ကမ်းကြော်ငြာထဲက မင်းသားမင်းသမီးပုံတွေ မြင်ရတာနဲ့တင် ဇာတ်ပိုးက အတော်လေးတရွရွဖြစ်နေခဲ့ပြီ။ ဘုရားပွဲမစခင် ကလေးတွေရော လူကြီးတွေပါ အပျော်စီးကြတဲ့ ချားရဟတ်တွေလာဆင်နေပြီဆို မြင်တာနဲ့တင် ပျော်နေခဲ့ကြပြီ။ ရဟတ်က နှစ်ခု အကြီးတစ်ခု၊ ဘေးနားမှာ အသေးက တစ်ခု၊ ပြီးတော့ ရုပ်ရှင်ရုံအသေးစားကလေးတွေ၊ သူက ကားထဲမှာ ဝင်ကြည့်ကြရတာ။ ကားနောက်ခန်းက လေးထောင့်အတုံးပုံ၊ လူတွေက ကားနောက်ခန်းထဲက ခုံတန်းလေးတွေမှာ မျက်နှာချင်းဆိုင်ထိုင်ကြရတယ်။ ကလေးတွေပဲ ကြည့်ကြတာရယ်ပါ။ ဆယ်ယောက်လောက်တော့ ဆန့်ပါတယ်။ ပြကာနီးပြီဆို အမှောင်ထဲမှာ မျက်နှာချင်းဆိုင်ခုံက သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး အူမြူးကြရသေးတာ။ ပြတော့လည်း ကားနောက်ခန်းကို မျက်နှာမူထားတဲ့ ပိတ်ကားသေးသေးလေးပေါ်မှာ တုန်တုန်မှုန်မှုန်အရုပ်တွေကို ကြည့်ကြရတာရယ်။ ကားကလည်း အဖြူအမည်း တုန်ကလည်း တုန်၊ မှုန်ကလည်း မှုန်နဲ့။ ဒါပေမယ့် ပျော်ခဲ့ကြတာပါပဲလေ။

ပရိဘောဂဆိုင်၊ သင်ဖျုးဖျာဆိုင်၊  ရှင်မတောင် ရှမ်းခေါက်သနပ်ခါးတုံးတွေ ရောင်းတဲ့ဆိုင်၊ ဒန်အိုးဒယ်အိုးလို မီးဖိုချောင်သုံးပစ္စည်းဆိုင်၊ ကြိမ်နဲ့ယက်ထားတဲ့ တောင်း ပလုံးတွေ စကော စကာတွေ၊ ပခုက္ကူဘက်ကလာတဲ့ အညာစောင်၊ ခြင်ထောင်၊ အဝတ်အထည်ဆိုင်တွေအပြင် မုန့်ဆိုင်တွေပါရောက်လာပြီး ဆိုင်ခင်းကြပြီဆို ပွဲတော်ရက်နီးလာပြီလို့ ကျွန်မတို့ သိကြတယ်။ မျက်စိတစ်ဆုံး မျှော်ကြည့်လို့မှမကုန်တဲ့ဆိုင်တန်းကြီးတွေ တွေ့ရပြီဆို ကျွန်မတို့ကလေးတွေမှာ တခုန်ုခုန်ပျော်ကြရတယ်။  အေးအေးဆေးဆေး မုန့်လာစားချင်သူတွေက ပွဲတော်မစခင်မှာပဲ မုန့်ဆိုင်တွေဆီ ပွဲဈေးလျှောက်ရင်း တတန်တကလာစားကြရတယ်။ မုန့်သိုင်းခြုံ၊ မုန့်ရေပါး၊ မုန့်ချိုသွင်း၊ အောင်ဗလမုန့်၊ ကောက်ညှင်းကျည်တောက်၊ မုန့်ဆီကြော်၊ ထမနဲ၊ အညာသားကျောကုန်း၊ စလူမုန့် အို...စုံနေတာပါပဲ။

ဇာတ်ပွဲတွေသွင်းတဲ့ဇာတ်ရုံကြီးတွေဆိုတာ ပေါင်မုန့်လုံးအရှည်ကြီးတစ်လုံးလိုပဲ။ ခေါင်ကနေ ခုံးပြီး ဘေးနှစ်ဘက်ကို ဂငယ်ပုံခပ်ညီညီနိမ့်ဆင်းသွားတဲ့ ပုံမျိုး။ ဇာတ်ရုံရှေ့မျက်နှာစာမှာတော့ ဇာတ်ဆိုင်းဘုတ်အကြီးကြီးထဲမှာ ဇာတ်မင်းသား မင်းသမီးတွေကို ဇာတ်ဝတ်ဇာတ်စားနဲ့ မိတ်ကပ်အပြည့်နဲ့ ချောပေ့လှပေ့ဆိုတဲ့ ပိုစတာကြီးဆွဲပြီး တင်ထားတယ်။ ဇာတ်ရုံအဝင်မှာတော့ အဝင်ပေါက်နဲ့အထွက်ပေါက်ရယ်လို့ နှစ်ကန့်ခွဲခြမ်းထားပြီး အဝင်ပေါက်က ဝင်လိုက်တာနဲ့ ဘလက်ဘုတ်ကြီးပေါ်မှာ မြေဖြူနဲ့ ယနေ့ည ကပြမည့်အစီအစဉ်ဆိုတာကို ရေးထားတာ တွေ့ရမယ်။ ဇာတ်အစ ပထမဆုံးအဖွင့်မှာဆို အပျိုတော် ကန်တော့ခန်း၊ သူငယ်တော် ဒါတွေကနေ စဖွင့်တယ်။ ပြီးမှ အော်ပရာ၊ ပြဇာတ်၊ ပြဇာတ်ပြီးတော့ အားလပ်ချိန် ခဏပေးတယ်။ ပြန်စတဲ့အခါ ဝန်ကြီး လေးယောက်က မြို့တည်တာနဲ့စတာပဲ။ ပြီးတော့ နှစ်ပါးသွား၊ နောက်ဆုံးကျမှ နောက်ပိုင်းပြဇာတ်၊ နောက်ပိုင်းပြဇာတ်လည်းအပြီး မိုးလည်းအလင်း။ အဲသလို မိုးအလင်း ကပြကြတာ။

ကျွန်မမှာ အဒေါ်အပျိုကြီးနှစ်ယောက်ရှိတယ်။ သူတို့က ပွဲသိပ်ကြိုက်ကြတာ။ ကျွန်မက ကိုးနှစ်-ဆယ်နှစ်သမီးလောက်ရှိဦးမယ်ထင်ပါရဲ့။ သူတို့လက်ပေါ်မှာ ကျွန်မက ကြီးပြင်းခဲ့ရတော့ အဒေါ်အပျိုကြီးတွေက ကျွန်မကို သမီးလိုချစ်ကြတာ။ သူတို့ဘယ်သွားသွား ကျွန်မကို ခေါ်သွားလေ့ရှိကြတော့ အဲဒီမှာ ကျွန်မက ပွဲကြိုက်တတ်သွားတော့တာ။ အဖိုးက ဇာတ်ပွဲလက်မှတ်ကို ရှေ့နား အလယ်ကျကျမှာ ဖျာလေးချပ်စာ ပွဲစ-ပွဲဆုံးအတွက် တစ်ခါထဲဖြတ်ထားပေးတာပဲ။ အိပ်ရေးဆက်တိုက်ပျက်လို့မှ မကြည့်နိုင်တဲ့ညဆို ဆိုင်ကအလုပ်သမားမိသားစုတွေကို ပွဲလက်မှတ်ပေးပြီး ကြည့်ခိုင်းလိုက်တာမျိုး။

ကျွန်မအဒေါ်တွေ အများဆုံးကြည့်တဲ့ဇာတ်က ရွှေမန်းသဘင်ပါ။  သစ္စာမေတ္တာ ရွှေမန်းသဘင်ဇာတ်ပေါ့။ အဲဒီတုန်းက မင်းသားဝင်းဗိုလ်အရမ်းချော အရမ်းနာမည်ကြီးနေချိန်။ သူကတဲ့ ကျားမာယာဆိုတဲ့ဇာတ်က ယောကျာ်းက မိန်းမလိုအယောင်ဆောင်ပြီး သူကြိုက်တဲ့မိန်းကလေးကို ရအောင်ပိုးတဲ့ဇာတ်လို့ အကြမ်းမှတ်မိပါတယ်။ အဲဒီမှာ မိန်းကလေးလိုဝတ်ထားတဲ့မင်းသားဝင်းဗိုလ်ဟာ အစကတည်းက မိန်းမချောချောသူမို့ လှတာမှ မှုန်နေအောင်ကို လှတာပါ။ အမျိုးသမီးတွေ ဝက်ဝက်ကွဲစွဲလန်းခဲ့ကြတာပေါ့။ ကျွန်မအဒေါ်အပျိုကြီးတွေလည်း အင်မတန်ကြိုက်ခဲ့ကြတာလို့ မှတ်မိနေတယ်။ ပြဇာတ်ပြီးလို့ ခဏနားနေချိန် ဇာတ်နောက်ပေါက်ကိုသွားပြီး နှစ်ပါးသွားကတဲ့အခါ မင်းသားခေါင်းပေါင်းမှာပန်ဖို့ သစ်ခွပန်းသွားပေးခဲ့ကြတာ ကျွန်မ မှတ်မိတယ်။ မင်းသားက မိတ်ကပ်လည်းလိမ်းရင်း လာသမျှမိန်းကလေးပရိသတ်ကြီးကိုလည်း စကားတပြောပြောဧည့်ခံရတာပဲ။ 

ဇာတ်ရုံအနောက်ဘက်ဟာ သိပ်စိတ်ဝင်စားစရာကောင်းတာပါ။ အဲဒီမှာ မီးရောင်အောက်မှာ မဟုတ်တဲ့ တကယ့်ဘဝတွေကို တွေ့နိုင်တာကိုး...


စိတ်ကဆက်ရေးချင်ပေမယ့် ဘလော့ဂါကျွန်မ အတော်လေးအိပ်ငိုက်နေပါပြီ။ နောက်နေ့မှဆက်ရေးပါရစေ :) 




"ချစ်ခြင်းဖြင့် ထုဆစ်အပ်သော"

$
0
0
"ချစ်ခြင်းဖြင့် ထုဆစ်အပ်သော"


ချစ်ခြင်းတရားနှင့် ထုဆစ်သည်သာဖြစ်ပါစေ....ထုဆစ်ပုံသွင်းခံအရာရာဟာ လှပမြဲ.... ။
သည်အဆိုကို ကိုယ်စွမ်းရှိသမျှ ကျွန်မငြင်းကြည့်ချင်ပါသည်.....

