အမျိုးသမီးများအတွက်….
စေ့စပ်ထိမ်းမြားလက်စွပ်ကို ယူမှာလား၊ ဒါမှမဟုတ် အပေါင်ဆိုင်မှာထားပြီး အပေါင်ငွေနဲ့ အိမ်ခြံမြေခြံမှာ ရင်းနှီးမြုပ်နှံမှာလား….
လွန်ခဲ့တဲ့အပတ်အတွင်း မြန်မာ့အွန်လိုင်း အိမ်ခြံမြေခြံရောင်း လုပ်ငန်းဖြစ်တဲ့ Houseမှ အမေရိကန်နိုင်ငံ Era Real Estateရဲ့ လေ့လာသုံးသပ်ချက်ကို ပြန်လည်ပြီး သုံးသပ်တင်ပြလိုက်ပါတယ်။
စာရင်းကောက်ချက်အရ အမေရိကန်အမျိုးသမီး၅၀%ဟာ သူတို့ရဲ့စေ့စပ် ထိမ်းမြားလက်စွပ်ကို အပေါင်ခံပြီး အိမ်ခြံမြေခြံရောင်းဝယ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ အားသန်ကြောင်းပြောကြားခဲ့ပါတယ်။
ပိုပြီးအံ့သြစရာကောင်းတာကတော့ ၅၀%ထဲက ၁၇%ဟာ အပေါင်ဆိုင်မှာ သူတို့ရဲ့ စေ့စပ်လက်စွပ်ကို ပေါင်ထားပြီး တိုက်ခန်းအရောင်းအ၀ယ်လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံထားပြီဖြစ်ကြောင်း အသိပေး ပြောကြားခဲ့တာပါ။
ပိုပြီးအံ့သြစရာကောင်းတာကတော့ ၅၀%ထဲက ၁၇%ဟာ အပေါင်ဆိုင်မှာ သူတို့ရဲ့ စေ့စပ်လက်စွပ်ကို ပေါင်ထားပြီး တိုက်ခန်းအရောင်းအ၀ယ်လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံထားပြီဖြစ်ကြောင်း အသိပေး ပြောကြားခဲ့တာပါ။
နောက်ပြီး Era Real Estateမှ ကျန်တဲ့ ၅၀%ကို ပျားရည်စမ်းခရီး သွားမှာလား ဒါမှမဟုတ် အဲဒီ့ကုန်ကျစရိတ်အစား အပေါင်ဆိုင်မှာထားပြီး တိုက်ခန်း ကွန်ဒိုငှားမှာလား၊ ၀ယ်ယူမှာ လားဆိုတော့ ၁၆ % က Honeymoonခရီးစဉ်ကို အစတေးခံပြီး တိုက်ခန်းအငှားလုပ်ငန်းမှာ လုပ်ကိုင်နေပြီဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။
Eraမှ ယခုလို သံယောဇဉ်ခိုင်မာစွာရှိနေကြတဲ့ စုံတွဲပေါင်း ၁၀၀၀ ကျော်ကို စာရင်းကောက်လိုက်ရာ Houseရဲ့ပြန်လည်သုံးသပ်ချက်အရ ယနေ့ခေတ်မှာ အိမ်ရာတိုက်ခန်း ဈေးနှုန်းများရဲ့ အခြေအနေဟာ ခေတ်လူငယ်တွေရဲ့ ရှေ့အနာဂတ်ကို ဆုံးဖြတ်ပေးနေပြီဖြစ်ကြောင်း သုံးသပ်လိုက် ပါတယ်။