(အစ)
ကိုယ်လုံးကြီးတစ်ခု....
အနက်ရောင်…၊ ခြေတွေလက်တွေမှာ အမွှေးမည်းမည်းကြီးတွေက တောထလို့၊ ကိုယ်က အနံ့အသက်တွေကလည်း အော်ဂလီဆန်စရာ ဆိုးဝါးပုပ်အဲ့လို့၊ ကျွန်မ ဘယ်လိုပြေးလည်းပဲ မလွတ်တော့နိုင်အောင် သူက ကျွန်မကိုယ်ပေါ် အိကျလာခဲ့ပြီ။ 
အား.....
သူ့ကိုယ်က ချွေးစေးတွေ ကျွန်မကိုယ်ပေါ်စေးကပ်ငြိစွန်းချိန် ကျွန်မ အန်မိတော့မယ်။ ရှိသမျှအင်အားနဲ့ရုန်းကန် တွန်းထိုးဖယ်ရှားလည်းပဲ နောက်ဆုံးတော့ ကျွန်မမှာ အားအင်ရယ်လို့ တစ်စတလေမှ မကျန်တော့။ တစ်ကိုယ်လုံးလည်း နာကျင်လှပြီ။ ခန္ဓာကိုယ်ဟာ ဖူးယောင်ညိုမည်းနေမလား...၊ ကုတ်ခြစ်ရာတွေနဲ့ သွေးစို့စို့တွေက နေရာအနှံ့....။ အား....ကယ်ကြပါ....သူ့လက်က တစ်ချက်ကလေးအလွတ် ကျွန်မခြေလှမ်းတွေ အားထည့်လို့ လှစ်ကနဲအပြေး “ကယ်ကြပါ” အားကုန်အော်ဟစ်လိုက်ချိန်မှာ....။
“ဟဲ့ မွန်း နင် ယောင်ပြန်ပြီလား....ထ ထ ရေသောက်လိုက်”
တစ်ဘက်အိပ်ယာက မင်ဝှေ့အသံကို ကျွန်မ ကြားလိုက်ရတယ်။
အခန်းခြေရင်းထောင့်က ရေခဲသေတ္တာအပုလေးဆီက ရေပုလင်းထုတ်ယူမော့သောက်အပြီးမှာ အိပ်ယာပေါ် ပက်လက်လေးပြန်လှဲချလိုက်မိတယ်။ အဖန်တလဲလဲမက်နေကျ တစ်ခုတည်းသောအိပ်မက်ဟာ ကျွန်မကို အမြဲတစေ ခြောက်လှန့်မြဲ။ အဲကွန်းခန်းထဲမှာ ချွေးတွေနဲ့တုန်ခိုက်နေတဲ့ ကျွန်မတစ်ကိုယ်လုံး အနည်းငယ်ငြိမ်သက်သွားတဲ့အထိ ခေါင်းရင်းက ပုတီးကိုယူပြီး ဗုဒ္ဓဂုဏ်တော်တစ်ခုကို အနုလုံပဋိလုံ ဖိစိပ်လို့သာနေမိတယ်။ မျက်ရည်တွေ ကျွန်မပါးပေါ် လိမ့်အကျမှာ ကျွန်မ ဆုတစ်ခုတောင်းလိုက်မိပြန်တယ်။ တောင်းဆိုနေကျဆုတစ်ခုပါပဲ....။
ကျွန်မ လွတ်မြောက်ချင်လှပါပြီ...။ ကျွန်မ ဘယ်တော့လွတ်မြောက်မှာလဲ....ဘယ်တော့မှ လွတ်မြောက်မှာလဲ....
တောင်းလိုက်တဲ့ဆုအဆုံးမှာ ရှိုက်ငိုနေမိတာသာ ကျွန်မအတွက် ကူကယ်ရာ....။
(ဝ)
မဟုတ်သေးဘူး၊ မဟုတ်သေးပါဘူး...။ သူမ ဘာဖြစ်လာသလဲ၊ ခါတိုင်းဆို သူမ အပြင်ကပြန်လာတိုင်း စောင်ခေါင်းမြီးခြုံထားတဲ့ကျွန်မကို စောင်အတင်းခွာကာ “စကားပြောကြမယ်လေဟာ ထ ထ”ဟု ဆိုလေ့ရှိတာ။ ခုတော့ အခန်းတံခါးဖွင့်သံ၊ အခန်းထဲလှမ်းဝင်လာတဲ့ သူမခြေသံ၊ ကြမ်းနှင့်အဝတ်သေတ္တာဘီးတို့ ပွတ်တိုက်ဆွဲသံ၊ ဂျင်းဘောင်းဘီဝတ်သူမခြေနှစ်ချောင်းတို့ လမ်းလျှောက်လိုက်တိုင်း ခပ်ကြမ်းကြမ်းတရွှရွှပွတ်တိုက်သံကလွဲလို့ သူမထံက ဘာသံမှထွက်မလာ။ ဒါဟာ ခရီးဝေးကပြန်လာတဲ့သူမမှ ဟုတ်ရဲ့လား....။ အတိအကျဆိုရရင် ချစ်သူဆီ အလည်အပတ်လိုက်သွားခဲ့တဲ့ မိန်းကလေးတယောက်ရဲ့အပြန်ခရီးဟာ အဲသလောက်တိတ်ဆိတ်နေစရာလား...။ 
ခါတိုင်း ဒီလိုမဟုတ်၊ သူမ ဘာဖြစ်လာသလဲ၊ ဘာဖြစ်လာတာလဲကွာ...။ သိလိုစိတ်တို့ ၀ုန်းကနဲထောင်ထကာ ခေါင်းမြီးခြုံထားသောစောင်ကို အသာလှပ်ကြည့်မိတော့ သူမက အိပ်ယာပေါ်မှာ နံရံဘက်မျက်နှာမူလျက် စောင်းအိပ်နေပြီ၊ တခုခုဖြစ်လာသလား။ ကျောပေးထားသည်မို့ သူမပခုံးတို့ တသိမ့်သိမ့်တုန်ခိုက်နေတာကိုတွေ့လေမှ စိတ်ထဲ ထင့်ကနဲ….။ 
"ဟေ့ နင်အသည်းကွဲလာသလား ဟုတ်လား"အသံကိုမြှင့်ကာမေးလျင် သူမက မျက်နှာပေါ်ကစောင်ကိုမခွာဘဲ
"အေး"ဟု တစ်ခွန်းထဲဆိုကာ ဟီးချရှိုက်ငိုလေသည်။
"ဟာ...ဘာဖြစ်လာတာလဲ ပြောစမ်းငါ့ကို"
သူမက စောင်ခေါင်းမြီးခြုံလျက် တသိမ့်သိမ့်သာ ငိုရှိုက်လေသည်။ ရှိစေတော့....။ သူမထံမှ မျက်နှာလွှဲသည်။
ကျွန်မမျက်နှာကို စောင်ဖွင့်လျက်မကြည့်တာကိုပင် ကျေးဇူးတင်ရဦးမည်။ ဖူးယောင်မို့အစ်နေသော အငိုမျက်လုံးများက ခုတလော ကျွန်မမျက်နှာပေါ်မှာ အစဉ်နေရာယူထားသည်ပဲ။
ဘာထူးလဲ…. တူတူပဲဟ ငါတို့က…အဲဒါကြောင့် တခန်းထဲဖော်တွေဖြစ်ကြတာ နေမယ်။
ကျွန်မစိတ်ထဲ တီးတိုးဆိုလျက် ချဉ်သက်သက်ပြုံးမိသည်။
ဘာကြောင့်လဲ....ဘာကြောင့်လဲ...
ဘ၀မှာ အများကြီး မတောင်းဆိုသူတွေပါ။ ရိုးသားသူ ဖြူစင်နှိမ့်ချတတ်သူတွေဟာ လောကီရေးမှာ အမြဲပဲရှုံးနိမ့် နာကျင်ရတတ်သလား...။ ကျွန်မ စိတ်ဒဏ်ရာ အလွမ်းနာကဖြင့် ကြာမြင့်လှပြီ။ သူမက ခုမှ ပူပူနွေးနွေးအသည်းကွဲလာသတဲ့....။ ကောင်းပြီပေါ့ကွယ်... အနာအနာချင်းထပ်၊ အလွမ်းအလွမ်းချင်းထပ် ပိုလို့သာနာကျင်ဖွယ် မှတ်တာပဲ...။ အနာသည် နာသမှ ကျင်စက်နေအောင်နာသည်။ အလွမ်းသည် ခါးသမှ သက်စိမ့်နေအောင် ခါးသည်။ 
ဘယ်လိုပင်ခါးသက်သည်ဆိုစေ….
သူမရော ကျွန်မပါ အချိန်ကျလာတိုင်း ကိုယ့်နာကျင်မှုနှင့် ကိုယ်၊ ကိုယ့်လွမ်းဆွတ်မှုနှင့် ကိုယ် ရိုးရိုးသားသား စိမ်းလန်းကြမြဲဖြစ်လေသည်...။
(၁)
သူမ ပထမအိမ်ထောင်ကျတော့ ၁၇နှစ်သမီးသာရှိသေးတာတဲ့။ သူမတို့မြို့ကလေးမှာ ဒါဟာ သိပ်ထူးဆန်းတဲ့ကိစ္စမှ မဟုတ်တာလို့ဆိုတယ်။ 
“ငါတို့တရွာလုံးက ပြောင်းတို့ကြံတို့စိုက်စားကြတာ၊ မီးလည်းမမှန်၊ သောက်သုံးရေလည်း မလောက်နဲ့၊ ရွာမှာရှိသမျှ လူငယ်လူလတ်တွေအကုန်နီးပါးဟာ အနီးအနားကမြို့တွေဆီ အလုပ်သွားလုပ်ကြရတာပဲ။ တစ်နှစ်လောက်နေမှ တစ်ခါ ရွာကိုပြန်လာကြတယ်။ ငါ့အဖေက လက်သမားလုပ်တယ်။ ငါ့အမေက ကတ္တီပါပိတ်ဖိနပ်မှာ ဖောင်းကြွပန်းထိုးတဲ့အလုပ်ကို လုပ်တယ်။ နင် သိလား၊ ငါ့ပထမယောကျာ်းက ငါ့အဖေသူငယ်ချင်း”
အချစ်...အချစ်ပါသလား...နင့်အဖေသူငယ်ချင်းဆိုတဲ့အဲဒီယောကျာ်းကို နင် ချစ်ခဲ့သလား…၊ တကယ်တော့ ၁၇နှစ်သမီးတစ်ယောက်ရဲ့အချစ်ဟာ ဘယ်လောက်များ ခမ်းနားနေမှာမို့လဲ၊ ၁၇နှစ်သမီးတစ်ယောက်ရဲ့အချစ်ထဲမှာ ဘယ်လောက်များ တကယ့်အချစ်တွေ ပါဝင်နေနိုင်မှာတဲ့လဲ။ နေစမ်းပါဦး၊ တကယ့်အချစ်ဆိုတာရော တကယ် ရှိသတဲ့လား...၊ အချစ်ကို အင်မတန်မှနေရာပေးချင်သူတစ်ယောက်လို ကျွန်မအတွေးတွေက အချစ်ကို အငမ်းမရ ထည့်တွက်နေလိုက်မိတယ်၊ အမှတ်မရှိသူတစ်ယောက်လို...။ ကျွန်မအတွေးမဆုံးခင် သူမ ဆက်ပြောပြတယ်။ 
“ငါ ၁၇နှစ်မှာ သူက ၄ဝ၊ ငါတို့အိမ်ကို အဖေအလုပ်ပြီးတိုင်း ပါပါလာတယ်။ အဖေနဲ့အတူတူ အရက်သောက်ကြတယ်။ အဲဒီလူကြီးဟာ မူးလာရင် ရယ်စရာတွေသိပ်ပြောတာပဲ။ ပြီးတော့ သူဆေးလိပ်သောက်ပုံဟာ သိပ်ကိုကြည့်လို့ကောင်းတာ၊ သူ့မျက်ဝန်းတွေက ရီဝေလို့၊ မှေးစင်းလို့။ ငါ့ပါးကို ဆွဲဆွဲလိမ်တတ်တယ်။ အဖေနဲ့အတူ သူပါလာရင် ငါ ပျော်သလိုပဲ”
“သူတို့ပြန်လာပြီဆို သူတို့ဝယ်လာတာလေးတွေကို အမေက ချက်ရပြုတ်ရ စီမံပေးရတယ်။ အဖေက အိမ်ရှေ့ကပြင်မှာ စပြီးသောက်နေပြီ၊ သူကတော့ အဖေနဲ့ တခွက်ဝင်မော့လိုက်၊ နောက်ဖေးမီးဖိုချောင်ဘက်ဝင်လိုက်၊ အိမ်သာထဲ ဆီးဝင်သွားလိုက်၊ ဟင်းချက်နေတဲ့အမေ့နား သွားကပ်လိုက်၊ အဖေ့အလစ်မှာ အမေ့ကို တင်ပါးကိုင်လိုက်၊ အမေ့ရင်သားကို ညှစ်လိုက်နဲ့၊ အမေက တခစ်ခစ်ရယ်ပြီး မျက်စောင်းထိုးလွှတ်တယ်။ ငါတို့အိမ်က အိမ်ရှေ့ အိမ်နောက်သာပြောရတာ၊ တကယ်က အိမ်ရှေ့ကနေကြည့်ရင် အိမ်နောက်မြင်ရသလို၊ အိမ်နောက်ကနေကြည့်ရင်လည်း အိမ်ရှေ့ကို မြင်နေရတာ။ ငါ့ရင်ထဲ တမျိုးပဲ၊ အမေ့ကို သူ အဲလိုလုပ်တိုင်း ငါက ထူပူသွားတယ်။ အမေ့နေရာမှာ ငါ ရောက်ရောက်သွားတယ်။ အမေ့ကို ငါ မနာလိုဖြစ်တာလားတော့ မသိပါဘူး” 
ပြောပြီး သူမ ဟက်ကနဲရယ်မောတယ်။ ဘုရားရေ....။ ကျွန်မမှာဖြင့် ရင်မောရတာ သူမ မသိ။ သူမက ရှေ့က ဘီယာဘူးခွံကို လှုပ်ကြည့်တယ်။ တစ်စက်မှမကျန်တာသေချာမှ နောက်တစ်ဘူးထပ်ဖောက်တယ်။ ဘီယာကို ကျိုက်ကနဲ နှစ်ကျိုက်လောက်မော့ပြီး ဆက်ပြောတယ်။ ကျွန်မကတော့ လူကသာ သူမရှေ့မှာထိုင်လျက် အတွေးတွေက ကစဥ့်ကလျားရယ်။
အနေအထိုင်မတတ်တဲ့မိခင်နဲ့ လက်ဆော့တတ်တဲ့အဖေ့သူငယ်ချင်းရယ်၊ အပျိုရွယ်မိန်းကလေးတစ်ယောက်ရဲ့ စိတ်လှုပ်ရှားတိမ်းညွှတ်မှုရယ်၊ သွေးသားလှုပ်ရှားစအချိန်မှာ မထိန်းတတ်မသိမ်းတတ်နဲ့ သူမ ဘယ်လောက်များ ဘောင်ဘင်ခတ်ခဲ့ရှာမလဲ....။ အပျိုမကလေးဟာ လူ့ပတ်ဝန်းကျင်မှာ ဘယ်လိုဘယ်ပုံနေထိုင်ဆက်ဆံရမယ်၊ ဆန့်ကျင်ဘက်လိင်တွေနဲ့အတွေ့မှာ ဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာမျိုးလည်း သင်ကြားခံခဲ့ရမှာ မဟုတ်ဘူးထင်ပါရဲ့။
“ငါ့အဖေနဲ့အမေဟာ ငါ့ရှေ့မှာလည်း တစ်ယောက်နဲ့တစ်ယောက် အော်ကြဟစ်ကြ၊ သတ်ကြပုတ်ကြပါပဲ။ ပြီးတော့ သူတို့ပြန်တည့်ပြီဆို ငါ့ရှေ့လည်းမရှောင်ဘူး၊ ပွေ့ဖက်လို့ အချစ်နာလန်ထကြတယ်”
ဖြစ်ရလေ....။ စိတ်တွေ မသက်သာလိုက်တာမင်ဝှေ့ရယ်...၊ သူမက ပေါ့ပေါ့ပါးပါးပြောပြနေသလောက် ကျွန်မကဖြင့် လေးလံလို့။ ကျွန်မစိတ်နှလုံးတွေကဖြင့် ပူလောင်လို့။ ဒါပေမယ့်လေ မင်ဝှေ့ရင်ထဲက တကယ့်အနာကို ကျွန်မမှ မမြင်နိုင်ဘဲ။ မင်ဝှေ့ဟာ ခါးသည်းနာကျည်းဖွယ်တွေကို နာကျင်ဟန်တစက်ကလေးမှမပြဘဲ ပေါ့ပေါ့လေးပြောထွက်နိုင်သူဆိုတာလောက်တော့ ကျွန်မသိသင့်တယ် မဟုတ်လား။
သူမက ကျွန်မနောက်မှ ဒီအိမ်ကို ရောက်လာတာ။ နှစ်ယောက်ခန်းမို့ နောက်ထပ်အိမ်ငှားတစ်ယောက်ရှာနေတယ်လို့ အိမ်ရှင်ပြောတုန်းက ကျွန်မနဲ့အဆင်ပြေမယ့်အခန်းဖော်ရပါစေလို့ ဆုတောင်းခဲ့လိုက်ရတာ။ တကယ်လည်း ကျွန်မဆုတောင်း ပြည့်ခဲ့တယ်။ မင်ဝှေ့လို့ကျွန်မခေါ်တဲ့ Han Minghui-ဟန်မင်ဝှေ့က အသက်၂၇နှစ်၊ ကျွန်မနဲ့ မတိမ်းမယိမ်း။ တွေ့စက သူမပုံစံက ရိုင်းပျသလိုလို၊ ပေစောင်းစောင်းနဲ့၊ နောက်မှ သူမဟာ အင်မတန်စိတ်ရှင်းလင်းသူ၊ တဲ့တိုးသမားမှန်းသိလာရတာ။ ရောက်ပြီးတစ်လလောက်မှာ သူမအကြောင်းတွေ အကုန်နီးပါး ကျွန်မကိုပြောပြတော့တာ။
အစစအရာရာ ယုံကြည်စရာမကောင်းတဲ့ခေတ်ကြီးထဲမှာ လူတယောက်က တခြားတယောက်ကို တော်တန်ရုံ ယုံကြည်မှုနဲ့ သူ့အကြောင်းတွေပြောပြဖို့ဆိုတာ....၊ အထူးသဖြင့် ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကို ပြောပြဖို့ဆိုပါတော့...။
သူမဟာ ဘဝကြီးဆီက ဒီလိုပဲ သင်ယူခဲ့ရဟန်ရှိလေရဲ့။ နာကျင်မှုတွေအတွက် ဘယ်လိုထုံဆေးတွေများ ဘဝကြီးဆီက မင်ဝှေ့တစ်ယောက်ရထားပါလိမ့်လို့ တွေးမိတိုင်း၊ တသသဖူးဖူးမှုတ်ထားတဲ့ ကျွန်မအနာတွေကို ကိုယ်တိုင် မေ့မေ့လျော့လျော့ဖြစ်လာနိုင်သလိုလို ထင်ခဲ့မိတယ်။ မဟုတ်ဘူး...တကယ်က မြုံနေခဲ့တာ...။ ကျွန်မရဲ့ အတိတ်၊ ကျွန်မချစ်ရတဲ့ မောင်၊ မောင့်အသိုင်းအဝိုင်း၊ မောင်ကိုယ်တိုင် သတ္တိမရှိမှု၊ လူ့ပတ်ဝန်းကျင်ရဲ့ မျက်ဝန်းကျဉ်းကျဉ်းတွေ....။ အကြိမ်ကြိမ်ခြောက်လှန့်နေဆဲ အိပ်မက်တွေဟာ အရိပ်တစ်ခုလို... ၊ မဟုတ်သေးဘူး၊ ကျွန်မအသွေးအသားထဲမှာကိုကပ်လျက် လိုက်ပါ လည်ပတ် စီးဆင်းနေခဲ့တာ...။
ကျွန်မက စာရေးတယ်လို့ပြောလိုက်တော့ မင်ဝှေ့က မျက်ခုံးလေးနှစ်ဘက်ပင့်လို့၊ ဒါဆို ငါ့အကြောင်းရေးဟာတဲ့... ပြုံးစစနဲ့....။
သူမအကြောင်းလေးတွေ အိတ်ထဲကသွန်မှောက်သလို ကုန်စင်အောင်ပြောပြီးတဲ့အခါ နင့်အကြောင်းလည်း ပြောပြဦးလေလို့ဆိုတိုင်း ကျွန်မက ရှေ့ကဘီယာဘူးထဲကအရည်တွေကို လည်ချောင်းထဲ သွန်ထည့်လို့သာနေမိတာ။ ငါက…ငါကလည်း အသည်းကွဲသမားပါ မင်ဝှေ့ရယ်....။ 
ကျွန်မ တိတ်တိတ်လေး ရေရွတ်နေမိတာ...။
ကျွန်မနဲ့ကျွန်မစိတ်အစဉ်ကို ထုံးချည်ထားတဲ့ စပါယ်တွေရဲ့ (ဘယ်တော့မှ) အပွင့်သစ်ပြန်လည်မပွင့်လန်းနိုင်မှုရယ်။ ကျွန်မ မထွေးနိုင်မအန်နိုင်မျိုသိပ်ခဲ့ရတဲ့ နာကျင်မှုရယ်၊ အစာမကြေမှုတစ်ခုရယ်ဟာ ကံကြမ္မာနဲ့စီးချင်းထိုးရာက ဘုံးဘုံးလဲကျခဲ့ရတဲ့အချစ်ပါပဲ မင်ဝှေ့ရယ်...။ တခါတလေ မျက်ရည်နည်းနည်းကျမယ်။ တခါတလေ မျက်ရည်အများကြီးကျ ရှိုက်ကြီးတငင်ဖြစ်တဲ့အခါတွေ ရှိမယ်။ အဲဒီအချိန်တွေမှာ ကျွန်မအနား တစ်ချိန်လုံးရှိနေတာက ရိုးသားမှုပဲ။ ကျွန်မစိတ်ရှိသလောက် ဝေဆာသီးပွင့်နိုင်တဲ့နာကျင်မှုတွေထဲ ကျွန်မကိုယ်တိုင်မငြင်းနိုင်တဲ့ အမှန်တရားတွေရှိတယ်။ 
ရင်ထဲရှိတဲ့အမှန်တရားတွေကို ဖြောင့်ဖြောင့်ချပြနိုင်တာဟာ မဖောက်ပြန်တဲ့ရိုးသားမှုတစ်ခုပဲမဟုတ်လား။ ကျွန်မစိတ်ကို ကျွန်မ သစ္စာမဖောက်နိုင်ဘူး။ ကျွန်မစိတ်တွေနောက် တစ်စစီဆွဲထုတ်လို့ ကျွန်မလက်က တစ်လုံးချင်း တစ်လုံးချင်း ချရေးနေရတဲ့အချိန်တွေ...။ အမှန်တရားဟာ သစ္စာပဲ။ နောက်မှာကျန်ခဲ့တဲ့ခြေရာတွေအတွက် ကျွန်မက ရိုးဖြောင့်ချင်တယ်။ ရိုးဖြောင့်ရမှုတွေဟာ မှန်လွန်းတော့ ခါးတယ်။ အခါးကို လူတိုင်းလက်မခံနိုင်ကြဘူး။ မောင်အပါအဝင် မောင့်အသိုင်းအဝိုင်းတစ်ခုလုံး၊ လူတွေအကုန်လုံးပါပဲလေ...။ ဒီလိုနဲ့ ကျွန်မဟာ အားလုံးနဲ့ဝေးရာကို နာကျင်မှုတွေနဲ့ မျက်နှာဝှက်ပြီး ဒီလိုဘဝရောက်အောင် ထူမတ်ခဲ့ရတာ။ 
လျှို့ဝှက်ချက်ဆိုတာ လူတိုင်းမှာရှိကြတယ်။ လျှို့ဝှက်ချက်ဆိုတဲ့သဘောကိုက သိုသိပ်ရမယ့် အဓိပ္ပါယ်ပါပြီးသား။ 
ကျွန်မ မပြောပြပါရစေနဲ့….
ငါ မပြောပြပါရစေနဲ့ မင်ဝှေ့ရယ်....
နင့်ထက်ပိုပြီး ဘာမှ သာယာနာပျော်ဖွယ်မရှိတဲ့ ဘဝနာအသည်းကွဲတေးသွားတစ်ပုဒ်ပါပဲဟာ၊
နာကျင်မှုတွေနဲ့ နာကျင်မှုတွေချင်း ထပ်တူကျတဲ့အခါ အချစ်နဲ့ထုဆစ်ထားတာပါဆိုရင်တောင် မလှပနိုင်တဲ့အရာပါ။ 
ငါတို့နှစ်ယောက်ကပဲ အချစ်ဆိုတာကို ပိရိ သေသပ် လှပစွာ မထုဆစ်တတ်ခဲ့လို့များလား မင်ဝှေ့ရယ်.....
(၂)
“ငါ အရင်က တစ်နေ့မှ ယွမ်၅ဝလောက်ရတာ၊ ငါ့ယောကျာ်းနောက် အလုပ်လိုက်လုပ်တော့ ယွမ်၁ဝဝရတယ်။ ငါ့ယောကျာ်းက တစ်နေ့ကို ယွမ် ၁၆ဝ၊ ငွေရေးကြေးရေးအနေနဲ့ မဆိုးလှဘူးဆိုပါတော့ဟာ။ အလုပ်က သိပ်ပင်ပမ်းတော့ အပမ်းဖြေတဲ့အနေနဲ့ အလုပ်ပြီးတဲ့ညနေတိုင်း ငါတို့ ဘီယာအတူတူသောက်၊ ညစာစားပြီးမှ အိမ်ကိုပြန်ကြတယ်။ အဲ့မှာ ငါ ဘီယာ စသောက်တတ်သွားတာပဲ”
မင်ဝှေ့က ပြောရင်း မျက်ခုံးပင့်ပြတယ်။ ငါကွဆိုတဲ့ ပုံနဲ့...။ ကျွန်မ မရယ်ရက်ပါဘူး....။
“ငါ့အသက်၂၀မှာ ငါ့ယောကျာ်းအလုပ်ပြောင်းတယ်။ ငါတို့ Guiyangမြို့ကလေးကနေ Yunnanကို ပြောင်းကြတယ်။ ဟိုမှာ အလုပ်ပိုကောင်းတယ်ဆိုလို့ပေါ့ဟာ။ အဲဒီမှာ ငါ့ယောကျာ်းက အလုပ်သမားခေါင်း၊ ငါကတော့ ဘိလပ်မြေသယ်တဲ့ကား မောင်းရတယ်။ မနက် ၆ခွဲကနေ ည ၇နာရီအထိ အလုပ်လုပ်ရတယ်။ နေစရာအိမ်ကိုတော့ အလုပ်ထဲမှာပဲ ကွန်တိန်နာတွေနဲ့နေကြရတယ်။ ကွန်တိန်နာထဲမှာ အလုပ်သမားမိသားစု ၄စု ပေါင်းနေကြရတယ်။ 
ငွေရေးကြေးရေးအဆင်ပြေလာပြန်တော့ ပြဿနာတစ်ခုက အဲဒီမှာစတာပဲ။ ဉာဉ်မပျောက်နိုင်တဲ့ငါ့ယောကျာ်းက သူများမိန်းမတွေကို တို့လားဆိတ်လား ထိလားခတ်လား သွားသွားလုပ်နေတာ။ သူတို့အတွက်က ဘာမှမဟုတ်ဘူး၊ သူ့ယောကျာ်းကိုယ့်ယောကျာ်း၊ သူ့မိန်းမကိုယ့်မိန်းမ လုံးထွေးနေကြတာပဲ။ သူတို့က တဟီးဟီးတဟားဟားနဲ့ ခပ်ပေါ့ပေါ့လေးနေနိင်ကြပေမယ့် င့ါယောက်ျားက သူများမိန်းမကိုသွားထိရင် ငါ သဝန်တိုတယ်၊ သူများယောကျာ်းက ငါ့လာထိရင်လည်း ငါ ရွံမိတာပဲ။ ငါတို့ ခဏခဏရန်ဖြစ်ကြရတယ်။ နောက်တော့ ဘိလပ်မြေသယ်တဲ့ကားမောင်းရင်း ငါ ထွက်ပြေးလာခဲ့တာ နောက်တစ်မြို့ကိုရောက်သွားတယ်။ အဲဒီမြို့က ဘားတစ်ခုမှာ ငါ အလုပ်ရတယ်။ နင် သိလား၊ ငါ့ဒုတိယယောကျာ်းက အဲဒီဘားမှာ ဂစ်တာတီးတယ်။ သူ ဆေးသမားမှန်း ငါ နောက်မှသိတယ်။ ငါ့ကို ချစ်တော့ချစ်တယ်လို့ထင်တာပဲ။ သူ့ရဲ့ပြဿနာက သူ ဆေးကြောင်လာရင် ငါ့လက်မောင်းတွေကို အပ်နဲ့ပေါက်တယ်။ အသည်းယားလို့ ချစ်လို့တဲ့...။ ငါ့လက်မောင်းမှာ အပ်ပေါက်ရာတွေက သွေးစို့တဲ့အထိပဲ။ ပြီးတော့ ခါးပတ်နဲ့လွှဲလွှဲရိုက်တယ်။ နောက်တစ်နေ့မနက်ကျတော့ သူက အကောင်းပဲဟ...။ ငါ့မှာသာ လူမြင်မှာစိုးလို့ အရှိုးတွေကိုဖုံးအောင် အကျီင်္လက်ရှည်ရွေးဝတ်ရ၊ အသက်ထွက်မတတ် နာကျင်လိုက်ရတာ ဟားဟားဟား”
ဘုရားရေ....မင်ဝှေ့ရယ် ဖြစ်မှဖြစ်ရလေ...။ ကျွန်မ ဘဝနာတယ်အသည်းကွဲတယ်ဆိုတာ မင်ဝှေ့နဲ့ယှဉ်တဲ့အခါ တကယ့်ကို သေးသေးကလေးရယ်။ သူမအိမ်ထောင်ရေးကြီးက ကြမ်းတမ်းလိုက်တာ။ ခုလို အပြုံးမပျက်ပြောနိုင်တဲ့အချိန်ထိရောက်အောင် သူမဖြတ်သန်းခဲ့ရချိန်တွေ ဘယ့်လောက်များ ခက်ခဲခါးသည်း ခဲ့ပါလိမ့်...။
“ထားပါတော့ဟာ၊ ငါတို့အိမ်ထောင်သက်သုံးနှစ်မှာ ဆေးတင်တာလွန်ပြီး Overdosedပေါ့ဟာ၊ သူ ဆုံးသွားတယ်။ နောက်ဆုံး ငါ စင်္ကာပူကိုရောက်လာတယ်။ ဒီမှာ အလုပ်လုပ်တယ်။ နင်နဲ့တွေ့တယ်။ တအိမ်ထဲအတူနေရတဲ့အထိ ရေစက်ပါလာကြတယ် ငါ့အကြောင်းက ဒါပဲ...။
နင့်အကြောင်း ပြောပြ”
(၃)
ကျွန်မအကြောင်းက ထူးဆန်းလှတယ် မဟုတ်ပါဘူး။ နှလုံးသားရှိသည်၊ ချစ်မိသည်၊ အသည်းကွဲသည်ပေါ့၊ အဲသလောက်ပါပဲ။ မင်ဝှေ့ဟာ ကျွန်မမျက်နှာကို သေချာစိုက်ကြည့်တယ်။ အဲ့သလောက်ပဲလား၊ ဘဝမှာ အသည်းကွဲခဲ့ဖူးတာလေးတစ်ခုထဲနဲ့တော့ ဒီလောက်မှောင်မည်းနေစရာလားဆိုတဲ့ မေးခွန်းကို သူမမျက်ဝန်းတွေနဲ့မေးတယ်။ အဲသလောက်ပါပဲဟာ။ လိပ်ပြာမလုံသူတစ်ယောက်လုပ်နေကျအတိုင်း ကျွန်မ လက်သည်းတွေကို သွားနဲ့ကိုက်ဖြတ်ဟန် ဆောင်နေလိုက်တယ်။
ဟင့်အင်း...
ဘဝတစ်ခုလုံးကို အုပ်မိုးထားတဲ့ ဖျက်မရတော့တဲ့အရိပ်မည်းကြီးကို ကျွန်မ လွှတ်ချထားခဲ့လို့ရနိုင်မလား ဟင်...။
ကံကောင်းတာက ကျွန်မဟာ စာတွေချရေးတတ်နေခြင်းပဲ၊ ဟုတ်တယ်။
စာရေးရတာကို ကျွန်မစွဲလမ်းတယ်။
စာတွေချရေးနေတဲ့အချိန်ဟာ ကိုယ့်ကမ္ဘာငယ်လေးတစ်ခု ကိုယ်တိုင်ဖန်တီးခွင့်ရတဲ့အချိန်ပဲ။ ဘာမှမရှိဘူး ဘယ်သူမှမရှိဘူး။ ကျွန်မရယ်၊ ဟိုးအတွင်းဆုံးထဲက ဘယ်သူမှမသိ ဘယ်သူမှမမြင် ဘယ်သူ့ကိုမှ ပြောမပြဖြစ်ခဲ့တဲ့အကြောင်းတွေ၊ ဘယ်တော့မှပြောမှာမဟုတ်တော့တဲ့ တစ်ကိုယ်ရည်သိမှုတွေ၊ ဖွင့်ပြောပြဖို့မဖြစ်နိုင်လောက်တဲ့ သိမ်းဆည်းသိုဝှက်ထားမှုတွေ၊ ပိန်းပိတ်မှောင်ခဲ အလင်းမပေါက်နိုင်တဲ့ ခံစားချက်အခဲအဆုပ်တွေ၊ ပွင့်လင်းခွင့်မရတဲ့ စိတ်အမြုံ စိတ်အဆွံ့တွေ.....
အားလုံးပဲရယ်....