ကောက်တမ်းစာရင်းဝင်ဖြေဆိုခဲ့တဲ့ ၉၀ %ကတော့ “အိမ်ခြံမြေတိုက်ခန်း အတူဝယ်ခြင်းဟာ ချစ်သူစုံတွဲတွေရဲ့ချစ်ခြင်းမေတ္တာနဲ့ ရှေ့ရေးကို ပိုပြီးဖြောင့်ဖြူးစေတယ်လို့” ဖြေကြားသွားခဲ့ပါသတဲ့။
မြန်မာနိုင်ငံမှာတော့ စေ့စပ်ထိမ်းမြားလက်စွပ်ရဲ့တန်ဘိုးဟာ အိမ်၊တိုက်တာတန်ုဖိုးတစ်ခုကို ၀ယ်ယူနိုင်တဲ့ ပမာဏ မရှိတဲ့တိုင်အောင် အရေးအကြောင်းဆိုရင် ရောင်းဝယ်၊ ပေါင်နိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ ဒီလိုမျိုးကိစ္စများ ပေါ်ပေါက်လာတဲ့အချိန်မှာ တကယ်ပဲ မိမိရဲ့ ချစ်သူပေးထားတဲ့ စေ့စပ်ထိမ်းမြားလက်စွပ် သို့မဟုတ် မင်္ဂလာလက်စွပ်ကို စွန့်လွှတ်မှာလားဆိုတဲ့ မေးခွန်းတွေရှိလာပါတယ်။ စာရေးသူအနေနဲ့ကတော့ စွန့်လွတ်တယ် မစွန့်လွတ်ဘူးဆိုတဲ့အကြောင်းရင်းဟာ ချစ်သူနှစ်ဦးရဲ့ စစ်မှန်နက်ရှိုင်းတဲ့မေတ္တာပေါ်မှာ မူတည်သလို၊ တခါတလေမှာ သားကောင်ချနင်းရတဲ့သဘောလို့လည်းမြင်မိပါတယ်။
စာရေးသူအမေဟာ မုဆိုးမပါ။ မောင်နမသုံးယောက်ရဲ့ မိခင်ပါ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅နှစ်လောက်တုန်းက အဖေဆုံးသွားပြီးကတည်းက အမေဟာ သားသမီးသုံးယောက်ကို နည်းလမ်းပေါင်းစုံနဲ့ ကျောင်းပြီးအောင် ပို့ဆောင်ပေးခဲ့ပါတယ်။ တော်တော်ခက်ခဲတဲ့ဘ၀ကို အမေကျော်လွားခဲ့ပါတယ်။ ကျောင်းဆရာမဘ၀နဲ့ လယ်စိုက်၊ နွေဦးရောက်လာရင် မြေပဲနုတ်တဲ့ လုပ်ငန်းကို လုပ်ခဲ့ပါတယ်။ စာရေးသူက ၁၀နှစ် သားလောက်ပဲ ရှိပါသေးတယ်။ အဖေဆုံးသွားပြီး အမေဟာ ဆရာမတစ်ယောက်အနေနဲ့ မလုပ်ဖူးတဲ့ အလုပ်ကြမ်းတွေကို လုပ်ခဲ့ရပါတယ်။
ဒါပေမယ့် အမေဟာ ကျွန်တော်တို့ မောင်နှစ်မသုံးယောက်ကို ကျောင်းပြီးလို့ ဘွဲ့ရတဲ့အထိထားခဲ့ပါတယ်။ မုဆိုးမဖြစ်တဲ့အမေဟာ ယနေ့တိုင်အောင် အဖေပေးထားတဲ့ မင်္ဂလာလက်စွပ်ကို ၀တ်နေဆဲပါပဲ။ ခုဆိုရင် အမေဟာ ပြည်ပရောက်ပြီး သားသမီးတွေရဲ့ အရိပ်အ၀ါသအောက်မှာ ကောင်းကောင်းနေနိုင်နေပါပြီ။ ဒါပေမယ့် ပြည်ပရောက်မြန်မာကလေးများကို မြန်မာစာသင်ပေးနေတဲ့အလုပ်ကို အသက် ၇၀ နီးပါးရောက်သည့်တိုင်အောင် ဆက်လက်လုပ်ကိုင်နေဆဲပါ။ ကျွန်တော်တို့မြန်မာပြည်မှာလည်း ဂုဏ်ယူနိုင်စရာ မိခင်ဖခင် သို့မဟုတ် အိမ်ထောင်သည်များ တကယ်ပဲ ရှိကြအုံးမှာပါ။