ဖြည်းဖြည်းချင်း ကျွန်မကိုယ်ကို ကျွန်မပြန်ချဉ်းကပ်ရတယ်။ ညင်ညင်သာသာလေး တွေ့ထိရတယ်။ လွင့်သွားမှာ စိုးလှတယ်။ တစ်စချင်း ကြည်ကြည်ဖြူဖြူဆွဲထုတ်ယူငင်လို့ စာတစ်လုံးချင်း တစ်လုံးချင်းရေးဖွဲ့ချိန်တွေမှာတော့ ကျွန်မနဲ့ ကျွန်မအသက်ရှူသံမျှင်းမျှင်းကလေးရယ်၊ ကျွန်မနဲ့ ကျွန်မပဲသိတဲ့ အလုံးစုံနာကျင်မှုတွေရယ်၊ ကျွန်မနဲ့ ကျွန်မချစ်သူအကြားက အကွာအဝေးကိုပြဌာန်းတဲ့ ကြိုးတစ်ချောင်းတဲတဲလေးရယ်...ချစ်သူမိသားစုရဲ့ ကျွန်မအပေါ် မလိုလားမုန်းတီးမှုတွေရယ်ဟာ ခုပြန်မြင်၊ ခုပဲ ကျွန်မကို သတ်ကြတယ်။
ခုလို နိုင်ငံရပ်ခြားမှာ ထူထူထောင်ထောင်ဘဝတစ်ခုကိုရဖို့ ကျကျရှုံးရှုံးရင်းနှီးခဲ့ရတဲ့ သောကမျက်ရည်ညတွေ ကျွန်မခေါင်းအုံးလေးထဲမှာ ရှိပါတယ်။ သက်သေပြဖို့မလိုအပ်လှလည်း စွဲလန်းမှုတစ်ခုရဲ့ဖြတ်သန်းခဲ့ရပုံ၊ ဘဝကြီးထဲက လူတွေဝိုင်းကြဉ်သမျှ ကြံ့ကြံ့ခံခဲ့ရပုံတွေ ကြမ်းတမ်းလွန်းခဲ့သမျှ ဒီအချိန်မှာတော့ အမှတ်တရလို့ ကျွန်မပြုံးရင်း တိုးတိတ်ပြောပါရစေ။ 
ကျွန်မ တစ်ကိုယ်တည်း ခပ်ဖွဖွရေရွတ်နေမှုမှာ မင်ဝှေ့က အလိုက်တသိ ခေါင်းကလေးဆတ်လို့ လိုက်ပါတယ်။ ကျွန်မ ဘာကိုဆိုလိုတယ် တခွန်းမမေးဘူး။ မင်ဝှေ့မျက်ဝန်းတွေထဲက ကျွန်မကြိုးစားလွတ်မြောက်နေမိတယ်။ လူလိုသူလိုချစ်ကျွမ်းဝင်မှုတစ်ခုထဲ လူရာဝင်ချင်ခဲ့မိတာကိုက ရယ်စရာ၊ နာကျင်စရာရယ်...။ ကျွန်မက အချစ်ဆိုတာနဲ့ ကျွမ်းဝင်သင့်လို့လား....။ ကျွန်မက ချစ်ခဲ့မိပြီ။ ဖြူစင်ပါတယ်ဆိုတဲ့ လူသားကလေးတစ်ယောက်ကို ကျွန်မက ချစ်ခဲ့မိပြီ။ ကျွန်မခန္ဓာကိုယ်ကို ကျွန်မ အမှတ်တမဲ့ ငုံ့ကြည့်လိုက်မိတယ်ထင်ရဲ့။ ခုထိ ဆေးကြောလို့မှ မစင်ကြယ်တော့ဘူးလားကွယ်...။
အချစ်ဆိုတာဟာ အကောင်းစားပလပ်စတစ်အိတ်နဲ့ လှလှပပထုတ်ပိုးထားတဲ့ ခေါက်ဆွဲခြောက်တစ်ထုပ်ကို ကျန်းမာရေးအတွက်အကျိုးမရှိမှန်းသိရက်နဲ့ ဈေးကြီးပေးပြီး မြိန်ရည်ရှက်ရည်ဝယ်စားနေရသလိုပဲ။
ခေါက်ဆွဲဖိုးထက် ထုတ်ပိုးခက ပိုကြေးကြီးနေတတ်သေးတာ....
တကယ်တော့ အချစ်ဟာ ကျွန်မအတွက် ကြေးကြီးကြီးပေးပြီး နာဖျားခဲ့ရတဲ့အရာ...။ ကျွန်မ မပေးနိုင်တဲ့ မတန်တဆမှုတစ်ခုဟာ အချစ်ပဲ။ ကျွန်မအားထုတ်မှုတိုင်း လွဲချော်နေခဲ့ရတဲ့ မမီမကမ်းမှုတစ်ခုဟာ အချစ်ပဲ....။ 
ကျွန်မခုတင်ခြေရင်းက ဂစ်တာကိုလှမ်းယူလိုက်ပြီး ပလပ်ကင်ချိုချိုလေးတစ်ခုကို လူးလာခေါက်တုန့် တီးခတ်နေမိတယ်။ ဆယ်မိနစ်လောက်ရှိတော့ ကျွန်မလက်ထဲကဂစ်တာကို မင်ဝှေ့ယူတီးတယ်။ သူမ တီးနေတဲ့တေးသွားက Tears in heaven…၊ သူမတီးခတ်မှုမှာ ကျွန်မ အလုံးစုံပျော်ဝင်တော့တယ် ။
Would you know my name, if I saw you in heaven?
သိပ်ကိုနာကျင်ရတာပဲ၊ အဲဒီသီချင်းဟာ...။ အဲဒီသီချင်းနောက်ခံကိုက သားကလေးအတွက်နာကျင်ရတဲ့ ဖခင်တစ်ယောက်ရဲ့ နာကျင်ကြေကွဲမှုတွေကို ဖွဲ့ထားခဲ့တာရယ်…။
နေပါစေမောင်ရာ ကောင်းကင်ဘုံမှာတွေ့ကြရင်တောင် ကျွန်မနာမည်ကို မေ့ထားလိုက်ပါ...။
“ငါ ဆက်မပြောပြပါရစေနဲ့တော့ မင်ဝှေ့ရယ်”
မင်ဝှေ့က ပြောတယ်။ ကျွန်မဟာ စာရေးသူပီပီ စိတ်က သိပ်နုညံ့တာပဲ၊ သိပ်ကဗျာဆန်တာပဲတဲ့။ အင်း ဟုတ်မှာပါ။ 
အသည်းကွဲတာဟာ လောကဓံရှစ်ပါးထဲမှာ မပါဘူး၊ အသည်းကွဲတယ်ဆိုတာ လက်တွေ့ဘဝထဲက ပြဿနာအကြီးကြီးတွေနဲ့ယှဉ်လိုက်ရင် မြူမှုန်ကလေးမျှသာ...။ ဟုတ်တာပေါ့...
ကျွန်မရော မင်ဝှေ့ရော ရယ်ဖြစ်ခဲ့ကြတယ်။ “ငါတို့ ဒီနေ့ကစပြီး သောက်ရေးမပါတဲ့ အသည်းကွဲတဲ့အကြောင်းတွေ ဇာမချဲ့ကြစို့နဲ့တော့ဟာ။ လာထား ချီးယားစ်....” ပြောပြီး မင်ဝှေ့က သူကိုင်ထားတဲ့ဘီယာဘူးကို လက်ဆန့်တန်းပြီးမြှောက်လိုက်ချိန်မှာ ကျွန်မလက်ထဲက ဘီယာဘူးကို အလိုက်တသင့်မြှောက်လိုက်မိတယ်။ ကျွန်မတို့ အကျယ်ကြီးရယ်မောလိုက်ကြတယ်။
(၄)
မင်ဝှေ့အံဆွဲထဲမှာ သန္ဓေတားဆေးတွေ....။ တားဆေးကဒ်တွေပါလား...
ဘုရား ဘုရား….။ မျက်လုံးတွေ ပြာဝေလာလို့ ကျွန်မ ဘာမှမမြင်နိုင်တော့သလိုရယ်...။ မျက်ဝန်းနဲ့မဟုတ်ဘဲ ပြက်ပြက်ထင်ထင်မြင်လိုက်ရတဲ့ သက်ဝင်လှုပ်ရှားလာတဲ့ ပုံရိပ်တွေဟာ အာရုံထဲမှာ တဖျတ်ဖျတ် တဖျတ်ဖျတ်...။ 
ကလေးမလေး...၊ အသက်က ၁၃နှစ်၊ သူမတစ်ကိုယ်လုံး တုန်ယင်လို့၊ သေလောက်အောင် နာကျင်မောပမ်းမှုတွေရယ်၊ ဘာဖြစ်လို့ဖြစ်သွားမှန်းတောင် မသိလိုက်တဲ့အမှောင်ထဲက အဖြစ်အပျက်တွေရယ်....။ သေသွားတော့မှာလားလို့ ဝမ်းနည်းကြောက်လန့်စိတ်နဲ့ငိုကြွေးမှုတွေရယ်ကလွဲလို့ အပျိုရည်ဆိုတာကို နားမလည်ခဲ့ဘူး။
“သမီး ဒီဆေးလေးသောက်လိုက်”ဆိုပြီး ဆေးကဒ်ထဲက ဆေးတစ်လုံးကို အသင့်ကမ်းပေးလာတဲ့ ရေတစ်ခွက်နဲ့ ဂွပ်ကနဲသောက်ချလိုက်တယ်။ “အဲဒါမှ ကလေးမ ကိုယ်ဝန် မရမှာပေါ့” တဲ့...။
ဟင် ငါက ဘာလို့ကိုယ်ဝန်ရရမှာလဲ...။
ပုဒ်မ ၃၇၆ တဲ့၊ ပုဒ်မ ၃၇၆ဆိုတာကို ဘာမှန်းနားမလည်ခဲ့ပေမယ့် ကိုယ်ဝန်ဆောင်ဆိုတာကိုတော့ ကလေးမလေးက နားလည်ဟန်တူတယ်။ 
“ဟဲ့ နင် သေချာဖြေမှာပေါ့၊ ဒါက နင့်အမှုဘက်က လိုက်ပေးမယ့် တရားလို”
ဘာတွေလဲ...ဘာတွေကို ဖြေရဦးမှာလဲ...။ ကလေးမလေးက အီးကနဲငိုချလိုက်ပြန်တယ်။
“အဲဒီလူကို အရင်က သမီးသိသလား” ကလေးမလေးက ခေါင်းခါပြတယ်။
“မမှတ်မိတာလား ညည်း သေချာစဉ်းစားစမ်းအေ ၊ တို့ရပ်ကွက်ထဲကပဲလား”
အနားက အဒေါ်က ကလေးမလေးရဲ့ပုခုံးကို ပုတ်ရင်းပြောတယ်။ ဟင့်အင်း ကလေးမလေးဟာ ဘာကိုမှ မမှတ်မိဘူး။ နာကျင်မှုတွေပဲ...သေသွားတော့မလိုနာကျင်မှုတွေပဲ သိခဲ့တာ။ အဲဒီနောက်မှာ ကလေးမလေးဟာ ဆေးရုံမှာ တစ်လကျော်လောက်နေခဲ့ရတယ်။ ဆေးရုံက ပြန်ဆင်းလို့ ပထမဆုံးကျောင်းပြန်တက်တဲ့နေ့မှာပဲ အတန်းဖော်တွေရဲ့ အပြုအမူတွေက ကလေးမလေးကို ဝမ်းနည်းအားငယ်စေခဲ့တာ။ 
ငါဟာ အားလုံးနဲ့မတူတော့ဘူးလား...၊ ငါ့ခန္ဓာကိုယ်မှာ ဘာတွေမှားယွင်းသွားခဲ့ပြီလဲ...။ အကြည့်တွေအားလုံးကို ကလေးမလေးက နားမလည်နိုင်ခဲ့ဘူး။ အဲဒီကစလို့ ကလေးမလေးက သူဟာ အားလုံးနဲ့မတူဘူးဆိုတဲ့အသိနဲ့ နာနာကျင်ကျင်ရှင်သန်လာခဲ့ရတာ....။ အရွယ်ကလေးရောက်လို့ ချစ်သူရလာတဲ့အခါ ချစ်သူက အစ၊ အသိုင်းအဝိုင်းအဆုံး ဘဝကြီးထဲမှာ လူလူသူသူရယ်လို့ လက်သင့်မခံတော့တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ အပြင်းအထန်ခံစားနာကျင်ခဲ့ရတာ...။ တုန်ယင်လာတဲ့လက်နှစ်ဘက်နဲ့ မျက်နှာကိုအုပ်ကိုင်ရင်း ကျွန်မ ထိုင်ချလိုက်မိတယ်။ ကလေးမလေးဟာ ကျွန်မလက်ထဲမှာ၊ ကျွန်မအသွေးအသားတွေထဲမှာ အရှင်လတ်လတ်ကြီး နာကျင်ကြေမွလို့။
ဆေးကဒ်ထုပ်ကို မင်ဝှေ့အံဆွဲထဲ နေသားတကျပြန်ထည့်၊ နေပါဦး မင်ဝှေ့အံဆွဲထဲ ကျွန်မ ဘာကိုလိုချင်လို့ ရှာမိပါလိမ့်...အကိုက်အခဲပျောက်ဆေး...ဟုတ်သားပဲ။ အကိုက်အခဲပျောက်ဆေးတော့ မတွေ့ဘူး။ မင်ဝှေ့အံဆွဲကို ပြန်ပိတ်လိုက်ပြီး ကျောမီထိုင်နေလိုက်မိတယ်။ ကျွန်မရင်အစုံဟာ ရိုက်ခတ်ခံလိုက်ရပြန်ပြီ။ အနာတွေဟာ တမုဟုတ်ချင်း စွတ်စိုလာလိုက်တာ...။ ထောင်ထားတဲ့ဒူးခေါင်းပေါ်ကို လက်ပိုက်တင်ပြီး ခေါင်းအပ်ငိုချလိုက်မိပြန်....။ ဒီအချိန်မှာပဲ တံခါးမကြီး သော့ဖွင့်ဝင်လာသံကြားလိုက်ရတယ်။ မင်ဝှေ့ သူမ..ပြန်လာပြီ။
“ညက ကျန်းနဲ့ငါ ရုပ်ရှင်ညပွဲသွားကြည့်ကြသေးတယ် သိလား မွန်း၊ နင့်ကို သတိရတယ် နင်ကြိုက်တဲ့မင်းသမီး သိလား”
ကျွန်မ အလိုက်သင့်ခေါင်းညိတ်ပြလိုက်မိသလားပဲ။ ကျွန်မပါးပြင်ပေါ်က မျက်ရည်စတွေကို သူမသတိမပြုမိခင် ပိုသေချာသွားအောင် ထပ်သုတ်နေမိတယ်။ သူမက ဝတ်ထားတဲ့ဘလောက်စ်အင်္ကျီကို ခေါင်းကနေလှန်ချွတ်ပြီး ချိတ်မှာချိတ်လိုက်တယ်။ ပြီးမှ အင်္ကျီချိုင်းနေရာနားကို နမ်းရှိုက်လိုက်ပြီး “မနက်ဖြန် အလုပ်သွားရင် ဒါပဲပြန်ဝတ်လိုက်တော့မယ်၊ ခုမနက်မှလဲလာတာဆိုတော့ မွှေးနေတုန်းပဲ” တဲ့။ ချိတ်ကို အခန်းတံခါးနောက်ကျောက အင်္ကျီိချိတ်တွေထဲက လွတ်နေတဲ့ချိတ်တစ်ခုမှာ လှမ်းချိတ်လိုက်တယ်။ 
အို ကျွန်မဘဝဟာ တစ်ခါဝတ်ထားပြီးလည်း မွှေးနေတဲ့ အဲဒီအင်္ကျီလေးတစ်ထည်လောက်မှ... ပြန်လည်မွှေးမြ မလာနိုင်တော့ဘူးလားကွယ်...။
မင်ဝှေ့ချစ်သူရပြီလို့ ကျွန်မကို ပြောလာတဲ့နေ့ကို ကျွန်မကောင်းကောင်းမှတ်မိသားပဲ။ မင်ဝှေ့မျက်နှာက အချစ်တွေနဲ့ထု ဆစ်ထားတော့ အချိုးကျ လှပလို့၊ ရှက်သွေးကလေးတောင် စွက်ထားသလိုလို ပန်းရောင်ပြေးလေးနဲ့။
“ငါ ချစ်သူရပြီ၊ ငါ့ချစ်သူက ပညာတတ်၊ ဘေဂျင်းမြို့သား Zhang Billy - သူ့နာမည်က ကျန်း”လို့ ပြုံးစစနဲ့မင်ဝှေ့ဆိုလာစဉ် သူမနဲ့အတူ ကျွန်မဝမ်းသာခဲ့ရတာ။ ကျွန်မသိထားတဲ့ မင်ဝှေ့အိမ်ထောင်ရေးအကြောင်းတွေ ကျွန်မနည်းတူ မင်ဝှေ့ချစ်သူလည်း မသိဘဲနေမှာမဟုတ်။ မင်ဝှေ့လို ဆင်းရဲတဲ့တောမြို့ကလေးက ခပ်ကြမ်းကြမ်းမိန်းကလေးတယောက်အတွက် ပညာတတ်ဘေဂျင်းမြို့သားဆိုတာက ရွှေမင်းသားကလေးလို အဖိုးတန်ချစ်သူပဲပေါ့ …
ချစ်သူရပြီးနောက် တခါတလေပိတ်ရက်တွေမှာ မင်ဝှေ့အိမ်မကပ်ဘဲ ကျွန်မတယောက်ထဲ တကိုယ်ရည်ညများ များစွာ ဖြတ်သန်းနေကျ။ နောက်တနေ့မနက် မင်ဝှေ့ပြန်လာချိန်မှာတော့ ပြောစရာစကားတွေများစွာရှိနေတတ်ကာ ချစ်ခြင်းတရားနဲ့ချိုအီနေတဲ့ မင်ဝှေ့ပြောစကားတွေကို ကြည်နူးစွာနားထောင်ခွင့်ရခဲ့တာ။ မင်ဝှေ့မျက်နှာဟာ အချစ်တို့နဲ့ လန်းဆန်းသစ်လွင်လို့နေတာ။ ညညတွေဆို တော်တော်နဲ့မအိပ်နိုင်ဘဲ ကျန်းနဲ့ စကားတွေပြောကြ၊ ဗီဒီယိုကောလ်တွေခေါ်ကြတဲ့အထိ သည်းသည်းလှုပ်ချစ်လိုက်ကြ၊ နောက်တနေ့ အလုပ်သွားမပျက် သက်ဝင်ရှင်သန်နေလိုက်ကြတာ...။ နှစ်ပေါက်လုနီး ဒီအတိုင်း သူတို့ချစ်လက်စမြဲနေတာမို့ ကျွန်မက မင်ဝှေ့တော့ ဒီတကြိမ်ကံကောင်းလှရဲ့လို့ တိတ်တဆိတ်ကျေနပ်ခဲ့ရချိန်များပါပဲ ။
(၅)
သူမပြန်ရောက်ရောက်ချင်း ကျွန်မမေးတုန်းက ခေါင်းမြီးခြုံကာငိုကြွေးနေခဲ့တဲ့ မင်ဝှေ့ဟာ နောက်တစ်ပတ်လောက်အကြာမှာတော့ ဖြစ်ပျက်ခဲ့သမျှ ကျွန်မကို ပြောဖော်ရတယ်။ ချစ်သူ ခွင့်တလနဲ့ ဘေဂျင်းမြို့ပြန်တာမှ တပတ်လောက်ရှိသေး၊ လွမ်းလှပြီဆိုကာ ချစ်သူထံလိုက်သွားခဲ့သူ.....။ ပြန်လာတော့ အသည်းကွဲလာသတဲ့...။
“နင် သိလား....၊ သူ့အိမ်ရှေ့မှာရပ်ပြီး သူ့နာမည်ကို အော်ခေါ်နေခဲ့တဲ့အခိုက်မှာ ငါ အရမ်းပျော်နေခဲ့တာ။ သူများ အံ့သြသွားမလား၊ သူ့ကိုလွမ်းလို့လိုက်လာတယ်ဆိုတာ သူသိရင် ငါ့ကို သိပ်ချစ်သိပ်သနားသွားမှာ...ငါက အဲသလိုတွေးမိသေးတာ။ တကယ်တမ်း အိမ်ရှေ့ကိုထွက်လာတာက သူ့မိန်းမ....”
ဟင်...
“ဟုတ်တယ်။ ကျန်းမှာ မိန်းမရှိတယ်။ သူ့မိန်းမ ကလေးမွေးလို့ သူပြန်တာတဲ့...”
“သူ အိမ်ထဲကနေထွက်လာတာနဲ့ ငါ့လက်ကိုဆွဲပြီး သူတို့အနားက ခေါက်ဆွဲဆိုင်ကလေးမှာ သွားထိုင်ကြတယ်။ သူက ငါ့ကို ပြောတယ်။ ငါဟာ သိပ်လွယ်ကူတဲ့မိန်းမတဲ့၊ သူတွေ့ခဲ့သမျှမိန်းမထဲမှာ ငါဟာ အလွယ်ဆုံးပဲတဲ့....။ မေ့လိုက်ပါတဲ့။ သူက ငါ့ကို တန်ဘိုးထားချစ်ခဲ့တာ မဟုတ်ဘူးတဲ့....။ ငါလို တစ်ခုလပ်မုဆိုးမကို သူ ယူဖို့မရဲပါဘူးတဲ့။ သံယောဇဉ်တော့ရှိပါတယ် တဲ့...” “သေလိုက်လေ၊ ဘာသံယောဇဉ်လဲ ဟားဟား”
မင်ဝှေ့က ပြီးခဲ့တဲ့တပတ်လုံးလုံးငိုခဲ့ရတာ သူမ မဟုတ်သလို၊ ပြောနေတဲ့အကြောင်းအရာတွေက သူမအကြောင်း မဟုတ်သလို ခံစားချက်မဲ့ပုံနဲ့ ပေါ့ပေါ့ကလေးပြောထွက်လေလေ၊ ကျွန်မနားထောင်ရတာ ရင်နာလေ။ 
“ငါ အချစ်ဆိုတာ ဘယ်လိုဘာညာ မသိပါဘူးဟာ၊ ဒါပေမယ့် ငါ ကျန်းကို သိပ်ချစ်တယ်။ ဘယ်လိုမှ မေ့မရဘူး၊ ငါ့တသက်လည်း မေ့နိုင်တော့မယ် မထင်ဘူး” “ခုတော့ ငါ အချစ်ကို မယုံတော့ဘူးဟာ....”
ပြောအပြီးမှာ မင်ဝှေ့ပါးပေါ် မျက်ရည်စက်တို့ ပေါက်ကနဲကျတယ်။ မင်ဝှေ့က လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်ကာ “အရင်လူတွေတုန်းက ငါ မျက်ရည်တစက် မကျခဲ့ဖူးဘူး၊ နင်သိလား” မျက်ရည်တွေကြားက ခေါင်းမော့ရယ်မောလိုက်သေးတယ်။ “ငါ ပျော်အောင်ကြိုးစားမယ်၊ အချစ်ဆိုတာကို ငါ မယုံတော့ဘူး၊ နင်လည်း မယုံနဲ့”လို့ ဆိုတယ်။ 
ကျွန်မက...
ကျွန်မကလေ အချစ်ဆိုတာကို ယုံတယ်မယုံဘူးဆိုတာထက် ချစ်ဖို့ကို မရဲတော့တာရယ်....။
ခုထိ ဆုံးအောင်ဆိုလို့မရတော့တဲ့သီချင်းတွေ...ဂစ်တာလက်ကွက်တွေအတိုင်း လက်ကရွေ့လျားနေဆဲမှာ အသံတွေဟာ နှလုံးသားအတိုင်းထပ်တူနာကျင်ရာက နာကျင်လွန်းမကနာကျင်ပျောက်ရှသွားကာ အဆုံးမှာ သီချင်းသံအစား မျက်ရည်တွေသာ စီးကျလို့လာခဲ့တာ။ များခဲ့ပြီပဲကွယ်...။
မင်ဝှေ့က သူ့ဘဝနာနာကျင်ကျင်တွေအပြီးမှာ ရဲဝံ့ရင်ဆိုင်နေချိန်…အချစ်အတွက်ဆက်သွားနေချိန်မှာ ကျွန်မကတော့ တစ်ခါခြေချော်လဲရုံနဲ့ ပြန်မထဝံ့သူဖြစ်ခဲ့တာကြာပြီပဲ...။ မင်ဝှေ့နဲ့ကျွန်မက ကံတူအသည်းကွဲမိန်းမတွေပေါ့နော်။ အသည်းကွဲတာ မဆန်းဘူးတဲ့ သူမကဆိုတယ် ။
“ဒါပေမယ့် ယောကျာ်းတယောက်သတ်မှတ်တဲ့ လွယ်တယ် ခက်တယ်ဆိုတဲ့တန်ဘိုးတွေကိုတော့ ငါ နားလည်အောင်ကြိုးစားရဦးမယ်။ ငါကတော့ သူ့ကို ချစ်လွန်းလို့ အချစ်တွေပုံခဲ့တာ”
“နောက်ဆုံးတော့ဟာ ငါက အပျိုစင်မဟုတ်ဘူး။ တစ်ခုလပ်မုဆိုးမ၊ ဒီတော့ ငါ့ချစ်ခြင်းတွေဟာ အပျိုစင်ကလာတဲ့ချစ်ခြင်းတွေလို မလတ်ဆတ်ဘူးပေါ့။ အသည်းကွဲတဲ့အခါမှာတောင် အပျိုစင်အသည်းကွဲတဲ့အခါ လူတွေက သနားကြမယ်။ အပျိုစင်ဆိုတော့ အသည်းကွဲလို့တရားဝင်လွမ်းရင်တောင် လူကြားကောင်းတယ်။ တစ်ခုလပ်မုဆိုးမအသည်းကွဲလို့ လွမ်းတဲ့အခါ ဒီဟာမကိုက အနေအထိုင်မတတ်လို့ဆိုတဲ့ လက်ညှိုးတွေနဲ့တင် သေလောက်တယ်” “ငါတို့လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးဟာ မိန်းမတွေဘက်က မျှတွေးမပေးတတ်ကြပါဘူးဟာ...၊ နင် အဲသလိုမထင်ဘူးလားဟင်”
ကျွန်မရင်ထဲ ကျင်ကနဲ နင့်သွားတယ်။ မင်ဝှေ့စကားတွေက ထက်ရှတဲ့အသွားတွေနဲ့…၊ နာကျင်ရသူက သူမကိုယ်တိုင်အပြင် ကျွန်မလည်းပါဝင်နေတာ၊ မိန်းမတွေအားလုံးအတွက်ဖြစ်နေတာတော့ အနာကျင်ရဆုံးပဲ မဟုတ်လား....
တကယ်တော့ လူတစ်ယောက်နဲ့တစ်ယောက်အကြားက ငြိတွယ်မှုတစ်ခုဟာ ဆန်းကြယ်တာ၊ သွေးသားရင်းချာတွေရဲ့ချစ်ခြင်း...ကျွန်မသိမီလိုက်တဲ့ မိဘဘိုးဘွားတွေဆီက ဆင်းသက်လာတဲ့မေတ္တာတရား ချစ်ခြင်းတရား...။ အချစ်ခံရသူ… ကိုယ်ကချစ်ရသူ...ဘယ်လိုပဲဖြစ်စေ ချစ်ခြင်းတရားနဲ့ထိစပ်သမျှ လှပတာပဲလို့ ယုံကြည်ခဲ့ဖူးရဲ့။ 
သူစိမ်းတရံစာလို့ ကျွန်မတို့ပြောလေ့ရှိကြတဲ့ သွေးမတော်သားမစပ်ကလေးကို ချစ်မိတဲ့အချိန်မှာ မျက်ရည်ကျခဲ့ရဖူးတယ်။ သူ့စိတ်နဲ့ကျွန်မကိုယ် ရှင်သန်နေခဲ့ဖူးတယ်။ ဘယ်လိုဝဋ်ကြွေးများလဲ...၊ ကိုယ်ချစ်မက်လေ ကိုယ်စွဲလန်းလေ ကိုယ်ရူးမူးလေ.... ဆုံးရှုံးသွားမှာစိုးတဲ့စိတ်နဲ့ တင်းတင်းဆုပ်ကိုင်ထားမိလေ...၊ ဘယ်လိုဆုပ်ကိုင်ထားလည်းပဲ အဆုံးမှာ နှစ်ဘက်ချွန်မြဓါးလို အသွားတွေက ဆုပ်ကိုင်သူကိုသာ မြိကနဲပြန်ရှလို့... သွေးစိမ်းရှင်ရှင် စီးစေခဲ့တာ။ 
ကျွန်မဟာ အတိတ်တွေကနေ ထွက်ပြေးမလွတ်နိုင်သူ....၊ အရိပ်တွေကနေ အစဉ်အမှောင်ချထားခံရသူရယ်....။
သူမအပြစ်လား
ဘီလူးစီးနေတဲ့ အားကောင်းမောင်းသန်ရမက်မှာ သူမကျရှုံးခဲ့ရ
သူမကိုယ်သူမ ရွံ့ရှာအော့အန်ပစ်လိုက်ရ
သူမကိုယ်သူမ မသတီစွာ ထုပ်ပိုးသိမ်းဝှက်ခဲ့ရ
သူမကိုယ်ပေါ်မှာ ကပ်လွှတ်လိုက်တဲ့အပျိုစင် စစ်မှု မစစ်မှု
တန်ဘိုးထားခံရမှု မခံရမှု တံဆိပ်တုံး
လူ့အသိုင်းအဝိုင်းထဲက အသံတွေမှာ အကြည့်တွေမှာ လက်ညှိုးတွေမှာ
သူမဟာ အနာဂတ်မဲ့အညစ်အကြေးတုံး
သူမဟာ သားရှင်တွေအတွက် ရောင်းမစွံကုန်အပုပ်အပွ
သူမဟာ ယောကျာ်းတွေအတွက် အပျော်တမ်းလက်ရည်စမ်းကစားကွင်း
သူမဟာ ယင်ကောင်တွေအတွက် အညှီအုံ
သူမအပြစ်လား သူမအပြစ်လား…
လူ့အသိုင်းအဝိုင်းကြီးတစ်ခုလုံးဟာ မကြားနိုင်တဲ့နားတွေနဲ့
မမြင်နိုင်တဲ့မျက်လုံးတွေနဲ့…
သူမအပြစ်လား…
ဒိုင်ယာရီထဲ ရေးချထားဖူးခဲ့တဲ့ ကျွန်မကဗျာ....။ အကြိမ်ကြိမ်ဖတ်ပြီး ဖတ်ပြီးတိုင်းတဲ့နာကျင်ရတဲ့ကဗျာ....။ ကဗျာအောက်ခြေမှာ နေ့စွဲတစ်ခု။ အဲဒီနေ့စွဲကို ကျွန်မဒိုင်ယာရီထဲက ဆွဲဆုတ်လွှင့်ပစ်ခဲ့မိတယ်...။ တဒင်္ဂတော့ စိတ်သက်သာရာရသွားသလိုလို....။
(၆)
မောင် အဆင်ပြေနေသည်ဟုကြားတိုင်း၊ မောင့်မိသားစုဘဝကလေး သာယာနေကြောင်းကြားရတိုင်း နာကျင်မှုနှင့်အတူပျော်ရွှင်လျက် နာကျင်မှုကတစ်ခြား၊ ပျော်ရွှင်ရတာကတစ်ခြားဖြစ်လေသည်။ ဘဝဟာ တိုတိုကလေးရယ်ကွယ်…။ ဘာကြောင့် ဘယ်သူတွေကို ဘာဖြစ်လို့ စိတ်နာနေရမလဲ၊ ကျွန်မကံကြမ္မာကိုလား၊ တစ်သက်လုံးမကျွတ်တော့မယ့်အရောင်မျိုးမှ ရွေးချယ်ဆိုးပေးလိုက်တဲ့ ကျွန်မကိုယ်ပေါ်က အတိတ်ဆိုးတွေကိုလား၊ မောင့်ကိုလား...၊ မျက်လုံးကျဉ်းလှတဲ့ လူ့ပတ်ဝန်းကျင်ကိုလား....။ ထားပါတော့ ထားလိုက်ပါတော့လေ...။ 
ဘယ်လိုနာကျင်မှုမျိုးပဲပေးခဲ့ပေးခဲ့ မောင့်အပေါ် အချစ်မပြယ်ရက်ပါ။ မောင့်အပေါ် ကျွန်မ၏မြတ်နိုးမှုသည် ချစ်ခြင်းတရားသက်သက်နှင့် ထုဆစ်ခဲ့ခြင်းသာဖြစ်သည်။ ထို့ကြောင့် လှပသည်။
“ဒီမှာကြည့်စမ်း မွန်း....၊ ကျန်းရဲ့သမီးကလေး...ချစ်စရာကောင်းလိုက်တာနော်၊ မကောင်းဘူးလား။ ပါးကြီးတွေက ပန်းသီးကြီးတွေကျနေတာပဲ နီရဲဖောင်းကားလို့”
မင်ဝှေ့က ကျန်း Facebookမှာ တင်ထားသော သမီးပေါက်စကလေးပုံကို ကျွန်မအား ပြနေခြင်းပါ။
ခေါင်းညိတ်ပြုံးပြလျက် မင်ဝှေ့မျက်နှာကို ကျွန်မ ငဲ့ကြည့်မိရသည်။ မင်ဝှေ့ကို မတွေ့၊ ချစ်ခြင်းမေတ္တာကိုသာ ကျွန်မ တွေ့ပါသည်။ အချစ်မှာ လိုအပ်သည်က ဒါပဲဖြစ်လိမ့်မည်။ 
(အဆုံး)
ချစ်ခြင်းတရားနှင့် ထုဆစ်သည်သာဖြစ်ပါစေ....ထုဆစ်ပုံသွင်းခံအရာရာဟာ လှပမြဲ....
သည်အဆိုကို ကျွန်မ မငြင်းလိုတော့...
ထပ်မံဖြည့်စွက်လိုသည်မှာ....
ချစ်ခြင်းတရားနှင့်ထုဆစ်၍ လှပတိုင်းလည်း အနာအဆာကင်းချင်မှ ကင်းမည်။ 
နာကျင်လျက်နှင့် သက်ဝင်လှပနေရသောချစ်ခြင်းများ များစွာ.....