ခေတ်အခြေအနေ ပြောင်းလဲလာတာနဲ့အမျှ လူငယ်တွေရဲ့ အမြင်ပိုင်းတွေဟာလည်း ကွာခြားလာခဲ့ပါပြီ။ သို့ပေမယ့်လည်း စစ်မှန်တဲ့မေတ္တာနဲ့ ဒုက္ခများကို သတ္တိရှိရှိ အတူတကွ ကျော်လွားနိုင်ဖို့လည်း လိုပါတယ်။ ဒါမှသာလျှင် ဘ၀ဟာ ပိုပြီးအဓိပ္ပာယ်ရှိမယ်လို့ စာရေးသူအနေနဲ့ မြင်ပါတယ်။ စာရေးသူပြောတဲ့ ဟန်းနီးမွန်းသွားမှာလား၊ တိုက်ခန်း ၀ယ်၊ ငှားမှာလားဆိုတဲ့မေးခွန်းဟာ တကယ်တော့ ရင့်ကျက် ထက်မြက်တဲ့သူ အမျိုးသမီး၊ အမျိုးသားများ အတွက်တော့ ဖြေဆိုရဖို့ အခက်ခဲသိပ်မရှိလှပေမယ့် အချို့သောသူများအတွက်တော့ စိမ်ခေါ်ရင်ဆိုင်မှုတခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ သည်လိုအခြေအနေ မျိုးမှာ တခြားနည်းလမ်းများ၊ ရွေးချယ်ဖြေရှင်းချက်များ ရှာတတ်ဖို့လိုမယ်လို့ မြင်ပါတယ်။
ခေတ်သစ် မိသားစု၊ စုံတွဲများ သစ္စာရှိရှိ ရာသက်ပန် ဆက်လက်လျှောက်သွားနိုင်ရန် ရည်စူးလျှက် အခက်ခဲများကြုံလာပါကလည်း စစ်မှန်တဲ့နည်းလမ်းနဲ့ ကောင်းမွန်စွာ ဖြေရှင်းသွားကြရအောင်လို့ ဆုမွန်ကောင်းတောင်း လိုက်ရပါတယ်။
ကိုဆိုင်း
ဘာလင်
မှတ်ချက် ။ ။ ကျွန်မရဲ့ စာတိုက်ထဲကို တစ်နေ့က စာလေးတစ်စောင် ရောက်လာခဲ့ပါတယ်။ သူက ကျွန်မဘလော့ဂ်ကို ဖတ်တယ်။ ကျွန်မစာတွေကိုလည်း နှစ်သက်သဘောကျတယ်လို့ ဆိုလာပြီး ခင်မင်စွာ မိတ်ဆက်စကားပြောကြားခဲ့ပါတယ်။ ပြီးတော့ သူရေးထားတဲ့ အထက်က စာလေးကို ကျွန်မဘလော့ဂ်မှာ ဧည့်သည်စာရေးသူအဖြစ်နဲ့ တင်ပေးစေချင်ပါတယ်ဆိုတဲ့အတွက် ဒီပိုစ့်လေး ဖြစ်လာခဲ့တာပါ။
အိမ် ခြံ မြေနဲ့ ပါတ်သက်လို့ တခုခု အကူအညီ၊ အကြံဉာဏ်များ လိုကြတယ်ဆိုရင်ဖြင့် အထက်မှာပါတဲ့ HOUSEလိပ်စာအတိုင်း ဆက်သွယ်နိုင်ကြပါတယ်။ အထူးသဖြင့် ဝါလကင်းလွတ် သီတင်းကျွတ်တဲ့ အခါသမယမှာ အာဝါဟ ဝိဝါဟကြတော့မယ့် ချစ်သူများအတွက်ပါ။ အရောင်းအဝယ်ဖြစ်ခဲ့ရင် ကျွန်မကိုလည်း ပွဲခလေးပေးဖို့ သတိရပေါ့ရှင် :)
နောက်တာပါ....။ အားလုံးပဲ အဆင်ပြေအောင်မြင်ကြပါစေ.... :)