ဝတ္ထုရှည် စ-ဆုံး
ရွှေအမြုတေမဂ္ဂဇင်း - ဧပြီလ ၂၀၁၇

ချစ်ကြည်အေး

ကျွန်မတို့ မတူညီနိုင်ကြဘူးလား

$
0
0
ကျွန်မတို့မတူညီနိုင်ကြဘူးလား
====================


အခန်းငယ်ကလေး....

သစ်လွင်တဲ့အရာဆိုလို့ဘာတစ်ခုမှရှိမနေ။အလင်းရောင်လည်းအလုံအလောက်မရှိဘဲမှောင်ကုပ်ကုပ်မို့တွေ့မြင်ရသမျှအရာရာကခေတ်ဟောင်းရုပ်ရှင်တစ်ကားကြည့်နေရသလိုပါ။အဲဒီအခန်းထဲတစ်ယောက်ထဲနေမလားမေးလာရင်ကျွန်မအတွက်တော့ချက်ချင်းခေါင်းခါမိမယ့်အခန်းမျိုး။ဘယ်လိုခံစားမှုလို့ပြောရရင်ကောင်းမလဲ၊ခြောက်ကပ်ကပ်မူန်မွဲမွဲနဲ့မွန်းကြပ်မှောင်ပိတ်မှုကြောင့် အော်ဟစ်ရုန်းကန်ပစ်လိုက်ချင်စရာအခန်းမျိုး။

အခန်းထောင့်နားမှာကုတင်တစ်လုံးရှိတယ်။ရိုးရိုးသစ်သားကုတင်တစ်လုံးပါပဲ။ဘယ်လိုပရိဘောဂအဆင်အပြင်မျိးမှဥပမာ - ပန်းစိုက်အိုးစားပွဲကုလားထိုင်ရယ်လို့လည်းရှိမနေတဲ့အပြင်မြင်ရသမျှမျက်စိပသာဒဖြစ်ဖွယ်တစ်ခုမှကိုမရှိတာပါ။

၁၂နှစ်-၁၃နှစ်အရွယ်ဂါဝန်ဝတ်မိန်းမငယ်ကလေးတစ်ဦး...ဘေးဘယ်ညာမှာမိဘဖြစ်ဟန်တူတဲ့အမျိုးသားတစ်ဦးနဲ့အမျိုးသမီးတစ်ဦးတို့ကကလေးမလေးရဲ့ချိုင်းနှစ်ဘက်ကိုတွဲမကာအဲဒီအခန်းထဲဝင်လာပုံနဲ့ပြကွက်ကိုပျိုးထားတယ်။ကလေးမလေးမျက်နှာ၊မိဘဖြစ်ဟန်တူသူနှစ်ယောက်မျက်နှာ... ဘာရယ်ကြောင့်မှန်းမသိ၊တစ်စုံတစ်ခုနာကျင်ဖွယ်တုန်လူပ်ထိပ်လန့်ဖွယ်ဖြစ်တော့မယ့်အနေအထားလို့ကျွန်မမသိစိတ်ကစေ့ဆော်တာနဲ့previewကြည့်နေရာကနေဗီဒီယိုကလစ်ကိုဖွင့်ကြည့်မိခဲ့ရတာ....
ဘုရားရေ.....ဒါ....
ရုတ်တရက်ကျွန်မခေါင်းထဲဝင်လာတာက FGMလို့အတိုကောက်ခေါ်ဝေါ်သုံးစွဲကြတဲ့ Female Genital Mutilationပါပဲ။ကြားဖူးနေလျက်ကကြည့်ရန်မဝံ့လို့ဘယ်တုန်းကမှတတန်တကရှာဖွေမကြည့်ဖြစ်ခဲ့တဲ့အကြောင်းအရာ...ကြားဖူးစကပင်နာကျင်လွန်းလှကာအသိအတွေးနောက်ကျ၊ပညာမပြည့်ဝသောလူ့အဖွဲ့အစည်းတချို့ရဲ့ဓလေ့ထုံးတမ်းများ၊ယုံကြည်မူများကိုနာနာကျင်ကျင်အံ့သြကာလူ့အဖွဲ့အစည်းအားလုံးထဲကအမျိုးသမီးအားလုံးအဲသလိုအဖြစ်မျိုးကနေလွတ်မြောက်ကြဖို့သာဆန္ဒရှိရုံ၊တကယ်တမ်းကျွန်မမှဘာမှမတတ်နိုင်တာပဲလေလို့မေ့ပျောက်ထားခဲ့ရတဲ့အကြောင်းအရာ။

ကျွန်မမျက်ဝန်းတွေကိုဗီဒီယိုကလစ်ဆီပြန်ပို့လိုက်တဲ့အချိန်မှာမိန်းမငယ်ကလေးကိုကုတင်ထက်မှာလဲလျောင်းစေပြီ။ဖခင်ဖြစ်ဟန်တူတဲ့ယောက်ျားကြီးနဲ့ဖြတ်တောက်ပေးမယ့်အမျိုးသားကြီးတစ်ယောက်ကကုတင်ခြေရင်းမှာရပ်ပြီးမိန်းမငယ်ကလေးရဲ့ ခြေထောက်၂ချောင်းကိုဆွဲမထောင်ကားလိုက်ကြတယ်။ကျွန်မအသက်ကိုခပ်မျှင်းမျှင်းဆွဲရှူလိုက်ပြီးမျက်ဝန်းတွေကိုမှေးကျဉ်းထားလိုက်မိတယ်။မိန်းကလေးသိပ်နာကျင်တော့မှာပဲ။အဲဒီအချိန်ထိဗီဒီယိုကလစ်ကိုပိတ်ပစ်လိုက်ဖို့ဘာကြောင့်များကျွန်မလက်တွေကတုန့်ဆိုင်းနေခဲ့တာပါလိမ့်။

မိခင်ဖြစ်သူကတော့မိန်းကလေးရဲ့မျက်စိနဲ့ပါးစပ်တွေကိုသူမလက်ဖဝါးအပြည့်ဖိအုပ်ကာထားတယ်။
အခိုက်အတန့်ကလေး....
ဘာမှသိပ်မကြာလိုက်၊မိန်းကလေးရဲ့မျက်နှာမှာမျက်ရည်တွေ...
နာနာကျင်ကျင်စီးကျကာပါးစပ်ကပါအသံထွက်လို့အားကနဲအော်ညည်းလိုက်သံကိုတွေ့လိုက်ရတာ။အော်ညည်းလိုက်သံကိုတွေ့လိုက်ရတယ်ဆိုရတာကမိန်းကလေးရဲ့အော်သံကိုကျွန်မနားနဲ့မကြားရလို့၊သူမမိခင်ကပါးစပ်ကိုလက်ဝါးနဲ့အပြည့်အုပ်ကိုင်ထားတာကြောင့်သာအော်သံသဲ့ကနဲရယ်လို့မျက်စိနဲ့မြင်လိုက်ရပြီးကျွန်မရင်ထဲထိအောင်ကျင်ကနဲကြားလိုက်ရတာ။

သနားစရာမိန်းကလေးသိပ်နာကျင်ရှာမှာပဲ။ ဖြတ်တောက်ပေးသူအမျိုးသားကြီးကမိန်းကလေးကိုပတ်တီးခါးတောင်းကျိုက်စည်းပုံမျိုးခါးမှာစည်းပေးနေတယ်။မိန်းကလေးကတော့သူ့မိခင်လက်ကိုသာအတင်းဆုတ်ကိုင်ပြီးနာကျင်လွန်းလို့တဆတ်ဆတ်တုန်နေရှာတာ။ကျွန်မဆက်မကြည့်ရက်တော့၊လက်တွေကဗီဒီယိုကလစ်ကိုအလိုလိုပိတ်မိရက်သားဖြစ်နေခဲ့တယ်။ခုနကတဆတ်ဆတ်တုန်နေတဲ့မိန်းကလေးရဲ့နှလုံးအိမ်မျိုး၊အခုကျွန်မဆီမှာ....

Facebookမှာဗီဒီယိုကလစ်တွေကိုပရီဗြူးပြနေတဲ့အကျိုးဆက်ပဲဆိုပါတော့။မိတ်ဆွေတစ်ယောက်မျှဝေထားတဲ့အဲဒီဗီဒီယိုကလစ်ကကျွန်မဆီမှာလာပေါ်နေခဲ့ပြီးမနေနိုင်မထိုင်နိုင်ဖွင့်ကြည့်မိခဲ့တဲ့အကျိုးဆက်ကနောက်ရက်အနည်းငယ်အထိအဲဒီမိန်းကလေးမျက်နှာနဲ့အော်သံသဲ့သဲ့ကိုကျွန်မစိတ်တွေကအဖန်ဖန်ကြားနေမိခဲ့တာပါပဲ။
ခုဆိုအတော်ကြာခဲ့ပြီ။ကျွန်မနှလုံးအိမ်ကိုရိုက်ခတ်ခဲ့တဲ့အဲဒီအကြောင်းကိုကျွန်မဝံ့ဝံ့ရဲရဲရင်ဆိုင်နိုင်ပြီလို့စိတ်ချတဲ့အခါမှ FGMအကြောင်းရေးမယ်လို့ဆုံးဖြတ်ပြီးရေးဖြစ်ပါတယ်။အဲဒီအတွက်သက်ဆိုင်ရာဗီဒီယိုကလစ်တွေလည်းပြန်လိုက်ရှာပြီးကြည့်ခဲ့ရပါတယ်။

ဒီဖြစ်စဉ်ကို FGM - Female Genital Mutilationလို့ခေါ်သလို Female Circumcisionလို့လည်းသုံးကြပါတယ်။၁၉၈၉ခုနှစ်လောက်ကစလို့အာဖရိကနဲ့အရှေ့အလယ်ပိုင်းဒေသတွေမှာစတင်ကျင့်သုံးခဲ့တယ်လို့ခန့်မှန်းကြတယ်။ Wiki-ဝီကီရဲ့၂၀၁၆စစ်တမ်းအလိုအရတော့အာဖရိက၂၇နိုင်ငံ၊တချို့အာရှနိုင်ငံတွေမှာတင်မကအမေရိကနဲ့ကနေဒါလိုတိုင်းပြည်တွေကစုစုပေါင်းသန်းပေါင်း၂၀၀သောအမျိုးသမီးတွေဟာမိမိတို့ရဲ့မိန်းမကိုယ်အင်္ဂါအစိတ်အပိုင်းတချို့ကိုအဲဒီဓလေ့ထုံးတမ်းအရဖြတ်တောက်ပြီးဖြစ်တယ်လို့ ဆိုတယ်။အနောက်နိုင်ငံတွေမှာတော့လုပ်ပေးမယ့်သူမရှိတဲ့အတွက်ဖြတ်တောက်လိုသူဟာအဲဒီအမှုကိုပြုလုပ်ပေးနိုင်မယ့်တခြားနိုင်ငံတွေကိုသွားပြီး
ဖြတ်တောက်ကြရပါတယ်။

ဒီနေရာမှာဘာကြောင့်လုပ်ရသလဲဆိုတဲ့မေးခွန်းကိုကျွန်မစေ့ငုကြည့်မိတဲ့အခါအဖြေအများစုကအမျိုးသမီးတွေရဲ့လိင်စိတ်ခံစားမှုကိုထိန်းချုပ်ကန့်သတ်လိုလို့ (Control Women’s sexuality) ဖြစ်တယ်ဆိုတာသိရပါတယ်။ပြီးတော့သူတို့ယူဆတာကလိင်စိတ်ဟာအင်မတန်ညစ်ညမ်းတဲ့အတွက်အဲသလိုဖြတ်တောက်ပြီး လိင်စိတ်ခံစားမှုနည်းပါးစေခြင်းအားဖြင့်လိင်ပိုင်းဆိုင်ရာအရစင်ကြယ်သွားပြီလို့ယူဆကြတာပါပဲ။

ကျွန်မအနေနဲ့တော့လူမျိုးဘာသာဘာတစ်ခုနဲ့မှဆက်နွယ်မပြောလိုပါဘူး။နေရာဒေသ၊လူမျိုးစုတစ်စုစတာတွေရဲ့ဓလေ့ထုံးတမ်းမိရိုးဖလာယုံကြည်မှုလို့သာဆိုချင်ပါတယ်။၁၅-၁၆နှစ်အရွယ်ရောက်ပြီးသားမိန်းကလေးဆိုရင်အဲဒီလိုဖြတ်တောက်ပြီးတာနဲ့လက်ထပ်ခြင်းကနောက်ကပါလာစမြဲလို့ဆိုတယ်။
ဆေးပညာရှူထောင့်ကကြည့်လည်းပဲ FGMပြုလုပ်ခြင်းဟာကျန်းမာရေးအတွက်ဘာမှအထောက်အကူမပြုတဲ့အပြင်ပြုလုပ်ပြီးသူအမျိုးသမီးတွေရဲ့ဘဝတလျှောက်လုံးဆိုးကျိုးတွေသာအများကြီးခံစားရစေတယ်လို့ဆိုထားပါတယ်။ဖြတ်တောက်ရာမှာအသုံးပြုတဲ့ပစ္စည်းတွေကဘလိတ်ဓါး၊ကပ်ကြေး၊အပ်နဲ့တခြားမြိနေအောင်သွေးထားတဲ့ဓါးတိုမျိုးတွေဖြစ်ပြီးစနစ်တကျသုံးစွဲတာလည်းမဟုတ်၊လူအများကြီးအတွက်ဒီပစ္စည်းတွေပဲတဖန်လဲလဲဆက်သုံးလေ့ရှိတာမို့သိပ်ကိုအန္တာရာယ်များစေပါတယ်။ပြီးတော့အဲသလိုဖြတ်တောက်စဉ်မှာမေ့ဆေးမပေးထုံးဆေးမပေးဘဲအစိမ်းဖြတ်တောက်တာမို့စဉ်းစားရုံနဲ့တင်ဘယ်လောက်နာကျင်မယ်ဆိုတာတွေးကြည့်နိုင်ပါရဲ့။
ဖြတ်တောက်ရာမှာအဆင့်အမျိုးမျိုးပုံစံအမျိုးမျိုးရှိတဲ့အနက်အများဆုံးဖြတ်တောက်လေ့ရှိကြတဲ့ပုံစံ (၃)မျိုး ရှိပါတယ်။




Type IClitoridectomy - Partial or total removal of the clitoris and/or the prepuce
Type IIExcision - Partial or total removal of the clitoris and the labia minora, with or without excision of the labia majora
Type IIIInfibulation - Narrowing of the vaginal orifice with creation of a covering seal by cutting and appositioning the labia minora and/or the labia majora, with or without excision of the clitoris.

ဖြတ်တောက်ရာမှာ သုံးစွဲတဲ့ ဘလိတ်ဓါး၊ ကတ်ကြေးနဲ့ တခြားအချွန်အထက် ကိရိယာတွေကိုလည်း စနစ်တကျပိုးသတ်ထားခြင်း မရှိဘူးလို့ဖတ်ရပါတယ်။
အင်မတန်အန္တာရာယ်များပြီးနာကျင်လွန်းလှတဲ့ဒီဖြတ်တောက်မှုအပြီးမှာဖြစ်လေ့ရှိတာတွေကအပျိုတွေအတွက်သွေးထွက်လွန်ခြင်း၊ပိုးဝင်ယောင်ရမ်းခြင်း၊ဆီးသွားရအလွန်ခက်ခဲခြင်း၊ရာသီသွေးပေါ်တိုင်းခက်ခဲနာကျင်ခြင်းတို့ဖြစ်ပြီးအခန့်မသင့်ရင်အသက်ဆုံးရှုံးရတဲ့အထိဖြစ်တတ်တယ်လို့ဆိုပါတယ်။အဲဒီမိန်းကလေးတွေအိမ်ထောင်ကျပြီးတဲ့အခါမှာဆိုလည်းလိင်ဆက်ဆံတိုင်းနာကျင်တတ်ခြင်း၊ကိုယ်ဝန်မဆောင်နိုင်ခြင်း၊ဆောင်နိုင်ခဲ့ရင်တောင်ကလေးမီးဖွားရာမှာရှုပ်ထွေးခက်ခဲမှုများဖြစ်နိုင်စေတယ်လို့ဆိုပါတယ်။

ဒါဆိုဒီလောက်ဆိုးကျိုးများတာဘာကြောင့်လုပ်ကြသလဲဆိုတာအင်မတန်စဉ်းစားစရာ မကောင်းဘူးလား။အမျိုးသမီးတွေအတွက် Female Genital Mutilation ရှိသလိုအမျိုးသားများအတွက်လည်း Male Genital Mutilation ရှိပါတယ်။ဒါပေမယ့်ဆင်းရဲနာကျင်ရပုံချင်းကျတော့ဘယ်လိုမှမနှိုင်းယှဉ်သာအောင်ပါပဲ။အမျိုးသားတွေအတွက်ကတော့လိင်တံထိပ်အရေပြားကလေးကိုသာသတ်မှတ်ထားတဲ့ပမာဏအပေါ်ယံဖြတ်လှီးထုတ်ပစ်ရုံပါ။ပြီးတဲ့အခါကျန်တဲ့ဘဝတလျှောက်လုံးလူယောကျာ်းပီပီနေထိုင်ခံစားသွားနိုင်တာကြောင့်အမျိုးသမီးများလိုတသက်တာနာကျင်ဆင်းရဲနေရတာမျိုး မဟုတ်တဲ့အပြင်သူတို့ဟာကလေးမီးဖွားစရာလည်းမလိုတာကြောင့်ပါပဲ။

ဗီဒီယိုကလစ်တွေ တခုပြီးတခုကြည့်လိုက်တိုင်းအမျိုးသမီးလေးတွေရဲ့နာကျင်ရှုံ့မဲ့နေတဲ့မျက်နှာဟာအင်မတန်ဂရုဏာသက်ဖွယ်ပါ။ရုန်းကန်လို့မရအောင်ချုပ်ထားကြတဲ့သူတွေမှာလည်းနာကျင်နေဟန်အထင်းသားပေါ်လွင်နေတာပါပဲ။မိန်းကလေးတွေရဲ့နာကျင်မှုဟာကျွန်မရင်ဝကိုလာလာဆောင့်နေသလိုခံစားရပါတယ်။အဲသလိုကြည့်ရင်းကဘာကြောင့်များအမျိုးသမီးတွေဟာ FGMရဲ့သားကောင်ဖြစ်ကြရသလဲ။ဘယ်သူကမှမတွန်းလှန်ကြဘူးလား၊ဒီလောက်ရက်စက်တဲ့ဖြစ်စဉ်ကြီးကိုဘယ်သူကမှမဆန့်ကျင်ကြဘူးလားဆိုတဲ့မချင့်မရဲစိတ်ဖြစ်မိပါရဲ့။

မသက်မသာကြည့်နေမိရင်းမှာပဲကျွန်မရဲ့စိတ်ကွက်လပ်ကိုဖြည့်ဆည်းပေးတဲ့၊ကျွန်မသိလိုတဲ့ဘယ်သူမှမဆန့်ကျင်ကြတော့ဘူးလားဆိုတဲ့မေးခွန်းကိုဖြေပေးတဲ့ဗီဒီယိုကလစ်လေးတခုကြည့်ခွင့်ရလိုက်ပါတယ်။ဘယ်လိုပြောရမှန်းမသိအောင်အားရကျေနပ်မိတာပါပဲ။

Kenyanအမျိုးသမီးငယ်ကလေးအသက်၁၇နှစ်ရှိပြီဖြစ်တဲ့ Nancyဆိုသူကလေးပါပဲ။သူနေထိုင်ရာကင်ညာနိုင်ငံက Pokot Community-ပိုခေါ့ထ်လူ့အဖွဲ့အစည်းရှိရာရွာကလေးတရွာကသာမန်မိန်းမငယ်ကလေးပေါ့။ Pokotဆိုတာက အရှေ့အာဖရိကမှာရှိတဲ့ ကင်ညာ-Kenya Republicရဲ့ မြို့ငယ်ကလေးဖြစ်ပြီး သူတို့ကို Pokot peopleလို့ ညွှန်းဆိုလေ့ရှိကြပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုတခုဖြစ်ပြီး သူတို့ကိုယ်ပိုင် Pokoot languageသုံးစွဲပြောဆိုကြသူများပါ။

နန်စီဟာပညာကိုသိပ်လိုလားတဲ့မိန်းမငယ်ကလေးပါ။သူမရဲ့ညီမဖြစ်သူကတော့သူမအဖေဆန္ဒအတိုင်း FGMလုပ်ပြီးပေမယ့်သူမကတော့လုံးဝမလုပ်နိုင်ဘူးလို့အပြတ်ငြင်းထားသူကလေးပေါ့။သူမသူငယ်ချင်းတစ်ယောက်ဆိုအသက်၁၅နှစ်မှာဖြတ်တောက်ပြီးလို့အိမ်ထောင်ရက်သားတောင်ကျနေခဲ့ပါပြီ။သူမကတော့ငြင်းဆန်တုန်း၊ဒီလိုဖြတ်တောက်မှ ယောကျာ်းရမှာလား၊ ယောကျာ်းတယောက်ရဖို့ထက် ပညာရေးကသာသူမဘဝအတွက်အရေးကြီးဆုံးလို့ခိုင်ခိုင်မာမာဆိုနေဆဲဖြစ်ပါတယ်။
နန်စီ့အဖေကနန်စီ့ကိုရွာထဲကတခြားမိန်းကလေးတွေလိုပဲ FGMလုပ်၊ပြီးတာနဲ့ယောကျာ်းယူစေ့ချင်တာပါ။ဘဝကိုလွယ်ကူပေါ့ပါးစွာပဲဖြတ်သန်းစေချင်ခဲ့တာ။သူ့မှာ သတို့သားဘက်ကမင်္ဂလာလက်ဖွဲ့တင်တောင်းငွေ-Dowryအဖြစ်ကြိုတင်ယူထားတဲ့နွားတကောင်ကလည်းရှိနေပြီမို့နွားကိုပြန်မပေးလိုဘူး၊ပြီးတော့အဲဒီနွားကိုရောင်းပြီးသားဖြစ်သူ- နန်စီ့မောင်ရဲ့ကျောင်းစရိတ်အဖြစ်သုံးဖို့ရည်ရွယ်ပြီးသားလည်းဖြစ်နေတာကြောင့်ပါ။
နန်စီကတော့မလုပ်ဘူးဆိုလုံးဝကိုမလုပ်နိုင်ဘူးလို့အပြတ်ငြင်းပါတယ်။နန်စီနဲ့သူ့အမေရွာထိပ်ရေဘုံဘိုင်မှာပန်းကန်တွေဆေးကြောရင်းအပြန်အလှန်စကားပြောခန်းဟာအင်မတန်သဘောကျစရာပါ။FGMမှမလုပ်ရင်ယူမယ့်ယောကျာ်းလည်းရှိမှာမဟုတ်ပါဘူးဆိုတဲ့သူ့အမေကိုနန်စီပြန်ပြောတဲ့စကားထဲမှာမိန်းမတွေရဲ့ဘဝကိုယောကျာ်းတွေကဘာကြောင့်အဆုံးအဖြတ်ပေးရမှာလဲဆိုတဲ့စကားလေးတခွန်းကလည်းသဘောကျစရာကောင်းလှတယ်။

"နင့်အဖေကသတို့သားလောင်းဆီကနွားတကောင်ကြိုတင်ယူပြီးနေပြီ။အဲဒီနွားကိုရောင်းပြီးသမီးမောင်လေးကိုကျောင်းထားမှာသမီးသိတယ်မဟုတ်လား"

"အိုအမေရယ်မိန်းကလေးနဲ့ယောကျာ်းလေးဟာအတူတူပါပဲ။အမေ့သားအတွက်ပညာရေးလိုအပ်တယ်ဆိုကျွန်မအတွက်လည်းပညာရေးကလိုအပ်တာပါပဲ"

"သမီးရယ်အိမ်မှာပဲနေပါလား၊ကျောင်းမသွားပါနဲ့တော့"

"အမေ့သားကိုအိမ်မှာထားပါလား၊ကျွန်မကတော့ကျောင်းသွားရမှဖြစ်မယ်ကျွန်မအတွက်ပညာရေးကအရေးကြီးတယ်။ကျွန်မဆရာဝန်ဖြစ်ချင်တယ်အမေ"

"သမီးနန်စီသမီးလိုချင်တဲ့ပညာရေးဟာနွားလောက်အသုံးဝင်ပါ့မလားကွယ်။နွားကရောင်းရင်ပိုက်ဆံရတယ်ကွဲ့"

"ပညာရေးကိုနွားနဲ့နှိုင်းယှဉ်စရာလားအမေရယ်၊နွားဆိုတာအချိန်မရွေးသေနိုင်တဲ့သတ္တဝါပါ။ပညာရေးကတော့နွားတကောင်ဆီကနွားနို့ထက်ပိုပြီးပေးနိုင်တဲ့အကျိုးအမြတ်တွေ အများကြီးပါအမေ"

"ကျွန်မတို့ရဲ့ခေတ်နောက်ပြန်ဆွဲနေတဲ့ဓလေ့ထုံးတမ်း၊ယဉ်ကျေးမှုတွေဟာပညာမတတ်ရင်စက်ဝိုင်းတခုလိုအဖန်ဖန်လည်နေဦးမှာပဲအမေ။ကျွန်မအတွက်မောင်းနှင်အားကပညာရေးပဲ။အမေကျွန်မကို FGMသိပ်လုပ်စေချင်သပဆို Over my deadbody-ကျွန်မသေမှပဲရမယ်"လို့အပြတ်ပြောချလိုက်တော့တာပါပဲ။

ဒီနေရာမှာနန်စီ့အမေရဲ့အခန်းကဏ္ဍဟာသိပ်ကိုအရေးပါလာပါတယ်။လင်ဖြစ်သူနဲ့သမီးဖြစ်သူအကြားဘေးကြပ်နံကြပ်နေထိုင်ရင်းလင်ဖြစ်သူကိုဖျောင်းဖျရ၊သမီးဖြစ်သူကိုနားချရနဲ့အင်မတန်ချစ်သနားစရာကောင်းတဲ့အမျိုးသမီးကြီး ဖြစ်လာပါတော့တယ်။ပြောမရတဲ့အဆုံးသမီးဖြစ်သူနန်စီကိုအဖွားအိမ်မှာသွားရှောင်နေချေဆိုပြီးခရီးအတွက်စီစဉ်ပေးလိုက်တာမို့နန်စီဟာအိမ်ပြေးမကလေးဖြစ်သွားပါတော့တယ်။
နန်စီ အိမ်မှာမရှိတော့တဲ့အခါအဖေလုပ်သူကမိန်းမကိုထမင်းဝိုင်းမှာခုလိုပြောပါတယ်။

"ဘယ်မလဲနင့်သမီးငါတို့ရွာထဲကတခြားမိန်းကလေးတွေဒီလိုပဲလုပ်နေကြတာပဲ၊ပြီးရင်ယောကျာ်းတင်တောင်းတဲ့လက်ဆောင်ကိုယူ၊အိမ်ထောင်ကျပြီးရောမဟုတ်လား၊နင့်သမီးဟာငါအချစ်ဆုံးသမီးခုတော့ငါ့စကားနားမထောင်တဲ့အပြင်အိမ်ကပါထွက်သွားပြီ။နင်ကလည်းအားပေးအားမြှောက်ကြံရာပါမဟုတ်လား၊သွားငါ့အိမ်မှာမနေနဲ့နင်နဲ့လည်းကွာမယ်"ဆိုပြီးမိန်းမချက်ပြုတ်ထားတဲ့သူ့ရှေ့စားပွဲပေါ်ကစားစရာပန်းကန်ခွက်ယောက်တွေကိုတွန်းပစ်ရင်းဆိုပါတယ်။
နန်စီ့အမေဟာအင်မတန်သည်းခံနိုင်တဲ့မိန်းမပါ။လင်ဖြစ်သူကိုဘာမှတင်းတင်းမာမာခွန်းတုန့်ပြန်မနေဘဲနန်စီမှမလုပ်ချင်တာသွားပါစေပေါ့ဆိုတာမျိုးလောက်သာခပ်အေးအေးပြောပြီးယောကျာ်းရှေ့ကထထွက်သွားခဲ့တာပါပဲ။တချိန်ထဲမှာပဲ FGMနဲ့ပတ်သက်ရင် ရွာထဲကအမြင်မှန်သူ၊ သြဇာရှိတဲ့သူတွေကိုစုဝေးခေါ်စေပြီး နန်စီ့အဖေကိုနားချခိုင်းဦးမှလို့တွေးနေမိတာ။တနေ့နန်စီ့အဖေကို  အသိအမြင်မှန်တဲ့ရွာလူကြီးတချို့နဲ့ဆုံစေပြီးနားချဖြောင်းဖျရာကနောက်ဆုံးတော့ နန်စီ့အဖေဟာ သမီးကိုချစ်တဲ့စိတ်နဲ့နန်စီ့သဘောပါပဲဆိုပြီးသဘောတူလိုက်ရတော့တယ်။အဲဒီအခါကျမှနန်စီဟာရွာကိုပြန်လာပြီးအဖေနဲ့စကားပြောတယ်။
နန်စီ့အဖေကဘာပြောသလဲဆိုတော့"သမီးသမီးကိုအဖေကအချစ်ဆုံးဆိုတာသမီးသိတယ်မဟုတ်လား၊အဖေလေအဘိုးကိုပြောပြီး အဖေတို့ကြိုတင်ယူထားတဲ့နွား ပြန်ပေးလိုက်တော့မယ်။ငါ့သမီးပညာလိုချင်တယ်ဆိုလည်းသမီးသဘောအတိုင်းဆုံးခန်းတိုင်အောင်ကြိုးစားပါကွယ်၊ဟုတ်ပြီလား"လို့သမီးဖြစ်သူကိုလေပြေလေးနဲ့ဆိုရှာတယ်။
အရင်ကဆိုနန်စီ့အဖေက"နင့်သမီးသာ FGMမလုပ်ရင်ရွာထဲကလူပုံအလယ်မှာငါမျက်နှာငယ်ရမယ်။နင့်သမီးကိုယူမယ့်ယောကျာ်းလည်းရှိမှာမဟုတ်ဘူး။ငါလည်းရွာထဲကလူတွေနဲ့ ဘီယာတောင်ဝိုင်းဖွဲ့သောက်ရဲမှာမဟုတ်သလိုနွားလည်းပြန်ပေးရမှာ။ဘယ်လိုပဲကြည့်ကြည့်မျက်နှာပန်းမလှဖြစ်ရမှာဟ"ဆိုပြီးနန်စီ့အမေကို ဒေါနဲ့မောနဲ့ပြောပြောနေတတ်တာပါ။
ဒါပေမယ့်နန်စီ့ရဲ့ပြတ်သားတဲ့ရပ်တည်ချက်နဲ့ရဲရဲဝံ့ဝံ့ငြင်းဆန်မှုကြောင့်နောက်ဆုံးမှာတော့ FGMမလုပ်ရတော့ဘဲ နန်စီလိုချင်တဲ့ပညာရေးကိုဆက်ဖို့နန်စီတယောက် ကျောင်းသွားရပြီပေါ့။ကျောင်းမှာနန်စီဟာတက်ကြွပျော်ရွှင်နေပြီးအတန်းရဲ့ခေါင်းဆောင်နေရာမှာခန့်ထားခြင်းခံရတယ်။
ပြီးတဲ့အခါသူတို့ပိုခေါ့ထ်လူ့အဖွဲ့အစည်းကလေးကကျင်းပပေးတဲ့ဘဝအတွက်တခြားလမ်းကြောင်းရွေးချယ်အောင်မြင်ခြင်းပွဲမှာစကားပြောခွင့်ရခဲ့တယ်။ 

အဲဒီမှာကိုင်ဆောင်တဲ့ဆောင်ပုဒ်က“Let us abandon the knife, give us books and pens instead”
ဓါးတွေချထားခဲ့ပါ။ဓါးအစား စာအုပ်တွေဘော့ပန်တွေကိုသာပေးပါဆိုတာပါပဲ။ 

ပြီးတော့နန်စီက ပြောခဲ့တယ်။

There are no pioneers, but we may be the first to stand firm.

အဲဒီစကားလေးကသိပ်ကိုနှစ်သက်စရာကောင်းပါတယ်။  လူတိုင်းဟာကိုယ်ယုံကြည်ရာအပေါ်တင်းတင်းရင်းရင်း ခိုင်ခိုင်မာမာရပ်တည်ကြဖို့သာလိုတာပါ။
မြန်မာပြည်မှာတော့ဒီလိုအဖြစ်မျိုးရှိမယ်မထင်ပါ။ကျွန်မမကြားမိတာများဖြစ်မလား...
နိုင်ငံအသီးသီးမှာမတူညီတဲ့ဘာသာစကား၊ကွဲပြားတဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ၊အဖြူအမည်းအသားရောင်ကွဲပြားနေမှုတွေရှိနေကြပေမယ့်ကျွန်မတို့ဟာအမျိုးသမီးတွေပါပဲ...ခန္ဓာတည်ဆောက်ထားပုံချင်းလည်းတူကြပါတယ်။ဒါပေမယ့်ကျွန်မတို့ဘာကြောင့်မတူညီကြရတာလဲ.....
နှစ်စဉ်ဖေဖော်ဝါရီ၆ရက်နေ့ဟာ“International Day of Zero Tolerance for FGM” ပါ။
အမျိုးသမီးများအားလုံးမိုးကောင်းကင်တခုထဲအောက်တန်းတူညီစွာရှင်သန်လှပနိုင်ခွင့်ရှိကြစေချင်ပါရဲ့လေ…။


The People's Digest Magazine
အတွဲ ၁၊ အမှတ် ၃
လူမှုဘဝဆောင်းပါး


ချစ်ကြည်အေး

ref. Google / youtube
Viewing all 383 articles
Browse latest View live